Sunday, May 3, 2015

သဒ္ဓါအစစ် နှင့် သဒ္ဓါအတု


သဒ္ဓါ။ ဘုရား စသည်တို့၌ (ဟုတ်လေသလား-မဟုတ်ဘဲများ ရှိလေရော့သလား)ဟု ယုံမှားသံသယမရှိ၊ အမှန်ဟုတ်၏ဟု ယုံမှု၊ စိတ်ချလက်ချရှိမှုကို သဒ္ဓါဟု ဆိုသည်။

သဒ္ဓါအတု။ ယခုကာလ၌ကား "ဘုရား တန်ခိုးပြသည်၊ ရောင်ခြည်တော်လွှတ်သည်၊ ဘုရားဓာတ်တော်အစစ်" စသည်ဖြင့် လိမ်လည်လှည့်ပတ်၍ ပြောအပ်သည်ကို တကယ်အစစ်ထင်မှတ်၍ "သဒ္ဓါတရား ဖြစ်ကြသည်"ဟု ဆို၏။ ထိုသို့ဖြစ်ရာ၌ သဒ္ဓါအစစ် မဟုတ်နိုင်။ "မှားမှားမှန်မှန် ယုံကြည်တိုင်း သဒ္ဓါတရား"ဟုဆိုလျှင် မိစ္ဆာအယူရှိသူတို့လည်း မိမိတို့ ဘုရားတရားကို လွန်စွာကျေနပ်ကြ၏။ မိမိတို့ဆိုင်ရာ ကိုးကွယ်ရာတွင် လွန်စွာကြည်ညိုကြခြင်းသည် သဒ္ဓါအစစ်မဟုတ်၊ "မိစ္ဆာဓိမောက္ခ" ခေါ် သဒ္ဓါအတုသာ ဖြစ်သည်။ တရားကိုယ်အားဖြင့် မောဟဒိဋ္ဌိတစ်ပါးပါး ပြဋ္ဌာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်များသာ လျော်စွာဖြစ်ရသည်။

ကာဠနဂါးမင်းက ဘုရားရှင်ရုပ်ပုံတော်ဟန် ဖန်ဆင်းပြရာ၌ ဓမ္မသောကမင်း၏ လွန်စွာကြည်ညိုသော သဒ္ဓါမျိုးကဲ့သို့ ဘုရားရှင်ကိုယ်တော်မြတ်၏ ဆင်းတုတော်၊ ဓာတ်တော်၊ စွယ်တော်တုများ၌ "အတုသည်ပင် ဤမျှသပ္ပါယ်တင့်တယ်တော် မူသေး၏"ဟု အောက်မေ့ကာ လွန်စွာ ကြည်ညိုသောအရာ၌ကား သဒ္ဓါအစစ်ပင် ဖြစ်ဘွယ်ရှိသည်။ ။

ကုသလကာရီ အဘိဓမ္မာပို့ချချက် စာအုပ်မှ ကောက်နုတ်ရေးသားပါသည်။

No comments:

Post a Comment