Friday, October 6, 2017

သက်သတ်လွတ်နှင့် ဗုဒ္ဓ၀ါဒ


အရှင်ပညာသီရိ(ရမ္မာကျွန်း)

သက်သတ်လွတ်ဆိုတာ သူတစ်ပါး အသက်သေ လို့ ဖြစ်ပေါ်လာတဲ့ သား၊ ငါး စသည်တို့ စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းလို့ ဆိုတယ်။ သား၊ ငါး စားသုံးခြင်းမှ ရှောင်ကြဉ်ရာမှာ ရည်ရွယ်ချက် အမျိုးမျိုး ရှိနိုင်ပါတယ်။
ကျန်းမာရေးကြောင့်ဖြစ်စေ၊ သတ္တဝါတွေအပေါ် သနား ကရုဏာဖြစ်၍ဖြစ်စေ ရှောင်ကြဉ်တာကတော့ ကောင်း သောရှောင်ကြဉ်ခြင်းလို့ ဆိုရပါမယ်။ အစွန်းမရောက် သွားဖို့ပဲ လိုပါတယ်။ အသားစားမှု မရှောင်တဲ့လူတွေ ကို မေတ္တာတရားမရှိသူ၊ ကရုဏာတရားမရှိသူလို့ မစွပ်စွဲ မိစေဖို့ပါပဲ။ စွပ်စွဲမိရင် ကံကြီးတောင်ထိုက်သွားနိုင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြတ်စွာဘုရားရှင် ကိုယ်တိုင်ပင်လျှင် အသားစားခဲ့ပါတယ်။ နောက်ပြီး အသက်သတ်လွတ်စားခြင်းသည် မြင့်မြတ်သောကျင့်စဉ် ကြီး၊ ကုသိုလ်လုပ်ငန်းကြီးတစ်ခုအဖြစ် မယူဆရပါဘူး။ ယူဆမိရင်တော့ အယူမှားဖြစ်သွားပြီး ဒိဋ္ဌိဖြစ်မှန်း မသိ ဖြစ်နေပါတယ်။ မဂ္ဂင်မှအပ သံသရာက လွတ်မယ်လို့ ယူဆတဲ့ အယူမှားမှန်သမျှဟာ သီလဗ္ဗတုပါဒါန်ထဲဝင် သွားပြီး မိစ္ဆာဒိဋ္ဌိဖြစ်သွားပါတယ်။ မြတ်စွာဘုရား လက်ထက်က ဒေဝဒတ်ဟာ ရဟန်းတွေကို အသက်သတ် လွတ်စားပြီး တောမှာသာနေကြရန် လျှောက်ထားပေမဲ့ ဘုရားရှင်က လက်မခံခဲ့ပါဘူး။
တကယ်တော့ ဒေဝဒတ်က မဖြစ်နိုင်မှန်းသိပေမဲ့ သံဃာသင်းခွဲဖို့ ရည်ရွယ်ချက်နဲ့ တမင်လူပြိန်းကြိုက် အောင်လုပ်ခဲ့တာပါ။ သူ့ရည်ရွယ်ချက် အတန်သင့် အောင်မြင်သွားပါတယ်။ သူ့ရဲ့ဝါဒကို အထင်ကြီးတဲ့ လူပြိန်းအချို့ သူ့နောက်လိုက်သွားခဲ့ပါတယ်။ ခေါင်းပါးတဲ့ အကျင့်ကို အထင်ကြီးတဲ့သူတွေအတွက် သူ့လုပ်ရပ်က အောင်မြင်တယ်ဆိုရမှာပေါ့။ ရဟန်းတော်တွေဟာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခွင့်မရှိပါဘူး။ မိမိ ခြေထောက် နှစ်ချောင်းကို အရင်းတည်ပြီး သပိတ်ပိုက် ကာ အိမ်စဉ်လှည့်ဆွမ်းခံ ဘုဉ်းပေးကြရပါတယ်။ ဒကာ၊ ဒကာမတွေရဲ့ သဒ္ဓါဆွမ်းကို ခံယူရတာဖြစ်လို့ အသား မစားပါဘူး၊ သက်သတ်လွတ်ပဲ စားတယ်လို့ ပြောနေလို့ မရပါဘူး။ မြတ်စွာဘုရားရှင်က ရဟန်းတော်တွေ သက်သတ်လွတ်သာ သုံးဆောင်ရမယ်လို့ သတ်မှတ် ခဲ့ပါက လူတွေကို မှီခိုရပ်တည်နေရတဲ့အတွက် ရေရှည်မှာ မဖြစ်နိုင်ပါဘူး။ လူဆိုတာ အစုံစားသတ္တဝါဖြစ်လို့ အသားကိုလည်း စားကြပါတယ်။ ရဟန်းတွေအတွက် အသက်သတ်လွတ် သီးသန့်ချက်ပြုတ်လောင်းလှူရမယ် ဆိုရင်ကြာရင် သဒ္ဓါပျက်လာနိုင်ပါတယ်။ ဒါဆိုသာသနာ ရေရှည် ရပ်တည်လို့ မရတော့ပါဘူး။ မြတ်စွာဘုရားရှင်က ဒီလိုမဖြစ်နိုင်မှန်းသိလို့ ခွင့်မပြုခဲ့တာပါ။
ကြည်ညိုခြင်းဆိုတာက ...
သဒ္ဒပသန္န(အသံကိုကြည်ညိုခြင်း)၊ အသံကောင်း ကောင်းလေးနဲ့ တရားဟောနိုင်တဲ့ပုဂ္ဂိုလ်မျိုးဆိုရင် လူ ကြည်ညိုမှုများပါတယ်။ ဒါက သုံးပုံနှစ်ပုံရှိတယ်။ ရူပပသန္န (ရုပ်ရည်ကိုကြည်ညိုခြင်း)၊ ဥပဓိရုပ်ရည်သန့်သန့်ခန့်ခန့် ဆိုရင်လည်း ကြည်ညိုသူများပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဖြစ်တတ်ပါတယ်။ ဂုဏပသန္န(ဂုဏ် သတင်းကြီးတာကို ကြည်ညိုခြင်း)၊ ဘာဘွဲ့ထူးဂုဏ်ထူး ရှိတဲ့ပုဂ္ဂိုလ်၊ အရိယာကြီး၊ ရဟန္တာကြီး စသဖြင့် ဂုဏ် သတင်းကြီးနေရင် လူဝိုင်းအုံတတ်ပါတယ်။ သတင်းကြီး တဲ့အတိုင်း ဟုတ်မှန်နေရင် အကျိုးကြီးပေမဲ့ အလိမ် အညာဆိုရင်တော့ သံသရာအတွက်ပါ ကိုယ်ကျိုးနည်း တတ်ပါတယ်။ ဒါက ငါးပုံသုံးပုံ ရှိတယ်။ လူခပသန္န (ခေါင်းပါးတဲ့အကျင့်ကျင့်တာကို ကြည်ညိုခြင်း)၊ လူအထင်ကြီးအောင် အသက်သတ်လွတ်တို့၊ ရေဆွမ်း၊ သဲဆွမ်းစားတယ်ဆိုပြီး နေပြတာတွေလည်း ပါတယ်။ ဆွမ်းမဟုတ်တာကို ဆွမ်းလို့ပြောနေကတည်းက လိမ် နေပါပြီ။ မြတ်စွာဘုရားရှင်က လူအထင်ကြီးအောင်၊ လာဘ်ရအောင် ရည်ရွယ်ချက်နဲ့ တောမှာတောင် မနေ ခိုင်းပါဘူး။ တကယ့်သူတော်ကောင်းကြီးများ သုသာန် ဓုတင်ဆောင်တာမျိုးဆိုရင်တောင် လူမသိအောင် ညအခါ မှသာ သွားကြပါတယ်။ အလိုနည်းခြင်းဂုဏ်နဲ့ပြည့်စုံ ကြပါတယ်။ ခေါင်းခေါင်းပါးပါးနေတာကို ကြည်ညိုတာက ဆယ်ပုံမှာကိုးပုံ။ ဓမ္မပသန္န(တရားသက်သက်ကိုသာ ကြည်ညိုခြင်း)၊ အင်မတန်ရှားတယ်လို့ ဆိုရမယ်ထင်ပါ တယ်။ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲကင်းကင်းနဲ့ တရားကိုသာ အလေးမြတ်ပြုတာ ဖြစ်တယ်။ ဒါကတော့ တစ်ထောင် မှာ တစ်ယောက်လို့ စာတွေမှာ ခွဲပြပါတယ်။ ဒီကနေ့ ခေတ်မှာ ဖြစ်ပျက်နေတဲ့အချို့အရာတွေနဲ့ တိုင်းကြည့် ကြပေါ့။
မြတ်စွာဘုရားရှင်လက်ထက်က သီဟစစ်သူကြီး ဟာ နိဂန္ထနာဋပုတ္တလို့ခေါ်တဲ့ ဂျိန်းတပည့်တစ်ဦးဖြစ်ပါ တယ်။ ဂျိန်းတွေဟာ အဝတ်မဝတ်ကြဘူး။ တုံးလုံးနေ ကြတယ်။ ရေသောက်ရင်တောင် ရေထဲကပိုးတွေသေမှာ စိုးလို့ဆိုပြီး ကျိုပြီးသားရေမှသောက်တယ်။ တစ်နေ့တော့ သီဟစစ်သူကြီးဟာ မြတ်စွာဘုရားရှင်ထံသွားပြီး တရား နာပါတယ်။ မြတ်စွာဘုရားရှင်ကိုလည်း ကြည်ညိုသွားပါ တယ်။ ရတနာသုံးပါးကို ဆည်းကပ်သော ဥပသကာ အဖြစ်ခံယူလိုက်ပါတယ်။ မြတ်စွာဘုရားရှင်နဲ့ သံဃာ တော်များကိုလည်း သူ့အိမ်မှာ ဆွမ်းကပ်ဖို့အတွက် ပင့် ဖိတ်ခဲ့ပါတယ်။ ဆွမ်းဟင်းအတွက် အလိုလိုဖြစ်လာတဲ့ အသားကိုသယ်ယူချက်ပြုတ်စီမံပါတယ်။ သီဟစစ်သူကြီး ကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ဂျိန်းတွေဟာ ဒီသတင်းကို ကြားတော့ မြို့ထဲကို လှည့်လည်ပြီး ''သီဟစစ်သူကြီးဟာ ကျွဲတွေ၊ နွားတွေကို သတ်ပြီး ရဟန်းဂေါတမကို ဆွမ်း လုပ်ကျွေးနေပါတယ်။ ရဟန်းဂေါတမကလည်း မိမိကို ရည်ရွယ်ပြီး သတ်တဲ့အသားကို သိလျက်နဲ့ စားနေတယ်'' လို့ြေ<ွကးကြော်ကြတယ်။ သီဟစစ်သူကြီးကကြားတော့ နိဂန္ထတွေဟာ သူများအပြစ်အလွန်ပြောကြတယ်။ သေ စေလိုတဲ့စေတနာနဲ့ ငါတို့ကအသတ်မခိုင်း၊ ပြောချင်ရာ ပြောကြပါစေဆိုပြီး သဘောထားလိုက်တယ်။
ဒီကိစ္စကို မြတ်စွာဘုရားရှင်ကသိတော့ သူတော် ဖြစ်တဲ့ ရဟန်းတော်တွေကို မြင်သား၊ ကြားသား၊ သံသယရှိတဲ့အသားကို မစားခိုင်းခဲ့ပါဘူး။ မိမိအရှေ့မှာ သတ်တာကိုမြင်တာ၊ ကြားတာ၊ မိမိအတွက် ရည်စူးပြီး သတ်လေသလားလို့ သံသယရှိတဲ့အသားတွေကို ရှောင် ခိုင်းပါတယ်။ ပြီးတော့ လူ၊ ခွေး၊ မြင်း၊ ဆင်၊ သစ်၊ ကျား၊ ဝံ၊ ခြင်္သေ့၊ြေ>ွမ၊ အောင်း ဆိုတဲ့ အသားကြီး ဆယ်မျိုးကိုလည်း မစားခိုင်းပါဘူး။ မစားခိုင်းရတဲ့ ရည်ရွယ်ချက်က လူအသားက ဇာတ်တူသားမို့လို့ ဖြစ်တယ်။ ဆင်၊ မြင်းသားက မင်းတို့၏ ဘဏ္ဍာမို့လို့ ဖြစ်တယ်။ ခွေးသား၊ြေ>ွမသားက စက်ဆုပ်ရွံ့ရှာဖွယ် ဖြစ်သောကြောင့် ဖြစ်တယ်။ ကျန်တဲ့အသားငါးပါးက မိမိတို့ကို မနှိပ်စက်အပ်စေရန်နဲ့ ဘေးရန်ကင်းစေရန် အတွက် ဖြစ်တယ်လို့ ဆရာများဆိုကြတယ်။ သုသာန် ဓုတင်ဆောင်တဲ့ ရဟန်းတွေကိုတော့ သားငါးအညှီကြောင့် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မစားခိုင်းပါဘူး။ ဒီအခြေအနေတွေကလွတ်ရင် အသားစားဖို့ခွင့်ပြုခဲ့ပါ တယ်။ မြတ်စွာဘုရားရှင် လက်ထက်က အညှီအဟောက် ကိုရှောင်ပြီး အသက်သတ်လွတ်စားကာ မိမိတို့ကိုယ်ကို အရိယာအဖြစ် အထင်ရောက်နေတဲ့ အာမဂန္ဓရသေ့တွေ ရှိပါတယ်။ ရသေ့တွေက မြတ်စွာဘုရားရှင်ကို တန်ခိုးကြီး လို့ အထင်ကြီးလေးစားကြပေမဲ့ အသားစားမှုကို မရှောင် တဲ့အတွက် သူတို့လို ရဟန္တာတွေတော့ မဟုတ်ဘူးလို့ ပြောကြပါတယ်။ ဘုရားရှင်က အညှီအဟောက်ဆိုတာ အသားကိုခေါ်တာ မဟုတ်ဘူး။ ကိလေသာကိုသာ အညှီ အဟောက်လို့ ခေါ်တာလို့ ဟောပါတယ်။ ကြက်သားမှ မဟုတ်ပါဘူး။ ကန်ဇွန်းရွက်ကြော်ကိုလည်း တဏှာ လောဘနဲ့စားရင် အညှီအဟောက်ပါပဲ။ အသားတော့ ရှောင်ပြီး အသား အလွမ်းပြေလေး အသားတုဆိုပြီးတော့ လုပ်စားတတ်ကြပါသေးတယ်။ စဉ်းစားကြည့်ကြပေါ့။ သတ္တဝါအသားတော့ မစားဘူး။ သတ္တဝါတွေကရတဲ့ သားရေအိတ်၊ သားရေအင်္ကျီ၊ ခါးပတ်၊ ပိုက်ဆံအိတ် တွေကိုတော့ သုံးနေကြတာ သင့်တော်ပါ့မလား။
လယ်တီဆရာတော်ဘုရားကြီးလက်ထက်က နွားသားရှောင်၊ မစားဘဲ ရှောင်ကြဉ်ကြဖို့ လှုံ့ဆော်ခဲ့ပါ တယ်။ ဆရာတော်ကြီးက နွားတွေဟာ လူတွေအသက် ဆက်ဖို့ အစားအစာအတွက် ထွန်ယက်စိုက်ပျိုးရာမှာ အသုံးပြုနေကြလို့ ကျေးဇူးရှင်အနေနဲ့ သတ်မှတ်ပြီး မစားကြဖို့ ဆော်သြခဲ့တာပါ။ အကျင့်မြတ်ကြီးတစ်ခု အနေနဲ့ ယူဆပြီး စည်းရုံးခဲ့တာ မဟုတ်ပါဘူး။ တကယ် တော့ အရသာဆိုတဲ့ ရသာရုံဟာ အာရုံတစ်ခုသာ ဖြစ်တယ်။ အာရုံဟာ ဒုက္ခသစ္စာပါ။ သူ့ကိုဥာဏ်နဲ့ ပိုင်းခြားပြီး စားရပါမယ်။ မမြဲတရား၊ သူ့ကြောင့်ဖြစ်တည် ကြီးပွားလာတဲ့ ခန္ဓာသည်လည်း အပုပ်ကောင်သက်သက် အသုဘမျှသာ ဖြစ်တယ်။ ဒီလိုဆင်ခြင်ပြီးစားရင် ရသတဏှာ ပါးလာပါတယ်။ မြတ်စွာဘုရားရှင်က အစားအစာပေါ်မှာ တဏှာနည်းအောင် ဥပမာလေးပြ ဆုံးမခဲ့ပါတယ်။ သားအမိ၊ သားအဖသုံးယောက် ခရီး တစ်ခုကို ထွက်တယ်။ ကန္တာရကြီးကို ဖြတ်ရမယ်။ ပါလာ တဲ့ ရိက္ခာကလည်း ကုန်ပြီ။ ဒီတော့ ယောက်ျားဖြစ်သူက သူ့ရဲ့အသားကိုစားပြီး ခရီးဆက်ကြဖို့ ပြောတယ်။ မိန်းမ လုပ်သူကလည်း သူ့ရဲ့အသားကိုစားပြီး သွားဖို့ပြောတယ်။ ဒီလိုပြောရင်း သူတို့ရဲ့သားငယ်လေးကို တစ်ယောက် လက်က တစ်ယောက် ပြောင်းချီရာမှာ အပူဒဏ်နဲ့ အာဟာရပြတ်လပ်မှုကြောင့် ကလေးဟာ သေသွား ပါတယ်။ မိဘဖြစ်သူတွေဟာ မတတ်သာတဲ့အဆုံး သူတို့ရဲ့ကလေးအသေလေးရဲ့ အသားကိုစားပြီး ခရီး ဆက်ကြရပါတော့တယ်။ ဒီအသားကို စားတိုင်းစားတိုင်း မျက်ရည်ကျရပါတယ်။ ဒီအသားအပေါ် တွယ်တာ တပ်မက်မှုမရှိနိုင်ပါဘူး။ ဒီသဘောမျိုးနဲ့ မိမိတို့စားတဲ့ အစာအပေါ်မှာ တပ်မက်မှုနည်းအောင် ဆင်ခြင်ပြီး စား ရပါတယ်။ ရဟန်းတော်တွေ ဆွမ်းသုံးတဲ့အခါ ပစ္စဝေက္ခဏာ ဆင်ခြင်ပြီး သုံးရပါတယ်။ ''ဤ အစား အစာသည် ကလေးများကဲ့သို့ မြူးထူးပျော်ပါးရန် မဟုတ်၊ ကိုယ်ခန္ဓာလှပပြီး ပြည့်ပြည့်ဖြိုးဖြိုး တင့်တယ် ကြည့် ကောင်းစေရန်မဟုတ်၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်း၍ အသက်ရှည်၊ အနာမဲ့ကာ၊ ဝေဒနာအဟောင်းများ ပျောက်၍ ဝေဒနာအသစ်များမဖြစ်ပေါ်စေရန်၊ ပရိယတ်, ပဋိပတ်အကျင့်မြတ်ဆိုသော မြတ်ဘုရား သာသနာကို ကျင့်နိုင်စေရန် ရည်ရွယ်ပြီး ဆင်ခြင် သုံးဆောင်ကြရပါ တယ်။ ဒီရည်ရွယ်ချက်နဲ့စားရင် ကြက်သားဖြစ်ဖြစ်၊ ကန်ဇွန်းရွက်ဖြစ်ဖြစ် အတူတူပါပဲ။ လူတွေလည်း ဒီရည်ရွယ်ချက်ထားပေါ့။ လောကအကျိုး၊ သာသနာ အကျိုး ထမ်းရွက်ဖို့ဆိုရင် ကျန်းမာရေး ကောင်းနေဖို့ လိုပါတယ်။ ကျန်းမာရေးကောင်းအောင် သင့်တင့်မျှတတဲ့ အာဟာရလိုပါတယ်။ ကျန်းမာရေးအရ အသားစား ရှောင်တာ၊ မကြိုက်လို့ မစားတာကတော့ ပြဿနာ မဟုတ်ပါဘူး။ ယတြာလိုလို၊ အဓိဋ္ဌာန်လိုလိုနဲ့တော့ ဟိုအသားရှောင်၊ ဒီအသားရှောင် မလုပ်သင့်ပါဘူး။ အလိုနည်းအောင်၊ တဏှာပါးအောင် အစားရှောင်တာ လား၊ အလိုကြီးလို့ အသားစားရှောင်တာကို ခုတုံးလုပ် တာလားဆိုတာကတော့ ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ။

အရှင်ပညာသီရိ(ရမ္မာကျွန်း)

No comments:

Post a Comment