Showing posts with label အတွေးအခေါ် အပိုင်းအစလေးများ. Show all posts
Showing posts with label အတွေးအခေါ် အပိုင်းအစလေးများ. Show all posts

Sunday, November 17, 2019

ယုံကြည်ထိုက်တဲ့ လူ


သင့်ကို လျို့ဝှက်ချက်ပြောပြရဲတဲ့ လူဆိုတာ
သင့်ကို လုံးဝယုံကြည်လို့ ဖြစ်တယ်။
ဘယ်တော့မှ မပေါက်ကြားပါစေနှင့်...။

သင့်ကို အားနည်းချက်ပြရဲတဲ့ လူဆိုတာ
သင့်ကို အလွန်ခင်မင်လို့ ဖြစ်တယ်။
ဘယ်တော့မှ သွားမထိခိုက်မိပါစေနှင့်...။

သင့်ကို ပိုက်ဆံချေးရဲတဲ့ လူဆိုတာ
သင့်ကို လုံးဝ စိတ်ချတဲ့လူ ဖြစ်တယ်။
ဘယ်တော့မှ သူ့အကြွေး မဆုံးရှုံးပါစေနှင့်...။

လူတစ်ဦးကို ယုံကြည်ဖို့ အလွန်ခက်ခဲပါတယ်။
နေ့တွေ လတွေ အချိန်တွေ အများကြီး ပေးရပါတယ်။
ယုံကြည်မှု ပျက်အောင် လုပ်ရတာ အလွန်လွယ်ကူပါတယ်။
တစ်ခါ ကတိပျက်ရုံတင် လုံလောက်ပါတယ်...။

ယုံကြည်မှုဆိုတာ
ကောင်းကောင်းထိန်းသိမ်းနိုင်ရင် မင်္ဂလာတစ်ရပ်ပါ။
တစ်ဘက်က အပြည့်အဝယုံတယ်။
အခြားတစ်ဘက်က လုံးဝသံသယ ကင်းတယ်။
ယုံကြည်မှုကို ယုံကြည်မှုခြင်း တုန့်ပြန်တယ်။
စိတ်ကို စိတ်ခြင်း ပေါင်းကြတယ်။
အိမ်ထောင်ရေးမှာ ဖြစ်ဖြစ်
သူငယ်ချင်းကြားမှာ ဖြစ်ဖြစ်
လုပ်ဖော်ကိုင်ဘက်ကြားမှာ ဖြစ်ဖြစ်
ယုံကြည့်မှု တည်ဆောက်နိုင်ခဲ့ရင်
ဟိုကောင်းကျိုး၊ ဒီကောင်းကျိုး ခဏဘေးဖယ်ထား
အနည်းဆုံးတော့ ဘဝမှာ အနစ်သာရ ပိုရှိပါတယ်...။

ဒါကြောင့်မို့လို့
သင့်ကို ချစ်ခင်တဲ့ လူတွေကို ရင်မကွဲမိပါစေနှင့်။
သင့်ကို ယုံကြည်တဲ့လူ နောင်တ မရမိပါစေနှင့်...။

လူလူချင်းဆိုတာ
ရှေ့မှာ သဘောမတူကြလို့ ရန်ဖြစ်လို့ရပါတယ်။
ကွယ်ရာမှာ ဓားနဲ့ခိုးမထိုးဖို့ လိုတယ်။
ရှေ့မှာ အချေအတင် ငြင်းခုံလို့ရပါတယ်။
ကွယ်ရာမှာ အတင်းမတုတ်ဖို့ လိုပါတယ်။
ယုံကြည်မှုကို လက်နက်အဖြစ် အသုံးမပြုသင့်သလို
အလွဲသုံးစားပြုတာမျိုးလည်း လုံးဝရှောင်ကျဉ်ရပါမယ်။
အကျိုးအမြတ်ကို ယုံကြည်မှုနဲ့ ပေးဆပ်ရမယ်ဆိုရင်
ဘဝတစ်သက်တာ စိတ်ချမ်းသာမှု အတွက် ရဲရဲသာ
လွတ်ချလိုက်ပါ...။

အနှစ်ချုပ်အနေနဲ့ ပြောရရင်
လူဆိုတာ သူများကိုယ့်ကို ယုံတာမယုံတာ ခဏထားပါ။
ယုံကြည်ထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင်တော့
အစဉ်ကြိုးစားနေဖို့တော့ လိုပါတယ်။
လူ့ဘဝ ပိုမို အနှစ်သာရ ရှိစေဖို့ပါ....။

#Credit....
Sayar Aung Ko Latt...

S. P. P. H
Photo Credit to: Original Uploader

.

Saturday, July 22, 2017

သေတဲ့နေ့ထိ မှတ်သွားပါ


“ခေါင်းဆောင်” က ကောင်မလေး အလုပ်သမား(၂) ယောက်ကိုရုံးခန်းထဲခေါ် ပြီးစကားပြောတယ် ။
အခန်းထဲရောက်တော့ ပထမကောင်မလေးက ရာထူးတိုးခံရတယ်။
နောက်ကောင်မလေး တစ်ယောက်ကျတော့ ဘယ်လိုမှ ဒီလိုမျိုးဖြစ်မယ်ဆိုတာ မထင်ထားဘူး !!!
.
.
.
ကောင်မလေးနှစ်ယောက် အခန်းထဲရောက်တာနဲ့ ခေါင်းဆောင်ကပြောလိုက်တယ် ။
B မင်းရာထူးတိုးတယ် ၊ ကုမ္ဗဏီအုပ်စုတစ်စုရဲ့ခေါင်းဆောင်ဖြစ်သွားပါပြီ။
ဒီလိုကြားတာနဲ့ ကောင်မလေး A ကချက်ချင်း ခေါင်းဆောင်ကြီးကိုမေးလိုက်တယ်။
“ကျွန်မတစ်ခုခုအမှားလုပ်ခဲ့မိလို့လား ၊ ဒါမှမဟုတ် ကျွန်မနောက်ကျမှရောက်လို့လား ?”
ခေါင်းဆောင်က ဖြေတယ် “မဟုတ်ပါဘူး”
.
“ဒါဆိုရင် ဘာဖြစ်လို့ ကျွန်မ ကရာထူးမတိုးတာလဲ ၊ ကျွန်မက သူ့ထက်တောင်အရင် ဒီကုမ္ဗဏီမှာ အလုပ်လုပ်တာလေ”
ခေါင်းဆောင်ဘာမှမဖြေဘူး ။ ဒါပေမဲ့ ကောင်မလေး (၂) ယောက်လုံးကို အလုပ်တစ်ခုပေးလိုက်တယ်။
ကောင်မလေး (၂) ယောက်လုံးကို ကုမ္ဗဏီပစ္စည်းလာလေ့လာမယ့် နိုင်ငံခြားကုမ္ဗဏီ ကိုဆက်သွယ်ခိုင်းတယ်။
.
ဒီလိုနဲ့ (၁၀) မိနစ်နောက်ပိုင်း ကောင်မလေး A က ခေါင်းဆောင်အခန်းထဲကိုဝင်လာတယ်။
ခေါင်းဆောင် - ဘယ်လိုလဲ Customer ကုမ္ဗဏီ ကိုဆက်သွယ်လို့ရပြီလား ?
A - ရပါပြီရှင့် Customer တွေက နောင်တစ်ပတ်အတွင်း ပစ္စည်းတွေလာကြည့်လိမ့်မယ်။
ခေါင်းဆောင် - နောက်တစ်ပတ် ဘယ်နေ့လဲ ?
A - အင်း - ကျွန်မမမေးမိလိုက်ဘူး ၊ ကျွန်မနောက်တစ်ကြိမ်ဖုန်းဆက်ပြီးမေးလိုက်ပါ့မယ်။
ခေါင်းဆောင် - ဘယ်နှယောက်လာမှာလဲ ?
A- ခုဏက ခေါင်းဆောင် ကျွန်မကိုဒီအချက်မေးဖို့မပြောလိုက်ဘူးနော်
ခေါင်းဆောင် - ပြီးတော့ ဘယ်လိုလာကျမှာလဲ ? လေကြောင်းနဲ့လား ? ကားနဲ့လာမှာလား ?
A- ခုဏက ခေါင်းဆောင် ကျွန်မကိုဒီအချက်လဲမေးဖို့မပြောလိုက်ဘူးနော်
ဒီလိုနဲ့ ခေါင်းဆောင်က အချက်အလက်ကို စက္ကူပေါ်ချရေးပြီး ကောင်မလေး B ကိုအခန်းထဲလာဖို့ခေါ်လိုက်တယ်။
.
B အခန်းထဲရောက်တာနဲ့ အလုပ်အကြောင်းကို ခေါင်းဆောင်ဆီအသေးစိပ်ပြောပြတယ်။
“ခေါင်းဆောင် customer တွေ ကျွန်မတို့ ကုမ္ဗဏီကို နောင်တစ်ပတ် သောကြာနေ့ရောက်မယ် ။ လေယဉ်စီးပြီးလာကျပါမယ်။ လေယာဉ်က ဟိုကနေ (၃) နာရီလောက်တက်မယ် ။ ဒီက (၆) နာရီလောက်ရောက်မယ်။ Team အကုန်လုံး (၅) ယောက်ပါပါမယ်။ ပြီးတော့ သူတို့ကိုလေယာဉ်ကွင်းမှ ကျွန်မတို့ရုံးက သွားကြိုမယ့်သူစီစဉ်ပေးထားပြီး လို့ပြောပေးပြီပါပြီ။”
“ ခေါင်းဆောင်ကျွန်မကို ဟိုတယ် ချက်ချင်း Booking လုပ်ထားခိုင်းမှာလား ? ပစ္စည်းပြမယ့်နေရာနဲ့ အနီးဆုံး ဟိုတယ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါကြောင့် နည်းနည်းစောစော booking လုပ်ရအောင်ပါ။ အော်.. ပြီးတော့ နောက်တစ်ချက်က ကျွန်မနောက်တစ်ပတ်ရဲ့ ရာသီဥတုကိုကြည့်လိုက်သေးတယ်။ တစ်ပတ်လုံးမိုးရွာဖို့ရှိတယ် အဲ့ဒါကို customer ဆီပြောပေးပြီးပါပြီ ။ အစီအစဉ်အပြောင်းအလဲရှိမှာဆိုးလို့ပါ။
.
B ပြောလို့ပြီးသွားတာနဲ့ ခေါင်းဆောင်က A ရဲ့မျက်နှာကို ကြည့်လိုက်တယ်။ A အရမ်းရှက်သွားပါတယ်။ သူအလုပ်လုပ်တာ တကယ်မကောင်းမှန်းသူသိလိုက်ရတယ်။ သူမ ဆုံးဖြတ်ချက်ချလိုက်တယ် …
.
သူမ အဲ့ဒီရက်ပဲ ထွက်စာတင်လိုက်ပါတယ်
အိမ်ရောက်တာနဲ့ သူ့ခေါင်းဆောင်ဆီကနေ message စာလေးရောက်လာတယ် ။
.
မင်းဘာပဲလုပ်လုပ် အောင်မြင်နိုင်မယ့်အရေးကြီးဆုံးအချက်က
(၁) ဘယ်ကုမ္ဗဏီမှ ပျင်းတဲ့အလုပ်သမားကို မကျွေးထားချင်ဘူး
(၂) ကိုယ့်ကိုကိုယ်တန်ဖိုးရှိအောင်အရင်ကြိုးစားပါ။ ပိုက်ဆံရှာဖို့ပဲမကြည့်ပါနဲ့ ။ ကိုယ်သာတန်ဖိုးရှိတယ်ဆိုရင် ပိုက်ဆံက အလိုလိုနေရင်းနဲ့ကိုယ့်ဆီရောက်လာမှာပါ ။
(၃) ဘယ်အလုပ်မဆိုခက်ခဲမှာပဲ လွယ်ကူတဲ့အလုပ်ဆိုတာမရှိပါဘူး
(၄) အလုပ်တိုင်းမှာ ပြဿနာရှိတာက သာမာန်ကိစ္စပါ။ မရှိမှပဲ အဲ့ဒါက ထူးဆန်းပါလိမ့်မယ်။
(၅) တစ်ခုခုလုပ်ရတဲ့ချိန်မှာ ပိုက်ဆံမရဘူးဆိုရင် ဗဟုသုတရတယ်လို့မှတ်ထားလိုက်ပါ။ ဗဟုသုတမရဘူးဆိုရင် အတွေ့အကြုံရတယ်လို့ မှတ်ပါ။ အကယ်၍ နှစ်မျိုးလုံးရတယ်ဆိုရင် ဘယ်တော့မှ ထမင်းငတ်မသေဘူး။
(၆) အလုပ်မှာ ကိုယ့်ရဲ့အသင်းသားတွေကို မပြောင်းလဲနိုင်တဲ့ချိန်မှာ ကိုယ့်ရဲ့အမြင် vision ကိုအရင်ပြောင်းလဲပါ။
.
.
သူမဒီစာလေးဖတ်ပြီးတဲ့ချိန်မှာ သူမအတိတ်က အလုပ်လုပ်လာတာ တကယ်စိတ်နှစ်ပြီးမလုပ်ခဲ့မှန်းသူမ သိလိုက်တယ်။ ပြီးနောက် သူမရဲ့ခေါင်းဆောင်ဆီကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်တဲ့ စာလေးပို့လိုက်တယ်။
.
သူမအတွက်ကျတော့ ဒီနေ့ကစပြီးအလုပ်အသစ်ကိုလျှောက်ပြီး အရင်ထက်ပိုကြိုးစားပြီး အလုပ်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။
ခေါင်းဆောင်ကတကယ်ကောင်းကောင်းသင်ခန်းစာပေးနိုင်ခဲ့ပါတယ်။ အလုပ်လုပ်နေတဲ့ သူငယ်ချင်းများကိုယ်သုံးလို့ရတဲ့ အပိုင်းကို ပြင်ပြီးယူသုံးလို့ရပါတယ်။
အလုပ်တိုင်းက တစ်ခုနဲ့တစ်ခုမတူတဲ့ ပြဿနာတွေ အခက်အခဲတွေရှိကျစမြဲပါပဲ ။
အားလုံးအတွက် အားတစ်စုဖြစ်ပါရစေ။
.
စာကောင်းကောင်းလေးကို သူငယ်ချင်းတွေဖတ်လို့ရအောင်Share ဖို့မမေ့နဲ့နော်
#blackbin
#blackbinbetheflashlightforother

ပါးပြင်းလေးတော့ ထောင်လိုက်ပါ


(သိပ်အဓိပ္ပါယ်ရှိတဲ့ ပုံပြင်လေးတပုဒ် ပါ )

တစ်ခါက တောရွာတစ်ရွာရဲ့အနီးမှာ အင်မတန် ထူထပ်လှတဲ့ မြက်ရိုင်းပင်တွေ တောထ ပေါက်ရောက်နေခဲ့ပါသတဲ့..။ အဲဒီမြက်ရိုင်းအုပ်ထဲမှာတော့ အင်မတန် အဆိပ်ပြင်းတဲ့ မြွေဟောက် တစ်ကောင် နေထိုင်တယ်..။ အဲဒီမြွေဟောက်ဟာ အင်မတန်မှလည်း ဒေါသကြီးတဲ့အလျှာက် အနီးအနားဖြတ်သန်းသွားသမျှ ရွာသူရွာသားတွေကို အမြဲတမ်းလိုက်လံ ကိုက်ခဲပါသတဲ့။ အဲဒီလို ဖြတ်သန်းသွားတဲ့လူတွေတင် ကိုက်ရတာ မတင်းတိမ်နိုင်တာကြောင့်လည်း မြွေဆိုးဟာ ရွာထဲအထိ ၀င်ရောက်ပြီး အိမ်တိုင်ရာရောက်လိုက်လံ ပေါက်တဲ့အထိ ဖြစ်လာပါသတဲ့..။

အဲဒီလို ဆိုးလွန်းတဲ့မြွေကြောင့် ရွာသူရွာသားတွေဟာ အင်မတန်မှ စိတ်ဆင်းရဲသောက ရောက်ကြရပါသတဲ့..။ မိမိလယ်ယာကိုတောင် သွားရောက် မထွန်ရက်၊ မစိုက်ပျိုးရဲတဲ့အထိ ဖြစ်လာခဲ့ပြန်တယ်။ အဲဒီအခါမှာတော့ ရွာသားတွေ ကိုးကွယ်တဲ့ ရသေ့ကြီးဟာ မြွေဟောက် ရှိရာ မြက်ရိုင်းတောကို လာရောက်ခဲ့ပါသတဲ့..။ အဲဒီအခါမှာလည်း မြွေဟောက်ဟာ ရသေ့ကြီးကို ပေါက်သတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြန်တယ်။ ဒါပေမယ့်လည်း ထူးဆန်းစွာနဲ့ပဲ ရသေ့ကြီးဟာ တစ်စုံတစ်ရာမှ ထိခိုက်မှု မရှိတာကို မြွေဟောက်က တွေ့လိုက်ရတယ်။ အဲဒီအခါ မြွေဟောက်က အံ့သြတကြီးနဲ့ ဒီလိုမေးခဲ့တယ်

"ရသေ့.. သင်ဟာ ငါဘယ်လောက်ပေါက်ပေါက် မဖြုံဘူးပဲ..။ ဒီရွာထဲက လူတွေဆို ငါပေါက်လိုက်လို့ကတော့ ကွမ်းတစ်ရာညက်ဆို အသေပဲ။ ရသေ့က ဘယ်လို အစွမ်းတွေနဲ့ ဒီလိုနေနိုင်ရတာလည်း"

အဲဒီလို မြွေဟောက်ရဲ့အမေးစကားကို ကြားတဲ့အခါ ရသေ့ကြီးအေးချမ်းစွာနဲ့ ကဒီလိုဖြေလိုက်တယ်

"တကာမြွေဟောက်။ လောကမှာ မေတ္တာတရားထက် ခွန်အားကြီးမားတဲ့ အရာမရှိဘူး။ သည်းခံခြင်းတရားက ငါ့ကို ကာကွယ်ပေးထားတာပဲ"

အဲဒီလိုရသေ့ကြီး အေးချမ်းစွာဖြေကြားပုံကို မြင်တဲ့အခါ မြွေဟောက်ရဲ့ ဒေါသတွေ ပြေလျော့သွားပြန်တယ်။ အဲဒီနောက်မှာလည်း ရသေ့ကြီးဟာ မြွေဟောက်ကို သည်းခံခြင်းတရား၊ ဒေါသကို ငြိမ်းအေးစေခြင်း တရားတို့ကို ကောင်းစွာဟောပြခဲ့တယ်။ အဲဒီတရား အဆုံးမှာလည်း မြွေဟောက်ကို ဒီလိုပြောခဲ့တယ်။

"တကာမြွေဟောက် အသင်ဟာ အဆိပ်အားကိုးနဲ့ ရွာသားတွေကို ကိုက်ခြင်း၊ သူ့အသက်သတ်ခြင်း ဆိုတဲ့ အကုသိုလ်ကို အကြိမ်ကြိမ်ပြုမိနေတယ်။ အဲဒီအကုသိုလ်မဖြစ်အောင် စောင့်ထိန်းလော့"

အဲဒီအခါမှာတော့ မြွေဟောက်ဟာ အင်တင်တင်နဲ့ပဲ နောင်အခါ ရွာသားတွေကို မကိုက်တော့မယ့်အကြောင်း ရသေ့ကြီးကို ကတိပေးလိုက်တယ်။ အဲဒီလိုနဲ့မြွေဟောက်ဟာ ဒေါသထွက်လာတိုင်း တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ ချုပ်တည်းတတ်လာတယ်။ အချိန်တွေကြာလာတဲ့အခါမှာတော့ မြွေဟောက်ဟာ သဘောကောင်းတဲ့ မြွေဟောက်တစ်ကောင် ဖြစ်လာပါသတဲ့..။
အဲဒီနောက်မှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တွေ့မြင်ပေမယ့်လည်း အရင်တုန်းကလို ထွက်မပြေးတော့ဘဲ တရင်းတနှီး ရှိလာကြပါသတဲ့။

နောင်အခါမှာတော့ ရွာသားတွေဟာ တဖြည်းဖြည်း အတင့်ရဲလာပြန်တယ်။ သူတို့တွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ.. အပေါ်ကတောင် ခွကျော်သွားကြပြန်တယ်။ ဒါပေမယ့်လည်း မြွေဟောက်ဟာ သည်းခံမြဲ သည်းခံနေပြန်တယ်။
တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာပြန်တဲ့အခါ ရွာသားတွေဟာ မြွေဟောက်ကို တွေ့တဲ့အခါ ကျော်ခွတောင် မသွားတော့ပဲ မြွေဟောက်အပေါ်က တက်နင်းလျှောက်လှမ်း သွားကြပြန်တယ်။ အဲဒီအခါမှာလည်း မြွေဟောက်က သည်းခံမြဲသည်းခံနေခဲ့ရပြန်တယ်..။
အဲဒီလိုနဲ့နောက်ပိုင်းမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို တက်နင်းသွားတဲ့အပြင် အမြီးနဲ့ ခေါင်းကိုပါ ကျောက်တုံးနဲ့ ဖိထားကြပြန်တယ်။ မြွေဟောက်က သည်းခံပြန်တယ်။
အဲဒီအခါ ရွာသားတွေက မြွေဟောက်ကို တွေ့တဲ့အခါ ကြိုးခွေလို ချည်ပြီး လိန်ကျစ်ခါ စနောက်ကြပြန်တယ်။ မြွေဟောက်ခမျာလည်း ကြိတ်မှိတ်ပြီး သည်းခံရပြန်တယ်။
နောက်ဆုံးမှာတော့ ရွာသားတွေဟာ မြွေဟောက်ကို ယူဆောင်ပြီး အမြီးက ကိုင်ကာ တစ်ယောက်တစ်လှည့် မွှေ့ယမ်း ဆော့ကစားကြပြန်သတဲ့..။ အဲဒီအခါမှာတော့ မြွေဟောက်ဟာ ဆက်လက် သည်းခံနိုင်ခြင်းမရှိတော့ဘဲ ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို သွားရောက်ပြီး ဒီလို အပြစ်တင်ခဲ့တယ်

"ရသေ့ကြီး ကျုပ်ဟာ အသင်ဟောပြတဲ့ တရားဓမ္မကို ဆင်ခြင်ပြီး သည်းခံခဲ့ပါတယ်။ ဒါပေမယ့် ဒင်းတို့ဟာ တဖြည်းဖြည်းနဲ့
ရောင့်တက်လာတယ်။ ခုဆို ကျုပ်ကို အမြီးက ကိုင်ပြီး မွှေ့ယမ်း ဆော့ကစားမှုကိုတောင် ပြုလုပ်နေကြတယ်။ အဲဒီတော့ ကျုပ် ဆက်ပြီး သည်းမခံနိုင်တော့ဘူး။ ရသေ့ကြီးပြောတော့ သည်းခံခြင်းသည် အောင်မြင်ခြင်းဆို၊ မေတ္တာရောင်ပြန်ဟပ်ဆို၊ ခုတော့ ရောင်ပြန်မဟပ်ပဲ ကြာရင် ကျုပ်သေတော့မယ်"

အဲဒီအခါ ရသေ့ကြီးက မြွေဟောက်ရဲ့ဖြစ်အင်ကို ကြည့်ပြီး အားပါးတရ ရယ်မောပြန်တယ်။ ပြီးတော့ ရသေ့ကြီးက ဒီလိုမိန့်လိုက်တယ်

"မြွေဟောက်.. သေချာနားထောင်လော့.. ငါက သင့်ကို မကိုက်ဖို့ပဲ ဆုံးမခဲ့တာ..။ ပါးပြင်းမထောင်ရဘူးလို့ မဆုံးမခဲ့ဘူး" တဲ့
ပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ထားပါတယ်။

တကယ်တော့ ကျွန်တော်တို့ဟာ ပုံပြင်ထဲက မြွေဟောက်လိုပဲ ဖြစ်ကြတယ်။
တစ်ခါတစ်လေ အလွန်အမင်းသဘောကောင်းခြင်းဟာ အန္တရာယ် ရှိတတ်တယ်ဆိုတာ သားသား/ မီးမီးတို့ကိုပြောပြထားဖို့လိုမယ်ထင်ပါတယ်။

နွေမင်းသစ်
------------------
#YeZaw





Saturday, December 24, 2016

ပြောင်းလဲလို့ရတယ်


ခင်ဗျား အခုရောက်နေတဲ့နေရာကို၊ ခင်ဗျားရဲ့လက်ရှိအခြေအနေကို မကြိုက်ဘူးလား။

"ခင်ဗျားအနေနဲ့ ပြောင်းလဲလိုက်လို့ရတယ်"

"ဖန်တီးလိုက်လို့လဲ ရတယ်"

ခင်ဗျားဟာ မရွေ့နိုင်တဲ့ ကျောက်တုံးတစ်တုံး မဟုတ်သလို တစ်နေရာထဲမှာ ခြောက်သွေ့သေဆုံးရမယ့် သစ်ပင်တစ်ပင်လဲ မဟုတ်ဘူး။

ခင်ဗျားဟာ သက်ရှိတစ်ယောက်၊

သက်ရှိထဲမှာမှ စွမ်းရည်အရှိဆုံး လူသား၊

လူသားထဲမှာမှ ကျန်းမာပြီး အလုပ်လုပ်နိုင်တဲ့ လူတစ်ယောက်၊

တိုးတက်အောင်မြင်ချင်လို့ အမြဲကြိုးစားရှာဖွေနေတဲ့သူ တစ်ယောက် ဖြစ်တယ်။

ခင်ဗျားဟာ လက်ရှိအခြေအနေကို မကျေနပ်နိုင်လို့ ပိုမိုကြိုးစားပြီး ရုန်းကန်ရှာဖွေနေချင်တဲ့လူ၊

ဒီအချက်တွေနဲ့တင် ခင်ဗျားအောင်မြင်ဖို့ အချက်တော်တော်များများနဲ့ ပြည့်စုံနေပြီလို့ ပြောလို့ရတယ်။

ကျွန်တော်တို့ဟာ ဘဝရဲ့ အချိန်တော်တော်များများကို အမုန်းတရားတွေ၊ မကောင်းတဲ့အလေ့အထတွေ၊ ဘာမှလာမလုပ်ပေးနိုင်တဲ့ လူတွေရဲ့အမြင်တွေအပေါ်မှာ အခြေခံပြီး ကုန်ဆုံးနေကြတယ်။

တိုးတက်ပြောင်းလဲချင်နေတဲ့ ခင်ဗျားအတွက် အဲဒီအရာတွေအားလုံးကို ငြင်းပယ်ရမယ့် အချိန်ရောက်လာပြီလို့ ပြောချင်တယ်။

သူတို့ အတ္တကိုသာ ရှေ့တန်းတင်ပြီး ခင်ဗျားကို လေးစားကိုယ်ချင်းစာမှုမရှိပဲ အသုံးချဖို့သာ ကြိုးစားနေတဲ့လူတွေကို ငြင်းပယ်ရတော့မယ်။

ခင်ဗျားမလုပ်ချင်တဲ့ အလုပ်တွေကို ငြင်းပယ်ရဲရမယ်။

ခင်ဗျားအပေါ်မကောင်းဘူးဆိုတဲ့လူတွေကိုလဲ ငြင်းပယ်ရလိမ့်မယ်။

ခင်ဗျားဘဝအတွက် အရေးမပါတဲ့အသေးအဖွဲလေးတွေကို ဖယ်ထုတ်ရတော့မယ်။

ဆုံးရှုံးခဲ့ဖူးတဲ့ အတိတ်တွေကို ကျောခိုင်းပြီး

လှပတဲ့ အနာဂါတ်ဘဝကိုပဲ မျှော်လင့်ရတော့မယ်။

အရေးအကြီးဆုံးက အကြောင်းအရာ(၃)ခုကြောင့် ခင်ဗျားဘဝ ခင်ဗျားဖြစ်ချင်တာတွေကို ဘယ်တော့မှ မလဲလိုက်ပါနဲ့။

(၁) လူတွေရဲ့ ပြောစကားတွေကြောင့်၊

(၂) ငွေကြေးကြောင့်၊

(၃) အတိတ်ရဲ့အရိပ်ဆိုးတွေကြောင့်၊

-မှတ်စုကြမ်း #nayaung

Photo and Post Credit to: မှတ်စုကြမ်း nayaung

🎀🎀သူတောင်းစား ပုံပြင်🎀🎀


🌟တစ်ခါတုန်းကပေါ့ မြို့တစ်မြို့မှာ သူတောင်းစား တစ်ယောက်ရှိတယ်။

🌟ဆင်းဆင်းရဲရဲ တောင်းစားနေရတာကို မကြည့်ရက်လို့  သိကြားမင်းက လူပြည်ဆင်းလာပြီး " အသင် လူသား ငါသင့်ကို ကူညီမယ် ဒါပေမဲ့ သင်ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အမှန်အတိုင်းပြောပါ " လို့ပြောလိုက်တော့ သူတောင်းစား က " ကောင်းပါပြီ " လို့ပြန်ပြောတော့ သိကြားမင်းက " ငါ နင့်ကို ပိုက်ဆံ ငါးသိန်းပေးရင် သင် ဘာလုပ်မလဲ " ဆိုတော့ သူတောင်းစားက စဉ်းစားပြီး " ဖုန်းဝယ်မယ် " တဲ့၊

🌟သိကြားမင်းက ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲဆိုတော့ သူတောင်းစားသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာတောင်းကောင်းလဲမေးပြီး အဲ့ ဒီနေရာသွားတောင်းမယ်တဲ့၊

🌟သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝမပြောင်းဘူးဆိုပြီ ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစား ကတချက်ထပ်တွေးလိုက်တယ်၊ဆိုင်ကယ်တစ်စီး ဝယ်ပြီးတောင်းလို့ ကောင်းတဲ့နေရာတွေကို မြန်မြန်သွားတောင်းလိုက်မှာပေါ့တဲ့၊

🌟သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး သိန်း တစ်ရာပေးမယ်ကွာ... ဘာလုပ်မလဲမေးတော့ သူတောင်းစားက ကားဝယ်ပြီး တစ်မြို့လုံး လိုက်တောင်းမယ်တဲ့၊

🌟သိကြားမင်းက မဖြစ်ပါဘူး နောက်ဆုံးအနေနဲ့ သိန်းငါးရာပေးမယ် ဘာလုပ်မလဲဆိုတော့ သူတောင်းစားက ပျော်ပြီး ဟာ တစ်မြို့လုံးမှာရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုပ်ပြီး တစ်မြို့လုံးကို သူတစ်ယောက်တည်း တောင်းစားမှာပေါ့တဲ့၊

🌟ဒီပုံပြင်လေးက အတွေးအခေါ်မရှိတဲ့လူ ကိုဘာပေးပေး ဘာမှမဖြစ်လာပါဘူး ၊အခွင့်အရေး ဘယ်လောက်ရရ အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ် ဆိုတာ မဖြစ်ပေါ်လာပါဘူး။

🌟ဒီသူတောင်းစားလေးကို ကြည့် ရအောင် ၊သူ့မှာ သူ့လုပ်ငန်းချဲ့ ထွင် ကြီးထွားဖို့ ( Skill set ) ဆိုတဲ့ ကျွမ်းကျင်မှု အပြည့်ရှိပါတယ် ၊ ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင် တောင်းစားနေတဲ့( Mind Set ) ကို မပြောင်းလဲ နိုင်တာက သူ့ ဘ၀ ရဲ့ အဖြေ ဖြစ်သွားပါတယ်။

🌟မတူညီ တဲ့ ကောင်းမွန်တဲ့ဘ၀ ရဲ့ ရလဒ်ကို လိုချင်သူအတွက် မတူညီတဲ့ လုပ်ဆောင်ချက် တွေကို ပြုလုပ်မယ်ဆိုရင်တော့ သေချာပါတယ် သူများနဲ့မတူတဲ့ အကောင်းဆုံးဆိုတဲ့ ရလဒ်တွေကို တောင့်တလိုက်ရုံနဲ့ ရမယ့် ဘဝမျိုးကို ပိုင်ဆိုင်လာမှာပါ။

★★★ Change your brain,change your Life ★★★

🌟ကမ္ဘာကြီးပြောင်းလဲနေတာကို မသိသေးသောသူများ အတွက် ရည်ရွယ်ပါသည်။

Credit , Ei mon thet
Photo Credit to: Original Uploader

"ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင် ဘယ်သူကမှ စိတ်ချမ်းသာအောင် ထားနိုင်မှာမဟုတ်"


မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့..
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး..

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလားလို့
အပြစ်မတင်ချင်ပါနဲ့..
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့ လူလာဖြစ်နေကြတာမဟုတ်ဘူး

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလားလို့
မနာကျည်းလိုက်ပါနဲ့..
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင်ပါလာမယ် မပါချင်မပါဘူး..
လမ်းခုလတ်က လှည့်ထွက်သွားတာလည်းဖြစ်ချင်ဖြစ်မယ်..
သေချာတာက ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ..

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်..
ဘယ်သူမှမရှိဘူးလား ကိုယ့်ကိုယ်ကို ဂရုစိုက်..
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်..
မချစ်တော့ဘူးလား လွတ်လပ်ခွင့်ပေးလိုက်..

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး..
တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ်..
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ..
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး..

ဒါတွေဟာ သမားရိုးကျဖြစ်စဉ်တွေလေ..
ထွေထွေထူးထူး ကြေကွဲမနေနဲ့..
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင် ထားနိုင်မှာမဟုတ်..

credit:NPK13@Vodka

"သင့်အလုပ်ထဲမှာမပျော်ရင် ဒါလေးဖတ်ကြည့်ပါ..."


စင်္ကာပူမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းတယောက်ဟာ သူ့အလုပ်နဲ့ပတ်သက်ပြီး အမြဲညီးညူလေ့ရှိတတ်တယ်။ အလုပ်ပါးတော့လဲ ပျင်းလိုက်တာတဲ့။ အလုပ်များတော့လဲ ပင်ပန်းလိုက်တာတဲ့။ အထက်ကအုပ်ချုပ်သူကလဲ သူ့ကိုအမြဲတမ်း အပြစ်ရှာလေ့ရှိတယ် စသဖြင့်ပေါ့။ အလုပ်သွားချင်စိတ်မရှိလို့ သူဟာ နေမကောင်းဖြစ်တာ မဟုတ်ပေမဲ့လဲ မကြာခနဆေးခွင့် MC ယူပြီး အလုပ်နားလေ့ရှိတယ်။ အမြဲညီးနေတဲ့သူငယ်ချင်းကို တနေ့မှာ ဖတ်ဖူးတဲ့ပုံပြင်လေးတခုကို ပြောပြပါတယ်။ ဒီပုံပြင်လေးကို တချို့လဲကြားဖူးမှာပါ။.

ပုံပြင်လေးက....
လူတယောက်ဟာ တနေ့မှာ အဆောက်အအုံတခုဆောက်နေတဲ့ လုပ်ငန်းခွင်ထဲ ရောက်သွားပါတယ်။ အဲဒီနေရာမှာ ကျောက်တုံးကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံရဲ့ နံရံမှာသုံးဖို့ ကျောက်တုံးသေးတွေရအောင် (၁၀) ပေါင် တူကြီးတွေနဲ့ ထုခွဲနေတဲ့ အလုပ်သမား ၃ ယောက်ကို တွေ့တယ်။

ပထမလူက အလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူး။ တာဝန်ကျေပဲ ကျောက်တုံးကို ထုခွဲရင်း အလုပ်ဆင်းအိမ်ပြန်ဖို့ အချိန်ဘယ်လောက်ကျန်သလဲဆိုပြီး အလုပ်ခွင်က တိုင်ကပ်နာရီကို မကြာခနကြည့်နေတယ်။ စောစောကလူက သူ့ကို ဘာလုပ်နေတာလဲလို့ မေးကြည့်တယ်။ သူက "ဒီသောက်ကျောက်တုံးကြီးကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံရလို့သာလုပ်နေရတာ အကျိုးလဲမရှိ ပင်ပန်းလိုက်တာလဲလွန်ရောဗျာ။ တနေ့တနေ့ အလုပ်ဆင်းမဲ့အချိန်ပဲ မျော်နေရတယ်ဗျို့" တဲ့။

ဒုတိယလူကတော ကျောက်တုံးကြီးကို ကြိုးစားပမ်းစားထုခွဲနေတယ်။ ဟိုလူက သူ့ကိုလဲ ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။ သူက "ကျနော်ဒီကျောက်တုံးကြီးကနေ ကျောက်တုံးအငယ်တွေဖြစ်အောင် လုပ်နေတာပါ။ ခွဲလို့ရတဲ့ကျောက်တုံးတွေကို အခုဆောက်နေတဲ့ အဆောက်အအုံနံရံမှာ သုံးဖို့ပေါ့ဗျာ" တဲ့။

တတိယလူကျတော့ ကျောက်တုံးကြီးကိုခွဲလိုက်တယ်။ ရလာတဲ့ကျောက်တုံးလေးတွေကို သေသေချာချာ ကြည့်တယ်။ သူလိုချင်တဲ့အရွယ်ရအောင် ကြိုးစားပန်းစားထပ်ခွဲနေတယ်။ လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင် အဲဒါလေးတွေကြည့်ပြီး သူဟာ ဝမ်းသာကြည်နူးနေတယ်။ စောစောကလူက ထုံးစံအတိုင်း သူ့ကိုလဲ ဘာလုပ်နေတာလဲမေးတော့ သူကခုလိုပြန်ဖြေတယ်။

"ကျနော် ကမ္ဘာပေါ်မှာ အလှဆုံးဟိုတယ်ကြီးတခု ဆောက်နေတာဗျ" တဲ့။

အလုပ်တမျိုးထဲ အတူတူလုပ်ကြတဲ့ အလုပ်သမား ၃ ယောက်ဟာ အလုပ်ပေါ် ခံယူချက်စိတ်ဓါတ် (attitude) ကျတော့ မတူကြပြန်ဘူး။
ပထမလူဟာ သူ့အတွက် အလုပ်သာလုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာ အချိန်ဖြုန်းနေတယ်။ ငရဲကျနေတယ်လို့ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလိုသာ ဒီအလုပ်ကိုလုပ်နေရတာဆိုပြီး စိတ်ဆင်းရဲနေတာပေါ့။

ဒုတိယလူကတော့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ တနေ့အလုပ်တနေ့ပြီးအောင် တာဝန်ကျေပွန်အောင် လုပ်တယ်။ ဒါပေမဲ့ သူ့မှာ အနာဂတ်အတွက် ဘာမျော်မှန်းချက်မှမရှိဘူး။ စက်ရုပ်တခုလိုပါပဲ။

တတိယလူကျတော့ စောစောက လူ ၂ ယောက်လို မဟုတ်ဘူး။ သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ အလုပ်ကို ကောင်းတာထက်ပိုကောင်းအောင် အမြဲကြိုးစားနေတယ်။ သူလုပ်လိုက်တဲ့ ကျောက်တုံးလေးတွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာ အလှပဆုံးဟိုတယ်ကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်နေတယ်။ သူဟာ အနာဂတ်ကို တွေးမြင်ကြည့်တတ်သူပါ။ ဒါကြောင့် သူဟာအလုပ်ခွင်ထဲမှာ အမြဲတမ်း စိတ်ဓါတ်တက်ကြွ လန်းဆန်းနေတယ်။ လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့မိသားစုအတွက် အလုပ်လုပ်နေကြရမှာပါ။

ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ဝန်ထမ်းဘဝနဲ့ဖြစ်ဖြစ် အလုပ်တခုတော့ လုပ်ကိုလုပ်နေကြရမှာပါ။ အဲဒီတော့ ကိုယ့်အလုပ်အပေါ်ခံယူထားတဲ့ attitude ဟာ စောစောကပြောတဲ့ အလုပ်သမား ၃ ယောက် ထဲက ဘယ်နဲ့တူနေသလဲဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးပါ။

မိမိလုပ်နေတဲ့အလုပ်ထဲမှာ မပျော်နေဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မဲ့အလုပ်သစ်ရှာလိုက်ပါ။ အဲလိုမှလုပ်လို့မရဘူးဆိုရင် တတိယလူလို အလုပ်အပေါ်မှာထားတဲ့ ခံယူချက်သဘောထား (attitude) ကို ပြောင်းလဲလိုက်ပါ။ မိမိလက်ရှိအလုပ်ကို စိတ်ဝင်းစားလာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။ အလုပ်တွေများများနဲ့ မြန်မြန်ပြီအောင် ဘယ်လိုလုပ်ရမလဲ။ ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲ စတာတွေပေါ့။ တခုသိစေချင်တာက အလုပ်ထဲမပျော်တဲ့လူဟာ အိမ်ထောင်ရေးအဆင်မပြေတတ်ဘူး။ အလုပ်ထဲကစိတ်မချမ်းသာမှုဟာ အိမ်ထဲ ကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့လူဟာ အသက်လဲတိုတတ်ကြပါတယ်။

Credit: Thein Pe
Posted by lutawlupyaw

ဆင်းရဲသားလေး တစ်ယောက်အကြောင်း


ဟိုး တစ်ချိန်က အရမ်းကို ဆင်းရဲတဲ့လူတစ်ယောက်ရှိတယ်…သူ့ကို အရမ်းချမ်းသာတဲ့လူတစ်ယောက်ကတွေ့တာ့ သနားပြီး သူ့ကို ကြီးပွားလာအောင် ကူညီချင်စိတ်တွေပေါ်လာတယ်…သူဌေးက သူ့ကို နွားတစ်ကောင်လက်ဆောင်ပေးခဲ့တယ်… သူ့ကို လယ်ယာထွန်ယက်ဖို့ သေချာမှာခဲ့တယ်…အခုချိန်မျိုးစေ့ ကြဲထားပြီး ကောင်းကောင်းထွန်ယက်ရင် ဒီနှစ်ကုန်ရင် ဆင်းရဲတယ် ဆိုတဲ့စကားလုံးနဲ့ ဝေးဝေးခွာနိုင်တော့မှာပါလို့ ပြောခဲ့တယ်…

ဒီသူဆင်းရဲလေးကတော့ အစပိုင်းမှာ မျှော်လင့်ချက်အပြည့်နဲ့ တက်တက်ကြွကြွလုပ်ရှာတယ်…ဒါပေမဲ့ ဘယ်လောက်မှ မကြာလိုက်ဘူး… နွားက မြက်စားတယ်… လူက ထမင်းစားတယ်…ဖြတ်သန်းရတဲ့ဘ၀က အရင်ကထက်တောင်ခက်ခဲနေသေးတယ်…သူဆင်းရဲလေးက ပြန်စဉ်းစားတယ်…နွားကို ရောင်းလိုက်ပြီး ဆိတ်တချို့ဝယ်လိုက်ရင်ကောင်းမယ်…

တစ်ကောင်ကို အရင်သတ်စားလိုက်ပြီး ကျန်တာတွေကို ဆက်မွေးထားလိုက်မယ်… ဆိတ်ကလေးတွေမွေးလာလို့ ကြီးလာရင် ပြန်ရောင်းစားလို့ရတယ်… ဒါလဲ တော်တော်လေး အမြတ်ရနိုင်တယ်…သူဆင်းရဲလေးရဲ့ အစီအစဉ်ကလဲ အထမြောက်လိုက်ပါတယ်… ဆိတ်တစ်ကောင်ဘဲ သတ်စားလိုက်တယ်…

နောက်ပိုင်းမှာ ဆိတ်ကလဲ တော်တော်နဲ့ ကလေးမမွေးနိုင်တာနဲ့ မအောင့်နိုင်ဘဲ ဆိတ်နောက်တစ်ကောင်သတ်စားလိုက်တယ်…သူပြန်စဉ်းစားတယ်… ဒီတိုင်းဆို မဖြစ်တော့ဘူး… ဆိတ်ကိုလဲ ရောင်းပစ်လိုက်ပြီး ကြက်ဝယ်လိုက်ရင်ကောင်းမယ်… ကြက် က ဥဥတာပိုမြန်တယ်… ကြက်ဥကနေ ၀င်ငွေ ချက်ချင်းရနိုင်တယ်… ဒါဆိုရင် ငါလဲ နည်းနည်းချောင်သွားလိမ့်မယ်…

သူစီစဉ်းထားတဲ့ အတိုင်း အထမြောက်သွားပြန်တယ်… ဒါပေမဲ့ သူ့ရဲ့ ဘ၀ကပြောင်းလဲမှုမရှိဘူး… ခက်ခဲလာပြန်ပြီ… နောက်ဆုံးတော့လဲ မနေနိုင်ဘဲ တစ်ကောင် သတ်မိပြန်တယ်… ဒီလိုနဲ့နောက်ဆုံး ကြက်တစ်ကောင်ဘဲ ကျန်တဲ့အချိန်မှာ သူတော်တော်လေး စိတ်ဓာတ်ကျသွားတယ်…

သူ ပြန်စဉ်းစားတယ်… ကြီးပွားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး… ကြက်ကို ရောင်းပြီး အရက်ဝယ်သောက်တာဘဲ ကောင်းပါတယ်… ဗိုက်ထဲ အရက်ဝင်သွားရင်… အတွေးထဲကို အနောက်အယှက် မ၀င်တော့ပါဘူးလေ…နှစ်ကုန်လို့ သူ့ကိုကူညီခဲ့တဲ့ သူဌေး သူ့ဆီကို ပြန်ရောက်လာတယ်…

ပြန်တွေ့လိုက်တာကတော့ အရက်လေးတမြည်းမြည်းနဲ့ မူးနေတဲ့ သူကိုတွေ့လိုက်တယ်…နွားကလဲ မရှိတာကြာရော်ပေါ့… အိမ်ကလဲ စုတ်ပြတ်မြဲ စုတ်ပြတ်နေတယ်…သူဌေးက သူ့ရှေ့မှာ ရှိတဲ့ မြင်ကွင်းကိုတွေ့တော့ သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားလိုက်တယ်…

သူဆင်းရဲလေးကတော့ ဆင်းရဲမြဲ ဆင်းရဲနေတယ်…ဆင်းရဲတဲ့လူ အများစုမှာလဲ အိပ်မက်ဆိုတာ ရှိခဲ့တယ်… အခွင့်အရေးဆိုတာလဲ ကြုံခဲ့တယ်… ကြိုးလဲ ကြိုးစားခဲ့တယ်… ဒါပေမဲ့ တစိုက်မက်မက်လုပ်ဖို့ဆိုတာ ခက်ခဲလာတယ်…
စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်သူအောင်မြင်တဲ့လျှို့ဝှက်ချက်ကို ပြောခဲ့ဖူးတယ်…

“ပိုက်ဆံ မရှိတဲ့အချိန် ဘယ်လောက်ထိဘဲ ခက်ခဲနေပါစေ ရင်းနှီးထားတဲ့ငွေနဲ့ စုထားတဲ့ငွေကို မထိမိပါစေနဲ့ဖိအားက မင်းကို ငွေရှာဖို့ နည်းလမ်းသစ်တွေပေးနိုင်တယ်… အကြွေးရှင်းဖို့ တွန်းအားပေးနိုင်တယ်… ဒါဟာ ကောင်းတဲ့ အကျင့်လေးတစ်ခုပါတဲ့…”

http://kanaung.net/post-no-1541
Shared from နည်းစနစ်ကျကျ အတွေးအခေါ်
Photo Credit to: Original Uploader

Saturday, December 3, 2016

အဖိုးတန်မိတ်ဆွေတွေကို ဘယ်အချိန်မှာ ဆုံးရှုံးရသလဲ


ကျွန်မရဲ့ အတွေ့အကြုံအရတော့ နားထောင်သူကောင်းမဟုတ်တော့တဲ့အခါ၊ နှုတ်လုံတဲ့ မိတ်ဘက်ကောင်းမဖြစ်တဲ့အခါ၊ နိုင့်ထက်စီးနင်လုပ်တာ.. စတာတွေကြောင့် အဖိုးတန်မိတ်ဆွေတွေကို ဆုံးရှုံးရတယ်လို့ ယူဆပါတယ်။

ကျွန်မတို့မှာ အခက်အခဲတွေ၊ ပြသနာတွေ၊ စိတ်ကျဉ်းကျပ်မှုတွေ ကြုံလာတဲ့အခါ အမြဲရင်ဖွင့်တိုင်ပင်လို့ ရတဲ့ သူတွေကို သတိရတတ်ပါတယ်။ အဲ့ဒီလို သတိရပြီး သူတို့နဲ့ တွေ့ဆုံတဲ့အခါ ပြသနာတွေကို အိတ်သွန်ဖာမှောက် တိုင်ပင်ဆွေးနွေးပါတယ်။ ကျွန်မတို့ရဲ့ အဖိုးတန်မိတ်ဆွေတွေကတော့ တကယ့်နားထောင်သူကောင်းတွေပေါ့။

စကားတွေ မဆုံးခင်အထိ ဘာကိုမှ မဝေဖန်ဘဲ နားထောင်ပြီး အေးအေးဆေးဆေး ပြန်လည်ဖေးမပေးတတ်ကြတာကိုတော့ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ တစ်ခါတရံ နားထောင်သူကောင်းဖြစ်ဖို့ မေ့လျော့နေကြပါတယ်။ ဒီလိုမေ့လျော့မှုတွေကြောင့် ကျွန်မတို့ရဲ့ အဖိုးတန်မိတ်ဆွေတွေဟာ တိုင်ပင်စရာမရှိတော့ဘဲ နောက်ထပ် အဖိုးတန်မိတ်ဆွေတွေ ရရှိပြီး ဘ၀ခရီးကို အပြည့်အ၀ဖြတ်သန်းကြပါတယ်။

နောက်တစ်ခုက နှုတ်လုံမှုပါပဲ။ ဒါဟာ လူ့ကျင့်ဝတ်တစ်ခုလိုပဲ အင်မတန်မှ အရေးကြီးလှပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်မနဲ့ ကျွန်မရဲ့ အဖိုးတန်မိတ်ဆွေတွေကြားမှာ အခိုင်အမာတည်ဆောက်ထားတဲ့ ခံတပ်ကြီးတစ်ခုလို တစ်ဦးချင်းစီရဲ့ ပြသနာတွေ၊ ရင်ဖွင့်သံတွေ၊ ဖြေရှင်းနေရတဲ့ အခက်အခဲတွေဟာ ကျွန်မတို့ရဲ့ ကြားမှာသာ ရှိနေပြီး ဘယ်တော့မှ ဘယ်သူ့ကိုမှ ထုတ်မပြောတဲ့ စကားတွေအဖြစ် သိမ်းဆည်းထားပါတယ်။ အရေးကြီးကိစ္စနဲ့ ဖွင့်ပြောရမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ သဘောတူညီချက်ကို အင်မတန်မှ အလေးထားပါတယ်။

တစ်ခါကတော့ နှုတ်မလုံတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်ပျက်စရာတွေ ကြုံခဲ့ဖူးပါတယ်။ နှုတ်မလုံမှန်းသိပြီးတဲ့နောက်မှာတော့ သူ့အတွက် ကျွန်မက ဘယ်တော့မှ အဖိုးတန်မိတ်ဆွေမဖြစ်တော့ဘဲ နားထောင်သူအဖြစ်သာ ကျန်ရှိနေပြီး တဖြည်းဖြည်းဝေးကွာခဲ့ကြပါတယ်။ နှုတ်လုံဖို့ဆိုတာ မိတ်ဆွေတွေအတွက် အလွန်အရေးကြီးတဲ့အကြောင်းလည်း လက်ဆင့်ကမ်းချင်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ နိုင့်ထက်စီးနင်းလုပ်တာမျိုးပေါ့။ အဖိုးတန်မိတ်ဆွေနဲ့ မျှတတဲ့ ရင်းနှီးမှု တည်ဆောက်ရမယ့်အစား အမြဲအနိုင်ယူချင်တာ၊ ကိုယ့်စကားကိုသာ လက်ခံစေချင်တာ၊ ကိုယ့်မိတ်ဆွေရဲ့ အကြံဥာဏ်ကို အမြဲလှောင်ရယ်တာ၊ သူ့အတွေ့အကြုံတွေကို အမြဲဟာသလုပ်ပြီး အနိုင်ယူတာ။ ကိုယ့်မိတ်ဆွေ ဖွင့်ဟထားတဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြီး လှောင်ပြောင်အနိုင်ယူတာ စတာတွေကြောင့်လည်း မိတ်ဆွေစစ်တွေကို ဆုံးရှုံးတတ်ပါတယ်။

ဒါကြောင့် နှုတ်လုံပြီး အနိုင်မယူတတ်ဘဲ နားထောင်တတ်သူတွေအဖြစ် မိတ်ဆွေတွေကြားမှာ ရင်နှီးမှု တည်ဆောက်ကြဖို့ကတော့ အမြဲအရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူဆိုတာ တစ်ဦးတည်းနေထိုင်တဲ့ သတ္တ၀ါမှ မဟုတ်တာလေ။

လေးစားလျှက်
ခင်နှင်းကြည်သာ
(၅-၃-၂၀၁၆)

Photo Credit to: Original Uploader

Friday, October 14, 2016

နေတတ်လာခဲ့ပြီ


အပေါ်ယံတွေချည်းပဲ ပေးဖူးသူအချို့ကြောင့်
ကိုယ်လည်း တဖြည်းဖြည်း သံယောဇဉ် နည်းလာတတ်ခဲ့တယ်

စိတ်ထိခိုက်ခြင်းတွေ ပေးခဲ့ဖူးသူအချို့ကြောင့်
ကိုယ့်စိတ်တွေ အရင်ကထက် နေတတ်လာခဲ့တယ်

လိုအပ်မှ ခင်မင်ပြတတ်တဲ့ သူအချို့ကြောင့်
ကိုယ့်ခင်မင်မှုတွေ ဘောင်ကျဉ်းကျဉ်းလာခဲ့တယ်

စကားချိုချိုလေးပြောပြီး လိမ်ညာတတ်သူအချို့ကြောင့်
ကိုယ့်ယုံကြည်မှုတွေ တဖြည်းဖြည်း အေးစက်တတ်လာခဲ့တယ်

ခဏခဏ အသုံးချခံ ဖြစ်လာရတော့လည်း
ကိုယ့်စေတနာတွေ
အရင်ကထက် လျော့နည်းတတ်လာခဲ့တယ်

ပေးသလောက်လေးပဲ ယူလိုက်တယ်
ပြောသလောက်လေးပဲ ယုံပေးလိုက်တယ်
နေတတ်သလိုလေးပဲ နားလည်မှု ထားလိုက်တယ်
ကူညီနိုင်သလောက်ပဲ ပေးဆပ်လိုက်တယ်

ကိုယ့်စိတ်ကို ပြောင်းလဲစေခဲ့သူအချို့ကို
အရာရာအတွက် ကျေးဇူးတင်ရင်း
အရင်ကထက် တဖြည်းဖြည်းနဲ့ ကိုယ်တကယ့်ကို နေတတ်လာခဲ့ပါတယ် .....

Credit. ရွက်သစ်

ရင်ဘတ် မိတ်ဆွေ


ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ခဲ့ဖူးတဲ့ စကားထဲက အနှစ်သက်ဆုံးစကားလုံးက` ရင်ဘတ်မိတ်ဆွေ ´ဆိုတဲ့ စကားလုံးလေးပါ။

လူတွေမှာ မိတ်ဆွေတွေ အများကြီးရှိနိုင်ပေမယ့် ရင်ဘတ် မိတ်ဆွေဆိုတာကတော့ အနည်းငယ်သာ ရှိတတ်ပါတယ်တဲ့။

ရင်ဘတ်မိတ်ဆွေဆိုတာ သူ့အကြောင်းကိုယ့်အကြောင်း ယုံကြည်စိတ်ချစွာ ဖွင့်ဟတိုင်ပင်ရင်ဖွင့်လို့ရသူ၊ ကွယ်ရာမှာအတင်းမတုတ်သူ။ ကိုယ့်ပေါ် စေတနာကောင်းထားပြီး ကိုယ့်အကျိုးစီးပွားကို လိုလားသူ၊ ကိုယ့်အောင်မြင်မှုအတွက် ဝမ်းမြောက်ပေးပြီး ကိုယ့်ကျရှုံးမှုအတွက် စာနာဖေးမ အားပေးနိုင်သူမျိုးပေါ့။

ဘဝမှာ အပေါင်းအသင်းတွေများများရှိဖို့ လိုအပ်ပေမယ့် ရင်ဘတ်မိတ်ဆွေကတော့ တစ်ယောက်လောက်ရှိရင် တော်တော် လုံလောက်နေပါပြီ။

ငယ်ငယ်တုန်းကတော့ ကိုယ့်ဇာတိရပ်ရွာမှာ ကိုယ့်ကျောင်းနေဖက် ငယ်သူငယ်ချင်းဆိုတာတွေနဲ့ ရင်ဘတ်မိတ်ဆွေဆိုတာ ပေါပေါများများရှိနေနိုင်ပေမယ့် ကြီးပြင်းလာတာနဲ့အမျှ အလုပ်တွေအများကြီး လုပ်လာတာနဲ့အမျှ အပြိုင်အဆိုင်များတဲ့လောကကြီးမှာ ရင်ဘတ်မိတ်ဆွေဆိုတာ တဖြည်းဖြည်းရှားပါးလာပြီး နောက်ကျောကို ဓားနဲ့ထိုးတဲ့သူမျိုးသာ များများလာတတ်ပါတယ်။

ကိုယ်က သူများထက် ထူးချွန်အောင်မြင်လေ ရင်ဘတ်မိတ်ဆွေနည်းလာလေပါ။ လူ့လောက သဘာဝမှာ နိမ့်ပါးနေတဲ့သူတစ်ယောက်ကိုသာ သနားလိုက်တာလို့ ကရုဏာထားနိုင်သူများလာပေမယ့် ကိုယ်နဲ့ပခုံးချင်းယှဉ်လာသူ ကိုယ့်အောက်ကနေ ကိုယ့်အထက် တက်သွားသူတွေအပေါ်မှာတော့ မုဒိတာထားနိုင်ခဲတာပါပဲ။

ဒါကြောင့် မုဒိတာဟာ အခက်ဆုံးလို့ တရားတော်တွေမှာ ဟောကြားခဲ့တာပါ။ အသက်အရွယ်လာတာနဲ့အမျှ လူ့စိတ်သဘာဝအမျိုးမျိုးကို နားလည်လာရတဲ့အခါ တရားကျစရာကိစ္စတွေကိုလည်း တွေ့မြင်ကြုံဖူးလာရတတ်ပါတယ်။

ကိုယ့်ကို ပညာသားတွေနဲ့ ဆက်ဆံသူလား၊ စိတ်ရင်းအမှန်နဲ့ ဆက်ဆံသူလားဆိုတာ ခွဲခြားတတ်လာပါတယ်။ ကိုယ့်အပေါ် `ရှိသာခိုး...ငြိုးလျက်ပါပဲ´ ဆိုတာမျိုး သဘောထားသူလားဆိုတာလည်း သိလာရတတ်ပါတယ်။

တစ်ခါတစ်ခါ ကိုယ့်ကို ညာနေတယ်ဆိုတာ သိပေမယ့် .. ပက်ခနဲတုန့်ပြန်ပြောပစ်လိုက်စရာ အကြောင်းအရာစကားလုံးလည်းရှိပေမယ့် အပြုံးမပျက် ငြိမ်နားထောင်နေလိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

သိခြင်းတွေများလာလေ ထိန်းချုပ်ရတာများလာလေ ရင်ဘတ်မိတ်ဆွေရှားလာလေပါ။ မယုံကြည်ရသော လူများစွာက မယုံတတ်အောင် သင်ကြားပေးတဲ့အခါ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိမြင်လာရတတ်ပါတယ်။

အဲ့ဒီအခါမျိုးမှာ ဘာမှမသိ နားမလည်တဲ့ ငယ်ဘဝဆီက ရင်ဘတ်မိတ်ဆွေများရဲ့တန်ဖိုးကို သိမြင်လွမ်းဆွတ်လာရတတ်ပါတယ်။

တကယ်တော့...

လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးတွေထဲက တန်ဖိုး မဖြတ်နိုင်သော အရာတစ်ခုဟာ.....

ရင်ဘတ်မိတ်ဆွေပါ.....။
( ပုညခင်)

Monday, August 8, 2016

မုန့်ဟင်းခါးချက်မလား ပလွေမှုတ်မလား ကိုယ့်လူတို့...



တစ်ခါတုန်းက ကောင်လေးတစ်ယောက်
မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်
သူက မုန့်ဟင်းခါးကို ကျကျနနချက်တတ်တော့
သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်...

စားကောင်းလွန်းအားကြီးတော့
သူ့ မုန့်ဟင်းခါးက အစောကြီးကုန်ကုန်သွားတယ်
သူကလည်း မုန့်ဟင်းခါးကို စေတနာပါပါနဲ့ ချက်တယ်
သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်...

ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီးတော့ကို
မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်
ဒီတော့ ကောင်လေးလည်း ပျင်းပျင်းရှိတာနဲ့
သူ့မှာပါလာတဲ့ ပလွေကို ထိုင်မှုတ်တယ်...

ကောင်လေးက ပလွေမှုတ်တာ ဝါသနာပါတယ်
ဒါပေမဲ့ ပညာရှင်တစ်ယောက်လို
မှုတ်တတ်တာတော့ မဟုတ်ဘူး
သို့သော် နားထောင်လို့ ကောင်းရုံတော့
အသင့်အတင့် မှုတ်တတ်တယ်...

အဲ့တော့ သူပလွေမှုတ်နေတုန်းမှာ
ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက
သတိထားမိပြီး လာနားထောင်ကြတယ်
လက်ခုပ်သြဘာပေးကြတယ်
ဟိုသီချင်းလေးမှုတ်ပြပါ ဒီသီချင်းလေးမှုတ်ပြပါပေါ့...

သူကလည်း ကြိုးကြိုးစားစားနဲ့ မှုတ်ပြတယ်
လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ်
ဒီလိုနဲ့ သူက တစ်နေ့ တစ်နေ့ အိမ်ပြန်ရောက်ရင်
မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး
ပလွေကို ဘယ်သီချင်းတွေ မှုတ်ပြရမလဲပဲ
စဉ်းစားတော့တယ် အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်...

မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ်
ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး
လူတွေလက်ခုပ်သြဘာပေးတဲ့ ပလွေမှုတ်တာကိုပဲ
သာယာပြီး ပျော်မွေ့နေတယ်...

အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည်ပျက်သွားတယ်
အရင်လို မရောင်းရတော့ဘူး
ပလွေကလည်း ပညာရှင်မဟုတ်ဘူး
ဒီအတိုင်း ဝါသနာရှင်အဆင့် မှုတ်တတ်ရုံဆိုတော့
အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူး
နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး
ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်...

ပုံပြင်ရဲ့ ဆိုလိုရင်းကိုတော့
ကိုယ့်ကိုယ်ကိုယ်ပဲ သာဓကပြပါ့မယ်
ကျွန်တော်က အင်ဂျင်နီယာအလုပ်နဲ့ အသက်မွေးတယ်
အင်ဂျင်နီယာအလုပ်နဲ့ ကုမ္ပဏီမှာလုပ်တယ်
အဲ့ဒီက လစာရတယ်
ဒါကျွန်တော်ချက်ရတဲ့ မုန့်ဟင်းခါးပဲ...

နောက် Facebook ပေါ်မှာ စာရေးတယ်
တချို့တွေ ချီးကျူးကြတယ်
ကျွန်တော် ဒါကို သာယာမိတဲ့အခါရှိတယ်
ဒီစာရေးတာက ကျွန်တော့်အတွက်
ပလွေမှုတ်တဲ့အလုပ်ပဲ...

Facebook ပေါ်မှာ စာရေးတဲ့ ပလွေမှုတ်တာကို
သာယာပြီး တစ်နေ့ တစ်နေ့ ဘာရေးရမလဲ
ဘာတင်ရမလဲ like တွေ သောင်းချီအောင်
Follower တွေ သိန်းချီအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး
တွေးနေပြီးတော့ မုန့်ဟင်းခါးချက်ရမယ့်
လစာရနေတဲ့ ကုမ္ပဏီက အင်ဂျင်နီယာအလုပ်ကို
အာရုံမစိုက်ဘူးဆိုရင် ဘယ်ဘဝရောက်သွားမယ်ထင်လဲ...

ကိုယ့်ဘာသာကိုယ် စဉ်းစားရမှာပေါ့
ငါ့ရဲ့မုန့်ဟင်းခါးချက်တဲ့အလုပ်က ဘာလဲ
ငါ့ရဲ့ပလွေမှုတ်တဲ့အလုပ်က ဘာလဲ
ငါမုန့်ဟင်းခါးချက်နေတာလား
ငါပလွေမှုတ်နေတာလားပေါ့...

တချို့ကတော့ ထူးချွန်ကြပါတယ်
အလုပ်နှစ်ခု တပြိုင်တည်း အာရုံစိုက်နိုင်တယ်
မုန့်ဟင်းခါးလည်း အချက်ကောင်းတယ်
ပလွေလည်း အမှုတ်တော်တယ်
သို့သော် တော်တော်တော့ရှားပါတယ်...

တချို့ကျတော့လည်း အစက မုန့်ဟင်းခါချက်တယ်
နောက်တော့ ပလွေပြောင်းမှုတ်တယ်
ပလွေကို သေချာလေ့လာသင်ယူပြီး မှုတ်တော့
ပညာရှင်အဆင့်ဖြစ်သွားတယ်
အဲ့ဒါနဲ့ အသက်မွေးသွားတယ် ဒါမျိုးလည်း ရှိနိုင်တယ်...

ဆိုလိုတာက မျောက်သစ်ကိုင်း မလွတ်စေနဲ့ပေါ့
မုန့်ဟင်းခါးချက်ရင်လည်း သေချာချက်
မဟုတ်ရင်လည်း ပလွေကို သေချာမှုတ်
အရေးကြီးတာက ဟိုမရောက် ဒီမရောက်ကာလမှာ
ယောင်ဝါးဝါး လက်ခုပ်သြဘာတွေကို
နားမယောင်မိစေနဲ့ပေါ့ မသာယာမိစေနဲ့ပေါ့...

ဒီလိုမှမဟုတ်ဘဲ မုန့်ဟင်းခါးလည်း အာရုံမစိုက်
ပလွေကိုလည်း သေချာမမှုတ်တတ်ဘဲ
ပျော်မွေ့နေတယ်ဆိုရင်
ကိုယ့်ဘဝလည်း ပုံပြင်ထဲက ကောင်လေးလိုပဲ
နိဂုံးချုပ်သွားနိုင်တာပေါ့...

အခုရေးထားတဲ့ status လေးဟာ
ဆရာမောင်သာချိုရဲ့ဆောင်းပါးထဲက ပုံပြင်လေးကို
ကိုးကားရေးသားထားတာဖြစ်ပါတယ်
ကိုယ့်ဘဝရဲ့အဓိကနဲ့ သာမညကို
ခွဲခြားသိမြင်နိုင်ကြပါစေ (ကျွန်တော်အပါအဝင်ပေါ့)...

credit - Wai Phyo Maung
Admin-Khin Gone Ye Win

Thursday, July 7, 2016

အတွေးအခေါ်လေးတစ်ခု မတူတာလောက်နဲ့ပဲ...


ကိုယ်နဲ့ အတွေးအခေါ်၊ အယူအဆ မတူတိုင်းသာ အန်ဖရန့်လုပ်ရမယ်၊ ဘလော့ရမယ်ဆိုရင် တစ်နေ့နေ့ရောက်ခဲ့ရင် ဖေ့စ်ဘုတ်ပေါ်မှာ ကိုယ်တစ်ယောက်တည်း ကျန်ခဲ့တော့မယ်ထင်တယ်... :P

ပေါ်ပင် လတ်တလော ဖြစ်နေတဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေအပေါ်မှာ အတွေးအခေါ်အယူအဆ မတူညီတိုင်းသာ လိုက်လိုက်ပြီးတော့ ဘလော့ရမယ်ဆိုရင် friend list ထက် block list က ဆယ်ဆမက ပိုများလာမလားပဲ...
ပြဿနာတစ်ခု ဖြစ်လာရင် အမှန်အတိုင်း ဆုံးဖြတ်နိုင်ဖို့က လုံလောက်တဲ့ အချက်အလက်တွေ အစုံအလင် သိထားမှပဲ မှန်မှန်ကန်ကန် မြင်နိုင်မယ်လို့ထင်တယ်။ ကိုယ်က ဒီကိစ္စကို မှန်တယ်ထင်နေတဲ့အချိန်မှာ တခြားတစ်ယောက်က မှားတယ်လို့ ထင်နေတယ်ဆိုရင် သူဘာလို့ မှားတယ်ထင်တာလဲဆိုတာကို နားထောင်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ တစ်ဘက်ဘက်က လုံလောက်တဲ့ အချက်အလက် မရထားတာလဲ ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေရဲ့ အချက်အလက်တွေ၊ အတွေးအခေါ်တွေကို နားထောင်ရမယ်ဆိုရင် တခါတရံမှာ ကိုယ်မမြင်မိတဲ့ ရှုထောင့်ကနေလဲ ကြည့်တတ်သွားစေတယ်။

ဒီကိစ္စလေးတစ်ခုအတွက် ကိုယ်နဲ့ အတွေးအခေါ်မတူတဲ့ သူတွေကို လက်လှမ်းမှီသလောက် ဘလော့လိုက်လို့ လောလောဆယ် မျက်စိအေး၊ နာအေးဖြစ်သွားပေမယ့်... နောက် ပေါ်ပင်ပြဿနာတစ်ခု ပေါ်လာတဲ့အခါ အရင်ပြဿနာတုန်းက သဘောထားတူခဲ့သူတွေထဲကပဲ အခုပြဿနာမှာ မတူတာတွေ ဖြစ်လာပြန်ရော၊ အဲဒီအခါ ထပ်ပြီး ဘလော့ရပြန်ရော။ လောလောဆယ် အေးသွားပြန်ရော... နောက်ပြဿနာတစ်ခု ပေါ်လာတော့ အတွေးအခေါ်မတူတဲ့သူတွေ ထပ်တွေ့ပြန်ရော... ဘလော့ရပြန်ရော... အဲဒါတွေနဲ့ပဲ သံသရာလည်နေတယ်... :)

ဒါကြောင့် ပေါ်လာတဲ့ ပြဿနာတိုင်းမှာ အတွေးအခေါ်တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... တင်ချင်တဲ့ပို့စ်ကို တင်ချင်သလို စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် တင်ကြပါ။ ကိုယ်ထင်တာတွေလည်း ထင်သလို ရေးချင်သလို ရေးကြပါ... ခိုင့်အတွက်တော့ အရင်ကတည်းက ခင်ထားပြီးသား သူငယ်ချင်း၊ မိတ်ဆွေတွေအားလုံးကို ဘယ်ကိစ္စမှာမဆို သဘောထား တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ... အခင်အမင် မပျက်ပါဘူး... လို့... :)

ပေါ်ပင် ကိစ္စတစ်ခုခု ပေါ်လာတိုင်းမှာ... "ဒီကိစ္စအပေါ် ဒီလိုမြင်ရင်၊ ဒီလိုအတွေးအခေါ်ရှိရင် ငါ့ကို အန်ဖရန့်လုပ်ကြပါ၊ ဘလော့သွားကြပါ၊ အန်ဖရန့် လုပ်ပြစ်မယ်၊ ဘလော့ပြစ်မယ်..." ဆိုတဲ့ status တွေကို ပေါ်ပင် ပြဿနာတွေပေါ်ပေါ်လာတိုင်း မကြာခဏ တွေ့တွေ့နေရတာ စိတ်မကောင်းလို့ ဥာဏ်မှီသလောက်လေး ရေးလိုက်တာပါ...
အမှားပါခဲ့ရင်လည်း နားလည်ပေးကြပါ... :)

ခိုင်

-------

Shared from Khine Khine
Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

Wednesday, June 29, 2016

စွဲမှန်းမသိတဲ့ မောဟစွဲ


ကျမတို့ကို ဝိပဿနာပညာကို အသေးစိတ် သင်ကြားပေးနေတဲ့ ဆရာကြီး ဒေါက်တာဦးစိုးလွင်က ရေသန့်ဗူးတစ်ဗူးကို ကိုင်ပြီး ကျမတို့ကို "ဘာမြင်လည်း" လို့မေးတော့ ကျမတို့အားလုံးကလည်း "ရေ"လို့ ဖြေကြပါတယ်။

ဆရာကြီးက "ကိုယ်တကယ်မြင်တာကို ပြောကြပါ" ဆိုတော့လည်း အားလုံးက "ရေ"လို့ဘဲ ထပ်ပြောကြပါတယ်။ ဆရာကြီးက "ရေဆိုတာ သတ်မှတ်ပညတ်ထားတဲ့ နာမည်တခုသာဖြစ်တယ်။ အင်္ဂလိပ်လိုဘဲ တတ်တဲ့လူက water လို့ ဖြေမယ်။ ကုလားလို တတ်တဲ့လူက ပါနီလို့ ဖြေမယ်။ တရုတ်လိုတတ်တဲ့ လူက စွေ့ လို့ဖြေမယ်။ တကယ်တော့ လူတိုင်း အတူတူမြင်နေတာက ကြည်နေတဲ့ အရောင်လေးပါဘဲ" လို့ ပြောလိုက်တော့မှ ကျမလည်း ဆရာ့ကို တော်တော်အားနာသွားပါတယ်။

ဆရာက ကျမတို့ကို အချိန်တိုင်းအချိန်တိုင်း ရှေ့စိတ်က တကယ် မြင်တဲ့ ကြားတဲ့ နံတဲ့ အရသာရှိတဲ့ ထိတဲ့ အတိုင်းကို ဘာပညတ်မှ သတ်မှတ်ချက်မှ မပါတဲ့ သတိဦးဆောင်တဲ့ နောက်စိတ်ကနေ သိနေအောင် ရှေ့စိတ်ကို နောက်စိတ်နဲ့ သတိကပ်ထားဖို့ တဖွဖွသင်ကြားနေတဲ့ ကြားထဲက ကျမတို့ကလည်း ရှေ့စိတ်က တကယ်တော့ ကြည်နေတဲ့ အရောင်လေးကိုသာ မြင်ကြလျှက်နဲ့ အဲဒီရှေ့စိတ်ကို လွတ်သွားပြီး နောက်စိတ်မှာ တစ်သက်လုံးမှတ်ထားတဲ့ သညာအတိုင်း "ရေ"လို့ဘဲ ဖြေကြပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဝါဒဟာ ကိုးကွယ်ရာ ဘာသာတရားတစ်ခုသာ မဟုတ်ဘဲ အနက်နဲဆုံးသော အခက်ခဲဆုံးသော အမြင့်မြတ်ဆုံးသော ပညာ တခုလည်းဖြစ်ပါတယ်။ ဒီပညာရပ်ဟာ ကျောင်းစာတွေလို အလွတ်ကျက်မှတ်ရုံနဲ့ သိမြင်တတ်မြောက်နိုင်တဲ့ ပညာ မဟုတ်ဘဲ မြတ်စွာဘုရားသင်ကြားပေးခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကျင့်စဉ်အတိုင်း ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ကိုယ်ပိုင်ပညာအဖြစ် မဂ်ဥာဏ်ဖြစ်ထွန်းမည့် အရာပါ။

မြတ်စွာဘုရားက ကျမတို့ကို သဘာဝတရားကြီးရဲ့ ဖြစ်စဉ်နဲ့ သဘာဝတရားကြီးရဲ့ အမှန်တရားကို ဖော်ထုတ်ပြသ သင်ကြား ပေးသွားတာပါ။
၁။ သဘာဝတရားကြီးရဲ့ အမှန်တရားကတော့ သဘာဝတရားကြီးမှာ အတ္တမရှိဘူး။
၂။ သဘာဝတရားကြီးရဲ့ ဖြစ်စဉ်မှာ အရာရာဟာ အကြောင်းတရားပေါ်တည်မှီပြီး အကျိုးတရားတွေက သူ့သဘောသူဆောင်ပြီး အကြောင်းအားလျှော်စွာ ဖြစ်ပေါ်နေကြတာဆိုတဲ့ အနတ္တတရားသာ ဖြစ်တယ်။

တကယ်တော့ ကျမတို့အားလုံး ပြင်ပလောကကြီးကို မြင်ခြင်း ကြားခြင်း နံခြင်း စားခြင်း ထိခြင်း ဆိုတဲ့ အမှုကိစ္စ ၅မျိုးနဲ့သာ ဆက်ဆံနိုင်ကြ ဆက်ဆံနေကြတာပါ။ အဲဒီလို ဆက်ဆံတိုင်းလည်း တကယ်စင်စစ်က အင်မတန်မှ ရိုးရှင်းသန့်စင်တဲ့ အရှိအမှန် ပရမတ်တရားတွေရဲ့ လက္ခဏာတွေဖြစ်တဲ့ အဆင်းအရောင်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့တွေနဲ့ဘဲ ဆက်ဆံနေကြရတာပါ။

ပရမတ်ရဲ့ သဘာဝအတိုင်း ဒါတွေအားလုံးဟာ ရှေ့စိတ်မှာ အကြောင်းတိုက်ဆိုင်တဲ့ ပစ္စုပ္ပန်တခဏအတွင်း ဖြစ်လည်းဖြစ်ချုပ်လည်းချုပ်ပျောက်သွားတတ်တော့ နောက်စိတ်မှာ အင်မတန်သမာဓိခိုင်တဲ့ သတိမရှိလို့ကတော့ ဒါကိုလုံးဝ မသိမမြင်လိုက်ဘဲ ကျမတို့ကို ဆရာကရေသန့်ဗူးပြမေးတဲ့ အချိန်မှာ တကယ်က အကြည်ရောင်အဆင်းပရမတ်ကိုဘဲ မြင်သိလိုက်တဲ့ အနတ္တနေရာမှာ တသံသရာလုံးကစွဲနေတဲ့ အတ္တတရားက သူ့အလိုအတိုင်း ကြီးစိုးချယ်လှယ် ပြီး အခိုင်အမာ ပညတ်စွဲ"ရေ" ဖြစ်သွားတာပါဘဲ။

"ရေ" ဆိုတာ ကိလေသာဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ အရာမို့ ရေလို့ အထင်အမြင် အသိအမှတ်မှားရုံသာမှားခြင်းဟာ သိတ်ပြဿနာမရှိပေမဲ့ ဖန်ခွက်တစ်ခုထဲက ပုလင်းတစ်ခုထဲက ပယင်းရောင်အဆင်းကို ပစ္စုပ္ပန်တဲ့တဲ့မှာ ပယင်းရောင်အဆင်းလို့ မြင်ရုံဘဲ မြင်တဲ့ ရှေ့စိတ်ကို နောက်စိတ်က သတိမပြုမိလိုက်ဘဲ အရက်လို့ ပညတ်စွဲ ဝင်သွားရင်တော့ အရက်ကြိုက်တဲ့ လူမှာ လောဘကိလေသာအကုသိုလ်ဖြစ်ရသလို၊ အရက်မုန်းတဲ့သူမှာ ဒေါသကိလေသာအကုသိုလ်ဖြစ်ဖို့ သေချာသွားပါပြီ။ အကြည်ရောင်ရှိတဲ့ အဆင်းကို ရေ၊ ပယင်းရောင်ရှိတဲ့ အဆင်းကို အရက်လို့ အလွဲလွဲ အမှားမှား ထင်မှတ်လိုက်ခြင်းဟာ ကြိုက်လို့စွဲတဲ့ ကြိုက်စွဲ လောဘစွဲ၊ မကြိုက်လို့စွဲတဲ့ မကြိုက်စွဲ ဒေါသစွဲတော့ မဟုတ်ပေမဲ့ ကျမတို့ ပုထုဇဉ်တွေ အားလုံးစွဲနေတဲ့ မသိစွဲ မောဟစွဲပါဘဲ။

ို့ရုပ်ရှင်ရိုက်တဲ့ထဲမှာ အရက်သောက်ပြီး မူးတဲ့အခန်းတွေရိုက်ရင် ပယင်းရောင် အဆင်းရှိတဲ့ ရေနွေကြမ်းကို ပုလင်းထဲထဲ့ ခွက်ထဲထဲ့ သောက်ပြ မူးပြနေကြတာဟာ ပုထုဇဉ်တွေရဲ့ ဒီအမြင်မှားအမှတ်မှားမှု မောဟစွဲကို အခွင့်ကောင်းယူ မျက်လှဲ့ပြနေကြတာပါဘဲ။

ဒီအမှန်တရားကို ကိုယ်ပိုင်ဥာဏ်နဲ့ သိမြင်နိုင်ဖို့ကတော့ ရှေ့စိတ်မှာ ဖြစ်ပေါ်သွားတဲ့ မြင်သိစိတ် ကြားသိစိတ် နံသိစိတ် စားသိစိတ် ထိသိစိတ်တို့ကို သမာဓိခိုင်တဲ့ သတိဦးစီးတဲ့ နောက်စိတ် နဲ့ ကပ်ကြည့်တတ်တဲ့ အလေ့အကျင့်ကို ဝိရိယနဲ့ ပျိုးထောင်ခြင်းက စလေ့ကျင့်ရပါတယ်။

"သမထသည် အသိလွယ်ပြီး အကျင့်ခက်၏။
ဝိပဿနာသည် အကျင့်လွယ်ပြီး အသိခက်၏။" ဆိုတဲ့ ဆိုရိုးစကား အတိုင်း ဝိပဿနာကို ကျင့်ကြံအားထုတ်တော့မယ် ဆိုရင်
၁။ ရုပ်နာမ်ပရမတ်တရားတွေကို သေသေချာချာ ပိုင်းခြား သိရှိနားလည်တဲ့ "နာမရူပပရိစ္ဆေဒဥာဏ်"နဲ့
၂။ ဒီအကျိုးတရားရုပ်နာမ်တွေရဲ့ ဖြစ်ပေါ်ချုပ်ပျောက်နေမှု အကြောင်းတရားတွေ နားလည်သဘောပေါက်တဲ့ "ပစ္စယပရိဂ္ဂဟဥာဏ်" တို့ကို ရရှိပိုင်ဆိုင်ထားဖို့ သိစရာတွေ အများကြီးကို ဆရာသမားကောင်းတွေထံမှာ ဦးစွာသင်ယူထားကြရမှာပါ။

ဒီလိုသင်ယူနေကြခြင်းက မိုးကုတ်ဆရာတော်ဘုရားကြီး မိန်တော်မူခဲ့တဲ့ "ဝိပဿနာတရား အားမထုတ်ခင် ဒိဋ္ဌိကို အသိနဲ့ဖြုတ်နေခြင်း" ပါဘဲ။

(ဤဆောင်းပါးဖြင့် မသိမှု အဝိဇ္ဇာမောဟမှ သိမှု ဝိဇ္ဇာပညာ သို့ ပြောင်းလဲကြောင်း ဝိပဿနာသတိပဌါန်မြတ်တရားကို ဟောကြားတော်မူခဲ့သော ဗုဒ္ဓမြတ်စွာဘုရား အမှူးပြုသော သံဃာအားလုံးနှင့် ဝိသုဒ္ဓိမဂ်ဓမ္မလမ်းဝိပဿနာဆရာကြီး ဦးစိုးလွင် (မန္တလေး)နှင့် လူပုဂ္ဂိုလ် သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို ပူဇော်ကန်တော့ပါ၏။)

မေတ္တာရည်လျှက်
ရွှေဇီးကွက်
Credit to Myint Myint Khin Pe

စိတ်ဖောင်းပွခြင်း


များသောအားဖြင့် ပစ္စည်းဥစ္စာတို့၊
ရာထူးတို့ ရှိလာတဲ့အခါမှာ လူက မာနတော်တော်ကြီးလာတယ်။
မာနကြီးလာတာကို
psychic inflation လို့ခေါ်တယ်။

ဘဝင်မြင့်သွားတာတို့ မာနကြီးသွားတာတို့
ဆိုတာဟာ အတွင်းမှာ empty ဖြစ်နေတဲ့
သဘောကို ထင်ဟပ်ပြတာပဲ။
empty ဖြစ်နေတဲ့ လက္ခဏာကို ပြတာပဲ။
ကိုယ့်ကိုကိုယ် တကယ် တန်ဖိုးရှိတယ်လို့
တကယ်မယုံကြည်ဘဲနဲ့..

စိတ်ထဲမှာ သံသယရှိနေတဲ့သူဟာ
ပြင်ပအရာတွေကို မှီပြီးတော့
အဲဒီအရာတွေအားကိုးနဲ့
ကိုယ့်ကိုယ်ကို တန်ဖိုးရှိတယ်လို့
ပြချင်တယ်။
အဲသလို ပြချင်တဲ့အခါမှာ
မာနကြီးလာတာပဲ။

မာနကြီးတယ်ဆိုတာကိုက
သူ့ကိုယ်သူ ယုံကြည်မူမရှိဘူး
ဆိုတာကို ပြနေတာပဲ။
ဒါတော်တော်လေး
စဉ်းစားဖို့ကောင်းတဲ့ အချက်ပဲ။
မာန်မာနကြီးကြီး နေပြလိုက်တာဟာ
အမှန်တော့ သူ့ရင်ထဲမှာ
ကြိတ်ပြီးတော့ဖြစ်နေတဲ့
လူအထင်မကြီးမှာ ကြောက်တဲ့စိတ်ကို
ဖုံးလိုက်တဲ့ လုပ်နည်းလုပ်ဟန်
တစ်မျိုးဖြစ်တယ်။

စိတ်ဓါတ်အင်အား ပျော့ညံ့တဲ့သူ၊ စစ်မှန်တဲ့သတ္တိမရှိတဲ့သူဟာ
သူတစ်ပါးကို အနိုင်ကျင့်ချင်တဲ့သူ
(ဒုက္ခဖြစ်အောင်၊ စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ချင်တဲ့သူ)
ဖြစ်လာတယ်။

ကိုယ့်ကိုကိုယ် အဆင့်အတန်းမြင့်တဲ့ လူတစ်ယောက်(အတွင်းအားမရှိတဲ့သူ)လို့ မှန်မှန်ကန်ကန် မခံစားရတဲ့သူဟာ လူကြွားကြီးဖြစ်လာတယ်။

ကြွားတာဟာ
လူအထင်မကြီးခံရမှာ ကြောက်လို့။
အဲဒါကိုမှန်မှန်ကန်ကန် နားလည်ဖို့လိုတယ်။
မာနကြီးတာလည်း မကောင်းသလို
ကိုယ့်ကိုကိုယ် အထင်သေးနေတာလည်း မကောင်းပါဘူး။

တချို့က ကိုယ့်ကိုကိုယ်
အထင်သေးတဲ့စိတ် ရှိနေတယ်။
အဲသလို လူကလည်းပဲ
သူ့အရည်အချင်းတွေကို
သေသေချာချာ ထုတ်ဖော်နိုင်မှာလည်း
မဟုတ်သလို သူ့အကျိုးကိုလည်းသူ မဆောင်ရွက်နိုင်ဘူး။
ကိုယ့်ကိုကိုယ် အထင်သေးနေတဲ့
လူတစ်ယောက်ဟာ ကိုယ့်ကိုကိုယ် ကျေနပ်မူမရနိုင်ဘူး။
ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊
အထင်သေးနေတာတွေဟာလည်း
ရှုံချနေတာဟာလည်း မာနတစ်မျိုးပဲနော်။
မာနဟာ အင်မတန် သိမ်မွေ့တယ်။
ဖြစ်မှန်းမသိ ဖြစ်ဖြစ်သွားတာ
မာနပါပဲ။ ကိလေသာထဲမှာ
ပယ်ရခက်တာလည်း မာနပါပဲ။
ကိုယ်က သတိတော်တော်
ထားနိုင်ပြီး တစ်စစပယ်မှ
တော်ကာကျမယ်။

ဒါကြောင့် ကိုယ်ကိုကိုယ်
အထင်သေးနေတာလည်း မကောင်းဘူး။ မတရားမာနကြီးနေတာလည်း မကောင်းဘူး။
ဒီနှစ်ခုစလုံးကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။

(ဆရာတော်ဦးဇောတိက)
(“သဘောထားကြီးပါတယ်” စာအုပ်မှ
ကောက်နှုတ်ချက် ဖြစ်ပါသည်။)

Tags: LIFE
Shared from Ma Aye Mi Khine

“အချိန်မရှိဘူး”


ဒီနေ့ စာဖတ်ဖို့ အချိန်မရှိဘူး
နောင်နှစ်အနည်းငယ်မှာ Junior တွေကိုယ့်ကိုကျော်သွားတဲ့အဖြစ်ကို ထိုင်ကြည့်ဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ အားကစားလုပ်ဖို့ အချိန် မရှိဘူး
ဒါဆို နောင်တချိန်မှာ ကျွန်တော်တို့ ဆေးရုံမှာ အိပ်နေဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ်ရှိနေတဲ့ အိမ်ထောင်ရေးကို ဂရုစိုက်ဖို့ အချိန်မရှိဘူး ဆိုရင်
နောင်နှစ်အနည်းငယ်မှာ အိမ်ထောင်ရေးအသစ်တည်ဆောက်ဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ့် ကလေးနဲ့ နေပေးဖို့ အချိန်မရှိဘူးဆိုရင်
နောင်တချိန်မှာ ဒီလို အခွင့်အရေးကောင်းကို ထောင်ပြီးနှာမျောဖို့ အချိန်ရှိရလိမ့်မယ်
.
ဒီနေ့ ကိုယ်ချစ်တဲ့ အလုပ်လုပ်ဖို့ အချိန်မရှိဘူးဆိုရင်
နောင်အချိန်ပေါင်းများစွာ ကိုယ်မချစ်တဲ့ အလုပ်လုပ်ဖို့ အချိန်ကောင်းကောင်းရှိရလိမ့်မယ်
.
အစရှိသဖြင့်
ကိုယ်နဲ့ ကိုက်တဲ့ ဥပမာကို ဖြည့်ပြီး စဉ်းစားလို့ရပါတယ်
.
ဒီနေ့ ကျွန်တော်တို့ ကိုယ်လိုအပ်မယ့်အလုပ်ကို အချိန်ပေးပြီးလုပ်ဖို့ အချိန်ပေးမှာလား?
ဒါမှမဟုတ်
နောင်တချိန်မှာ ဒီလိုအရာကောင်းကောင်းကို ကျွန်တော်တို့ ထိုင်ပြီးနှာမျောဖို့ အချိန်ပေးမှာလား ?
.
ကျွန်တော်အဲ့လိုရေးတော့ ကျွန်တော် Post ကိုအခုမှ စဖတ်တဲ့သူငယ်ချင်းတွေက
မေးခွန်းတွေအများကြီးတွေ ထွက်လာလိမ့်မယ်
အချိန်တကယ်မရှိတာဘယ်လိုလုပ်မှာလဲ ?
အစရှိသဖြင့်ပေါ့
ဒါဆိုရင်ဒီ link အတိုင်း Post တစ်ခုကို အရင်ဖတ်ကြည့်ပါ
ပိုပြီး နားလည်လိမ့်မယ်

https://goo.gl/dAGWbF
.
ဒီနေ့ကတော့ ဒီလောက်ပါပဲ ဗျ
ကျွန်တော်ကို အားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါသည်
အောင်မြင်မှု ကိုဦးတည်သော နေ့လေးတစ်ရက်ဖြစ်ပါစေ

Credit to: အောင်မြင်သူ ဘယ်လိုတွေးလဲ ? : Online Skill Courses

Tuesday, June 28, 2016

သံသယမျက်လုံး



တစ်ခါတုန်းက စားသောက်ဆိုင်တစ်ဆိုင်ထဲကို အမျိုးသမီးတစ်ဦးက ၀င်လာတယ် ။ ဆိုင်ထဲကြည့်လိုက်တဲ့အခါ ခုံတွေအားလုံးက အပြည့်ပါပဲ ။ သူထိုင်ဖို့နေရာမရှိဘူး ။
အမျိုးသမီးက သေချာကြည့်လိုက်တဲ့အခါ အခန်းထောင့် စွန်းမှာ အမျိုးသမီး တစ်ဦးထိုင်နေတာကိုတွေ့လိုက်တယ် ။

တစ်ယောက်တည်းမို့ သူလည်း အဲဒီအမျိုးသမီးဆီ လျှောက်သွားပြီး ထိုင်ခွင့်ပြုပါ ခုံတွေ အပြည့်ဖြစ်နေလို့ပါလို့ ပြောလိုက်တယ် ။
အမျိုးသမီးက ခေါင်းညိတ်ပြတယ် ။
ဒီလိုနဲ့ စားသောက်ဖွယ်ရာတွေ မှာပြီး စားပါတယ် ။ ထိုင်ခုံမှာ ပထမထိုင်နေတဲ့အမျိုးသမီးက သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားပါတယ် ။

နောက်ဝင်လာတဲ့အမျိုးသမီးက အလုပ်ကိစ္စရှိတာကြောင့်ခပ်သွက်သွက်ပဲစားပြီး ပိုက်ဆံရှင်းလိုက်တယ် ။ ပြီးတော့အယောင်ယောင်အမှားမှားနဲ့ စားပွဲဘေးမှာ ထောင်ထားတဲ့ထီးကို ယူပြီး ထွက်ဖို့ပြင်လိုက်တယ် ။

အဲဒါကိုမြင်တဲ့ပိုင်ရှင်အမျိုးသမီးက
" အဲဒါ ကျွန်မရဲ့ထီးဆိုပြီးလှမ်းအော်လိုက်တယ် " ထီးမှားယူလိုက်တဲ့အမျိုးသမီးက အားနာစွာနဲ့ သူ့ထီးလို့ထင်လို့မှားယူမိတာဖြစ်ကြောင်းတောင်းပန်ခဲ့တယ် ။

ထီးမှားပြီးယူမိလို့ အားနာနာနဲ့ထွက်လာရတဲ့အမျိုးသမီးက ဆိုင်အပြင်ရောက်တော့ ထီးဝယ်ဖို့သတိရလိုက်ပါတယ် ။

ဒါကြောင့် အပြန်လမ်းမှာ သူ့သားနဲ့သူနဲ့ဆောင်းဖို့
အတွက်ထီးနှစ်ချောင်းဝယ်လိုက်တယ် ။ တိုက်ဆိုင်လွန်းတော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်နဲ့ ဘတ်စ်ကားပေါ်မှာ ပြန်ဆုံမိကြပါတယ် ။
ထီးပိုင်ရှင်က အမျိုးသမီးလက်ထဲက ထီးနှစ်ချောင်းကိုကြည့်ပြီးအထင်သေးတဲ့ပုံစံနဲ့ပြောလိုက်တယ် ။

" ဒီနေ့ မဆိုးဘူးနော် တွက်ခြေကိုက်သားပဲ "

--------------------------------------------------------------

တချို့သောလူတွေဟာ လူတွေနဲ့ဆက်ဆံတဲ့အခါ သံသယ မျက်လုံးတွေကို ကြိုပြီး ဖွင့်ထားတတ်ကြတယ် လူတွေကို အမြင်ကျဉ်းကျဉ်းလေးထဲထည့်ပြီး လူဆိုး ၊ လူကောင်း ၊ လူယုတ်မာ ၊ မသူတော် ၊ ကြောင်သူတော်ကြွက်ခိုး ၊ ရုပ်ကိုကကြည့်ပါလား ဒါလုပ်စားတာပဲနေမှာ ၊ အဲဒီမိန်းမပေါ့ ကွယ်ရာမှာ ဖောက်ပြန်နေတာ ၊ ဟိုလူလေ ပြောတာ့ဘုရား လက်ကကားယား ဆိုတာပေါ့ စသဖြင့် ထင်မြင်ချက်တွေကို ကိုယ့်ဘောင်ထဲကနေ ပေးတတ်ကြတယ် ။

လူတွေကို ပထမဆုံးကိုယ့်အမြင်နဲ့ တခြားသူတစ်ယောက်ကို မှတ်ချက်ပေးဖို့ဆိုတာ သိပ်ကိုစောလွန်းပါတယ် ။ လူတစ်ဖက်သားကို နှိမ့်ချ ကြည့်တတ်ခြင်းဟာ မရင့်ကျက်တဲ့ စိတ်ဓါတ်သေးသိမ်တဲ့လူတွေရဲ့လုပ်ရပ်သာဖြစ်တယ် ။

လူတိုင်းဟာ ပထမဆုံး ခြေလှမ်းကို လဲကျမှုပေါင်းများစွာနဲ့စတင်ခဲ့ရတာပါ ။ မမှားဖူးတဲ့လူဆိုတာမရှိဘူး ။ မသေနိုင်တဲ့ ဆရာဝန်ဆိုတာမရှိဘူး ။ အမြင်လေးတစ်ခုကို ဘောင်ထဲထည့်ပြီး နှိမ့်ချတဲ့အကြည့်နဲ့ကြည့်တတ်တဲ့လူ ရှုံ့ချတဲ့ စကားလုံးတွေပြောတတ်တဲ့သူမဖြစ်ပါစေနဲ့ ။

သက်တန့်ချို
A wrong way to open your mind အား ဆီလျှော်သလို ဘာသာပြန်သည် ။

တုန့်ပြန်ချင်စိတ်


မခံချင်တဲ့စိတ်၊ တုန့်ပြန်ချင်တဲ့စိတ်ဟာ လူတိုင်းလူတိုင်းမှာ ရှိတယ်။ ကိုယ့်ကို အပြုသဘောနဲ့မဟုတ်ပဲ တမင်တကာ အပြစ်ရှာပြောနေရင်၊ ကိုယ့်ကို လိုက်ကဲ့ရဲ့နေရင် တုန့်ပြန်ချင်တယ်နော်။ မဟုတ်တာလာပြောရင် ပိုလို့တောင် မခံချင်စိတ်ဖြစ်ပြီး ပိုတုန့်ပြန်ချင်နေတယ်။

စိတ်ကခိုင်းတယ် မင်းပြန်ပြောလိုက်၊ မင်းကို ဒီလိုလာပြောနေတယ်၊ ငြိမ်ခံနေမှာလား၊ ငြိမ်ခံမနေနဲ့ ပြောပစ်လိုက် လုပ်ပစ်လိုက်လို့ တိုက်တွန်းတယ်။ မာနတရားက ထပ်ဦးစီးရင် သူလိုလူကများ ‘ငါ့’ကို လာပြောနေတယ်။ သူကဘယ်လောက်ကောင်းနေ မှန်နေလို့လဲ? ဘယ်လောက် တော်နေ တတ်နေလို့လဲ? ဘယ်လောက်သိနေတာမို့လဲ? ပြောပလိုက်စမ်းပါ ပြန်တုန့်ပြန်လိုက်လို့ တိုက်တွန်းတယ်။

ပညာဗဟုသုတ ဦးစီးတဲ့ အသိဥာဏ်က တားတတ်တယ်။ မင်း ပြန်လုပ်စရာ မလိုပါဘူးကွာ။ မင်းပြန်ပြောစရာ မလိုပါဘူး။ သည်းခံတယ်ဆိုတာ ဘုရားကြိုက်တဲ့ သူတော်ကောင်းတို့ရဲ့အား။ ဒီလိုလူမျိုးကို ဒီလိုနည်းနဲ့ တုန့်ပြန်စရာ မလိုပါဘူးကွာ။ မင်းသည်းခံလိုက်ပါ။ ဒေါသထွက်နေသူကို ပြန်ဒေါသထွက်တာဟာ ပထမဒေါသထွက်သူထက် မိုက်မဲတယ်တဲ့။ မင်းဒေါသမထွက်နဲ့.. သည်းခံလိုက်။ သည်းခံလိုက်။ မဟုတ်တာကို မဟုတ်တာနဲ့ ပြန်တုန့်ပြန်စရာ မလိုဘူး။ သူဖြစ်စေချင်တဲ့အတိုင်း စိတ်တိုနေရမှာလား? စိတ်ထဲထားမနေပါနဲ့။ ဒီလောက်အရေးမကြီးပါဘူး။ သူကဲ့ရဲ့တယ်ဆိုတာ တဒင်္ဂလေးပါ။ ကဲရဲ့တယ်ဆိုတာ လူဖျင်းလူညံ့တွေ လုပ်တတ်တဲ့အလုပ်။ သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေကြိုက်တဲ့ အလုပ်။ ဘုရားကြိုက်တဲ့အလုပ်။
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ လုပ်ပါ။ တုန့်ပြန်မနေပါနဲ့ကွာ…။ ဒီလောက် မလိုအပ်ပါဘူး။

ဒီလို အားပြိုင်နေတဲ့အခါ….
သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်ကိုပဲ ရွေးပြီး လုပ်လိုက်ပါ။
စိတ်ထဲကနေ “တိုးတိုးလေးပြောနေပါ.. သည်းခံတယ်ဆိုတာ သူတော်ကောင်းတို့ရဲ့အားတဲ့” “သည်းခံတယ်ဆိုတာ သူတော်ကောင်းတွေ ချီးမွမ်းမယ့်အလုပ်”လို့…. ဒီလိုဆို သူများ လိုက်ကဲ့ရဲ့နေလည်း စိတ်ချမ်းသာသွားလိမ့်မယ်။ ပါရမီလည်း ဖြစ်သွားတယ်။
ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ ရင့်ကျက်မှု၊ လေးစားမှု တိုးလာတယ်။ တကယ်ဆို သူများတွေက ကိုယ့်ကို (အပြုသဘောမဆောင်ဘဲ) အပြစ်ပြောတာတွေဟာ ကိုယ့်ကို ရင့်ကျက်လာအောင် သည်းခံတတ်လာအောင် လုပ်ပေးနေတယ်။

ဒီလို တုန့်ပြန်ချင်တဲ့စိတ်ကြောင့် ကိုယ့်အမှားပဲ ဖြစ်သွားတတ်တယ်ဆိုတာ သတိရပါ။ ကိုယ်က မှန်နေသော်လည်းပဲ ပြန်တုန့်ပြန်ချင်တဲ့စိတ်၊ မခံချင်တဲ့စိတ်ကြောင့် သူ့အမှားဟာ ကိုယ့်အမှားဖြစ်သွားတတ်တယ်။ ကိုယ်က မခံချင်စိတ်နဲ့ လွဲမှားတဲ့နည်းနဲ့ တုန့်ပြန်လိုက်ရင် သူများမကောင်းတာ အကြောင်းပြုပြီး ကိုယ်ပါမကောင်းတဲ့သူဖြစ်အောင် လုပ်နေတာပဲ။ ဒီလောက်မလိုအပ်ပါဘူး။

လူတိုင်းနီးပါး.. ကိုယ့်အပေါ်အရင်လာစပြီး ခနဲ့တာလိုလို ကဲ့ရဲ့တာလိုလို လုပ်တာမျိုးတွေကို ပြန်တုန့်ပြန်ခဲ့ဖူးပါလိမ့်မယ်။ လုပ်ခဲ့ဖူးပါလိမ့်မယ်..။ ကျွန်တော်လည်း လုပ်ခဲ့ဖူးတယ်။ ဘယ်ငြိမ်နေပါ့မလဲ လုပ်ခဲ့ဖူးတာပေါ့။ သူများကို ပျက်စီးသွားပါစေ ဆိုတာမျိုးတော့ မလုပ်ဖူးခဲ့ပါ။ အရင်လာစပြီး ခနဲ့တာလိုလို ရွှဲ့တာလိုလို ပြောတာဆိုတာမျိုးတွေကို အငြိမ်မနေဘူး။ ပြန်တုန့်ပြန်ချင်တယ်။ ပြန်တုန့်ပြန်ခဲ့ဖူးတယ်။ အကြိမ်ကြိမ်ပဲဗျ။

ဒါဆို..... တုန့်ပြန်လိုက်ပါပြီ…။
ဘာပြန်ရသလဲ? ဘာအဖတ်တင်လဲ?
ဒီလိုလုပ်လိုက်လို့ ကိုယ့်အတွက် ဘာကျန်သွားသလဲ? ဘာအကျိုးရှိလဲ?
ကိုယ့်အတွက်ကော အကျိုးရှိသွားလား? သူ့အတွက်ကော အကျိုးရှိသွားလား?
ရန်ငြိုးရန်စပဲ အဖက်တင်တယ်။ ရန်ငြိုးရန်စပဲ ကျန်တယ်။ အလဟသ ကိုယ့်စိတ်ဓါတ်အင်အားတွေ အချိန်တွေ ဖြုန်းပစ်လိုက်တာပဲ အဖတ်တင်တယ်။ သူပြော ကိုယ်ပြောနဲ့ စိတ်အညစ်အကြေးများတာပဲ အဖတ်တင်တယ်။ စိတ်ထားလည်း ကြီးမလာဘူး။ ဒေါသပဲကြီးလာစေတယ်။ ဒေါသကြီးတော့ အကုသိုလ်သာ ကြီးစေတယ်။ တကယ်တမ်း အရေးကြီးလှတဲ့ တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေ ဖြုန်းပစ်လိုက်တာကို သိပ်နှမြောတာပဲ။ ဒီလိုပြန်တုန့်ပြန်နေတာမျိုးနဲ့ ကိုယ့်ရဲ့စိတ်ဓါတ်အင်အားကို မဖြုန်းပစ်ချင်ပါနဲ့။ သူက သိပ်တန်ဖိုးရှိတယ်။ မဖြုန်းမိပါစေနဲ့။

တုန့်ပြန်ချင်စိတ်တွေနဲအောင် ဘာလုပ်ရမလဲ? လို့ဆိုရင်…. ဆရာတော်ဦးဇောတိက စာအုပ်တွေကို အချိန်ပေးပြီးတော့ ဖတ်ပါ။ ကိုယ့်အတွက် အခုရော နောင်ပါ၊ ပစ္စုပ္ပန်ရော သံသရာပါအကျိုးရှိစေတယ်။ ကျွန်တော်ကတော့ ဆရာတော်ဦးဇောတိက စာအုပ်တွေဖတ်ပြီး တုန့်ပြန်ချင်စိတ်တွေ နဲလာတယ်။ ငယ်တုန်းကလို မတုန့်ပြန်ချင်တော့ဘူး။ ဒါတောင် အရှိန်မကုန်သေးဘူး။ မထင်ရင် မထင်သလို တုန့်ပြန်ချင်နေတုန်းပဲ။ အထက်ပါနည်းနဲ့ ထိန်းနေဆဲပါ။

သူတုန့်ပြန် ကိုယ်တုန့်ပြန်နဲ့ ရန်ငြိုးရန်စ တိုးစေတယ်။ တုန့်ပြန်ချင်စိတ်ဟာ ကိုယ့်စိတ် အင်အားနဲသေးတယ်ဆိုတာကို ပြနေတယ်။ အင်အားကြီးတဲ့သူရဲ့စိတ်ဟာ သည်းခံနိုင်သွားပြီ။ ခံနိုင်ရည်ရှိသွားပြီ။ စိတ်အား သေးတဲ့သူကျတော့လည်း သူများကို လိုက်မကောင်းပြောနေရမှ၊ လိုက်အပြစ်ပြောနေမှ၊ သူများစိတ်ထဲ ကသိကအောက်ဖြစ်သွားမှ၊ သူများစိတ်ဆင်းရဲ စိတ်ညစ်နေမှ သူ့ခမျာ နေသာထိုင်သာ ရှိရှာတယ်။ ဒီလိုလုပ်နေရမှ အရသာရှိတယ်လို့ အထင်ရောက်နေတယ်။ သူ့ပြောလိုက် လုပ်လိုက်လို့ တစ်ဖက်သားဂုဏ်သိက္ခာကျသွားတယ်လို့ ထင်နေမှ နေသာထိုင်သာ ရှိရှာတယ်။ သူများကျ မကျတော့ မသေချာဘူး ကိုယ်အရင်ပူလောင်ရတယ်ဆိုတာ မသိရှာဘူး။ ဒါလည်း သူ့ရဲ့စိတ်အင်အားတွေကို ဖြုန်းနေတာပဲ။ ကောင်းတဲ့ဘက်မှာ အသုံးမချနိုင်ပဲ တစ်ဖက်သားကို လိုက်ပြောဖို့ပဲ အချိန်ပေးနေရရှာတယ်။ ကောင်းတဲ့ဘက်မှာ အသုံးချတတ်ရင် အကျိုးတော်တော်ရှိမှာပဲ။

ကိုယ်ကလည်း တစ်ဖက်သားကို အပြုသဘောနဲ့မဟုတ်ပဲ အပျက်သဘောနဲ့ မပြောမိ၊ မဆိုမိအောင် စောင့်ထိန်းပါ။ ပြောချင်ဆိုချင် တုန့်ပြန်ချင်တဲ့ စိတ်ကို ထိန်းချုပ်ပါ။ အသိဥာဏ်မဦးစီးပဲ စိတ်အတိုင်းသာ လွှတ်ထားရင် အကုသိုလ်တွေ ဝင်ချင်တိုင်းဝင်နဲ့ ကိုယ့်ဘဝလမ်းလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဘဝလမ်းကို အဆင်ပြေပြေနေချင်ရင် စောင့်စည်းနိုင်မှ ဖြစ်မယ်။ မစောင့်စည်းခဲ့လို့ပဲ အဆင်မပြေခဲ့တာတွေ များပြီ။ မထိန်းချုပ်လို့ပဲ ပြဿနာဖြစ်တာတွေ များပြီ။ တုန့်ပြန်ချင်တဲ့ စိတ်ကြောင့်ပဲ ရန်ငြိုးရန်စတွေ များခဲ့ပြီ။ တဒင်္ဂ တုန့်ပြန်ချင်တဲ့စိတ်ကို မထိန်းချုပ်တတ်လို့ စိတ်ရှုတ်ရတာလည်း များပြီ။ စိတ်မညစ်သင့်ပဲ ညစ်ရတာများပြီ။ စိတ်ချမ်းသာရမယ့် စိတ်ချမ်းသာမှုတွေ ဆုံးရှုံးတာများပြီ။

နောက်ထပ် အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင် ထိန်းချုပ်တတ်မှ ဖြစ်တော့မယ်။
ကိုယ့်ရဲ့စိတ်ဓါတ်အင်အားတွေကို မဖြုန်းတီးပဲ အကျိုးရှိစေချင်ရင်..
ကိုယ့်ကိုကိုယ် ယုံကြည်မှု လေးစားမှုတိုးပြီး တန်ဖိုးရှိစေချင်ရင်..
ကိုယ့်စိတ်ထားတွေ မြင့်လာစေချင်ရင်..
တုန့်ပြန်ချင်တဲ့စိတ်တွေကို ထိန်းမှဖြစ်တော့မယ်။

Credit: နှလုံးသားအာဟာရ

အဖိုးမဖြတ်နိုင်သော ခင်မင်မှု၏ အနှစ်သာရ (သို့) သူငယ်ချင်း


အတူတူစားသောက်ပြီး ကျသင့်ငွေကို သင့်သူငယ်ချင်းက ရှင်းပေးတယ်ဆိုတာ သူ့မှာ ပိုက်ဆံတွေ သုံးမကုန်နိုင်အောင် ပေါများနေလို့တော့ မဟုတ်ပါဘူး။ ခင်မင်မှုကို ငွေထက် ပိုတန်ဖိုးထားနေလို့ပါ။

ရန်ဖြစ်ပြီးချိန်မှာ အရင် ပြန်တောင်းပန်တယ်ဆိုတာ သူမှားနေလို့မဟုတ်ပါဘူး။ သူ့အနားက သူတွေကို တန်ဖိုးထားတတ်လို့ပါ။

သင့်ကိစ္စဆိုရင် ကူညီဖို့အသင့် ဖြစ်နေတယ် ဆိုတာ သင့်ကို ပေးဆပ်ရမယ့် တာဝန်ရှိလို့ မဟုတ်ပါဘူး။ သင့်ကိုအရင်နှီးဆုံး သူငယ်ချင်းအဖြစ် သတ်မှတ်ထားလို့ပါ။

သင့်ဆီကို သတိတရနဲ့ စာမကြာခဏ ရေးတယ် ဆိုတာ သူအလုပ်မရှိ အလုပ်ရှာလုပ်နေတာ မဟုတ်ပါဘူး။ သူ့ရင်ထဲမှာ သင့်ကို မှတ်မှတ်ရရရှိနေလို့ပါ။

လုပ်စရာရှိတာကို မတွက်ကပ်ဘဲ လုပ်သွားတယ်ဆိုတာ သူ တုံးအနေလို့ မဟုတ်ပါဘူး။ သူ့ဆီမှာ တာဝန်သိစိတ်ရှိနေလို့ပါ။

သူငယ်ချင်းဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ တစ်ယောက်တစ်နေရာဆီ ကွဲပြီး ကိုယ့်ဘဝကိုယ်
ကျောင်းကြရမှာ အသေအချာပါပဲ။ ကျွန်မတို့ ပြောခဲ့ဘူးတဲ့ စကားတွေ၊ မက်ခဲ့ဖူးကြတဲ့ ကိုယ်စီအိပ်မက်တွေ
ကိုလွမ်းနေကြရတော့မှာပါ။

ရက်၊ လ၊ နှစ်တွေ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာနဲ့ အမျှ ဒီအမှတ်တရလေးတွေကို အချိန်တွေက တိုက်စားသွားပါတော့မယ်။ နောင်တစ်ချိန်မှာ ကျွန်မတို့သားသမီးလေးတွေက သူငယ်ချင်းတွေ စုရိုက်ထားတဲ့ အမှတ်တရဓာတ်ပုံတွေကို မြင်ပြီး ဒါတွေက ဘယ်သူတွေလဲ လို့မေးလာ ကြပါလိမ့်မယ်။

အဲ့ဒီအခါ ရင်ထဲမှာတော့ သူတို့ကို လွမ်းဆွတ်မိသွားပြီး ဝမ်းနည်းမိနေပေမယ့် အပြုံးမျက်နှာလေးနဲ့ လေးနက်
သေချာတဲ့ စကားတစ်ခွန်းပြောမိမှာပါ။ အဲ့ဒီစကားလေးကတော့ ဘဝရဲ့ အကောင်းမွန်ဆုံး နေ့ရက်တွေကို အတူတူ ဖန်တီးပေးခဲ့တဲ့ သူတွေလေ ဆိုပြီးပေါ့။

ဒီတော့ အတူတူရှိနေတုန်း သူငယ်ချင်းတွေကို တန်ဖိုးထားပါ။ သူတို့ကို ချစ်ခင်ကြင်နာပါ။ ပြီးတော့မှ နီးတစ်ကျတ်ကျတ် ဝေးတစ်သက်သက် ဆိုသလို မဖြစ်ပါစေနဲ့။

အဝေးက သူငယ်ချင်းတွေကို သတိရမိပြီး အရင်အချိန်လေးတွေကို ပြန်ခံစားမိလိုက်တယ်။
တစ်ကယ်တော့ သူငယ်ချင်းဆိုတာ
မိသားစုရဲ့အပြင်ဘက်က မိသားစုလေးတွေပါပဲ.........။

Credit ~ Gandawin Magazine
Photo Credit to: Original Uploader

သူလား ကိုယ်လား


တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။ အသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူးလို့ သံသယဖြစ်မိသတဲ့။ သူပြောလိုက်တဲ့စကားတွေကို မကြားသလိုလို ပြန်မပြောသလိုလိုဖြစ်နေတဲ့အတွက် မိသားစုဆရာဝန်နဲ့တိုင်ပင်ကြည့်ရတာပေါ့။

ဆရာဝန်ကတော့ အကြံတစ်ခုပေးပါတယ်။ ခင်ဗျားမိန်းမရဲ့ အကြားအာရုံကို စမ်းသပ်ြုကည့်ပါပေါ့။ ပထမ ပေ ၄၀ လောက်အကွာကနေ ပုံမှန်ပြောနေကျလေသံနဲ့ တစ်ခုခုလှမ်းမေးလိုက်ပါ။ သူပြန်မပြောဘူးဆိုရင် ပေ၃၀ ကနေပြော၊ အဲဒါတောင်မကြားသေးဘူးဆိုရင် တဖြည်းဖြည်းအနားကပ်ပြီးပြောကြည့်ပေါ့။

အဲဒီလိုနဲ့ညနေ သူ့မိန်းမ ညစာချက်နေတဲ့အချိန်မှာ သူက ပေ ၄၀လောက်ဝေးတဲ့ အိမ်ရှေ့ကနေပြီးတော့" မိန်းမရေ ညစာဘာဟင်းချက်လဲ" လို့မေးပါတယ်။ သူ့မိန်းမဆီက ဘာအသံမှမကြားရပါဘူး။ ဒါနဲ့ ပေ၃၀ လောက်ဝေးတဲ့ အိမ်လယ်ခန်းလောက်ဆီသွားပြီးတော့ ညစာဘာဟင်းလဲလို့မေးပါတယ်။ ဘာသံမှမကြားပါဘူး။

ဒါနဲ့ ပေ ၂၀ လောက်ဝေးတဲ့ လှေကားနားကနေ ထပ်မေးပါတယ်။ မကြားပါဘူး။ နောက်တော့ စိတ်မရှည်တာနဲ့ မီးဖိုချောင်တံခါးနားကနေလှမ်းမေးပါတယ်။ ဘာမှမကြားပါဘူး။ သူကတော့ ငါ့မိန်းမတော့ တော်တော်နားကန်းနေပြီဟ ဆိုပြီးတော့ ဒေါသတွေထွက်နေပါတယ်။နားနှာခေါင်းဆေးရုံကို ပို့ဖို့လိုနေပြီလို့ ထင်လိုက်ပါတယ်။ အဲဒါနဲ့ သူ့မိန်းမဘေးနားကို သွားပြီး ညစာဘာချက်လဲလို့ ပြောလိုက်ပါတယ်။

အဲဒီအခါသူ့မိန်းမက "ယောက်ျားရေ ရှင်ဘာဖြစ်နေတာလဲ ကျွန်မငါးခါစလုံး ကြက်သားချက်တယ်လို့ ပြန်ဖြေတယ်လေ" လို့ပြောလိုက်ပါတယ်။

တစ်ခါတစ်လေမှာ ကိုယ်ကဖြစ်နေတာကို သတိမထားမိဘဲ သူများအပေါ်လက်ညိုးထိုးချင်တဲ့ စိတ်ဓါတ်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

မောင်စိုင်း