Saturday, March 8, 2014

“စေတနာ ဖြစ်ပုံ”


စေတနာဆိုတာကတော့ စေတနာက လှုံ့ဆော်တယ်၊ စည်းရုံးတယ်။ သဘာဝတရားတွေဟာ သူ့ ဆိုင်ရာ ဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်လာအောင် သူက တွန်းအားပေးတယ်။

ဒါကြောင့်မို့ အင်္ဂလိပ်လို volition လို့ ပြန်တာက သိပ်မမှန်ချင်ဘူး။
stimulation လို့ motivation လို့ ဒီလို ပြန်သင့်တယ်။ Motivate လုပ်တာ သူက လှုံ့ဆော်ပေးတယ်။ Good Organizer ပေါ့၊
စည်းရုံးရေးသမား၊ သူက စုစည်းပေးတာ၊ စုစည်းပေးပြီးတော့ သူ့ရဲ့ တွန်းအားကြောင့် အလုပ်တွေ ပိုလုပ်ကြတယ်ပေါ့နော်။
ဆိုင်ရာကိစ္စတွေ သူ့အလုပ် သူလုပ်တယ်၊ ဖဿကလည်း စိတ်နဲ့အာရုံ တွေ့အောင် ဆက်သွယ်ပေးတယ်၊ ဝေဒနာက Experience ဖြစ်တယ်။
သညာက မှတ်တမ်းတင်ပြီး သိတယ်။ ဟောဒီ အလုပ်တွေ ပီပီပြင်ပြင် လုပ်လာအောင် စေတနာက စည်းရုံးတယ်၊ လှုံ့ဆော်တယ်။

ဒါကြောင့်မို့ အဲဒီ စေတနာရဲ့ စည်းရုံး လှုံ့ဆော်မှုဟာ ကုသိုလ်၊အကုသိုလ်နဲ့ တွဲလာပြီဆိုရင် “က”ံလို့ ခေါ်လိုက်တာနော်၊

သာမန်စိတ်တွေမှာဖြစ်တဲ့ စေတနာကို ပဋ္ဌာန်းပစ္စည်းထဲမှာတော့ ကံလို့ ဟောပါတယ်။

ဒါပေမယ့် သဟဇာတကမ္မ၊ ဟိုလို အကျိုးပေးတဲ့ ကံမျိုး မဟုတ်ဘူးနော်၊
စေတနာမှန်သမျှ ပဋ္ဌာန်းပစ္စည်းမှာ “ကမ္မပစ္စယော”လို့ ဟောတယ်။

စေတနာဆိုတာကို မြန်မာလူမျိုးတွေက “ငါက စေတနာနဲ့ ပြောတာပါ” ဆိုပြီး အကောင်းဘက်ကပဲ အသုံးများတယ်၊

စေတနာဆိုတိုင်း အကောင်း မထင်နဲ့နော်။ 
•လောဘနဲ့ တွဲလာရင် အကောင်း မဟုတ်ဘူး။ 
•ဒေါသနဲ့ တွဲလာရင် အကောင်း မဟုတ်ဘူး။
•မောဟနဲ့ တွဲလာရင် အကောင်း မဟုတ်ဘူး။

အလောဘနဲ့ တွဲလာမှ အကောင်း။ အဒေါသနဲ့ တွဲလာမှ အကောင်း။
ကောင်းတာတွေနဲ့ တွဲမှ အကောင်းဖြစ်တယ်။

သူ့ချည်းပဲ အကောင်းအဆိုး ပြောလို့ မရဘူးတဲ့၊ ဟုတ်လား။ မြန်မာတွေက စေတနာဆိုရင် အကောင်းပဲ ထင်ကြတယ်၊
ဘာဖြစ်လို့တုန်းဆိုရင် တရားဟောတဲ့အခါကျ
“ဪ- စေတနာ ထက်သန်စွာ လှူဒါန်းကြသည်” ဆိုတော့ စေတနာ ထက်သန်တယ်ဆိုတာ ကြည့်ပြီး အကောင်းလို့ ထင်ကြတယ်။

အဲဒီတော့ စေတနာဆိုတာ “အကောင်းအဆိုး” နှစ်မျိုး ရှိတယ်လို့ မှတ်။
“ကုသိုလ်”နဲ့ တွဲရင် ကုသိုလ်စေတနာ။ “အကုသိုလ်”နဲ့ တွဲရင် အကုသိုလ်စေတနာ။ အဲဒီ ကုသိုလ် အကုသိုလ် စေတနာကိုလည်းပဲ
မြတ်စွာဘုရားက ကံလို့ ဟောတယ်။ 
ဒီလိုမှတ်။
သူက စွမ်းအားတွေ ပြည့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စွမ်းအင်တွေ စုလိုက်တာကိုး၊ သဘာဝတရားတွေရဲ့ စွမ်းအင်တွေကို အကုန်လုံး စုလိုက်တဲ့အခါ သူက အင်အားတစ်ရပ် ထူထောင်ပြီးသားဖြစ်သွားလို့၊ ကံအဖြစ် ရောက်သွားပြီး “အကျိုး”တစ်ခု ထုတ်ပေးနိုင်တယ်တဲ့။

ဒါကြောင့်မို့ ဒီစေတနာကို မြတ်စွာဘုရားက “စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ” လို့ ဟောတယ်။

ဘာဖြစ်လို့တုန်းဆိုတော့ လူတွေက စိတ်ထဲက တွေးမယ်ဆိုလည်း သူ့ရဲ့ တွန်းအားကြောင့် တွေးဖြစ်သွားတာ၊ ပါးစပ်က ပြောမယ်ဆိုလည်း
သူက တွန်းပေးလို့ ပြောဖြစ်သွားတာ။ ကာယကံကြောင့် လုပ်မယ်ဆိုလည်း သူက တွန်းပေးလို့ ကာယကံမြောက် လုပ်ဖြစ်သွားတာ။ ဒါကြောင့်မို့ သူက တွန်းအားပေးတာမို့
သူ့ကို ကံလို့ ပြောတာနော်။ စွမ်းအားတွေ အကုန်လုံး စုသွားလို့ ကံလို့ ပြောတာ၊ ဟောဒီ စေတနာဆိုတာကလေးကလည်း
စိတ်အားလုံးထဲမှာ ပါနေတယ်လို့ ဒီလို မှတ်ထား၊ သူ့ကို စေတနာလေးကို ဘာမှ ပြောင်းလွဲ လုပ်ပေးစရာ မလိုဘူး၊ သူက သဘာဝတရားတစ်ခုပဲ၊
တိုးပွားလာအောင် ကမ္မဋ္ဌာန်းကျင့်သလို ကျင့်စရာ မလိုဘူးပေါ့၊
သို့သော် ကုသိုလ်နဲ့ တွဲလာလို့ရှိရင် ကောင်းတဲ့ စေတနာဖြစ်တယ်၊
အကုသိုလ်နဲ့ တွဲရင် မကောင်းတဲ့ စေတနာဖြစ်တယ်ပေါ့။


【ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ (ပထမတွဲ) နှာ ၂၃၇
မှ - ကောက်နှုတ်ပူဇော်ပါသည်။ 】

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment