Tuesday, March 4, 2014

“တစ်နေ့တာကို ဖြတ်သန်းကြည့်ခြင်း”


မြတ်စွာဘုရားရှင်ရဲ့ ဗုဒ္ဓကိစ္စများနဲ့ တစ်နေ့တာ ကုန်ဆုံးခဲ့ပုံတွေကို ဖတ်ရှုကြည်ညိုရင်း ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းရတဲ့ အချိန်လေးတွေကို သတိတရ ဆင်ခြင်နေမိခဲ့ပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်တွေရဲ့ တစ်နေ့တာ ကုန်ဆုံးသမျှ အချိန်တွေကို ပြန်ကြည့်တဲ့အခါ
“(၁) နံနက်ပိုင်းမှာ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ အနုမောဒနာပြုခြင်း ပုရေဘတ္တကိစ္စ
(၂) နေလွဲအခါနဲ့ ညနေပိုင်းမှာ ပူဇော်ရန် ရောက်လာသူတို့ရဲ့ အပူဇော်ခံပြီး သင့်တော်တဲ့ တရားဟောခြင်း ပစ္ဆာဘတ္တကိစ္စ၊
(၃) ညာဥ့်ဦးယံမှာ ရဟန်းတို့အား တရားဟောခြင်း၊ ကမ္မဌာန်းပေးခြင်းစတဲ့ ပုရိမယာမကိစ္စ၊
(၄) သန်းခေါင်ယံမှာ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြတဲ့ နတ်၊ဗြဟ္မာတွေရဲ့ အမေးပုစ္ဆာ ပြဿနာတို့ကို ဖြေဆိုတော်မူခြင်း မဇ္ဈိမယာမကိစ္စ၊
(၅) မိုးသောက်ယံမှာ စင်္ကြံကြွတော်မူခြင်း၊ လျောင်းစက်ကျိန်းတော်မူခြင်း၊ နိရောဓသမာပတ် ဝင်စားတော်မူခြင်း၊ သမာပတ်မှ ထတော်မူတဲ့
အရုဏ်တက်ခါနီးအချိန် ယနေ့ ချွတ်ထိုက်တဲ့ သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ပစ္ဆိမယာမကိစ္စ” ဆိုတဲ့ နေ့စဉ် ဗုဒ္ဓကိစ္စများနဲ့ပဲ (၄၅)ဝါလုံးလုံး ကုန်ဆုံးတော်မူခဲ့တာကို
တွေ့ရမှာ ဖြစ်ပါတယ်။

ဘုရားရှင်တွေရဲ့ တစ်နေ့တာ ကုန်ဆုံးချိန်တွေဟာ အများအတွက်၊ ဝေနေယျတွေ အတွက်ပဲ ဖြစ်နေခဲ့ပေမယ့် ဘုန်းဘုန်းအပါအဝင် သတ္တဝါအတော်များများရဲ့ တစ်နေ့တာ ဖြတ်သန်းမှုတွေကတော့ တစ်ခါတစ်လေ ဘာမှအကျိုးမရှိ အချည်းနှီးနဲ့ ဖြတ်သန်းနေကြသလို
ဖြစ်နေတတ်ပါတယ်။ အကျိုးမရှိဆို ကိုယ့်အတွက်လည်း အကျိုးမရှိ၊ တခြားသူအတွက်လည်း အကျိုးမရှိဘဲ ဖြတ်သန်းနေကြတဲ့ အဖြစ်တွေတောင် ရှိနေတတ်ပါသေးတယ်။
www.facebook.com/youngbuddhistassociation.mm

တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့ ကိုယ့်ရဲ့ အချိန်တွေကို ပြန်တွေးကြည့်ရင် ဟိုလိုလို ဒီလိုလို ဟိုဟာလည်းမဟုတ်၊ ဒါလည်းမဟုတ်ပဲနဲ့ ကုန်သွားတာတွေလည်း အများကြီးပါပဲ။

ဖြတ်သန်းခဲ့ရတဲ့ တစ်နေ့တာ အချိန်ဟာ ဟိုလိုလို ဒီလိုလို ဖြစ်ခဲ့ရင်တောင်မှ မကောင်းတဲ့ “အကုသိုလ်”တွေနဲ့ မဖြတ်သန်းခဲ့ဘူး
ဆိုရင် ဒါဟာ အဆိုးထဲကအကောင်း အနေနဲ့ တော်သေးတယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ တစ်နေ့တာဟာ ကုသိုလ်နဲ့ ဖြတ်သန်းခြင်း မဟုတ်တာတောင်မှ အကုသိုလ် အလုပ်တွေနဲ့ မဖြတ်သန်းမိဘူးဆိုရင် မဆိုးလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ကုသိုလ်နဲ့ မဖြတ်သန်းမိလို့ ကုသိုလ်မရရုံပဲ ရှိပေမယ့် အကုသိုလ်နဲ့သာ ဖြတ်သန်းမိရင်တော့ အကုသိုလ်အပြစ်တွေပါ ရရှိလာတော့မှာ ဖြစ်ပါတယ်။

ပညာရှိ သူတော်ကောင်းများကတော့ ကုန်ဆုံးသွားတဲ့ ကိုယ့်ရဲ့တစ်နေ့တာကို ပြန်ဆင်ခြင်ကြည့်လို့မှ “ကုသိုလ်၊ ပညာ၊ ကျန်းမာရေး၊ စည်းစိမ်ဥစ္စာ၊ စိတ်စွမ်းအားတန်ခိုး” ဒီငါးမျိုးထဲက
တစ်ခုမှကို မရလိုက်ဘူးဆိုရင် အဲဒီနေ့ဟာ အကျိုးမရှိ အချည်းနှီးဖြစ်တဲ့ နေ့ပဲလို့ ဆုံးမလေ့ရှိပါတယ်။

ကိုယ့်ရဲ့တစ်နေ့တာကို ပြန်ဆင်ခြင်ကြည့်လို့မှ 
●ကုသိုလ်တစ်ခုခု မရလိုက်ဘူး။
●လောကီလောကုတ္တရာ ပညာ တစ်ခုခုမှ မရလိုက်ဘူး၊
●ကျန်းမာရေး စောင့်ရှောက်မှုလည်း မရှိလိုက်ဘူး၊
●စည်းစိမ်ဥစ္စာ ရှာဖွေမှုလည်း တစ်ခုမှ မလုပ်ဖြစ်ဘူး၊
●စိတ်အစဉ် တည်ငြိမ်မှု၊ စိတ်စွမ်းအား တိုးတက်မှု တစ်ခုခုကိုလည်း
တိုးတက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ကုန်ဆုံးသွားတဲ့ တစ်နေ့တာဟာ အကျိုးမပြီး အချည်းနှီးကုန်ဆုံးခြင်းပဲလို့ ဆိုလိုတာ ဖြစ်ပါတယ်။

♠ဒီထက်ပိုပြီး အချည်းနှီး အကျိုးမရှိဖြစ်စေတာက အဲဒီငါးမျိုးထဲက တစ်ခုမှကို ရအောင်မလုပ်နိုင်တဲ့အပြင် အကုသိုလ်အလုပ်တွေနဲ့ပဲ တစ်နေ့တာကို ကုန်ဆုံးခဲ့ကြမယ်ဆိုရင်တော့ ဒါဟာ ဘာနဲ့မှ
အစားထိုးလို့ မရတဲ့ အချည်းနှီးကုန်ဆုံးမှုပဲ ဖြစ်ပါတယ်။
www.facebook.com/youngbuddhistassociation.mm

ဆိုတော့ကား ကိုယ့်ရဲ့တစ်နေ့တာ ဖြတ်သန်းမှုဟာ အကျိုးကြီးဖို့ထက် အကျိုးမယုတ်အောင် အရင်လုပ်ဖို့ လိုလာတဲ့ သဘောရှိပါတယ်။
တစ်နေ့တာကုန်ဆုံးချိန်ဟာ အကုသိုလ်အလုပ်တွေနဲ့ မကုန်မိအောင် အရင်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိပ်ရာက နိုးထမှုကနေ အိပ်ရာဝင်သွားတဲ့အထိ တစ်နေ့တာ အချိန်တွေကို “အကုသိုလ် အလုပ်၊ အကုသိုလ်အပြော၊ အကုသိုလ် အတွေးတွေ”နဲ့ပဲ ဖြတ်သန်းကုန်ဆုံး
မသွားရအောင် ကြိုးစားကြဖို့ လိုပါတယ်။

အိပ်ရာက နိုးနိုးချင်း
♠မကောင်းတဲ့အတွေး၊
♠ကိလေသာအတွေးက အရင်စဖြစ်လာမယ်။
♠အဆဲလေးနဲ့ နှုတ်ဆက်ကြမယ်။
♠အရက်ခွက်လေးနဲ့ မျက်နှာသစ်ကြမယ်ဆိုရင်
တစ်နေ့တာရဲ့ အစဟာ အကုသိုလ်တွေနဲ့ စလိုက်သလို ဖြစ်တတ်တဲ့အတွက် ကုသိုလ်ဖြစ်စရာ အကျင့်လေးတွေ မလုပ်ဖြစ်တောင်မှ ဒီလိုအကုသိုလ်ဖြစ်စရာတွေနဲ့ တစ်နေ့တာကို
မစမိအောင်လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။
www.facebook.com/youngbuddhistassociation.mm

တကယ်လို့ ကိုယ့်ရဲ့တစ်နေ့တာရဲ့ အစဟာ အကုသိုလ်နဲ့ စမိပြီဆိုရင် အကုသိုလ်ရဲ့ သဘောက လုပ်မိသွားရင် လက်ရဲ့ဇက်ရဲ့ဖြစ်ပြီး ဆက်တိုက် လုပ်ဖြစ်တတ်တဲ့အတွက် ကျန်တဲ့အချိန်တွေမှာလည်း
အကုသိုလ်အပြစ်တွေကို မကြောက်မရွံ့ လုပ်ဖြစ်နေတတ်ပါတယ်။

ဒါဆိုရင် တစ်နေ့တာရဲ့ ဖြတ်သန်းမှုဟာ အကျိုးမရှိဘဲ အရှုံးနဲ့ ဖြတ်သန်းမိသလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့တာကို ကောင်းမှုကုသိုလ်တွေ၊ အကျိုးကြီးတာတွေနဲ့ မဖြတ်သန်းနိုင်တောင်မှ
အကုသိုလ်အပြစ်တွေနဲ့ မဖြတ်သန်းမိအောင် ကြိုးစားကြဖို့ ဆိုရခြင်း ဖြစ်ပါတယ်။

အဲဒီလို ကိုယ်ရဲ့တစ်နေ့တာကို အကုသိုလ်အပြစ်တွေနဲ့ မဖြတ်သန်းမိအောင် အရင်ကြိုးစားပြီးရင်တော့ တစ်ဆင့်တက်ပြီး ကုန်ဆုံးသွားတဲ့ တစ်နေ့တာမှာ အကျိုးတစ်စုံတစ်ရာ ရဖို့အတွက် သူတော်ကောင်းများ ဆုံးမသလို ကုသိုလ်ကောင်းမှုတစ်ခုခု၊ ပညာတစ်ခုခု၊ စည်းစိမ်ဥစ္စာတစ်မျိုးမျိုး၊ ကျန်းမာရေး စောင့်ရှောက်မှု
တစ်ခုခုနဲ့ စိတ်အစဉ်ကောင်းမွန်စေမှု တစ်ခုခုကို အရယူနိုင်အောင် ကြိုးစားလေ့ကျင့် ကြည့်ကြရမှာ ဖြစ်ပါတယ်။
www.facebook.com/youngbuddhistassociation.mm
ကုသိုလ်ကောင်းမှု တစ်ခုခုလို့ ဆိုတဲ့အတွက် သိန်းထောင်နဲ့ချီပြီး လုပ်ရမဲ့ကုသိုလ်မျိုးလို့ မတွေးပါနဲ့။ ပိုက်ဆံမကုန်ဘဲ လုပ်လို့ရတဲ့ ကုသိုလ်မျိုးလေးကို လုပ်မိရင်ကိုပဲ ဒါဟာ အဲဒီနေ့အတွက်
အကျိုးရှိသွားတာပါပဲ။

ဆိုကြပါစို့ မနက်အိပ်ရာက နှိုးတာနဲ့တစ်ပြိုင်နက်
♦ဘုရားကို အာရုံပြုပြီး နမော တဿ ဘုရားရှိခိုးလေးတွေ ရွတ်လိုက်တာ၊
♦ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသဖြင့် “သရဏဂုံလေး” တွေ ရွတ်လိုက်ကြတာ၊
♦သတ္တဝါအားလုံး ဘေးရန်ကင်းစေဖို့ မေတ္တာစိတ်လေးနဲ့ မေတ္တာလေး ပို့ကြည့်လိုက်တာ၊
♦ဘုရားသောက်တော်ရေလေး ကပ်လှူလိုက်တာ စသဖြင့် ဘာမှမကုန်ဘဲ လုပ်လို့ရတဲ့ ကုသိုလ်လေးတွေ အများကြီးပါပဲ။ အဲဒီကုသိုလ်တစ်မျိုးမျိုးကို လုပ်နိုင်အောင် ကြိုးစားပြီး တစ်နေ့တာကို အစပြုကြည့်မယ်ဆိုရင်
အဲဒီနေ့ဟာ ကိုယ့်အတွက်တော့ အကျိုးရှိတဲ့ နေ့ပါပဲ။

ဒီလိုပဲ တစ်နေ့တာကို ကုသိုလ်တစ်ခုခု ရအောင်လုပ်ပြီး ဖြတ်သန်းမှု မလုပ်နိုင်ရင်တောင်မှ
●အပြစ်ကင်းတဲ့ ပညာရပ်တစ်ခုခုရအောင် ကြိုးစားတာ၊
●အပြစ်ကင်းတဲ့ စည်းပွားဥစ္စာတစ်ခုခု ရအောင်ရှာဖွေနိုင်တာ၊
●ကိုယ့်ကျန်းမာရေး တစ်ခုခုကို သိသတိယှဉ်ပြီး စောင့်ရှောက်လိုက်တာ၊
●တစ်နေ့တာ ဖြတ်သန်းချိန်မှာ ကိုယ့်ရဲ့အတွေ့အကြုံကို အခြေခံတဲ့ တည်ငြိမ်မှု၊
●ကိုယ့်စိတ်ကို ရင့်ကျက်အောင် လေ့ကျင့်မှု တစ်ခုခု လုပ်လိုက်တာ စတာတွေနဲ့ ဖြတ်သန်းနိုင်ရင်လည်း ဒါဟာ အကုသိုလ်အပြစ်သာ
ကင်းမယ်ဆိုရင် ကိုယ့်အတွက်တော့ အမြတ်ထွက်တဲ့နေ့၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းတဲ့နေ့လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဒီထက်ပိုကောင်းတဲ့ အကောင်းဆုံး တစ်နေ့တာ ဖြတ်သန်းမှုကတော့ အိပ်ရာက နိုးချိန်ကစပြီး အိပ်ရာထဲဝင် အိပ်ပျော်သွားတဲ့အထိ ကိုယ့်ရဲ့
ကိုယ်နှုတ်အမူအရာတွေကို သတိမလွှတ်စေဘဲ လှုပ်ရှားမှုမှန်သမျှ အသိကပ်ပြီး ကုန်ဆုံးသွားမှုမျိုးပဲ ဖြစ်ပါတယ်။

ဒီလိုကုန်ဆုံးမှုဟာ နေ့စဉ်ဖြတ်သန်းမှုကို “သတိပဋ္ဌာန်”လို့ခေါ်တဲ့ သတိကပ်ပြီး ကုန်ဆုံးမှုဖြစ်တဲ့အတွက် လှုပ်ရှားမှုတိုင်းမှာ “တရား”ပါပြီး ကုန်ဆုံးသွားမှုမျိုး ဖြစ်ပါတယ်။ ဒီလိုဆိုတော့ အဲဒီလို သတိပဋ္ဌာန်နဲ့ တစ်နေ့တာကို ကုန်ဆုံးဖို့ ဘာမှမလုပ်ဘဲ တရားပဲ အားထုတ်နေရမလိုမျိုး
ထင်ကောင်းထင်နိုင်ပါတယ်။ အဲလိုမဟုတ်ပါဘူး။ တစ်နေရာမှာထိုင်ပြီး တရားမှတ်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ “စိတ်နဲ့ကိုယ်”မှာ ဖြစ်ပေါ်လာတဲ့
အရာတွေမှာပဲ အသိပ်ကပ်ပြီး လိုက်သိလိုက်လုပ်နေဖို့ကို ပြောလိုတာ ဖြစ်ပါတယ်။

လှုပ်ရှားမှု မှန်သမျှမှာ ကိလေသာ ကြားမခိုအောင် လက်ခြေလှုပ်ရင်လည်း သတိထားလှုပ်ဖို့၊ အလုပ်လုပ်ရင်လည်း သတိထားလုပ်ဖို့၊ စကားပြောရင်လည်း သတိထားပြောဖို့၊ စိတ်ရဲ့ အတွေးအကြံတွေကိုလည်း သတိထားပြီး ဒီအတွေးအကြံကို သိနေဖို့ပဲ ဖြစ်ပါတယ်။
www.facebook.com/youngbuddhistassociation.mm

အဲဒီလို ကိုယ်နှုတ်အမူအရာတွေကို သတိကပ်ပြီး ကုန်ဆုံးနေမယ်ဆိုရင် ဒါဟာ တစ်နေ့တာမှာ ကိလေသာကြားမခိုဘဲ အသိတရားနဲ့
ကုန်ဆုံးစေတာဖြစ်တဲ့အတွက် အကောင်းဆုံး တစ်နေ့တာ
ဖြတ်သန်းမှုပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လူတိုင်းလူတိုင်း နေ့စဉ်ကုန်ဆုံး ဖြတ်သန်းနေကြတဲ့ တစ်နေ့တာပေါင်းများစွာကို အကျိုးမပြီး အချည်းနှီး ဖြတ်သန်းမှုမျိုး မဖြစ်အောင် အကုသိုလ်ကိုရှောင်ပြီး ကုသိုလ် ပညာစတဲ့
ကောင်းကျိုးတစ်ခုခုနဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။

တစ်နေ့တာ ကုန်ဆုံးမှုကို အကျိုးကြီးအောင် ကုန်ဆုံးစေတဲ့ ကုန်ဆုံးမှုမျိုး မလုပ်နိုင်တာတောင်မှ အကျိုးယုတ်တဲ့ ကုန်ဆုံးမှုမျိုး မဖြစ်စေဖို့ ပထဆုံး
အကုသိုလ်တွေနဲ့ မဖြတ်သန်းမိအောင် ကြိုးစားပြီး နောက်တစ်ဆင့်အနေနဲ့ ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာရေးနဲ့ စိတ်စွမ်းအား တစ်မျိုးမျိုးကို ရအောင်ကြိုးစားရင် တစ်နေ့တာကို အမြတ်ထွက်အောင် ကြိုးစားကြည့်ဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

အကောင်းဆုံးနဲ့ အကျိုးအကြီးဆုံး ဖြတ်သန်းမှုကတော့
နေ့စဉ်ဖြတ်သန်းနေတဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ စိတ်အမူအရာတွေမှာ သတိကပ်ပြီး အသိအကျင့် ထပ်တူဖြစ်အောင်
နေထိုင်လေ့ကျင့်ကာ ဖြတ်သန်းမှုပဲဖြစ်ကြောင်း မီးမောင်းထိုးပြလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ကုန်ဆုံးမှုပေါင်းများစွာနဲ့ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းနေကြတဲ့ သတ္တဝါများ အနေနဲ့ မိမိတို့ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုများကို တန်ဘိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ကြဖို့ မိမိတို့ရဲ့
တစ်နေ့တာများမှာ မကောင်းမှုအကုသိုလ် အပြစ်များနဲ့ ကုန်ဆုံးမှုမျိုး မဖြစ်ရအောင် အရင်ဆုံး ကြိုးစားကြပြီး ကုန်ဆုံးမှုတိုင်းမှာ အကျိုးအမြတ်
ထွက်ကြစေဖို့ ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာ၊ တန်ခိုး တစ်မျိုးမျိုးကိုလည်း ရနိုင်သမျှ ယူနိုင်အောင်ကြိုးစားရင်း အကောင်းဆုံး တစ်နေ့တာကို ကုန်ဆုံးခြင်းအဖြစ် ကိုယ်ဖြတ်သန်းနေတဲ့ အချိန်တိုင်းမှာ သတိတရားကို
လိုက်ကိုင်ထားပြီး ကိလေသာကြားမခိုအောင် “အသိအကျင့်”ထပ်တူ ဆင့်နိုင်အောင်သာ လေ့ကျင့်နေထိုင် ဖြတ်သန်းကြရမှာ ဖြစ်ပါကြောင်း
အသိပေးတိုက်တွန်း လိုက်ရပါတယ်။


မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment