Wednesday, December 25, 2013

သာသနာပြုသည် ဆိုရာဝယ် (မဂ္ဂဇင်း ဆောင်းပါး)


သာသနာပြုသည် ဆိုရာဝယ်၏ယနေ့ခေတ် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်လောကတွင် အတွေ့ရအများဆုံး အသုံးပြုအများဆုံး
ပေါ်ပြူလာအဖြစ်ဆုံး ဝေါဟာရစကားလုံးမှာ `သာသနာပြု´ ဆိုသည့် စကားလုံးပင်ဖြစ်ပါသည်။ ယင်း`သာသနာပြု´ဆိုသည့် စကားလုံးကို သံဃာတော်များလောကတွင် သာမကပဲ လူပုဂ္ဂိုလ်များလောက သီလရှင် ဆရာကြီး ဆရာလေးများလောကနှင့် နောက်ဆုံး ထေရ၀ါဒ သာသနာတော်၏ ခလုပ်ဆူညှောင့်များ ဖြစ်ကြတဲ့ ဓါတ်ဆရာ, နတ်ဆရာ , ၀ိဇ္ဇာ, ဘိုးတော်များကပါ`သာသနာပြု´ဆိုသည့် အသုံးအနှုန်းကို ဖောဖောသီသီအသုံးပြုနေသည်ကိုတွေ့ရှိရပါတယ်။ကမ္ဘာ့ဘာသာများ ဖြစ်ကြတဲ့ ဟိန္ဒူ, ခရစ်ယာန်,ဂျိန်း, ရဟူဒီ,ဇိုရိုစတာ,အစ္စလာမ် အစရှိတဲ့ ဘာသာတွေမှာလည်း`သာသနာပြု´ (missionary)ဆိုပြီး အသုံးပြုနေကြပါတယ်။ ကမ္ဘာ့ရဲ့အဦးဆုံးသော စံပြသာသနာပြု ပုဂ္ဂိုလ်ကိုပြပါ ဆိုလျှင်တော့ မြတ်ဗုဒ္ဓကိုညွှန် ပြရမှာပဲ ဖြစ်ပါတယ်။ ”အတ္ထာယ ဟိတာယ သုခါယ ဒေ၀မနုဿာနံ ဗုဒ္ဓါလောကေ ဥပ္ပဇ္ဇတိ” ဆိုသည့်အတိုင်း လူတွေ,နတ်တွေ,ဗြဟ္မာတွေ သာမက တိရိစ္ဆာတွေပါမကျန် လောကသားအားလုံးတို့ရဲ့ လောကီ၊ လောကုတ္တရာ၊ မစ္စုပ္ပန်၊ သံသရာ နှစ်ဖြာသော အကျိုးဖြစ်စေရန်၊ အစီး
အပွားဖြစ်စေရန်နှင့်၊ မျက်မှောက်၊မျက်ကွယ် ချမ်သာခုခ အစစ်အမှန်ရစေရန် ကိုယ်ကျိုးမဖက် သူ့တပါး အကျိုးသက်သက်မျှ ပွင့်တော်မူလာခဲ့ရတာပါ။
မြတ်စွာဗုဒ္ဓဟာ မိမိတစ်ဦးတည်းအတွက်မျှသာ ဆိုရင် ဘုရားဖြစ်ရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းသော ကပ်ကမ္ဘာတိုင်အောင် သွေးချွေး ဘ၀တွေ အများကြီးရင်း ဆင်းရဲဒုက္ခခံကာ ပါရမီတော်တွေ ဖြည့်ကျင့်ဆည်းပူးစရာ မလိုဘဲ သုမေဓာ ရှင်ရသေ့ဘ၀မှာပင် ချမ်းသာမှုအစစ် နိဗ္ဗာန်နန်းကို စံမြန်းလိုက စံမြန်းနိုင်ပေမည့်လည်း လောကသားအားလုံးကို ကိုယ်တော်မြတ်နှင့်အတူ စာနာသနားတော်မူတာကြောင့် လောကသားအားလုံးအတွက် အများအကျိုး သီးသန့်မျှနှင့် သာမာန်သူတို့ မကြံစည်ဝံ့နိုင်လောက်အောင် ဘုရားဖြစ်ကြောင်း ပါရမီတော်တွေကို ပရဟိတသက်သက် ဖြည့်ကျင့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
မြတ်စွာဗုဒ္ဓ၏ သာသနာပြုလမ်းခရီးသည် ပန်းခင်းသောလမ်းချည်းသာ မဟုတ်ပေ ကြမ်းတမ်းသောခရီးကြမ်းကိုလည်း ဇွဲမလျှော့တမ်း ကြိုးစားပန်းစား မနေမနား လောကသားများအတွက် တစ်နေ့လျှင် နှစ်နာရီမျှသာ အနားယူတော်မူ၍ကျန်သည်အချိန်များစွာ
တို့အား  လောကကောင်းကျိုးဆောင်ရွက်ခြင်း တနည်းဆိုရသော် သာသနာပြုခြင်းဖြင့် သာလျှင် တန်ဘိုးရှိစွာ အချိန်ကို ကုန်လွန်စေတော်မူပါသည်။ မြတ်စွာဗုဒ္ဓရှင်တော်မြတ်ဟာ လောကဘုံးသားသတ္တ၀ါများ အကျိုးဖြစ်ထွန်းမည်ဆိုလျှင် နတ်ပြည်ကိုကြွရောက်ကာ သာသနာပြုတရားဟောကြားသလို `ဇမ္ဗုကတက္ကတွန်း´၏ မစင်တော ကိုပင် ကြွရောက်ကာ သာနာပြုခဲ့ပေသည်။ 

ထိုအချက်ကို မိမိတို့ခေတ် ရဟန်းသံဃာတော်တို့အနေနှင့် များစွာ အတုယူသင့်လှပါသည်။ မိမိတို့ရဟန်းလောကတွင် အချို့သော ရဟန်းတော်တို့သည် ကျော်ကြားလေလေ အောင်မြင်လေလေ အရှိန်အ၀ါကြီးထွားလေလေ အလုပ် လုပ်ချင်စိတ် သာသနာပြုချင်စိတ် မရှိဖြစ်ကာ ထိုအောင်မြင်ကျော်ကြားမှုကိုအများအတွက် သာသနာအတွက် အသုံးမချဘဲ မိမိတစ်ဦးတည်းအတွက်သာ အသုံးချနေကြပေသည်။ မိမိအောင်မြင်ရန် ကြိုးစားလာခဲ့သမျှသည် အမျိုးဘာသာသာသနာတော်အတွက် မဟုတ်ပဲ မိမိတစ်ဦးတည်းအတွက် အဆင်ပြေချမ်းသာစွာ နေထိုင်နိုင်ရန်အတွက်သာ ကြိုးစားခဲ့သလို ဖြစ်နေကြပါတယ်။ဒကာဒကာမများ၏ထောက်ပန့်မှုများဖြင့် ကြိုးစားခဲ့လို့အောင်မြင်မှုကို ရရှိသည့်အခါ မိမိမှာ ပြုလုပ်စရာမရှိတော့ဟုထင်မှတ်ကာ အလုပ်မလုပ်အေးဆေးစွာ နေထိုင်တော်မူကြပါတယ်။ ကြိုးစားမှုမှာအကျိုးမများပဲ အချီးနှီသာမြင်ရပါတော့တယ်။

မိမိလိုချင်သည့်အောင်မြင်မှုကို ရရှိပြီးဆုံးခြင်းသည်ပင် မိမိလုပ်လုပ်ဆောင်ရမည့် လုပ်ဆောင်သင့်သည့် တာဝန်ကို စတင်၍ ထမ်းဆောင်လုပ်ဆောင်ရခြင်း၏ အစသာဖြစ်သင့်ပါသည်”။
ဆင်းရဲကြီးစွာဖြင့်သင်ကြားလေ့လာလို့ဓမ္မာစရိယ,ဘီအေ,အမ်အေ,ဒေါက်တာအစရှိသည့်မိမိမျှော်မှန်းသည့်အောင်မြင်မှုကိုရရှိလာသောအခါ ထိုသင်ကြားတတ်မြောက်သည့် ပညာကို ပြန်လည်အသုံးချ အလုပ်လုပ်ရတော့မည့်အချိန်တွင် အလုပ်မလုပ်တော့ပဲ ရဟန်းကိစ္စပြီးသွားသည့်နှယ် အငြိမ်းစား ယူနေကြခြင်းသည် အမျိုးဘာသာ သာသနာတော်ကြီးအတွက် များစွာနစ်နာလှပါတယ်။ အမှန်တကယ်က အောင်မြင်မှုကို လက်ကိုင် ပြု၍ အမျိုးဘာသာ သာသနာတော်အတွက် တတ်စွမ်းနိုင်သမျှကြိုးစား ကြိုးပမ်းဆောင် ရွက်ရမှာဖြစ်ပါတယ်။

မြတ်စွာဗုဒ္ဓသည် လောကီမျက်စိနှင့်ကြည့်မည်ဆိုပါက အမျိုးလေးပါးတို့တွင် အမြင့်မားဆုံးဖြစ်သည့် ခတ္တိယနွယ်ဖွား စကြာမင်းလောင်းလျာဖြစ်ပါတယ်။စကြာမင်းဆိုသည်မှာ လောကလူ့ဌာနတွင် အဆင့်အမြင့်ဆုံးသောအဆင့်ပင် ဖြစ်ပါတယ်။ လောကုတ္တရာမျက်စိဖြင့် ကြည့်ပါကလည်း လောကသုံးပါးတွင် အတုမရှိသည့် သဗ္ဗညုဥာဏ်ရှင် ဘုရားစင်စစ်ဖြစ်တော်မူသာကြောင့် လူ,နတ်,ဗြဟ္မာ, သတ္တ၀ါ ဟူသမျှအနန္တတို့တွင့် အမြင့်မြတ်သော အဆင့်ပင်ပင်ပါသည်။ ထိုကဲ့သို့ ကောကီ လောကုတ် နှစ်ဖြာပြည့်စုံ အမြတ်ဆုံးပင်ဖြစ်ပါသော်လည်း ဘုရားရှင်သည် အေးအေးဆေးဆေး နေတော်မမူပဲ လောကသားတို့ရဲ့ ပစ္စုပ္ပန်,တမလွန် နှစ်တန်သော အကျိုး,အစီးအပွား, ချမ်သာခြင်းတို့အတွက် ကမ္ဘာပေါ်တွင် အလုပ်လုပ်ဆုံးဟု ဆိုရလောက်အောင်ပင် မိမိအကျိုးမဖက် သူတပါးကောင်းကျိုး သက်သက်မျှဖြင့် မနေမနားကြိုးစားကာ သာသနာပြုတော်မူခဲ့ပါသည်။ မိမိတို့ ရဟန်းတော်များအနေနဲ့ ဘုရားရှင်၏ တပည့်သာဝက များပီသစွာ အများအကျိုး ရွက်သည်ပိုး၍ သာသနာပြုရန် အလွန်ပင်လိုအပ်လှပါသည်။

ယနေ့မိမိတို့မြန်မာနိုင်တော်ရှိ ရဟန်း သံဃာတော်တို့သည် ရှေ့ယခင်ခေတ်အခါက ရဟန်းသံဃာတော်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အလုပ်လုပ်ကြသော (တနည်း) သာသနာ ပြုရဟန်းတော်များများစွာ အားနည်းနေသေးသည်ကို တွေ့ရှိရပါသည်။အရေအတွက် တိုးပွားလာသော်လည်း သာသနာပြုလိုသည့် အရည်အသွေးအရည့်အချင်းသာ သာသနာပြုစိတ်ဓါတ်များမှာ ထိုးကျလို့နေပါသည်။ရှေ့ခေတ်အခါက ဗန်မော်ဆရာတော်၊ငါးခုံဆရာတော်၊ဆရာတော်ဦးဗုဒ်တို့ သာမက လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော်နှင့် ကမ္ဘာ့သာသနာပြုဆရာတော်များ ဖြစ်ကြတဲ့ ဆရာတော်ဦးအာဒိစ္စ၊ဆရာတော်ဦးသေဋ္ဌိလတို့ကဲ့သို့ သာသနာပြု အာဇာနည်များ များစွာပေါ်ထွန်းခဲ့ပါသည်။ ဒီဘက်ပိုင်းခေတ်မှာတော့ အမြင်ကျယ်ကြသော အလုပ်လုပ်ချင်ကြသော ရဟန်းပျိုးလေးများ တစ်စတစ်စ များပြားလာတာကို ၀မ်းသာဖွယ်ရာ တွေ့မြင်ရ၍ အမျိုးဘာသာ သာသနာတော်အတွက် များစွာ အားဖြစ်ရပါတယ်။

ထေရ၀ါဒ ငါးနိုင်ငံထဲတွင် အင်အားနည်းပါးကြသော လာအို၊ကမ္ဗောဒီးယား တို့ကိုချန်ထား၍ ထိပ်ပိုင်း သုံးနိုင်ဖြစ်တဲ့ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံတို့တွင် သီရိလင်္ကာနိုင်ငံသည် သံဃာတော်ဦးရေ သုံးသောင်းဝန်းကျင်သာ ရှိပါသည်၊ ထိုင်းနိုင်ငံကတော့ တစ်သိန်းခွဲ နှစ်သိန်းဝန်းကျင်ရှိပြီး မိမိတို့ မြန်မာနိုင်ငံကတော့ သံဃာတော်ဦးရေ လေးသိန်းကျော်ငါးသိန်း ၀န်းကျင်အထိရှိပါတယ်။ဒါပေမဲ့ကမ္ဘာကို ထေရ၀ါဒသာသနာပြန့်ပွားအောင် သာသာနာပြုနိုင်တာကတော့ သံဃာအနည်းဆုံးဖြစ်တဲ့ သီရိလင်္ကာက နံပါတ်တစ်ဖြစ်ပြီး၊ထိုင်းနိုင်ငံက ဒုတိယဖြစ်ကာ၊ နောက်ဆုံးကတော့ မိမိတို့နိုင်ငံပဲဖြစ်ပါတယ်။ကမ္ဗောဒီးယားနိုင်ငံကတောင် မြန်မာနိုင်ငံကို မကျော်ပဲသာနေမယ် တန်းတူလိုက်၍ သာသနာပြုနိုင်ကြပါသည်။
ထိုကဲသို့ မိမိတို့နောက်ကောက်ကျနေတာဟာ မြန်မာ့ရဟန်းတော်တွေညံ့ကြလို့ မဟုတ်ပါဘူး။ ထေရ၀ါဒငါးနိုင်ငံတွင် မိမိတို့ မြန်မာရဟန်းတော်များသည် ပရိယတ္တိစာပေ အနိုင်နင်းဆုံး အတတ်မြောက်ဆုံး အတော်ဆုံးပင် ဖြစ်ပါသည်။ထိုသို့ပရိယတ်စာပေတွင် အတော်ဆုံးဖြစ်ပေမည့်လည်း အင်္ဂလိပ်စာအစရှိသည့် ဘာသန္တရကမ္ဘာသုံးစာပေများ မတတ်မြောက်ကြခြင်းနှင့် ပြင်ပဗဟုသုတအားနည်းခြင်း ကြောင့် ယခုကဲ့သို့နောက်ကောက်ကျ ကျန်ရစ်ခဲ့ခြင်းပင် ဖြစ်ပါသည်။
မြတ်စွာဘုရားရှင်၏ တရားတော်များသည် သစ်လွင်ခေတ်မှီ၍ နေပါသော်လည်း မိမိတို့နိုင်ငံရှိ ထိပ်ပိုင်းသံဃာတော်များ၏ ခေတ်နောက်ကျမှု အမြင်မကျယ်မှု ရှေ့ရိုးဆန်မှုတို့ ခေတ်နှင့်အညီ မပြောင်လဲနိုင်မှုများကြောင့်သာ ယခုကဲ့သို့ ဖြစ်နေဖြင့်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ယခုအခါ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ ပေါ်ပေါက်လာသဖြင့် အနည်းငယ်သာသနာပြုလာနိုင်သည် ကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း သံဃာတော်များ၏ အရေအတွက်နှင့် နှိုင်းယှဉ်ပါက တက္ကသိုလ်အရေအတွက်သည် အရမ်းပဲနည်းပါးနေပါသေးသည်။ ပရိယတ္တိစာသင်တိုက်များ များပြားလာ၍သာ တော်သေးပါတယ်။
ဒကာ ဒကာမတို့ကလဲ တကယ်ဆင်းရဲ နွမ်းပါးကြသည့် ပရိယတ္တိဝန်ဆောင် စာသင် တိုက်တွေကို များစွာထောက်ပံ့ လှုဒါန်းသင့်လှပါတယ်။ 

များသောအားဖြင့် ကမ္မဋ္ဌာန်းရိပ်သာများတွင် ပေါများ ပိုလျှံသလောက် စာသင်တိုက် သံဃာတော်တို့မှာ ဆင်းရဲချို့တဲ့နေပါတယ်။ဒါကြောင့် သာသနာ့ရဲ့ အခြေခံအုပ်မြစ်ဖြစ်တဲ့ ပရိယတ္တိစာသင်တိုက်များကို အရှည်တည်တံ့ သာသာနာပြု နိုင်စေရန် လှုဒါန်းထောက်ပန့် ကြဘို့ အလွန်ပင် လိုအပ်လှပါသည်။
ပရိယတ္တိစာသင်တိုက်များကို လေ့လာကြည့်ပါက သာသနာတော်ကြီးအတွက် အကျိုးများ သည်မှာ မှန်သော်လည်း ဒကာ ဒကာမတို့အား ပရိယတ္တိပညာ မပေးနိုင်သာကြောင့် သံဃာတော်များအတွက် သီးသန့် သာသာနာပြုဋ္ဌာနလိုသာ ဖြစ်နေပါတယ်။ မိမိစာပေသင်နေရာ သိရိလင်္ကာနိုင်ငံတွင် သံဃာတော်
များအတွက်သာမကပဲ လူပပုဂ္ဂိုလ်များအတွက်ပါ ` အာနန္ဒာကောလိပ်´ `ဗုဒ္ဓဘာသာအမျိုးသမီးကောလိပ်' စသည့်ဖြင့် ဖွင့်လှစ်ထားပေးသည့်အပြင် တက္ကသိုလ်တိုင်းတွင်လည်း `ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌန´ဆိုပြီးထားရှိပေးပါတယ်။
တက္ကသိုလ်အဆင့် မရောက်ခင် မူကြို၊ မူလ၊ အလယ်၊အထက်တန်းများတွင်လည်း ဗုဒ္ဓဘာသာတရားတော်များကို ပြဋ္ဌာန်းပြီး မဖြစ်မနေသင်ကြားပေးပါသည်။ ထို့အပြင် တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မစကူး(လ်)သင်တန်းဆိုပြီး အစိုးရကျောင်းတက်သူတိုင်း
အတက်မနေရ တက်ကြရပါတယ်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံသားတို့သည် ဆင်းရဲသားကအစ သမ္မတအဆုံး ပြည်သူအားလုံးတို့ဟာ ဘုန်တော်ကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသာ ဘုန်းကြီးကျောင်းသူများဖြစ်ကြသာကြောင့် ရဟန်းသံဃာတော်များအား လေးစားသည်၊ တန်ဖိုးထားသည်။
သမ္မတသည် မည့်သည့်အလုပ်ပဲ လုပ်လုပ် အရေးကြီးသည့် အလုပ်များတွင် သံဃာတော်တို့၏ အကြံဥာဏ်သြ၀ါဒကို ခံယူကြရ၏ သံဃာတော်များ သဘောတူညီချက်မပါပဲ မည့်သည့်ဆုံးဖြတ်ချက် မည့်သည့်လုပ်ငန်းမှ အချမှတ် မလုပ်ဆောင်ပေ ပါလီမာန်အမတ်အဖြစ် ရဟန်းတော်များကိုတင်မြောက်ပင်ထားပါသေး၏။
ရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများ နိုင်ငံတော်၏ ပညာရေး၊ကျမ္မာရေး စသည်တို့ကို ကောင်းစွာလမ်းညွှန် ဆုံးမနိုင်ကြသောကြောင် ပြည်သူ ပြည်သားတို့သည် ရဟန်းသံဃာတော်တို့၏ တန်းဘိုးကိုနာလည်းပြီး တန်ဘိုးထားလေးစားတတ် လာကြပါတယ်။ ဒကာဒကာမတို့သည်ဘာသာရေးအခြေခံရှိထားပြီး ဖြစ်သည့်အတွက် မိမိဘာသာရဲ့ တန်ဘိုးကို သိရှိနားလည်သွားသည့်အတွက်ကြောင့် ဘာသာပြောင်သွားတာဆိုတာ မရှိသလောက် ရှားသွားပါ တယ်။
ထို့သီရိလင်္ကာနိုင်ငံကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အတန်းကျောင်းများစွာ ဗုဒ္ဓစာပေ များကို ပြဋ္ဌာန်ပေးနိုင်ရန် အစိုးရတာဝန်ရှိသူများနှင့် ဆရာတော်သံဃာတော် အရှင်မြတ်များအနေဖြင့် ကြိုးစားဆောင်ရွက်သင့်ပါသည်။
သီရိလင်္ကာ သံဃာတော် အရှင်သူမြတ်အများစုဟာ မူလတန်း၊အလယ်တန်း အထက်တန်းနှင့် တက္ကသိုလ်များမှာ ကျောင်းဆရာများအဖြစ် အလုပ်လုပ်ပြီး သာသနာပြုနေကြပါတယ်။ တနည်းဆိုရသော် ဘာသာရေးတစ်ခုတည်းသာမက ပညားရေးအခန်းကဏ္ဍမှာ ဦးဆောင်ပြု၍ သာသနာပြုနေကြခြင်း ဖြစ်ပါသည်၊ ”လောကတ္ထစရိယညာတတ္ထစရိယ’’ ဆိုသည့်အတိုင်း မိမိရဲ့လူမျိုးတိုးတက်အောင် စီးပွားရေး၊လူမှုရေးဘာသာရေး ကိုလမ်းပြပေးတာဟာလည်း ဘုရားရဲ့ အလိုတော်ကျ သာသနာပြုနေကြခြင်းပင် ဖြစ်ပါတယ်။
ဗုဒ္ဓသာသာနာတော် ကြီးပြန့်ပွားဘို့ရန်အတွက် သံဃာတော်အရှင်မြတ်တို့အပေါ်တွင်သာ တာဝန်ရှိမှီတည်နေတာမဟုတ်ပဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့် အစိုးရတာဝန်ရှိသူများအပေါ်၌လည်း အများကြီးမှီတည်နေပါသည်။အိန္ဒိယနိုင်ငံ၏ သာသနာတော်သမိုင်းကို လေ့လာအကဲခတ် ကြည့်မည်ဆိုပါက တွေ့ရှိသိမြင်နိုင်ပါတယ်။အာဏာပိုင်အစိုးရမင်းသည် ဗုဒ္ဓဘာသာကို ကြည်ညိုသောသနာပြုမင်းဖြစ်ပါက သာသနာတော် နေလိုလလို တိုးတက်စည်ပင်ပြန့်ပွာ၍ အာဏာပိုင်အစိုးရမင်းသည် တခြားဘာသာခြားဖြစ်နေပါက သာသာနာတော်ဆုတ်ယုတ်သွားသည်ကို တွေ့ရှိရမှာဖြစ်ပါသည်။
အာဏာပိုင်အစိုးရမင်းသည် ဘာသာခြားဖြစ်သောကြောင့် ဗုဒ္ဓသာသာနာတော်ကို နှိပ်ကွပ်ခဲ့သော်လည်း အိန္ဒိယမြေမှ ဗုဒ္ဓသာသနာတော်ကြီးသည် လုံးဝပျောက်ကွယ်မခဲ့ပေ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်အခါက အိန္ဒိပြည်၏ ပညာရေးမှာ ဗုဒ္ဓဘာသာရဟန်းသံဃာများ၏ လက်ထဲတွင် ရှိနေသောကြောင့်ပင်ဖြစ်၏၊
အိန္ဒိယနိုင်ငံ၏ သာသာကွယ်ကြောင်း အဓိကအကြောင်းအရင်းအရင်းမှာ ရဟန်းသံဃာတော်တို့သည် သာသာနာပြု လုပ်ငန်းများကို မလုပ်ဆောင်တော့ပဲ လာဘ်လာဘ နောက်ကိုလိုက်ပြီး ဓါတ် နတ်စသည့်တွေကို ၀ိဇ္ဇာအတတ်,မှော်အတတ်များကို လိုက်စားလာခြင်နှင့် မူဆလင်တို့၏ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့အား ရက်စက်စွာ သတ်ဖြတ်မှုကြောင့် အိန္ဒိယနိုင်ငံအတွင်းဗုဒ္ဓသာသာနာတော်အမြစ်ပြတ်ဆုတ်ယုတ်သွားခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့်သာသာနာတော်ကြီးတိုးတက်စည်ပင်ပြန့်ပွားရန်အတွက် ရဟန်းသံဃာတော်များ၏ သာသနာပြုအခန်းကဏ္ဍ အရေးပါသကဲ့သို့ တိုင်ပြည်အုပ်ချုပ်သူတို့၏ အထောက်အပန့်ချီးမြောက်မှုလည်း များစွာအရေးပါလှပါသည်။ ဆရာ, ဒကာလက်တွဲ၍ အမျိုး, ဘာသာ, သာသာနာတော်အကျိုးအတွက် လက်တွဲဆောင်ရွက်သွားဖို့ရာ
အလွန်အရေးကြီးလှပါပေသည်။

အချို့သောရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများအား လုပ်ဆောင်ချင်ပေမည့်လည်း အခွင့်မသာသောကြောင့် တန်ဘိုးရှိသည့် အချိန်များနှင့် ကြိုးစားရှာဖွေသင်ကြားထားသော အရည်အချင်း၊ပညာရပ်တို့သည် အလဟဿဖြစ်သွားကြပါသည်။ ထို့ကြောင့် ပညာပြည့်ဝကြသော ရဟန်းတော်တို့အား သာသာနာပြု နိုင်စေရန်အတွက် သံဃာ့ဘက်မှ တာဝန်ရှိဆရာတော်များနှင့် အစိုးရဘက်မှ တာဝန်ရှိ ဒကာတို့အနေနဲ့ သံဃာတော်များ သာသနာပြုနိုင်ရေးအတွက် သာသနာပြုအခွင့်အလမ်းများကို ဖန်တီးပေးသင့်လှပါသည်။ ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းများ ဖန်တီးပေးပါက အလုပ်မလုပ်ချင်သော ရဟန်းတော်တို့သည်လည်း ထိုသာသနာပြုလုပ်ငန်းများကို လုပ်ရင်လုပ်ရင်းဖြင့်ပင် လုပ်ငန်းမှာပျော်မွေ့သွားပြီး ဘာသာ၊ သာသနာ နှင့် နိုင်ငံတော်အတွက်ပါ များစွာအထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
ထိုကဲ့သို့သာသနာပြု အခွင့်အလမ်းများဖန်တီးရာတွင် စာချဘက်အားသန်သည့် အရှင်မြတ်တို့ကို စာချစေခြင်း၊ တရားဟော တရားပြ အားသန်သည့်အရှင်တို့အား တရားဟော တရားပြစေခြင်းအပြင် တခြားသော ပရဟိတ ကျမ္မာရေး၊ပညာရေးစသည့်ဖြင့် အားသန်သည့် သံဃာတော်တို့ကိုလည်း အားသန်ရာကိုပြုလုပ် သာသနာပြု အခွင့်အလမ်းကို ဖန်းတီးပေးသင့်ပါ သည်။ထိုကဲ့သို့ ပြုလုပ်မပေးကြသဖြင့် မြန်မာနိုင်ငံ ဗုဒ္ဓသာသနာတော်တွင် သံဃာတော်ဦး ရေများသလောက် ခရီးမတွင်ဖြစ်နေခြင်းမှာ ၎င်းအချက်သည်လည်း အဓိကကျနေပါသည်။ 

ထိုကဲ့သို့ ဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်တွင်လည်း ၀န်းထမ်းအရေးအတွက်နှင့်ထိုထမ်းတို့အားပေးရသည့်အခကြေးငွေများသက်သာလာမည့်အပြင်ထိုဝန်ထမ်းတို့အားအခြား သော အပ်အပ်သောနေရာများအား ခန့်ထားပါက တိုင်းပြည်အတွက် များစွာအကျိုးပြုမည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။

သီလ၊ သမာဓိ၊ ပညာနှင့်ပြည့်စုံသော သံဃာတော်အရှင်များသည် မိမိတို့နိုင်ငံဝယ် ရေတွက်လို့မရနိုင်အောင် များပြားပါသော်လည်း ထိုကဲ့သို့ သာသနာပြုအခွင့်အလမ်းမရကြသဖြင့် လုပ်ချင်သလောက် လုပ်သင့်သလောက် အမျိုး ဘာသာ, သာသနာတော်အတွက် မလုပ်လိုက်ရပဲ ဘ၀နိဂုံးချုပ်သွားကြသည်မှာ သာသာနာနှင့် နိုင်ငံတော်အတွက် များစွာနစ်နာလှပါသည်။
နောင်တော်ကျောင်းထိုင်၊ ကျောင်းပိုင် ဆရာတော်များအနေနှင့်လည်း မိမိတို့၏ ကျောင်းတိုက်ကို တပ်မက်မနေပဲ ညီတော်သံဃာတော်များအား မျှဝေ၍ အတူတကွ သာသနာပြုလုပ်ငန်းကို ညီညွတ်စွာ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ရန်ကုန် မန္တလေးအစရှိသည့် ကျောင်းတိုက်များတွင် နာမည်ကြီး စာသင်တိုက်ကြီးများမှ လွဲ၍ ကျောင်းတိုက်အတော်များများတွင် သံဃာတော်များအား လက်မခံပဲ မိမိတို့နှင့် ဆွေမျိုးနီးစပ်သည့် ပုဂ္ဂိုလ်များအားသာလျှင် လက်ခံထားကြပါသည်။ သင်တန်းတက်၊ဈေးဝယ်၊ ဆေးရုံတက် စသည်ဖြင့် လာရောက်ကြသည့် ဧည့်သည်များအား လက်ခံပြီး ထိုဧည့်သည်များမှ တည်းခိုးခအဖြစ် လှုဒါန်းသည့် လာတ်လာဘကို မက်မောတွယ်တာနေကြပါသည်။
ထိုဧည့်သည်များကို လက်မခံရဟု ဆိုလိုခြင်းမဟုတ်ပါ။ နယ်ဝေးမှ စေးဝယ်ခြင်း၊ဆေးကုခြင်းစသော အကြောင်းကြီးငယ်ဖြင့် မြို့သို့ရောက်လာသူများမှ အခြေအနေအရ တည်းခိုရန် နေရာ အခက်တွေ့သည့်အခါတွင် ဘုန်းတော်ကြီးကျောင်းများအား တည်းခိုးရမှာပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆေးကြုခင်းစသည့် တစ်ခဏတာ တည်းခိုနေခြင်းမျိုးမဟုတ်ပဲ အစဉ်ထာဝရအိမ်ကဲ့သို့ နေထိုင်နေကြသည်မှာ လုံးဝမသင့်တော်ပေ။မိမိသည် ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)သို့ တက်ရောက်ပညာသင်ယူရန်အတွက် ရန်ကုန်မြို့တွင် ကားဖြင့် လှည့်လည်၍ ကျောင်းများလိုက်လျှောက်ဖူးပါသည်၊ ကျောင်းပေါင်း ၂၀-ကျော်သာလျှောက်လိုက်ရတယ် တစ်ကျောင်းမှ လက်မခံပေ “ငါတို့ကျောင်းက နေရာလွတ်မရှိတော့’’ဟုသာပြောကြပါတယ်။နေရာလွတ်မရှိဟုသာလို့သာပြောတယ်ကျောင်းတိုက်တစ်တိုက်လုံးမှ သံဃာ ၅-ပါးပင်မပြည့်ကြပါ ထိုရှိသည့် သံဃာများမှာလည်း ကျောင်းထိုင်ဆရာတော်နှင့် ဆွေမျိုးနီးစပ်တော်သူများသာ ဖြစ်ကြပါသည်။ မြတ်စွာဘုရားရှင်သည် မိမိ၏သားတော် အရှင်ရာဟုလာ၊ ညီတော်အရှင်အာနန္ဒာနှင့် တခြားသော ဆွေတော်မျိုးတော်တို့အား လက်ဝဲရံ၊ လက်ယာရံ စသည့် မဟာသာဝကအဂ္ဂသာဝကစသည့် ရာထူးများမပေးပဲ အမှန်တကယ်အရည်အချင်နှင့် ပြည့်စုံ၍သာသနာပြုနိုင်ကြမည့် အရှင်သာရိပုတ္တရာ၊အရှင်မောဂ္ဂလာန်စသည့် သာဝကတို့အားသာလျှင် လက်ယာရံ၊လက်ဝဲရံစသည့်တို့ကို ပေးတော်မူထားသည်ကိုထောက်ဆ၍ ဘုရားရှင်၏ တပည့်သားပီသစွာဖြင့် ဘုရားရှင်ကဲ့သို့ သာသနာပြုနိုင်သည့် အရည်အချင်းနှင့် စိတ်ထားရှိကြသည့် သံဃာတော်များအားသာ နေရာပေးသင့်ပါတယ်။ ထိုကျောင်းတိုက်များသည် သံဃာမရှိပေမည့်လည်း လူပဂ္ဂိုလ်များကတော့ မနည်းလှပေ။ တချို့ဆိုလျှင် အိမ်ထောင်သားမွေးပင် ပြုလုပ်နေကြပါသည်။
ထိုကဲ့သို့ အဖြစ်မျိုး မိမိတစ်ပါးတည်း တွေ့ကြုံရသည်မဟုတ်ပေ မိမိသူငယ်ချင်း သံဃာတော်များလည်း ကျောင်နေရာ အခက်အ ခဲတွေ့ကြုံရကြောင်း သိရှိပါသည်။ တချို့သံဃာတော်များဆိုလျှင် သာသနာစိတ်စာစိတ်ရှိပါလျှက် နေထိုင်စရာကျောင်း ရှာမရသော ကြောင့် တောရပ်ရွာသို့ ပြန်သွားရပြီး ပညာသင်ရန် အခွင့်အလမ်းများ ဆုံးရှုံးသွားသည့်အတွက် နိုင်ငံတော်နှင့် သာသာနာတော်အတွက် များစွာ နစ်နာလှပါတယ်။

ထို့ကြောင့်ကျောင်းထိုင်၊ ကျောင်းပိုင်ဆရာတော်များအနေနှင့် ဘာသာစိတ် သာသာနာစိတ်လေးထားပြီး ပညာသင် ညီတော်သံဃာတော်တို့အား မိမိကျောင်းတိုက်တွင် လက်ခံပြီး ပျော်ရွှင်စည်းလုံးစွာနှင့် လက်တွဲကာ သာသနာပြုသင့်လှပါသည်။ကျေးလက်ဒေသတို့တွင်လည်း သာာသနာပြုလုပ်ငန်းများမှာ လွန်စွာအားနည်းသွားသည်ကို တွေ့ရှိရပါသည်။ မိမိတို့ငယ်စဉ်အခါက ကျေးရွာဘုန်းတော်ကြီးတစ်ကျောင်းလျှင် ကိုရင်ကျောင်းသား တစ်ရာကျော်အနည်းဆုံး ရှိပါသော်လည်း ယခုအချိန်တွင်မူ ဆွမ်းခံခြင်းစသည့် ဝေယျာဝစ္စများပြုလုပ်ပေးမည့် ကျောင်းသား သုံးလေးယောက်ကိုပင် မနည်းချော့မွေးထားနေရပါသည်။ ကျောင်းတွင် ကျောင်သားမရှိက ကိုရင်လည်းမရှိနိုင်ပေ ကိုရင်မရှိလျှင် ရဟန်းသံဃာများမှာ ဘယ်လို့မှ မရှိနိုင်တော့ပါ။

နောင်နှစ်ပေါင်းတစ်ရာအတွင်း သာသာနာ့မျိုးဆက်အတွက် ရင်လေးစရာပင် ဖြစ်ပါသည်။ ရဟန်းသံဃာ အတော်များများသည် သာသနာပြုလုပ်ငန်းများအား ကောင်းစွာ မလုပ်ဆောင်ကြတော့ပဲ အေးအေးဆေးဆေး နေကြဦးမည်ဆိုပါက ခေတ်လူငယ်များမှ ထိုသံဃာတော်များကြောင့် တိုင်ပြည်တိုးတက်ရေး နှေးကွေးနေခြင်းခြင်း၏ဟု အပြစ်မြင် လာနိုင်စရာရှိပါသည်။
တစ်ခြားဘာသာဝင်များက သူတို့ဘာသာပြန့်ပွားရေးအတွက် တောရောမြို့ပါ မစွမ်းကုန်ကြိုးစားနေကြချိန်တွင် မိမိတို့ ရဟန်းတော်များအနေနှင့် မသိလိုက် မသိဖာသာနေ နေကြဦးမည်ဆိုပါက ဗုဒ္ဓ၏တရားတော်များသည် မည်မျှပင် မှန်ကန်မှန်ကန် မည်မျှပင်အနှစ်သာရဖြည့်စုံနေပါစေ ဗုဒ္ဓ၏ တရားတော်မြတ်တို့ရဲ့ တန်ဘိုးကို ဒကာဒကာမတို့ သိရှိနားလည်ခြင်း တန်ဖိုးထားခြင်းမရှိတော့ပါက နောင်နှစ်ပေါင်းအနည်းငယ်အတွင်းမှာ ဘာသာခြားတို့၏ ၀ါးမျိုးခြင်းကို မလွဲမသွေ ခံသွားရနိုင်ပါသည်။အချို့သောရဟန်းတော်တို့သည် မိမိတို့၏ အမျိုးဘာသာ သာသနာအား လူမျိုးခြား ဘာသာခြားတို့မှ စီမံကိန်းဆွဲ၍ အနိုင်ကျင့်ဝါးမျိုနေမှုကို ကိလေကင်းကွာ ရဟန္တာကြီးများနှယ် မေတ္တာရှင်များအလား နေနိုင်တော်မူကြပေမည့် မိမိတို့သံဃာတော်အချင်းချင်း မကောင်းကြောင်း ကဲ့ရဲ့ပြစ်တင်ရှုံ့ချရမည်ဆိုပါက ရှေ့ဆုံးကနေ၍ ရဲရင့်စွာကဲရဲ့ပြစ်တင်နေကြသည်ကို ၀မ်းနည်း ဖွယ်ရာ တွေ့မြင်ရနေရပါတယ်။
သံဃာတော်အချို့သည် တပည့်ဒကာ၊ ဒကာမတို့အား ဘာသာရေး လူမှုရေး ပညာရေး စီးပွားရေးစသည့် သာသနာပြုလုပ်ငန်းများ မလုပ်ဆောင်ကြသဖြင့် လာဘ်လာဘအတွက် ဒကာဒကာမတို့အား ရဟန်း၏သိက္ခာတရားကိုမှ မထောက်တော့ပဲ မျက်နှာချိုသွေးပြီး နေကြရပါသည်။ "ဆရာ ဒကာမှသည် ဒကာဆရာ"သို့ ရောက်ရှိသွားသည်ကိုလည်း တွေ့မြင် ကြားသိနေရပါသည်။အမေရိကန်ပြည်ထောင်စုတွင် သာသနာပြုတော်မူနေသည့် ဆရာတော်ဘဒ္ဒန္တ၀ိမလမှ သြ၀ါဒလေးတစ်ခုအား ပေးဖူးပါသည်။ ထိုသြ၀ါဒသည် မိမိသာမကပဲ ရဟန်းသံဃာတော်များ အားလုံးအတွက် အလွန်ပင်အဖိုးတန်လှပါသည်၊ ထိုသြ၀ါဒလေးကတော့ ”ဦးဇင်းရေ……ရဟန်းဆိုတာ မဟုတ်တာလုပ်ရမှာကို ရှက်တတ်ရမယ်၊ လာဘ်လာဘ နောက်မလိုက်မိအောင် ရှက်တတ်ရမယ်၊ နောက်… သိက္ခာတရားရှိရမယ် ၊ ရဟန်းဆိုတဲ့ မာနလဲရှိရမည် လတ်လာဘအတွက် ရဟန်သိက္ခာ အကျမခံဘူးဆိုတဲ့ မာနပေါ့၊ ပညာ၊ သီလ၊ စရဏတွေ ရှိရမယ် ဒါမှရဟန်းဟာ ရဟန်းနှင့်တူမယ်’’ ထိုသြ၀ါဒလေးသည် တိုပေမည့်လည်း အမျိုး, ဘာသာ, သာသနာအတွက် အလုပ်လုပ်ကြမည့် တနည်း သာသနာပြုကြမည့် ညီိတော် နောင်တော်တို့အတွက် မဖြစ်မနေ လိုအပ်တဲ့တရားတွေပဲ ဖြစ်ပါတယ်။ ထိုတရားတို့နှင့် ပြည့်စုံမှသာလျှင် အများနှင့် မိမိကိုယ်တိုင်ကြည်ညို၍ သာသာနာပြုခရီးကို အောင်မြင်စွာ လျှောက်လှမ်နိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် ညီတော်နောင်တော် သံဃာတော်များအားလုံးတို့အနေနှင့် အမျိုး ဘာသာ သာသနာတော်ကြီး တိုးတက်ကြီးပွားစေရန်အတွက် ဆိုင်ရာဆိုင်ရာ ၀ါသနာပါရာ အရည်အချင်းများ ပြည့်မီအောင်ကြိုးစား၍ ဆရာဒကာ လက်တွဲညီညာ စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွ သာသာနာပြုနိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက် ရပါပေတော့သတည်း။ ။


(သီရိလင်္ကာရောက် မြန်မာကျောင်းသာရဟန်းတော်များ စုစည်းထုတ်ဝေသည့် ‘လင်္ကာတမန် မဂ္ဂဇင်း တွင်ပါရှိသော ဆောင်းပါး)
Shared from ဓမ္မစာပေများ (FB)

No comments:

Post a Comment