Thursday, December 26, 2013

၁၅ ရာစုတုန်းက ဂျာမဏီမှာ တကယ့် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကလေးတခုပါ၊ ဖတ်ကြည့်ကြပါ။


ဂျာမဏီနိုင်ငံ Nuremberg မြို့လေးမှာ မိသားစုတစုရှိတယ်။ အဲ့မိသားစုဟာ အဖေအမေအပါအ၀င် ကလေး ၁၈ ယောက်ရှိတယ်။ များပြားလှတဲ့ မိသားစု ထမင်းစားပေါက်အတွက် အဖေခင်ဗျာ တစ်ယောက်တည်း ရွှေတွင်းတူးရင်း အလုပ်အကျွေးပြုရရှာတယ်။

သူတို့မိသားစုမှာ အကြီးဆုံး အစ်ကို နှစ်ယောက်က ရည်မှန်းချက်ကိုယ်စီ ရှိကြတယ်။ သူတို့ရည်မှန်းချက်ကတော့ မြို့က Art Academy တခုကို တက်ချင်ကြတာပါပဲ။ သို့သော် ဖခင်၏ မိသားစုကိုတောင် အနိုင်နိုင် ရှာကျွေးနေရတဲ့ ဘ၀ကို သိတယ်။ ဖခင်မှာ သူတို့ကို ကျောင်းထားဖို့ ပိုက်ဆံ မရှိဘူးဆိုတာ သိတယ် အဲတာကြောင့် ညီနှစ်ကို နှစ်ယောက် ငွေဒင်္ဂါး ခေါင်း
ပန်းလှည့်ပြီး ရွေးမယ် နိုင်သူက ကျောင်းတက်၊ ရူံးသူက ရွှေတွင်းတူးပြီး ကူ၊ ၄ နှစ်တက်ပြီးရင် ရူံးသူက ကျောင်းဆက်တက်၊ ကျောင်းပီးသူက ပန်းချီရောင်းစားပြီးကူ ဆိုပြီး သဘောတူက ညီအစ်ကိုနှစ်ယောက် ခရစ်ယာန်ကျောင်းထဲမှာ ခေါင်းပန်လှည့်တော့ ညီဖြစ်သူက ရူံးပြီး အကိုက နိုင်တော့ ဂတိအတိုင်း ညီက ရွှေတွင်းတူးပြီး အကိုကို ထောက်ပံ့တယ်။

အကိုဖြစ်သူလည်း အားကြိုးမာန်တက် ကြိုးစားတယ် ၄ နှစ်လုံးလုံး မှာ ကျောင်းက ဆရာတွေထက် တော်တယ်။ သူ့လောက် အဲ့မြို့မှာ ဘယ်သူမှ ပန်းချီနေရာမပြိုင်နိုင်လောက်အောင်ကို တော်သွားတယ်။ ၄ နှစ် ကျောင်းပြီး တော့ အိမ်ပြန်ပြီး အိမ်မှာ စားသောက်ပွဲကျင်းပကြပြီး အကိုဖြစ်သူမှ ညီကို ကောင်းချီပေးပြီး ၄ နှစ်လုံးလုံး ကူညီခဲ့အတွက်ပေါ့။ သည်တခါ ညီအလှည့်ကျောင်းတက် တော့ ကွာ ဆိုပြီး ပြောတော့ ညစာစားပွဲမှာ အားလုံး တိတ်နေကြတယ်။

အဲ့တော့ အစ်ကိုလုပ်သူက ညီကိုမေးတယ် "ဘာဖြစ်တုန်း မတက်ချင်ဘူးလားပေါ့ " အဲ့မှာ သူ့ညီက လက်ကို စားပွဲပေါ်တင်ပြတယ်။ ပြီးတော့ ဘာပြောလဲဆိုရင် မဟုတ်ဘူး အစ်ကို ကျနော် ကျောင်းတော့ တက်နိုင်မယ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လက်တွေက ကျနော်ရဲ့ စိတ်ကူးတွေကို ပုံဖော်ပေးနိုင်တော့မှာ မဟုတ်ဘူး " အစ်ကိုလုပ်သူက စိတ်မကောင်းဖြစ်သွားတယ်။ ၄ နှစ်လုံးလုံး ရွှေတွင်းတူးတဲ့ ဒဏ်ကြောင့် လက်ရိုးတွေ ကျိုးသွားပြီး၊ သူ့ ညီ ညာဘက်လက်တစ်ချောင်းလုံးလည်း အဆစ်ရောင်ရောဂါ စွဲကပ်သွားခဲ့လေပြီ။ ဒါပေမယ့် သူ့ညီဟာ သူ့အကိုကြောင့် ဆိုပြီး ညည်းခြင်း မရှိပါဘူး။ ၄ နှစ်လုံးလုံး အဲ့ရောဂါအကြောင်း သိရင် အစ်ကိုလုပ်သူက ပညာကို ဆုံးခန်းမသင်ရမှာစိုးလို့ပါတဲ့။

အစ်ကိုကတော့ ဂျာမဏီမှာ သူ့ခေတ်သူ့အခါက ဘုန်းမီးနေလထွန်းပေါက် ခဲ့တဲ့ ပန်းချီပညာရှင် Albrecht Durer ပဲ ဖြစ်ပါတယ်။ သူ့ညီရဲ့ အလုပ်ကို အသိအမှတ်ပြု သည့်အနေနဲ့ သူ့ညီကိုင်ခဲ့သည့် ပေါက်ချွန်းတွေ ကိရိယာ တွေကို ယခုအခါထိ ကမ္ဘာပေါ် ရှိ ပြတိုက်အနှံအပြားမှာ ပြသခဲ့ပါတယ်။

အောက်က လက်ပန်းချီဟာလည်း သူ့ညီကို ဂုဏ်ပြုတဲ့အနေနဲ့ ဆွဲခဲ့တဲ့ နာမည်ကြီး The praying Hands ပန်းချီပါပဲ။

Admin-MM

သုတစွယ်စုံကျမ်း

Wednesday, December 25, 2013

အရုပ်ကလေး သုံးရုပ်....


ယနေ့ညအတွက် ပုံပြင်လက်ဆောင်

ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်

တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဥာဏ်ပညာထက်မြတ်တဲ့ သားတော်တစ်ပါးရှိပါတယ်။ တနေ့မှာတော့ အခြားသောတိုင်းပြည်က ထူးခြားတဲ့ လက်ဆောင်တစ်ခုရောက်လာပါတယ်။ အမှန်တော့ လက်ဆောင်ဆိုတာထက် ရာဇသံ ပေးလိုက်တယ်လို့ ဆိုရမှာပါ။

သူတို့နိုင်ငံထက် အင်အားကြီးတဲ့ နိုင်ငံတစ်ခုက ပို့လိုက်တာပါ။ အရုပ်ကလေး သုံးရုပ်ပါ ပါတယ်။ သုံးရုပ်စလုံးက ဆင်တူပါဘဲ။ အရွယ်အစား၊ ပုံစံ၊ အပေါက် (နား၊ နှာခေါင်း၊ ပါးစပ်) အကုန် အတူတူပါဘဲ။ ဘယ်လိုမှ ခွဲမရအောင်တူပါတယ်။ ရာဇသံကတော့ အဲ့ဒီ့အရုပ်သုံးရုပ်ထဲက အကောင်းဆုံးအရုပ်ကို သုံးရက်အတွင်း ရွေးပေးဖို့ပါဘဲ။ မရွေးပေးနိုင်ရင်တော့ စစ်မက်ပြုမယ်လို့ ပြောထားပါတယ်။

ဘုရင်ကြီးလည်း ရှိသမျှ ပညာရှိ မူးကြီးမတ်ရာတွေကို ခေါ်ပြီး အကောင်းဆုံးအရုပ်ကို ရွေးခိုင်းတာပေါ့။ ဒါပေမယ့် ဘယ်သူမှ မရွေးနိုင်ရှာပါဘူး။ ဒီလိုနဲ့ သုံးရက်မြောက်တဲ့နေမှာ အခြားနိုင်ငံက သံတမန်တွေ လာရောက်ဆွေးနွေးပါတယ်။ အဲ့ဒီ့အခါမှာ ပညာရှိ အိမ်ရှေ့မင်းသားက သူ အကောင်းဆုံးအရုပ်ကို ရှာတွေ့ပြီးပါပြီလို့ ပြောလိုက်ပါတယ်...

ပြီးတော့ ကောက်ရိုးမျှင်လေး တစ်ခုကို ယူလာပြီး ပထမ အရုပ်ရဲ့ နားပေါက်ထဲကို ထည့်လိုက်ပါတယ်။ အဲ့ဒီ့အခါမှာတော့ ကောက်ရိုးမျှင်ဟာ နားပေါက် နောက်တစ်ဖက်မှ ပြန်ထွက်လာပါတယ်။ အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာ ဟိုဘက်နားက၀င် ဒီဘက်နားက ထွက်တဲ့အရုပ်ဖြစ်ပါတယ်။ ဒီလို လူမျိုးဟာ အရာအားလုံးကို မလေးစား၊ ဂရုမစိုက်တတ်တဲ့ သူမျိုးပါ.. လို့ ဆိုပါတယ်။

အဲ့ဒီ့နောက်မှာ ဒုတိယတစ်ရုပ်ကို ရှေးကအတိုင်း ပြုကြည့်ပါတယ်။ ဒီအရုပ်ကတော့ နားထဲက ထည့်လိုက်တဲ့ ကောက်ရိုးမျှင်ဟာ ပါးစပ်ပေါက်က ပြန်ထွက်လာပါတယ်။ အိမ်ရှေ့မင်းသားက ဒီအရုပ်ဟာလည်း မိမိ ကြားသမျှကို အကုန်ပြန်ပြောတတ်တဲ့ အတင်းပြောတဲ့သူမျိုး၊ လျှို့ဝှက်ချက်များကို စိတ်ချစွာ ပြောလို့ရတဲ့သူမျိုး မဟုတ်ပါဘူးလို့ ပြောလိုက်ပါတယ်။

တတိယ အရုပ်ကို စမ်းသပ်ကြည့်တဲ့အခါမှာတော့ နားထဲဝင်သွားတဲ့အရုပ်ဟာ ဘယ်ကမှ ထွက်မလာတော့ဘဲ အထဲမှာဘဲ သိမ်းဆည်းသွားပါတယ်။ ဒီအရုပ်ကတော့ မိမိကြားသိသမျှကို အကုန် ပြန်မပြောဘဲ သိမ်းဆည်းထားနိုင်တဲ့၊ လျှို့ဝှက်ထားနိုင်တဲ့ အကောင်းဆုံးသော၊ စိတ်ချရဆုံး သူမျိုးပင် ဖြစ်ပါတယ် လို့ ပြောကြားလိုက်ပါတယ်...

အဖြေကို ရသွားတဲ့ တိုင်းတပါးသားများဟာ စစ်မက်မပြုကြတော့ဘဲ ဥာဏ်ပညာကြီးမားလှတဲ့ သားတော်လေးကို ဆုလာဘ်များ ချီးမြှင့်ပြီး ပြန်သွားကြပါတော့တယ်....

ကျနော်တို့ရော ဘယ်လိုအရုပ်မျိုး ဖြစ်နေကြမလဲ......

အာကာသနှင့် စကြ၀ဠာ

Shared from မြန်မာပြည်သား (FB)

တိုတောင်းလှတဲ့ ဘဝ လေးမှာ


(1)
စိတ်ကောင်းထားပါ။
စိတ်ကောင်းရှိသူတိုင်းဟာ လှနေပါတယ်
ဘာမှမပိုင် ရင် တောင် ဒီတခုကိုတော့
ပိုင် အောင် လုပ်သင့်တယ်……

(2)
ဒေါသနဲ့ ဝေးဝေးနေပါ..
ဒေါသက နာကျင် မှု့ တွေ ပေးလို့ပါ။
သင့် ကိုယ် တိုင် ကိုရော
ပတ်ဝန်းကျင် ကိုရောပေါ့။
၁ မိနစ် ဒေါသထွက် ရတိုင်း
စက္ကန့် ၆၀စာ ပျှော်ရွှင် မှု့ တွေ
ဆုံးရှုံးသွားရတာကို မ မေ့ပါနဲ့။

(3)
ကိုယ်က မှန်နေတယ်ဆိုရင် စိတ်ဆိုးနေစရာမလိုပါ……
တကယ်လို့ ကိုယ့်ဘက်က မှားနေတယ်ဆိုရင် လည်း ကိုယ်က ဘာမှစိတ်ဆိုးပိုင်ခွင့်မရှိတာကို နားလည်လိုက်ပါ……

(4)
မိသားစုဝင်တွေအပေါ်
သည်းခံခြင်းဟာ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတယ်...

တခြားသူတွေအပေါ်
သည်းခံခြင်းဟာ လေးစားမှုကို ဖော်ညွှန်းတယ်...

ကိုယ့်ကိုယ်ကို
သည်းခံနိုင် ခြင်းဟာ
မိမိကိုယ်ကို ယုံကြည်မှု ရှိတာကိုဖော်ညွှန်းတယ်...

အခြေ အနေ တွေကို အလိုက်သင့်
သည်းခံခြင်းဟာ
ကိုယ့်ရဲ့ ကိုယ် ရည်ကိုယ်သွေး
အရည်အချင်းကို ဖော်ညွှန်းတယ်...

(5)
အတိတ်အကြောင်းကို သိပ်မတွေးပါနဲ့... မျက်ရည်တွေပဲ ကျလာရင် ကိုယ်ပဲ ဝမ်းနည်းရမယ်လေ…
.
အနာဂတ်အကြောင်းကို
သိပ်မတွေးပါနဲ့..
စိုးရိမ်ကြောက်ရွံ့မှုတွေ အားငယ်မှု့ တွေ ကသင့်ကို နှိပ်စက်လာလိမ့်မယ်။

ပစ္စုပ္ပန် လက်ရှိအချိန်မှာ
အ ကောင်းဆုံးစိတ်ထား
အကောင်းဆုံးအလုပ်တွေနဲ့
နေထိုင်ပါ...
ကောင်းချီးသြဘာတွေ ဆိုက်ရောက်လာပါလိမ့်မယ်...
ဒါက လက်ဆောင် မွန်ဖြစ်လာပါလိမ့်မယ်

(6)
ဘဝရဲ့ စမ်းသပ်ချက်တိုင်းက
ပိုမိုကောင်းမွန်လာစေသလို ပိုပြီးခါးသီးသွားစေနိုင် တာလည်း
ရှိတတ်တာကို မေ့မထားပါနဲ့ ။

ကြုံတွေ့ရတဲ့ ပြဿနာတိုင်းဟာ အတွေ့အကြုံကောင်းကို
တည်ဆောက်ပေးနိုင် သလို အမှားအဖြစ်လည်း သင့် ကို
ချိုးဖျက်နိုင် ပါတယ်...

ဒူးထောက်မလား
ဆက်လျှောက်မလားဆိုတာကတော့ သင့်ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေပါတယ်...

(7)
လှသောတဲ့အရာတိုင်းဟာ အမြဲတမ်းမကောင်းနိုင် ပေမယ့်
ကောင်းတဲ့အရာတိုင်းကတော့
အမြဲတမ်းလှနေပါတယ်...
ပြောရ ရင် လှတာထက်ကောင်းတာကို
ဦးစားပေးဖို့ပါ။

(8)
ပျော်ရွှင်မှုဟာ သင့်ကို ချစ်ဖွယ်သော အရာတွေကို ယူဆောင် ပေးတယ်။
ဒါကြောင့် အမြဲပျော်ရွှင်နေရအောင် တတ်နိုင်သမျှ ကြိုးစားသင့်တယ်...
အနည်းဆုံးတော့…………………
ပြုံးလိုက်ပါ။

*ငြိမ်းလဲ့


Aye Chan Mon# Credit To: ငြိမ်းလဲ့> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

“ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် စိပ်ပုတီး ”


( မြတ်စွာဘုရား၌ စိပ်ပုတီးရှိသလား )

ယခုအခါ မြန်မာဗုဒ္ဓဘာသာဝင်အများစုတို့
အသုံးပြုလျက်ရှိကြသော စိပ်ပုတီး-ကား ထေရ၀ါဒဗုဒ္ဓဘာသာတို့၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်း မဟုတ်ပါချေ။
အမှန်ဆိုရသော် ထေရ၀ါဒဗုဒ္ဓဘာသာ၌ ကျင့်စဉ်တရားများအနေဖြင့် ဒါနကျင့်စဉ်၊ သီလကျင့်စဉ်၊ သမထဘာဝနာ (သမာဓိ)ကျင့်စဉ်၊
ဝိပဿနာဘာဝနာ (ပညာ)ကျင့်စဉ် ဟူ၍ ကျင့်စဉ်ကြီးလေးရပ်ရှိ၏။ ထိုကျင့်စဉ်များတွင် ဒါနကျင့်စဉ် သီလကျင့်စဉ်တို့၌ စိပ်ပုတီးကို မလိုကြောင်းထင်ရှားသိသာပါ၏။

သမထဘာဝနာကား သမာဓိအားကောင်းအောင်
ထူထောင်ရသော ကျင့်စဉ်ဖြစ်၏။ သမာဓိအားကောင်းမှ
ကျင့်စဉ်၏ အကျိုးဖြစ်သော ဈာန်၊ အဘိညာဉ်တို့ကို ရနိုင်၏။
စိပ်ပုတီးကား ဈာန်၊ အဘိညာဉ်ရလောက်သည့် သမာဓိ၏
အဟန့်အတား အနှောက်အယှက်ဖြစ်၍ သမထဘာဝနာ အကျင့်၌လည်း စိပ်ပုတီးအသုံးမ၀င်ချေ။
မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန်မြင်နိုင်သော ၀ိပဿနာဘာဝနာအကျင့်ကား
ရုပ် နာမ် တရားတို့၏ မမြဲပုံ ဆင်းရဲပုံ အတ္တမဟုတ်ပုံတို့ကို
အမြဲမပြတ် တရစပ် ရှုမှတ်ပွားများ အားထုတ်ရသော
ပညာကျင့်စဉ်ဖြစ်၍ စိပ်ပုတီးသည် ပို၍အနှောက်အယှက်ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားနှင့် ဘုရားရှင်၏ တပည့်သာဝကတွေမှာ စိပ်ပုတီးရှိကြောင်း၊ စိပ်ပုတီးကို သုံးစွဲလေ့ရှိကြောင်း
ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်လုံး၌ အရိပ်အမြွက်မျှ
မတွေ့ရခြင်းဖြစ်သည်။ အယုတ်ဆုံးအားဖြင့် ပိဋကတ်၌
စိပ်ပုတီးဟော ပါဠိဝေါဟာရပင် မရှိသည်ကို တွေ့ရ၏။

သို့ဖြစ်၍ သုံးလူ့များထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်း-ဆိုသည့် ကျည်းကန်ကိုရင်ကြီး အမေးကို ရွှေတောင်မြို့ ဇိနတ္ထပကာသနီ ကျမ်းပြု ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီးက ပုတီးရှိကြောင်းကို ကျမ်းဂန်၌ မတွေ့ရဘူးချေ။ အကယ်၍ ပုတီးဆောင်တော်မူသည်ဖြစ်အံ့ထိုပုတီးကို မည်သည့်ဒါယကာ လှူသည်၊ မည်သို့သုံးဆောင်တော်မူသည်၊ မည်မျှလောက် အကျိုးရှိသည်၊ မည်သည့်ရဟန်း အမွေခံရသည်-ဟု ကျမ်းဂန်လာရာ၏။ ယင်းသို့မလာသောကြောင့် ဘုရားမှာ ပုတီးမရှိဟူ၍ သိသင့်သည်-ဟု ဖြေဆိုထားသည်ကို စွယ်စုံကျော်ထင်ကျမ်း၌ တွေ့ရသည်။

[www.facebook.com/youngbuddhistassociation.mm]

(တန္တရ မန္တရဂိုဏ်းတို့၏ အသုံးအဆောင်ပစ္စည်း)
••••••••••••••••••••••••••••
မှန်ပါသည်။ မြတ်စွာဘုရား၏ သာသနာတော်သို့ ၀င်သည့်အခါ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ အသုံးပြုဖို့ သာသနာ့အသုံးအဆောင်ပစ္စည်းတွေအဖြစ် ပရိက္ခရာ ရှစ်ပါးကို
ဘုရားရှင် ခွင့်ပြုတော်မူခဲ့၏။ ထို ၈-ပါးမှာ သပိတ်, သင်းပိုင်,
ဧကသီ, ဒုကုဋ်(နှစ်ထပ်သင်္ကန်းကြီး), ခါးပန်းကြိုး, သင်တုန်းဓား,
အပ်, ရေစစ်-တို့ ဖြစ်သည်။
[www.facebook.com/youngbuddhistassociation.mm]
ဤသာသနာ့အသုံးအဆောင်ပစ္စည်း ပရိက္ခရာ ၈-ပါးထဲမှာ စိပ်ပုတီးမပါသည့်အတွက် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်ဘာသာရေး အသုံးအဆောင်ပစ္စည်းတခုမဟုတ်ကြောင်း ထင်ရှားသိသာပေသည်။

အမှန်ဆိုရသော် စိပ်ပုတီးသည် ဟိန္ဒူဗြဟ္မဏဘာသာမှ
တန္တရ မန္တရ ဂိုဏ်းသားတို့၏ ကိုယ်ပိုင်အသုံးအဆောင်
ပစ္စည်းဖြစ်၏။ ဂါထာမန္တရားတွေကို မန်းမှုတ်၊ ရွတ်ဖတ်၊
သရဇ္ဈာယ်သည့်အခါ အခေါက်ရေကို တိတိကျကျသိရအောင် သူတို့စိပ်ပုတီးကို အသုံးပြုကြခြင်းဖြစ်သည်။
(စိပ်-ရွတ်ဆိုမန်းမှုတ်သည့်၊ ပုတီး-ပုတီး)
မဟာယာနဗုဒ္ဓဘာသာမှာလည်း တန္တရ မန္တရဂိုးဏ်းများ ရှိ၏။

( မြန်မာသာသနာဝင်နှင့် တန္တရ မန္တရဂိုဏ်း )
••••••••••••••••••••••••••••
မြန်မာသာသနာဝင်ကို ကြည့်လျှင် ပျူတို့၏ သရေခေတ္တရာတွင်မူ
ထေရ၀ါဒက အားကောင်းနေသော်လည်း မဟာယာန၀ါဒကလည်း ရှိနေပြီဖြစ်၏။ ထို့ပြင် ဗိဿနိုးကိုးကွယ်သည့် ဗြဟ္မဏ၀ါဒနှင့် ရိုးရာကိုးကွယ်ယုံကြည်မှုများ၊ ဗေဒင်နှင့်
(ဂါထာ မန္တန် ယုံကြည်မှုများလည်းရှိခဲ့၏။ ပုဂံခေတ်တွင်
အနော်ရထာမတိုင်မီ၌ ပျူခေတ်က အားကောင်းခဲ့သော
ထေရ၀ါဒမှာ မှေးမှိန်ပျောက်ကွယ်သလောက် ဖြစ်နေ၏။
ရှေးအတီတေ၊ ပုဂံပြေတွင်၊ ဆံကေသာ လက်လေးသစ်၊
မုတ်ဆိတ်မွေး ဗရဗျစ်၊ မည်းညစ်သည့် စီဝရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ထိပ်ခေါင်ကြီး၊ ရှင်မထီး
တို့ကဲ့သို့-ဟု ဆရာကြီး ဦးပုည ဆိုထားသကဲ့သို့ ပုဂံပြည်
သမထီးအရပ်၌ အရည်းကြီး သုံးကျိပ်နှင့်
တပည့်ခြောက်သောင်းတို့ သီတင်းသုံး နေထိုင်ကြ၏။ ပုဂံပြည်မင်းအဆက်ဆက်နှင့် ပြည်သူတို့သည် သူတို့ကို ကိုးကွယ်နေကြသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ ဆို၏။

ထိုအရည်းကြီးတို့ ဟောသောတရားမှာ သူ့အသက်ကို သတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကိုသတ်မိသူသည် ဤပရိတ်ကိုရွတ်သော် ကမ္မပထမှ လွတ်၏။ စသည်ဖြင့် မဟုတ်မတရားသော အဓမ္မကို ဓမ္မဟူ၍ ဟောကြားကြ၏။ အမှန်စင်စစ် ထိုအရည်းကြီးတို့သည် ဗြာဟ္မဏ၀ါဒနှင့် မဟာယာနတို့မှ ဆက်နွယ်လာသည့် တန္တရ မန္တရဂိုဏ်းဝင်များ ဖြစ်ကြသည်။ အနော်ရထာဘုရင်လက်ထက်တွင် ရင့်ကျက်သော ပါရမီရှိသည့်ဘုရင်ဖြစ်၍ ထိုအရည်းကြီး ကိုးကွယ်မှုကို နှစ်သက်တော်မမူဘဲ တရားမှန်ကို တောင့်တနေချိန်တွင် သထုံမှ ရှင်အရဟံ ရဟန္တာမထေရ်မြတ် ပုဂံသို့ ကြွတော်မူလာရာ အယူမှန်ဖြစ်သော ထေရ၀ါဒ ဗုဒ္ဓသာသနာကို ကိုးကွယ်ခွင့် ရသွား၏။

ထိုအခါ ပုဂံပြည့်ရှင် အနော်ရထာဘုရင်သည် အရည်းကြီးသုံးကျိပ်နှင့် နောက်လိုက်တပည့် ခြောက်သောင်းတို့ကို လူဝတ်လဲစေပြီး ရှင်အရဟံမထေရ်မြတ်၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို အားပေးချီးမြှောက်သဖြင့် ထေရ၀ါဒဗုဒ္ဓသာသနာသည် ပုဂံပြည်တွင် နေရောင် လရောင်ပမာ ထွန်းလင်းဖြာခဲ့ပေသည်။ ဤသို့ အနော်ရထာမင်းကြီးလက်ထက်တွင် တန္တရ မန္တရဂိုဏ်းများ ပျောက်ကွယ်သလိုဖြစ်သွားသော်လည်း နောက်မင်းများလက်ထက်တွင် ထိုဂိုဏ်းများနှင့် မဟာယာနဂိုဏ်းတို့ တစတစ ပြန်ပေါ်လာခဲ့၏။ ကျန်စစ်သားမင်းကြီး လက်ထက်၌ ထိုတန္တရ မန္တရ ဂိုဏ်းများအပြင် ဗိဿနိုးနတ် ကိုးကွယ်မှုစသည့် ဗြဟ္မဏအယူဝါဒများ ပြန့်ပွားလာသည်။ ဤသို့အားဖြင့် မြန်မာနိုင်ငံတွင် ထေရ၀ါဒသာသနာသည် ပုဂံခေတ်ဦးပိုင်းမှစ၍ အားကောင်းလာခဲ့သော်လည်း မဟာယာန၊ ဗြာဟ္မဏ၀ါဒ၊ တန္တရ မန္တရ စသော ၀ါဒများမှာ ထေရ၀ါဒအားနည်းအောင် အင်းဝခေတ် ဟံသာဝတီခေတ်တို့ တိုင်အောင် အစဉ်နှောက်ယှက်လျက် ရှိနေကြပေသည်။
[www.facebook.com/youngbuddhistassociation.mm]
ထို့ကြောင့် ထိုဂိုဏ်းတို့မှ ကိုးကွယ်မှုဆိုင်ရာနှင့် ဘာသာရေးအသုံးအဆောင် ပစ္စည်းအချို့တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာထဲသို့ ရောနှောဝင်ရောက်ခဲ့ကြပေသည်။ထိုအထဲတွင် စိပ်ပုတီး-ဟူသော ဘာသာရေးအသုံးအဆောင် ပစ္စည်းသည်လည်း တခုအပါအ၀င်ဖြစ်၏။ စိပ်ပုတီးသည် တန္တရ မန္တရဂိုဏ်းသုံးဖြစ်၍ ထိုတန္တရ မန္တရဂိုဏ်းများမှ တဆင့် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်လာသည်ဟု ယူဆရသည်။ ထိုဂိုဏ်းများသည် အနော်ရထာမင်း မတိုင်မီကပင် ရှိနေပြီဖြစ်၍ စိပ်ပုတီး-သည် မည်သည့်အချိန်တွင် ထေရ၀ါဒဗုဒ္ဓဘာသာသို့ ၀င်ရောက်ခဲ့သည်ဟု အတိအကျ ပြောဆိုရန် ခဲယဉ်း၏။

( မိဖုရားစောလုံနှင့် စိပ်ပုတီး )
သို့ရာတွင် စာရေးသူ လက်မှမ်းမီသလောက် လေ့လာကြည့်ရာပုဂံခေတ်၊ သက္ကရာဇ် (၆၁၇) ခုနှစ်တွင် နန်းတက်သော နရသီဟပတေ့မင်း (မင်းခွေးချေး) လက်ထက်တွင် မြန်မာဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို ဘာသာရေးအသုံးအဆောင်အဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်းတွေ့ရှိရ၏။ အတန်ငယ်ချဲ့၍ ဆိုဦးအံ့။ ပုဂံပြည် နရသီဟပတေ့မင်းကား အစားအသောက်ကြူးရုံမက အပျော်အပါးလည်း ကြူး၏။ နွေလရောက်သည့်အခါ ရေဖျန်းကစားလေ့ရှိ၏။ ထိုအခါတွင် နန်းတော်မှ မြစ်ဆိပ်အထိ အရိပ်ကြီးစွာဆောက်လုပ်ပြီးလျှင် လူမမြင်ရအောင် ကာရံပြီးမှ မြစ်ဆိပ်တွင်လည်း မင်းတဲလုံခြုံစွာဆောက်၍ မိဖုရားမောင်းမမိဿံတို့နှင့် တဲတန်းဥမင်ဖြင့် ကြွတော်မူကာ ရေကစားတော်မူလေ့ရှိ၏။ ရေကစားသည့်နေ့တနေ့တွင် မောင်မငယ်တယောက်အား မိဖုရားစောလုံကို မျက်စိ မျက်နှာ ဦးဆံတို့ကိုပါ ရွှဲရွှဲစိုအောင် မင်းကြီးက ရေပက်ခိုင်း၏။

ထိုအခါ မိဖုရားစောလုံသည် ကျီစယ်သည်ကို သည်းမခံနိုင်ဘဲ အရှက်ကြီးရှက်၍ အမျက်ကြီးကာ ဘုရင်ကြီးအပေါ်တွင် စိတ်အနာကြီး နာသွားခဲ့သည်။ ထို့ကြောင့် မင်းကြီး၏စားတော်၌ ဆေးထည့်ပြီး မိဖုရားငယ် ရှင်မောက်အား စောမောက်-ငါ နေမကောင်း၊ ငါ့ကိုယ်စား မင်းကြီးကို စားတော်ဆက်ပါချေ-ဟု စားတော်ဆက်ခိုင်း၏။ မင်းကြီးသည် စားတော်ခေါ်အံ့ဆဲဆဲတွင် အောက်က ခွေးချေ၍ စားတော်မခေါ်သေးဘဲ ခွေးကိုကျွေး၏။ ခွေးလည်း စားသောခဏ၌ သေသွား၏။ မင်းကြီးသည် ရှင်မောက်ကိုမေးစစ်တော်မူရာ မိဖုရားစောလုံက သူနေမကောင်း ဖြစ်နေ၍ သူ့ကိုယ်စား စားတော်ဆက်ပါ-ဟု စေခိုင်း၍ စားတော်ဆက်ရကြောင်း လျှောက်တင်၏။

မင်းကြီးသည် စောလုံကို ခေါ်တော်မူ၍ စစ်မေးတော်မူရာ မိဖုရားစောလုံက ဟဲ့-ပန်းပွတ်သည် မြေး၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကို နင်သူကောင်းပြုလျှင် ဤသို့ မိဖုရားအဖြစ်ရောက်ပြီးမှ ငါ့အား အများတကာရှေ့တွင် တကိုယ်လုံး ရွှဲရွှဲစိုအောင် မောင်းမငယ်ကို ရေနှင့်ပက်ခိုင်းတဲ့အတွက် နင့်ကို ငါမုန်း၍ သတ်သည်-ဟု မကွယ်မထောင့် ဖြောင့်ဖြောင့်ပင် သံတော်ဦးတင်လိုက်သတဲ့။

ထိုအခါ မင်းကြီးသည် ပန်းပဲတထောင်ကို ခေါ်တော်မူ၍ သံကျပ်စင်ပြုလုပ်ကာ မိဖုရားစောလုံကို သံကျပ်တင်လေ-ဟု အမိန့်ချမှတ်လိုက်သည်။ မိဖုရားစောလုံသည် မင်းကြီး၏အမိန့်ကို သိရှိရသည့်အခါ သူသတ်တို့ကို တံစိုးလက်ဆောင် ရွှေငွေများစွာပေး၍ ခုရက်ကြာအောင် သံကျပ်စင်ကို လုပ်စေသည်။ သံကျပ်စင်လုပ်နေသည့် ခုရက်တွင် နေ့ညပတ်လုံး သီတင်းသီလဆောက်တည်၍ အဘိဓမ္မာတရားတော်ကို နာသည်။ ဣတိပိ သော ဘဂ၀ါ၊ သွက္ခာတော၊ သုပ္ပဋိပန္နော အစရှိသော ရတနာသုံးပါး၏ ဂုဏ်တော် ကျေးဇူးတော်များကို အောက်မေ့လျက် ပုတီးစိပ်သည်။

ခုရက်စေ့၍ သံကျပ်စင်ကြီး ပြီးစီးသည့်အခါ သူသတ်သမားတို့က လျောက်ပတ်ခြေငံသောစကားဖြင့် အရှင်မြောက်သားတော်-အမျက်တော်ကြီးလှသည်၊ လာတော်မူလော့-ဟု ခေါ်ကြ၏။ ထိုအခါ မိဖုရားစောလုံသည် ရတနာသုံးပါးဂုဏ်ကို အောက်မေ့လျက် ပုတီးစိပ်ကာ ရဲရဲတောက်လောင်နေသည့် သံကျပ်စင်ထက်သို့ တက်သည်။ မိဖုရားစောလုံ သံကျပ်စင်ပေါ်ရောက်သည်နှင့် တပြိုင်နက် ရဲရဲညီးညီးတောက်လောင်နေသည့် မီးကြီးသည် ရုတ်ချည်းငြိမ်း၍ သွားလေ၏။

ဤကဲ့သို့ ရတနာသုံပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကိုအာရုံပြုကာ ပုတီးစိပ် ပွားများနေသည့်အတွက် သုံးကြိမ်သုံးခါ မီးများငြိမ်းပြီးသည့်အခါမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်ပါစေ၊ ငါတောင်းသည့်ဆုအတိုင်း ပြည်ပါစေ-ဟု အဓိဋ္ဌာန်ပြုလိုက်မှ မီးလောင်ကျွမ်းကာ သေဆုံးသွားရသည်ဟု မှန်နန်းရာဇ၀င်တော်ကြီး၌ လာရှိသည်။

( ရှေးမြန်မာကြီးများနှင့် စိပ်ပုတီး )
••••••••••••••••••••••••••••
ဤမိဖုရားစောလုံ၏ အဖြစ်အပျက်ကိုကြည့်လျှင် စိပ်ပုတီးကို ပုဂံခေတ်ကပင် မြန်မာဗုဒ္ဓဘာသာတို့ ဘာသာရေးအသုံးအဆောင် ပစ္စည်းတခုအဖြစ် အသုံးပြုနေကြပြီဖြစ်ကြောင်းနှင့် စိပ်ပုတီးနှင့် ပွားများသော ဗုဒ္ဓါနုဿတိဘာဝနာ စသည်တို့သည် အလွန်အကျိုးရှိ တန်ခိုးရှိကြောင်း တွေ့ရ၏။ ရှေးထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာကြီးတို့သည် တန္တရ မန္တရ ဂိုဏ်းတို့နည်းကို အတုယူပြီး မိမိတို့ ကိုးကွယ်သည့် ဘာသာအရ ဘုရားဂုဏ်စသည့် ဂုဏ်တော်များကို ပွားများကြသည့်နေရာမှာ ဂုဏ်တော်အရေအတွက်ကိုလည်း သိရ၊ စိတ်လည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်မှုလည်း ရအောင် စိပ်ပုတီးကို အသုံးပြုခဲ့ကြသည်ဟု ယုံကြည်ရသည်။ နောက်ပိုင်းတွင် ဂုဏ်တော်များကို ပွားများရာ၌သာ မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာယာဉ်သုံးပါးကို ဆင်ခြင်သည့်အခါတို့မှာ စိပ်ပုတီးကို တိုးချဲ့အသုံးပြုခဲ့ကြသည်။

အင်းဝခေတ်ဦးပိုင်းတွင် စစ်ကိုင်းတောင် ပုညရှင်စေတီအနီးတွင် ရေငုံဘုန်းတော်ကြီးခေါ် ဆရာတော်တပါးရှိ၏။ ကျမ်းဂန်တတ်၍ တရားဘာဝနာ စီးဖြန်းနေကာ တနေ့ စာသုံးဝါ ပို့ချအပြီးတွင် စကားပြောမိမည်စိုး၍ ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟု ခေါ်သည်။ ထိုဘုန်းတော်ကြီးသည် သံဃာ့ပရိသတ်တခု၌ ပုတီးစိပ်မှုနှင့်စပ်၍ သံဃာ့မထေရ်ကြီးများ အချင်းချင်းစကားလက်ဆုံကျနေကြရာ တနေ့လျှင် ပုတီးအပတ် တထောင်ရတယ်၊ တသောင်းရတယ်၊ စသည်ဖြင့် ပြောနေကြသည်ကို ကြားသိရ၍ တို့များ အသက်ရှစ်ဆယ်ကျော်ပါပြီ။ တသက်လုံး စိပ်လာတာ အခုမှ ပုတီး-လေးလုံးပဲ ရသေးတယ်။ ဟု မိန့်တော်မူသတဲ့။ ဗုဒ္ဓါနုသတိ၊ မေတ္တာ၊ အသုဘနှင့် မရဏာနုဿတိ ခေါ် စတုရာရက္ခ (အစောင့်တရား) လေးပါးကို ပွားများနေကြောင်း ဆိုလိုဟန်ရှိ၏။ ဤသို့ အင်းဝခေတ်၌လည်း စိပ်ပုတီးကို အသုံးပြုလျက် ရှိနေကြပေသည်။

ဂါထာမန္တန်စသည့် လောကီပညာရပ်များ ထွန်းကားခဲ့သည့် ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ်၌လည်း ညောင်ရမ်းမင်းတရားကြီးသည် လောကီပညာအရာ ကျော်ကြားတော်မူသော ဗားမဲ့ဆရာတော်ကြီးကို ကိုးကွယ်သကဲ့သို့ ရမည်းသင်းမင်းကလည်း ရေနဲနတ်စက်ရောင် ဆရာတော်ကို ကိုးကွယ်ခဲ့ကြ၏။ ထိုခေတ်တွင် ဂါထာမန္တန်များ ခေတ်စားနေသည့်အတွက် ဂါထာမန္တန်များကို (၃၇)အုပ် ရွတ်မှု၊ အကြိမ် (၁၀၀၀) ရွတ်ဆိုမှုများ ရှိခဲ့ရာ ထိုရွတ်ဆိုမှုများ၌လည်း အရေအတွက်သိအောင် စိပ်ပုတီးကိုပင် အသုံးပြုခဲ့ကြဟန် ရှိပေသည်။ ကုန်းဘောင်ခေတ်မတိုင်မှီတွင် စိန္တကျော်သူ ပြုစုခဲ့သည့် က၀ိလက္ခဏသတ်ပုံကျမ်း-၌လည်း ပုတီးလည်းစိပ်၊ မာန်ကိုနှိပ်၊ သိပ်သိပ်သည်းသည်းပင်-ဟု စပ်ဆိုခဲ့သည်ကိုလည်းကောင်း၊ ဘိုးတော်မင်းတရား လက်ထက်တွင် တွင်းသင်းမင်းကြီး စပ်ဆိုခဲ့သည့် မဟာဇနကပျို့တွင် ဆယ်စုံကမ္မ၊ ပထမြောက်မြား၊ ဘိညာဉ်ငါးနှင့်၊ ရှစ်ပါးသမာပတ်၊ မလွတ်ရမှု၊ လုလ္လပြု၍၊ ဂရုကတ၊ နေ့ညသိပ်သိပ်၊ ပုတီးစိပ်သို့၊ နှိပ်နှိပ်ကွပ်ကွပ်၊ သတိကြပ်လျက်-ဟု ဆိုခဲ့သည်ကိုလည်းကောင်း ထောက်ဆပါက ထိုညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တို့၌လည်း စိပ်ပုတီးအသုံး တွင်ကျယ်နေကြောင်း သိရှိရပေသည်။

နောက်ပိုင်းတွင် စိပ်ပုတီးသည် ထေရ၀ါဒဗုဒ္ဓဘာသာတို့ အများသုံး လက်စွဲပစ္စည်းအထိ အသုံးတွင်ကျယ်လာခဲ့ပေသည်။ ကျောင်းသို့ ဥပုသ်စောင့်သွားကြသည့်အခါ လူတိုင်းမှာပင် စိပ်ပုတီးပါကြသည်။ အယုတ်ဆုံးအားဖြင့် ရှင်ပြုသည့်အခါ၌ပင် ပရိက္ခရာ ရှစ်ပါးတွင် စိပ်ပုတီးမပါသော်လည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို သုံးဆောင်သည့်အခါ ရှင်သာမဏေတို့ ပဋိသင်္ခါ ယောနိသော စသည်ဖြင့် ဆင်ခြင်ရာတွင် စိပ်ပုတီးဖြင့် ဆင်ခြင်ရန် စိပ်ပုတီးကိုပါ သပိတ်ထဲထည့်ပေးကြရ၏။ သာသနာတော်တွင် ထိုပဋိသင်္ခါ ယောနိသော လေးပုဒ်ကို ပုတီးစိပ် ၄-ပုဒ်ဟု သုံးစွဲနေကြသည်အထိ တွင်ကျယ်လျက် ရှိနေပေသည်။ ၀ိပဿနာတရား ပြန့်ပွားလာသော ယခုအချိန်၌မူ စိပ်ပုတီးကိုင်သူ လူကြီးများ လျော့ပါးသွားပြီး လူငယ် လူလတ်ပိုင်းတို့သာ ပုတီးအကိုင်များသည်ကို တွေ့ရပေသည်။

[www.facebook.com/youngbuddhistassociation.mm]

အခြားဘာသာပိုင် စိပ်ပုတီးကို မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သုံးစွဲသင့်၊ မသုံးစွဲသင့်ကို ဝေဖန်စိစစ်သောအားဖြင့် ဤဆောင်းပါးကို နိဂုံးချုပ်ပါမည်။ ရှင်တော်ဗုဒ္ဓသည် ကေသမုတ္တိခေါ် ကာလာမသုတ်၌
မည်သည့်အယူဝါဒ၊ မည်သည့်တရားကို မဆို တဆင့်စကား ကြားရုံမျှဖြင့် ၀ါ-အစဉ်အဆက် ကျင့်သုံးလာကာမျှဖြင့် လက်မခံလင့်ဦး။ ဒီတရားသည် အကုသိုလ်ဖြစ်သလား၊ အပြစ်ရှိသလား၊ ပညာရှိတို့
ကဲ့ရဲ့ထိုက်သလား၊ ပြုကျင့်လျှင် အစီးအပွားမဲ့၊ ဆင်းရဲဒုက္ခဖြစ်သလား-ဟု စိစစ်ရမည်။
ဒီအတိုင်းဖြစ်လျှင် ဒီတရားကို ပယ်စွန့်ရမည်။ သို့မဟုတ် ဒီတရားသည် ကုသိုလ်ဖြစ်သလား၊ အပြစ်ကင်းသလား၊ ပညာရှိတို့ ချီးကျူးသလား၊
ပြုကျင့်လျှင် ချမ်းသာစီးပွားဖြစ်သလား-ဟု စိစစ်ရမည်။ ဒီအတိုင်းဖြစ်လျှင် ဒီတရားအတိုင်း ကျင့်သုံးရမည်ဟု လမ်းညွှန်ဟောကြားထား၏။

( စိပ်ပုတီးကို သုံးစွဲကောင်းသလား )
••••••••••••••••••••••••••••
ထိုလမ်းညွှန်ချက်အတိုင်း စိပ်ပုတီးသုံးစွဲမှုကို စိစစ်လျှင် စိပ်ပုတီးသုံးစွဲခြင်းသည် ကုသိုလ်ဖြစ်သည်။ အပြစ်ကင်းသည်။
ပညာရှိတို့ ချီးကျူးသည်။ ချမ်းသာစီးပွားဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ စိပ်ပုတီးကို သုံးစွဲကောင်းပါသည်။ အကြောင်းအမျိုးမျိုးကြောင့် တရားရိပ်သာသို့ မ၀င်နိုင်သေးသူများအဖို့ အိမ်၊ ဓမ္မာရုံ၊ ဘုရားကျောင်း၊ ဥပုသ်ဇရပ် စသည်တို့၌ ဗုဒ္ဓနုဿတိစသော အနုဿတိဘာဝနာ၊ မေတ္တာဘာဝနာ စသည်တို့ကို စိပ်ပုတီးဖြင့် ပွားများအားထုတ်လျှင် အချိန်ကို အချည်းနှီးကုန်လွန်စေမည့်အစား
ကုသိုလ်များစွာ ရပါသည်။ စိတ်တည်ကြည်မှု သမာဓိလည်း ရသင့်သလောက် ရပါသည်။

သို့ရာတွင် မိဖုရားစောလုံကို အားကျပြီး စိပ်ပုတီးကိုချည်း
စိပ်မနေသင့်ပါ။ ယခုလို ၀ိပဿနာတရားများ ပြန့်ပွားနေချိန်တွင် ပုတီးလွတ်ကာ ၀ိပဿနာစခန်းသို့ တက်လှမ်းသင့်ကြပါသတည်း။

- (ဓမ္မာစရိယ ဦးအေးနိုင်-ဘီ-အေ)
( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ


အမ္ဗပါလီသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမတစ်ဦး ဖြစ်ခဲ့သည်။ သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမပြုခဲ့ပြီး မိခင်ဝမ်း၌ ပဋိသန္ဓေနေရသည်ကို စက်ဆုပ်သဖြင့် ဥပပတ်ပဋိသန္ဓေနေရန် ဆုတောင်းခဲ့သော ကုသိုလ်ကြောင့် ယခု ဂေါတမဘုရားရှင် လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင်ဂွကြား၌ ဥပပါတ်ပဋိသန္ဓေ (ခန္ဓာကိုယ်အထင်
အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။ သူမသည် ဖုဿဘုရားရှင်လက်ထက်က ဘုရားရှင်၏ နှမတော်ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန် ဆုတောင်းခဲ့သောကြောင့် ယခုဘ၀တွင် တုနှိုင်းမမှီ အလှရှင်ဖြစ်ခဲ့ရသည်။ သရက်ပင်ဂွကြားတွင် လူဖြစ်ခဲ့ရသောကြောင့် အမ္ဗပါလီဟု အမည်တွင်ခဲ့သည်။ အမ္ဗပါလီ၏ အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည် ငါရထိုက်သည် အငြင်းအခုံ ဖြစ်ကြလေသည်။ ထိုအခါ ဝေသာလီခေါင်းဆောင်တို့က ထိုငြင်းခုံခိုက်ရန် ငြိမ်းမှုအေးစေရန် အမ္ဗပါလီသည် မင်းသားအားလုံးတို့နှင့်ဆိုင်စေဟု အမိန့်ချကာ အများဆိုင် ပြည်တန်ဆာမ ပြုလုပ်စေသည်။ သူမနှင့် တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလီသည် ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။ ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌ ၀ိမလကောဏ္ဍညမထေရ်ဟု ထင်ရှားခဲ့သည်။ အမ္ဗပါလီသည် ပြည်တန်ဆာအဖြစ် နေလာခဲ့ရာမှ အသက်အရွယ် အိုမင်းလာသော် ဘုရားရှင်နှင့်ဖူးတွေ့ရပြီး ဘုရားရှင်ကို ဆွမ်းကျွေးကာ
တရားနာခဲ့သည်။ မိမိဥယျာဉ်၌လည်း ကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကိုလှူဒါန်းသည်။ မိမိ၏ သားတော် အရှင်ကောဏ္ဍညမထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။သူမသည် အိုမင်းလာသော မိမိခန္ဓာကိုယ်ကို ယှဉ်ကြည့်၍ ၀ိပဿနာတရားအားထုတ်ရာ မကြာခင် ဆဠာဘိညာပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်ရလေသည်။ သူမသည် ရဟန္တာမဖြစ်ပြီးနောက် မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့် အကုသိုလ်
အပြစ်ကို ပြန်လည်မိန့်ကြားခဲ့သည်။

သိခီဘုရားရှင် လက်ထက်ကဖြစ်သည်။ အမျိုးကောင်းသမီးတစ်ဦးသည် သာသနာ့ဘောင်ဝင်ရောက်ကာ ရဟန်းမ ပြုခဲ့သည်။ ထိုရဟန်းမသည် တစ်နေ့တွင် အဖော်ရဟန်းမများနှင့်အတူ စေတီကိုရှိခိုး၍ လက်ယာရစ်လှည့်လည် ပူဇော်စဉ် ရှေ့ဆုံးမှသွားနှင့်သော ရဟန္တာထေရီမတစ်ပါးသည် နှာချေသဖြင့် နှာရေပေါက်သည် စေတီရင်ပြင်ပေါ်၌ အမှတ်တမဲ့ ကျသွားလေသည်။
ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် ``ဘယ်ကပြည်တန်ဆာမ ဒီမှာတံတွေးထွေးခဲ့ပါသလဲ``ဟု ဆဲရေးတိုင်းထွာခဲ့သည်။
ဤနှုတ်ထွက်ကြမ်းသော စကားကြောင့် သူမသည်ငရဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး ငရဲမှလွတ်ပြီးနောက်ဘ၀ပေါင်းတစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။
ယခုနောက်ဆုံးဘ၀၀ယ် ထိုအကုသိုလ်ကံ ၀ဋ်ကျွေးက လိုက်လာပြီး ပြည့်တန်ဆာမဖြစ်ခဲ့ရပြန်သည်။ ဆဠဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာမလောင်းကြီးပင်လျှင် တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။
နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတ်ပြုကြပါလော့။


တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ၊ ဘီအေ )
( တစ်စက္ကန့်ဒေါသစကား ပေးဆပ်ရသည်ကအလွန်များစာအုပ်မှ )

လေးနက်သော သင်ခန်းစာ


အမတ်ကြီးနဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်းလှည့်လည် လာရင်းနဲ့ချောင်းတစ်ခုနားကို ရောက်တော့ အ၀တ်ပုံတစ်ခုကို တွေ့သတဲ့။ အဲဒီအ၀တ်ပုံမှာ အပေါ်ဝတ်အကျီတစ်ထည်နဲ့ ပုဆိုးအစုတ် နှစ်ထည်ကိုတွေ့ပါတယ်။ ဘုရင့်သားက စုတ်ပြတ်နေတဲ့ အ၀တ်ပုံကိုကြည့်ပြီးတော့ "အမတ်ကြီးကြည့်ပါ ဒီအ၀တ်ပုံဟာ ဆင်းရဲသားတစ်ယောက်ရဲ့ အ၀တ်ပုံဖြစ်ရမယ်။ အ၀တ်တွေ ဒီနားမှာ ထားသွားတာကို ကြည့်ရတာ သူရေချိုးနေပုံ ရတယ်" အမတ်ကြီးက ပြုံးနေတယ်။ ဘုရင့်သားကပဲ " အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အ၀တ်တွေကို ဖွက်ထားပြီး ချုံပုတ်တစ်ခုထဲကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။ သူတက်လာလို့ အ၀တ်တွေပျောက်သွားတာကို မြင်ရင်တော်တော်ရယ်စရာကောင်းတဲ့ ရုပ်ဖြစ်နေမှာ "

အမတ်ကြီးက မင်းသားအား "အရှင့်သား လူတစ်ဦးတစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးနေမှုကို ကြည့်၍ ပျော်နေတယ်ဆိုတာ သူတော်ကောင်းတွေမဟုတ် တကယ်လို့ အရှင့်သားအနေနဲ့ အရမ်းပျော်ချင်နေတယ်ဆိုရင် ဒီလိုလုပ်"

အမတ်ကြီးက ရွှေပြား ၂ ပြားအား မင်းသားကို ထုတ်ပေးလေသည်။မင်းသားက အမတ်ကြီးအား နားမလည်သလိုကြည့်၏။ အမတ်ကြီးက "အရှင့်သား ဒီရွှေ၂ပြားအား ထိုဆင်းရဲသားရဲ့ အ၀တ်ပုံထဲက အိပ်ကပ်နှစ်ခုမှာ တစ်ဖက်တစ်ပြားစီ ထည့်လိုက်ပါ"
မင်းသားလဲ သွားထည့်လိုက်၏။ ထို့နောက် သူတို့နှစ်ဦး သစ်ပင်အကွယ်တွင် စောင့်ကြည့်နေကြသည်။

မကြာမီဆင်းရဲသားရေထဲမှ ပြန်တက်လာသည်။ အရင်ဆုံး ပုဆိုးကို ရေလဲပြီးဝတ်လိုက်သည်။ ထို့နောက် အကျီ်င်္ကို ကောက်ဝတ်လိုက်သည်။ ပြီးနောက်အကျီ်အိတ်ထဲ တစ်ခုခုရှိနေသလို ခံစားမိသဖြင့် လက်နှိုက်လိုက်လေသည်။ ထိုအချိန်မှာ အိတ်ကပ်ထဲက ရွှေပြားကိုတွေ့သည်။ သူအရမ်းပျော်မြူးသွားသည်။မယုံနိုင်သလို ထိုရွှေပြားကို ပွတ်ကြည့်၏။ ကိုက်ကြည့်၏။ ဆင်းရဲသားကား ပျော်ရွှင်မြူးတူးနေ၏။

ထို့နောက် ပြန်လှည့်အထွက်မှာ နောက်အိတ်ကပ်တစ်ခု လေးနေသည်ကို သတိထားမိ၏။ လက်နှိုက်ကြည့်ပြန်၏။ရွှေပြားတစ်ပြား ထွက်လာပြန်၏။ ထိုအချိန်တွင် ဆင်းရဲသားက မြေကြီးပေါ် ဒူးထောက်ထိုင်ချပြီး လက်အုပ်ချီကာ ကောင်းကင်ကို မော့၍ " အို အကျွန်ုပ်အား ဖေးမကူညီကြသော နတ်ဒေ၀ါအပေါင်းတို့ အကျွန်ုပ်အိမ်တွင်နေမကောင်းဖြစ်နေသော ကျွန်ုပ်အမေအား အသင်တို့စောင့်ရှောက်ပေး၏။ စားစရာမရှိသောကြောင့် အားအင်ပြတ်လပ်နေသော ညီမလေးအားလဲ အသင်တို့ စောင့်ရှောက်၏။ သင်တို့အား အထူးကျေးဇူးတင်ပါ၏" ဟုဆိုကာ ဦးသုံးကြိမ်ချ၍ ပျော်ရွှင်စွာ ပြန်သွားလေသည်။

ထိုအဖြစ်ကိုကြည့်ပြီး ဘုရင့်သားမျက်ရည်ကျ၏။ အမတ်ကြီးကား ပြုံးနေ၏။ မင်းသားက " အမတ်ကြီး ယနေ့ကျွန်တော့်အား မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခုကို သင်ပေးလိုက်ပြီ" ဟုပြော၏။ အမတ်ကြီးက "အရှင့်သား လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတာထက် သုခပေးခြင်းဟာ တကယ့်ပျော်ရွှင်ခြင်း အစစ်မည်ပေသည် " အရှင့်သားအဖို့မှတ်သားထားပါလေ။


မောင်စိုင်း

Aye Chan Mon# Credit To: နည်းစနစ်ကျကျအတွေးအခေါ် > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

{{ ဣရိယာပုတ်ကို ပြင်ပေးရမှာ ဟုတ် မဟုတ် }}


တရားကျင့်နေစဉ်အတွင်း ရုပ်ဖောက်ပြန်မှု ဒုက္ခကြောင့် ဖြစ်လာသော ပြင်းထန်သည့် စိတ်ဆင်းရဲခြင်း ဒေါသကို အဒေါသဖြင့် အစားထိုးနိုင်အောင် ကျင့်ခြင်းကို သည်းခံခြင်းဟု ခေါ်သည်။
၎င်းအစားထိုး သည်းခံမှုပြုခြင်းသည်ပင်လျှင် တရားကျင့်ခြင်းဖြစ်သည်။
သည်းခံမှုပြုခြင်းသည်ပင်လျှင် တရားကျင့်ခြင်းဖြစ်သည်။
သည်းခံခြင်းနှင့် ဆက်စပ်နေသော ဒေါသသည် အကုသိုလ်တရားဖြစ်သည်။ သည်းခံမှု အဆုံးသည် နိဗ္ဗာန်ဖြစ်သည်။
ခန္ဓာကိုယ်ဆင်းရဲခြင်း နှင့် ဆက်စပ်နေသော ဒေါသသည် အကုသိုလ်တရားဖြစ်သည်။
ထိုအကုသိုလ်ကို မပယ်နိုင်ပါက မိမိ၏ စိတ်သည် ဆင်းရဲမှုချုပ်ရာ
နိဗ္ဗာန်ကို မည်ကဲ့သို့  အာရုံပြုမည်နည်း။
တရားကျင့်စဉ် ခံစားရသောဝေဒနာသည် သေလောက်သော ဆင်းရဲမှုဝေဒနာမဟုတ်ပါ။
တရားကျင့်နေစဉ်အတွင်း ကိုယ်၌ဖြစ်သော ကာယိကဒုက္ခဝေဒနာကို
သက်သာအောင် ပြုပြင်ပေးရမည်ဟူ၍ ဘုရားဟော ဒေသနာ မပါရှိပါ။
သည်းခံမှုဖြင့် တရားကျင့်ရမည်ဟုသာ ပါရှိသည်။

♣{{ သည်းခံခြင်းဖြင့် ပယ်အပ်သော အကုသိုလ်တရားများ }} ♣

ရဟန်းတို့ ... အဘယ် အာသဝေါတို့ ကို သည်းခံခြင်းဖြင့်
ပယ်အပ်ကုန်သနည်းဟူမူ.....
ရဟန်းတို့  ဤသာသနာတော်၌ ရဟန်းသည် သင့်သော
အကြောင်းအားဖြင့် ဆင်ခြင်၍ အချမ်း ၊ အပူ ၊ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း ၊ မှက်၊ ခြင်၊ လေ ၊ နေပူ ၊ မြွေ ၊ကင်း ၊ သန်း အတွေ့ တို့ ကို သည်းခံနိုင်၏။
မကောင်းနိုင်သဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ ကို၎င်း ကိုယ်၌ ဖြစ်ဆဲ ဖြစ်ကုန်သော ပြင်းထန်ကြမ်းကြုတ် ခါးစပ် ကျင်နာမသာယာဖွယ် မနှစ်မြို့ ဖွယ် သော အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ ကို ၎င်း သည်းခံခြင်းသဘောရှိသူသည်ဖြစ်၏ ။

ရဟန်းတို့ .. ယင်းအရာတို့ ကို သည်းမခံနိုင်သော ထိုရဟန်းအား
အာသဝေါတရား ပင်ပန်းခြင်းကို ပြုတက်ကုန်သော ကိလေသာဟူသော
ပူလောင်မှုတို့ ကို ဖြစ်ကုန်ရာ၏။ ဤသို့ သင့်သော အကြောင်းအရာအားဖြင့် ဆင်ခြင်၍ သည်းခံနိုင်သော ထိုရဟန်းအား အာသဝေါတရား ပင်ပန်းခြင်းကို ပြုတက်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့ သည် မဖြစ်ကုန်။ ရဟန်းတို့ .... ဤအာသဝေါတို့ ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်၏။

တရားကျင့်နေစဉ်အတွင်း အသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာကိုပင်လျှင် သည်းခံရမည်ဟု မြတ်စွာဘုရားရှင် aဟာကြားထားသည်။ ယခုအခါ အချို့ ဆရာတို့ သည်
"ဣရိယာပုတ် လေးပါး ပေးထားသည်။ ဓာတ်လေးပါး ဖောက်ပြန်၍ ဝေဒနာတက်လာလျှင် ပြုပြင်ပေးရမည်။ စိတ်ဆင်းရဲလျှင် သမာဓိမရနိုင် " ဟု ညွှန်ကြားကြသည်။ သို့ သော်လည်း သည်းခံမှုကိုကား မဟောပါ။
ဒုက္ခအာရုံကို နှလုံးမသွင်းပဲ မိမိ မူလ ကမ္မဋ္ဌာန်းကို ရောက်အောင် အားငါးပါးဖြင့် စိတ်ကို ဆောင်ယူ၍ မူလကမ္မဋ္ဌာန်း၌ သီလ၊ သမာဓိ ဆောက်တည်ရမည်ဟု တပည့်တို့ အား မညွှန်ကြားပဲ မသိကျိုးကျွံပြုနေကြသည်။

"တရားအားထုတ်မှုသည် ကိုယ်အနာခံ၍ ကျင့်စရာ မလို။
အနာခံကျင့်ခြင်းသည် " အတ္တကိလမထာနုယောဂ " ဖြစ်၍ သမာဓိမရနိုင် " စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားသည်ကို ဟောကြားသလို လုပ်ကြံ၍ ပြောဆို ညွှန်ကြားကြသည်။ ယင်းသို့ ပြောဆိုခြင်းသည် တရားကျင့်သော ယောဂီတို့ အား သဒ္ဒါစသော အားငါးပါး ယုတ်လျော့စေပြီး သည်းခံမှုပါ ယုတ်လျော့သွားစေသည်။ ဒိဋ္ဌိနှင့် တဏှာအလိုသို့ လိုက်ကာ မဂ်တား ဖိုလ်တား ဖြစ်ရတော့သည်။

" အတ္တကိလမထာနုယောဂ "ဆိုသည်မှာ သာသနာပ ဒိဋ္ဌိတို့ ၏ မဂ္ဂင်ရှစ်ပါးနှင့် ဆန့် ကျင့်၍ ဆူးနင်း မီးလှုံ စသော အကျင့်များကိုသာ ဆိုလိုသည်။

ရှင်ဂေါဓိကမထေရ် တရားကျင့်ရာတွင် မဂ်ဖိုလ် ရနိုင်ရန် အတွက် အထောက်အပံ့ ဖြစ်စေခြင်းငှာ လည်ပင်းကို သင်တုန်းဓားဖြင့် လှီးဖြတ်ကာ မဂ် နှင့် အသက်လဲသွားသည်။ ထိုအကြောင်းအရာကို မြတ်စွာဘုရားရှင် သိပါလျက်နှင့် မာရ်နတ်တားသည့် ကြားမှ ရှင်ဂေါဓိကမထေရ်အား တားမြစ်တော်မမူသည့်အပြင် ဤကဲ့သို့ ချီးမွမ်းသွားသည်။

{{အမြစ်ရင်းနှင့်တကွသော တပ်မက်မှု " တဏှာ "
ကို နုတ်ပယ်၍ ဂေါဓိကသည် ပရိနိဗ္ဗာန်ပြု၏ ၊
ပညာရှိတို့ သည် ဤသို့ လျှင် ပြုကုန်၏ ၊
မိမိ အသက်ကို အလိုမရှိကြကုန် }}

" န ခေါသုခေန သုခံ အဓိဂန္တဗ္ဗံ ၊ ဒုက္ခေန ခေါ သုခံ အဓိဂန္တ ဗ္ဗံ "

ပညာ ရှိတို့ သည် တရားနှင့်ပတ်သက်လာလျှင် အသက်ကိုပင် မငဲ့ကွက်။ ပညာမဲ့တို့ သည် အသက်ကို မဆိုထားနှင့်
ခန္ဓာကိုယ် အနည်းငယ် နာကျင်သည်ကိုပင် တရားမရနိုင်ဟူ၍ ပုံကြီးချဲ့ ကာ ဟောပြောညွှန်ကြားနေကြသည်။


ကျေးဇူးတော်ရှင် အောင်လံ 
သဲအင်းဂူ ဆရာတော် ဘုရားကြီး 
အသျှင်စန္ဒိမာ

လက်တွေ့ ကျင့်စဉ် အခြေခံသိမှတ်ဖွယ် ကျမ်း မှ
ကောက်နှုတ်ဖော်ပြ ပူဇော်ပါသည်။

မယားကို စွဲ၍ ပြိတ္တာ ဘ၀ကို ရောက်ရရှာသူ


လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအ၀ိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။

ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီး မဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက်နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။ ဦးချမ်းသာကလည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊ အပေးအကမ်း ရက်ရောတတ်တာကြောင့် ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။
လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့်သင့်တိုင်း လင်မယားနှစ်ယောက် ၀ိပသနာတရားစခန်းတွေကိုလည်း မကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။

ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါးဆယ်ကျော်ကျော် အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီး ဦးချမ်းသာ သေဆုံးသွားခဲ့ရ ရှာပါတယ်။ ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ ငါးရက်လောက်အကြာမှာ မိမိယောက်ျား
ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာ တွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။

ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလို ခံစားချက်များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။

ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး
တရားနာ၊ ရေစက်ချပြီး အမျှဝေပြန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝေပြန်ပါတယ်။ ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား နံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ်
အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီး ရှိနေမြဲ ရှိနေတုန်းပါပဲတဲ့။

ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက်အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့
မြန်မာပြည်တွင်း ဘုရားဖူးဖို့ လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်း ထိုဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီး အမျှဝေနေခဲ့ပါတယ်။

ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာဝင်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဥ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်း တော်တော်လေးကြော်ကြား နေခဲ့ပါတယ်။

ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန် ထိုဆရာတော်ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာဝတီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးဆီဝင်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီး သတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။ သူတို့လူအုပ် ၀င်ဝင်လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး

“ အော်..အော်… ဒကာကြီးတို့လာတာ… ရှစ်ယောက်တောင်မှကိုး”

လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်း ဇဝေဇ၀ါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာ ရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်ကလက်အုပ်ချီပြီး

“မှန်လှပါ…တပည့်တော်တို့.. ခုနှစ်ယောက်ပါ ဘုရား”

လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး

“ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက်ထပ်ပါလာပါသေးတယ်”

လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ

“မှန်လှပါ……… တပည့်တော်မ ယောက်ျား ကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား… တပည့်တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ.. တပည့်တော်စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား”

ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။ ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။ ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။

“မပူပါနဲ့ ဒကာမကြီး.. ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်..
တရားလည်း ဟောချင်တယ်… ဒကာမကြီး သဘောတူလား”

လို့ ပြန်မေးပါတယ်။ ဒီတော့ ဒေါ်ခင်မီလည်း ၀မ်းသာအားရ နဲ့

“သဘောမတူစရာမရှိပါဘူး..ဘုရား”

လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ

“ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်က တစ်ဆင့်.. စကားပြောကြတာပေါ့… မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့ တစ်ယောက်ယောက်ဆီကနေ ဆက်သွယ် ပြီး
ပြောကြတာပေါ့”

လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှ ငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။

ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုပ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး

“ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှိခိုးတော့ဘူးလား”

လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆရာတော် ဘုရားကြီးက

“ဒီဘ၀မှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘ၀ကပါရမီကလည်းနဲမှာ မဟုတ်ဘူး… ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း”

လို့ ဦးချမ်းသာဝင်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ

“ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ၀ိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ၀င်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။ ဒါပေမဲ့
တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့ လက်ကိုဆုပ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ၀မ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ်

ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲ တစ်ကောက်ကောက်လိုက် နေခဲ့ပါတယ်
တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ်လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား”

လို့ ပြန်ပြီးလျောက်ပါတယ်။ ဒါနဲ့ဆရာတော်ဘုရားကြီးက

”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီး လာလို့ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…”

လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘ၀ကို တွယ်မက်မနေရန်နဲ့ အရင်ဘ၀ကသာ ဇနီး မောင်နှံပေမဲ့ ခုဘ၀ခြားနေလို့ ဘာမှမဆိုင်တော့ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။ တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘ၀ကို စွန့်လွှတ်ပြီး သာဓုခေါ်ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး

ဆိုသည့်အကြောင်း.. ကတိပေးကာ ဆရာတော်ဘုရားကြီးအား ဦးသုံးကြိမ်ချပြီး ဦးချမ်းသာ၏ ၀ိဥာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေးဖြည်းညှင်းစွာ လဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာမှ သတိပြန်လည်လာပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို

“ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွားဝယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း
ဒကာကြီး မောင်ချမ်းသာကိုရည်စုးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ”

လို့ပြန်မိန့်ပါတယ်။ ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ၀ယ်ကာ ထိုညက ကျောင်းမှာပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝေပြီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ
ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက

“ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး”

လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေရွတ်ရင်း…………။

ကဲ… ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥာဏ်ဦးကာ ကျွတ်တန်းဝင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


မှက်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသော စကားလုံးအမေးအဖြေများတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။

credit to ရွှေမြန်မာများ Myanmar The Golden Land

မေတ္တာဖြင့်ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
www.infinitydhamma.com

အစားအသောက်ရောင်းချတဲ့သူဟာ သူတစ်ပါးရဲ့အာဟာရကို ကောင်းသောစေတနာနဲ့ ကုသိုလ်ယူပါလို့ဆိုတဲ့ ဓနုဖြူဒေါ်စောရီ


မြန်မာထမင်းဆိုင်ရဲ့မျိုးဆက် ဒေါ်အေးစန်းရီ (လှည်းတန်းဆိုင်ခွဲ) .................................................................................. 
ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ဆိုရင် လူတိုင်းနည်းပါး သိရှိကြပါတယ်။ ဆိုင်ရဲ့ သက်တမ်းကလည်း မနည်းတော့ပါဘူး။ ၁၉၆၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ရာ အခုဆိုရင် နှစ်ပေါင်း ၅၀ ကျော်သက်တမ်းတိုင်ခဲ့ပါပြီ။ ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းများမှ ယနေ့တိုင်အောင်မြင်နေမှုရဲ့ နောက်ကွယ်မှာ ဘယ်လို အကြောင်းရာတွေ ရှိခဲ့သလဲ ဆိုတာကလည်း စဉ်းစားစရာ၊ စိတ်ဝင်စားဖွယ်ရာ ကောင်းလှပါတယ်။ ဒီတော့ မြန်မာထမင်းဆိုင်တွေထဲမှာ သက်တမ်းအရှည်ဆုံး မြန်မာ့လက်ရာစစ်စစ် အရသာများကို ပေးစွမ်းခဲ့သော ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်ရဲ့ လျှို့ဝှက်ချက်၊ အကြောင်းအကျိုးတို့ကို ဓနုဖြူဒေါ်စောရီရဲ့ မျိုးဆက်ဖြစ်သော ပထမဆုံးဆိုင်ခွဲ (လှည်းတန်းဆိုင်ခွဲ)ကို စတင်တည်ထောင်ခဲ့သူ သမီး ဒေါ်အေးစန်းရီက သူမဘ၀ တစ်စိတ်တစ်ဒေသနဲ့အတူ အခုလိုပဲပြောပြခဲ့ပါတယ်။ 

• ပထမဦးစွာ ဓနုဖြူဒေါ်စောရီ မြန်မာထမင်းဆိုင်လေးရဲ့ သမိုင်းကြောင်းလေးကို ပြောပြပေးပါဦး။ - အန်တီတို့အဖေတွေ၊ အမေတွေကတော့ ဓနုဖြူရွာလေးက လယ်သမားဘ၀နဲ့ ရန်ကုန်ကိုတက်လာရင်း ဖွင့်ဖြစ်သွားတာပါ။ ပြောရမယ်ဆိုရင် အန်တီ့အမေက သူကြီးသမီးပါ။ အဲဒါကို အဖေက ခိုးပြေးလာရင်း ရန်ကုန်ဆေးရုံကြီးမှာ ၀န်ထမ်းအနေနဲ့နေရတယ်။ အဲဒီမှာတာဝန်ကျတဲ့ ဆရာဝန်တွေက အဖေနဲ့အမေချက်တဲ့ တောထမင်း၊ တောဟင်းလေးတွေကို ကြိုက်ပြီးတော့ ထမင်းဆိုင်လေး စဖွင့်ကြည့်ပါလားပေါ့။ အဲဒီမှာ အန်တီအမေနဲ့ အဖေက တောင်းလေးနဲ့စပြီးတော့ ရောင်းခဲ့တယ်။ အဲဒီလိုရောင်းရင်းနဲ့ တဖြည်းဖြည်းနဲ့ အရမ်းအောင်မြင်လာတော့မှ သွားဆေးတက္ကသိုလ်ရဲ့ရှေ့ လေဟာပြင်ဈေးမှာ ပိုက်ဆံလေးကိုစုပြီးတော့မှ လေဟာပြင်ဈေးမှာ ပထမဆိုင်ခန်း ၃ ခန်းတွဲလေးကို စပြီးတော့ဖွင့်ဖြစ်တယ်။ အဲဒီကနေမှ အရမ်းရောင်းလာရတော့ ၁၅ ဆိုင်ခန်းတွဲကို တိုးချဲ့ဖွင့်လှစ်ခဲ့တယ်။ အဲဒီတုန်းက အန်တီတို့ကလည်း ကလေးဆိုပေမယ့် ၀ိုင်းကူညီညာလုပ်ရတာပေါ့။ ၁၅ ဆိုင်ခန်းတွဲဆိုပေမယ့် အကြီးကြီးတော့ မဟုတ်ပါဘူး။ အဲဒီကနေမှ ၂၉ လမ်းဆိုင်ကို ဖွင့်ဖြစ်တယ်။ အဲဒီမှာ အန်တီက မောင်နှမ ၈ ယောက်ထဲမှာ ပထမဆုံး အိမ်ထောင်ကျတဲ့ သမီးဖြစ်တဲ့အတွက် ဆိုင်ထဲမှာ အန်တီတို့လင်မယား နှစ်ယောက်စလုံးက မီးဖိုချောင်ထဲမှာ အခြေခံကအစ ပညာသင်ရင်း အောက်ခြေကနေစပြီးတော့ အကုန်လုံးဝင်လုပ်ရတယ်။ အဲဒီလိုဆိုင်မှာ တတ်သင့်တဲ့ပညာတွေ အကုန်ရပြီဆိုတော့မှ လှည်းတန်းကဆိုင်မှာ စပြီးတော့ အဖေက ဆိုင်ခွဲဖွင့်ခွင့်ပေးလိုက်တာပါ။ စဖွင့်တုန်းကလည်း အလုပ်သမားဆိုတာက အန်တီတို့အမျိုးတွေချည်းပါပဲ။ ၃ ယောက်လောက်ပဲရှိတယ်။ အဲဒီမှာ အန်တီက အသားငါးဝယ်တယ်။ ခုတ်တယ်။ အန်တီ့ယောက်ျားက ထမင်းချက်၊ ဟင်းချက်လုပ်ရင်းနဲ့ စခဲ့တာပါ။ ဒါက အန်တီအခုဖွင့်နေတဲ့ လှည်းတန်းဆိုင်ရဲ့ ဇာတ်ကြောင်းပါ။ 

• အန်တီ အချက်အပြုတ်လက်ဦးဆရာက ဘယ်သူတွေပါလဲ။ - လက်ဦးဆရာတွေကတော့ အန်တီ့ ဖေဖေနဲ့မေမေပါ။ ဖေဖေလည်းချက်တယ်။ မေမေ လည်းချက်ပါတယ်။ 

• အန်တီတို့ ဓနုဖြူဘက်က အစားအသောက်နဲ့ပတ်သက်ရင် ဘာတွေအထွက်များပါသလဲ။ - ထွက်ပါတယ်။ ငါးရံ့အူတို့ စသဖြင့်ပေါ့။ ငါးတွေက ပိုများပါတယ်။ ငါးရေကျိုတို့၊ ငါးရံ့ရေကျိုလေးတို့ပေါ့။ ငါးခူဆီပြန်၊ ငါးခူစဉ်းကော စသဖြင့်မြန်မာဟင်း ဆန်ဆန်လေးတွေ အရမ်းချက်ကျပါတယ်။ အများစုကတော့ မြန်မာချက်ပဲ ချက်ကျတာများပါတယ်။ အခြား ဆန်းဆန်းပြားပြားတွေ သိပ်မချက်ကြပါဘူး။ မြန်မာဟင်းဆန်ဆန်ပဲချက်တယ်။ အန်တီလည်း မြန်မာဟင်းဆန်ဆန်ပဲ ကြိုက်တယ်။ အခြား တရုတ်စာတို့၊ကုလားစာတို့ မကြိုက်ပါဘူး။ 

• အန်တီ ပထမဆုံးချက်ဖူးတဲ့ ဟင်းပွဲလေးကရော။ - ပထမဆုံးချက်တဲ့ ဟင်းကတော့ ငါးရံ့အူပေါ့။ ငါးရံ့အူက အူချောင်းလေးတွေဆိုရင် ကိုယ်တိုင်ထိုးရပါတယ်။ သေသေချာချာ စင်အောင်ဆေးရပါတယ်။ အဲဒီလိုမဆေးရင် အရမ်းညှီပါတယ်။ မန်ကျည်းသီးတွေနဲ့ သေချာဆေးပြီး နှပ်ထားရပါတယ်။ ဆီကိုလည်း ပြန်နေအောင်သတ်ရပါတယ်။ အန်တီ့မေမေကတော့ အဲဒီတုန်းက ဘေးနားကနေ သေချာသင်ပေးခဲ့ပါတယ်။ 

• ဒါဆိုအဲဒီတုန်းကလက်ရာကရော ဘယ်လိုရှိပါသလဲ။ - အန်တီမေမေက မြည်းကြည့်တော့ ကောင်းတယ်လို့တော့ပြောပါတယ်။ တော်ပါတယ်လို့လည်းပြောပါတယ်။ 

• အန်တီချက်တဲ့ ဟင်းပွဲထဲမှာ လူကြိုက်အများဆုံးဟင်းပွဲကရော ဘာဟင်းဖြစ်မလဲ။ - လူကြိုက်အများဆုံးဆိုရင် ကြက်သားဆီပြန်ဟင်းလေးပါ။ တစ်ခါတလေတော့လည်း ကြက်သားကာလသားဟင်းလေးပေါ့။ 

• အန်တီချက်တဲ့ဟင်းကို မိသားစုထဲကပဲဖြစ်ဖြစ် ကောင်းတယ်လို့ ချီးမွမ်းခံရတုန်းက ခံစားချက်လေးကရော။ - အန်တီချက်ရင်တော့ အမြဲတမ်းကောင်းတယ်လို့ပဲ အပြောခံရတာများတယ်။ (ဘေးက အန်တီရဲ့သမီးဖြစ်သူ မအိသက်က 'အဲဒီလိုမှ မပြောရင် နောက်မစားရတော့ဘူး')(ရယ်လျက်) 

အဲဒီလို ကောင်းတယ်လို့ပြောရင်တော့ အရမ်းကိုပျော်သွားတာပါပဲ။ ကိုယ့်စိတ်ထဲမှာလည်း ဒီလို ထမင်းဆိုင်လေးဖွင့်ဖြစ်မယ်လို့ စိတ်မကူးဖြစ်ဘူး။ ဒါပေမယ့် ၀ါသနာကအရမ်းပါတော့ မေမေ မချက်နိုင်တဲ့အခါတွေမှာဆိုရင် အန်တီတို့ လင်မယားက ၀င်ဝင်ချက်တယ်။ ချက်လိုက်တိုင်းလည်း မကောင်း ကောင်းအောင်ချက်မယ်ဆိုတဲ့ စိတ်နဲ့ဝင်ချက်မိတယ်။ 

• အန်တီတို့စပြီးတော့ ဆိုင်ခွဲစဖွင့်တော့ အခက်ခဲတွေဘာတွေရှိလား။ - အခက်အခဲကတော့ သိပ်မရှိပါဘူး။ အန်တီတို့ စပြီး ဆိုင်ခွဲတယ်ဆိုကတည်းက ဖေဖေတို့၊ မေမေတို့က သေချာသင်ပေး လိုက်တယ်ဆိုတော့ အခက်မတွေ့ခဲ့ရပါဘူး။ အန်တီ့ စဆိုင်ခွဲတုန်းက အန်တီ့စားသုံးသူက ကျောင်းသားတွေလေ။ ကိုယ့်သားသမီးတွေလိုပဲ။ ဒီတော့ အန်တီစိတ်ထဲမှာ ပူပန်တာတစ်ခုက သူတို့တွေ စားလို့မှကောင်းရဲ့လားဆိုတဲ့စိတ်လေး အမြဲရှိတာပါပဲ။ ဒီတော့ အန်တီနေ့တိုင်းမေးတယ်။ သားလေး၊သမီးလေး ဒီဟင်းလေး စားလို့ကောင်းရဲ့လားပေါ့။ သူတို့က ကောင်းတယ်ဆိုရင် စိတ်ထဲမှာ ကျေနပ်သွားတာပါပဲ။ 

• အဲဒီတုန်းက ဆွေမျိုးအလုပ်သမားသုံးယောက်နဲ့ လုပ်ရတယ်ဆိုတော့ နိုင်ရောနိုင်နင်းရဲ့လား။ - အလုပ်သမားက သုံးယောက်ပဲရှိတာရယ်။ ကျောင်းသားရောင်းရတော့ နေ့လယ်တစ်ချိန်၊ ညနေတစ်ချိန်ဆိုရင် လူက အရမ်းကျတယ်။ မနိုင်ဘူးပေါ့။ ကျောင်းသားတွေက သူတို့ဖာသာသူတို့ ထမင်းဆွဲ၊ ဟင်းဆွဲ၊ သူတို့ဖာသာသူတို့ စားပွဲထိုးလုပ်ပြီးတော့ စားသွားကြတာ။ ပိုက်ဆံပေးတဲ့လူလည်းပေး၊ မပေးတဲ့လူလည်းရှိတယ်ပေါ့လေ။ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်က မပိတ်သေးတော့ အတော်လေးရောင်းရပါတယ်။ 

• အဲဒီတုန်းက ကျောင်းသူ၊ ကျောင်းသားတွေက အန်တီဆိုင်က ဘယ်ဟင်းတွေကို ကြိုက်ကျတာများလဲ။ - ကလေးတွေကတော့ အမဲနှပ်၊ နောက် ဘဲပေါင်း၊ ကြက်သားဆီပြန်ကို အာလူးနဲ့ ချက်တာတွေဆို သူတို့က အရမ်းကြိုက်တယ်။ 

• အန်တီတို့က မောင်နှမ ၈ ယောက်တောင်ရှိတယ်ဆိုတော့ အခြားဘယ်သူတွေကရော ဆိုင်ခွဲတွေထောင်သေးလဲ။ အန်တီတစ်ယောက်တည်းပဲ ထောင်တာလား။ - အန်တီတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ စမ်းချောင်းက ညီမလေးက ဒုတိယ ဆိုင်ခွဲထောင်ပါတယ်။ တတိယကတော့ အကိုကြီးအကြီးဆုံးပါ။ 

• အန်တီဆိုင်လေးကို နာမည်ပိုတက်အောင်တို့၊ ဆန်းသစ်တီထွင်တာတို့ဘာတို့ရော ရှိလား။ - အဲဒီလိုမျိုး နာမည်တက်အောင်ဆိုပြီးတော့ လုပ်တာတော့မရှိပါဘူး။\ မြန်မာအစားအစာစစ်စစ်ကို အရသာရော၊ အရည်သွေးရော၊ သန့်ရှင်းလတ်ဆတ်မှုရော အကောင်းဆုံးဖြစ်အောင် ထိန်းပြီးတော့ချက်တာပဲရှိပါတယ်။ ဖေဖေ၊ မေမေနဲ့ အမြဲတမ်း တွဲလုပ်လာတဲ့အခါကျတော့ လက်ရည်က ကျတယ်လို့မရှိပါဘူး။ ဒီလို လက်ရည်မကျတဲ့အခါကျတော့ ကိုယ့်ဟင်းသည် ကောင်းကိုကောင်းရမယ်ဆိုတဲ့ခံယူချက် အမြဲထည့်ပြီး သတိထားလုပ်တဲ့အခါကျတော့ အမြဲတမ်းကောင်းနေပါတယ်။ နောက် အန်တီတို့က အနှစ်ချက်ပြီးတော့ အသားကို ပြုတ်ရောင်းတဲ့ဆိုင်မဟုတ်ဘူး။ မြန်မာဆိုင်စစ်စစ် ဖြစ်တဲ့အတွက် အသားကို ဆား၊ အရသာမှုန့်တွေနဲ့ သေချာနယ်ပြီး ချက်ရောင်းတာ။ ဆီသတ်ပြီးရောင်းရတဲ့ဟင်းရှိသလို၊ လုံးချက်ချက်ပြီးတော့ ရောင်းရတဲ့ဟင်းလည်းရှိတယ်။ 

• ဟုတ်ကဲ့ ဒါဆို အန်တီ့အကြောင်းလေး နည်းနည်းမေးမယ်။ အန်တီငယ်ငယ်က ဖြစ်ချင်တဲ့ စိတ်ကူးရင်အိပ်မက်ကရော ဘာများလဲ။ - အန်တီက ငယ်ငယ်တုန်းကတော့ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင်လို့ စိတ်ထဲမှာ အမြဲတမ်းထားတယ်။ ကျရာနေရာမှာ အောင်မြင်အောင်လုပ်မယ်လို့ စိတ်ကူးရှိတယ်။ အန်တီက ၈ တန်း ၉ တန်းလောက်ကတည်းက မေမေတို့နဲ့ ဒီထမင်းဆိုင်လုပ်ငန်းကို လုပ်နေတာဆိုတော့ ထမင်းဟင်းချက်တာကိုတော့ စိတ်ဝင်စားနေတာပေါ့။ အမှန်က ဖြစ်ချင်တာက ရုပ်ရှင်မင်းသမီးဖြစ်ချင်တာ။ မှတ်မှတ်ရရ အန်တီ ၈ တန်းနှစ်မှာ ခင်သန်းနုရဲ့ ရုပ်ရှင်ရူးမလေးဆိုတဲ့ ဇာတ်ကားလေးနဲ့ ကျောင်းပြိုင်ပွဲမှာ ၀င်ပြီးတော့ သရုပ်ဆောင်ပြိုင်တာ အန်တီ တတိယဆုရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ အစ်ကိုတွေ၊ မောင်တွေ၊ မိဘတွေကလည်း အားမပေးတော့ ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။ အားမပေးတော့ ဆက်လုပ်လို့လည်း မရတော့ပါဘူး။ ကိုယ်လုပ်ရမယ့်အလုပ်သည် ကျောင်းတက်ချင်တက်၊ မတက်ရင် မိဘအလုပ်အကိုင်ဖြစ်တဲ့ ထမင်းဟင်းရောင်းဆိုတော့ ဒီကိုယ်လုပ်ရမယ့်လုပ်ငန်းကိုပဲ အောင်မြင်အောင်လုပ်ရတော့တာပေါ့။ 

• ဒါဆို အန်တီငယ်ငယ်က အစားသောက်နဲ့ပတ်သက်ပြီးတော့ အမှတ်တရတွေဘာတွေ ရှိလား။ - အန်တီငယ်ငယ်က လသာ(၂) မိန်းကလေးကျောင်းမှာ တက်တာလေ။ ဒီတော့ အန်တီက ကျောင်းသွားလို့ရှိရင် ထမင်းချိုင့်ထဲမှာ ငါးမြင်းတုံးကြီးထည့်သွားတာ။ အဲဒီမှာ အန်တီ့သူငယ်ချင်းက အန်တီ့ဆိုင်က ထမင်းဟင်းဆိုရင် အရမ်းကြိုက်တာ။ အဲဒီတုန်းက ဆိုင်ကလည်း သိပ်နာမည်မကြီးသေးဘူး ကိုယ့်ဆိုင်ကဟင်းကိုဆိုရင် ကိုယ်က ဒီလောက်မစားချင်ဘူး။ ဘေးကသူငယ်ချင်းက ကိုယ်ထည့်လာတဲ့ဟင်းကိုဆို အရမ်းစားချင်တာ။ ဒီတော့ ငါးမြင်းဟင်းက အန်တီလည်းကြိုက်တယ်။ သူတို့လည်း အရမ်းကြိုက်တော့ အမြဲထည့်သွားပြီး သူတို့ကိုကျွေးတာ။ ပြောရမယ်ဆိုရင် အန်တီတို့ မိန်းကလေးကျောင်းရဲ့ ထုံးစံအတိုင်း အန်တီ့အချစ်တော်ပေါ့။ သူ့ကိုဆို အန်တီထည့်တဲ့ ဟင်းတိုင်း အမြဲတမ်းကျွေးတယ်။ ဒါလေးကတော့ အမှတ်တရရှိခဲ့တယ်။ 

• နောက် အန်တီ့အမျိုးသားနဲ့ လက်ထပ်ဖြစ်သွားပုံလေးကရော။ - အန်တီက မေမေတို့ဆိုင်မှာ လုပ်နေတဲ့အချိန်မှာ အန်တီ့အမျိုးသားက အဲဒီမှာ ကုန်သည်လုပ်တယ်။ အဲဒီမှာ အန်တီ့အမျိုးသားက ဆိုင်ကိုလာရင်းနဲ့ အန်တီနဲ့ တွေ့ခဲ့တာပါ။ ဒါပေမယ့် အန်တီကတော့ အဲဒီတုန်းက သိပ်မကြိုက်ခဲ့ပါဘူး။ အမေတို့၊ အဖေတို့က သူ့ကို အရမ်းသဘောကျတယ်။ အန်တီကလည်း လသာ ၂ မှာနေတဲ့ ကျောင်းသူဆိုတော့ ခေတ်မီပြီး အရမ်းနေရတကာလည်းပါချင်တယ်။ စာကလည်း သိပ်မကြိုးစားချင်တော့ အမေတို့၊ အဖေတို့က သူနဲ့ပေးစားလိုက်တာပါ။ ဒါပေမယ့် အိမ်ထောင်ကျတော့လည်း သူ့ကို ကိုယ်လည်းချစ်ပါတယ်။ 

• အန်တီ့ အဖေ၊ အမေတွေက အန်တီ့အမျိုးသားကို သဘောကျသွားတဲ့ အချက်လေးကရော။ - အဲဒီတုန်းက သူက အန်တီ့ကို အရမ်းကြိုက်ပါတယ်။ အန်တီကလည်း လသာ၂ မှာ ကိုယ့်ကိုကြိုက်တဲ့လူပေါတော့ မကြိုက်ခဲ့ဘူးပေါ့။ ဒါပေမယ့် အန်တီ့အဖေက သူကြိုက်နေမှန်းလည်းသိတယ်။ နောက် အဖေ့မျက်စိရှေ့မှာပဲ အန်တီအမျိုးသားက ဆိုင်သေးသေးလေးကနေ ဆိုင်းကြီးကြီးဖြစ်အောင် ကြိုးစားခဲ့တာတွေကို မြင်တယ်။ အဖေတို့ကလည်း လူကြီးတွေဆိုတော့ ရိုးတယ်။ အဲဒီမှာ အဖေက သူ့ကိုသွားမေးလိုက်တယ်။ မင်း ငါ့သမီးကိုယူမလား၊ ကြိုက်လားပေါ့။ အဲဒီမှာ သူကလည်း ကြိုက်ပါတယ်ဆိုပြီးတော့ ပေးစားလိုက်တာ။ ပြောရမယ်ဆိုရင် အန်တီ့အမျိုးသားက အဖေချစ်လို့ပေးစားခဲ့တဲ့ သားမက်ပေါ့။ 

• အန်တီက အစားသောက်တွေထဲမှာဆို ဘယ်အစားသောက်ကိုကြိုက်လဲ။ - အန်တီကတော့ ငါးရံ့ဆန်လှော်ဟင်းကိုကြိုက်တယ်။ နောက် ငါးရံ့အူဟင်းကို ကြိုက်တယ်။ 

• အန်တီစားဖူးသမျှထဲမှာ တစ်သက်မမေ့လောက်အောင်ရှိတဲ့ အစားသောက်ကရော။ - စောစောကပြောတဲ့ ငါးရံ့ဆန်လှော်ဟင်းပါပဲ။ 

• နောက် အန်တီအစားသောက်တစ်ခုခုကို စားလိုက်ရင် တစ်ယောက်ယောက်ကို သွားသတိရတဲ့ အစားသောက်မျိုးရောရှိလား။ - အဲဒီ ငါးရံ့ဆန်လှော်ဟင်းက မေမေလည်းကြိုက်တယ်။ နောက် အန်တီ့ဖေဖေဆို ၀က်သားတို့၊ ကြက်သားတို့ကို ဆီပြန်ဟင်းထဲက ပြန်ခပ်ပြီးတော့ ကြွပ်ကြွပ်ကလေးပြန်ချက်တတ်တယ်။ ဒီတော့ အဲဒီလိုဟင်းလေးတွေ ပြန်ချက်စားမိရင် မေမေနဲ့ ဖေဖေကို အရမ်းသတိရမိတယ်။ 

• အန်တီ့သမီး မအိသက်တို့နေတဲ့ အင်္ဂလန်ကိုအလည်သွားရင်ရော မြန်မာပြည်က ဘယ်အစားသောက်ကို သတိရမိလဲ။ - သမီး (မအိသက်)တို့အိမ်မှာကျတော့ သူတို့က မြန်မာအစားအစာပဲ အမြဲတမ်းချက်စားဖြစ်တော့ သိပ်ထွေထွေထူးထူး သတိရတာမရှိပါဘူး။ ကိုယ့်ဘာသာကိုပဲ မြန်မာထမင်းဟင်း ချက်စားဖြစ်တာများတယ်။ အန်တီ့မြေးတွေကလည်း မြန်မာအစားအစာပဲကြိုက်ကြတယ်လေ။ 

• ငယ်ငယ်တုန်းကကြိုက်ပြီးတော့ အခုမှမကြိုက်တော့တဲ့ အစားအစာတွေ ဘာတွေရောရှိလား။ - အင်း ရှိတယ်။ ဆိတ်သားလေ။ ငယ်ငယ်တုန်းကတော့ အရမ်းကြိုက်တယ်။ မကျက်တစ်ကျက်တောင် စားတယ်။ အခု အသက်ကြီးတော့ မစားချင် တော့ဘူး။ 

• ဒါဆို ငယ်ငယ်တုန်းမကြိုက်ဘဲ အခုမှကြိုက်တာကရော။ - ကြက်သားဟင်းဖြစ်မယ်။ ငယ်ငယ်တုန်းကဆိုရင် ကြက်သားဟင်းဆိုရင် လုံးဝကိုမစားဘူး။ အခု အသက်ကြီးမှ နေ့တိုင်းနီးပါးစားဖြစ်နေတယ်။ 

• အန်တီတို့မိသားစု လက်ဆင့်ကမ်းပေးခဲ့တဲ့ ဟင်းပွဲလေးတွေရှိရင် ပြောပြပေးပါဦး။ - ငါးပိထောင်းတို့၊ ချဉ်ရည်ဟင်း ဒါတွေကတော့ လက်ဆင့်ကမ်းဟင်းလို့ ပြောလို့ရပါတယ်။ ဒီဟင်းတွေကတော့ သူများနဲ့မတူအောင် သေသေချာချာပြုလုပ် ချက်ပြုတ်ပါတယ်။ ချဉ်ရည်ဟင်းဆိုရင်လည်း ဟင်းသီးဟင်းရွက်တွေကို ဆားနဲ့သေချာဆေးရ တယ်။ ဒါက အခုမှမဟုတ်ဘူး ဟိုးအရင်ကတည်းက ဒါကြောင့်လည်း အန်တီတို့ ချဉ်ရည်ဟင်းစားလို့ ၀မ်းပျက်သွားတာတို့၊ ၀မ်းလျောသွားတာတို့ မရှိဘူး။ငါးပိဆိုရင်လည်း လပ္ပတာကပို့ပေးတယ်။ ငါးပိရေချိုကျတော့ ဓနုဖြူကနေ ငါးပိကို ကိုယ်ကိုယ်တိုင် ဆားနဲ့ ငါးပိကိုသိပ်ပြီးတော့ ပြန်နှပ်ထားတာကိုပဲ သုံးတာပါ။ 

• အန်တီ မိဘချက်တဲ့ဟင်းတွေထဲမှာဆိုရင်ရော ဘယ်ဟင်းကိုကြိုက်လဲ။ - အမေတို့ချက်တဲ့ ဟင်းထဲမှာဆိုရင် ၀က်သနီဆီပြန်တို့၊ ဘဲပေါင်းတို့ အရမ်းကြိုက်ပါတယ်။ 

• အန်တီတို့ ဓနုဖြူဒေါ်စောရီဆိုင်ရဲ့ လျှို့ဝှက်ချက်ကလေးကရော ဘာများဖြစ်မလဲ။ - အန်တီ့အမြင်အရ ပြောရမယ်ဆိုရင် စေတနာထားရမယ်။ သန့်ရှင်းမှုရှိရမယ်။ နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ စားသုံးသူတွေ စားသောက်နေတာ အဆင်မှပြေပါ့ မလားဆိုတဲ့ ပူပန်မှုက အမြဲတမ်းရှိနေရမယ်။ ကိုယ့်က ဒီလိုစေတနာထားမှလည်း ကိုယ့်အပေါ်ပြန်ပြီးတော့ မေတ္တာထားကြတာလေ။ ဥပမာ စားသုံးသူဆီက ပိုက်ဆံတွေကို အလကားလိုချင်နေရင် ကိုယ့်ရဲ့စေတနာက အလကားဖြစ်သွားမှာလေ။ အန်တီက ပိုက်ဆံဆိုတာထက် စေတနာရယ်၊ မေတ္တာရယ်၊ ကရုဏာရယ်ကို အမြဲတမ်းအလေးထားပါတယ်။ ဆိုင်ဖွင့်တယ်ဆိုတော့လည်း အဆင်မပြေမှုတွေတော့ ရှိတာပါပဲ။ တစ်ခါတလေကျရင် လုပ်ရင်းကိုင်ရင်းနဲ့ စားပွဲထဲမှာ ဆံပင်တို့ဘာတို့ ပါသွားတာတွေရှိတယ်။ အဲဒီလိုဖြစ်သွားရင် အန်တီ အရမ်းတောင်းပန်တယ်။ နောက် စိတ်ထဲမှာလည်း တစ်နေကုန် စိတ်မကောင်းဖြစ်နေမိတယ်။ အမြဲတမ်းလည်း စားသုံးသူအပေါ်မှာစေတနာထားပါတယ်။ 

• အန်တီတို့ ဆိုင်စဖွင့်ခါစက ကျောင်းသားတွေကို အဓိကထားပြီးရောင်းခဲ့ရတော့။ ကျောင်းသားဆိုတဲ့အတိုင်း သူတို့ရဲ့ ဒဏ်တွေ ဘယ်လိုခံခဲ့ရသေးလဲ။ - အန်တီစရောင်းရတာက ကျောင်းသူ၊ ကျောင်းသားတွေလေ။ အန်တီက သူတို့ကို ကိုယ့်သားသမီးလိုပဲ သဘောထားတယ်။ သူတို့ဆိုးတာကိုလည်း ခံခဲ့ရတယ်။ ကောင်းတာကိုလည်း ခံခဲ့ရတယ်။ ဒီတော့ စေတနာမထားရင် ဈေးမရောင်းနိုင်ဘူးလို့ မြင်ပါတယ်။ စေတနာထားမှလည်း ဈေးရောင်းနိုင်မှာပါ။ ဥပမာ အချို့ကျောင်းသားတွေဆိုရင် စနောက်သွားတာမှ ရေနွေးအိုးထဲ ငါးပိထောင်းတွေထည့်သွားတယ်။နောက်စားတဲ့ လူက ပြောဆိုတော့တာပေါ့။ ဒီတော့ နောက်ပိုင်းဆို ကျောင်းသားအုပ်လာလို့ ထသွားပြီဆိုရင် အန်တီ ဒါတွေကိုကြည့်ရတော့တယ်။ နောက် ဇွန်း၊ ခက်ရင်းတွေ အိတ်ထဲ ထည့်သွားတယ်။ ရေနွေးခွက်တွေ အိတ်ထဲထည့်သွားတယ်။ စသဖြင့်ပေါ့။ ပြီးရင် လမ်းဘေးမှာ သွားရောင်းတယ်။ ဘယ်လောက်မှလည်း ရတာမဟုတ်ဘူး။ ငါးပြား၊ ဆယ်ပြားလောက်ပဲရှိတယ်။ ဒါပေမယ့် အန်တီကတော့ ဘာမှမပြောပါဘူး။ ညဘက်ဆိုရင်လည်း မိုးကြီးချုပ်မှ ၀င်လာတယ်။ ဘာဖြစ်လို့လည်းသားရယ်ပေါ့။ ထမင်းစားချင်လို့ စားစရာလည်း ဆိုင်မရှိလို့ဆိုတော့ အန်တီတို့က ပြင်ဆင်ပြီး ထမင်းခူးကျွေးရတယ်။ 

• အန်တီ ကိုယ်ပိုင်ဆိုင်ခွဲရောရှိလား။ - အန်တီက ဒီလှည်းတန်းဆိုင်တစ်ခုပဲ ရှိပါတယ်။ နောက်ပိုင်းကျမှ သားသမီးတွေက ခွဲချင်လည်းခွဲပေါ့။ အခုလောလောလတ်လတ်ကတော့ သားတို့မဂ္ဂဇင်းမှာရေးနေတဲ့ မအိသက်ကတော့ အင်္ဂလန်မှာ မြန်မာ Food Market ဆိုင်လေး ၃ ဆိုင်ဖွင့်ထားတယ်။ ဒီမြန်မာစားသောက်ဆိုင်ဖွင့်ဖို့ကတော့ ကြိုးစားနေတုန်းပဲ။ 

• ကိုယ်တိုင်ချက်ပြီးတော့ ဈေးရောင်းတဲ့အချိန်တွေထဲကမှ ဘယ်လိုအချိန်တွေဆိုရင် ပီတိဖြစ်မိပါသလဲ။ စိတ်ခံစားမှုအပိုင်းလေးကို ပြောပြပေးပါဦး။ - အဲဒါကတော့ အန်တီကိုယ်တိုင်ချက်ပြီးတော့ အဲဒီဟင်းပွဲ ဈေးရောင်းတဲ့နေရာကို ရောက်နေရင် အန်တီက မီးဖိုချောင်ထဲကနေပြီးတော့ လှမ်းအော်တယ်။ ငါးရံ့အူဟင်းရတယ်နော်လို့ အော်တဲ့အချိန်မှာ ချက်ချင်း ဟင်း ၄ ပွဲ၊ ၅ ပွဲထွက်သွားတယ်ဆိုရင် အရမ်းပီတိဖြစ်တယ်။ အရမ်းလည်း စိတ်ချမ်းသာတယ်။ ငါ့ဟင်း ၅ ပွဲတောင်ထွက်သွားပြီဟုတ်လား ဆက်ရောင်းနော် လက်မလျော့လိုက်နဲ့လို့ပြောပြီး နောက် ပြန်ချက်စရာရှိတာချက်တယ်။ 

• ထမင်းဟင်း ချက်ရောင်းနေတဲ့လူတစ်ယောက်အနေနဲ့ ရှောင်ရန်ဆောင်ရန် အချက်လေးတွေကို အန်တီအမြင်နဲ့ ပြောပြပေးပါဦး။ - ဆောင်ရမယ့်အချက်ဆိုရင် စားသုံးသူအပေါ် ကျန်းမာရေးနဲ့ညီညွတ်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်တယ်။ ဆိုင်က၀န်ထမ်းတွေရဲ့ တစ်ကိုယ်ရေ ကျန်းမာရေးကအစ အထူးအလေးထားဆောင်ရွက်ပါတယ်။ နောက် ဟင်းသီးဟင်းရွက်တွေကလည်း အခုဆိုရင် ဓာတ်မြေသြဇာတွေ ဘာတွေပါတယ်ဆိုတဲ့ အသံတွေထွက်တော့ အန်တီက အမြဲတမ်း ဆားနဲ့ဆေး၊ ရေနဲ့ဆေးတယ်။ ပြုတ်ရင်လည်း ဒီအတိုင်းပဲ ဆားနဲ့ဆေး၊ ရေနဲ့ဆေးပြီးရင် ရေနွေးပွက်ပွက်ဆူမှာပြုတ်တယ်။ ပြီးရင် ရေသန့်ရေနဲ့ ဆေးတယ်။ ရှောင်ရန်ကတော့ ကိုယ်မြတ်ရင်ပြီးရောဆိုပြီးတော့ အရည်သွေးမမီတဲ့ ပစ္စည်းတွေကို မသုံးပါဘူး။ အမြတ်ထွက်ပါစေဆိုပြီးတော့ စားသုံးသူရဲ့ ကျန်းမာရေးထိခိုက်အောင် ဘယ်တော့မှမလုပ်သင့်ဘူး။ မကောင်းတဲ့ အစားအသောက်မှန်သမျှကလည်း မီးဖိုချောင်ထဲကနေအပြင်ကို ဘယ်တော့မှ ထွက်မလာစေရဘူး။ ဟင်းကျန်ကိုလည်း ဘယ်တော့မှမထားဘူး။ ဆီကအစ သန့်ရှင်းတဲ့နေကြာဆီပဲသုံးတယ်။ 

• အန်တီရဲ့ စိတ်အပန်းဖြေမှုပုံစံလေးကရော။ - မြန်မာပြည်အနှံ့ ဘုရားဖူးခရီးထွက်ပါတယ်။ 

• စိတ်ဖိစီးလာရင် ဘယ်လိုပုံစံမျိုးနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့ပါသလဲ။ - တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့ပါတယ်။ 

• အန်တီ ပြုလုပ်တဲ့ ပရဟိတ၊ အလှူလေးများကို ပြောပြပေါးပါဦး။ - အလှူကတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေရာအချိန်မရွေး လှူနေတာပါပဲ။ နေ့စဉ်နဲ့အမျှပေါ့။ ဥပမာ- အန်တီတို့ဆိုင်မှာ မနက်တိုင်း ဆွမ်းလာခံသမျှ ရဟန်း၊ မယ်သီလရှင်၊ ကိုယ်ရင်လေးတွေကို လောင်းဖို့ရာအတွက် ဘုန်းကြီးဆွမ်းနဲ့ဟင်းကို အရင်ဆုံး အစောဆုံးချက်ပြီး ဆိုင်က ကလေးတစ်ယောက်စီက ပုံမှန်နေ့စဉ် ဆွမ်းလောင်းတာဝန်ယူရပါတယ်။ သူတို့လည်း ကုသိုလ်ရတာပေါ့လေ။ အန်တီ့အမျိုးသားက အညာကဆိုတော့ နှစ်စဉ် သူတို့ပခုက္ကူမြို့ ရှင်မကံရွာနဲ့ အနီးရွာတွေက ရှင်မပြုနိုင်တဲ့ ကလေးတွေကို ဗမာလူမျိုးတွေရဲ့ အထွဋ်အမြတ် မင်္ဂလာဖြစ်တဲ့ ရှင်ပြု၊ နားသအလှူ သွားလှူဖြစ်ပါတယ်။ အဲဒီလိုပဲ ကျောင်းမနေနိုင်တဲ့ကလေးတွေ၊ ပညာရေးမျိုးတွေ အန်တီတို့လင်မယားက အမြဲလိုလိုလားလား ပညာပြီးဆုံးတိုင် ထောက်ပံ့ပေးပါတယ်။ ဘုရား၊ သိမ်ကျောင်း၊ ရေတွင်း စတဲ့အလှူကြီးတွေ တစ်ဖက်ကလှူသလို အသေးစား အလှူပေမယ့် တကယ်လိုအပ်တဲ့အလှူမျိုး နေရာမျိုးကအလှူဆိုလည်း ပိုလှူဖြစ်တာပေါ့။ 

• အန်တီ့မိဘတွေ ဆုံးမတဲ့စကားတွေထဲမှာမှ အန်တီ့စိတ်ထဲမှာ စွဲမြဲနေတဲ့ ဆုံးမစကား။ - စိတ်ထားကောင်းမှ ကံကောင်းမယ်။ စိတ်ထားယုတ်ရင် ကံဆိုးမယ်။ အစားအသောက်ရောင်းချတဲ့သူဟာ သူတစ်ပါးရဲ့အာဟာရကို ကောင်းသော စေတနာနဲ့ ကုသိုလ်ယူပါဆိုတဲ့ စကားလေးတွေပါပဲ။ 

• နောင် ဓနုဖြူဒေါ်စောရီ မျိုးဆက်တွေအတွက် အန်တီဖြစ်စေချင်တဲ့ စိတ်ကူး၊ ဆန္ဒ။ - စိတ်ကူးသစ်များ၊ စိတ်သဘောဖြောင့်မတ်မှန်ကန်ခြင်းများ၊ ၀ီရိယ၊ လုံ့လတို့ဖြင့် ဘိုးဘွားမိဘတွေရဲ့ အစဉ်အဆက် ကုသိုလ်ချမ်းသာများကို အဓွန့်ရှည်တည်တံ့အောင် ကြိုးစားဆောင်ရွက်ကြစေချင်ပါတယ်။ 

• အခုနောက်ဆုံး Food မဂ္ဂဇင်းကနေပြီးတော့ ထမင်းဆိုင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်ဖြစ်ဖြစ် ဖွင့်ချင်တဲ့လူတွေအတွက် စကားလက်ဆောင်လေးကို ပြောပြပေးပါဦး။ - အန်တီပြောချင်တာကတော့ ရှင်းရှင်းလေးပါပဲ။ စေတနာထားပါ။ မေတ္တာထားပါ။ ကရုဏာထားပါ။ ဒါဆိုရင် အောင်မြင်တိုးတက်ပါတယ်။ စားသောက်ဆိုင်ဖွင့်မယ် လူတစ်ယောက်ဟာ ကျန်တဲ့ဟာ ဘာမှထပ်မထည့်ရင်တောင်မှ စေတနာလေး ထပ်ထည့်ပေးပါ။ စေတနာကြောင့်ရတဲ့ အကျိုးအမြတ်က ကျန်တာထက်ပိုပြီးတော့ တန်ဖိုးရှိပါတယ်လို့ ပြောချင်ပါတယ်။ ...........................


 ဝေယံလှိုင်ဝင်း (အာဂ) .............................
By: FOOD Magazine

အရှက်နှင့် အကြောက်


ကျွန်မတို့နိုင်ငံမှာ သတိမပြုဘဲ မနေနိုင်လောက်အောင် လူပြောများလာတဲ့ ကိစ္စတစ်ရပ်ကတော့ အမျိုးသမီးအချို့ရဲ့ မလုံမခြုံ ၀တ်စားဆင်ယင်မှု ဖြစ်ပါတယ်။ ယိုသူမရှက် မြင်သူရှက် ဖြစ်ရလောက်အောင် အမျိုးသမီးတွေ အရှက်ကင်းမဲ့လာမှုဟာ လူမျိုးရဲ့ ယဉ်ကျေးမှုကို ဖျက်ဆီးပစ်နေတာ မြင်တတ်သူတိုင်း သိကြပါတယ်။
ဝတ်စားဆင်ယင်မှုဟာ မိမိစိတ်ကြိုက် ၀တ်ဆင်ခွင့်ရှိတယ်၊ ဘုရားဟောတဲ့ ဟိရီသြတ္တပ္ပတရားနဲ့ မဆိုင်ဘူးလို့ ဆင်ခြေပေးနေသူတွေလည်း ရှိပါတယ်။ မကောင်းမှုမှ ရှက်ခြင်း (ဟိရီ) မကောင်းမှုပြုရန် ကြောက်ခြင်း (သြတ္တပ္ပ)ဆိုတဲ့ ကမ္ဘာစောင့် တရားနှစ်ပါးနဲ့ အမျိုးသမီးတွေရဲ့ ကာမဂုဏ်အာရုံ ဖြစ်လောက်အောင် ၀တ်ဆင်မှုတွေ သက်ဆိုင်ကြောင်းကို ကျမ်းဂန်အထောက်အထားနဲ့ မငြင်းဆိုနိုင်အောင် ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

ဒေါ်ယဉ်ကျေး (ပုဂံမြို့ဟောင်း)

ဒေ၀ဓမ္မဇာတ်ဟူသော ဇာတ်တော်တစ်ခု ရှိပါသည်။ ထိုဇာတ်တော်ကို ဟောတော်မူရခြင်း၏ အကြောင်းအတ္ထုပ္ပတ်ကား ဤသို့ ဖြစ်၏။
ဘုရားရှင် လက်ထက်တော်က သာဝတ္ထိမြို့သား သူဌေးတစ်ယောက်သည် ဇနီးဖြစ်သူ ကွယ်လွန်သောအခါ ရဟန်းပြုလေ၏။ ငွေကြေးပြည့်စုံသောကြောင့် ကိုယ့်ကျောင်းကိုယ်ကန် ကိုယ်စီမံ၍ စားနပ်ရိက္ခာ အပြည့်အစုံသိုလှောင်ကာ ကျေးကျွန်များကို မိမိစိတ်တိုင်းကျ ချက်ပြုတ်ခိုင်းပြီး သုံးဆောင်၏။ များသော အသုံးအဆောင် ရှိ၏။ သင်္ကန်းကိုပင် နေ့ဝတ်ဖို့ ည၀တ်ဖို့ ခွဲခြားထား၏။ သူ့ကို ဘုရားရှင်က ဆုံးမတော်မူသောအခါ စိတ်ဆိုးပြီး “သို့ဖြစ်လျှင် ဤသို့ပင် နေတော့မည်”ဟုဆိုကာ ပရိသတ်အလယ်တွင် အပေါ်ရုံ ဧကသီကို ချွတ်၍ ရပ်ပြလေ၏။ မြတ်စွာဘုရားက “ရဟန်း၊ သင်သည် ရှေးအခါ ရေကန်စောင့်ဘီလူး ဖြစ်စဉ်က ဟိရီသြတ္တပ္ပ အရှက်အကြောက်တရားကို တစ်ဆယ့်နှစ်နှစ်တိုင် ရှာဖွေခဲ့၏။ ယခု ရဟန်းဖြစ်ကာမှ အဘယ့်ကြောင့် ဟိရီသြတ္တပ္ပ ကင်းမဲ့ရဘိသနည်း”ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေ၏။
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ မိဖုရားခေါင်းကြီးတွင် မဟိံသနှင့် စန္ဒကုမာရဟူသော သားတော်နှစ်ပါး ထွန်းကား၏။ မိဖုရားခေါင်ကြီး နတ်ရွာစံပြီးနောက် မင်းကြီးသည် အခြားမိန်းမ တစ်ယောက်ကို မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လေ၏။ ထိုမိဖုရားခေါင်ကြီးမှ သူရိယဟူသော သားတော်တစ်ပါး မွေးဖွားလေရာ ထိုမင်းသားအရွယ်ရောက်လေလျှင် ထီးနန်းလွှဲအပ်ပေးဖို့ တောင်းဆိုလေသည်။ မင်းကြီးက ငါ့တွင် သားတော်နှစ်ပါး ရှိသေးသည်ဟုဆိုကာ ငြင်းဆိုသော်လည်း အထပ်ထပ် တောင်းဆိုလေ၏။

သားတော်နှစ်ပါးအတွက် စိုးရိမ်လာသော မင်းကြီးသည် သားတော်နှစ်ပါးကို ခေါ်ကာ ယခုအချိန်တွင် တောထဲ၌ သွားနေကာ သူနတ်ရွာစံမှ ပြန်လာ၍ မင်းပြုကြဟု မှာကြားလေ၏။ နောင်တော်နှစ်ပါး သွားရာသို့ သူရိယမင်းသားလည်း လိုက်ပါလာ၏။
သူတို့သည် ဟိမ၀န္တာသို့ ရောက်ရှိလာခဲ့ကြပြီးနောက် ခရီးပန်းလာခဲ့ကြ၍ သစ်ပင်ရင်းတွင် နားနေကြပြီး မဟိံသမင်းသားက သူရိယမင်းသားကို ရေရှာခိုင်းလိုက်သည်။ သူရိယမင်းသားသည် ရေကန်တစ်ခုအတွင်းသို့ ရေခပ်ရန်ဆင်းလိုက်ရာ ရေကန်စောင့် ဘီလူးတစ်ကောင်သည် သူ့ကို ဖမ်းယူကာ “သင်သည် ဒေ၀ဓမ္မကို သိသလော”ဟု မေးလေ၏။ “သိပါသည်၊ နေနှင့် လတို့သည် ဒေ၀ဓမ္မများ ဖြစ်ကြသည်”ဟု ပြောရာ ဘီလူးက “သင်သည် ဒေ၀ဓမ္မကို မသိ”ဟုဆိုပြီး ရေအောက်သို့ ယူသွားကာ သူ့နေရာတွင် ထားလိုက်လေသည်။
သူရိယမင်းသား ပြန်မလာ၍ စန္ဒကုမာရမင်းသားကို ထပ်၍လွှတ်ပြန်ရာ သူလည်း ရေကန်စောင့် ဘီလူး၏ ဖမ်းယူခြင်းခံရပြန်၏။ သူ့ကိုလည်း ဒေ၀ဓမ္မကို မေးပြန်ရာ “အရပ်လေးမျက်နှာ”ဟု ဖြေမိသဖြင့် ရေအောက်သို့ ခေါ်သွားခံရပြန်၏။
ညီတော်များ ပြန်မလာသဖြင့် မဟိံသကိုယ်တိုင် လိုက်သွားရာ ရေစပ်ရွှံ့ညွန်ပေါ်တွင် ညီတော်နှစ်ပါး၏ ဆင်းသက်သော ခြေရာများကိုသာ တွေ့ရပြီး တက်သောခြေရာကို မတွေ့ရသောကြောင့် ဤရေကန်သည် ဘီးလူးစောင့်သော ရေကန်ဖြစ်ရမည်ဟု စဉ်းစားမိပြီး ရေကန်တွင်းသို့ မဆင်းပေ။ ဘီလူးက မုဆိုးအသွင်ဖြင့် ရောက်လာပြီး ရေကန်တွင်းသို့ ဆင်းရန် တိုက်တွန်းလေသည်။ မင်းသားက ရေကန်စောင့်ဘီးလူးမှန်း သိရှိပြီး “သူ့ညီငယ်များကို သင် ဖမ်းထားသည်မဟုတ်လော”ဟု မေးရာ ဟုတ်မှန်ကြောင်း ၀န်ခံ၏။
မဟိံသက ဖမ်းရသည့်အကြောင်းရင်းကို မေးရာ “ဝေဿ၀ဏ်နတ်မင်းကြီးသည် ဤရေကန်ထဲသို့ ဆင်းသူများအား စားခွင့်ပေးထားပါသည်။ ဒေ၀ဓမ္မကို သိသူများကိုကား စားခွင့်မရှိပါ”ဟု ဘီလူးက ပြောလေသည်။ ဟိရီ နှင့် သြတ္တပ္ပ တရားနှစ်ပါးကို ဒေ၀ဓမ္မဟု ခေါ်ကြောင်း မဟိံသက ပြောဟောရာ “သင်သည် ဒေ၀ဓမ္မကို အမှန်ပင် သိရှိသူဖြစ်၏။ သင်၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကို ယူပါလော့”ဟု ဆိုလေသည်။ မဟိံသက “ညီငယ် သူရိယမင်းသားကို ပေးပါ”ဟု ပြောရာ “သင်သည် အကြီးကို ကျော်လွန်၍ အငယ်ကို တောင်းချေသည်၊ ဒေ၀ဓမ္မကို သိသော်လည်း မကျင့်ချေတကား”ဟု ဆိုလေသည်။

မဟိံသမင်းသားက “ကျွန်ုပ်တို့ ဤတောသို့ လာခဲ့ကြရသည်မှာ ဤညီထွေးကြောင့်ပင် ဖြစ်၏ဟု ရှင်းပြကာ ကျွန်ုပ်တို့ပြန်သွားသောအခါ ညီထွေးကို တောထဲ၌ ဘီးလူးတစ်ကောင် စားသွား၏ဟု ပြောသော်လည်း မည်သူမျှ ယုံကြလိမ့်မည်မဟုတ်၊ ထီးနန်းလိုချင်၍ သတ်ပစ်သည်ဟုသာ ထင်ကြလိမ့်မည်၊ လူတို့ကဲ့ရဲ့ခံရမည်မှ ကြောက်သောကြောင့် ညီထွေးကို တောင်းခြင်းဖြစ်ပါသည်ဟု ပြောလေသည်။ ထိုအခါမှ ဘီလူးက သာဓုခေါ်ကာ “သင်မင်းသားသည် ဒေ၀ဓမ္မကို သိလည်းသိသူ၊ ကျင့်လည်း ကျင့်သူဖြစ်ပါ၏”ဟု မင်းသားနှစ်ပါးလုံးကို လွှတ်ပေးလေသည်။
အထက်ပါဇာတ်ဝတ္ထုတွင် ပစ္စုပ္ပန်ဝတ္ထုအရ သူဌေးကိုယ်တော်ကြီး၏ ပရိသတ်အလယ်တွင် အပေါ်ရုံ သင်္ကန်းကို ချွတ်ပစ်သည့်လုပ်ရပ်အား ဘုရားရှင်က ဟိရီသြတ္တပ္ပကင်းမဲ့သည့်လုပ်ရပ်ဟု ကဲ့ရဲ့တော်မူ၏။ အတိတ်ဝတ္ထုတွင် ဇေဋ္ဌာပစာယနကမ္မ = အကြီးကိုအလေးအမြတ်ပြု ဦးစားပေးရမည့် အစဉ်အလာကို ချိုးဖောက်ကာ ညီထွေးအား အလွှတ်ခိုင်းသည့် လုပ်ရပ်အား ဒေ၀ဓမ္မနှင့် မညီသည့်လုပ်ရပ်ဟု ဘီလူးက ကဲ့ရဲ့လေသည်။

ထို့ကြောင့် “(အဟိရိက-အနောတ္တပ္ပ = ဟိရီသြတ္တပ္ပ မရှိ”ဟူရာ၌ “လုံခြုံအောင် ဖုံးကွယ်ရမည့် အင်္ဂါကြီးငယ်တို့ကို မဖုံးကွယ်ခြင်း သက်သက်ကိုသာ အဟိရိက အနောတ္တပ္ပဟု ခေါ်သည်” ဆိုလျှင် မမှန်သကဲ့သို့ “၀တ်စားဆင်ယင်မှုသည် ဟိရီသြတ္တပ္ပတရားနှင့် မဆိုင်”ဟု ဆိုလျှင်လည်း မှားပါသည်။
မိမိ၏ ၀တ်စားဆင်ယင်မှုက မိမိကိုရော သူတစ်ပါးကိုပါ ရာဂတရား တိုးပွားစေမည်ဆိုလျှင် သို့မဟုတ် လူကြီးမိဘများကို မလေးစားရာ ရောက်နေမည်ဆိုလျှင် ထိုသို့သိပါလျက် မိမိနှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ၀တ်စားဆင်ယင်သူကို ဟိရိသြတ္တပ္ပ ကင်းမဲ့သူဟု မဆိုထိုက်ပေဘူးလား။

လောဘ,ဒေါသစသည် တိုးပွားစေသော မကောင်းမှုမှန်သမျှကို ပြုလုပ်ရမည်မှ ရှက်ရွံ့ကြောက်လန့် မနေဘဲ ပြုလုပ်ရဲရာ၌ အဟိရိက အနောတ္တပ္ပသဘော ပါဝင်ပါသည်။ တနည်းအားဖြင့် မကောင်းမှု ပြုလုပ်မိခြင်းမှန်သမျှ ဟိရီသြတ္တပ္ပ ကင်းမဲ့သွား၍ ဖြစ်ပါသည်။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အရှက် မရှိသူသည် မကောင်းမှုကို မရွံတတ်ပါ။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ သြတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့တတ်ပါ။ (မဟာဋီ၊၂၊၁၄၉။)
အမျိုးသမီးများ မလုံမခြုံဝတ်ဆင်ကြရာ၌ အချို့က Exhibitionism ဟူသော ဖုံးကွယ်အပ်သည့် အရာတို့ကို တမင်တကာ လှစ်ပြချင်သည့် စိတ်ရောဂါတစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသည်။ မိမိ၏ လှပမှုကို ပြချင်သည့်စိတ်၊ ထင်ပေါ်ချင်သည့် စိတ်များဖြင့် မလုံမခြုံဝတ်ဆင်ကြရာ၌ကား အလွန်အကျွံ မဖြစ်သင့်ပါ။ “ဣတ္ထီနဉ္စ ဓနံ ရူပံ = မိန်းမတို့၏ ဥစ္စာသည် အဆင်းတည်း”ဟူသော နီတိဆရာတို့၏ စကားကား တစ်စိတ်တစ်ပိုင်း မှန်သော်လည်း နာတတ်လျှင် နာဖို့ကောင်းပါသည်။ မိန်းမများသည် အဆင်းလှမှသာ ဥစ္စာရှာနိုင် ရနိုင်သည်၊ အခြားအရည်အချင်းဖြင့် ဥစ္စာမရှာနိုင်ဟု အဓိပ္ပါယ်ရောက်နေ၏။ ထို့ကြောင့် အလှကို ပြဖို့ထက် အရည်အချင်းကို ပြနိုင်အောင် ကြိုးစားသည့်ပါသည်။

ဟိရီ သြတ္တပ္ပအကြောင်း ဆက်ရလျှင် ပုထုဇဉ်တို့၏ သန္တာန်၌ ဟိရီ သြတ္တပ္ပတရား နည်းပါးလေ မကောင်းမှုပြုမိလေ၊ မကောင်းမှု ပြုသူများလေ လောကကြီးပျက်စီးဖို့ အကြောင်းများလေ ဖြစ်ရကား ဟိရီ သြတ္တပ္ပဟူသော လောကပါလ တရားများ တိုးပွားအောင် မည်ကဲ့သို့ လေ့ကျင့်ရမည်ကို အမြွက်မျှ ဖော်ပြလိုပါသည်။
ဟိရီဖြစ်ရန် မိမိကိုယ်ကို အလေးအမြတ်ပြု၍ စဉ်းစားရ၏။ သြတ္တပ္ပဖြစ်ရန် သူတစ်ပါးကို အလေးအမြတ် ပြု၍ စဉ်းစားရ၏။
ဟိရီဖြစ်ရန် မိမိကိုယ်ကို မဏ္ဍိုင်ပြု၍ “မိမိ၏ ၁။ အမျိုးဇာတ် ၂။ အသက်အရွယ် ၃။ ရဲရင့်သည်၏အဖြစ် ၄။ ဗဟုသုတရှိသည်၏အဖြစ်တို့ကို ဆင်ခြင်၍ ဟိရီကို မွေးမြူရ၏။
(၁) မျိုးရိုးညံ့ဖြင်းသူတို့သာ ဤကဲ့သို့သော မကောင်းမှုများကို ပြုလုပ်ကြသည်၊ ငါတို့မျိုးရိုးတွင် ဤကဲ့သို့ ပြုလုပ်သူမရှိ၊ မျိုးရိုးမြင့်မြတ်သူတို့သည် ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်ကောင်း၊
(၂) ဤသို့သော မကောင်းမှုများကို အသိဉာဏ်မရင့်ကျက်သေးသော ငယ်ရွယ်သူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အရွယ်ရောက်ပြီးသူအဖို့ ဤသို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၃) ဤသို့သော မကောင်းမှုများကို ခွန်အားနည်းသူတို့သာ ပြုလုပ်ကြ၏။ ငါကဲ့သို့ ရဲရင်တည်ကြည်သူ အဖို့ ဤကဲ့သို့ မလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း၊
(၄) ဤသို့သော မကောင်းမှုများကို အသိဉာဏ် ဗဟုသုတမရှိသူများသာ ပြုလုပ်ကြ၏၊ ငါကဲ့သို့သော အသိဉာဏ် ဗဟုသုတရှိသူအတွက် ဤကဲ့သို့ မပြုလုပ်သင့်ဟု ဆင်ခြင်၍လည်းကောင်း ဟိရီကို မွေးမြူရ၏။
သြတ္တပ္ပဖြစ်ရန် လောကကို ဗဟိုပြု၍ “ငါသည် ဤကဲ့သို့သော မကောင်းမှုကို ပြုလိုက်လျှင် လူအများက ကဲ့ရဲ့ကြလိမ့်မည်ဟုလည်းကောင်း၊ ငါ့ကိုအကြောင်းပြု၍ ငါ့မိဘ ငါ့ဆရာသမား ငါ့ဆွေမျိုး ငါ့အပေါင်းအသင်းများလည်း အကဲ့ရဲ့ခံရလိမ့်မည်ဟုလည်းကောင်း ဆင်ခြင်၍ သြတ္တပ္ပကို မွေးမြူရ၏။
ငါ ဤမကောင်းမှုကို ပြုလိုက်လျှင် “မလုပ်သင့်သည်ကို လုပ်မိလေခြင်း”ဟု မိမိကိုယ်ကို အပြစ်တင် ဝေဖန်မိခြင်း-ဟူသော အတ္တာနုဝါဒဘေး၊ သိသူမြင်သူများက ကဲ့ရဲ့ပြစ်တင် ဝေဖန်ကြခြင်းဟူသော ပရာနုဝါဒဘေး၊ ပြစ်မှုမြောက်လျှင် အရေးယူခံရခြင်းဟူသော ဒဏ္ဍဘေး၊ သေပြီးနောက် အပါယ်သို့ လားရောက်ရခြင်းဟူသော ဒုဂ္ဂိဘေးများ တွေ့ကြုံရနိုင်၏ဟု ဆင်ခြင်၍လည်း သြတ္တပ္ပကို မွေးမြူနိုင်သည်။

နိဂုံးချုပ်ပါတော့မည်။ “အကုသိုလ် ဒုစရိုက်အရာ မဟုတ်ပါဘဲလျက် ဘုရားသွား ကျောင်းတက် ဥပုသ်စောင့် တရားနာ စသော ကုသိုလ်ကောင်းမှုနှင့် ဆိုင်သော အရာတို့၌ ရှက်စနိုး ကြောက်ရွံ့၍ တွန့်ဆုတ်ဆုတ် လုပ်တတ်သော အမူအရာမျိုးလည်း ရှိတတ်သေး၏။ ထိုအမူအရာမျိုးကား ဟိရီ သြတ္တပ္ပ မဟုတ်၊ မာယာသဘောသာတည်း၊ တရားကိုယ်မှာ မောဟနှင့် တဏှာ ပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်ပင် ဖြစ်သည်။ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဒုစရိုက်ကို ပြုပြီးနောက် သူတစ်ပါးတို့ သိ၍ ရှက်ကြောက်မှုမျိုးကား ဒေါမနဿပြဓာန်းသော အကုသိုလ်စိတ္တုပ္ပါဒ်သာတည်း။

ဆရာသမား လူကြီးသူမများကို မထီလေးစား မဖြစ်ရအောင် အလေးပြုသည့်အတွက် ရှက်ကြောက်သော အမူအရာ၊ ကိုယ်လက် အညစ်အကြေးသုတ်သင်ရာ စသည့် ရှက်ကြောက်သင့်သော အရာဌာနတို့၌ ရှက်ကြောက်သော အမူအရာတို့ကား ဟိရီ သြတ္တပ္ပ အစစ်သာ ဖြစ်သည်။” (နိဗ္ဗာနဂါမိနိပဋိပဒါ- စတုတ္ထတွဲ)ဟူသော အဆုံးအဖြတ်ကို မှတ်သားကာ…
မစင်ပေနေသော သံလုံး နှင့် ရဲနေအောင် မီးဖုတ်ထားသော သံလုံးဟု သံလုံးနှစ်လုံးရှိရာ အသိဉာဏ်ရှိသူသည် မစင်ပေနေသော သံလုံးကို စက်ဆုပ်ရွံရှာသောကြောင့် မကိုင်သကဲ့သို့ မိမိသန္တာန်၌ မကောင်းမှုကို ရှက်ရွံ့စက်ဆုပ်ခြင်း ဟိရီဖြစ်အောင်၊ မီးဖုတ်ထားသော သံလုံးကို ပူမှာကြောက်သောကြောင့် မကိုင်သကဲ့သို့ အပါယ်ဘေးဆိုးကြီးမှ ကြောက်သော သြတ္တပ္ပဖြစ်အောင် ကြိုးစားကာ မကောင်းမှုများမှ ရှောင်ကြဉ်နိုင်ကြပါစေ။


အရှင်ကောဝိဒ (ယော)
http://www.myatpanyagon.com/

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ

၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး"

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ"

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ"

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ


Ref: everjokes

အောင်ခမ်း ( ရိုးရာလေး )

အိမ်မွေး တိရစ္ဆာန်များကြောင့် ကလေးများ၏ ကျန်းမာရေးကို ကောင်းမွန်စေသော နည်းများ


အိမ်မွေးတိရစ္ဆာန် ခွေးလေး၊ ကြောင်လေးတွေ ရှိတာကြောင့် ကလေးတွေရဲ့ စိတ်နဲ့ ခန္ဓာကို အောက်ပါနည်းလမ်းတွေနဲ့ အကျိုးပြုနေပါတယ်။

ကြံ့ခိုင်သန်းစွမ်းမှု ရရှိစေခြင်း

ခွေးပိုင်ရှင် သုံးထောင် အပါအဝင် လူငါးထောင်ကို လေ့လာတဲ့ ဗြိတိန် လေ့လာမှုတစ်ရပ်အရ ပျမ်းမျှအားဖြင့် ခွေးပိုင်ရှင်တွေဟာ တစ်ပတ်မှာ အချိန်ရှစ်နာရီထက် ပိုပြီး ခွေးနဲ့အတူ လမ်းလျှောက်ဖြစ်တယ်လို့ သိရပါတယ်။ ခွေးရှိတဲ့ မိသားစုက ကလေးငယ်နဲ့အတူ မိသားစုစုံညီ လမ်းလျှောက်ဖြစ်ကြပါတယ်။ ယေဘုယျအားဖြင့် အိမ်မှာ ခွေးမရှိတဲ့ ကလေးအများစုက ကွန်ပျူတာရှေ့၊ တီဗွီရှေ့မှာ အချိန်ကုန်တာ များတယ်လို့ သိရပါတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန် မွေးတာက ကလေးတွေ အပါအဝင် မိသားစုတစ်ခုလုံးကို ကြံ့ခိုင်သန်စွမ်းစေပြီး ကျန်းမာရေး ကောင်းမွန်စေပါတယ်။

ဉာဏ်ရည်ကို ကောင်းမွန်စေခြင်း

လေ့လာမှုများစွာအရ ခွေးတွေ မွေးထားတာကြောင့် ကလေးတွေနဲ့ လူကြီးတွေကို အထီးကျန်မှု ကင်းစေပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။ တွေးခေါ်မြော်မြင်နိုင်စွမ်း လျော့နည်းနေတဲ့ လူနာတွေမှာ အိမ်မွေးတိရစ္ဆာန် မွေးလိုက်တာကြောင့် အစာကောင်းကောင်း စားပြီး ကိုယ်အလေးချိန် တက်လာတာကို တွေ့ရတယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။ ကလေးတွေမှာတော့ ဦးနှောက်ရဲ့ လုပ်ငန်ဆောင်တာ ကောင်းမွန်ပြီး မှတ်ဉာဏ် ကောင်းမွန်စေပါတယ်။

နှလုံးကျန်းမာရေး ကောင်းစေခြင်း

အိမ်မွေးတိရစ္တာန် မပိုင်တဲ့ သူတွေနဲ့ ယှဉ်ရင် အိမ်မွေးတိရစ္ဆာန်ရှိသူတွေက သွေးဖိအား လျော့ကျမှု ရှိပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေတာကြောင့် နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေပါတယ်။ လေ့လာမှုတစ်ရပ်အရ ငှက်တွေနဲ့ ငါးတွေကို မွေးရင်လည်း အလားတူ နှလုံး အကျိုးပြုတဲ့ အာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။ ကလေးတွေမှာ နာမကျန်း ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှု သက်သာစေခြင်း

အိမ်မွေးတိရစ္ဆာန်လေးတွေက အဖော်ရစေတဲ့အပြင် စောင့်ရှောက်ရတာကြောင့် စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်မှ ထွက်ရှိမှု တိုးစေပြီး ပျော်ရွှင်မှုကို ရရှိစေပါတယ်။ လေ့လာမှုတွေအရ အိမ်မွေးတိရစ္ဆာန် ရှိတာကြောင့် ကလေးငယ်တွေမှာ အထီးကျန်ဖြစ်ကာ ပျင်းရိငေးမှိုင်နိုင်ခြေ လျော့နည်းကြောင်း သိရပါတယ်။

မိတ်ဆွေ အပေါင်းအသင်း တိုးစေခြင်း

လေ့လာမှုတွေအရ အိမ်မွေးတိရစ္ဆာန်နဲ့အတူ ကြီးပြင်းခဲ့တဲ့ ကလေးငယ်တွေဟာ ပေါင်းသင်းဆက်ဆံရေး အရည်အသွေး မြင့်တက်ပြီး လူဝင်ဆန့်ကာ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် မြင့်မားတယ်လို့ သိရပါတယ်။

ကိုယ်ခံစွမ်းအားစနစ် မြင့်တက်စေခြင်း

ကလေးတွေဟာ တစ်နေ့ ခွေးလေးတစ်ကောင်ကို တွေ့မြင်ရရုံနဲ့ ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ရပ်အရ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ မိသားစုက ကလေးငယ်တွေဟာ အိမ်မွေးတိရစ္ဆာန် မွေးမထားတဲ့ မိသားစုက ကလေးငယ်တွေထက် ကျောင်းပျက်ရက် နည်းတာကို တွေ့ရပါတယ်။ အစောပိုင်း လေ့လာမှုတစ်ရပ်အရ အိမ်မွေးတိရစ္ဆာန်ရှိတဲ့ ကလေးတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေနည်းပြီး ပန်းနာရင်ကျပ် ဖြစ်နှုန်း လျော့ကျတာကို တွေ့ရပါတယ်။


By Good Health
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

အသံဝင်လျှင် သတိပြုပါ အသံအိုး ကင်ဆာ


အသက် (၄၀) ကျော် အမျိုးသားများတွင် အသံအိုးကင်ဆာများ အဖြစ်များလျက်ရှိပြီး စောစီးစွာ ကုသခြင်းမပြုပါက အသက်ဆုံးရှုံးနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းထိုက်ကြည်က သတိပေး ပြောကြားလိုက်သည်။ အသံအိုးကင်ဆာသည် ဆေးလိပ်နှင့် အရက်သောက်သုံးခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး အသက် (၄၀) ကျော် အမျိုးသားများ၊ အမျိုးသမီးများနှင့် ဆေးလိပ်၊ အရက် မသောက်သုံးသော သူများတွင်လည်း ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။



အဖြစ်များ ကင်ဆာ အဆင့်-၅၊ ၆ နေရာတွင် ရှိနေ

အမျိုးသားများတွင် အဖြစ်များဆုံး ကင်ဆာမှာ အဆုတ်ကင်ဆာဖြစ်ပြီး အစာမျိုပြွန်ကင်ဆာနှင့် အသံအိုးကင်ဆာ ဖြစ်ပွားမှုမှာ အဆင့်- ၅ နှင့် အဆင့်- ၆ တွင်ရှိကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာ အမျိုးသားတွေ အဖြစ်များဆုံး ကင်ဆာကတော့ အဆုတ်ကင်ဆာ ဖြစ်တယ်။ အစာမျိုပြွန်ကင်ဆာနဲ့ အသံအိုးကင်ဆာကတော့ အဆင့် ၅၊ ၆ လောက်မှာ ရှိတယ်။ အသံအိုးကင်ဆာကတော့ အရက်သောက်၊ ဆေးလိပ်သောက်တဲ့ သူတွေမှာ ပိုဖြစ်တတ်တယ်” ဟု ဒေါက်တာဝင်းထိုက်ကြည်က ပြောသည်။

အဖြစ်များသော လည်ပင်းကင်ဆာများ

လည်ပင်းနှင့် ပတ်သက်၍ အသံအိုးကင်ဆာ အဖြစ်များပြီး အစာမျိုပြွန်အဝကင်ဆာနှင့် သိုင်းရွိုက်ကင်ဆာများလည်း အဖြစ်များကြောင်း သိရသည်။

အသံဝင်တာက အစပြု

အအေးမိခြင်း၊ စကားပြောများခြင်းနှင့် ဖုန်မှုန့်များ၊ မီးခိုးငွေ့များ ရှူမိပါက အသံဝင်ခြင်း ဖြစ်ပွားလေ့ရှိသော်လည်း အသံအသုံးများသောသူများ ဖြစ်ကြသော ဈေးသည်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ အဆတော်များ၊ စာအော်ကျက်သော အလေ့အထရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ယာဉ်နောက်လိုက်များမှာလည်း အသံဝင်ခြင်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အသံအိုးကင်ဆာကြောင့် အသံဝင်သည်ကို အဆိုပါ အကြောင်းခြင်းရာများကြောင့်အသံဝင်သည်ဟု ထင်မြင်၍ ပေါ့ဆမိပါက ရောဂါမှာ ရင့်လာပြီး အသက်ဆုံးရှုံးနိုင်ကြောင်း သိရသည်။

ရောဂါနုပါက ရာနှုန်းပြည့် ပျောက်ကင်းနိုင်

အသံအိုးကင်ဆာမှာ ရောဂါနုစဉ် လာရောက်ကုသပါက ၁၀၀ ရာနှုန်းပြည့် ပျောက်ကင်းနိုင်ကြောင်း သိရသည်။ “အသံဝင်တာကို ပေါ့ပေါ့နေရင် ပိုဆိုးလာပြီးတော့ လည်ပင်းမှာ အကျိတ်တွေ၊ ဘာတွေ ထွက်လာတယ်။ အဲဒီအချိန်ရောက်မှ ဆရာတို့ဆီကို ရောက်လာကြတာ များတယ်။ တချို့တွေကျတော့ အသက်ရှူကျပ်တဲ့ အဆင့်ရောက်မှ လာကြတာတွေလဲ ရှိတယ်။ အဲဒီအဆင့်တွေ ရောက်မှဆိုရင်တော့ အသက်အန္တရာယ်ရှိတယ်။ ရောဂါနုတုန်း လာပြရင် ရာနှုန်းပြည့်နီးပါးလောက် ပျောက်အောင် ကုနိုင်တယ်” ဟု ဒေါက်တာ ဝင်းထိုက်ကြည်က ပြောသည်။

အသံအိုးကင်ဆာ စစ်ဆေးပါ

အသံဝင်တာ သုံးပတ်ထက်ကြာလျှင် အသံအိုးကင်ဆာဟုတ်၊ မဟုတ်စစ်ဆေးမှု ပြုလုပ်သင့်ကြောင်း သိရသည်။ “ဒီကင်ဆာကြောင့်ဖြစ်တဲ့ အသံဝင်တာနဲ့ ရိုးရိုးအသံဝင်တာနဲ့ ဘာကွာလဲဆိုတော့ ရိုးရိုးအသံဝင်တာက အသံဝင်တာဝင်လိုက်၊ ပျောက်လိုက်ပဲ။ အသံက ကောင်းလာလိုက်၊ တိမ်သွားလိုက်ပဲ။ အသံအိုးကင်ဆာကတော့ ဝင်ပြီးကတည်းက တောက်လျှောက် ပြန်မကောင်းဘူး။ သုံးပတ်လုံးလုံး မကောင်းဘူး။ နောက်တစ်ခုက အမျိုးသားလဲဖြစ်မယ်၊ အသက် (၄၀) အထက်လဲ ဖြစ်မယ်ဆိုရင်တော့ အသံဝင်တာ သုံးပတ်ကြာရင် ဆေးရုံမှာ ပြကိုပြသင့်တယ်” ဟု ပြောသည်။

ရောဂါနုရင် ပျောက်ကင်းနိုင်

အသံအိုးကင်ဆာ ဟုတ်မဟုတ် သေချာအောင် အသားစယူ၍ စစ်ဆေးနိုင်ပြီး ကင်ဆာဖြစ်ကြောင်း သိရလျှင် ရောဂါသည် လည်ပင်း၊ အဆုတ်နှင့် အသည်းများသို့ မပျံ့နှံ့သေးပါက ခွဲစိတ်ရန်မလိုဘဲ ဓာတ်ရောင်ခြည်ပြပြီး ကုသနိုင်ကြောင်း သိရသည်။ “ဆရာတို့ဆီမှာ အဲဒီလို လူနာတွေ အများကြီးရှိတယ်။ ကင်ဆာ ဟုတ်မဟုတ် မှန်ပြောင်းကြည့်ပေးတယ်။ နောက်အသားစယူပေးတယ်။ နောက်လည်ပင်းတွေ၊ ဘာတွေ ပျံ့ မပျံ့ စစ်ဆေးပေးတယ်။ ပြီးရင် ဓာတ်ရောင်ခြည်ပြပြီးတော့ ကုလို့ရတဲ့ဌာန ရန်ကုန်ဆေးရုံကြီးကို လွှဲပေးတယ်။ ရောဂါနုတုန်းကုရင် ပျောက်ကင်းနိုင်တယ်” ဟု ဆက်လက် ပြောသည်။

ကောလာဟလတွေ မယုံပါနဲ့

ကင်ဆာရောဂါ ဖြစ်ပွားသူများအား ဓာတ်ရောင်ခြည်ကုသမှုနှင့် ပတ်သက်ပြီး အရပ်ထဲတွင် အမျိုးမျိုး ပြောဆိုနေကြသော်လည်း အဆိုပါ ကောလာဟလများအား မယုံကြည်သင့်ကြောင်း ဒေါက်တာဝင်းထိုက်ကြည်က ဆက်လက် ပြောကြားသည်။ “အရပ်ထဲမှာ ဓာတ်ရောင်ခြည်နဲ့ ပတ်သက်ပြီး တအားပြောကြတာပဲ။ ကင်ဆာဖြစ်လို့ ဓာတ်ရောင်ခြည်ပြရင် ခြောက်လပဲခံတယ်တို့၊ လူဟာ ပိန်ခြောက်ပြီးတော့ သေတာပဲတို့၊ ကင်ဆာဆေးတော့ဖြင့် မသုံးပါနဲ့တို့၊ ဓာတ်ရောင်ခြည်တော့ဖြင့် အပြမခံနဲ့ အသေသာ ခံလိုက်တော့တို့၊ အဲဒါမျိုး ကောလာဟလတွေ ခေတ်စားနေတယ်ပေါ့နော်။ တကယ့် အစစ်အမှန်ကတော့ ရောဂါနုတုန်း ဓာတ်ရောင်ခြည် အပြခံလိုက်ရင် လူနာဟာ ဝေဒနာခံတော့ ခံရတယ်။ ဒါပေမဲ့ သိပ်မဆိုးဘူး။ ဥပမာ- အစားအသောက်ပျက်မယ်။ အရသာပျက်မယ်။ လည်ပင်းမှာရှိတဲ့ အရေပြားလေးတွေ ပူမယ်၊ စပ်မယ်။ အဲလောက်ပဲ ခံစားရမယ်။ ခြောက်လပဲ ခံမယ်ဆိုတာ မဟုတ်ဘူး။ ဓာတ်ရောင်ခြည်ပြလိုက်လို့ရှိရင် သက်တမ်းစေ့ နေသွားရနိုင်တယ်” ဟု ရှင်းပြခဲ့သည်။


နွေဦးလင်း၊ ခင်သက်မွန်
By Flower News Journal

အလှူအတန်းလေးတခုပါ

မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခုထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 

အဲဒီအလှူက ငွေကြေးအကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ရပါတယ်။ အချိန်လေးနည်းနည်းလောက် ပေးနိုင်ရင်ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း(ခဝဲခြံ)က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။ မျက်မမြင်ကျောင်း(ခဝဲခြံ)မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသား၇၁ဦးရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာသင်ကြားနေတဲ့ ကျောင်းသား ၇၉ဦးရှိပါတယ်။ အဲဒီ မျက်မမြင်ကျောင်းသားတွေ ဖတ်နိုင်အောင်လို့စီမံထားတဲ့ မျက်မမြင်စာအုပ်တွေရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တုတွေကို မျက်မမြင်စာအုပ်ထုတ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် Talking Bookအဖြစ်နဲ့ ထုတ်ဝေဖို့စီစဉ်တာပါ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသစာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Bookအဖြစ် ပြောင်းလဲထုတ်ပေးပါတယ်။ အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်တဲ့အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်အားတဲ့အားလပ်ရက်တွေမှာ ကျောင်းမှာရှိတဲ့ အသံသွင်းခန်းမှာသွားရောက်ပြီး အသံဒါနပြုနိုင်ပါတယ်။ Talking Bookအဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာအဆင်သင့်ရှိနေပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာမူတည်ပြီး ဆောင်းပါးတစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းကစပြီး လုံးချင်းစာအုပ်တွေအထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေအနေနဲ့ ကိုယ်တိုင်အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်းနိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံအရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။ 

အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ် 
ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) 
အမှတ် – ၁၆၅၊ ဗဟိုလမ်း ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ 
အီးမေးလ် mcfb@mptmail.net.mm ကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက်မှာလည်း လေ့လာနိုင်ပါတယ်။ 

မဆီမဆိုင်ပဲပြောရမလား …. အဆိုတော် လေးဖြူရဲ့ “သင်၏နားကိုငှားပါ”ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့်အနေနဲ့ “သင့်မျက်လုံးကို ငှားပါ” လို့ ပြောလိုက်ချင်ပါတယ်။

Shared from Myawady News (FB)

အများသိချင်နေတဲ့ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်း


မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။

ဒါပေမဲ့ဦးဇင်းမဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်
မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။

ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်း ရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီးအောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။
မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲ
တုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။

တဖန်ထိုရေပြင်ရေခဲတုံးကြီးကိုယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။ ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်းတည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။

စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊(၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး
တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာအနက်ဟာယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။
အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေအနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊ (၂)ထောင်ရှိပါတယ်။
သမုဒ္ဒရာရဲ့အလယ်တည့်တည့်မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာ ရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။

ထိုသမုဒ္ဒရာ၏ပတ်ဝန်းကျင်တွင်သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ်ဝက်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြားကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇)ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ကျွန်းကို
အရှေ့ကျွန်း၊အနောက်ဘက်ကိုအနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။

ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်းကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်
ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။

ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။ စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။
နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက်ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင်များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။

တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ် တစ်ခုလို့ခေါ်ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။

မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာ တစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။

ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။
ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။

အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်းအနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက aတာင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊

အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင်အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်း
အရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများမရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာသာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်းမပွင့်ကြလို့ မရှိကြတာပါ။

အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာ တိုက်တစ်သောင်းက နတ်ဗြဟ္မာတွေတရားနာလာကြတယ်ဆိုတာကို တွေ့ရှိနိုင်
ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။

အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်းလူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ
အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ဒါကတော့ စကြာဝဠာအကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။

မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော် မူခဲ့တာပါ။ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်
သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလတွင် ဒုတိယဈာန်ဘုံစတဲ့ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။

ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင်သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ်
ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။

တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေ လုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင်လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီးမားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေသာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။

ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသား တစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေးရတဲ့မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။

မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့မှန်ဘီးလူးထက် သာတယ်ဆိုတာ မင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်းခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။

ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉)

http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.htmlမှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့

အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကိုဝယ်ဖတ်ပါ။အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့်ဦးဇင်းလည်း ၀ယ်ဖတ်မရလို့ သေချာ
ပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများဝယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။

မှတ်ချက်-- ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်း ဖြစ်တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
စာဖတ်သူအားလုံးဗဟုသုတကြွယ်ဝကာမိမိဘာသာကိုပိုမိုလေ့လာယုံကြည်ပြီး
သကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကိုလည်း နေ့စဉ်မပြတ်ပြုလုပ်ပြီးပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ဆန္ဒပြုဆုတောင်းပေးနေလျက်……။


အရှင်ကောမလ(ခ)ဆန်နီနေမင်း

Sanninaymin@gmail.com

http://www.sanninaymin.com/

ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။