Thursday, March 13, 2014

သက္ကဋကရက နတ်သား


ထိုနတ်သားဗိမာန်သည် ၁၂ယူဇနာရှိ၍ တိုင်တို့သည် ပတ္တမြား စီခြယ်ထားပါသည်။ ဘုံဗိမာန် အခန်းတို့၌ ရှိသော အထွတ်ဘုံဆောင် ၇၀၀ သည် ကြောင်မြက်ရွဲတို့ဖြင့် ပြီး၏။ ဗိမာန်၏ တံခါးဝ၌ ရှေးက ပြုဖူးသော ကုသိုလ် ကောင်းမှုကြောင့် ပုလဲဆိုင်းဖြင့်ဆွဲထားသော ရွှေ
ပုဇွန်လုံးရုပ် ပါရှိပါ၏။ ထို ပုဇွန်လုံးရုပ်တည်ရှိ နေသောကြောင့် ထိုဗိမာန်ကို ရွှေပုဇွန်ဗိမာန် ဟူ၍လည်းကောင်း၊ ထိုနတ်သားကို ရွှေပုဇွန် နတ်သား ဟူ၍ လည်းကောင်း ခေါ်ပါ၏။ ထိုပုဇွန်လုံးဟင်းနှင့် ဆွမ်းလှူဒါန်းရသောကုသိုလ်ကြောင့် အရောင်အဆင်း လှပခြင်း၊
ချမ်းသာ ကောင်းကျိုးနှင့် ပြည့်စုံခြင်း၊ နှစ်သက်ဖွယ် စည်းစိမ်တို့ ဖြစ်ပေါ်လာခြင်း၊ တန်ခိုး အာနုဘော်ကြီးမားခြင်း၊ အလုံးစုံသော အရပ် မျက်နှာတို့၌ အရောင်အဆင်း တောက်ပခြင်းတို့ဖြစ်လေသည်။

ထိုနတ်သားသည် ဂေါတမဘုရားလက်ထက်တွင် လယ်စောင့်ယောက်ျား တစ်ယောက်ဖြစ်ပြီး ဘုရားရှင် ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးစဉ်အခါ မထင်ရှားသော ရဟန်း တစ်ပါးသည် ကမ္မဋ္ဌာန်းတရား အားထုတ်နေစဉ် နားကိုက်သောဝေဒနာ နှိပ်စက်ခြင်း ခံရပါသည်။ ထို့ကြောင့်ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းအားထုတ်ရန်လည်း မစွမ်းနိုင်ခဲ့ပေ။

ဆေးဆရာတို့ စီမံဖော်စပ်ပေးသည့်ဆေးဖြင့် ကုသော်လည်း ရောဂါမပျောက်ကင်းပေ။ ထိုရဟန်းသည် ဘုရားရှင်အား အကြောင်းစုံကို လျှောက်ထားသော အခါ ဘုရားရှင်က ပုဇွန်လုံးဖြင့်ရောချက်ထား
သော ဘောဇဉ်သည် သင့်တင့်၏ ဟုသိမြင်တော်မူ၍ ချစ်သား သင်သည် ဆွမ်းအလို့ငှါ မဂဓလယ်ပြင်သို့ သွားချေလော့ဟု မိန့်တော်မူပါသည်။ ထိုအခါ ရဟန်းလည်း ကောင်းပါပြီဟု ၀န်ခံ၍ သပိတ်သင်္ကန်းတို့ယူကာ မဂဓလယ်သို့ရောက်သော် လယ်စောင့်တဲတစ်လုံးရှေ့၌ ဆွမ်း
အလို့ငှါရပ်ပါသည်။ ထိုတဲမှ လယ်စောင့်ယောက်ျားသည် ပုဇွန်လုံးဟင်းကို စီမံချက်ပြုတ်ပြီးစားအံ့ဟု အမောဖြေနေစဉ်
ဆွမ်းခံကြွလာသော မထေရ်ကို မြင်ခဲ့ပါသည်။ ထို့ကြောင့် တဲအတွင်း ပင့်ကာ ပုဇွန်လုံးဖြင့် စီမံထားသော ဆွမ်းကို လောင်းလှူခဲ့ပါသည်။မထေရ်လည်း ထိုဆွမ်းအနည်းငယ်ကိုဘုန်းပေးနေစဉ်တွင်ပင် ၀ိပဿနာကမ္မဋ္ဌာန်းကိုဆင်ခြင်သော် ထိုဆွမ်းဘုန်းပေး၍ မပြီးဆုံးမှီပင် ရဟန္တာအဖြစ်သို့ရောက်ပါသည်။ လယ်စောင့်ယောက်ျားအားလည်း မိမိကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း ဖြစ်သကဲ့သို့ ဆင်းရဲလွတ်ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းဖြစ်ပါစေဟု မိန့်တော်မူပြီး ကြွသွား
တော်မူပါသည်။ လယ်စောင့်ယောက်ျားလည်း မိမိလှူဒါန်းလိုက်သော ကုသိုလ်ကို အဖန်ဖန်အောက်မေ့ဆင်ခြင်၍နောင်အခါ စုတေသော် တာဝတိံသာနတ်ပြည်၌ ကက္ကဋကုရ နတ်သား ဖြစ်လာရလေသည်။


ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် ထင်ရှားသောတန်ခိုးရှင်များ

ဦးကြင်လှိုင်

No comments:

Post a Comment