Monday, April 25, 2016

အိပ်မက်အကြောင်း သိကောင်းစရာတချို့


အိပ်မက်မက်ရတဲ့ အကြောင်းရင်း ၄ ချက် ရှိပါတယ် တဲ့

၁) သွေးလေခြောက်ခြားလို့ မက်ခြင်း
၂) မြင်ဖူး၊ ကြားဖူး၊ နံဖူး၊ စားဖူး၊ ထိတွေ့ဖူးတာတွေကို မက်ခြင်း
၃) နတ်တွေက ချစ်လို့ သို့မဟုတ် မုန်းလို့ အိပ်မက်ပေးခြင်း
၎) အနာဂတ်မှာ ဖြစ်လာမယ့် ကုသိုလ်အကျိုးပေး သို့မဟုတ် အကုသိုလ်အကျိုးပေးတွေကို ကြိုတင်၍ နိမိတ်အဖြစ် မြင်မက်ခြင်း

နံပါတ် ၁ နဲ့ ၂ ကြောင့် အိပ်မက်မက်ရင် ဘယ်တော့မှ မမှန်ပါဘူး။ နံပါတ် ၃ ကြောင့်ဆိုရင်တော့... အကယ်၍ နတ်တွေက ကိုယ့်ကိုမုန်းလို့ ကိုယ့်ရဲ့ အကျိုးမဲ့ကို ဖြစ်စေချင်လို့ အိပ်မက်ပေးရင်တော့ မမှန်ပါဘူး။ ဒါပေမယ့် နတ်တွေက ကိုယ့်ကို ချစ်လို့ ကိုယ့်ရဲ့ အကျိုးအတွက် အိပ်မက်ပေးရင်တော့ မှန်ပါတယ်။
နံပါတ် ၄ ကြောင့် မက်ရင်တော့ အမြဲတမ်း မှန်ပါတယ် တဲ့...
နံပါတ် ၄ ကြောင့် မက်ရင် မိုးလင်းခါနီးအချိန်မှာ မြင်မက်တတ်ပြီး မှန်တတ်ပါတယ် တဲ့...

နံပါတ် ၃ နဲ့ ပတ်သက်ပြီး အရင်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဝတ္ထုလေး ရှိပါတယ်။ တစ်ခါက ရဟန်းတစ်ပါးဟာ ကံ့ကော်ပင်ကို ဘယ်သူ့မှ မမေးမမြန်းဘဲ ခုတ်လှဲပစ်လိုက်ပါတယ်။ အဲဒီမှာ အဲဒီအပင်ကို အမှီပြုနေထိုင်နေတဲ့ နတ်က သူ့အတွက် နေရာသစ်လဲ မပေးဘဲနဲ့ ခုတ်လှဲပစ်လို့ အဲဒီရဟန်းကို မုန်းနေပါတယ်။ အဲဒီတော့ အဲဒီရဟန်းရဲ့ အကျိုးမဲ့ကို ဖြစ်စေချင်လို့ အိပ်မက်နှစ်ကြိမ် ပေးပါတယ်။ ပထမတစ်ကြိမ်မှာတော့ ယုံကြည်စေချင်တဲ့အတွက် ရဟန်းအတွက် အကျိုးဖြစ်စေတဲ့ 
မှန်ကန်တဲ့အိပ်မက်ကို ပေးလိုက်ပါတယ်။ နောက်တစ်ခါမှာတော့ ယုံကြည်နေပြီးသားဖြစ်တဲ့ ရဟန်းကို အကျိုးမဲ့ ဖြစ်စေတဲ့ အိပ်မက်ကို ပေးလိုက်ပါတယ်။ အဲဒီတိုင်းပြည်ရဲ့ ဘုရင်ကြီးဟာ နောက် ၇ ရက်နေရင် နတ်ရွာစံတော့မယ်လို့ အိပ်မက်ပေးလိုက်ပါတယ်။ ရဟန်းကလည်း ပထမတစ်ကြိမ်မက်တုန်းက မှန်နေတဲ့အတွက် ဒီတစ်ခေါက်မက်တာကိုလဲ ယုံကြည်နေပါတယ်။ ဒါကြောင့် နန်းတွင်းသူ၊ နန်းတွင်းသားတွေနဲ့ တွေ့တဲ့အခါ အဲဒီအကြောင်းကို ပြောပြလိုက်ပါတယ်။ နန်းတွင်းသူ၊ နန်းတွင်းသားတွေလည်း ဘုရင်ကြီးအတွက် စိတ်မကောင်းဖြစ်ပြီး ငိုကြွေးနေကြတယ်။ ဒါကိုမြင်တဲ့ ဘုရင်ကြီးက မေးတဲ့အခါ အကျိုးအကြောင်းကို ရှင်းပြလိုက်ကြတယ်။ ဘုရင်ကြီးလည်း သိသွားပြီး ၇ ရက်မြောက်တဲ့နေ့ကို စောင့်ကြည့်နေလိုက်တယ်။ ဒါပေမယ့် ၇ ရက်ပြီးလည်း မသေ၊ ၈ ရက်ပြီးလည်း မသေတော့မှ ရဟန်းက သူ့နန်းတွင်းသူ၊ နန်းတွင်းသားတွေကို မဟုတ်တမ်းတရားတွေ လျှောက်ပြောတယ်ဆိုပြီး ရဟန်းရဲ့ ခြေတွေ၊ လက်တွေကို ဖြတ်ပစ်ပြီး အပြစ်ပေးလိုက်ပါတယ်။

ဒါကြောင့် နတ်တွေက အိပ်မက်ပေးတိုင်းလည်း မယုံရပါဘူး။ အရိယာနတ်တွေမှလွဲ၍ ပုထုဇဉ်နတ်တွေမှာလည်း မကောင်းတဲ့ စိတ်အကြံအစည်တွေ ရှိတတ်တဲ့အတွက် သူတို့ ပေးတဲ့ အိပ်မက်တိုင်းဟာလည်း ကိုယ့်အကျိုးစီးပွားအတွက် ဟုတ်ချင်မှ ဟုတ်မှာပါ။

ရဟန္တာတွေမှာတော့ အိပ်မက်မြင်မက်ခြင်း မရှိတော့ပါဘူး တဲ့။

သဒ္ဓမ္မရံသီ ဆရာတော် ဟောကြားတော်မူသော အိပ်မက်အကြောင်း သိကောင်းစရာ တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါတယ်။


မေတ္တာဖြင့်
Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

April 24, 2016 (Sun)

.

Friday, April 1, 2016

မြတ်စွာဘုရား၏ အရဟံ ဂုဏ်တော်ကို မိတ္တူကူး၍ ပွားများပူဇော်ခြင်း


အရဟံ - ကိလေသာ ပူလောင်မှုအပေါင်းမှ ကင်းစင်အေးချမ်းတော်မူသော မြတ်စွာဘုရား...
အရဟံ - ကိလေသာ အပူအလောင်ဓာတ်တွေ ကင်းစင်အေးချမ်းတော်မူသော မြတ်စွာဘုရား...
အရဟံ - စိုးရိမ်ရခြင်း၊ ပူဆွေးငိုကြွေးရခြင်းအပေါင်းတို့မှ ကင်းစင်အေးချမ်းတော်မူသော မြတ်စွာဘုရား...

ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် စကားလုံး အသုံးအနှုန်းမျိုးနဲ့ ရွေးချယ်ပွားများနိုင်ပါတယ်။ ဖတ်ထားဖူးတဲ့ ဘုရားဂုဏ်တော်ကိုးပါးရဲ့ အနက်အဓိပ္ပါယ်တွေထဲက စာသားတွေအတိုင်း တသွေမတိမ်း လိုက်ဆိုစရာ မလိုပါ။ အဓိကကတော့ ပါဠိချည်းသက်သက်မဟုတ်ဘဲ ကိုယ်ပွားများမယ့် ဂုဏ်တော်ရဲ့ အနက်အဓိပ္ပါယ်ကိုပါ ကိုယ့်စိတ်နဲ့ အဆင်အပြေဆုံးဖြစ်မယ့် ကိုယ့်အတွက် အာရုံယူလို့ အကောင်းဆုံးဖြစ်မယ့် စာသားအသုံးအနှုန်းမျိုးကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပွားများနိုင်ပါတယ်။ ဘုရားဂုဏ်တော်ကို ယခုဖော်ပြပေးမယ့်နည်းလမ်းနဲ့ ပွားများတော့မယ်ဆိုရင် အရေအတွက်ကို လုံးဝမေ့ထားပြီး အရည်အသွေးကို အဓိကထားရပါမယ်။ ဘုရားဂုဏ်တော်ကို တစ်ခေါက်လေးပဲရရ မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုးတဲ့စိတ်နဲ့သာလျှင် ပွားများရပါမယ်။

ဘုရားဂုဏ်တော်ကို ပွားများတော့မယ်ဆိုရင် လက်အုပ်လေးချီပြီး မြတ်စွာဘုရားရဲ့ ကြည်လင်နေတဲ့ မျက်နှာတော်ကို ကြည့်ပြီး.......
"အရဟံ ကိလေသာ ပူလောင်မှုအပေါင်းမှ ကင်းစင်အေးချမ်းတော်မူသော မြတ်စွာဘုရား..." လို့ စကားလုံးတစ်လုံးချင်းစီမှာ စိတ်ကိုနှစ်ပြီး ဖြေးဖြေးညှင်းညှင်းလေးနဲ့ စိတ်ထဲကပဲဖြစ်စေ အသံသာလေးဖြင့်ဖြစ်စေ ကိုယ့်ရင်ထဲကအပူတွေ မအေးမချင်း ဆက်တိုက် ရွတ်ဆိုပေးနေပါ... စာရေးသူကတော့ ကိုယ်ကြားရုံလောက် အသံသာလေးနဲ့ ရွတ်ဆိုရတာကို ပိုနှစ်သက်ပါတယ်။ ဖြေးဖြေးချင်း ရွတ်ဆိုနေရင်းနဲ့ တပြိုင်နက်တည်း နှလုံးသွင်းနေရမှာက.......
"အော် ငါ့မှာတော့ ကိလေသာတွေများလွန်းလို့ ရင်ထဲမှာ ပူလောင်နေပေမယ့် မြတ်စွာဘုရားကတော့ ကိလေသာအပေါင်းမှ အလုံးစုံအမြစ်ပြတ် ကင်းစင်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဘယ်လောက်တောင် ရင်ထဲမှာ အေးချမ်းတည်ငြိမ်နေလိုက်မလဲနော်..." ဆိုပြီးတော့ ဘုရားရဲ့ ကိလေသာကင်းစင်လို့ ရင်တွင်းမှာ အေးချမ်းနေပုံကို အာရုံယူလိုက်... ကိုယ့်ရင်ထဲက ပူလောင်နေတဲ့ ခံစားမှုလေးကို ပြန်ကြည့်လိုက်နဲ့ လုပ်ပေးပါ။ "ဘုရားကျတော့ ကိလေသာတွေအားလုံး ကင်းစင်နေလို့ အေးချမ်းနေတယ်။ ငါ့ကျတော့ ကိလေသာတွေများလို့ ပူလောင်နေရတယ်..." ဆိုပြီး မြတ်စွာဘုရားရဲ့ အေးချမ်းမှုလေးကို အာရုံယူလိုက် ကိုယ့်ရင်တွင်းကို ပြန်စမ်းစစ်ကြည့်လိုက်နဲ့ အပြန်ပြန်အလှန်လှန် အခုလိုမျိုး အရဟံဂုဏ်တော်ကို ပွားများပေးနေမယ်ဆိုရင် ကိုယ်အာရုံယူတာကောင်းရင် ကောင်းသလောက် ၁၅ မိနစ်ပတ်ဝန်းကျင်လောက်ဆိုရင် ကိုယ့်ရင်ထဲကအပူတွေ သိသိသာသာ အေးချမ်းလာတာကို အံ့သြစရာကောင်းလောက်အောင် ခံစားလာရမှာပါ။

ဒေါသတွေ ကိုယ့်သန္တာန်မှာ ဖြစ်လာရင်ပဲဖြစ်ဖြစ်၊ စိုးရိမ်ပူပန်နေရတာပဲဖြစ်ဖြစ်၊ ကြောက်လန့်တုန်လှုပ်နေရတာပဲဖြစ်ဖြစ်... ကိုယ့်စိတ်ရဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်... ကိုယ့်ရင်ထဲက ကိလေသာအပူနဲ့ မြတ်စွာဘုရားရဲ့ ကိလေသာကင်းစင်နေတဲ့ နှလုံးသားကို နှိုင်းယှဉ်ကြည့်ပြီး မြတ်စွာဘုရားရဲ့ ကိလေသာကင်းစင်မှုဂုဏ်တော်ကို လက်တွေ့ကျကျ ပူဇော်ပေးပါ...
တဖြည်းဖြည်းနဲ့ ကိုယ့်ရင်ထဲက အပူမီးတွေပါ အေးအေးလာပါလိမ့်မယ်။ အဲဒီအချိန်မှာ ကိုယ့်ရင်ထဲကို ပြန်ကြည့်ရင် လွန်ခဲ့တဲ့ ၁၅ မိနစ်၊ မိနစ်၂၀ လောက်က ခံစားနေရတဲ့ အပူတွေကင်းစင်ပြီး ပကတိ အေးချမ်းတည်ငြိမ်သွားပြီမို့လို့ ပီတိတွေ တဖွားဖွားဖြစ်ပေါ်လာပြီး ပီတိရဲ့အရှိန်ကြောင့် မျက်ရည်တွေပါ ကျဆင်းလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မိမိရဲ့စိတ်တွေက အရမ်းကို ပူလောင်လွန်းနေလို့ တရားထိုင်ရတာ ဘယ်လိုမှ စိတ်မတည်ငြိမ်နိုင်တော့ဘူးဆိုရင် ဒီဘုရားဂုဏ်တော် ပွားနည်းလေးကို စမ်းကြည့်ကြစေချင်ပါတယ်...
စာရေးသူကတော့ စိတ်တွေ အရမ်းကို ပူလောင်ပင်ပန်းနေရပြီဆိုရင် ဒီနည်းလေးကို လုပ်ဖြစ်ပါတယ်။ အမှန်တကယ်ကတော့ အမြဲတမ်း ပွားများနေသင့်တဲ့ ဘုရားဂုဏ်တော် ပွားများနည်းလေးပါ... တရားထိုင်ထိုင်ပြီးချင်းမှာ ပွားများမယ်ဆိုရင်လည်း အတိုင်းအတာတစ်ခုအထိ စိတ်က တည်ငြိမ်နေတဲ့အတွက် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို အာရုံယူရတာ ပိုမိုလွယ်ကူစေပါတယ်။
တရားထိုင်ပြီးလို့ တည်ငြိမ်နေတဲ့စိတ်ကလေးကို ပိုမိုအေးချမ်းပြီး ကုသိုလ်တွေနဲ့ ထုံမွှမ်းသွားအောင် လောကမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ မြတ်စွာဘုရားရဲ့ဂုဏ်တော်နဲ့ လွှမ်းခြုံပေးလိုက်သလိုပါပဲ...

ဆရာတော် အရှင်ဆန္ဒာဓိက ရဲ့ အနှိုင်းမဲ့ဘာဝနာ၊ နှလုံးသားမိတ္တူ အစရှိတဲ့ တရားတော်များမှ ဆရာတော်ရဲ့ ဂုဏ်တော်ပွားများတဲ့ နည်းလမ်းလေးနဲ့ ကိုယ်ကိုတိုင်ရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်။
Favorite Collections ရဲ့ စာဖတ်ပရိသတ်များနဲ့ ဤပို့စ်ကို ဖတ်မိသမျှသော ဓမ္မမိတ်ဆွေများအားလုံး... စိတ်ရဲ့ အေးချမ်းတည်ငြိမ်မှု၊ ပျော်ရွှင်ကျေနပ်မှုပီတိတွေကို တဖွားဖွားခံစားရပြီး အမြင့်မြတ်ဆုံး ကုသိုလ်တွေကို အပါယ်တံခါး အပြီးတိုင် ပိတ်သွားသည့်တိုင် ကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေလို့ မေတ္တာစေတနာအရင်းခံနဲ့ ဆုတောင်းပေးလိုက်ပါတယ်...

မေတ္တာဖြင့်

Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

April 1, 2016 (Friday)

.