တစ်ခါတုန်းက ရွာတစ်ရွာရဲ့အရှေ့ဘက်ခပ်လှမ်းလှမ်းမှာ
အင်မတန်သာယာလှပတဲ့ တောအုပ်တစ်ခု ရှိပါတယ်။
အဲဒီတောအုပ်ထဲမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါးနဲ့ ကပ္ပိယအဖိုးကြီး ဦးရွှေရိုးဆိုတာလည်း ရှိသတဲ့…
ဆရာတော်ကြီးက သတိပဋ္ဌာန်ဝိပဿနာတရားကို ကြိုးစားရှုမှတ်နေတာမို့ ကြုံတွေ့လာသမျှအာရုံတွေရဲ့ ဖြစ်ခြင်းပျက်ခြင်းသင်္ခါရဒုက္ခကို ရှင်းရှင်းကြီးသိမြင်နေတာပေါ့ …
ဒါကြောင့်မို့ ဆရာတော်ကြီးက သင်္ခါရတရားတွေအပေါ်မှာ ငြီးငွေ့ပြီးမြင်နေရင်လည်း ဒုက္ခဒုက္ခ၊ ကြားရင်လည်း ဒုက္ခ ဒုက္ခ၊ စားရင်လည်း ဒုက္ခ ဒုက္ခ လို့ညည်းငြူတော်မူသတဲ့ …
ကပ္ပိယကြီးဦးရွှေရိုးကတော့ တရားသဘောကို မသိသေးတာမို့ ဆရာတော်ကြီးကလည်း သူ့မှာဘာဒုက္ခမှ မရှိဘဲနဲ့ အမြဲတမ်း ဒုက္ခ ဒုက္ခ နဲ့ ဘာလို့များ ညည်းတွားနေပါလိမ့်လို့ တွေးသတဲ့ …
တစ်နေ့တော့ မြို့ပေါ်က ဒကာဒကာမတွေဟာ တောရကျောင်းဆရာတော်ကြီးကို လာရောက်ဖူးမြော်ရင်း အင်မတန်ကောင်းမွန်တဲ့ထောပတ်
ဆွမ်းနဲ့ ဆွမ်းဟင်းတွေဆက်ကပ်ကြတယ် …
အချိုပွဲအတွက်လည်း အသီးအနှံတွေ မုန့်မျိုးစုံနဲ့ ဖွယ်ဖွယ်ရာရာတွေ ဆက်ကပ်ကြတယ်။ ဆရာတော်ကြီးဟာ ဆွမ်းဘုန်းပေးတော်မမူမှီ
ပစ္စ၀က္ခဏာဆင်ခြင်ပြီးတော့ ထုံးစံအတိုင်း အင်းစားရဦးမယ် ဒုက္ခ ဒုက္ခ လို့ ညည်းညူတော်မူပါတယ် …
အဲဒီအခါ ဘေးနားမှာယပ်ခပ်နေတဲ့ ကပ္ပိယကြီး ဦးရွှေရိုးက အင်း ဒီလိုဒုက္ခမျိုးတော့ ရွှေရိုးတို့က တွေ့ချင်စမ်းသဗျလို့ စိတ်ကူးနဲ့ ပြောသတဲ့ …
ဆရာတော်ကြီးက ဆွမ်းဘုန်းပေးပြီးတဲ့အခါ ဆွမ်းကျန်တွေကို ကပ္ပိယကြီး ဦးရွှေရိုးကို စွန့်ပါတယ် …
ဦးရွှေရိုးလည်းဆွမ်းမစားခင် ဆရာတော်ကြီးကို လိုက်ပြီးတော့တုပြီး
အင်း စားရဦးမယ် ဒုက္ခ ဒုက္ခ လို့ညည်းညူဟန်ပြုပါတယ်။
စားရင်းလည်း အင်း ဒီဒုက္ခကတော့ တယ်ကောင်းဗျလို့ ထပ်ဆင့်ပြော
လိုက်ပါသေးတယ် …
ဦးရွှေရိုးတို့နေတဲ့ တောရကျောင်းနဲ့ မလှမ်းမကမ်းမှာ နီတိုးလို့ခေါ်တဲ့မျောက်ကြီးတစ်ကောင်လည်း ရှိသေးသတဲ့ …
အဲဒီနီတိုးဟာ တစ်နေ့တော့ လူသွားလမ်းမမှာရှိတဲ့ ညောင်ပင်ကြီးတစ်ပင်မှာ တက်ပြီးအိပ်နေသတဲ့။ အဲဒီအခါ ညောင်ပင်ကြီးအောက်ကို
အရိပ်ဝင်ခိုကြတဲ့ ခရီးသွားတွေဟာ မသွားမဖြစ်လို့ ခရီးသွားကြရပေမယ့်မောပန်းနွမ်းနယ်ကြတာမို့ ဒုက္ခ ဒုက္ခ လို့ ညည်းညူသံကို မျောက်ကြီးနီတိုးက ကြားရတယ် …
မကြာခဏဆိုသလို ခရီးသွားတွေရဲ့ ဒုက္ခ ဒုက္ခ လို့ ညည်းညူမြည်တမ်းသံကို ထပ်ခါတလဲလဲ ကြားရတဲ့မျောက်ကြီးနီတိုးက
ဒီ ညောင်ပင်အောက်ကို ၀င်နားတဲ့ ခရီးသွားတွေ အများဆုံးပြောတဲ့ စကားက ဒုက္ခ ဒုက္ခ ဆိုတာပဲ …
ဒီ ဒုက္ခ ဆိုတဲ့ စကားဟာအင်မတန် အရေးကြီးပုံရတယ်။
အကြောင်းသိအောင် ငါစုံစမ်းဦးမယ်လို့ တွေးသတဲ့ …
တစ်နေ့တော့ လူတစ်ယောက်ဟာ ညောင်ပင်အောက်ရောက်လာပြီး ခေတ္တခဏအပန်းဖြေနေတုန်း သြော် ဒုက္ခ ဒုက္ခ လို့ ညည်းတွားလိုက်တယ်။ အဲဒီအခါမျောက်ကြီးနီတိုးက သစ်ပင်ပေါ်က ဆင်းလာပြီး
မိတ်ဆွေ ဒုက္ခဆိုတာ ဘာကိုခေါ်တာလဲ။ ဒုက္ခရှိရင် ကျွန်ုပ်ကိုပေးစမ်းပါလို့တောင်းတယ်။ အဲဒီအခါ ခရီးသွားက ဒုက္ခဆိုတာ မကောင်းဘူး မလိုချင်ပါနဲ့လို့ ပြောတယ်…
မျောက်ကြီးနီတိုးက မကျေနပ်ဘူး။ မရရအောင် တောင်းတယ်။ ဒါနဲ့ ခရီးသည် လူငယ်က မျောက်ကြီး ဒုက္ခအကြောင်း ကောင်းကောင်းသိချင်ရင် တောရကျောင်း ဆရာတော်ကြီးထဲမှာ သွားမေးလို့ ပြောလိုက်တယ် …
ဒါနဲ့မျောက်ကြီးလည်း တောရကျောင်းကို သွားလိုက်တယ်။ တောရကျောင်းရောက်တဲ့အခါ ဆရာတော်ကြီးက ခရီးထွက်နေလို့ ကပ္ပိယကြီးဦးရွှေရိုးနဲ့ပဲတွေ့ရတယ်။ ကပ္ပိယကြီးက မိတ်ဆွေကြီး ဘာကိစ္စရှိလို့
လာတာပါလဲလို့ မေးတဲ့အခါ
ဒုက္ခဆိုတာဘာလဲ သိချင်လို့ ကျောင်းကို လာခဲ့တာပါ။
ဆရာတော်ကြီးမရှိရင် ကပ္ပိယကြီးပဲ ကျွန်ုပ်ကိုဒုက္ခပေးစမ်းပါလို့
ပြောလိုက်တယ် …
ကပ္ပိယကြီးက ဒုက္ခဆိုတာ မကောင်းဘူး။ မလိုချင်နဲ့လို့ပြောပေမယ့် မရဘဲ မျောက်ကြီးက အကြိမ်ကြိမ်တောင်းနေတာမို့.. ဒါဖြင့် ကောင်းပြီ
မနက်ဖြန် ကျောင်းကို လာခဲ့ပါ။ အဲဒီအခါကျ ဒုက္ခပေးပါမယ်လို့ ပြောလိုက်သတဲ့…
ဒါနဲ့ကပ္ပိယကြီးလည်း မျောက်ကြီးပြန်သွားတဲ့အခါ ဂုန်နီအိပ်ထူထူထဲမှာ တောခွေးတစ်ကောင်ကို ဖမ်းပြီးထည့်ကာ ကြိုးနဲ့ချည်ပြီး ကျောင်းအောက်မှာချထားလိုက်တယ်…
မနက်မိုးလင်းတဲ့အခါ ဒုက္ခလိုချင်တဲ့မျောက်ကြီးဟာ တောရကျောင်းကို
အစောကြီးရောက်လာပြီး ကပ္ပိယကြီး ဘယ်မှာလဲ ဒုက္ခ၊ ကျွန်ုပ်ကိုပေးပါလို့ တောင်းတယ်…
အဲဒီအခါ ကပ္ပိယကြီးဦးရွှေရိုးက ကျောင်းအောက်မှာရှိတဲ့ ဂုန်နီအိပ်ထုပ်ကြီးကိုမယူလာပြီး အဆွေမျောက်ကြီး ဟောဒီမှာ သင်လိုချင်နေတဲ့ ဒုက္ခထုပ်ပဲ။ ဒါကို သင့်ထံ ပေးလိုက်ပါ့မယ် …
ဒါပေမဲ့ ဒီဒုက္ခထုပ်ကြီးကို ချက်ချင်းဖြည်မကြည့်ဘဲ သစ်ပင်တစ်ပင်မျှ မရှိတဲ့ လွင်ပြင်ထဲရောက်မှ ဖွင့်ကြည့်ရမယ်…
အဲဒီအခါ မင်းတွေ့ချင်တဲ့ဒုက္ခတွေ့ရပြီသာ မှတ်ပေတော့လို့ဆိုပြီး မျောက်ကြီးကို ပေးလိုက်တယ် …
မျောက်ကြီးနီတိုးဟာ ဒုက္ခတော့တွေ့ရတော့မယ်ဆိုပြီး ၀မ်းသာအားရ အထုပ်ကြီးကိုထမ်းကာ တောအုပ်ထဲကနေ လွင်ပြင်ဘက်ကို ထွက်လာခဲ့တယ်…
ကပ္ပိယကြီးမှာလိုက်တဲ့အတိုင်း သစ်ပင်တစ်ပင်မျှမရှိတဲ့ လွင်ပြင်အလယ်
ရောက်မှ အထုပ်ကိုဖွင့်ကြည့်တယ်…
ဒီအခါ ညနေကတည်းက ဘာမှမစားရသေးဘဲ အိပ်ထဲမှာ ထည့်ထုပ်ထားလို့ စိတ်ဆိုးနေတဲ့ တောခွေးဟာ မျောက်ကြီးကို ဒေါသတကြီးလိုက်ကိုက်တော့တာပဲ…
မျာက်ကြီးနီတိုးလဲ သစ်ပင်မရှိတဲ့ လွင်ပြင်ထဲမှာမို့ သေပြေးရှင်ပြေး
တောစပ်ရောက်အောင်ပြေးကာ သစ်ပင်တစ်ပင်ပေါ် တက်နေလိုက်တယ်…
သစ်ပင်ပေါ်ရောက်မှ မျောက်ကြီးနီတိုးလည်း သက်ပြင်းချကာ အမေလေးမောလိုက်တာ ဒုက္ခဆိုတဲ့အကောင်က မျက်လုံးပြူးပြုး အစွယ်ငေါငေါနဲ့ တကယ်ဆိုးတယ်။ ဒုက္ခဆိုရင် ကြောက်ပါပြီဗျတဲ့…
ဒီပုံပြင်ကလေးဟာ ဒုက္ခရဲ့အနက်အဓိပ္ပါယ်ကို ကောက်ချက်ချရာမှာ ကွဲလွဲနိုင်ပုံကို ဖော်ပြပေးတာပါ…
တောရကျောင်းဆရာတော်ကြီးသိမြင်တဲ့ ဒုက္ခအဆင့်အတန်းကို ကပ္ပိယကြီးကမသိပါဘူး…
ကပ္ပိယကြီးသိတဲ့ ဒုက္ခအဆင့်အတန်းကိုလည်း မျောက်ကြီးက လိုက်မမီပါဘူး။ ပုံပြင်ထဲမှာမှ မဟုတ်ပါဘူး။ တကယ့်လောကထဲမှာလည်း ဒုက္ခရဲ့အနက်အဓိပ္ပါယ်ကို ကိုယ့်အထွာနဲ့ ကိုယ်သိနေကြတာပါပဲ…
အားလုံး ကိုယ့်အတိုင်းအထွာနှင့်ကိုယ် ထင်ရတဲ့ဒုက္ခသည် ဒုက္ခဟုမှန်မယ်ထင်ကြသော်လည်း မြတ်စွာဘုရားဟောကြားတော်မူသော ဒုက္ခမှာ
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘ၀အသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း ဖြစ်ပါသည်…
၎င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း
ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်…
လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘ၀သက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့်  လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသည်…
ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်
(၁) သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂) ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ၀ိပရိဏာမဒုက္ခ၊
(၃) ပြုပြင်စီရင်ခြင်းခံရသည့်  သဘော သင်္ခါရဒုက္ခ…
လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် အကျုံးဝင်လေသည်။
သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်…
သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ ထို့ကြောင့် သတ္တ၀ါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်…
သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်…
ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်…
အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတိုင်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။
ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် အရေးကြီးပါသည် ………
………………………………………………………………
Credit to: တောင်ဝင်နွယ်
No comments:
Post a Comment