Monday, March 10, 2014

ဘ၀သံသရာ အစအဆုံးမရှိကြောင်း


ဘ၀သံသရာတွင် အစအဆုံးမရှိကြောင်း ထင်ရှားအောင် ရှင်းလင်းတော်မူပါ ဆရာတော်။

ဖြေ။ ။ ဘ၀သံသရာဟာ စက်ဝိုင်းသဖွယ် အဆက်မပြတ် ကျင်လည်တဲ့တရား ဖြစ်လေတော့ အစအဆုံး မရှိဘူးဒကာကြီးရဲ့။ ဒီလို အစအဆုံး မရှိဘဲ စက်ဝိုင်းသဖွယ် ချာချာလည်နေပေမဲ့ ဒိစက်ဝိုင်းထဲက ထွက်နိုင်တဲ့လမ်းရှိတယ်။ အဲဒီထွက်ပေါက်လမ်းဟာ ဝေဒနာနဲ့
တဏှာအကြားမှာဘဲ။ မျက်စိနဲ့အသွင်သဏ္ဍာန်၊ နားနဲ့ အသံ၊ လျှာနဲ့အရသာ၊ ကိုယ်နဲ့အတွေ့၊ စိတ်နဲ့သဘောတို့ရဲ့တခုနဲ့တခု အသီးသီး ထိတွေ့ရိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာရတဲ့ ဝေဒနာကို ၀ိပဿနာတရားနဲ့ အဆက်ဖြတ်ပြီး အမြစ်ဖြုတ်ပစ်နိုင်လို့ရှိရင် တဏှာဆိုတဲ့ တရားကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားဟာ ပေါ်ပေါက်မလာနိုင်တော့ဘူး။
ဥပါဒါန်ဆိုတဲ့တရားရဲ့ အကြောင်းတရားဖြစ်လေတော့ ဒီတဏှာကို ဖြုတ်လိုက်ရင် သူ့ရဲ့ အကျိုးတရားဖြစ်တဲ့ ဥပါဒါန်ဆိုတဲ့တရားဟာ မပေါ်ပေါက်နိုင်တော့ဘူး။
ဥပါဒါန်တရား မပေါ်လာတာနိုင်တာနဲ့ တပြိုင်နက် ဇာတိဆိုတဲ့တရားဟာ ပေါ်မလာနိုင်ပြန်ဘူး။ ဒီဇာတိ တရားချုပ်သွားတာနဲ့တပြိုင်နက် အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့ တရားတွေပါ တသီတတန်းကြီး ပြုတ်သွားရမယ်။ ဒီဒုက္ခတရားတွေနဲ့ပြွန်းတီးနေတဲ့ ဘ၀တရားတွေချုပ်ငြိမ်းတာနဲ့ တပြိုင်နက် ဘယ်တော့မှ ဖြိုဖျက်လို့မရတဲ့ နိဗ္ဗာန်ဆိုတဲ့ တရားကိုရတာပဲ။

မေး။ ။ ဗုဒ္ဓဟာ ဘ၀သံသရာမှာ အစအဆုံးမရှိဘူး လို့ဟောတာက အဲဒီ ဘ၀သံသရာမှာ အစ အဆုံးရှိသော်လည်း သူကိုယ်တိုင်ကြည့်လို့ မမြင်တဲ့အတွက် ဟောတာမဟုတ်ပါလား ဆရာတော်။

ဖြေ။ ။ ဒကာကြီး ဗုဒ္ဓကိုယ်တော်မြတ် မမြင်တဲ့၊ မသိတဲ့တရားဆိုတာ လောကမှာ မရှိဘူး။ ဒါပေမဲ့ ဒီဘ၀ သံသရာမှာအစအဆုံးမရှိတဲ့အတွက် မရှိဘူးလို့ဟောတော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကို ဒကာကြီးရှင်း
ရှင်းလင်းလင်း သိမြင် နားလည်အောင် ဦးပဉ္ဇင်းက ဥပမာတစ်ခု ပြရဦးမယ်။ ကဲဒကာကြီး ဦးပဉ္ဇင်းကိုကျောခိုင်းပြီး ပရိသတ်ဘက်ကို မျက်နှာမူလိုက်စမ်းပါ။ ဦးပဉ္ဇင်းက ဦးပဉ္ဇင်းဘက်ကို ပြန်လှည့်လို့ပြောမှ ဒကာကြီး ပြန်လှည့်ပါ။

မစ္စတာဒါရှုးဝါးလားသည် ဆရာတော်ပြောသည့်အတိုင်း ပရိသတ်ဘက်သို့ မျက်နှာမူလိုက်သောအခါ ဆရာတော်သည် မြေဖြူတစ်တောင့်ကိုယူ၍ အနီးရှိသင်ပုန်းကြီးပေါ်၌ စက်ဝိုင်းကြီးတခုကို ရေးဆွဲလိုက်၏။ ထို့နောက်မစ္စတာ ဒါရှုးဝါးလားအား ဆရာတော်က သူ့ဘက်သို့ပြန်လှည့်ခိုင်းလိုက်၏။

ဖြေ။ ။ ကဲဒကာကြီး၊ ဟောဒီသင်ပုန်းကြီးပေါ်ကစက်ဝိုင်းထဲကစတဲ့ နေရာနဲ့ ဆုံးတဲ့နေရာကိုဦးပဉ္ဇင်းအား ပြစမ်းပါ။။

မေး။ ။ စက်ဝိုင်းတစ်ခုဖြစ်နေလေတော့ အစအဆုံးရယ်လို့ မရှိပါဘူး ဆရာတော်။

ဖြေ။ ။ ဒကာကြီးဒီလိုပြောတာဟာ ဒီစက်ဝိုင်းရဲ့ အစနဲ့ အဆုံးကို မမြင်လို့ပေါ့။

မေး။ ။ တပည့်တော်ဟာ သင်ပုန်းကြီးပေါ်က စက်ဝိုင်းကို ကောင်းကောင်းကြီး မြင်ရပါတယ်။ ဒါပေမဲ့ ဒီစက်ဝိုင်းမှာ အစအဆုံး မရှိတဲ့အတွက် အစအဆုံး မရှိဘူးလို့ လျှောက်ထားတာပါ ဆရာတော်။

ဖြေ။ ။ ဒီသင်ပုန်းးကြီးပေါ်က အခုခဏအတွင်းကမှ ဦးပဉ္ဇင်း မြေဖြူနဲ့ ဆွဲလိုက်တဲ့ စက်ဝိုင်းကလေးမှာမှ အစအဆုံးမရှိရင် စကြာဝဠာ တစ်ခုလုံးကို ပတ်နေတဲ့ ဘ၀သံသရာဆိုတဲ့ စက်ဝိုင်းမှာ ဘယ့်နှယ့်လုပ်ပြီး အစအဆုံးရယ်လို့ ရှိနိုင်ပါ့မလဲ ဒကာကြီး။

မေး။ ။ ဆရာတော် ရှင်းလင်းဟောပြတော်မူလိုက်တဲ့အတွက် ဘ၀သံသရာ စက်ဝိုင်းမှာ အစအဆုံးမရှိတဲ့အကြောင်း တပည့်တော် ကောင်းကောင်းကြီး သိနားလည်ပါပြီဘုရား။

ဤတွင် တရားနာပရိသတ်တို့က သာဓုအနုမောဒနာခေါ်
ကြလေသည်။

မေး။ ။ မစ္စတာ အယ်လ်(မ်)ဒါရှုးဝါးလား၊ လွှတ်တော်ရှေ့နေကြီး၊ ဘုံဘိုင်မြို့။
ဖြေ။ ။ အရာတော်အရှင်အရိယဓမ္မ


ဗုဒ္ဓ၀ါဒပြဿနာများ
Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment