Sunday, January 31, 2016

အဘိဓမ္မာဆိုတာနဲ့ လန့်သွားကြတယ်


လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ်ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာသင်တန်း ပို့ချတုန်းက အမျိုးသမီးတစ်ယောက်က ဘုန်းကြီးကိုလျှောက်တယ်။

“အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင်မှာ မဟုတ်ဘူးဆိုပြီး သင်တန်းလာမတက်တာပါဘုရား” လို့ ဒီလိုလျှောက်ထားဖူးတယ်။ အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်သိဖို့ သင်ကြားတဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေးဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေသလဲဆိုတဲ့ ကိုယ့်ရဲ့သိသင့်သိထိုက်တဲ့အကြောင်းတွေကို မသိကြတာပါ။
ကိုယ်က ဘယ်မြို့ဘယ်ရွာမှာမွေးတယ်၊ ၊ဘယ်သူ့သား၊ နာမည်ကဘယ်လိုခေါ်တယ်၊ ဒီလိုအပေါ်ယံလေးတွေလောက်သာ သိနေကြတာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ်အသေးစိတ်သိအောင်ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။ ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ်နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလားဆိုတာကို ကွက်ကွက်ကွင်းကွင်းသိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ စိတ်ကိုဖြူစင်အောင်ထားတတ်လာတယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာလား၊ အကုသိုလ်တွေဖြစ်နေတာလား ကိုယ့်ဟာကိုယ်ရှင်းရှင်းလေးသိတယ်။ ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာလဲသိတယ်။ ဘယ်လိုအဆုံးသတ်ရမလဲဆိုတာလဲသိတယ်ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက်ရမည့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း မီးမောင်းထိုးပြလိုက်တာဖြစ်လို့ အဘိဓမ္မာသင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီးလှပါတယ်။

(ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ)

Shared from Alwan Pya

No comments:

Post a Comment