Tuesday, March 11, 2014

"ကောမာရဗြဟ္မစရိယသီလကို အိမ်ထောင်သည်များ ဆောက်တည်နိုင်သလား"


အိမ်ထောင်သည်ဖြစ်ပြီး ကိုယ့်အမျိုးသားနဲ့ ခဏခွဲနေချိန်မှာ ဒီသီလကိုစောင့်ထိန်းလို့ရလားဆရာလေးလို့ တပည့်တော်ညီမက မေးလာတယ်ဘုရား။ သူကအပျိုတည်းက ဒီသီလကိုစောင့်ထိန်းခဲ့တယ်။ ခု သူ့အမျိုးသားနဲ့ခဏခွဲနေရတော့ ဒီသီလကို ပြန်ဆောက်တည်ပြီး နေတယ်ဘုရား။ တပည့်တော်က ရပါတယ်လို့ပြောလိုက်တယ်။ အဲ့ဒါသင့်/မသင့် ဆုံးဖြတ်ပေးပါဘုရား။ 
(မဝိမာလာ) Ma Vi Khin Marlar

ကောမာရဗြဟ္မစရိယသီလကို အပျို လူပျိုများသာမဟုတ်၊ အိမ်ထောင်ရှိသူ လူအိုများလည်း ဆောက်တည်ကောင်းကြ၏။ အိမ်ထောင်သည် လူကြီးများ ဆောက်တည်သည့် သီလကို ကောမာရဗြဟ္မစရိယသီလဟု မခေါ်ဘဲ ဗြဟ္မစရိယပဉ္စမသီလ ဟုခေါ်၏။ ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက်သီလဟု အဓိပ္ဗါယ်ရ၏။ သိက္ခာပုဒ်ငါးပါးမှာ ကောမာရဗြဟ္မစရိယသီလမှာ ပါသည့် သိက္ခာပုဒ်အတိုင်းပင်ဖြစ်၏။ သီလတောင်းသည့်အခါမှာသာ “အဟံ ဘန္တေ တိသရဏေန သဟ ဗြဟ္မစရိယ ပဉ္စမသီလံ ဓမ္မံ ယာစာမိ” စသည်ဆိုပြီး တောင်းရသည်သာ ထူး၏။
မြတ်စွာဘုရား လက်ထက်တော်က ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် ဝဇ္ဖီတိုင်း ဟတ္ထိဂါမရွာသား ဥဂ္ဂသူကြွယ်နှစ်ဦးလုံးပင် ဤဗြဟ္မစရိယပဉ္စမသီလကို မြတ်စွာဘုရားထံမှာ ခံယူစောင့်သုံးကြကြောင်း အဋ္ဌကနိပါတ်၊ ဂဟပတိဝဂ်၊ ပထမဥဂ္ဂသုတ်၊ ဒုတိယဥဂ္ဂသုတ်တို့၌ လာရှိ၏။ သူတို့သည် မြတ်စွာဘုရားထံတော်၌ ဗြဟ္မစရိယပဉ္စမသီလကို ခံယူဆောက်တည်လာသည့်အတိုင်း အိမ်ရှိဇနီးမယားလေးဦး အနက် အကြီးဆုံးမယားကို သူမအလိုရှိသည့် ယောက်ျားနှင့် ထိမ်းမြားလက်ထပ် ပေးလိုက်ပြီး ကျန်ဇနီးတို့ကိုလည်း စွန့်လွှတ်ကာ တစ်သက်လုံး သားမယားမယူဘဲ နေသွားကြသည်။ အမှန်အားဖြင့် သူတို့နှစ်ဦးတို့သည် ကာမရာဂနုသယခေါ် ကာမဂုဏ်ကို အနာဂါမိ မဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်ထားပြီးကြသည့် အနာဂါမ်အရိယာကြီးများ ဖြစ်သောကြောင့် ဤသီလကို တစ်သက်လုံး ကျင့်သုံးနိုင်ကြခြင်းဖြစ်သည်။

ကာမရာဂ မကင်းကြသေးသည့် ပုထုဇဉ်စသော ပုဂ္ဂိုလ်တို့သည်လည်း ဤမေထုန်ကိစ္စနှင့် အကြေင်းအားလျော်စွာ ကင်းပြီးနေနိုင်သည့် အချိန်ကာလများမှာ ဤသီလကို ဆောက်တည်နိုင်ကြသည်။ ဆောက်တည်သင့်ကြသည်။ ဆောက်တည်ကောင်းကြသည်။ ခုဒ္ဒပါဌ အဋ္ဌကထာစသည်တို့၌ အဗြဟ္မစရိယ သိက္ခာပုဒ်နှင့် ဝိကာလဘောဇန စသော သိက္ခာပုဒ်တို့မှာ ပါဏာတိပါတ၊ အဒိန္နာဒါန၊ မုသာဝါဒ၊ သုရာမေရယ သိက္ခာပုဒ်တို့ကဲ့သို့ အမြဲဆောက်တည်ထားရမည့် နိစ္စသီလမျိုးတို့မဟုတ် ရံခါဆောက်တည်ထားရသည့် အနိယမသီလမျိုးဖြစ်သည်ဟု မိန့်ဆိုထား၏။
ထို့ကြောင့် စောင့်ထိန်းရန် အခွင့်သင့်သည့်အခါ ဆောက်တည်နိုင်၍ အခွင့်မသာသည့်အခါမှာ မဆောက်တည်ဘဲ နေနိုင်ခွင့်ရှိပေသည်။ အပျို လူပျိုပဲဖြစ်ဖြစ်၊ အပျိုကြီး လူပျိုကြီးပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် အဗြဟ္မစရိယကိစ္စနှင့် ကင်းအောင်နေနိုင်သည့် ရက်၊ လ၊ နှစ်တို့မှာ ဤကောမာရဗြဟ္မစရိယ(ဝါ) ဗြဟ္မစရိယပဉ္စမသီလကို သတိပြု၍ စောင့်ထိန်းနိုင်ကြောင်း အသိပေးလိုက်ရ၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတ်ည်းပြည့်ဝကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment