Sunday, February 15, 2015

စာမေးပွဲအောင်ကြောင်း အဆောင်ကောင်း


(သာသနာနွယ်)
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနီးလာပြီဆိုတော့ စာမေးပွဲဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် အမြဲဆောင်ထားဖို့ အဆောင်တစ်ခုလောက် ပေးချင်ပါတယ်။

စာမေးပွဲကြီးနီးပြီဆိုတော့ တချို့က ကျက်ထားတဲ့ စာတွေ ပြန်နွှေးလို့ အလုပ်များနေမှာပါ။ တချို့ကတော့ မရတဲ့စာတွေကြား ခေါင်းစားနေကြမှာပါ။ တချို့ကတော့ ခိုးကူးဖို့စဉ်းစားရင်း Copy စာရွက်တွေကြား ရတက်ပွား နေကြလို့ တချို့ကတော့ဓာတ်ရိုက်ဓာတ်ဆင်ဆရာတွေ နဲ့ ဥုံဆရာ၊ သြောင်းဆရာတွေကြား ဗျာများနေကြမှာပါ။ တချို့ကလည်း Hot Spot တွေအတွက် ရှုပ်ရှက်ခတ် နေကြမှာပါ။

စာရေးသူ တက္ကသိုလ်ဝင်တန်းဖြေတုန်းက ခုလို စာမေးပွဲနီးတဲ့အချိန်ဆို ကျက်ပြီးသားစာတွေ ပြန်နွှေးလို့၊ မရသေးတာတွေလည်း ထပ်ကျက်နဲ့ မနားရပါဘူး။ မနားရဆို Guide လုပ်ပေးတဲ့ ဦးလေး(လက်ထောက် ကထိက) က စည်းကမ်းကောင်းတာကိုး၊ စာသင်နှစ်စ ကတည်းက စာကိုတစ်နေ့စာတစ်နေ့ ကျေအောင် သေသေ ချာချာလုပ်ရပါတယ်။
အပါတ်စဉ်စာမေးပွဲတွေမှာလည်း အမှတ်ကောင်းအောင် ကြိုးစားရပါတယ်။ စာရေးသူ စာအပေါ် အာရုံစူးစိုက်မှုနည်းခဲ့လို့အလယ်အလတ် အဆင့်လောက်နဲ့ပဲ အောင်ခဲ့ပါတယ်။
အမှတ်နည်းနည်းကောင်းလို့ တက္ကသိုလ်မှာ 'ဥပဒေ ပညာ' ဘာသာရပ်မှာ တက်ခွင့်ရခဲ့ပါတယ်။ (ယခင်က စာမေးပွဲအောင်မှတ်အလိုက် မေဂျာရွေးပေးပါသည်။) အခုတော့ ဘွဲ့ရပြီး လောကုတ္တရာ ပညာတွေကို ဆက် လက်သင်ယူနေပါတယ်။ စာရေးသူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေစဉ်တုန်းကဆို ဘာလောကီအဆောင်မှ လည်းမပါပါဘူး။ ကိုယ့်ဘာသာကိုယ် ကြိုးစားလို့ အောင်ခဲ့ရတာပါ။ စာမေးပွဲအကြောင်း စဉ်းစားလိုက်တိုင်း စာမေးပွဲ ဖြေတုန်းက ဘာသာရပ်တိုင်းကို တစ်လုံးကူးမချဘဲ (ခိုးမချဘဲ) ကိုယ့်ဉာဏ်စွမ်းနဲ့ကိုယ် ဖြေခဲ့တာကို တွေးမိ တိုင်း ကျေနပ်မှုတွေနဲ့ ဂုဏ်ယူမိပါတယ်။

အခုခေတ်အချိန်မှာတော့ စာမေးပွဲနီးပြီဆိုရင် မြင်တွေ့နေရတာတွေက စာမကျက်ဘဲ ဓာတ်ရိုက်ဓာတ် ဆင်ဆရာတွေ၊ ဥုံဆရာ၊ သြောင်းဆရာတွေ၊ Copy စာရွက်တွေနဲ့ အလုပ်ရှုပ်နေကြသူတွေက ရိုးရိုးသား သား ကြိုးစားပြီးဖြေဆိုမယ့်သူတွေထက် အရေအတွက် ပိုများနေပါတယ်။ စာရေးသူကတော့ ကြိုးစားသူတွေကို ရော မရိုးသားသူတွေကိုပါ မေတ္တာထားပြီး မေတ္တာပွား နည်း အဆောင်လေးပေးချင်တာပါ။

ဒါကလည်း စာရေးသူ လုပ်နေကျ နည်းလမ်းလေး ကို ကျောင်းသူ ကျောင်းသားတွေ အကျိုးများစေဖို့ ဖြန့်ဝေပေးလိုက်တာပါ။ မေတ္တာဆိုတာကလည်း အချိန်၊ နေရာ၊ ပုဂ္ဂိုလ်မရွေး ပွားများနေရမှာပါ။ စာမေးပွဲဖြေဆိုမယ့် ကျောင်းသူကျောင်းသားတွေအတွက်တော့ စာမေးပွဲကြီး နီးကပ်လာတဲ့အချိန်တွေ၊ စာမေးပွဲမဖြေခင်အချိန် တွေနဲ့ ဖြေနေတုန်းကနေ အောင်စာရင်းထွက်သည် အထိ ရည်စူးမေတ္တာတွေ ပွားများပေးရမှာပါ။

ဒီနည်းနဲ့ မေတ္တာပွားနေတဲ့သူလည်း ရှိမှာပါ၊ မပွား ဘူးရင်လည်း ဒီကနေ့ကစလို့ မေတ္တာပွားပေါ့။ လုပ်ရမှာက မနက်စောစောအချိန်၊ စာမကျက်ခင်အချိန်၊ မအိပ် ခင်အချိန်နဲ့ အားရင်အားသလို ရည်စူးမေတ္တာလေးတွေ ပွားများဖို့ပါ။ မေတ္တာမပွားခင်မှာ အိမ်က ဘုရားမှာ သောက်တော်လေရေလေး ကပ်လှူပြီးမှ မေတ္တာပို့ပေး ရင် ပိုကောင်းပါတယ်။
မေတ္တာပွားနည်းက -
(၁) ကျွန်ုပ်သည် ကျန်းမာချမ်းသာပါစေ။
(၂) ကျွန်ုပ်၏ မိဘနှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
(၃) ကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့ ကျန်းမာချမ်းသာကြပါစေ။
(၄) ကျွန်ုပ်ဖြေဆိုမည့် စာမေးပွဲ မေးခွန်းထုတ်မည့် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ ကျန်းမာ ချမ်းသာကြပါစေ။
(၅) ကျွန်ုပ် စာမေးပွဲဖြေဆိုမည့် အခန်းစောင့်မည့် ဆရာ၊ ဆရာမများ ကျန်းမာချမ်းသာကြပါစေ။
(၆) ကျွန်ုပ်၏အဖြေလွှာများကို စစ်ဆေးမည့် ဆရာ ဆရာမများ ကျန်းမာချမ်းသာကြပါစေ။
(၇) ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော သတ္တဝါများ အားလုံးကျန်းမာချမ်းသာကြပါစေဆိုပြီး မေတ္တာ ပွားများပေးရမှာပါ။

ဒါကလည်း ကျောင်းသား၊ ကျောင်းသူတွေအချိန် ကုန်သက်သာစေပြီး မေတ္တာထိရောက်စေဖို့ပါ။ မေတ္တာ ပွားတဲ့အချိန်မှာလည်း ပါးစပ်က နှုတ်တက်ရွတ်နေရုံ မဟုတ်ဘဲ၊ သေချာအာရုံပုံဖေါ် ရည်မှန်းပြီး စိတ်ပါ လက်ပါ ပွားများပေးရမှာပါ။

ပထမဆုံးအနေနဲ့က မိမိကိုယ်တိုင်အရင် မေတ္တာ ပွာများပါ။ ကိုယ်က အေးချမ်းမှ သူများတွေကို မေတ္တာမျှဝေ ပေးလို့ ပိုကောင်းတာပေါ့။

ဒုတိယက ကိုယ့်အပေါ်အနီးကပ်ပြုစုစောင့် ရှောက်ပေးနေတဲ့ မိဘနှစ်ပါးကို မေတ္တာပို့ပေးပါ။ ဒါမှ လည်း မိဘတွေ ချစ်ခင်ကြင်နာမှု များများရလေ စာကျက်လို့ ပိုကောင်းလေဖြစ်မှာပေါ့။

တတိယအနေနဲ့က ငယ်စဉ်ကနေ ယခုအချိန် အထိ သာမက နောက်နောင်အထိပါ ကျေးဇူးကြီးမား လှတဲ့ ကိုယ့်ရဲ့သင်ဆရာမြင်ဆရာ ကြားဆရာအပေါင်း ကို ပွားများပေးပါ။ ဒါဆိုရင်တော့ အမြဲတမ်းဆရာ သမားတွေရဲ့ ချစ်ခင်စောင့်ရှောက်မှုကို ရသွားမှာပါ။

စတုတ္ထအနေနဲ့ စာမေးပွဲမေးခွန်းထုတ်မယ့် ပါမောက္ခကြီးတွေကို မေတ္တာပို့ပေးပါ။ ဒါမှ မေတ္တာ အပို့ခံရသူတွေမှာလည်း အေးချမ်းပြီး စိတ်ကောင်း စေတနာတွေ ပိုများလို့ မေးခွန်းတွေကို သိပ်မလှည့်ဘဲ တည့်တည့်နဲ့ လွယ်လွယ်လေးတွေ မေးနိုင်ပါတယ်။ ပြီးတော့မှ စာမေးပွဲခန်းစောင့်မယ့် ဆရာ ဆရာမ တွေကို မေတ္တာပို့ပေးပါ။ ဒါဆိုရင် စာမေးပွဲဖြေတဲ့အခါ စာမေးပွဲခန်းထဲ ဆူညံဆူညံမလုပ်ဘဲ အေးအေးဆေးဆေး
နေတတ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ကြုံတွေ့ရမှာပါ။ မေတ္တာဖြန်းမထားရင်တော့ သဘောထားဆိုးပြီး တချိန်လုံး ပွစိပွစိ လိုက်လုပ်နေတဲ့ ဆရာမမျိုးနဲ့တွေ့ ရင်တော့ ရထားတဲ့စာတွေတောင် ပျောက်ကုန်ပါလိမ့် မယ်။

ဒါကြောင့် စာမေးပွဲဖြေပြီးတဲ့အချိန်အထိ စာမေးပွဲခန်းစောင့်တဲ့ ဆရာ၊ ဆရာမတွေကို သေချာ အာရုံပြုပြီး မေတ္တာပို့ပေးပါ။
နောက်တော့ အဖြေလွှာတွေကို စစ်ဆေးမယ့် ဆရာ ဆရာမတွေကိုလည်း အောင်စာရင်းထွက်တဲ့ အထိ သေချာမေတ္တာပို့ပေးပါ။ နောက်ဆုံးကတော့ ၃၁ဘုံမှာ ကျင်လည်နေတဲ့ သတ္တဝါအားလုံးကို မေတ္တာ ပို့ပေးရမှာပါ

စာမေးပွဲအတွက် စာကိုလည်း သေသေချာချာ ကျက်ပါ။ မေတ္တာလည်း တစ်နေ့နှစ်ကြိမ် သုံးကြိမ် ဒါမှ မဟုတ် အားတိုင်း၊ သတိရတိုင်းပွားများပေးပါ။ ဒါဆိုရင် အေးအေးချမ်းချမ်းနဲ့ စာကျက်ရလို့ နေ့တိုင်း စာတွေလည်းရ၊ ကုသိုလ်တွေလည်း တိုးပြီး စာမေးပွဲ ကံတွေ လည်းကောင်းနေမှာပါ။ ဒါကြောင့် စာမေးပွဲ ဖြေမယ့် သူတွေအားလုံး ဒီနည်းလေးအတိုင်း မေတ္တာ ပွားများသွားရင် ပွားများနိုင်ရင် ပွားများနိုင်သလောက် စာမေးပွဲမှာ လက်တွေ့အကျိုးခံစားရသလို မေတ္တာ အကျိုး (၁၁) မျိုးကိုလည်း ရရှိဦးမှာပါ။

မိမိကိုယ်သာ အားကိုးထားပြီး စာကိုသေသေချာ ချာ ကျက်မှတ်လို့ စာမေးပွဲအတွက် ပြည့်စုံအောင် ကြိုးစားတဲ့အပြင် မေတ္တာကိုပါ ခြုံလိုက်ရင်တော့ ပိုလုံခြုံ သွားတာပေါ့။
တချို့က စာမေးပွဲနီးတာတောင် စာမကျက်ဘဲ ဓာတ်ရိုက်၊ ဓာတ်ဆင်ဆရာတွေဆီသွားပြီး စာမေးပွဲ ဖြေတဲ့နေ့ ဘာလုပ်ဖို့၊ ဘယ်လိုဝတ်ဖို့၊ ဘာဆောင်ဖို့ ဆိုတဲ့ ဖို့ပေါင်းများစွာအတွက် အလုပ်ရှုပ်နေကြပါ တယ်။ တချို့ကတော့ ဥုံဆရာ၊ သြောင်းဆရာတွေ ဆီသွားပြီး စာရေးကိရိယာတွေကို မန်းမှုတ်လို့ အလုပ်ရှုပ်နေကြပါတယ်။

အဲဒီလိုဆိုရင်တော့ အချိန်ကုန်၊ ငွေကုန်၊ လူပန်းလို့ အကျိုးမရှိဘဲ စာရေးကိရိယာတွေ အာပုပ်စော်နံတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ့်အတွက်က ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ မသမာနည်းနဲ့ ဖြေလို့စာမေးပွဲအောင် သွားခဲ့ရင်လည်း ကိုယ့်ကိုယ်ကို လေးစားလို့မရတဲ့ ''အတ္တာနုဝါဒဘေး'' သင့်ပါလိမ့်မယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့်သူတွေသာ မကပဲ ပညာသင်ကြားနေသူတိုင်း စာမေးပွဲနဲ့ မကင်းပါ ဘူး။ ဒါကြောင့် နေ့စဉ်နေ့တိုင်း စာလည်းကျက်
မေတ္တာတရားတွေလည်း လွှမ်းခြုံထားကြမယ်ဆိုရင် အရည် အချင်းစစ်စာမေးပွဲတွေမှာ အောင်ပွဲဆင်ရုံ တင်မက တစ်နေ့ သေမင်းနဲ့စစ်ခင်းလို့ ဘဝရဲ့နောက် ဆုံးနေ့မှာ သံသရာအတွက် အရည်အချင်းစစ် စာမေး ပွဲကိုလည်း မေတ္တာတရားနဲ့အတူ အရှုံးမဖက်ဘဲပြုံး လျက်နဲ့ အောင်ပွဲဆင်သွားနိုင်မှာပါ။

အဂ္ဂပတ္တော ပမောဒတိ။
သာသနာနွယ်
24.2.2007
ရွှေမြန်မာဂျာနယ်

No comments:

Post a Comment