Sunday, January 31, 2016

သဘာဝ အရှိတရား


ဗုဒ္ဓရဲ့ တရားတော်တွေကိုကြည့်ပြီး အနောက်တိုင်းက Western Scholar တွေ (Philosopher) တွေ ဗုဒ္ဓ ရဲ့ အယူအဆနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြတာရှိတယ်။ မြတ်စွာဘုရားဟာ အမြဲတန်း စိတ်ကို အဓိကထား ပြီး ဟောလေ့ရှိတယ်။ စိတ်ကို အဓိကထားပြီး ဟောတာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆ ကို Idealism လို့ဖော်ပြကြတယ်။ တကယ်တော့ Idealism ဆိုတာ စိတ်သာအရှိတရားလိုဆိုတဲ့ အဓိပ္ပါယ်ရတယ်။ မြတ်စွာ ဘုရား တရားတော်က တကယ်တော့ စိတ်သာအရှိတရားလို့ ဟောတာ မဟုတ်ဘူး။ ဒါကြောင့်မို့သူတို့ပြောတဲ့ Idealism ဆိုတာ မဟုတ်ဘူး။

Idealism ရဲ့ ဆန့်ကျင်ဘက်က Materialism. Materialism က နာမ်တရားဆိုတာ တကယ်က ရှိတာ မဟုတ်ဘူး။ စိတ်ဆိုတာ ရှိတာ မဟုတ်ဘူး။ ရှိတာက ရုပ်တရားပဲ။ ရုပ်သာ အရှိတရားလို့ ပြောကြတဲ့ ၀ါဒကို Materialism ဆိုကြတယ်။ အဲဒီလို Idealism လို့ပြောတာတို့၊Materialism လို့ပြောတာတို့ဟာ အစစ်အမှန် ဗုဒ္ဓ၀ါဒကို ဖော်ပြနိုင်ခြင်း မရှိဘူး။ တကယ်တော့ မြတ်စွာဘုရားဟောတာက ရုပ်တရားနဲ့ နာမ်တရားဟာ တစ်ခု နဲ့ တစ်ခု အပြန်အလှန်ဆက်သွယ်မှုရှိတယ်။ ရုပ်တရားကိုလည်း ဟောတယ်၊နာမ်တရားကိုလည်း ဟောတယ်။ ဒီ နှစ်ခုဟာ အပြန်အလှန် ဆက်သွယ်ပြီးတော့ နေကြတယ်။ တကယ် အစစ်အမှန်ကို ဟောတာဖြစ်လို့ မြတ်စွာဘုရား ရဲ့ ၀ါဒကို ပြောမယ်ဆိုရင် Realism လို့ ပြောရမှာပဲ။ ရုပ်သာ အရှိတရားလို့ လည်းမဟောဘူး။နာမ်သာ အရှိတ ရားလို့လည်းမဟောဘူး။ ရှိနိုင်တာ နှစ်ခုစလုံးကိုပဲ မြတ်စွာဘုရားက ဟောတယ်။ 

တစ်ချို့ အနောက်တိုင်းက အယူအဆတွေမှာ စိတ်ဆိုတာ ဦးနှောက်ကိုပဲ ပြောတယ်။ မြတ်စွာဘုရားက စိတ်ကို “ဝိညာဏ” တို့ ၊ “မန”တို့၊ “စိတ္တ” တို့ဆိုတဲ့ စကားလုံးတွေနဲ့ သုံးပြီးဖေါ် ပြတယ်။ မြန်မာလူမျိုးတွေလည်း “၀ိညာဏ”ကို ဝိညာဉ်လို့ခေါ်တာရှိတယ်။ လူရဲ့ စိတ်အစဉ်မှာ လူတစ်ယောက်က သေဆုံးသွားလို့ရှိရင် Physical Body ကြီး ကျန်ရစ်တာတော့ လူတိုင်းငြင်းစရာမရှိဘူးပေါ့။ နောက်ဆုံး မှာ Crimate လုပ်ပစ်လိုက်ရ တယ်။ သို့သော် အဲဒါကို ကြည့်ပြီးတော့ လူရဲ့ သန္တာန်မှာရှိတဲ့ ၀ိညာဉ်လေးဟာ ထွက်သွားပြီး နောင်ဘ၀တစ် ခုမှာ ၀င်စားတယ်လို့ဆိုတဲ့ အယူအဆတစ်ရပ် ပေါ်လာတယ်။ အဲဒါ ဗုဒ္ဓဘာသာ အယူအဆတစ်ခု မဟုတ်ဘူး။ 

မြတ်စွာဘုရားက “ဝိညာဏံ ပဋိစ္စစမုပ္ပန္နံ”လို့ဟောတယ်။ “၀ိညာဏ်”ဆိုတာ အကြောင်းတရားကိုစွဲမှီပြီး ဖြစ်ပေါ်လာတဲ့ အရာသာ ဖြစ်တယ်။ ရှိနေတဲ့အရာ မဟုတ်ဘူး။ ဥပမာ မြန်မာတွေ အသုံးပြုနေတဲ့ စောင်းကိုပဲ ကြည့်လိုက်။ စောင်းမှာ စောင်းကြိုးရှိတယ်။ စောင်းအိုး ရှိတယ်။ တီးခတ်တဲ့လူရှိတယ်။ စောင်းကြိုး၊စောင်းအိုး ဒီအတိုင်းထားလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်းတရားတစ်ခု နဲ့ မပေါင်းလို့ရှိရင် တီးခတ်သူဆိုတဲ့ အကြောင်း တရားတစ်ခုနဲ့ မပေါင်းလို့ရှိရင် အသံဆိုတာ ထွက်မလာဘူး။ တစ်ခါ အဲဒီအသံဟာ စောင်းကြိုးထဲ ရှိတာလည်း မဟုတ်ဘူး၊ စောင်းအိုးထဲ ရှိတာလည်း မဟုတ်ဘူး။တီးသူရဲ့ လက်ထဲမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒီ အကြောင်း ၃-ခု ပေါင်းစုံလိုက်တဲ့ အခါမှ အသံလေး ပေါ်ထွက်လာတယ်။ ပေါ်လာပြီးတော့ ပျောက်သွားတယ်။ မြတ်စွာဘုရားက လူတွေရဲ့ သန္တာန်မှာဖြစ်တဲ့ စိတ်ဆိုတာလည်း အဲ့ဒီအတိုင်းပဲတဲ့ ။အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့ အခါမှသာဖြစ်တယ်။

ဆိုပါစို့ ... လောက လူတွေနေ့စဉ်နဲ့အမျှ မျက်လုံးလေးနှစ်လုံး ဖွင့်လိုက်တဲ့အခါမှာ မြင်ကွင်း ထဲမှာရှိတဲ့ အဆင်းအာရုံတွေဟာ မျက်စီထဲ ထင်ဟပ်လာတယ်။ထင်ဟပ်လာတဲ့အခါ မြင်တယ်ဆိုတဲ့မြင်သိစိတ်ကလေး ပေါ်လာတယ်။ အဲ့ဒီပေါ်လာတဲ့ မြင်သိစိတ် ကလေးဟာ မျက်စီဆိုတဲ့ အကြောင်းတရား၊ ထင်ဟပ်လာတဲ့ ရူပါရုံ ဆိုတဲ့ အကြောင်းတရား အဲ့ဒီနှစ်ခု ပေါင်းစပ်လိုက်မှ မြင်သိစိတ်ဆိုတာ ပေါ်တာ။နဂိုက မြင်သိစိတ်ရှိနေတာ မဟုတ်ဘူး။အဲဒီလို သဘောဝတရားနဲ့ ပတ်သက်ပြီးတော့ မြတ်စွာဘုရားက ဟောတာ ဖြစ်သောကြောင့် Realism လို့ပဲ မြတ်စွာဘုရားရဲ့ တရားတော်ကိုပြောရတယ်။ Materialism လည်းမဟုတ်ဘူး၊ Idealism လည်း မဟုတ်ဘူး။

ဆရာတော်အရှင်နန္ဒမာလာဘိဝံသ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
“ဘေသဇ္ဇဂုရု”အကြောင်း တရားဒေသနာတော်။
Shared from 
Ashin Nandamãlãbhivamsa - အရှင် နန္ဒမာလာဘိဝံသ

No comments:

Post a Comment