Saturday, February 7, 2015

ကရေကရာ


မြန်မာ့အစားအစာ ကရေကရာကို ကောက်ညှင်းစပါးကနေ လုပ်ပါတယ်။ ကောက်ညှင်းစပါးတွေကို မိုးဗြဲဒယ်ထဲထည့်ပြီး
အပေါ်ကနေ အဖုံးအုပ်-အောက်ကနေ အပူတိုက်ရင်
ကောက်ညှင်းပေါက်ပေါက်တွေ ရလာပါမယ်။
ကောက်ညှင်းပေါက်ပေါက်ကို အမှုန့်ဖြစ်အောင်လုပ်ပြီး သကာရည်နဲ့နယ်ပါ။ သကာရည်မဟုတ်ရင်လည်း
ထန်းညက်ရည်၊ သကြားရည်ပျစ်ပျစ်နဲ့နယ်လို့ရပါတယ်။
အုန်းသီးကို ဂျစ်ထိုးပြီး သကြားနဲ့ယိုထိုးပါ။ နှစ်သက်ရင် ဒူးရင်းယိုထည့်နိုင်ပါတယ်။ နယ်ပြီးသားကရေကရာကို အောက်ကနေ လက်မ၀က်လောက် အထူတစ်ထပ်ခင်းပါ။ အပေါ်ကနေ ဌာပနာတစ်ထပ်ခင်းပါ။ အပေါ်ဆုံးကနေ ကရေကရာတစ်ထပ်တင်ပါ။
ပြီးရင် ပေါက်ပေါက်မှုန့်ကို အပေါ်ဆုံးကနေဖြူးပါ။ အပေါ်ကနေ စက္ကူဖြန့်ခင်းပြီး လက်နဲ့ဖိပေးပါ။ စက္ကူ ခင်းတာက လက်ကို မုန့် မကပ်အောင်လို့ပါ။ ပြီးမှ အပေါ်ကနေ အလေးတစ်ခုခုတင်ပြီး ဖိထားပေးပါ။ ပြီးရင် လိုသလောက် လှီးဖြတ် နိုင်ပါတယ်။
မလိုင်ကရေကရာလုပ်ချင်ရင်တော့-
နွားနို့စစ်စစ်ကိုမီးအေးအေးနဲ့ မလိုင်တက်အောင်ကျို ပါ။
မလိုင်အချပ်လိုက်ကို သံဒယ်အိုးအပြန့်မှာ မီးနွေးနွေးနဲ့ အိုးပူကပ်ပါ။
ပြီးရင် စောစောကနည်းအတိုင်း ဖြန့်ခင်းထားတဲ့ အုန်းသီးပေါ်ကနေ မလိုင်အချပ်လိုက်တင်ပါ။ ဒါဆို မလိုင်ကရေကရာ ရပါပြီ။


Shared from ချက်ကြမယ်ဟေ့ မကောင်းတကောင်း-အန်တီလော်ရာရဲ့ ဟင်းချက်နည်းများ (FB)

No comments:

Post a Comment