Wednesday, August 6, 2014
ဘန်ကောက်က ကားစပယ်ယာ ရန်ကုန်ကို ပို့လိုက်ပါ
ဗုဒ္ဓဟူးနေ့က ဘန်ကောက်ပို့စ်သတင်းစာက အွန်လိုင်းမှာ၂ မိနစ်စာ ရုပ်သံဖိုင်တခု ထည့်လိုက်ပါတယ်။
ဘန်ကောက်မြို့ အမှတ် ၇၉ ဘတ်စ်ကားလိုင်းမှာ လုပ်ကိုင်နေတဲ့ ကားစပယ်ယာတယောက်အကြောင်း ရိုက်ကူးထားခြင်းပါ။
ဘန်ကောက်မှာ တခြားသော ကားစပယ်ယာများက ကားလက်မှတ်ရောင်းတဲ့အလုပ်ပဲ လုပ်ပေမယ့် သူက အဲဒါထက် ပိုပြီး လုပ်သူပါ။
သူက ခရီးသည်တွေနဲ့ တရင်းတနှီးနေ၊ စကားပြောတယ်။
စာအုပ်တအုပ်ကိုင်ပြီး စာဖတ်ပြလိုက်ပါသေးတယ်။ အပျင်းပြေအောင် ဖြစ်ပါလိမ့်မယ်။
ဒါက ခရီးစဉ်တိုင်း သူ လုပ်နေကျပါပဲ တဲ့။
(သူ့အသံ အမြဲကြားရမယ့် ကားဒရိုင်ဘာကတော့ စိတ်ညစ်နိုင်တယ် သို့မဟုတ် သဘောကျလိမ့်မယ်။
ခရီးသည်တချို့လည်း သူ စာဖတ်ပြတာကို ကြိုက်ချင်မှ ကြိုက်မယ်)
သေချာတာကတော့ ခရီးသည်တွေကို သူက ၀န်ဆောင်မှုကောင်းကောင်းပေးဖို့ ကြိုးစား၊ ဖျော်ဖြေတင်ဆက်ဖို့ ကြိုးစားနေခြင်းပါပဲ။
ခရီးသည်တွေဆီကနေ ရလာတဲ့ တုန့်ပြန်ချက်တွေကြောင့် ဝမ်းသာရတယ်၊ ဒီရဲ့ ပီတိကို ဘယ်မှာမှ သွားဝယ်လို့ မရဘူးလို့ သူက ပြောဆိုတာကို ရုပ်သံမှာ ဖော်ပြပါတယ်။
ခရီးသည်တွေ သူ့ကို တွေ့တာနဲ့ နွေးထွေးမှု ရသွားစေချင်ပါတယ် တဲ့။
သူ့နာမည်က Paitoon Samraj
ခရီးသည်တဦးရဲ့ အိတ်ကို ကူညီ သယ်ချပေးတာလည်း တွေ့ရပါမယ်။
ရန်ကုန်က ဘတ်စ်ကားတွေမှာ သူ့လိုမျိုး ကားစပယ်ယာ ရှိမယ်ဆိုရင် ကောင်းမှာပဲ။
ရန်ကုန်က ကားစပယ်ယာများလည်း အဆက်မပြတ် ပြောနေကြတာပါပဲ။ သို့သော်လည်း ပြောပုံခြင်းတော့ မတူပါလေ။
အမျိုးသမီး ခရီးသည်တယောက်ဆိုရင် ဘောပြားမ ဆိုပြီး စပယ်ယာက ဆူပူပြောဆိုတာ ခံရတယ်၊ ကားပေါ်ကအဆင်းမှာ ကန်ချခံရလို့ ကားပေါ်ကနေ မှောက်လျက် ပြုတ်ကျတယ်လို့ မှုခင်းသတင်းတပုဒ်က ဆိုတယ်။ ဒါကတော့ အဆိုးဆုံးသော ဖြစ်ရပ်တခု ဆိုပါစို့။
ခရီးသည်တွေ ကားစပယ်ယာတချို့ရဲ့ဒဏ်ကို ခံနေရတာကတော့ ရန်ကုန်ရဲ့ပုံရိပ်ဆိုးတခုပါပဲ။
ကားစပယ်ယာတချို့ ရိုင်းစိုင်းတာတော့ ဟုတ်ပါပြီ။ ယာဉ်မောင်းသူတွေကရော?
ရန်ကုန်က ယာဉ်မောင်းသူတွေအကြောင်း သိချင်ရင် ရန်ကုန်မြို့ထဲမှာ လမ်းကူးကြည့်လိုက်ရုံပါပဲ။
ခင်ဗျားတို့ကို လမ်းပေါ်မှာ လမ်းလျှောက်ခွင့်မပေးချင်တဲ့ ယာဉ်မောင်းတွေ အများအပြား ရှိတယ်ဆိုတာကို အံ့သြတကြီး တွေ့ရပါလိမ့်မယ်။
လူအများအပြား စိတ်ရိုင်းဝင်လာကြခြင်းဟာ ဘာကြောင့်များလဲ။
ဒါကတော့... ဆက်လက် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။
ပုခက်လွှဲသော လက်ပိုင်ရှင် ယာဉ်နောက်လိုက်များ
http://burma.irrawaddy.org/business/2014/06/03/59803.html
ရန်ကုန်မြို့တွင် ခရီးသွားခြင်း
http://burma.irrawaddy.org/article/2013/10/14/49501.html
http://burma.irrawaddy.org/
Shared from Irrawaddy (Burmese Version) (FB)
No comments:
Post a Comment