Friday, February 20, 2015

အရိယာတို့၏ စိတ်နေသဘောထား


လောကတွင် မိစ္ဆာဒိဋ္ဌိ လူမျိုးထဲမှာပင် အရိယာလောက်  အနေအထိုင် ကောင်းသူများ ရှိတတ်ပါသည်။ ၄င်းတို့မှာ ငါးပါးသီလကို ခံယူဆောက်တည်ခြင်း မရှိသော်လည်း ငါးပါးစလုံးကို မကျူးလွန်ဘဲ ရှောင်ကျဉ်ရုံမျှမက ပေးကမ်း စွန့်ကြဲလှူဒါန်းခြင်း သည်းခံခြင်း သဘောကောင်းခြင်း ကိုယ်ချင်းစာတရားရှိခြင်း စသည်တို့နှင့် ပြည့်စုံကြပါသည်။ ဤသို့သောသူများကို အရိယာနှင့်သွင်ပြင်မှုရာ တူသောကြောင့် အရိယာဟုဆိုလျှင် မှားမည်ဖြစ်သည်။

ထို့နောက် ကုက္ကုဋမိတ္တမုဆိုးသည် အမဲသားတွေ လှည်းနဲ့တင်၍ အကျီမပါဘဲ ချွေးရွှဲရွှဲ သွေးရဲရဲနှင့် လှည်းမောင်းရင်း ဈေးသို့သွားတာကို ဘုံခုနှစ်ဆင့်ပေါ်မှာနေသော သူဌေးသမီးသောတာပန်အပျိုကြီးက မြင်ရုံနှင့်မျှ ကိလေသာမှာ မျက်စိမရှိဟူသော စကားပုံအရ မုဆိုးကြီးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်ပြီး ကြိုက်မရှက် ငိုက်မရှက် ငတ်မရှက်
ဟူသော စကားပုံအရ မုဆိုးကြီး ဈေးကအပြန်တွင် ဘုံပေါ်ကဆင်းပြီး မုဆိုးကြီးနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားသတဲ့။ မုဆိုးကြီးက မလိုက်ရန် အကြိမ်ကြိမ် တားတာတောင် မရဘူးတဲ့။ တားမရတာနဲ့ဘဲ လှည်းပေါ်တင်၍ခေါ်သွားပြီး လင်မယားအဖြစ်နဲ နေထိုင်လျက် သူဌေးသမီးသောတာပန်က မုဆိုးကြီးအတွက် လေးမြှား
အစရှိသော လက်နက်ကိရိယာတို့ကို အဆင်သင့်ပြုပြင် စီမံ၍ပေးသတဲ့။

အဲဒီသူဌေးသမီးသောတာပန်၏ ပြုမူပုံကို မြင်ရကြားရလျှင် သောတာပန်ပါလို့ပြော၍ ဘယ်သူ ယုံကြည်နိုင်ပါမည်လဲ။ ဒီသောတာပန်က ဒီလိုပြုကျင့်သောကြောင့် အခြားသော သောတာပန်များလည်း အတူပြုလုပ်ကြမှာပဲဟု ယူဆနိုင်ပါမည်လော။ သို့အတွက်ကြောင့် တစ်စုံတစ်ယောက်သောသူ၏ ပြုမူကျင့်ကြံမှုသည် ၄င်းသူနှင့်သာဆိုင်၍ ပုဂ္ဂလဓိဋ္ဌာန်အနေဖြင့်သာ ယူဆထိုက်သည်။
တစ်စုံတစ်ယောက်၏ ပြုမူချက်ကိုကြည့်ပြီး လူတိုင်း ဒီလိုချည်းပဲဟု ဓမ္မဓိဋ္ဌာန်အနေမျိုးကို မယူဆသင့်ပါ။

ထို့ကြောင့် ရှေးတုန်းက ၀တ္ထုသက်သော တစ်ခုကိုတင်ပြ၍ သူတစ်ပါးကို ကဲ့ရဲ့လိုသော သူများမှာ မိမိပြမည့်သာဓကမှာ ပုဂ္ဂလဓိဋ္ဌာန်လား ဓမ္မဓိဋ္ဌာန်လားဆိုတာ ရှေးဦးစွာ စူးစမ်းပါ။ ပုဂ္ဂလဓိဋ္ဌာန်မှာ တစ်စုံတစ်ယောက်၏အတွက် ဖြစ်၏။ ဓမ္မဓိဋ္ဌာန်မှာ အဘိဓမ္မာဒေသနာတော်အတိုင်း အတိအကျ ယူတတ်မှဖြစ်သည်။

အရိယာတို့၏ ကိုယ်နှုတ်စိတ်တို့၏ အလေ့အကျင့် အမှုအရာ
စိတ်နေသဘောထားကို အဘိဓမ္မာကို ကောင်းစွာတတ်၍
အဘိဓမ္မာသဘောကို ကောင်းစွာယုံကြည်ပြီး အဘိဓမ္မာ သဘောအတိုင်း တိကျစွာ ညှိနှိုင်း၍ ယူဆတတ်သော ပုထုဇဉ် ပညာတတ်များမှာ နီးကပ်စွာ ရိပ်မိနိုင်ပါသည်။ အဘိဓမ္မာသဘောကို ကောင်းစွာမနိုင်ဘဲ သုတ္တန်ဒေသနာတွင်ပါရှိသော ပုဂ္ဂလဓိဋ္ဌာန်ဖြစ်သည့် ၀တ္ထုသက်သေတို့ကို စံနမူနာတင်ပြီး ယူဆတတ်သောသူများမှာ အဘိဓမ္မာသဘော ဓမ္မဓိဋ္ဌာန်မကျလျှင် အယူအဆ မှားယွင်းတတ်ပါသည်။

သို့အတွက် အရိယာ၏ စိတ်နေသဘောထားကို သူ့ကိုယ်သူသာ အမှန်အတိုင်း သိနိုင်သည်။ ပုထုဇဉ်များက သိဖို့ရာမှာ လွန်စွာမှ ခဲယဉ်း၏။ အရိယာအချင်းချင်းတောင်မှ တစ်ဦးနှင့်တစ်ဦး ၀ါသနာချင်း တူချင်မှတူမျှသည်။ အရိယာဆိုတာဝါသနာကို မစွန့်နိုင်။ အချို့အရိယာမှာ အလှူအတန်း၌ ၀ါသနာပါသည်။ အချို့မှာ သမာပတ်
ဝင်စားခြင်း၌ ၀ါသနာပါသည်။ အချို့မှာ ကျောင်းကန်ဘုရားသွားခြင်း၌ ၀ါသနာပါသည်။ အချို့မှာ တရားဟောခြင်း၌ ၀ါသနာပါသည်။ အချို့မှာ တရားဆွေးနွေးခြင်း၌ ၀ါသနာပါသည်။ အချို့မှာ အေးအေးဆေးဆေး တစ်ယောက်တည်း နေချင်တတ်သည်။ ဤသို့စသည်ဖြင့် တစ်ယောက်တစ်မျိုး ၀ါသနာပါသလို နေတတ်ကြသည်။

ဝိပဿနာ  ပါရဂူကျမ်း

Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment