
တကယ်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင် ဖြစ်ဖို့အတွက် လုံလောက်တဲ့ အခြေခံ အသိဥာဏ်နှစ်ခုရှိတယ်။ အဲဒါ ဘာတွေလဲဆိုတော Analytical knowledge of mind and matter နာမရူပပရိစ္ဆေဒဥာဏ်နဲ့ Knowledge of causes ပစ္စယပရိဂ္ဂဟဥာဏ်တို့ပဲ ဖြစ်တယ်။ ဒီဥာဏ်နှစ်ခုဟာ အရေးအပါဆုံးဖြစ်ပါတယ်။ ဒီဥာဏ်နှစ်ခုကို တိုးမြှင့်ပေးတဲ့ ပညာရပ်ဟာ အဘိဓမ္မာပညာရပ်ပဲဖြစ်တယ်။ Analytical knowledge of mind and matter ဒိဋ္ဌိဓမ္မရှိနေတဲ့ ရုပ်တရား၊ နာမ်တရားတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖော်ပြပေးတယ်။ ထိုရုပ်တရား နာမ်တရားတွေရဲ့ အကြောင်းတရားတွေကိုလည်း မြတ်စွာဘုရားဟာ ရှင်းလင်းဖော်ပြပေးတယ်။ ပစ္စယပရိဂ္ဂဟလို့ဆိုတယ်။
အကြောင်းတရားအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်ခြင်း မရှိဘူးဆိုရင် လောကမှာ လွဲမှားတဲ့ ဘာသာတရားတွေ ဖြစ်ပေါ်လာမယ်။ အကြောင်းမဟုတ်တာကို အကြောင်းလုပ်ပြောတာမျိုးတို့... အကြောင်းရှိရဲ့သားနဲ့ အကြောင်းကို အသိအမှတ်မပြုတာမျိုးလို့ဆိုတဲ့ ၀ိသမဟေတု(အဟေတုက)ဆိုတဲ့ မမှန်ကန်တဲ့ အကြောင်းတရားတွေ ဖြစ်ပေါ်လာတာဖြစ်တယ်။အဲဒီ မမှန်ကန်တဲ့အယူအဆတွေဖြစ်ပေါ်မှုကို တားဆီး ဟန့်တားနိုင်တဲ့ ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတာ အင်မတန်မှ လမ်းမှန်ပေါ် တင်ပေးတဲ့ဥာဏ်ဖြစ်တယ်။ အင်မတန်မှ အရေးကြီးတယ်လို့ ဆိုရမယ်။ အဲဒီအသိဥာဏ်ရမှ လောကမှာ သံသယဆိုတာ ကင်းရှင်းမှာဖြစ်တယ်။
အဲတော့မှ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ (Overcoming of doubt through knowledge of causes) ကိုရမှာဖြစ်တယ်။ ရှေးဦးစွာ ရုပ်တရား၊ နာမ်တရားခွဲခြားသိစေမယ့် အသိကိုရမယ်။ ဆက်လက်လေ့လာခြင်းအားဖြင့် အထူးအားဖြင့် သစ္စာလေးပါး။ အကြောင်းနဲ့အကျိုးကိုရှင်းပြတယ်။ သစ္စာလေးပါးကို အကျယ်ချဲ့လိုက်တဲ့အခါ ပဋိစ္စသမုပ္ပါဒ် အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး အဲလိုတွေ သိလာရမယ်။ အဲကနေ ထပ်ချဲ့တော့မှ အသေးစိတ်လိုက်တဲ့အခါ (၂၄)ပစ္စည်းပဋ္ဌာန်းဆိုတာ တကယ်တော့ အကြောင်းအကျိုးကို ဖော်ပြတဲ့ ဒေသနာတော်တွေသာဖြစ်တယ်။ အဲဒီ ဒေသနာတော်တွေကို လေ့လာခြင်းအားဖြင့် မည်သည့်ကိစ္စမှာမဆို မိမိကိုယ်တိုင်က Analysis လုပ်တတ်လာမယ်။ Analytical knowledge အရာရာကိုရှုမြင်သုံးသပ်လာနိုင်မယ်။ ရှုမြင်သုံးသပ်လာနိုင်ရုံမျှမက စစ်မှန်တဲ့ အကြောင်းတရားတွေကိုလည်း သိမြင်နိုင်စွမ်းရှိလာမယ်။
အဘိဓမ္မာကိုလေ့လာ သင်ယူခြင်းအားဖြင့် အကျိုးကျေးဇူးတွေရရှိနိုင်မယ်။ ဒါကြောင့် အဘိဓမ္မာကို ကြိုးစားပြီး သင်ယူကြရမှာဖြစ်တယ်။ သင်ယူပြီးတဲ့အခါ မှာလည်းပဲ စာမေးပွဲအောင်ရုံအတွက်တင် စိတ်ထဲမှာ မထားပဲ ဆက်လက်လေ့လာနေဖို့ လိုအပ်တယ်။ Applied Method လို့ခေါ်တဲ့ ဒီနေ့ပြောတဲ့ သင်ကြားလေ့လာနေတယ်ဆိုတာ တကယ်တော့ အဘိဓမ္မာသင်ယူမှု Abhidhamma subject လို့ ပြောလို့ရတယ်။ အဘိဓမ္မာပညာရဖို့ရာအတွက် ဒီ subject တွေကို သင်ယူလေ့လာပြီး မိမိတို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်နိုင်မှ အဘိဓမ္မာပညာဆိုတာရမှာဖြစ်တယ်။ အဲဒါကိုလည်း သတိချပ်ထားစေချင်တယ်။
အခုသင်နေတာဟာ အဘိဓမ္မာ subject matter ကိုသင်နေတာသာ ဖြစ်တယ်။ ထို subject matter ပေါ်မှာ အခြေခံပြီးတော့ အသိဥာဏ်တွေရှင်သန်လာအောင် တိုးတက်ဖွံ့ဖြိုးလာအောင် တိုးမြှင့် ပေးဖို့ လိုအပ်တယ်။ အဘိဓမ္မာတရားတော်နဲ့ လောကကြီးကို ရှုမြင်တတ်ဖို့ အဘိဓမ္မာတရားတော်နဲ့ ဘ၀ကိုရှုမြင်တတ်ဖို့ အဲဒီလို အဘိဓမ္မာတရားတော်ကို အခြေခံပြီးတော့ ဘ၀ကို ရှုမြင်သုံးသပ်တတ်မယ် လောကကြီးကို ရှုမြင်သုံးသပ်လာပြီဆိုရင်တော့ အဘိဓမ္မာဥာဏ်ကို ရရှိလာမှာဖြစ်တယ်။
အဲဒီလို အဘိဓမ္မာဥာဏ်ရရှိလို့ နောက်ဆုံးမှာ အဘိဓမ္မာတရားတော်မှာ ဖော်ပြထားတဲ့ မကောင်းတဲ့ အကျိုးကို ပေးတတ်တဲ့တရားဆိုးတွေ မိမိသန္တာန်က ဖယ်ရှားပစ်လို့ ကောင်းကျိုးချမ်းသာကို ပေးတတ်တဲ့ တရားကောင်းတွေ မိမိတို့ရဲ့သန္တာန်မှာ တိုးမြှင့်ပေးခြင်းအားဖြင့် ကောင်းကျိုးချမ်းသာတွေ ရရှိနိုင်ကြမှာ ဖြစ်တယ်ဆိုတာ သိရှိလိုက်နာလို့ ဒီအဆင့်ရောက်အောင်ထိ ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။
မှတ်ချက်။ ။ အဘိဓမ္မတက္ကသိုလ်ဖွင့်ပွဲတွင် ပါမောက္ခချုပ်ဆရာတော်ကြီးဟောကြားခဲ့သော သြ၀ါဒတရားတော်အား မှီငြမ်းရေးသားပူဇော်အပ်ပါသည်။
စောသဇင်(မန္တလေး)

အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။ ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။
အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကားတစင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။
ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။
စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ်တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။
(သီတဂူ ဆရာတော်)

လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ်ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကိုလျှောက်တယ်။
“အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင်တန်းလာမတက်တာပါဘုရား” လို့ ဒီလိုလျှောက်ထားဖူးတယ်။ အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ သင်ကြားတဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေးဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေသလဲဆိုတဲ့ ကိုယ့်ရဲ့သိသင့်သိထိုက်တဲ့အကြောင်းတွေကို မသိကြတာပါ။
ကိုယ်က ဘယ်မြို့ဘယ်ရွာမှာမွေးတယ်၊ ၊ဘယ်သူ့သား၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဒီလိုအပေါ်ယံလေးတွေလောက်သာ သိနေကြတာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်အသေးစိတ်သိအောင်ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။ ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ်နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းသိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ စိတ်ကိုဖြူစင်အောင်ထားတတ်လာတယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာလား၊ အကုသိုလ်တွေဖြစ်နေတာလား ကိုယ့်ဟာကိုယ်ရှင်းရှင်းလေးသိတယ်။ ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာလဲသိတယ်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာလဲသိတယ်ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်ရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အဘိဓမ္မာသင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီးလှပါတယ်။
(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ)
(က) ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်တို့ကို ခွဲခြားသိရှိလာသဖြင့် အကုသိုလ်စိတ် အဖြစ်နည်းပြီး ကုသိုလ်စိတ် အဖြစ်များရန် နှလုံးသွင်းနိုင်လာသည်။
(ခ) စိတ်ကို ခြယ်လှယ်နေသော စေတသိက်တရားများ၏ သဘောကို သိနားလည်လာသောအခါ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ စသည့် အကုသိုလ် စေတသိက်များ အားနည်းလာအောင် ကျင့်ကြံနိုင်လာသည်။ သဒ္ဓါ၊ သတိ၊ ဟီရိ၊ သြတ္တပ္ပ စသော ကုသိုလ် စေတသိက်များ အားကောင်းလာရန်လည်း အားထုတ်နိုင်လာသည်။
(ဂ) ရုပ်၊ နာမ် တို့ကို ပိုင်းခြား၍ သိသောသူသည် အတ္တ ဒိဋ္ဌိ၊ သက္ကာယ ဒိဋ္ဌိ တို့ကို ကာလ အပိုင်းအခြားအားဖြင့် ပယ်ခွာထားနိုင်၏။
(ဃ) ရုပ်၊ နာမ် တရား တို့၌ ဥာဏ်မျက်စိကန်းနေသော အန္ဓပုထုဇဉ် အဖြစ်မှ ရုပ်နာမ် တရားတို့ကို သိမြင်သော ကလျာဏပုထုဇဉ် အဆင့်သို့ တက်လှမ်းနိုင်၏။
(င) ရုပ်နာမ်တရားတို့သည် အကြောင်းမဲ့ ဖြစ်ပေါ်လာသော တရားများ မဟုတ်၊ ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြသော တရားတို့ တည်းဟု သိမြင်လာသည့် ပစ္စယပရိဂ္ဂဟဥာဏ် ကိုလည်း ရရှိလာနိုင်၏။
ထိုဥာဏ်ကို ရရှိသောအခါ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဖြစ်ပေါ်လာကြသည်ဟူသော အဟေတုကဒိဋ္ဌိ (အကြောင်းမဲ့ဝါဒ) ကိုလည်းကောင်း၊ ထာဝရဘုရား စသော တန်ခိုးရှင်တို့က ဖန်ဆင်းသည်ဟူသော ဣသရနိမ္မာနဒိဋ္ဌိ (ဖန်ဆင်းရှင်ဝါဒ) ကိုလည်းကောင်း ပယ်စွန့်နိုင်၏။
ထို့ပြင် အလုံးစုံကိုသိမြင်နိုင်သော ဗုဒ္ဓမြတ်စွာ ဟူသည် တကယ်ရှိနိုင်ပါ့မလား၊ ငါသည် ရှေးကဖြစ်ခဲ့ဖူးသလား၊ နောင်ဘ၀ တဖန်ဖြစ်ရလေမည်လား စသည့် ယုံမှားမှုအားလုံးကို ကျော်လွှားနိုင်၏။
ဤကဲ့သို့ သက္ကာယဒိဋ္ဌိနှင့် ယုံမှားမှု ၀ိစိကိစ္ဆာတို့ကို ကြာရှည်စွာ ပယ်ရှားထားနိုင်သော ပုဂ္ဂိုလ်သည် သောတပန်နှင့် အလားတူသဖြင့် စူဋ္ဌသောတပန် ဖြစ်ပြီဟု ဆိုနိုင်သည်။ ဤ ပုဂ္ဂိုလ်သည် နောက်ဘ၀၌ ဧကန်မုချ အပါယ် မလားတော့ချေ။
ဤ အဆင့်သို့ ရောက်ပြီးသောသူသည် ဆက်လက်၍ ၀ိပသနာ တရားကို အားထုတ်ပါက မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် သို့ မကြာမတင် ဧကန်မုချဆိုက်ရောက်နိုင်ပါသည်။
-----------------------------------------------------------------------------------------------
ဒေါက်တာမင်းတင်မွန်၏ တက္ကသိုလ် အဘိဓမ္မာပေါင်းချုပ်၊ စာမျက်နှာ ၃၈- ၃၉ မှ
Download at:
http://dhammadownload.com/File-Library/DrMehmTinMon/DrMehmTinMon-AhPhoTanSoneBaWaPyanaAbidhamma123.pdf