Saturday, January 24, 2015

ဥပုသ်သည်နဲ့ နတ်ပြည်


တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။ အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို

အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။

သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။

အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို  ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို
စုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။

အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွှဲံ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်း
အဖေလား ယောက်ျားလားလို့ စပ်စပ်စုစု မေးကြသတဲ့။

မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက

အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့လို့ တစ်ယောက်တစ်ပေါက် အတင်း
ပြောကြသတဲ့။

အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက 

ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလားလို့ မကြားတကြား သရော်ကြသတဲ့။

အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာ
ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက
အဖွားအိုနားကိုသွားပြီး 

အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက

ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါလို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်
ကြည့်လိုက်ပြီး သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့
သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ်လို့ ဆုံးမစကားပြောပါတယ်။

အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။ နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့
များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ  နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲလို့ နတ်သမီးလေးကို ပြောပြပါတယ်။

ဒီပုံပြင်ကလေးက ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။

ဒီပုံပြင်ကလေးကိုဖတ်ပြီး ဒါအများစုဖြစ်နေကျ ထုံးစံပါပဲလို့ ပေါ့ပေါ့လေးတွေးလို့ ရနိုင်ပေမယ့် မိမိတို့ရဲ့တရားဓမ္မ ကျင့်စဉ်သိက္ခာတွေကို အလေးဂရုမပြု။ ပေါ့တီးပေါ့ဆ မရိုမသေပြုမှုခြင်းဟာ ဘာသာ သာသနာ ကွယ်ပျောက်ကြောင်းဖြစ်လို့ အထူးသတိပြုကြရမှာပါ။

ပိဋကတ်စာပေမှာတော့ အပေါ်ယံ အသွင်သဏ္ဍာန်မျှသာဖြစ်ပြီး အနှစ်သာရမပါတဲ့ ဥပုသ်မျိုးကို ဂေါပါလဥပုသ် (နွားကျောင်းသား ဥပုသ်) အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝသော ဥပုသ်မျိုးကို အရိယ
ဥပုသ်(မြင့်မြတ်သော ဥပုသ်)လို့ ခေါ်ဆိုသတ်မှတ်ပါတယ်။

အနှစ်သာရပြည့်ဝတဲ့ အရိယဥပုသ်တစ်ရက်စောင့်ရတဲ့ အကျိုးဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကို အုပ်စိုးရတဲ့ မင်း မိဖုရားအဖြစ်မျိုးထက် ကြီးကျယ်ခန်းနားကြောင်း ဘုရားရှင်ကိုယ်တော်တိုင် ဟောမိန့်တော်မူထားပါတယ်။

တကယ်တမ်းပြောရရင် ဥပုသ်စောင့်တယ်ဆိုတာ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာအရှင်မြတ်တွေရဲ့ မြင့်မြတ်လှတဲ့ဘ၀ကို အတုယူအားကျပြီး တဒင်္ဂခဏ၊ တစ်စိတ်တစ်ဒေသ ၀င်စားကြည့်တာပါ။ အထက်တန်းကျ မြင့်မြတ်သူတွေရဲ့ အသက်ရှင်နေထိုင်ပုံမျိုးကို တစ်ရက်တာမျှ အတုခိုးကျင့်ကြံတာမျိုးပါ။ ဒီအချက်တွေကို ထောက်ဆကြည့်ရင့် ဥပုသ်စောင့်တယ်ဆိုတာ ဘယ်လောက် အထက်တန်းကျ မြင့်မြတ်လှတယ်ဆိုတာ ဆင်ခြင်ဥာဏ်ရှိသူတိုင်း သိကြမှာပါ။

ဒါကြောင့် လောက ဓမ္မနှစ်ဖက်လှပြီး အစဉ်အလာကောင်းတဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တစ်ခု အလွယ်တကူ မတိမ်ကော မကွယ်ပျောက်ရအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ဟာ လူမျိုးဘာသာ သာသနာတော် အဆင့်အတန်းမြင့်မားရေးကို
လိုလားကြတဲ့ ဥပုသ်သည်တိုင်းရဲ့သမိုင်းပေး တာဝန်ဖြစ်ကြောင်း သတိပေးပြောကြားလိုပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊
၂၀၀၂ခုနှစ်၊ သြဂုတ်လ

Sunday, January 18, 2015

မာန၏ အထင်


{{{ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ }}}

မာနမညနာ တဲ့
ဘဝတစ်ခု ရလာပြီဆိုရင် လူတွေရဲ့သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး။ သိလည်း မသိကြဘူး။

ဘဝရလာတာနဲ့ လူတိုင်းလူတိုင်းဟာ နိစ္စထာဝရ မသေတော့မယ့်ပုံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာ မရှိဘူး။

ဘုန်းကြီးတို့ တစ်ခါတစ်ခါ မြင်မိတယ်။ ကြက်ကလေးတွေ ဖမ်းပြီးခြင်းတောင်းထဲ ထည့်ထားတယ်။ အဲဒီကြက်ကလေးတွေဟာ
ခြင်းတောင်းထဲကနေပြီး တွန်နေကြတယ်။ တစ်ကောင်နဲ့တစ်ကောင် ဆိတ်ကြတယ်။

ကြည့်လိုက်တဲ့အခါ သူတို့မှာ စိတ်ညစ်နေတဲ့ပုံ မရှိဘူး။ ပျော်နေကြတဲ့ပုံပဲရှိတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာ `` တို့ သေရတော့မှာပဲ ´´ ဆိုတဲ့ အတွေးမရှိလို့ပဲ။

ဒီခြင်းတောင်းထဲ ရောက်လာတာကို ဘာကြောင့်ရောက်တယ်။ ငါတို့မကြာခင် ဘာဖြစ်မယ် ဆိုတဲ့ အသိစိတ်က မရှိဘူး။
ရလာတဲ့အချိန်ပိုင်းလေးမှာ ပျော်ဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်။

အဲဒီလိုပဲ ပုထုဇဉ် သတ္တဝါတွေ ဘဝတစ်ခု ရလာရင် ဒီဘဝကြီးဟာ နိစ္စထာဝရလို့ အောက်မေ့လာတယ်။

စည်းစိမ်ချမ်းသာတွေ ရလာလို့ရှိရင်လည်း ထာဝရစည်းစိမ်ကြီးလို့ သတ်မှတ်လာကြတယ်။ လူတွေက ရာထူးဌာနန္တရ ရလာလို့ရှိရင်လည်း
ထာဝရကြီးလို့ ဒီလိုထင်ကြတယ်ပေါ့။

အဲဒီလိုအထင်တွေ ရောက်လာတဲ့အခါကျတော့ မာနဆိုတဲ့ အထင်အမြင်တွေ ဝင်လာတယ်။ အထင်မှားမှုတွေ ဝင်လာတယ်။

( ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ - အထင်မှား
အမြင်မှား တရားတော်မှ ထုတ်နှုတ်ပူဇော်ပါသည် ။ )

ပေါက်ပေါက်ရှာရှာမေးခွန်း


ဒကာ။ ။ ဒါထက် ပေါက်ပေါက်ရှာရှာမေးတတ်ရန်ကော ဆိုလို့ ပေါက်ပေါက်ရှာရှာထဲကပဲ မေးစရာတစ်ခု သတိရလာပြန်ပါပြီဘုရား။ မေးဖို့ ခွင့်ပြုတော်မူပါဘုရား။

ဆရာ။ ။ မသိမေး အဖြေရ။ မစင်ဆေး မပေရပေါ့ကွ။ မင်းစိတ်ထဲ သံသယရှိနေတာကိုမေးနိုင်ပါတယ်။ မေးစမ်းကွာ။

ဒကာ။ ။ မှန်ပါ့။ ဟန်ကျလိုက်တာဘုရား။
တပည့်တော်ကလည်း မစင်ကိုမေးမှာမို့အံကိုက်ပဲ။
ပေါက်ပေါက်ရှာရှာလို့ ဆိုချင်ရင်ဆိုနိုင်ပါတယ်။

ယောဂီတွေဟာ ကျင်ကြီးကျင်ငယ် စွန်တဲ့အခါမှာလည်း ကမ္မဋ္ဌာန်းနဲ့မလွတ်အောင် ရှုမှတ်ပြီးတော့ စွန့်ရမယ်လို့ ဆိုကြပါတယ်။ ဒါတွင်မကသေးပါဘူး။ အဗြဟ္မစရိယာခေါ်တဲ့ ဟိုအမှုထဲမှာလည်း
ပြုကျင့်ဆဲခဏမှာတောင်မှ ရတနာသုံးပါးရဲ့ ဂုဏ်တော် ကျေးဇူးတော်များကို မမေ့ရဘူးတဲ့။ သားကောင်းရတနာများ ရတတ်တယ်လို့ အဘိုးတို့ပြောစကားကို ငယ်ငယ်တုန်းက ကြားဖူးတယ်။ ဒါတွေဟာ ဘုရားဟောတာ ဟုတ်မှန်ရဲ့လားဘုရား။

ဆရာ။ ။ အေး သတိပဋ္ဌာန်ပါဠိတော် ကာယာနုပဿနာ သမ္ပဇညပိုင်းမှာကျင်ကြီး ကျင်ငယ်စွန့်မှုနဲ့စပ်ပြီး ရှုမှတ်ဖို့ ဘုရားဟောတာ ဟုတ်မှန်ပါတယ်။ မင်းသိချင်ရင် ပါဠိရောအနက်ရောရေးမှတ်ထားဟေ့။

ဥစ္စာရ ပဿာဝ ကမ္မေ သမ္ပဇာနကာရီ ဟောတိ။
ဥစ္စာရ ပဿာဝ ကမ္မေ= ကျင်ကြီးကျင်ငယ်ကို စွန့်မှုကို ပြုတဲ့အခါတိုင်း။ သမ္ပဇာနကာရီ= သိမှတ်မှုကိုပြု၍ စွန့်၏တဲ့။

ကဲအဲဒါ ဗုဒ္ဓပါဝစန ဘုရားဟော အစစ်အမှန်ပါပဲဗျာ။ ဘာများစောဒက တက်ချင်သေးသလဲ။

ဒကာ ။ ။ ဒီလိုညစ်ညမ်းယုတ်ညံ့တဲ့ ကမ္မဋ္ဌာန်းနည်းတွေကို ဘယ်အတွက်ကြောင့်မြတ်စွာဘုရား ဟောကြားတော်မူပါသလဲဘုရား။ ၀ိပဿနာဘာဝနာတရားဆိုတာ အင်မတန်ဖြူစင်သန့်ရှင်း မြင့်မြတ်ခြင်းရှိတဲ့ တရားတွေ မဟုတ်ပါလား။

ဆရာ။ ။ ဟာ ၀ိပဿနာတရားအလုပ်ဆိုတာ ယုတ်ညံ့တာတွေ မြင့်မြတ်တာတွေရွေးချယ် စိစစ်နေရတာမျိုးမဟုတ်ဘူးကွ။ ကိုယ်ကာယနဲ့စပ်ပြီး ထင်ရှားဖြစ်ပေါ်လာသမျှ ရုပ်နာမ်ဓမ္မတို့ရဲ့ အမှုအရာသဘောလက္ခဏာတွေကို မိမိစိတ်ထဲက ခိုင်မြဲတယ်။ ချမ်းသာတယ်။ ငါစိုးငါပိုင်အဖြစ်ရှိတယ်။ ကောင်းစားတယ်
တင့်တယ်နေတယ်ဟု စွဲလမ်းထင်မြင်ယူဆကာ ဇိမ်ရှိရှိနဲ့သာယာ၊ သာယာပြီးတော့နေတတ်တယ်။ သက္ကာယစွဲ၊ တဏှာစွဲ၊ မာနစွဲ၊
ဒိဋ္ဌိစွဲတွေ ဖြစ်ဖြစ်နေတတ်တယ်ကွ။

ဒကာ။ ။ သြော် ဒီလိုပြုလုပ်ဖြစ်ပေါ်သမျှ အမှုအရာတွေကို မခိုင်မြဲမှု၊ ဆင်းရဲမှု၊ မတင့်တယ်မှု၊ မသာယာမှုတွေနဲ့ လိုက်မှတ်နေရမှာလား။ တပည့်တော်တို့ကတော့ အကောင်းဘက်ကချည်း ရှုမှတ်သာယာနေတတ်ကြတာ။ ဒါမှလည်း ဇိမ်ရှိမှာကိုဘုရား။

ဆရာ။ ။ အေး အဲသည်လို နိစ္စ၊ သုခ၊ အတ္တ၊ သုဘဆိုတဲ့ အမှားစွဲ၊ အမှားမှတ်၊ အမှားဇိမ်ရှိဟူသမျှတွေကို မမြဲမှု အနိစ္စ၊ ဆင်းရဲမှု ဒုက္ခ၊ ငါစိုးငါပိုင်စရာ ဘာတစ်ခုမျှ မရှိ အနတ္တ၊ မတင့်မတယ်ရွံစဖွယ်တွေသာ
ဖြစ်၍ အသုဘ၊ စိုးရိမ်ပူပန်မှု စိတ်မအေးစရာတွေ ဗရပွေဖြစ်နေသောကြောင့် ဇိမ်မရှိမှု၊ သောကစတဲ့ အမှန်ကြံ အမှန်သိ၊ အမှန်စွဲ တရားထဲရောက်စေလိုတဲ့အတွက်ကြောင့်
မြတ်စွာဘုရားက
ဥစ္စာရ ပဿာဝ ကမ္မေ သမ္ပဇာနကာရီ ဟောတိ။ ဥစ္စာရ ပဿာဝ ကမ္မေ၊ ကျင်ကြီး ကျင်ငယ်စွန့်တိုင်းစွန့်တိုင်း သမ္ပဇာနကာရီ ဟောတိ၊ ၀ိပဿနာဉာဏ်အမြင်ဖြင့်ရှုမှတ် ဆင်ခြင်သိမှတ်လျက်သာ ပြုရမည်လို့ ဟောကြားတော်မူခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ရှေးဆရာတော်ကြီးတွေက မင်းတို့ တစ်သက်လုံးပြုခဲ့တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်တွေဟာ တို့ ချေးတစ်ခါယိုမျှတောင်ဖြစ်တဲ့
ဝိပဿနာကုသိုလ်ကိုတောင် မမှီသေးပါဘူးကွလို့ ဆိုရိုးရှိတယ်ကွ။

ဒကာ။ ။ မှန်ပါ။ ဒီပါဠိတော်စကားအရတော့ တပည့်တော် နားလည်ပါပြီ။ ကျေးဇူးတင်လိုက်တာဘုရား။ ခုမှပဲ တန်ဖိုးရှိမှန်း သိရတော့တယ်။

နို့ အဗြဟ္မစရိယဆိုတဲ့ ဟိုအမှုမျိုး ပြုလုပ်တဲ့အခါမှာတောင် ရတနာသုံးပါးကို အောက်မေ့ရမယ်ဆိုတဲ့ ပါဠိတော်ကလေးကိုတော့
ထုတ်မပေးတော့ဘူးလားဘုရား။

ဆရာ ။ ။ ဟ ဒီစကားကို တို့များငယ်ငယ်တုန်းကလည်း ကြားဖူးတာပဲကွ။ ဒါပေမယ့် ပိဋကတ်တော်ထဲမှာပါတယ်လို့တော့ သတိ
မထားမိပါဘူးကွာ။ သည်လိုတိုက်ရိုက်ကြီးတော့လည်း ပါမယ်မထင်ပါဘူး။

ဒကာ ။ ။ ဒါဖြင့် ဘုရားဟော မဟုတ်မမှန်တာကို ရှေးလူကြီးတွေဟာ လုပ်ကြံပြီးပြောခဲ့တာလို့ မှတ်ရမှာပေါ့။ သည်လိုဆိုရင် အပြစ်မရှိဘူးလား ဘုရား။

ဆရာ ။ ။ အား ရတနာသုံးပါးရဲ့ဂုဏ်တော် ကျေးဇူးတော်များဆိုတာ ဘယ်အခါမှာမဆို အစဉ်အမြဲအောက်မေ့တသ အမှတ်ရစရာ
တရားမျိုးတွေဖြစ်နေတာက တစ်ကြောင်း၊ နောက်တစ်ကြောင်းက
ကမ္မဋ္ဌာန ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ။
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း လုပ်ငန်းမျိုးနဲ့ လွတ်တဲ့တရားမည်သည် မရှိလို့ ဆိုထားပြန်တော့ လုပ်ကြံပြီးပြောတာဖြစ်စေကာမူ ဘုရားဟောနဲ့ ကိုက်ညီနေလို့ မဟုတ်မမှန်ဘူးလို့တော့ မဆိုနိုင်ပါဘူး။ ဘယ်နေရာမှာမဆို အောက်မေ့ပွားများ သတိထားမှု ပြုနိုင်ပါတယ်။ အပြစ်လည်းမရှိပါဘူး။ ကောင်းကျိုးချမ်းသာကိုရမှာတော့ သေချာပါတယ်။ အင်း မင်းပဲ ကတ်သီးကပ်သတ် ရှာရှာဖွေဖွေတွေ မေးတတ်ပလေတယ်ကွာ။

အမေးအဖြေကဏ္ဍ
စွန်းလွန်းဝိပဿနာအမေးအဖြေကျမ်းနှင့်
ယောဂီအခြေခံကျင့်စဉ်ကျမ်း

သုတေသနသရုပ်ပြကျမ်းပြုဆရာတော်
အရှင်သြဘာသာဘိဝံသ

Monday, January 5, 2015

ကိုးကွယ်ရာ သန့်ရှင်းမှု


ကိုးကွယ်ရာအမှားသည် အမှားတကာတို့တွင် အဆိုးဆုံးဖြစ်ပါသည်။ ကိုးကွယ်ရာ ယုံကြည်ရာ မှားယွင်းလျှင် တစ်ဘ၀မျှသာမဟုတ်။ တစ်သံသရာလုံး စုန်းစုန်းနစ်တတ်ပါသည်။

မိမိ၏စေတနာကိုယုံကြည်သူ မိမိ၏ ကိုယ်ကျင့်တရားကို ယုံကြည်သူ မိမိ၏ဉာဏ် မိမိ၏ လုံ့လ၀ီရိယကို အားကိုးသူ၊ မိစ္ဆာအာဇိဝနည်းဖြင့် စီးပွားမရှာသူ၊ လောင်းကစားမှုမပြုသူ၊ ဖြတ်လမ်းက
ကြီးပွားချမ်းသာချင်သော ၀ိသမလောဘ ကင်းစင်သူတို့သည် ရတနာမြတ်သုံးပါး သန့်သန့်ကိုသာ ကိုးကွယ်ပါသည်။ ထိုသို့သော ဘိုးတော်ဘွားတော် တန်ခိုးရှင်သိဒ္ဓိရှင်တို့ထံ သွားရောက်လေ့မရှိ။
ဝပ်တွားခယလေ့မရှိ။ တိုးလျှိုးတောင်းပန်လေ့ မရှိ။

အမှားတစ်ခုကြောင့် အဆင်မပြေမှုတစ်ခု ကြုံရသည့်အခါ ယင်းအဆင်မပြေမှုပြေလည်စိမ့်သောငှါ နတ်ကတော်ဘိုးတော်တို့ထံ ချဉ်းကပ်ပြီး သူတို့စေခိုင်းသည့်အတိုင်း လိုက်လုပ်ခြင်းသည် အမှားတစ်ခုအပေါ် နောက်အမှားတစ်ခု ထပ်ဆင့်လိုက်ခြင်းသာ ဖြစ်ပါ၏။ မောဟအပေါ် မောဟထပ်ဆင့်ခြင်း ဖြစ်သောကြောင့် တစ်ဘ၀တာအတွက်သာမက သံသရာတစ်ခွင်ပါ နစ်မွမ်းစေနိုင်ပါ၏။

ရိုးရာဟုဆိုတိုင်း မဆင်မခြင် လိုက်နာဆောက်ရွက်နေခြင်းမှာ ဦးဏှောက်အကျဉ်းကျခြင်း၏ သွင်ပြင်လက္ခဏာ ဖြစ်ပါသည်။ ထေရ၀ါဒ အသိအမြင် ပွင့်လင်းမရှိသေးသော ရှေးခေတ်လူသားတို့၏
ရိုးရာကိုးကွယ်မှု ဆိုသည်များမှာ ဆက်ခံစရာ မလိုအပ်ပါ။

ဥပါသကာဒွန်းစဏ္ဍားမဖြစ်လိုသော် ၃၇ မင်းနတ်၊ အိမ်တွင်း မင်းမဟာဂီရိ၊ ရေငန်ဦးရှင်ကြီး ဒေသဆိုင်ရာနတ်နှင့်ဝိဇ္ဇာ၊ ဇော်ဂျီ၊ ဘိုးတော်မယ်တော် ကိုးကွယ်မှုတို့ကို စွန့်လွှတ်ရပေမည်။ ကိုးကွယ်ရာ
မသန့်ရှင်းသေးသမျှ၊ သရဏဂုံမခိုင်မြဲလေသမျှ၊ ရတနာသုံးပါး သန့်သန့်ကိုသာ မကိုးကွယ်သေးသမျှ ဥပါသကာ ပဒုမ္မာ မဖြစ်နိုင်သေးပါ။

ထေရ၀ါဒဗုဒ္ဓစာပေများတွင် ဗြဟ္မာ၊ သိကြား နတ်တို့၏ အခန်းကဏ္ဍ ပါရှိပါသည်။ သို့သော် နတ်သိကြားဗြဟ္မာတို့၏ တည်ရှိမှုကို အသိ
အမှတ်ပြုရုံမျှသာဖြစ်ပါ၏။ မည်သည့်နတ် သိကြား ဗြဟ္မာတို့ကိုမျှ ကိုးကွယ်ရာအဖြစ် ထေရ၀ါဒ ပိဋကတ်တော်များတွင် ဖော်ပြမထားပါ။

ရတနာသုံးပါးမှအပဖြစ်သော ဖန်ဆင်းရှင်၊ တန်ခိုးရှင်များကို ကိုးကွယ်ခြင်း၊ ရှိခိုးဝတ်ပြုခြင်း၊ ဆုတောင်းဆုယူမှု ပြု ခြင်းများသည်
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များ၏ အမှုအရာအလေ့အကျင့်များ မဟုတ်ပါ။
မဟာယာနတို့က ကွမ်ယင်မယ်တော်၊ ဘိုးတော် အမ်းကုန်း စသည်တို့ကို ကိုးကွယ်၏။ ထေရ၀ါဒအနေဖြင့် ကွမ်ယင်မယ်တော်
အမ်းကုန်းဘိုးတော်တို့သည် ကိုးကွယ်ရာ မဟုတ်ပါ။

ဘုရားစကားကို တကယ်တမ်းနားထောင်သောသူ၊ ဘုရားရှင်ကို စစ်စစ်မှန်မှန် ကြည်ညိုသောသူသည် လောင်းကစားမှု မပြုတော့။ သမ္မာအာဇီဝနည်းဖြင့်သာ ငွေရှာ၏။ ရသမျှနှင့် တင်းတိမ်ရောင့်ရဲ၏။
သင့်သင့်လျောက်ပတ်သော နှလုံးသွင်း၏။ ထိုသို့သောသူများက ရတနာသုံးပါးကို လောဘကင်းကင်းနှင့် ဆည်းကပ်၏။
နှစ်လုံးသုံးလုံးပေါက်ဖို့ဟူသော လောဘ မပြဋ္ဌာန်း။ နှစ်လုံးပေါက်နိုး၊ သုံးလုံးပေါက်နိုးဖြင့် ဘုရားရုပ်ပွားတော်ရှေ့တွင် ပုတီးစိပ်၊
ဂါထာရွတ်ခြင်းမျိုးမပြု။ စစ်မှန်သော သဒ္ဓါဖြင့် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သောကြောင့် ထိုသူတို့၏ ကိုးကွယ်ခြင်းသည် မွန်မြတ်၏။ သန့်ရှင်း၏။

ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဗုဒ္ဓဘာသာဝင်များသည် ကိုးကွယ်ရာ သန့်ရှင်းခဲ့ပါ၏။ ထိုသူများသည် မကိုးကွယ်သင့် မကိုးကွယ်ထိုက်သူတို့ကို ကိုးကွယ်ခြင်းမပြုခဲ့။ မရှိခိုးသင့်၊ မရှိခိုးထိုက်သူတို့ကို ရှိခိုးခြင်းမပြုခဲ့။ ကိုးကွယ်ခံ ဂုဏ်ရည်များ အပြည့်အ၀လျှမ်းပ ထွန်းလက်နေသော ရတနာမြတ်သုံးပါး သန့်သန့်ကိုသာလျှင် ကိုးကွယ်ခဲ့ကြပါ၏။

တောကိုးကွယ်၊ တောင်ကိုးကွယ်၊ ဟိုဘိုးတော်ကိုးကွယ်၊ ဒီမယ်တော်ကိုးကွယ်၊ ဟိုပွဲထိုး၊ ဒီပွဲထိုးစသည်များသည် ကိုးကွယ်ရာတွေ ရှုပ်ထွေးနေခြင်း ဖြစ်ပါသည်။ အယူအမြင်တွေ ညစ်နွမ်းနေခြင်း ဖြစ်ပါသည်။

ရှုပ်ထွေးနေသော ကိုးကွယ်ရာများကို တွယ်ဖက်နေသေးသမျှ ကာလပတ်လုံး သမ္မာဒိဋ္ဌိမတည်နိုင်။ ထေရ၀ါဒစစ်စစ် မဖြစ်နိုင်ပါ။

သူရဿတီနတ်သမီးသည် ထေရ၀ါဒ ဗုဒ္ဓသာသနာနှင့် မည်သို့မျှ မပတ်သက်။ ထေရ၀ါဒ ပိဋကတ်တော်ထဲတွင် လုံးဝမပါ။
ပိဋကတ်သုံးပုံကို သူရဿတီနတ်သမီး စောင့်သည်ဟူသောအယူမှာ အစဉ်အလာ အမှားတစ်ခုသာ ဖြစ်ပါ၏။ ယင်းအစဉ်အလာအမှားကို လက်ခံသူ၊ ထိန်းသိမ်းသူ ဖြန့်ဖြူးသူများသည် ထေရ၀ါဒကို ကြည်ညိုသူများလော။ ဗြဟ္မဏ၀ါဒကို ကိုးကွယ်သူများလောဟူသည်ကို အသိဉာဏ်ရှိသူတိုင်း ဝေဖန်ဆုံးဖြတ်နိုင်ပါလိမ့်မည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဘယ်နတ်၊ ဘယ်ဘီလူး၊ ဘယ်နဂါးကိုမှ ရှိခိုးဦးချစရာ မလိုပေ။ ဘုရားစေတီ ပရိဝုဏ်များတွင် ဘီလူးရုပ်၊ နဂါးရုပ်တွေရှိနေခြင်မှာ သာမာန်အလှအပအနေမှအပ အနှစ်သာရရှိသော လုပ်ရပ်မဟုတ်ပါ။

ကျောက်ခေတ်၊ ကြေးခေတ်က လူသားများ တောကိုးကွယ်၊ တောင်ကိုးကွယ်စသည်ဖြင့် ကိုးကွယ်များခဲ့ မှားခဲ့ကြသည်မှာ
သဘာဝကျပါ၏။ ယနေ့ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ် ထွန်းလင်းတောက်ပနေချိန်တွင် ကိုးကွယ်ရာများနေ၊ မှားနေကြခြင်းမှာကား မဖြစ်သင့်မဖြစ်ထိုက်ပါချေ။

အသက်တစ်ထောင်ကျော် ၀ိဇ္ဇာဓိုရ်ဆိုသူ၏ ပုံတော်များကို ရောင်းစားသူ ၀ယ်ယူသူများကို တွေ့မြင်ရသည့်အခါ ကျေးဇူးတော်ရှင်
အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး၏ ကိုယ်ပိုင်ဉာဏ်မရှိရင် အလွန်ကောင်းတဲ့ ဗုဒ္ဓဘာသာမှာပဲ ဘာသာရေး မှိုင်းတိုက်ခံရမယ်ဟူသော သတိပေးချက်ကို အမှတ်မထင် သတိရမိပါ၏။

ဘာသာရေးစာပေများကို ဗုဒ္ဓဘာသာဝင် အများစုအနေဖြင့် ယခုထက်ပိုမို၍ ဖတ်ရှုလေ့လာဖို့ လိုအပ်ပါသည်။ အထူးသဖြင့်
ကျေးလက်နေ ဗုဒ္ဓဘာသာဝင်အများစုအနေဖြင့် ယခုထက်ပိုမို၍ ထေရ၀ါဒ ဗုဒ္ဓဓမ္မများကို လေ့လာဖတ်ရှုသင့်ပါပြီ။

အသေထွက် အရှင်ထွက်ဟူသော ဝေါဟာရများသည် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်နှင့် မည်သို့မျှ မပတ်သတ်။ ထေရ၀ါဒ ဗုဒ္ဓသာသနာဝင်များအနေဖြင့် အသေထွက် အရှင်ထွက် ပုဂ္ဂိုလ်များကို
ကိုးကွယ်ရန်မလို။ ထိုပုဂ္ဂိုလ်များကို ကိုးကွယ်ခြင်းသည် မှားယွင်းသော
ကိုးကွယ်ခြင်းသာ ဖြစ်ပါ၏။

မင်းနန်(မော်ကျွန်း)
ဓမ္မလမ်းညွှန် စာစုမွန်

" အော် … အေး "


တရားနယ်ပယ်မှာ ထင်ရှားကြော်ကြားလှတဲ့ ဆရာတော်ကြီး တစ်ပါး ရှိခဲ့ဘူးပါတယ်။ ဆရာတော် ဘုရားကြီးဟာ အနေရိုး အပြောရိုးလှတဲ့ အပြင် သီလ သမာဓိ ပညာ အကျင့်တွေ အားကောင်းလှတာမို့ ကြည်ညိုတဲ့ ဒကာ ဒကာမတွေလည်း အလွန်များပြားလှပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ဘဝတစ်လျှောက်လုံးရဲ့ အချိန်တော်တော်များများဟာ တရားအားထုတ်ချိန်နဲ့ တရားဟောချိန်သာ ရှိတယ်လို့ အနီးနေဒကာ ဒကာမများထံမှ ကြားသိရတာမို့ တဆင့်ကြားရတာနဲ့တောင် ကြည်ညိုလို့ မဆုံးနိုင်အောင် ဖြစ်ရပါတယ်။

အဲဒီဆရာတော်ဘုရားကြီးဟာ တစ်နေ့တော့ ညာဖက်နံရိုးအောက်က နာနေတာမို့ ဆေးစစ်ကြည့်လိုက်တဲ့အခါ အသည်းကင်ဆာ ဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။
ဆရာဝန်ဆီက ကြားလိုက်ရတဲ့ အဖြေကြောင့် ဒကာ ဒကာမတွေဟာ စိတ်မကောင်းစွာနဲ့ ဆရာတော်ကြီးကို အသိပေးရပါတယ်။

ညှိုးငယ်တဲ့မျက်နှာထားနဲ့ မဝံ့မရဲ အသည်းကင်ဆာ ဖြစ်နေတဲ့အကြောင်းကို လျှောက်ထားကြတဲ့ ဒကာ ဒကာမတွေကို ဆရာတော်ဘုရားကြီးက အေးဆေး တည်ငြိမ်စွာနဲ့ စကားတစ်ခွန်းပြန်ပြီး မိန့်တော်မူပါတယ်။
" အော်…အေး "

ကိုယ့်အသက်ကို အသေသတ်တော့မယ့် ရောဂါဆိုးကြီး တစ်ခု ကိုယ့်မှာဖြစ်နေတဲ့ အကြောင်း ကြားရတာကိုပဲ သာမန် ဆွမ်းစားဖို့ ပင့်သလို ဘာမှ မထူးခြားစွာနဲ့
"အော်…အေး"လို့ ပြန်မိန့်တော် မူနိုင်ခဲ့တဲ့ ဆရာတော်ကြီးရဲ့ စိတ်ဓာတ်တော်နဲ့ တုန့်ပြန်မှုဟာ မိမိအတွက်တော့အလွန် ကြည်ညိုဖို့ ကောင်းလှပါတယ်။

ဟုတ်ပါတယ်လေ။ ကိုယ်ကြုံဘူးခဲ့တဲ့ သူတွေနဲ့တော့ ဘယ်တူပါ့မလဲ။ မိမိအပါအဝင် အများစု ကတော့ သာမန်ဖျားတာ နာတာ သွားကိုက် တာလေးကိုတောင် မခံနိုင်တဲ့သူတွေက များနေတာကိုး။

ကင်ဆာဖြစ်နေပါတယ် လို့များ ပြောလိုက်ရင် ကမ္ဘာပျက်မတတ် ထိတ်လန့်ကြောက်ရွံ့စွာနဲ့ ငိုကာရီကာတွေ ဖြစ်ကြရတော့တာမို့ သီလ သမာဓိ ပညာ အကျင့်တွေနဲ့ ထုံမွှန်းထားတဲ့ ဆရာတော်ကြီးနဲ့တော့ ဘယ်ယှဉ်သာပါ့မလဲ။

အဲဒီနောက်ပိုင်း နှစ်လလောက်မှာ ဒကာ ဒကာမတွေက အမူအရာပျက်နေသလောက် ဆရာတော်ကြီးကတော့ ဘာမှမထူးခြားသလို တရားနှလုံးသွင်းလိုက် တရာဟောလိုက်နဲ့ ခါတိုင်းပုံမှန်နေသလိုသာ သီတင်းသုံးတော် မူခဲ့ပါတယ်။

နှစ်လလောက်ကြာတော့ နောက်တစ်ခါultra sound ပြန်ရိုက်ကြည့်တဲ့အခါ အသည်း ကင်ဆာဟာ အံ့သြဖွယ် ကောင်းလောက်အောင် ပျောက်ကင်းနေတာမို့ ဒကာ ဒကာမတွေက အားရဝမ်းသာစွာနဲ့ ဆရာတော် ဘုရားကြီးကို ကင်ဆာရောဂါ မရှိတော့တဲ့အကြောင်း လျှောက်ထားကြတဲ့အခါ ဆရာတော်ဘုရားကြီးက စကားတစ်ခွန်းပြန်ပြီးမိန့်တော်မူပြန်ပါ တယ်။
" အော် …အေး "

မိမိတို့သာဆိုရင် ထခုန်မိမတတ် ဝမ်းသာအားရ ဖြစ်ရမဲ့စကားကိုဆရာတော်ကြီးကတော့ တစ်ချက်ကလေးမှ ထူးပြီးဝမ်းသာခြင်း ဖြစ်တော် မမူပါဘူး။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ ဆရာတော် ဘုရားကြီးရဲ့ အခြေအနေဟာ ပိုပြီး ဆုတ်ယုတ် လာတာမို့ တစ်လလောက် အကြာမှာ တစ်ခါထပ်ပြီး ultra sound ရိုက်ကြည့်တော့ အသည်းကင်ဆာဟာ အလွန်ကြီးမားနေတဲ့အပြင် တစ်ခြားအင်္ဂါ အစိတ်အပိုင်းတွေကိုပါ ပြန့်နေပါပြီ။ ထုံးစံအတိုင်းပဲ ပြန့်နေတဲ့ ကင်ဆာရောဂါ အကြောင်းကို ဆရာတော် ဘုရားကြီးကို လျှောက်ထားကြတဲ့အခါ ဆရာတော်ကြီးကလည်း ထုံးစံအတိုင်းပဲစကားတစ်ခွန်း ပြန်ပြီး မိန့်တော်မူပြန်ပါတယ်။
" အော်…အေး "တဲ့။

မှတ်မှတ်ရရ စကားတစ်ခွန်းတော့ ပြောလိုက်ပါ သေးတယ်။
" လက်စသပ်တော့ ငါ့ကိုဒီလောက် နှိပ်စက်နေတာ ငါ့အထဲမှာ ဒီကောင်ရှိနေလို့ကိုး" တဲ့။

ဆရာဝန်တွေ အတွေ့အကြုံရှိတဲ့ သူတွေဆိုရင် ပိုသိပါတယ်။ ကင်ဆာရောဂါကြောင့် နာတဲ့ အနာဟာ အလွန်ဆိုးပါတယ်။တစ်ချက်ကလေးမှ သက်သာတယ် မရှိလောက်အောင် ဆက်တိုက် အလွန်ပြင်းထန်စွာ မနားမနေနာတာပါ။ ကင်ဆာpain ကိုမခံနိုင်လွန်းလို့ ကိုယ့်ကိုယ်ကို မြန်မြန်သေအောင် နံရံနဲ့ ခေါင်းနဲ့ဆောင့်တဲ့ လူနာတွေ၊ ကုတင်ပေါ်က လှိမ့်ချပြီး သေကြောင်းကြံတဲ့လူနာတွေကိုတောင် တွေ့ဘူးပါတယ်။

အဲဒီလောက်ဆိုးတဲ့ နာကျင်မှုကို တစ်ချက်မှ မညည်းဘဲ သည်းခံတော်မူနိုင်တဲ့ ဆရာတော်ကြီးရဲ့ ဥာဏ်တော်ဟာ မိမိအတွက်တော့ အံ့မခန်းကြီးကျယ် မြင့်မြတ်တော် မူလှပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ဆရာတော်ကြီးဟာ ထုံးစံအတိုင်း မောရင်နားပြီး တရားနှလုံးသွင်းလိုက် သက်သာလာတဲ့အခါ အနားနေ တပည့်ဒကာ ဒကာမတွေကို တရားဟောလိုက်နဲ့ အချိန်တွေကို ကုန်လွန်တော်မူစေခဲ့ပါတယ်။
မျက်နှာတော် တစ်ချက် မညှိုးခဲ့ပါဘူး။
ရောဂါနဲ့ ပါတ်သက်ပြီး ခံစားရတဲ့ ဒုက္ခဟူသမျှကို အသံတစ်ချက်မှ မငြီးခဲ့ပါဘူး။

နောက်နှစ်လလောက် အကြာမှာပဲ "အော်…အေး"ဆိုတဲ့ စကားနှစ်ခွန်းနဲ့ အသည်းကင်ဆာလို ရောဂါဆိုးကြီးကို အလွန်မြင့်မြတ်တဲ့ ဥာဏ်တော်ကြီးနဲ့ သည်းခံပြီး ရင်ဆိုင်ခဲ့တဲ့ ဆရာတော် ဘုရားကြီးဟာ နောက်ဆုံးနေ့အထိ ဒကာ ဒကာမတွေကို တရားတွေဟောသွားရင်းနဲ့ ခန္ဓာဝန်ချသွား တော်မူခဲ့ပါတယ်။

အနီးနေဒကာ ဒကာမတွေ ဘယ်သူမှ ဆရာတော်ဘုရာကြီးရဲ့ညှိုးနွမ်းတဲ့ အသွင်အပြင်နဲ့ ညည်းငြူတဲ့ အသံကို မမြင်ဘူး မကြားဘူးလိုက် ကြရပါဘူး။

မြင့်မြတ်လှသူတွေရဲ့ သေခြင်းတရားကို ရင်ဆိုင်သွာကြပုံဟာ ကြက်သီးမွေးညှင်း ထလောက်အောင် ကြည်ညိုဖို့ ကောင်းလှပါတယ်။
စိတ်ထဲမှာအနှစ်သက်ရဆုံးစကားကတော့ "အော်…အေး" ပါပဲ။
ဘာလို့နှစ်သက်ရသလဲမေးရင်လည်း ကိုယ့်မှာ အဲဒီလို "အော်… အေး" နိုင်တဲ့ အရည်အသွေး မရှိလို့ပါပဲ။

ကိုယ်မထားရှိနိုင်တဲ့ မြင့်မြတ်တဲ့ အကြောင်းအရာ တွေကို ကြားသိရတဲ့ အခါတိုင်း အဲဒီစကားဟာ မိမိအတွက် အလွန်နှစ်သက်စွာ အတုယူရမဲ့ စကားတစ်ခွန်း ဖြစ်နေတတ်ပါတယ်။

ပူပူနွေးနွေးဖြစ်ခဲ့တာပါ။ တခါပြောဘူးသလိုပါပဲ။ မိမိတို့ပုထုဇဉ်တွေမှာ မသိသာပေမဲ့ အလွန်ကြီးမား အားကောင်းလှတဲ့ ကိလေသာကြီးတစ်ခု ကတော့
ဘယ်နေရာ ဘယ်အချိန်မဆို အစစ အရာရာ အလွန်အဆင်ပြေစေချင်တဲ့ လောဘ ကိလေသာပါပဲ။

အကြောင်းကိစ္စတွေချောမွေ့ အဆင်ပြေနေတဲ့ အချိန်၊ လောဘနဲ့ ကျေနပ်နေခဲ့တာမို့ ရှိလို့ ရှိမှန်းတောင် မသိခဲ့ပါဘူး။
အထစ်အငေါ့တွေဖြစ်ပြီး အဆင်မပြေတော့မှသာ စိတ်တွေ ပင်ပန်းလာရတာမို့ အဲဒီကိလေသာ ကိုယ့်မှာ အထူအထဲ ရှိနေမှန်း ရိပ်မိရတာပါ။

စာအုပ်ထုတ်ဝေဖို့ကိစ္စနဲ့ ရန်ကုန်ကို ဆင်းခါနီး အခြစ်ရာအစင်းရာတွေနဲ့ ကြည့်မကောင်းတော့တဲ့ မျက်မှန်ကို အသစ်လုပ်လိုက်တာက စပြီး အဆင်မပြေမှုတွေ စလာခဲ့တာပါပဲ။

ကားထွက်မဲ့ ညနေမှ ရတာမို့ အရင်ပါဝါအတိုင်းပဲ အသစ်တတ်လာခဲ့တဲ့ မျက်မှန်ဟာ ကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ အမြင်တွေ ဝါးလာစေပါတယ်။
မူးနောက်နောက်နဲ့ အန်ချင်လာပါတယ်။
ကားပေါ်ကျမှ ပါဝါမကိုက်ဘူးဆိုတာ နားလည်ရပါတယ်။ အခုမှတော့ ဘယ်တတ်နိုင်ပါ့ မလဲ။
မူးပေါ့။
အန်ချင်လည်းအန်ပေါ့။

ဒီလိုနဲ့ မရောက်တာ (၁၅)နှစ်လောက် ရှိပြီဖြစ်တဲ့ ရန်ကုန်ကို ပါဝါမကိုက်တဲ့ မျက်မှန်တစ်လက်နဲ့ ဝါးတားတား မူးတူးတူး ရောက်လာခဲ့ပါတယ်။

Taxiစီးတဲ့ အချိန်မှာပဲ အလွန်လျှင်မြန်စွာ သက်စွန့်ဆံဖျား မောင်းနေတဲ့ taxiကားဟာ ကိုယ့်အတွက် ဒုတိယအဆင်မပြေမှုဖြစ်ခဲ့ပါ တယ်။
ကားချင်းတိုက်မလိုလည်း ဖြစ်ခဲ့ပါ သေးတယ်။ ကိုယ်အသားကျနေတဲ့ အေးဆေး တဲ့ ပါတ်ဝန်းကျင် မဟုတ်တော့ပါဘူး။
အရာရာဟာ အရင်စလို နိုင်လွန်းနေပါတယ်။ အေးလေ…သူ့အရပ်နဲ့သူ့ဇတ် မောင်းပေါ့။ တိုက်စရာရှိတော့လည်းတိုက်ပေါ့။

တစ်ညလုံးကားစီးလာရတာမို့ ငယ်ငယ်ကဒဏ် ဖြစ်ခဲ့ဘူးတဲ့ ခါးနာရောဂါကလည်း ပြန်ပေါ်လာပါတယ်။
တကယ်နာရင် လမ်းလျှောက်ဖို့တောင် မလွယ်လောက်အောင်ခက်ခဲတတ်တာမို့ အရေးထဲအရာပေါ်သလိုပါပဲ။ အင်းလေ…ဒါလည်းဘယ်တတ်နိုင်ပါ့မလဲ။ နာစရာရှိတာနာပေါ့။

စပြီဆိုကထဲက ကိုယ်ဘာမှမတတ်နိုင်တဲ့ အဆင်မပြေမှု တွေဟာ ဆက်တိုက်လိုလိုအဖေါ် တွေစုပြီး ရောက်လာခဲ့ပါတယ်။
စာစီစာရိုက်တွေ စစ်ရတဲ့အချိန်က စလို့
ပိုဆိုးလာပါတော့တယ်။
နှစ်ရက်လုံးလုံး ပါဝါမကိုက်တဲ့ မျက်မှန် တစ်လက်နဲ့ စာအမှားတွေကို အိပ်ချိန်သုံးနာရီ လောက်နဲ့ ပြီးအောင် စစ်ရပါတော့တယ်။

မဟန်နိုင်လောက်အောင် ခေါင်းမူးနေတဲ့အချိန်မှာ မမြင်တစ်ချက် မြင်တစ်ချက်နဲ့
စာစစ်ရတာဟာ အလွန်ပင်ပန်းပါတယ်။
ဆက်တိုက်ဖြစ်လာတဲ့ အဆင်မပြေမှုတွေကြောင့် ဖိစီးမှုတွေ အားကောင်းလာတဲ့ အခါ စိတ်တွေက စပြီး စကားပြော လာပါတော့တယ်။

"ဒါတော့ မမှားသင့်ဘူး။ တစ်ပိုဒ် လုံးကျန်ပြန်ုပြီ။ တော်တော်ဆိုးတာပဲ။ စာစီစာရိုက်တာကို သေချာ မရိုက်ဘူး။ ဒီလိုပြီးစလွယ်လုပ်နေလို့ကတော့ "
စိတ်ထဲမှာ ဟင်တွေ ဟာတွေ များစွာနဲ့ မကျေမနပ်ဖြစ်ရင်း လက်ထဲမှာ ကိုင်ထားတဲ့ Ballpen ကို ဒေါသတကြီး ပစ်တင်မိတော့မဲ့အချိန်မှာပဲ ရှားရှားပါးပါး သတိတစ်ချက် ဝင်လာတာဟာ မိမိအတွက်တော့ အလွန် သက်သာ သွားရပါတယ်။

ဟုတ်ပါတယ်။ လူရှေ့မှာဖြစ်ဖြစ် လူမမြင်ကွယ် ရာမှာပဲ ဖြစ်ဖြစ် ကိလေသာစိတ် အရင်းခံနဲ့ ပြုသမျှ ပြောသမျှဟာ ဝီတိက္ကမကိလေသာ တွေပါပဲ။

ရှောင်လွှဲလို့ မရနိုင်တဲ့ အဆက်မပြတ်ဖြစ်လာတဲ့ အဆင်မပြေမှု တွေဟာ ကိုယ့်ကိုအခါမလပ် နှိပ်စက်နေတာမို့ လူကိုရော စိတ်ကိုပါ ပင်ပန်းစေ ပါတယ်။
နောက်ဆုံးတစ်ချိန် limit တွေ ကုန်ဆုံးလို့ မနိုင်တော့တဲ့အခါ ကိုယ့်ရဲ့အရည် အသွေးတွေကို အလွန်အမင်း ပုံပျက်စေပါတယ်။ကျဆင်းသွားစေတတ် ပါတယ်။

ကာယကံ ဝစီကံတွေ လွန်ကြူးတာတွေ မဖြစ်ရင်တောင်မှ စိတ်မှာ ကိလေသာ အရောင်တွေနဲ့ စွန်းထင်း နေတာမို့ ကောင်းတဲ့ အရည်အသွေးတွေကို ထိခိုက်စေတတ်ပါတယ်။ သတိဖြစ်တယ်ဆိုရင် တောင် အလွန်ကို အားနည်းတတ်ပါတယ်။

တခြားသူတွေ သိတာမသိတာ အသာထား ကိုယ့်ရဲ့ ကာယကံ ဝစီကံတွေ အရည်အသွေး မပြည့်မီတာဟာ အလွန်ထင်ရှားလှပါတယ်။
ဆုံလာတဲ့ ကိုယ်မနှစ်သက်တဲ့ အာရုံတွေအပေါ် တဖြည်းဖြည်း ဘဝင်မကျတာတွေကို စုလာရင်းနဲ့ စိတ်ပါနာနေမိတာမို့ ဒါဟာ ကိုယ့်ရဲ့ အားနည်းချက် တစ်ခုသာ ဖြစ်ပါတော့တယ်။

ဘာမဟုတ်တာလေးတွေ အပေါ်မှာတောင် မအော်နိုင် မအေးနိုင် ခဲ့တာ ကိုယ့်ရဲ့လိုအပ်ချက်ပါ။
ဒီခံစစ်မှာ မလွန်ကြူးမိတာ တစ်ခုကလွဲပြီး အဖတ်ဆယ်စရာ မရှိခဲ့တာဟာ ကိုယ့်ရဲ့ သတိဥာဏ် မပြည့်စုံမှု အားနည်းမှုပါ။ လောက်လောက်လားလားအသိ ဥာဏ်တွေ မရှိသေးတဲ့ ပုထုဇဉ်တစ်ယောက်ရဲ့ စိတ်အရည်အသွေးတွေဟာ အလွန်အတက် အကျမြန်လှပါတယ်။

အလွန်မခိုင်မြဲတဲ့ သဘာဝတွေသာ ရှိနေတတ်ပါတယ်။
ဘာမှကိုဘာမှ စိတ်ချရတယ်မရှိပါဘူး။
အာရုံတွေရဲ့လွှမ်းမိုးမှုကို အကုသိုလ်စိတ်တွေနဲ့ တုန့်ပြန်ရင်း တစ်ခါမဟုတ် တစ်ခါတော့ အလူးအလဲ ခံလိုက်ရတော့တာပါပဲ။
ဒါကြောင့်လည်း အခုအချိန်အထိ ကိုယ့်ကိုယ်ကို ကြည်ညိုလို့ မရနိုင်တာပါ။

ဘဝထဲမှာ သတိပဋ္ဌာန်တရား အားထုတ်ရတာကို အလွန် နှစ်သက်ရတဲ့ အကြောင်းရင်း တစ်ခု ရှိပါတယ်။
အဲဒါကတော့ အာရုံတွေနဲ့ ဆုံတိုင်း ကိုယ့်စိတ် အခြေအနေတွေကို အမှန်အတိုင်းသာ သိနေရမယ်ဆိုရင် ကိုယ့်အကြောင်းကို အမြဲတမ်း အမှန်အတိုင်း နားလည်ခွင့် ရစေလိုပါပဲ။

ထင်ထင်ရှားရှားမို့ ညာလို့ကို မရတာပါ။
အဲဒီလိုနားလည်လိုက်ရတာဟာ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို တဏှာ မာန ဒိဋ္ဌိ တွေနဲ့
အထင်ကြီး တစ်ခွဲသားနဲ့ ထင်ချင်သလို ထင်တတ်တဲ့ အဖြစ်ကနေပြီး သက်သာမှုရစေ ပါတယ်။

ဒီတစ်ခေါက်ခရီးထွက်ရတာဟာ မိမိအတွက်တော့ အလွန်တန်ဖိုး ရှိလှပါတယ်။
ကိုယ့်ကိုယ်ကိုပိုပြီး နားလည်လာရသလို ဆရာတော်ကြီးတစ်ပါး ရဲ့"အော်…အေး" နိုင်တော်မူခဲ့တဲ့ ဥာဏ်တော်ကို ကြားနာ ကြည်ညိုခွင့် ရခဲ့သလို ကိုယ့်ရဲ့ လိုအပ်ချက် အားနည်းချက်တွေကိုလည်း အမှန်အတိုင်း သိခွင့်ရခဲ့လို့ပါပဲ။

ဆုံသမျှ လောကဓံဟူသမျှနဲ့ ကိုယ့်အနေအထားနဲ့ လျော်ညီစွာ "အော်…အေး"နိုင်ဖို့ သတိပဋ္ဌာန် အကျင့်မြတ်ကို အခုထက် အဖေါ်ပြု ရင်း ဆုံသမျှအာရုံနဲ့ စိတ်မနာတတ်အောင်၊ အဆင်မပြေသော်လည်း စိတ်ကောင်းကလေး မပျောက်အောင်၊ များစွာဖြည့်ကျင့်လို့ သင်ယူရပါအုံးမယ်။


မေတ္တာဖြင့်

Dr Pe Thet Tun

Sunday, January 4, 2015

အချိန်ပိုင်းနဲ့ တရားအားထုတ်တာဟာ


သတိလေးထားပြီး သိနေတဲ့အချိန်တွေဟာ တရားအားထုတ်တဲ့ အချိန်တွေချည်းပါပဲ။ တရားအားထုတ်ကြတာ များသောအားဖြင့် အချိန်ပိုင်းပြီး အားထုတ်ကြပါတယ်။
အလုပ်သွားရတဲ့သူက မနက်ဖြစ်စေ၊ ညဘက်ဖြစ်စေ၊  တစ်နေ့တစ်နာရီပဲ အားထုတ်နိုင်ကြပါတယ်။ အလုပ်မလုပ်ကြတော့တဲ့ အသက်ကြီးသူများကတော့ မနက်မှာ တစ်နာရီ ညဘက်မှာ တစ်နာရီ စသည်ဖြင့် အချိန်ပိုင်းပြီး အားထုတ်ကြပါတယ်။

အဲဒီလိုအချိန်ပိုင်းပြီး တရားအားထုတ်တာမျိုးနဲ့ တစ်နေတာလုံး သတိကပ်ပြီး သိနိုင်သမျှ သိနေတဲ့ သတိပဋ္ဌာန်တရား အားထုတ်တာမျိုးမှာ၊ အကျိုးသက်ရောက်မှုခြင်းဟာ
အင်မတန် ကွာပါတယ်။ သတိကပ်ပြီး သိနေတာမျိုးဟာ မြတ်စွာဘုရားဟောကြားထားတဲ့ "အပ္ပမာဒ"တရားကို ဘုရားဟောတဲ့အတိုင်း အားထုတ်နေတာဖြစ်လို့  အလွန်အကျိုးများပါတယ်။

နံနက်မိုးလင်းလို့  နိုးလာတဲ့အချိန်က၊ ည ရောက်လို့ အိပ်တဲ့အချိန်ထိ ၊တစ်နေ့ မှာ ၁၅ နာရီ၊ ၁၆ နာရီ နိုးကြားပြီးနေတဲ့ အချိန်တွေရှိပါတယ်။လူတွေက တရားအားထုတ်တာကို အချိန်ပိုင်းပြီး တစ်နေ့လုံးမှ တစ်နာရီ နှစ်နာရီ အားထုတ်ကြတော့ ကျန်တဲ့ ၁၄နာရီ ၁၅ နာရီ အချိန်တွေဟာ တရားအားမထုတ်တဲ့ အချိန်တွေ ဖြစ်သွားပါတယ်။ဒီအချိန်တွေဟာ အဝိဇ္ဇာနဲ့ နေတဲ့အချိန် မောဟဆိုတဲ့ မသိမှုနဲ့ နေတဲ့အချိန်၊ ကိလေသာတွေနဲ့  နေတဲ့ အချိန်တွေချည်း ဖြစ်နေပါတယ်။
"အပ္ပမာဒေန သမ္ပာဒေထ"နဲ့ မပြည့်စုံတော့ပါဘူး။
အဝိဇ္ဇာဆိုတဲ့ မသိမှုတရားတွေက နေ့ စဉ် ၁၄ နာရီ၊ ၁၅ နာရီဖြစ်ပြီး၊သိမှု ဝိဇ္ဇာက တစ်နာရီ၊ နှစ်နာရီ ဆိုတော့ နေ့ စဉ်၊ နေ့ စဉ် အဝိဇ္ဇာဆိုတဲ့ မောဟတွေနဲ့ ပဲနေတဲ့ အချိန်တွေချည်း ဖြစ်နေပါတော့တယ်။ မောဟနဲ့နေရင် သူ့ အပေါင်းအဖော်ဖြစ်တဲ့ လောဘ၊ ဒေါသ စတဲ့ ကိလေသာ တရားတွေ ပါလာကြပါတယ်။

မောဟရှိနေတဲ့ အချိန်တွေများနေရင် ဒီကိလေသာတရားနဲ့ပဲနေတဲ့ အချိန်တွေဟာ တစ်နေ့ မှာ ၁၄ နာရီ၊ ၁၅ နာရီ ဖြစ်နေပါတော့တယ်။မောဟဖြစ်တဲ့ ကိလေသာတရားတွေကိုနိုင်ဖို့  နေ့ စဉ် တရားအားထုတ်ချိန်ကို ဒီထက်ပိုများအောင် ထားဖို့ ကလည်း မဖြစ်နိုင်ပါဘူး။ လူတွေမှာ စားဝတ်နေရေးအတွက် နေ့စဉ် အလုပ်လုပ်ချိန် ၈ နာရီကျော် အလုပ်လုပ်နေကြရတော့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဒါတွေကိုသိလို့ 
အချိန်တိုင်းမှာ ရသလောက် သတိလေးကပ်ထားနိုင်တဲ့၊သတိလေးကပ်ပြီး သိသိပေးပါဆိုတဲ့ သတိပဋ္ဌာန်တရားကို ဟောရခြင်းဖြစ်ပါတယ်။ တရားအားထုတ်နည်းကို ပေးရခြင်း ဖြစ်၏။
မှတ်ချက်။ ။ ဆရာဦးကံညွှန့် ရေးသားပူဇော်ထားသော "သတိပဋ္ဌာန်တရားနှင့် ဝိပဿနာ တရားအားထုတ်နည်း" စာအုပ်မှ
မိမိဖတ် ရှုသိရှိရသလို၊ ဓမ္မမိတ်ဆွေများအားလုံးကိုလည်း လေ့လာသိရှိပြီး၊ လေ့ကျင့်အားထုတ် ဆောင်ယူသွားနိုင်ရန်အတွက် ရည်ရွယ်လျက် ကူးယူပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမ ချမ်းသာစွာဖြင့် တရားတော်များကို သိသည့်အတိုင်း လေ့ကျင့်မှုတွေဖြင့် မိမိတို့ လိုရာ အမြိုက် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။

Shared from Htin Aung (FB)

Saturday, January 3, 2015

*သဒ္ဓါရှိသူရဲ့ စိတ်ထား* (တရားတော်)


သဒ္ဓါရှိသူရဲ့ လုပ်ဆောင်ချက်တွေက ဘာတွေရှိလဲလို့ ဆိုတော့ သဒ္ဓါတရား စွမ်းအားထက်လာတဲ့ ပုဂ္ဂိုလ်ဟာ (အင်္ဂုတ္ထိုရ်ပါဠိတော်မှာ
မြတ်စွာဘုရားဟောထားတယ်)။
"ဒဿနကာမော သီလဝတံ "သီလရှိတဲ့ပုဂ္ဂိုလ်တွေကို ဖူးချင်တယ်၊ကိုယ်ကျင့်တရားကောင်းတဲ့ ပုဂ္ဂိုလ်တွေနဲ့  ဆုံစည်းချင် တယ်၊ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်က ဘယ်ပုဂ္ဂိုလ်ဖြင့် အကျင့်ကောင်းတယ်၊ ဘယ်ဆရာတော်ကြီးဖြင့် အကျင့်ကောင်းတယ်၊ သီလရှိလို့  ကြည်ညိုစရာကောင်းတယ်၊ အကျင့်အနေအထိုင် ကောင်းတယ်ဆိုတာမျိုး သွားဖူးတွေ့ ချင်တယ်၊ လူ ပုဂ္ဂိုလ်တွေထဲကလည်း ကိုယ်ကျင့်တရားကောင်းတဲ့သူဆိုရင်
တွေ့ ချင်တယ်နော်၊ အရပ်ထဲမှာ ဒီလူကတော့ သိပ်တော်တာပဲ၊ အနေအထိုင်ကောင်းတယ်၊ အသောက်အစားကင်းတယ်၊ ကိုယ်ကျင့်တရား အင်မတန်ကောင်းတယ်၊ လိမ်တာ ညာတာမရှိဘူး၊ အပျော်အပါးမရှိဘူးဆို တော်လိုက်တာ၊ တွေ့ ချင်တယ်ဆိုတာ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ် ရဲ့  စိတ်ထားတစ်ခုပါပဲ။

"သဒ္ဓမ္မံ သောတု မိစ္ဆတိ " သူတော်ကောင်းတရားဆိုရင် နာချင်တယ်၊ ဘယ်နေရာဖြစ်ဖြစ် တရားပွဲရှိတယ်ဆိုရင် သွားနာချင်တယ်၊ တကယ့်ကို အစစ်အမှန် တရားဓမ္မတွေကို သူက နာယူချင်တဲ့စိတ်ဖြစ်တယ်။
"ဝိန ယေ မ စ္ဆေရမလံ "နှမြော ဝန်တိုခြင်းဆိုတာ လုံးဝ သူ့ဆီမှာ မရှိဘူး၊ စိတ်က ပေးဖို့ ကမ်းဖို့ ပဲ၊ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းက ပေးဖို့ ကမ်းဖို့  အသင့်ဖြစ်နေတယ်၊ တချို့ က ရှိလည်း ပေးချင်မှပေးတာလေ။ မရှိလို့ မ ပေးတာက တခြားလေ၊
"မစ္ဆရိယ "ဆိုတာ နေရာတကာရှိတာ၊ မီးဖိုချောင်ထဲမှာ ပိုဖြစ်တတ်တယ်၊ မီးဖိုချောင်ထဲမှာဆိုရင် ဟင်းကောင်းလေးချက်ရင် ဘေးမှာထားပြီးတော့ ဒါ ငါ့အတွက်ဆို သူများကို မပေးချင်တာမျိုးလည်း ဖြစ်တတ်သေးတယ်။ အဲဒီတော့ မစ္ဆရိယဆိုတာက လွယ်လွယ်လေးနဲ့ ဖြစ်တာနော်၊
မစ္ဆရိယဆိုတဲ့ အညစ်အကြေးကင်းတဲ့သူမှာ သူ့ ဖို့  ငါ့ဖို့ ဆိုတာမရှိဘူး၊ အတူတူပဲ ခွဲဝေခြင်း မရှိဘူး၊ ဒါကတော့ ဘယ်သူ့ အတွက် ဒါက
ဘယ်သူ့ အတွက် ဒီလိုမထားဘူး၊ အကုန်လုံးပဲ ညီတူညီမျှ ဒီလိုဟာမျိုးရှိတယ်၊ ခွဲခြမ်း ခွဲခြမ်း မရှိဘူး၊ ခွဲခြမ်း ခွဲခြမ်းလုပ်လာရင်တော့ အဲဒါ မစ္ဆရိယ ရှိနေပြီနော်၊ ဒီလို မှတ်ရမယ်။

လူတစ်ယောက် ရဲ့ ဂုဏ်ကျေးဇူးကို ပြောပြီဆိုရင်လည်းကြည့်၊မစ္ဆရိယဝင် လာပြီဆိုရင် အကောင်းမပြောနိုင်ဘူး၊ ဟိုလူတစ်ယောက်က တော်လိုက်တာလို့  ပြောလို့ ရှိရင် ဟုတ်ပါတယ်၊ ဒါပေမယ့် ဆိုပြီး အပြစ်ပြောတတ်တယ်၊
အဲဒါ မစ္ဆရိယ အခြေခံပြီးပြောတာလို့  မှတ်ပေတော့နော်၊ "ဒါပေမယ့် "တက်လာတာနဲ့ တပြိုင်နက် စိတ်အညစ်အကြေး တစ်ခုခုတော့ လာပြီနော်၊ အဲဒီလို ဖြစ်တတ်တယ်တဲ့။

နောက်အရှင် အာနန္ဒာတို့ ကျတော့ ဘယ်လောက်တောင် ပြောတုန်းဆိုရင် ကုသိုလ်ကောင်းမှု လုပ်တဲ့နေရာမှာတောင် ဝေယျာဝစ္စ လုပ်ကြတဲ့အခါ မစ္ဆရိယရှိလာပြီဆိုရင် သူက ကိုယ့်ကိုယ်ကို ညှာလာတာ၊ ကိုယ့်ကိုယ်ကို ညှာပြီးတော့ နည်းနည်း သက်သာတဲ့အလုပ်ကို ရွေးလုပ်လာတယ်၊ အဲဒါ ကိုယ်ရဲ့ ချမ်းသာမှုမှာ မစ္ဆရိယဖြစ်တယ်လို့ ခေါ်တာ။ ကာယမ စ္ဆေရဂရုနော-ကိုယ့်ကိုယ်ကို ညှာလိုက်တာ၊ ကိုယ့်ကိုယ်ကို ညှာလိုက်တော့ လုပ်ရမယ့်
လုပ်နိုင်တဲ့ အလုပ်ကို မလုပ်တော့ဘုး၊ တရားအားထုတ်လို့ ရှိရင် သိပ်ပင်ပင်ပန်းပန်း အားမထုတ်နဲ့  ကျန်းမာရေးထိခိုက်လိမ့်မယ်
ဆိုပြီး ညှာလိုက်တာ အဲဒါလည်း မစ္ဆရိယသဘောပဲတဲ့။
* ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ၏ "အဘိဓမ္မာ မြတ်ဒေသနာ" တရားတော်မှ ပူဇော်မျှဝေအပ်ပါသည်။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ။

Shared from Htin Aung (FB)