Sunday, May 31, 2015

ကျေးဇူးရှင် အဘိဓဇ စံကင်းဆရာတော်ဘုရားကြီး၏ သြဝါဒကထာ


တခါတခါ စဉ်းစားကြည့်ရင် ကံတရားဟာ တကမ္ဘာလုံးမှာရှိတဲ့ လူတွေ တယောက်နဲ့တယောက် မတူအောင် စီမံထားတယ်။ တူတဲ့နေရာ တူပေမယ့် မတူတဲ့အရာတွေက အများကြီးရှိတယ်။ ဒါကြောင့် ဘုရားရှင်က " ကမ္မံ သတ္တေ ဝိဘဇ္ဇတိ " လို့ ဟောတော်မူတာပဲ။ မိမိကိုယ်ကို မကောင်းအောင်လုပ်တာ ဘယ်သူလဲ။ မိမိအလုပ်ကိစ္စ မိမိကံပဲ။ ဘေးရန် အန္တရာယ်တွေဖြစ်အောင် ဘယ်သူလုပ်သလဲ။ မိမိကံက လုပ်တာပဲ။

ဥပမာ - ဧရာဝတီမြစ်ကြီးရှိတယ်။ ဒီမြစ်ကြီးက ကုန်းပေါ်နေတဲ့သူကို ရေနစ်အောင် မလုပ်နိုင်ပါဘူး။ မြစ်ထဲဆင်းတဲ့သူကိုသာ ရေနစ်စေနိုင်တယ်။

ဒီအတိုင်းပဲ ဘေးရန် အန္တရာယ်တွေ ရှိပေမယ့်လည်း အလုပ်ကောင်းလုပ်သူ၊ ကံကောင်းရှိသူ ဘေးရန် အန္တရာယ် မဖြစ်နိုင်ပါဘူး။ ကံကောင်းမရှိသူသာ ဘေးရန်ဖြစ်နိုင်တယ်။

ဒါကြောင့် မကောင်းကျိုးကို ဖြစ်စေတတ်တဲ့ မိမိရဲ့ ကံညံ့ ကံယုတ်များကိုသာ ကြောက်စရာလိုတယ်။ ဘေးရန် အန္တရာယ်တွေ ကြောက်စရာမလိုပါဘူး။ ဂြိုဟ်ကြီးရှစ်လုံး ပူးပူး မပူးပူး၊ ဇာတိ ဇရာ မရဏ စတဲ့ ဘေးရန်တွေ သတ္တဝါတိုင်း တွေ့ နေကြရတယ်။ သံသရာ ကျင်လည်ခိုက်မှာ မကောင်းမှုကံ ပါလာလို့ ကပ်ကြီးသုံးပါးတွေ့ ကြရာ သံသရာဒုက္ခ ခံကြရတယ်။ ဘေးရန်တွေက မိမိမှာ လာဖြစ်တာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကြောင့် မကောင်းတဲ့အကျိုးတွေ ဖြစ်ကြရတာ၊ အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။

အတိတ် နိမိတ်ဆိုတာကတော့ တခါတရံ ရှိတတ်ပါရဲ့။ ငရဲကြီးရှစ်ထပ် ရှိနေပေမယ့် ငရဲကြီးရှစ်ထပ်က ဘယ်သူ့ ကိုမှ လာမခေါ်ပါဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကသာ ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။ ။

“မနေရလို့ သေကြတဲ့အခါ၊
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများကိုယ့်နောက်ပါ။”

(တရားကျင့်လို့ရရှိလာတဲ့ မဂ်ကုသိုလ်က တစ်သံသရာလုံးလုပ်ခဲ့တဲ့ အပါယ်ကျစေနိုင်တဲ့ အကုသိုလ်တွေကို အကုန်အဟောသိကံဖြစ်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။
မြတ်စွာဘုရား မဂ္ဂင် ရှစ်ပါးလမ်း လျောက်ဖြစ်အောင် လျောက်လှမ်းနိုင်ကြပါစေလို့)

Shared from Myint Sandar (FB)

Tuesday, May 26, 2015

ရဟန်းတော်များရဲ့ စာပေ


ကြွားတယ်တော့ မထင်စေချင်ဘူး :)
---===---

တချို့ က လူ့ တွေရဲ့အတန်းပညာကိုသာ တန်ဘိုးထားကြတယ် ရဟန်းတော်တွေရဲ့ စာပေတွေကိုတော့ ဘယ်လောက်ထိ တန်ဘိုးကြီးတယ် ရဟန်းစာမေးပွဲတွေဘယ်လိုခတ်ခဲတယ်ဆိုတာ မသိကြဘူး။

မတူပေမဲ့ နှိုင်းယှဉ်ပြပါ့မယ်

လူတွေ ဆယ်တန်းမှာ တဘုန်းဘုန်းကျသလို ရဟန်းတော်တွေလည်း အကြီးတန်းမှာ တဘုန်းဘုန်းပါပဲ။

လူတွေရဲ့ခဲယဉ်းတယ်ဆိုတဲ့ ၁၀ တန်းစာပေဟာ ရဟန်းတော်တွေရဲ့ အကြီးတန်းစာပေကို ဖင်ဖျားတောင်မှီဘူး။

ရဟန်းတော်တွေရဲ့ စာချတန်းအောင်တယ်ဆိုတာ လူတွေမှာ တက္ကသိုလ်က ကျုတာတွေထက်တော်လို့ ပါ။

ရဟန်းတော်တွေရဲ့ ဘွဲ့ တော်နောက်မှာ လင်္ကာရတို့  ဘိဝံသ တို့  သစအ တို့ ဝဋံသကာ တို့ ပါလာပြီဆိုရင်လူ့ လောကမှာ အထင်ကြီးလေးစားနေကြတဲ့ ဆရာဝန်တို့  အင်ဂျင်နီယာ တို့ ရေကြောင်းတို့  ကွန်ပျု တာတို့ ထက်အဆပေါင်းများစွာ ကြိုးစားခဲ့ရတယ်ဆိုတာ မှတ်ထားလိုက်ကြပေတော့။

အဲဒီလိုပြောလို့ မယုံမရှိနဲ့ 

ဒီနေ့ ထိတနိုင်ငံလုံးကို ဘိဝံသ အပါး ၃၀၀ ကျော်ပဲပေါ်ထွက်သေးတယ် သစအ ဆိုတာ ဒီနေ့ ထိ ရာဂဏန်မကျော်သေးဘူး။

ဝဋံသကာ ဆိုတာကတော့ ဒီနေ့ ထိ့ ကိုးပါးပဲ ပေါ်ထွက်ဘူးသေးပါတယ် အခု လက်ရှိဗန်းမော်ဆရာတော်ဘုရားကြီး အပါအဝင်ပါ သက်ရှိထင်ရှားကတော့ မန္တလေးကတပါးနဲ့  နှစ်ပါးသာ ကျန်ပါတော့တယ်။ အဲဒါတနိုင်ငံလုံးအတိုင်းအတာကိုပြောတာပါ။

တိပိဋကဆရာတော်တွေဖြစ်ဖို့ ကတော့မမေးနဲ့  တစ်နေ့ ကို ခုနှစ်နာရီနုန်းနဲ့ သုံးနှစ်လောက်ကျက်ခဲ့ရတယ်လို့ မော်ကျွန်းဆရာတော်မိန့် ဘူးတယ်။

ဗုဒ္ဓကိုယ်တိုင် သုတဗုဒ္ဓ ဆိုပြီး ချီးကျုးခဲ့တဲ့ ကိုယ်တော်ကြီးတွေပေါ့။

ဒါ့ကြောင့်လည်း ပိဋကတ်သုံးပုံဆောင်တွေကို ကမ္ဘာ့အံ့သြစရာပုဂ္ဂိုလ်တွေဆိုပြီး ကမ္ဘာ့ ဂရစ်နစ်မှတ်တမ်းစာအုပ်ကြီးထဲမှာဖေါ်ပြခံခဲ့ရတယ်လေ

လူတွေက ပညာလေးနဲနဲတက်တာနဲ့ ရဟန်းတော်တွေကို အထင်သေးလို့ ရေးပေးရတာပါ

သူတို့ ဖြေရတာကလည်းမြန်မာလိုမလွယ်လှပါဘူး ပါဠိလိုတွေဖြေရတာပါ ခေတ်ပညာတက်ယုံနဲ့ 
နထင်သွေးရောက်နေသူတွေနားလည်နိုင်ပါစေ။

credit: ဦးမြင့်ခိုင် စိတ်ပညာ

Sunday, May 17, 2015

စိတ်.. ဥတုကြောင့် အသံဖြစ်သည်


သဒ္ဒရုပ် အသံသည် စိတ်ဥတုနှစ်ပါးကြောင့် ဖြစ်သည်ဟုဆိုသော်လည်း စိတ်ဥတုနှစ်ပါးက တပြိုင်နက် ဖြစ်စေသည်ဟု မမှတ်ရ။ သက်ရှိသတ္တ၀ါတို့၏ စကားပြောသံ ရယ်မောသံ ငိုကြွေးသံ စသည်တို့မှာ စိတ်ကြောင့် ဖြစ်ပေါ်လာရသော အသံဖြစ်၍ ၀မ်းတွင်း၌ လှုပ်ရှားသံ ဓာတ်စက်သံ အပြင်အပ၌ ရှိသမျှ လေသံ မိုးသံ တီးမှုတ်သံ စသည်များကား ဥတုကြောင့် ဖြစ်သည်ဟု မှတ်ပါ။

အသံ ကောင်း.. မကောင်း

သက်ရှိသတ္တ၀ါတို့၏အသံသည် စိတ်ကြောင့်ဖြစ်လျှင် ဘာကြောင့် အချို့မှာ အသံကောင်း၍ ဘာကြောင့် အချို့မှာ အသံမကောင်းပါသနည်း။ စိတ်ကြောင့်ဖြစ်ခြင်း တူပါလျှင် အသံလည်း တူသင့်သည် မဟုတ်ပါလောဟု မေးစရာရှိ၏။ အဖြေကား... သက်ရှိသတ္တ၀ါတို့၏ အသံသည် စိတ်ကြောင့်ဖြစ်သည်ဟု ဆိုရာ၌ အသံဖြစ်ဘို့ရာ အနီးကပ်ဆုံးအကြောင်းကို ပြခြင်းဖြစ်သည်။ အသံ ကောင်းမကောင်းမှာ စိတ်တစ်မျိုးတည်းနှင့်သည သက်ဆိုင်သည်မဟုတ်ပေ။ ကံတရားနှင့်လည်း သက်ဆိုင်ပေသည်။ ကံက အသံဖြစ်ဘို့ရာ ဋ္ဌာန၌ ကမ္မဇပထ၀ီ ကောင်းကောင်းစီမံလျှင် အသံကောင်း၏။ ထိုကမ္မဇပထ၀ီညံ့လျှင် အသံညံ့သည်။ ။


(သဂြိင်္ုဟ်ဘာသာဋီကာ ရုပ်ပိုင်းမှ ကောက်နှုတ်ချက်)
ကုသလကာရီ အဘိဓမ္မာ ပို့ချချက်

ဝီထိစဉ်နှင့် သရက် ဥပမာ


ယောက်ျားတစ်ယောက်သည် အသီးသီးသော သရက်ပင်ရင်း၌ ဦးခေါင်းခြုံလျှက် အိပ်နေ၏။ ထိုအခါ သရက်သီးမှဲ့တစ်လုံးသည် ထိုယောက်ျားအနီး၌ ကြွေကျလာ၏။ ထိုယောက်ျားသည် သရက်သီးကြွေကျသောအသံဖြင့် အိပ်ပျော်ရာမှ လန့်နိုး၍ မျက်စိဖွင့်ပြီး ကြည့်ရှုလေရာ သရက်သီးကို မြင်ရသဖြင့် ကောက်ယူပြီးသော် မှည့်မမှည့် လက်ဖြင့် နှိမ့်စမ်း ရှူနမ်းပြီးနောက် မှည့်မှန်းသိ၍ ထိုသရက်သီးကို သုံးဆောင်၏။ ထိုသရက်သီး သုံးဆောင်ပြီးနောက် သရက်ပင်ရင်း၌ ပြန်အိပ်လေ၏။ ။

ထိုစကားရပ်၌ -

ဘ၀င်ကျနေခြင်းသည် သရက်ပင်ရင်း၌ ထိုယောက်ျား၏ အိပ်ပျော်ခြင်းနှင့် တူသည်။ ပသာဒရုပ်၌ အာရုံ၏ ထိခိုက်ခြင်းသည် သရက်သီးကြွေကျခြင်းနှင့် တူသည်။ ဘ၀င်လှုပ်ခြင်းသည် သရက်သီးကြွေကျသံကြောင့် အိပ်ပျော်ရာမှ လန့်နိုးခြင်းနှင့် တူသည်။ ရူပါရုံကို စက္ခုဝိညာဏ်၏ မြင်ခြင်းသည် မျက်စိဖွင့်၍ ကြည့်ရှုခြင်းနှင့် တူသည်။ အာရုံကို သမ္ပဋိစ္ဆိုန်းက ခံယူခြင်းသည် သရက်သီးကို ကောက်ယူခြင်းနှင့် တူသည်။ အာရုံကို ၀ုဋ္ဌောက ပိုင်းခြားမှတ်သားခြင်းသည် သရက်သီးကို နမ်းရှူခြင်းနှင့် တူသည်။ အာရုံဟူသော အရသာကို ဇော၏ ခံစားခြင်းသည် သရက်သီးကို စားနေခြင်းနှင့် တူသည်။ တဒါရုံစိတ်၏ ဇောနောက်လိုက်ကာ ဇောအာရုံကို ယူခြင်းသည် သရက်သီးကို မျိုချလိုက်ခြင်းနှင့် တူသည်။ တဖန် ဘ၀င်ကျခြင်းသည် သရက်ပင်ရင်း၌ ပြန်အိပ်ခြင်းနှင့် တူ၏။

ဤဥပမာဖြင့် ပဉ္စဒွါရာဝဇ္ဇန်း.. စက္ခုဝိညာဏ်.. သမ္ပဋိစ္ဆိုန်း.. သန္တီရဏ. ၀ုဋ္ဌောတို့သည် အာရုံ၏ အရသာကို မခံစားနိုင်ကြ၊ ဇောကသာ အာရုံ၏ အရသာကို ခံစားနိုင်သည်ဟူသော အနက်အဓိပ္ပါယ်ကို သိစေသည်။ ။


(အဋ္ဌသာလိနီ အဋ္ဌကထာ၊ စိတ္တုပ္ပါဒကဏ္ဍ၊ နှာ-၃၁၁-၂)

ကုသလကာရီ အဘိဓမ္မာ ပို့ချချက်

Sunday, May 3, 2015

From "The Sun My Heart"


ငြိမ်ငြိမ်လေး ထိုင်ပြီး တရားမှတ်နေတဲ့ အချိန်တစ်ခုတည်းမှာသာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် သတိကပ်ပြီး နေလို့ရတာမျိုး မဟုတ်ပါဘူး။ မတ်တပ်ရပ်နေတဲ့အချိန်၊ လှဲလျောင်းနေတဲ့အချိန်၊ လမ်းလျှောက်နေတဲ့အချိန် နှင့် အလုပ်လုပ်နေရတဲ့ အချိန်တွေမှာတောင် စိတ်ကို ငြိမ်းချမ်းအောင်ထားထားလို့ရပါတယ်။ ဘယ်လိုအရာကများ သတိဆိုတဲ့ အလင်းနေရောင်ခြည်ကို လမ်းလျှောက်နေတဲ့အချိန်၊ လက်ဖက်ရည်၊ ကော်ဖီ ဖျော်နေတဲ့အချိန်၊ အ၀တ်လျှော်နေတဲ့အချိန်မျိုးတွေမှာ ၀င်လာလို့မရအောင် တားထားနိုင်မှာလဲ။

ဘုန်းကြီးကျောင်းမှာ ကိုရင်အဖြစ်နှင့် စရောက်တဲ့ အချိန်တွေတုန်းက ဥယျဉ်ထဲက အပင်တွေကို ပေါင်းသင်ရတာ၊ ကန်ပတ်လည်တစ်လျှောက် သစ်ပင်ပေါ်က သစ်ရွက်တွေကို သပ်ရပ်အောင်လို့ ဖြတ်ရတာ၊ မီးဖိုချောင်ထဲက ပန်းကန်တွေကို ဆေးရတာ စတဲ့ လုပ်ဆောင်မှုတိုင်းမှာ သတိနှင့် လုပ်တတ်ဖို့ကို လေ့ကျင့်ခဲ့ရပါတယ်။ နေ့စဉ်သတိနှင့်လုပ်ဆောင်တတ်ဖို့ ပြဋ္ဌာန်းထားတဲ့ သင်ရိုးစာအုပ်လေးအတိုင်း လေ့ကျင့်ခဲ့ရတယ်။ ဒီစာအုပ်လေးက ညွှန်ကြားတဲ့အတိုင်း လှုပ်ရှားမှုတိုင်းမှာ သတိလိုက်ကပ်ပေးရတယ်။ အိပ်ယာက နိုးနိုးချင်း နိုးပြီဆိုတာကို သိပေးရတယ်။ အင်္ကျီကို ကြယ်သီးတပ်နေတဲ့အချိန်မှာဆိုရင် ကြယ်သီးတပ်နေတာကို သိနေရတယ်။ လက်တွေကို သန့်ရှင်းအောင် ဆေးကြောနေချိန်မှာလည်း လက်ဆေးနေတာလေးကို သိနေရတယ်။ ဒီလို လက်ဆေးနေတဲ့အချိန်၊ ကြယ်သီးတပ်နေတဲ့အချိန်တွေမှာ သတိပိုခိုင်မြဲအောင်လို့ သင်ရိုးစာအုပ်လေးထဲမှာပါတဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းနှင့် သက်ဆိုင်တဲ့ လင်္ကာအတိုလေးတွေကို လိုက်ပြီး ပါးစပ်ကနေ ရွတ်ဆိုပေးရတယ်။

ဥပမာအနေနှင့် အင်္ကျီကြယ်သီးတပ်နေတဲ့အချိန်မှာ ဒီကဗျာလေးကို ရွတ်ရတယ်။

အင်္ကျီကြယ်သီး တပ်နေချိန်
အားလုံး သတ္တ၀ါတွေ
စိတ်နှလုံး နွေးထွေးလုံခြုံ ရှိကြစေ။

ဒီလို ကဗျာလင်္ကာလေးတွေရဲ့  အကူအညီနှင့်ပဲ သတိအလင်းရောင်ဟာ ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုတွေမှာသာမကပဲ အတွေးတွေနှင့် စိတ်ခံစားမှုတွေအပေါ်မှာပါ လွယ်လွယ်ကူကူနှင့် ဖြာကျလာစေခဲ့ပါတယ်။

ငယ်ငယ်တုန်းက အမေက အမတွေကို မိန်းခလေးဆိုတာ သွားလာလှုပ်ရှားမှုတိုင်းမှာ သတိထားပြီး လုပ်ရမယ်လို့ ဆုံးမတာမျိုးကို ခဏခဏကြားရတတ်တယ်။ ဒီလို အမေက အမတွေကို ဆုံးမတဲ့အခါမျိုးမှာ ငါတော့ယောကျာ်းလေးဖြစ်နေလို့ သူတို့တွေလိုမျိုး သတိထားနေစရာမလိုဘူးလို့ တွေးပြီး ၀မ်းသာခဲ့ရဖူးတယ်။ ဒါပေမယ့် တရားကို စပြီး အားထုတ်တတ်တဲ့ အချိန်ရောက်လာတော့မှ ကိုယ့်ရဲ့  လှုပ်ရှားမှုတွေအပေါ်မှာ ထားရတဲ့သတိဟာ အမတွေ ထားခဲ့ရတဲ့ သတိထက် အဆရာထောင်မက ပိုပြီး ပေးရတယ်ဆိုတာကို သဘောပေါက်ခဲ့ရတော့တယ်။ လှုပ်ရှားမှုတွေမှာသာ မကပါဘူး၊ ကိုယ့်ရဲ့  အတွေးတွေနှင့် ခံစားမှုတွေ အပေါ်မှာပါ သတိက လိုက်ပြီး ထားပေးရပါတယ်။

လှုပ်ရှားမှုတိုင်းမှာ သတိလေးနှင့် လုပ်နေတဲ့ မိန်းခလေးတစ်ယောက်ဟာ ပိုပြီး ဣနြေ္ဒရလာတယ်၊ကျက်သရေရှိလာတယ် ဆိုတာကို အမေတွေက သိထားကြတယ်။ သူ့ရဲ့  လှုပ်ရှာမှုတွေဟာ ဟော့ဟော့ရမ်းရမ်း မဖြစ်တော့ဘူး၊ ပြာရိပြာယာမဖြစ်တော့ဘူး။ ဒီမိန်းခလေးဟာ သိမ်မွေ့ အေးချမ်းပြီး ကျက်သရေရှိလာတော့တယ်။ တကယ်တော့ အဲဒီအချိန်တွေတုန်းက အမေဟာ သတိမထားမိပဲ အမတွေကို တရားအားထုတ်နည်းစနစ်ကို သင်ကြားပေးနေခဲ့တာသာ ဖြစ်ပါတယ်။

ဒီနည်းအတိုင်းပါပဲ။ တစုံတစ်ယောက်ဟာ သတိနှင့် နေထိုင်တဲ့နည်းစနစ်ကို လေ့ကျင့်နေပြီဆိုရင် သူ့ကိုမြင်ရကြည့်ရတာဟာ အလွန်ကိုပဲ ကျက်သရေရှိလှပါတယ်။ တရားပြဆရာလုပ်သူအနေနှင့် မိမိတပည့်ရဲ့  တရားအဆင့်ကို သိဖို့အတွက်ဆိုရင် သူ ဘယ်လို ခေါင်းလောင်းထိုးနေသလဲ၊ တံမြက်စည်းကို ဘယ်လိုလှည်းနေသလဲ၊ စားသောက်ဖို့အတွက် စားပွဲဘယ်လိုပြင်ဆင်နေသလဲဆိုတာမျိုးတွေကို ကြည့်ပြီး ခန့်မှန်းသိရှိနိုင်ပါတယ်။ ဒီလှုပ်ရှားမှုပုံစံတွေဟာ သတိကိုလေ့ကျင့်ပျိုးထောင်ရာကနေ ထွက်ပေါ်လာတဲ့ သူ့ရဲ့  တရားရင့်ကျက်မှု အခြေအနေ (သို့မဟုတ်) သတိနှင့် နေထိုင်ခြင်းရဲ့  အသီးအပွင့်အနှစ်အရသာပဲဖြစ်ပါတယ်။

Thich Nhat Hanh
(From "The Sun My Heart")

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ


သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင် ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည် သာသနာပြုဖို့ရန် အလွန်စိတ် ၀င်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု
အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌ဝတ်ဆင် ထားသော ရတနာများကို ချွတ် ပြီး လှူတတ်ကြ၏။ သာသနာပြုလိုလျှင်၊ သာသနာပြု ပုဂ္ဂိုလ်များကို တကယ် လှူဒါန်းလိုလျှင် သာသနာ၏ အဓိပ္ပါယ်ကို ဦးစွာသိရမည် ဖြစ်၏။

သာသနာဟူသည်-- အဆုံးအမပင် ဖြစ်၏။ မည်သူ၏ အဆုံးအမနည်းဟု ဆိုလျှင် ဗုဒ္ဓ၏ အဆုံးအမပင် ဖြစ်၏။ ဗုဒ္ဓက မည်ကဲ့သို့ ဆုံးမခဲ့သနည်း။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး မိမိသန္တာန်မှာ ဦးစွာတည်အောင် ကြိုးစားဖို့ ဆုံးမ၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကြရ၏။ ဤသည်မှာ မိမိသန္တာန်ကို ဦးစွာသာသနာပြုခြင်း မည်၏။

မိမိသန္တာန်တွင် သာသနာသုံးရပ် တည်ပြီးလျှင် သူတစ်ပါး သန္တာန်တွင် သာသနာသုံးရပ် တည်အောင် စာသင်တိုက်များ ဖွင့်လှစ်၍ စာပေများကို ပို့ချသင်ကြားပေးခြင်း၊ ရိပ်သာများ တည်ထောင်ပေး၍ တရားဓမ္မများ ဟောပြောပြသခြင်းများသည် သူတစ်ပါး သန္တာန်၌ သာသနာ ပြုခြင်းပင် ဖြစ်၏။

ထို့ကြောင့် တကယ်သာသနာပြုနေသူများသည် စာချဆရာတော်များ၊ တရားပြ ဆရာ တော်များပင် ဖြစ်၏။ သို့သော် ဗုဒ္ဓဘာသာ အများစုကား ဘုရားတည်သော ဘိုးတော်၊ ဘွား တော်၊ မယ်တော်၊ ဂိုဏ်းဆရာနှင့် တောထွက် ရဟန်းတော် အချို့ကိုသာ သာသနာပြု ပုဂ္ဂိုလ် များဟု ထင်မြင်နေကြ၏။ ထင်ရခြင်း၏ အကြောင်းမှာဘုရားတည်သော သူများက “သာသနာ ပြု ” ဟူသော ဆိုင်းဘုတ်ကို ကြီးကျယ်စွာ ထောင်နေကြသောကြောင့် ဖြစ်၏။

အမှန်အားဖြင့် ဘုရားတည်ခြင်းကို သာသနာပြုခြင်းဟု မခေါ်နိုင်ပေ။ ဒါနပြုခြင်းဟုသာ ခေါ်ဆိုနိုင်၏။ ထိုကဲ့သို့ သာသနာပြုခြင်း၏ အဓိပ္ပါယ်ကို သေချာမသိခြင်းကြောင့် ဒကာ၊ ဒကာမ များသည် ဘုရားတည်သော ဘုန်းကြီးများကိုသာ အဓိကထား လှူဒါန်းကြ၏။ စာသင်တိုက်နှင့် တရားပြ ဆရာတော်များကို ပစ်ထားကြသောကြောင့် ထိုမြို့၊ ထိုရွာ၌ စာသင်တိုက်များနှင့် တရားပြစခန်းများ တည်တန့်ဖို့အတွက်၊ သာသနာတော် အဓွန့်ရှည်ရေးအတွက် အားလုံးသော တရားချစ်ခင် သူတော်စင်တို့သည် ၀ိုင်းဝန်းကြိုးပမ်း လှူဒါန်းကြပြီး နိဗ္ဗာန်ချမ်းသာ ရတဲ့အထိ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။

{အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ) ၏ မေတ္တာဖြင့် စီးပွါးရှာခြင်းမှ ကောက်နုတ်ဖေါ်ပြပါသည်}

(အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)

သဒ္ဓါအစစ် နှင့် သဒ္ဓါအတု


သဒ္ဓါ။ ဘုရား စသည်တို့၌ (ဟုတ်လေသလား-မဟုတ်ဘဲများ ရှိလေရော့သလား)ဟု ယုံမှားသံသယမရှိ၊ အမှန်ဟုတ်၏ဟု ယုံမှု၊ စိတ်ချလက်ချရှိမှုကို သဒ္ဓါဟု ဆိုသည်။

သဒ္ဓါအတု။ ယခုကာလ၌ကား "ဘုရား တန်ခိုးပြသည်၊ ရောင်ခြည်တော်လွှတ်သည်၊ ဘုရားဓာတ်တော်အစစ်" စသည်ဖြင့် လိမ်လည်လှည့်ပတ်၍ ပြောအပ်သည်ကို တကယ်အစစ်ထင်မှတ်၍ "သဒ္ဓါတရား ဖြစ်ကြသည်"ဟု ဆို၏။ ထိုသို့ဖြစ်ရာ၌ သဒ္ဓါအစစ် မဟုတ်နိုင်။ "မှားမှားမှန်မှန် ယုံကြည်တိုင်း သဒ္ဓါတရား"ဟုဆိုလျှင် မိစ္ဆာအယူရှိသူတို့လည်း မိမိတို့ ဘုရားတရားကို လွန်စွာကျေနပ်ကြ၏။ မိမိတို့ဆိုင်ရာ ကိုးကွယ်ရာတွင် လွန်စွာကြည်ညိုကြခြင်းသည် သဒ္ဓါအစစ်မဟုတ်၊ "မိစ္ဆာဓိမောက္ခ" ခေါ် သဒ္ဓါအတုသာ ဖြစ်သည်။ တရားကိုယ်အားဖြင့် မောဟဒိဋ္ဌိတစ်ပါးပါး ပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်များသာ လျော်စွာဖြစ်ရသည်။

ကာဠနဂါးမင်းက ဘုရားရှင်ရုပ်ပုံတော်ဟန် ဖန်ဆင်းပြရာ၌ ဓမ္မသောကမင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုးကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်၏ ဆင်းတုတော်၊ ဓာတ်တော်၊ စွယ်တော်တုများ၌ "အတုသည်ပင် ဤမျှသပ္ပါယ်တင့်တယ်တော် မူသေး၏"ဟု အောက်မေ့ကာ လွန်စွာ ကြည်ညိုသောအရာ၌ကား သဒ္ဓါအစစ်ပင် ဖြစ်ဘွယ်ရှိသည်။ ။

ကုသလကာရီ အဘိဓမ္မာပို့ချချက် စာအုပ်မှ ကောက်နုတ်ရေးသားပါသည်။