Sunday, January 31, 2016

မာဂဏ္ဍီမိဖုရား၏ လက်ငင်း ဝဋ်ကြွေးပေးဆပ်ရမှု


မာဂဏ္ဍီသည် အတိတ်ဘဝကုသိုလ်ကြောင့် အလွန်လှပသည်။ အလှကြောင့် မာန်တက်သည်။ သာမန်ပုဂ္ဂိုလ်ဆိုလျှင် မိမိနှင့်မတန်ဟု အထင်ရောက်ခဲ့သည်။

မိဘတို့က ဘုရားရှင်နှင့်ပေးစားရန် ကြံစည်ပြီး ဘုရားရှင်နှင့်တွေ့ပေးခဲ့သည်။ ဘုရားရှင်က-

“ငါဘုရားသည် တဏှာ၊ အရတိ၊ ရဂါဟူသော နတ်သမီးသုံးယောက်လာ၍ ဖြားယောင်းသော်လည်း ကာမဂုဏ်ကိစ္စ အလိုဆန္ဒ မရှိ။
ကျင်ကြီးကျင်ငယ်နှင့် ပြည့်စုံနေသော သင်၏ သမီးကိုမြင်ရ၍ အဘယ်မှာ ကာမဂုဏ်ဆန္ဒ ဖြစ်ပါအံ့နည်း။ သင်၏သမီးကို ခြေဖြင့်သော်လည်း
ထိခြင်းငှာ အလိုမရှိ။”

ဟု မိန့်ကြားခဲ့သောစကားကို ကြားရသဖြင့် ဘုရားရှင်အပေါ်၌ အလွန်နာကျည်းနေခဲ့သည်။ ထို့ကြောင့် ဘုရားရှင်နှင့် ဘုရားရှင်ကို ကိုးကွယ်သူမှန်သမျှကို ရန်သူဟူ၍ သတ်မှတ်ထားလေသည်။

သာမာဝတီမိဖုရားကို မင်းကြီးက အချစ်ပို မြတ်နိုးခဲ့သည်ကို မနာလိုဝန်တိုမှုများ သာမာဝတီအပေါ်၌ ထားခဲ့သည်။ မိမိ၏ ရန်သူဖြစ်သော
ဘုရားရှင်ကို ကိုးကွယ်နေ၍ ပို၍ပင် မကျေမနပ် မနှစ်သက် ဖြစ်နေမိသည်။

ထို့ကြောင့် ဘုရားရှင်နှင့် သာမာဝတီမိဖုရားအပေါ်၌ အမြဲ အကောက်ကြံခဲ့သည်။ ကုသိုလ် တစ်စုံတစ်ရာ မပြုသည့်ပြင် အာဃာတတရားသာ အမြဲမွေးနေခဲ့သည်။

အတိတ်ဘဝ ကုသိုလ်ကောင်းမှုကြောင့် ရရှိခံစားလာခဲ့ရသော အလှ၏ပြည့်စုံမှု၊ မိဖုရားဖြစ်မှု၊ စည်းစိမ်ဥစ္စာပြည့်စုံမှုတို့ကို ခိုင်မြဲသထက်ခိုင်မြဲအောင် ကုသိုလ်ကောင်းမှုကို မပြုရုံသာမက မပြစ်မှားထိုက်သော
အရိယာသူတော်စင် သာမာဝတီနှင့် မောင်းမငါးရာတို့အပေါ် ကောက်ကျစ်စဉ်းလဲကာ ဥတေနမင်းကြီး ဥယျာဉ်တော်သို့ ထွက်နေစဉ် ဘထွေးတော်ကို ခေါ်ယူပြီး သာမာဝတီတို့၏ အဆောင်ကို ဆီဆွတ်ကာ
မီးရှို့သတ်စေလေသည်။

ဥယျာဉ်တော်သို့ သွားနေသော ဥတေနမင်းကြီးသည် သာမာဝတီနန်းပြာသာဒ်ကို မီးလောင်သည်ဟု သတင်းရလျှင်ရချင်း လျင်မြန်စွာ ပြန်လာခဲ့သော်လည်း နောက်ကျသွားခဲ့သည်။ ဥတေနမင်းကြီးသည် အလွန် စိတ်မကောင်းစွာ ဖြစ်လျက် ပူဆွေးသောက ရောက်ခဲ့ရလေသည်။ သာမာဝတီမိဖုရား၏ ဂုဏ်ကျေးဇူးကို အစဉ်အောက်မေ့တမ်းတလျက်
နေလေသည်။

“ဤအမှုကို မချွတ်ဧကန် မာဂဏ္ဍီပင် ပြုပေလိမ့်မည်” ဟု စဉ်းစားမိပြီး ခြိမ်းခြောက်၍ မေးသော် မပြောမဆိုဘဲ နေလိမ့်မည်ဟု စဉ်းစားတွေးခေါ်မိပြီး-

“ငါသည် ရှေးက သာမာဝတီကို ကြောက်ရွံ့တုန်လှုပ်လျက် သံသယကြီးစွာဖြင့် သတိနှင့်နေခဲ့ရသည်။ သာမာဝတီသည် ငါ့ကိုဖျက်ဆီးရန် အမြဲကြံစည်နေခဲ့သည်။ ယခုအခါ ငါသည် စိတ်အေးရလေပြီ။ကောင်းစွာ အိပ်ရခြင်း၊ နေရခြင်း၊ စားရခြင်းတို့ကို ရပေပြီ။ ဤအမှုကို ဘယ်သူပြုပေးသနည်း။ ငါ့ကိုချစ်သူ ငါ၏အကျိုးကို လိုလားသူ တစ်စုံတစ်ယောက်က ပြုတာဖြစ်လိမ့်မည်” ဟု ပြောဆိုလေသည်။

ထိုအခါ မာဂဏ္ဍီမိဖုရားက အားရဝမ်းသာစွာဖြင့်-

“ဤအမှုကို မိမိသည်ပင် ဘထွေးတော်ကို ခေါ်ယူစီမံပြီး ပြုသည်” ဟု တင်လျှောက်လေသည်။

“ချစ်နှမ...သင်မှတစ်ပါး ငါ့အားချစ်ခင်စုံမက်သူ မရှိ။ ငါသည်ပင် သင့်ကို အလွန် စုံမက်မြတ်နိုးသည် ဖြစ်၍ ဆုလာဘ်များစွာ ပေးသနားအံ့။
ဆွေမျိုးအပေါင်းအား ခေါ်စေလော့” ဟု မိန့်တော်မူလေသည်။

မာဂဏ္ဍီသည် ဆွေမျိုးများစွာကို မင်းကြီးက ဆုလာဘ်ပေးမည်ဟု ပြောကြားကာ အကုန်ခေါ်စေသည်။ ထိုအခါ မာဂဏ္ဍီ၏ ဆွေမျိုး မတော်သူများကလည်း ဆုလာဘ်ကို ရလို၍ တံစိုးလက်ဆောင်ပေးကာ မာဂဏ္ဍီ၏ ဆွေမျိုးများဟု ပြောဆို၍ လာကြကုန်သည်။

မင်းကြီးသည် မာဂဏ္ဍီ၏ဆွေမျိုးများ ရောက်လာသောအခါ ဆုလာဘ်များ ပေးသနား ချီးမြှောက်၍ နန်းတော်တွင် ခေတ္တထားလေသည်။

ဥတေနမင်းကြီးသည် ထိုအလုံးစုံသောသူတို့ကို ဖမ်းဆီး၍ ရင်ပြင်၌ ချက်တိုင်ပမာဏရှိသော နက်သောတွင်းတို့ကို တူးစေပြီး ထိုသူတို့ကို တွင်းထဲသို့ ဆင်းစေ၍ နေစေပြီးလျှင် မြေမှုန့်တို့ဖြင့် ဖို့၏။ အထက်၌ ကောက်ရိုးတို့ဖြင့် ကြဲစေပြီးသော် မီးဖြင့် တိုက်စေ၏။

အရေစုတ်ပြက်သောကာလ၌ သံထွန်သွားဖြင့် ထွန်စေ၍ အပိုင်းပိုင်းအမျှင်မျှင်ကိုပြုစေ၏။ မာဂဏ္ဍီ၏ကိုယ်မှ အသားကို ဓားဖြင့်လှီးဖြတ်ယူပြီး
အိုးကင်းသို့ထည့်၍ မုန့်ကဲ့သို့ ချက်ကြော်ပြီးသော် ထိုမာဂဏ္ဍီကိုပင် စားစေသည်။

ဤကား မာဂဏ္ဍီမိဖုရား၏ သာမာဝတီမိဖုရားအပေါ် မကောင်းကြံ မီးတိုက်ခဲ့သော အကုသိုလ်ဝဋ်ကြွေးကို ချက်ချင်းပေးဆပ်ရခြင်း ဖြစ်လေသည်။ ။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ (ဓမ္မစရိယ၊ ဘီ-အေ)】
Posted by►
www.facebook.com/youngbuddhistassociation.mm

အိမ်မှာ ဘုရားကျောင်းဆောင် ထားရှိခြင်းအကျိုး


မသိတဲ့သူတွေက ရုပ်တုတွေ ဆင်းတုတော်တွေ အုပ်ပုံကြီးတွေကို ရှိခိုးနေကြတာပဲလို့ သုံးသပ်ကြတယ်။ ဘာသာတိုင်း ကိုးကွယ်မှု ပြယုဂ်အမျိုးမျိုး ရှိတာပဲလေဆိုပြီး သာမာန်လောက်ပဲ ထင်ထားကြပါတယ်။

ဘာသာအမျိုးမျိုးရှိလို့ ကိုးကွယ်မှု အမျိုးမျိုးရှိကြပေမဲ့ အတုနဲ့အစစ်ရဲ့ ဂုဏ်အရည်အချင်းကတော့ ကွာခြားပါလိမ့်မယ်။

စေတီတည်ထိုက်တဲ့ အရာတွေဖြစ်တဲ့ ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိသစေတီ ပရိဘောဂစေတီ ဆိုတာပာာ ပူဇော်ရင် အကျိုးကြီးမားစွာရှိလို့ ဘုရားရှင်ပောာထားခဲ့တာပါ။

နောင်အခါ ငါဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါ၌ ငါဘုရားရှင်ကို ပူဇော်ဖူးမြင်ရသော အကျိုးသည်၎င်း မရှိသောအခါ၌ စေတီပုံတော်တူကို ဖူးမြင်ရခြင်းသည် ၎င်းသဒ္ဒါတရား ထက်သန်မှု ရှိခဲ့သော် အကျိုးပေးသည်လည်း အတူတူပင် ဖြစ်ပေ၏တဲ့။

မိမိရဲ့အိမ်မက်က ဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲဖြစ်ဖြစ် စေတီတစ်ဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား ဘုရားကဲ့သို့ စိတ်ထားနိုင်ပြီး ပန်းရေချမ်း ဆွမ်းဆီမီး အစရှိတဲ့ ကောင်းမှုတွေလုပ်တာပာာ သက်ရှိထင်ရှား ဘုရားကိုပူဇော်သလို ရတဲ့အကျိုးနဲ့ အတူတူပါပဲ။

ဒါပာာဗုဒ္ဓဘာသာတိုင်းအတွက် မဖြစ်မနေသိထားသင့်တဲ့ အရေးကြီးတဲ့ကိစ္စပါ။ တခြားဘာသာတွေကဲ့သို့ ကိုးကွယ်မှု ပြယုတ် မပာုတ်ပါဘူး။ တကယ်သဒ္ဒါတရားထက်သန်ရင် တကယ်အကျိုးပေးကြီးလှပါတယ်။

Shared from ဦးမြင့်ခိုင်

ကိုယ့်စိတ်ကို မနှိပ်စက်ပါ နဲ့


ကိုယ့် ကို နှိပ်စက်နိုင်နေတဲ့ အတွေးတွေ မတွေး ပါ နဲ့

ကိုယ့်စိတ် ကို ပူလောင်စေတဲ့ အတွေးတွေ မတွေးပါနဲ့

ကိုယ့်အပေါ် မကောင်းတဲ့ သူတွေ အကြောင်း မတွေးပါ နဲ့

ကိုယ့် ကို မခေါ်ချင်တဲ့ သူတွေ အကြောင်း မတွေးပါ နဲ့

ကိုယ့် ကို ဂရုစိုက်သူတွေ အကြောင်း မတွေးပါ နဲ့

ကိုယ့်စေတနာ ကို နားမလည်သူတွေ အကြောင်း မတွေးပါ နဲ့

ကိုယ့်အပေါ် သစ္စာ မရှိတဲ့ သူတွေအကြောင်း မတွေးပါ နဲ့

ကိုယ့်အပေါ် လိမ်ညာ လှည့်စားသူတွေ အကြောင်း မတွေးပါ နဲ့

ကိုယ့် ကို မုန်းတဲ့ သူတွေအကြောင်းလည်း မတွေးပါ နဲ့

ကိုယ့်ကို မချစ်လို့ ကျောခိုင်း ထွက်သွားတဲ့
သူတစ်ယောက် အကြောင်း မတွေးပါ နဲ့ . . .

အဲ့ဒီသူတွေ အကြောင်း မတွေးပါ နဲ့

အဲဒီအကြောင်းတွေတွေးမိနေသမျှ ကိုယ့်စိတ် ကို နှိပ်စက် နေလို့

ကိုယ့်မှာ စိတ်ချမ်းသာမှု ဆိုတာ ဘယ်တော့မှ ရနိုင်ဖို့ မလွယ်ပါဘူး

ဒါ့ကြောင့် . . .

ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ

နားလည်ပေးနိုင်မယ့် အတွေးသာ တွေးပါ

မေတ္တာပွားနိုင်ဖို့ တွေးပါ

ခွင့်လွှတ်နိုင်အောင် ကြိုးစားဖို့ တွေးပါ

အမုန်း မပွားဖို့ပဲ တွေးပါ

မေတ္တာထားခြင်းသည် အကောင်းဆုံး လက်စားချေခြင်းပါပဲ . . .

ကိုယ့်စိတ် ကို နှိပ်စက်နိုင်ဆုံး သူဟာ ကိုယ်ကိုတိုင်သာ ဖြစ်ပါတယ်

တစ်ခြား သူတွေဟာ ကိုယ့်စိတ်ထဲကို ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး

အဲ့ဒီသူတွေကို ကိုယ့်စိတ်ထဲမှာထားပြီး ကိုယ့်ကိုယ်ကိုပြန်နှိပ်စက်နေတာပါပဲ

ကိုယ့်အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုပြန်ပြီး မနှိပ်စက်ပါနဲ့တော့ . . .

လူ့ဘဝက တိုတောင်းလွန်းလှပါတယ် ခဏတာ ရလာတဲ့

လူ့ဘဝလေးမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင် အေးချမ်းမှုရအောင်

ကိုယ်တိုင်လုပ်ယူဖန်တီးပြီး ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ် . . .

ငယ်ငယ် ကလည်း ငိုခဲ့ ပြီးပြီ

အရွယ်ရောက်တော့လည်း ငိုခဲ့ ပြီးပြီ

မနေ့ကလည်း ငိုခဲ့ ပြီးပြီ

ဒီနေ့လည်း ငိုခဲ့ ပြီးပြီ

မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါ

လူ့ဘဝ တိုတိုလေးမှာ အမြဲတမ်းငိုနေရရင် လူဖြစ်ရှုံးပါတယ် . . .

ကိုယ့်စိတ်ကို မနှိပ်စက်ပါနဲ့ တော့ သူငယ်ချင်း . . . . .

Emily

Emily Nge.

ဒုက္ခ နှင့် ဒုက္ခ


တစ်ခါတုန်းက ရွာတစ်ရွာရဲ့အရှေ့ဘက်ခပ်လှမ်းလှမ်းမှာ
အင်မတန်သာယာလှပတဲ့ တောအုပ်တစ်ခု ရှိပါတယ်။

အဲဒီတောအုပ်ထဲမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ ကပ္ပိယအဖိုးကြီး ဦးရွှေရိုးဆိုတာလည်း ရှိသတဲ့…

ဆရာတော်ကြီးက သတိပဋ္ဌာန်ဝိပဿနာတရားကို ကြိုးစားရှုမှတ်နေတာမို့ ကြုံတွေ့လာသမျှအာရုံတွေရဲ့ ဖြစ်ခြင်းပျက်ခြင်းသင်္ခါရဒုက္ခကို ရှင်းရှင်းကြီးသိမြင်နေတာပေါ့ …

ဒါကြောင့်မို့ ဆရာတော်ကြီးက သင်္ခါရတရားတွေအပေါ်မှာ ငြီးငွေ့ပြီးမြင်နေရင်လည်း ဒုက္ခဒုက္ခ၊ ကြားရင်လည်း ဒုက္ခ ဒုက္ခ၊ စားရင်လည်း ဒုက္ခ ဒုက္ခ လို့ညည်းငြူတော်မူသတဲ့ …

ကပ္ပိယကြီးဦးရွှေရိုးကတော့ တရားသဘောကို မသိသေးတာမို့ ဆရာတော်ကြီးကလည်း သူ့မှာဘာဒုက္ခမှ မရှိဘဲနဲ့ အမြဲတမ်း ဒုက္ခ ဒုက္ခ နဲ့ ဘာလို့များ ညည်းတွားနေပါလိမ့်လို့ တွေးသတဲ့ …

တစ်နေ့တော့ မြို့ပေါ်က ဒကာဒကာမတွေဟာ တောရကျောင်းဆရာတော်ကြီးကို လာရောက်ဖူးမြော်ရင်း အင်မတန်ကောင်းမွန်တဲ့ထောပတ်
ဆွမ်းနဲ့ ဆွမ်းဟင်းတွေဆက်ကပ်ကြတယ် …

အချိုပွဲအတွက်လည်း အသီးအနှံတွေ မုန့်မျိုးစုံနဲ့ ဖွယ်ဖွယ်ရာရာတွေ ဆက်ကပ်ကြတယ်။ ဆရာတော်ကြီးဟာ ဆွမ်းဘုန်းပေးတော်မမူမှီ
ပစ္စ၀က္ခဏာဆင်ခြင်ပြီးတော့ ထုံးစံအတိုင်း အင်းစားရဦးမယ် ဒုက္ခ ဒုက္ခ လို့ ညည်းညူတော်မူပါတယ် …

အဲဒီအခါ ဘေးနားမှာယပ်ခပ်နေတဲ့ ကပ္ပိယကြီး ဦးရွှေရိုးက အင်း ဒီလိုဒုက္ခမျိုးတော့ ရွှေရိုးတို့က တွေ့ချင်စမ်းသဗျလို့  စိတ်ကူးနဲ့ ပြောသတဲ့ …

ဆရာတော်ကြီးက ဆွမ်းဘုန်းပေးပြီးတဲ့အခါ ဆွမ်းကျန်တွေကို ကပ္ပိယကြီး ဦးရွှေရိုးကို စွန့်ပါတယ် …

ဦးရွှေရိုးလည်းဆွမ်းမစားခင် ဆရာတော်ကြီးကို လိုက်ပြီးတော့တုပြီး
အင်း စားရဦးမယ် ဒုက္ခ ဒုက္ခ လို့ညည်းညူဟန်ပြုပါတယ်။
စားရင်းလည်း အင်း ဒီဒုက္ခကတော့ တယ်ကောင်းဗျလို့ ထပ်ဆင့်ပြော
လိုက်ပါသေးတယ် …

ဦးရွှေရိုးတို့နေတဲ့ တောရကျောင်းနဲ့ မလှမ်းမကမ်းမှာ နီတိုးလို့ခေါ်တဲ့မျောက်ကြီးတစ်ကောင်လည်း ရှိသေးသတဲ့ …

အဲဒီနီတိုးဟာ တစ်နေ့တော့ လူသွားလမ်းမမှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်မှာ တက်ပြီးအိပ်နေသတဲ့။ အဲဒီအခါ ညောင်ပင်ကြီးအောက်ကို
အရိပ်ဝင်ခိုကြတဲ့ ခရီးသွားတွေဟာ မသွားမဖြစ်လို့ ခရီးသွားကြရပေမယ့်မောပန်းနွမ်းနယ်ကြတာမို့ ဒုက္ခ ဒုက္ခ လို့ ညည်းညူသံကို မျောက်ကြီးနီတိုးက ကြားရတယ် …

မကြာခဏဆိုသလို ခရီးသွားတွေရဲ့ ဒုက္ခ ဒုက္ခ လို့ ညည်းညူမြည်တမ်းသံကို ထပ်ခါတလဲလဲ ကြားရတဲ့မျောက်ကြီးနီတိုးက

ဒီ ညောင်ပင်အောက်ကို ၀င်နားတဲ့ ခရီးသွားတွေ အများဆုံးပြောတဲ့ စကားက ဒုက္ခ ဒုက္ခ ဆိုတာပဲ …
ဒီ ဒုက္ခ ဆိုတဲ့ စကားဟာအင်မတန် အရေးကြီးပုံရတယ်။
အကြောင်းသိအောင် ငါစုံစမ်းဦးမယ်လို့ တွေးသတဲ့ …

တစ်နေ့တော့ လူတစ်ယောက်ဟာ ညောင်ပင်အောက်ရောက်လာပြီး ခေတ္တခဏအပန်းဖြေနေတုန်း သြော် ဒုက္ခ ဒုက္ခ လို့ ညည်းတွားလိုက်တယ်။ အဲဒီအခါမျောက်ကြီးနီတိုးက သစ်ပင်ပေါ်က ဆင်းလာပြီး

မိတ်ဆွေ ဒုက္ခဆိုတာ ဘာကိုခေါ်တာလဲ။ ဒုက္ခရှိရင် ကျွန်ုပ်ကိုပေးစမ်းပါလို့တောင်းတယ်။ အဲဒီအခါ ခရီးသွားက ဒုက္ခဆိုတာ မကောင်းဘူး မလိုချင်ပါနဲ့လို့ ပြောတယ်…

မျောက်ကြီးနီတိုးက မကျေနပ်ဘူး။ မရရအောင် တောင်းတယ်။ ဒါနဲ့ ခရီးသည် လူငယ်က မျောက်ကြီး ဒုက္ခအကြောင်း ကောင်းကောင်းသိချင်ရင် တောရကျောင်း ဆရာတော်ကြီးထဲမှာ သွားမေးလို့ ပြောလိုက်တယ် …

ဒါနဲ့မျောက်ကြီးလည်း တောရကျောင်းကို သွားလိုက်တယ်။ တောရကျောင်းရောက်တဲ့အခါ ဆရာတော်ကြီးက ခရီးထွက်နေလို့ ကပ္ပိယကြီးဦးရွှေရိုးနဲ့ပဲတွေ့ရတယ်။ ကပ္ပိယကြီးက မိတ်ဆွေကြီး ဘာကိစ္စရှိလို့
လာတာပါလဲလို့ မေးတဲ့အခါ

ဒုက္ခဆိုတာဘာလဲ သိချင်လို့ ကျောင်းကို လာခဲ့တာပါ။
ဆရာတော်ကြီးမရှိရင် ကပ္ပိယကြီးပဲ ကျွန်ုပ်ကိုဒုက္ခပေးစမ်းပါလို့
ပြောလိုက်တယ် …

ကပ္ပိယကြီးက ဒုက္ခဆိုတာ မကောင်းဘူး။ မလိုချင်နဲ့လို့ပြောပေမယ့် မရဘဲ မျောက်ကြီးက အကြိမ်ကြိမ်တောင်းနေတာမို့.. ဒါဖြင့် ကောင်းပြီ
မနက်ဖြန် ကျောင်းကို လာခဲ့ပါ။ အဲဒီအခါကျ ဒုက္ခပေးပါမယ်လို့  ပြောလိုက်သတဲ့…

ဒါနဲ့ကပ္ပိယကြီးလည်း မျောက်ကြီးပြန်သွားတဲ့အခါ ဂုန်နီအိပ်ထူထူထဲမှာ တောခွေးတစ်ကောင်ကို ဖမ်းပြီးထည့်ကာ ကြိုးနဲ့ချည်ပြီး ကျောင်းအောက်မှာချထားလိုက်တယ်…

မနက်မိုးလင်းတဲ့အခါ ဒုက္ခလိုချင်တဲ့မျောက်ကြီးဟာ တောရကျောင်းကို
အစောကြီးရောက်လာပြီး ကပ္ပိယကြီး ဘယ်မှာလဲ ဒုက္ခ၊ ကျွန်ုပ်ကိုပေးပါလို့ တောင်းတယ်…

အဲဒီအခါ ကပ္ပိယကြီးဦးရွှေရိုးက ကျောင်းအောက်မှာရှိတဲ့ ဂုန်နီအိပ်ထုပ်ကြီးကိုမယူလာပြီး အဆွေမျောက်ကြီး ဟောဒီမှာ သင်လိုချင်နေတဲ့ ဒုက္ခထုပ်ပဲ။ ဒါကို သင့်ထံ ပေးလိုက်ပါ့မယ် …

ဒါပေမဲ့ ဒီဒုက္ခထုပ်ကြီးကို ချက်ချင်းဖြည်မကြည့်ဘဲ သစ်ပင်တစ်ပင်မျှ မရှိတဲ့ လွင်ပြင်ထဲရောက်မှ ဖွင့်ကြည့်ရမယ်…

အဲဒီအခါ မင်းတွေ့ချင်တဲ့ဒုက္ခတွေ့ရပြီသာ မှတ်ပေတော့လို့ဆိုပြီး မျောက်ကြီးကို ပေးလိုက်တယ် …

မျောက်ကြီးနီတိုးဟာ ဒုက္ခတော့တွေ့ရတော့မယ်ဆိုပြီး ၀မ်းသာအားရ အထုပ်ကြီးကိုထမ်းကာ တောအုပ်ထဲကနေ လွင်ပြင်ဘက်ကို ထွက်လာခဲ့တယ်…

ကပ္ပိယကြီးမှာလိုက်တဲ့အတိုင်း သစ်ပင်တစ်ပင်မျှမရှိတဲ့ လွင်ပြင်အလယ်
ရောက်မှ အထုပ်ကိုဖွင့်ကြည့်တယ်…

ဒီအခါ ညနေကတည်းက ဘာမှမစားရသေးဘဲ အိပ်ထဲမှာ ထည့်ထုပ်ထားလို့ စိတ်ဆိုးနေတဲ့ တောခွေးဟာ မျောက်ကြီးကို ဒေါသတကြီးလိုက်ကိုက်တော့တာပဲ…

မျာက်ကြီးနီတိုးလဲ သစ်ပင်မရှိတဲ့ လွင်ပြင်ထဲမှာမို့ သေပြေးရှင်ပြေး
တောစပ်ရောက်အောင်ပြေးကာ သစ်ပင်တစ်ပင်ပေါ် တက်နေလိုက်တယ်…

သစ်ပင်ပေါ်ရောက်မှ မျောက်ကြီးနီတိုးလည်း သက်ပြင်းချကာ အမေလေးမောလိုက်တာ ဒုက္ခဆိုတဲ့အကောင်က မျက်လုံးပြူးပြုး အစွယ်ငေါငေါနဲ့ တကယ်ဆိုးတယ်။ ဒုက္ခဆိုရင် ကြောက်ပါပြီဗျတဲ့…

ဒီပုံပြင်ကလေးဟာ ဒုက္ခရဲ့အနက်အဓိပ္ပါယ်ကို ကောက်ချက်ချရာမှာ ကွဲလွဲနိုင်ပုံကို ဖော်ပြပေးတာပါ…

တောရကျောင်းဆရာတော်ကြီးသိမြင်တဲ့ ဒုက္ခအဆင့်အတန်းကို ကပ္ပိယကြီးကမသိပါဘူး…

ကပ္ပိယကြီးသိတဲ့ ဒုက္ခအဆင့်အတန်းကိုလည်း မျောက်ကြီးက လိုက်မမီပါဘူး။ ပုံပြင်ထဲမှာမှ မဟုတ်ပါဘူး။ တကယ့်လောကထဲမှာလည်း ဒုက္ခရဲ့အနက်အဓိပ္ပါယ်ကို ကိုယ့်အထွာနဲ့ ကိုယ်သိနေကြတာပါပဲ…

အားလုံး ကိုယ့်အတိုင်းအထွာနှင့်ကိုယ် ထင်ရတဲ့ဒုက္ခသည် ဒုက္ခဟုမှန်မယ်ထင်ကြသော်လည်း မြတ်စွာဘုရားဟောကြားတော်မူသော ဒုက္ခမှာ

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘ၀အသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်…

၎င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း
ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်…

လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘ၀သက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့်  လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသည်…

ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်
(၁) သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂) ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ၀ိပရိဏာမဒုက္ခ၊
(၃) ပြုပြင်စီရင်ခြင်းခံရသည့်  သဘော သင်္ခါရဒုက္ခ…

လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။

သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်…

သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်…

သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်…

ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်…

အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတိုင်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။

ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည် ………
………………………………………………………………

Credit to: တောင်ဝင်နွယ်

သာမှပေါင်းတဲ့သူတွေ အကြောင်း


သာမှပေါင်းတဲ့သူတွေကတော့ အလုပ်မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမြဲရှိနေတတ်ပါတယ်။

ဒီလိုလူတွေကို ကြည့်ပြီး မုန်းနေတဲ့သူတွေရှိသလို၊ မသိသလိုသာ နေလိုက်တဲ့သူတွေလည်း ရှိပါတယ်။

သူတို့ကြောင့် စိတ်မညစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိရအောင် ထူးခြားချက်လေးတွေကို တင်ပြလိုက်ပါတယ်။

၀၁. ချီးကျုးဂုဏ်ပြုရတာ အခြားသူများထက် တမူထူးခြားတတ်ပါတယ်။
သူတို့ဟာ ချဉ်းကပ်ရန် ရည်ရွယ်ထားသောသူကို မြှောက်ပြော၊ ပင့်ပြောရတာ အလွန်ပင်တော်ပါတယ်။ ဒီလူဘယ်လိုပြောလိုက်ရင် ပျော်သွားမလဲ၊ ဆိုတာကို သေသေချာချာ လေ့လာထားသလို၊ ပြောဆိုရာတွင်လည်း ပြုံးရွှင်နေပြီး သွားတွေကဖြီးနေတာတာပါပဲ။ သူတို့ဟာ စကားပြောဆို အလွန်ကောင်းပြီး ဘာပြီးရင် ဘာပြောရမလဲဆိုတာကို ခေါင်းထဲမှာ စဉ်းစားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အပြောခံရသောသူကတော့ စိတ်ထဲမှာ ပျော်ရွှင်နေမှာ အမှန်ပါ။

၀၂. ပုံမှန်အားဖြင့် သွက်သွက်လက်လက် ဆက်ဆံတတ်ပါတယ်။
သူတို့ဟာ လိုအပ်သောသူအပေါ်မှာ လိုက်လိုက်ရောရော ဆက်ဆံတတ်ပြီး အမြဲတမ်း သွားတွေက ဖြီးနေတတ်ပါတယ်။

၀၃. မျက်စိရှေ့နဲ့နောက်ကွယ်မှာ ခြားနားချက်တွေ ရှိပါတယ်။
သူတို့ဟာ ချဉ်းကပ်ရန် ရည်ရွယ်ထားသောသူအပေါ်မှာ သူတို့အလိုလိုက်ရောပြီး ပေါင်းတတ်ပြီး အရှေ့မှာ တစ်မျိုး နောက်ကွယ်မှာ တမျိုးလုပ်တတ်ပါတယ်။ ပစ်မှတ်ရဲ့အကြောင်းမှာ ထောက်လို့ရရန်အကွက်ကောင်းများရှိနေရင်တော့ သူတို့အတွက် အခွင့်ကောင်းပဲဖြစ်ပါတယ်။

၀၄. သြဇာရှိသူကို ချဉ်းကပ်ရန် ဝန်မလေးပါ။
သူ့အတွက် အကျိုးရှိသူကိုတွေ့ရင် အမိအရလိုက်သာဖမ်းတော့မှာ အမှန်ပါ။ ကိုယ့်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့ရန်သာ အဓိကပါ။ ပတ်ဝန်းကျင်က ဘာတွေကို နှိမ်ပြော၊ ကဲ့ရဲ့လျှင်လည်း မသိသလိုနေတတ်သူပါ။

၀၅. ကိုယ့်ရဲ့ခံယူချက်တွေဘာတွေက နောက်ထားလိုက်ပါ။
ပစ်မှတ်က ဘဘောကျဖို့ရန်သာ ရည်ရွယ်ပြီးလုပ်ဆောင်နေတာကြောင့် ကိုယ့်ရဲ့ထင်မြင်ချက်တွေ၊ ခံယူချက်တွေကို မေ့ထားတတ်ပါတယ်။ ပစ်မှတ်က ပြောသမျှ အားလုံး ဟုတ်ကဲ့ချည်း၊ ပြောနေတော့မှာပါ။

၀၆. တတ်နိုင်သလောက် ပြုံးပြုံးလေးနေတတ်ပါတယ်။
သူတို့အတွက် နစ်နာမယ့်ကိစ္စတွေနဲ့ကြုံလာပြီဆိုရင် မသိသလို ပြုံးပြုံးကြီးနေတတ်ပါတယ်။ ရန်ဖြစ်ရမှာထက် အားလုံးနဲ့အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်ပါတယ်။

၀၇. လက်ဆောင်တွေကိုလည်း မမေ့ပါ။
ပစ်မှတ်က ဘယ်လိုအသုံးအဆောင်တွေကို နှစ်သက်သလိုဆိုတာကို အမြဲတမ်း လေ့လာထားပြီး အချိန်အခါအပေါ်မှာ မူတည်ပြီး လက်ဆောင်လေးတွေကိုလည်း ပေးလေ့ရှိပါတယ်။

၀၈. မမေ့သွားအောင် ခဏခဏဆက်သွယ်လေ့ရှိတယ်။
ပစ်မှတ်က မေ့မသွားအောင် ဖုန်းဆက်သလို၊ နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်ပြီး သူ့ကို သတိရနေအောင် ဆွဲဆောင်မှာ ဖြစ်ပါတယ်။ သူ့အတွက် အကျိုးရှိမယ့်သူအပေါ်မှာ မူတည်ပြီး ဆက်ဆံရေးက ပြောင်းလဲသွားနိုင်တာကြောင့် ကြောက်စရာကောင်းတဲ့လူတမျိုးဆိုလည်း မမှားပါ။

(Chelmo Team)
Shared from Lwin Pyin

***လေယာဉ်မယ်လေးတွေ ဖော်ထုတ်သွားတဲ့ လျှို့ဝှက်ချက် တစ်ချို့***


သိချင်စရာကောင်းပြီး သိထားရင်လည်း အကျိုးမယုတ်ပါဘူး။

၁။ လေယာဉ်မောင်းတဲ့သူ ၅၀ % က မောင်းနေတဲ့အချိန်မှာ အိပ်နေတာများတယ်တဲ့။ ၃ ပုံပုံ ၁ ပုံကတော့ အိပ်နေတဲ့ ကိုယ့်လေယာဉ်မောင်းဖော်ကို နှိုးဖို့ အိပ်နေရာကနေ ထကြတယ်တဲ့ဗျာ။ အိပ်နေတဲ့pilot မောင်းတဲ့ လေယာဉ် ဘယ်နှစ်ခေါက် စီးမိပြီလဲ မသိ။ (long trip တွေ ဖြစ်နိုင်တယ်)

၂။ လေယာဉ် pilot ၂ ယောက်စားတဲ့ အစားအစာက မတူရပါဘူး။ ပြီးတော့ မျှစားတာတွေ ဘာတွေလဲမလုပ်ရပါ။ ဘာဖြစ်လို့လဲဆိုတော့ အကယ်၍ food poison ဖြစ်ခဲ့ရင် ၁ ယောက်ပဲဖြစ်ပြီး ကျန် ၁ ယောက်နဲ့ လေယာဉ်ကို ဆက်ထိန်းနိုင်အောင်ပါ။

၃။ အောက်ဆီဂျင် မျက်နှာဖုံး- အရေးပေါ်အချိန်မှာ ကျလာပါမယ်။ အဲ့ဒီ အောက်ဆီဂျင်မျက်နှာဖုံက ၁၅ မိနစ်စာပဲ လုံလောက်တာပါ။ ဒါပေမယ့်မပူပါနဲ့ ၁၅ မိနစ်က လေယာဉ်မောင်တွေအတွက် ပုံမှန်အောက်ဆီဂျင်ရတဲ့ အမြင့်ပေကို ပြန်ရောက်ဖို့ လုံလောက်တဲ့အချိန်ရပါတယ်။

၎။ ခရီးသည်တွေကို အားလုံး phone မသုံးရဘူးလို့ပြောပြီးတာနဲ့ လေယာဉ်မယ်တွေက သူတို့နေရာလေးမှာသွားပြီး စ message ပို့တော့တာပါပဲတဲ့။ တကယ်တော့ mobile electronic devices တွေက လေယာဉ်ကို ပျက်ကျလောက်တဲ့အထိ အန္တရယ်မပေးဘူးလို့ ဆိုပါတယ်။

၅။ လေယာဉ်အိမ်သာ - အိမ်သာထဲရောက်လို့ စိတ်ချပြီဟဆိုပြီး ပေါက်ကရလုပ်မယ်တော့ မစဉ်းစားနဲ့နော်။ အိမ်သာတခါးမှာ ကပ်ထားတဲ့ No smoking sign (တချို့ကျတော့ အိမ်သာ sign အောက်မှာ) ကိုခွာပြီး အပြင်ကနေ အိမ်သာတံခါးကို ဖွင့်လို့ ရတယ်နော်။ ရည်ရွယ်ချက်က အိမ်သာအတွင်းက ဒုက္ခရောက်နေသူကို အပြင်ကလူက ကယ်ဖို့ပါ။

၆။ လေယာဉ်မယ်လေးတွေကို ဘောက်ဆူးလေးပေးလိုက်ရင် ခရီးစဉ် တခုလုံးအတွက် ဇိမ်ပဲတဲ့။ ဟုတ်မယ်။ ကြုံဖူးတယ် မကြားတကြားလေး You are so beautiful လို့ပြောလိုက်တာတောင် favor တော်တော်ရတယ်။

၇။ Big Airlines တိုင်းလည်း best pilot ဟုတ်ချင်မှဟုတ်တာ။ ဘာလို့လဲဆိုတော့ တဆင့် ကန်ထရိုက်တာ တွေသုံးတတ်လို့ပါ။ cheap/small airlines တွေမှာလည်း အတွေ့ကြုံရင့် pilot ရှိတတ်ပါတယ်။

၈။ လေယာဉ် အိမ်သာမှာno smoking sign တွေ အပြင်ရောအတွင်းရော ကပ်ထားပြီး ဆေးလိပ်ပြာခွက် အတွင်းမှာ ရှိနေတာကတော့ တကယ်လို့ သောက်ခဲ့သည်ရှိသော် ပြာခွက်ထဲမှာ အလွယ်တကူ ထည့်လို့ရအောင်ပါ။ တခြား အန္တရယ်များတဲ့နေရာ ဆေးလိပ်တို ပစ်လိုက်လို့ accident ဖြစ်ပြီး ၁၉၇၃ ခုနှစ်မှာ ပါဆင်ဂျာ ၁၂၃ ယောက်သေတဲ့ အမှုဖြစ်ခဲ့သေးတယ်။

၉။ လေယာဉ်ပေါ်ကလေဟာ တကယ်တော့ အင်ဂျင်ကထွက်တဲ့ compress air (ဖိသိပ်ထားတဲ့လေ) ဖြစ်တယ်။ compress air နဲ့ လေယာဉ်ထဲမှာ လည်ပတ်နေပြီး နောက် လေယာဉ်ရဲ့ အပေါက်သေးလေးကနေထွက်သွားပါတယ်။ ထွက်မသွားတဲ့လေကတော့ အင်ဂျင်ကလာတဲ့ compress air နဲ ပြန်ရော filter ကို ဖြတ်ပြီး တဖန်ပြန်လည်ပတ်ပါတယ်။

၁၀။ လေယာဉ်ပေါ်ကစောင်တွေ - တချို့က ဘာအထာလဲမသိ။ စောင် request လုပ်ကြတယ်။ မတရားကြီးလဲအေးတာ မဟုတ်ပဲနဲ့။ အေးလွန်းရင် ခေါင်းပေါ်က အဲ့ကွန်းအပေါက်လေး ပိတ်လိုက်ရင် ရပါတယ်။ (long trip တွေမှာ အေးလွန်းရင်တော့ တမျိုးပေါ့) ခင်ဗျားတို့ request လုပ်တဲ့စောင်က တခါတရံ မလျှော်ပဲနဲ့ သူများခြုံပြီးသားစောင်ကို ပြန်ပေးလိုက်တာနော်။ (တနေ့ ၂ ခါ ပျံတဲ့လေယာဉ်ဆို ပထမခေါက်ကတော့ လျှော်ပြီးသား ဒုတိယခေါက်က သူများသုံးပြီးသား) စဉ်းစားကြည့် ကိုယ့်ရှေ့က ရောဂါသည် ညှီစို့စို့ တယောက်များခြုံသွားတဲ့စောင်ဖြစ်နေရင်...

၁၁။ လေယာဉ်ဆင်းခါနီး မီးလေးတွေမှိန်သွားတာ အိပ်ဖို့မဟုတ်ပါ။ အကယ်၍များ accident ဖြစ်ခဲ့ရင် အပြင်ဘက်အလင်ရောင်နဲ့ မျက်လုံး ချိန်လို့ရအောင်ဖြစ်ပါတယ်။

၁၂။ လေယာဉ်ပေါ်မှာ ရေ တို့ အအေးတို့ တောင်းဆိုရင် ပျူပျူငှာငှာလေး တောင်းဖို့လိုအပ်ပါတယ်။ တချို့က customer right ဆိုပြီး မနှစ်လိုဖွယ် လုပ်တတ်တယ်။ ကိုယ် nasty လုပ်ရင် သူလည်းပြန်လုပ်မှာဆိုတာ သိသင့်တယ်။ ဘယ်သူပြောနိုင်မလဲ ရေတစ်ခွက်တောင်းတာ ရေသန့်မဟုတ်ပဲ tap က ရေဆို နှစ်လကြာကြာ မဆေးပဲထားတဲ့ လေယာဉ် tank ထဲကရေ ရမှာနော်

၁၃။ Pilot တွေဟာ လေယာဉ်ပေါ်မှာ အကန့်သတ်မရှိ ပါဝါရတဲ့သူပါ။ လူတစ်ယောက်ကို on air မှာ ဖမ်းစီးခွင့် အာဏာရှိပါတယ်။
ဆက်စပ်ပို့စ် 
လွမ်းအောင်ကူချွဲ (September 13, 2015) 3:15pm
www.facebook.com/lwanaungkuchwell
ရွှေဂျာနယ် https://web.facebook.com/ShweJournal

ကြာနီကန်ဆရာတော် ဦးဇဋိလ ပုံတော်


ကြာနီကန်ဆရာတော်သည် အငို, အရယ်, အဟဲများဖြင့် အဟောအပြောအလွန်ကောင်းပြီး တရားခွေများ များစွာ ရှိပေမယ့် ပုံတော်ကတော့ အင်မတန် ရှားပါးပါတယ်။

ထို့အပြင် ဆရာတော်သည် အငို, အရယ်, အဟဲများဖြင့် ဟောပြောသည့်အတွက် ဟောပြောနေစဉ်မှာ ကိုယ်အမူအရာတွေ ပါလိမ့်မယ်လို့ အများက ထင်ကြပါတယ်။ သို့သော် ဆရာတော်က ထိုသို့မဟုတ်ဘဲ ဟောပြောနေစဉ်မှာ လွန်စွာ တည်ငြိမ်ဣနြေ္ဒရစွာ ဟောပြောကြောင်း ဆရာတော် ဟောပြောသည်ကို ကိုယ်တိုင်မျက်မြင် နာကြားရသူအချို့ထံမှ ကြားသိရသည့်အခါ ဆရာတော်အား ပိုလို့ ကြည်ညိုစိတ် တိုးမိပါသည်။

ကြာနီကန်ဆရာတော်၏ တရားတော်များသာ နာကြားရပြီး ပုံတော်မမြင်ဘူးသူများအတွက် ဖူးမြော်နိုင်စေဖို့ ဓမ္မဒါနပြုလိုက်ပါတယ်။

ဆရာတော်အတ္ထုပ္ပတ္တိကိုပါ ရေးသားတင်ဖို့ စိတ်ကူးပြီး လက်လှမ်းမီရာ ရှာဖွေသော်လည်း ဆရာတော်အကြောင်း ရေးသားထားသည့် စာအုပ်မရခြင်း၊ google search မှာ ရှာဖွေကြည့်သော်လည်း တရားတော်များသာတွေ့ရပြီး အတ္ထုပ္ပတ္တိကို မတွေ့ရခြင်းကြောင့် အတ္ထုပ္ပတ္တိကို ရေးသားဖို့ အဆင်မပြေ ဖြစ်သွားပါတယ်။

ဗဟုသုတ ဟင်းပေါင်းအိုးကြီး

ကိုယ့်ကိုကိုယ် အထင်မသေးနဲ့ 


ဆုကြီးပန်လည်းမဟုတ်ဘူး။ ပဉ္စာနန္ဒရိက ကံလည်းမထိုက်ဘူးဆိုရင် အဲဒါ သာဝကအင်္ဂါပဲ။ ဒီဘဝ မှာတင် ကျွတ်နိုင်တယ်။

ကိုယ့်ကိုကိုယ် ဒွိဟိတ်လား တိဟိတ်လား စဉ်းစားမနေနဲ့  ပါရမီပြည့်မှ တရားရနိုင်တာ မှန်ပေမဲ့ သာသနာနဲ့ ကြုံတွေ့ တာရယ် လူဖြစ်တာရယ် နှစ်ခုနဲ့ တင် ပါရမီရှင်ဖြစ်နိုင်တယ်။

ဒီဘဝမှာ ပင်ပမ်းကြမ်းတမ်းယုံနဲ့ တရားထူးရဖို့  ကံမပါနိုင်ဘူးဆိုပြီး ကကိုယ့်ကိုကိုယ် အထင်မသေးကြနဲ့ ။

သဲအင်းဂူဆရာတော်ကြီးဟာ သားမယားတွေနဲ့ ပဲ လူဆိုးကြီး ဒါပေမဲ့ အရိယာဖြစ်သွားတယ်။

စွန်းလွန်းဆရာတော်ဘုရားကြီးဟာလည်း မိန်းမရှိတယ် သားသမီးရှိတယ် လောကီမှာ နေခဲ့တာပဲ တရားကျင့်လိုက်တာနဲ့ ပဲ ရဟန္တာဖြစ်သွားခဲ့တာ။

နောက်ပြီး စွန်းလွန်းဆရာတော်ဘုရားကြီးရဲ့ တပည့်ပဲ လူအမည် ဦးမြမောင် လူခဏခဏသတ်တယ်။ မယား ၇ ယောက်ရှိတယ်။ ထောင်ခဏခဏ ကျတယ်။ ဒါပေမဲ့ ရဟန်းဝတ်ပြီးတရားအားထုတ်လိုက်တာ
၇ ရက်တည်းနဲ့ ရဟန္တာဖြစ်သွားတယ်။

အနာဂါမ်ဆရာသက်ကြီးဟာလည်း သားမယားတွေရှိတာပဲ ဒါပေမဲ့ အရိယာဖြစ်ခဲ့တာပဲ။

ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အထင်မသေးကြပဲနဲ့ တရားကို ကြိုးကြိုးစားစားသာ ကျင့်ကြပါ။ လူဝတ်ကြောင်ပဲဖြစ်ဖြစ် ရဟန်းဝတ်ပဲဖြစ်ဖြစ်
တရားထူးဆိုတာ ကျင့်တဲ့သူကိုသာ ရစေတာပါ။ သတ်မှတ်ချက်မရှိပါဘူး။

တကယ်လို့ ပါရမီ မပြည့်တဲ့သူဖြစ်ခဲ့ရင်တောင် အဲဒါ တရားထူးရဖို့  အကြောင့်အထောက်အပံ့ဖြစ်ပြီး တနေ့ မှာ တရားရဖို့ ထောက်အပံ့
ဖြစ်ပါလိမ့်မယ်။

Credit: ဦးမြင့် ခိုင် စိတ်ပညာ

✿ အဘိဓမ္မာ ဆိုတာ ဘာလဲ ??? ✿


အဘိဓမ္မာ ဆိုတာ ဘာလဲဆိုရင် The nature of our life ပဲ။
ဘ၀ရဲ့ သဘာဝကို အသေးစိတ် ပြောထားတာကို အဘိဓမ္မာ ခေါ်ပါတယ်။

အင်ဂျင်နီယာသင်တဲ့ ကျောင်းသားတွေကွာ။ မော်တော်ကား တစ်စင်းကို ဘယ်လို တည်ဆောက်ထားသလဲ။ မော်တော်ကား တစင်းထဲမှာ ပစ္စည်းအရာဝတ္ထုလေးတွေ ဘယ်နှစ်မျိုးလောက် ပါဝင်သလဲ။ မင်းတို့ သင်ရတယ် မဟုတ်လား။ ဘယ်လိုပေါင်းစပ်တယ်။ ဟာ အဖုံးကြီး ဆွဲဖွင့်လိုက်တာနဲ့ အထဲမှာ ရှုပ်ပွနေတာပဲ။ ကြိုးတွေ၊ ပိုက်တွေ၊ ဂေါက်တွေ၊ ဂွတွေ၊ အဲဒီလို စနစ်တကျ မော်တော်ကား တစင်း တည်ဆောက်ထားသလို၊ ရေဒီယိုတလုံး တည်ဆောက်ထားသလို ဟောဒီ Body structure (ခန္ဓာကိုယ် တည်ဆောက်ထားမှု ) ကို သင်ရမယ်။

ဒီတော့ ဒီတခုကို ဘာတွေနဲ့၊ ဘာတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်လိုများ အချိုးညီညီ တည်ဆောက်ထားသလဲဆိုတာ အဲဒီ အတတ်ပညာဟာ ဘာလဲဆိုရင် အဘိဓမ္မာ။ သုံးလုံတည်းပဲ။ ဘာတွေလဲ ဆိုရင် စိတ်ရယ်၊ စေတသိက်ရယ်၊ ရုပ်ရယ်။

ဘာတွေလဲ
စိတ်, စေတသိက်, ရုပ်ပါဘုရား။

စိတ်-၈၉-ပါးရှိတယ်။ စေတသိပ် ၅၂-ပါးရှိတယ်။ ရုပ် ၂၈-ပါးရှိတယ်။ လူဆိုလို့ရှိရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ ဘယ်လို၊ ဘယ်လို တည်ဆောက်၊ ခွေး၊ ၀က်၊ ကြက်၊ ငှက် တိရစ္ဆာန်ဆိုရင် စိတ် ဘယ်လောက်၊ စေတသိက် ဘယ်လောက်၊ ရုပ် ဘယ်လောက် ပေါင်းစပ်ပြီးတော့ တည်ဆောက်၊ နတ်ဗြဟ္မာဆိုရင် ဘယ်လို၊ ရဟန္တာဆိုရင် ဘယ်လို၊ အဲဒီလို ပုဂ္ဂိုလ်အမျိုးအစားတွေကို လိုက်ပြီးတော့၊ ဘ၀အမျိုးမျိုးတွေကို လိုက်ပြီးတော့ စိတ်အမျိုးအစားတွေကို၊ စေတသိက် အမျိုးအစားတွေကို၊ ရုပ်အမျိုးအစားတွေကို သူ့ဟာနဲ့သူ စနစ်တကျ၊ အချိုးကျ၊ ပေါင်းစပ် တည်ဆောက်ပုံကို ဖော်ပြတာဟာ အဘိဓမ္မာ။

The nature of mentality and materiality ရုပ် နာမ်တို့၏ သဘာဝ၊ အဲဒါဟာ ဘာခေါ်လဲ၊ အဘိဓမ္မာ။ အဘိဓမ္မာ ခုနစ်ကျမ်းဆိုတဲ့ စာအုပ်ကို လှမ်းမကြည့်နဲ့၊ လှမ်းမကြည့်နဲ့၊ မင်းတို့တွေ အဘိဒမ္မာခုနစ်ကျမ်းကို လှမ်းကြည့်ရင် အကုန်လုံး လန့်သွားမှာ၊ စာအုပ်က နည်းတာမှ မဟုတ်ဘဲ။ ဖတ်လဲ ဘာမှနားမလည်ဘူး။ အဲဒီစာအုပ်က ဘာတွေဟောထားသလဲဆိုရင် ဘုရားကိုင်တိုင် ဟောတာနော်။ စိတ်အကြောင်းရယ်၊ စေတသိက်အကြောင်းရယ်၊ ရုပ်အကြောင်းရယ်၊ အဲဒီအကြောင်းအရာသုံးပါးကို အကျယ်တ၀င့် ဒီစာအုပ်ကြီးတွေထဲမှာ ရေးမှတ်ထားတာ။ တကယ်တော့ ဗုဒ္ဓရှင်တော်ရဲ့ ဓမ္မက စာအုပ်ထဲမှာ ထားဖို့ မဟုတ်ဘူး။ လူထဲမှာ ထားရမယ်။

အဘိဓမ္မာသင်ချင်ရင် မင်းကိုယ်မင်း ပြန်ဖတ်
*****************************************

လူနဲ့ ဓမ္မနဲ့၊ ဓမ္မနဲ့ လူသားနဲ့၊ တပေါင်းတည်းဖြစ်နေမှ Dhamma is the light of your life ဖြစ်လာမှာ။ ဓမ္မနဲ့ လူနဲ့ တခြားစီဖြစ်နေရင် ကိုယ့်မှာဓမ္မအလင်းရောင် မရှိဘူး။ အဲဒါကြောင့် အမေရိကန်ကြီးတယောက်က ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် တပည့်တော် အဘိဓမ္မာ သင်ချင်တယ်တဲ့။
How to learn the Abhidhamma?
Teach me Abhidhamma. What is Abhidhamma? တဲ့။
သူက မေးခွန်းတွေနဲ့။ ဟေ့ Abhidhamma is your body.
ဟုတ်လား။ Don't read any book. You must read yourself.
မင်းကိုယ်ကိုယ် မင်းပြန်ဖတ်။ စိတ်က ဘယ်မှာရှိသလဲ၊
ဒီမှာပဲ၊ ကိုယ်မှာပဲ၊ စေတသိက်ကော ကိုယ်မှာ၊ ရုပ်တွေကော၊
စိတ် စေတသိက် ရုပ်က ဒီမှာပဲရှိတာ။ ဒီကိုယ်ခန္ဓာကြီး ပြန်ဖတ်မှ
စိတ်၊ စေတသိက်၊ ရုပ်ကို တကယ်သိမှာ။ ဒီစာအုပ် ခဏထား။
မင်း ကိုယ်ကို မင်းပြန်ဖတ်ရင် မင်း အဘိဓမ္မာ တကယ်တတ်သွားမယ်။

How to read myself ? သူကပြောတယ်။ ကျုပ်ကိုကိုယ် ကျုပ်
ဘယ်လိုဖတ်မလဲ။ အေး ကောင်းပြီ
" You must sit on the floor,in the cross legged posotion,
place your right hand on top of your left hand,
close your eyes slowly, focus your mind at the tip of your nose."
ဟိုလူကို ဖတ်ခိုင်းပြီနော်။ တင်ပျဉ်ခွေထိုင်ပါ။ ကိုယ်ကို ဖြောင့်ဖြောင့်ထား။
မျက်လုံးကို ဖြည်းဖြည်းလေး မှိတ်၊ ဘယ်ဘက်လက်ပေါ် ညာလက်ကလေး
တင်ထား။ Breathe normally, naturally. မှန်မှန်လေး ရှူ။
ရိုးရိုးလေး အသက် ရှူ။ Focus your mind at the tip of your nose .
နှာသီးဖျားလေးကို ချိန်ထား၊ ဟိုလူက မျက်စိမှိတ် နဖူးကြောတွေ
ဘာတွေ ရှုံ့လာတာ။ အဲသလို အရမ်းကြီး စိတ်ကို တင်းမထားနဲ့နော်။
Must be ralax. သက်သောင့်သက်သာလေး လုပ်စမ်းပါ။ နှာ
သီးဖျား ချိန်ဆိုတော့ မျက်လုံး ဖွင့်ကြည့်တယ်။

venerable Sir; I'd like to ask you a question.
အို အရှင်ဘုရား၊ တပည့်တော် မေးခွန်းတခု မေးချင်တယ်။

ဟေ့လူ မင်း နောက်မှ မေး။ မင်းကို ဒီမှာ ထိုင်ပြီး အဘိဓမ္မာ ဖတ်ခိုင်းနေတာ။

နေပါဦး နောက်မှ ဖတ်ပါရစေတဲ့၊ အခု မေးချင်သေးတယ်၊၊

မင်းတို့နဲ့များ ကွာတယ်နော်။ ဟိုလူကတော့ ထိုင်ခိုင်းကာ
ရှိသေးတယ်၊ မေးနေပြီ။ မမေးနဲ့ဦး၊ နောက်မှမေး။ မင်းစိတ်
နှာသီးဖျား ချိန်ထား။

I miss my mind at the tip of nose.
စိတ်က နှာသီးဖျား ချိန်လို့ မရဘူး။
ချော်ချော်ထွက်သွားတယ်။ သူက ဒီလိုပြောတယ်။

Ok I like. You must understand one thing Abhidhamma
This is called agitation.
ချိန်လို့မရဘူး။ လွဲနေတယ်။ လှုပ်နေတယ်၊ Creak ဖြစ်နေတယ်။
ဘာခေါ်လဲ။ ဥဒ္ဓစ္စ တဲ့။ စေတသိက်တလုံး သူပြောလိုက်တယ်။
စိတ်တွေ လှုပ်ရှားပြေးသွားနေတာကို ဘာခေါ်လဲ၊ ဥဒ္ဓစ္စ သင်ကြ။
ကိုယ်ကိုယ်ကို သင်၊ ဥဒ္ဓစ္စ။ Concentrated ဒီမှာ ချိန်လို့မြဲပြီဆိုလို့ရှိရင်
မင်းနားလည်လာပြီ။ အဘိဓမ္မာ တလုံး၊ သမာဓိ ဟုတ်လား။
အဲဒီလို သင်သွားတာ။ နောက်တော့ သူ ကြိုက်သွားတယ်။

ဗုဒ္ဓကိုးကွယ်ပေမယ့် စည်းကမ်းမရှိလျှင်
**************************************

သုတ္တန် The way of life,
ဝိနည်း discipline,
အဘိဓမ္မာ the nature of our body or our life,
This is Tipitaka, three baskets of Buddha’s teaching
ဘုရားတို့ ရဲ့  အဆုံးအမပိဋကတ် သုံးပုံ။ အဲဒါ ဘာလုပ်ဖို့လဲ။
To be learnt သင်ဖို့။
After learning သင်ပြီးရင် ဘာဆက်လုပ်မလဲ။
To be practiced ကျင့်ဖို့။ ဘာရှိသလဲ။ သီလ သမာဓိ ပညာ။
သီလ ထပ်ပြောစရာ မလိုတော့ဘူး။
Bodily discipline, Verbal discipline.

ကာယကံ စည်းကမ်းသုံးချက် ခုနက ပြောထားတယ်နော်။
ဝစီကံ ပါးစပ်ရဲ့ စည်းကမ်းခြောက်ချက် ခုနက ပြောထားတယ်။
အဲဒီ ကိုယ် နှုတ် နှစ်ပါးရဲ့ စည်းကမ်းတွေကို ဘာခေါ်လဲ။ သီလ။
It is not for worship, not for belief. ဒီပိဋကတ်သုံးပုံကို
I believe in the Tipitaka. ငါ ပိဋကတ်သုံးပုံကို ယုံကြည်ပါ၏။
ဗုဒ္ဓဘာသာ ဖြစ်ရဲ့လား။ I worship the Tipitaka.
ငါ ပိဋကတ်သုံးပုံကို ရှိခိုးပါ၏။ ဗုဒ္ဓဘာသာဖြစ်ရဲ့လား။
မဖြစ်ဘူးနော်။

I am learning. အဲဒါမှ very beginning of Buddhist ဆိုတာ အဲဒါ။
learning သင်ရမယ် နော်။ အဲ ပိဋကတ်သုံးပုံ သင်ပြီးရင်
ဘာဆက်လုပ်မလဲ။ ကျင့်မယ်။ ဘာကိုလဲ သီလ။
ကိုယ်နှုတ်ရဲ့ စည်းကမ်းကို လေ့ကျင့်။ to be a good person.
လူကောင်းတယောက် ဖြစ်လာဖို့ရန်အတွက် သီလအရေးကြီးတယ်။
ကာယကံမှာ စည်းကမ်းရှိရမယ်။ ၀စီကံမှာ စည်းကမ်းရှိရမယ်။
ဒါ religion ကို မဆိုဘူး။ ဘုန်းကြီးတို့က ဓမ္မကို ပြောနေတာ။
religion ကတော့ ကြိုက်တာကို ကိုးကွယ်။ ကိစ္စမရှိဘူး။
ဘာသာ တဘာသာတည်းနဲ့ မလုံလောက်ဘူးဆိုရင် ရှိတဲ့
ဘာသာအကုန် ကိုးကွယ်။ ကိစ္စမရှိဘူး။ သို့သော် အဲဒီစည်းကမ်းတွေ
မလိုက်နာရင် ဒီလူဟာ လူကောင်းကို မဖြစ်ဘူး။ ဒါ အရေးကြီးတာ နော်။

လူကောင်းဖြစ်ရုံနှင့် လူဖြောင့် ဖြစ်ပါ့မလား
*******************************************

ကောင်းပြီ။ ကိုယ် နှုတ်ရဲ့ စည်းကမ်းကို လိုက်နာရင် သီလပြည့်စုံရင်
ဘာဖြစ်သလဲ။ Goog person တဲ့။ လူကောင်း ဒါပေမဲ့ ကာယကံ
စည်းကမ်းကောင်းလို့ မလွန်ကျူးဘူး။ ၀စီကံ စည်းကမ်းကောင်းလို့
ပါးစပ်နဲ့ လွန်ကျူးတာလဲ မရှိဘူး။ ကိုယ်နှုတ်မှာ ဘာပြစ်မှုမှ မရောက်လို့
He, she, they become a good person but there are many many violation.
ဘာလဲ။ ကိုယ်နှုတ်ကတော့ မလွန်ကျူးပါဘူး။ လူ ကောင်းတွေပဲ။
စိတ်ထဲကတော့ သောင်းကျန်းနေတာ အားကြီးပဲ။ အဲဒါ ပိုခက်လာတယ်။
ဒါ another stage. ပိုခက်လာတယ်နော်။ to be right person.
ဖြောင့်မတ်တဲ့လူတယောက် ဖြစ်လာဖို့ရန်အတွက်
We must control our mental violation. စိတ်ရဲ့ ဆူပူသောင်းကျန်းမှုတွေကို ထိန်းထားရမယ်။ How to control? ဘယ်လိုထိန်းမလဲ ဆိုရင် ကျင့်နည်းကြံနည်းလေးတွေ ပြောဖို့အချိန် မရဘူး။ သမထကျင့်စဉ်ကို ကျင့်ရင် စိတ်ဓာတ်သောင်းကျန်းမှု အကုန်လုံး ငြိမ်သွားတယ်။
အဲဒါကြောင့် သမထကမ္မဋ္ဌာန်းကို tranquillity meditation လို့
ခေါ်တယ် နော်။

သမထဆိုတဲ့ စကားလုံးလေးက ငြိမ်းချမ်းစေသော ကျင့်စဉ်၊
စိတ်ကို တနေရာတည်းမှာ ထား၊ ၀ီရိယနဲ့ သတိနဲ့ ညှပ်ပြီးတော့ထိန်း။
တနေရာတည်းမှာ ထားလို့ နှာသီးဖျားပဲ ပြောပြော။ ဘယ်နားဖြစ်ဖြစ်ပေါ့။ ဟောဒီ မက်ကရိုဖုန်းလေးပေါ် ထားမလား။ သို့မဟုတ်-ဟောဒီ
မီးတိုင်လေး ထွန်းပြီးတော့ ထားမလား။ သို့မဟုတ် ရေခွက်လေးထဲ
စိုက်ကြည့်နေ။ သို့မဟုတ်လည်း ပန်းပွင့်လေးတပွင့် ရှေ့မှာ လှလှပပထား။ အဲဒီ ပန်းပွင့်လေး စိုက်ကြည့်နေ။ Concentration ရရင် ဒါပြီးတာပဲ။ နည်းပေါင်းလေးဆယ် ရှိတယ်။ ဘာနဲ့ပဲလုပ်လုပ် ဖြစ်တယ်။

ကြိုက်လို့ရှိရင် လုပ်ကြည့်။ မိမိတို့နေတဲ့အခန်းလေးကို လုံနေအောင် ပိတ်။ မနက် နေလာတဲ့အချိန်မှာ အရှေ့က တံခါးပေါက်မှာလေ သေးသေးလေး ခဲတံလုံးလောက် မရှိတရှိ အပေါက်ကလေး ဖောက်။ အဲဒီက အလင်းရောင်လေး ၀င်လာမှာ မဟုတ်လား။ အဲဒါတွေကို စိုက်ကြည့် Concentration ဖြစ်ရင် ဒါလဲ meditation ဖြစ်တာပဲ။ ရတယ်။ ဟာ နောက်လုပ်ချင်သေးသလား။ အ၀ိုင်းလေး တ၀ိုင်းလောက် ပန်းကန်ပြားလောက် ဖြူဖြူစက်ဝိုင်းလေး တ၀ိုင်းလောက် နံရံမှာ ရေးထား။ အဖြူလေး ချောမွတ် ညီနေရမယ်။ အဲဒါ စိုက်ကြည့်ပြီးတော့ concentrate လုပ်။ အဖြူရောင် မကြိုက်ရင်လဲ အနီရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အပြာရောင်ပေါ့။ အဲဒါ မကြိုက်ရင်လဲ အ၀ါရောင်ပေါ့။
အဲဒါဟာ ဘာလဲဆိုရင် tranquillity meditation.

အဲဒီလို တခုတည်းသောအာရုံမှာ စိတ်ကိုတင်ထားလို့၊ စိတ်ဟာ မြဲလို့ ငြိမ်နေပြီဆိုလို့ရှိရင်လေ စိတ်ရဲ့ hindrances ခေါ်တဲ့ နီဝရဏတွေ စိတ်ရဲ့ disturbance လို့လဲ ခေါ်မယ်ပေါ့။ အနှောက်အယှက်တွေ၊ အပိတ်အပင် အဆီးအတား စိတ်အညစ်အကြေးတွေ ရှင်းသွားလို့ ခွက်တခွက်ထဲမှာ ရေထည့်။ ရေဟာ လှုပ်လဲ မနေစေနဲ့။ မီးထိုးထားလို့ အခိုးလဲ ထွက်မနေစေနဲ့။ ဆေးရောင်စုံ ဆိုးထားလို့ ရောင်စုံတွေလဲ ဖြစ်မနေစေနဲ့။ အောက်က အနည်လဲ မထစေနဲ့။ အပေါ်ကဖုံတွေလဲ မလွှမ်းစေနဲ့။ ဘယ်နှစ်ပါးလဲ ။

ရေခွက်ထဲ ငုံ့ကြည့်၊ ဘာတွေ့လဲ။ အရိပ်တွေ့တယ်။ အဲဒီတော့
ညီတွေ ညီမတွေ အားလုံး စိတ်ထဲမှာ အဲဒီလို အပြစ်ငါးပါးကင်းတဲ့
ကြည်အေး ငြိမ်နေတဲ့ စိတ်ကလေး ဖြစ်လာအောင် သမထကျင့်စဉ်ဆိုတာ ကျင့်ကောင်းတယ်။ ဘယ်သူကျင့်ကျင့် Buddhist or non Buddhaist, Christion or Islam or Hindu or anybody can practice, anybody can attain the mental happiness. ဘယ်သူမဆို စိတ်ချမ်းသာခြင်းကို ရနိုင်တယ်။ စိတ်သောင်းကျန်းမှုတွေကို ငြိမ်စေတဲ့ နည်းဟာ ဒီနည်းပဲ ရှိတယ်။ It is not religion. It is not for worship. It is not for belief but to be into practice ကျင့်မှ ရမယ်။ ယုံကြည်နေရုံနဲ့ ရမှာမဟုတ်ဘူး။

ဆေးသောက်ဖြစ်အောင် သောက်ကြပါ
*************************************

ငါ ဖျားနေတယ်။ အဖျားပြတ်ဆေး ငါ ယုံကြည်ပါတယ်နော်။ ဘယ်တော့မှ အဖျားမပျောက်ဘူး။ ဆရာဝန်ကြီးက ရေးပေးလိုက်တယ်။ မင်း အဖျား ဘာကြောင့်ဖျားတာ။ ဒီဂရီ ဘယ်လောက်ရှိတယ်။ ဘာအစားရှောင်။ အစာအိမ် ဘာဖြစ်နေတယ်။ ဘာဆေးသောက်။ မနက်ဘယ်နှစ်လုံး။ ည ဘယ်နှစ်လုံး။ နေ့ ဘယ်နှစ်လုံးသောက်၊ ရေးပေးလိုက်တယ်။ ဆရာဝန်ကရေးပေးတာ။ ဟာ သိပ်တော်တဲ့ ဒေါက်တာဆိုပြီး ကိုယ့်နေရာကိုယ် ရောက်တော့ ဆေးပုလင်းလေး ဘေးချ။ ဆေးပုလင်းလဲ ယုံကြည်တယ်။ ဆရာဝန်လဲ ယုံကြည်တယ်။ ဆေးအညွှန်းလဲ ယုံကြည်တယ်။ ဆေးအညွှန်းကြီးဖတ်နေ၊ ရောဂါ ပျောက်မလား။

ဒီကနေ့ ကမ္ဘာလူသားတွေက ဆေးညွှန်းတောင် ကောင်းကောင်း
မဖတ်ချင်တော့ဘူး ဖြစ်လာတယ်။ ပိဋကတ်သုံးပုံဆိုတာ ဆေးညွှန်းတွေ
ဟုတ်လား။ အခုပြောနေတာ သီလ သမထ။ နောက် တတိယအဆင့် ၀ိပဿနာ။ အဲဒါ ဆေးနော်။ သီလဆေး သောက်ရင် ကာယကံ ၀စီကံမှာ ဘာဖြစ်လဲ အပြစ်ကင်းသွားမယ်။ သမထ ဆေးသောက်ရင် မနောကံ စိတ်ရဲ့ သောင်းကျန်းမှုတွေ ငြိမ်းအေးသွားမယ်နော်။ ၀ိပဿနာဆေးကို
သောက်မယ်ဆိုရင်တော့ စိတ်ရဲ့ ဟိုအထဲမှာ စွဲနေတဲ့ ရောဂါရဲ့ အမြစ်ကို ဆရာက ဆေးကောင်းကောင်းနဲ့ နုတ်လိုက်သလိုပေါ့။ ၀ိပဿနာများ လုပ်လိုက်ပြီဆိုလို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး သန့်ရှင်းသွားမယ်။

သူတော်သူမြတ်ဖြစ်ချင်လျှင်
***************************

You will attain purification of mind in this very life.
စိတ်ရဲ့ သန့်ရှင်းမှုကို ရသွားမယ်။ At that time, you will become
a noble person. ဘယ်နှစ်ဆင့်လဲ။ To be a good person
လူကောင်းတယောက်ဖြစ်ဖို့ practice Sila, To be a right person.
ဖြောင့်မတ်တဲ့စိတ် ပိုင်ရှင်တယောက် ဖြစ်လာဖို့ရာအတွက်
You should practice Samatha. To be a Noble person,
စာလုံးပေါင်း မမှားစေနဲ့။ သူတော် သူမြတ်တယောက် ဖြစ်လာဖို့အတွက် We should practice insight meditation, Vipassana.

ဝိပဿနာဆိုတာ ဘာလဲဆိုရင် စောစောက ပြောခဲ့ပြီ။ ဟို အမေရိကန်ကြီးကို အဘိဓမ္မာ ဖတ်ဆိုတော့ ဘုန်းကြီး ဘယ်မှာဖတ်ခိုင်းလဲ။ ကိုယ်ထဲမှာ ဖတ်ရတယ်။ ၀ိပဿနာဆိုတာ ကိုယ့်ကိုယ်ထဲရှိတဲ့ အရှိတွေကို အရှိအတိုင်း သိအောင်၊ အဲဒီ အရှိတရားတွေ တခုနဲ့တခု ဘယ်လို interdepdndent ဖြစ်ပြီးတော့ တည်ဆောက်ထားတယ်ဆိုတာကို အမှန်အတိုင်း မြင်အောင် ကြည့်တဲ့နည်းဟာ ဘာလဲ ၀ိပဿနာ ပဲ။

အဲဒီဝိပဿနာ အားထုတ်လို့ရှိရင် စိတ်အညစ်အကြေးတွေ အကုန်လုံး ဘာဖြစ်လဲ။ သန့်ရှင်းသွားတယ်။ အဲဒီတော့ ထိုသူ ဘာဖြစ်လဲ။ Noble person သူတော်သူမြတ်တယောက် ဖြစ်လာမယ်။ ဘယ်နှစ်ဆင့်လဲ သီလကျင့် လူကောင်းဖြစ်မယ်။ သမထကျင့် လူဖြောင့်ဖြစ်မယ်။ ၀ိပဿနာကျင်ရင် သူတော်သူမြတ်တယောက် ဖြစ်လာမယ်။

ကျင့်စဉ် ဘယ်နှစ်မျိုးလဲ သီလ သမာဓိ ပညာ- ဒီသုံးမျိုးက ဘာလုပ်မလဲ။
To be practice အဲဒီ သီလ သမာဓိ ပညာ သုံးမျိုးကို ကျင့်လိုက်လို့ရှိရင်
We will realize the true nature of our life. ဘ၀ရဲ့ အမှန်တရားတွေကို နားလည်လာမယ်။ ဘ၀အမှန်ဆိုတော့ သစ္စာတရားပေါ့။

ဒါကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများသည် ကိုးကွယ်ဖို့ religion မဟုတ်ဘူး။
သင်ဖို့ ဓမ္မ နော်။ ရှိခိုးဖို့ ယုံကြည်ဖို့ religion မဟုတ်ဘူး။ ကျင့်ဖို့ ဓမ္မ။
ယုံကြည်နေရုံမျှနဲ့ လုံလောက်တဲ့ Religion မျိုး မဟုတ်ဘူး။ သိရှိနားလည်အောင် လုပ်ရမယ့် ဓမ္မ။ အဆင့် ဘယ်နှစ်ဆင့်လဲ။ ဓမ္မအဆင့် သုံးဆင့်ကို ကျင့်ရင် ဒီပုဂ္ဂိုလ်တွေ ဓမ္မအဆင့် ဘယ်နှစ်ဆင့် တက်လာမလဲ။ to be a good person, to be a right person, to be a noble person. လို့ ဘ၀အဆင့် သုံးဆင့် မြင့်တက်လာမယ်။ လူသားတိုင်းရဲ့ ဘ၀ကို အဲဒီလို အဆင့်ဆင့် မြင့်တက်စေတဲ့ အဆုံးအမများကို ဘာခေါ်လဲ။
Buddha’s teaching ဒီလို ခေါ်ပါတယ်။

*********************************

သီတဂူ ဆရာတော်
http://buddhismworld.ning.com/ မှ ကူးယူဖော်ပြပါသည်။

☆ ကြောက်စိတ်တွေဝိုင်း၍ ☆


☆ ဤအရှင်၏ မိဘတွေက တောင်သူလယ်သမားများ ဖြစ်သဖြင့် ဤအရှင် ငယ်စဉ်က လယ်တောထဲ ၀င်ခဲ့ရဖူးသည်။ ညီလေးနှင့် နှစ်ယောက်ဖြစ်သည်။

☆ တစ်နေ့ စပါးခင်းဝင်စားသည့် နွားတွေကို ဤအရှင်၏ ညီလေးက ဓားနှင့် လိုက်ပေါက်သည်။ သူကြောင့် နွားတွေထိခိုက်ဒဏ်ရာရလျှင် ခက်လှချည်ရဲ့ ဟု စိုးရိမ်ပြီး လယ်တောထဲကို သူ့အား မခေါ်တော့။ ဤအရှင် တစ်ယောက်တည်းသာ ဆင်းလိုက်တော့သည်။ တစ်နေ့ နွားတွေ စပါးခင်းထဲ ၀င်စားစဉ် ဤအရှင်က ခြောက်လှန့်သည့်သဘောနှင့် ကျောက်ခဲလေး တစ်လုံးကောက်ပြီး ပစ်ပေါက်လိုက်သည်။ မတော်တဆ နွားကလေးတစ်ကောင်၏ မျက်စိကို သွားမှန်ပြီး မျက်စိထဲက သွေးတွေ ယိုကျလာသည်။ မိမိကြောင့် ဖြစ်ရသည်ဟု ဆိုပြီး ဤအရှင်သည် စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ခဲ့ရသည်။ ထိုနွား၏ လည်ပင်းကို ဖက်ပြီး ငိုလည်းငိုမိသည်။

☆ နောက်ပြီး ထိုနွား၏အဖြစ်ကို သတိရတိုင်း ဤအရှင်သည် ထိတ်လန့်နေမိသည်။ မိမိတော့ ငရဲကြီးပြီ၊ ငရဲကြီးပြီး ချက်ချင်းပဲ ငရဲပြည်ကို ရောက်ရတော့မလိုလို ခံစားရသည်။

☆ သူငယ်ချင်း တစ်ယောက်၏ မင်္ဂလာဆောင်မှာ သတို့သားအရံ လုပ်ခဲ့ဖူးသည်ကိုလည်း မှတ်မိနေသည်။ သတို့သားအရံပီပီ ရှိသည့်လက်ဝတ်လက်စားတွေ အကုန်ထုတ်ဝတ်ရသည်။ ဆွဲကြိုးလည်း ပါသည်။ လက်စွပ်တွေလည်း ပါသည်။ အ၀တ်အစားတွေကလည်း သေတ္တာအောက်ဆုံးမှာ ခေါက်သိမ်းထားသည့် ကောင်းပေ့ဆိုသည့် အ၀တ်သစ်၊ အစားသစ်တွေ ဖြစ်သည်။

☆ မင်္ဂလာဆောင်လာကြသည့် အမျိုးသမီး လေးတွေက မိမိကို ကြည့်ပြီး တီးတိုးတီးတိုးနှင့် ရွပိုးထိုးနေကြသည်။ မိမိက သူတို့ကို မကြည့်ရဲ။ ထူးထူးဆန်းဆန်း အတွေးတွေကလည်း ၀င်လာသည်။ ထိုအမျိုးသမီးများသည် မိမိကို ငရဲပြည်ပို့ မယ့်သူတွေ ဖြစ်သည်ဟု။

☆ မိမိကိုယ်ပေါ်မှာ ဆင်ထားသည့် လက်ဝတ်လက်စား ရွှေငွေတို့ကို ကြည့်ပြီးတော့လည်း တစ်မျိုးတစ်မည် ဖြစ်ပြန်သည်။ ဤပစ္စည်းတွေက ရန်သူကို မျက်စပစ်နေသော အရာများပါကလား။ သူခိုး ဓားပြတွေက မျက်စိကျတက်သော ပစ္စည်းတွေမဟုတ်ပါလား။ ပစ္စည်းကိုယူပြီး လူကိုသတ်တာ ဒါတွေကြောင့်ပဲ မဟုတ်လား။

☆ သည်လိုနှင့် တစ်ရက်မှာတော့ ဤအရှင်သည် မိမိကိုယ် မိမိ ပိုင်ပိုင်နိုင်နိုင်ကြီး ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ရဟန်းဘောင်ထဲ ၀င်တော့မည်ဟူ၍။

☆ မိမိ၏ ဆုံးဖြတ်ချက်ကို ပထမဦးဆုံး ပြောမိသည်မှာ ညီလေးကို ဖြစ်သည်။ “ငါ့ညီ၊ အစ်ကိုလေး လူဝတ်နဲ့  မနေတော့ဘူး၊ သာသနာ့ဘောင်ထဲ ၀င်တော့မယ်။ နက်ဖြန် အဖေနဲ့ အမေကို ပြောပြီး ၀င်တော့မယ်”

☆ တကယ်တမ်း ဤအရှင် ရဟန်းဘောင်ဝင်တော့မည်ဆိုတော့ ညီလေးက ငိုသည်။ ညီအစ်ကိုနှစ်ယောက် အတူနေ၊ အတူစား၊ အတူအိပ် သိပ်ချစ်ကြသည်မဟုတ်လား။ သူငိုတော့ ဤအရှင်လဲ မထိန်းနိုင် ငိုဖြစ်ခဲ့သည်။

☆ အမေ့ကို ဖွင့်ပြောတော့ အမေက ခွင့်မပြု။ ငိုလည်း ငိုသည်။ အမေငိုသည်ကို မြင်ရပြန်တော့ စိတ်ထဲတော်တော် မကောင်းဖြစ်ရသည်။ မိမိ၏ ဆန္ဒကိုလည်း အလျှော့မပေးချင်၊ နောက်ဆုံး တစ်ဝါလောက်ပဲဖြစ်ဖြစ် ၀တ်ခွင့်ပြုပါဟု ပြောရသည်။ တစ်ဝါလောက်ပဲဆိုတော့ အမေက “စဉ်းစားမယ်” ဟု ပြောသည်။

☆ ဆရာတော်ကိုလဲ ဤအရှင် သွားလျှောက်သည်။

☆ ဆရာတော်က “မင်း ဖြစ်ပါ့မလားကွာ၊ မင်းက ပေါ်ကြော့ နေတဲ့ကောင်  ဥစ္စာ” ဟု ဆိုသည်။ အမေ့ကိုလည်း -

☆ “ဟဲ့ ညီမ” (ဆရာတော်က ဤအရှင်၏အမေကို ညီမဟု ခေါ်သည်။)

☆ “နင့်သား ဘုန်းကြီးဝတ်မယ်ဆိုတာ ဟုတ်ပါ့မလား။ အိမ်မှာ ကြော့ကြော့နေတဲ့ကောင်က ဘုန်းကြီးဝတ်လို့ ဖြစ်ပါ့မလား” ဟုလည်း ပြောသည်။

☆ အမေကလည်း -

☆ “ဖြစ်မဖြစ်တော့ မသိပါဘူး။ တပည့်တော်မထံမှာတော့ တစ်ဝါလောက် ၀တ်ပါရစေဆိုလို့  တပည့်တော်လဲ ခွင့်မပြုချင်ပဲ ခွင့်ပြူလိုက်ရတာ” ဟု ပြန်လျှောက်သည်။ ဤတွင် အဖေက ကြားက၀င်ပြီး ပြောပေးသည်။

☆ “၀တ်ပါစေ ဘုရား၊ သူတအား စိတ်ထက်သန်နေတာ ဖြစ်တော့ သူ့ဆန္ဒအတိုင်းပဲ ၀တ်ပေးလိုက်ပါ ဘုရား”

☆ ဤသို့ ဖြင့် ဤအရှင်၏ ဆန္ဒသည် ပြည့်ဝခဲ့ရသည်။ ၁၃၄၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၄ ရက်နေ့ တွင် ဤအရှင်အား ရှင်းပြကြသည်။ ၁၃၄၀ ပြည့်၊ တန်ပေါင်းလဆန်း ၈ ရက်နေ့ မှာ ဤအရှင်က ရဟန်းခံ၊ ညီလေးကိုလဲ ရှင်ပြုနှင့် ရဟန်းခံရှင်ပြုပွဲ တစ်ကြိမ် ထပ်မံကျင်းပကြသေးသည်။

☆ ထိုအချိန်မှစ၍ ဤအရှင်သည် မြတ်စွာဘုရား၏ သာသနာတော်၌ ပရိယတ်၊ ပဋိပတ် ခုနှစ်ဖြာကို ကျင်းသုံးခွင့် ရခဲ့ခြင်း ဖြစ်သည်။

▬▬▬▬▬▬▬▬▬
☆ ရဟန်း နှစ်ပါး ☆
▬▬▬▬▬▬▬▬▬

☆ မှန်ရာကို ၀န်ခံရလျှင် ဤအရှင်သည် ရဟန်းအဖြစ်ကို ရသည်နှင့် စိတ်ထဲ အပျော်ကြီး ပျော်ခဲ့ရသည်။ ဤအပျော်မျိုး တစ်ခါမှ မတွေ့ ဖူးဟု ထင်သည်။ ဘာကြောင့် ပျော်ရသနည်းဟု တစ်ခါ တစ်ခါ စဉ်းစားမိသည်။

☆ “ဘ၀အဆင့်မြင့်ပြီး အပါယ်တံခါးကို ငါ ပိတ်လိုက်နိုင်ပြီ။ နောက်ထပ် အကုသိုလ်ကံတွေ လုပ်ဖို့ မရှိတော့ဘူး” ဟု တွေးပြီး ပျော်ခြင်းများလား။

☆ ဤအရှင် သတိပြုမိသလောက် မြတ်စွာဘုရား၏ သာသနာတော်ထဲ ၀င်ရောက်သူ နှစ်မျိုးနှစ်စား ရှိသည်။ သဒ္ဓါပဗ္ဗဇ္ဇျိတနှင့် ဘယာပဗ္ဗဇ္ဇျိတ ဟူ၍ဖြစ်သည်။

☆ သဒ္ဓါပဗ္ဗဇ္ဇျိတ ဆိုသည်မှာ စားဝတ်နေရေး ဘာမျှ ပူပန်သောက မရှိဘဲ
သံသရာမှ လွတ်မြောက်လိုသည့်စိတ်၊ ဆင်းရဲ ခြင်းဆိုသည့် ဒုက္ခတရားကိုမြင်ပြီး စည်းစိမ်ဥစ္စာတွေအပေါ် တပ်မက်စရာအဖြစ် မမြင်တော့ဘဲ သံဝေဂတရားတွေ ရင်ဝယ်ပိက်ကာ တရားထူး တရားမြတ်ကို ရအောင် ကျင့်မည်ဆိုသည့်စိတ်နှင့် ရဟန်းပြုလာသူတွေကို ခေါ်သည်။

☆ ဘယာပဗ္ဗဇ္ဇျိတ ဆိုသည်က စားဝတ်နေရေး အဆင်မပြေ၊ အလုပ်အကိုင်တွေ အဆင်မချော၊ စီးပွားပျက်၊ အိမ်ထောင်ရေး ကစဉ်ကလျားဖြစ်၊ သားသမီးတွေက ဦးနင်းဦးထောင်၊ ပဲ့နင်းပဲ့ထောင်၊ အဲဒီလို သောကအထွေထွေနဲ့  ရောက်လာကြသူတွေကို ဆိုလိုသည်။ အချို့ က အသက်အရွယ်ငယ်ငယ်မှာ ရောက်လာကြသည်။ အချို့ ကမူ အရွယ်လွန်မှ ရောက်လာကြသည်။ သာသနာထဲသာ ရောက်သည်။ ပရိယတ်ဆိုင်ရာ စာပေတွေကို သင်ယူချင်စိတ်မရှိ၊ ၀ိနည်းဆိုသည်ကိုလဲ နားမလည်။ ဆရာသမား စကားကိုလဲ မနာခံ၊ တစ်ဝါနှစ်ဝါလောက် ရတယ်ဆိုရင်ပဲ ကျောင်းတိုင်ဘုန်းကြီး ဖြစ်ချင်ကြပေသည်။

☆ လာဘ်လာဘကို မက်မောသည်။ မသင့်ပါဘူးလို့  ဆရာသမားက တားရင်၊ ပြောရင် ဆရာသမားကို ရန်သူလို မှတ်လာသည်။ တပည့် ဒါယကာ၊ ဒါယိကာမတွေကို စည်းရုံးသည်။ ဆရာနဲ့ ဒကာ ရန်တိုက်သည်။ ဒကာအချင်းချင်း၊ ဒကာမအချင်းချင်း စိတ်ဝမ်းကွဲအောင်လုပ်သည်။

☆ ၀ိနည်းနားမလည်တော့ ကျောင်းဆောက်တယ်။ အာပတ်သင့်တယ်ဆိုတာ နားမလည်ကြ၊ ကြောက်လည်း မကြောက်ကြချေ။ ဒကာ၊ ဒကာမတွေရဲ့ သည်းခြေကြိုက် တရားစကားတစ်ခွန်း နှစ်ခွန်းလောက်ပြောတက်တာကိုပဲ မိမိကိုယ်မိမိ အထင်ကြီးပြီး လွတ်ချင်တိုင်းလွတ်၊ မြောက်ချင်တိုင်းမြောက် ဖြစ်နေကြသည်။ စာတက်ပေတက် ဆရာသမားများကတောင် သူ့ လောက် မတတ်ဘူး ထင်လာကြသည်။ အဲဒါတွေဟာ ဘယာပဗ္ဗဇ္ဇျိတကို အကြောင်းခံပြီး ဖြစ်လာကြခြင်းများ ဖြစ်သည်။
¤ မြောက်ဦးဆရာတော် ¤
Buddhavasa Tiloka

သေခါနီးမှာ အလွန်အရေးကြီးတယ်


သေခါနီးအချိန်ရောက်နေပြီဆိုလို့ရှိရင် ဗမာတွေမှာ တော်တော်များများက လူမမာနားလာပြီး တောင်ပြောမြောက်ပြော 

“ဒီတောင်က ကျော်နိုင်မယ် မထင်ပါဘူး”
ဟိုကတော့ မေ့နေတာမှ မဟုတ်တာ။
ကြားနေတာ။ အဲဒီလိုတွေပြော။
“ဘဏ်စာအုပ်တွေ မေးထားလိုက်ရဲ့လား။”
“လက်မှတ်ထိုးလိုက်ရဲ့လားလို့ မေးတဲ့လူက မေး၊”
“စိန်နားကပ် ဘယ်နားထားတုန်း”တို့။
အဲဒါမျိုးတွေက မလုပ်ထိုက်ဘူး။မလုပ်ရဘူး။
အဲဒီလို လုပ်ရင်တော့သွားပြီ။
ဟိုလူက ဒုက္ခရောက်ပြီ။
အဲဒီလို ဖြစ်တတ်တယ်။

ဘုန်းကြီးတွေကျတော့လည်း
“ကိုယ်တော်၊ ကျောင်းဘယ်သူ့ အပ်ခဲ့မှာတုန်း”တို့၊
ဘာတို့လုပ်ကုန်တယ်။ အဲဒီမှာ ဒုက္ခရောက်ပြီ။
အဲဒီအချိန်မှာ စိတ်ကလေး ဖြောင့်နေအောင်
ငြိမ်ငြိမ်လေးထားပြီး တရားလေး ဖွင့်ပေးတာတို့၊
ကုသိုလ်ကောင်းမှုလေး လုပ်ပေးပြီးတော့
ငြိမ်းငြိမ်း အေးအေးချမ်းချမ်းနဲ့ နေအောင်
တိတ်တိတ်ဆိတ်ဆိတ်ကလေး နေရတယ်။
စကားမပြောရဘူး။

အမှန်က အဲဒီအချိန်မှာ ဆူညံဆူညံနဲ့
ဟိုလူလာ၊ဒီလူလာလက်မခံတာ ကောင်းတယ်။
လာတဲ့လူက ဟိုပြော၊ ဒီပြော သိပ်ပြောတာ။
တိုးတိုးလည်း မပြောတတ်ဘူး။
မြန်မာတွေရဲ့ထုံးစံ အသံကကျယ်ကျယ်ပြောတတ်တယ်။
အဲဒါတွေ က ဒုက္ခရောက် စေတတ်တဲ့အရာတွေ
ဖြစ်တယ်။ ဒါကြောင့်မို့ အရာရာမှာ သတိထားရမယ့်
ကိစ္စတွေ၊ ဆင်ခြင်ရမယ့်ကိစ္စတွေ လောကကြီးမှာရှိတယ်။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】
Posted by ►  www.facebook.com/youngbuddhistassociation.mm

အပ်စပ်ပါတယ်


တစ်ခါက ဥပဓိရုပ်လက္ခဏာကောင်းတဲ့ လူကြီးတစ်ဦးဟာ လက်ဆွဲပုံးတစ်ဖက်၊ တံမြက်စည်းတစ်ဖက်နဲ့ ဝေဘူရိပ်သာထဲ သွားနေတာ မြင်ဖန်များလာတော့ ဝေဘူဆရာတော်ဘုရားကြီးက အခေါ်ခိုင်းပြီး မိန့်တော်မူပါတယ်။

"ဒကာကြီး ဘယ်ကလဲ"

"ဒီမြို့ကပါ ဘုရား"

"ဘာအလုပ်လုပ်ပါသလဲ"

"နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပါဘုရား။ အားနေတဲ့အချိန် ကုသိုလ်ရအောင် ကုဋီတွေကို လာပြီး သန့်ရှင်းရေးလုပ်တာပါဘုရား"

"ကောင်းပါတယ် ဒကာကြီး။ တရားရော အားထုတ်ဘူးလား"

"ကျကျနနတော့ အားမထုတ်ဖူးပါဘူး ဘုရား"

"တရားလည်း အားထုတ်ပါဦး"

"နည်းပေးတော်မူပါ ဘုရား"

"ကဲ.. ဒါဆို အခုပဲ ရှုမှတ်ရအောင်"
ဆိုပြီး နာရီဝက်ခန့် တရားရှုမှတ်ပါတယ်။ တရားရှုမှတ်ပြီးတော့…

"ကဲ… ဒကာကြီး ဘာတွေသိလဲ။ လျှောက်ပါဦး"

"တပည့်တော်နဲ့ ဝိပဿနာတရားနဲ့ မအပ်စပ်ဘူး ဘုရား"

"ဘာလို့တုန်း"

"စိတ်တွေ မငြိမ်ဘူးဘုရား"

"စိတ်မငြိမ်တာ သိလား"

"သိပါတယ် ဘုရား"

"ဘယ်လောက်သိလဲ"

"နာရီဝက်လုံးလုံးပါ ဘုရား"

"အပ်စပ်ပါတယ် ဒကာကြီး။ ဝိပဿနာတရားဆိုတာ.. စိတ်ကို ငြိမ်အောင်လုပ်တာ မဟုတ်ဘူး။ သိအောင်လို့ အားထုတ်တာ။ စိတ်မငြိမ်တာကို မငြိမ်မှန်းသိရင် တရားဖြစ်နေပြီပဲ။ ဆက်သာ အားထုတ်ပါ" လို့ မိန့်တော်မူပါတယ်။

တရားအားထုတ်နေကြသော ယောဂီများအတွက် တန်ဖိုးရှိ၍ အားတက်စရာကောင်းသော ဝေဘူဆရာတော်ဘုရားကြီး၏ အဖိုးမဖြတ်နိုင်သော နိဗ္ဗာန်တိုင်အောင် ဆုံးမတော်မူချက်ပေတည်း။

"ဆရာတော်ဘုရားကြီး၏ ဂုဏ်တော် မေတ္တာတော် ကျေးဇူးတော် အနန္တတို့အား အစဉ်ဦးခိုက် နှလုံးမူလျက်…"

"သင်ဆရာ မြင်ဆရာ ကြားဆရာ အရိယာ သူတော်စင်, သူတော်ကောင်း အပေါင်းတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို အစဉ်နှလုံးမူလျက်.."

Shared from Dhamma Share

စရိုက်ပြင်နည်း


စရိုက်ပြင်ချင်တယ်။ ဘာနဲ့ ပြင်မလဲ။

“ရာဂစရိုက်”

အလှအပတွေ သိပ်ကြိုက်တယ်နော်။ မက်မောတယ်။ အဆင်းလှတာ သဘောကျတယ်။ အသံကောင်းတာ သဘောကျတယ်။ အနံ့မွှေးတာ သဘောကျတယ်။ ဟင်းကောင်းကြိုက်တယ်။ တွယ်တာမှုတွေ အားကြီးတယ်။ လောဘတွေ အားကြီးတယ်။

ဒီစရိုက်တွေ များလာပြီဆိုရင် ဘာနဲ့ ဖျောက်ဖို့ကြိုးစားမလဲ။ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ ကမ္မဋ္ဌာန်း ၄၀ လို့ဆိုပြီး ထိုထိုကျမ်းဂန်တွေကနေထုတ်ပြီးတော့ မှတ်တမ်း တင်ထားတယ်။ အဲဒီအထဲမယ် “ရာဂစရိုက်” ရှိတဲ့ ပုဂ္ဂိုလ်တဲ့အတွက် “အသုဘဘာဝနာ-မတင့်တယ်မှု” ကို ဆင်ခြင်စဉ်းစားမှု အရေးကြီးဆုံးပဲ။

သူက ဘာဖြစ်လို့တုန်းဆိုတော့ အမြဲတမ်း လှတယ်ချည့်တွေးနေတဲ့ ပုဂ္ဂိုလ်ကိုး။ အဲဒီတော့ မလှဘူး၊မစင်ကြယ်ဘူးဆိုတာ မြင်အောင် ကြည့်ဖို့ပေါ့။

အဲဒါမှ သူ့ရဲ့ တွယ်တာမှုကို လျှော့ချနိုင်မှာ။ “အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ”- ရာဂစရိုက်ကို ဖယ်ရှားနိုင်ဖို့အတွက် “အသုဘ ကမ္မဋ္ဌာန်း” ကို ပွါးပါတဲ့။

အေး၊လူတွေက အသုဘလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ဟို-မသာအိမ်သွား အောက်မေ့နေတယ်နော်။

အသုဘ ဆိုတာ အသက်ရှင်နေတုန်းလည်းပဲ “အသုဘ” ၊ “အသုဘ” ဆိုတဲ့စကားလုံးက မတင့်တယ်ဘူး။

ရွံစရာကောင်းတယ်။ကဲ- ကိုယ့်ကိုယ်ကို ရွံစရာ ကောင်း၊ မကောင်း ကိုးပေါက်ဒွါရကနေ ထွက်နေတာတွေကို နမ်းကြည့်ပေါ့။ အတွင်းထဲမှာ မွှေးကြိုင်နေတယ်ဆိုတာ တစ်ခုမှမရှိဘူးနော်။

မျက်စိကထွက်ရင် မျက်ချေး၊ နှာခေါင်းကထွက်ရင် နှပ်ချေး၊ (အမယ် နန်းတော်သူတွေကတော့ မျက်ချေးကို “မျက်ဝတ်”လို့ခေါ်လိုက်သေးတာနော်။နာမည်လေးကိုလှလှပပ ထားပြီးတော့ ရွံစရာမကောင်းအောင်လို့။)

နှာခေါင်းကထွက်တော့ နှပ်ချေး၊ နားကထွက်တော့ နားဖာချေးပေါ့။ အဲဒီလို ခန္ဓာကိုယ်က ထွက်သမျှ အရာတွေဟာ သိမ်းထားလို့ရတဲ့ဟာ တစ်ခုမှ မရှိဘူး။ မွှေးကြိုင်တယ် ဆိုတာလည်းတစ်ခုမှ မရှိဘူး။

လူတွေမွှေးကြိုင်တယ်ဆိုတာ ပြင်ပကခေတ္တခဏ လိမ်းကျံထားတဲ့ အနံ့ကမွှေးတာ။ လူက မွှေးတာ မဟုတ်ဘူး။ စနိုးလိမ်းထားရင် စနိုးက၊
ပေါင်ဒါလိမ်းထားရင် ပေါင်ဒါက မွှေးတာနော်။ ရေမွှေးဆွတ်ထားရင် ရေမွှေးက မွှေးတာ။ အဲဒါကို လူကမွှေးတယ် ထင်နေကြတာ။ အဲဒီတော့ လူရဲ့ခန္ဓာကိုယ်ဟာ မွှေးတယ်၊ကြိုင်တယ်ဆိုတာ တစ်ခုမှမရှိဘူး။ ဒါစဉ်းစားဖို့ ပြောတာနော်။

အဲဒီလို စဉ်းစားဆင်ခြင် တတ်လာမယ်ဆိုရင် လှပတယ်၊ တင့်တယ်တယ်ဆိုတာ မရှိဘူးတဲ့။ ရွံစရာကောင်းတယ်ဆိုတာတွေ တွေ့လာမှာပဲ။
အဲဒီလို ရွံစရာကောင်းတာတွေကို တွေးပြီးတော့ ရာဂစိတ်ကို ပယ်ဖျောက်ရမယ်တဲ့။ တွယ်တာမှုကို လျှော့ချရမယ်။ ဒါက “ရာဂစရိုက်ကို ပြုပြင်တဲ့နည်းတစ်နည်း” ပေါ့နော်။

ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ ဆံပင်၊ မွှေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ ခန္ဓာကိုယ်ကြီးကို တစ်ခုစီ၊ တစ်ခုစီ ဖျက်ချကြည့်လိုက်။ ဆံပင်ကလည်း ခေါင်းပေါ်မှာတော့ လှနေတယ်လေ။

အဲဒီ ခေါင်းပေါ်ကဆံပင်လေးတစ်ခုဟာ ထမင်းပန်းကန်ထဲ ရောက်သွားရင် ရွံစရာကောင်းတယ်။ လူက အဲဒီကျမှ ရွံစရာကောင်းမှန်း သိတာ။
ခေါင်းပေါ်နေတုန်းကတော့ အရောင်အမျိုးမျိုးဆိုးပြီး အလှအပတွေလုပ်၊အမွှေးအကြိုင်တွေ လိမ်းဒီလို လုပ်ကြတယ်။

အဲဒီတော့ ခေါင်းပေါ်မှာရှိတဲ့ဆံပင်နဲ့ ကျွတ်လာတဲ့ ဆံပင်ဟာ အတူတူပါပဲ။အတူတူပဲ။ အဲဒီလို ဆံပင်၊ မွှေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊
အရေ၊ ခန္ဓာကိုယ်မှာရှိတာတွေ သဘာဝရဲ့ မလှပ၊ မတင့်တယ်မှုတွေကို ဆင်ခြင်စဉ်းစားပေးခြင်းအားဖြင့် ရာဂစရိုက်ကို လျှော့ချပေးလို့ရပါတယ်။

“ဒေါသစရိုက်”

ဒါဖြင့် “ဒေါသစရိုက်” ကိုတော့ ဘာနဲ့လျှော့ချရမလဲ ဆိုလို့ရှိရင် ဒေါသဆိုတာ ဘယ်အာရုံပေါ်မှာမှ သူက ကြည်လင်တာ မဟုတ်ဘူး။ အမြဲတမ်း မုန်းတီးမှုနဲ့ ဆက်ဆံနေတယ်။ ဒါကြောင့်မို့ ဒေါသစရိုက်ကို ဖယ်ရှားဖို့ရာကျတော့ ကိုယ့်ရင်ထဲ၊ နှလုံးသားထဲမှာ “မေတ္တာတရား” ကို ဖြစ်ပွါးအောင် ကြိုးစားရမယ်။

“မေတ္တာ ဘာဝေတဗ္ဗာဒေါသဿ ပဟာနာယ” တဲ့။ အမုန်းတရားလို့ ဆိုတဲ့ ဒေါသစရိုက် ပျောက်သွားအောင် မေတ္တာတရားကို မိမိရင်ထဲမှာ ဖြစ်ပွါးအောင်ကြိုးစားပါတဲ့။ အများအကျိုးကို လိုလားခြင်းဆိုတဲ့ မေတ္တာကို
တည်ဆောက်တဲ့အခါမှာ “ခန္တီ”ဟာ များစွာ အကူအညီပေးတယ်။

ဒါကြောင့်မို့ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် မေတ္တာတရားကို ထိန်းသိမ်းထားပြီး၊ဒေါသတရားကို ဖယ်ရှားနိုင်အောင် ကြိုးစားရမယ်။

အဲဒီလို မကြိုးစားနိုင်လို့ အကျင့်ကြီး ပါသွားပြီဆိုရင် လူဖြစ်ရင်လည်း လူစိတ်တိုကြီးဖြစ်တယ်။ တိရစ္ဆာန် ဖြစ်ရင်လည်း ကျားတို့၊ ခြသေ့င်္တို့
ဒေါသကြီးတဲ့ အကောင်မျိုးတွေ သွားဖြစ်တယ်။ အဲဒီလို မဖြစ်ရအောင် သိတတ်တဲ့ဘဝမှာ မေတ္တာတရားများများ ပွါးပြီးတော့၊ အဲဒီစရိုက် ပျောက်ဖို့ရာအတွက် ကိုယ့်ရဲ့နှလုံးသားကို မေတ္တာတရားတွေနဲ့ ဆွတ်ဖြန်းပေးဖို့ လိုအပ်တယ်တဲ့။

“မောဟစရိုက်”

“မောဟစရိုက်” ပျောက်ဖို့ရာအတွက် ဘာလုပ်မလဲ၊ တရားနာရမယ်။ မောဟစရိုက် ပျောက်အောင် တရားနာတယ်၊နှလုံးသွင်းတယ်။ မြတ်စွာဘုရားဟောကြားထားတဲ့ တရားရေးသားထားတဲ့ စာအုပ်တွေဖတ်ရှုတယ်၊ လေ့လာတယ်။

မေးမြန်းတယ်၊ဆရာသမားတွေဆီ ချဉ်းကပ်တယ်၊ မသိတာတွေကို မေးတယ်၊အဲဒီလို မေးမြန်းစုံစမ်းခြင်း၊ သင်ယူခြင်း၊ မှတ်သားခြင်းဖြင့် “မောဟစရိုက်” ကို ပျောက်ကင်းစေနိုင်ပါတယ်။

အဲဒီလို ပညာရလာအောင် လုပ်တဲ့အခါမှာ အရေးကြီးတာက ဘာလဲဆိုရင် စိတ်ကလေးငြိမ်အောင်နဲ့ မိမိရဲ့သန္တာန်မှာ သတိတရားတွေ ခိုင်မာလာအောင် လေ့ကျင့်ရမယ်။ “သတိသမ္ပဇည” ထားရမယ်။ သတိရှိလာလို့ရှိရင် ပညာဟာ ရှိလာမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ သတိကို ထူထောင်ပေးရမယ်။

“အာနာပါနံ မောဟစရိတဿ”-မောဟစရိုက်ရှိတဲ့ ပုဂ္ဂိုလ်ဟာ သတိလေးထားပြီး ထွက်လေ၊ဝင်လေလေးကို ရှုမှတ်ပွါးများနေရမယ်။ ဒီလိုနေမယ်ဆိုရင် မောဟစရိုက် နည်းပါးသွားမယ်။ သတိရှိလာတာနဲ့ တစ်ပြိုင်နက် အသိပညာလည်း ရတယ်။

အသိပညာ ရအောင်လည်း ရရာရကြောင်းတွေကို ဆည်းပူးရတယ်။လေ့လာရတယ်။နာယူရတယ်။ မှတ်သားရတယ်။ ဟော-ဒီလိုနည်းနဲ့ မောဟစရိုက်တွေ ပျောက်ကွယ်ပြီးတော့ သွားနိုင်တယ်။

စရိုက်ဆိုးတွေကို ဒီဘဝမှာ ပြင်ရင်ပြင်၊ မပြင်လို့ရှိရင် သံသရာမှာ စရိုက်ဆိုးတွေနဲ့ပဲ ကျင်လည်ကြရမှာဖြစ်တယ်။ လူ့ဘဝ ရောက်လာရင်ပဲ စရိုက်ဆိုးတဲ့လူ၊ လောကလူတွေ ကြည့်လေ၊တစ်ယောက်နဲ့ တစ်ယောက် စရိုက်မှ မတူတာ။ စရိုက်ဆိုးတဲ့လူတွေ ရှိတာပဲ။ စရိုက်ကောင်းတဲ့လူတွေ ရှိသလို၊ စရိုက်ဆိုးတဲ့ လူတွေ ရှိတာပဲ။

ဒီဘဝမှာ မပြင်ဘူးဆိုလို့ရှိရင် နောင်ဘဝမှာလည်းပဲ အကျင့်ကြီးတွေ ပါသွားမှာပဲ။ အဲဒီ မကောင်းတဲ့ အကျင့်ကြီးတွေ ပါသွားပြီ ဆိုလို့ရှိရင် အဲဒီစရိုက်ဟာ နောက်ဆုံးမှာ ဖျောက်လို့မရနိုင်တဲ့ အဆင့်ထိအောင်
ရောက်သွားပြီးတော့၊ အထုံဝါသနာကြီး ပါပြီးတော့ ဘုရားတောင်မှ ချွတ်ဖို့ရာ ခက်သွားတယ်။ ဥပမာမယ် “ဖွတ်ဖို့၊လျှော်ဖို့ မလွယ်ကူတဲ့ လက်နှီးစုတ်”လို ဖြစ်သွားမှာပေါ့နော်။

မကောင်းတဲ့စရိုက်တွေ ကိုယ့်စိတ်မှာ လွှမ်းမိုးသွားပြီ ဆိုလို့ရှိရင် သံသရာ နစ်မွန်းသွားနိုင်တယ်တဲ့။ ဒါကြောင့်မို့လို့ ဒီလို ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်နဲ့ ကြုံတဲ့အခိုက်မှာ …

ရာဂစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။

ဒေါသစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။

မကောင်းတဲ့ မောဟစရိုက်ကိုလည်း လျော့ချဖို့ ကြိုးစားရမယ်။

ကောင်းတဲ့စရိုက်တွေကိုတော့ ကြီးထွားလာအောင် ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ ပေးရမယ်လို့ ဒီလိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့တယ်။

အခုလို တရားဓမ္မတွေကို နာယူမှတ်သားပြီးတဲ့အခါမှာ မိမိတို့ရဲ့ ဘဝမှာ ကောင်းမြတ်တဲ့ စရိုက်တွေကို မွေးမြူခြင်းဖြင့်၊ ကောင်းမြတ်တဲ့ ဝါသနာတွေနဲ့ နောက်ဆုံးမှာ ထာဝရချမ်းသာတဲ့ အငြိမ်းဓာတ်နိဗ္ဗာန်ကို
မျက်မှောက် ပြုနိုင်မှာဖြစ်တယ်လို့ အားလုံးသဘောကျပြီး ဝါသနာတို့၊စရိုက်တို့ကို ဖယ်ရှားနိုင်ကြောင်း၊အကျင့်ကောင်းကို ကျင့်ကြံကြိုးကုတ် အားထုတ်ကာ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။ ။

【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】

Shared from Young Buddhist Association

အဘိဓမ္မာဆိုတာနဲ့ လန့်သွားကြတယ်


လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ်ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကိုလျှောက်တယ်။

“အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင်တန်းလာမတက်တာပါဘုရား” လို့ ဒီလိုလျှောက်ထားဖူးတယ်။ အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ သင်ကြားတဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေးဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေသလဲဆိုတဲ့ ကိုယ့်ရဲ့သိသင့်သိထိုက်တဲ့အကြောင်းတွေကို မသိကြတာပါ။
ကိုယ်က ဘယ်မြို့ဘယ်ရွာမှာမွေးတယ်၊ ၊ဘယ်သူ့သား၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဒီလိုအပေါ်ယံလေးတွေလောက်သာ သိနေကြတာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်အသေးစိတ်သိအောင်ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။ ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ်နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းသိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ စိတ်ကိုဖြူစင်အောင်ထားတတ်လာတယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာလား၊ အကုသိုလ်တွေဖြစ်နေတာလား ကိုယ့်ဟာကိုယ်ရှင်းရှင်းလေးသိတယ်။ ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာလဲသိတယ်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာလဲသိတယ်ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်ရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အဘိဓမ္မာသင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီးလှပါတယ်။

(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ)

Shared from Alwan Pya

တောင်ဖီလာဆရာတော်၏ သီလဂုဏ်


တစ်ခုသော နေ၀င်ဖျိုးဖျ အကာလအချိန်မဲ့တွင်မှ ဆံပင်ဖားလျား အ၀တ်အစား အစုတ်အပြတ်နှင့် ဒကာမကလေးတစ်ယောက် တောင်ဖီလာတောရကျောင်းဆီသို့  အမောတကော ပြေးလာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အ၀တ်အစားသည် တစ်ခြားစီဖြစ်နေ၏။

ဆရာတော်သည် တောင်ကျရေခံရန် တူးထားသော ကန်အနီးလမ်းလျှောက်နေရာမှ ဘုရားဝတ်ပြုရန် ဟန်ပြင်ခိုက်
"ကယ်တော်မူပါ ဆရာတော်ဘုရား"
အသံနှင့် ဖက်တော့မယောင်ပြေးဝင်လာ၏။ နေ၀င်သွားသော်လည်း လရောင်ကလေးရှိနေ၍ ဒကာမရုပ်သွင် ကို ပြဲ့ပြဲ့ထင်ထင် မြင်နေရ၏။ "အင်း...ဒုက္ခပါတကား" ဟု ဆရာတော်ညည်းတွားခိုက် -
"တပည့်တော်မ လမ်းခရီးကြားမှာ ဒုက္ခတွေ့ လာ၍ ဆရာတော် ကျောင်းမှာ နေပါရစေဘုရား" ဟု ငို၍ လျှောက်၏။
ဆရာတော်မှာ ဒုက္ခသည်အား ညအခါ တောတောင်ကြီးအတွင်း နှင်လွှတ်ရအခက် လက်ခံရအခက် ဖြစ်နေသည်။

"ဘုန်းကြီးကျောင်းမှာ ဒကာမနေ၍ ဘယ်မှာ ဖြစ်မည်လဲ" ဟု နှုတ်ကပင်ထွက်လိုက်ရသော်လည်း လုံးဝရှောင်၍ မရနိုင်သည်ကိုကား သိနေသဖြင့် အကြံရခက်နေလေသည်။
"တစ်ညတာပါဘုရား"
ဟူသော ဒကာမကလေး၏ အသံမှာ မျက်ရည်နှင့်အတူ အားကိုးလွန်းသော အမူအရာကို ဆောင်နေပြန်၏။

ဆရာတော်သည် အတန်ကြာ စကားဆိတ်၍ သက်ပြင်းချကာ စဉ်းစားပြီးနေ၏။ အကြံတစ်ခုရကာ စိတ်သက်သက်သွားသော အမူအရာဖြင့် ကျောင်းအပြင်ဘက် စင်္ကြန်၌အိပ်ရန် ခွင့်ပြုရလေတော့သည်။ ဆရာတော်ကား နေရာပေး ညွှန်ပြီးနောက် တောင်ဖီလာစေတီရင်ပြင်တွင် ရားဝတ်ပြု၍ တောင်စောင့်နတ်တို့ အား အမျှဝေ မေတ္တာပို့ နေလေတော့သည်။

ကျောင်းငယ်သို့  မပြန်လည်းခက် ပြန်လည်းခက်ဖြစ်နေ၍ နောက်ဆုံးကျောင်းကလေးသို့ ပြန်ကြွကာ "ဒကာမ အဲဒီမှာ အိပ်လေ" ဟု တုံးတိတိ ပြောဆိုကာ တံခါးမင်းတုပ်ကို ချ၍ ကျောင်းကလေးအတွင်း၌ ကမ္မဋ္ဌာန်းဘာဝနာပွားလေ၏။
ဤညတွင် လုံးဝမအိပ်စက်မိစေရန် သတိကို ဆောင်ထားရ၏။
ဝိနည်းတော်က -
"တစ်မိုးတစ်ရံတည်း၌ ဒကာမနှင့်အတူ မအိပ်ကောင်း"။

သင်လာ၍ ငါညလုံးပေါက် တရားရှုရပေသည်"ဟု ဖြေဆည်အားတင်းလျက် အကျိုးကိုသာ ရှုမြင်၍ တစ်ညလုံး တရားရှုမှတ်ရန် ပြင်ဆင်ရ၏။ ဆရာတော်တရားရှုမှတ်၍ သမာဓိရစအချိန်မှာပင် တံခါးကို လက်ဝါးနှင့်ပုတ်သံ ကြားရ၏။

ဒကာမကလေးမှာ ကြောက်လွန်းချမ်းလွန်း၍ ကျောင်းထဲသို့ အိပ်ခွင့်ပြုရန် ခိုက်ခိုက်တုန်သောအသံဖြင့် အသနားခံလာ၏။ အမျိုးမျိုးစဉ်းစားသော်လည်း သတ္တ၀ါနှင့် ကရုဏာစိတ်တို့ သည် အလေးချိန် လျှာညီနေ၍ အိပ်ခွင့်ပြုရပြန်လေသည်။ ဆရာတော်ကား ကျောင်းအပြင်ဘက် စင်္ကြန်သို့ ထွက် တရားထိုင်ရလေ၏။

မကြာမီ မအိပ်ဝံ့ဆို၍ အထဲသို့  ပြန်ဝင်လာရပြန်၏။

"နင် အဲဒီမှာနေ .. နောက်ထပ် လျှာမရှည်နှင့်" ဟုလည်း ထောင့်ချိုးတွင် နေရာချရင်း အသံမာဖြင့် မိန့် တော်မူ၏။ ဒကာမကလေးကား စုပ်ပြဲနေသော အကျီင်္နှင့် ရင်ကွဲထမီးကလေးကို ဟိုလှည့်သည်လှည့် ဖုံးဖိရင်း ကျောင်းကလေးထောင့်ကွေး၌ ကုပ်၍နေရရှာ၏။
ဆရာတော်ကား မျက်နှာလွှဲကာ ကျောပေးနေရာယူ၍ ထွက်လေ၀င်လေကိုသာ ပွတ်ကြိုးဆွဲသကဲ့သို့  ရှုနေရ၏။ တုံးလုံးလှဲခြင်း လမ်းလျှောက်ခြင်း ပြုလိုသော်လည်း မျက်စိကို စုံမှိတ်ကာ သံဝေဂဖြစ်ဖွယ်၊ အသုဘဖြစ်ဖွယ်များကို နှလုံးသွင်း ရှုမှတ်နေ၏။ တစ်ချက်တစ်ချက်တွင် ဒကမကလေး၏ ညည်းသံပေါ်လာပြန်သည်။ ဆရာတော်ကား ဘာမျှမေးတော်မမူ။ ဥပေက္ခာရှု၍သာ နေလိုက်ရ၏။

ကျားသစ်ရဲတို့ ဘေးကြောင့် ခွေးအနှင့် သားသမင်တို့ ၏ အော်မြည်ပြေးလွှားသံများကိုလည်း ကြားနေရပြန်သည်။ ကျားကိုက်၍သေမူ တစ်ဘ၀မျှသာတည်း ဟု ဆင်ခြင်နေမိ၏။ ၀မ်းမီးကောင်းသူအတွက် စားသမျှ အစာသည် အားဖြစ်၏။ သတိဥာဏ် ရှိသူအတွက် တွေ့ သမျှ အာရုံသည် တရားချည်းပင်တည်း။

မိုးလင်းရန် တဖြည်းဖြည်း နီး၍လာသဖြင့် ဆရာတော်မှာ တအးတက်လာ၏။ ပုညရှင်စေတီမှ ကျောက်စည်ထိုးသံကိုပင် သဲ့သဲ့ကြားနေရသည်။

'အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား၊ တပည့်တော်မ သေရပါလိမ့်မယ်" အသံကြောင့် ဆရာတော်မှာ -
"ဟဲ့ ဒကာမ ဘာဖြစ်ရပြန်တာလဲ"ဟု ငေါက်ရင်း မီးအိမ်ကိုဖြုတ်ကာ အနီးသို့ သွားရပြန်ရာ နေမကောင်းသော အမူအရာဖြင့် တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ ရ၏။
"အလို - ဘုရား ဘုရား" ဟု ရေရွတ်ကာ မျက်နှာလွှဲ၍ -
ငါ့ မှာ ဘာဆေးမျှ မရှိ၊
မိုးလင်းတော့မည်၊
သည်းခံပြီး ဘုရားအာရုံပြုလေ" ဟု မိန့် တော်မူ၏။
ဒကာမကလေးမှာလည်း သိမ်းကြုံး ပွေ့ ဖက်တော့မည့်ဟန် ပြင်နေသဖြင့် ရုတ်တရက် ကျောင်းနံရံတွင် ထိုးစိုက်ထားသော ဒန်ပူသတ်သည့် ဓားမောက်ကို သွား၍ ယူလိုက်၏။ ပြီးလျှင် မိမိခြေသလုံးအား ဓားနှင့် မွှန်းလေတော့သည်။ သွေးစိမ်းရှင်ရှင် ပန်း၍ ထွက်ကျလာ၏။

ဒကာမကလေးမှာ ဓားယူစဉ်ကပင် ကြောက်ရာမှ သွေးများကို မြင်ရလျှင် အံ့အားသင့် ထိတ်လန့် သွားရှာ၏။ တပည့်တော်မအား ခွင့်လွှတ်ပါဘုရား၊ တပည့်တော်မ မှားပါပြီ" ဟု ကန်တော့လေ၏။ မကြာမီ မိုးစင်စင်လင်း၍ ဒကာမကလေးအား ပြန်ထွက်သွား၏။ ပြန်ထွက်သွား၍ မကြာမီပင် ခပ်လှမ်းလှမ်းမှ မကြားစဖူး လူသံများလည်း ကြားယောင်နေရ၏။
မကြာမီ အသံများတိတ်သွားသည်။

အဖြစ်အပျက်ကား ဆန်းကြယ်လေ၏။ ကြံကြီးစည်ရာဟု ထင်ဖွယ်ရှိသည်။ အကြောင်းကား မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့ က သံတော်ဦးတင်ကြသည်။ နောက်ဆုံးတွင် မင်းကြီးပါ သဘောတူရ၍ အမူအရာကောင်း ရုပ်ချောမင်းသမီး တစ်ပါးကို သွန်သင်၍ အဖော်များထည့်ကာ စေလွှတ်ခြင်းဖြစ်လေသည်။
မဖြစ်သင့်သော နေရာမှ မဖြစ်ထိုက်သောကိစ္စများ ဖြစ်တတ်သည်မှာ ဓမ္မတာပင်တည်း။

မင်းသမီးလည်း စေခိုင်းသည့်အတိုင်း တောင်ဖီလာဆရာတော်အား သီလအကျင့်ကို ဖြားယောင်း ဖျက်ဆီးခဲ့ပါပြီ ဟု အပြစ်မှ လွတ်ရန် သံတော်ဦး တင်ရ၏။

ထိုသတင်းမျိုးသည် ကြော်ငြာခမကုန်သော သတင်းမျိုး ဖြစ်သည့်အတိုင်း
တမုဟုတ်ချင်း ပြန့်ကားသွားတော့သည်။ ယုံသူလည်းယုံ မယုံသူလည်း မယုံကြ။ ထိုအခါ အလှူအတန်းပြုလိုဟန်ဖြင့်လာသော မင်းကြီးနှင့် ပရိတ်သတ်တို့ အား သင်္ကန်းစုတ် ပတ်တီးစည်းထားသော ခြေထောက်ပြရင်း ဓားမောက်ကို ယူကာ -

သစ္စာအဓိဌာန်
*************************
"ငါ၏ သီလပျက်စီးပါမူ
ဤဓားမောက်သည် ချသောခဏ
ရေ၌ မြုပ်ပါစေသား။
စင်ကြယ်ပါမူ ရေ၀ယ်ကူးစေသား"ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍ ပြတော်မူလေသည်။ ဓားမောက်လည်း ရေတွင်ဖြတ်သန်း၍ ငါးကဲ့သို့ တလန်းလန်း ကူးသော ဟူ၏။ ဆရာတော်ကား ၁၀၁၂ ခုနှစ် သက်တော် ၇၂နှစ်တွင် ပျံလွန်တော်မူခဲ့သတည်း။

ယခုတိုင် ထိုတောရ၌ ဓားမကူးကန် ဟူ၍ ရှိနေသေးသည်။
၁၂၂၈ ခုနှစ်တွင် မင်းတုန်းမင်း၏ မြောက်သားတော် စိန်တုံးမိဖုရားက ကန်ဟောင်းကို ထပ်မံ၍ ပြင်ဆင်ကြောင်း ကျောက်စားထိုးထားသည်ကို ရေကူးမှတ်သားခဲ့ရပါ၏။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ရွှေဥမင်နှင့် တောင်ဖီလာပုဂ္ဂိုလ်အကျော်)

Shared from Dhamma Share

သဘာဝ အရှိတရား


ဗုဒ္ဓရဲ့ တရားတော်တွေကိုကြည့်ပြီး အနောက်တိုင်းက Western Scholar တွေ (Philosopher) တွေ ဗုဒ္ဓ ရဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြတာရှိတယ်။ မြတ်စွာဘုရားဟာ အမြဲတန်း စိတ်ကို အဓိကထား ပြီး ဟောလေ့ရှိတယ်။ စိတ်ကို အဓိကထားပြီး ဟောတာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆ ကို Idealism လို့ဖော်ပြကြတယ်။ တကယ်တော့ Idealism ဆိုတာ စိတ်သာအရှိတရားလိုဆိုတဲ့ အဓိပ္ပါယ်ရတယ်။ မြတ်စွာ ဘုရား တရားတော်က တကယ်တော့ စိတ်သာအရှိတရားလို့ ဟောတာ မဟုတ်ဘူး။ ဒါကြောင့်မို့သူတို့ပြောတဲ့ Idealism ဆိုတာ မဟုတ်ဘူး။

Idealism ရဲ့ ဆန့်ကျင်ဘက်က Materialism. Materialism က နာမ်တရားဆိုတာ တကယ်က ရှိတာ မဟုတ်ဘူး။ စိတ်ဆိုတာ ရှိတာ မဟုတ်ဘူး။ ရှိတာက ရုပ်တရားပဲ။ ရုပ်သာ အရှိတရားလို့ ပြောကြတဲ့ ၀ါဒကို Materialism ဆိုကြတယ်။ အဲဒီလို Idealism လို့ပြောတာတို့၊Materialism လို့ပြောတာတို့ဟာ အစစ်အမှန် ဗုဒ္ဓ၀ါဒကို ဖော်ပြနိုင်ခြင်း မရှိဘူး။ တကယ်တော့ မြတ်စွာဘုရားဟောတာက ရုပ်တရားနဲ့ နာမ်တရားဟာ တစ်ခု နဲ့ တစ်ခု အပြန်အလှန်ဆက်သွယ်မှုရှိတယ်။ ရုပ်တရားကိုလည်း ဟောတယ်၊နာမ်တရားကိုလည်း ဟောတယ်။ ဒီ နှစ်ခုဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့ နေကြတယ်။ တကယ် အစစ်အမှန်ကို ဟောတာဖြစ်လို့ မြတ်စွာဘုရား ရဲ့ ၀ါဒကို ပြောမယ်ဆိုရင် Realism လို့ ပြောရမှာပဲ။ ရုပ်သာ အရှိတရားလို့ လည်းမဟောဘူး။နာမ်သာ အရှိတ ရားလို့လည်းမဟောဘူး။ ရှိနိုင်တာ နှစ်ခုစလုံးကိုပဲ မြတ်စွာဘုရားက ဟောတယ်။ 

တစ်ချို့ အနောက်တိုင်းက အယူအဆတွေမှာ စိတ်ဆိုတာ ဦးနှောက်ကိုပဲ ပြောတယ်။ မြတ်စွာဘုရားက စိတ်ကို “ဝိညာဏ” တို့ ၊ “မန”တို့၊ “စိတ္တ” တို့ဆိုတဲ့ စကားလုံးတွေနဲ့ သုံးပြီးဖေါ် ပြတယ်။ မြန်မာလူမျိုးတွေလည်း “၀ိညာဏ”ကို ဝိညာဉ်လို့ခေါ်တာရှိတယ်။ လူရဲ့ စိတ်အစဉ်မှာ လူတစ်ယောက်က သေဆုံးသွားလို့ရှိရင် Physical Body ကြီး ကျန်ရစ်တာတော့ လူတိုင်းငြင်းစရာမရှိဘူးပေါ့။ နောက်ဆုံး မှာ Crimate လုပ်ပစ်လိုက်ရ တယ်။ သို့သော် အဲဒါကို ကြည့်ပြီးတော့ လူရဲ့ သန္တာန်မှာရှိတဲ့ ၀ိညာဉ်လေးဟာ ထွက်သွားပြီး နောင်ဘ၀တစ် ခုမှာ ၀င်စားတယ်လို့ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာတယ်။ အဲဒါ ဗုဒ္ဓဘာသာ အယူအဆတစ်ခု မဟုတ်ဘူး။ 

မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စစမုပ္ပန္နံ”လို့ဟောတယ်။ “၀ိညာဏ်”ဆိုတာ အကြောင်းတရားကိုစွဲမှီပြီး ဖြစ်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်။ ရှိနေတဲ့အရာ မဟုတ်ဘူး။ ဥပမာ မြန်မာတွေ အသုံးပြုနေတဲ့ စောင်းကိုပဲ ကြည့်လိုက်။ စောင်းမှာ စောင်းကြိုးရှိတယ်။ စောင်းအိုး ရှိတယ်။ တီးခတ်တဲ့လူရှိတယ်။ စောင်းကြိုး၊စောင်းအိုး ဒီအတိုင်းထားလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်းတရားတစ်ခု နဲ့ မပေါင်းလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်း တရားတစ်ခုနဲ့ မပေါင်းလို့ရှိရင် အသံဆိုတာ ထွက်မလာဘူး။ တစ်ခါ အဲဒီအသံဟာ စောင်းကြိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ စောင်းအိုးထဲ ရှိတာလည်း မဟုတ်ဘူး။တီးသူရဲ့ လက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒီ အကြောင်း ၃-ခု ပေါင်းစုံလိုက်တဲ့ အခါမှ အသံလေး ပေါ်ထွက်လာတယ်။ ပေါ်လာပြီးတော့ ပျောက်သွားတယ်။ မြတ်စွာဘုရားက လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ဆိုတာလည်း အဲ့ဒီအတိုင်းပဲတဲ့ ။အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှသာဖြစ်တယ်။

ဆိုပါစို့ ... လောက လူတွေနေ့စဉ်နဲ့အမျှ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့အခါမှာ မြင်ကွင်း ထဲမှာရှိတဲ့ အဆင်းအာရုံတွေဟာ မျက်စီထဲ ထင်ဟပ်လာတယ်။ထင်ဟပ်လာတဲ့အခါ မြင်တယ်ဆိုတဲ့မြင်သိစိတ်ကလေး ပေါ်လာတယ်။ အဲ့ဒီပေါ်လာတဲ့ မြင်သိစိတ် ကလေးဟာ မျက်စီဆိုတဲ့ အကြောင်းတရား၊ ထင်ဟပ်လာတဲ့ ရူပါရုံ ဆိုတဲ့ အကြောင်းတရား အဲ့ဒီနှစ်ခု ပေါင်းစပ်လိုက်မှ မြင်သိစိတ်ဆိုတာ ပေါ်တာ။နဂိုက မြင်သိစိတ်ရှိနေတာ မဟုတ်ဘူး။အဲဒီလို သဘောဝတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောတာ ဖြစ်သောကြောင့် Realism လို့ပဲ မြတ်စွာဘုရားရဲ့ တရားတော်ကိုပြောရတယ်။ Materialism လည်းမဟုတ်ဘူး၊ Idealism လည်း မဟုတ်ဘူး။

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။
Shared from 
Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ

ကြယ်လေးတပွင့် ကြွေသွားပီ


ကြွေလွင့်ပြန်ပီ သာသနာ့ညီကိုတပါး။ နေထိုင်ရကျဉ်းကျပ်လှတဲ့ ရဟန်းဘဝ စာကကျက်တိုင်းမရ ဖြေရခက်တဲ့စာမေးပွဲတိုင်းကို ကျရှုံးမှုကိုအခါခါ အံကြိတ်ခံရင်း အမေအတွက် ဒကာ ဒကာမများအတွက်သီးခံပီး နေလိုက်ရတဲ့ရဟန်းဘဝ အထင်သေးခြင်းကိုလဲ ခံရ ကြည်ညိုတန်ဖိုးထားခြင်းကိုလဲခံရ ခုတော့ သူတကယ်မခံစားနိုင်တော့ဘူးထင်ပါတယ်။ ထွက်မယ်လို့ကြံရွယ်လိုက်တိုင်း ငဲ့စရာမျက်နှာတွေရှိနေတယ်တဲ့ ခုတော့မငဲ့နိုင်တော့လောက်အောင် ပြင်းထန်သွားတယ်ထင်ပါတယ်။ ကိုယ်တိုင်လဲသာသနာ့ဝန်ကို နိုင်သလောက်ဝန်ထမ်း နိုင်သလောက်အရာရာသီးခံနေရပါတယ်။ သူ့စိတ်နဲ့သူ ကိုယ့်စိတ်နဲ့ကိုယ်မို့ မထွက်ပါနဲ့လို့ မပြောပေမယ့် စဉ်းစားပေါ့လေ ဆိုတာကလွဲ ဘာအကြံမှမပေးခဲ့ပါဘူး။ ခုတော့တကယ်ထွက်သွားပီ။ သာသနာမှာ ခုလိုပဲ ရဟန်း ကိုရင်လေးတွေမြဲသွားဖို့ဆိုတာက ရာခိုင်းနှုန်းကအင်မတန်နည်းလာပါပီ။ စာမေးပွဲက ကံနဲ့လဲဆိုင်တယ်လို့ ဆရာတွေရဲ့အားပေးစကားတွေနားထောင်ခဲ့ရပေမယ့် နှစ်ခါသုံးခါထက်ဖြစ်လာရင် သီးခံမှုစွမ်းရည်က လျော့နည်းလာပါပီ။ သံဃာတွေဘက်ကရော ဒကာ ဒကာမတွေဘက်ကရော သာသနာကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ကြမလဲ။

မနေနိုင်လို့ထွက်သွားတဲ့လူကို နှမျောစရာမရှိပါဘူးလို့ တချို့လဲတွေးမိကြလိမ့်မယ်။ နေနိုင်တဲ့သူကျန်ခဲ့မှာပေါ့လို့တွေးမိကြလိမ့်မယ်။ ဒီခေတ်မှာ ရဟန်းဝတ်ဖို့စိတ်ကူးတဲ့သူ ၁ရာခိုင်နှုန်းပဲရှိကြမှာဧကန်မုတ်ချပါ။ ဒီခေတ် လူငယ်လေးတွေ ကိုရင်ဝတ်ဖို့တောင်မလွယ်ပါဘူး။ မြို့တွေမှာတော့ အနယ်နယ်အရပ်ရပ်က လာရောက်စာပေသင်ကြားပို့ချသူတွေရှိနေလို့ သံဃာတွေအများကြီးရှိတယ်လို့ထင်ရပါလိမ့်မယ်။ တောဘက်တွေမှာ သာသနာကကွယ်ချင်နေပီ။ ဘယ်ကလေးကမှ ကတုံးမတုံးချင်တော့ဘူး။ ဘုန်းကြီးကျောင်းမလိုက်ချင်တော့ပါဘူး။ နောက် တောကျောင်းတွေမှာ ဝိနည်းမနိုင်ဘာမနိုင် နားမလည်တဲ့ တောထွက်တွေကိုပဲ အားကိုးအားထားပြုနေကြရတာများနေပါပီ။ ရဟန်းပျိုလေးတွေကလဲ ခြောက်ကပ်လှတဲ့ တောရွာတွေမှာ မနေချင်ကြတော့ဘူး။ မီးမရ ဘာမရ အစစအရာရာ ပြည့်စုံတဲ့နေရာတွေမှာ နေလာပါများနေတော့ တောဘက်မှာ နေထိုင်သီတင်းသုံးဖို့က ရဟန်းပျိုတွေအနေနဲ့ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ ခေတ်နဲ့လဲဆိုင်ရင်ဆိုင်မယ် လောကဓံကြောင့်လဲဆိုင်ချင်ဆိုင်ပါလိမ့်မယ်။
တောကျောင်းတွေမှာ သံဃာအများဆုံး ၅ပါးထက်မပိုကျတော့ပါဘူး။ တချို့ရွာတွေ ၁ပါးပဲရှိပါတယ်။ တချို့ရွာတွေ တစ်ပါးမှမရှိပဲ ရွာကလူတွေအလှည့်နဲ့စောင့်အိပ်ကျပါတယ်။

တောထွက်တွေ ကျောင်းထိုင်နေတဲ့ရွာကအတော်များပါတယ်။ စာပေမတက်ရင် သံဃိကပစ္စည်းကိုလဲ မထိန်းသိမ်းတက်ပါဘူး။ ကျောင်းထိုင်းဘုန်းကြီးတပါးမှာ ငါပိုင်ပစ္စည်းတခုမှမရှိပါဘူး။ ဒကာ ဒကာမတွေက သံဃာကိုရည်မှန်းလှူဒါန်းထားလို့ သံဃာပိုင်ပစ္စည်းသာရှိကြပါတယ်။ ဒါကို ငါကျောင်းထိုင်ပဲဆိုပီးတော့ သံဃပစ္စည်းတွေကို ကိုယ်ကျိုးအတွက် ထုခွဲရောင်းချနေတဲ့ ကိုယ်တော်များကလဲရှိနေတယ်။ သူတို့လုပ်တာ သူတို့ခံရမှာတော့ မှန်ပါတယ်။ သူတို့လုပ်ရပ်တွေကြောင့် ဒကာ ဒကာမတွေရဲ့ သဒ္ဓါတရားက သာသနာအပေါ်အမဲစက်လေးတွေဖြစ်သွားနိုင်ပါတယ်။

ခုထွက်သွားတဲ့ ဦးဇင်းသူငယ်ချင်းက သူ့ရွာက တောထွက်ရဟန်းနဲ့မတည့်လို့ပါတဲ့။ ကျောင်းပစ္စည်းတွေကို သူလူ့ဘဝက ရခဲ့တဲ့မိသားစုကို ရောင်းပီးပေးတယ်တဲ့။ ပေးသင့်တာထက်ပိုပီးပေးတာ စီးပွားရေးဖြစ်ပါ။ တကယ် ငတ်ပျက်နေလို့ ကွေးမွေးပေးကမ်းတာက ဝိနည်းနဲ့လဲ သိပ်အပြစ်ကြီးမဟုတ်လှပါဘူး။ ခုက စီးပွားရေးဖြစ်ပေးနေတာဆိုတော့။ ဒကာ ဒကာမတွေက လှူဒါန်းနေတာက သာသနာကိုလှူဒါန်းတာပါ။ ပုဂ္ဂိုလ်ကို လှူဒါန်းတာမဟုတ်ပါဘူး။ ရဟန်းတပါးကို ကြည်ညိုလေးစားတယ်ဆိုတာ သာသနာထဲကရဟန်းမို့ပါ။

သူ့ကိုကြည်ညိုလို့လှူတယ်ထင်ရင် လူထွက်ကြည့်ရင် သိသာပါတယ်။ လှူနေမယ်ထင်သလားလေနော်။ လှည့်တောင်မကြည့်နိုင်ပါဘူး။ လူမှုရေးအရ အဆင်ပြေလားဆိုတာကလွဲလို့ပေါ့။ ဒါကြောင့် သာသနာ့ဘုန်းကံကို ကိုယ့်ဘုန်းကံထင်ပီး အလွဲသုံးစားလုပ်နေတယ်။

၁။ စာတော်တယ် အနေထိုင်မကောင်းဘူး သာသနာ့အလုပ်မလုပ်ဘူး။

၂။ အနေထိုင်ကောင်းတယ် စာမတော်ဘူး သာသနာ့အလုပ်လုပ်တယ်။

၃။ စာတက်တယ် သာသနာ့အလုပ်မလုပ်ဘူး။

၎။ သာသနာ့အလုပ် လုပ်တယ် စာပေကို အဆုံးထိမရောက်ခဲ့ဘူး။

၅။ စာလဲတက်တယ် သာသနာ့အလုပ်လဲလုပ်တယ်။ အနေထိုင်လဲကောင်းတယ်။

ဒီ၅မျိုးထဲ နံပါတ်၅ကတော့ ပိုကောင်းတာပေါ့။ နံပါတ် ၅ ပုဂ္ဂိုလ် မရခဲ့တောင် နံပါတ် ၂ နဲ့ ၄ ပုဂ္ဂိုလ်မျိုး ရခဲ့လဲ မဆိုးလှပါဘူး။

စိတ်ကောင်းစေတနာကောင်းနဲ့ အများအကျိုးကို အရေးပေးလုပ်ကိုင်တက်သူလဲဖြစ်ရင်ပိုကောင်းတာပေါ့။ ခေါင်းဆောင်ဆိုတာက အများအတွက်ပဲလုပ်ဆောင်ရပါတယ်။ ဦးဇင်းရှေ့မှာ သူငယ်ချင်း ၈ပါးထွက်ခဲ့ပါပီ။

ဦးဇင်းကရော ဘယ်အချိန်ဘယ်အတိုင်းတာထိ--------------------??????

စဉ်းစားထား တွေးထားတာလေးတော့ရှိပါတယ်။ အေးချမ်းတဲ့ တောင်ပေါ်ဒေသ လူသူမဝေးလေးမှာ ကျောင်းလေးတစ်ကျောင်းဆောက်ပီး အမေနဲ့အတူ ဘဝကိုကုန်ဆုံးရင်း တက်နိုင်တဲ့ဘက်က သာသနာ့ဝန်ထမ်းမယ်ပေါ့လေ။ အမေကလဲ ကျောင်းဆောင်လေး ဆောက်လှူပီး သူလဲယောဂီဘဝနဲ့ အိမ်လေးတလုံးဆောက်ပီးနေမယ်တဲ့။ သားက တရားပြပေါ့တဲ့။ အမေနဲ့သားရဲ့အိပ်မက်ဖြစ်နိုင်ဖို့ ဦးဇင်းအပေါ်ပဲမူတည်နေပါတယ်။အမေက အဆင်သင့်ပဲတဲ့။ ဘဝရဲ့နောက်ဆုံးအချိန်ကာလလေးတွေမှာ နှစ်၅၀ကျော် ပူလောင်မှုတွေပြည်နှက်တဲ့ လောကီအလုပ်တွေအတွက် ကိုယ့်ဘဝကို ပေးဆပ်ခဲ့ပီးပဲ။ ကျန်ရှိတဲ့ နှစ်အပိုင်းခြားလေးမှာတော့ အမေပြောသလိုဖြစ်သင့်ပါတယ်။ အိမ်မှာနေရင်း ဘုရားရှိခိုးတရားထိုင်တာနဲ့ ကျောင်းကန်ဘုရားမှာ ဘုရားရှိခိုးတာ စိတ်အေးချမ်းမှုက အင်မတန်မှကွာခြားလှပါတယ်။ အိမ်မှာနေရင် ဟိုဟာမြင် ဒီဟာမြင် လုပ်ချင်မိ ကိုင်ချင်မိ စားချင်မိ ပြောဆိုချင်မိဖို့ကများတယ်လေ။ သူငယ်ချင်းတပါး အရေခွံလဲလိုက်တာ အပေါ်ယံလွယ်သလိုထင်ရပေမယ့် သူ့ရဲ့ရင်ထဲမှာ ရှုပ်ထွေးခံစားနေရတာ သူပဲသိပါလိမ့်မယ်လေ။

(မှတ်ချက်) အမေ့သား အမေ့အိပ်မက်အတိုင်းတော့ အတက်နိုင်ဆုံးကြိုးစားပါ့မယ်။

Photo Credit to: Original Uploader
Post Credit to: Original Uploader

ပုဂံခေတ် အဘိဓမ္မာ လေ့လာခဲ့ကြပုံ


ပုဂံခေတ်ကလူတွေ ဘယ်လောက်ထိ အဘိဓမ္မာလေ့လာခဲ့ကြလဲဆိုတော့ အိမ်တစ်အိမ်ရဲ့ တံခါးကို ဆွဲဖွင့်လိုက်ရင် 'ဘုရားရှင်သည် ဤသို့ ဟောတော်မူခဲ့ပါသည်' ဆိုတဲ့ အရကောက်ကျမ်းတွေရဲ့ လက်သုံးစကားကို ကြားရသတဲ့။ ခုခေတ်ဆိုရင်တော့ အရကောက်ကျမ်းဆိုတာ ဘာလဲ ပြန်မေးကြမယ်ထင်။
---------------
ပုဂံခေတ်က ပုဂ္ဂိုလ်များသည် အဘိဓမ္မာဆိုင်ရာ ကျမ်းဂန်တို့ကို များစွာရေးသားပြုစုခဲ့ခြင်း မရှိသော်လည်း အဘိဓမ္မာစာပေကိုမှု ထက်သန်တက်ကြွသော လုံ့လ၀ီရိယဖြင့် သင်ကြားအားထုတ်ခဲ့ကြကြောင်း သိရှိရသည်။ အချို့သော သာသနာဝင်မှတ်တမ်းများအရ ထိုခေတ်က သားသည်မိခင်များပင်လျှင် ပဋ္ဌာန်းကုသလတိက်ပါဠိကို နှုတ်တက်အာဂုံပြန်ဆိုနိုင်ကြောင်း အဆိုရှိ၏။ ပုဂံခေတ်ကျောက်စာတစ်ခုတွင် အမတ်ကြီးတစ်ယောက်၏ အရည်အချင်းကို 'ပိဋကတ်သုံးပုံလည်း တတ်စွာထသော' ဟူ၍ ဖော်ပြထားသည်ကို တွေ့ရ၏။ ထိုအချက်ကိုထောက်လျှင် ထိုခေတ်က ရဟန်းတော်များသာမက လူသုခမိန်များလည်း အဘိဓမ္မာကို တတ်ကျွမ်းခဲ့ကြောင်း ထင်ရှားပေသည်။ ထို့ပြင် အခြားကျောက်စာတစ်ခု၌ အချို့ဒါယကာများသည် ဗုဒ္ဓ၀ါဒီ၏ အဆီအနှစ်ဖြစ်သည်ဟု ယူဆကာ အဘိဓမ္မာပေစာအုပ်များကို အမွန်အမြတ်ပူဇော်လှူဒါန်းလေ့ရှိကြောင်း ပါရှိသည်။ ဤအချက်သည် ဗုဒ္ဓဘာသာ၌ အဘိဓမ္မာပိဋက၏ အရေးကြီးပုံကို ထိုခေတ်က ပုဂ္ဂိုလ်များ ကောင်းစွာ နားလည်သဘောပေါက်ကြောင်း ထင်ရှားစွာဖော်ပြလေသည်။ 

(ဓမ္မသင်္ဂဏီကျမ်း မြန်မာပြန်မှ)
Shared from Ye Min Thu

သူတို့ လေးတွေကို ချီးမြှောက်ကြပါ


မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က ရဟန်းသံဃာ ၆ သိန်း ရှိတယ်။ ၂၀၁၅ ခုနှစ်မှာ ၅ သိန်းပဲရှိတော့တယ် တဲ့။ သာသနာစစ်တမ်းအရ တနှစ်ကို ၈ သောင်းဝန်းကျင် လျော့ကျနေတယ် တဲ့။

ဒီနှုန်းအတိုင်းသွားနေရင် နောင် ၅ နှစ် ၆ နှစ်လောက်ဆိုရင် သာသနာ့ဝန်ထမ်းဦးရေဟာ ထိတ်လန့် စရာ ဖြစ်နေတယ်။

ဒီနေ့ ခေတ်ဟာ ကာမဂုဏ်အာရုံ ပေါများလှတဲ့အတွက် ထိမ်းချုပ်ဖို့ခက်ခဲလှတယ်။ သူတို့ တတွေလည်း လူတွေလိုပဲ ခံစားချင်ကြမှာပါပဲ။ ဒါပေမဲ့
သပိတ်မနိုင်မနင်းပိုက် မိုးရွာရွာနေပူပူ ရပ်ကွက်တကာလှည့်ပြီး ဆွမ်းခံနေချိန်မှာ အခြားခလေးတွေ ဆော့ကစားတာကို တွေ့ နေရတာတောင် မဆော့နိုင်တဲ့ ဘဝပိုင်ရှင်လေးတွေပါ။

ဝါသနာ ဆိုတာ ဘုရားရှင်မှ လွဲပြီး ဘယ်သူမှ မဖျောက်နိုင်ကြပါဘူး။ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီးဟာ မျောက်ဘဝကလာတဲ့အတွက် ရဟန်းဘဝရတဲ့အချိန်မှာ မျောက်လိုပဲ ခုံပျံ ကျော်လွှားခဲ့ဘူးတယ်တဲ့။

ပိလိန္ဒဝစ္စမထေရ်ကြီးဟာ ရဟန္တာကြီး ဖြစ်တာတောင် တွေ့ သမျှဒကာဒကာမကို သူယုတ်လို့ ခေါ်နေလို့  ဘုရားရှင်ကို လျှောက်တဲ့အခါမှာ ဘုရားရှင်က သူက ရဟန္တာကြီးပါ တဲ့။ အမျိုးယုတ်တဲ့ဘဝကလာတဲ့အတွက် ရဟန္တာကြီးဖြစ်တာတောင် အရင်ဘဝတွေရဲ့ အထုံပါလာတဲ့အတွက် သူယုတ်လို့ ခေါ်တာပါ။ နားလည်ပေးလိုက်ကြပါတဲ့။

ဘုရားရှင်လက်ထက်က ရဟန္တာကိုရင်လေးတွေဟာ ခလေးသဘာဝဆော့ကစားတဲ့ အထုံပါလာတဲ့အတွက် နေတွေ လတွေနဲ့  ဆော့ကစား
ကြတယ် လို့ ဖတ်ရှု့ဘူးပါတယ်။

ပြောချင်တာက ပုထုဇဉ် ကိုရင်လေးတွေ သာမန် ပုထုဇဉ် ရဟန်းတော်တွေဟာ အပျော်အပါးမက် တဲ့စိတ်ကတော့ ရှိကြပါလိမ့်မယ်။

ဘောကန်ရင်ကန်မယ် fb သုံးရင်သုံးမယ်။ ဒါဟာ ရဟန်းအင်္ဂါရပ်နဲ မညီညွတ်ဘူးဆိုတာ ပြောစရာရှိပေမဲ့ ဒီနေ့ ခေတ်အခြေအနေအရတော့
ဒါလောက်တွေကို နားလည်ပေးသင့်ပါတယ်။

ဝိနည်းဟာ သာသနာရဲ့အသက်ဆိုတာမှန်ပါတယ်။ ဝိနည်းအတိုင်း နေနိုင်ရင်တော့လည်း အကောင်းဆုံးပေါ့ ဒါပေမဲ့ ဒီနေ့ ခတ်လိုမျိုး ကာမဂုဏ်အာရုံပေါများတဲ့ခေတ်မှာ သူတို့ နဲ့ ပါတ်သတ်တဲ့ စာမေးပွဲတွေ ဖြေဆိုအောင်မြင်နေကြပြီဆိုရင်တော့ ဒါဟာ ကျေနပ်စရာအနေအထားပါ။
ကိုယ်တောင် ငါးပါးသီလ လုံခြုံအောင်မစောင့်ထိမ်းနိုင်ကြပါဘူး။

ငယ်ငယ်ကဆော့ပေမဲ့ အသက်အရွယ်ကြီးရင့်ပြီး ဝါတော်တွေကြီးလာပြီ ရင့်ကျက်လာပြီဆိုရင် ဆော့ပါဆိုရင်တောင် မဆော့တော့ပါဘူး။

ယခုလက်ရှိ ဆရာတော်အကျော်အမော် ဆရာတော်ဘုရားကြီးများဖြစ်ကြတဲ့ မဟာစည် မင်းကွန်းဥိးဥာဏိဿရ ပါချုပ် စတဲ့ ဆရာတော်ကြီးတွေဟာ တချိန်က ကိုရင်ငယ်လေးတွေ ဘဝကို ဖြတ်သန်းခဲ့ရတာပါပဲ။

သာသနာ့ဝန်ထမ်း နည်းပါးနေတဲ့အချိန်မျိုးမှာ သူတို့ကို အပြစ်ပြော ဝေဖန်နေမဲ့အစား သူတို့ လေးတွေ ပျော်အောင် ဒကာ ဒကာမ များက ဝိုင်းဝန်း ချီးမြှောက် လှူတမ်း ပေးကမ်း ထောက်ပံ့ပြီး ကူညီကြမယ်ဆိုရင်ဖြင့်
သူတို့ လေးတွေလည်း သာသနာ့ဘောင်မှာ ပျော်မွေ့ ကာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အားရှိလာပါလိမ့်မယ်။

လက်ရှိအင်အား ငါးသိန်းဆိုတာ တနှစ်ရှစ်သောင်းနှုန်း လျော့နေမယ်ဆိုရင် ဘယ်နှစ် နှစ်များခံမှာလဲ။

သာသနာရဲ့အသက်က ပရိယတ္တိ ဖြစ်ပါတယ်။ ပရိယတ္တိကွယ်ရင် ပဋိပတ္တိ ကွယ်ပြီ။ ပဋိပတ္တိကွယ်ရင် ပဋိဝေဒ ဆိုတာ မရ ရှိနိုင်တော့ဘူး။

သာသနာကွယ်ရင် နောင်မွေးလာတဲ့သူမှန်သမျှ အကုန် အပါယ်ဆင်းကြရလိမ့်မယ်။

သာသနာပြုတာ ဆင်းဆင်းရဲရဲပြုနေရတဲ့ကြားထဲ အကောင်းမမြင်ခံရတော့လည်း ဘယ်သူက ပြုချင်မှာလဲ။

ဆရာဘက်က တာဝန်ကျေသလို ဒကာဘက်ကလည်းတာဝန်ကျေသင့်ပါတယ်။

ဗုဒ္ဓဘာသာဝင်များ သာသနာရှေ့ရေးကို မျှော်တွေး ထိမ်းသိမ်း နိုင်ကြပါစေ။

ကိုမြင့်ခိုင် ။
Shared from Dr. Shwe Tun

Saturday, January 30, 2016

ကိုယ့်ဘ၀ကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု


သူတို့ဘ၀ကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။
သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။

အကယ်၍ သင်လည်း အဲလိုပဲဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘ၀ကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။

ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။
ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။
ပြီးတော့ ဘ၀ကို ပိုကောင်းအောင်လုပ်နိုင်တဲ့အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။

ဟောဒီမှာ နည်းလမ်း(၁၀)ခု-

၁။ ဘ၀ရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘ၀နဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့်ပေးလိုက်ပါ။ သင့်ဘ၀ရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘ၀ကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘ၀ကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာအတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။

၃။ သင့်ရဲ့ဘ၀ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘ၀ဟာ တခြားတစ်ယောက်ယောက်ရဲ့ဘ၀နဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အ၀တ်အစား ၀တ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။
ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင်အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။
ဒါပေမဲ့ သင့်မှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့။

၎။ သင်တကယ် ချစ်မြတ်နိုးတဲ့အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့်အလုပ်တစ်ခုခုကို အနည်းဆုံးတစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။

၅။ ဘ၀ဟာ အမြဲတမ်းပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေတစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ

သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။

၇။ အခြားသူတွေကို ကူညီပါ

အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘ၀နဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

၈။ TV သိပ်မကြည့်ပါနဲ့

ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘ၀ဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ၀ယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။

၉။ သေးငယ်တဲ့အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ

ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။ ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘ၀ကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။

၁၀။ ဘ၀ရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ

အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘ၀ရဲ့ကောင်းတဲ့အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘ၀ကို ချစ်မြတ်နိုးပါ။

Credit - ပျိုမေတို့ကမ္ဘာ