Tuesday, August 23, 2011

အစာတစ်ခု နှင့် အသက်တစ်ချောင်း


(က)
ဝါးမျိုအပ်သော အစားအစာတွင် ပါဝင်သည့် အဆီအနှစ်အစေးသည် အာဟာရဖြစ်ကြောင်း လေ့လာဖူး၏။ အစာတွင် အာဟာရ ပါဝင်သည်။ အာဟာရသည် သက်ရှိတို့အတွက် စွမ်းအင်ထုတ်ပေး၏။ စွမ်းအင်ဖြင့် သက်ရှိများ သွားလာလှုပ်ရှား ရှင်သန်ကြသည်။ ဘ၀ရှင်သန်ရေးအတွက် စွမ်းအင်ရဖို့ အစာရှာကြသည်။ သဘာဝက စီစဉ်ပေးသော ဘ၀အလိုက် နည်းမျိုးစုံဖြင့် အစာရှာကြသည်။ ရှာဖွေအပ်သော အစာသည် မွန်မြတ်ဖို့လို၏။ မမွန်မြတ်သော အစာသည် စားသုံးသူအတွက် အဆိပ်အတောက် ဖြစ်သကဲ့သို့ ပတ်ဝန်းကျင်ကိုလည်း အန္တရာယ်ပေးတတ်၏။ ထို့ကြောင့် ၀န်းကျင်လောကကို အန္တရာယ်မသင့်စေဘဲ သမ္မာအာဇီဝဖြင့် စင်ကြယ်စွာ အသက်ရှင်ကြရန် မြတ်စွာဘုရား ညွှန်ကြားတော်မူ၏။ မွန်မြတ်သော အစာကို သုံးဆောင်မှီဝဲ၍ အပြစ်ကင်းသော ဘ၀ကို မွေးမြူသင့်ကြသည်။ “အစာ” နှင့် “အသက်”အကြောင်း ထိုထိုဤဤ စဉ်းစားရင် ရုတ်တရက် တွေ့ကြုံလိုက်ရသည်။
(ခ)
ကြားလိုက်ရသော အသံကို နားလည်သလို ဘာသာပြန်လျှင် မလှပသော မြည်သံစွဲ အလင်္ကာတစ်ပုဒ် ဖြစ်လာပါလိမ့်မည်။ တောထနေသော မြက်ပင်များကြားမှ ထွက်ပေါ်လာသော ငိုချင်းတစ်ပုဒ် ဖြစ်ပေသည်။ ငိုချင်းသံရှည်ကို စာစကားဖြင့် အတိအကျ မဖော်ပြနိုင်သော်လည်း ထိုအသံ အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဟု ခံစား နားလည်လိုက်သည်။ ကူပါ ကယ်ပါ စောင်မပါဟု အသနား ခံနေခြင်းဖြစ်ကြောင်း သိရှိခံစားမိသည်။ အတွေ့အကြုံအရ အဖြေကို ကြိုသိထားပြီး ဖြစ်သော်လည်း ပိုမိုတိကျစေရန် အသံလာရာ မြက်တောထဲသို့ စေ့စေ့စပ်စပ် စူးစိုက်ကြည့်၍ စပ်စုလိုက်သည်။ “ကွိ… ကွိ” သို့မဟုတ် “ကျိ… ကျိ”ဟူသော တုန်ရီရီ ငိုကြွေးသံက အချက်ကျ မြည်တမ်းဟစ်ကြွေး နေဆဲပင် ဖြစ်သည်။ မြက်ပင်များကြားမှာ တွေ့လိုက်ရပါသည်။ အားပြိုင်မှုတစ်ခုပင်တည်း။ ကေသရာဇာ ခြင်္သေ့မင်းအလား ဆောင့်ကြွားကြွား ဟန်ပါပါ ထိုင်လေ့ရှိသော ကိုရွှေဖား။ အခုတော့ သနားစရာ ဖားသတ္တ၀ါ။ သူ၏ ကိုယ်နေဟန် ဂုဏ်ကျက်သရေကို အလေးမထားနိုင်တော့ဘဲ သူ့ဘ၀ ရပ်တည် ရှင်သန်နိုင်ရေးအတွက် အားသွန်လှုပ်ရှား ကြိုးစားရုန်းကန်ရင်း ခြေကားယား လက်ကားယား ကိုးရိုးကားရား ဖြစ်နေရှာသည်။ သူ့ဘ၀သည် အဆိုးဘက်သို့ အရှိန်ပြင်းစွာ ဦးတည်နေ၏။ သူသည် မကြာမီ အချိန်အတွင်းမှာ မြွေ၏ အစာအိမ်ဝမ်းမီးကို သူ့ဘ၀ ရေစင်ရေချမ်းဖြင့် သွန်းဖျန်းငြိမ်းသတ် ပေးရတော့မည်။ အာသာငန်းငန်း စွဲလမ်းတပ်မက်သော တဏှာဖြင့် ဖား၏ခြေတောက်ကို အစာအဖြစ် ဆွဲယူဖမ်းကိုက် ထားသည်ကား မြက်လျှောပေါက် တစ်ကောင်ပင်ဖြစ်သည်။ အဆိပ်မဲ့သော မြွေ။ လူတို့ဝန်းကျင်မှာ အန္တရာယ်မရှိသော မြွေ။ ရန်စသူကိုပင် တုံ့ပြန် ရန်မမူတတ်ရှာသော မြွေ။ အေးဆေးလှသော သတ္တ၀ါပင် ဖြစ်၏။ ဖားငယ်အတွက်ကား ရက်စက်ကြမ်းကြုတ်သော သေမင်းတမန် ဖြစ်နေလေပြီ။ စိမ်းစိုလှပသော မြက်ပင်များကြားမှာ ရုတ်တရက် တွေ့လိုက်ရသည်ကား အကျည်းတန်သော အနိဋ္ဌာရုံ မြင်ကွင်းတစ်ခု။ မြွေနှင့်ဖား။ ဖားနှင့်မြွေ။ သို့မဟုတ် အစာတစ်ခု နှင့် အသက်တစ်ချောင်းပင်တည်း။
(ဂ)
ကောင်းကျိုးဆိုးပြစ်ကား စေတနာလျှင် အရင်းခံတည်း။ စွမ်းအင်စိုက်ထုတ်၍ ဆောင်ရွက်အပ်သော အမှုသည် ရည်ရွယ်ရင်း စေတနာနှင့် လျော်သောအကျိုးကို ဖြစ်စေ၏။ တော်မှန် သင့်မြတ်သော ကာလဒေသ၌ ဖြူသောစေတနာ အရင်းခံဖြင့် ဆောင်ရွက်အပ်သည့် သေးငယ်သော အမှုသည်ပင် ကြီးကျယ်ကောင်းမြတ်သော အကျိုးကို ဖြစ်ထွန်းစေနိုင်၏။ ခုနေခါ အနီးအနားမှာရှိသော ခဲလေးတစ်လုံး၊ တုတ်တိုတစ်ချောင်းဖြင့် ပစ်ပေါက် ခြောက်လှန့်လိုက်လျှင် ဖားငယ်၏ အသက် လွတ်မြောက်ချမ်းသာ သွားနိုင်ပေသည်။ သူ့အသက်ကို ကယ်တင်ရမည်။ “အသက်တစ်ချောင်း မသေကောင်း”ဟု မြန်မာ့ယဉ်ကျေးမှုက သွန်သင်ထားသည်ပဲ။ “အတ္တသမံ ပေမံ နတ္ထိ”ဟု ဘုရားဟော ရှိသည်။ သတ္တ၀ါတို့သည် ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးတည်း။ ကိုယ့်ဘ၀ကိုယ် တွယ်တာသည်။ အမိဝမ်းထဲမှာ ဘ၀စခဲ့စဉ်ကပင် ဘ၀နိကန္တိကဘောဘ ကိုယ့်ဘ၀ကိုယ် ပြန်လည်တပ်မက်မှု အစပျိုးခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်သည့် ပျိုးပင်ကား ဝေဖြာသောအရွက် စည်ထွားသော အကိုင်းအခက်တို့ဖြင့် အစဉ် ကြီးထွား ရှင်သန်နေလေသည်။ သို့ဖြစ်၍ သူ့အသက်ကို ကယ်တင်ခြင်းသည် သူ့အတွက် တန်ဖိုးအရှိဆုံး သူ အမြတ်နိုးဆုံး လက်ဆောင်မွန်ကို ပေးလိုက်ခြင်းပင် ဖြစ်၏။ ဖားငယ်၏ အသက်ကို ကယ်တင်ရမည်။ အချိန်မီပါသေးသည်။
(ဃ)
သို့သော် ကောင်းဆိုး နီးဝေး၊ အလေး အပေါ့၊ အလျော့ အတင်းစသည့် ၀ိရောဓိများ ပါဝင်ဖွဲ့စည်းသော လောက၌ အစွန်းလွတ်အောင် ဆောင်ရွက်ရန် ခက်လှသည်။ ဖားငယ်၏ အသက်ကို အလွယ်တကူ ကယ်ဆယ်နိုင်သော အခြေအနေ၌ တစ်ဘက်မှာလည်း ဖား၏အသက် လွတ်မြောက် ချမ်းသာသွားသည်နှင့် မြွေ၏ အစာ ပျက်စီး ဆုံးရှုံးရတော့မည်။ “သူ့အစာ မဟန့်တားကောင်း”ဟု အမေ ဆုံးမဖူးသည်။ သူ့အစာကို ဟန့်တားမိလျှင် ကိုယ့်ဘ၀ သံသရာမှာ စားရမဲ့ သောက်ရမဲ့ ဖြစ်ရတတ်သည်။ ခွေးဖြစ်လျှင် ခွေးငတ်။ နွားဖြစ်လျှင် နွားပိန်။ လူဖြစ်လျှင် လူမွဲ။ စည်းစိမ်ပင် ချမ်းသာသော်လည်း မစားရက် မသောက်ရက်။ ရောဂါဆိုး တစ်မျိုးမျိုးကြောင့် မစားနိုင် မသောက်နိုင် . . .။ မြွေ၏ အစာကို ဟန့်တားလိုက်လျှင် ကြုံတွေ့ရနိုင်သော အငတ်ငတ် အပြတ်ပြတ် ဘ၀ကို တွေးကြောက် နေမိပြန်သည်။ ဆာလောင်မွတ်သိမ့်မှုသည် ဆိုးရွားပြင်းထန်လှသော အနားဆိုးတစ်မျိုး မဟုတ်ပေလော။ ဆာနာ ငတ်နာကား အခံခက်သော ရောဂါဆိုးတည်း။ ဖားငယ်၏ အသက်ကို ကယ်တင်လိုသော စေတနာနှင့် မြွေ၏ အစာကို မဆုံးရှုံးစေလိုသော စိတ်တို့က လက်ဖျစ်တစ်တွက် အချိန်အတွင်း၌ ကုဋေတစ်သိန်းမက အားပြိုင်ဖြစ်ချုပ် နေကြလေသည်။
(င)
အခိုက်အတန့်ေ၀၀ါးနေမိသည်။ ဇီဝိန်တစ်ခု ကြွေပျက်ရတော့မည်။ ထိုအသက်ကို ကယ်လိုက်လျှင်လည်း တစ်ဘက်၌ အစာကို ဖျက်ဆီးရာ ရောက်မည်။ အသက်သည်ပင် အစာ ဖြစ်နေ၏။ အသက်ဇီဝိန်သည် တန်ဖိုးရှိသကဲ့သို့ အစာအာဟာရသည်လည်း တန်ဖိုး မနည်းပေ။ “သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ။” အစာအာဟာရရှိမှ ဘ၀ ရပ်တည် ရှင်သန်နိုင်သည်။ သို့သော် စားဖွယ်သောက်ဖွယ်တို့သာ အာဟာရမည်သည် မဟုတ်ပေ။ ၀ါးမျို စားသောက်ဖွယ်ရာများနှင့် ကင်းကွာ၍ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ရှင်သန်နိုင်ကြသည်။ ပီတိစား၍ အားရှိကြသည်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နိုင်ကြသည်။ ထမင်းမေ့ ဟင်းမေ့ ပျော်မြူးနိုင်ကြသည်။ ဗြဟ္မာကြီးများ ပီတိဘက္ခကို သုံးဆောင်မှီဝဲကြသည်။ စင်စစ်အားဖြင့် အစာသည် အသက်လောက် အရေးမကြီးပေ။ အစာတစ်ခုခုကို မစားသုံးရလျှင် အခြားအစာ တစ်မျိုးမျိုးကို စား၍ အသက်ရှင်နိုင်သေးသည်။ ပိုမိုကောင်းမွန်သော အစာကိုပင် စားသုံးခွင့် ကြုံနိုင်သေးသည်။ အသက်မှာမူ သေပြီးလျှင် ပြန်ရှင်ရိုး မရှိ။ တစ်ဘ၀တာမှာ အသက်တစ်ခုသာ ရသည်။ တန်တော့…။ ဖားငယ်၏ အသက်ကို ကယ်တင်ရမည်။ အချိန်မီပါသေးသည်။
(စ)
“ဖုန်း…”
“ရှော…”
အလွယ်တွေ့ရသော ခဲတစ်လုံးနှင့် ပစ်ပေါက်၍ မြွေကို ခြောက်လှန့်လိုက်သည်။ မြွေသည် အသက်အန္တရာယ် စိုးရိမ်သွားသည်လား မသိနိုင်။ အစွမ်းကုန် ဖမ်းကိုက် ဆွဲမျိုထားအပ်သော သူ့အစာ ဖားငယ်ကို လွှတ်၍ ကိုယ်လွတ်ရုန်းသွားသည်။ အမြင့်ဆုံး အရှိန်ဖြင့် လိမ်ဖယ်လိမ်ဖယ် ထွက်ပြေးလေသည်။ သူ့အစာကို ဟန့်တားသည့်အတွက် ပြေးရင်းလွှားရင်း ကျိန်တွယ်ရေရွတ် သွားနိုင်သည်။ “လွတ်သွားတဲ့ဖားက ပိုကြီးတယ်”ဟု ထင်ကောင်းထင်မည်။ မတတ်နိုင်တော့ပါ။ သေဘေးမှ သီသီလေး လွတ်ခဲ့သော ဖားငယ်ကား နာကျင်ခံခက်သော ဝေဒနာဆိုးကို မချိမဆန့် ခံစားနေရရှာ၏။ လှိုက်ဖိုလှိုက်ဖိုနှင့် ပြူးကြောင်ကြောင် ငေးကြည့်နေရှာသည်။ အသက်ကယ်ခဲ့သည့် ကျေးဇူးရှင်ကို ကျေးဇူးစကားဖြင့် တုံ့ပြန် ဂုဏ်ပြုချင်ဟန်တူသည်။ သူဆိုလိုသော ကျေးဇူးစကားများ သူ့မျက်ဝန်းထဲမှာ ရွှန်းရွှန်းဝေနေသည်။ မှင်တက်မိ၍ ငြိမ်နေသော ဖားငယ်သည် ရုတ်တရက် အသက်ဝင်လာပြီး ခုန်ဆွခုန်ဆွ ထွက်ပြေးလေ၏။ ငြိမ်သက်နေခြင်းဖြင့် သူ့အတွက် အန္တရာယ် မကင်းနိုင်သေးဟု တွက်ဆမိလိမ့်မည်။ အသက်သခင် ကျေးဇူးရှင်ကိုပင် သူ့ရန်သူ၊ သူ့အတွက် အန္တရာယ်ကောင်ဟု အမှတ်မှားသွားလေမည်လား။ မည်သို့ဆိုစေ သူ ချမ်းသာသွားလေပြီ။ အေးချမ်း လုံခြုံရာမှာ မှေးစက်နားခိုဖို့ ဖားငယ် ထွက်ပြေးသွားပါပြီ။
(ဆ)
အသက်တစ်ချောင်း ချမ်းသာသွားလေပြီ။ မွန်မြတ်သော အလုပ်တစ်ခု ဆောင်ရွက်လိုက်နိုင်သောကြောင့် ပီတိဖြစ်ရသည်။ အသက်ကယ်ခြင်းထက် မွန်မြတ်သော အလုပ် မရှိတော့ပြီတည်း။ သူတစ်ထူး၏ ချမ်းသာကို ဖန်တီးပေးနိုင်သူသည် မြင့်မြတ်၏။ သူတစ်ထူးအတွက် ဆောင်ရွက်ပေးသော ချမ်းသာနှင့် ထိုချမ်းသာကို ဖန်တီးသူ၏ ဂုဏ်သိန်သည် တိုက်ရိုက်အချိုးကျ၏။ လောကစီးပွားကို ဆောင်ရွက်ပေးနိုင်လေ ဂုဏ်ကျက်သရေ ကြီးမြတ်လေတည်း။ သို့ဖြစ်၍ လောကချမ်းသာ လောကကောင်းကျိုး အားသွန်သည်ပိုး ထမ်းရွက်ကာ ဂုဏ်အသရေ တိုးမြင့်နိုင်ကြပါစေဟု ဆုချွေ နေမိတော့သည်။
ကျွတ်လွတ်ငြိမ်းချမ်းကြပါစေ။
ရှင်အာစာရ

Monday, August 15, 2011

ညကအိမ်မက်


 ညကအိမ်မက်တခုမြင်မက်ခဲ့  တယ်၊ ....
အသိညာဏ်...ကင်းမဲ့ တဲ့  ခွေးဆိုးကြီးတကောင်ကိုမြင်ခဲ့ ရတယ်။
လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ရာဂ၊ မိစ္ဆာဋ္ဌိထိ၊တွေနဲ့  အိပ်၊ စား၊ ကာမ.. တွေ နဲ့  ပျော်မြူးနေခဲ့ တယ်။
         တနေ့ မှာ..သားသတ်သမားတယောက်ဟာ...ဒီခွေးကြီးရှေ့  ကို...နီနီ ရဲ ရဲ.. အငြီနံ့ ပျင်းပျင်း  အဆီတ၀င်းဝင်း၊ နဲ့  အသားထစ်တတုံးကိုပစ်ချကျွေးခဲ့ 

တယ်။....ခွေးကြီးဟာ...သွားရည်တွေ.. တများများနဲ့ ပြေးဟတ်လိုက်တယ်၊...အသားထစ်ထဲမှာ.. (အပါယ်၎ပါးကိုကြစေမယ့်  ကိလေသာ)

အဆိတ်ခတ်ထားတာမသိရှာဘူး၊
ဒီအသားထစ်ကို.. အာသာငန်းငန်နဲ့  ..စားလိုက်၊ ၀ါးလိုက်၊ မျိုချလိုက်တော့ ...ရင်ထဲ မှာ ပျင်းထန်စွာပူလောင်ခဲ့ တယ်။...အူတွေ ပြတ်ထွက်မတတ်
 မချိမဆန့် ဝေဒနာကိုခံစားခဲ့ ရတယ်။...ဒီလို မချိမဆန့် ဝေဒနာတွေ အပေါ်မှာ..မလိုချင်မုန်းထားမှု (ဒေါသ)၊ ...ဝေဒနာမှအမြန်ဆုံး  သက်သာပျောက်ကင်းချင်တဲ့ 

(လောဘ)၊...အသိညာဏ်ကင်းမဲ့ တဲ့ ( မောဟ)တွေ ဖုံးလွမ်းပြီး သေပွဲဝင်ခဲ့ ရတယ်။...ဒီစိတ်နဲ့  ပဲ...အပါယ်၎ဘုံမှာကာလရှည်ကြာစွာကျင်လည်ခဲ့  ရ တယ်။
        အပါယ်၎ဘုံမှာ ကာလရှည်လျားစွာကျင်လည်နေရင်း... ကံကောင်ထောက်မလို့ လွတ်လာပြန်တော့.....
မျက်စိကန်းနေတဲ့  လူသားတယောက်ဖြစ်လာခဲ့ ရ ပြန်တယ်။
    လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ မိစ္ဆာ၊ ဋ္ဌိထိ၊ တွေ ကတော့ ရှိမြဲတိုင်းရှိလျှက်ပါပဲ..ဒီလိုနဲ့ ..အစားအသောက်တွေ ကျွေးမွေးနေတဲ့  နေ

ရာတခုကိုရောက်သွားပြန်တယ်။..
မွှေးကြိုသင်းပြန့် နေတဲ့  အစားရနံ့  တွေ ရတော့...သွားရည်တများများနဲ့  ခွေးကြီးဘ၀တုံးကလို..စားချင်စိတ်တွေ ဖြစ်ပေါ်လို့  လာပြန်တယ်။
စားပွဲ ၀ိုင်းမှာထိုင်ပြီးမိန်ရေယှက်ရေ..စားလိုက်တယ်။...ဟော. ထိပြန်ပြီ၊...  (၃၁ဘုံဘေးကြီးဆိုတဲ့ ) ကိလေသာ..အစာအဆိပ်သင့် ပြီးသေပွဲဝင်ခဲ့  ပြန်ပြီ။
၃၁ဘုံဆိုတဲ့  သံသရာမှာ.. ရှည်လျားစွာ..ကျင်လည်ခဲ့ ရပြန်ပြီ......လွတ်လာပြန်တော့။
              ဒီတခါလည်း.. မျက်စိမမြင်တဲ့  လူလာဖြစ်ရပြန်တယ်။......အရင်လိုပဲ.. လောဘ၊ ဒေါသ၊ မောဟ၊  မာန်၊ မာန..တဏှာ၊ ရာဂ၊ ဋ္ဌိထိ၊ တွေ အပြည့်  နဲ့ 

ပါပဲ...
      ဒီဘ၀မှာတော့ ကံကောင်းထောက်မပြီး....မိတ်ဆွေကောင်းတယောက်နဲ့  ဆုံဆည်းခွင့် ရလိုက်တယ်။
...အဲ ဒီမိတ်ဆွေ က မျက်စိကု ပါရဂူကြီး..တယောက်ဆီကို.. ပို့  ပေးခဲ့  တယ်၊...အဲ ဒီပါရဂူကြီးက..ဒီလူ ရဲ့  မျက်စိ၂ကွင်းအလင်းရအောင် (၀ိပဿနာ)

နည်းပညာနဲ့    ကုသပေးလိုက်တယ်။.... အကန်းကနေ.. အလင်းရခဲ့  ပါပြီ။...
                ဒီတခါလည်း ဧည့်  ခံပွဲတခုကိုရောက်သွားပြန်ပါတယ်။.....ဟောဟော... တွေ့  ပြန်ပါပြီ၊.. မြင်ရ ပါပြီ...အလွန်တရာမှ.. အရသာရှိမယ့် 

စားကောင်းသောက်ဖွယ်တွေ ...မွှေး ကြိုင်သင်းပြန့် တဲ့ စားချင်စဖွယ်ဆွဲ ဆောင်နေတဲ့  ကိလေသာ..ရနံ့ တွေ နဲ့ ..လက်ယပ်၊ ဖိတ်ခေါ်နေပါပြီ။
            ဒါပေမယ်လေ ..ဒါပေမယ့် .. ဒီတခါမှာတော့... မျက်စိအလင်းဆိုတဲ့ ( ၀ိပဿနာပညာ၊ညာဏ်) အလင်းရနေပြီမှို့ ....အစားအစာတွေထဲမှာ ...၃၁ဘုံ

ဘေးတွေ ကိုမြင်နေရပြီ။ ..ဒီလူဟာ...ထိုအစားအစာတွေ ကို...အာသာငန်းငန်းမဖြစ်တော့ ပါ.. သွားရည်တများများမကြတော့ ပါ. လက်ဖျားနဲ့ တောင်မထိ၊ မတို့ 

တော့ ပါ။..သိခဲ ပါ ပြီ.. ဒါကြောင့် လည်း....စားသောက်ခန်းမ ကနေလှည့်  ထွက်ခဲ့  ပါပြီ ။.. ကျောခိုင်းခဲ့  ပါပြီး...
    အော်.. လူတွေ၊လူတွေ... ပုတုစဉ်တွေ....
...၃၁ဘုံဘေးဆိုတဲ့ .. .အပါယ်၎ပါးနဲ့  မလွတ်ကင်းတဲ့ ...အစာအဆိပ်သင့်  စေမယ်... ဘေးတွေပါမှန်းမသိကြလေတော့ .. မိန်ရေယက်ရေ

စားသောက်နေလိုက်ကြတာ..ပျော်မြူးနေလိုက်ကြတာ....
ကြက်ခြင်းထဲ က ကြက်တွေ လိုပါပဲလား... ကြက်ခြင်းထဲ မှာပဲ ပျော်မြူးကြ....  အစာလုကြ၊  ကျင်းမြောင်းလှတဲ့  နေရာလေးကိုလုကြရင်းတကောင်နဲ့  တကောင်၊

ထိုးကြ၊ ဆိတ်ကြ၊ ခွတ်လိုက်ကြ.. မိတ်လိုက်ကြရင်း.... ကြက်သတ်သမားက.. နေ စဉ်၊နေ့ တိုင်း..နာရီ တိုင်း၊ မီနစ်တိုင်းမှာ.. တကောင်ပြီးတကောင်ခြင်းထဲ က ဆွဲ

ထုတ်ပြီးသတ်နေတာကိုမသိကြပါလား။
   လူတွေ ၊ ပုတုစဉ်တွေ လည်းဒီလို ပါပဲလား...
ကြက်ခြင်းဆိုတဲ့  ဒီကမ္ဘာကြီးထဲ မှာ.. တယောက်နဲ့  တယောက်.. နယ်မြေလုကြ၊ အာဏာလုကြ... စစ်ဖြစ်လိုက်ကြ၊.. ဂုဏ်တုဂုဏ်ပြိုင်တွေ..ကာမဂုဏ်အာရုံ၊

ကိလေသာတွေနဲ့ ပျော်မြူးကြ.. မော်ကြွားကြ..ရင်း... သေမင်းဆိုတဲ့  မရဏမင်းက.. နေ့  စဉ်နဲ့  အမျှ.. နာရီတိုင်းစက္ကန့်  တိုင်းမှာ..
တယောက်ပြီးတယောက် ရော... အစုလိုက်အပြုံလိုက်ပါ.. ခေါ်ထုတ်သတ်ဖြတ်နေတာမသိကြပါလား။
  သူတို့  ကို ပြောပြချင်လိုက်တာ..ကျွန်တော်ကိုယ်တိုင်က၊ ...ဒီ..၃၁ဘုံက....အပြီးအပိုင်လွတ်အောင်ရုန်းထွက်ရအုံးမှာ.... သူတို့  ကိုပြောအားမရှိလိုက်တာ...
ကျိုးစားရအုံးမယ်... ကျိုးစားနေလျှက်ပါပဲ.....၃၁ဘုံမှလွတ်ပြီဆိုတဲ့  နေ့  ကြရင်.... ကျွန်တော်လွတ်ခဲ့ သလို...သူတို့  ကိုလည်းနည်းမှန်လမ်းမှန်နဲ့   

အားထုတ်ကျိုးစားခဲ့  တဲ့နည်းကောင်းတွေ ကို ဝေငှရအုံးမယ်။

Posted by Koko Aung

Friday, August 12, 2011

စကားပရိယာယ် by အရှင်ကောဝိဒ (ယော)

မေး။ ။ နှစ်ပေါင်းငါးဆယ်တိုင် ရာဇ၀တ်သားများကို သတ်ဖြတ်ခဲ့ရသော တမ္ဗဒါဌိက သူသတ်ကြီးကို စိတ်တည်ငြိမ်စွာ တရားနာနိုင်စေရန် အတွက် အရှင်သာရိပုတ္တရာက “ ခိုးသူ တို့ကို သင့်ဆန္ဒနှင့်အညီ သတ်ခဲ့ခြင်းလော” ဟု မေးခဲ့ရာ တမ္ဗဒါဌိက က ဘုရင့်အမိန့်နှင့် သတ်ခဲ့ရခြင်းဖြစ်၍ သူ့မှာ အပြစ်မရှိဟု နှစ်လုံးပိုက်ပြီး စိတ်တည်ငြိမ်စွာ တရားနာနိုင်ခဲ့ကြောင်း မှတ်သားခဲ့ရပါသည်။
သမိုင်းတွင်လည်း ရာဇ၀တ်သားတစ်ယောက်က သာသနာပိုင်ဆရာတော်ထံတွင် ခိုလှုံနေစဉ် ရဲမက်တို့က ၀င်ရောက်ဖမ်းဆီးရာ ရာဇ၀တ်သားက သူသည် သာသနာပိုင် ဆရာတော်ကြီး၏ တူတော်စပ်ကြောင်း ပြောခဲ့၏။ ရဲမက်တို့က ထိုစကား မှန်မမှန် သာသနာပိုင်အား လျှောက်မေးကြရာ “ငါ့တူမဟုတ်ဘူးလို့ ဘယ်သူပြောသလဲ” ဟု ပြန်မေးခဲ့သဖြင့် ရာဇ၀တ်သားကို (ဆရာတော်၏ တူဟု ယူဆပြီး) အပြစ်ချမ်းသာပေးကြောင်း မှတ်သားရပါသည်။ (အပြည့်အစုံ မမှတ်မိတော့ပါ။)
အရှင်မြတ်တို့သည် မုသာဝါဒကံကို မကျူးလွန်ကြသော်လည်း နာကြားရသူတို့က အမှားကို အမှန်ဟု ထင်ခဲ့ကြသည်ဟု သုံးသပ်မိပါသည်။ သို့ပါ၍ အရှင်မြတ်တို့၏ ရည်ရွယ်ချက်စေတနာကို သံသယကင်းစွာ ကြည်ညိုနိုင်ရန် အကြောင်းအကျိုး ရှင်းလင်းပေးကြပါရန် မေးခွန်းတင်အပ်ပါသည်။
ဦးချမ်းမင်း
ဖြေ။ ။မေးသင့်သော မေးခွန်းဖြစ်ပါသည်။ ရှေးဦးစွာ မုသာဝါဒ၏ သဘော၊ မုသာဝါဒမြောက်ကြောင်း အင်္ဂါတို့ကို ဖော်ပြပါမည်။ မုသာဝါဒ-ဟူသည်ကား စီးပွားချမ်းသာကို ပျက်စေတတ်သော ကာယပယောဂ ၀စီပယောဂသည် မုသာဝါဒ မည်၏။ ချွတ်ယွင်းစေလိုသောအားဖြင့် သူတစ်ပါးကို ချွတ်ယွင်းစေတတ်သော ကာယပယောဂ ၀စီပယောဂကို ဖြစ်စေတတ်သော စေတနာသည် မုသာဝါဒ မည်၏။
တနည်းကား= မဟုတ်မမှန်သော ၀တ္ထုသည် မုသာ မည်၏။ ထိုမဟုတ်မမှန်သည်ကို ဟုတ်မှန်သော အားဖြင့် သိစေသည်ကား မုသာဝါဒ မည်၏။ အနက်အားဖြင့်ကား မဟုတ်မမှန်သော ၀တ္ထုကို ဟုတ်မှန်သောအားဖြင့် သိစေတတ်သော ၀ိညတ်ကို ဖြစ်စေတတ်သော စေတနာသည် မုသာဝါဒ မည်၏။
ထိုမုသာဝါဒသည် --
၁။ အတထံ ၀တ္ထု= ချွတ်ယွင်းသော ၀တ္ထုရှိခြင်း၊
၂။ ၀ိသံဝါဒနစိတ္တံ = ချွတ်ယွင်းစေလိုသော စိတ်ရှိခြင်း၊
၃။ တဇ္ဇော ၀ါယာမော = ထိုနှင့်လျော်သော လုံ့လရှိခြင်း၊
၎။ ပရဿ တဒတ္ထ၀ိဇာနနာ= ထိုသိုဆိုတိုင်းကို သူတပါးတို့ သိခြင်း- ဟု အင်္ဂါလေးပါးစုံသော် ကမ္မပထမြောက်၏။
မေးခွန်းပါဖြစ်ရပ်များနှင့် အထက်ပါအင်္ဂါလေးချက်ကို တိုက်ဆိုင်ကြည့်လျှင် မုသာဝါဒမြောက်၏-ဟု ဆိုရမည်ကဲ့သို့ ဖြစ်၏။ သို့ရာတွင် ကမ္မပထမြောက်ကာ အပြစ်ရောက်ပါသလော - ဟူမူ မရောက်ဟု ဖြေအပ်၏။
ဤတွင် ဘာသာဋီကာဆရာတော်၏ မှတ်ချက်ကို ဖော်ပြလိုက်လျှင် ရှင်းလင်းသွားပါလိမ့်မည်။
ကမ္မပထမြောက် မမြောက်။ ။ အင်္ဂါလေးပါးတွင် တဒတ္ထဇာနန-ဟူသည် လိမ်သည့်အတိုင်း ယုံကြည်ခြင်းတည်း။ ထို့ကြောင့် လိမ်သော်လည်း သူတစ်ပါးက မယုံလျှင် ကမ္မပထမမြောက်။ ယုံလည်းယုံ၊ ယုံ၍ တစ်စုံတစ်ခု ကိစ္စအတွက် အကျိုးစီးပွားလည်း ပျက်မှ ကမ္မပထမြောက်သည်၊ မင်းလည်း စိတ်ချမ်းသာအောင် လူတစ်ဖက်သားလည်း ရာဇ၀တ်မှုလွတ်အောင် လိမ်၍ပြောဆိုရာ၊ မိမိပစ္စည်းကို တောင်းလာရာ၌ ရှိပါလျက် မရှိဟု ပြောဆိုရာ၊ သံသုမာရဇာတ်၌ အလောင်းတော်မျောက်၏ မိကျောင်းအား လှည့်ပတ်ရာတို့၌ မုသာဝါဒဖြစ်သော်လည်း သူတစ်ပါး အကျိုးမပျက်သောကြောင့် ကမ္မပထမမြောက်။ (သင်္ဂြိုဟ်-ဘာဋီ-၃၇၈)
နောက်တစ်ခု သတိပြုရန် ရှိသည်မှာ မုသာဝါဒဟူသည် ၀စီဒုစရိုက် ဖြစ်၏။ ဒုစရိုက်မှုမှန်လျှင်လည်း အကုသိုလ်လျှင် အကြောင်းရင်းရှိ၏။ ထို့ကြောင့် သင်္ဂီတိသုတ် အဋ္ဌကထာတွင် = “မုသာဝါဒေါ ဒေါသမောဟ၀သေန ၀ါ လောဘမောဟ၀သေန ၀ါ တထာ ပိသုဏ၀ါစာ သမ္ဖပ္ပလာပေါ စ။= မုသာဝါဒသည် ဒေါသမောဟတို့၏ အစွမ်းကြောင့်လည်းကောင်း၊ လောဘမောဟတို့၏ အစွမ်းကြောင့်လည်းကောင်း ဖြစ်၏။” ဟု ဆိုထားပါသည်။ သို့ရကား လောဘဒေါသမောဟ-ဟူသော အကုသိုလ်တရားများလျှင် အကြောင်းရင်း မရှိသော အပြုအမူ အပြောအဆိုများ မုသားအသွင် ရောက်နေစေကာမူ မုသာဝါဒမဖြစ်ဟု မှတ်သင့်ပါသည်။
သမန္တစက္ခုဒီပနီကျမ်း ၁၆၁-ပုစ္ဆာ+၀ိသဇ္ဇနာတွင် --မိဘတို့သည် သားငယ် သမီးငယ်တို့အား မသွားစေလို မလာစေလိုသော စိတ်ဖြင့် ဤအရပ်၌ ဆင်ရှိသည်၊ ကျားရှိသည် စသည်တို့ဖြင့် မသွားမလာလေအောင် ပြောဆိုသော အရာ၌ မုသာဝါဒ လွတ်မလွတ်ကို မေးရာ၌-
ယုံကြည်စေလိုသောစိတ်ရှိသည်၊ ထိုစိတ်ဖြင့်ဆိုသည်၊ ကြားသူ သားမြေး တို့ကလည်း ယုံကြည်သည်၊ ကျားဆင် မရှိသည်၊ ဤသို့စသည်တို့ဖြင့် အင်္ဂါအများ ညီညွတ်သောကြောင့် ၀ိနည်းသုတ္တန်တို့တွင် လာသောနည်းတို့ဖြင့်သာ အ၀ီမံသနာကာရဖြင့် (မစူးစမ်း မဆင်ခြင်ဘဲ) ယူချေသော် မုသာဝါဒ ဖြစ်ရာပင်ရောက်၏ဟု ဆိုကောင်းပချေ၏။ သို့သော်လည်း စုံစမ်းဆင်ခြင်ရန် အများပင် ရှိချေသည်။ ၀ိနည်း အဋ္ဌကထာတွင် “အကုသလစိတ္တံ တိဝေဒနံ” ဟု လာသည်။ မုသာဝါဒဟူသည်ကား အကုသိုလ်စိတ်ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
မိဘတို့သည်ကား သားငယ်မြေးငယ်တို့ကို အဝေအနီး မရွေးမချယ် သွားလာလေသည်ရှိသော် တစ်စုံတစ်ခုသော ဘေးရန် ထိခိုက်ရာ၏ဟု ထိုဒုက္ခမှ ကင်းစေလို၍ ဆိုသည်။ ဒုက္ခဖြစ်ချေတော့မည် ပြောဆိုသော်လည်း မလိမ္မာသောကြောင့် မရှောင်ရှားရာ။ ကြောက်လန့်ဖွယ်ကို ပြော၍ ခြိမ်းခြောက်မှ ကြောက်လန့်၍ မသွားမလာ နေရာသည်။ မသွားမလာ နေမှလည်း ဘေးရန် ကင်းရာသည်ဟု ကရုဏာပြဋ္ဌာန်းသော မဟာကုသိုလ်စိတ်ဖြင့် ဆိုသော စကားဖြစ်၍ မုသာဝါဒ မဖြစ်၊ အပြစ်မရှိ၊ မိဘတို့ကသာ ဆိုသင့်သည် မဟုတ်၊ ဤကဲ့သို့ အကျိုးကို မျှော်ထောက်၍ ဆရာသမား ဦးကြီးနောင်မယ် မိတ်ဆွေခင်ပွန်းတို့ ပြောဆိုသမျှလည်း မုသာဝါဒ မဖြစ်ဟူ၍သာ မှတ်သင့်သည်။
မဟာသုတဇာတ်၌ ညောင်စောင့်နတ်သည် ရဟန်း အယောင်ဆောင် ပေါရိသာဒကို ပြသောကာလ သုတသောမမင်းပါမှ ငါပူဇော်ခံရမည်ဆိုသည်။ အရှင်သာရိပုတ္တရာသည် တမ္ဗဒါဌိကအား တရားကို တည်တံ့စွာ မနာနိုင်သည်ကိုမြင်၍ သင်လူကို သတ်ရသည်ကား သင့် အလိုအလျောက်လောဟု မေးရာ၌ မင်းကခိုင်း၍ သတ်ရပါသည်ဆိုလျှင် သင့်အလိုအလျောက်မဟုတ်၊ မင်းကခိုင်းသည်ရှိသည်သော် သင့်မှာအပြစ်မရှိဟု မိန့်တော်မူမှ တရားကိုနာနိုင်သည် ဟူ၏။ နန္ဒမထေရ်အား ဤမန္တန်ကိုရအောင် ကျက်လော့ နတ်သမီးကို ရလိမ့်မည်ဟု မိန့်တော်မူသည်။ ပိလန္ဒ၀စ္ဆ ထေရ်အား မဟာဂန္ဓာရီ မန္တန်ကို တတ်လိုသော် ရဟန်းပြုလော့ဟု မိန့်တော်မူသည်။ ၀င်္ဂီသထေရ်အား ရဟန္တာ၏ လားရာကိုသိသော မန္တန်ကို တတ်လိုသော် ရဟန်းပြုလော့ဟု မိန့်တော်မူသည်။ ဤသို့သောအရာတို့၌ အကုသိုလ် စိတ် မဟုတ်သောကြောင့် မုသားမဖြစ်။ - (စာ-၆၁၄)
အထက်ပါ ဆရာမြတ်တို့၏ အဆုံးအဖြတ်ကောက်နှုတ်ချက်တို့ဖြင့် မေးခွန်းရှင်၏ သံသယများ ကင်းစင်လောက်ပြီးဟုယူဆပါသည်။
အချို့က စာရေးဆရာတို့ မရှိသောဇာတ်ကောင်ကို အရှိလုပ်၍ ရေးသဖြင့် မုသာဝါဒဖြစ်၏-ယူဆကြ၏။ သူတစ်ပါးအကျိုးစီးပွား ပျက်ယွင်းစေလိုသော စေတနာဖြင့် ရေးသားခြင်းမဟုတ်သောကြောင့် အပြစ်မဖြစ်ရာပါ။ အသိပညာ ပေးဝေလိုသော မကောင်းမှုရှောင် ကောင်းမှုဆောင်စေလိုသော စိတ်ကောင်းစေတနာဖြင့် ရေးသားခြင်း ဖြစ်သောကြောင့် ဓမ္မဒါနကုသိုလ်ပင် ဖြစ်နိုင်ပါသည်။ အလွန်ဆုံး အကျိုးမရှိသော အကြောင်းအရာများချည်း ဖြစ်နေခဲ့သော် သမ္ဖပ္ပလာပ၀ါစာသာ ဖြစ်နိုင်ရာ၏။
အချို့သောဆရာများကလည်း ဇာတကလာ ဘ၀ဖြစ်စဉ်အချို့တွင် ဘုရားလောင်း၏ အပြုအမူ အပြောအဆိုအချို့နှင့် ပတ်သက်၍ မုသာဝါဒမြောက်ကြောင်း ပြောဆိုရေးသားကြ၏။ မုသာဝါဒမြောက်ကြောင်း အင်္ဂါလေးပါးအရ ပြောသည့်အတိုင်း မဟုတ်မမှန်သဖြင့် မုသာဝါဒ မည်နိုင်သော်လည်း -“ ဘုရားလောင်းအား အချို့သော (ဘ၀)ဌာနတို့၌ ပါဏာတိပါတ သည်လည်းကောင်း၊ အဒိန္နာဒါနသည် လည်းကောင်း၊ ကာမေသုမိစ္ဆာစာရသည်လည်းကောင်း၊ သုရာမေရယမဇ္ဇပါနသည်လည်းကောင်း ဖြစ်သည်သာ။ သူတစ်ပါး အကျိုး စီးပွား ပျက်စေနိုင်လောက်သော ချွတ်ယွင်းမှုကို ရှေ့သွားပြု၍ မုသားပြောဆိုခြင်းမည်သည်ကား မရှိ။” (ဇာ၊ဋ္ဌ၊၃၊ ၄၇၅) ဟူသော အဋ္ဌကထာမှတ်ချက်အရ အတ္ထဘေဒက-ဟု ဆိုအပ်သော သူတစ်ပါးအကျိုးစီးပွား ပျက်စီးရာ ပျက်စီးကြောင်း မုသားစကားကိုကား မည်သည့်အခါ (မည်သည့်ဘ၀) ကမျှ မပြောခဲ့ဟု မှတ်ယူသင့်ပါသည်။
ထို့ကြောင့် မိမိတို့လည်း “ရာဟုလာ ဤဥပမာအတူသာလျှင် မုသား (သိလျက် ချွတ်ယွင်းသော) စကားကို ပြောဆိုရာ၌ အရှက်မရှိသော မည်သည့်ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကုသိုလ် မကောင်းမှုသည်လည်း တစ်စုံတစ်ခုမျှ မရှိပြီ ဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ `ရယ်ရွှင် မြူးထူးလို၍မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့” ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။” (မဇ္ဈိပဏ္ဏာသပါဠိတော်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်)
“အကုသိုလ်တရားတို့တွင် မုသာဝါဒသည် ကြီးလေးသကဲ့သို့၊ ဤအတူ ကုသိုလ်တရားတို့တွင် သစ္စ၀ါစာသည် ကြီးလေး၏။” (သီ၊ဋီ၊သစ်၊ ၁။၂၂၂။)
“သစ္စာတရား တစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်းမရှိသောသူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။” (ဓမ္မပဒဂါထာ၊ ၁၇၆) ဟူသော ဒေသနာ တို့ကို ကြည်ညိုလေးစားသော စိတ်ထားဖြင့် အတ္ထဘေဒကအဆင့်မရောက်အောင် စကားပြောဆိုရာတွင် သတိထားကာ ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။
အရှင်ကောဝိဒ (ယော)

အသိပေးစကား (၁)

မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေဟာ အသိပေးစကားတွေပါ ၊
အသိဥာဏ်ခွန်အားတိုးပြီး အခက်အခဲကို ကျော်လွှားနိုင်စေတယ် ၊ အရှုပ်တွေကို ရှင်းစေတယ် ၊
အသုံးအနှုန်းကွာဟမှုကြောင့် လူ့ဘောင်အသိုင်းအ၀ိုင်းထဲကို အရာက်နည်းနေပါသေးတယ်။  မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို မိမိရဲ့
ခံယူထားမိသလောက် အတိုင်းအတာကို စကားလုံးပုံသဏ္ဍာန်ပြောင်းပြီး ရေးချလိုက်မိပါတယ် ။ အသိပေးစကားကြောင့် အသိဥာဏ်အားတွေ တိုးတက် ဖွံ့ဖြိုးနိုင်ပါစေ ။ ။
(ဓမ္မဒူတအရှင်ဆေကိန္ဒ ၊ ဓမ္မဒူတတောရ ၊ တောင်စွန်း)

(၁) စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့ လဲလိုက်ပါ ၊
ရှုပ်နေရင် ရှင်းတဲ့စိတ် ၊ ပူနေရင် အေးတဲ့စိတ် ၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်းလဲလိုက်ပါ ။

(၂) ကောင်းတာကို လုပ်ဖို့လွယ်ရင် ကောင်းတဲ့လူ ၊
မကောင်းတာကို လုပ်ဖို့လွယ်တယ်ဆိုရင် ... ? ။

(၃) သူများ ပေးစာ ကျွေးစား တစ်ထောင်ဖိုးစားရတာထက်
ကိုယ့်လုပ်စာတစ်ကျပ်ဖိုးက ပိုပြီးမြိန်တယ် ။

(၄) လေးစားထိုက်သူရဲ့စကားကိုမှ နားထောင်ကြတာ ။ ကိုယ့်စကား
နားထောင်စေချင်ရင် လေးစား ထိုက်အောင် နေပေါ့ ။

(၅) ၀မ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ ။ ၀မ်းနည်းစရာတွေလည်း
ဆုံခဲ့ဖူးပါပြီ ။ ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး ၊ အသိဥာဏ်တိုးပြီး လူဖြစ်ရကျိုးနပ်တယ်ဆိုလို့
တော်သေးတာပေါ့ ။

(၆) " ငါအတော်ဆုံး " လို့ ထင်နေရင် " အဖျင်းဆုံး " အဆင့်ကို ရောက်သွားပြီ ။

(၇) တခြားပစ္စည်းတွေကို ရောင်းလိုက်ရရင် အရှုံးမဟုတ်ရင် အမြတ် ရသေးတယ်
၊ စိတ်ချမ်းသာမှုကို ရောင်းစားရင် အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ် ။
စိတ်ချမ်းသာမှုကိုဘာနဲ့မျှ ရောင်းမစားပါနဲ့ ။

(၈) ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး ၊ လုပ်ငန်းမစရသေးတာပဲ ရှိတယ် ။

(၉) စေတနာကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ၀မ်းသာတယ်ဆိုရင်
သူ စားနိုင်သလောက်စားတာကိုလည်း ကျေနပ်နိုင်ပါစေ ။

(၁၀) " မမှားသော ရှေ့နေ မသေသော ဆေးသမား " တဲ့ ၊
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်ရောဂါကျွမ်းတတ်တယ် ၊ မမှားတာ အကောင်းဆုံးပဲ ။

(၁၁) အမြင့်ရောက်မှ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းတယ် ။

(၁၂) " ဘေး " ကိုကြည့်လွန်းအားကြီးရင် " ဘေး " တွေ့တတ်တယ် ။

(၁၃) ဦးစားပေးခဲ့လွန်းလို့ ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ ။
ဖြစ်နိုင်တာကိုသာ ဦးစားပေးခဲ့ရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ် ။

(၁၄) လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ် ။

(၁၅) တစ်ခါမှားမိရင်ပဲ ပေးဆပ်ရတဲ့ အကြွေးက တိုး ရင်း ပေါင်း
များလှပါတယ် ။ ပေးဆပ်လို့ မရနိုင်တဲ့ အမှားမျိုးကတော့ အဆိုးဆုံးပဲ ။

(၁၆) အထွဋ်အထိပ်ကို ရောက်သွားတဲ့သူတိုင်း အခက်အခဲတွေကို ရင်ဆိုင်ခဲ့တာချည်းပါပဲ ။

(၁၇) မြင်တဲ့အတိုင်း အမှန်ဖြစ်မှ အမှန်အတိုင်း မြင်တယ် ခေါ်တယ် ။
မြင်တဲ့အတိုင်း မှန် , မမှန် ဆန်းစစ်ရမယ် ။

(၁၈) အရာရာကို အောင်မြင်နိုင်ဖို့ မိမိရဲ့အရာရောက်မှုကို မြှင့်တင်ပေးရမယ် ။

(၁၉) အဟုတ်ပါလားလို့ ထင်ထားသမျှတွေဟာ လွဲနေတတ်သလို ၊
မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ် ။

(၂၀) ကိုယ့်စကားကို သူနားထောင်စေချင်ရင် သူ့ စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး ။

(၂၁) " အရေးအကြီးဆုံး ဆိုတာတွေဟာ ဘာမျှမဟုတ်ပါလား " လို့ နားလည်ပြီးတော့
" ဘာမျှမဟုတ်တဲ့သဘော " ကို သိဖို့က အရေးအကြီးဆုံးပါပဲ ။

(၂၂) ကိုယ်ဖြစ်ချင်တာတွေဟာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေမယ့်
အများနဲ့တော့ အဆင်ပြေဖို့ မလွယ်ပါဘူး ။

(၂၃) ကလေးမှားရင် တစ်ပြား ၊ လူကြီးမှားရင် တစ်ဆယ် ၊ ဘယ်အမှားမှ မကောင်းဘူး ၊
တစ်ဆယ်က ပိုဆိုးတယ် ။

(၂၄) မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး ၊ မေတ္တာဓာတ်တွေ ရှိနေဖို့က အရင် လိုအပ်တယ် ။

(၂၅) " ဖြစ်လည်း ဖြစ်ချင်တယ် ၊ ဖြစ်လည်းဖြစ်သင့်တယ် " ဆိုရင်တောင်မှ
ဖြစ်နိုင်တာကို ရွေးပြီး လုပ်ပါ ။

(၂၆) ဖြစ်ချင်တိုင်း ဓိဋ္ဌာန်ရင် အောင်မြင်ဖို့ မလွယ်ဘူး ၊
ဖြစ်နိုင်တာကို ကြိုးစားမှ အဓိဋ္ဌာန် အောင်မယ် ။

(၂၇) ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ ၊ အလုပ်လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ် ၊
သိသလောက် ကျင့် ၊ ကျင့်သလောက် သိလာလိမ့်မယ် ။

(၂၈) ကိုယ်ကကြိုက်လို့ ကောင်းတာထက် ကောင်းတာမို့လို့ ကြိုက်တယ်ဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့ ။

(၂၉) အမှန်တရားက နဂိုရှိပြီးသားပါ ။ ဖန်တီးလို့ မရပါဘူး ၊ ဖန်တီးထားတဲ့
အမှန်တရားဆိုတာလည်း ဘယ်တော့မှ မတည်မြဲသလို မှန်လည်း မမှန်နိုင်ပါဘူး ။

(၃၀) ကော်ပတ်ရုပ်ကို လူအစစ်ထင်ပြီး ပျော်တတ်တဲ့ကလေး ။
ကလေးတွေကိုကော်ပတ်ရုပ် အစစ်ထင်ပြီး ပျော်တတ်တဲ့ လူကြီး ။
ကစားချင်သလို ကစား ၊ ထားချင်သလို ထားလို့ရပေမယ့်
ကော်ပတ်ရုပ်ဟာ ကော်ပတ်ရုပ်ပါပဲ ။

(၃၁) ယုံကြည်မှုသက်သက်နဲ့ မျက်စိမှိတ်ပြီး " အားကိုးရှာ " တတ်သလို
အသိဥာဏ်နဲ့ တစ်ဖက်သတ် ချိန်ထိုးပြီးလည်း ရှာတတ်ကြတယ် ၊
ယုံကြည်မှုနဲ့ အသိဥာဏ် ညီမျှမှ အားကိုးရာအစစ် တွေ့မယ် ။

(၃၂) လူမှုရေးဆိုတဲ့ ကြိုးနဲ့ လူ့ဘောင်ကို ၀ိုင်းခပ်ထားတယ် ။
လူကိုမမှုရင် လူ့ဘောင်ရဲ့ဘေးရောက်မယ် ၊
လူကိုမှုနေရင်လည်း ဒီအသိုင်းအ၀ိုင်းက မထွက်နိုင်တော့ဘူး ။

(၃၃) လူကိုမမှုတဲ့ လူမှုရေး ။ ဂရုစိုက်ပြီး လူကိုမှုတဲ့ လူမှုရေး ။
ဂရုစိုက်ပြီး လူကိုမမှုတဲ့ လူမှုရေး .. လို့ သုံးမျိုးရှိတယ် ။

(၃၄) အခက်အခဲဆိုတာ ဥာဏ်နုံ့သူအတွက် ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံး တိုးတက်သွားနိုင်တယ် ။

(၃၅) အလုပ်လုပ်သူက အပြောမသန် ၊ အပြောသန်သူက အလုပ်မလုပ် ၊
ပြောသလောက်လုပ်ပြီး လုပ်သလောက် ပြော ၊ အပြောနည်းပြီး အလုပ်လုပ်တာ အကောင်းဆုံးပဲ ။

(၃၆) လုံ့လရှိသူက လက်ရုံးအားကိုး - ကြင်နာတတ်သူက နှလုံးသားနဲ့ စဉ်းစား
- စည်းကမ်းရှိသူက ကိုယ်ကျင့်တရား လက်ကိုင်ထား -အသိဥာဏ်ရှိသူ ဦးနှောက်နဲ့ ဆုံးဖြတ် -
မြင့်မြတ်သူက အမှန်တရားပေါ် ရပ်တည် ။

(၃၇) အကြိုက်ချင်း မတူကြပါဘူး ၊ ကောင်းတာကို ကြိုက်ရင်
ကောင်းကြောင်းတော့ ပြောပေးလိုက်ပါ ၊ ကြိုက်အောင်တော့ အတင်းမတိုက်တွန်းပါနဲ့ ။

(၃၈) " အစစ် " မဟုတ်သေးရင် " အတု " လိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတယ် ၊
ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်တယ် ၊ ဒီလိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့ ။


(၃၉) လုပ်ကိုင်ချင်စိတ်ရယ် ကျွမ်းကျင်မှုရယ်ရှိပြီး လုပ်ကိုင်နေကျဆိုရင် ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ ။

(၄၀) ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ် ၊ ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ် ၊
ရက်ရောသူကို လက်ဖွာတယ် ၊ စည်းကမ်းနဲ့ပေးသူကို ကပ်စေးနည်းတယ် ၊
ဦးဆောင်နိုင်သူကို နေရာယူတယ် ၊ ကျွမ်းကျင်သူကို လည်လွန်းတယ် .... လို့ အထင်မလွဲလိုက်ပါနဲ့ ။

(၄၁) အော် ... မကောင်းလိုက်တာက လောက ၊ အမြဲတမ်း ကောင်းနေတာက အသိဥာဏ် ။

(၄၂) ပြသနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ ။
ကိုယ်နဲ့သိပ်မဆိုင်ရင်ပြသနာက သေးတယ် ၊
များများဆိုင်ရင် ပြသနာက ကြီးလာပြီ ။
လုံးဝ မဆိုင်ရင်တော့ ပြသနာမရှိတော့ပါဘူး ။

(၄၃) အမြဲတမ်း သူ့ကိစ္စနဲ့သူ ရှုပ်နေတာပါ လို့ နားလည်ရင် ကိုယ့်အရှုပ်
ထပ်မပေးလိုက်ပါနဲ့ ။

(၄၄) လွတ်လပ်စွာ တွေးခေါ်ယူဆခွင့် ရှိပေမယ့် ၊ အမှားကို အမှန် ၊
အမှန်ကို အမှားလို့ လိမ်ညာပြောလို့ မရပါဘူး ။

(၄၅) ဆရာသမားလား ? သူငယ်ချင်းလား ? အချော့ခံလား ?
ကိုယ့်စိတ်ကိုကိုယ်ကြည့် ၊ ဆရာဖြစ်အောင် ကြိုးစား ၊
အနည်းဆုံး သူငယ်ချင်းတော့ ဖြစ်နေရမယ် ။

(၄၆) " စေတနာသည် လူတိုင်းနှင့်မတန် " သည်မဟုတ် ။
လူတိုင်းနဲ့ တန်တဲ့ စေတနာမျိုး ထားနိုင်ဖို့သာ လိုအပ်ပါတယ် ။

ဆရာတော်ကြီး ဓမ္မဒူတအရှင်ဆေကိန္ဒ၏ အသိပေးစကားစုများ (၁) စာအုပ်ငယ်မှ
ရိုက်ကူးဖော်ပြပါသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)

သေချိန်နီးမှာ ထင်လာတဲ့ နိမိတ် (၃) မျိုး


          ရေပြင်မှာပဲသေသေ၊ မြေပြင်မှာပဲသေသေ၊ ဝေဟင်မှာပဲသေသေ၊ ဘယ်နေရာမှာ ဘယ်လိုသေသေ၊ လူတစ်ယောက်သာမက သတ္တ၀ါတွေပါ သေချိန်နီးအခါမှာ ထင်လာတဲ့ နိမိတ် (၃) မျိုး ရှိပါတယ်။
          အချိန်လေးရရင် ရသလောက် နိမိတ်ကလေး မြင်သွားတာပါပဲ။ နိမိတ်က သေမယ့် အရိပ်ပြတတ်တာမျိုးလည်း ရှိတယ်။
          ကာမဆယ့်တစ်ဘုံမှာဖြစ်တဲ့ သတ္တ၀ါတိုင်းဟာ သေချိန်နီးချိန်မှာ နိမိတ်တစ်ခုခု၊ ထင်မြဲပေါ်မြဲဖြစ်တယ်။
          အဲသည် နိမိတ် (၃) မျိုးကတော့…
          ၁။ ကံ
          ၂။ ကမ္မနိမိတ်
          ၃။ ဂတိနိမိတ် တို့ပဲဖြစ်တယ်။
          အိပ်ရာထဲမှာ ပက်လက်လက်ကလေး သေတာမဟုတ်ဘဲ ဓားနဲ့ တိခနဲသေသေ၊ လှံနဲ့ ပြတ်ခနဲသေသေ၊ ကားတိုက်လို့ ကွိခနဲသေသေ၊ ရထားတိုက်လို့ ပိပဲသေသေ၊ သေသူအားလုံးဟာ နိမိတ်တစ်မျိုးမျိုးထင်ပြီး သေသွားကြပါတယ်။
          ဥပမာ- သိစိတ်ဆိုတာက အာရုံရှိက ပေါ်စမြဲ မဟုတ်ပါလော။ အဲသည်လို တိခနဲ၊ အိခနဲ၊ ကွိခနဲသေရချိန်မှာလည်း သူ့အသိစိတ်နှင့် သူ့အာရုံပေါ်နေပါတယ်။ အဲသည်လို သေချိန်နီးပေါ်တဲ့ အာရုံဟာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့မှာ တစ်ခုခုဖြစ်ပါတယ်။
          ဘာကြောင့်လဲ။ ကံအစွမ်းကြောင့် ဖြစ်တယ်။
          (ကမ္မဗလေန) ကံအစွမ်းကြောင့်။
          သဘောက မိမိတို့ ပြုခဲ့ကြစဉ်က ဖြစ်တဲ့ ထက်သန်တဲ့ စေတနာအဟုန်၊ ဆန္ဒအဟုန် အစွမ်းသတ္တိကြောင့်ပဲ။
          အဲတာကြောင့် သေခါနီးအချိန်မှာ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ ထင်တာဖြစ်တယ်။
၁။ ကံ
          ကံဆိုတာ စေတနာ။ ပြုခဲ့စဉ်က စေတနာတွေ။ ကိုယ်ပြုခဲ့စဉ်က စေတနာမျိုးတွေ ဖြစ်ပါတယ်။
          ကိုယ်တိုင်ပြုခဲ့စဉ်က စေတနာမျိုး စိတ်မှာ ပေါ်တာကို ကံအာရုံပေါ်တယ်လို့ ဆိုတယ်။
          ကံအာရုံက ဘယ်လိုဥပမာမျိုးလဲ။ ကံအာရုံကို ဥပမာပြရရင်…
          ကိုယ်ပြုခဲ့တဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ကထိန်၊ ရှင်ပြု၊ ဆင်းရဲသူ၊ ဒုက္ခရောက်သူတွေကို လှူဒါန်းပြုစု၊ ကူညီစဉ်က စေတနာမျိုး။
          ကြည်နူးဝမ်းမြောက်မှုမျိုး၊ နှစ်သိမ့်မှုမျိုးတွေ ပြန်ပေါ်လာတာကို ဆိုတယ်။ ကုသိုလ်လုပ်ခဲ့တာတွေ ကောင်းမှုလုပ်ခဲ့တာတွေလို့ပဲ ဆိုရမှာပေါ့။
          အဲသည်လို ကုသိုလ်တွေ ပေါ်သလို အကုသိုလ်ကံပြုသူတွေကလည်း လုတာ၊ သတ်တာ၊ လိမ်တာ၊ ခိုးတာ၊ အရက်သေစာသောက်တာ၊ မိုက်ခဲ့တာတွေ စတာတွေ ပေါ်တယ်။ အကုသိုလ် စေတနာတွေ ပေါ်ပါတယ်။ ကြမ်းတမ်းခက်ထန်မှု၊ ဒေါသပြင်းပြမှု၊ တုန်လှုပ်ချောက်ချားမှုတွေ စိတ်မှာ ပေါ်လာတာကို ကံအာရုံပေါ်တယ်လို့ ဆိုတယ်။
          အကုသိုလ်ကံကြီး အကျိုးပေးတော့မယ့် လူတွေ သေခါနီးမှာ ပိုရုပ်ပျက် ဆင်းပျက် ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။
          အကုသိုလ်ကံကြီး အကျိုးပေးတော့မယ့်သူမှာ အကုသိုလ် ကံရိပ်ကြီးဟာ ညအခါ ကြီးစွာသော မိုးတိမ်ရိပ်ကြီး မြေပြင်ကို ထိုးကျလာသကဲ့သို့ ဘ၀ကူးတော့မယ့် လူရဲ့ စိတ်မှာ ထင်ပေါ်လာတယ်လို့ ဆိုတယ်။
          အတိတ်ဘ၀က ယှဉ်ကပ်ပါလာတဲ့ ကံတွေ၊ ဘ၀တစ်လျှောက်လုံး ပြုခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေဟာ ကိုယ့်သန္တာန်မှာ အပြည့်ယှဉ်ကပ်ပါလာတယ်။
          သူတော်ကောင်းတွေဟာ သေခါနီးမှာ ကောင်းတဲ့ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တွေ အာရုံထဲမှာ ထင်စေချင်လို့ ကောင်းတဲ့ကံတရားတွေကို များများလုပ်နေကြရတာပေါ့။
၂။ ကမ္မနိမိတ်
          ကမ္မနိမိတ်ကတော့ ကိုယ်ပြုခဲ့စဉ်က ပါဝင်ခဲ့တဲ့ ၀တ္ထုပစ္စည်းတွေပါပဲ။
          ကိုယ်လှူခဲ့တဲ့ ၀တ္ထုပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ နေရာတွေ ပြန်မြင်တာကို ကမ္မနိမိတ် ဖြစ်တယ်။
          ဥပမာပြရရင် ကုသိုလ်ပြုစဉ် လှူခဲ့တဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ပြီးတော့ ရှင်ပြုစဉ်က ပါဝင်ခဲ့တဲ့ ရှင်လောင်းတွေ၊ ပရိက္ခရာတွေ၊ ကိုယ်ခင်းခဲ့တဲ့လမ်း၊ ကိုယ်ဆောက်ခဲ့တဲ့ တံတားစတဲ့ ၀တ္ထုပစ္စည်း နိမိတ်အမှတ်အသားတွေ ဖြစ်တယ်။
          ကမ္မနိမိတ်မျိုးဟာ သေခါနီးမှာ မြင်တာမဟုတ်ဘဲ မသေသေးဘဲ အိပ်မက်မက်ချိန်မှာလည်း မြင်တတ်ကြောင်း ကြားသိဖူးပါတယ်။
          အကုသိုလ်ကမ္မနိမိတ်တွေကတော့…
          ကိုယ်မိုက်ခဲ့စဉ်က သုံးခဲ့တဲ့ ၀တ္ထုပစ္စည်းတွေ နေရာတွေ၊ သားကောင်တွေ၊ လူတွေ သတ်ခဲ့ရင် သတ်ဖြတ်ခဲ့တဲ့ သားကောင်တွေ၊ မချိမဆန့် လှုပ်ရှားနေတာတွေ၊ သွေးသံရဲရဲနဲ့ လူးလွန့်အော်နေတာတွေ၊ ကိုယ်တိုင်ရက်စက်ခဲ့ပုံတွေ၊ ခိုးစဉ်က ကိုယ့်လှုပ်ရှားမှု၊ လိမ်ပြောစဉ်က ယူခဲ့ပုံတွေ ပြန်ထင်ကာ ကမ္မနိမိတ်ပဲ ဖြစ်တယ်။
၃။ ဂတိနိမိတ်
          ဂတိနိမိတ်ကတော့ ဘယ်ခရီးကို ဆက်ရမယ်ဆိုတဲ့ အာရုံပဲ။ တစ်နေရာရာကို ရောက်ရမယ့် အာရုံဖြစ်တယ်။ သံသရာခရီး ဆက်ရမယ့် အာရုံဖြစ်တယ်။
          ရောက်လတ္တံ့၊ ဖြစ်လတ္တံ့ ဘ၀အာရုံ ဖြစ်ပါတော့တယ်။ နတ်ဘုံလား၊ ငရဲဘုံလား။ မိခင်ဝမ်းလား၊ တိရစ္ဆာန်လား။ ကိုယ့်ရဲ့ကုသိုလ်၊ အကုသိုလ် အလိုက် ခရီးဆက်ရမယ့် ရောက်ရမယ့်၊ ဖြစ်ရမယ့် ဘ၀အာရုံ ဖြစ်ပါတော့တယ်။
          လူ့ဘုံ လူ့ဘ၀ကိုရောက်ရင် ကမ္ဗလာနီအဆင်းရှိတဲ့ မိခင်ဝမ်းရေ အာရုံထင်သတဲ့။ ပန်းဥယျာဉ်တွေ၊ ဗိမာန်တွေ၊ လှပတဲ့ နတ်သမီး နတ်သား၊ နတ်အသုံးအဆောင်တွေ မြင်ရင် နတ်ဘ၀ရောက်မှာ ဖြစ်တယ်။
          လင်းတကောင်ကြီးတွေ၊ ခွေးနက်ကြီးတွေ၊ ဆီပူအိုးတွေ၊ ငရဲသားတွေ၊ မီးတောက်မီးလျှံ၊ ပိုးလောက်တွေမြင်ရင် ငရဲလမ်းကို မြန်းရ၊ ရောက်ရတော့မှာ ဖြစ်တယ်။
          ဂတိနိမိတ်ဆိုတာ ရောက်ရ၊ ဖြစ်ရမယ့် ဘ၀အာရုံ ဖြစ်တယ်။
သုတေသီ ဘုန်းမြင့်သွေး ရေးသားသော ..ကံသာအမိ ကံသာအဖ နှင့် ကံကြမ္မာဖြစ်ရပ်ဆန်းများ.. စာအုပ်မှ ရေးသားမျှဝေပါတယ်။

သတိနှင့်ကံ



          သံသရာဘယ်မှာစသလဲ။
          မသိတာက စပါတယ်။
          သံသရာနဲ့ ကံကြမ္မာတွေ ဘယ်မှာဆုံးမှာလဲ။
          သိတစ်လုံးမှာ ဆုံးပါမယ်။
          အမှုမဲ့လို့ အမှတ်မဲ့ပါတယ်။
          မရေရာလို့ မသေမချာ ဖြစ်ပါတယ်။
          မသိသမျှ သံသရာပတ်မှာပဲ။
          သိလာရင်တော့ သံသရာပြတ်မှာပါပဲ။
          ဆင်းရဲကိုကြောက်ရင်၊ မုန်းရင် မကောင်းမှု အကုသိုလ်တွေကို လူမြင်ကွင်းမှာရော၊ လူကွယ်ရာမှာရော မလုပ်မိဖို့ သတိရှိနေရမယ်။
          မကောင်းတဲ့ အကုသိုလ်ကံကို ယခုလည်းလုပ်၊ နောင်လည်း လုပ်ရင် ဆင်းရဲဒုက္ခက လွတ်မှာ မဟုတ်ဘူး။
          သတိရှိနေရင် အကုသိုလ်ကံဘက် အရောက်နည်းသွားမှာ ဖြစ်ပါတယ်။
          ၁။ မျက်စိဟာ ဒုက္ခလို့ သတိရှိ (ရူပါရုံ)
          ၂။ နားဟာ ဒုက္ခလို့ သတိရှိ (သဒ္ဒါရုံ)
          ၃။ နှာဟာ ဒုက္ခလို့ သတိရှိ (ဂန္ဓာရုံ)
          ၄။ လျှာဟာ ဒုက္ခလို့ သတိရှိ (ရသာရုံ)
          ၅။ ကိုယ်ဟာ ဒုက္ခလို့ သတိရှိ (ဖောဋ္ဌဗ္ဗာရုံ)
          ၆။ စိတ်ဟာ ဒုက္ခလို့ သတိရှိ (ဓမ္မာရုံ)
          အာရုံခြောက်ပါး၊ သတိထားရင်၊ ကံငါးပါးလုံခြုံနိုင်ပါတယ်။ သတိလစ်တာနဲ့အမျှ အကုသိုလ်ကံဘက်က အားသာသွားနိုင်ပါတယ်။
          အာရုံခြောက်ပါးမှာ စိတ်အာရုံဟာ အလွန်အမင်း အရေးကြီးပါတယ်။ ..ကံကို ကုနည်း၊ ကုသိုလ်ဆည်း၊ စိတ်လည်းမပေါ့ရာ.. ဖြစ်တယ်။
          သတိနဲ့ဆင်ခြင်၊ ဆင်ခြင်ပြီး ..စိတ်..နှင့်ကြံ။
          သတိနှင့်ဆင်ခြင်၊ ဆင်ခြင်ပြီး ..နှုတ်..နဲ့ပြော။
          သတိနှင့်ဆင်ခြင်၊ ဆင်ခြင်ပြီး ..လက်..နဲ့လုပ်။
          အကျိုးခံစားလိုရင် အကျိုးဖြစ်မယ့် အကြောင်းတွေကို ပြုရမယ်။ အကျိုးခံစားရမယ့် အကြောင်းကို မပြုဘဲ အကျိုးခံစားရဖို့ မရှိပါဘူး။
          အကျိုးခံစားလိုရင် အကျိုးဖြစ်မယ့်အကြောင်းမှာ သတိကို လက်မလွတ်ရဘူး။
          သတိကောင်းမှ ကံကောင်းတယ်။ သတိမကောင်းရင် ကံမကောင်းနိုင်ဘူး။
          အမြဲပဲ လူတွေမှာ ကြိုက်ရင် လောဘဖြစ်နေပါတယ်။ မကြိုက်ရင် ဒေါသဖြစ်နေပါတယ်။ အမှတ်တမဲ့နေရင်တော့ မောဟတွေ ဖြစ်နေတတ်တယ်ဆိုတာကို သတိထားရပါမယ်။
          သတိကောင်းရင် အသိစိတ်ကောင်းလာမှာ ဖြစ်တယ်။ သတိနဲ့အမှန်တရားပေါ်အောင် နှိုးဆွပေးရင် ဗီဇအသိစိတ်ရဲ့ ပင်ကိုသဘောတွေ ပေါ်လာမယ်။ ရိုးသားဖြူစင်တဲ့ အသိစိတ် ဖြစ်လာလိမ့်မယ်။
          သတိတွန်းအားနဲ့ အမှန်တရားပေါ်လာခဲ့ရင် စိတ်နေသဘောထား မှန်လာမယ်။
          စိတ်နေသဘောထား မှန်မမှန်မှာ သတိပါပဲ။ သတိရှိမှ အသိရှိ။ သတိထားမှ အသိပွားမယ်။ သတိဆောင်တဲ့အခါ ကုသိုလ်ကံအားဘက်မှာ အောင်ပါတယ်။
          သတိချွတ်ယွင်းရင် စိတ်နေသဘောထား မမှန်ဘူး။ မမှန်တော့ အကုသိုလ်ကံဘက် ရောက်သွားတော့တယ်။ အာရုံခံစားမှု အသိစိတ်တွေကို သတိကြီးစွာထားပါ။
          သတိဆိုတာ အမှန်ဘက်ကို တွန်းပို့ပေးတဲ့ ကိရိယာတစ်မျိုး။
          ကာယကံ၊ ၀စီကံ၊ မနောကံတွေကို သတိနဲ့ ချုပ်ထားရမယ်။ ကံမှန်သမျှကို သတိကြိုးနဲ့ ခိုင်နေအောင် ချည်တုပ်ထားရမယ်။ တင်းတင်းကြပ်ကြပ်ကို ချည်နှောင်ထားရမှာ ဖြစ်တယ်။
          ညောင်ရမ်းဇေယျပဏ္ဍိတက ..လောကသဘာဝ သဘောတရား..စာအုပ်မှာ……
          ..သတိတရားသည် လောက အလိုအပ်ဆုံးသော တရားဖြစ်လေသည်။ အစဉ်သတိတရားကို သတိထားမှတ်သားလေ့ရှိရာ၏။ ဘေးဒုက္ခတို့သည် သတိကင်းမဲ့သော သူတို့ထံသို့သာ ၀င်သော်လည်း သတိရှိသူတို့အား ဘေးဒုက္ခတို့ မတတ်နိုင်ကုန်..လို့ ရေးသားသတိပေးခဲ့ပါတယ်။
          ကောင်းကံဘက်ရောက်အောင် သတိထားဖို့ အချက် (၄) ချက် ရှိပါတယ်။
          ၁။ သက်ရှိရုပ်ခန္ဓာနဲ့ သက်မဲ့ရုပ်ဝတ္ထုအပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
          ၂။ ခံစားမှု ဝေဒနာအပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
          ၃။ အသိစိတ်အပေါ် အမှန်တရားပေါ်အောင် သတိထားမှု။
          ၄။ သဘာဝတရားအပေါ် အမှန်တရားပေါ်အောင် သတိထားမှုတွေပါပဲ။
          အမှန်တကယ်တော့ ..သတိတစ်လုံးဟာ အခက်ဆုံး.. ဖြစ်တယ်။ ခက်ပေမယ့် ရအောင်ကြိုးစား လုပ်ယူရမှာပါပဲ။ စားသတိ၊ လာသတိ၊ သွားသတိနဲ့ ဖြစ်သမျှ ပျက်သမျှ သတိရှိရှိနေတဲ့အခါ ကောင်းကံတွေနဲ့ ထိနေမယ်။ သတိရတော့ ကံလှ၊ ကံမ၊ ကံထပါတယ်။
          ဗုဒ္ဓမြတ်စွာရဲ့ အလွန်တန်ဖိုးကြီးလှတဲ့ နောက်ဆုံးသြ၀ါဒက…
          ..အပ္ပမာဒေန၊ သမ္ပာဒေထ..လို့ မိန့်ခဲ့ပါတယ်။
          အမြဲသတိမလစ်စေဖို့ အမှန်အမှား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အဖြစ်အပျက်တွေကို အမြဲသတိရှိနေဖို့ပါပဲ။

သုတေသီ ဘုန်းမြင့်သွေး ရေးသားသော ..ကံသာအမိ ကံသာအဖ နှင့် ကံကြမ္မာဖြစ်ရပ်ဆန်းများ.. စာအုပ်မှ ရေးသားမျှဝေပါတယ်။

ဥပစ္ဆေဒကကံ


အဲသည် ကံက နှောက်ယှက်တဲ့ကံထက်တောင် ပိုဆိုးပါတော့တယ်။
          နှောင့်ယှက်ကံက အကျိုးပေးနေတဲ့ကံကို အစွမ်းလျော့သွားအောင်၊ မှိန်သွားအောင် လုပ်တာ၊ ဖြတ်မပစ်လိုက်ဘူး။
          ဥပစ္ဆေဒကကံကတော့ ဖြတ်ကို ဖြတ်ပစ်လိုက်တာဗျ။
အဲသည် ကံမှန်တဲ့ လူသတ္တ၀ါမှန်သမျှ အီစလံကို ဝေသွားမှာပဲ။ မထူနိုင်၊ မထောင်နိုင်အောင်ကို ဖြစ်သွားမှာပဲ။
          ဥပစ္ဆေဒက ကံပါသူဟာ သူများလက်ချက်နဲ့လည်း ရုတ်တရက် သေတတ်တယ်။ သွားရင်းလာရင်းလည်း ရုတ်တရက် သေတတ်တယ်။
          လူတွေဟာ ဥပစ္ဆေဒကကံကို ကြောက်ကြပါတယ်။ ကြောက်လည်း ကြောက်စရာပါပဲ။
          လူ့ဘုံဟာ ကံသက်သက်ကိုသာ ရပ်တည်ပြုနေတဲ့ ဘုံမဟုတ်ဘူး။ ဥာဏ်၊ ၀ီရိယထုတ်ရတဲ့ ဘုံဖြစ်တယ်။ အဲသည်လို ဥာဏ်၊ ၀ီရိယထုတ်ရတဲ့ ဘုံဖြစ်ပေမယ့် ဥပစ္ဆေဒကကံ ပါလာသူအဖို့မှာတော့ ဥာဏ်၊ ၀ီရိယနဲ့ရော ရှောင်လို့ ရနိုင်ပါ့မလား။
          အချိန်တန်ရင် ခံရတာပဲ။
          ကံတစ်ခု အကျိုးပေးနေခိုက်မှာ အခြားကံတစ်ခုက ၀င်ဖြတ်လိုက်တယ်။ အဲသည်မှာ အကျိုးပေးမှု ရပ်ဆိုင်းသွားတယ်။
          အဲသည်လို ဖြတ်တဲ့ကံကို ဥပစ္ဆေဒကကံလို့ ခေါ်တယ်။ ရှင်မဟာမောဂ္ဂလာန်ဟာ ကောင်းကျိုးရနေတဲ့ ဘ၀မှာ နောက်က အကုသိုလ်ကံက သူ့ဘ၀ကို လာဖြတ်တောက်ပစ်လိုက်တယ်။
          ရှေးဘ၀က အမိအဖကို သတ်ခဲ့တဲ့ အကုသိုလ်က ကောင်းကျိုးရနေတဲ့ ဘ၀ကို လာဖြတ်တာပဲ။ ခိုးသားငါးရာရဲ့ ရက်စက်မှုကို ခံရတာပဲ။
          ဖြတ်တောက်လိုက်တဲ့ ကံက အကျိုးပေးဆဲ ကံကို ရပ်ကိုရပ်ဆိုင်းပစ်လိုက်တယ်။
          အကျိုးပေးဆဲကံရဲ့ အကျိုးပေးမှု ရပ်ဆိုင်းလိုက်တဲ့အခါ အခြားကံတစ်ခု နေရာယူလာတယ်။ အဲသည်လိုမှ မဟုတ်ရင် ဖြတ်ကံ၊ ဖျက်ကံက ဆက်ပြီး နေရာယူသွားတာပဲ။
          အဲသည် ဖြတ်ရာ၊ ဖျက်ရာမှာလည်း ကုသိုလ်ကံနဲ့ အကုသိုလ်ကံ နှစ်မျိုးရှိတယ်။
          အချို့ဆို ကုသိုလ်ကံက အကျိုးပေးနေစဉ် အကုသိုလ်ကံက ဖြတ်ပစ်လိုက်တယ်။
အချို့ဆို အကုသိုလ်ကံက အကျိုးပေးနေစဉ် ကုသိုလ်ကံ ဖြတ်တာလည်း ရှိပြန်တယ်။
          နောက်က အကုသိုလ်တွေ များလွန်းလှပြန်ရင်လည်း ရှေ့ကျမှ လုပ်တဲ့ ကုသိုလ်ကံတွေကို ဖြတ်တောက်ပစ်တာပါပဲ။
          အကျိုးမပေးရသေးတဲ့ ကံအချင်းချင်းလည်း ရေများရေနိုင်၊ မီးများ မီးနိုင် စနစ်အရ တစ်ခုကိုတစ်ခု ဖြတ်တောက်ပစ်တယ်။
          ဥပစ္ဆေဒကကံဆိုတာကလည်း ဘ၀ဟောင်းက ကိုယ်မွေးမြူလို့ ရထားခဲ့တာပါ။
          နောက်ဘ၀တွေမှာ ဥပစ္ဆေဒကကံ မဖျက်မဖြတ်နိုင်အောင် အကုသိုလ်ကံတွေ မပြုဖို့ အရေးကြီးလှပါတော့တယ်။
          အကောင်းအဆိုး၊ အကျင့်မျိုးကား
          ဖြစ်ကျိုးပေးနေ၊ ရှိမြဲပေတည်း
          နဘေဥမင်၊ ပင်လယ်ပြင်
          အောင်းဝင်ပျံတက်၊ ကံဝိပါက်မှ
          လွတ်ကွက်လွတ်ရာ၊ မရှိစွာခဲ့။   (မဃဒေ၀-၂၃)

သုတေသီ ဘုန်းမြင့်သွေး ရေးသားသော ..ကံသာအမိ ကံသာအဖ နှင့် ကံကြမ္မာဖြစ်ရပ်ဆန်းများ.. စာအုပ်မှ ရေးသားမျှဝေပါတယ်။ 

လူပျိုကြီး


ကျွန်တော် ဆရာဝန်တယောက် မဟုတ်ပါဘူး၊ ကျောင်းဆရာလည်း မဟုတ်ပါဘူး၊ စာရေးဆရာလည်း မဟုတ်ဘူး။ မဟုတ်တာတွေချည်း ပြောနေတယ်၊ ဒါဖြင့် ခင်ဗျားက ဘာလဲလို့တော့ မမေးလိုက်ပါနဲ့... ကျွန်တော်က ဖြေချင်နေလို့ပါ။ ဟုတ်ကဲ့... ကျွန်တော် လူပျိုကြီးပါ။

လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်။ ကျွန်တော်က ဒီလိုပြောလိုက်လို့ မဲ့ရွဲ့လို့ စကားတင်း မဆိုလိုက်ပါနဲ့နော်... တကယ်ကောင်းလို့ ကောင်းတယ် ပြောတာပါ။ ကျွန်တော်က သူငယ်ချင်းများ အထူးသဖြင့် ဖေ့စ်ဘုတ်မှာ သူငယ်ချင်းသစ်များ ရတဲ့အခါ မိတ်ဆက်တတ်ပါတယ်။ အဲဒီအခါမှာ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ အဲ... ပြီးတော့ ဘာပြောတယ် ထင်ပါသလဲ။ ဟဲ ဟဲ... ကျွန်တော် လူပျိုကြီးပါလို့...။ မပိုင်ဘူးလားဗျာ။

လူပျိုကြီး ဖြစ်ရတာ ကောင်းပါတယ်၊ ဂုဏ်ရည်တခုလည်း ရှိတယ်လို့ အလိုလို ထင်မိပါတယ်။ အထူးသဖြင့် တံဆိပ်ကပ်ထားတာ မခံရသေးတဲ့ ပစ္စည်း၊ ပိုင်ရှင် မရှိသေးတဲ့ အရာဝတ္ထု ဖြစ်တာမို့ လူတိုင်းမှာ အဲဒီပစ္စည်း၊ အဲဒီအရာကို ပိုင်ဆိုင်ခွင့် ရှိသလို လူတိုင်း ၀ယ်ချင်လာအောင် ဟိုလိုလို ဒီလိုလိုလည်း လုပ်လို့ ရပါတယ်။ ဟိုလိုလို ဒီလိုလို ဆိုတာက ပက်ကင် ပြောင်းထုတ်တာ၊ အရောင်တင်တာ၊ ဆေးခြယ်တာကို ပြောတာပါ။

ဒီတော့ ဟိုလိုလို ဒီလိုလို လုပ်ချင်တဲ့ စရိုက်ရှိတဲ့ ကျွန်တော်နဲ့ ဟိုလိုလို ဒီလိုလို လုပ်သာတဲ့ အခွင့်အရေးရှိတဲ့ လူပျိုကြီးဂုဏ်တို့ဟာ အံကျ ဖြစ်နေပါတော့တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လူပျိုကြီးဆိုတော့ မျက်နှာတော့ နည်းနည်းပွင့်တာပေါ့လေ၊ ကျွန်တော့် အထင်ပေါ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပါ၊ ဟုတ်ချင်လည်း တကယ် ဟုတ်နေမှာပါ။

ဒီနေရာမှာ အပျိုကြီးနဲ့ လူပျိုကြီး မတူပါဘူး။ နှိမ်တာတော့ မဟုတ်ပါဘူး... အပျိုကြီးဆိုတာက အိတ်စ်ပါရာ ဒိတ် ပါနေသလိုပါပဲ... ခဏနေ သိုးတော့မှာကိုးဗျ။ လူပျိုကြီးကတော့ အဲဒီလို မဟုတ်ပါဘူး... အဲဗား ရယ်ဒီဆိုတာမျိုးပါ။ ဒါကြောင့် နည်းနည်းတော့လည်း ဈေးကြီးတတ်ပါတယ်။ ဟဲ ဟဲ... ကျွန်တော်ကတော့ ဈေးမကြီးပါဘူး။ ပေါချောင်ကောင်းလေးပါ (ကြုံတုန်း ကြော်ငြာဝင်ထားတာပါ)။

ဆက်ရရင် ဖေ့စ်ဘုတ်မှာပဲဖြစ်ဖြစ်၊ ဂျီတော့ခ်မှာပဲဖြစ်ဖြစ် ကျွန်တော်က သူငယ်ချင်းတွေကို ရွှင်ရွှင်မြူးမြူးလေး စကားပြောလေ့ ရှိပါတယ်။ ဥပမာတခု ဆောင်ပြပါ့မယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လန်ဒန်မှာ အဓိကရုဏ်းတွေဖြစ်ပြီး ဆိုးသွမ်းလူငယ်တချို့ ခိုးဆိုး လုယက်၊ ဖျက်ဆီး၊ ဆိုင်တွေ မီးရှို့ကြတော့ စိတ်ပူတဲ့ (ခင်တဲ့) သူငယ်ချင်းတချို့က လှမ်းမေးကြ၊ နှုတ်ဆက်ကြပါတယ်။

ကျွန်တော်က ဘာပြန်ပြောတယ် ထင်ပါသလဲ။ ``မသေ သေးပါဘူးဗျာ`` ``မာမာချာချာ ရှိနေပါသေးတယ်`` စသဖြင့် ပြောလိုက်တော့ သူငယ်ချင်းမ တယောက်က တကယ့်လူပျိုကြီးပဲလို့ စကားပြန်ဆိုပါတယ်။ အမယ်... လူပျိုကြီးဆို ဒီလို ပြန်ပြောသလား။ ကျွန်တော်တော့ မသိပါ၊ လူပျိုကြီးမို့ လူပျိုကြီး စကား ပြောလိုက်တာတော့ မဟုတ်ပါ။

ကျွန်တော်က စိတ်ထဲ ရှိတာကို ပြောတတ်ပါတယ်၊ ပေါ့ပေါ့ပါးပါး ရွှင်ရွှင်မြူးမြူး စကားပြောချင်ပါတယ်။ တနေကုန် (တနေ့ ၁၀ နာရီလောက်) အလုပ် လုပ်ထားပြီးပြီ၊ တော်ပြီပေါ့ဗျာ... မဟုတ်လား။ သူငယ်ချင်းတွေနဲ့ဆိုရင် ပေါ့ပေါ့ပါးပါး ရွှတ်ရွှတ်နောက်နောက် ပြောသင့်တယ် မဟုတ်လား။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူ ကျင့်သုံး ပြောဆိုပါတယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့... ဒါပေမဲ့ အမြဲတမ်းနီးပါးပါပဲ။

ကျွန်တော် လူပျိုကြီးဖြစ်ရခြင်းအကြောင်း နောက်တချက်ကို ပြန်စဉ်းစားကြည့်တော့လည်း အဲဒီရွှတ်နောက်တတ်တာက ပြဿနာတခုအနေနဲ့ သွားရှိနေပါတယ်။ သူငယ်ချင်းတွေကတော့ ရွှတ်နောက်တယ်လို့ မခေါ်ပါဘူး၊ ပေါတယ်လို့ ပြောပါတယ်။ သူတို့က ``ဟယ်... ပေါရဲလိုက်တာ`` တဲ့။ အဲဒီလို ပြောတတ်ပါတယ်။ ကျွန်တော်ကတော့ ပေါတယ်ဆိုတာ ရှားတာထက်တော့ လူတွေကို စိတ်ချမ်းသာစေတယ်လို့ ထင်တာပါပဲ။ ရှားတယ်ဆိုရင် လူတွေ အလွယ်မရနိုင်လို့ စိတ်ဒုက္ခ ရောက်ကြရတယ် မဟုတ်လား။

တကယ်တမ်းတော့ ကျွန်တော်ကသာ လူပျိုကြီး တန်မဲ့ ဟန်ဆောင် ပန်ဆောင်တောင် မလုပ်နိုင်တော့ဘဲ အကုန်ထုတ်ပြောနေတာ နေရာကျရဲ့လားတောင် မသိပါဘူး။ ကဲဗျာ... မထူးတော့ပါဘူး၊ ပြောလက်စနဲ့မို့ ဆက်ကြဲလိုက်ပါဦးမယ်။ ဒီနေရာမှာ ကျွန်တော် လူပျိုကြီး ဖြစ်ရတဲ့ အကြောင်း နောက်တကြောင်းလည်း ရှိပြန်ပါသေးတယ်။

အဲဒါကလည်း ကျွန်တော်ကသာ စိတ်ထဲ အတည်ကြံစည် တွေးတော့မိလို့ တကယ်ပြောပေမယ့် အများအတွက်တော့ ရယ်စရာ ဖြစ်နေမှာပါ၊ မရှက်တော့ပါဘူး... ပြောပြပါဦးမယ်။ မြန်မာပြည်မှာ ကိုရီးယားယဉ်ကျေးမှု စတင်ရိုက်ခတ် ခေတ်စားလာတဲ့ ဂျွန်စော အွန်စောတို့ပါတဲ့ ``ဆောင်းဦးရွက်ကြွေ ချစ်သက်သေ`` က စလို့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို ကျွန်တော် တော်တော်များများ လိုက်ကြည့်ဖြစ်ပါတယ်၊ ကြိုက်လည်း ကြိုက်ပါတယ်၊ ခံလည်း ခံစားလို့ရပါတယ်။

ဒါပေမဲ့ ပြဿနာက အဲဒီမှာ ဇာတ်လိုက်မင်းသမီးလုပ်တဲ့ ကောင်မလေးတွေက မင်းသားလုပ်တဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ ဆရာ၊ ဦးလေးအရွယ် စသဖြင့်ကို ချစ်ကြောင်း ကြိုက်ကြောင်း စပြောပါတယ်။ ``ဟ... တယ်မိုက်ပါလား`` လို့ ထခုန်မိမတတ် ကျွန်တော် ၀မ်းသာသွားပါတယ်။ ငါ့ လာပြောလို့ကတော့ အကိုက်ပဲ လို့လည်း တွေးမိပါတယ်။

အဲဒီ ကိုရီးယားဇာတ်လမ်းတွေဟာ ကျွန်တော် လူပျိုကြီး ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း တခုဆိုရင် မမှားလောက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ဇာတ်လိုက်မင်းသမီးလေးလို အူကြောင်ကြောင်လုပ်ပြီး ပြောလာမယ့် ကောင်မလေးကို စောင့်နေရင်း ကျွန်တော် ဒုက္ခရောက်သွားတာပါ။ ကျွန်တော့် ပတ်ဝန်းကျင်က ကောင်မလေးတွေက တခြားအရာတွေ ဖြစ်တဲ့ ဘီယာသောက်ချင် သောက်မယ်၊ စကတ်တိုတို ၀တ်ချင်ဝတ်တယ်၊ ကျန်တဲ့ တခြား ကော်ပီတွေဆို အလွယ် ကူးတတ်ပေမယ့် ရည်းစားစကား စပြောဖို့ကြတော့ လိုက်မလုပ်ကြပါဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော် အလွန်မုန်းပါတယ်။

အဲ... အွန်လိုင်းမှာကျတော့ တချို့ကောင်မလေးတွေက သိပ်ရဲပြန်ပါတယ်။ ကိုရီးယားဇာတ်လိုက် မင်းသမီးထက်တောင် အပြန်တရာလောက် သာနေပြန်ပါသေးတယ်။ ``ဟေ့ လူကြီး... မပြေးနဲ့ ခင်ဗျားကို ရအောင်ယူမယ်`` တို့၊ ``ခင်ဗျားကလည်းဗျာ... ယောက်ျားလေးဖြစ်ပြီး စကားနည်းလိုက်တာ`` တို့၊ ``ခင်ဗျားကြီးက ဂေါ်တေး (ဂေး) ကြီးလား မသိပါဘူး`` တို့နဲ့ ကျွန်တော့်ကို နှိပ်စက်ကြပါတယ်။

အဲဒီလိုအခါမျိုးကျရင်တော့ ကျွန်တော် စိတ်ညစ်မိပါတယ်၊ အားလည်း ငယ်မိပါတယ်။ တကယ်တော့ အဲဒီကောင်မလေးတွေရဲ့ ပြင်းထန်လှတဲ့ ခြိမ်းခြောက်တဲ့ စကားတွေကို ကြောက်လို့ မဟုတ်ပါဘူး။ သူတို့ တကယ် မလုပ်ကြမှာစိုးလို့ စိတ်ညစ်တာရယ်... စကား စကား အွန်လိုင်းမှာပဲ ပျောက်သွားမှာ စိုးလို့ရယ်သာပါ။

အင်း... အချုပ်ပြောရမယ်ဆိုရင်တော့ ကျွန်တော်ကတော့ ခပ်တည်တည်ပါပဲ...။ ကျွန်တော့်နာမည်က ဘယ်သူပါ၊ အသက်က ဘယ်လောက်ပါ၊ ကျွန်တော်က လူပျိုကြီးပါလို့ အခုချိန်ထိ ပြောနေတုန်းပါပဲ။ အရသာ ရှိလိုက်တာဗျာ...။


၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်။
ည ၉ နာရီ။
www.septembermyo.wordpress.com မှ ကူးယူဖော်ပြပါသည်။

Wednesday, August 10, 2011

What are you going to do before you die? (1)



= There is no such a graceful thing in the world to talk about death!

= You should necessarily remember about death in order to avoid doing un-necessary things and in order to perform real necessary things.

= Remembering or trying to remember all the time about death is really not to be disappointed or depressed, but to be strong in mind.


= For those who plan to stay easy-going in their younger lives and plan to stay with Dhamma or meditation only when they are getting older, you will lose the chances to meditate or practice ways to achieve Nivarna in good times of youth.

= We should keep in mind about death like: “we have to die one day” in order to withstand bad karma (luck) which can come to us anytime without pre-alert, and in order not to be greedy. We also should remind ourselves like: “it’s actually possible to die anytime, and it’s even very possible to die in next minute” in order to be good-minded and in order to get “Wi Pat Ta Nar” mind (which is only one unique way to achieve Nivarna) continuously.

= If we notice and remember about death, careness will govern our way of everyday life automatically. It’s so natural that we are not forgetful if we remember our deaths.


= There are five things that we humans don’t know at all. Those are:
1) We don’t know in which age we will die.
2) We don’t know with which disease we will die.
3) We don’t know when we will die (such as morning, afternoon, or evening).
4) We don’t know at where our dead body will be buried or burned.
5) We don’t know at which kind of being we will get as another/next life.
We human beings can’t really know these five things. So, these unknown invisible five things influence us.

= It’s important to do at very best whatever we do. It’s the best…  if we ignore/disregard the hopes of getting good business and the desire of getting next good lives, and if we prioritize with the hope only for Nivarna and the hope for the good of others. If we can do the best like that, we will get benefits immediately.

--------------------------------


= There is no such a pleasure/award which is really desirable in the universe like “Nivarna” if we really realize the fact that “Nivarna” is never destroyed and it will be forever.

= With we ourselves have our deaths and ruins, even we are still looking for other deaths and runis, that kind of searching is the worst and not graceful searching because we can never avoid from death.

= With we ourselves have our deaths and ruins, if we start looking for not dying and not ruining, that kind of searching is the best and very graceful high-standard searching because we will have a chance not to die anymore which is achieving Nivarna.


= Buddha preached: “One who practices ‘Arr Nar Par Na’ (mindfulness of breathing) meditation can even become an enlighted one. That’s why ‘Arr Nar Par Na’ mediation can be named as “shortcut to go Nivarna,” or “short way to achieve Nivarna” by old wise people.

= Since life span of a life depends on breathing according to the meaning of breathing, “Arr Nar Par Na” (mindfulness of breathing) meditation is the main life artery kinda practice of every “Wi Pat Ta Nar Yaw Ge” who practices “Wi Pat Ta Nar” (the only unique way to Nivarna).

= Practicing “Arr Nar Par Na” meditation as the main kind of meditation is the best suitable for most people because breathing is obvious or can be noticed while you are sleeping or awake or anytime, and also breathing is happening all the time continuously and easy to be recognized.

I type from the dhamma book called “What You Gonna Do Before You Die” written by a famous monk named “Ashin Sandar Dika,” and share with you all.
[Sorry for my limited English vocabularies and usages!]