Monday, June 17, 2013

စစ်မှန်တဲ့ ချစ်ခြင်း



သူ့အသက်က ၅၅နှစ်၊ သူ့နာမည်က Tony Leung (Tony Leung Ka Fai- 梁家輝)၊ အလုပ်အကိုင်က ဟောင်ကောင်နာမည်ရ ရုပ်ရှင်မင်းသား။
သူနာမည်မရခင်က စီးပွားရေးမပြေလည်ခဲ့ဘူး။ အဲဒီမှာ မိန်းကလေးတစ်ယောက်နဲ့သူ မြင်မြင်ချင်းချစ်ခဲ့ကြတယ်။သူစလုပ်နေတဲ့ သရုပ်ဆောင်အလုပ်ကို အဲဒီမိန်းကလေးက အားပေးကူညီခဲ့တယ်။ နောက်တော့ သူတို့မင်္ဂလာဆောင်ကြတယ်။ မင်္ဂလာဦးနေ့မှာ သူ့တစ်ကိုယ်လုံး ပိုက်ဆံ ၈ဝဝဝပဲရှိခဲ့တယ်။ "ငါ့ကိုယူလိုက်လို့ နင်နောင်တမရဘူးလား"လို့ မိန်းကလေးကို သူမေးတယ်။ မိန်းကလေးက "ငါနောင်တမရဘူး... အိမ်ထောင်ကျပြီးတဲ့နောက် နင်ငါ့ကို ဘယ်တော့မှ စိတ်ထိခိုက်ဝမ်းနည်းစေမှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်"လို့ ရိုးရိုးရှင်းရှင်းတစ်ခွန်းပဲ ပြန်ဖြေခဲ့တယ်။

အဲဒီစကားကို သူ့နှလုံးသားထဲ စွဲစွဲမြဲမြဲမှတ်သားထားခဲ့မိတယ်။ ငါ့ကိုယုံကြည်တဲ့ မိန်းကလေးကို နောက်နောင် ဘယ်လိုအခြေအနေရောက်ရောက် ငါသစ္စာမဖောက်ဘူး၊ လက်တွဲမဖြုတ်ဘူးလို့ သူ့စိတ်ထဲ သံဓိဋ္ဌာန်ချခဲ့တယ်။

အဲဒီလိုနဲ့ သူတို့မှာ အမွှာသမီးလေးနှစ်ယောက်ထွန်းကားခဲ့တယ်။ သူ့ရဲ့ကြိုးစားမှု၊ မိန်းမရဲ့အားပေးဖေးမမှုတွေကြောင့် သူဟာ နာမည်ကြီးမင်းသားတစ်ဦး ဖြစ်လာခဲ့ပြီး ဆုတွေအမြောက်အများ ပိုင်ဆိုင်လာခဲ့တယ်။ နာမည်ရပြီး သူချောသထက်ချော၊ ခန့်သထက်ခန့်လာချိန် သူ့မိန်းမက အိုစာသထက် အိုစာလာခဲ့တယ်။
ငယ်ရွယ်စဉ်က အချောအလှစာရင်းဝင်ခဲ့တဲ့ သူ့မိန်းမဟာ အခုချိန်မှာ ပုံပျက်ပန်းပျက်၊ ဝဝတုတ်တုတ်၊ မပြင်မဆင်တတ်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် မိန်းမရဲ့အပြင်ပန်းသဏ္ဍာန်က သူ့အချစ်ကို စိတ်မပျက်စေခဲ့ပါဘူး။ ဘယ်သွားသွား ဘယ်လာလာ လူပုံအလယ်မှာ မိန်းမလက်ကို သူရဲရဲတွဲပြီး သွားလာခဲ့ပါတယ်။ နာမည်ကြီးမင်းသားမို့ လူတွေက သူနဲ့သူမိန်းမကို အမျိုးမျိုးဝေဖန်၊ အမြင်တိမ်းကြပေမယ့် သူက "ကျွန်တော်မိန်းမက မိန်းမချောပါ။ အခုလည်း ကျွန်တော့်မျက်စိထဲမှာ သူချောတုန်း၊ လှတုန်းပါပဲ။ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမပါ။ သူ့ရဲ့ကောင်းကွက်တွေက ကျွန်တော်ရဲ့ကောင်းကွက်တွေကို လှုံ့ဆော်ပေးခဲ့တာပါပဲ။ သူမရှိရင် ချစ်စရာကောင်းတဲ့ ကျွန်တော်သမီးလေးနှစ်ယောက်လည်း ရှိမှာမဟုတ်သလို ဒီကနေ့လိုအောင်မြင်တဲ့ ကျွန်တော်လည်းရှိမှာမဟုတ်ပါဘူး။ သူဟာ ကျွန်တော့်ရဲ့ချစ်သူ၊
ကျွန်တော့်ရဲ့မိန်းမ၊ ကျွန်တော့်ရဲ့ကျေးဇူးရှင်ပါ"လို့ ပြောခဲ့ပါတယ်။ လူအများကတော့ ဒီလိုယောက်ျားမျိုးကို ပိုင်ဆိုင်ထားတဲ့ သူ့မိန်းမကို အားကျခဲ့ကြပါတယ်။

စစချင်းနှစ်တွေမှာ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်တွယ်တာတာဟာ "အချစ်"ဖြစ်တယ်။
အဲဒီနောက် ၈နှစ် ၁ဝနှစ်ကျော်ကြာတဲ့အခါ အဲဒီအချစ်က မိသားစု "သံယောဇဉ်"အဖြစ်ပြောင်းသွားတယ်။
တကယ်လို့ နောင်အနှစ် ၃ဝ၊ ၄ဝမှာ သူ့လက်ကိုမြဲမြဲတွဲထားနိုင်သေးရင် ဒါဟာ တကယ့် "အချစ်စစ်"ဖြစ်တယ်။

Shared from Nine Nine Sanay (FB)

Friday, June 14, 2013

ဆင်ခံမြင်းခံဘုရားပြဿနာ

တစ်နေ့တွင် ဆူးလေဘုရားသို့ ထူးခြားသော ရုပ်ပွားတော်တစ်ဆူ ကို ကုလားလူမျိုးတစ်ဦးက လာလှူ၏။

ရုပ်ပွားပုံကား ဥဒေါင်းပေါ်တွင် ဗုဒ္ဓရှင်တော်မြတ် စံတော်မူနေပုံဖြစ်၏။

ဆူးလေဘုရား ဂေါပဂအဖွဲ့ဝင် လူကြီးများသည် ထိုပုံတော်မျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့်

ဘုရားပေါ်တွင် အပူဇော်ခံ ထားသင့်/မထားသင့် မဆုံးဖြတ်နိုင် ဖြစ်ကြ၏။

ထို့ကြောင့် ဆူးလေစေတီတော် သြဝါဒါစရိယဆရာတော်ကြီးများကို ပင့်ဖိတ်၍ ထိုအကြောင်းကို မေးမြန်းလျှောက်ထားကြ၏။

ဖျာပုံတိုက်သစ် ဆရာတော်ကြီးသည်လည်း ထိုအချိန်က ဆူးလေစေတီတော် သြဝါဒါစရိယ ဆရာတော်တစ်ပါးပင် ဖြစ်၏။

ကျန်ဆရာတော်များက

‘အပူဇော်ခံထားလိုက်ပါ၊ တခြားဆင်ခံဘုရား၊ မြင်းခံဘုရားတို့တောင် ရှိနေပြီဟာပဲ၊

အခု ဥဒေါင်းခံဘုရားဆိုတာလည်း အထူးအဆန်းမဟုတ်တော့ပါဘူး’ ဟု မိန့်တော်မူကြ၏။

ဖျာပုံတိုက်သစ်ဆရာတော်က ကျန်းဂန်နှံ့စပ်တော်မူလှသည့်အပြင်

စာရေးဆရာတိုင်း လက်မလွှတ်တမ်း အသုံးပြုနေရသည်

သုတေသန သရုပ်ပြအဘိဓာန် ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် အရှင်သြဘာဘိဝံသထံသို့

ရဟန်းပရိတ်၊ လူပရိသတ်အားလုံး၏ မျက်လုံးများက တစ်ပြိုင်နက်လို ရောက်သွားကြ၏။

ဆရာတော်ကြီးထံမှ လေးနက်ကြည်လင်သော စကားများသည် တစ်ခွန်းချင်း ထွက်ပေါ်လာ၏။

“ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် အားလုံးအတွက် တွေးဆစရာတစ်ခုကိုတော့ တင်ပြချင်ပါတယ်။

ပိဋကိတ်သုံးပုံ၊ နိကာယ်ငါးရပ်ကို လျှောက်ကြည့်လိုက်တဲ့အခါ

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် တိရစ္ဆာန်တစ်ကောင်ကောင် စီးပြီး ခရီးသွားတယ်ဆိုတာ ဘယ်နေရာမှာမှ မတွေ့မိပါဘူး။

မြတ်စွာဘုရားဟာ ခရီးဘယ်လောက်ပင် ဝေးဝေး

ချေချွတ်ရမယ့် ဝေနေယျအတွက် အချိန်မီတယ်ဆိုရင် ခြေလျှင်ကြွတာပဲများပါတယ်။

ဝေနေယျအတွက် ခြေလျှင်ကြွလို့ အချိန်မမီလောက်ဘူး ဆိုရင်တော့ အဘိညာဉ်တန်ခိုးနဲ့ ကြွပါတယ်။

ကောက်

တိရစ္ဆာန်ပေါ်ကို တက်စီးဖို့ မပြောနဲ့။ တိရစ္ဆာန် ကထားတဲ့ယာဉ်ကိုတောင် မစီးဖို့ အာပတ်ပညတ်ထားပါတယ်။

မကျန်းမာခြင်းဆိုတဲ့ အကြောင်းရှိမှသာ စီးခွင့်ရှိပါတယ်။

ဒီလို အာပတ်ပညတ်ပြီး တားတော်မူရတာက သတ္တဝါအား လုံးပေါ်မှာ အညီအမျှထားတော်မူတဲ့

‘မဟာကရုဏာတော်’ ကြောင့်ပဲဖြစ်တယ်။ ရိုးရိုးကရုဏာမဟုတ်ပါဘူး။

မဟာတပ်ထားတဲ့ ‘ကြီးကျယ်တဲ့ ကရုဏာ’ ပါ။

ဒီမဟာ ကရုဏာကြီးကြောင့်ပဲ လေးအင်္ချေကမ္ဘာတစ်သိန်း ကြာအောင် အဆင်းရဲအပင်ပန်းခံပြီး

ပါရမီတော်တွေကို ဖြည့်ဆည်းတော်မူခဲ့တာပါ။

ဒီမဟာကရုဏာတော်ကြီးကို အလေးဂရုမပြုလို့ မရပါဘူး။

တိရစ္ဆာန်စီးနေတဲ့ပုံတော်တွေကို ထုလုပ်ရေးဆွဲခြင်းအားဖြင့်

မြတ်စွာဘုရားရဲ့ သတ္တဝါတိုင်းအပေါ်ထားတဲ့ မဟာကရုဏာတော်ကို ထိခိုက်စော်ကားရာ ရောက်ပါတယ်။

ဘာသာခြားများကလည်း ဒီလိုပုံမျိုးတွေကို ကြည့်ပြီး

‘ဗုဒ္ဓဟာ သတ္တဝါအားလုံးအပေါ်မှာ သနားကရုဏာရှိတယ်လည်း ပြောသေးတယ်၊ တိရစ္ဆာန်ပေါ် တက်စီးတာပဲလား’ ဆိုတဲ့ မေးခွန်းမျိုးနဲ့ ထောက်ပြလာနိုင်ပါတယ်။

ဒီဥဒေါင်းခံရုပ်ကို လက်သင့်ခံပြီး ထားလိုက်မယ်ဆိုရင်

နောင် အခါမှာ ကျားခံတဲ့ ရုပ်ပွားမျိုးတွေ၊ သမင်ခံတဲ့ရုပ်ပွားမျိုးတွေ အတော်မသတ်အောင် ပေါ်လာနိုင်ပါတယ်။ ဒီအချက်တွေကြောင့် ဥဒေါင်းခံတဲ့ ရုပ်ပွားကို ဒီအတိုင်း အပူဇော်ခံမထားဖို့ ပြောကြားလိုက်ပါတယ်။

ဆရာတော်၏ သဘာဝကျလှသော သြဝါဒကြောင့်

ဂေါပဂလူကြီးများသည် ဥဒေါင်းကိုဖယ်ထားပြီး ရုပ်ပွားတော်ချည်း သက်သက်သာလျှင် ယခုထက်တိုင် အပူဇော်ခံထားပါသည်။


***ကောက်နုတ်ချက် ***

မေတ္တာရှင်(ရွှေပြည်သာ)

ထေရဝါဒမှတ်ကျောက် (နှာ- ၂၄~၂၆) မှ ကောက်နုတ်ရေးသားပါသည်။

Shared from ထေရ၀ါဒ ရနံ့ (FB)

သာသနာပြုကြရာတွင် အတုယူလိုက်နာသင့်သော မိဂဒါဝုန်တွင် မြတ်စွာဘုရား အသုံးချခဲ့သော 'မူ' (အရှင်သေဋ္ဌိလာဘိဝံသ ဆရာတော်ကြီး)

“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားအောင်လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို သူတို့ရဲ့ မိရိုးဖလာအယူဝါဒ ဓလေ့ထုံးဆိုတာရှိတယ်။ ဒါတွေကို ‘အလကား မိစ္ဆာဝါဒတွေ၊ ရူးကြောင်ကြောင် အလုပ်တွေ’ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာဝါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ရှုပ်ကို ထွေးနေတာပေါ့၊ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လို သာသနာပြတော်မူသွားတယ် ဆိုတာ မျက်ခြည်မပြတ်စေနဲ့၊ လေ့လာရတယ်၊ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတူယူ ကျင့်သုံးမှာပေါ့၊ အရှင်ဘုရားတို့ သိက္ခာပုဒ်တွေထဲမှာ မြတ်မနုတ်ရ၊ သစ်ပင်မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မဟုတ်လား”

“ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက “အဲဒါတွေ မလုပ်ရလို့” ဘာလို့ ပညတ်ထားသလဲ၊ အကျိုး မရှိဘဲနဲ့ မပညတ်ဘူး။ အကျိုးရှိလို့ ပညတ်တာ၊ အဲဒီခေတ်မှာဖြစ်တယ် တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲတစ်ခုက “သစ်ပင်ကိုခုတ်ထစ်တာဟာလည်း ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တဝါကို ညှဉ်းဆဲတာပဲ” လို့ မှတ်ကြတာ” (ဣနြေ္ဒ = အသက်)။

“အဟိံသာ ပရမော ဓမ္မော မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရားဆိုတာ ဒီလိုအယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့၊ ဒါကိုဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး၊ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့်သေးဘဲ မထိရောက်သေးဘဲ သူ့များဝါဒနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ်သူတောင် ရှိမှာ မဟုတ်လို့ သစ်ပင်မခုတ်ဖို့ ဗုဒ္ဓက ပညတ်တော်မူတာ၊ ဒီလို ပညတ်လို့ ကိုယ့်ဝါဒမှာလည်း ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး၊ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်”

“ဝေဖန်တယ် ပိုင်းခြားတယ်ဆိုတာဟာ အဘိဓမ္မာတစ်ရပ်ကို တင်ပြတာပဲ၊ အဲဒီတော့ အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တာ၊ အသက်ဝင်မှလည်း အသက်ရှင်တယ်၊ ဗုဒ္ဓဝါဒ ဒီနေ့ထိအသက်ရှင်နေတာဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာကို လေ့လာကြည့်မယ်ဆိုရင် ပထမ အစွန်းတရားနှစ်ပါး ဆိုတဲ့ အမှားနှစ်မျိုးကို ထောက်ပြတယ်၊ ပြီးတော့ အဲဒီအမှားကို မဇ္ဈိမပဋိပဒါဆိုတဲ့ အမှန်နဲ့ အစားထိုးပေးတယ်”

“ဒါကြောင့်လည်း ဗုဒ္ဓအဘိဓမ္မာဟာ ဒီနေ့အထိ ဘယ်ပညာရှင်ကမှ ငြင်းပယ်လို့ မရနိုင်တဲ့ အမှန်တရားအဖြစ် ရပ်တည်နေနိုင်တာပါ၊ မြတ်စွာဘုရား မပွင့်ခင်က ဝါဒတစ်ခုပေါ်လိုက်၊ အဲဒီဝါဒကို နောက်ပုဂ္ဂိုလ်က အမှားလို့ ဝေဖန်လိုက်၊ ပြီးတော့ ခုခံသူက ပြန်ခုခံလိုက်နဲ့ ဝါဒတွေဟာ လုံးချာလိုက်နေတာပဲ ဘယ်သူ့ဝါဒ အမှန်ဆိုတာတော့ ဘယ်ပညာရှင်မှ အတိအကျမဆုံး ဖြတ်နိုင်ခဲ့ဘူး၊ မှားတယ်လို့ ပြောဖို့ဆိုတာက လိုအပ်ချက်တွေကို ပေးစွမ်းနိုင်မှုမရှိရင် ဒါဟာမှားနေတယ်၊ မမှန်ဘူးလို့ ပြောနိုင်တာပဲ၊ ဝါဒတစ်ခု ပေါ်ပေါက်တယ်ဆိုတာကလည်း လောကရဲ့ ဒုက္ခကို ကုစားဖို့ ပေါ်လာရတာကိုး၊”

“ဒီဒုက္ခကို တကယ်ပျောက်ကင်းအောင် ကုစားမပေးနိုင်ဘူးဆိုရင် ဒါကိုမှားတယ်လို့ ဘယ်သူမဆို ပြောနိုင်တာပဲ” ဒါဖြင့် ဘာက မှန်သလဲလို့ ပြန်ပြီး မေးခွန်းထုတ်တဲ့အခါကျမှသာ ကိုယ်က အစားထိုးမပြနိုင်တာ။ မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး၊ အမှားကိုလည်း ထောက်ပြတယ်၊ အမှန်နဲ့လည်း အစားထိုးနိုင်တယ်၊ ဒီအမှန်ကလည်း ဒုက္ခငြိမ်းမှုကို ပေးစွမ်းနိုင်လို့ လောကရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်၊ ဒါကြောင့် အသက်ဝင်ပြီး အသက်ရှင်နေတာပေါ့”

“သူ့လက်ထဲမှာ ဝတ်ထားတဲ့ ချက်ကျောက်ကြီးကို ဒါအတုကြီးပဲ ဆိုပြီး ဆွဲမချွတ်လိုက်နဲ့၊ သူများလှတာ မနာလို လို့လားဆိုပြီး လက်ကို ပုတ်ချလိမ့်မယ်၊ ကိုယ့်မှာရှိတဲ့ စိန်အစစ်ကို လက်တွေ့ပြ၊ ဒါ စိန်အစစ်ပဲလို့ သူနားလည်အောင် ပြောပြနိုင်ရင် သူ့လက်က စိန်အတုကြီးကို သူကိုယ်တိုင် ချွတ်ပြီးလွှင့်ပစ်လိမ့်မယ်၊ အဲဒါကြောင့် သူများ အမှားကို ပယ်ပယ်နယ်နယ်ကြီး အပုပ်ချသလို ပြောနေမယ့် အစားကိုယ်ပြောမယ့် အမှန်တရားကိုသာ အများနားဝင်အောင် ရေရေလည်လည် ပြောပြဖို့ အရေးကြီးတယ်၊ ဒါဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူပဲ”

(မှတ်ချက်)

ကမ္ဘာ့ဗုဒ္ဓ သာသနာပြု ဆရာတော် အရှင် သေဋ္ဌိလာဘိဝံသ

၁၃၃၇ ခုနှစ်ခန့်က ဒေးဒရဲမြို့၊ ကွင်းချောင်း ကျောင်းတိုက်အတွင်း

အရှင်အာဒိစ္စဝံသ ဆရာတော်ကြီး အထိမ်းအမှတ်ပွဲတွင် ကြွရောက်လာသော သံဃာတော်တို့အား ချီးမြှင့်သော သြဝါဒဖြစ်သည်။


ကောက်နုတ်ချက်

~~~~~~~~~~

မေတ္တာရှင် (ရွှေပြည်သာ)

ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။
" ထေရဝါဒ ရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Firday, June 14, 2012 
12:17 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

တစ်ဘက်မြင်များ (ဒေါက်တာအရှင်နန္ဒမာလာဘိဝံသဆရာတော်ကြီး - နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ)

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက အင်္ဂလိပ်လိုရေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖတ်ဖူးတာရှိတယ်။ သူက ဘက်စုံမကြည့်လို့ရှိရင် အမှန်မသိတဲ့အကြောင်းလေး။ ပြဿနာတိုင်းမှာ(၂)ဘက် ရှိတယ်တဲ့၊ အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကလေးတစ်ခုပေါ့၊ တောင်တုန်းလေးတစ်ခုပေါ်မှာ စားသောက်ဆိုင်ဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ အဲဒီဆိုင်လေးမှာ တောင်က လာတဲ့လူပဲဖြစ်ဖြစ်၊ မြောက်က လာတဲ့လူပဲဖြစ်ဖြစ် ၀င်ပြီးနားကြတယ်။ လမ်းကြီးက တောင်မြောက်ဖောက်ထားတယ်။ အဲဒီတုန်းကလူတွေ မြင်းစီးတဲ့ခေတ်ဆိုတော့ မြင်းစီးပြီးတော့ သွားကြ လာကြတယ်။ ခြောက်လုံးပူး ခါးချိန်တဲ့ခေတ် မဟုတ်ဘူး၊ ဓားလွယ်, လွယ်တဲ့ခေတ်။

အဲဒီတုန်းကမြောက်ဘက်က လူကြီးတစ်ယောက် ဓားလွယ်နဲ့ မြင်စီးပြီးတော့ လာတယ်။ တောင်ဘက်က လူတစ်ယောက်ကလည်း မြောက်သွားဖို့ မြင်းစီးပြီး လာတယ်။ အဲဒီတောင်ကုန်းလေးကျတော့ ခဏနားကြတယ်၊ တောင်ကုန်းပေါ်အတက်ကလေးမှာ နှစ်ယောက်သား မြင်းပေါ်က ခုန်ဆင်းလိုက်တယ်။ စားသောက်ဆိုင်လေးထဲ ၀င်ပြီးနားကြမယ်ပေါ့။

အဲဒီမှာ မြောက်ဘက်ကလာတဲ့ လူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်လိုက်တဲ့အခါကျတော့ သူက ဘာတွေ့တုန်းဆိုရင် ရွှေခြင်္သေ့ရုပ်ကလေးကို တွေ့တယ်။ တွေ့တော့ သူက သြော် ရွှေခြင်္သေ့ စားသောက်ဆိုင်ပဲလို့ ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့အချိန် တောင်ဘက်ကလူက အပေါ်မော့ကြည့်တယ်။ မော့ကြည့်ပြီး မိတ်ဆွေ ခင်ဗျား မှားနေပြီ၊ ရွှေခြင်္သေ့စားသောက်ဆိုင် မဟုတ်ဘူးဗျာ့။ ငွေခြင်္သေ့စားသောက်ဆိုင်ပါ။

ဒီတော့ မြောက်ကလာတဲ့လူက ခင်ဗျားက ကျုပ်ကို ရွှေနဲ့ငွေ မကွဲဘူးလို့ ပြောချင်တာလား တဲ့။ မကျေနပ်တဲ့အသံနဲ့ မေးတယ်။ ဟိုလူက ခင်ဗျား မှားနေတာပါ။ ရွှေခြင်္သေ့မဟုတ်ဘူး၊ ငွေခြင်္သေ့ပါလို့ ထပ်ပြောတယ်။ အဲဒီ ခေတ်ကတစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ရင် ဓားချင်းယှဉ်ခုတ်တဲ့ခေတ်။ အချင်းများကြတယ်။ ပထမလူက သူ့ကို ဒီလောက် အထင်သေးရမလား ဆိုပြီးတော့ ဓားဆွဲထုတ်တယ်၊ ဒုတိယလူကလည်း ဓားဆွဲထုတ်တယ်။ ပြီးတော့ ဓားချင်း ယှဉ်ခုတ်ကြတယ်။ တချွမ်ချွမ်နဲ့၊ အဲဒီနေရာမှာ နှစ်ယောက်စလုံး တစ်ဘက်မြင်နဲ့ ဆော်ကြတာလေ။

အငြင်းပွားပြီး ဓားချင်း ဆွဲခုတ်နေကြတုန်း အသံတစ်သံ ထွက်ပေါ်လာတယ်၊ ရပ်လိုက် ဆိုတဲ့ အမိန့်ပေးသံ၊ သူတို့ နှစ်ယောက်စလုံး ကြားတယ်။ သူတို့ အံ့အားသင့်ပြီး ရပ်လိုက်ကြတယ်။ အသံရှင် နတ်သမီးလေး ရုတ်တရက်ပေါ်လာပြီး ရှင်တို့ ဘာလုပ်နေကြတာတုန်းလို့ မေးလိုက်တယ်။ တို့ဟာ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ပြောကြတယ်။ တကယ်တော့ သူတို့အမှန်တရားကို ပြည့်ပြည့်စုံစုံမြင်ကြတာ မဟုတ်ဘူး။ ကိုယ်မြင်တာ အမှန်လုပ်ပြီး တိုက်ပွဲဝင်နေတာနော်။

ကဲ . . . ပြောပါဦး ဆိုတော့ မြောက်ဘက်မှ လာတဲ့သူက ပြောတယ်၊ ငါက ရွှေခြင်္သေ့လို့ပြောတယ်။ ဒီလူက ငွေခြင်္သေ့တဲ့၊ ဒီလူက ငါ့ကို ရွှေနဲ့ငွေမကွဲဘူးလို့ ပြောချင်တယ်။ ဒါ့ကြောင့် ငါက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာ၊ ဒီတော့ အဲဒီနတ်သမီးက မြောက်ဘက်က လာတဲ့ လူကြီးမင်း တောင်ဘက်သွားပြီးကြည့်ပါ၊ တောင်ဘက်ကလာတဲ့ လူကြီးမင်းက မြောက်ဘက်ကို သွားကြည့်ပါဦးလို့ ပြောလိုက်တယ်။ ရွှေတစ်ဖက် ငွေတစ်ဖက် လုပ်ထားတာကိုး။

ခြင်္သေ့ရုပ်လေးက ဟိုဘက်က ရွှေ၊ ဒီဘက်က ငွေ၊ နှစ်ယောက်စလုံးမှန်တယ်။ နှစ်ယောက်စလုံး မှားနေကြတယ်။

ဆိုလိုတာက တစ်ဘက်ပဲ သိတယ်။ အကုန်လုံးမသိဘူး။ ဒီပုံပြင်လေးက တရားဓမ္မနဲ့ ပတ်သက်ပြီးတော့ အလွန်မှတ်သားစရာ ကောင်းတယ်။ တစ်ပိုင်းတစ်စ အမြင်လေးနဲ့ ပြည့်စုံတယ်မထင်နဲ့။

မြတ်စွာဘုရားက နာနာတိတ္ထိယသုတ်မှာ ဟောတယ်။

“၀ိဂ္ဂယှ နံ ၀ိဝဒန္တိ၊ ဇနာ ဧကင်္ဂဒဿိနော” အေး . . . လူတွေဟာ တစ်ပိုင်းတစ်စကိုသာ သိပြီး၊ ဆုပ်ကိုင်ထားပြီး အငြင်းပွားနေကြတယ်။ ကိုယ်သိတာလေးကို ဆွဲကိုင်ပြီး အငြင်းပွားနေကြတယ်တဲ့။ အကုန်သိအောင် လုပ်ရမယ်။

အကုန်သိရင် အငြင်းပွားစရာ မရှိတော့ဘူးလေ။

ဒီသုတ်ထဲမှာ မျက်မမြင်သူကန်း ဆင်စမ်းပြီး ဆင်သရုပ်ဖော်ခြင်းဆိုတဲ့ ပုံဝတ္ထုလေး ပါတာကို တွေ့ရတယ်။

လောကီစာအုပ်တွေထဲမှာလည်း မျက်မမြင် ပုဏ္ဏား(၆)ယောက်အကြောင်း ရေးထားကြတယ်။

အဲဒီပုံပြင်က ဘယ်က စ လာတာလဲ မသိဘူး။ အိန္ဒိယ ဟိန္ဒူဘာသာဖြင့် ရေးထားတဲ့ စာအုပ်မှာတွေမှာလည်း ပါတာပဲ၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေမှာလည်း ပါတာပဲ၊ မြန်မာလိုလည်း ပြန်ရေးကြတယ်။ ထူးထူးဆန်းဆန်း မြတ်စွာဘုရားဟောတဲ့ သုတ္တန်ထဲမှာလည်း တွေ့တယ်။ မြတ်စွာဘုရားဟောတဲ့ ဥဒါန်းပါဠိတော်မှာ နာနာတိတ္ထိယသုတ် ဆိုတာ ရှိတယ်။ တိတ္ထိအမျိုးမျိုး အကြောင်းကို ဟောထားတာ။ အဲဒီ နာနာတိတ္ထိယ သုတ်မှာ မျက်မမြင်ပုဏ္ဏား (၆)ယောက်တော့ မဟုတ်ဘူး၊ (၉)ယောက်၊ (၉)ယောက် ဆိုတာ လူကို ပြောတာမဟုတ်ဘူး၊ မျက်စိမမြင်တဲ့ သူတွေကို အုပ်စု (၉)စုခွဲကာ ဆင်ကို စမ်းကြည့်စေပြီး ဆင် သရုပ်ဖော်ခိုင်းတာ။

အဲဒီဇာတ်လမ်းက ဘုရားဟောတဲ့ သုတ္တန်မှာ ဘယ်လိုပြထားသလဲဆိုရင် -

သာဝတ္ထိပြည်က ဘုရင်ကြီးဟာ တစ်ခါတလေ အပျင်းဖြေတဲ့ သဘောပေါ့၊ ရယ်စရာ လုပ်တယ်။

ဘာလုပ်တုန်းဆိုတော့ သာဝတ္ထိ ပြည်မှာရှိတဲ့၊ မျက်စိနှစ်ကွင်း အလင်းမရတဲ့သူအားလုံး ဆင့်ခေါ်ခိုင်တယ်။

နန်းရင်ပြင်မှာ စုစေတယ်။ မျက်စိမမြင်တဲ့လူတွေ အများကြီးပဲ ရောက်လာကြတယ်။

ရောက်လာတဲ့အခါ (၉)စုခွဲလိုက်တယ်။ ခွဲပြီးတဲ့အခါ ကျတော့ ဘုရင်က ၀န်းထမ်းတွေကို အမိန့်ပေးတယ်။

အဲဒီ (၉)စုကို တစ်စုစီ ခွဲပြီး တစ်မျိုးစီ ဆင်ကို ပြစေတယ်၊ ဆင်ဆိုတာ ဘယ်လိုလဲ၊ တချို့ကို ဆင့်ခြေထောက်ကို ကိုင်စမ်းပြီးပြတယ်။ တချို့ကို အမြီးကို ကိုင်စမ်းပြတယ်၊ တချို့ကို နှာမောင်းကို ပြတယ်၊ တချို့ကို အစွယ်ကို ပြတယ်၊ တချို့ကို ကိုယ်လုံးကို ပြတယ်၊ အဲဒီလို ခွဲပြီးပြတယ်၊ အမြီးမှာလည်း မြီးဆံလေးကို ပြတယ်၊ တချို့ကို မြီးထူးရိုးကိုပြတယ်။ ခွဲပြီးတော့ ပြခိုင်းတယ်။

အုပ်စုလိုက် ပြပြီးပြီဆိုတဲ့အခါကျတော့ ဘုရင်ကြီးက ရှေ့တော်သွင်းတယ်၊ ဘုရင်ကြီးက မေးတယ်။

မောက်ကန်းတို့၊ မင်းတို့ ဆင်မြင်ကြပြီလား။

ဘုန်းတော်ကြောင့် မြင်ရပါပြီ တဲ့။

ကဲ . . . နံပါတ်တစ်အုပ်စုက ဆင်ဆိုတာ ဘယ်လိုဟောလဲ၊ ပြောပြစမ်းလို့ ဘုရင်ကြီးကမေးတယ်။

သူတို့ကို ပြထားတဲ့အတိုင်း သူတို့ပြောတာပေါ့။

ဆင့်ကိုယ် စမ်းထားတဲ့လူစုက ဆင်ဆိုတာ အုတ်နံရံကြီးလိုပဲတဲ့။

ကျန်တဲ့သူတွေကလည်း ဟိုကြည့် ဒီကြည့်ပေါ့။ မြင်တော့ မမြင်ရဘူးပေါ့။ အံ့သြတယ်။

ငါတို့တွေ့တာ အုတ်နံရံကြီးလို မဟုတ်ပါဘူး၊ တုတ်ချောင်းကြီးလိုပါ။ ဘာလို့လဲဆိုတော့ အစွယ်ပြထားတာကိုး။

မြီးဆံပြထားတဲ့လူက တံမျက်စည်းလိုဟာကြီးပါ။ ခြေထောက် ပြထားခြင်းခံရတဲ့ လူကလည်း ဆင်ဆိုတာ တိုင်လိုကြီးပါတဲ့။

သူတို့အချင်းချင်း တစ်ခုနဲ့တစ်ခု မကျေမနပ် ဖြစ်နေကြတယ်။ ဆင်ဆိုတာ နံရံကြီးလိုဆိုတော့ တံမျက်စည်းလို ထင်တဲ့ကောင်က

ဟာ . . . မင်းမှားနေတယ်။ ငါတွေ့တာက တံမျက်စည်းလိုပဲ။

ဆင့်ခြေထောက် စမ်းတဲ့ လူကလည်း

ဟ . . . ဆင်ဆိုတဲ့ အကောင်က အဲဒီလိုမဟုတ်ဘူးတဲ့၊ တိုင်ကြီးလိုပဲ။

နားရွက်စမ်းတဲ့ကောင်က ဆင်ဆိုတာ ပြားချပ်ကြီး၊ ယပ်တောင်ကြီးလိုပဲ ပြောတယ်။

ပြောရင်း ပြောရင်း အုပ်စုချင်း ငြင်းခုံကြ၊ ရန်ဖြစ်ကြပြီး ထသတ်ကြတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက သဘောကျလွန်းလို့ ဟားတိုက်ပြီး ရယ်သတဲ့။ အတော် ကမြင်းတဲ့ ဘုရင်ပေါ့နော်။

အဲဒီမှာ မြတ်စွာဘုရားက မျက်မမြင်သူကန်းတွေဟာ ကိုယ်မြင်တဲ့အပိုင်းလေးကို ဟုတ်လှပြီဆိုပြီး အခုလို အငြင်းပွားနေကြသတဲ့။ အားလုံးပေါင်းလိုက်ရင် ဆင်ဆိုသည်မှာ ဒါတွေ အားလုံးရှိတယ်ဆိုတာ သူတို့ လက်ခံမယ်ဆိုလို့ရှိရင် သူ့ဟာလည်း လက်ခံမယ်၊ ငါ့ဟာလည်း လက်ခံမယ်၊ အားလုံးကို လက်ခံလိုက်ရင် ဆင်သရုပ် ပေါ်လာမှာပါတဲ့၊ မြတ်စွာဘုရားက မိစ္ဆာ၀ါဒဟာလည်း ဒီအတိုင်းပဲ၊ ခြုံငုံ မကြည့်ဘူး၊ စုံအောင် မကြည့်ဘူး၊ တစ်ဘက်အမြင်လေးနဲ့ အငြင်းပွားနေကြတယ် လို့ ဆိုလိုတယ်။

အေး . . . ဒါကြောင့်မို့ လောကမှာ မိစ္ဆာဝါဒ ဆိုတာ ခြုံငုံသုံးသပ်ခြင်း မရှိလို့ မှားယွင်းတဲ့ ၀ါဒမျိုး ဖြစ်တယ်။ တစ်ဘက်မြင်ကိုပဲ အစွဲအလမ်းကြီးပြီး ကိုယ့်ဘာသာကိုယ် ‘ဣဒမေ၀ သစ္စံ၊ မောဃမညံ’ = ငါ့ဟာသာ အမှန်၊ တခြားဟာ အလကား ဆိုတဲ့ ဆိုလိုချက်တွေနဲ့ ကိုယ့် philosophy ကိုသာ အဟုတ်ထင် စွဲကိုင်ထားပြီး သူများ philosophy ကိုတော့ ပယ်ချတယ်၊ ဒီလိုနဲ့ မိစ္ဆာအယူဝါဒတွေ ပေါ်လာတယ်။

အမှန်တရားဆိုတာ တစ်ခုတည်းသာရှိတယ်။

အဲဒီအမှန်တရားနဲ့ ပတ်သက်ပြီး သိလာလို့ရှိရင် ဘာမှအငြင်းပွားစရာ မရှိဘူး၊ အားလုံး အတူတူပဲ။

ကောက်နုတ်ချက်

***********

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ကြီး

နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မူပါ (စာ-၁၄၈-၁၅၅) - မှ ကောက်နှုတ်ပူဇော်ပါသည်။

"ထေရဝါဒရနံ့ " မှ ပြန်လည်ရေးသားပူဇော်ပါသည်။


Friday, June 14, 2012 1:30 pm

Shared from ထေရ၀ါဒ ရနံ့ (FB)

“စိတ်ဓါတ်ရင့်ကျက်လာဖို့”

(၁) တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ..
တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ။

(၂) ကိုယ့်ကိုကိုယ်တောင် မပိုင်တာ..
ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ။

(၃) ငါ သေရအုံးမှာ..
အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ။

(၄) ငါဘာတွေတွေးနေလဲ?
ဘာတွေခံစားနေလဲ ?
ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး
ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ။

(၅) ငါဘာကိုတန်ဖိုးထားတာလဲ?
အပေါ်ယံအရာဖြစ်တဲ့ပစ္စည်းတွေလား?
တစ်စုံတခုလား? တစ်စုံတစ်ယောက်လား?
စိတ်ထားမြင့်မြတ်တာလား? ကိုယ်ကျင့်တရားမြင့်မြတ်တာလား?
ငါ့ဘဝမှာ ငါတကယ်တမ်း တန်ဖိုးအထားဆုံးအရာဟာ ဘာလဲ?
ခုလုပ်နေတာတွေဟာ ငါဘာကိုတန်ဖိုးထားပြီး လုပ်နေကိုင်နေပြောနေတာလဲ?
ငါတန်ဖိုးအထားဆုံးအရာဟာ တကယ်တမ်း နောက်ဆုံးတော့ အားကိုးရရဲ့လား?
ဆိုတဲ့မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ် မမေ့မလျော့ ပြန်ပြန်မေးပါ။
(ကိုယ့်ကိုကိုယ် မလိမ်မညာပဲဖြေရင် အမှန်တွေနဲ့ အကောင်းတရားတွေနဲ့ နီးလာပြီ)

(၆) ဖြစ်နေတဲ့ အဆိုးတွေရော အကောင်းတွေရောဟာ
ဘာမှ မမြဲဘူး။ ဘာမှ မဟုတ်ဘူး။ တခဏလေးတွေချည်းပဲ။
သင်္ခါရတရားတွေ အချိန်ပြည့် နှိပ်စက်နေတာလို့ အမြဲနှလုံးသွင်းနေကြည့်လိုက်ပါ။

သဘာဝကို သဘာဝ၊ အမှန်ကို အမှန်လို့
ကြည့်တတ် မြင်တတ် လက်ခံတတ်တာ လက်ခံနိုင်တာဟာ သတ္တိရှိလို့ပါ။
သဘာဝအမှန်တရားကို လက်ခံနိုင်ရင် စိတ်ဓါတ်ရင့်ကျက်လာပြီ။
အရှိကိုအရှိအတိုင်း အမှန်တရားကို အမှန်အတိုင်း လက်ခံနိုင်တဲ့စွမ်းရည်ကပဲ
အရာရာအပေါ်ကို balance အဖြစ် မြင်တတ်လာလိမ့်မယ်။
အဲဒီလက်ခံနိုင်တဲ့ စိတ်ဓါတ်ကပဲ ကိုယ့်ဘဝကို တကယ်တမ်း
ဘာရှေ့ဆက်လုပ်ရမလဲ ဘယ်အရာတွေကို မလုပ်သင့်တော့ဘူး။
ဘယ်အရာတွေတော့ ပိုလုပ်သင့်သလဲဆိုတာ လမ်းပြပေးသွားပါလိမ့်မယ်။
နေတတ်ထိုင်တတ်အောင် စိတ်ချမ်းသာနေအောင်လည်း အပြည့်အဝ ကူညီပါလိမ့်မယ်။

ဒါပေမယ့် ဖတ်ထားပြီးရော ပြီးရင်မေ့ မလုပ်ပဲ…
အဲဒီအတွေးတွေကို မမေ့မလျော့ သတိတရ တွေးတွေးနေပေးဖို့တော့ လိုတယ်။
တကယ် တွေးတွေးကြည့်ပြီးတဲ့အခါ လက်တွေ့ စိတ်ချမ်းသာလာတာကို တွေ့ရလိမ့်မယ်။
တချို့အရာတွေက သူများရေးထားတာဖတ်တာထက် ကိုယ်ကိုတိုင် လက်တွေ့ကြုံလာတဲ့အခါ အဲဒီအရသာက ပိုပြီးစိတ်ကိုကြည်နူးကျေနပ်စေတယ်။ တချို့အမြင်တွေက ကိုယ်ကိုတိုင်လုပ်ကြည့်လာမှ မြင်လာတယ်။ ပြီးမှ ဟုတ်ပါလားလို့ပေါ့..။ေ၇းထားတဲ့စာလေးနဲ့ ရပ်မနေပဲ ဒီထက်ပိုပြီးချဲ့တွေးစေချင်တာရယ်ပါ။

ဥပမာအနေနဲ့ “တစ်နေ့ အရာအာလုံးကို စွန့်ခွာသွားရမှာ.. တစ်နေ့ အားလုံးအားလုံးကို ထားသွားရအုံးမှာ.. ဆိုတာ ခဏခဏ တွေးပေးပါ” လို့ ရေးထားတဲ့အတိုင်း ကိုယ့်စိတ်ရင်းနဲ့ တွေးပေးလိုက်ရင် မတရားသဖြင့်လိုချင်တဲ့ မတရားလောဘတွေနဲသွားစေတယ်။ ငါစွန့်သွားရမှာပဲ..။ မတရားသဖြင့် လိုချင်မက်မောတာတွေနဲ့ မတရားလုပ်မနေတော့ပါဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဒီထက်မကကို ကျယ်ပြန့်လွန်းပါတယ်။

“ကိုယ့်ကိုကိုယ်တောင် မပိုင်တာ.. ငါပိုင်တာ တကယ်တမ်းတော့ ဘာဆိုဘာမှ မရှိပါလားလို့ ခဏခဏ ဆင်ခြင်နေပေးပါ” ဆိုတာကို ဆင်ခြင်တဲ့အခါ.. ကိုယ်တကယ်ပိုင်လို့မရတဲ့အရာတွေရှိလာရင် ကိုယ်တကယ်လုပ်ယူလို့မရတဲ့အရာတွေ ဖြစ်လာရင် အဲဒီတွေးနည်းက တော်တော်အလုပ်ဖြစ်တယ်နော်..။ အဲဒီဆင်ခြင်နည်းက တော်တော်စိတ်ကိုသက်သာစေလိမ့်မယ်နော်။

“ငါ သေရအုံးမှာ.. အချိန်မရွေး ငါသေသွားနိုင်တယ်လို့လည်း ခဏခဏ ရွတ်ရွတ်ပေးပါ” လို့ နှလုံးသွင်းကြည့်ရင်… စာဖတ်သူ သေသေချာချာစိတ်နှစ်ပြီး နှလုံးသွင်းကြည့်လိုက်ပါ..။ဘယ်လိုခံစားရလဲလို့..။ ဒါဆိုရင် ရေးနေစရာတောင်မလိုတော့ပါဘူးနော်..။ အနည်းဆုံးဥပမာလေးကတော့ မာန်တွေ တော်တော်လျော့သွားစေတယ်..။

“ငါဘာတွေတွေးနေလဲ? ဘာတွေခံစားနေလဲ ? ခုစိတ်ထဲမှာ ဘယ်လိုတွေဖြစ်နေလဲ.. ဆိုတာမျိုး ကိုယ့်စိတ်ကို ကိုယ်အမြဲတမ်း သတိရတိုင်းရတိုင်း ပြန်ပြန်ကြည့်နေပေးပါ။ ပြန်ပြန်သိနေပေးပါ”
အဲဒီအတိုင်း ပြန်ပြန်ကြည့်တဲ့အခါ ကိုယ့်စိတ်အကြောင်း ကိုယ်သိလာတယ်။ ပိုသိလာတယ်။ ကိုယ်ကောင်းတာလည်းသိလာလိမ့်မယ်။ ကိုယ်မကောင်းတာလည်း သိလာလိမ့်မယ်။ ဆရာတော်ဦးဇောတိကစာအုပ်တွေ ဖတ်ပြီးလက်တွေ့လုပ်ကြည့်တဲ့သူတွေဆိုရင် အထူးသိပြီးသားတွေပါ။ ကိုယ့်စိတ်ထဲကခံစားမှုတွေကို စောင့်ကြည့်ပါများလာရင် မကောင်းတာတွေတွေးတာတွေ မကောင်းတာပြောတော့မှာတွေ မကောင်းတာလုပ်တော့မှာတွေကို ခွင့်မပြုတော့ဘူး။

အသေးစားဥပမာအနေနဲ့ ဒေါသအားကြီးလို့ ဒေါသကြီးလိုက်တာကိုတောင် အနည်းဆုံး ဒေါသဖြစ်နေတယ်လို့ ကိုယ့်ကိုကိုယ် ပြန်သိနေတယ်။ သိနေတော့ ဆိုးဆိုးဝါးဝါးတွေ မလုပ်ဖြစ်အောင် စိတ်ကပြောနေတယ်။ တုံ့ခနဲ့ ရပ်နိုင်တာ မရပ်နိုင်တာတော့ အလေ့အကျင့်ပေါ်မှာ မူတည်ပါတယ်။ နောက်ထပ်အကျိုးကျေးဇူးတွေက အများကြီးပဲ..။ အကျိုးများလွန်းလို့ လုပ်ကြည့်စေချင်တာရယ်ပါ။ အဓိကက အလေ့အကျင့်ရှိဖို့ အလေ့အကျင့်လုပ်ဖို့ရယ်ပါ..။

နံပါတ်(၅)က ကိုယ်တိုင်ဖြေရမှာမို့............

ကိုယ့်အတွေးတွေကို ပြောင်းလိုက်ရင် ကိုယ့်လောကလည်း ပြောင်းသွားပါတယ် (ဆရာတော်ဦးဇောတိက)။
ကိုယ့်နှလုံးရဲ့ နှလုံးသွင်းနည်းတွေကို ပြောင်းပစ်လိုက်ရင် ကိုယ့်ဘဝလည်း ပြောင်းသွားမယ်။
ဘယ်လိုအခက်အခဲ အကြီးအသေးတွေကြုံကြုံ ကိုယ်စိတ်ထားတတ်ရင် အိုခေနေတယ်ဆိုတာ သိလာလိမ့်မယ်။ အခက်အခဲက သေးနေပါစေ ကိုယ်စိတ်မထားတတ်ရင် စိတ်ဆင်းရဲနေတယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒါမို့လို့ အဲဒါတွေအပေါ်ထားတဲ့ မြင်တဲ့ ကိုယ့်အတွေးတွေ၊ ကိုယ်နှလုံးသွင်းတဲ့နည်းတွေက အရမ်းအရေးကြီးနေပါတယ်။

“Change Your Thoughts and
You Change Your World…
Change Your Life
by Changing Your heart…”
နှလုံးသားအာဟာရ
၁၂.၆.၂၀၁၃
၅း ၁၇ pm

Shared from နှလုံးသားအာဟာရ (FB)

Saturday, June 8, 2013

နှစ်သက်မိသော စာလေးတစ်ချို့

၁) သူများ ကိုယ့်ကို ပစ်တဲ့ အုတ်ခဲတွေနဲ့ပဲ ကိုယ့်အတွက် ခိုင်မာတဲ့ အုတ်မြစ်ကို ချထားပါတယ်။

၂) ကိုယ့်အမှား ကိုယ့်အားနည်းချက် ကိုယ့်ချို့ယွင်းချက်တွေကို သိတဲ့သူ နည်းပါတယ်။ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေကို သိတဲ့သူလည်း နည်းပါတယ်။

၃) လူတစ်ယောက်အကြောင်း ကောင်းကောင်းသိချင်ရင် သူဒုက္ခရောက်တုန်းမှာ ဘာလုပ်သလဲ ဆိုတာကိုကြည့်ပါ။

၎) လကွယ်မရှိရင် လပြည့်ညဟာ ပျော်စရာ သိပ်ကောင်းမှာ မဟုတ်ဘူး။

၅) မိတ်ဆွေကောင်းတစ်ယောက် တိုးလာတာဟာ ကိုယ့်လောကကြီး ကျယ်လာတာနဲ့တူတူပဲ။

၆) အောင်မြင်မှုဆိုတာကို အခက်အခဲတွေ ကြားထဲမှာ ၀ှက်ထားတယ်။

၇) မဖြစ်မနေလုပ်မယ်ဆိုတဲ့ ဆုံဖြတ်ချက်ဟာ အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်ဖြစ်တယ်။

၈) သဘောထားမှန်အောင် ထားနိုင်တာဟာ လွတ်လပ်မှုတစ်မျိုး။

၉) ဘ၀ဆိုတာ စွန့်စားခန်းပါ။ မစွန့်စားရင် ဘ၀မရှိဘူး။

၁၀) ဘာအခက်အခဲမှမရှိရင် သင့်မှာ အောင်မြင်ဖို့ အခွင့်အလမ်း ဘာမှမရှိဘူး။

၁၁) မှတ်ဥာဏ်ကောင်းရုံနဲ့ ပညာတတ်မဖြစ်ဘူး။ ဆက်စပ်ပြီး တွေးခေါ်စဉ်းစားတတ်မှ ပညာတတ်ဖြစ်မယ်။

၁၂) စိတ်ဓာတ်အင်အားကြီးမားတဲ့သူဟာ သူများကို အနိုင်မကျင့်ဘူး။

၁၃) တည်ငြိမ်အေးဆေးတဲ့ အမူအရာဟာ ဆွဲဆောင်နိုင်တဲ့ အင်အားရှိတယ်။

၁၄) အထင်ကြီးခံချင်လွန်းတဲ့သူဟာ မကြာခင်မှာ အထင်သေးခံရတတ်တယ်။

၁၅) အခက်အခဲဟာ ကိုယ့်အရည်အချင်းကို စိန်ခေါ်တဲ့အရာ ဖြစ်ပါတယ်။

၁၆) အပေါင်းအဖော်နဲ့ အချိန်များများ ဖြုန်းတဲ့သူဟာ လေးနက်တဲ့ ဘ၀ဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ်။

၁၇) ကိုယ်မြင်ရတဲ့ လောကကြီးဟာ ကိုယ့်စိတ်ရဲ့ ရောင်ပြန်ဟပ်မှုပါပဲ။

၁၈) စိတ်ဓာတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့ သတ္တိမရှိတဲ့သူဟာ သူတစ်ပါးကို အနိုင်ကျင့်တဲ့သူ ဖြစ်လာတယ်။

၁၉) ရှေ့ကို သုံးလှမ်းလှမ်းပြီး နောက်ကို နှစ်လှမ်းပြန်ဆုတ်တာဟာလည်း တိုးတက်မှုပါပဲ။

၂၀) ဒုက္ခဆိုတာ ကိုယ်သွားနေတဲ့လမ်းကို မီးမောင်းထိုးပြတာပါ။

၂၁) ဆုံးရှုံးမှုတွေကို လက်ခံနိုင်တာဟာ အောင်မြင်တဲ့ဘ၀ကို နေနိုင်ရေးမှာ အရေးပါတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။

၂၂) ဒီနေ့ကြုံနေရတဲ့ အခက်အခဲကို တစ်နေ့ကျရင် အားရပါးရ ပြန်ပြောလိမ့်မယ်။

၂၃) အနည်းဆုံး တစ်နေ့တစ်ခါလောက်တော့ အေးချမ်းတဲ့ စိတ်ကလေးနဲ့ နေနိုင်ဖို့လိုတယ်။ စိတ်ကိုအေးချမ်းစေမယ့်စာကို ဖတ်သင့်တယ်။ စိတ်ကြည်လင်အေးချမ်းမယ့်နေရာ တိတ်ဆိတ်အေးချမ်းတဲ့နေရာမှာ လမ်းလျှောက်သင့်တယ်။ ခဏလောက်ဖြစ်ဖြစ် တရားအားထုတ်သင့်တယ်။

ဟိုး...အရင်က စုဆောင်းထားတာလေးတွေကို ပြန်လည်မျှဝေပါတယ်။ 
အေးချမ်းသော လမင်း
ဇွန်လ ၈ ရက် ၂၀၁၃ ခုနစ် (စနေနေ့)

Monday, June 3, 2013

ဝိပဿနာ ဘာဝနာကုသိုလ်၏ အကျိုးကျေးဇူးကြီးမားပုံ

ဗုဒ္ဓရှင်တော်ဘုရားသည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌သီတင်းသုံးတော်မူနေစဉ်အခါ၌ ကျောင်းဒါယကာကြီး အနာထပိဏ် သူဌေးအား အလှူဒါနနှင့် ပတ်သက်၍ ဝေလာမသုတ်တရားတော်ကို မိန်.တော်မူသည်။

၁။ ဝေလာမသုတ်တရားတော် အကျဉ်းချုပ်ကား … ရှေးအခါက ဝေလာမအမည်ရှိ ပုဏ္ဏားသူဌေးကြီးသည် မဟာဒါနအလှူတော်ကို ပေးလှူ၏။ ယင်းအလှူ၌ ငွေဒင်္ဂါး အပြည့်ပါသော ရွှေခွက်ကြီး ရှစ်သောင်းလေးထောင်၊ ရွှေဒင်္ဂါး အပြည့်ပါသော ငွေခွက်ကြီးပေါင်း ရှစ်သောင်းလေးထောင် စသည်ဖြင့် ရှစ်သောင်းလေးထောင်ပေါင်း များစွာသော ရတနာ ခုနှစ်ပါး ဆင်မြင်းကျွဲနွား၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအစုံပေါင်း များစွာကို ပေးလှူသည်။ အလှူတော်ကြီးသည်ကား မြစ်ရေအလျင်ကြီး တရဟောစီးသကဲ့သို. အကြီးအကျယ်လှူခြင်း ဖြစ်ပေသည်။

၂။ သာသနာပအခါ၌ ဤမျှကြီးကျယ်သော ဝေလာမပုဏ္ဏား၏ မဟာအလှူတော်ကြီးသည် သာသနာတော်တွင်း၌ အယူသီလနှင့်ပြည့်စုံသော ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသလောက် အကျိုးမကြီးချေ။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင် တစ်ယောက်အား ထမင်းတစ်ထပ် ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၃။ ဗုဒ္ဓဘာသာဝင် လူဝတ်ကြောင်တစ်ရာကို ကျွေးမွေးပေးလှူရသည်ထက် သောတာပန်တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၎။ သောတာပန်တစ်ရာကို ပေးလှူရသည်ထက် သကဒါဂါမ် တစ်ယောက်အား ပေးလှူရသည်က အကျိုးပို၍ ကြီးမားသည်။

၅။ သကဒါဂါမ်တစ်ရာကို ပေးလှူးရသည်ထက် အနာဂါမ် တစ်ယောက်ကို ပေးလှူရသည်က ပို၍ အကျိုး ကြီးမားသည်။

၆။ အနာဂါမ်တစ်ရာကို ပေးလှူရသည်ထက် ရဟ န္တာတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၇။ ရဟ န္တာတစ်ရာကို ပေးလှူရသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၈။ ပစ္စေကဗုဒ္ဓါတစ်ရာကို ပေးလှူရသည်ထက် သဗ္ဗညုဘုရားတစ်ဆူကို ပေးလှူရသည်က ပို၍ အကျိုးကြီးမားသည်။

၉။ ဘုရားရှင်အားပေးလှူရသည်ထက် သံဃိကကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းရသည်က ပို၍ အကျိုးကြီးမားသည်။

၁၀။ ထို.ထက် မိမိကိုယ်တိုင် သရဏဂုံ ဆောက်တည်ခြင်းက ပို၍အကျိုးကြီး၏။

၁၁။ ထို.ထက် မိမိကိုယ်တိုင် ငါးပါးသီလစောင့်ထိန်းခြင်းက ပို၍ အကျိုးကြီးမား၏။

၁၂။ ထို.ထက် မေတ္တာဘာဝနာကို နံ.သာတစ်ခါရှူမျှ ပွားခြင်းက ပို၍ အကျိုးကြီး၏။

၁၃။ ထို.ထက် အနိစ္စဝိပဿနာ ဘာဝနာကို နို.တစ်ညှစ်မျှ ပွားခြင်းက ပို၍ အကျိုးကြီးမား၏။ …

ဟူ၍ ဟောကြားတော်မူပေသည်။ ယင်းတရားအားလုံးကို ခြုံ၍ သုံးသပ်လိုက်သောအခါ …

(၁)မှ(၉) အထိသည် … ဒါန ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၂)မှ(၁၁) အထိသည်… သီလ ကုသိုလ်တရားမျိုး ဖြစ်သည်၊

(၁၂)မှာ သမထဘာဝနာ ကုသိုလ်မျိုး ဖြစ်၍ (၁၃)မှာ ဝိပဿနာ ဘာဝနာ ကုသိုလ်မျိုးဖြစ်သည်။

သို.ဖြစ်၍ မြတ်စွာဘုရားသည် ဤဝေလာမသုတ်တော်ဖြင့် …. ဒါနကုသိုလ်ထက် သီလကုသိုလ်မျိုးက မြတ်သည်၊ သီလကုသိုလ်မျိုးထက် သမထဘာဝနာ ကုသိုလ်မျိုးက မြတ်သည်၊ သမထ ဘာဝနာကုသိုလ်မျိုးထက် ဝိပဿနာဘာဝနာ ကုသိုလ်မျိုးက မြတ်သည် ဟူ၍ ခွဲခြားသတ်မှတ်တော် မူကြောင်းကို သိရှိရပေသည်။ ဤသည်ကို သိရှိခြင်းဖြင့် ဝိပဿနာဘာဝနာသည် မည်မျှ အကျိုးကျေးဇူးကြီးမားသည်ကို နှိုင်းယှဉ် သိရှိနိုင်မည် ဖြစ်ပါသည်။

(ရတနာဝါသဘုရားကျောင်း)

ဒီနေရာမှ ကူးယူမျှဝေပါသည်။

လေးစားစွာဖြင့် .... မောင်မြင့်


http://satekuupuyar.blogspot.com/2013/05/blog-post_5043.html


Shared from www.forverfriends.ning.com

Wednesday, May 22, 2013

* ခေတ္တ ဆိုင်းငံ့ထားလိုက်ပါ *



ကောင်းစိတ် ဝင်လာချိန်တွင် ကောင်းကံများကို ပြုလုပ်နိုင်သည့် အခွင့်အရေး များ ရရှိသကဲ့သို့ ......

မကောင်းစိတ်ဝင်လာချိန်တွင် မကောင်းကံများကို ပြုလုပ်နိုင်သည့်အခွင့် အရေးများလည်း ရရှိနိုင်သေးသည်ကို သတိချပ်သင့်ပါသည် .....။

ကောင်းကံပြုလုပ်ရန် အခွင့်အရေးရရှိချိန်တွင် ကောင်းကံကို ချက်ချင်းပင် အကောင်အထည်ဖော်ဆောင်ရန် သင့်လျော်သော်လည်း မကောင်းကံပြုလုပ် ရန် အခွင့်အရေး ရရှိချိန်တွင်မူ မကောင်းကံကို ချက်ချင်း အကောင် အထည်ဖော်ဆောင်ရန် မသင့်လျော်ပါပေ .....။

၎င်းမကောင်းကံကို မပြုလုပ်မိစေရန် မိမိကိုယ်ကို မိမိ စည်းကမ်းချမှတ် ပြီး ပြင်းပြင်းထန်ထန် ပိတ်ပင်တားမြစ်ထားရမည်သာ ဖြစ်သည်။

မကောင်းကံများပြုလုပ်ရန် အခွင့်အရေးကြုံလာလျှင် ......

" အခုပြုလုပ်ဖို့ အချိန် မရသေးဘူး၊ နောက်ထပ် ငါးမိနစ်နေမှ ပြုလုပ်မယ်၊ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်နေမှ ပြုလုပ်မယ် "

စသည်ဖြင့် အချိန်ကို နောက်ဆုတ် ရွှေ့ ဆိုင်း ထားလိုက်လျှင် ပြုလုပ်ဖြစ် လိမ့်မည်လည်း မဟုတ်၊ အလိုလို တားမြစ်ပြီး လည်း ဖြစ်နေပါလိမ့်မည် .....။

"သူ့အသက်သတ်ဖြတ်ချင်စိတ် ပေါက်လာလျှင် အချိန်ကို ခေတ္တ (သို့မဟုတ်) အချိန်အကန့်အသတ်မရှိ နောက်သို့ ရွှေ့ဆိုင်းထားလိုက်ပါ .....။

သူ့ဥစ္စာခိုးယူချင်စိတ် ပေါက်လာလျှင် အချိန်ကို ရွှေ့ဆိုင်းထားလိုက်ပါ .....။

သတ်ဖို့၊ ခိုးဖို့ အချိန်မရသေးဘူး၊ မအားသေးဘူး"

စသည်ဖြင့် အလေ့အကျင့် များလာလျှင် မကောင်းကံများပြုလုပ်ရန် အခွင့် မသာနိုင်တော့ဘဲ ကောင်းကံ ဘက်သို့ သာ ဦးတည်လာနိုင်ပါသည် .....။

* မကောင်းမှုကို မထီမဲ့မြင် မပြုရာ *

မကောင်းမှုကို အနည်းငယ်ပင်ဖြစ်ပါစေ "ဘာမှမဖြစ်လောက်ပါဘူး" ဟုဆို ကာ မထီမဲ့မြင် မပြုလုပ်သင့်ပေ ....။

ရေအိုးထဲသို့ မိုးရေပေါက်များ ကျဖန်များလာသောအခါ ရေများပြည့်လာသကဲ့ သို့ ......

ထို့အတူ -

လူမိုက်သည် မကောင်းမှု အကုသိုလ်ကံများကို နည်းနည်း ချင်း ပြု ၍ ကြာ လာသော် ၎င်းအကုသိုလ်ကံများကလည်း ပြည့်လာ, များလာ ပါ လိမ့်မည်.....

အနည်းငယ်ပင် ပြုလုပ်သော်လည်း အကျိုးမပေးဟု မထင်မှတ် သင့်ပေ .....။

အကျိုးပေးနိုင်ပါသည် .....။

အကျိုးပေးသောအခါ သက်သာလိမ့်မည် မဟုတ်ပေ .....။

https://www.facebook.com/ashin.uttamasara

~~~ ဓမ္မ္မ္နမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်းနိုင်ကြပါစေ ~~~

Shared from နှလုံးသား၏ ဓမ္မသံစဉ် (FB)

Suspended Coffee (ဆိုင်းငံ့ထားသောကော်ဖီတစ်ခွက်)




ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်...

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်...

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်...

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့... သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်...

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်... နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် ... ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်... ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ...

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်...

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်...

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့...

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်...

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့....

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ...

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ...

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်...

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်...

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ...

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့... အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်...

ဒီ Post လေးကို Like လုပ်ပါ..Share ပါ... ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်...

[Steven Linn]
Shared from MyanmarTodayNews (FB)

ရှမ်းလူမျိုးနှင့်ကိန္နရာယဉ်ကျေးမှု








နောင်လာနောက်သား ရှမ်းလူငယ်များအနေဖြင့် ရှမ်းကိန္နရာ ကိန္နရီ တိုးနယား အစရှိတဲ့ ရှမ်းတို့၏ ယဉ်ကျေးမှုအမွေအနှစ်အကများဖြစ်ပေါ်လာပုံကို သိသူ ရှားပါးမည် ထင်သည့်အတွက်ကြောင့် စာအုပ်တစ်အုပ်မှ ထုတ်နုတ်၍ တင်ပြပေးလိုက်ရပါသည်။ (ebook အနေဖြင့် သိမ်းဆည်းလိုသူ ဖတ်လိုသူများ ဒီလင့်ခ်ကို သွား၍ဖတ်နိုင်ပါသည်။ http://shanyoma.org/Shan-State/101b103d101910391038101c10301019103a1033102d1038108f103d1004103710391000102d108f1077101b102c101a1025103910311000103a103810191088.pdf ) ရှမ်းလူမျိုးနှင့်ကိန္နရာယဉ်ကျေးမှု ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားလူမျိုးများ၏အရေးအပါဆုံး ယဉ် ကျေးမှုအကကို ညွှန်ပြပါဆိုလျှင် "ကိန္နရာအက"ကို ညွှန်ပြရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရှမ်း လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုတွင် အစဉ်အလာကြီးမားစွာ တည်ရှိခဲ့သော ကိန္နရာအကကို မဖော်ပြလျှင် ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုသည် ပြီးပြည့်စုံနိုင်လိမ့်မည် မဟုတ်ချေ။ ရှမ်းအမျိုးသားတို့၏ကိန္နရာ ကိန္နရီလက္ခဏာကို အောက်ပါအတိုင်း အကျဉ်းချုပ်မှတ်သား နိုင်ပေသည်။ 
၁။ ရွှေရောင်အဆင်းရှိပြီး အတီး အမှုတ် အက အခုန် ကျွမ်းကျင်သည်။ 
၂။ သိမ်မွေ့နူးညံ့သည့်အမူအရာရှိသည်။
၃။ ပန်းဝတ်မှုံ ၀တ်ဆံများကိုသာ စားသည်။ 
၎။ ပသာဒငါးပါးနှင့်ပြည့်စုံသည်။ 
၅။ ဘုရားပွင့်သည့်နေ့တွင် ၀မ်းသာရွှင်မြူးစွာ ကခုန်သည်။ အထက်ပါ အင်္ဂါလက္ခဏာငါးချက်မှာ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုများနှင့်သင့်တင့်ညီညွှတ် မှုရှိသည့်အပြင် ဘုရားဟောဇာတ်တော်များနှင့်လည်း ကိုက်ညီမှု ရှိပေသည်။ 

ကိန္နရာအက စခဲ့ပုံ

မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ၀ါတွင်းသုံးလပတ်လုံး မယ်တော်ဖြစ်ခဲ့ ဖူးသော သန္တုဿိတနတ်သားအား အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့သည်။ သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်မှ သင်္က ဿနဂိုရ်ပြည်သို့ဆင်းသက်တော်မူခဲ့သည်။ ထိုသို့ဆင်းသက်တော်မူရာ၌ လူ နတ် ဗြဟ္မာ ကိန္နရာ ကိန္နရီ တို့ပါမကျန် မြတ်စွာဘုရားရှင်အား လာရောက်ဦးညွှတ်ပူဇော်ကြသည်။ ထိုသို့ ဘုရားရှင်အား လာရောက်ပူဇော်ကန်တော့ကြသည့်သတ္တ၀ါအပေါင်းတို့တွင် လှပ ကျော့ရှင်း ဖော့ယမင်းကဲ့သို့ နွဲ့နှောင်းပျော့ပြောင်းသော ဟန်အမူအရာရှိသည့်ကိန္နရာ ကိန္နရီတို့လည်း ပါ ၀င်ကြ၏။ ကိန္နရာ ကိန္နရီတို့သည် မြင်းမိုရ်တောင်မှ ဆင်းသက်လာကြသည်ဟူ၏။ လူတစ်ပိုင်း ငှက်တစ်ပိုင်းပင်ဖြစ်သော်လည်း အခြားသောသတ္တ၀ါများထက် လှပနွဲ့နှောင်း စွာ ပူဇော်ကန်တော့ကြသည်ဆို၏။ ကိန္နရာ ကိန္နရီတို့သည် မြတ်စွာဘုရားရှင်အား ယဉ်ကျေးသိမ်မွေ့စွာ ပူဇော်ကန်တော့ပြီး ကခုန်မြူးတူးကာ မြင်းမိုရ်တောင်သို့ ပျံသွားကြတော့သည်။ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော် ပူဇော်ကန်တော့ကြသည့်ပရိသတ်များမှာ ကိန္န ရာတို့၏လှပဆန်းသစ်သော အမူအရာနှင့်ကကြိုးကကွက်များမှာ မျက်စိထဲမှ မထွက်နိုင်ကြသဖြင့် တသ သ လွမ်းတမြေ့မြေ့ ကျွမ်းမတတ် ခံစားကြရသည်ဟူ၏။ ထို့ကြောင့် ပန်တျာနှင့်ပတ်သက်၍ကျွမ်းကျင်သူတို့က မြင်တွေ့လိုက်ရသည့်ကိန္နရာကကြိုး ကကွက်များကို အတုယူပြီး လူဖြင့် အစားထိုး ကပြခဲ့ကြသည်။ ထိုအချိန်မှစ၍ "ကိန္နရာအက"စတင်ဖြစ်ပေါ်လာကြောင်း ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ သိရှိရပေသည်။ 

စကြ၀တေးမင်းလက်ထက် ကိန္နရာအက ရှမ်းလူမျိုးတို့၏ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ 'ကိန္နရာအက'ဖြစ်ပေါ်လာပုံတစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။ စကြ၀တေးမင်း စိုးစံစဉ်ကာလက ဘုန်းတန်ခိုးအာဏာထက်မြက်သည့်မင်းဖြစ်သည့်အား လျော်စွာ တစ်နှစ်လျှင် တစ်ကြိမ် လူ နတ် တိရစ္ဆာန်များ လာရောက်ပူဇော်ကန်တော့ကြရသည်။ လာရောက်ပူဇော်ကြသည့်သတ္တ၀ါအပေါင်းတို့တွင် ကိန္နရာ ကိန္နရီငှက်တို့သည် လှပရှုချင်စ ဖွယ်ရှိပြီး ယဉ်ကျေးသိမ်မွေ့သော ဟန်အမူအရာနှင့်ပြည့်စုံကြ၏။ နူးညံ့ပျော့ပျောင်း ဖရောင်းသဖွယ်ဖြစ် ၏။ အများနှင့်မတူ တစ်မူထူးခြားသည့်ကကြိုးကကွက်များဖြင့် သီဆိုမြူးတူး ကခုန်ပျော်ရွှင်လေ့ရှိကြ သည် ဆို၏။ ကိန္နရာတို့သည် နှစ်စဉ်နှစ်တိုင်း စကြ၀တေးမင်းအား လာရောက်ပူဇော်ကန်တော့လေ့ရှိရာ တွေ့မြင်ရသူတို့မှာ လွမ်းဆွတ်ကြည်နူး ရွှင်မြူးပီတိ ဖြစ်ကြရပြီး စွဲတသသဖြင့် ရှုမ၀အောင် ဖြစ်နေကြရ ၏။ စကြ၀တေးမင်း မရှိသည့်နောက် မင်းအဆက်ဆက် ပြောင်းလာခဲ့ကြရာ မင်းတို့၏စရိုက် မတူညီကြသဖြင့် ကိန္နရာ ကိန္နရီငှက်များလည်း လာရောက်ပူဇော်ကန်တော့ကြသည့်စဉ်အလာမှာ ပျောက်ကွယ်သွားတော့သည်။ မိဘဘိုးဘွားများက ကိန္နရာတို့အကအကြောင်း ထုံးဟောင်းသက်သေရှိခဲ့ပုံများကို သား စဉ်မြေးဆက် ပြောပြခဲ့ရာ ကိန္နရာတို့၏ဟန်ပန်အမူအရာဖြင့် ကကြိုးကကွက်များကို တွေ့မြင်လိုကြသည့် ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ ထို့ကြောင့် ဘုရင်မင်းမြတ်က တောကျွမ်းသည့်မုဆိုးကြီးအား ခေါ်ယူကာ ကိန္နရာငှက်ကို လက်ရဖမ်းယူခဲ့ရန် စေလွှတ်လိုက်သည်။ မုဆိုးကြီးက ဘုရင့်အမိန့်တော်အတိုင်း ထောင်ချောက်ဖြင့် ဖမ်းယူရာ ကိန္နရာငှက်ကို ရရှိခဲ့သည်။ ကိန္နရာငှက်သည် မုဆိုးလက်သို့ ရောက်ရှိခဲ့ရသော်လည်း ရက်စက်ကြမ်းကြုတ်သည့်လူ သားများနှင့်တွေ့ဆုံရန် ၀န်လေးနေရှာ၏။ ထို့ကြောင့်ပင် ကိန္နရာငှက်ကို စောင့်ရှောက်ရန် ရှမ်းဘာသာ ဖြင့် ကွန်းန်ခူင်(မြန်မာလို အစောင့်အရှောက်ဘီလူး)ခေါ် လူ့တိရစ္ဆာန်ကြီးတစ်ဦးက လိုက်ပါလာရ၏။ သုဝဏ္ဏသာမဇာတ်တွင် ကိန္နရာတို့သည် လူကို ကြောက်ရွံ့ထိတ်လန့်ကြောင်း ပါရှိသဖြင့် ရှမ်းလူမျိုးတို့၏အယူအဆနှင့်တူညီနေပုံကို သတိမူသင့်၏။ ကိန္နရာ၏အစောင့်အရှောက် ဘီလူးပါရှိလာ ပုံနှင့်ပန်းချီပန်းပုများတွင် ဘီလူးရုပ်နှင့်ယှဉ်တွဲပါရှိနေပုံများကို သတိမူသင့်၏။(ဤကား စကားချပ်) 

အစဉ်အလာအတိုင်း ကပြကြခြင်း ရှမ်းပြည်နယ် အချို့သောဒေသများတွင် အထက်ပါအယူအဆအတိုင်း ကိန္နရာတစ်ကောင် မုဆိုးတစ်ယောက်နှင့်ကွန်းန်ခူင်တစ်ကောင်တို့ ပါဝင်ကပြကြသည်ကို တွေ့ရ၏။ ကပြပုံမှာ မုဆိုးကြီးက လေးမြားညွှတ်ကွင်းများ ကိုင်ဆောင်၍ လှည့်လည်နေဟန်၊ ကိန္နရာ မှာ ကွင်းလယ်၌ ကပြနေဟန်၊ ထို့နောက် မုဆိုးကြီးက ထောင်ချောက်များကို ပြင်ဆင်ပြုလုပ်နေဟန်၊ ကိန္နရာကို လေးမြားဖြင့် ပစ်ခတ်နေဟန် စသည်ဖြင့် သရုပ်ဖော်ကပြကြသည်။ ကိန္နရာကို စောင့်ရှောက်ရန် လိုက်ပါလာသည့်ကွန်းန်ခူင်ကမူ ခက်ရင်းခွ သို့မဟုတ် လှံ တစ်ချောင်းကို ကိုင်ဆောင်ပြီး ကိန္နရာ၏အနီးတွင် ရှိနေရသည်။ ကွန်းန်ခူင်သည် လူများအကြား မရောက်ရှိဖူးသဖြင့် ထိတ်လန့်နေဟန်၊ ကိန္နရာအား လူတို့ ရန်မပြုနိုင်စေရေးအတွက် ချောက်လှန့်နေဟန် စသည်ဖြင့် ဟာသရသပေါ်လွင်စွာ လှုပ်ရှားပြသရသည်။ ပွဲကြည့်ပရိသတ်များမှာ အထူးနှစ်ခြိုက်ကြသည်။ ဘုရင့်အမိန့်တော်အရ မျက်စိသူငယ်၊ နားသူငယ်ဖြင့် လူပုံအလယ် ရောက်ရှိလာရသော ကိန္နရာအပေါ် ကရုဏာစိတ်များ ဖြစ်ပွားကြရသည်။ မုဆိုးကြီး၏ ကြမ်းကြုတ်ခက်ထန်မှု ဒေါသရောင်များ လွှမ်းမိုးနေသဖြင့် ရုဒ္ဒရသ ပေါ်လွင်ထင်ရှားစေသည်။ ကွန်းန်ခူင်အဖြစ် သရုပ်ဆောင်သူမှာ ကြောက်လန့်ဖွယ်ရှိသည့်မျက်နှာဖုံးတပ်ဆင်ထားကြ သည်။ အ၀တ်ကိုလည်း ရှမ်းစက္ကူများကို မွေးရှည်သဏ္ဌာန်ပြုလုပ်ပြီး ၀တ်ဆင်ထားသည်။ ကိန္နရာကသူ အမောအပန်းဖြေနေခိုက် မုဆိုးက ရိုးရာသီချင်းကိုလက်တန်းသီဆိုကြသည်။ ကပြသည့်အဖွဲ့ထဲမှာ ၀ါသနာပါသူများလည်း ၀င်ရောက်၍ ဆိုနိုင်သည်။ အိမ်ရှေ့၊ ခြံရှေ့ စသည်တို့၌ ကပြသည့်အခါ အိမ်ရှင်၊ ခြံရှင်များအား ကျေးဇူးတင်ကြောင်း၊ စည်းစိမ်ဥစ္စာ တိုးပွားစေကြောင်း စသည့်ဆုတောင်းသီချင်းမျိုးကို စပ်ဆိုလေ့ရှိကြသည်။ 

ကိန္နရာ ကိန္နရီဝတ်စုံ 

ရှမ်းကိန္နရာကမည့်သူ၏ဦးခေါင်းတွင် မကိုဋ်ပါသည့်ခေါင်းကို မျက်နှာစွပ်ထားရသည်။ တောင်ပံနှင့်အမြီးကို သုံးထပ်မှခုနစ်ထပ်အထိ ပြုလုပ်ကြသည်။ ခုနစ်ထပ်ရှိလျှင် သုံးထပ်မှာ အသေပြု လုပ်ထားကြသည်။ ကျန်လေးထပ်ကိုမူ အရှင်ပြုလုပ်ထားရသည်။ [ကိန္နရာအသေး(အငယ်)ဆိုလျှင် တောင်ပံနှင့်အမြီးနှစ်ထပ်သာ ရှိသည့်ဝတ်စုံကို အသုံးပြုကြသည်။] ကိန္နရာတောင်ပံကို လက်မောင်းရင်းနှင့်လက်ကောက်ဝတ်တွင် ကြိုးဖြင့်ချည်ထားကြသည် နောက်ထိန်းကြိုးနှစ်ချောင်းကို လည်ပင်းမှာသိုင်းပြီး ခါးပတ်၌ချည်ထားကြ၏။ တောင်ပံနှင့်အမြီးကို လှ လှပပလှုပ်ရှားစေရေးအတွက် နောက်ထိန်းကြိုးကို အသုံးပြုခြင်းဖြစ်သည်။ တောင်ပံအရောင်ကို ဖဲအ စိမ်းရောင်ဖြင့် အသုံးပြုကြသည်။ အချို့က ပိတ်ပါးအစိမ်းရောင်ဖြင့် ပြုလုပ်ကြသည်။ "မြကြောစိမ်းစိမ်း မြရည်လိမ်း"ဆိုသည့်နှယ် သဘာဝကျသော စီစဉ်မှုတစ်ရပ် ဖြစ်သည်။ အင်္ကျီကို ရင်စေ့ချုပ်ထားပြီး ရင်ပတ်၌ ရွှေပြားငွေပြား ကပ်ထားလေ့ရှိကြသည်။ နတ်ဝတ် တန်ဆာကဲ့သို့ ပြုလုပ်ထားကြသည်။ ရွှေချည်ထိုး ဘောင်းဘီခံပြီး ပုဆိုးတောင်ရှည်ကို ခါးတောင်းကျိုက် ၍လည်း ၀တ်ဆင်ကြ၏။ ကိန္နရီမ၏တောင်ပံကို နှစ်ထပ်မှသုံးထပ်အထိ ပြုလုပ်ကြသည်။ ပန်းန်ကူမ်ခေါ်မကိုဋ်မှာ ကိန္နရာနှင့်မတူဘဲ အမျိုးအစားကွဲပြားအောင် ပြုလုပ်လေ့ရှိကြသည်။ ရှေးက ရှမ်းကိန္နရာအက ရှေးက ရှမ်းကိန္နရာအကများမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသည်ဆို၏။ ကြိုးပေါင်း ၆၀ ကျော်တပ်ပြီး မျက်နှာဖုံးလှလှစွပ်ကာ ရှမ်းဘောင်းဘီနှင့်လက်ကြပ်အင်္ကျီအပေါ်တွင် လယ်ဂျာ၊ ခါးပုံ၊ ခါးစည်း၊ လက်စည်းများအပြင် အိုးစည်သံနှင့်လိုက်၍ ပျော့ပျောင်းသိမ်မွေ့ညက်ညောစွာ ကပြလေ့ရှိကြ သည်ဟုသိရသည်။ အမြီးအတောင်ကို ဖွင့်ချည်ပိတ်ချည်ပြုလုပ်၍ လက်ချောင်းကလေးများတွင် ကြိုးတပ်ပြီး လက်လှုပ်ဟန်ကိုလိုက်၍ အတောင်များ ကြွကြွရွရွဖြစ်စေခဲ့သည်ဆို၏။ အလွန်ပျော့ပျောင်းသောအမျိုး သားများသာ ကပြလေ့ရှိသည်။ ကိန္နရာတို့၏ရိုးရာသဘာဝအတိုင်း ဆင်ယင်ကပြခြင်းဖြစ်၍ လွန်စွာကြည့်ကောင်းသည်ဟု ဆို၏။ နောက်ပြန်ခါးကော့၍ အတောင်ချည်းသာ လှုပ်ရှားကပြသည့်ယဉ်ကျေးမှုအနုပညာရပ်များအား ယခုအခါ မမြင်တွေ့ရတော့သည်မှာ ၀မ်းနည်းဖွယ် ကောင်းလှ၏။ ဤကား ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်အဖြစ် တင်ပြရခြင်း ဖြစ်၏။ တစ်လကျော် ကပြရ ရှမ်းလူမျိုးတို့၏ကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ပူးတွဲကျင်းပလေ့ရှိကြ သည်။ ဘုရားသခင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ကြွချီတော်မူစဉ်က တိုးနယားလည်း ပါဝင်သည် ဆို၏။ ထို့ကြောင့် ရှမ်းကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ထည့်သွင်းကျင်းပကြသည်။ ရှမ်းပြည်နယ် ကိန္နရာအက(တိုးနယားအက)များ ကပြရာတွင် သီတင်းကျွတ်ပွဲတော်တွင် ကျင်းပပုံမှာ တစ်မူထူးခြားလှ၏။ သီတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီလ စောင့်ထိန်းကြ၏။ အလှူဒါနပြုလုပ်ကြ၏။ "တစ်မူးရလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား"ဆိုသည့်စကားပုံအတိုင်း အလှူရေစက် လက် နှင့်မကွာသောသူများ ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှစ၍ တစ်ညလျှင် ဘုန်းတော်ကြီးကျောင်းတစ် ကျောင်းကျစီ ပူဇော်ကန်တော့ပွဲ ပြုလုပ်လေ့ရှိသည်။ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား လုံးမှ သံဃာတော်အရှင်မြတ်တို့သည် ပူဇော်ကန်တော့ပွဲ ပြုလုပ်မည့်ကျောင်းသို့ ကြွရောက်လာကြရ သည်။ ပူဇော်ပွဲကျင်းပသည့်ရွာမှ တကာ တကာမများက လှူဖွယ်ဝတ္ထုပစ္စည်းမျိုးစုံတို့ဖြင့် သံဃာတော် များအား ပူဇော်လှူဒါန်း ဆက်ကပ်ကြသည်။ ထိုသို့အစဉ်အလာအတိုင်း ပြုလုပ်ကြပြီးမှ ရှမ်းကိန္နရာအက၊ တိုးနယားအကများကို အား ပါးတရ ကခုန်ဖျော်ဖြေကြသည်။ ယင်းသို့ တစ်ညလျှင် တစ်ကျောင်းကျ အထက်ပါအစီအစဉ်အတိုင်း ပူဇော်ကန်တော့ပွဲများ ကျင်းပရသဖြင့် ဒေသအတွင်း၌ ဘုန်းတော်ကြီးကျောင်း များလေလေ ရက်ကြာရှည်လေလေ ဖြစ်ကာ ဘုန်းတော်ကြီးကျောင်းများသော နယ်ဒေသများတွင်မူ ကိန္နရာအက၊ တိုးနယားအကများမှာ တစ်လ ကျော်သော်လည်း က၍မပြီးနိုင်၊ ပရိသတ်ကလည်း အီ၍ မငြီးနိုင် ဖြစ်ရသည်။ ဆုမွန်တောင်းပြီးမှ ကပြ အလှူအတန်းပွဲလမ်းသဘင်ရှိလျှင် အလှူရှင်အိမ်ရှင်များအား လာရောက်ကပြမည့်ကိန္နရာ အဖွဲ့က ကြိုတင်အကြောင်းကြားထားရသည်။ အလှူရှင်အိမ်ရှင်များကလည်း ပန်းပေါက်ပေါက်နှင့်ငှက် ပျောသီးများ ပါဝင်သည့်ကန်တော့ပွဲကို ပြင်ဆင်ပေးရသည်။ ထို့နောက် ကိန္နရာအဖွဲ့ခေါင်းဆောင်နှင့်အလှူရှင် အိမ်ရှင်တို့က အချီအချ ပြောဆိုကြရ သည်။ အချီအချ ပြောဆိုရာ၌ နဘေ ကာရံများဖြင့် အတိုင်အဖောက်ညီစွာ ပြောဆိုကြရသည်။ 

အိမ်ရှင်။ ။အဆွေတို့... ဘယ်အရပ်က လာကြပါသလဲ။ ဘာတွေများ ယူဆောင်လာခဲ့ကြပါသလဲ။ အဖွဲ့ခေါင်းဆောင်။ ။ကျွန်ုပ်တို့မြင်းမိုရ်တောင်ခြေရင်းက လာပါတယ်။ ကပြအသုံးတော်ခံရန်ကိန္န ရာလည်း ပါလာပါတယ်။ 
အိမ်ရှင်။ ။ကိန္နရာဆိုသည်မှာ ဘယ်လိုငှက်မျိုး ဖြစ်ပါသလဲ။ 
အဖွဲ့ခေါင်းဆောင်။ ။ကိန္နရာဆိုသည်မှာ ငှက်ကောင်းငှက်မြတ်မျိုး ဖြစ်ပါတယ်။ ကပြအသုံးတော် ခံလျှင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ရွှေငွေရတနာ စည်းစိမ်ဥစ္စာတွေလည်း တိုးပွားလာပါလိမ့်မယ်။ 
အိမ်ရှင်။ ။အလို... ဒီလိုဆိုရင် ကျွန်ုပ်တို့အိမ်ထဲ ၀င်ရောက်ကပြပါဦးလား။ အဆွေတို့အဖွဲ့အားလုံးကို ကန်တော့ပွဲဖြင့် ခရီးဦးကြိုဆိုပါတယ်။ ဤကဲ့သို့ အချီအချ ပြောဆိုပြီးနောက် အသင့်ပြင်ဆင်ထားသည့်ကန်တော့ပွဲကို အဖွဲ့ခေါင်း ဆောင်အား ပေးအပ်ရသည်။ အဖွဲ့ခေါင်းဆောင်က အိမ်ရှင်(အလှူရှင်)အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် ရွှေငွေ ရတနာများ ပေါပြည့်ဝရန်နှင့်စည်းစိမ်ဥစ္စာများ တိုးပွားစေရန်အတွက် ဆုမွန်ကောင်းတောင်းပေးရသည်။ ကိန္နရာအဖွဲ့စည်းကမ်း ကိန္နရာကမည့်သူသည် ကိန္နရာဝတ်စုံကို ပထမဦးဆုံး ကန်တော့ရသည်။ ကန်တော့ပြီးမှ ၀တ်စုံကို ၀တ်ဆင်ရသည်။ ကိန္နရာဝတ်စုံကို ၀တ်ပြီးလျှင် အိုးစည်ကို ကန်တော့ပြီးမှ ကပြရသည်။ ကပြရာ၌ အိမ်ရှင်များ၏ဆန္ဒအတိုင်း ကပြရသည်။ ရရှိသည့်ဆုငွေကို အဖွဲ့သားအားလုံး ပိုင်ဆိုင်ကြသည်။ ကိန္နရာဝတ်စုံကို အမျိုးသမီးများ မကျော်လွှားရချေ။ ၎င်းပြင် ၀တ်ကြည့်၊ စွပ်ကြည့် ခြင်းများလည်း မပြုလုပ်ရချေ။ 

အကနှစ်မျိုးနှင့်ကကြိုးကကွက် 

ရှမ်းကိန္နရာတွင်- ၁။ လိုင်းကကန်တော့(ကန်တော့ပန်းဆင်အက)နှင့် ၂။ လိုင်းကလော်င်အပုမ်(၀တ္ထုပုံပြင် သရုပ်ဖော်)အကဟူ၍ နှစ်မျိုးရှိသည်။ လိုင်းကကန်တော့(ကန်တော့ပန်းဆင်)အကကို ဘာသာရေးနှင့်ပတ်သက်သည့်ပွဲလမ်း သဘင်များ၌သာ ကပြရသည်။ ကိန္နရာတစ်ကောင်တည်း ကပြရပြီး မျက်နှာဖုံး တပ်ဆင်ရသည်။ ကပြ မည့်နေရာတွင်ရပ်၍ ကိန္နရာဝတ်စုံအလှကို ပြသရသည်။ တောင်ပံနှင့်အမြီးတို့ကို လှပစွာ ဖြန့်ပြရသည်။ ထို့နောက် ကွင်းတစ်ပတ် လျှောက်ပြရသည်။ စ၍လျှောက်သည့်နေရာသို့ ရောက်ရှိမှ ကိန္နရာအကကို ကပြရသည်။ လက်အုပ်နှစ်ဖက်ချီ၍ ဦးခေါင်းကို ဟိုသည်ငဲ့ကာ နွဲ့နွဲ့နှောင်းနှောင်း ဟန်အမူအရာဖြင့် ကန် တော့ပန်းဆင်ပြီးနောက် ကွင်းပတ်၍ ကပြရသည်။ ကပြရာ၌ ပျော်ရွှင်ဝမ်းမြောက် မြူးကြွသည့်ဟန်အမူ အရာဖြင့် ကပြရသည်။ ကွင်းတစ်ပတ်ကပြ၍ မူလနေရာသို့ ရောက်ရှိသောအခါ သိမ်မွေ့သောအမူအရာဖြင့် ကပြ ရင်း ရှေ့သို့တက်ရသည်။ ကွင်းလယ်သို့ ရောက်ရှိလျှင် ကိုယ်ကို နှိမ့်လိုက်၊ မြင့်လိုက်ပြုလုပ်ပြီး တဖြည်း ဖြည်း အောက်သို့ နှိမ့်ချဝပ်တွားဟန်ဖြင့် ရှေ့တည့်တည့်(ရဟန်းသံဃာတော် သို့မဟုတ် လူကြီးများစု ဝေးနေထိုင်ရာ)သို့ ကန်တော့ပန်းဆင် ကပြကြရပါသည်။ ထို့နောက် ကိုယ်ကို နှိမ့်ထားရာမှ တဖြည်းဖြည်းချင်းထပြီး သုံးကြိမ်ပြည့်အောင် ကန်တော့ ပန်းဆင်ရသည်။ ယင်းသို့ သုံးကြိမ်တိုင်တိုင် ကန်တော့ပန်းဆင်ပြီးလျှင် အိုးစည်တီးသံသို့လိုက်ပြီး ပျော် ရွှင်မြူးကြွ လှပစွာ ကခုန်ဖျော်ဖြေ တင်ဆက်ကြသည်။ ကိန္နရာ၏လှပနွဲ့နှောင်းသည့်ခန္ဓာကိုယ်နှင့်အတူ မြီးဖျားတောင်ပံတို့ကို ဖြန့်လိုက်၊ စုလိုက်၊ ခေါင်းကိုငဲ့လိုက်၊ စောင်းလိုက်ဖြင့် ကပြနေသည့်ကိန္နရာအကမှာ ပရိသတ်များ မှင်တက်မိအောင် အ သည်းသို့ထိမျှ စွဲငြိစေသော ရိုးရာအကပညာတစ်ရပ် ဖြစ်သည်။ လိုင်းကလော်င်အပုမ်(၀တ္ထုပုံပြင် သရုပ်ဖော်)အကကိုမူ များသောအားဖြင့် ဇာတ်စင်များ ပေါ်တွင် ကပြလေ့ရှိသည်။ ထိုအကကို ကပြရာ၌ ကိန္နရာ ကိန္နရီမောင်နှံစုံ ပါဝင်ကြသည်။ အမျိုးသား(ကိန္နရာ)က မျက်နှာဖုံးတပ်ဆင်ပြီး အမျိုးသမီး(ကိန္နရီ)မှာ မျက်နှာဖုံး မတပ်ကြပါ။ ရှေးဦးစွာ ကိန္နရာဖိုက ကွင်းတစ်ပတ်လျှောက်ပြီး ကပြရာနောက်သို့ ကိန္နရီမက နောက်မှ လိုက်ပြီး ကပြရသည်။ ကိန္နရာဖိုက ကိန္နရီမကို စိတ်မချသည့်ဟန်ဖြင့် ရပ်လိုက်၊ သွားလိုက်၊ ကိန္နရီမ၏ မျက်နှာကို တစ်ဝကြီး ကြည့်လိုက်ဖြင့် ကွင်းတစ်ပတ်ပြည့်အောင် လှည့်၍ကပြရသည်။ ကွင်းလယ်သို့ ရောက်ရှိမှ ၀တ္ထုဇာတ်လမ်းကို စ၍ကပြရသည်။ ကိန္နရာဖိုက ကောင်းကင်သို့ မြားသုံးကြိမ်ပစ်လွှတ်ဟန်၊ မြားကို လိုက်ဖမ်းဟန်၊ မြားမှန်သ ဖြင့် ထိခိုက်နာကျင်လဲကျဟန် စသည်ဖြင့် ပြုလုပ်ရသည်။ နာကျင်သည့်ဒဏ်ကြောင့် ကိုယ်လုံး၊ တောင် ပံနှင့်အမြီးတို့ကို တဖျပ်ဖျပ်ခတ်ကာ ယိမ်းယိုင်နေဟန် ပြုလုပ်ပြရသည်။ ကိန္နရီမက ကိန္နရာကို ပတ်ပြီး ၀မ်းနည်းငိုကျွေး ပူဆွေးသောက ဗျာပါဒမီးတောက်ကာ အပူလုံးကြွ၍ ယူကျုံးမရ ဖြစ်သည့်ဟန်ဖြင့် ကပြရသည်။ ထို့နောက် ကိန္နရီမက သစ္စာတိုင်တည်ပြီး နတ်သိကြားများထံ အကူအညီတောင်းရသည်။ သိကြားမင်းက လာရောက်၍ ကုသပေးသည့်အလား ကိန္နရီမက ဆင်းလိုက်၊ ပျံလိုက်၊ ရစ်ဝဲလိုက်ဖြင့် ကပြရသည်။ ကိန္နရာဖိုမှာ ဒဏ်ရာတဖြည်းဖြည်း သက်သာလာဟန်ဖြင့် လှုပ်ရှားပြီး ထလာကာ ကိန္နရာ ကိန္နရီမောင်နှံ တူစုံတွဲပြီး နွှဲပျော်နေကြဟန် ပြန်လည်ကပြရသည်။ ပရိသတ်များမှာ သေအတူ ရှင်မကွာ မခွဲမခွာ သစ္စာရှိကြသည့်ကိန္နရာ ကိန္နရီမောင်နှံကို ကြည့်ပြီး သဘောကျနှစ်ခြိုက်စွာ အားပေးကြသည်။ လက်ဆင့်ကမ်း ဆောင်ရွက်သင့် ဇာတက၀တ္ထုတော်၌ ပါရှိသည့်စန္ဒကိန္နရီဇာတ်ပုံနှင့်အလားတူသည့်ဤရှမ်းကိန္နရာအကမှာ လွန်စွာပင် ကြည့်ကောင်းလှ၏။ ရိုးရာစဉ်ဆက်မပျက် ကကြိုးကကွက်များ တီထွင်၍ ယနေ့တိုင်ရှင်သန် နေလျက်ရှိသော ပြည်ထောင်စုဖွားတိုင်းရင်းသား ရှမ်းလူမျိုးများ၏ယဉ်ကျေးမှု အနုပညာရပ်များအား ကျွန်ုပ်တို့ ပြည်ထောင်စုသားများက လက်ဆင့်ကမ်း ထိန်းသိမ်းထားနိုင်ကြမည်ဆိုလျှင် ပို၍တိုးတက် လာနိုင်၏။ အောင်မြင်လာနိုင်၏။ ဂုဏ်ယူစရာ၊ မြတ်နိုးစရာ၊ နှစ်ခြိုက်စရာအပြည့်ရှိသည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ တိမ်ကောပပျောက်ခြင်း မရှိရေးအတွက် တိုင်းရင်းသားအားလုံး၌ တာဝန်ရှိ၏။ ရှမ်းလူမျိုးတို့၏ကိန္နရာအက ကိန္နရာအယူအဆနှင့်ယဉ်ကျေးမှုအစဉ်အလာများမှ ကိန္နရာ နှင့်ပတ်သက်သည့်ဓလေ့ထုံးစံများအား သိမြင်ခံစားရသည်မှာ သမိုင်းအတွက် တန်ဖိုးရှိလှ၏။ ယဉ်ကျေး မှုအတွက် အထောက်အကူဖြစ်စေ၏။ မြန်မာလူမျိုးတို့အတွက် ဂုဏ်ယူစရာကောင်းသည့်ရိုးရာယဉ် ကျေးမှုအမွေအနှစ်များဖြစ်၏။ ယဉ်ကျေးသော၊ သိမ်မွေ့သော၊ ရိုးသားသော၊ အနုပညာရပ်ပေါင်းစုံပါဝင်သော ကိန္နရာအ လှ ကိန္နရာအကသည် ရှမ်းလူမျိုးတို့အတွက်သာမက မြန်မာတစ်မျိုးသားလုံးတို့အတွက် လက်ဆင့် ကမ်းဆောင်ရွက်ရမည့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ပင် ဖြစ်ပါတော့သည်။ 

မှတ်ချက်။ ။စိတြ ရေးသားသော "ကိန္နရာ ကိန္နရီ"စာအုပ် စာမျက်နှာ(၃၆ မှ ၄၄ ထိ)လာရှိသော ရှမ်း နှင့်စပ်ဆိုင်သော အခန်းကို ထုတ်နုတ်၍ပြန်လည်စာစီရိုက်ထားပါသည်။ 
photo credit: www.rootsemporium.co.uk
Shared from Shan Yoma (FB)