Tuesday, March 4, 2014

ကြောင်လေး မမွေးပါနဲ့.။


ခေါင်းစဉ်ဖတ်ပြီး တွေးနေမယ်ထင်ပါတယ်၊ အများကြီးမတွေးပါနဲ့ စာဖတ်သူရယ်၊ အောက်မှ ရေးပြမဲ့ ပုံပြင်လေးကို ဖတ်ပြီးသွားရင် စာဖတ်သူ သဘောပေါက်သွားမှာပါ၊

ပုံပြင်လေးက ဒီလိုပါ၊ တစ်ခါက တောထဲကကျောင်းသင်္ခန်းလေး တစ်ခုမှာ ရသေ့ တစ်ပါး တရားအားထုတ်နေပါတယ်၊ တစ်ယောက်တည်းပေမဲ့ နေရာမသန့်လို့လား ပစ္စည်းတွေပေါလို့လားလို့ မဆိုနိုင်ပါဘူး၊ ကြွက်တွေက အရမ်းပေါပါတယ်၊ ဒီအကြောင်းကို အရပ်ထဲဆွမ်းဆန် အလှူခံ ရောက်တော့ ဒကာဒကာမတွေကို ပြန်လည်ပြောပြဖြစ်ပါတယ်၊ ဒါနဲ့ ဒကာဒကာမတွေက ရှင်ရသေ့ရယ် ကျောင်းမှာ ကြွက်ပေါနေရင် ကြောင်မွေးပေါ့လို့ပြောပြီး မွေးခါစနို့မပြတ်သေးတဲ့ ကြောင်လေးတစ် ကောင်းပေးလိုက်ပါတယ်၊

ဒီလိုနဲ့ ကြောင်လေးကို ကျောင်းခေါ်လာပါတယ်၊ ကျောင်းရောက်တော့ ကြောင်လေးက ငယ်တော့ ကြွက်မခုတ်တတ်သေးပါဘူး၊ နောက် ထမင်းလည်း မစားတတ်သေးပါဘူး၊ ဒီအကြောင်းကို ဒကာဒကာမတွေပြောတော့ ကြောင်ကငယ်သေးရင် နို့တိုက်ရတယ်ဘုရား ဆိုတာနဲ့ နွားနို့ဝယ်ပြီးနေ့တိုင်းတိုက်ပါတယ်၊ နေ့တိုင်နွားနို့ဝယ်တိုက်နေရတော့ အလုပ်များတာပေါ့၊ 

ဒီအကြောင်း ဒကာဒကာမတွေကိုပြောပြတော့ ဒါဆိုရင် နွားမလေး တစ်ကောင်ဝယ်မွေးပါဘုရားဆိုတာနဲ့ နွားမလေး တစ်ကောင်ဝယ်မွေးပါတယ်၊ ဒါပေမဲ့ နွားကျောင်းမဲ့သူက မရှိသေးတော့ နွားကျောင်းဖို့ အမျိုးသမီးလေး တစ်ယောက်ကိုငှါး လိုက်ပါတယ်၊ ဒီလိုနဲ့ အချိန်တွေကြာလာတော့ နွားကျောင်းတဲ့ အမျိုးသမီးလေးနဲ့ မြင်ပါများတော့ အကြင်နာပွါးကြပြီး ညားကြလေသတည်း ဖြစ်သွားပါတယ်၊

ပုံပြင်လေးကတော့ ဒါပါပဲ စာဖတ်သူရေ၊ ပုံပြင်ထဲက ရှင်ရသေ့လေးဟာ အစကတော့ တစ်ယောက်တည်း တောထဲမှာ တရားအားထုတ်နေတာပါ၊ ကြွက်ပေါလို့ ကြောင်မွေးရာကနေ နောက်ဆက်တွဲပြဿနာတွေ တစ်သီကြီးလိုက်လာတာပါ၊ စာရေးသူရောစာဖတ်သူပါ အလားတူ နောက်ဆက်တွဲပြဿနာတွေ ရှိခဲ့ဘူးကြမှာပါ၊

ဒါနဲ့ပတ်သတ်ပြီး ဥပမာလေး တစ်ခုလောက်ပြော ကြည့်ရအောင်ပါ၊ ဆိုပါတော့ စာဖတ်သူရယ် စာရိုက်တာ အင်တာနက်သုံးရာမှာ အဆင်ပြေအောင်လို့ လက်တော့ကွန့်ပျူတာလေး တစ်လုံးဝယ်လိုက်တယ်ထားပါ၊ ဒါပေမဲ့ ၀ယ်ထားတဲ့နေ့ကစပြီး များလိုက် တဲ့ ကယိကထတွေလေ အပ်ဒိတ်လုပ်ရတာ၊ မြန်မာစာဖောင့်မရလို့ မြန်မာစာဖောင့်ထည့်ရတာ၊ ဒီကြားထဲ စက်ကလေးနေတော့ သုံးရင်းစိတ်တိုလာစိတ်ညစ်လာတာ၊

ဒရိုက်ဗာပျက်သွားလို့ ပြင် လိုက်ရတာ၊ ကီးဘုတ်က ကြာကြာသုံးရင် အဆင်မပြေဖြစ်မှာစိုးလို့ အပိုကီးဘုတ်ဝယ်သုံးရတာ၊ နောက်ထပ်ကွန်ပျူတာ အသစ်လေးတွေပေါ်လာတော့ ကိုယ့်လက်ရှိကွန်ပျူ တာအပေါ်စိတ်ကုန်လာ တာ စတာစတာတွေ အများကြီးပါ၊ အစတော့ကွန်ပျူတာ နောက်တော့ ကုန်ပျူတာဖြစ်လာပါရော။

ဒါက ပေါ်လွင်တဲ့ဥပမာလေးပြောပြလိုက်တာပါ၊ တခြားနေရာတွေမှာလည်း ထိုနည်းလည်း ကောင်းပါပဲ၊ ပထမတော့ ရည်ရွယ်ချက်ကအကောင်းပါ နောက်ကြောင်လေး မွေးမိသလိုဖြစ်ရာကနေ များလာလိုက်တဲ့ပြဿနာတွေ၊ မဖြေရှင်းနိုင်တော့ထပ်ဖြစ် ထပ်ဖြစ်တော့မဖြေရှင်းနိုင်နဲ့ လုံးလည်လိုက် နေရတာလေ၊

ဒါကြောင့်ပြောတာပါ စာဖတ်သူရယ် ကြောင်လေးမမွေးပါနဲ့လို့ ကြောင်လေးမွေးရင် ကြွက်ခုတ်တာလေးတင်မကပဲ နောက်ဆက်တွဲပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တွေ့မှာ စိုးလို့ပါ။
ဒါကို နားလည်သွားအောင် တဆင့်တိုးပြောရရင် သန္တုဋ္ဌီ=မိမိလိုအပ်တဲ့ အရာဝတ္ထုပစ္စည်း လေးနဲ့ ရောင့်ရဲစွာနေတတ်မယ်ဆိုရင် ပြဿနာကင်းနိုင်ပါတယ်၊ များသောအားဖြင့်

စာရေးသူရော စာဖတ်သူရော ပုထုဇဉ်တွေမို့လား၊ ပုရင်းထုရင်းစင်ရင်းဆိုတော့ ရတာလေးနဲ့ မရောင်ရဲနိုင်ကြဘူးလေ၊ မိုးလင်းထဲက စဉ်းစားမိတာဆိုသလို နိုးလာတဲ့အချိန်ကစ လိုအပ်ချက်တွေကို တွက်စစ်နေတာပဲ မဟုတ်လား တွက်စစ်လိုက်တော့လည်း များလိုက်တဲ့ လိုအပ်ချက်တွေလေ ကျောင်းသားဘ၀တုန်းက ကြ သူများဘော့ပင်၊စာအုပ်လွယ်အိပ် ကျောပိုးအိပ် အသစ်လေးကိုင်လာတာမြင်ရင် ကိုယ်လည်း လိုက်ကိုင်ချင်တော့ ဖေဖေမေမေကို ပူဆာခဲ့ရတာလေ၊

အိမ်မှာက အဆင်ပြေလားမပြေလား မသိဘူး လေ၊ ပူဆာလို့ ၀ယ်ပေးနိုင်ရင်ကောင်းတာပေါ့၊ ၀ယ်မပေးနိုင်ရင် မိဘတွေရော ကိုယ်ရော စိတ်ဆင်းရဲ ရတယ်လေ၊ နောက် အ၀တ်အစာ ဒီဇိုင်းဆန်လေးတွေပေါ်တိုင်းဝတ်ချင် ၀ယ်ချင်တယ်လေ၊ ၀ယ်နိုင် ရင်ပျော်ရွှင်ရပြီး၊ မ၀ယ်နိုင်တော့ စိတ်သောကဖြစ်ရတယ်လေ၊ ဒါကြောင့်ပြောတာပေါ့ စာရေးသူရယ်

ဘ၀ဆိုတာနေတတ်ရင် ကြေနပ်စရာပါလို့ ခုတော့ စာရေးသူရော စာဖတ်သူပါ မနေတတ်လို့ မကြေ နပ်စရာတွေနဲ့ ဆုံဆည်းခဲ့ရတဲ့ ချိန်တွေများခဲ့ပြီမို့လား၊ ဒါကြောင့် ကြေနပ်စရာလေးတွေဖြစ်အောင် သန္တုဋ္ဌီမင်္ဂလာနဲ့ ပြည့်စုံအောင်နေလိုက်ကြစို့လား စာဖတ်သူရေ။ ။


ရွှေမန်းသား ( အရွင္အကုၤရ)

No comments:

Post a Comment