Saturday, March 9, 2013

ဝက်ခေါက်ကြော် ချဉ်စပ်သုပ်



http://chawsufoodfriends.wordpress.com/2013/03/03/


** ဝက်ခေါက်ကြော် ချဉ်စပ်သုပ် အတွက် လိုအပ်တာလေးတွေ…

ဝက်ခေါက်ကြော် – 200 g
ရေဆေးကာ ပုံပါအတိုင်းလှီးထားသော သခွားသီး – 1 cup (250 ml)
ရေဆေးကာ ပါးပါးလှီးထားသော ဂေါ်ဖီထုပ် – 1 1/2 cups (375 ml)
ရေဆေးကာ ခပ်ကြမ်းကြမ်းလှီးထားသော ပူစီနံ (mint) – 1 cup (250 ml)
ပါးပါးလှီးကာ ရေဆေးထားသော ကြက်သွန်နီ – 1 cup (250 ml)
ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – ထမင်းစားဇွန်း ၁ ဇွန်း (သို.) ကြိုက်သလောက်
ငရုတ်ဆီ – ထမင်းစားဇွန်း ၉ ဇွန်း (ကျွန်မသုံးတဲ့ ငရုတ်ဆီက ချဉ်တာမို. အချဉ်အတွက် ဘာမှမထည့်တော့တာပါ။)
ပဲငံပြာရည် အကျဲ (light soy sauce) – ထမင်းစားဇွန်း ၃ ဇွန်း
အရသာမှုန်. – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
သံပုရာရည် – ထမင်းစားဇွန်း ၁ ဇွန်း

အသုံးပြုသည့် ဝက်ခေါက်ကြော်အမျိုးအစား ပေါ်မူတည်ပြီး အရသာ အလေး၊ အပေါ့ ကွာနိုင်တာကြောင့် အပေါ့၊ အငံ ချိန်ဆထည့်ပေးပါ။

ဝက်ခေါက်ကြော် ထည့်ထားသည့် ဇလုံထဲ ဆူနေသော ရေနွေး လောင်းထည့်ကာ အခေါက်များထဲ ရေစိမ့်ဝင်အောင် ၃၊၄ ချက် မွှေပေးပါ

ထို့နောက် ဝက်ခေါက်ကြော်များ ပျော့သွားအောင် အဖုံးဖုံးထားပါ။

ဝက်ခေါက်ကြော်များပျော့သွားလျှင် ဇကာထဲထည့်ပြီး ရေစစ်ထားပါ။

ရေစစ်ပြီးလျှင် လှလှပပဖြစ်ပြီး၊ အရသာပိုဝင်အောင် ခပ်ရှည်ရှည် အချောင်းလေးများဖြစ်အောင် လှီးပေးပါ။

ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်လုံးထဲထည့်ပြီး ဖွဖွလေး ရောနယ်သုပ်လိုက်လျှင် စားကောင်းလှသော ဝက်ခေါက်ကြော် ချဉ်စပ်သုပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Shared from Chaw Su's Food Friends (FB)

Phone ပြောနေတာကို အမှတ်တရ ပြန်နားထောင်ဖို့  အသံဖမ်းထားချင်ရင်



Download Link အသစ်တင်ထားလိုက်ပါပြီ.
Re-Post By ACM 9-3-2013

ဒီနည်းလေးကတော့ ဖုန်းအပြန်လှန်ပြောတဲ့ခါ အမှတ်တရ ပြန်နားထောင်ဖို့ အတွက်

အသံဖမ်းထားတဲ့နည်းပါ ဒီဆော့ဝဲ ထည့်ထားရင် သီးသန့် ဘာမှလုပ်ပေးဖို့ မလို့ ပါဘူး

ဖုန်းခေါ်တာပဲဖြစ်ဖြစ် ၊ ၀င်လာတာပဲ ဖြစ်ဖြစ် ၊ အော်တို အသံဖမ်းထားပေးပါလိမ့်မယ်

ပြီးရင် သိမ်းမှာလား ၊ ဖျက်မှာလား ဖေ့ဘွတ်တင်မလား မေးက ပို့ မလား မျိုးစုံအောင်

လုပ်လို့ ရပါတယ် နောက်နားက ဟိန်ဝေးယံ အဖေနဲ့  ၀ိုင်းစုခိုင်းသိန်းတို့  အသံဖိုင်က

ဒီလိုဖမ်းထားတာဖြစ်မယ် အင်တာနက်မှတော့ ဟိုးလေးတကျော် ဖုန်းပြောရင် သတိထားဖို့ လိုတယ် ။တဖက်က အသံဖမ်းထားရင်

ပြောသမျှ မှတ်တမ်းတင်နေတာမလို သတိ သတိ။ ချစ်သူရည်းစားတွေကတော့ အလွမ်းပြေလေး

ပြန်လည်း နားထောင်လို့ ရပါတယ် ။ တချို့ ဖုန်းတွေကတော့ ဖမ်းဖို့ ပါလာပီးသားပါ

ဒါကဆော့ဝဲသီးသန့် ဆိုတော့ အော်တိုဖမ်ပြီး သိမ်းပေးပါတယ် ။ လိုအပ်ရင်ဆွဲလိုက်

http://www.zwmnna.com/2012/11/phone_10.html

အေးချမ်းမွန် Credit to >> မောင်(စွယ်စုံကျမ်း) << Thank

Shared from Aye Chan Mon (FB)

Post Type: Love



လူတချို့ကို သင့်တော်သည်ထက်...
ပိုပြီး ဂရုစိုက်မိလို့....
သူတို့ နားမလည်တက်တဲ့အခါ...
ကိုယ်နဲ့မထိုက်တန်စွာ..
နာကျင်မူတွေ ရတက်တယ်...။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ကြင်နာပြမိလို့...
သူတို့ တန်ဖိုးမထားတက်တဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ...
ခံစားမူတွေ ရတက်တယ်....။

လူတချို့ကို သင့်တော်သည်ထက်..
ပိုပြီး ချစ်ခဲ့မိလို့..
သူတို့ မျက်ကွယ်ပြုတဲ့အခါ...
ကိုယ်နဲ့ မထိုက်တန်စွာ..
ကြေကွဲမူတွေ ရတက်တယ်...။

◘ထိခိုက်နာကျင်မူဆိုတာ
◘ကိုယ်ချစ်သလို တုန့်ပြန်မူမရလို့မဟုတ်ဘူး...
◘သူတို့ဘေးနားကနေထွက်သွားဖို့..
◘ဘယ်တော့မှ ကိုယ့်ရဲ့ရဲရင့်မူကို မရှာဖွေမိလို့လေ....။

◘မင်းအလင်္ကာ

Shared from အမုန်းမရှိသောအချစ်မရှိသော အလွမ်းမရှိသောသူဖြစ်ရပါစေ (FB)

မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁"



၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော်
၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို
၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်
၎. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်
၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express
၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်....
၇. မြေနီကုန်း ရှမ်းကုန်းလမ်း သီရိဝဏ်းတား က ယိုးဒယားဝက်သားသုပ်
၈. ဆာ့ခုမ် အမဲလျှာနဲ့အမဲခြောက်ထောင်း
၉. Green Curry Seafood Spaghetti @ Coffee Circle
၁၀. တောင်ဥက္ကလာ အောင်ရတနာဆေးခန်းနားက လရောင် အသုပ်စုံ
၁၁. Signature သီးစုံပျားရည် ဒိန်ချဉ်
၁၂. အင်းယားလမ်း KKS အသားကင်
၁၃. 369 က ပြည်လုံးချမ်းသာ ဝက်နံရိုးကြော်
၁၄. ရွှေဂုံတိုင် မအင်ဟုန် ကတ်ကြေးကိုက်
၁၅. ၁၂ လမ်း မောင်မြင့် အူပေါင်း
၁၆. ဗန်မော်ငါးမျှစ်ချဉ်ခေါက်ဆွဲကောင်းမှကောင်း @ မလိခူး
၁၇. ကန်လမ်း လျှာဂျွမ်းပြန် ကော်ရည် ဆီချက် ငါးပိထောင်း
၁၈. Sushi @ Samurai
၁၉. ယူဂျီးနီးယား ရေခဲမုန့်ကြော်
၂၀. Keco ပုစွန်ဟွာ ဟော့ပေါ့
၂၁. နှစ်ယောက်တစ်ပွဲမှ ပိုအရသာရှိတဲ့ ရွှေထူးမိုးပျံခေါက်ဆွဲ
၂၂. မြေနီကုန်း ဒေါ်တင်ရီ ဘဲဥမွှေကြော်
၂၃. Tokyo Fried chicken
၂၄. လမ်း၂၀ ဆန်ပြုတ် ဘဲခြေသုပ် အသဲမြစ်သုပ်
၂၅. ဗိုလ်မြတ်ထွန်းလမ်း မြစ်ကြီးနား ဆန်စီးခေါက်ဆွဲ
၂၆. Pepper Beef steak
၂၇. ရွှေမန်းရုံ အောက် အဘိုးကြီးဝက်သားတုတ်ထိုး
၂၈. Shake လက်ဖက်ကြက်ဥ ကော်ရည်
၂၉. ၅၁လမ်း မော်တော်ပီကယ်ရုံးဘေးက အမဲနှပ်နဲ့ ထမင်းကြော်
၃၀. သံဈေးငွေသိန်းက နက်စ်အော်စွန်း
၃၁. အိမ်ကြီးလမ်းရေကျော်ဈေးက အစ်ကိုကြီးချက်တဲ့ ရွှေလက်ရာမုန့်ဟင်းခါး
၃၂. ကျောက်မြောင်းက ....မန္တလေး..... ရှောက်သီးသုပ်နဲ့ကြာဇံချက်
၃၃. ဗိုလ်ရာညွန့်လမ်း စကော့ဈေးကုန်းတံတားအဆင်းက သာခွေယိုင်
၃၄. နှီးခွက်လေးနဲ့ငါးပေါင်း အရမ်းကောင်းတဲ့ the ritz
၃၅. ပုစွန်ပေါင်မုန့်ကပ်ကြော် ဝက်ကချင်ချက် @ space bar
၃၆. စကော့ဈေးကုန်းတံတားအောက် အကျိဆိုင်က ဝက်အူစုံ ဘဲဥ ခေါက်ဆွဲ
၃၇. စကော့ဈေး စားသောက်တန်း ဦးကြွိဆီချက် နဲ့သံပုရာရည်
၃၈. စကားဝါ ကြေးအိုး
၃၉. ရွှေတောင်တန်းလမ်း ဒေါ်ချွန်း ကော်ပြန့်စိမ်း
၄၀. မနက် ၉း၀၀ နာရီအပြောင်ရှင်းတဲ့ ယုဇနပလာဇာနားက အဘွားကြီးအစုံသုပ်
၄၁. ကျိုက်ထီးရိုးဘုရားလေးလမ်း ဘဲသားမုန့် ကော်ပြန့် 
၄၂. ၁၂း၀၀ နဲ့ ၄း၀၀ နာရီအတွင်းပဲရတဲ့ ၁၆၅ လမ်းထိပ်က အသုပ်စုံ အာပူလျှာပူ ကြာဇံချက်
၄၃. ရန်ကင်း ဝဆန်းသီး ချစ်တီးထမင်းဆိုင်ကြက်ကြော်
၄၄.လေးထောင့်ကန်လမ်း ILBC နားက ဟင်းရည် ကပ်စီးနည်းတဲ့ မုန့်ဟင်းခါး
၄၅. သီရိမင်္ဂလာဈေး အီကြာကွေး ပဲပြုတ်အစာသွပ်
၄၆. ရေကျော်မောင်အေး စမူဆာ
၄၇. စိတ်တိုင်းကျ ဆိတ်စွပ်
၄၈. လပ်ကီးဆဲဗင်း နံရိုးပေါင်းမန်ထို
၄၉. ချယ်ရီမန်း ဆိတ်ကင်
၅၀. လမ်း၂၀ ဂဏန်းကော်ကြော်
၅၁.စိန့်ဩဂတ်စတင်းကျောင်း ရှေ့ စစ်တပ်ဝင်း အကြော်ဆိုင်က အာလူးကတ်တလိပ်ကြော်
၅၂. တောင်လုံးပြန် ကမ်းနားက ပဲကြော်
၅၃. TTC ကျောင်းဆင်းရောင်းတဲ့ ဖက်ထုပ်ကြော်
၅၄. မြေနီကုန်း ကြက်တန်း ဒီဇင်ဘာ ကုလားလက်ဖက်ရည်ဆိုင်က ပဲဟင်းအာလူးပူရီ
၅၅. Sport Bar ပုစွန်အစိမ်းသုပ်
၅၆. မေးလို့မသိရင် ရေကျော်သားမစစ်တဲ့ ဒေါ်မြလေးမုန့်ဟင်းခါး
၅၇. တာမွေ ဦးချစ်မောင်လမ်းက ရှီမို ဝက်အူစုံ
၅၈. စပါးရှားလမ်း အာလူး ဇကာကွက်ကြော်
၅၉. ရွှေမြို့တော်က ဆိတ်ဦးနှောက်
၆၀. ကန်တော်ကြီးက ပုံးလေးနဲ့ရောင်းတဲ့ ယိုးဒယားရေခဲချောင်း
၆၁. ရွှေလီ မာလာငါး
၆၂. ကြက်လျှာစွန်း ဒံပေါက်
၆၃. ယူနန်အသားကင်ဆိုင်က ငါးခဲပတ်ကင်
၆၄. ဝင်္ကဘာလမ်း မိုးကုတ်ဒေါ်ရှန် နန်းပြားသုပ် ငါးထမင်းနယ်
၆၅. Legacy ယိုးဒယားဂဏန်းချက်
၆၆. ကန်ရိပ်သာလမ်း ချစ်တီးထမင်းဆိုင်
၆၇. ကြည့်မြင်တိုင် ကျောင်းကြီးလမ်းထောင့် ဝက်သားကြော် ရခိုင်မုန့်တီ
၆၈. အနော်ရထာနဲ့ပန်းဆိုးတန်းထောင့်ကငါးဖယ်အစာသွပ်
၆၉. ၁၀၀တန် ဆူးလေကျောက်ကျော
၇၀. တိုကျိုဒိုးနပ်မျက်နှာချင်းဆိုင်က အသုပ်စုံ
၇၁. ပုစွန်တောင် ကာဆင်ဘိုင်ကြက်သားသုပ်
၇၂. ရွှေဘဲ ခေါက်ဆွဲကြော်
၇၃. western park ဂျုံပြားနဲ့ဘဲကင် ကြာညို့ငရုပ်ချဉ် ကြက်သွန်မိတ်
၇၄. မေတ္တာညွန့်ဇာတိဂုဏ်လမ်းက အရမ်းညစ်ပတ်တဲ့ အပျိုကြီး ရခိုင်မုန့်တီငါးဖယ်အစာသွပ်
၇၅. စမ်းချောင်းသူဌေးမင်း ပဲပလာတာ
၇၆. ၄၉လမ်း အပေါ်လမ်းထိပ်က သကြားပလာတာ
၇၇. ၁၃လမ်းထိပ်က သီးစုံUSA
၇၈. မိန်းထဲက ဦးငယ်လေး ပဲပြုတ်ထမင်းကြော် ငရံ့ခြောက်ဖုတ် ဆတ်သားခြောက်ဖုတ် FOC ချဉ်စပ်ဟင်းရည်
၇၉. ၃၆လမ်း မွန်မွန် မုန့်ဟင်းခါး
၈၀. အင်းယားလမ်းထိပ် friendship က ဂုံးသုပ် ဆိတ်ပေါင်းစပ်ပေါင်မုန့်
၈၁. ရွှေမြို့တော် ကူဖီးရေခဲချောင်း
၈၂. မနက်အစောကြီးရောင်းတဲ့ ရွှေပလောင် လက်ဖက်ရည်ဆိုင်ဘေးက အရမ်းသဘောကောင်းတဲ့ အဘွားကြီးရောင်း ကောက်ညင်းပေါင်း ငချိပ်ပေါင်း ဆီထမင်း
၈၃. သိမ်တော်ကြီးဓမ္မာရုံမျက်စောင်းထိုး က မနက် ၃း၃၀ စရောင်းတဲ့ တရုတ်ကြီးထမင်းကြော်ဆိုင် ဝက်သားဟင်း
၈၄. လှည်းတန်းဈေးက ကြက်ကင်
၈၅. signature က စက်နဲ့ရောင်းတဲ့ ရေခဲမုန့်
၈၆. မြေနီကုန်း မူလလက်ဟောင်း ဦးကျော်ထမင်းပေါင်း
၈၇. ဖျာပုံလမ်းအောက်ဘက်ထိပ်က အခေါက်ကင်သုပ်
၈၈.frolick ဒိန်ချဉ် ရေခဲမုန့်
၈၉. အင်းယားလမ်း Sakura Residence က the best burger in town
၉၀. YKKO အာလူးထောင်း
၉၁. မြောက်ဥက္ကလာ မယ်လမုဘုရားနားက ရွှေအိမ်စည် အခေါက်ကင် နံကင် ဆေးဘဲဥသုပ်
၉၂. တရုတ်တန်း ၁၈လမ်းထိပ်က ဆွေသဟာခေါက်ဆွဲပြုတ်ကြော်
၉၃. သိမ်ဖြူလမ်းနဲ့အနော်ရထာလမ်းထောင့်က ဆလပ်ရွက်တွေတောင်လိုပုံထားတဲ့ ဘူးသီးကြော်ဆိုင်
၉၄. 77cheese cake
၉၅. လမ်း၂၀ ထိပ် ဝက်သားပေါင်း
၉၆. Sharky အမဲသားကင်
၉၇.Thai Kitchen တုံယမ်းနို့ စိမ်းဟင်းချို သင်္ဘောသီးကြော်သုပ်
၉၈. ၃၇ အောက်လမ်းက မောင်ငွေ ထမင်းပေါင်း
၉၉. Oriental House Dim Sum နံရိုးဟင်း နိုင်လွန်ပုစွန် ဘဲဥငံ ဝက်သားပေါင်း
၁၀၀. ၁၉လမ်း နို့ဆီခွက်ကြက်ဥပေါင်း
၁၀၁. ၃၈ လမ်းထိပ် အနော်ရထာလမ်းမက ဝက်အူစုံကြာဇံ

____________________________________
Reference and Credit to -Luis Sandy
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

Posted From News of Myanmar

Shared from Thit Htoo Lwin Blog (FB)

အသောကမင်း၏ ဘာသာသွေး




ဓမ္မာသောကမင်းသည် ဘာသာသွေး အလွန်ထက်သန်လှ၏။ ထိုသို့ ထက်သန်သောကြောင့်ပင် ရှစ်သောင်းလေးထောင် ကျောင်းတိုက် စေတီများကို တည်ဆောက်ပူဇော်ရုံဖြင့် အားမရပဲ အိမ်ရှေ့မင်းလောင်း သားတော်ကို ရဟန်းပြုပေးနိုင်လောက်အောင် သာသနာတော် ထွန်းကားစေလိုသော သဒ္ဓါ ဆန္ဒ ပြင်းပြလေသည်။ ဗုဒ္ဓဘာသာ ဖြစ်သည်မှစ၍ တိုင်းပြည်ကိုလည်း ဗုဒ္ဓတရားတော်နှင့်အညီ အုပ်ချုပ်၏။ လူနှင့် ဆိုင်သော တရားစာ တချို့ကိုလည်း ကျောက်စာထွင်း၍ လူမြင်ကွင်းမှာ စိုက်ထူထား၏။ ဗုဒ္ဓဘာသာဝင်ဖြစ်၍ တိုင်းပြည်ကို သိမ်သိမ်မွေ့မွေ့ အုပ်ချုပ်ခါမှသာ တိုင်းပြည်ငြိမ်ဝပ်ပိပြားပါသေးသတဲ့။ ထိုဓမ္မာသောကမင်း၏ သားတော်ဖြစ်သော အရှင်မဟိန္ဒသည် သီဟိုဠ်ကျွန်းသို့ သာသနာပြုကြွတော်မူသောအခါ ဓမ္မာသောကမဟာရာဇာ၏ အကြည်တော် (အဆွေတော်) ဖြစ်သော ဒေ၀ါနံ ပိယတိဿမဟာရာဇာသည် ဗုဒ္ဓသာသနာတော်ကို လွယ်ကူစွာ လက်ခံ၍ မကြာမီပင် သီဟိုဠ် တစ်ကျွန်းလုံးကို ဗုဒ္ဓသာသနာ လွှမ်းဖုံးစေပါသည်။ ဤနည်းအားဖြင့် ဓမ္မာသောကမဟာရာဇာ၏ ဘာသာသွေးသည် ဒေ၀ါနံပိယတိဿမဟာရာဇာသို့ ကူးစက်ပြန့်ပွားခဲ့လေသည်။


ဒုဋ္ဌဂါမဏိမင်း၏ ဘာသာသွေး

အရှင်မဟိန္ဒ၏ ကြိုးစားမှုကြောင့် သီဟိုဠ်ကျွန်း၌ သာသနာတော် ခိုင်မြဲသောအခါ ကျွန်းသူ ကျွန်းသားနှင့် ဘုရင် မိဖုရားတို့သည် ဘာသာသွေး ထက်သန်ကြ၏။ ဒုဋ္ဌဂါမဏိမင်းကား ထူးထူးခြားခြား ဘာသာသွေးများသော မင်းပေတည်း။ သာသနာတော်ကို အန္တရာယ်ပြုမည့် ကျေးကုလားတို့ကို နှိမ်နှင်းဖို့ စစ်တိုက်ထွက်ရာ၌ပင် ရဟန်းတော်များကို ပင့်၍သွား၏။ ထိုမင်းသည် စစ်တိုက်ထွက်ခါနီး၌ အောက်ပါအတိုင်း အဓိဌာန်ပြုလေ့ရှိ၏။

“ငါ့တွက်များမြောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့ စွန့်စွန့်စားစား ငါကြိုးစားသည် စိတ်ထား ငါ့မှာ အမြဲတည်း။”

ဆိုလိုရင်းမှာ -“ငါချမ်းသာဖို့ အကျိုးငှာ စစ်တိုက်ခြင်းဖြင့် ယခုလို အပင်ပန်းခံသည် မဟုတ်၊ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် တာရှည်စွာ တည်နိုင်ဖို့ အကျိုးငှာသာ ဗုဒ္ဓဘာသာကို အန္တရာယ်ပြုမည့် ရန်သူများကို နှိမ်နင်းရပါသည်”ဟု ဆိုလိုသည်။ ထိုမင်းသည်ပင် စုတေခါနီး၌ စစ်တိုက်စဉ်က အလွန်အားကိုးရသော ထိုအချိန်မှာပင် ရဟန်းပြု၍ ရဟန္တာဖြစ်သော အဘယမထေရ်၏ တရားကို နာယူရင်း စုတေ၍ တုသိတာနတ်ပြည်၌ ဖြစ်လေသည်။


အရှင်အရဟံနှင့် အနော်ရထာ

အိန္ဒိယ - သီဟိုဠ်ဝယ် ရှေးရှေး ရဟန္တာအရှင်မြတ်များနှင့် ရှေးရှေး သာသနာပြုမင်း အများတို့ သာသနာအရေး ဘာသာသွေးကို နွှေးခဲ့ကြသကဲ့သို့ မြန်မာနိုင်ငံ ရဟန်းတော် အရှင်မြတ်များနှင့် မင်းတရားတို့လည်း ဘာသာသွေး မအေးခဲ့ကြပါ။ အရှင်အရဟံနှင့် အနော်ရထာမင်းတို့သည် ယုတ်မာညစ်ညမ်းသော အရည်းကြီးခေါ် ရဟန်းအတုများကို အတင်း ပြုပြင်ခဲ့ကြပါသည်။ ဆက်ပါဦးမည် - အစစ်အမှန်ကို အကြောင်းပြု၍ အတုအပ အယောင်အဆောင်များ ရှိနေခြင်းမှာ ထုံးစံဓမ္မတာလို ဖြစ်နေ၏။ ဥပမာ-ရွှေအစစ် စိန်အစစ်၏ အဖိုးတန်မှုကို အကြောင်းပြု၍ ရွှေအတု စိန်အတုများ ပေါ်ပေါက်လာသကဲ့သို့တည်း။ အစစ်နှင့် အတုနှစ်မျိုး ရှိပြန်လျှင် အသိဉာဏ်ရှိသူ သို့မဟုတ် ကံကောင်းသူတို့သာ အစစ်ကို သုံးစွဲရ၍ ဉာဏ်မရှိ-ကံမရှိသူတို့မှာ အတုကိုသာ သုံးစွဲရလေသည်။

ဤသာသနာရေး၌ကား ရှေးရှေးကပင် အစစ်နှင့်အတု ဒွန်တွဲကာ ဉာဏ်ရှိသူ ကံရှိသူတို့သည် အစစ်ဘက်မှာ ပါဝင်၍ ဉာဏ်မရှိသူ ကံမရှိသူတို့ကား အတုဘက်၌ ရောက်ရှိနေကြလေသည်။ ထို့ကြောင့် အရှင်အရဟံနှင့် အနော်ရထာ မင်းတရားတို့ အရည်းကြီးများကို မနှိမ်နင်းရသေးမီ အချိန်က ဉာဏ်မရှိသော၊ ဉာဏ်ရှိသော်လည်း ကံမရှိသော တိုင်းသူပြည်သားတို့သည် အရည်းကြီးတို့ ဟောပြောသမျှကို သဘောကျကျ မကျကျ လိုက်နာ၍ နေခဲ့ကြရလေသည်။ ဘုန်းကံလည်းရှိ ဉာဏ်လည်းရှိသော အနော်ရထာမင်း လက်ထက်ကျမှ အရှင်အရဟံ ကြွလာ၍ သာသနာအစစ်အမှန်ကို သိသဖြင့် ယုတ်မာညစ်ညမ်း ဆိုးသွမ်းသော အရည်းကြီးတို့ကို ဖယ်ရှားလျက် အစစ်အမှန် သာသနာကို ကိုးကွယ်ကြရပေသည်။

(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အမှတ်(၂၁)ကျမ်းစာ ဘာသာသွေး၊ စာမျက်နှာ - ၅၉ မှ ကူးယူပါသည်။)


သူနာကြိုက်ဓာတ်စာ

ယခုအခါ သာသနာတော်ကို ပြုပြင်လိုသော ပုဂ္ဂိုလ်များ အတော်ကလေး လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ။ လှုပ်လှုပ်ရွရွ ဖြစ်လာရခြင်းမှာလည်း “ဤအတိုင်းသွားလျှင် မြန်မာနိုင်ငံသာသနာသည် သိပ်မကြာတော့”ဟု အမြင်ပေါက်သူတွေ များလာသောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံသာသနာသည် တစ်နည်းအားဖြင့် ဆေးမှားမခံသော သူနာနှင့် တူပါသည်။ ဘာဆေးမျှ မကျွေးပဲ လက်ရှိဓာတ်စာများနှင့် ထားလျှင် ဤသူနာသည် သူ့အလိုလို တဖြည်းဖြည်း သွားရရှာပါလိမ့်မည်။ ခေတ်ပေါ်ဆေးများကို တိုက်ကျွေးကုသပါလျှင်ကား အနာနှင့် ဆေးသင့်အောင်ပေးဖို့ အရေးကြီးပါသည်။ ဆေးတစ်ချက်မှားလျှင် ဖြတ်ကနဲ သွားပါလိမ့်မည်။ ဤဥပမာဖြင့် ဘာကို ဆိုလိုပါသလဲဟု မေးလျှင် လက်ရှိ စာသင် စာချ စာမေးပွဲ ကျင်းပ၍ ဘုရားပွဲ ကျောင်းပွဲ ကထိန်ပွဲ ရှင်ပြုပွဲစသော ပကာသနဒါနမှုနှင့် အပျော်အပါး ဒါနမှုတို့သည် သူနာကြိုက်ဓာတ်စာများနှင့် တူ၏။ ဘာကြောင့်နည်း? မျှော်လင့်ချက်မရှိသော လူမမာကို “စားချင်တာ စားပါစေတော့”ဟု ဆေးကုဆရာက ပြောသဖြင့် ဆွေမျိုးများက စားချင်တာ ပေးနေသည်နှင့် တူသောကြောင့်တည်း။ ဤနည်းကို “ဖြေဖြေသွားမည့် သူနာကြိုက်ဓာတ်စာပေးနည်း”ဟု ဆိုလိုပါသည်။

(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အမှတ်(၂၁)ကျမ်းစာ ဘာသာသွေး၊ စာမျက်နှာ - ၈၁ မှ ကူးယူပါသည်။)

Shared from Kaung Kin Thit

Sunday, March 3, 2013

ဆီးချို၊ သွေးချို ပျောက်နည်း



ဆီးချိုတင်မက သွေးချိုလည်း ပျောက်ပါတယ်။ ဆေးသောက်နေသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ်ပါတယ်။ 

ရုံးပတီသီး (Lady Finger) ၂ လုံး (၂ တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထားဖို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာရုံးပတီသီးကို ပိုးမွှားကင်းစင်အောင် သေချာဆေးကျောဖို့လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။
နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်ရင်တော့ သိသိသာသာပဲ သကြား (ဂလူးကို့စ်)နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီးစိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

Shared from ဂျာနယ်စုံ (FB)

ပုဂ္ဂိုလ်စွဲကြည်ညိုခြင်း၏ အပြစ်များ


ပုဂ္ဂလပ္ပသာဒသုတ်

၂၅၀။ ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ် ငါးမျိုး တို့နည်း ဟူမူ -
ရဟန်းတို့ ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက နှင်ထုတ်သင့်သော သဘောရှိသည့် အာပတ်သို့ ရောက် မှုကြောင့် နှင်ထုတ်ခဲ့အံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏။
“ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် နှင်ထုတ်၏” ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်၏။
ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ၊ သူတော်ကောင်းတရားကို မနာယူရ သည်ရှိသော် သူတော်ကောင်း တရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဌမ အပြစ်တည်း။
ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် သံဃာက အစွန်အဖျား၌ နေစေသင့်သော သဘောရှိသည့် အာပတ်သို့ ရောက်မှုကြောင့် အစွန်အဖျား၌ နေစေအံ့၊ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏ -
“ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို သံဃာသည် အစွန်အဖျား၌ နေစေ၏” ဟု ရဟန်းတို့၌ မကြည်ညိုမှု များစွာ ဖြစ်၏။ ရဟန်းတို့၌ မကြည်ညိုမှု များစွာဖြစ်သည်ရှိသော် အခြားရဟန်းတို့ကို မဆည်းကပ်၊ အခြားရဟန်းတို့ကို မဆည်းကပ်သည်ရှိသော် သူတော်ကောင်းတရားကို မနာယူရ၊ တ်ာကောင်းတရားကို မနာယူရ သည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။ ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ဒုတိယ အပြစ်တည်း။ 

ရဟန်းတို့ နောက်တစ်မျိုးကား ပုဂ္ဂိုလ်တစ်ဦး၏ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် အရပ်တစ်ပါးသို့ ဖဲသွားခဲ့မူ။ပ။ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် လူထွက်ခဲ့မူ ။ပ။ အကြည်ညိုခံရသော ပုဂ္ဂိုလ်သည် ကွယ်လွန်ခဲ့မူ ထိုကြည်ညိုသော ပုဂ္ဂိုလ်အား ဤသို့ ဖြစ်တတ်၏ -
“ငါချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်သည် ကွယ်လွန်၏” ဟု အခြားရဟန်းတို့ကို မဆည်းကပ်၊ အခြားရဟန်းတို့ကို မဆည်းကပ်သည် ရှိသော် သူတော်ကောင်းတရားကို မနာယူရ၊ သူတော်ကောင်းတရား
ကို မနာယူရသည်ရှိသော် သူတော်ကောင်းတရားမှ ယုတ်လျော့၏။
ရဟန်းတို့ ဤသည်ကား ပုဂ္ဂိုလ်ကို ကြည်ညိုရာ၌ ပဉ္စမ အပြစ်တည်း။

ရဟန်းတို့ ပုဂ္ဂိုလ်ကို ကြည်ညိုခြင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း
ဟု (မိန့်တော်မူ၏)။

Shared from Ukhin Crays (FB)

Thursday, February 28, 2013

ရင်ထဲက အရဟံ (အပိုင်း-၄ အဆုံး) ရဝေနွယ် (အင်းမ)

ဂုဏ်တော်ပွားပုံအဆင့်ဆင့်လေးကို ဇိနာလင်္ကာရ
ဋီကာကျမ်းက ပြတဲ့အတိုင်းလေး ရေးပြသွားရအောင်ပါ။
တခြားကျမ်းတွေကပွားပုံအစဉ်လေးတွေ ရေးပြထားတာတွေလည်းရှိပါသေးတယ်။
နိဗ္ဗာန်တောင့်တ၊ ဖြတ်ကိစ္စ၊ သီလယူစေပါ။
ဆိတ်ငြိမ်ရာရှာ၊ ဣရိယာ၊ ရွေးပါ ကျမ်းမိန့်တာ။
သေဘေးဆင်ခြင်၊ ဤခြောက်အင်၊ ပြီးလျှင် ပွားများပါ။

(၁) ဂုဏ်တော်ပွားတဲ့သူဟာ ပထမဦးဆုံး ''ဤဂုဏ်တော်ပွားရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ''လို့ နိဗ္ဗာန်ကို ဦးစွာဆုတောင်းရပါမယ်။

ဘယ်လမ်းကြောင်းပဲလျှောက်လျှောက် ပန်းတိုင်ရှိဖို့ လိုပါတယ်။ နိဗ္ဗာန်ကတော့ အဓိကပန်းတိုင်ပါ။ လောကီကျိုး တွေကတော့ ဆုမတောင်းလည်း ပြည့်မှာပါပဲ။
(၂) ပလိဗောဓ = ကိစ္စကြီးငယ်ကို ဖြတ်ထားရပါမယ်။
ဥပမာ - မိသားစုအတွက် ထမင်းချက်စရာ၊ ဟင်းချက်စရာ၊ ကော်ဖီဖျော်စရာရှိရင် ကြိုတင် လုပ်ထားရပါမယ်။ မှာစရာရှိတာ၊ ပြောစရာရှိတာ ကြိုတင်မှာထား ပြောထားရပါမယ်။ ကိုယ်ဂုဏ်တော် ပွားနေတုန်း ''သော့ဘယ်နားထားလဲ။ ဘယ်သူဖုန်းဆက်လာသေးလဲ'' စသဖြင့် လာမေးရင် အဆင်မပြေပါဘူး။

ကိုယ့်အတွက်လည်း ဆေးသောက်စရာရှိရင် သောက်ထားရပါမယ်။ အောက်ထစ်ဆုံး ခြေသည်းလက်သည်း ညှပ်စရာရှိရင် ညှပ်ထားရပါမယ်။ ခေါင်းလျှော်စရာရှိလျှင် ခေါင်းလျှော်ထားရပါမယ်။ ဂုဏ်တော်ပွားနေတုန်း ခေါင်းယားလို့ ကုတ်နေရပြန်ရင်လည်း အဆင်မပြေပြန်ပါဘူး။

(၃) ငါးပါးသီလ ယူရပါမယ်။
''သီလရှိတော့ စိတ်ကြည်''ဆိုတဲ့အတိုင်း သီလယူလိုက်ရင် စိတ်က ကြည်သွား ပါတယ်။ ဒါတင်မကပါဘူး။ သီလယူလိုက်ရင် သီလဖြူစင်သူလည်း ဖြစ်သွားပါတယ်။

(၄) ဝိဝေက - တိတ်ဆိတ်ခြင်း၊ ဆိတ်ငြိမ်ရာအရပ်ကို ရွေးချယ်ရပါမယ်။
ဆိတ်ငြိမ်ရာအရပ်ဆိုတဲ့နေရာမှာ ဆိတ်ငြိမ်ရာအချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဆိုလိုတာပါ။ ကိုယ့်အတွက် ဆိတ်ငြိမ်တဲ့ အချိန်နဲ့ ဆိတ်ငြိမ်တဲ့နေရာ ဖြစ်ရပါမယ်။

စာထဲကအတိုင်းဆိုရင်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်သန်းခေါင် အချိန်ကို ဆိုလိုပါတယ်။ ဒါပေမဲ့ အိမ်မှာနေရတဲ့လူတွေအတွက်တော့ တောအရပ်၊ တောင်အရပ်၊ ညဥ့်နက်အချိန် မဟုတ်ပေမဲ့လည်း ကိုယ့်အတွက် ဆိတ်ငြိမ်ရာအရပ်နဲ့ ဆိတ်ငြိမ်ရာအချိန်ဖြစ်ရင် ပြီးတာပါပဲ။

မနက်စောစောအိပ်ရာထဆိုရင် ဆိတ်ငြိမ်မှုနှစ်ခုကို ရနေတာများပါတယ်။ ဆိတ်ငြိမ်ရုံတင်မကပါဘူး၊ မနက် အိပ်ရာထဆို စိတ်ကလေးတွေက ကြည်လင်နေ တတ်ပါတယ်။ ဘယ်အာရုံနဲ့မှမတွေ့ရသေးတဲ့အတွက် စိတ်ကကြည်နေတာပါ။

အာရုံသစ်တွေ မတွေ့သေးတဲ့မနက်ပိုင်းမှာဆို အကုသိုလ်က မဝင်သေးပါဘူး။ အကုသိုလ်မဝင်သေးတဲ့အချိန်၊ အာရုံတွေ မတွေ့သေးတဲ့အချိန် ဂုဏ်တော်ပွားရတာ အဆင်ပြေမယ်လို့ထင်ပါတယ်။ မနက်ပိုင်းဆို ဖုန်းလာတာ ဧည့်သည် လာတာတွေ လည်း မရှိပါဘူး။

ဘုရားခန်းပဲဖြစ်ဖြစ်၊ ကိုယ့်အိပ်ခန်းပဲဖြစ်ဖြစ် ပွားများလို့ရပါတယ်။ တခိျု့အိမ်တွေဆို အသံလုံစနစ်နှင့် ဘုရားခန်းကို ဆိတ်ငြိမ်အောင် လုပ်ထားပါတယ်။ ဒီလိုနေရာမျိုးကတော့ တရားအားထုတ်သူတွေအတွက် တော်တော် အဆင်ပြေတဲ့ နေရာပါပဲ။

ဥပမာ - ကိုယ်ဂုဏ်တော်ပွားနေတဲ့အချိန် မိသားစုက တီဗွီဖွင့်နေမယ်၊ သီချင်းဖွင့်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ အဓိကကတော့ ကိုယ့်အတွက် ဆိတ်ငြိမ်ဖို့ပါပဲ။

(၅) ကိုယ့်အတွက် ကြာရှည်ထိုင်နိုင်မယ့် ဣရိယာပုထ်ကို ရွေးချယ်ရပါမယ်။

တင်ပလ္လင်ခွေပဲထိုင်ထိုင်၊ ကုံျ့ကုံျ့ပဲထိုင်ထိုင်၊ ကိုယ်နဲ့ သပ္ပာယသင့်ရင် ပြီးတာပါပဲ။ ထိုင်ပုံဣရိယာပုထ်ကတော့ တစ်ဦးနဲ့တစ်ဦး သပ္ပါယသင့်ပုံချင်း တူမှာမဟုတ်ပါဘူး။ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ဣရိယာပုထ်ကို ရွေးချယ်ရမှာပါ။ တခိျု့ အမျိုးသမီး ယောဂီတွေဆို တင်ပလ္လင်ချိတ်ထိုင်တာ သုံးနာရီတောင် ထိုင်မှတ်နိုင်ပါသတဲ့။ ဒီတော့ ကိုယ်နဲ့ အဆင်ပြေ မယ့် ဣရိယာပုထ်ကို ရွေးထိုင်ရုံပါပဲ။ ခါးကို ဖြောင့်ဖြောင့် မတ်မတ်ထားပါ၊ ခါးမညွတ်ရပါဘူး။ ခါးညွတ်ရင် ဝေဒနာတွေ တက်ပြီး ကြာရှည် မထိုင်နိုင်ပါဘူး။ မျက်လုံးကို မှိတ်ထားရပါမယ်။

ဒီနေရာမှာ စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက ''နာဘေးကြီး၊ သေဘေးကြီး မဦးခင် တရားက အလျင် ဦးအောင် ကြိုးစား၍အားထုတ်။ ကြိုးစား၍အား ထုတ်။'' လို့ (၃)ခေါက်ဆိုပြီး ပွားများဖို့ မိန့်မှာထားပါတယ်။

ဆရာတော်ဘုရားရဲ့ သြဝါဒလေးက ကိုယ့်ကိုယ်ကိုယ်သတိပေးဆုံးမတဲ့ စကားလေးပါ။ ဗုဒ္ဓါနုဿတိနဲ့ နာမည်ကြီးခဲ့တဲ့ ဆရာတော် ဘုရားသြဝါဒအတိုင်း မပွားခင် သုံးခေါက်ဆိုလိုက်ဖို့ပါ။ တတ်နိုင်ရင် ဆရာတော်ဘုရားရဲ့ သြဝါဒလေးကို ရေးပြီး ကိုယ့်အိမ်က မြင်သာတဲ့နေရာမှာ ချိတ်ထားနိုင်ရင်လည်း ကောင်းနေတာပါပဲ။

ဒါဆိုရင် အရဟံဂုဏ်တော်ရဲ့ အနက်(၃)နက်နဲ့ ဆက်ပွားလို့ရပါပြီ။

အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား

အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ၊ အဲဒီလိုပွားလိုက်တာနဲ့ ကိုယ့်ရဲ့စိတ်ကလေးက ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ ရှိနေရပါမယ်။ ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ စိတ်က ကပ်ကပ်ရပ်ရပ်လေးကို ရှိနေရပါမယ်။ စိတ်ကို ဂုဏ်တော်ရဲ့ သဘောလေးဆီမှာ သေချာမထား နိုင်ရင် စိတ်က အပြင်ထွက်သွားတတ်ပါတယ်။

ဗုဒ္ဓါနုဿတိ ဘာဝနာရဲ့အလုပ်ဟာ မနောကံရဲ့အလုပ်ပါ။ ဝစီကံရဲ့အလုပ် နှုတ်ရဲ့အလုပ် မဟုတ်ပါဘူး။ စိတ် သက်သက်နဲ့ပဲ ပွားရမှာပါ။

စစ်ကိုင်းပထမဂန္ဓာရုံဆရာတော်ဘုရားက ''ထမင်းကိုမှန်မှန်စားသလို ကမ္မဋ္ဌာန်းကိုလည်း မှန်မှန်ထိုင်ရမယ်။ ထမင်းစားတိုင်း ကောင်းချင်မှ ကောင်းမယ်။ စားရင်းစားရင်းနဲ့ ကောင်းလာသလို တရားအားထုတ်တိုင်း အမြဲကောင်းမနေနိုင်ပါဘူး။ အားထုတ်ရင်းအားထုတ်ရင်းနဲ့ ပီတိတွေဖြစ်လာအောင် အာရုံထင်တတ်ပါတယ်''တဲ့။ ဆရာတော့် သြဝါဒလေးကို အာရုံပြုပြီး ဂုဏ်တော်ပွားတိုင်းတော့ အမြဲကောင်း မနေနိုင်ပါဘူး၊ ကောင်းတဲ့အခါကောင်းမယ် မကောင်းတဲ့အခါ မကောင်းပါဘူး။ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ပွားချင်သည်ဖြစ်စေ၊ မပွားချင် သည်ဖြစ်စေ မှန်မှန် ပွားရ မှာပါပဲ။ ပွားရင်းပွားရင်းနဲ့ ကောင်းလာပါလိမ့်မယ်။

ဂုဏ်တော်ပွားလို့ ရရှိလာတဲ့ပီတိဟာ ''ဇဗ္ဗူထိပ်ကျွန်းမှာဖြစ်တဲ့မင်းအဖြစ်နဲ့တောင် မလဲနိုင်ပါဘူး''တဲ့။ ဂုဏ်တော် ပွားရင်းပွားရင်းနဲ့ ဂုဏ်တော်ရဲ့ အရသာကို တွေ့သွားမှာပါ။ ဂုဏ်တော်ပွားဖူးမှလည်း ဂုဏ်တော်ရဲ့အရသာကို သိသွားမှာပါ။

ကိုယ့်ကိုလာကန်တော့ရင် အရဟံပွားနေလိုက်ပါ

ရှေ့ဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ရှိပါတယ်။

''ကိုယ့်ကို ဒကာ၊ ဒကာမတွေက လာဦးချရင် အရဟံဂုဏ်တော် ပွားနေလိုက်ရ တယ်။ တကယ်လို့ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာ အားနည်းနေရင် ဖြေသာတယ်။ ကန်တော့တဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်။ ကန်တော့ခံတဲ့သူ အတွက်လည်း အကျိုးရှိတယ်။''

ငယ်ငယ်တုန်းက ကြားခဲ့တဲ့ သြဝါဒလေးက ဒီနေ့အထိ ရင်ထဲမှာ စွဲနေခဲ့ပါတယ်။ ဒီလိုပါပဲ။ ကိုယ်က လူဆိုရင် လည်းပဲ ကိုယ့်ထက်ငယ်တဲ့သူက ကိုယ့်ကို လာကန်တော့ ခဲ့ရင် မိန့်မိန့်ကြီးထိုင်နေရမှာမဟုတ်ပါဘူး။ အရဟံဂုဏ်တော်လေးကို ပွားနေ လိုက်ရမှာပါ။ ဒါဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိ၊ ကန်တော့တဲ့သူအတွက်လည်း အကျိုးရှိပါပဲ။ တတ်နိုင်ရင် လက်အုပ်ကလေးချီထားရင် ပိုတောင်ကောင်းပါသေးတယ်။ ကန်တော့တဲ့ သူကိုချီတာ မဟုတ်ပါဘူး။ ဂုဏ်တော် ပွားနေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချီလိုက်တာပါ။

ဒါကဘာကို အကိုးသာဓက ယူထားသလဲဆိုတော့ ဂုဏ်တော်ပွားရင် ခန္ဓာစေတီ ထိုက်တယ်။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာ တွေ အပူဇော်ခံ ထိုက်ပါတယ်တဲ့။ ဒါကြောင့် အရဟံဂုဏ်တော်ပွားနေလိုက်ရင်ကိုယ့်ခန္ဓာ ကိုယ်ဟာ စေတီထိုက်နေတဲ့အတွက် ဦးချကန်တော့ ခံထိုက်ပါတယ်။

အခြားတစ်ဖက်အကျိုးအနေနဲ့ ပြောမယ်ဆိုရင်လည်းပဲ အရဟံဂုဏ်ပွားနေရင် ကိုယ့်ရင်ထဲမှာ အရဟံစေတီ တည်လိုက်တာပါ။ အောက်ခြေပလ္လင်ကို သီလနဲ့ တည်ပါမယ်။ အလယ်ပစ္စယံ၊ အထက်ပစ္စယံကို ဂုဏ်တော်ဘာဝနာနဲ့ တည် ပါမယ်။ ထီးတော်ကိုတော့ဝိပဿနာနဲ့ တင်လိုက်မယ်ဆိုရင် ကိုယ့်ရင်ထဲမှာ ကြည်နူးဖွယ်ရာ အရဟံစေတီတစ်ဆူ ရှိနေ တော့တာပါ။

ကိုယ့်ရင်ထဲမှာ အရဟံစေတီတည်ထားရင် ကိုယ့်ကိုယ်ကိုယ်လည်း ကြည်ညိုရသလို အများကလည်း ကြည်ညိုရတာ အကျိုးရှိပါတယ်။ အပြင်မှာ လည်း ကုသိုလ်ဖြစ်ဖို့အတွက် စေတီတည်ရမှာပါပဲ။ ဒါပေမဲ့ အပြင်မှာတည်တဲ့ စေတီက ပိုက်ဆံ ရယ်၊ လူအင်အားရယ်၊ မြေရယ်၊ အချိန်ရယ် အများကြီးပေးရပါတယ်။ ရင်ထဲက အရဟံစေတီကတော့ ဘုရားကို ကြည်ညို စိတ်ရယ်၊ အချိန်တစ်ခုရယ်ပါပဲ။ အလုပ်လုပ်ရင်း တည်မယ်ဆိုရင် အချိန်တောင်သီးခြားမကုန်ပါဘူး။ အပြင်မှာ စေတီမတည် နိုင်လို့ ဘာမှအားငယ်စရာမလိုပါဘူး။ ရင်ထဲမှာ အရဟံစေတီတည်ပြီး ကုသိုလ်ယူလို့ ရပါတယ်။

စေတီတည်ပြီးတဲ့အခါ ထီးတော်တင်ပွဲဆိုပြီး အိမ်မှာဘုန်းကြီးပင့်ဆွမ်းကပ်၊ လူဧည့်သည်တွေကို ဧည့်ခံလို့ရပါသေးတယ်။ ဧည့်သည်တွေက စေတီဘယ်မှာလဲဆိုရင် ရင်ထဲမှာလို့ ပြောလိုက်ရုံပါပဲ။ ဘယ်လိုတည်သလဲလို့မေးလာရင် တည်ပုံတည် နည်းတွေကို ပြောပြလိုက်ရင် ဓမ္မဒါနကုသိုလ်တောင် ထပ်ရပါသေးတယ်။

ဘာပဲပြောပြော ရင်ထဲမှာ အရဟံစေတီတည်ထားရင် စိတ်အေးချမ်းနေတာပါပဲ။ စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ အရဟံစေတီ နေ့တိုင်းတည်နေဖို့ပါပဲ။

ဂုဏ်တော်မှ ဝိပဿနာသို့

ဂုဏ်တော်ပွားလို့ အချိန်တစ်ခုရောက်လာရင်တော့ ဝိပဿနာဘက်ကို ကူးသွားနိုင်ရပါမယ်။ ဆိုလိုတာက ဂုဏ်တော်ကနေ ဝိပဿနာကို ကူးသွားနိုင်ရပါမယ်။ ဂုဏ်တော်နဲ့တင် ရပ်မထားရပါဘူး။ ဂုဏ်တော်ပွားထားတဲ့အတွက် စိတ်တည်ငြိမ်မှုသမာဓိလေးက အသင့်အတင့်ရနေပါပြီ။ အဲဒီဂုဏ်တော်ပွားလို့ ရတဲ့သမာဓိကိုပဲ အခြေခံပြီး ဝိပဿနာဘက်ကို ကူးသွားရင် ပိုလွယ်သွားပါတယ်။

ဂုဏ်တော်ကနေ ဝိပဿနာဘက်ကို ဘယ်လိုကူးမလဲဆိုတော့ ဂုဏ်တော်ပွား တဲ့အခါ ကျေနပ်မှု ပီတိလေး ဖြစ်နေ တတ်ပါတယ်။ အဲဒီပီတိကိုပဲ ''ပီတိရဲ့သဘော လေးကဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေးဖြစ်နေတာလဲ''ဆိုပြီး ''ပီတိဖြစ်တယ်၊ ဖြစ်တယ်။ နှစ်သက်တယ်၊ နှစ်သက် တယ်''ဆိုပြီး ပီတိကိုပြန်ရှုရပါတယ်။ ဒါက တစ်နည်းပါ။

နောက်တစ်နည်းကတော့ ပီတိကိုခွာပြီး မူလအားထုတ်နေကျ မူလကမ္မဋ္ဌာန်းကိုပဲ ပြန်ရှုမှတ်တာပါ။ ဂုဏ်တော် ပွားနေတာကို လုံးဝရပ်ချလိုက်ပြီး မူလအားထုတ်နေကျ ဝင်လေထွက်လေပဲဖြစ်ဖြစ်၊ ဖောင်းတယ်ပိန်တယ်ပဲဖြစ်ဖြစ်မူလကမ္မဋ္ဌာန်းကို ပြန်ရှုရမှာပါ။
နောက် ခန္ဓာငါးပါးဖွဲ့ပြီး၊ သစ္စာလေးပါးဖွဲ့ပြီး ဝိပဿနာဘက်ကို ကူးတဲ့နည်းတွေလည်း ရှိပါသေးတယ်။ ဒါက နည်းနည်းခက်လို့ ဒီနေရာမှာတော့ ရေးမပြတော့ပါဘူး။

ပီတိကိုမျှ၊ ပြန်ရှုရ၊ မှတ်ကြ ကျမ်းမှာပြ။
မူလကမ္မဋ္ဌာန်း ပြန်စီးဖြန်း၊ သိစမ်း တစ်နည်းပြ။

ဒါဆို ဂုဏ်တော်ကနေ ဝိပဿနာကူးတာ ခက်သလားဆိုတော့ မခက်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ ဝိပဿနာ စစ်စစ်ဆိုတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တမြင်မှ ဝိပဿနာစစ်စစ် ဖြစ်တာပါ။ ပါရမီအားလျော်စွာ မမြင်သေးပေမဲ့ ဝိပဿနာ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဆက်ပြီး လျှောက်လှမ်းသွားဖို့ပါပဲ။ ဆက်ပြီးအားထုတ်သွားရင် ရုပ်နာမ်တွေ ကွဲလာ မယ်။ ကြောင်းကျိုးတွေ မြင်လာမယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေ မြင်လာပါလိမ့်မယ်။

ဘဝမှာ ဝိပဿနာလေးနဲ့ နေသွားတာပဲကောင်းပါတယ်။ ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ လောကီရာထူးဌနန္တရ၊ ငွေကြေးဥစ္စာ၊ အာဏာပါဝါ၊ ကျော်ကြား မှုတွေဟာ လည်းပဲ ခဏပါပဲ။ ပြီးတော့လည်း ပြီးသွားတာပါပဲ။ တကယ်တမ်း ကျတော့လည်း အဲဒီ မြတ်နိုးတန်ဖိုးထားရတဲ့အရာတွေက ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို မပေးနိုင်ပါဘူး။ အမြဲတမ်း ပူလောင်မှုကိုပဲ ပေးနေတာပါ။ တကယ်တမ်း စိတ်ချမ်း သာမှုကို ပေးနိုင်တာက ဝိပဿနာနဲ့ အခြံအရံ ဂုဏ်တော်ပါပဲ။ ဂုဏ်တော်နဲ့ ဝိပဿနာ ပွားတာ ပိုက်ဆံလည်းမကုန်ပါဘူး။

ဂုဏ်တော်ပွားတဲ့အခါ ထိုင်ပွားမှလည်းမဟုတ်ပါဘူး။ဣရိယာပုထ်လေးပါးလုံးနဲ့ ပွားလို့ရပါတယ်။ အလုပ်လုပ် ရင်းနဲ့လည်း ပွားလို့ရပါတယ်။ နောက်ဆုံး အိမ်သာတက်ရင်းလည်း ပွားလို့ရတာပါပဲ။

အရဟံဂုဏ်တော်စွဲနေဖို့ဆိုရင် အိပ်ရာကနိုးတာနဲ့ ချက်ချင်းမထသေးဘဲ လက်အုပ်ကလေးကို ရင်ဘတ်ပေါ်တင်ပြီး အရဟံဂုဏ်တော် သုံးလေး ခေါက်လောက် ပွားလိုက်ဖို့ပါ။ အိပ်ရာထ၊ ကိုယ်လက်သန့်စင်ခန်း သွားတော့လည်း အရဟံပွားပြီး သွားဖို့ပါ။ ဒါဟာ ဘဝမနက်ခင်းလေးကို အရဟံနဲ့ ဖွင့်လိုက်တာပါ။ ဒါဟာ မနက်အိပ်ရာထမှာ အရဟံကိုစွဲနေအောင် လေ့ကျင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

မျက်နှာသစ်ရင်း ကုသိုလ်(၅)မျိုး ယူမယ်

မျက်နှာသစ်တဲ့အခါမှာတော့ ကုသိုလ်(၅)မျိုးကို ရအောင်ယူရပါမယ်။ မနက်အိပ်ရာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလား ကိုအပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ''မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့် တော်ကို သနားချီးမြှောက်သောအားဖြင့်မျက်နှာသစ် တော်မူ ပါဘုရား'' လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။

မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွားလိုက်ပါ။ ဒါဆို ဗုဒ္ဓါနုဿတိကုသိုလ် ဖြစ်သွားပါပြီ။
ကြည်လင်နေတဲ့ရေကိုကြည့်ပြီး ''ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ''၊ ''ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ''၊ ''ဤရေအေးမြသလို ငါ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကော ရုပ်ကောအေးမြကြပါစေ''၊ ''ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ''လို့ မေတ္တာပို့လိုက်ပါ။

ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရ တာအဆင်မပြေပါဘူး။ ရေကိုမြင်တဲ့ နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

ပြီးရင် ''ငါ ဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီ။ ဝင်လေမဆုံးခင်၊ ထွက်လေမဆုံးခင် နံနက် နေ့ညအချိန်မရွေး သေသွားနိုင်သည်''လို့ မရဏာနုဿတိ ပွားလိုက်ပါ။ ဒါဆို မရဏာနုဿတိကုသိုလ် ဖြစ်သွားပါပြီ။

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့ အညစ်အကြေးတွေကိုအာရုံပြုပြီး ''ငါ့ရဲ့ခန္ဓာ ကိုယ်ဟာ စက်ဆုတ်ရွံရှာဖွယ်ပါတကား'' လို့ အသုဘဘာဝနာ ပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာကုသိုလ် ဖြစ်သွားပါပြီ။ အသုဘ ဘာဝနာပွားရတာ အိပ်ရာထဆိုတော့ အသုဘရဲ့ လက္ခဏာတွေ ထင်ထင် ရှားရှားရှိနေတဲ့အတွက် ပွားရတာ ပိုတောင် ထင်သာမြင် သာရှိပါသေးတယ်။

အပြင်သွားခါနီး ဖြီးလိမ်းပြင်ဆင်ပြီးတဲ့အခါ၊ လှလှပပဝတ်ဆင်ထားတဲ့အခါ၊ အသုဘပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ၊ အဝတ်တွေနဲ့ ဖုံးထားတဲ့ အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွားတာ မနက် စောစောက အဆင်ပြေဆုံးပါပဲ။

အားလုံးပြီးမှ ''မြတ်စွာဘုရား မျက်နှာသစ်ပြီးပြီဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား''လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာ သစ်ရင်း ကုသိုလ်(၅)မျိုးရသွားပါပြီ။

ဒါပေမဲ့ ဆောင်းတွင်းဆိုရင်တော့ သိပ်အေးနေတဲ့အတွက် ကုသိုလ်(၅)မျိုးယူနိုင်ဖို့ နည်းနည်း ခက်ချင်ခက်ပါ လိမ့်မယ်။ ကုသိုလ်(၅)မျိုးမရရင်တောင် မျက်နှာသစ်တော်ရေ ကပ်တာရယ်၊ မေတ္တာပို့တာရယ် ကုသိုလ်(၂)မျိုးလောက်တော့ ရအောင်ယူနိုင်ရပါမယ်။ မျက်နှာသစ်ရင်း ကုသိုလ် (၅)မျိုး ယူတာက ဘာမှကြာမယ်လည်း မထင်ပါဘူး။ ပိုက်ဆံလည်းမကုန်ပါဘူး။ ပိုက်ဆံမရှိလို့ ကုသိုလ်မလုပ်နိုင်ဘူးလို့ ပြောပြောနေတဲ့ သူတွေအတွက် တကယ့် ကျင့်သုံးစရာတွေပါ။ ဝတ်တစ်ခုလိုထားပြီး ပြုသွားရုံပါပဲ။

မနက်အိပ်ရာထ ကုသိုလ်(၅)မျိုးယူပုံလေးကိုကိုယ့်သားသမီးလေးတွေကို ငယ်ငယ်လေးကတည်းက လေ့ကျင့်ပေးထားသင့်ပါတယ်။ ငယ်တုန်းမှာ မရဏာနုဿတိတွေ၊ အသုဘတွေ မသိသေးပေမဲ့အရွယ်ရောက်လာတဲ့အခါ သူ့အလိုလို သိသွားပါလိမ့်မယ်။ ငယ်တုန်းမှာ လေ့ကျင့်ပေးထားရင် ကြီးတဲ့အထိ စွဲသွားတာများပါတယ်။ အရွယ်ရောက်လာလို့ ကိုယ့်အထုံလေးကိုကြည့်ပြီး ''ငါတို့မိဘတွေဟာ ကောင်းတဲ့အလေ့အကျင့်ကို သင်ပေးခဲ့ ပါလား''ဆိုပြီး မိဘတွေကို ကျေးဇူး တတင်တင် တချစ်တခင်ရှိနေတော့မှာပါ။ သူတို့ကလည်း သူတို့သားသမီးတွေ ကို ဆက်ပြီး လက်ဆင့် ကမ်းတော့ မှာပါ။

အဲဒီလို ဘာဝနာ(၄)ခုကို နေ့တိုင်းပွားနေရင် တစ်ဖက်က ကုသိုလ်တွေရနေသလို တစ်ဖက်ကလည်း အကုသိုလ်တွေ ကင်းစင်ပပျောက်နေပါတယ်။ ဘယ်လိုကင်းစင်ပ ပျောက်သလဲ ဆိုရင် -

(၁) ဗုဒ္ဓါနုဿတိပွားရင် ရတနာသုံးပါး၊ ကံ ကံရဲ့အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားရွှင်လန်းလာပါတယ်။ သဒ္ဓါတရား ရွှင်လန်းလာရင် ဒိဋ္ဌိကင်းစင် ပပျောက် ပါတယ်။

(၂) မေတ္တာပွားရင် အားလုံးသိကြတဲ့အတိုင်း ဒေါသကင်းစင်ပပျောက်ပါတယ်။

(၃) မရဏာနုဿတိပွားရင် မာနကင်းစင်ပပျောက်ပါတယ်။ မာနကလည်း လူကို သိပ်ဒုက္ခပေးတာပါ။ မရှိတဲ့သူကလည်း မရှိတဲ့မာန၊ ရှိတဲ့သူက လည်း ရှိတဲ့မာန။ မာနကိုယ်စီနဲ့ပါ။ အဲဒီမာနကြောင့်ပဲ ဘဝနဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက် တွေ မှားသွားတာ။ ဘဝနဲ့ယှဉ်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနစ်နာ သွားတာတွေ အများကြီးပါ။ ဒါကြောင့် မာနမရှိဖို့လည်း သိပ်အရေးကြီးပါတယ်။

(၄) အသုဘပွားရင် ရာဂကင်းစင်ပပျောက်ပါတယ်။ အဲဒီရာဂကလည်း လူကိုဒုက္ခပေးတာပါပဲ။ ရာဂကြောင့်ပဲ ခံစားရ၊ ကြေကွဲဝမ်းနည်းရ၊ အိပ်မရ၊ စားမရ၊ ဘဝပျက်ရ၊ ပညာရေးဆုံးရှုံးရ၊ စီးပွားရေးတွေ ဆုံးရှုံးရစသဖြင့် အများကြီးပါပဲ။

(၅) ဒီ ဒိဋ္ဌိ ဒေါသ၊ မာန၊ ရာဂဆိုတဲ့ အကုသိုလ်ကြီး(၄)ခုက လူတိုင်း ပယ်ချင်နေကြတဲ့အကုသိုလ်တွေပါ။ မလွှဲသာမရှောင်သာလို့သာ လက်ခံထားကြရ တာပါ။ ဘယ်သူမှ ကြာရှည်လက်ခံမထားချင်ပါဘူး။ အမြစ်ပြတ် မပယ်နိုင် သေးရင်တောင် တဒင်္ဂ အခိုက်အတန့်အနေနဲ့ ပယ်နိုင် ရင်ပဲ တော်တော်ဟုတ်နေပါပြီ။

အကျိုးရလာဒ်ကတော့ ပါရမီတစ်ခုအနေနဲ့ နောက်ဘဝ နောက်ဘဝတွေအထိ အတူပါသွားတော့မှာပါ။
ဗုဒ္ဓါနုဿတိပွားလျှင် ဒိဋ္ဌိပင်၊ ကင်းစင်ပပျောက်သည်။
မေတ္တာပွားလျှင် ဒေါသပင်၊ ကင်းစင်ပပျောက်သည်။
မရဏာနုဿတိပွားလျှင် မာနပင်၊ ကင်းစင်ပပျောက်သည်
အသုဘပွားလျှင် ရာဂပင်၊ ကင်းစင်ပပျောက်သည်။

ဘဝမှာ စွဲနေတဲ့ဘာဝနာတစ်ခုခုတော့ကိုယ်စီရှိထားသင့်ပါတယ်။ သူများက မေးမလာရင်တောင်မှကိုယ့်ကိုယ်ကိုယ် ပြန်မေးတဲ့အခါ ဖြေနိုင်အောင်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့လောကဓံတွေက အမြဲကြုံနေရလို့ပါ။ ကြုံလာရတဲ့အခါ ကိုယ် ထုံထားတဲ့ ဘာဝနာလေးနဲ့ ဖြေဆည်နိုင်အောင်ပါ။

ဘဝတစ်ခုကို အနုပညာတစ်ခုလိုပဲ ခံစားစေချင်ပါတယ်။ အနုပညာတစ်ခု ဖြစ်တဲ့အတွက် ကျေနပ်ခြင်း၊ မကျေနပ် ခြင်း ရသတွေကတော့ အစဉ် သဖြင့်ရှိနေမှာပါ။ အဲဒီ ကျေနပ်ခြင်း၊ မကျေနပ်ခြင်းရသတွေကိုပဲ ပါရမီအဖြစ် ပြောင်းယူရ မှာပါ။

အရဟံဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို ဝတ်တစ်ခုလိုထားပြီး ပွားဖြစ်နေ မယ်ဆိုရင် ဘဝက တော်တော် နေပျော် နေပါပြီ။
ဘာပဲပြောပြော ဂုဏ်တော်ရယ်၊ ဝိပဿနာရယ်ကို နေ့စဉ်ပွားဖြစ်နေရင် တစ်ဖက်က စိတ်အေးချမ်းမှုကို ရနေသလို၊ တစ်ဖက်ကလည်း သံသရာ အတွက် ပါရမီဖြည့်နေတာပါပဲလေ။

ရဝေနွယ် (အင်းမ)

Shared from Shwe Yee (FB)

Wednesday, February 27, 2013

အလွမ်းများနဲ့ မိတ်ဖွဲ့ခြင်း

ရေခြားမြေခြားမှာ စပြီးနေထိုင်ကတည်းက အချိန်ရဲ့ တန်ဖိုးကိုပိုသိတတ်လာခဲ့တယ်။
အချိန်တွေဟာ စက္ကန့်နဲ့အမျှ တန်ဖိုးရှိနေကြတယ်။ အချိန်တန်ဖိုးကို သိလာတာနဲ့အမျှ
တစ်ဖက်မှာလည်း ကိုယ့်နုပျိုခြင်းတွေကို တိုင်းတပါးမှာကုန်ဆုံးနေရတဲ့အချိန် စဉ်းစားကြည့်ရင် အင်မတန်ရင်နာစရာတော့ကောင်းသား။ လူတစ်ယောက်ရဲ့ အလုပ်လုပ်နိုင်တဲ့ အသက်ရွယ်
ဖွံ့ဖြိုးနေတဲ့ ဥာဏ်ရည် အကောင်းဆုံးဆိုတဲ့ အချိန်တွေကို ကိုယ့်တိုင်းပြည်အတွက်
မဟုတ်ပဲ ပေးဆပ်နေကြရတယ်။ ကိုယ်တွေရဲ့ အချိန်တွေကို အခြေအနေအရ
ငွေတွေနဲ့ လှဲလှယ်ယူနေရတယ်။ အမှန်တော့ ကိုယ်တွေပေးဆပ်လိုက်ရတာ
အချိန်တစ်ခုတည်းတော့မဟုတ်ဘူး နုပျိုခြင်း၊ လုပ်အား၊ စွမ်းရည်၊ တွေးခေါ်
တတ်မှုတွေလည်း ပါလေရဲ့။

ဒေသဓလေ့လေးတွေကို ပိုလွမ်းတတ်လာတယ်။ မနက်အာရုံ ဘုန်းကြီးကျောင်း အုန်းမောင်း
ခေါက်သံ၊ အာရုံဆွမ်း ကြွတဲ့ ကြေးစည်သံတွေ ခုချိန်မှာ လိုချင်ပါရဲ့ ငိုချင်းချတောင်
မရနိုင်တော့ဘူး။ မနက်ပိုင်း ကျေးငှက်တို့ရဲ့ တေးသံသာလေးတွေ ကြားချင်လို့ ပြတင်း
ပေါက်ဖွင့်ကြည့် ဟိုဖက်ဒီဖက် ကာရံထားတဲ့ တံတိုင်းတွေက လှမ်းလှောင်ကြတယ်။
အိမ်ရှေ့နားက ပဲပြုတ်ဆိုတဲ့ အော်သံလေးနဲ့အတူ အမေ အဖေ ဘိုးဘွားတွေရဲ့ မနက် ဘုရားဝတ်တက်ကြေးစည်းသံ ဘာနဲ့မှမလဲနိုင်ပါ။ ကြေးစည်သံ ဝေးလို့ နေ့ညလွဲနေတဲ့
အိပ်ချိန်တွေမှာ နှိုးစက်ကြီးအားကိုးနဲ့ထနေရတဲ့ ရိုဘော့လူသားများဘ၀မှာ မေတ္တာ
တွေလွှမ်းခြုံထားတဲ့ သားရေ သမီးရေ ထတော့လေ ဆိုတဲ့အသံလေးတွေ
တမ်းတမိတာ အခါခါပါ။

မိသားစုဆိုတဲ့ အသိုက်အမြံရဲ့အဓိပ္ပါယ်ကို ပိုသိလာခဲ့တယ်။ ကိုယ့်နိုင်ငံမှာ နေစဉ်တုန်းက
မွေးလာကတည်းက ဒီလူ ဒီမိသားစု ဒီပတ်ဝန်းကျင်ဆိုတော့ သိပ်မသာခဲ့ဘူး။ မျက်စိရှုပ်တယ် နားပူတယ် ဟိုလူကတမျိုး ဒီလူကတဖွယ်လို့လည်း ထင်တတ်ခဲ့တယ်။ နွေးထွေးမှုဆိုတာကို
တန်ဖိုးထားရမှန်းမသိခဲ့ဘူး။ အနွေးဓာတ်ရဲ့ တန်ဖိုးကိုသိတဲ့အချိန်က မိသားစုနဲ့ဝေးနေ
တဲ့အချိန်ဖြစ်နေခဲ့ပြီ။ ၀ယ်ယူလို့မရ ငှားရမ်းလို့မရတဲ့ မိသားစုဆိုတဲ့ တန်ဖိုးကို
ဝေးကွာမှု တစ်ကိုယ်တည်း အထီးကျန်ဆန်မှုတွေနဲ့ လှဲလှယ်ပြီး သိခဲ့ရတယ်။

ကိုယ့်ယဉ်ကျေးမှုကို ပိုတန်ဖိုးထားတတ်လာတယ်။ ကိုယ်ပိုင် ယဉ်ကျေးမှုဆိုတာ
ဘယ်လောက် အဖိုးတန်မှန်း ဝေးနေချိန်မှာ ပိုသိလာခဲ့တယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု
အတွက်ဂုဏ်ယူဝင့်ကြွား တတ်လာခဲ့တယ်။ ဘယ်လောက်မတိုးတက်ပါဘူးဆိုဆို
ကိုယ်ပိုင် စာပေ၊ စကား၊ အနုပညာဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှု ဘယ်
လောက်ရှိတယ် ထွန်းကားသလဲဆိုတာကို ဖော်ပြတဲ့ ပြယုတ်တစ်ခုဖြစ်တယ်။

ကိုယ့်နိုင်ငံကို ပိုချစ်လာတယ်။ ဆင်းရဲတယ် မတိုးတက်ဘူးပဲထား ကိုယ့်နိုင်ငံမှာ
နေတဲ့ နေရတဲ့ခံစားချက်နဲ့ ကိုယ့်နိုင်ငံမဟုတ်တဲ့ နိုင်ငံမှာနေရတဲ့ ခံစားချက်က
လုံးလုံးမှ မဆိုင်။ ဆီနဲ့ရေလို ကွာခြားပြီး ကတုံးနဲ့ ခေါင်းဖြီးအလား။ မရှိပါဘူး
ဆိုတဲ့ နေရာမှာ ကိုယ့်စိတ်ဟာ နောက်ကြောင်းအေးစွာ ငြိမ်းချမ်းနေတတ်ခဲ့တာ
ဘက်လိုက်မှုမဟုတ်ပါ။ အချိန်တန် အိမ်ပြန်ရမယ်ဆိုတဲ့ စိတ် သူတစ်ပါးမြေမှာ
ဘယ်လောက်ပြည့်စုံပါစေ နွေးထွေးမှုမခံစားမိပဲ နောက်ကြောင်းလည်း လုံတယ်
လို့လည်းမရှိခဲ့ပြန်ဘူး။ ပြည့်ကျပ်နေတဲ့ အဆောက်အအုံတွေ ထူထပ်နေတဲ့
လူဦးရေ၊ ကြပ်ပိတ်နေတဲ့ လမ်း၊တံတား၊ ကားတွေကြားထဲမှာ ကိုယ့်နိုင်ငံရဲ့
သဘာဝအလျောက် စိမ်းလန်းတဲ့ တော တောင်ရှုခင်းတွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေကို သတိရလိုက်တာ။သဘာဝတုတွေကြားထဲမှာ ရုန်းခံလှုပ်ရှားရတာ အသက်ရှူတွေကြပ်တယ်။

ကိုယ့်ဘာသာတရားကို ပိုကာကွယ်တတ်လာတယ်။ မြတ်နိုးတတ်လာတယ်။ ဒုက္ခရောက်မှ အမိတတ်ဆိုတဲ့စကားပုံရှိသလိုပဲ အလွယ်တကူရနိုင် မြင်နိုင်တဲ့ ဒေသမှာကြီးပြင်းခဲ့တော့
အဖိုးတန်မှန်းသိပေမယ့် ၊ကာကွယ်စောင့်ရှောက်ရမှန်းသိပေမယ့် အခရာ
မကျခဲ့ဘူး။ အဓိကနဲ့ သာမညကို မခွဲနိုင်ခဲ့ဘူး။မတွေ့နိုင်ရဖို့ခဲယဉ်းတော့မှ ဘယ်လောက်တန်ဖိုးအနဂ္ဂထိုက်တန်
မှန်း ပိုသိလာခဲ့တယ်။ အသက်နဲ့ထပ်တူ မြတ်နိုးတတ်လာခဲ့တယ်။ ကိုယ့်ဘာသာ
ရဲ့ အဖိုးထိုက်တန်မှုတွေ တန်ဖိုးမဖြတ်နိုင်မှန်း ပိုသိလာခဲ့တယ်။ တစ်ယောက်
တည်း နေရတဲ့အချိန် ဘာသာတရားရဲ့ အနှစ် ကိုယ့်အတွက် ဘယ်လောက်
အထောက်အကူဖြစ်ကြောင်း သက်သေပြပေးခဲ့တယ်။ တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ရပ်တည်ဖို့ ဘ၀ သံသရာရဲ့ ဓူဝံကြယ်တစ်ခုဖြစ်ခဲ့တယ်။ ကာကွယ်စောင့်
ရှောက်ဖို့ လမ်းပြပေးခဲ့တယ်။

စက်ရုပ်များလို သွားလာနေကြတဲ့ လူသားတွေကြားထဲမှာ ကိုယ့်တိုင်းပြည်ရဲ့ စိတ်ကြည်နူးစရာ တစ်ခုဖြစ်တဲ့ ဆွမ်းခံကြွတဲ့ ဘုန်းတော်ကြီး ကိုရင်လေးတွေရဲ့ မြင်ကွင်းလေးကို
လည်းလွမ်းလိုက်တာ။ မြင်နေခဲ့ရတဲ့အချိန်တုန်းက အဲဒီမြင်ကွင်းဟာ ဘာမှမဟုတ်
ပေမယ့် ခုချိန်မှာတော့ ဘယ်ပန်းချီတောင် ရေးလို့မမှီအောင် လွမ်းတတ်နေခြဲ့ပီ။
ပွဲတော်ရာသီချိန်တွေမှာ ပရိတ်၊ ပဌာန်းရွတ်သံတွေ အလှူခံမဏ္ဏပ်မှ မေတ္တာပို့
အမျှဝေသံတွေဟာ ထိုချိန်တုန်းက ကိုယ့်အတွက်ထူးခြားမနေခဲ့ပေမယ့် ခုတော့ဖြင့် စာဖွဲ့လို့တော့မကုန်တော့ပြီ။ ကလေးတွေ အိုင်ပက်ကိုယ်စီ ဖုန်းကိုယ်စီနဲ့ ဆော့
ကစားနေတာ မြင်ရတဲ့အခါ ငယ်စဉ်ဘ၀ ကိုယ့်တွေရဲ့ တီဗွီဆိုတာ တစ်မြို့လုံး
မှာမှ လက်ချိုးရေတွက်လို့ရသေးတဲ့အချိန် ဘယ်လောက် လွတ်လပ်စွာ ကလေး
သဘာဝဆော့ကစား သောင်းကျန်းခဲ့လဲဆိုတာ ပြောပြရင်ဆုံးမယ်မထင်ပါ။သတိရလိုက်
တာလို့ပြောတာတောင် မလုံလောက်ပေ။ ထုပ်ဆီးထိုး၊ စိမ်ပြေးတမ်း၊ တူတူပုန်းတမ်း စသည်ဖြင့် ဆော့နည်းပေါင်းစုံကစား ရွာရိုးကိုးပေါက်လျှောက်လည်ခဲ့တဲ့ ကိုယ်တွေရဲ့ ကလေးသဘာဝကိုမြင်နေရတဲ့ ကလေးတွေရဲ့ အိုင်ပက်တွေ ပေါ့တွေနဲ့လဲလှယ်မယ်ဆိုရင်တောင်
ကန်တော့ပါသေးရဲ့။ ကိုယ်တွေရဲ့ ကလေးဘ၀က တွေးကြည့်ရုံနဲ့တင် ပျော်
စရာကောင်းလွန်လို့ အတွေးလေးတောင် လာမနှောင့်ယှက်စေချင်ပါ။

ဒီလိုပဲ လူတွေဟာ ဝေးတသက်သက်ဆိုသလို မရတော့မှ မရှိတော့မှ မမြင်ရတော့မှ ပိုလွမ်းတတ်တာသဘာဝမို့ တိုင်းတပါးမှာ မြင်မြင်သမျှ ကြုံသမျှ တွေ့သမျှ ဆုံသမျှကို နှိုင်းယှဉ်ကာ အလွမ်းတွေနဲ့ မိတ်ဆွေဖွဲ့ခဲတာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပထမဆုံးအကြိမ်လက်ပြနှုတ်ဆက်စဉ်ကတည်းကပေါ့

Posted by Shwe Yee (FB)

Shared from Shwe Yee (FB)

Tuesday, February 26, 2013

*****ပရိဒေ၀အကြောင်း*****


ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမူသည်လည်း စိုးရိမ်မူကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက် မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ၀မ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူစက သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလလို ဟစ်အော်၍ ငိုခြင်းကား လိုရင်း စိတ်မချမ်းသာမူထက် မိမိကို ၀ိုင်း၍ သနားအောင် မာယာဆောင်မူက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်းမဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှ လူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်၏။ ချမ်းသာသုခ ရှိနေသူများပင် ငိုသံကြားက ချမ်းသာသုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော် ကြွေးကြော်လိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌ “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတလေမျှ လက်ကိုင်မရှိပါ”ဟု ၀န်ခံရာလည်း ရောက်လေတော့သည်။ ထို့ကြောင့် မလွှဲသာ၍ ပရိဒေ၀မီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ငြိမ်အောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံး ဖြစ်ပါသည်။ ထို့ထက်ပိုမို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့် ယသော်ဓရာ လောင်းလျာ ၂-ပါးတို့ တစ်ခုသော ဘ၀၀ယ် ကုဋေများစွာ ကြွယ်ဝသော သူဋ္ဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့်အပြင် ပြုံးရွှင်သလိုနှင့် ခံ့ညားသော မျက်နှာအနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဋ္ဌေးမျိုး သူဋ္ဌေးနွယ် နုနယ်သော ရသေ့မကလေးမှာ ရှေးကလို မွန်မြတ်သော အစာကို မစားရဘဲ ရသေ့ရဟန်းတို့၏ ဓမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်သာ မျှတရရှာသောကြောင့် အတော်ကြာလျှင် ၀မ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တံခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်တော်မူနေတုန်း အချိန်မှာပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ ရောဂါဒဏ်ကို ကြာရှည်မခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘ၀ဇာတ်အသစ်လဲရရှာလေသည်။ ထိုကဲ့သို့ ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ဘဲ လိုက်လိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက် တွေ့ရလျှင် အစွမ်းကနု ငိုချင်ဖွယ် ကောင်းသော်လည်း ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်မူပြီးလျှင် ၂ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိတ်သတ်၏ ပရိဒေ၀မီးကို ကြည်လင်အေးမြသော သြ၀ါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္တုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီးဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးညီနောင်များ ဖြစ်ကြသော သားရတနာ ၃ကျိပ် ၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏ သားများဖြစ်ကြသည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံ အခစားဝင်ကြသောအခါ သူတို့ လူစုနှင့်ပင် ပရိသတ်ကြီး တစ်ခုဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင်ထံ “တစ်နေ့ကျလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကို လုပ်ကြံပါလိမ့်မည်”ဟု ကုန်းချောကြလေရာ နဂိုကပင် အဆင်ခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာ နေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စုတို့ အသတ်ခံရသည့်ညဉ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန်နီးလတ်သော် “ညဉ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက်ဆုံးကြောင်း”စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချစ်စရာကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ၀တ္ထုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေ၀မဖြစ်ခြင်းမှာာ ရင့်မာသော ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့။ မလ္လိကာ၏ ပရိဒေ၀မီးချုပ်တည်းနိုင်မူကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာ မနေရသော်လည်း အမူတစ်ရာ တွေ့ဖို့ လွယ်ကူသော လောကကြီး၌ ပရိဒေ၀မီးကို အစွမ်းကုန်ငြိမ်းနိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေ၀ ဖြစ်လောက်သော ဒုက္ခ၌ “ငါ့ ပါရမီ မည်မျှလောက် အခြေတည်မိပြီ”ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးပါသည်။

Shared from Ma Aye Aye Cho (FB)