Showing posts with label အလုပ်ပေးတရား. Show all posts
Showing posts with label အလုပ်ပေးတရား. Show all posts

Monday, October 17, 2016

မေတ္တာဘာဝနာ


ဒီကနေ့ အချိန်အနည်းငယ်အတွင်းမှာ ဘာဝနာအကျင့်တစ်မျိုးကို ကျင့်ကြရပါလိမ့်မယ်။ အခုကျင့်မယ့် ဘာဝနာက ၀ိပဿနာ ကမ္မဋ္ဌာန်တရားရဲ့ အဆုံးသတ်အပိုင်းပါပဲ။ အခုပြုရမယ့် ဘာဝနာက မိမိတို့ပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေကို သတ္တ၀ါအပေါင်းတို့အား အမျှအတမ်းဝေဖို့ ဖြစ်ပါတယ်။ မိမိ၏ စိတ်ချမ်းသာမူ၊ စိတ်မျှတမူတို့ကို အများနဲ့ဝေငှဖို့ ဖြစ်ပါတယ်။


ဒီလိုသူများနဲ့ ငြိမ်းချမ်းသာယာမူ၊ မျှတမူ၊ စိတ်ချမ်းသာမူတွေကို ဝေငှနိုင်တယ်ဆိုတာဟာ မိမိကိုယ်တိုင်ကလဲ မိမိစိတ်ထဲမှာ သူများတွေကို ကရုဏာဝင်ဖို့ ကြင်နာထောက်ထား မေတ္တာပွားတတ်ဖို့ ဖြစ်ပါတယ်။

ယောဂီတို့ဟာ ၀ိပဿနာတရားကျင့်စဉ်မှာ အဆင့်မြင့်လာတဲ့အခါ ဘာကို သိလာသလဲဆိုရင်၊ မိမိကိုယ်ထဲမှာ အညစ်အကြေးတွေရှိနေရင် ဒီကျင့်စဉ်မှာ တရားမတက်နိုင်ဘူးဆိုတဲ့အသိ ဖြစ်လာပါတယ်။ အမှန်တရားတစ်ခုက ယောဂီတို့ဟာ မိမိတို့စိတ်ထဲမှာ အညစ်အကြေးတစ်ခု ပွားလာတယ်ဆိုရင်၊ ဥပမာ ဒေါသ အမျက်ထွက်တာ၊ မုန်းတီးတာ၊ သဘောဆိုးထားတာ၊ ရန်ညှိုးဖွဲ့တာအစရှိတဲ့ အကုသိုလ်စေတသိတ်တွေ ဖိစီးနှိပ်စက်တဲ့အခါ ယောဂီဟာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒီဟာကတော့ ဒီအတိုင်းပါပဲ။ ဘယ်တော့မဆို ကိုယ့်စိတ်ထဲမှာ အကုသိုလ်စိတ် ပွားလိုက်တယ်ဆိုရင် ကိုယ်ဟာ စိတ်မချမ်းမသာဖြစ်ရတာပါပဲ။

အရင်တုန်းက ယောဂီတို့ဟာ မိမိကိုယ်တွင်းမှာ တကယ်ဖြစ်ပျက်နေတာတွေကို မစူးစမ်းမဆင်ခြင်ခဲ့လို့ တကယ်ဖြစ်ပျက်နေတာတွေကို မသိရှိမခံစားခဲ့ပါဘူး။ ဒါကြောင့်မို့ တကယ့်ကိုယ်ထဲ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို အသိဉာဏ်လဲ မရှိခဲ့ပါဘူး။ သိလဲ မသိခဲ့ပါဘူး။ အခုတော့ ယောဂီတွေဟာ မိမိရဲ့စိတ်ကို ရူတတ်တဲ့အကျင့်ဖြစ်လာပြီမို့ မိမိစိတ်ထဲမှာ အကုသိုလ်စိတ်ဝင်လာရင် သြော်ကြည့်စမ်း ငါ့စိတ်ထဲမှာ အကုသိုလ်စိတ်ဖြစ်တဲ့အခါ ငါစိတ်မချမ်းသာဖြစ်ရပါလားဆိုတဲ့ အသိဉာဏ် ၀င်လာပါတယ်။ တစ်နေ့ပြီးတစ်နေ့ ယောဂီတို့ ဆက်ကျင့်သွားမယ်ဆိုရင် ဒီအသိတရားဟာ ပိုပိုပြီး ထင်ရှားထင်ရှား လာပါလိမ့်မယ်။

နောက်ထပ်ထင်ရှားလာတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ ဒီအညစ်အကြေးတွေ အကုသိုလ်တွေကို ငါပွားတဲ့အခါမှာ အကုသိုလ်စိတ်တွေကြောင့် ငါသာ စိတ်ဆင်းရဲ ဖြစ်ရတာ မဟုတ်ပါဘူး ငါနဲ့ပတ်သက်တဲ့ တခြားသူတွေကိုလဲ ငါ့ရဲ့အကုသိုလ်စိတ်တွေကြောင့် သူတို့လဲ စိတ်မချမ်းမသာ ဖြစ်ရပါလားဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။

ငါဟာ ငါ့စိတ်ထဲမှာ အကုသိုလ်တွေပွားတဲ့အခါမှာ ငါ့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးလဲ ဒီအကုသိုလ်စိတ်တွေနဲ့ လွှမ်းမိုးသွားပြီး ပတ်ဝန်းကျင်မှာ လာရောက်ထိတွေ့တဲ့လူတွေ အကုန်လုံးဟာလဲ အကုသိုလ်မကောင်းကျိုးတွေ သူတို့ပါ ခံစားရတယ်ဆိုတာ ယောဂီသိရှိလာပါလိမ့်မယ်။ ဒီတော့ ယောဂီတို့က နောက်တစ်ခါ ဘယ်လိုအသိတစ်ခု ၀င်လာပြီလဲဆိုရင် ငါဟာတစ်သက်လုံး ငါ့ကိုယ်ငါလဲ စိတ်ဆင်းရဲအောင်လုပ်လို့ ငါ့အကုသိုလ်အကျိုး ငါပြန်ခံစားနေရတယ်။ ငါသာမက သူများတွေလဲ ငါ့ကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေပါလားဆိုတဲ့ အသိဝင်လာပါတယ်။ နောက်ဘယ်လို သိလာသလဲဆိုတော့ ငါ့ဘ၀ကို ငါဘယ်လို အကောင်းဆုံြးုပုပြင်ရမယ် ဘယ်လိုအကောင်းဆုံးနေထိုင်ရမယ်ဆိုတာကို ငါမသိခဲ့ပါလားလို့ ယောဂီတို့ မြင်တွေ့လာပါလိမ့်မယ်။

အဲဒီလို အသိဉာဏ်ဝင်ပြီဆိုရင် ယောဂီတို့မှာ အကုသိုလ်တွေဟာ တဖြည်းဖြည်း တဖြည်းဖြည်း နည်းပါးနည်းပါးလာတဲ့ အခြေအနေကို ရောက်လာပါလိမ့်မယ်။ ဒီလိုအသိဉာဏ်ကလဲ ဦးနှောက်အသိဉာဏ်မျှသာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် ကိုယ်တွေ့လက်တွေ့ ခံစားရပြီးသိရတဲ့ အသိမျိုးဖြစ်ပါတယ်။

နောက်တစ်ခုက ဦးနှောက်အသိဉာဏ်နဲ့ ယောဂီတို့သိကြပါတယ်။ သြော် အကုသိုလ်တွေ ပွားတာဟာ မကောင်းပါဘူး။ ငါတင်မက သူများကိုလဲ ဒီအကုသိုလ်တွေကြောင့် စိတ်မချမ်းသာတာတွေ ဖြစ်ရပါတယ်။ သို့သော်လဲ တကယ်အမူကိစ္စ တစ်ခုပေါ်လာပြီဆိုတဲ့အခါ ဒီအကုသိုလ်တွေ ဆက်လုပ်ကိုင်မိနေတာပါပဲ။ ဦးနှောက်အသိဉာဏ်နဲ့ သိရုံမျှသာကိုး။ အဲဒီတော့ ၀ိပဿနာတရားကို ဆက်လက်ကျင့်သုံးသွားတဲ့အခါ ယောဂီဟာ သိစပြုလာပါတယ်။ ဒီအကုသိုလ်အလုပ်တွေဟာ မကောင်းပါဘူးဆိုတာ သိရက်သားနဲ့ ဘယ့်နှယ့်ကြောင့် ဒီအကုသိုလ်အလုပ်တွေကို ဆက်လက်လုပ်မိနေသလဲ။ ဘာကြောင့် မထိန်းသိမ်းနိုင်သလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။

ဘာအသိဉာဏ် ၀င်လာသလဲဆိုရင် သြော်ငါဟာ အင်မတန် တစ်ကိုယ်ကောင်းဆန်တဲ့ ဘ၀နဲ့ နေခဲ့တာပဲ။ ဘာမဆို ငါ့အတွက် ငါ့စိတ် ငါ့ကိုယ်ပဲ ဦးတည်နေတာပဲဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။ ဦးနှောက်အသိဉာဏ်နဲ့ အနတ္တ အနတ္တ ငါမဟုတ်ဆိုတဲ့ တရားကိုသိပါတယ်။ ဒါပေမယ့် တကယ်တမ်းဘ၀ကိုနေတဲ့အခါကျတော့ ငါ ငါ ငါ့ဟာဆိုတဲ့ ငါစွဲတွေ ရှိနေတုန်း၊ ကျင့်သုံးနေတုန်း ဖြစ်ပါတယ်။

ဒီတော့ ၀ိပဿနာတရားကို ဆက်လက်ကျင့်သုံး ကျင့်သုံးလာတဲ့အခါ ယောဂီက ကိုယ့်ဟာကိုယ် သိစပြုလာပါတယ်။ သြော် ငါဟာ အင်မတန်ပဲ အတ္တစွဲကြီးပါတယ်။ ငါ့ဘ၀ ငါ့ကိုယ်ငါပဲ အရေးပေးပြီး နေပါလားဆိုတဲ့ အသိဉာဏ်ဝင်လာပါတယ်။

ဝိပဿနာတရားကို ဆက်လက်ဆက်လက်ပြီး ကျင့်သုံးလာတဲ့အခါ တဖြည်းဖြည်းနဲ့ ယောဂီတို့ရဲ့ အတ္တစွဲတွေ ငါ ငါ့ဟာဆိုတဲ့ ငါစွဲတွေဟာ တဖြည်းဖြည်း နည်းပါးနည်းပါးလာပါတယ်။ လျော့လျော့လာပါတယ်။ နောက်ဆုံးပိတ်ကျတော့ ငါစွဲတွေဟာ အရေပျော်ဆင်းသွားသလို ကုန်ခမ်းလာပါလိမ့်မယ်။

အဲဒီလို အတ္တစွဲတွေ ငါစွဲတွေ တဖြည်းဖြည်းနဲ့ လျော့လျော့လာတဲ့အခါ ယောဂီဟာ မိမိရဲ့ ဘ၀တစ်ခုလုံးအပေါ် ရူပုံကြည့်ပုံ ယူဆပုံတွေလဲ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာပါလိမ့်မယ်။ အတ္တစွဲ ငါစွဲက သိပ်ကြီးမားနေတဲ့အခါ ကိုယ့်ကိုယ်ကို အရေးပေးမူက အင်မတန်များပါတယ်။

အတ္တစွဲနည်းလာပြီဆိုတော့ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကိုသာ အရေးပေးမနေတော့ဘဲ သူများတွေကိုပါ သတိပြုစပြုလာပါတယ်။ သူများတွေလဲ ဒုက္ခဆင်းရဲ ရောက်ကြပါလားဆိုပြီး သူများတွေ အရေးကို ပိုပြီးနားလည်လာကာ သူများတွေ အရေးပိုပြီး စဉ်းစားလာပါတယ်။

မရှိတဲ့သူတွေကတော့လဲ သူတို့မရှိကြတာကြောင့် သူတို့ရဲ့ ဆင်းရဲနွမ်းပါးကြတာကြောင့် ဒုက္ခဆင်းရဲ အမျိုးမျိုးခံစားကြရတယ်ဆိုတာ ထင်ရှားပါတယ်။ ရှိတဲ့သူတွေလဲ ရှိရဲ့သားနဲ့ပဲ သူတို့လဲ ဆင်းရဲဒုက္ခတွေ အများကြီးခံစားနေကြရတာပါပဲ။ သူတို့လဲ ခဏခဏ အကုသိုလ်စိတ်တွေပွားပြီး အကုသိုလ်အလုပ်တွေ လုပ်ပြီး စိတ်မချမ်းသာရတာတွေ သောကတွေ အမျိုးမျိုး ခံစားကြရပါတယ်။

ဒါကြောင့် လူတွေဟာ ငွေကြေးချမ်းသာသူဖြစ်စေ၊ ဆင်းရဲနွမ်းပါးသူဖြစ်စေ၊ ပညာရှိသူ ပညာမဲ့သူယောက်ျားဖြစ်စေ၊ မိန်မဖြစ်စေ လူသတ္တ၀ါအားလုံးတို့ဟာ ဆင်းရဲဒုက္ခခံစားနေကြရတာပါပဲ။ ကမ္ဘာတစ်ခုလုံးရှိ လူသားအားလုံးဟာလဲ ဆင်းရဲတွေ ပင်လယ်ဝေနေတာပါပဲ။ ဆင်းရဲဒုက္ခတွေချည်းပါပဲ။

ဒီတော့ စိတ်ထဲမှာ တစ်ခုပေါ်လာပါလိမ့်မယ်။ သြော် လောကလူသားတွေ ဒါလောက် ဒုက္ခတွေ ရောက်ကြပါလား။ ငါ့အနေနဲ့ ဒီလူသားတွေကို ဒုက္ခဆင်းရဲက လွတ်မြောက်အောင် ဘယ်လိုအကူအညီ ပေးရ မလဲလို့ စဉ်းစားမိပါတယ်။

အဲဒီလို ဆင်းရဲဒုက္ခရောက်နေရတဲ့သူတွေကို အင်မတန် အံ့သြဖွယ်ကောင်းတဲ့ ဆင်းရဲအပေါင်းက လွတ်ကင်းစေနိုင်တဲ့ တရားဓမ္မကို သူတို့သိအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စဉ်းစားခန်းပေါ်လာပါတယ်။ လူအပေါင်းမြောက်မြားစွာကို ဆင်းရဲဒုက္ခတွေက လွတ်ကင်းစေနိုင်တဲ့ တရားဓမ္မရစေရန် တရားရိပ်သာတွေ တရားစခန်းတွေ မြောက်မြားစွာ ဖွင့်လှစ်ပြီး သတ္တ၀ါဝေနေယျ တရားရစေလိုသော စေတနာတွေ ဖြစ်လာပါတယ်။ တရားစခန်းရှိပြီးသား ရိပ်သာတွေမှာလဲ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးကအစ အားလုံးအဆင်ပြေဖို့ လိုပါတယ်။ ဒီတော့မှလဲ ယောဂီတွေဟာ အေးအေးချမ်းချမ်းနဲ့ တရားထိုင်နိုင်ကြပါမယ်။ ဒီတိုင်းပြည်မှာလဲ လူအများစုမှာ ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရပါတယ်။ တရားလမ်းစဉ် အစစ်အမှန်ကို မတွေ့ကြသေးလို့ ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်တဲ့ လမ်းစဉ်ကို မသိကြသေးပဲဖြစ်နေပါတယ်။

လူတွေကို ဒုက္ခအပေါင်းမှ လွတ်မြောက်ရာ တရားလမ်းစဉ်နဲ့ ဘယ်နည်းဘယ်ပုံပြပေးရမလဲလို့ တွေးမိပါတယ်။ တရားမှာရင့်ကျက်လာကြတဲ့ ယောဂီတွေရဲ့ စိတ်ထဲမှာ ဧဟိ ပဿိကော ဂုဏ်တော်၏ စေ့ဆော်တိုက်တွန်းမူကြောင့် ကမ္ဘာသူ ကမ္ဘာသားများထံသို့ တရားတော်ကို စတင်ဖြန့်ဖြူးလာကြတာကို တွေ့ရပါတယ်။ ငွေကြေးတတ်နိုင်ကြသူများက ငွေကြေးဒါနပေးလှူခြင်းဖြင့် တရားတော်ဖြန့်ဖြူးရာတွင် ကူညီကြပါတယ်။ ငွေကြေးလှူဒါန်းမူအပြင် ဓမ္မလုပ်အားပေးခြင်းဖြင့်လဲ တရားတော်ကို အလုပ်အကျွေးပြုရာ ရောက်ပါတယ်ဆိုတဲ့ ခံစားမူပေါ်ထွက်လာပါတယ်။ ဓမ္မလုပ်သားတွေဟာ တရားတော်အတွက် ဓမ္မလုပ်အားပေးရခြင်းကို လွန်စွာ ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ကြရပါတယ်။

ဓမ္မလုပ်သားများအနေနဲ့ ယောဂီများ တရားမထိုင်မီ အကုသိုလ်သင်္ခါရများဖြင့် မသာမယာရှိနေပုံနှင့် တရားကို ကောင်းစွာကျင့်ပြီး တရားကထွက်လာတဲ့အခါ ထိုယောဂီများ ရွှင်လန်းဝမ်းမြောက်ခြင်း ဖြစ်ရပုံတို့ကို နိုင်းယှဉ်လေ့လာခွင့်ရကြလို့ မုဒိတာစိတ်တွေ ပွားများကြရပါတယ်။

ဝိပဿနာတရားမှာ တိုးတက်မူ ရှိမရှိဆိုတဲ့ အတိုင်းအထွာတစ်ခုက တရားရင့်ကျက်လာတဲ့ ယောဂီမှာ သူတစ်ပါးကို မစချင်စိတ်၊ တရားအရာမှာ အောင်မြင်စေလိုတဲ့စေတနာ၊ အကူအညီပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာရင် တရားလမ်းစဉ်မှာ တိုးတက်နေတယ်ဆိုတာ ပြသချက် ဖြစ်ပါတယ်။

တရားကိုကျင့်သုံးလာတဲ့ ယောဂီဟာ ဘာကိုသတိပြုမိလာသလဲဆိုတော့ အရင်ကဆိုရင် ငါဟာငါ့ကိုယ်ငါလဲ ဆင်းရဲစေခဲ့ရုံမျှမက ငါ့ဒုက္ခတွေကိုလဲ သူများကို ဝေငှမိခဲ့တယ်၊ အခုတော့ တရားရလာပြီဖြစ်လို့ ငါခံစားလာရတဲ့အေးချမ်းမူ၊ သမမျှတမူတို့ကို သူများတွေနဲ့ မျှဝေခံစားစေလိုပါတယ်။ အဲဒါကြောင့် သတ္တ၀ါအပေါင်းတို့ဟာ ကျွန်ုပ်၏ စိတ်ချမ်းသာမူ အေးချမ်းမူကို ရယူနိုင်ကြပါစေဆိုတဲ့ စိတ်ဖြစ်လာပါတယ်။ အဲဒီလို တကယ့်စိတ်ဖြစ်တော့မှ ဒီဟာမှ မေတ္တာဘာဝနာအစစ် ဖြစ်ပါတယ်။

သတ္တ၀ါတွေထဲမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဗြဟ္မာကြီးဟာ အမြဲပဲ အကန့်အသတ်မရှိတဲ့ အတိုင်းအတာမရှိတဲ့ အနန္တမေတ္တာ၊ အနန္တကရုဏာ၊ အနန္တမုဒိတာ၊ အနန္တဥပေက္ခာတို့နဲ့ နေပါတယ်၊ ဒီလေးမျိုးဟာ ဗြဟ္မာကြီးတို့ရဲ့ လက္ခဏာပါပဲ။ ကျွနိုပ်တို့လူသားတွေမှာလဲ ဒီအရည်အချင်းတွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေ ဒီမျိုးစေ့ကလေးတွေ ရှိကြပါတယ်။ ဒါပေမယ့် ဒီအရည်အချင်းတွေ ဒီမျိုးစေ့ကလေးတွေက တိမ်မြုပ်နေတာကြောင့် မထင်ရှားသေးပါဘူး။

ဒီမျိုးစေ့ကလေးတွေ ဘာကြောင့် မကြီးထွားသေးသလဲဆိုရင် လူတွေမှာ စုဆောင်းသိုလှောင်ထားတဲ့ ကိလေသာအညစ်အကြေးတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိပဿနာဟာ ယောဂီတွေအတွက် အရေးကြီးဆုံး ပထမကမ္မဋ္ဌာန်းနည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ၀ိပဿနာကမ္မဋ္ဌာန်းကို အရေးကြီးဆုံး ကမ္မဋ္ဌာန်းနည်းအဖြစ် လုပ်ရခြင်းဖြစ်ပါတယ်။

ယောဂီတွေ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ သိုလှောင်ထားတဲ့ ကိလေသာအညစ်အကြေးတွေကို ၀ိပဿနာနဲ့သာ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။ ဒီအညစ်အကြေးတွေဟာ တရားကိုကျင့်တဲ့အခါမှာ အလွှာလိုက် ပပျောက်သွားပြီး အင်မတန်နက်နဲတဲ့ ကျောက်တောင် ကျောက်ခဲလို မာကျောတဲ့ အညစ်အကြေးများကို ဖြိုခွဲဖျက်ဆီးပစ်နိုင်တဲ့ အဆင့်ကိုရောက်လာပါတယ်။

အဲဒီအချိန်မှာ မေတ္တာရေစင်တွေ ပေါ်လာပါလိမ့်မယ်။ မေတ္တာ ကရုဏာစိတ်ကောင်းတွေ လွှမ်းမိုးနေပါလိမ့်မယ်။ ဒီအဆင့်ကို မရောက်မီ အချိန်အတွင်းမှာ ယောဂီတို့ဟာ ၀ိပဿနာကမ္မဋ္ဌာန်းကို ကျင့်ပွားနေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး မနက်ကို ၁-နာရီ၊ ညနေပိုင်းကို ၁-နာရီ၊ ဒီလိုမှန်မှန်ကျင့်ပွားပြီး တရားဖြုတ်ချိန်မှာ ၅-မိနစ်၊ ၁၀-မိနစ်လောက် မေတ္တာဘာဝနာကို ပွားဖို့လိုပါတယ်။

မေတ္တာဘာဝနာကို ဘယ်လိုပွားကြသလဲ။ ကမ္မဋ္ဌာန်းထိုင်ပြီးတဲ့အခါ မေတ္တာဘာဝနာ မပွားခင် စိတ်ရောကိုယ်ပါ မေတ္တာဘာဝနာပွားဖို့ ထိုက်မထိုက် စစ်ဆေးကြည့်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို စူးစမ်းတဲ့အခါမှာ ကိုယ်စိတ်နှလုံးကိုလဲ စူးစမ်းကြည့်ပါ။ ခန္ဓာကိုယ်မှာ ဘယ်လိုစုံစမ်းကြည့်မလဲ။ ဒီတရားစခန်းကိုလာပြီး တရားကျင့်တဲ့အခါမှာ စိတ်ကို အင်မတန်နက်ရိုင်းစွာ ခွဲစိတ်ကြရပါတယ်။ ဒီလိုစိတ်ကို နက်နက်ကြီး ခွဲစိတ်တဲ့အခါမှာ အမြစ်နက်တဲ့ ကိလေသာအညစ်အကြေးတွေ အစွဲတွေ စိတ်ရဲ့ အပေါ်ယံအပိုင်းကို တက်လာကြပါတယ်။

ဒီလိုအခါမှာ သာယာဖွယ်မဟုတ်တဲ့ အစိုင်အခဲတွေဟာ ကြမ်းတမ်းတဲ့ ဒုက္ခဝေဒနာအဖြစ်နဲ့ ကိုယ်ခန္ဓာအပေါ်မှာာ လာပြီးဖော်ပြကြပါတယ်။ ပေါ်လာကြပါတယ်။

ဒီလိုအိမ်ပြန်သွားတဲ့အခါ မနက်မှာတစ်နာရီ ညနေမှာတစ်နာရီ တရားထိုင်ကြတဲ့အခါ အခုဒီတရားစခန်းမှာလို စိတ်ကိုနက်နက်နဲနဲကြီး ခွဲစိတ်လို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခုကလဲ အိမ်ပြန်ပြီး တစ်နာရီစီထိုင်တဲ့အခါ အဓိဋ္ဌာန်နဲ့ထိုင်တာ မဟုတ်ပါဘူး။ တကယ်လို့ ယောဂီက တစ်နာရီကို အလွယ်တကူနဲ့ ထိုင်နိုင်တယ်ဆိုလို့ရှိရင် တစ်နာရီအဓိဋ္ဌာန်နဲ့ ထိုင်နိုင်ပါတယ်။ တကယ်လို့ အဓိဋ္ဌာန်နဲ့ တစ်နာရီတိတိ မထိုင်နိုင်သေးဘူးဆိုရင်လဲ ကိုယ်အနေထား အရိယာပုတ်ကို ပြောင်းချင်ရင် ပြောင်းနိုင်ပါတယ်။ ကိုယ်သက်သာသလိုထိုင်တဲ့အခါ တရားထိုင်ပြီးတဲ့အချိန်မှာ ခန္ဓာကိုယ်ပေါ်မှာ မသာယာတဲ့ ဝေဒနာတွေကို မတွေ့နိုင်ပါဘူး။ တကယ်လို့ တရားထိုင်ပြီးတဲ့အခါမှာ ယောဂီရဲ့ ကိုယ်ထဲမှာ ဒုက္ခဝေဒနာတစ်မျိုးမျိုး နာတယ် ကျင်တယ် အစရှိသဖြင့် တခုခုခံစားနေရလို့ရှိရင် ဒီအချိန်မှာ မေတ္တာ ဘာဝနာပွားဖို့ မသင့်သေးပါဘူး။ ဒီလိုအခါမှာ ကိုယ်ကိုလဲ လျောင်းချင်လဲ ခဏလဲချောင်းနေပါ။ ကိုယ်ကို သက်သာသလိုနေပြီးမှ မေတ္တာဘာဝနာကို ပွားပါ။

ယောဂီကိုယ်တိုင်ကမှ ဝေဒနာတွေကို ခံစားနေရတဲ့အချိန်မှာ ကိုယ့်မှာ သာယာအေးချမ်းမူ မရှိတဲ့အခါ သာယာအေးချမ်းမူကို သူများတွေကိုဘယ်လို ဝေငှပေးနိုင်ပါ့မလဲ။ ဒီအတွက်ကြောင့် ကိုယ်ကို နေသာထိုင်သာရှိအောင်နေပြီးမှ မေတ္တာဘာဝနာပွားကြပါ။ ဒီလိုပဲ ကိုယ်ခန္ဓာကို ကြည့်ပြီးတဲ့အခါ စိတ်ကိုလဲ စစ်ဆေးကြည့်ကြပါ။

ဝိပဿနာတစ်နာရီထိုင်ပြီးတိုင်းမှာ စိတ်ကိုစစ်ဆေးကြည့်တဲ့အခါမှာ ဒေါသတွေ မုန်းတီးမူတွေ မနာလိုမူတွေ၊ အကုသိုလ်စိတ်တွေ အရိပ်အရောင်လေးရှိရင် ဒီအချိန်မှာ ငါ မေတ္တာဘာဝနာကျင့်ဖို့ မသင့်တော်သေးဘူးလို့ သိလိုက်ပါ။ အကုသိုလ်စိတ်ကလေးဟာ နည်းနည်းလေးပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲမှာရှိနေရင် အကုသိုလ်စိတ် ကလေးရှိနေသမျှ ယောဂီရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းမူ။ ချမ်းသာမူကို မခံစားနိုင်ပါဘူး။ အကုသိုလ်စိတ်နဲ့ စိတ်ချမ်းသာမူ စိတ်အေးငြိမ်းမူဟာ ဘယ်တော့မှ အတူတူ ဒွန်တွဲမနေနိုင်ပါဘူး။

ဒါကြောင့် အရေးကြီးတာက ပထမဦးဆုံး အကုသိုလ်စိတ်တွေ စိတ်ထဲမရှိအောင် ဖယ်ရှားပစ်လိုက်ပါ။ ဒီအကုသိုလ်စိတ်တွေ မရှိဘူးဆိုရင် မေတ္တာဘာဝနာကို ပွားနိုင်ပါတယ်။ မေတ္တာပွားပါ။

ကိုယ့်ကိုယ်ကို စူးစမ်းကြည့်လိုက်တဲ့အခါ ကိုယ်စိတ်နှစ်ပါစလုံး၌ အကုသိုလ်စိတ်များ ကင်းစင်းနေတဲ့အချိန် မေတ္တာဘာဝနာကို ပွားရပါလိမ့်မယ်။ ဒီတော့ ဘယ်လို မေတ္တာဘာဝနာပွားကြမလဲ။ များသောအားဖြင့် မေတ္တာဘာဝနာကို ပွားတယ်ဆိုတဲ့အခါ စိတ်ရဲ့ အပေါ်ယံအပိုင်းကလေးနဲ့သာ ပွားကြတာဖြစ်ပါတယ်။ ဘာမှမလုပ်တာထက်စာရင် အပေါ်ယံစိတ်နဲ့ မေတ္တာပို့တာက တော်ပါသေးတယ်လို့ ယူဆနိုင်ပါတယ်။

ဝိပဿနာယောဂီတို့အနေနဲ့ မေတ္တာပွားတဲ့အခါ စိတ်ရဲ့ အတွင်းအနက်ရိုင်းဆုံး အပိုင်းကနေ မေတ္တာပွားယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုလုပ်မလဲ။ ဘယ်လိုပွားနိုင်ပါ့မလဲ။ ယောဂီတွေ တရားစခန်းကို ၀င်ကြတဲ့အခါ တချို့လဲ ၇-ရက်နေ့မှာ တချို့ ၈-ရက်၊ ၉-ရက် တချို့က ၁၀-ရက်နေ့မှာ သိမ်မွေ့ဝေဒနာကို တစ်ကိုယ်လုံးမှာ တွေ့ထိခံစားရတတ်ပါတယ်။ တစ်ကိုယ်လုံး ရေစီးသလို ခံစားချင် ခံစားရပါတယ်။

တချို့ယောဂီတွေမှာ သိမ်မွေ့ဝေဒနာတွေကို တစ်ကိုယ်လုံမှာ မခံစားရပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ် တချို့အစိတ်အပိုင်းတွေမှာ သိမ်မွေ့ဝေဒနာတွေ သုခဝေဒနာတွေကို ခံစားကြရပါတယ်။

ယောဂီတွေအနေနဲ့ သိထားတဲ့အတိုင်းပဲ ဘယ်လောက်သိမ်မွေ့ဝေဒနာခံစားလို့ကောင်းတဲ့ ဝေဒနာပင်ဖြစ်သော်လည်း အဲဒီဝေဒနာရဲက လက္ခဏာက ဖြစ်ချုပ်ဖြစ်ချုပ်ပါပဲ။ ဖြစ်လာပြီးတော့ ပျက်သွားတာပဲ။ ဖြစ်လာပြီးတော့ ပျက်သွားတာပဲဆိုတဲ့ အနိစ္စလက္ခဏာကို သိရှိနားလည်ပြီး လက်ခံဖို့ရာ ဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာဘာဝနာကို ပွားမယ်ဆိုတဲ့ အခါ ၀ိပဿနာဘာဝနာနဲ့ လုံးဝကွာခြားပါတယ်။

မေတ္တာဘာဝနာကို ပွားတဲ့အခါမှာ ယောဂီတို့ ခံစားရတဲ့ သိမ်မွေ့တဲ့ ဝေဒနာလေးတွေကို ယောဂီတို့ စိတ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ မေတ္တာစိတ်တွေ ကရုဏာစိတ်တွေ သူများပေါ်မှာ စိတ်ကောင်းစေတနာတွေနဲ့ တစ်ခါတည်း သိမ်မွေ့လိုင်းကလေးတွေကို ဖြည့်ပစ်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ခံစားရတဲ့ သိမ်မွေ့ဝေဒနာကလေးတွေကို မေတ္တာတွေ အပြည့်ဖြည့်ပြီးတဲ့အခါ ယောဂီတို့က စိတ်ထဲမှာ သြော် သတ္တ၀ါအပေါင်းတို့အေးချမ်းကြပါစေ၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေဆိုတဲ့ စိတ်ကောင်း စေတနာတွေ မေတ္တာတွေနဲ့ ဒီလိုင်းကလေးတွေ သိမ်မွေ့ဝေဒနာလေးတွေကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

ယောဂီတို့အနေနဲ့ ၀ိပဿနာလဲ ကျင့်သုံးပြီးပြီဖြစ်လို့ လူတစ်ဦးတစ်ယောက် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ တကယ့်ချမ်းသာမူ အေးချမ်းမူကို ရနိုင်မလဲဆိုတာ သိကြပါပြီ။ လူတစ်ဦးတစ်ယောက်ဟာ တကယ့်ချမ်းသာမူ တကယ့်အေးငြိမ်းမူကို ခံစားးနိုင်ဖို့ဆိုတာ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်အတွင်းမှာ ကိလေသာအညစ်အကြးတွေ စင်ကြယ်မှ စိတ်၏ချမ်းသာမူ အေးငြိမ်းမူကို ခံစားနိုင်မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီယောဂီတို့ခံစားနေရတဲ့ သိမ်မွေ့ဝေဒနာကလေးတွေကို မေတ္တာ ကရုဏာ မုဒိတာစတဲ့ စိတ်ကောင်း စေတနာကောင်းတွေနဲ့သာ ဖြည့်နေရုံ မဟုတ်ပါဘူး။ လူအပေါင်းတို့ဟာ ဒီစိတ်ချမ်းသာမူ ကိုယ်ချမ်းသာမူ ဘ၀ဆင်းရဲတွေက လွတ်ကင်းပြီး အညစ်အကြေးတွေကုန်မှ ကိလေသာတွေက ကင်းစင်မှာဖြစ်တဲ့အတွက်ကြောင့် ဒီလိုင်းကလေးတွေထဲမှာ ဒီသိမ်မွေ့ဝေဒနာကလေးတွေထဲမှာ လူအပေါင်းတို့ဟာလဲ တရားဓမ္မရကြပါစေ။ ကိလေသာတွေ အညစ်အကြေးတွေက လွတ်ကင်းကြပါစေဆိုတဲ့ စေတနာလေးလဲ ထည့်ပေးဖို့လိုပါတယ်။ အခုလိုကျင့်မယ်ဆိုရင် ဒီလိုသိမ်မွေ့ဝေဒနာကလေးတွေထဲအထိ ရောက်အောင် စိတ်က စိုက်နေတဲ့အခါ စိတ်ရဲ့ အပေါ်ပိုင်းကလေးနဲ့သာ အလုပ်လုပ်နေတာ မဟုတ်တော့ဘဲ အင်မတန် နက်ရိုင်းတဲ့အပိုင်းနဲ့ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့်မို့ စိတ်ရဲ့ အင်မတန် နက်ရိုင်းတဲ့အပိုင်းနဲ့ အလုပ်လုပ်နေတာဖြစ်လို့ ပို့တဲ့မေတ္တာဟာ ပိုမိုပြီး ထိုရောက်ပါတယ်။ အင်မတန်လဲ စူးရှပါတယ်။ အင်မတန်လဲ အကျိုးကျေးဇူးတွေ ခံစားရပါတယ်။ အဲဒီလို ယောဂီကိုယ်တိုင်က တရားကိုကျင့်ပြီး စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းနဲ့ ပို့တဲ့မေတ္တာဖြစ်တဲ့အတွက် အင်မတန်ထက်မြက်တဲ့ မေတ္တာဖြစ်ပြီး အင်မတန်ပဲ ထိရောက်ပါတယ်။ စူးရှပါတယ်။

ဝိပဿနာကျင့်စဉ်အခါတုန်းက ယောဂီတို့ကို မှာကြားခဲ့တယ်။ ယောဂီတို့ ၀ိပဿနာကျင့်စဉ်အခါမှာ စိတ်ကိုသာ အသုံးပြုပါ။ မျက်စိနဲ့ စိတ်ကူးနဲ့ မကြည့်ရပါဘူး။ ပါးစပ်နဲ့လဲ ဘယ်လိုမှ မရွတ်ဆိုရပါဘူး။ စိတ်ကူးထဲက ထင်မြင်ချက်နဲ့လဲ အသုံးမချရပါဘူးလို့ ဒါတွေမလုပ်ဖို့ တားခဲ့ပါတယ်။ ဒါပေမယ့် မေတ္တာဘာဝနာကို ကျင့်တဲ့အခါကြတော့ ဒီလိုမဟုတ်တော့ပါဘူး။ ယောဂီတို့ မေတ္တာဘာဝနာကျင့်နေစဉ်အချိန်မှာ စိတ်က စိတ်ကူးနဲ့လဲ မေတ္တာပို့သူကို ကြည့်လို့ရပါတယ်။ အဲဒီကနေပြီး မြင်လို့ရပါတယ်။ ပါးစပ်နဲ့လဲ နူတ်က ရွတ်လို့ရှိရင်လဲ ရွတ်လို့ရပါတယ်။ အဲဒီတော့ မေတ္တာဘာဝနာကို ပွားတဲ့အချိန်မှာ မျက်စေ့နဲ့စိတ်နဲ့ ပါးစပ်နဲ့အကုန်လုံး မေတ္တာပွားလို့ရပါတယ်။

အဲဒီတော့ ယောဂီတို့ကျင့်ရမှာက ယောဂီတို့ရဲ့ အတွင်းအနက်ရိုင်းဆုံးအပိုင်းက ဖြစ်ပေါ်လာတဲ့ မေတ္တာနဲ့ သတ္တ၀ါအပေါင်းတို့ အေးချမ်းကြပါစေ၊ သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေ၊ သတ္တ၀ါအပေါင်းတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းကြပါစေဆိုတဲ့ မေတ္တာကိုပွားရမှာ ဖြစ်ပါတယ်။
* ကြည့်မြင်လို့ရသော သတ္တ၀ါ မမြင်နိုင်သော သတ္တ၀ါ၊
* အနီးအနားတွင်ရှိသော သတ္တ၀ါ၊ အဝေးအရပ်တွင်ရှိသော သတ္တ၀ါ၊
* ကြီးသောသတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊
* လူသတ္တ၀ါ၊ လူမဟုတ်သော သတ္တ၀ါ၊
* အလုံးစုံသော သတ္တ၀ါတွေ ချမ်းသာခြင်းအစစ်အမှန်၊ အေးချမ်းခြင်းအစစ်အမှန် ရကြပါစေ၊ အားလုံးသော သတ္တ၀ါတွေ ကိလေသာအညစ်အကြေးက လွတ်ကင်းကြပါစေ။

ဒီလို နေ့စဉ်မှန်မှန် တစ်နေ့တစ်နာရီစီ ၀ိပဿနာကို ကျင့်ပြီး မိနစ်အနည်းငယ် မေတ္တာဘာဝနာကို ပွားတယ်ဆိုရင် ယောဂီတို့ရဲ့ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာနှစ်ခုလုံးမှာ မေတ္တာလိုင်းတွေ အပြည့်လွှမ်းမိုးလာတာကို တွေ့ရပါလိမ့်မယ်။

နောက်ဒီလို ဆက်လက်ပြီး ကျင့်သွားတဲ့အခါ ဘယ်အဆင့်ကို ရောက်မလဲဆိုရင် ယောဂီတို့ မေတ္တာတွေဟာ ခန္ဓာကိုယ်ဘောင်အတွင်းမှာသာ မဟုတ်တော့ဘဲ လျှံထွက်လာတာကို ယောဂီတို့ ခံစားသိရှိလာပါလိမ့်မယ်။ ယောဂီတို့ရဲ့ မေတ္တာဓာတ်တွေ လိုင်းတွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုကြီးလာပြီး ကိုယ်တွင်းကလျှံပြီး ယောဂီရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို မေတ္တာလိုင်းတွေနဲ့ လွှမ်းမိုးသွားတာကို တွေ့ရပါလိမ့်မယ်။

တကယ်လို့ ယောဂီဟာ အမြဲတမ်း တရားကျင့်တဲ့ နေရာဟာ တစ်ခန်းတည်းမှာပဲ မှန်မှန်တရားကျင့်တယ်၊ မေတ္တာဘာဝနာပွားမယ်ဆိုရင် ဒီတစ်ခန်းလုံးဟာ မေတ္တာစိတ်တွေ၊ တရားဘာဝနာတွေကြောင့် တစ်ခန်းလုံးဟာ အေးချမ်းမူတွေ သမမျှတတဲ့စိတ်တွေ စိတ်ကောင်း စေတနာကောင်းတွေ လွှမ်းမိုးပြီး ဒီနေရာကြီးတစ်ခုလုံးဟာ ဓမ္မနေရာကြီး ဖြစ်နေတာကို ယောဂီတို့ တွေ့ရပါလိမ့်မယ်။ တော်တော်စိတ်သောကရောက်နေသူ အပြင်လူတစ်ဦးတစ်ယောက်ဟာ ယောဂီတို့ တရားကျင့်တဲ့အခန်းကို ရောက်လာတဲ့အခါ အဲဒီလူဟာ အေးမြမူကို ခံစားရသွားတတ်ပါတယ်။ စိတ်အေးချမ်းမူကို ရယူသွားတတ်ပါတယ်။ ဒါဟာ ၀ိပဿနာတရားနဲ့ မေတ္တာဘာဝနာကို ကျင့်သုံးရတဲ့ ယခုလောလောလတ်လတ် လက်တွေ့ခံစားရတဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။

ယောဂီတို့အိမ်မှာ အခြားဝိပဿနာယောဂီ ရှိသေးတယ်ဆိုရင် အထူးသဖြင့် အင်မတန် ကံထူးသူတို့မှာ တစ်အိမ်သားလုံး နံနက်နှင့် ညနေတစ်နာရီစီ တစ်ချိန်တည်းမှာပဲ တရားထိုင်ကြမယ် ထိုင်ပြီးရင်လဲ မေတ္တာဘာဝနာပွားကြမယ်ဆိုရင် အဲဒီအိမ်သားတွေဟာ အင်မတန်ထူးကဲတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရကြပါလိမ့်မယ်။

ဒီလိုပဲ အင်မတန်ထူးကဲတဲံ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ကျေးဇူးတွေ ခံစားရတယ်ဆိုတာ အမှန်ပါပဲ။ ၀ိပဿနာကျင့်ပြီးကြတဲ့ ယောဂီတွေထံက သူတို့ဒီလိုခံစားရတဲ့ အကြောင်းတွေ ကြားရပါတယ်။

လူတွေဟာ အတူတူနေကြတယ်ဆိုရင် မိသားစုပဲဖြစ်ဖြစ် တခြားလူပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံမူ အလိုမကျမူတွေဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒီလိုဖြစ်ပေမယ့် မိသားစုအချင်းချင်း တစ်ယောက်နှင့် တစ်ယောက်သဘော ကွဲလွဲနေတာတွေ တစ်ယောက်နှင့် တစ်ယောက်နားမလည်မူ ဖြစ်နေရင် အဲဒီမိသားစုတွေဟာ အကုန်လုံးစုပြီး တရားထိုင်ကြမယ်၊ မေတ္တာဘာဝနာပွားကြမယ်ဆိုရင် ဒီမိသားစုတွေဟာ တစ်ယောက်အပေါ်တစ်ယောက် စိတ်ခုနေတာတွေ မကောင်းတဲ့ စိတ်ပွားနေတာတွေပျောက်ပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်တွေပွားပြီး တစ်ဦးအပေါ်တစ်ဦး ကူညီစေချင်တဲ့စိတ်တွေ စိတ်ကောင်း စေတနာတွေပေါ်လာပြီး နေရေးထိုင်ရေးဟာ အင်မတန်ကောင်းမွန်လာပါလိမ့်မယ်။

ဝိပဿနာဆိုတာ အခုဒီဘ၀မှာပဲ ဘယ်လိုနေရထိုင်ရမယ် ကိုယ့်ဘ၀ကို ဘယ်လို သာယာအေးချမ်းအောင် နေရမယ်၊ ကိုယ်နှင့် သက်ဆိုင်ရာ ဆက်သွယ်ရာ လူတွေအားလုံးကိုလဲ ကိုယ့်ဘ၀အဆင်ပြေသလို သူတို့ဘ၀တွေ အေးချမ်းပါစေ အဆင်ပြေပါစေ ဘ၀ရဲ့ နေရေး သာယာရေးအတွက်လဲ ဖြစ်ပါတယ်။

ဒီအတွက် ၀ိပဿနာကျင့်စဉ်ဟာ အရေးကြီးဆုံး ကျင့်စဉ်ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်း နံနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နာရီစီ ၀ိပဿနာစထိုင်ရပါတယ်။ ၀ိပဿနာကို အရေးပေးထိုင်ပြီး မိနစ်အနည်းငယ်စီ မေတ္တာဘာဝနာကို ပွားကြရမှာ ဖြစ်ပါတယ်။ အခု မိနစ်အနည်းငယ်လောက် မေတ္တာဘာဝနာ ကျင့်ကြရအောင်။

ကျွန်ုပ်သည် အမျက်ဒေါသထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ သဘောဆိုးယုတ်ခြင်း၊ ရန်ညှိုးဖွဲ့ခြင်းတို့မှ လွတ်မြောက်ရပါစေသတည်း၊ လွတ်မြောက်ရပါစေသတည်း

ကျွန်ုပ်သည် ခင်မင်မေတ္တာထားခြင်း၊ စိတ်ကောင်းစေတနာထားခြင်း စိတ်အေးချမ်းမြခြင်း၊ သမစိတ္တရှိခြင်းများ ပွားများနိုင်ပါစေသတည်း၊ ပွားများနိုင်ပါစေသတည်း။

သတ္တ၀ါအပေါင်းတို့သည် ကျွန်ုပ်၏အေးချမ်းမူ ကျွန်ုပ်၏သမစိတ္တတို့ကို ရယူနိုင်ကြပါစေသတည်း၊ ရယူနိုင်ကြပါစေသတည်း။

သတ္တ၀ါအပေါင်းတို့သည် ကျွန်ုပ်၏ကုသိုလ်ကောင်းမူ အစုစုတို့ကို ကျွန်ုပ်၏ တရားဓမ္မတို့ကို ရယူနိုင်ကြပါစေသတည်း၊ ရယူနိုင်ကြပါစေသတည်း။

သတ္တ၀ါအပေါင်းတို့ အမျက်ဒေါသထွက်ခြင်း၊ မလိုမုန်းတီးခြင်း၊ ရန်ညှိုးဖွဲ့ခြင်း၊ သဘောဆိုးယုတ်ခြင်းတို့မှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

သတ္တ၀ါ အပေါင်းတို့ ချမ်းသာကြပါစေ၊ ချမ်းသာကြပါစေ။

သတ္တ၀ါအပေါင်းတို့ အေးငြိမ်ကြပါစေ၊ အေးငြိမ်းကြပါစေ။

သတ္တ၀ါအပေါင်းတို့ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

ကျွန်ုပ်သည် သတ္တ၀ါအားလုံးတို့အပေါ်၌ ဖြူစင်သည့် မေတ္တာအတိုင်းမသိသည့် မေတ္တာကရုဏာများ ပွားများနိုင်ပါစေသတည်း၊ ပွားများနိုင်ပါစေသတည်း။

လူအပေါင်းတို့ ခံစား၍နေကြရသော ဆင်းရဲဒုက္ခအပေါင်းတို့မှ လွတ်မြောက်နိုင်ကြပါစေရန် တရားစစ် တရားမှန်များသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့ပွားများနိုင်ပါစေသတည်း၊ ပျံ့နှံ့ပွားများနိုင်ပါစေသတည်း။

သုံးဆယ့်တစ်ဘုံအလုံးစုံ၌ ကျင်လည်ကုန်သော သတ္တ၀ါအပေါင်းတို့ တရားဓမ္မကိုသိတွေ့ကြပြီး ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြပါစေသတည်း၊ လွတ်မြောက်ကြပါစေသတည်း။

လူအများတို့၏ ကောင်းစားရေးအကျိုးကျေးဇူး ခံစားနိုင်ရေးအတွက် တရားစစ်၊ တရားမှန်များသည် ကျွန်ုပ်တို့၏ ဤဓမ္မတိုင်းနိုင်ငံ ဓမ္မနယ်မြေမှာ ပေါ်ထွက်ထွန်းကား၍ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပြန့်ပွားနိုင်ပါစေသတည်း၊ ပြန့်ပွားစေနိုင်ပါစေသတည်း။

မြန်မာပြည်သူပြည်သားအားလုံးတို့အား ကျွန်ုပ်၏ ကောင်းမူကုသိုလ်အစုစုတို့ကို အမျှပေးဝေပါ၏။ ရယူနိုင်ကြပါစေ၊ ရယူနိုင်ကြပါစေ။

ကျွန်ုပ်၏အေးငြိမ်းမူ၊ ကျွန်ုပ်၏သမစိတ္တတို့ကိုလည်း ခံစားနိုင်ကြပါစေသတည်း၊ ခံစားနိုင်ကြပါစေသတည်း။

ဤတိုင်းပြည်၏ အကြီးအကဲပုဂ္ဂိုလ်များအားလည်း ကျွန်ုပ်၏ ကောင်းမူကုသိုလ် အစုစုတို့ကို အမျှပေးဝေပါ၏။ ရယူနိုင်ကြပါစေ၊ ရယူနိုင်ကြပါစေ၊ ၎င်းတို့လည်း ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သမစိတ္တရှိကြပါစေ၊ သမစိတ္တရှိကြပါစေ။

တရားဓမ္မ၏ ရောင်ခြည်များသည် ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့လွှမ်းမိုးသွားပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိ မသိမူ အ၀ိဇ္ဇာ အမိုက်မှောင်ကြီးကို ဖျက်ဆီးဖယ်ရှားပြီး ဓမ္မရောင်ခြည်များသည် ထွန်းလင်းတောက်ပနိုင် ပါစေသတည်း၊ ထွန်းလင်းတောက်ပ နိုင်ပါစေသတည်း။

သတ္တ၀ါအပေါင်းတို့ ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ၊ လွတ်မြောက်ကြပါစေ။

အတိဒုက္ခတွေ အပြည့်ရှိနေတဲ့ ကမ္ဘာလောကကြီးမှာ တကယ်ကိုယ်စိတ်နှစ်ဖြာ ချမ်းသာသောသူ မတွေ့ရသေးပါဘူး။ တရားစစ် တရားမှန်တွေ ပေါ်ပေါက်ထွန်းကားလာပြီး အတိဒုက္ခရောက်နေတဲ့လူတွေ ကင်းလွတ်ကြပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ ပြည့်စုံကြပါစေ။ တရားစစ် တရားမှန်များ ထွန်းကားပါစေ။ ထွန်းကားပါစေ။ ထွန်းကားပါစေ။

ဘ၀တု သဗ္ဗမင်္ဂလံ = ခပ်သိမ်းသော မင်္ဂလာသည် ဖြစ်ပါစေသတည်း။
ဆရာကြီးဦးဂိုအင်ကာ၏ ဆယ်ရက်တရားပတ် ဓမ္မဒေသနာ ထုတ်နုတ်ဖော်ပြမျှဝေခြင်း ပြီးပါပြီရှင်။ တရားဓမ္မအရိပ်မှာ ထာဝရပျော်ရွှင်အေးမြကြပါစေရှင်။

Reference Link: http://myittaryaik.blogspot.com/2012/05/blog-post_23.html
Credit to: မေတ္တာရိပ်

Sunday, June 19, 2016

မရဏလမ်းကို ကျော်ဖြတ်ခြင်း


အိပ်ယာထဲတွင် လဲလျောင်းနေခဲ့ရသည့် ရက်ပေါင်း မည်မျှကြာခဲ့ပြီ မသိတော့ပါ။ အစာနှင့် ရေမျှပင် မစား မသောက်နိုင်ခဲ့သည်မှာလဲ ရက်ပေါင်းအတော်ကြာခဲ့ပြီ။ ဝေဒနာအပေါင်းတို့သည် တစ်ချိန်နှင့် တစ်ချိန်၊ တစ်ရက်ထက်တစ်ရက် တစ်ရိပ်ရိပ် တိုး၍ တိုး၍သာ လာတော့သည်။ တစ်ခါတစ်ရံ သတိလစ်မျောနေလိုက်၊ တစ်ခါတစ်ခါ ပြန်သတိရလိုက် ဖြစ်နေသည်။ တစ်ခါတစ်ခါ ဘေးမှ စကားပြောသံများကို သတိထားမိသည်။ မိမိကို စောင့်ကြည့် ပြုစုနေသူများ ရှိနေသေးသည်ဟု သိလိုက်သည်။ သတိရလိုက်သည့် အချိန်များမှာတော့ မိမိ၏ ခန္ဓာကိုယ်ကို သတိကပ်ပြီး ရှုမှတ်နေဖြစ်သည်။ အထူးသိနေရသည်မှာကား အလွန်တရာ ပြင်းထန်လှသော ဝေဒနာများပင်။

ရင်ထဲမှ ပူလောင်လှသော ခံစားမှု၊ တင်းကြပ်သော နေရခက်မှု၊ နာကျင်ခံခက်သော ဝေဒနာ၊ ဆာလောင်မွတ်သိပ်သော ဝေဒနာ၊ တစ်ခါတစ်ရံ အသက်ရှုရန်ခက်ခဲသော ဒုက္ခဝေဒနာတို့သည် တစ်ခါတစ်ရံ တစ်ခုပြီးတစ်ခု၊ တစ်ခါတစ်ရံ နှစ်ခု သုံးခု၊ တစ်ခါတစ်ရံ အစုလိုက်အပြုံလိုက်၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်အနှံ့အပြားတို့မှ အပြင်းအထန် နှိပ်စက်လျက်ရှိသည်။ ခေါင်းတို့သည် မူးဝေနောက်ကျိလျှက်ရှိသည်။ တစ်ခါတစ်ရံ မခံနိုင်အောင် ထိုးထိုး၍ ကိုက်သေးသည်။ ခြေလက် ခန္ဓာကိုယ်တို့သည် လှုပ်ရှား၍မရ၊ လှုပ်ရှားရန်လည်း အင်အားမရှိ။ အင်မတန်နာကျင်လွန်းလှ၍ မခံနိုင်ပါက အနည်းငယ် လွန့်နိုင်သည်ဆိုရုံမျှသာ။ စကားပြောရန် ခွန်အားမရှိ၊ အာခေါင်တို့သည် ခြောက်ကပ်နေပြီး စေးထန်းလျှက်ရှိသည်။ ပါးစပ်ပင်မဟနိုင်။ မိမိကိုယ်ကို မိမိ သေသေချာချာ သိနေရသည်ကား သည်တောင်ကို ကျော်နိုင်တော့မည်မဟုတ်။ သည်အိပ်ယာပေါ်တွင် လဲလျောင်းခဲ့ခြင်းကား ဘ၀၏ နောက်ဆုံး လဲလျောင်းခြင်းပင် ဖြစ်သည်ဟု နားလည်လာခဲ့သည်။

“ယောဂီတို့… ဝေဒနာလေးများ ပေါ်လာပြီဆိုရင် သည်းခံပြီး မှတ်နိုင်အောင် ကြိုးစားကြ၊ သေခါနီးအခါကျရင် ဒီထက်ဆယ်ဆလောက် ပြင်းထန်တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။ အခုအချိန်ကတည်းက မကြိုးစား၊ အားမထုတ်ထားဘူးဆိုရင် သေရာညောင်စောင်း လဲလျောင်းရတဲ့အခါကာလကျရင် သြော်… ငါအသက်ရှင်စဉ်ကာလက တရားအားမထုတ်ခဲ့ရလေခြင်းဟု အကြီးအကျယ် နောင်တရနေလိမ့်မယ်။ ကြိုးစားသည်းခံပြီး ရှုမှတ်ပေးကြပါ” ဟူသော တရားစခန်းဝင် အားထုတ်ခဲ့စဉ်က ဆရာတော်ဘုရား၏ မှာကြားနေသော အသံတို့ကို နားထဲမှာ ကြားယောင်လာပါသည်။ မှန်လိုက်တာဘုရား၊ တကယ်တန်းဆိုလျှင် အခုချိန်မှာ တပည့်တော်ခံစားနေရတဲ့ ဝေဒနာတွေဟာ တရားထိုင်စဉ်က ခံစားခဲ့ရတဲ့ ဝေဒနာထက် ဆယ်ဆမကပါဘူးဘုရား။ အဆပေါင်း ရာထောင်မက ပိုပြီး နာကျင်ခံစားရပါတယ်ဘုရားဟု စိတ်ထဲမှ ရေရွတ်ရင်း မေတ္တာစေတနာအပြည့်ဖြင့် သွန်သင်ပြသခဲ့သော ဆရာတော်ကို စိတ်ဖြင့်ရည်၍ ကန်တော့လိုက်မိသည်။

ဆရာတော်မှ စနစ်တကျသင်ကြားပြသပေးခဲ့သော ဝေဒနာရှုနည်းရှုကွက်နှင့် သတိပဋ္ဌာန်ကမ္မဋ္ဌာန်းတရားတို့ကို တရားစခန်း အကြိမ်ကြိမ်ဝင် အကြိမ်ကြိမ်လေ့ကျင့်ခဲ့သည်။ အိမ်မှာနေရင်းလည်း အချိန်ရတိုင်း မပြတ်အားထုတ်လေ့ကျင့်ခဲ့သည်။ တရားအားထုတ်မှုကြောင့် ဖြစ်ပေါ်လာသော ဝေဒနာတို့ကို အကြိမ်ကြိမ် သည်းခံနိုင်ခဲ့သည်။ အကြိမ်ကြိမ်ရှုမှတ်မှုဖြင့် ကျော်ဖြတ်လာနိုင်ခဲ့သည်။ တစ်ခါတစ်ရံ မကျန်းမာသည့်အခါများတွင်လည်း ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ကြိုးစားပွားများခဲ့သည်။ သို့သော်လည်း တကယ့်သေခြင်းတရားနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါ ဝေဒနာတို့ကို ရှုမှတ်နိုင်ရန် မနည်း စိတ်တင်းထားရသည်။ မနည်းပင် ကြိုးစားအားထုတ်နေရသည်။

“သူက အသက်တော်တော် ပြင်းတာပဲ၊ မျောနေတာ ခြောက်ရက်လောက်တောင်ရှိပြီ၊ အသက်မထွက်နိုင်သေးဘူး” ဟူသော ညည်းညူသံ ပြောဆိုသံတွေကို ကြားနေရသည်။ “သူ့အနာတွေက အရမ်းဆိုးရွားနေပြီ၊ အပုပ်နံ့ကလည်း အရမ်းထွက်နေပြီ၊ ဒီအတိုင်းထားလို့ မဖြစ်ဘူးထင်တယ်၊ အနားလည်း ဘယ်သူမှ မကပ်ချင်တော့ဘူး။ ‘ခေါင်း’ ထဲကို တစ်ခါတည်း ထည့်ထားရင်ကောင်းမယ်” ဟူသော တစ်စုံတစ်ယောက်၏ ပြောဆိုသံတွေကို ကြားလိုက်ရသည်။ ဟုတ်ပေသားပဲ၊ မထနိုင် မစောင်းနိုင်တာ ကြာပြီမို့ ကျောတွေ၊ တင်ပါးတွေ၊ ခြေလက် အောက်ပိုင်းတွေမှာ အပူလောင်နာတွေဖြစ်ပြီး ပြည်တွေတည်၊ သားငံရည်တွေကျ၊ ချွေးစေးတွေထွက်နဲ့ ကြာတော့လည်း အပုပ်နံ့တွေ ထွက်လာပြီပေါ့။ အခုမှပင် မိမိကိုယ်မိမိ သတိထားမိလိုက်သည်။ ညှီစို့စို့၊ ပုပ်အဲ့အဲ့အနံ့များ… သြော်… ငါ့ရဲ့ခန္ဓာကိုယ်က ထွက်နေတာပါလား…။ မသေခင်က ပုပ်နေသော ခန္ဓာကိုယ်ကြီးပါလား…။

အရင်တုန်းကတော့ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်၊ ယောင်္ကျားပီသသော ခန္ဓာကိုယ်၊ တင့်တယ်သော ခန္ဓာကိုယ်၊ ရေမွှေးနံ့သာတို့ဖြင့် သင်းထုံထားသော ခန္ဓာကိုယ်၊ မြင်တွေ့သူတိုင်းကို သဘောကျနှစ်ခြိုက်စေခဲ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့သည်။ စိတ်က သွားချင်တိုင်း ကိုယ်ကပါခဲ့သည်။ စိတ်က လုပ်ချင်သမျှကို ခန္ဓာကိုယ်က ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ဤခန္ဓာကိုယ်ဖြင့် ကုသိုလ်တွေလည်း လုပ်ခဲ့သည်။ အကုသိုလ်တွေလည်း များစွာပြုခဲ့သည်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးခဲ့သည်။ ငါလုပ်လျှင် အရာရာမှာ အောင်မြင်သည်။ နေရာတကာမှာ ငါ…ငါ…ငါ… မာန်မာနတွေ ထောင်လွှားခဲ့သည်။ ငါသိတယ်။ ငါတတ်တယ်။ ငါလုပ်နိုင်တယ် ဆိုသည်မှစ၍ ငါ..ငါ့ဟာ…ငါ့ဥစ္စာ… ငါပိုင်တာ… စသည်ဖြင့် “ငါ” လုံးတွေ မိုးမွှန်နေခဲ့သည်။ မိမိ၏ ပတ်ဝန်းကျင်တွင်လည်း ကိုယ့်ကို ချစ်တဲ့ခင်တဲ့သူတွေ၊ ကိုယ့်ကို အထင်ကြီးလေးစားကြတဲ့သူတွေ၊ ကိုယ့်ကို အရမ်းဂရုစိုက်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့သည်။ မိမိပြောခဲ့သမျှ၊ လုပ်ခဲ့သမျှ အောင်မြင်ခဲ့သည်။ မိမိ၊ သူတပါး၊ ဇနီးမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာတွေကို ထာဝရ ငါပိုင်သည်ဟု ထင်ခဲ့သည်။

အခုတော့ ဒီလိုမဟုတ်တော့။ ထင်ခဲ့တာတွေ တစ်ခုမှ မဟုတ်တော့။ မိမိပိုင်ဆိုင်တာဟူ၍ ဘာမျှမရှိတော့ပေ။ မိမိကို ချစ်ခင်လှပါသည်ဆိုသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ။ တစ်ချိန်က မိမိကို အထင်ကြီးလေးစားလှပါသည် ဟူသောသူတွေ ဘယ်ရောက်ကုန်ပြီလဲ။ မိမိ၏အနီးကပ်ဆုံး မိသားစုများ၊ မိမိအနီးအပါးမှာ ကျန်နေသူများမှာလည်း အပြင်ပန်းကသာ ပြုစုနိုင်ကြသည်။ မိမိ၏ ဝေဒနာတွေ၊ နာကျင်ခံစားမှုတွေကို ဘယ်သူမှ မကယ်နိုင်တော့ပြီ။ အိုဘေးကို လွန်ခဲ့ပြီ။ အလွန်တရာဆိုးရွားလှသော နာဘေးဆိုးကြီးနှင့် ဒိဋ္ဌဓမ္မ ကြုံတွေ့နေရပြီ။ သေဘေးနှင့်ကား လွန်စွာနီးကပ်နေပေပြီ။ သားလည်းမကယ်နိုင်၊ သမီးလည်းမကယ်နိုင်၊ ဇနီးလည်း မကယ်နိုင်ပြီ။ များပြားလှစွာသော အဖော်အပေါင်းတို့သည်လည်း ယခုအခါ ဘာဆိုဘာမျှ လုပ်ပေးနိုင်စွမ်း မရှိတော့ပြီ။

မိမိ၏ နံစော်ပုပ်ဟောင်လှစွာသော၊ အနာရောဂါတို့နှင့် ပြည့်နှက်နေသော ဤခန္ဓာကိုယ်ကြီးကို မည်သူကမှ မထိလိုကြ၊ မကိုင်လိုကြ၊ မမြင်လိုကြတော့ပြီကို ကောင်းစွာ သဘောပေါက်နားလည်လာသည်။ ကိုယ့်ကိုယ်ကိုရော ဘာများ တွယ်တာစရာ ရှိပါသေးသနည်း။ လှုပ်ရှား၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊ ကိုယ်စေခိုင်း၍ မရတော့သည့် ခန္ဓာကိုယ်ကြီး၊ အနာရောဂါတို့ဖြင့် ပြည့်နှက်လျှက်ရှိသော ခန္ဓာကိုယ်ကြီး၊ ဝေဒနာတို့၏ မပြတ်နှိပ်စက်မှုကို ခံနေရသော ခန္ဓာကိုယ်ကြီး၊ အပုပ်နံ့လှိုင်နေသော ခန္ဓာကိုယ်ကြီး၊ သွေး, ချွေး, ပြည်, သားငံရည်တို့ဖြင့် လိမ်းကျံထားသော ခန္ဓာကိုယ်ကြီး၊ ဘယ်နေရာမှ တွယ်တာစရာ၊ တပ်မက်စရာ၊ မက်မောစရာ၊ လိုချင်စရာမရှိတော့သည့် ခန္ဓာကိုယ်ကြီး၊ ဘယ်သူကမှလည်း မလိုချင်တော့၊ မိမိကိုယ်တိုင်လည်း မလိုချင်တော့၊ မပိုင်ချင်တော့၊ ဤခန္ဓာကိုယ်ကြီးပါလားဟူသော သံဝေဂဥာဏ်တို့သည် ထင်ရှားစွာဖြင့် တဖွားဖွား ဖြစ်ပေါ်လာသည်။

“အိုဘေးဒုက္ခတွေ့ကြုံရ သားက မကယ်ပြီ၊ နာဘေးဒုက္ခတွေ့ကြုံရ သမီးက မကယ်ပြီ၊ သေဘေးဒုက္ခတွေ့ကြုံရ ဇနီးက မကယ်ပြီ” ဆိုသလို အိုဘေး၊ နာဘေး၊ သေဘေးနဲ့ တွေ့ကြုံတဲ့အခါမှာ ဇနီး၊ သားမယား၊ မိဘဆွေမျိုး၊ အပေါင်းအသင်းတွေက ဘယ်သူမှလာပြီး ကယ်တင်နိုင်မှာ မဟုတ်ဘူး။ အဲဒီ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် အဖော်ကောင်းဆိုတာ ကိုယ့်ရဲ့ ကျင့်ကြံအားထုတ်ထားတဲ့ တရားပဲ၊ မိမိသဏ္ဍာန်မှာ ၀ိပဿနာတရားဆိုတဲ့ အဖော်ကောင်းလေးရှိပါစေ” ဟူသော ဆရာတော် အကြိမ်ကြိမ်ဆုံးမခဲ့သည့် တရားသံများကို ပြန်လည်ကြားယောင်မိလာသည်။ မှန်လိုက်တဲ့စကားတွေပါဘုရား။ အခုချိန်မှာ တပည့်တော်မှာ အရင့်အရင်အချိန်က ကြိုးစားအားထုတ် လေ့ကျင့်ခဲ့သော တရားတွေမှတပါး အဖော်ကောင်းဆိုတာ မရှိပါဘုရားဟု စိတ်ထဲမှ လျှောက်ထားမိသည်။ လက်ရှိခံစားတွေ့ကြုံနေရသော ဒုက္ခအပေါင်းတို့မှ လွတ်မြောက်နိုင်ရန် တရားမှတပါး တစ်ခြားသော အားကိုးစရာ မရှိတော့ပြီ။ ဇနီး၊ သား၊ သမီး၊ ပစ္စည်းဥစ္စာတို့သည် အာရုံထဲတွင် မရှိတော့။ မိမိလေ့ကျင့်ခဲ့သော တရားတို့ကို ပြန်လည်ဆင်ခြင်သုံးသပ်ရင်း ခန္ဓာကိုယ်ထဲသို့ ဥာဏ်စိုက်လိုက်သည်။

များစွာသော ဝေဒနာတို့သည် ခန္ဓာကိုယ်၏ နေရာအနှံ့တို့မှ တပြိုင်တည်းနှိပ်စက်လျက်ရှိသည်။ ခန္ဓာအတွင်းမှ အသည်းတွေ၊ အူတွေ ပြတ်ထွက်မတတ်လောက်အောင် နာကျင်ခံစားနေရသော ဝေဒနာ၊ အသက်ရှု၍မ၀သော ဝေဒနာ၊ ခေါင်းထဲမှ မူးဝေနေသော ဝေဒနာ၊ ခေါင်းထဲမှ ထိုးထိုး၍ ကိုက်နေသော ဝေဒနာ၊ အိပ်ယာပူ လောင်ထားသော ဝေဒနာ၊ ပုရွက်ဆိတ်၊ ခြင်၊ ယင်ကောင် စသည်တို့သည် ခန္ဓာကိုယ်အနှံ့ တရွရွ တလှုပ်လှုပ်နှင့် ကိုက်ခဲသွားလာနေမှုကြောင့် ခံစားနေရသော ဝေဒနာ၊ ၄င်းတို့သည် တစ်ခါတစ်ရံ နားအတွင်း၊ တစ်ခါတစ်ရံ နှာခေါင်းအတွင်း၊ တစ်ခါတစ်ခါ ပါးစပ်နှုတ်ခမ်းအ၀သို့ဝင်၍ စိတ်ကြိုက်ခြယ်လှယ်နေကြသောကြောင့် ဖြစ်ပေါ်ရသည့် မခံချိ မခံသာသည့် ဝေဒနာ၊ တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်ခုလုံး မီးပုံကြီးထဲသို့ ရောက်နေသကဲ့သို့ ပူလောင်ပြင်းထန်လှသလို တစ်ခါတစ်ခါ ရေခဲတုံးကြီးထဲ ၀င်နေရသလို အလွန်ချမ်းအေးလှသော ဝေဒနာ စသည်စသည်ဖြင့် ဝေဒနာပေါင်းစုံတို့သည် အဆက်မပြတ် သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် နှိပ်စက်၍နေကြသည်။

စိတ်တို့ကို လျှော့ချလိုက်သည်။ အသက်ကို ဖြည်းညင်းစွာ ရှိုက်လိုက်သည်။ ခန္ဓာကိုယ်ရှိ အကြောအခြင်တို့ကို တစ်ခုချင်း သတိကပ်၍ ဖြေလျှော့ချလိုက်သည်။ နှာသီးဝတွင် တိုးဝင်လာသော လေ၏ ၀င်မှု၊ ထွက်မှုတို့ကို အသေးစိတ် ရှုမှတ်နေသည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွရွမွမွ လှုပ်ရှားနေမှု၊ မာမှု၊ တင်းမှု။ ပျော့မှု၊ ပူမှု၊ အေးမှု၊ တောင့်တင်းမှု၊ နာကျင်မှု စသည့် ဖြစ်ပေါ်နေမှုတို့ကို အသေးစိတ်လိုက်၍ သိနေသည်။ ဤခန္ဓာကိုယ်ကြီးသည်ကား ငါလည်း မဟုတ်၊ ငါပိုင်ဆိုင်သော ခန္ဓာကိုယ်ကြီးလည်း မဟုတ်၊ သူ့သဘောနှင့်သူ ဖြစ်နေသော ခန္ဓာကိုယ်ကြီး၊ အကြောင်းတရားတို့က ပြုပြင်၍ နှိပ်စက်ခံနေရသော ခန္ဓာကိုယ်ကြီးအဖြစ် ရှင်းလင်းစွာ သိမြင်လာသည်။ ခန္ဓာကိုယ်ကြီးက ငါမဟုတ်သလို နှိပ်စက်ခံနေရသော ဝေဒနာတို့သည်လည်း ငါမဟုတ်။ နှိပ်စက်နေသည်ကို သိ…သိ…နေသော သဘောတို့သည်လည်း ငါမဟုတ်။ အားလုံး သူ့သဘောနှင့်သူ ဖြစ်နေကြခြင်းဖြစ်သည်ကို သိမြင်လာသည်။

ဝေဒနာပေါင်းမြောက်များစွာတို့အနက်မှ အပြင်းထန်ဆုံး နှိပ်စက်နေသော အထင်ရှားဆုံး ဝေဒနာတစ်ခုကို အာရုံစိုက်လိုက်သည်။ ဝေဒနာဖြစ်ပေါ်နေသော နေရာကို စူးစူးစိုက်စိုက် ထိုးထွင်း၍ ကြည့်လိုက်သည်။ ပထမတော့ နာကျင်နေမှုသည် အတုံးလိုက်၊ အခဲလိုက်ကြီး ဖြစ်နေသည်။ ရဲရဲနီနေသော သံပူခဲကြီး ကပ်ထားသလို ပြင်းထန်စွာ ပူလောင်လျှက်ရှိသည်။ စိတ်ကို အေးချမ်းသောအာရုံတွင် ထားရှိ၍ အသေးစိတ် စူးစိုက်ကြည့်သည်။

အပြင်လိုက်ကြီးဖြစ်နေသော ဝေဒနာခဲကြီးမှ အလွန်သေးငယ်သော နေရာတစ်ခုတွင် ပူကနဲ၊ ပူကနဲ၊ လှုပ်ကနဲ၊ လှုပ်ကနဲ ဖြစ်ပေါ်နေမှုတစ်ခုကို သတိထားမိလိုက်သည်။ မှတ်စိတ်အာရုံကို ထိုနေရာကလေးအပေါ်သို့ သေသေချာချာ စူးစိုက်ထားလိုက်သည်။

လှုပ်ရှားမှုတို့က ပိုမို ကျယ်ပြန့်လာသည်။ ပူကနဲ ရှိန်းကနဲ အဆက်မပြတ် ပြောင်းလဲနေသည့် သဘောတို့က ပိုမို ထင်ရှားလာသည်။ တစ်ပူနှင့်တစ်ပူ၊ တစ်ရှိန်နှင့်တစ်ရှိန်၊ တစ်လှုပ်နှင့်တစ်လှုပ်တို့၏ မတူညီကွဲပြားခြားနားမှုတို့ကို အသေးစိတ် မြင်လာသည်။ တစ်ပူပျောက်သွားပြီး နောက်တစ်ပူ ပေါ်လာသည်။ တစ်လှုပ်ပျောက်သွားပြီး နောက်ထပ်တစ်လှုပ် ပေါ်လာသည်။ ပူမှု၊ အေးမှုတို့သည်လည်းကောင်း၊ လှုပ်ရှားမှုတို့သည်လည်းကောင်း၊ မာမှု၊ ပျော့မှုသဘောတို့သည်လည်းကောင်း၊ တစ်ခုပေါ် တစ်ခုပျောက်၊ နောက်တစ်ခုပေါ် နောက်တစ်ခုပျောက်၊ နောက်ထပ်တစ်ခုပေါ် နောက်ထပ်တစ်ခု ထပ်ပျောက်၊ ဒီနေရာမှာ ပူမှုတို့ပျောက်ပြီး လှုပ်ရှားမှုတို့ ပေါ်ချင်ပေါ်ပြန်သည်။ အားလုံးတို့သည် သူ့သဘောနှင့်သူ ဖြစ်နေသည်။ မဖြစ်ချင်လို့မရ။ မပေါ်ချင်လို့မရ။ မပျောက်ချင်လို့မရ။ ဘာတစ်ခုကိုမှ ထိန်းချုပ်ရန် ကြိုးစားလို့မရ။ ဘာတစ်ခုကိုမှ အစိုးမရသောသဘောတို့သာ ထင်ရှားနေသည်။

ပေါ်သမျှတို့ကို မလွတ်တမ်းလိုက်၍ သိ…သိ…နေသည်။ ဖြစ်လာသည်…သိသည်။ ပျက်သွားသည်…သိသည်။ နောက်ပိုင်းတွင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ပျက်သည်ဟူ၍လည်းကောင်း မထင်ရှားတော့။ ဖြစ်မှုနှင့် သိမှု။ ဖြစ်မှုနှင့် သိမှုတို့သည်သာ ထင်ရှားနေသည်။ တစ်ဖြစ်ပြီးတစ်ဖြစ်၊ တစ်သိပြီးတစ်သိ၊ အဆက်မပြတ် မလွတ်တမ်းလိုက်၍ သိနေသည်။ ရုပ်တွေလား၊ နာမ်တွေလား၊ ဝေဒနာတွေလား၊ စိတ်တွေလား၊ ဘာတွေလဲဆိုသည်ကို မသိတော့။ ပေါ်လာသမျှတို့ကို သိ သိနေခြင်းသာ ရှိတော့သည်။ သင်္ခါရတရားတို့၏ မမြဲခြင်းသဘောတို့သည် ထင်ရှားနေသည်။ ပေါ်မှုနှင့် သိမှုတို့သည် တစ်ဖြည်းဖြည်း နက်ရှိုင်း နက်ရှိုင်းလာသည်။

ပိုပို၍ သိမ်မွေ့ သိမ်မွေ့လာသည်။ ပေါ်မှုနှင့် သိမှုတို့မှလွဲ၍ အခြားဘာအာရုံမှ မရှိတော့။ ငါဟူသည်လည်း မရှိတော့၊ ငါ့ခန္ဓာလည်း မရှိတော့။ ငါ့ဥစ္စာလည်း မရှိတော့။ အကောင်အထည်ဟု၍ ဘာဆိုဘာမှ မရှိတော့။ ပေါ်ခြင်းနှင့် သိခြင်းသဘောတို့သည်လည်း သိမ်မွေ့လွန်းမက သိမ်မွေ့လာသည်။ နက်ရှိုင်းလွန်းမက နက်ရှိုင်းလာသည်။ ထိုခဏမှာပင် အင်မတန် အင်အားကြီးမားသော အရာတစ်ခုက ဖြစ်မှု၊ သိမှု၊ အာရုံတို့ကို (အရာအားလုံးကို) စောင့်ဆွဲယူပြစ်သလို ခံစားလိုက်ရသည်။ သရက်ပင်မှ သရက်သီးကို လက်နှစ်ဖက်ဖြင့် အမိအရကိုင်၍ စောင့်ဆွဲယူပြစ်လိုက်သလို ပြတ်ကျသွားသည်။ ခေတ္တမျှ ငြိမ်ကျသွားသည်။ လောကကြီးနှင့် ခဏတာမျှ အဆက်အသွယ် ပြတ်သွားသည်။

သတိပြန်ဝင်လာသည်။ ဘာဖြစ်သွားတာလဲဟု ဆင်ခြင်ကြည့်သည်။ ပေါ်မှုနှင့် သိမှုတို့ကို ပြန်ရှာကြည့်သည်။ ဟော ပြန်တွေ့ပြီ။ ဖြစ်ပျက်တို့သည် အနက်ရှိုင်းဆုံးတစ်နေရာမှ တဖြည်းဖြည်း ပြန်ပေါ်လာသည်။ ဆက်၍ ရှုမှတ်နေမိသည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။

စောစောက ဖြစ်ပျက်တို့ ပျောက်သွားသော၊ ငြိမ်ကျသွားသော အာရုံတစ်ခုကို ပြန်၍ သတိရလိုက်သည်။ ဘာဖြစ်သွားတာပါလိမ့်ဟု စိတ်ညွှတ်ကြည့်သည်။ ပြန်လည် ငြိမ်ကျသွားသည်။ ထိုနေရာသို့ ပြန်ရောက်သွားသည်။ ဘာနှင့်မျှ မတူညီသော၊ မနှိုင်းယှဉ်နိုင်သော ငြိမ်းချမ်းမှုတို့ ရှိနေသည်ကို သိသည်။ ဖြစ်မှုမရှိ၊ ပျက်မှုလည်းမရှိ၊ စာနှင့်ရေး၍ ဖော်မပြတတ်လောက်သော အေးချမ်းမှုတို့ ရှိသည်။ တစ်သက်နှင့်တစ်ခါ ဘယ်တုန်းကမျှ မကြုံဖူး မခံစားဖူးသော ငြိမ်းချမ်းမှုတို့ကို သိနေသည်။ ထိုအခိုက် ဖြစ်ပျက်တို့ ဘယ်ရောက်သွားလဲ ပြန်ရှာကြည့်သည်။ ပြန်တွေ့သည်။ ပေါ်သည်… သိသည်။ ပေါ်သည်… သိသည်။ စောစောက အာရုံတို့ကို ပြန်၍ ညွှတ်ကြည့်သည်။ ပြန်တွေ့သည်။ ပိုမို၍ ထင်ရှားသော ငြိမ်းချမ်းမှုအာရုံတို့ကို သိနေသည်။ ဆက်၍ ဆက်၍ အခြားသိစရာတို့ကိုလည်း ဆက်၍ သိလိုက်သည်။ သိသည်… သိသည်…။ စိတ်တို့သည် အလွန်တရာ ကြည်လင်နေသည်။

“ငြိမ်သွားပြီ… အသက်မရှိတော့ဘူး… အခုမှပဲ သူ့ခမျာ ၀ဋ်ကျွတ်တော့တယ်…” ဟူသော အသံသဲ့သဲ့ကို ကြားလိုက်ရသည်။ “အနံ့တွေကလဲ အတော်ထွက်နေပြီ၊ ‘ခေါင်း’ အဖုံးကို ပိတ်လိုက်တော့ဟေ့” ဟု အော်ပြောသံကို ကြားလိုက်ရသည်။ “ကဲ… ကဲ… နောက်ဆုံးအနေနဲ့ ကြည့်ကြဦးမလား” ဟု အော်မေးနေသည်။ “ရပါပြီ၊ ပိတ်လိုက်ပါတော့” ဟူသော အသံကို ကြားလိုက်ပြန်သည်။ “ခဏနေကြပါဦး၊ ငါမသေသေးဘူး” ဟု အော်ပြောလိုက်သည်။ အသံက ထွက်မလာတော့။ ခန္ဓာကိုယ်ကလည်း နည်းနည်းမှပင် လှုပ်ရှား၍ မရတော့။ ထိုစဉ် ‘ခေါင်း’ ကို ပျဉ်ပြားဖြင့် ဖုံးလိုက်ကြသည်။ သံကို တူဖြင့် ထုရိုက်သည့် အသံတို့ကို တစ်ချက်ချင်း ကြားနေရသည်။ ကြားရသည့်အသံတို့ကို ရှုမှတ်နေဖြစ်သည်။ တစ်ချက်ပေါ် တစ်ချက်ပျောက်။ ရှုမှတ်စိတ်တို့က ကပ်မြဲ ကပ်နေသည်။

‘ခေါင်း’ အဖုံးကို ပိတ်လိုက်ပြီဖြစ်၍ လေ၀င်လေထွက် မရှိတော့။ အသက်ရှု၍ မ၀တော့။ အသက်ကို အားရပါးရ ရှုလိုက်ချင်သည်။ မရတော့။ မွန်းကြပ်မှုတို့သည်သာ ပိုပို၍လာသည်။ ယခင်တုန်းက ဘာမှ တန်ဘိုးမရှိဟု ထင်ခဲ့သော လေ၏ အရေးပါမှုကို ကောင်းကောင်း သဘောပေါက်လိုက်သည်။ သို့သော် နောက်ကျခဲ့ပြီ။ သြော်… လေကိုမျှပင် မပိုင်တော့ပါလား…။ တစ်ခါက တရားစခန်းတစ်ခုတွင် မိုးရွာသဖြင့် ပြတင်းပေါက်များ ပိတ်ထား၍ မွန်းကြပ်သော ခံစားမှုတစ်ခုကို ပြန်သတိရလိုက်သည်။ “ယောဂီတို့… သေခါနီးအချိန်ကျရင် ဒီထက် အသက်ရှုကြပ်တာကို ကြုံတွေ့ရလိမ့်မယ်။ အသက်ရှုကြပ်ရင်လည်း အသက်ရှုကြပ်တာကို မှတ်နိုင်အောင် ကြိုးစား… ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်… ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို ရှုမှတ်နိုင်အောင်သာ ကြိုးစားကြ…” ဟု ဆရာတော်မှ သတိပေးခဲ့သည်။ ယခုကား ထိုတုန်းကထက် အဆပေါင်းများစွာ အသက်ရှုရန် ခက်ခဲလှသည်။ အသက်ရှုချင်သောစိတ်ကို ပြန်ရှုသည်။ ၀င်လေတစ်ခုကိုပင် မရနိုင်တော့ပြီ။ မိမိ၏ နောက်ဆုံးအချိန်သို့ ရောက်နေပြီဟု သိလိုက်သည်။

ရင်ထဲမှ လှိုင်းလုံးကြီးတစ်ခု လှိုက်၍ ဆို့တက်လာသည်။ ရင်ဝသို့ရောက်လာသည်။ ထိုမှတစ်ဆင့် လည်ချောင်းဝ၊ တစ်ဆင့် ပါးစပ်မှ အံထွက်လာသည်။ ပါးပြင်ထက်သို့ ယိုစီးကျလာသည်။ ပါးပြင်ကို ဖြတ်ကျော်၍ လည်ပင်းဆီသို့ စီးဆင်းလာသည်။ ပူနွေးမှုသဘော… ယိုစီးမှုသဘောတို့ကိုသာ သတိထားမိလိုက်သည်။ ရှုမှတ်မှုတို့သည် အလွန်အားနည်းလာသည်။ အသိစိတ်တို့သည် အားပျော့လာချေပြီ။ ခန္ဓာကိုယ်တွင်လည်း လှုပ်ရှားမှုမှန်သမျှ ဘာမှ မရှိတော့။ မသိတော့…။ ဘာမှ မသိတော့…။

ထိုခဏ ….. မွှေးပျံ့သော ရနံ့တို့ အသာအယာ တိုးဝင်လာသည်။ သာယာညင်းပြောင်းသော ဂီတသံစဉ်အချို့ကို သတိထားမိလိုက်သည်။ ပိုမို၍ ပီပြင် သဲကွဲလာသည်။ ဘယ်ရောက်နေသလဲဟု ဆင်ခြင်မိသည်။ သိလိုက်ပါသည်။

သာယာသော… လှပသော… ငြိမ်းချမ်းသော… ပျော်မွေ့ဖွယ်တို့ တည်ရှိနေသည့် နေရာတစ်ခုသာ ဖြစ်သည်။

မင်းသစ္စာ
(24-05-2014)
01:00 am

---------- *** ---------- *** ---------- *** ----------

ဒုတိယအကြိမ် သဒ္ဓမ္မရံသီ မဟာစည် ၀ိပဿနာ (၉) ရက် အထူးတရားစခန်း (June 4, 2016 to June 12, 2016) တွင် ပေးဝေလှူဒါန်းသော စာအုပ်လေးထဲမှ “မရဏလမ်းကို ကျော်ဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် စာပိုဒ်လေးကို နှစ်သက်သဘောကျလွန်း၍ ကိုယ်တိုင် ပြန်လည် စာရိုက်ကူးကာ ဓမ္မမိတ်ဆွေများအတွက် သံဝေဂဖြစ်စေရန်အလို့ငှာ ဓမ္မဒါန မျှဝေပါတယ်။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းအပေါင်းတို့မှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။ မိမိတို့ အလိုရှိအပ်၊ တောင့်တအပ်သော မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် တရားထူးတရားမြတ်များကိုလည်း ဤဘ၀၊ ဤသာသနာ၊ ဤခန္ဓာနှင့်ပင် လျင်မြန်စွာ ကျင့်ကြံပွားများရရှိနိုင်ကြပါစေ။

ဤကဲ့သို့ အများသူငါ သံဝေဂတရား ပွားများနိုင်ကြစေရန် ရည်သန်၍ စာရိုက်ကူးမျှဝေရသော ဓမ္မဒါန ကုသိုလ်ကောင်းမှုကံ စေတနာတို့ကြောင့် ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်၏ လျင်မြန်သော အထောက်အပံ့ကောင်း ဖြစ်နိုင်ရပါလို၏။ ။ 

“ဘေးရန်ပေါလှ၊ လောကတွင်းမှာ၊ သူသူငါကို၊ ချမ်းသာပြုလတ်၊ အအေးဓာတ်မေတ္တာ၊ လရောင်ဝါ၊ ပြောင်စွာ ထွန်းပပါစေသတည်း။ ။
မေတ္တာဖွေးလျက်၊ အအေးဓာတ်ဆောင်၊ လရောင်တွေ့လတ်၊ ဇာတ်အဖြာဖြာ၊ သတ္တ၀ါ၊ ချမ်းသာကြပါစေ…….”

မေတ္တာဖြင့်
ခိုင်ခိုင်
June 19, 2016 (Sun)
.

Tuesday, May 31, 2016

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဝေဒနာရှုနည်း ( ၃ ) နည်း


ဝေဒနာရှုနည်း ( ၃ ) နည်း
***********************
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း။
၂။ ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို ချော့သတ်နည်း။

လူငယ်တွေကတော့ ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။ နှလုံးရောဂါရှိသူဆိုရင် ချုံခိုတိုက်ခိုက်နည်းက ကောင်းတယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်များကျတော့ ရန်သူကို ချော့သတ်နည်းက ကောင်းတယ်။

ရင်ဆိုင်တိုက်ခိုက်နည်းဆိုတာ ဝေဒနာအပေါ် စိတ်ကို တည့်တည့်ထားပြီး မှတ်တာ။ အဲဒါက မြန်မြန် ဆန်ဆန် တရားရနိုင်တယ်။ နာတဲ့နေရာ
တည့်တည့် စိတ်ကိုထား ဘေးကိုရှောင်လွှဲမချနဲ့။ ` ထိုင်တယ် ထိတယ် နာတယ် ´ ၊` ထိုင်တယ် ထိတယ် နာတယ် ´ လို့ စူးစူးစိုက်စိုက်မှတ်။ အသားတွေ ဆတ်ဆတ်တုန်အောင် နာလိမ့်မယ်။ နာပါလေ့စေ ဆက်မှတ်ပါ။ အဲဒါတွေဟာ မိမိကို ` နိဗ္ဗာန်´ ပို့မယ့် တရားတွေ။

ချုံခိုတိုက်ခိုက်နည်းဆိုတာ ကိုယ့်ရဲ့ပင်တိုင် ကမ္မဋ္ဌာန်းကို များများမှတ်ပြီး နောက်မှ ဝေဒနာကို ပြန်ရှုတာ။ ရန်သူက အင်အားကောင်းနေပြီး ကိုယ့်
ဘက်က အင်အားနည်းနေရင် ခဏပုန်းအောင်းနေပြီးမှ ရန်သူအငိုက်မှာ ထွက်တိုက်ရတယ်။ ဝေဒနာက အရမ်းပြင်းထန်နေတယ်။ ကိုယ်က မရှုမမှတ်နိုင်ဘူး။ ` သတိ သမာဓိ ´ က အားနည်းနေပြီး ဒီဝေဒနာကို ရင်ဆိုင်မတိုက်နိုင်ဘူးဆိုရင် ဝေဒနာကို လွှတ်ပြီးတော့ `ဖေါင်းတယ် ပိန်တယ်´တို့ ` ထိုင်တယ် ထိတယ်´ တို့မှတ်။ ဝေဒနာ အားနည်းသွားတဲ့အခါ
ကျမှ ဝေဒနာကို ပြန်ရှု။

ရန်သူကို ချော့သတ်တဲ့နည်းဆိုတာကတော့ အင်မတန် အသက်ကြီးတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုမှ ဝေဒနာကို ရင်မဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်များဆိုရင်တော့ တစ်ခုခုကို မှတ်နေရတယ်။ ` ထိုင်တယ် ထိတယ် ´ ပဲဖြစ်ဖြစ် အကြာကြီးမှတ်ပြီးတော့မှ ဝေဒနာကို ပြန်မှတ်။ တရားရှုမှတ်ရင်း ပျောက်သွားတာလည်း ရှိတယ်။ တကယ်လို့ မပျောက်ဘူးဆိုရင်လဲ တရားနဲ့ သေလို့ရတယ်။

__/|\__

~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to: ခရီးသည်