Wednesday, December 25, 2013

"မိဂဒါဝုန်တွင် ဘုရားရှင် အသုံးချခဲ့သောမူ"



“သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားအောင်လုပ်တာပဲ။
အရေးကြီးတာက ကိုယ့်ဝါဒကို ကျယ်ပြန့်ထွန်းကားစေချင်ရင်သူ့ဝါဒဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး။
ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို သူတို့ရဲ့ မိရိုးဖလာအယူဝါဒ ဓလေ့ထုံးဆိုတာ
ရှိတယ်။
ဒါတွေကို ‘အလကား မိစ္ဆာဝါဒတွေ၊ ရူးကြောင်ကြောင် အလုပ်တွေ’ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။

မြတ်စွာဘုရားပွင့်တော်မူလာတဲ့အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာဝါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ရှုပ်ကို ထွေးနေတာပေါ့။
ဒီကြားထဲမှာ ဘုရားရှင် ဘယ်လို သာသနာပြတော်မူသွားတယ် ဆိုတာ မျက်ခြည်မပြတ်စေနဲ့။ လေ့လာရတယ်၊ အတုယူရတယ်။ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတူယူ ကျင့်သုံးမှာပေါ့။ အရှင်ဘုရားတို့ သိက္ခာပုဒ်တွေထဲမှာ မြတ်မနုတ်ရ၊ သစ်ပင်မခုတ်ရ
ဆိုတာမျိုးတွေ တွေ့တယ် မဟုတ်လား”

“ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း။
ဒါပေမယ့် မြတ်စွာဘုရားက “အဲဒါတွေ မလုပ်ရလို့” ဘာလို့ ပညတ်ထားသလဲ။
အကျိုး မရှိဘဲနဲ့ မပညတ်ဘူး။ အကျိုးရှိလို့ ပညတ်တာ။
အဲဒီခေတ်မှာဖြစ်တယ် တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲတစ်ခုက “သစ်ပင်ကိုခုတ်ထစ်တာဟာလည်း ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တဝါကို ညှဉ်းဆဲတာပဲ” လို့ မှတ်ကြတာ” (ဣနြေ္ဒ = အသက်)။

“အဟိံသာ ပရမော ဓမ္မော မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရားဆိုတာ ဒီလိုအယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။
ဒါကိုဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့်သေးဘဲ မထိရောက်သေးဘဲ သူ့များဝါဒနဲ့ ဆန့်ကျင်ဘက်လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ်သူတောင် ရှိမှာ မဟုတ်လို့ သစ်ပင်မခုတ်ဖို့ ဗုဒ္ဓက ပညတ်တော်မူတာ။
ဒီလို ပညတ်လို့ ကိုယ့်ဝါဒမှာလည်း ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်”

“ဝေဖန်တယ် ပိုင်းခြားတယ်ဆိုတာဟာ အဘိဓမ္မာတစ်ရပ်ကို တင်ပြတာပဲ။ အဲဒီတော့ အမှန်နဲ့ အစားထိုးပြနိုင်မှ အသက်ဝင်တာ။
အသက်ဝင်မှလည်း အသက်ရှင်တယ်။
ဗုဒ္ဓဝါဒ ဒီနေ့ထိအသက်ရှင်နေတာဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရားရဲ့ တရားဦးဖြစ်တဲ့ ဓမ္မစကြာကို လေ့လာကြည့်မယ်ဆိုရင် ..
ပထမ အစွန်းတရားနှစ်ပါး ဆိုတဲ့ အမှားနှစ်မျိုးကို ထောက်ပြတယ်။
ပြီးတော့ အဲဒီအမှားကို မဇ္ဈိမပဋိပဒါဆိုတဲ့ အမှန်နဲ့ အစားထိုးပေးတယ်။
ဒါကြောင့်လည်း ဗုဒ္ဓအဘိဓမ္မာဟာ ဒီနေ့အထိ ဘယ်ပညာရှင်ကမှ
ငြင်းပယ်လို့ မရနိုင်တဲ့ အမှန်တရားအဖြစ် ရပ်တည်နေနိုင်တာပါ”

“မြတ်စွာဘုရား မပွင့်ခင်က ဝါဒတစ်ခုပေါ်လိုက်၊ အဲဒီဝါဒကို နောက်ပုဂ္ဂိုလ်က အမှားလို့ ဝေဖန်လိုက်၊ ပြီးတော့ ခုခံသူက ပြန်ခုခံလိုက်နဲ့ ..
ဝါဒတွေဟာ လုံးချာလိုက်နေတာပဲ။
ဘယ်သူ့ဝါဒ အမှန်ဆိုတာတော့ ဘယ်ပညာရှင်မှ အတိအကျ မဆုံးဖြတ်နိုင်ခဲ့ဘူး။
မှားတယ်လို့ ပြောဖို့ဆိုတာက လိုအပ်ချက်တွေကို ပေးစွမ်းနိုင်မှုမရှိရင် ဒါဟာမှားနေတယ်, မမှန်ဘူးလို့ ပြောနိုင်တာပဲ။ ဝါဒတစ်ခု ပေါ်ပေါက်တယ်ဆိုတာကလည်း လောကရဲ့ ဒုက္ခကို ကုစားဖို့ ပေါ်လာရတာကိုး၊”

“ဒီဒုက္ခကို တကယ်ပျောက်ကင်းအောင် ကုစားမပေးနိုင်ဘူးဆိုရင် ဒါကိုမှားတယ်လို့ ဘယ်သူမဆို ပြောနိုင်တာပဲ။
ဒါဖြင့် ဘာက မှန်သလဲလို့ ပြန်ပြီး မေးခွန်းထုတ်တဲ့အခါကျမှသာ
ကိုယ်က အစားထိုးမပြနိုင်တာ။
မြတ်စွာဘုရားကျတော့ ဒီလိုမဟုတ်ဘူး။
အမှားကိုလည်း ထောက်ပြတယ်၊ အမှန်နဲ့လည်း အစားထိုးနိုင်တယ်၊ ဒီအမှန်ကလည်း ဒုက္ခငြိမ်းမှုကို ပေးစွမ်းနိုင်လို့ လောကရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်။ ဒါကြောင့် အသက်ဝင်ပြီး အသက်ရှင်နေတာပေါ့”

“သူ့လက်ထဲမှာ ဝတ်ထားတဲ့ ချက်ကျောက်ကြီးကို ဒါအတုကြီးပဲ ဆိုပြီး ဆွဲမချွတ်လိုက်နဲ့၊ သူများလှတာ မနာလို လို့လားဆိုပြီး လက်ကို ပုတ်ချလိမ့်မယ်။
ကိုယ့်မှာရှိတဲ့ စိန်အစစ်ကို လက်တွေ့ပြ၊ ဒါ စိန်အစစ်ပဲလို့ သူနားလည်အောင် ပြောပြနိုင်ရင် သူ့လက်က စိန်အတုကြီးကို သူကိုယ်တိုင် ချွတ်ပြီးလွှင့်ပစ်လိမ့်မယ်။
အဲဒါကြောင့် သူများ အမှားကို ပယ်ပယ်နယ်နယ်ကြီး အပုပ်ချသလို
ပြောနေမယ့်အစား ကိုယ်ပြောမယ့် အမှန်တရားကိုသာ အများနားဝင်အောင်
ရေရေလည်လည် ပြောပြဖို့ အရေးကြီးတယ်။
ဒါဟာ မိဂဒါဝုန်မှာ မြတ်စွာဘုရား အသုံးချခဲ့တဲ့မူပဲ”

( ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလာဘိဝံသ )

No comments:

Post a Comment