Tuesday, March 4, 2014

တစ် ချက် ရှု မှတ် တစ် ဘ ဝ ပြတ်။


ဝိပဿနာ ရှုမှတ်နေသူဟာ ရုပ်၊ နာမ် တစ်ချက် ရှုလိုက် ရင် ဖြစ်လာမယ့် ကံတစ်ခု ပြတ်သွားတယ်လို့ ပြောကြပါတယ်။ ရုပ်ကိုရုပ်၊ နာမ်ကိုနာမ်လို့ တစ်ချက် ရှုနိုင်တာဟာ နည်းတဲ့ တန်ဖိုး မဟုတ်ပါဘူး။

တစ်ချက် ရှုလိုက် ရင် ကိုယ့်မှာ ဖြစ်လာမယ့် တစ်ဘဝစာဒုက္ခ သက်သာသွားတာပါ။ မရှုလို့ ရှိရင် တစ်ဘဝ ဒုက္ခတွေ ထပ်တိုးလာတာပါ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ကနေ ကံဆီကို ရောက် ရင် ဘဝဒုက္ခတွေ တိုးလာပါမယ်။

ရှုမှတ်လိုက်တဲ့အတွက် အရှုဉာဏ်က တစ်ဘဝစာ တွေ့ကြုံရမယ့် အိုရမယ့်ဒုက္ခ၊ နာရမယ့်ဒုက္ခ၊ သေရမယ့်ဒုက္ဓ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ် ရမှာတွေ၊ ငိုကြွေး ပူဆွေးရမှာတွေ၊ သောက ရောက် ရမှာတွေကို ဖြိုချ ဖျက်ဆီးပေးလိုက်ပါတယ်။ သက်သာသွားပါတယ်။

တရားအားထုတ်တာကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ တစ်နာရီရှုလို့ လေးငါး ဆယ်ချက်ပဲ ရှုနိုင် ရှုနိုင်၊ ရုပ် ရုပ် နာမ် နာမ် လို့ တစ်ခဏလေးပဲရှုနိုင် ရှုနိုင် စိတ်မပျက်ပါနဲ့။

လေးငါးဆယ်ချက် ရှုနိုင် ရင်လည်း လေးငါးဆယ်ဘဝစာ ဒုက္ခတွေ ပြတ်သွားပါတယ်။ တစ်နေ့လုံး အားထုတ်လို့မှ ရုပ်လို့တစ်ချက်သာ ရှုနိုင် လိုက်လို့ အရှုအမှတ်တစ်ချက် ရသွားရင်လည်း တစ်ဘဝစာ သက်သာ သွားပါမယ်။

မဂ်ဉာဏ် ဖိုလ်ဉာဏ်တွေ မပေါ်ခင် အရင် ဆုံး ရှေ့ကနေ ကံတွေဖြတ်ပေးတာက ဝိပဿနာဉာဏ်ပါ။ ရုပ် နာမ်ကို ရှုတဲ့ ဝိပဿနာဉာဏ်က ရှေ့တန်းကနေပြီး ကံတွေ အသစ်ထပ်မဖြစ်အောင် ဖြတ်တောက်ပေးနေပါတယ်။

နောက်ကနေပါလာမယ့် လောကုတ္တရာ မဂ်ဉာဏ်က အပြီးတိုင် ကံတွေကို ပယ်ဖျက် ရှင်းလင်းပေးပါတယ်။ ဖြစ်လာမယ့် ကံတွေကိုသာမက ဖြစ်ပြီးသား ကံတွေကိုပါ ကြေပျက်သွားအောင် ချေဖျက်ပေးပါတယ်။ ။

ဓမ္မဒူတ ဒေါက်တာအရှင် ပညိဿရ ၏
ဓမ္မလမ်းပေါ်မှာ စာအုပ်မှ ပြန်လည်ကူးယူ
ပူဇော် မျှဝေပါသည်။

ဓမ္မမိတ်ဆွေများ ချမ်းမြေ့သာယာရှိကြပါစေ။

No comments:

Post a Comment