Sunday, February 24, 2013

***စုတေခါနီးအရေးကြီးပုံ***

ပြခဲ့သော အကြောင်းများတွင် တစ်ပါးပါးကြောင့် လူတစ်ယောက် စုတေဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်းဇောကောင်းရဖို့ အရေးကြီး၏။ စုတေသည့်တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန်မုချ သုဂတိ ဘ၀သို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန်အပါယ်ဘုံသို့ ရောက်ရတော့မည်။ သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး အရေးကြီးဆုံး ဖြစ်သကဲ့သို့ နောက်တစ်ဖန် ဘ၀ကောင်းရဖို့ စုတေခါနီး၌ အရေးကြီးလှပေသည်။ ထို စုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့်သာ သက်ဆိုင်ကြလေသည်။
ထင်လာတတ်သောအာရုံ ၃-မျိုး

စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် ဟု အာရုံ ၃-မျိုးတွင် တစ်မျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတွေတည်း။ “ကမ္မနိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။ “ဂတိနိမိတ်” ဆိုသည်မှာ စုတေပြီး နောက်ရောက်ရမည့် ဂတိ၌ (ဘ၀၌) တွေ့ကြုံရမည့် အရာဝတ္ထုတည်း။

ကံအာရုံထင်လာပုံ

သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တစ်နာရီစသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်းလပေါင်းများစွာ ကွာခြားသောအခါ ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘ၀အသစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင် သေခါနီး လောလောဆယ် ထင်လာတတ်၏။ ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံက ပြန်၍ အမှတ်ရသော အားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူဒါန်းနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက်မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုးရှိသည်။ အကုသိုလ်ကံများတွင်လည်း ပါဏာတိပါတမူ ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တစ်မျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်းတစ်မျိုးဟု ၂-မျိုးရှိသည်။ ဤနည်းအတိုင်းပင် အခြားသော အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။

ကမ္မနိမိတ်အာရုံထင်လာပုံ

အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတမူဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တစ်ယောက်၌ကား နွားများကိုသတ်ပြီးနောက် အသားကိုခွာ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နဒါနမူ၊ ကာမူ စသည်များကို ပြုခဲ့ကြသူမှာလည်း ထိုမကောင်းမူနှင့် ဆိုင်ရာ အာရုံများ ထင်လာပုံကို ချဲ့ထွင်း ကြည့်ကြပါလေ။

ကုသိုလ်ကံ့ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း၊ ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့် စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အ၀တ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီးစိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာတတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။
ဂတိနိမိတ်ထင်လာပုံ

စုတေခါနီး၌ ဘ၀အသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည်ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရည်၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိနေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။
မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်

စုနေခါနီး၌ မျက်နှာအနေအထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာအနေ ညိုးငယ်လျှင် သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသော အာရုံထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ (တချို့ကား ရှေးက ခံစားခဲ့ရသော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုံးခြင်း မဟုတ်ပါ။)

ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်

တချို့စုတေခါနီး၌ ညင်ညင်သာသာ မရှိဘဲ ပြောလား၊ ဆိုလား၊ ယောင်လား၊ ယမ်းလား လုပ်၏။ ရှေးတုန်းက ရဟန္တာရှင်သောဏ၏ ခမည်းတော် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏။ စုတေခါနီးသော် (မိနစ်အတော်ဝေးဝေးကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည်ဟန် ထင်နေသဖြင့် “သားရဲ့၊ ခြောက်ပါဟဲ့ ခြောက်ပါဟဲ့”ဟု အော်သတဲ့။
အရှင်သောဏက “ဦးပဉ္စင်းကြီးမှာ ငရဲနိမိတ် ထင်နေပါသကော”ဟု တွေးတော၍ ချက်ချင်း ပန်းတွေကို ရှာပြီးလျှင် ဘုရား ရင်ပြင်တော်မှာ ပန်းမွေ့ရာခင်း၍ ဦးပဉ္စင်းကြီးကို ခုတင်နှင့်တကွ ယူသွားပြီး “ဦးပဉ္စင်းကြီး၊ ကြည်ညိုလိုက်၊ ကြည်ညိုလိုက်၊ ဦးပဉ္စင်းကြီးအတွက် ပန်းတွေ လှူထားတယ်”ဟု ပြောသောအခါ သတိရလာ၍ ဘုရားအာရုံပြုလျက် ပန်းများကို လှူဒါန်းနေစဉ် “နေရာဖယ်ပေးလိုက်ပါ၊ နေရာဖယ်ပေးလိုက်ပါ၊ သားရဲ့ မိထွေးတွေ လာနေတယ်”ဟု ယောင်ပြန်ရာ “အင်း နတ်ပြည် ဂတိနိမိတ် ထင်လာပေါ့ကိုး”ဟု အောက်မေ့တုန်းမှာပင် ဦးပဉ္စင်းကြီး ဘ၀ဆုံး၍ နတ်ပြည်သို့ ရောက်သွားလေသည်။
ဂတိနိမိတ်ထင်ပုံတစ်မျိုး

တချို့စုတေခါနီး လားရာဂတိ၌ တွေ့ကြုံရမည့် အရာဝတ္ထုကို တိုက်ရိုက်ပင် မျက်စိဖြင့် တွေ့ရ၏။ “ရေ၀တီ” မည်သော မိန်းမသည် ဘုရား ကျောင်း ဒါယကာ နန္ဒိယသူကြွယ်၏ ဇနီးတည်း။ နန္ဒိယသူကြွယ်က သဒ္ဓါတရား ရှိသလောက် ရေ၀တီမှာ သဒ္ဓါတရား ကင်းမဲ့၏။ ဗုဒ္ဓဘာသာဟူ၍ မဆိုထိုက်။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နန္ဒိယသူကြွယ်က ရှေးဦးစွာ စုတေ၍ နတ်ပြည်၌ ဖြစ်ပြီးနောက် ရေ၀တီသေချိန်ရောက်သော် ငရဲမှ ငရဲထိန်း ၂-ဦး လာရောက်၍ အတင်းဆွဲယူကာ နတ်ပြည်သို့ ခေါ်သွား၍ နန္ဒိယ၏ စည်းစိမ်ကို ပြပြီးမှ ငရဲသို့ အတင်းဆွဲချသွားသတဲ့။
ဘုရားလက်ထက်တော်တုန်းက “ဓမ္မိက” ဥပါသကာသည် ဥပါသကာပေါင်းများစွာကို ခေါင်းဆောင်၍ သူတော်ကောင်း အဖြစ်နေထိုင်၏။ စုတေခါနီးသော် ရဟန်းတော်များ၏ တရားကို နာစဉ် နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းတို့ ကောင်ကင်၌ တည်လျက် “သူ့ရထားတင်မည်၊ ငါ့ရထားတင်မည်”ဟု ပြောဆိုနေသံကို တရားနာနေရသော ဓမ္မိက ဥပါသကသည် မြင်လည်း မြင်ရ၊ ကြားလည်း ကြားရ၏။ ထို့နောက် မကြာမီပင် စုတေ၍ တုသိတာ နတ်ရထား၌ နတ်သားအဖြစ်ဖြင့် ပါသွားလေသည်။
မြေမျိုသူတို့ကား အ၀ီစိက မီးအရှိန်သည် လူ့ပြည်တိုင်အောင် ဟပ်သဖြင့် မီးပူအတွေ့ကို မသေခင်က တွေ့ရလေသည်။ ဤသို့လျှင် စုတေခါနီး ဂတိနိမိတ် ထင်လာပုံ အမျိုးမျိုးရှိ၏။ ယခုကာလ တချို့စုတေခါနီး၌ကား တီးသံ မူတ်သံနှင့် အမွှေးအကြိုင်များကို အနီးအပါးမှ လူအများပင် ကြားရ မွှေးရ၏။ ဤဂတိနိမိတ်နှင့်တကွ ပြခဲ့သော ကံ ကမ္မ နိမိတ်တို့သည် မျာသောအားဖြင့် အကျိုးပေးခွင့်ရသော ကံအစွမ်းကြောင့် ထင်လာသည်ဟု မှတ်ပါ။
စုတေခါနီးပြုပြင်ပေးရပုံ

မကျန်းမာခြင်း စသည်ကြောင့် ဖြည်းဖြည်းသက်သာ သေရသော အချို့လူတို့ စုတေခါနီး ကာလ၌ ဆရာသမားကောင်း၊ ဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည် မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။ ဘုရားကို ရည်စူး၍ ပန်းများကို ရေမွှေး ကောင်းကောင်း ဆွတ်ဖျန်းလျက် လှူဒါန်းပူဇော်ထားရမည်။ ညဉ့်အခါဖြစ်လျှင် ဆီမီးတွေ ထိန်လင်းအောင် ညှိထွန်းထားရမည်။

ဂိလာနကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်) ပူဇော်ထားပါသည်။ ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောရမည်။ အရွတ်အဖတ် ကောင်းကောင်းနှင့် ဓမ္မစကြာစသော တရားစာကို ရွတ်ဖတ်ရမည်။ ထိုသို့ ပူဇော်ရွတ်ဖတ်မူကို စုတေခါနီး မိနစ်အနည်းငယ် အချိန်ကျမှ မဟုတ်ဘဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။ ဂိလာနကလည်း အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများလည်း ၀မ်းမနည်းရ။ ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထို ပန်း၊ ဆီမီး၊ အမွှေးနံ့၊ တရားသံကိုလည်းကောင်း၊ ဘုရားသံကို လည်းကောင်း အာရုံပြုကာ ရက်အတော်ကြာအောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။

ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း၊ ဆီမီး၊ အမွှေး၊ တရားသံတို့ကလည်း ရှိတုန်း၊ မျက်စိ၊ နားတို့ကလည်း မြင်တုန်း၊ ကြားတုန်းဖြစ်လျှင် ထိုအာရုံ တစ်ခုခု မပျောက်ခင်မှာပင် စုတေစိတ် ကျရောက်တတ်၏။ ထိုအခါ ထိုပန်း ဆီမီး စသည်တို့ကို ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးတော့မည်။ သုဂတိဘ၀သို့ ဧကန်မုချ ရောက်ရတော့မည်။ ဤသို့ အာရုံတိုက်ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန်ရှိသည်ကို လူတိုင်း သတိပြုသင့်သည်။ အရှင်သောဏ၏ ဖခင်ရဟန်းကြီးမှာ အရှင်သောဏတည်းဟူသော သားကောင်းက ပြုပြင်ပေးမူကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။


(အရှင်ဇနကာဘိဝံသ)ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Shared from Ma Aye Aye Cho (FB)

***ကရုဏာအကြောင်း***

ဆင်းရဲသော “ဒုက္ခိတသတ္တ၀ါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။ ကရုဏာအရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကား ယုတ်မာဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတသတ္တ၀ါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။

ကရုဏာအတု

တစ်ခါတစ်ရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရ ကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများဖြစ်၏။ ထိုအခါ ကရုဏာအစစ် လိုလိုနှင့် သောကဖြစ်တတ်လေသည်။ ကရုဏာအစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်၊ ကရုဏာအတုကား ပူပူပန်ပန် ရှိလေသည်။

ပုဂ္ဂိုလ်ထူးများ၏ စိတ်ထား

သူတော်ကောင်းအခေါ်ခံရသူ ယခုလူတို့တွင် တကယ်သနားစရာ ဒုက္ခိတသတ္တ၀ါကို မြင်ရမှသာ ကရုဏာ ဖြစ်နိုင်ကြ၍၊ တကယ်ချစ်စရာ ဆွေမျိုးဉာတိ စသူတို့အပေါ်၌သာ မေတ္တာဖြစ်နိုင်ကြ၏။ အထက်တန်း ပါရမီကို ဖြည့်တော်မူကြသော အလောင်းအလျာနှင့် ပါရမီရင့်ပြီး သူတော်ကောင်းကြီးတို့ကား (မိမိ၏ သားသမီးကလေးများ ဆင်းရဲနေသောအခါ မိဘတို့၌ ပြင်းပြစွာ ကရုဏာ ဖြစ်သကဲ့သို့) သတ္တ၀ါဟူသမျှတို့ အပေါ်တွင် မတော်တဆ ကျရောက်မည့် အပါယ်ဘေး၊ ၀ဋ်ဆင်းရဲဘေးတို့ကို မြော်တွေးတော်မူကာ ကရုဏာသက်တော်မူကြသည်။ (ချစ်စရာမကောင်းသော သားကလေးကိုပင် မိဘ၏ မေတ္တာက အလျှော့မပေးဘဲ လေးလေးပင်ပင် ချစ်ခင်သကဲ့သို့) သတ္တ၀ါအားလုံးကိုလည်း သိမ်းကျုံး၍ ချစ်ခင်သော မေတ္တာစွမ်းဖြင့် လွန်စွာ ချစ်ကြည်တော်မူကြပေသည်။

ထိုကဲ့သို့ ဖြူစင်မြင့်မြတ်သော မေတ္တာ ကရုဏာ ဓာတ်ခံသည် ပါရမီတော် ဖြည့်စဉ်ကပင် ကိုယ်တော့်သန္တာန်၌ အနှစ်တည်ကာ အမြူတေအလား ကြီးမားခိုင်ခံ့စွာ ပါလာခြင်းကြောင့် ဘုရားဖြစ်တော်မူခါနီး၌ အကြီးအကျယ် နှောင့်ယှက်လာသော မာရ်နတ်အပေါ်ဝယ် မပြယ်သောမေတ္တာဖြင့် ရူစားတော်မူနိုင်သည့်အပြင် အသက်ကို ရန်ရှာနေသော ရှင်ဒေ၀ဒတ်အပေါ်မှာပင် ကရုဏာ သက်တော်မူနိုင်ပေသည်။ ထို့ကြောင့် ယခုအခါ သူတော်စင် ဖြစ်လိုသူတိုင်း အလောင်းတော်၏ စိတ်ထားပုံကို အတုယူကာ “သူတော်မှ ငါကောင်းမည်”ဟု သဘောမထားကြဘဲ “သူ တော်တော် မတော်တော် ငါတော်မည်”ဟု အဓိဋ္ဌာန်ပြုလျက် မည်သည့်အပေါ်ဖြစ်ဖြစ် မေတ္တာစစ် ကရုဏာစစ်ဖြစ်အောင် သတိထားနိုင်ကြပါစေသတည်း။

အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

Shared from Ma Aye Aye Cho (FB)

***မက္ခအကြောင်း***

ဒေါသနှင့်စပ်၍ အများဖြစ်သော မက္ခ-ပဠာသ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ”ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသမျိုးတည်း။ ငယ်ရွယ်စဉ်ကပင် မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ မိတ်ဆွေကောင်းကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။

ထိုကျေးဇူးများကို ကျေးဇူးဟုမထင်၊ ကျေးဇူးလည်း မတင်နိုင်ဘဲ “ငါ့မှာ သူကျေးဇူးဘာရှိလို့လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်ကြလေသည်။

အချို့ကား ကျေးဇူးကန်းရုံတွင်သာမက၊ သားရေပေါ်အိပ်ပြီး သာရေနားစားကာ ကျေးဇူးရှင်ကိုပင် ကျေးစွပ်တတ်ကြသေးသည်။ ထိုသူမျိုးကို “မိတ္တာဒုဗ္ဘိ=မိတ်ဆွေပြစ်မှားသူ-လူယုတ်မာ”ဟု များစွာ အပြစ်ဆိုလေသည်။ “သူတစ်ပါးကျေးဇူး” ဟူသည်မှာ ကြွေးတင်သလို တင်နေသော အရာတစ်မျိုးတည်း။ ထိုကျေးဇူးကို အတုံ့ပြန်၍ မဆပ်နိုင်သည့်အတွက် မဆပ်ရသေးသော်လည်း ကျေးဇူးရှင်မှန်းကို အသိအမှန်ပြုကာ ကျေးဇူးတင်မိစေရမည်။ ဆပ်နိုင်သည့်နေ့ ဆပ်ခွင့်ကြုံသည့် နေ့၌ကား မြိန်မြိန်ရှက်ရှက်နှင့် နှစ်သက်ကျေနပ်စွာ ပြန်၍ ဆပ်ကြရမည်။


တရားတော်။ ။ အကြင်သစ်ပင်၏ အရိပ်၌ ထိုင်နေ၊ အိပ်နေအံ့၊ ထိုသစ်ပင်၏ အခက်ကို မချိုးပါနှင့်။ အရိပ်နေနေ-အခက်ချိုးချိုး မိတ်ဆွေပြစ်မှားသော ထိုလူမျိုးသည် လူယုတ်မာ ဖြစ်သည်။

ကျေးဇူးသိတတ်သော သားအကြောင်း

တစ်ခုသော မြို့၌ မုဆိုးမမိခင်ကို ကူလီထမ်း၍ ကြိုးကြိုးပမ်းပမ်း ပြုစုလုပ်ကျွေးနေသော လုလင်တစ်ယောက်ရှိသည်။ ထိုသူ၏ မိခင်ဖြစ်သူကား မိခင်ပီပီ မတည်ကြည်။ အခြားယောက်ျားနှင့် တိတ်တိတ်ပုန်း ဖောက်ပြားနေ၏။ သားကိုအားနာ၍ အထင်အရှားလည်း နေ၀ံ့ဟန်မတူ။ ထိုဖောက်ပြားပုံကို သိကြသော မိတ်ဆွေများက (ရိုးရိုးသားသားနှင့် ပြုစုနေသော လုလင်ကိုသနား၍) လုလင်အား အကြောင်းစုံ တိုင်ကြားလေသော် “အမေ ပျော်သလိုနေပါစေဗျာ၊ အမေ စိတ်ချမ်းသာလျှင် ပြီးပါရော၊ ကျွန်တော့်အတွက်မှာ အမေ ဘာလုပ်လုပ် ပြုစုဖို့ပါပဲ”ဟု ပြောရှာလေသတဲ့။ (သားကောင်း သမီးကောင်း ရှားသလောက် မိဘကောင်းလည်း ရှားသည်ပင်။)

မှတ်ချက်။ ။ ဤ၀တ္ထု၌ မိခင်၏ ယုတ်မာမူမှာ မိခင်၏ တာဝန်သာဖြစ်သည်။ ပြုစုဖို့ကား သားတာဝန်သာ ဖြစ်သည်။ ထိုကဲ့သို့ ယုတ်မာသော မိခင်ကို ပြုစုရာ၌ မိခင်အဖြစ် ပြုစုသည်ဟု သဘောမထားရ။ ကျေးဇူးရှင်ကို ကျေးဇူးကြွေး မကျန်အောင် ပြန်၍ ဆပ်နေသည်ဟု သဘောထားရမည်။ ဤသို့လျှင် ခုရောနောင်ပါ သံသရာအရေး မြော်တွေးတတ်သူ လူကောင်း သူကောင်းမှန်လျှင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်မိအောင် ကြိုးစားသင့်ပေသည်။ ဘုရားအလောင်းကား တိရစ္ဆာန်ဘ၀၌ ဖြစ်ရခိုက်မှာပင် ကျေးဇူးဆပ်လေ့ရှိခဲ့ပါသည်။ (မျက်မမြင် မိခင်ဖြစ်သော ဆင်မကြီးကို ပြုစုနေသော ဆင်ဖြူကလေးကို ရှင်ဘုရင်က ဖမ်းသွားရာ၌ အစာမစားဘဲ ဆန္ဒပြကာ မိခင်အကြောင်းကို ပြောပြသဖြင့် ပြန်၍ လွတ်ခဲ့ရလေသည်။)

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးပါသည်။

Shared from Ma Aye Aye Cho (FB)

သြ၀ါဒပါတိမောက် အခါတော်နေ့ (တပို့တွဲလပြည့်နေ့)

တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။ ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။ ဥပမာ ...

၁) ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂) သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃) ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။
၎) ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
***
သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ

(၁)
ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော

လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

(၂)
သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(၃)
အနူပ ၀ါဒေါ အနူပ ဃာတော၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသမ္မိံ၊ ပန္တဉ္စ သယနာ သနံ၊
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
***

OVĀDA PĀTIMOKKHA

(1)
KHANTI PARAMAM TAPO TI TIKKHĀ,
NIBBANAM PARAMAM VADANTI BUDDHA;
NA HI PABBA JITO PARUPAGHATI,
NA SAMANO HOTI PARAM VIHETHAYANTO.

Forbearing patience is the highest moral practice,
“Nibbana is Supreme” say the Buddhas.
A bhikkhu does not harm others;
One who harms others is not a bhikkhu.

(2)
SABBAPAPASSA AKARANAM,
KHUSALASSA UPSASAMPADA;
SACITTA PARIYODAPANAM,
ETAM BUDDHANA SASANAM.

Not to do evil,
To cultivate merit,
To purity one’s mind,
This is the Teaching of the Buddhas.

(3)
ANUPAVADO ANUPAGHATO,
PATIMOKKHE CA SAMVARO;
MAT TANNUTA CA BHATTASMIM,
PANTANCA SAYANASANAM,
ADHICITTE CA AYOGO,
ETAM BUDDHANA SASANAM.

Not to revile, not to do any harm,
To practise restraint in the Fundamental Precepts,
To be moderate in taking food,
To dwell in a secluded place, intent on higher thoughts,
This is the Teaching of the Buddhas.
***
အကျဉ်းချုပ် ဆောင်ပုဒ်

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာ၍စကား။
ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။ … ။
***

(တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့မှာ ဘုရားရှင်တို့ ဟောကြားတော်မူသော သြ၀ါဒပါတိမောက် ဒေသနာတော်ကို ရွတ်ဖတ်ပွါးများ အားထုတ်ခြင်းဖြင့် ကုသိုလ် ယူနိုင်ကြပါစေ)

ရည်ညွှန်း။ ။
(၁) အခါတော်နေ့များ (ဆရာတော် မာဂဓီသာစည်)
(၂) သြ၀ါဒပါတိမောက် ကျောက်စာတော် (ဗိုလ်တထောင်စေတီတော်)
မှတ်ချက်။ ။ အင်တာနက်မှ ကူးယူဖော်ပြသည်။

Shared from Ma Aye Aye Cho (FB)

"ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်"

လူ့ဘ၀ရယ်လို့ရလာပြီဆိုရင် ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။

♠ ကျန်းမာရေးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ပါဏာတိပါတသိက္ခာပုဒ် လုံခြုံရပါတယ်။ပါဏတိပါတ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အနာရောဂါများပြီး ကျန်းမာရေးညံ့ဖျင်းတတ်ပါတယ်။

♠ စီးပွားရေးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အဒိန္နာဒါနသိက္ခာပုဒ်လုံခြုံရပါတယ်။ အဒိန္နဒါနသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပစ္စည်းဥစ္စာချို့တဲ့ပြီး စီးပွားရေးနိမ့်ကျတတ်ပါတယ်။

♠ အိမ်ထောင်ရေးသာယာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ကာမေသုမိစ္ဆာစာရသိက္ခာပုဒ် လုံခြုံရပါတယ်။ကာမေသုမိစ္ဆာစာရ သမားတွေဟာ ဖြစ်လေရာဘ၀တိုင်း ပြဿနာရှုတ်ထွေးပြီး အိမ်ထောင်ရေးကံ ဆိုးတတ်ပါတယ်။

♠ လူမှုရေးအဆင်ပြေတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် မုသာဝါဒသိက္ခာပုဒ် လုံခြုံရပါတယ်။မုသာဝါဒသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း လူအယုံအကြည် ကင်းမဲ့ပြီး လူမှုဆက်ဆံရေးလွဲချော်တတ်ပါတယ်။

♠ ပညာရေးမြင့်မားတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် သုရာမေရယသိက္ခာပုဒ် လုံခြုံရပါတယ်။သုရာမေရယသမားတွေဟာ ဖြစ်လေရာဘ၀တိုင်း အသိဥာဏ်ထုံထိုင်းပြီး ပညာရေးအောက်တန်းကျတတ်ပါတယ်။

လူ့တာဝန်အရေးငါးပါးလုံးမှာ အောက်ကျနောက်ကျမဖြစ်ပဲ အထက်တန်းကျကျ ၊ အဆင့်အတန်းမြင့်မြင့်ဖြစ်နေဖို့အတွက် ငါးပါးသီလ သိက္ခာပုဒ် ၅ ခုကို အဖြူစင်ဆုံး ၊ အသန့်ရှင်းဆုံးဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

လူရယ်လို့ဖြစ်လာတိုင်း ဘ၀ကောင်းတစ်ခုရပြီလို့ မဆိုနိုင်သေးပါဘူး။ ငါးပါးသီလ ဖောက်ဖျက်မှုရဲ့ အကျိုးဆက်တွေနဲ့ ထုဆစ်ထားတဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ ဘ၀ကောင်းမဟုတ်သေးပါဘူး။ငါးပါးသီလ လုံခြုံမှုရဲ့ အကျိုးဆက်တွေနဲ့ ထုံမွှမ်းလွှမ်းခြုံနေတဲ့ လူတစ်ယောက်ရဲ့ ဘ၀ကိုသာ အဖိုးတန်ဘ၀ကောင်းလို့ဆိုနိုင်ပါတယ်။

လူတစ်ယောက်ငါးပါးသီလတွေလုံခဲ့တယ် မလုံခဲ့ဘူးဆိုတာကို သူ့ရဲ့အကျိုးပေးကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

♠ ပါဏာတိပါတသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သူတပါးအသက်ကိုသတ်ဖြတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း
မျက်စိ၊နား၊နှာ ၊ အင်္ဂါ၊ခြေလက် ချို့ယွင်းတတ်ပါတယ်။
ရုပ်ဆင်းသွင်ပြင် စိုစိုပြည်ပြည် မရှိပဲ
မွဲပြာခြောက်ညှိုးနေတတ်ပါတယ်။
အင်အားချို့ယွင်းပြီး အားနည်းနေတတ်ပါတယ်။လျင်မြန်ဖျတ်လတ်ခြင်းကင်းဝေးပြီး တုံ့နှေး တုံ့နှေးဖြစ်နေ
တတ်ပါတယ်။
ဘေးရန်တစ်စုံတစ်ခုပေါ်ပေါက်လာရင် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေတတ်ပါတယ်။
သူတစ်ပါးရဲ့ အသတ်အဖြတ်ခံရတတ်သလို ကိုယ့်ဘာသာကိုယ် အဆိပ်သောက် ၊ သေကြောင်းကြံစည်ပြီးလည်း
သေရတတ်ပါတယ်။
အနာရောဂါ များတတ်ပါတယ်၊
အခြွေအရံပျက်စီးတတ်ပါတယ်။
အသက်တိုတတ်ပါတယ်။

♠ အဒိန္နဒါနသိက္ခာပုဒ်မလုံခြုံတဲ့သူ ၊
ပိုင်ရှင်မပေးပဲ သူတစ်ပါးပစ္စည်းကို မတရားယူတဲ့သူဟာ
ဖြစ်လေရာ ဘ၀တိုင်း ပစ္စည်း ဥစ္စာမွဲတတ်ပါတယ်။ လူဆင်းရဲဖြစ်တတ်ပါတယ်။
အငတ်ငတ် အပြတ်ပြတ် နေရတတ်ပါတယ်။
အလိုရှိတာမရပဲ ဖြစ်တတ်ပါတယ်။
လုပ်ငန်းမကျွမ်းကျင်ခြင်း ၊
သူတစ်ပါးလိမ်လည်ခြင်း စတဲ့ အကြောင်းအမျိုးမျိုးကြောင့်စီးပွားဥစ္စာပျက်စီးတတ်ပါတယ်။
ရေ၊ မီး၊ သူခိုး ၊ အမွေခံသားသမီးဆိုး၊ မင်းဆိုးဆိုတဲ့
ရန်သူမျိုး ၅ပါးရဲ့ နှောက်ယှက်ဖျက်ဆီးမှုကြောင့်
ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။

♠ ကာမေသုမိစ္ဆာစာရပုဒ် မလုံခြုံတဲ့သူ ၊
မိမိကာမပိုင်မဟုတ်သူနဲ့ ဖောက်ပြန်ကျုးလွန်သူဟာ
ဖြစ်လေရာ ဘ၀တိုင်းမှာ မလိုမုန်းထားသူပေါများတတ်ပါတယ်။ရန်သူလဲများတတ်ပါတယ်။
လာဘ်လာဘရှားပါ တိတ်ဆိတ်တတ်ပါတယ်။
ချမ်းသာမှု ကင်းဆိတ်တတ်ပါတယ်။
မိန်းမဖြစ်ရတတ်ပါတယ်။
မိန်းမမဟုတ် ၊ ယောင်္ကျားမဟုတ် ပဏ္ဍုပ်
( မိန်းမလျာ ၊ ယောက်ျားလျာ) ဖြစ်ရတတ်ပါတယ်။
ယောင်္ကျားဖြစ်ပြန်ရင်လဲ တည်ငြိမ်ရင့်ကျက် မြင့်မြတ်တဲ့ ယောကျာင်္းကောင်းတစ်ယောက်မဖြစ်နိုင်ပါပဲ ၊
မိန်းမတစ်ယောက်လို ဟိုစပ်စပ် ဒီစပ်စပ်နဲ့ သူတစ်ပါးအပေါ်
မကောင်းမြင် ပြစ်တင်ဝေဖန်တတ်လွန်းတဲ့
အထင်ကြီးစရာလုံးဝမကောင်းတဲ့ ယုတ်ညံ့တဲ့
အမျိုးသား တစ်ယောက်ပဲ ဖြစ်ရတတ်ပါတယ်။
မျက်နှာပျက်ပြီးတော့ အရှက်ကွဲရတတ်ပါတယ်။
ရုပ်ဆင်းအင်္ဂါ လက္ခဏာ တို့ချို့ယွင်းသေးသိမ်တတ်ပါတယ်။ စိုးရိမ်ကြောင့်ကြမှုအားကြီး တတ်ပါတယ်။
ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါကွေကွင်းရတတ်ပါတယ်။

♠ မုသာဝါဒသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊
မဟုတ်မမှန်တဲ့စကားကို လိမ်ညာလှည့်ပတ် ပြောဆိုတတ်တဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း စကားပီပီသသ မပြောတတ်တဲ့သူဖြစ်ရပါတယ်။သွားတွေမညီမညွတ်ရှိတတ်ပါတယ်။
ခံတွင်း ပါးစပ်ပုတ်ညှီတတ်ပါတယ်။
ကိုယ်အသားအရေ စိုစိုဖတ်ဖတ်မရှိပဲ ခြောက်ကပ်ပူရှိန်နေတတ်ပါတယ်။ပုံဟန်သွင်ပြင် မလှပပဲ ဆိုး
ဝါးဖောက်ပြန်ချို့ယွင်းနေတတ်ပါတယ်။
သူတစ်ပါးအပေါ် သြဇာမရောက် ၊ အာဏာမတည်ဖြစ်တတ်ပါတယ်။နှုတ်ခမ်းထော်၊လျှာကြမ်းပြီး အပြောအဆို သရမ်းတတ်ပါတယ်။ စိတ်တည်ငြိမ်မှု လုံးဝမရှိပဲ လျှပ်ပေါ်လော်လီပြီး အထင်ကြီးစရာကောင်းနိုင်တဲ့ လူတစ်ယောက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

♠ သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း အရေးအခွင့်
သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။
ပျင်းရိတတ်ပါတယ်။
အရူးအနှမ်းဖြစ်တတ်ပါတယ်။
သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊
မဆပ်တတ်တော့ပါဘူး။
ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်းတတ်ပါတယ်။ ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

ငါးပါးသီလနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်ကလေးငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားနိုင်ကြရင် အလွန်ကောင်းပါတယ်။

♦ ပါဏာတိပါတ် ၊သူ့သက်သတ်က
ချို့တတ်အင်္ဂါ ၊ မွဲပြာရုပ်သွင်
အားအင်ချို့ယွင်း ၊လျင်ခြင်းလဲဝေး
ဘေးကိုကြောက်တတ် ၊ အသတ်ခံရာ
အနာများလျှက် ၊ခြွေရံပျက်၍
အသက်တိုလျ ၊ ပြစ်များစွာ့သည်
ရှောင်က အပြန်အကျိုးတည်း။
အဒိန္နဒါ ၊ ခိုးမိပါမူ
ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ
လိုရှိမရ ၊ ဘောဂပျက်စီး
ရေမီးသူခိုး ၊ မွေခံဆိုးနှင့်
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့်
ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

♦ မိစ္ဆာစာရ ၊ ကျူးလွန်ကလည်း
မုန်းကြသူများ ၊ရန်သူပွား၍
ရှားပါးလာဘ်တိတ် ၊ ချမ်းသာဆိတ်၏
ဣတ္ထိပဏ္ဍုက် ၊မျိုးရုပ်ခါခါ
မျက်နှာမလှ ၊ အရှက်ရလျှက်
လက္ခဏဣနြေ္ဒ ၊ယွင်းသွေချို့သိမ်
စိုးရိမ်များစွာ ၊ ချစ်သူကွာသည်
ရှောင်ခါ အပြန်အကျိုးတည်း။

♦ မုသားစကား ၊ ပြောဆိုငြားမူ
စကားမပီ ၊ သွားမညီတည်း
ပုတ်ညှီပါးစပ် ၊ ခြောက်ကပ်ကိုယ်ရေ
ဣနြေ္ဒနောက် ၊ ပုံယွင်းဖောက်၏
မရောက်သြဇာ ၊ နှုတ်လျှာကြမ်းထော်
လျှပ်ပေါ်လော်လီ ၊ စိတ်မတည်သည်
ရှောင်ပြီအပြန်အကျိုးတည်း။

♦ သေရည်သောက်လင့် ၊သင့်မသင့်၌
ရေးခွင့်မသိ ၊ ပျင်းရိမေ့ရူး
ကျေးဇူးမဆပ် ၊ဟိရောတ္တပ်ကင်း
ခမင်းများထို ၊ အကုသိုလ်ကို
မငြိုလွယ်ရာ ၊ပြုကျင့်ရာသည်
ရှောင်ခါအပြန်အကျိုးတည်း။

ငါးပါးသီလနဲ့ ပါတ်သက်တဲ့ ဒီဆောင်ပုဒ် ငါးခုကို နှုတ်တက်အလွတ်ရအောင်ကျက်ထားပါ။

ဆောင်ပုဒ်မှာပါတဲ့ အကျိုးအပြစ်တွေကို တစ်ခုချင်း စဉ်းစားဆင်ခြင်ပါ။ငါးပါးသီလ မလုံခြုံခြင်းရဲ့ အကျိုးဆက်တွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူတစ်ယောက်ရဲ့ဘ၀ဟာ လူဖြစ်ရကျိုးမနပ်တဲ့ဘ၀မျိုးဖြစ်လို့ အဲဒီလိုလူ့ဘ၀မျိုး
မရောက်ရလေအောင် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲမြံအောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက ( လောက၌အကောင်းဆုံးသောအရာ)

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

"ဣဿာ မစ္ဆရိယ ဟူသည်....."

"ဣဿာ"
-----------
ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

လူတစ်ယောက် အောင်မြင်လာပြီး စည်းစိမ်ချမ်းသာ ရလာတာကို
အခြားတစ်ယောက်က မကျေနပ်နိုင်ဘူး၊ မပျော်နိုင်ဘူး၊
လူတစ်ယောက် ကြီးပွားသွားရင် မကြည့်နိုင်ဘူး၊ မရှု့စိမ့်ဘူး၊
မနာလို မရှုစိမ့်ဖြစ်တယ်လို့ ပြောတယ်၊ Jealousy ပေါ့၊

ဒါကလည်း ဒေါသနဲ့ ယှဉ်တွဲပြီး ဖြစ်တာမို့ ဒေါသမူစိတ်မှာ ယှဉ်တယ်၊
စိတ်ဆိုးတာ မဟုတ်ဘူး၊ သို့သော် စိတ်ယုတ်တာ စိတ်ပုတ်တာ ဖြစ်တယ်၊
လူတစ်ယောက် အောင်မြင်နေလို့ရှိရင် မနာလိုဖြစ်တယ်၊
အကောင်းမပြောနိုင်ဘူး၊
ဒါ ဣဿာပဲ။

"မစ္ဆရိယ"
-----------
နောက်တစ်ခု ‘မစ္ဆရိယ’ ဆိုတာ ကိုယ့် အရည်အသွေးမျိုး သူများကို မရစေချင်တာ၊ ကိုယ့်အခြေအနေမျိုး သူများ မရစေချင်တာ၊
ကိုယ်နဲ့ လာယှဉ်ပြိုင်မယ်ဆိုရင် ကိုယ့်အရည်အသွေးမျိုးကို ကိုယ်ပဲ ပိုင်ဆိုင်ထားချင်တယ်၊
ဒါ မစ္ဆရိယ ခေါ်တယ်။

မစ္ဆရိယဆိုတာလည်း အတူတူပဲ၊ ဒေါသနဲ့ ယှဉ်တွဲတယ်၊
အရပ်ထဲမှာတော့ မစ္ဆရိယ ဆိုတာ နှမြောတာ၊
‘နှမြောအိုးမို့ ဘာမှ မလှူဘူး၊ မတန်းဘူး၊ မပေးဘူး၊ မကမ်းဘူး’ လို့ ပြောကြတယ်။

♠ မစ္ဆရိယက နှမြောတာချည်းပဲ မဟုတ်ဘူး၊
မစ္ဆရိယဆိုတာ ကိုယ်ကြီးပွားသလို သူများ မကြီးပွားစေချင်ဘူး၊
ကိုယ်အောင်မြင်သလို သူများ မအောင်မြင်စေချင်ဘူး၊
အဲဒါမျိုးကို မစ္ဆရိယလို့ ပြောတာ။ ♠

"မစ္ဆရိယ ၅-မျိုး"
-----------------

မစ္ဆရိယ ၅-မျိုးရှိတယ်။

(၁) အာဝါသမစ္ဆရိယ တဲ့၊
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊
ဟုတ်လား၊ ကိုယ့်အဆောက်အဦးထဲ သူများလာရင် မကြိုက်တာ ‘အာဝါသမစ္ဆရိယနော်’။ ‘အာဝါသမစ္ဆရိယ’ ဆိုတာ အိမ်မှာတင် မစ္ဆရိယ ဖြစ်တာမဟုတ်ဘူး၊
မီးရထားနဲ့ သွားတာတောင် ပေါင်ကားထိုင်သေးတယ်၊
အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊
နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယ ဆိုတာ။

(၂) ‘ကုလမစ္ဆရိယ’
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကုလမစ္ဆရိယ၊ ဘုန်းကြီးတွေကျတော့ ကိုယ့်ဒကာ, ဒကာမများကို
သူများ ဒကာ, ဒကာမဖြစ်မှာ မကြိုက်တာ ကုလမစ္ဆရိယပဲ၊
ကိုယ့်မိတ်ဆွေ သူ့မိတ်ဆွေ လာလုပ်မှာ မကြိုက်ဘူး၊ ကုလမစ္ဆရိယ။


(၃) ‘လာဘမစ္ဆရိယ’၊
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

(၄) ‘ဝဏ္ဏမစ္ဆရိယ’ ဆိုတာ
ကျော်ကြားမှုနဲ့ သတ်သက်လာလို့ ရှိရင် ကိုယ်ပဲကျော်ကြားချင်တယ်၊
သူများ မကျော်ကြားစေချင်ဘူး။

(၅) ‘ဓမ္မမစ္ဆရိယ’ဆိုတာ
ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊ သူတစ်ယောက်ထဲပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ် ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊ သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊ အဲဒါ ဓမ္မမစ္ဆရိယ လို့ခေါ်တယ်။

‘အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဝဏ္ဏမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ’ ဆိုပြီးတော့ မစ္ဆရိယငါးမျိုး ရှိတယ်၊

မစ္ဆရိယဆိုတာ ကိုယ်ရထားတဲ့ အနေအထားမျိုး သူများကို မရစေချင်တာ အဲဒါကို ပြောတာနော်၊ ဒါလည်းပဲ မရစေချင်ဘူး ဆိုတော့ သူက ဒေါသနဲ့ ယှဉ်တယ်။

ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ရန်ကုန်ရောက်ရင် ရွှေတိဂုံဘုရားဖူးပြီး
တိရစ္ဆာန်ရုံကို သွားကြည့်တာပေါ့၊ တိရစ္ဆာန်ရုံ သွားတဲ့အခါမှာ အထူးအားဖြင့်
ဘာကြည့် ချင်တုန်းဆိုတော့ ညနေဘက် ကျားတွေ ခြင်္သေ့တွေ
အစာကျွေးတာကို ကြည့်ချင်တယ်၊ ပိုစိတ်ဝင်စားတယ်၊

အဲဒီမှာ ဘာအကဲခတ်မိလဲဆို ကျားတွေ ခြင်္သေ့တွေက အစာဝဝစားရတာ မဟုတ်ဘူး၊
သူတို့ခမျာ ပိန်ပြီး ဆာလောင်နေတာလေ၊ ညနေ အစာကျွေးမယ့်သူ လာလို့ရှိရင်
သူတို့ ယောက်ယက်ခတ်နေပြီ၊ အစာကျွေးမယ့်လူက အမဲသားတစ်ပေါင်လောက် တစ်တုံးလောက် အထဲကို ပစ်ထည့်လိုက်ပြီဆိုရင်
အဲဒီ ကျားတွေ ခြင်္သေ့တွေက ပါးစပ်နဲ့ အစာကို ကိုက်ပြီး ဟိုလိုက်ရန်လုပ် ဒီလိုက်ရန်လုပ်နဲ့၊ ဆာနေတာ စားလိုက်ပါလား၊ အေးအေးဆေးဆေး မစားဘူး။

ဘာကြောင့် အဲဒီလို ဖြစ်တာတုန်းဆိုရင် မစ္ဆရိယကြောင့်၊
သူရထားတဲ့ အစာကို လာမထိနဲ့ပေါ့၊ အဲဒီအဓိပ္ပါယ်မျိုး ရှိတယ်။

ကြောင်လေးတွေ ကြွက်ခုတ်ပြီးရင် ပါးစပ်ထဲမှာ အစာရောက်သွားရင်
မာန်ဖီတော့တာပဲ မဟုတ်လား၊
အဲဒီတော့ မစ္ဆရိယက ဒေါသနဲ့ ယှဉ်တယ်ဆိုတာ သိပ်ထင်ရှားတယ်၊
ခွေးကလေး နှစ်ကောင်၊ ကစားနေတဲ့ ကြားထဲမှာ အမဲရိုးလေး ပစ်ချကြည့်၊ ကိုက်ကြပြီ၊ ဒါကြောင့်မို့ မစ္ဆရိယဟာ ဒေါသနဲ့ ယှဉ်တယ်လို့ ပြောတာ၊
မစ္ဆရိယ ပေါ်လာရင် ဒေါသ ဝင်လာတာပဲ၊ ဣဿာ ပေါ်လာရင်လည်း ဒေါသပဲ။

♠ သို့သော် အဲဒီ မစ္ဆရိယနဲ့ ဣဿာဟာ တစ်ပြိုင်တည်း ဖြစ်သလားဆို မဖြစ်ဘူး၊ ဘာဖြစ်လို့တုံး၊ အာရုံချင်း မတူဘူး၊ စိတ်ရဲ့ ဦးတည်ချက်တွေဟာ မတူကြဘူးတဲ့၊

♠ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်တယ်၊
♠ မစ္ဆရိယ ဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်တယ်၊ မတူကြဘူး။

[ပါမောက္ခချုပ်ဆရာတော်ကြီး" ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ" ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) (ဣဿာ မစ္ဆရိယ ဟူသည်)]

----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

"သုရာမေရယ ကံအကြောင်းကို လေ့လာသုံးသပ်ခြင်း"

သုရမေရယဆိုတာက သောက်သူ၊စားသူ၊ရှူသူတို့ကိုမေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊စားစရာ၊ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်)အရက်သေစာ=သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။

♦ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။

♦ ထို့ကြောင့် တောအရက်၊မြို့အရက်၊နိုင်ငံခြားအရက်၊ထန်းရည်၊ဓနိရည်၊ဘိန်းကင်း၊ကစော်၊လှော်စာ၊ဘိန်းဖြူ၊ဆေး ခြောက်၊ကုတ်ကင်း၊မာဖီးယား၊အယ်လ်အက်စ်ဒီ(LSD)၊
ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ=သုရာမေရယလို့ခေါ်ပါတယ်။

ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ နှစ်ဦးစလုံးကိုဖြစ်စေ အကျိုးပျက်ပြားစေသော ကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။

အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး
အမှားအမှန် ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ်
ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင်ကျူးလွန်းမိတတ်ပါတယ်။

ဆိုလိုတာက အရက်သေစာ သောက်စားမူးရစ်နေသူက
ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာဆိုတဲ့ အနန္တောအနန္တငါးပါးဆိုတာကိုလည်းမသိပါ။

အစ်ကို၊ညီ၊အစ်မ၊ညီမဆိုတာကိုလည်းမသိ၊
ကုသိုလ်ဆိုတာလည်းမသိ၊အကုသိုလ်ဆိုတာကိုလည်း
မသိခြင်းကြောင့် မဖြစ်သင့်၊မဖြစ်ထိုက်၊
နားနှင့်ပင်မကြားရက်သော မကောင်းမှုတွေ၊
လူရှေ့ သူရှေ့ကိုချပြလို့ပင်မဝံ့ရဲလောက်တဲ့ အကုသိုလ်မကောင်းမှုများကိုလုပ်တတ်ကြပါတယ်။

အသိဥာဏ်ကင်းမဲ့ပြီး မူးယစ်ထုံမှိုင်းနေခြင်းကြောင့်
မလုပ်ဝံ့သော အကုသိုလ်၊မလုပ်သင့်သော အကုသိုလ်
ဆိုတာကိုလည်းမသိပါ။
ထိုသူရဲ့အသိဥာဏ်ဆိုတာအပ်ဖျားလောက်မှပင်
ထိုခဏမှာ မရှိဘူးလို့ဆိုရမှာပါ။ ”အရက်သမား အမှားတစ်ရာ”ဆိုသကဲ့သို့ အရက်မူးနေသူဟာ ပြဿာမျိုးစုံ၊အမှားမျိုးစုံ၊ရာဇဝတ်မှုအပါအဝင်မကောင်းမှုဒုစရိုက်များကိုမှားတတ်ပါတယ်။

သုရာမေရယသိက္ခာပုဒ် မလုံခြုံတဲ့သူ ၊သေရည်သေရက် သောက်စားတဲ့သူဟာ ဖြစ်လေရာဘ၀တိုင်း
♦အရေးအခွင့် သင့်မသင့်ကို နားမလည်တတ် ၊မသိတတ်ပါဘူး။ ♦ပျင်းရိတတ်ပါတယ်။ အရူးအနှမ်းဖြစ်တတ်ပါတယ်။
♦သူတစ်ပါးပြုဖူးတဲ့ ကျေးဇူးတွေကို မသိတတ်၊ မဆပ်တတ်တော့ပါဘူး။
♦ဟိရိသြတ္တပ္ပ လို့ခေါ်တဲ့ အရှက် အကြောက်ကင်း
တတ်ပါတယ်။
♦ဘယ်အကုသိုလ်ကိုမှ မရှောင်ပဲ မကောင်းမှု အကုသိုလ်တွေအားလုံးကို အလွယ်တကူပြုမိတတ်ပါတယ်။

သုရာမေရယကံကိုလွန်းကျူးသူရဲ့ဆိုးကျိုးတွေက တော့
(၁)။သတိကင်းလွတ်ခြင်း။
(၂)။အရှက်မရှိခြင်း၊
(၃)။အကောင်းအဆိုး၊အမှားအမှန် မခွဲခြားတတ်ခြင်း။
(၄)။ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း။
(၅)။မကောင်းသတင်းပျံ့နှံ့ခြင်း၊ကျက်သရေမရှိခြင်း။
(၆)။ရောဂါများခြင်း။
(၇)။ကိုယ်လက်အင်္ဂါတုန်ခြင်း။
(၈)။မိမိမွေးဖွားလာသော သားသမီးများ စိတ်ဓာတ်ကျပ်မပြည့်ခြင်း။
(၉)။လုပ်ဆောင်စရာ လုပ်ငန်းကိစ္စတို့ကို မေ့လျော့ခြင်း။
(၁၀)။စီးပွားပျက်ခြင်းမှစ၍ သေလွန်သည့်အခါ အပါယ်ဒုဂ္ဂတိဘဝ လားရောက်ရသည်အထိ ဆိုးကျိုးများကိုဖြစ်ပေါ်စေတတ်ပါတယ်။

ထိုဆိုးကျိုးတွေထဲကမှ အရက်သေစာ မူးယစ်ခြင်းကြောင့် သတိတရားတွေကင်းလွတ်ပြီး မိမိရဲ့ သားကိုပင် ပြန်ပြီး
သတ်စားတဲ့ဘုရင်ကြီး တစ်ပါးအကြောင်းကို ဥပမာပေးပြီး
ဖော်ပြချင်ပါတယ်။

♠ ဗာရာဏသီပြည်မှာ ဘုရင်ကြီးတစ်ပါး အရက်နဲ့အသားကို အလွန်ကြိုက်ပါတယ်။အရက်မသောက်ရရင်မနေနိုင်သကဲ့သို့ အသားမစားရရင်လည်း မနေနိုင်အောင်ဖြစ်ပါတယ်။အောက်ထစ်ဆုံး အသားမပါရင်တောင်ပွဲတော်တည်လေ့မရှိသည်ထိ အသားကိုအင်မတန်ကြိုက်တာပါ။အဲဒီတိုင်းပြည်မှာလည်း ဥပုသ်နေ့အသားမသတ်ရခြင်းဆိုတဲ့ ဥပဒေတစ်ရပ်ကိုလည်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့်ဥပုသ်နေ့မတိုင်မီ အသားကိုကြိုတင်ဝယ်ထားရပါတယ်။တစ်နေ့တော့ အဲလိုကြိုတင်ဝယ်ထားတဲ့အသားကို ခွေးကစားသွားတော့ ပွဲအုပ်တည်ဖို့ အသားပဲဖြစ်နေပါတယ်။အသားဟင်းမပါပဲ ပွဲတော်ဆက်သရမှာကိုကြောက်တဲ့ စားတော်ကဲကလည်း မိဖုရားကြီးထံအကြံဥာဏ်တောင်းပါတယ်။

မိဖုရားကြီးကလည်း မင်းကြီးက သားတော်လေးကိုအင်မတန်မှ
ချစ်တဲ့အတွက် ပွဲတော်တည်နေခိုက် အသားမပါသည်ကိုသတိပြုမိမည်မဟုတ်ဟု အထင်ဖြင့် သားတော်လေးကိုဘုရင်ကြီးရင်ခွင်ထဲကိုထည့်ပေးလိုက်ပါတယ်။

မင်းကြီးလည်း သားတော်လေးကိုကြည့်ပြီး ပီတိဖြစ်ပါတယ်။အဲဒီအခါကျမှာစားတော်ကဲက ပွဲတော်ကိုဆက်သလိုက်ပါတယ်။မင်းကြီးလည်းအရက်အလွန်းမူးနေသော်လည်း အသားမပါသည်ကိုချက်ချင်းသိလိုက်ပါတယ်။အသားဟင်းဘယ်မလဲဟုဆိုကာ
ဒေါသအမျက်ခြောင်းခြောင်းထွက်တာကြောင့် အသားဟင်းဒီလောက်ရှားလိုက်တာကွာဟုဆိုကာရင်ခွင်ထဲမှ
သားတော်လေးကိုလည်ပင်းလိမ်ချိုးပြီး ဒါကိုချက်ခဲ့ဟုဆိုတာ ၊
ဘုရင်ကြီးသည် တစ်နေ့လုံး အရက်သောက်လိုက်၊သားတော်လေးရဲ့အသားကိုမြည်းလိုက်နဲ့စည်းစိမ်ယစ်ပြီး
အိပ်ပျော်သွားပါတယ်။

မနက်မိုးလင်းတော့ အမူပြေသဖြင့် ငါသားတော်လေးကိုခေါ်ခဲ့ဟုတောင်းခံပါတယ်။
ဒီအခါမှမိဖုရားကြီးကရှိုက်ကြီးတငင်ငိုကြွေးပြီး
အဖြစ်ပျက်အားလုံးကိုလျှောက်တင်လိုက်ပါတယ်။
ဘုရင်ကြီးလည်း အင်မတန်ထိတ်လန့်ပြီး ပြင်းထန်ကြီးမားသော
ဆင်းရဲကို ခံရပါတော့တယ်။

အဲဒီအခါကျမှ သားကိုသားမှန်းမသိအောင် အသိဥာဏ်ကင်းစေတဲ့
အရက်ကို နောက်နောင်မသောက်တော့ဟု အဓိဋ္ဌာန်ပြုလိုက်ပါတယ်။အဲဒီအခါကျမှ ဘုရင်ကြီးအရက်ပြတ်သွားပါတယ်။

ဒါက အရက်သမားတစ်ယောက်ရဲ့ အရက်မူးခြင်းကြောင့်
မိမိရဲ့သားကိုပင် သားဟုမမြင်ပဲ အင်မတန်ထိတ်လန့်စရာ
ကောင်းတဲ့ အမှားတစ်ခုဖြစ်ပါတယ်။

♠ ယခုခေတ်အခါမှာလည်း အားလုံးကိုတော့ မရည်ရွယ်ပါဘူး။
မိဝေးဖဝေး ရောက်နေတဲ့ ဒကာလေးတွေ ။ ဒကာမလေးတွေ ထိုထိုအရက်သေစာများကို သောက်စားမူးယစ်ပြီး မမှားသင့်သည့်အရာများစွာကိုမှားနေကြပါတယ်။
မိဘအုပ်ထိန်းသူတို့ရဲ့ အောက်ကနေလွတ်နေခြင်းကြောင့်
အပျော်ဖက်ပြီး သောက်စားနေကြပါတယ်။အဲလိုသောက်စားနေခြင်းကြောင့်လည်း သတိတရားတွေ
ကင်းမဲ့ခြင်းကြောင့် ဘဝပျက်ပြီး ပျက်စီးနေကြတဲ့သူများ
ရှိနေကြပါတယ်။ပျော်လို့ပဲသောက်သောက် စိတ်ညစ်လို့ပဲ
သောက်သောက် ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်ပဲ
သောက်သောက် အရက်ဆိုတာမျိုးက ကောင်းကျိုးဆိုတာအပ်ဖျားလောက်မှပင် မပေးတတ်ပါ။
ဆိုးကျိုးများစွာကိုပဲဖြစ်စေတာပါ။

♠ ကိုယ်ကမသောက်လည်း သူများသောက်ဖို့တိုက်တယ်
ဆိုရင်လည်း အပါယ်လေးပါးရောက်စေတတ်တဲ့ အလှူဒါနမှာ အရက်သေစာလှူဒါန်းခြင်းလည်းပါပါတယ်။

ထိုထိုသော အပျက်များစွာ အမှားများစွာကိုဖြစ်စေတတ်တဲ့
အရက်စတဲ့ မူးယစ်ဆေးဝါးများကို မသုံးစွဲကြပါနဲ့လို့ အနူးအညွတ် မေတ္တာရပ်ခံချင်တာပါ။

အရက်သေစာကိုရှောင်ကြဉ်လိုက်မယ်ဆိုရင် သုရာမေရယကံကို ထိန်းရာရောက်သဖြင့် ဖော်ပြခဲ့ဆိုးကျိုးတွေရဲ့ပြောင်းပြန်ေ
ကောင်းကျိုးတွေကို ရရှိစေမှာပါဖြစ်ပါတယ်။ဒီပိုစ့်လေးကို ဖတ်ပြီး အရက်သေစာသောက်စားမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ပါစေ။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာ တက္ကသိုလ် ၊အိန္ဒိယနိုင်ငံ)

----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

Shared from Honey Lay (FB)

Friday, February 22, 2013

တကယ်လို့

တကယ်လို့ သင်ဟာ ရက်စက်တဲ့ စကား တစ်ခွန်း ပြောမယ်လို့စဉ်းစားမိရင်...

စကားမပြောနိုင်တဲ့ သူကို သတိရပါ။


တကယ်လို့ သင်ဟာ သင့်ရဲ့ အလှအပကို အလိုမကျခဲ့ရင်...

ကိုယ်လက်အင်္ဂါချို့တဲ့ နေသူတွေကို သတိရပါ။


တကယ်လို့ သင်ဟာ သင့် အစာရဲ့ အရသာကို မနှစ်မြို့ခဲ့ဘူးဆိုရင်...

အစားအစာ ငတ်မွတ်သူ ကို သတိရပါ။


တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူ ကို အလိုမကျဖြစ်နေမယ်ဆိုရင်...

ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆို နေတဲ့ သူကို သတိရပါ။


တကယ်လို့ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်...

အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ ကံဆိုးတဲ့ ကလေးငယ်တွေကို သတိရပါ။


တကယ်လို့ သင့်သားသမီးတွေပေါ်မှာ စိတ်တိုင်းမကျခဲ့လို့၇ှိရင်...

ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။


တကယ်လို့ သင့်အိမ် ပေပွညစ်ပတ်နေတာ၊ လူတွေ စည်းကမ်းမရှိတာကို တွေ့ခဲ့ရင်...

လမ်းပေါ်မှာ ဘ၀ကို အသက်ဆက်နေရတဲ့ လူသားတွေကို သတိရပါ။


တကယ်လို့ သင့်ရဲ့ အလုပ်မှာ မောပန်းတယ်.... ငြီးငွေ့တယ်လို့ ခံစားရရင်...

အလုပ်လက်မဲ့ လူတန်းစားကို သတိရပါ။


တကယ်လို့ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့....

လူသားတိုင်း အပြစ်နဲ့ မကင်းဘူးဆိုတာကို လက်ခံသတိရပေးပါ။


တကယ်လို့ စိတ်ဓာတ်ကျစရာ အတွေးတွေက အိပ်မက်တွေကို ဖျက်ဆီးတဲ့ အခါ...

သင့် မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး၊ လောကကြီးမှာ သင် အသက်ရှင်နေသေးတာကို သတိရပါ။

Shared from Rupa Singi (FB)

Thursday, February 21, 2013

Singapore က .. လူ ...


ခါးသက်သက် Alarm တစ်ခွက် သောက်ပြီး နေ့တစ်နေ့ကိုစ ...



ကိုယ်ပိုင်ချိန်ဆိုတာ အများဆုံးက တစ်နေ့မှာ ၅နာရီထက် မပို ..

"အချိန်မလောက်ဘူး" ဆိုတဲ့ ညည်းတွားသံတွေကြားက၊

ပိတ်ရက် တွန့်တိုတဲ့ ဒီနေရာမှာ တဖြေးဖြေး လျော့ပါးလာတဲ့ လူမှုရေးအလွှာတွေနဲ့ နေသားတကျ ဖြစ်လာတဲ့ သူ၁ယောက် ..



နားကြပ်တွေ တပ်ထားလေ့ ရှိတဲ့ ရေခဲ မျက်နှာတွေနဲ့အတူ Mrt, Bus တွေ တိုးဝှေ့စီးရင်း,

လခ ဆိုတာကြီးကို bank account ထဲ လွှဲပေးတဲ့ နေရာ ရောက်ဖို့ ပြေးလွှားရတဲ့ မနက်တွေဆက်...



ကိုယ့်ကိုကိုယ် ရှေ့ကမှန်ထဲ ကြည့်မိတော့ ... သီချင်းသံထွက်နေတဲ့ နားကြပ် တစ်ခုတပ် ထားတဲ့ ..

stress ရိုက်ချက်နဲ့ အသက်မဲ့နေတဲ့ မျက်နှာ .. အပြုံးသေ တစ်ခုတော့ အကျအန ချိတ်ဆွဲထားလေရဲ့..



Dictionary ရဲ့ ချောင်ကြားက လူနားမလည်တဲ့ ဝေါဟာရ ခပ်လေးလေးတွေနဲ့ ပစ်ပေါက်တမ်း ကစားရင်း ..

စကားအရှည်ကြီးတွေ အသက်မရှုဘဲ ပြောတတ်တဲ့ ဒီကျွန်းနိုင်ငံမှာ ..... ငါ ...

ဘာလာလာ Complain ဆိုတဲ့ ကူးစက်ရောဂါ ရခဲ့တယ် ...



အနှစ်မပါ အပေါ်ယံ သကာ သက်သက် ချောင်းဆိုးချင်စရာ စကားအချိုတွေ ခပ်လွယ်လွယ် ထွက်ကျ တတ်လာတယ် ...



စိတ်ရှည် သည်းခံနိုင်မှု limit တွေ နည်းလာတာနဲ့ အမျှ .. ဒီနှုတ်ခမ်းကပဲ အရင့်ရောင် စကားလုံး အရိုင်းတွေလဲ သွန်ချပစ်တတ် လာပြန်တယ် ..



Calender ပေါ်က ရက်စွဲတွေမှာ .. Robot Life ကို ကျင်လည်ရင်း ..

အခင်ဆုံး သူငယ်ချင်းတွေ အချင်းချင်းတောင် ၁လ ၁ကြိမ်လောက် ဆုံဖို့ မလွယ် ...



credit cards, branded, properties တွေကြား ၀ရုန်းသုန်းကား စီးမျောရင်း ...

တစ်ချက် တစ်ချက် တွေတွေလေး ငေး ... သတိရ မိတာက ...

မိဘရင်ခွင် ထဲက အပူကင်းမဲ့တဲ့ ဘ၀နဲ့ ..... မိသားစု ရဲ့ ရယ်သံတွေ ............



Stress အပြည့်နဲ့ ဦးနှောက်က တစ်ကိုယ်ကောင်းဆန်ဆန် ... ကျန်တာတွေ သိပ်ဂရုမစိုက် တတ်တော့ပေမယ့် ...

ကိုယ့်အတွက် အမြဲ တံခါးဖွင့်ထားပါတယ် ဆိုတဲ့ အမေ့အိမ်ကို တမ်းတနေဆဲပါ ...



Respect သိပ်မရှိတဲ့ လူမျိုးစုံကြားမှာ ကိုယ်လဲ ဂါရ၀ တရားကင်းလာတယ် ဆိုပေမယ့် ...

အမိမြေက ဘုရားတွေ လွမ်းမောစွာ သတိရ မြင်ယောင် နေတတ် နေဆဲပါ ...



အဆင်တန်ဆာ ဆေးရောင်စုံတွေကြား ... မြန်မာ ၀တ်စုံကို မက်မောနေဆဲပါ ...



ဒါပေမယ့်လဲ ... မွေးရပ်မြေရဲ့ အဆင်သင့် မဖြစ်သေးတဲ့ မှောင်မဲမဲ ရင်ခွင် ကြောင့် ...



ထူးအိမ်သင် ရဲ့ "ကြယ်တွေစုံတဲ့ည" လို ...

မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေ ... ဆက် .. မက် .. ရ .. ဦး .. မယ် .............................



(Phway)

By - Phway N Kmt

Original - -- ▼

https://www.facebook.com/notes/phway-n-kmt/singapore-က-လူ-/571977149498529

----------------------------------------------
☻☻☻

Sharing by - ရေးမိရေးရာလေးများ

"အရှုံးထဲမှ အမြတ်ထုတ်ကြသူများ"

“ပုထုကိလေသေ ဇနေတီတ ပုထုဇ္ဇနော” ကိလေသာတို့ကိုဖြစ်စေတတ်သောကြောင့် ပုထုဇဉ်လို့
ဆိုပါတယ်။

ပုထုဇဉ် ဖြစ်ကြတဲ့လူသားတိုင်းဟာ ကိလေသာလို့ဆိုတဲ့
အကုသိုလ်တရားနဲ့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။
အနည်းနဲ့အများသာ ကွာခြားပါ လိမ့်မယ်။ ကိလေသာတွေမကုန်သေးသရွေ့အမှားဆိုတာ
လုံးဝမကင်းနိုင်ကြသေးပါဘူး။

တခါတလေ အကြာင်းအမျိုးမျိုးကြောင့် မလွဲမရှောင်သာ
အမှားတွေ အကုသိုလ်တရားတွေ ပြုမိတတ်ကြပါတယ်။
အမှားတွေ ပြုလိုက်မိပြီဆိုရင် မိမိပြုလိုက်တဲ့ အကုသိုလ်
အမှားကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး နောင်မမှားအောင် သင်ခန်းစာယူတတ်ဖို့ လိုပါတယ် ။

♦ ငါနောက်တခါ ဒါမျိုးမမှားအောင် ကြိုးစားမယ်ဆိုတဲ့ သတိလေးထားတတ်မယ်ဆိုရင် သတိရှိတဲ့အတိုင်းလည်း
နေမယ်ဆိုရင် လူတော်တစ်ယောက် ၊ လူစွမ်းကောင်းတစ်ယောက်လို့ဆိုနိုင်ပါတယ်။

♦နောက်တစ်ခါ ကိုယ်ကျူးလွန်ခဲ့တဲ့ အကုသိုလ်အပြစ်ကိုပဲ
အရင်း တည်ပြီး ဆင်ခြင်သတိရှိကာ ဝိပဿနာတရား(တနည်း)ဥာဏ်နဲ့ယှဉ်ပြီး
ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုး ပေးနိုင်ပါတယ်။

♦ ဒါဟာကုသိုလ်ကို အရှုံးမပေး၊
အမှားကိုဆင်ခြင်ကာ အရှုံးထဲက အမြတ်ထုတ်လိုက်တာပါပဲ ။ ရှေးပညာရှိသူတောင်ကောင်းတို့ လည်း ဒီလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြပါတယ်။

ဒါကြောင့် ‘ ပဏ္ဍိတာနဉ္စ သေဝနာ’ ဆိုတဲ့
မင်္ဂလာဒေသနာတော် အတိုင်း ပညာရှိ တို့ကို
နည်းမှီကာ မိမိတို့လိုအပ်သော ပန်းတိုင်ကို
လျှောက်လှမ်းကြရပါမယ်။

♠ “ ရဟန်းတို့ ကိလေသာမည်သည် သေးငယ်သည်မရှိ “လို့မြတ်ဗုဒ္ဓမိန့်တော်မူခဲ့ပါတယ်။ အကုသိုလ်(အပြစ်)
ကိလေသာ တရားတွေဟာ ငယ်တယ်မရှိပါဘူး။
ကိလေသာမှန်သမျှ အကုသိုလ်မှန်သမျှ အပြစ်တွေသာ
ဖြစ်တဲ့ အတွက် ကြောင့် အားလုံးဟာ ကြောက်မက်ဖွယ်ရာ
တွေသာ ဖြစ်ကြပါတယ်။

♠ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်အချိန်ကဖြစ်ပါတယ်။ ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်
ကာသိ တိုင်း ရွာတစ်ရွာတွင် မိတ်ဆွေနှစ်ဦးတို့သည်
ရေဗူးကိုယ်စီဖြင့် လယ်တောသို့သွားကြကုန်၏။
သင့်လျှော်ရာနေရာတစ်ခု၌ ရေဗူးကိုထားကြပြီး
လယ်ကိုခုတ်ထွင်းကြကုန်၏။

ထိုမိတ်ဆွေနှစ်ဦးတို့တွင် တစ်ယောက်သောသူသည်
ရေသောက်အံ့သောငှာ ရေဗူးရှိရာအရပ်သို့လာ၍
မိမိ ရေဗူးမှ ရေကုန် သွားမည်စိုး၍ မိတ်ဆွေ၏ ရေဗူးကို
ပိုင်ရှင်မသိဘဲ ခိုးယူသောက်မိလေသည်။

ညချမ်းရောက်သောအခါ ရေသန့်စင်ပြီး ယနေ့
ငါ၏သန္တာန်၌ အဘယ်မည်သော မကောင်းမှုသည်
တည်ရှိနေသ နည်းဟု ဆင်ခြင်လိုက်တဲ့အခါ မိတ်ဆွေ၏
ရေဗူးထဲမှရေကို ခိုးသောက်မိတဲ့အပြစ်ကို မြင်မိလေ
သောကြောင့် ထိန့်လန့်သ ဖြင့် ဤကိလေသာတဏှာသည် တိုးပွားလတ်သော် ငါ့အား အပါယ်ငရဲသို့ ရောက်စေလတ္တံ့ဟု ကြောက်သောစိတ်ဖြင့် ထိုနေရာ၌ မိမိပြုခဲ့သော ကိလေသာ
ကိုပင် အရင်းတည်ကာ ဝိပဿနာတရားအားထုတ်လိုက်တာ တစ်ခဏအတွင်း၌ပင် ပစ္စေက ဗောဓိညဏ်ကို ရရှိခဲ့ပါသည်။

♠ ကာသိရွာ၌ပင် တစ်ယောက်သော သူကြွယ်သည်လည်း
မိမိအိမ်၌နေစဉ် မိန်းမတစ်ဦးကိုမြင်၍ ဣနြေ္ဒတို့ကိုဖျက်လျက် တစိမ်းစိမ်းကြည့်ကာ ကာမတဏှာဝိတက်များ ကြံမိလေသည်။
ဤလောဘ ကာမတဏှာသည် ငါ့အား အပါယ်ငရဲ သို့
ရောက်လတ္တံ့ဟု ထိန့်လန့်သောစိတ်ဖြင့် ထိုလောဘ
တဏှာကိုပင် အခြေခံကာ ဝိပဿနာတရားအားထုတ်လိုက်တာ
ထိုနေရာ၌ပင် ကစ္စေက ဗောဓိဥာဏ်ကို ရရှိသွားခဲ့ပါတယ်။

♠ ကာသိတိုင်းမှ တောအုပ်တစ်ခုဝယ် ထကြွသောင်း
ကျန်းနေသော လူဆိုးခိုးသားများသည် သားနှင့်အဖကို
တွေ့ လျှင် သားကိုဖမ်း၍ အဖေကို ဥစ္စာပြန်ယူခိုင်းလေသည်။
တစ်နေ့တွင် ထိုလမ်းခရီးသို့လာခဲ့ကြသော သားအဖိတို့သည် လူဆိုးခိုးသားများ အဖမ်းခံရသောအခါ သင်တို့နှစ်ယောက်သည်
အဘယ်သို့ တော်စပ်ကြသည်သနည်းဟုမေးလေ၏။သားအဖိနှစ်ယောက်တို့သည် ခိုးသူများ ဘေးရန်ကြောင့် ဘာမျှမတော်စပ်ကြဟု ညာပြောခဲ့လေသည်။

♠ ထိုတောအုပ်မှပြန်၍ ညချမ်းသောအခါ တစ်နေ့တာ၏
အပြောအဆို၊အပြုအမူ၊ အကြံအစည်တွေပေါ်မှာ
သန့်ရှင်း မှု ရှိ ၊ မရှိကို ပြန်လည်သုံးသပ်လိုက်သောအခါ
နေ့ဘက်က ကျူးလွန်ခဲ့သော မုသာဝါဒကိလေသာအပြစ်ကို
တွေ့မြင်လေ သောကြောင့် ထိန့်လန့်သည်ဖြစ်၍ အပါယ်ငရဲသို့ကျမည်စိုးသဖြင့် ထိုနေရာ၌ပင် ဝိပဿနာတရား အားထုတ်လိုက်တာ ပစ္စေက ဗောဓိဥာဏ်သို့
ဆိုက်ရောက်လေတော့သည်။

ထိုထိုသာဓကများသည် ရှေးသူတော်ကောင်းများ ကျင့်ဆောင်
သွားခဲ့ အရှုံးထဲမှ အမြတ်ထုတ်သွားခြင်းပဲ ဖြစ်ပါ သည်။

♦♦ စာရှုသူ သူတော်ကောင်းအပေါင်း တို့သည်လည်း
မိမိကိုယ်ကို "အမြဲစစ်ဆေး" နေဖို့လိုအပ်ပါသည်။ ♦♦

♦ အဲဒီလို စစ်ဆေး နေခြင်းသည်
" မြင့်မြတ်သူတွေရဲ့လုပ်ငန်းတစ်ရပ်ပဲ" ဖြစ်ပါသည်။

♦ ထို့ကြောင့် မိမိပြုမိခဲ့သော အကုသိုလ်အပြစ်ကိလေသာ
တွေကို အရှုံးမပေးဘဲ သတိဥာဏ်လေးကပ်ပြီး ဝိပဿနာတရားအားထုတ်လိုက်မယ်ဆိုရင်
တနည်းအားဖြင့် နောင်ဒါမျိုး မဖြစ်အောင်
ကြိုးစားဆင်ခြင်မယ်လို့ စိတ်ဓါတ်လေးပြောင်းလိုက်မယ်ဆိုရင်
"အရှုံးထဲက အမြတ်ထုတ်လိုက်တာပဲ" ဖြစ်ပါ တယ်။ ♦

" မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထား" ဆိုသော
ဘုရားဒေသနာတော် အတိုင်း ဓမ္မမိတ်ဆွေသူတော်ကောင်း
အပေါင်းတို့သည် ဘဝကိုအရှုံးမပေးဘဲ
ရှေးပညာရှိသူတော်ကောင်းတို့၏ နည်းလမ်းအတိုင်းလိုက်နိုင် ရှောင်နိုင်ကြပါစေဟု ဆန္ဒမွန်ဖြင့် -

(သဗ္ဗသတ္တာနံ သုခိတာ ဟောန္တု)
ဇိနောရသ
[အရှင်ဣန္ဓသီဟ (လှည်းကူး)]
ညွှန်း - ဇာတက နိပါတ်တော်

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_
Shared from Honey Lay (FB)