Tuesday, May 31, 2016

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဝေဒနာရှုနည်း ( ၃ ) နည်း


ဝေဒနာရှုနည်း ( ၃ ) နည်း
***********************
၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း။
၂။ ချုံခို တိုက်ခိုက်နည်း။
၃။ ရန်သူကို ချော့သတ်နည်း။

လူငယ်တွေကတော့ ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။ နှလုံးရောဂါရှိသူဆိုရင် ချုံခိုတိုက်ခိုက်နည်းက ကောင်းတယ်။ အသက်ကြီးတဲ့ ပုဂ္ဂိုလ်များကျတော့ ရန်သူကို ချော့သတ်နည်းက ကောင်းတယ်။

ရင်ဆိုင်တိုက်ခိုက်နည်းဆိုတာ ဝေဒနာအပေါ် စိတ်ကို တည့်တည့်ထားပြီး မှတ်တာ။ အဲဒါက မြန်မြန် ဆန်ဆန် တရားရနိုင်တယ်။ နာတဲ့နေရာ
တည့်တည့် စိတ်ကိုထား ဘေးကိုရှောင်လွှဲမချနဲ့။ ` ထိုင်တယ် ထိတယ် နာတယ် ´ ၊` ထိုင်တယ် ထိတယ် နာတယ် ´ လို့ စူးစူးစိုက်စိုက်မှတ်။ အသားတွေ ဆတ်ဆတ်တုန်အောင် နာလိမ့်မယ်။ နာပါလေ့စေ ဆက်မှတ်ပါ။ အဲဒါတွေဟာ မိမိကို ` နိဗ္ဗာန်´ ပို့မယ့် တရားတွေ။

ချုံခိုတိုက်ခိုက်နည်းဆိုတာ ကိုယ့်ရဲ့ပင်တိုင် ကမ္မဋ္ဌာန်းကို များများမှတ်ပြီး နောက်မှ ဝေဒနာကို ပြန်ရှုတာ။ ရန်သူက အင်အားကောင်းနေပြီး ကိုယ့်
ဘက်က အင်အားနည်းနေရင် ခဏပုန်းအောင်းနေပြီးမှ ရန်သူအငိုက်မှာ ထွက်တိုက်ရတယ်။ ဝေဒနာက အရမ်းပြင်းထန်နေတယ်။ ကိုယ်က မရှုမမှတ်နိုင်ဘူး။ ` သတိ သမာဓိ ´ က အားနည်းနေပြီး ဒီဝေဒနာကို ရင်ဆိုင်မတိုက်နိုင်ဘူးဆိုရင် ဝေဒနာကို လွှတ်ပြီးတော့ `ဖေါင်းတယ် ပိန်တယ်´တို့ ` ထိုင်တယ် ထိတယ်´ တို့မှတ်။ ဝေဒနာ အားနည်းသွားတဲ့အခါ
ကျမှ ဝေဒနာကို ပြန်ရှု။

ရန်သူကို ချော့သတ်တဲ့နည်းဆိုတာကတော့ အင်မတန် အသက်ကြီးတဲ့ပုဂ္ဂိုလ်၊ ဘယ်လိုမှ ဝေဒနာကို ရင်မဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်များဆိုရင်တော့ တစ်ခုခုကို မှတ်နေရတယ်။ ` ထိုင်တယ် ထိတယ် ´ ပဲဖြစ်ဖြစ် အကြာကြီးမှတ်ပြီးတော့မှ ဝေဒနာကို ပြန်မှတ်။ တရားရှုမှတ်ရင်း ပျောက်သွားတာလည်း ရှိတယ်။ တကယ်လို့ မပျောက်ဘူးဆိုရင်လဲ တရားနဲ့ သေလို့ရတယ်။

__/|\__

~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to: ခရီးသည်

Thursday, May 26, 2016

ကိုချုချာ၏ ၀ိတ်ချနည်း


ကိုချူချာ တစ်ယောက် အခုတစ်လော အလွန်ဝလာသဖြင့် အလွန်စိတ်ညစ်နေသည်။ စိတ်ညစ်ညစ်နှင့် အိမ်ရှေ့ ဧည့်ခန်းမှာထိုင်ရင်း သတင်းစာကို ယူကြည့်ရာ ကြော်ငြာတစ်ခုကို တွေ့ လိုက်ရသည်။ ကြော်ငြာက သင်၏ အဆီများကျဖို့  ကျွန်တော်တို့က တာဝန်ယူပါသည်။ ဖုန်းနံပါတ် - - - - - ကိုသာ ဆက်သွယ်လိုက်ပါ ဟု တွေ့ရသဖြင့် ခေါ်ဆိုကြည့်ရာ

တစ်ဖက်မှ၊ ဟုတ်ကဲ့ Slim Body Group မှ ကြိုဆိုပါတယ်။ မိတ်ဆွေအနေဖြင့်၊ နေနရပ်လိပ်စာနှင့် တစ်ပတ်အတွင်း ပေါင်မည်မျှ ကျချင်ကြောင်း ပြောပြပါ ဟုပြန်ဖြေလေသည်။

ထိုအခါ

ကိုချူချာက တစ်ပတ်အတွင်း ၅ပေါင် ကျချင်ကြောင်းပြောရာ

တစ်ဖက်မှ၊ ဟုတ်ကဲ့ မနက်ဖြန်ကစပြီး လူကြီးမင်းရဲ့ ကိုယ်အလေးချိန် ၅ပေါင်ကျဖို့ တာဝန်ယူကြောင်း ဤအစီအစဉ်ကို ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြန်ဖြေလေသည်။

နောက်နေ့ မနက် အိမ်တံခါးခေါက်၍ သွားဖွင့်ရာ၊ ငယ်ရွယ်ချောမောလှပသော မိန်းမပျိုလေး
တစ်ယောက် အားကစားဝတ်စုံ ၀တ်လျှက် စောင့်နေသည်ကို တွေ့ ရလေသည်။ သူမ၏ လည်ပင်းတွင် ကဒ်ပြားတစ်ခု ချိတ်ဆွဲထား၍ ဖတ်ကြည့်ရာ၊

မိအောင်ဖမ်း၊ မိရင်နမ်း၊ ဟုတွေ့ ရသည်။ ထိုမိန်းကလေး က ဘာမှမပြောဘဲ ပြေးထွက်သွားရာ ကိုချူချာလည်း မှီအောင် လိုက်ရတော့သည်။ ၂မိုင်လောက် ပြေးလိုက်မှ ထိုမိန်းကလေးကို မိတော့သည်။ ဒီလိုနှင့် ထိုမိန်းကလေးနောက် နေ့စဉ်ပြေးလိုက်နေရရာ တစ်ပတ်မျှကြာသော် အမှန် တစ်ကယ်ပင် ၅ပေါင် ကျသွားကြောင်းတွေ့ ရသည်။

ကိုချူချာတစ်ယောက် အပျော်ကြီးပျော်သွားပြီး ယင်း Group အား ထပ်မံ၍ တစ်ပတ်အတွင်း ၁၀ပေါင် ကျချင်ကြောင်း အကြောင်းပြန်လိုက်သည်။ နောက်နေ့ တွင် ယခင်ကထက် ပိုမိုချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဘောင်းဘီတိုလေးနှင့် စောင့်နေသည်ကို တွေ့ ရပြန်သည်။

ထိုမိန်းကလေး၏ ကတ်ပြားလေးမှာလဲ၊ မိရင်သင့်စိတ်ကြိုက်ဟု ရေးထားလေသည်။ ထိုမိန်းကလေးနောက် ပြေးလိုက်ရာ၊ ၅မိုင်လောက်မှ မှီလေသည်။ ထုံးစံအတိုင်း တစ်ပတ်ပြည့်၍ ပေါင်ချိန်ကြည့်ရာ တစ်ကယ် ၁၀ပေါင် ကျသွားလေသည်။

ကိုချူချာတစ်ယောက် လောဘတက်လေပြီ။ ၂ ပတ်အတွင်း ပေါင် ၅၀ ကျချင်ကြောင်း အကြောင်းကြားရာ ထို Group က ထိုအစီအစဉ်မှာ လွန်စွာ ပင်ပန်းကြောင်းနှင့် ဖြည်းဖြည်းချင်း ပေါင်ချလျှင်လည်း ရနိုင်ကြောင်းပြောပြသည်။

သို့ သော်ကိုချူချာကရပါတယ်၊ ဒီလောက်တော့ အပျော့ပေါ့ ဟု ပြန်ပြောကာ ၂ ပတ်တွင်ပေါင် ၅၀ကျရန် သဘောတူလိုက်သည်။ နောက်နေ့ မနက်ရောက်၍ ၀မ်းသာအားရ တံခါးသွားဖွင့်ရာ၊ တံခါးတွင်... ထောင်ထောင်မောင်းမောင်း သန်သန်မာမာ ယောကျာ်းတစ်ယောက်ကိုတွေ့ ရ၍ အံအားသင့်သွားသည်။ ထိုသူ၏ လည်ပင်းတွင်ချိတ်ဆွဲထားသော ကတ်ပြားလေး၌

"လွတ်အောက်သာပြေး၊ မိရင်ငါ့စိတ်ကြိုက်" လို့ရေးထားသည်ကို တွေ့လိုက်ရတော့သည်။


---

Credit - Original Writer

Credit -momolay

Sunday, May 22, 2016

ခင်မင်မှု


# ၁တစ်နှစ်ကျော်ကြာခင်ဖို့ဆိုတာမလွယ်ပါဘူး

# ၂နှစ်ထိခံရင်တော့ တန်ဖိုးထားသင့်ပါပြီ၊

# ၃နှစ်ထိ အခင်မပျက်ရင် အံဘွယ်လို့ကိုဆိုရမှာပဲ

# ၅နှစ်ထိ ခင်မင်နေသေးရင်တော့ အတွင်းသိအစင်းသိဖြစ်ပြီ

# ၆နှစ်ကျော်ထိ ခင်မင်နေရင် အမှတ်တရ သတိရနေတဲ့သူ

# ၁၀နှစ်တာကြာ ခင်မင်မပျက်ရင် ဘ၀ထဲထိဝင်ရောက်နေသူ

# ၁၂နှစ်ကြာအောင် ခင်မင်နေသေးရင်တော့ အမျိုးတပိုင်းတောင်ဖြစ်နေပါပြီတဲ့

# အပြောင်းလဲများတဲ့ ခုလိုခေတ်ကြီးမှာ၊ အနီးနားက သူငယ်ချင်းတွေကို တန်ဖိုးထားပါ၊၊

# နားလည်မှုပိုပေးပါ၊ တွက်ကပ်တာတွေလျော့ပါ၊

# ကိုယ့်အပေါ်ကောင်းတဲ့သူကို မေ့မပြစ်ပါနဲ့။

ခွက်ဒစ်

Credit to: Original Uploader

Monday, May 16, 2016

မြတ်စွာဘုရား ဟောကြားတော်မူသော ခန္ဓာ့ဝန်ထုပ်ကြီးအကြောင်း


ရဟန်းတို့… ၀န်ထုပ်ယူကြောင်းဟူသည် အဘယ်နည်း။ ဘ၀သစ်ကို ဖြစ်စေနိုင်သော၊ နှစ်သက်စွဲလမ်းမှုနှင့်တကွဖြစ်သော၊ ထိုထိုဖြစ်ရာ အာရုံတို့ကို အလွန်နှစ်သက်တတ်သော ကာမ၌တပ်မက်မှု ‘ကာမတဏှာ’၊ ဘ၀၌တပ်မက်မှု ‘ဘ၀တဏှာ’၊ ဘ၀ပြတ်ခြင်း၌တပ်မက်မှု ‘၀ိဘ၀တဏှာ’ ဟူသော တဏှာပင်တည်း။ ရဟန်းတို့… ဤတဏှာကို ၀န်ထုပ်ယူကြောင်းဟု ဆိုအပ်၏။

တဏှာဟူသည်။ ။ ဆာလောင်တတ်သောကြောင့် တဏှာဟု ခေါ်၏။

ပေါနောဘ၀ိကာ။ ။ တဏှာသည် အဖန်ဖန် အထပ်ထပ် ဘ၀သစ်ကို ဖြစ်အောင် လုပ်တတ်၏။ ထို့ကြောင့် ပေါနောဘ၀ိကာဟု ခေါ်၏။

နန္ဒီနှင့် ရာဂ။ ။ အာရုံကို နှစ်သက်တတ်သောကြောင့် နန္ဒီ။ အာရုံကို တပ်မက်တတ်သောကြောင့် ရာဂ။

မှတ်ချက်။ ။ နန္ဒီရာဂနှင့် တဏှာဟူသောစကားသည် သဒ္ဒါအားဖြင့်သာကွဲ၏။ အနက်အဓိပ္ပါယ်ကား အတူတူပင်တည်း။

နန္ဒီနှင့် နန္ဒီရာဂ အထူး။ ။ အာရုံတစ်မျိုးတည်းကို ဖြစ်စေ၊ အာရုံတစ်မျိုးကို တစ်ခါသာဖြစ်စေ နှစ်သက်မိခြင်းကို နန္ဒီ။ အာရုံတစ်မျိုးတည်းကို ဖြစ်စေ၊ အာရုံအမျိုးမျိုးကို ဖြစ်စေ အကြိမ်အခါများစွာ ခုံမင်နှစ်သက်ခြင်းကို နန္ဒီရာဂ။

(အဋ္ဌသာလိနီ)

တတြတတြာဘိနန္ဒိနီ။ ။ ခန္ဓာကိုယ်တို့၏ ရှိရာ၊ ဖြစ်ရာဖြစ်သော ဘုံဘ၀တို့ကို အလွန်အမင်း နှစ်သက်တတ်သော ထိုတဏှာကိုပင် တတြတတြာဘိနန္ဒိဟု ခေါ်၏။

တနည်း။ ။ ရူပါရုံစသော ထိုထိုအာရုံ အရပ်ရပ်တို့ကို အလွန်နှစ်သက်တတ်သောကြောင့်လည်း ထိုတဏှာကို တတြတတြာဘိနန္ဒိနီဟု ခေါ်၏။

*******************************

တဏှာသုံးပါး

ကာမတဏှာ။ ။ အာရုံငါးပါး ကာမဂုဏ်များကို သာယာတတ်သော တဏှာကို ကာမတဏှာဟု ခေါ်၏။ မိမိသန္တာန်က အာရုံဖြစ်စေ၊ သူတပါးသန္တာန်က အာရုံဖြစ်စေ၊ မည်သည့်ဘုံ၌ဖြစ်စေ နှစ်သက်စရာအာရုံကို လိုချင်လျှင် ကာမတဏှာဟု ခေါ်၏။

ဘ၀တဏှာ။ ။ “ဘ၀=မပြတ်မစဲ အမြဲရှိနေခြင်း၊ ဖြစ်နေခြင်း”ဟု အဓိပ္ပါယ်ရ၏။ “ရုပ်ကြမ်းကိုယ်ကြီး သေသော်လည်း အတ္တကောင်ကား မသေ၊ အမြဲတမ်း ရှိမြဲရှိနေတယ်”ဟု သဿတဒိဋ္ဌိနှင့် ယှဉ်တွဲပြီးဖြစ်လျှင် ဘ၀တဏှာ မည်၏။

ထို့ကြောင့် အတ္တကောင်၊ အသက်ကောင် အမြဲရှိနေသည်ကို နှစ်သက်သဘောကျ၏။ “ရှေးကရှိခဲ့သော ငါသည်ပင် အခုလည်း ခံစားနေ၏။ နောင်လည်း ခံစားသွားမည်”ဟု ယုံကြည်လျက် အာရုံများကို နှစ်သက်လိုချင်၏။ ဤအတ္တသည်ပင် နောက်ဘ၀၌ ခံစားလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာများ ရရေးအတွက် ကုသိုလ်ကောင်းမှုများ ပြုကြ၏။

အချို့လည်း ဆရာမှားကို ချဉ်းကပ်မိသဖြင့် အကုသိုလ်များကိုပင် ကုသိုလ်ဟု ထင်မှတ်ကာ နောက်ဘ၀ကောင်းစားရေးအတွက် ပြုလုပ်ကြ၏။ ထိုတဏှာဖြင့် ပြုလုပ်သော ကံများကပင် နောက်ထပ်ဘ၀များကို ထုတ်လုပ်ပေးသဖြင့် ပေါနောဘ၀ိကာဟု ဆိုခြင်းဖြစ်၏။

ဘ၀တဏှာ ၄ မျိုး

၁။ ကာမဘ၀ကို တောင့်တတတ်သော တဏှာ၊
၂။ သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၊
၃။ ရူပဘ၀၊ အရူပဘ၀ကို တပ်မက်သော တဏှာ၊
၎။ ရူပဈာန်၊ အရူပဈာန်ကို နှစ်သက်တတ်သော တဏှာ၊

ဝိဘ၀တဏှာ။ ။ “၀ိဘ၀=ဖြစ်မှု-ရှိမှု ကင်းခြင်း၊ ပြတ်ခြင်း”ဟု အဓိပ္ပါယ်ရ၏။ “မသေခင်သာရှိပြီး သေလျှင်ပြတ်၏”ဟု ဥစ္ဆေဒအယူနှင့် ယှဉ်တွဲဖြစ်သော တဏှာသည် ၀ိဘ၀တဏှာမည်၏။

“ဘ၀ဟူသည် အရင်က မရှိခဲ့ပေ၊ လာမည့် အနာဂတ်မှာလည်း ရှိလိမ့်မည် မဟုတ်ပေ။ ယခုပစ္စုပ္ပန်မှာ ရှိသောဘ၀လည်း သေပြီးလျှင် ပြတ်မည်သာ”ဟု ယူဆလျက် ပစ္စုပ္ပန်ဘ၀ ကောင်းစားရေးတစ်ခုတည်းအတွက်သာ လုပ်တော့၏။ ၄င်းအယူဖြင့် လုပ်သမျှ ကံသင်္ခါရများကြောင့် နောက်ထပ် ဘ၀သစ်များကို ပြန်လည် ဖြစ်စေပြန်၏။

ဆောင်။ ။
ကာမတဏှာ၊ ကောင်းနိုးရာ၊ သာယာနှစ်သက်မှု။
ဘ၀တဏှာ၊ သဿတာ၊ ထင်ကာနှစ်သက်မှု။
ဝိဘ၀မှာ၊ ဥစ္ဆေဒါ၊ ထင်ကာနှစ်သက်မှု။

*****************************

ရဟန်းတို့… ၀န်ထုပ်ကို ချထားခြင်းဟူသည် အဘယ်နည်း။ ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ ကင်းပြတ်ချုပ်ငြိမ်းခြင်း၊ စွန့်ခြင်း၊ မကပ်ငြိခြင်း၊ လွတ်ခြင်း၊ မတွယ်တာခြင်းတည်း။

ရဟန်းတို့… ဤသည်ကို ၀န်ထုပ်ချထားခြင်းဟု ဆိုအပ်၏။


အဓိပ္ပါယ်။ ။ ခန္ဓာဝန်ထုပ်ကို လက်ခံယူတတ်သော တဏှာကို အရဟတ္တမဂ်ဥာဏ်ဖြင့် အကြွင်းမဲ့ ပယ်သတ်လိုက်ခြင်းသည် ၀န်ထုပ်ကို အကြွင်းမဲ့ ပစ်ချလိုက်ခြင်းပင် ဖြစ်၏။

ဆောင်။ ။
တဏှာချုပ်က၊ နိရောဓ၊ ဒုက္ခအငြိမ်းမှန်။
ငြိမ်းရာကိုပင်၊ ဆိုက်ရောက်မြင်၊ မဂ္ဂင်အကျင့်မှန်။

အောက်မဂ်များဖြင့်လည်း ခန္ဓာဝန်ကို ပစ်ချပုံ။ ။ အနာဂါမိမဂ်ဖြင့် ၁-ဘ၀ထက် အလွန်ဖြစ်မည့် ခန္ဓာဝန်ထုပ်များကို ပစ်ချ၏။ သကဒါဂါမိမဂ်ဖြင့် ကာမဘုံ၌ ၂-ဘ၀ထက် အလွန်ဖြစ်မည့် ခန္ဓာများကို ပစ်ချ၏။ သောတာပတ္တိမဂ်ဖြင့် အပါယ်လေးပါး၌ဖြစ်မည့် ခန္ဓာများကို အပြီးတိုင် ပစ်ချပြီး၊ လူ့ပြည် နတ်ပြည်၌ ၇-ဘ၀ထက် အလွန်ဖြစ်လာမည့် ခန္ဓာများကိုလည်း ပစ်ချ၏။

ဝိပဿနာဖြင့် ခန္ဓာဝန်ထုပ်ကို ပစ်ချခြင်း။ ။ အမြဲမပြတ် ရှုမှတ်သော ယောဂီသည် ဖြစ်ပေါ်လာသော အာရုံအပေါ် စွဲလမ်းနိုင်သည့် တဏှာဥပါဒါန်တရားများ တဒင်္ဂအားဖြင့် ပယ်နေ၏။ ထိုသို့ တဒင်္ဂပဟာန်အားဖြင့် ရှုမှတ်ပြီး ပယ်တိုင်း ပယ်တိုင်း ဘ၀သစ်ခန္ဓာကို ပယ်ချသည် မည်၏။

(ဘာရသုတ်၊ မဟာစည်ဆရာတော်)

****************************

ခန္ဓာကိုယ်ကို ဒုက္ခ၀န်ထုပ်ကြီးအဖြစ် ပြောဆိုကြပုံများ

၁။ “ဒီဃရတ္တံ မယာ ပရိဟတောယံ ဒုက္ခဘာရော န စိရေဿဝ နိက္ခိပိယတီ”တိ ပဿတော
ပရိနိဗ္ဗာနဂုဏပစ္စဝေက္ခဏေ တဿ ဥဠာရံ ပီတိသောမနဿံ ဥပ္ပဇ္ဇိ။

(ဥဒါန၊ ဌ၊ ၂၉၈)

“ငါဘုရားသည် ရှည်မြင့်စွာသော ကာလပတ်လုံး ထမ်းဆောင်လာခဲ့ရသော ဤဒုက္ခ၀န်ထုပ်ကြီးသည် မကြာမီ ပစ်ချရတော့မည်”ဟု မြင်တော်မူသော ထိုမြတ်စွာဘုရားအား ပရိနိဗ္ဗာန်ပြုခြင်း၏ ဂုဏ်ကျေးဇူးကို ဆင်ခြင်သောအခါ၌ မြင့်မြတ်လှစွာသော ပီတိသောမနဿ ဖြစ်ပေါ်လာ၏။

၂။ “သစေ က္ကုမေ မာရေဿန္တိ၊ က္ကုဒါနေ၀ါဟံ အနုပါဒါယ ပရိနိဗ္ဗာယိဿာမိ။ ဒုက္ခဘာရော ၀ိဂစ္ဆိဿတီ”တိ
ဥဠာရံ ပီတိ သောမနဿံ ဥပ္ပဇ္ဇိ။

(အဓိမုတ္တထေရဂါထာ၊ ဋ္ဌ-၂၊ ၂၆၅)

“ဤသုပုန်တို့သည် ငါ့ကို သတ်ကုန်အံ့၊ ယခုပင်လျှင် ၀ိပါက်ကမ္မဇရုပ် အကြွင်းမရှိသော အနုပါဒိသေသ ပရိနိဗ္ဗာန် ပြုရတော့အံ့။ ဒုက္ခ၀န်ထုပ်ကြီး ကင်းငြိမ်းတော့အံ့”ဟု မြတ်သော ပီတိ သောမနဿ ဖြစ်ပေါ်လာ၏။

၃။ “ကီဝ စိရံ နု ခေါ အယံ ဒုက္ခဘာရော ၀ဟိတဗ္ဗော”တိ။

(သာရတ္ထဒီပနီဋီကာ-၂၊ ၂၄၉)

“ဘယ်လောက်ကြာအောင် ဤဒုက္ခ၀န်ထုပ်ကြီးကို ထမ်းဆောင်ရပါဦးမည်နည်း”ဟု ဆင်ခြင်သောအခါ၌..။

ဆောင်။ ။
ဝန်ထုပ်ဆိုတာ၊ ငါးခန္ဓာ၊ လွန်စွာ ဆင်းရဲသည်။
ဝန်ထမ်းခေါ်လတ်၊ ပုဂ္ဂိုလ်မှတ်၊ ပညတ်သာဖြစ်သည်။
ဝန်ထုပ်ယူက၊ ဆင်းရဲစွ၊ ပစ်ချ ချမ်းသာသည်။

(ဘာရသုတ်၊ မဟာစည်ဆရာတော်)

နိဂုံးဂါထာ

ဘာရာ ဟဝေ ပဉ္စက္ခန္ဓာ၊ ဘာရာဟာရော စ ပုဂ္ဂလော။
ဘာရာဒါနံ ဒုခံ လောကေ၊ ဘာရနိက္ခေပနံ သုခံ။
နိက္ခိပိတွာ ဂရုံ ဘာရံ၊ အညံ ဘာရံ အနာဒိယ။
သမူလံ တဏှမဗ္ဗယှ၊ နိစ္ဆာတော ပရိနိဗ္ဗုတော။

“ခန္ဓာငါးပါးတို့သည် စင်စစ် ၀န်ထုပ်တို့တည်း။ ပုဂ္ဂိုလ်ကား ၀န်ထမ်းသမားတည်း။ ၀န်ထုပ်ကို ယူရခြင်းသည် လောက၌ ဆင်းရဲ၏။ ၀န်ထုပ်ကို ချထားခြင်းသည် ချမ်းသာ၏။

လေးသောဝန်ကို ချထားပြီးလျှင် တစ်ပါးသောဝန်ကို မယူမူ၍ အမြစ်ရင်းနှင့်တကွ တဏှာကို နှုတ်ပယ်ပြီးလျှင် ဆာလောင်မှုတဏှာ ကင်းသည်ဖြစ်၍ ငြိမ်းအေးရ၏”ဟု မိန့်တော်မူ၏။

**********************

ရဋ္ဌပါလ ရဟန်း။ ။ ဖခင်က သားရဟန်း လူပြန်ထွက်ရန် ရွှေပုံငွေပုံတွေ အလယ်မှာ ရတနာစံသာမက ဇနီးမယား အလှကိုပါ ခေါ်ကာပြလျက် သွင်သွင်ဖြားယောင်း၏။ အ၀ိဇ္ဇာနှင့် တဏှာအယုတ်ကို အမြစ်ပါ ပယ်နှုတ်ပြီးသော အရှင်ရဋ္ဌပါလက ဆွမ်းစားပြီးနောက် အောက်ပါအတိုင်း ပြောဆိုပြီးကာ မင်းဥယျာဉ်သို့ ပြန်သွားလေ၏။

ရှုကြည့်စမ်းပါ……. ဤခန္ဓာကား၊ အနာပြည်ပုပ်၊ ရွံဖွယ်ရုပ်ကို၊ အဟုတ်လှပ၊ ထင်လေရအောင်၊ ထိန်ပြောင် ၀တ်စား၊ ပတ္တမြား နားတောင်း၊ သွယ်ပြောင်းတန်ဆာ၊ ဆင်လေကာဖြင့်၊ နံ့သာသွယ်သွယ်၊ ရောင်စုံ ခြယ်လျှက်၊ လှဖွယ် ပြင်ကာ၊ ထားလေပါလည်း၊ တဏှာတန်းလန်း၊ လူ့မိုက်ကန်းသာ၊ စွဲလန်းနိုင်ပါ၊ ဖမ်းနိုင်ရာ၏။

တဏှာ နယ်တွင်း၊ လွတ်ကင်းပြီးနောက်၊ ခေမာပေါက်အောင်၊ ရောက်လေပြီးသူ၊ လာမချုနဲ့၊ မူဆိုး ထောင်လာ၊ မာယာ ကျော့ကွင်း၊ လွတ်အောင် နင်း၍၊ စားလျင်း ပြီးခါ၊ တောမှာ ပြန်သွား၊ သမင်လားသို့၊ ငါ့အား ငြိတွယ်၊ ရှင်းရှင်း ပြယ်သည်၊ လ,နှယ်ပမာ ကင်း၏သောဝ်။ ။

(ရဋ္ဌပါလသုတ်၊ မဇ္ဈိမနိကာယ်)

*************************
ဘာရသုတ် လင်္ကာ

အိုဘယ့်လူသား၊ သတိထားလော့...။
ခန္ဓာငါးပါး၊ ရုပ်နာမ်များကား၊ မခြားနေ့ည၊ ပြုစုရ၍၊ ၀န်ထုပ်ပမာ၊ လေးလံစွာ၏။
ခန္ဓာငါးဝ၊ ရှိနေကြသည့်၊ များလှ ထိုထို၊ ပုဂ္ဂိုလ်မှန်သမျှ၊ ခေါ်ကြသည်မှာ၊
ဝန်ထမ်းသာတည်း။ လာလာသမျှ၊ ဘ၀ါ ဘ၀ကို၊ စိတ်က စွဲယူ၊ လက်ခံသူမှာ၊
တဏှာ မည်သကွဲ့၊ ထိုနယ်ချဲ့တည်း။ နယ်ချဲ့ မည်ပါ၊ ထိုတဏှာကို၊ မြစ်ပါမကျန်၊ တွန်းလှန် ပယ်နှုတ်၊ သင်ဖယ်ထုတ်က၊ ၀န်ထုပ် ချသူ၊ မယွင်း တူ၏။
ဆူဆူ ဒုက္ခ၊ လေးလံလှသည့်၊ ခန္ဓ သမုတ်၊ ဤ၀န်ထုပ်ကို၊ အဟုတ်မှန်စွ၊
ပစ်ချနိုင်ရန်၊ သတိပဋ္ဌာန်ကို၊ မှန်မှန်ပွားမှ လွတ်မည်သောဝ်။ ဖန်ဖန်ပွားမှ ကျွတ်မည်သောဝ်...။

*** ဘာရသုတ်ကို မြတ်စွာဘုရားက ရဟန်းတော်များကို ဇေတ၀န်ကျောင်းတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ 
(ခန္ဓ၀ဂ္ဂသံယုတ်၊ ဘာရ၀ဂ်၊ ဘာရသုတ်)

======= ******* =======
            ဘာရသုတ် ပြီး၏။
======= ******* =======

ဆရာတော် ဦးသြသဓ ဟောကြားတော်မူသော ဘာရသုတ် 
(May 15, 2016) တရားသင်တန်းမှ တစ်နေ့စာ ဘာရသုတ် နောက်ဆုံးအပိုင်းအား ကောက်နုတ်ရေးသား မျှဝေပါတယ်။ 

စာဖတ်သူအပေါင်းလည်း ခန္ဓာ့ဝန်ထုပ်ကြီးကို အပြီးတိုင်လွှတ်ချနိုင်သည့် သူတော်ကောင်းများ ဖြစ်နိုင်ကြပါစေ…

မေတ္တာဖြင့်
Favorite Collections
https://www.facebook.com/Favorite-Collections-273212476167679/

Thursday, May 12, 2016

" ဒီတစ်ခါရွာတဲ့မိုး၊ ချိုးမိအောင်ချိုး "


" … အင်းခန်းလို့ လယ်တီ ၊
လယ်တီတော့ ငှက်ကျ ၊
ငှက်ကျတော့ ကြောင်ခုတ် ၊
ကြောင်ခုတ်တော့ ထွန်ဆင်း ၊
ထွန်ဆင်းတော့ မိုးရွာ ၊
ဒီတစ်ခါရွာတဲ့မိုး ၊ ချိုးမိအောင်ချိုး …"

("အင်းခန်း")
ဆိုတာက အင်းခန်းဆရာတော်ကြီးကို ဆိုလိုတာပါ။ ဒုတိယမြောက် ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးတစ်ပါးပါ ။
ပထမ မဟာဝိသုဒ္ဓာရုံဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။ သာသနာ့ သမိုင်းဝင်ဆရာတော်ကြီး ဖြစ်ပါတယ်။ ဆိုလိုတာက အဲဒီ ဆရာတော်ကြီး မရှိတော့

-(အင်းခန်းတော့ လယ်တီ)

"လယ်တီ" ဆိုတာက လယ်တီဆရာတော်ကြီး ဦးဉာဏ (1208-1285)ကိုပြောတာပါ။
ဒီပနီ ကျမ်းပေါင်းများစွာကို ပြုစုပြီး (အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်နှင့် D.Litt ပိဋကတ္တယပါရဂူဘွဲ့) ကိုဆက်ကပ်ခံခဲ့ရသော ဆရာတော်ကြီးလည်း ဖြစ်သည်။ အဲဒီ လယ်တီဆရာတော်ဘုရားကြီး ပြီးတော့

-(လယ်တီတော့ ငှက်ကျ)
"ငှက်ကျ" ဆိုတာက ငှက်တွင်းဆရာတော်ကြီးကို ပြောချင်တာပါ။

(ငှက်ကျတော့ ကြောင်ခုတ်)
"ကြောင်ခုတ်" ဆိုတာက ကြောင်ပန်းတောရ ဆရာတော်ကြီး(1222-1288)ရဟန်းဘွဲ့အမည် ဦးဣန္ဒက ဖြစ်ပါတယ်။ လယ်တီဆရာတော်ကြီးရဲ့ တပည့်လည်း ဖြစ်ပါတယ်။ နောက်

( "ကြောင်ခုတ်တော့ထွန်ဆင်း" )

"ထွန်းဆင်း" ဆိုတာက စွန်းလွန်းဆရာတော်ကြီး ဦးကဝိ (1239-1314) ကိုပြောတာပါ။
ထွန်ထောင်ကိုယ်တော်၊ ထွန်းဆင်းကိုယ်တော် စသည်ဖြင့် ခေါ်ကြပါတယ်။ ယာထွန်နေရင်း သတိသံဝေဂပြင်းပြသဖြင့် လူဝတ်ကြောင်မှ သာသနာဘောင်သို့ ၀င်ရောက်ခဲ့လို့ အဲလို ခေါ်ကြ တာဖြစ်ပါတယ်။
ရဟန္တာ အရှင်မြတ်ကြီးလည်း ဖြစ်တော်မူတယ်။ ဒါပေမယ့် ပရိယတ်စာပေ ကျမ်းဂန် တတ်ကျွမ်းခြင်းမရှိပါဘူး။ (1314-ခု၊ ကဆုန်လပြည့်ကျော် (9)ရက်၊ စနေနေ့ညနေ 5 နာရီအချိန်တွင် ခန္ဓာဝန်ချတော်မူပါတယ်။)

("ထွန်းဆင်းတော့ မိုးရွာ ")

( "မိုးရွာ" )
ဆိုတာက မိုးကုတ်ဆရာတော်ကြီးကို ဆိုလိုတာပါ။

( "ဒီတစ်ခါ ရွာတဲ့မိုး၊ ချိုးမိအောင်ချိုး" )
ဆိုတာက မိုးကုတ်ဆရာတော်ကြီးက သစ္စာတရားများကို ပထမဆုံးကျယ်ကျယ်ပြန့်ပြန့် ဟောကြားခဲ့ပါတယ်။ ပါဠိ သိပ်မပါပဲ မြန်မာလို လူပိန်းနားလည်နိုင်တဲ့ စကားလုံးများနဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ ခက်ခဲနက်နဲတဲ့ အဘိဓမ္မာသစ္စာတရား များကို ဟောကြားခဲ့ ပါတယ်။ဆရာတော်ကြီးဟောကြားတဲ့ သစ္စာတရားများဟာ မိုးရွာချသလိုပဲများပြား လှပါတယ်။ ဒီတစ်ခါ ရွာချတဲ့ သစ္စာမိုးရေကို ချိုးမှ ကိလေသာ အညစ်အကြေးများ ကင်းစင်ကာ သံသရာမှာ ဒုက္ခမျိုးစုံနဲ့ မကျင်လည်ကြရတော့ပဲ ခရီးသွားခြင်းမှရပ်တန့်ကာ…
နိရောဓ (နိ=မရှိ၊ရောဓ= သွားခြင်း။ နိရောဓ=သွားခြင်းမရှိ (သို့)ရပ်တန့်ခြင်း)ဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်မှာဖြစ်ပါတယ်။

အကယ်၍ သစ္စာမိုးရေများကိုမချိုးပဲ အဝိဇ္ဇာကဖုံးပြီး တဏှာနဲ့ဖွဲ့ချည်ထားတဲ့ ခန္ဓာအိမ်ထဲမှာပဲကိလေသာ တွေနဲ့ ပျော်နေမယ်ဆိုရင်တော့ ဒီဘ၀က သေပြီးရင် ကုသိုလ်ကုန်တာနဲ့ အပါယ်လေးပါးမှာ ကျင်လည်ကြရမှာ ဖြစ်ပါတယ်။ တကယ်လည်းအဲဒီလင်္ကာထဲကလိုဖြစ်မှာ သေချာပါတယ်။ ယ္ခုဘ၀မှာ မှ သောတာပတ္တိမဂ်/ဖိုလ် ကို ရအောင် အားထုတ်မထားရင် ငရဲအိုးက လွတ်ဖို့ မသေချာပါဘူး။ ယ္ခုဘ၀ပြုထားတဲ့ ကောင်းမှုကုသိုလ်တွေ ကြောင့် နတ်ပြည် ဗြဟ္မာပြည်ရောက် ကုသိုလ်ကံအရှိန်ကုန်တော့ ပြန်ကျ ကိုယ်လူ့ဘ၀ပြန်ရောက်တဲ့အချိန် သာသနာကွယ်ပြီ။

ဆိုတော့ကာ အကုသိုလ်/ကုသိုလ် မခွဲခြားတတ်တော့၊ သေတော့ အပါယ်ပြန်ကျဒီလိုနဲ့ သံသရာကြီးမှာ သုခအလျဉ်းမရှိ၊ ဒုက္ခအတိနဲ့ ကျင်လည်ကြရအုံးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါရွာတဲ့မိုး၊ ချိုးဖြစ်အောင်ချိုး ၊မချိုးရင် ချိုးကပ်လိမ့်မယ်ဆိုတဲ့အတိုင်းဆရာတော်ကြီးရဲ့ သစ္စာတရားများကိုနာယူ၊ ကျင့်ကြံ၊ ပွားများ၊ အားထုတ် သင့်လှပါကြောင်း တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ ။

-----------
Credit to: Original Uploader

ကုသိုလ်ဟူသည် ဘဝလမ်းအတွက်


မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။ မဋ္ဌကုဏ္ဍလီ သည် ခေါင်းကို ကြိုးစား လှုပ်ကြည့် သည်။ လှုပ်၍ မရ ။ ခြေလက် များကို လှုပ်ကြည့် ဖို့ ကြိုးစားသည်။ လှုပ်၍ မရ။ ဆီးဝမ်း များ ထွက်ကျ၍ အညစ်အကြေး အမျိုးမျိုး တို့ ကလည်း အိုင်ထွန်း နေသည်။ သုတ်သင် ၍ မရ။ ယင် တစ်သိုက် က ခန္ဓာကိုယ် အနှံ့ ဆင်းတက် ကျက်စား နေသည်။ ခြောက်ထုတ် ၍ မရ။

အတိတ်က ပျော်ပါးခဲ့ သည်များ ကို စဉ်းစား ကြည့်သည်။ စဉ်းစား၍ မရ။ စိတ်တွေ က အဓိပ္ပါယ် ရေရေ ရာရာရှိအောင် မတွေးနိုင်။ လွင့်ပါး နေသည်။ အလိုလို ကြောက်ရွံ့ နေသည်။ အလိုလို အားငယ် နေသည်။ မကြာမီ အသူရာ နက်သော ချောက်နက်ကြီး ထဲသို့ ပြုတ်ကျ တော့ မလိုလို။ ရင်မှာ လှိုက်လို့ မောရင်း သြော်..အားကိုးရာမဲ့ လှသည်။

ခေါင်းက ကိုက်လှ ချည်ရဲ့။ ကျောက နာလှ ချည်ရဲ့။ ရင်က ပူလှ ချည်ရဲ့။ အို..အမေရဲ့.. အိုအဖေရဲ့...သက်သာ အောင် ဆောင်ရွက် ပေးကြပါ...။ စိတ်ထဲမှာ အာခေါင် ခြစ်၍ အော်သည်။ အသံကား တစ်စက်မျှ မထွက်။ မျက်ရည် တွေတွေ စီးကျ၍ နေရသည်။ ကြာတော့ မျက်ရည် တွေပါ ခြောက်ခန်း လာသည်။ ရေတွေ ဆာသည်။ ၀မ်းက လည်း ဟာသည်။ တောင်းဆို ခြင်းကား မပြုနိုင်။ အလိုက် တသိ လာတိုက် လာကျွေး လျင်သာ မျိုနိုင်သည်။ သြော်..ဆင်းရဲတကာ့ ဆင်းရဲ ကြီးပါ တကား။ ပင်ပန်း တကာ့ ပင်ပန်း ကြီးပါ တကား ။

မဋ္ဌကုဏ္ဍလီ ၏ မိဘတို့ကား ယောက်ယက် ခတ်နေသည်။ သည်းအူ ပြတ်မျှ ပူလောင် နေရသည်။ စိုးရိမ် နေရသည်။ သို့သော် သားဖြစ်သူ ၏ ဒုက္ခကို မိရင်း ဘရင်း တို့သည်လည်း အတိအကျမသိ နိုင်။ ဖယ်ရှား ပေး၍လည်း မရ။ လက်မှိုင် ချ၍ ကြည့်နေရုံ သာ တတ်နိုင် သည်။ စင်စစ် ဤ ဒုက္ခ များသည်ကား ချစ်သူ ခင်သူ မည်သူမျှ ကိုယ်စား ခံပေးလို့ မရသော ဒုက္ခ များပင် တည်း ။ အသီး အသီး သော သတ္တ၀ါတို့ မိမိတို့ ဘာသာ ကိုယ်တိုင် ကိုယ်ကျ ခံစား တွေ့ကြုံ ရမည့် ဒုက္ခများ ဖြစ်ပေ၏။

မဋ္ဌကုဏ္ဍလီ ဟူသည် ကား သာဝတ္ထိ ပြည်တွင် နေထိုင် သော အဒိန္နပုဗ္ဗက သူဋ္ဌေး မောင်နှံ ၏ တစ်ဦး တည်းသော သား ရတနာ ဖြစ်၏။ အသက် ၁၆ နှစ် အရွယ် သာ ရှိသေး သည်။ အသက် ၁၆ နှစ် ဆိုသည်မှာ ယခုကဲ့ သို့ သေရာ ညောင်စောင်း ထက်၌ လဲလျောင်း နေရမည့် အရွယ် မဟုတ် သေး ဟု အများက ဆိုကြ သည်လည်းရှိသည်။ စုတ်သပ် ကြသည် လည်း ရှိသည်။ သို့သော် နာခြင်း တရား၊ သေခြင်း တရား ဟူသည် ကား ငယ်ရွယ် သေး၍ နုပျို သေး၍ မလာပါနှင့် မဖြစ်ပါနှင့် ဟု ကြိုတင် ညှိနှိုင်း ထားလို့ မရ။ ချမ်းသာသူ ဖြစ်၍၊ ချောမော လှပသူ ဖြစ်၍၊ ပညာ တတ်သူ ဖြစ်၍ မလာ ပါနှင့်၊ မဖြစ်ပါနှင့် ဟုလည်း ကြိုတင် ညှိနှိုင်း ထား၍ မရ။ သတ္တ၀ါ အသီး အသီး ကို ဒဏ်ခတ် နှိပ်စက် သတ်ဖြတ် ရန် အတွက် တိကျ ဖြတ်လတ်စွာ၊ အားရ၀မ်းသာစွာ လာကြ၊ ဖြစ်ကြ လေ့ ရှိသည် သာတည်း။

ကျန်းမာ သန်စွမ်း ချိန်ကမူ မဋ္ဌကုဏ္ဍလီ သည် အများနည်းတူ ပျော်ပျော် ပါးပါး နေထိုင် သွားလာ ခဲ့သည် သာ ဖြစ်သည်။ ဤ ရောဂါ ရရှိ လိမ့်မည် ဟု အိပ်မက် မျှပင် မမက်ဖူးခဲ့။ ဤသို့ သေရာ ညောင်စောင်း ထက်တွင် လဲလျောင်း ၍ ဆင်းရဲ ဒုက္ခများ ခံနေ ရမည် ဟု အိပ်မက်မျှပင် မမက်ဖူးခဲ့။ ဤသို့ မသိ ခဲ့၍လည်း ပျော်ပါး နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ် ၍ အခြား သူများ ဝေဒနာ ခံစား နေရသည် သို့မဟုတ် သေအံ့မူးမူး ဖြစ်နေ သည်ကို သတင်းမျှ ကြားရ ပါက မိမိလည်း တစ်နေ့ ဤသို့ ဝေဒနာ ခံစား ရမည်၊ သေအံ့ မူးမူး ဖြစ်ရမည် ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင် ပြုလုပ် ထားမည် ဖြစ်သည်။ သို့မဟုတ် သတင်း ကြားရ သည်ကို အမှုမဲ့ အမှတ်မဲ့ နေမိ သော်လည်း ဝေဒနာ ခံစား ရသောသူ၊ သေအံ့ မူးမူး ဖြစ်နေ သော သူများကို မျက်စိ ရှေ့တွင် တွေ့ရပါက တစ်နေ့ မိမိလည်း ဤသို့ ဖြစ်ရ မည်ကို သိရှိပြီး ဒါန၊ သီလ၊ ဘာဝနာ များကို ကြိုတင်ပြုလုပ် ထားမည် ဖြစ်သည်။

သို့သော် မဋ္ဌကုဏ္ဍလီ ကား ဒါန၊ သီလ၊ ဘာဝနာ များကို လည်း ပြုခဲ့ ဖူးသည် မရှိ။ အမှုမဲ့ အမှတ်မဲ့ ကုန်ဆုံး သွားသည် သာ ဖြစ်သည်။ မိခင် ဖခင်တို့ ကလည်း ဒါန၊ သီလ၊ ဘာဝနာ တို့ကို ပြုလုပ် ရမည်ဟု သင်ကြား ပေးခြင်း မရှိ။ မိခင် ဖခင်တို့ ကိုယ်တိုင် သည်လည်း ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ် သင့်သည် ဟု အကြား အမြင် ဗဟုသုတ မရှိ။ သို့သော် သင်ကြားခြင်း ရှိသည် မရှိသည် ဆိုခြင်း ထက် မိမိက ပြုလုပ် တတ်ဖို့ အရေး ကြီးသည်။ အဘယ်ကြောင့် ဆိုသော် တကယ်တမ်း သေမင်း နှင့် ရင်ဆိုင် ရမည်က မိမိ ကိုယ်တိုင် သာ ဖြစ်ပြီး မိဘ အပါအ၀င် မည်သည့် တစ်ဦး တစ်ယောက် ကမျှ မိမိ ကိုယ်စား အငှား ရင်ဆိုင် ပေး၍ မရသောကြောင့် တည်း။

သေခြင်း တရား ကိုကား သတ္တ၀ါတိုင်း ရင်ဆိုင် ရမည်သာ ဖြစ်သည်။ သို့သော် ဒါန၊ သီလ၊ ဘာဝနာကို အာစိဏ္ဍ ကံမြောက် ပြုထား လျင်ကား သေခါနီး အချိန်၌ အနည်းငယ် စိတ် သက်သာရာ ရနိုင် သေးသည်။ သို့နှင့်တိုင် စိတ်ချရပြီ ဟုကား မဆိုနိုင် သေး။ သေခါနီး၌ ဖြစ်တတ် သော အကုသိုလ် ကံများကို သတိ မူရဦးမည် ဖြစ်၏။ ငယ်တုန်း ရွယ်တုန်း အာစိဏ္ဍကံ မြောက်အောင် ဒါန၊ သီလ၊ ဘာဝနာ အားမထုတ် ထားသူ တို့မှာ အားအင် ပြတ်လပ်၊ စိတ်လက် ညစ်ညူး၊ ဝေဒနာ လှိုက်ဆူ ချိန်၌ အဘယ်သို့လျင် ထိုထို အကုသိုလ် ကံများကို ရှောင်ရှား နိုင်စွမ်း ရှိမည်နည်း။

အဘယ်သို့လျင် သေခါနီး၌ ဖြစ်ပေါ် လာတတ် သော အာရုံဆိုး များကို အကုသိုလ် ကံ မဖြစ်အောင် နှလုံးသွင်း နိုင်စွမ်း ရှိမည်နည်း။ ကလျာဏ မိတ္တ ကိုသာ အချိန်မီ ရရှိခဲ့ခြင်း မရှိလျင် ထိုထို ပုဂ္ဂိုလ်တို့ မှာ သေခါနီး ဖြစ်သော အကုသိုလ် ကံများကြောင့် သေပြီး သည့်နောက် အပါယ် လေးပါး သို့သာ တဖြုတ်ဖြုတ် သက်ဆင်း ကြရမည် ဖြစ်လေသည်။

မဋ္ဌကုဏ္ဍလီ နှင့် သူ၏ မိဘများ အပါအ၀င် သတ္တ၀ါ အများအပြား မှာ အတိတ်ဘ၀ တစ်ခုခုက မြင့်မြတ်သော အလုပ်များကို ပြုလုပ်ခဲ့ ကြသည့် သူတော်ကောင်း များ ဖြစ်ခဲ့ ကြမည်သာ ဖြစ်၏။ ကုသိုလ် ပါရမီ ဟူသည်ကား နိဗ္ဗာန် မရောက် မချင်း ပျောက်ပျက်လေ့ မရှိ။ နိဗ္ဗာန် ဆိုက်သည့် တိုင်အောင် အကျိုး ပေးသည့် ကုသိုလ်မျိုး ဖြစ်၏။

ကုသိုလ် ပါရမီ ပါလာ သည်ကား မှန်၏။ သို့သော် အသုံး မချသူများ ကိုကား ပါရမီ သည် နိဗ္ဗာန် ရောက်အောင် အလိုလို ဆွဲ မခေါ်နိုင်။ မဂ္ဂင်ရှစ်ပါး နှင့် အားထုတ် ရသေးသည် ။ အားမထုတ် မိလျင် သံသရာ လည်ကြ ပြန်ပါ သည်။ ထို့ကြောင့် လည်း မြောက်မြား စွာသော ပါရမီရှိသူ ပုဂ္ဂိုလ်များမှာ အပါယ်လေးပါး၌ တစ်ဝဲလည်လည် နှင့် အချိန်ကုန် နေခြင်း ဖြစ်လေ သည်။

လောက ဓမ္မတာ အရ ပုထုဇဉ် တို့၏ သဒ္ဓါတရား သည်ကား ခိုင်မြဲခြင်း မရှိ ဟူ၍လည်း သိအပ်၏ ။ ပုထုဇဉ် တို့သည် တစ်ဘ၀ ၌ သူတော်ကောင်း ဖြစ်သော်လည်း နောက် တစ်ဘ၀ ၌ သူယုတ်မာ များ ဖြစ်နိုင် သေးသည်။ ယခုဘ၀ ၌ ရတနာ သုံးပါး ကို ကြည်ညို သော်လည်း နောက်ဘ၀များ၌ ရတနာ သုံးပါးကို ရန်မူသူများ လည်း ဖြစ်နိုင် သေးသည်။ ကလျာဏမိတ္တ နှင့် ပေါင်းဖော် မိလျင် သူတော်ကောင်း ဖြစ်ကြ၍ ဒေ၀ဒတ် ကဲ့သို့ ပါပ မိတ္တနှင့် ပေါင်းဖော် မိလျင် သူယုတ်မာ များဖြစ်ကြ ရပြန် သည်။

မဋ္ဌကုဏ္ဍလီ ၏ အချိန်သည်ကား နည်း၍ နည်း၍ သွားပြီ။ နည်းသွား သည်ဆိုသဖြင့် လုံးဝ မရှိတော့ခြင်း တော့ မဟုတ်။ ကုသိုလ် မျိုးစေ့ ကို ချမည် ဆိုလျင်ကား ချနိုင် သေးသည်။ သေရာ ညောင်စောင်း တွင် လဲလျောင်း နေရသည့် ယခု ကာလသည်ပင် ကုသိုလ်ပြု ဖို့ အချိန် ဖြစ်သည်။ တောင်တောင် အီအီ တွေး၍ စိတ်ညစ် နေရမည့် အချိန်မဟုတ်။

မဋ္ဌကုဏ္ဍလီ သည် ပျော့ညံ့သည့် ပုဂ္ဂိုလ် ထဲတွင်တော့ ပါဟန်မတူ။ သေခြင်း တရားကို စွမ်းသလောက် ရင်ဆိုင်မည့် သူ ဖြစ်ဟန် တူ၏။ သို့ဖြစ်၍ လည်း မြတ်စွာဘုရား ၏ ကရုဏာ ဥာဏ်ကွန်ရက် တွင် ကယ်ချွတ် အပ်သူဟူ၍ ပေါ်လာခြင်းဖြစ်သည်။ အလျော့ပေး အရှုံးပေး ထားသူကို မည်သည့် ကရုဏာရှင် ကမျှ ကူညီ၍ ၊ကယ်တင်၍ မရ။ အဘယ်ကြောင့် ဆိုသော် သတ္တ၀ါ ဟူသည့် သဘောမှာ မိမိ ကိုယ်ကို မိမိ အားကိုးရသည့် သဘော ရှိသောကြောင့် ဖြစ်သည်။ ဘုရား အပါအ၀င် ကလျာဏ မိတ္တများကား ဘ၀ကိုကယ်တင်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်။ လမ်းပြပေး နိုင်သော ပုဂ္ဂိုလ်များသာဖြစ်၏။

မဋ္ဌကုဏ္ဍလီ ကို အကြောင်း ပြု၍ သူ့မိဘ များ အပါအ၀င် သတ္တ၀ါ အများ တရားချမ်းသာ ကို မြည်းစမ်းခွင့် ရမည် ကို မြတ်စွာဘုရား က သိမြင်တော် မူ၏။ သို့ဖြစ်၍ ထိုနေ့က အိမ်စဉ် အလျောက် ဆွမ်းခံ ကြွသည့် အခါ မဋ္ဌကုဏ္ဍလီ တို့ အိမ်ရှေ့ ၌ ရောင်ခြည်တော် ကို လွှတ်၍ ဆွမ်းရပ် သည်။ မဋ္ဌကုဏ္ဍလီ သည် မျက်ဝန်း ထောင့်စွန်း၌ ရောင်ခြည်တော် ကို ဖူးမြင်ရ၍ ဦးခေါင်း ကို စောင်းငဲ့၍ ငေးကြည့် ရှာသည်။

စင်စစ် မဋ္ဌကုဏ္ဍလီသည် ဗုဒ္ဓကို ကြည်ညို ဖူးသူ မဟုတ်။ သို့သော် ကိလေသာ ကင်းစင်သော ပုဂ္ဂိုလ်ထူး ကို ကြည်ညို သည့် စိတ် ဟူသည်ကား အတ္တမာန အတန်ငယ် ကင်းစင် နေသော သူများ၌ ဖြစ်ပေါ် နိုင်စွမ်း ရှိသည်။ ရောဂါ ဝေဒနာ တို့ကြောင့် အတ္တမာန တို့ ခေတ္တ ငုပ်လျှိုး နေသဖြင့် လည်း မဋ္ဌကုဏ္ဍလီ ၏ ဥာဏ်၌ ကြည်ညို ထိုက်သူကို ကြည်ညိုသော အသိဥာဏ် သည် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူ၏။

ကိလေသာ ကင်းစင် တော်မူသော မြတ်ဘုရားကို ဖူးတွေ့ ရသဖြင့် မဋ္ဌကုဏ္ဍလီ၏ သန္တန်တွင် ကာမာဝစရ ကုသိုလ်စိတ် ၈ ပါး၏ ပထမ ကုသိုလ်စိတ် သည် ထင်ရှား ဖြစ်ပေါ်လာ၏။ မြတ်ဘုရား၏ ကိလေသာ ကင်းစင် တော်မူသည့် အမူအရာကို စိတ်နှလုံး၌ ထပ်ဖန်တလဲလဲ မြင်ယောင် ၍လည်း ဗုဒ္ဓါနုဿတိ ဘာဝနာ စိတ်သည် ထင်ရှား ဖြစ်ပေါ် လာ၏။ ကြည်ညို လွန်းမက ကြည်ညိုသည့် စိတ်ကြောင့် လက်အုပ် ချီမိုး၍ ကန်တော့ လိုက်ချင်သည်။ သို့သော် လက်ကိုကား မြှောက်၍ မရ။ စိတ်ထဲမှသာ ကန်တော့ လိုက်ရ၏။ လက်အုပ် မချီရသော်လည်း လက်အုပ်ချီ သကဲ့သို့သာ ဖြစ်လေ၏။

မဋ္ဌကုဏ္ဍလီ ၏ သန္တန်တွင် အကုသိုလ် စိတ်များ ကင်းပျောက်၍ ကုသိုလ်စိတ် များ ဖြစ်ပေါ် လာပေပြီ။ မဋ္ဌကုဏ္ဍလီ ၏ ထွက်သက် ၀င်သက် သည်လည်း ငြိမ်၍ ငြိမ်၍ သက်၍ သက်၍ လာပြီ။ ဇောစိတ် များ သည်လည်း အရင်လို ခုနစ်ကြိမ်မျှ မဖြစ်တော့ဘဲ ငါးကြိမ် လေးကြိမ် မျှသာ ဖြစ်တော့ သည်။ နောက်ဆုံးတွင်ကား..မဋ္ဌကုဏ္ဍလီ ၏ စုတိစိတ်သည် ကုသိုလ်ကံ ၏ နိမိတ် ကို အာရုံပြု၍ ချုပ်လေ တော့၏။ စုတိ စိတ် ချုပ်သည်နှင့် စက္ကန့် မခြား ဘဲ ပဋ္ဋိသန္ဓေ စိတ်သည် ဖြစ်ပေါ် လာ၏။ ပဋ္ဋိသန္ဓေစိတ် ဖြစ်သည့် နေရာကား တာဝတိသာ နတ်ပြည်တည်း။

"ဓမ္မ တို့သည် စိတ်လျှင် ရှေ့သွား ရှိကုန်၏၊ စိတ်လျှင် အကြီးအမှူး ရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်း ကြည်လင်သော စိတ်ဖြင့် အကယ်၍ ပြောဆို၊ ပြုလုပ်၊ ကြံစည်ပါက ထို (ပြောဆို ပြုလုပ် ကြံစည်) သောကြောင့် အရိပ်သည် (လူကို) မစွန့်မူ၍ အစဉ် လိုက်သကဲ့ သို့ ထိုသူသို့ ချမ်းသာသည် အစဉ် လိုက်လေ၏။"

မဋ္ဌကုဏ္ဍလီ ဆုံးပြီး လပိုင်းမျှ အချိန်တွင် မြတ်ဘုရား သည် ဤ တရားကို မဋ္ဌကုဏ္ဍလီ ၏ ဖခင် သူဋ္ဌေးကြီး၏ နေအိမ်တွင် ဟောကြားခြင်း ဖြစ်သည်။ သူဋ္ဌေးကြီး သည် မဋ္ဌကုဏ္ဍလီ သေဆုံးပြီးနောက် သုဿာန်သို့ နေ့တိုင်း သွား၍ငိုသည်။ ထိုအခါ နတ်သား ဖြစ်နေ သော သူဋ္ဌေးသား က ဖခင်ဖြစ်သူ အား ဗုဒ္ဓါနုဿတိ ၏ ကျေးဇူးကို လာရောက် ပြောပြသည်။ သူဋ္ဌေးကြီး သည် ၀မ်းမြောက် ၀မ်းသာ ဖြစ်၍ မြတ်ဘုရား သာသနာ၌ သက်ဝင် ကြည်ညို လေသည်။ ထို့နောက် ဥပသကာ အဖြစ်ကို ရောက်၍ မြတ်ဘုရားကို တရား ဟောပြော ပြသရန် တောင်းပန်ခြင်း ဖြစ်လေ၏။

သဒ္ဓါတရား မရှိသော မိဘကို မဋ္ဌကုဏ္ဍလီ က ဤသို့ ကျေးဇူး ဆပ်ခဲ့၏။ အတု ယူဖွယ်ပင် ဖြစ်၏။ ဤသို့ ဖြင့် များစွာသော လူအပေါင်း နှင့်တကွ သားအမိ သားအဖသုံးဦးတို့သည် မြတ်ဘုရား၏ တရားတော်ကို ဒါနကထာသီလကထာ သဂ္ဂကထာ မဂ္ဂကထာ အစဉ်အတိုင်း နာကြားခွင့် ရကြပြီး၍ လူနတ် ချမ်းသာ၊နိဗ္ဗာန် ချမ်းသာ စသည့် အကျိုးထူး များကို မိမိတို့ ပါရမီ အားလျော်စွာ ရရှိခဲ့ ကြလေတော့သည်။


ကိုးကား
ယမက၀ဂ်-မဋ္ဌကုဏ္ဍလီ-ဓမ္မပဒ ဦးရွှေအောင်
အရှင်သုမနသာရ(ဖြူး)

တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်


ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊

စာဆက် ရေးတယ်။

တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

<ဝန်ထမ်းတစ်ဦးရဲ့စွမ်းရည်က သူဌေးအပေါ်လည်းအများကြီးမူတည်ပါတယ် >

ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊

“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။

ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”

ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”

ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခြင်္သေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊

စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >

ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃)

ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။

ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။

လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊

လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>

ဒဿန ~~ ဈေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။

အပိုင်း (၄)

အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။

ယုန်က ဂူဝကနေခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”

ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်

“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။

ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။

ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ.. tongue emoticon ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇတ်သိမ်း။

ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊

ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်

“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”

ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။

နိဂုံး။

တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။

အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊

မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။

မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။

< သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ >

ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။

- Credit to Original Uploader

မေတ္တာ လေ့ကျင့်ခန်း


မေတ္တာဟာ မိမိရဲ့သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ့ကျင့်ရင် အစွမ်းမထက်ဘူး။ အဲဒီတော့ မေတ္တာဆိုတဲ့ သဘောတရားကို ဘာနဲ့လေ့ကျင့်ရမလဲ၊ အာရုံနဲ့ပဲ လေ့ကျင့်ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ့ကျင့်ချင်ရင် အာရုံနဲ့ လေ့ကျင့်ရမယ်။ ဓားထက်အောင် ဘာနဲ့လုပ်ရမလဲ၊ ကျောက်နဲ့သွေးရတယ်၊ ကျောက်ပေါ်တင်ပြီး သွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ့လုပ်ရမလဲ၊ အာရုံပေါ်တင်ပြီးတော့ လေ့ကျင့်ရမယ်။

မေတ္တာကို လေ့ကျင့်ခန်းလုပ်တဲ. နည်းတစ်ခု။ သာမာန်ကုသိုလ်ရရုံပို့တဲ့မေတ္တာမျိုး မဟုတ်ဘူး၊ သာမာန်ကုသိုလ်ရရုံ ပို့တဲ့မေတ္တာကတော. “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု” ဆိုတာပေါ.။ ဘုရား ရှိခိုးရင်လည်း မေတ္တာပို့တာပဲလေ၊ သတ္တ၀ါတွေချမ်းသာကြပါစေ၊ အဲဒီဟာမျိုးကို ပြောတာ မဟုတ်ဘူး။ မေတ္တာလေ့ကျင့်ခန်းဝင်ပြီဆိုတာ meditation အလုပ်ကို လုပ်ရမှာကိုပြောတာ။ meditation ပုံစံနဲ.မေတ္တာကို အာရုံနဲ့လေ့ကျင့်ရမယ်။ အာရုံဆိုတာဘာလဲ၊ မိတ်ဆွေသူငယ်ချင်းစတဲ. သက်ရှိ သတ္တ၀ါနဲ့ လေ့ကျင့်ရမယ်။ သေသွားတဲ့သူနဲ့ လေ့ကျင့်လို့မရဘူး။ ဒီဘ၀မှာ ရှိနေတဲ့ ပုဂ္ဂိုလ်နဲ့ လေ့ကျင့်ရမယ်။

ကောင်းပြီ၊ လေ့ကျင့်မယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ကို ရွေးချယ်ရလိမ်.မယ်၊ နံပါတ်(၁) အသက်ရှင်ဆဲ ပုဂ္ဂိုလ်၊ သေတဲ့ပုဂ္ဂိုလ်ဆိုပြီး နှစ်ဦးရှိတဲ.အထဲမှာ သေတဲ့ ပုဂ္ဂိုလ်ကိုမရွေးနဲ့ ၊ဘယ်တော့မှ မအောင်မြင်ဘူးတဲ့၊ သေသွားတဲ့ ပုဂ္ဂိုလ်အပေါ်မှာ မေတ္တာမပို့နဲ့။ မေတ္တာကိုလေ့ကျင့်ပြီးတော့ ယူချင်တယ်ဆိုရင် သေတဲ့ပုဂ္ဂိုလ်ကို ဖယ်ထားလိုက်၊ “အသက်ထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်”ကို ရွေးပါတဲ့။

အဲဒီလို ရွေးတဲ့အခါမှာလည်းပဲ လူကို ၃ မျိုးလောက်ခွဲလိုက်။ တစ်ဦးက ကိုယ်နဲ့အင်မတန် ခင်မင် ရင်းနှီးတဲ့ပုဂ္ဂိုလ် ဒါက တစ်ဦး၊ နောက်တစ်ဦး ခင်လည်းမခင်ဘူး၊ မုန်းလည်းမမုန်းတဲ့ သာမာန်ပုဂ္ဂိုလ်၊ နောက်တစ်ဦးက မုန်းတဲ့ ကိုယ့်ရန်သူလို့ ၃ မျိုးခွဲလိုက်၊ ပုဂ္ဂိုလ် ၃ စားရှိတယ်။ လူတိုင်း လူတိုင်းဟာ အများအားဖြင့် ဒီလို ၃ စားရှိနေမှာပဲ။ ဒါက ယေဘုယျ အားဖြင်.ပြောတဲ့ စကားပေါ့။

အဲဒီထဲမယ် ဘယ်ပုဂ္ဂိုလ်ကို ရွေးရမလဲ၊ မေတ္တာစပြီးတော့ ပျိုးတော့မယ်ဆိုလို့ရှိရင် ကိုယ်နဲ့ ခင်လည်း မခင်၊ မုန်းလည်းမမုန်းတဲ့ ပုဂ္ဂိုလ်ကို သွားရွေးမယ်ဆိုလို့ရှိရင် မေတ္တာပျိုးဖို့ခက်လိမ့်မယ်။ ဘာဖြစ်လို့ တုန်း သူ့အပေါ်မှာ ခင်မှမခင်တာကိုး၊ သူ့ကို ပထမအနေနဲ့ ရွေးလို.မဖြစ်ဘူး။ ရန်သူကို ရွေးမလား ဆိုတော့ ရန်သူကို သွားရွေးရင် ဒေါသဖြစ်မှာပဲ။ မေတ္တာပျိုးလို့မရဘူး၊ ဒါကြောင့်မို့ ရန်သူကိုလည်း မရွေးနဲ့။ အဲဒီတော့ ပိယပုဂ္ဂလ ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးလိုက်ပါတဲ့။

မေတ္တာပို့တော့မယ်ဆိုရင် အဲဒါကစမယ်၊ အဲဒီပုဂ္ဂိုလ်ကိုရွေး၊ ဒီလို ရွေးတဲ့နေရာမှာလည်းပဲ နောက် တစ်ခု သတိထားစရာက လိင်တူကိုပဲ ရွေးရမယ်တဲ့၊ လိင်ကွဲကို သွားမရွေးရဘူး။ ဆိုလိုတာက မေတ္တာပို့မယ့်ပုဂ္ဂိုလ်သည် အမျိုးသားဆိုရင် အမျိုးသားသူငယ်ချင်းထဲကရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲကရွေး၊ အမျိုးသားက အမျိုးသမီးကို သွားရွေးမယ်၊ အမျိုးသမီးက အမျိုးသားကို သွား ရွေးမယ်၊ လိင်မတူတာကို ရွေးလို.ရှိရင် မေတ္တာဖြစ်မယ့်အစား တဏှာရာဂတွေ ဖြစ်လာတတ်တယ်၊ အန္တရာယ်ရှိတယ်။ ဒါကြောင့်မို့ အဲဒီလို မရွေးရဘူး။ အမျိုးသားဆိုရင် အမျိုးသားထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေး၊ အမျိုးသမီးဆိုရင် အမျိုးသမီးထဲက ချစ်ခင်တဲ့ ပုဂ္ဂိုလ်ကိုရွေးတဲ့။ အဲဒီလို ရွေးပြီးတော့ စိတ်ဓာတ်ကို လေ့ကျင့်ပေးရမယ်၊ မေတ္တာစိတ်ကို လေ့ကျင့်ပေးရမယ်။

အဲဒီလို လေ့ကျင့်တော့မယ်ဆိုရင် အစပထမ ဘာလုပ်ဖို့လိုလဲ၊ နှိုင်းယှဉ်မှုဟာ အင်မတန်မှ အရေးကြီးတယ်။ မြန်မာလိုပြောရင် ကိုယ်ချင်းစာတရားဆိုတာ ရှိတယ်။ ကိုယ်ချင်းစာတရား ထားတတ်ဖို့အတွက် ကိုယ်.ကိုယ်ကို အရင်ဆုံးစဉ်းစားပြီး မေတ္တာပို့လိုက်ဦး၊ ကိုယ့်ကိုယ်ကို မေတ္တာပို့တာကတော့ ဘာဝနာအတွက် မဟုတ်ဘူး၊ လွယ်အောင်လို့ ပြင်ဆင်လိုက်တဲ့ သဘောပဲ။

ဆိုပါစို့- မေတ္တာပို့တဲ့အခါမှာ “ချမ်းသာပါစေ” လို့ ပြောချင်တာလား သို့မဟုတ် "ကျန်းမာပါစေ"လို့ ပြောချင်တာလား သို.မဟုတ် "အဆင်ပြေပါစေ" လို့ ပြောချင်တာလား၊ တစ်ခုခုကို ကိုယ်ကြိုက်တဲ့ ဟာနဲ့ ပြောလို.ရတယ်။ "ကျန်းမာပါစေ"လို့ ပြောပြော၊ "ချမ်းသာပါစေ"လို့ပြောပြော၊ "အရာခပ်သိမ်း ဆင်ပြေပါစေ"လို့ ပြောပြော၊" အောင်မြင်ကြီးပွားပါစေ"လို့ ပြောပြော ဘာပဲပြောပြောပေါ့၊ အဲဒီ အတွေးလေးကို ထိုပုဂ္ဂိုလ်အပေါ်မှာ ပျိုးရမယ်တဲ့။

ဆိုပါစို.- ယောကျာ်းဆိုရင် ယောကျာ်းကလေး သူငယ်ချင်း၊ မိန်းကလေးဆိုရင် မိန်းကလေး သူငယ်ချင်းပေါ့။ ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ ထိုပုဂ္ဂိုလ်ရဲ့မျက်နှာ စိတ်ထဲမှာ ပေါ်လာအောင် ပုံဖော်လိုက်၊ ပုံဖော်လို့ မရဘူးဆိုလို့ရှိရင် ဓာတ်ပုံလေးတစ်ခု ကိုယ့်ရှေ့မှာ ထားပြီးတော့ ပုံဖော်၊ စိတ်ထဲမှာ ပုံဖော်လို့ရရင် စိတ်ထဲမှာ ပုံဖော်လိုက်၊ သူ့ရဲ့ပြုံးရွှင်နေတဲမျက်နှာ၊ ကြည်နူးနေတဲ.မျက်နှာလေးကို ကြည်.ပြီးတော့ အစဉ်ထာဝရ ပြုံးနိုင်ပါစေ၊ ကျန်းမာပါစေ၊ ရွှင်လန်းပါစေ ဆိုပြီး ကိုယ်လိုချင်တဲ့စကားလုံးလေးတစ်ခုနဲ့ အသုံးချပြီးတော့ အဲဒီစိတ်ကလေး ထပ်တလဲလဲ ဖြစ်နေအောင် repeatation လုပ်နေတာလို့ခေါ်တယ်။ ထပ်ထပ် ထပ်ထပ်ပြီးတော့ ဖြစ်နေတာ၊ တစ်ခါတည်းမဟုတ်ဘူး။ ခုခေတ် သီချင်းဆိုတဲ့အခါ repeation ထပ်ကျော့ပြီးတော့ ဆိုတာတာလေ။ အဲဒီတော့ မေတ္တာထပ်ကျော့နေရတယ်၊

ဘယ်နှစ်ပြန်ထပ်ကျော့ရမတုန်းဆိုရင် တစ်နာရီလုပ်ရင် တစ်နာရီလုံး ထပ်ကျော့နေရမယ်။ အဲဒီလို ဓားများသွေးတဲ့အခါမှာ ကျောက်နဲ့ ပွတ်နေသလိုပဲ၊ ဒီချမ်းသာပါစေဆိုတဲ့ စိတ်ကလေးနဲ့ ခုနက ပိယပုဂ္ဂိုလ်နဲ့ ပွတ်ပေးနေရမယ်၊ အဲဒါ လေ့ကျင့်နေတာခေါ်တယ်။ အဲဒီလို ပွတ်ပေးနေလိုက်တဲ့ အခါမှာ ဘယ်လိုအနေအထားထိအောင် ရောက်လာသလဲဆိုရင် ဘယ်နေရာသွားသွား ဒီပုဂ္ဂိုလ်ရဲ့ မျက်နှာပဲ မြင်နေမယ်၊ မျက်စိထဲက ဒီပုဂ္ဂိုလ်မျက်နှာ မထွက်ဘူး၊ အိပ်မယ်-အိပ်မပျော်သေးခင်လည်း သူ.မျက်နှာပဲ မြင်နေတယ်၊ တခြားဟာ သိပ်မမြင်ဘူး။ စိတ်က အဲဒီအပေါ်မှာပဲ ငြိမ်ကျလာတယ်ပေါ့။ အဲဒီလို ငြိမ်ကျလာတဲ့အပေါ်မှာ မေတ္တာစိတ်ကလေးနဲ့ ထပ်ထပ်ပြီးတော့ ပွတ်ပေးနေလို့ရှိရင် နောက်ဆုံးမှာ သမာဓိစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဈာန်တောင်ရနိုင်တယ်။

မြန်မာတွေက ဈာန်ဆိုရင် ကောင်းကင်ပျံတာချည်းပဲ အောင်မေ့နေတယ်။ ဒါကောင်းကင်ပျံတာကို ပြောတာ မဟုတ်ဘူး။ ဈာန်ရတယ်ဆိုတာ အဲဒီ အာရုံပေါ်ကို စူးစိုက်ပြီးတော့နေတဲ့ စွမ်းအား သတ္တိလေး ရလာတာကို ပြောတာ။ ပထမ ဈာန်ဆိုတဲ့ စွမ်းရည်သတ္တိ ကိုယ်လိုချင်တဲ့အရှိန်လေး ရလာမယ်၊ ဈာန်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင် ခုနက သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ စိတ်ကလေး အမြဲရောက်နေအောင် ပို.ပေးနေတဲ့ ၀ိတက်လို့ခေါ်တဲ. သဘောတရား၊ Initial application တဲ့။ စိတ်က ခွာလို့မရလောက်တဲ့ အနေအထားမျိုး ဖြစ်နေတယ်။ Sustained application ခေါ်တဲ့ ၀ိစာရ ။

မေတ္တာဈာန်

ဝိတက် ဆိုတာ အာရုံပေါ် စိတ်ကလေးကို ပို့တင်ပေးနေတာ။ ၀ိစာရ ဆိုတာ အာရုံနဲ့ စိတ်ကလေး ကွာမသွားအောင် လုပ်ဆောင်ပေးနေတဲ့သဘော၊ အဲဒီ အာရုံလေးနဲ့ စိတ်ကျေနပ်နေတာက ပီတိ၊ စိတ်ကျေနပ်နေသလို စိတ်ထဲမှာ ငြိမ်းချမ်းနေတာက သုခ၊ အဲဒီ အာရုံလေးကို စိတ်က ခွာလို့မရတာက ဧကဂ္ဂတာ၊ အဲဒီ ၅ ခုဟာ ဟန်ချက်ညီညီ အလုပ်လုပ်နေပြီ ဆိုလို့ရှိရင် ပထမဈာန်လို့ခေါ်တယ်။ ပထမဈာန် ရပြီပေါ့။ သူငယ်ချင်းရဲ့မျက်နှာပေါ်မှာ အာရုံစိုက်ပြီး အလုပ် လုပ်နေပြီ၊ ချမ်းသာပါစေ၊ ရွှင်လန်းပါစေ ကျန်းမာပါစေဆိုတဲ့ စိတ်ဓာတ်လေး ပွားပြီးတော့ အလုပ်လုပ်နေပြီ၊ အဲဒီလို အလုပ်လုပ်နေလို့ရှိရင် ခုနက အဂါင်္ရပ်တွေ ပြည့်စုံလာရင် ပထမဈာန်ပဲ။

ဒီထက် စွမ်းအားမြှင့်လိုက်တဲ.အခါကျတော့ တွေးနေစရာ မလိုတော့ဘူး၊ ၀ိတက်ဆိုတာ မလိုတော့ ဘဲနဲ့ အာရုံလေးက ခွာလို့မရတာရယ်၊ စိတ်ထဲက ကျေနပ်တာရယ်၊ ချမ်းမြေ့နေတာရယ်၊ တည်ငြိမ် နေတာရယ်၊ ဒီသဘောလေး ၄ မျိုးနဲ့ ဖွဲ့စည်းလိုက်တာကျတော့ ဒုတိယဈာန်အဆင့်လို့ခေါ်တယ်။

နောက်တစ်ခါ ဒီထက် သမာဓိစွမ်းအားတွေ မြှင့်လိုက်အခါကျတော့ အာရုံနဲ့စိတ် တွယ်ကပ်အောင် လုပ်ပေးစရာမလိုတော့ဘဲ ထိုအာရုံလေးပေါ်မှာ ကျေနပ်နေတာရယ်၊ နှစ်သက်နေတာရယ်၊ တည်ငြိမ်နေတာရယ် ဒီအခြေအနေ ၃ ရပ်ကလေးနဲ့ ထိုအာရုံပေါ်မှာ ရပ်တည်နေလို.ရှိရင် တတိယဈာန်လို့ခေါ်တယ်။

မေတ္တာပွားတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလို ဈာန် ၃ ဆင်.ထိအောင် ရနိုင်တယ်။ အဲဒီ ဈာန် ၃ ဆင့် ရသွားမှ စေတောဝိမုတ္တိ လို့ခေါ်တယ်။ စိတ်လေးဟာ ဗျာပါဒက လွတ်သွားပြီ၊ အဲဒီအချိန်မှာ စိတ်က ဒေါသက လုံးဝလွတ်နေတဲ့ စိတ်တဲ့၊ စေတောဝိမုတ္တိ ဆိုတာ ဒီလုံးဝလွတ်မြောက်လာတဲ့ အနေအထားတစ်ခု ရောက်လောက်အောင် လေ့ကျင့်ယူထားတဲ့ မေတ္တာကိုပြောတာ။ သာမန် မေတ္တာကို မေတ္တာလို.ပဲ သုံးတယ်၊ စေတောဝိမုတ္တိဆိုတဲ့ စကားလုံးလေး ထည်းသုံးလိုက်လို့ရှိရင် ထိုမေတ္တာသည် ဈာန် အခြေအနေထိအောင် ရောက်နေတဲ့ မေတ္တာမျိုးလို့ ဒီလိုပြောတာ။

ကောင်းပြီ၊ ပိယပုဂ္ဂလ လို့ခေါ်တဲ့ ကိုယ်ချစ်ရတဲ့ ချစ်ခင်တဲ့ပုဂ္ဂိုလ်နဲ့ လေ့ကျင့်လိုက်လို. အောင်မြင် သွားတဲ့ မေတ္တာလေးကို ဒီအတိုင်းမထားနဲ့ဦး၊ မေတ္တာကို ဖြန့်ကျက်ကြည့်ဦး၊ ထိုမေတ္တာလေးကို transfer လုပ်ရမယ်၊ ဘယ်သူ့အပေါ် transfer လုပ်မလဲဆိုရင် ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ ကိုယ်မသိတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ပြောင်းကြည့်လိုက်တဲ့။ ပြောင်းကြည့်လိုက်လို့ ရှိရင် ဒီမေတ္တာ သဘောတရားလေးဟာ လျော့ကျမသွားဘူး၊ ကိုယ်ချစ်ခင်တဲ့ ပုဂ္ဂိုလ်ပေါ်မှာ ထားတဲ့ စိတ်အခြေ အနေဟာ မုန်းလည်းမမုန်း ချစ်လည်းမချစ်တဲ့ ပုဂ္ဂိုလ်အပေါ်မှာ သွားထားလိုက်လို အခြေအနေ ပြောင်းလဲသွားတယ်ဆိုလို့ရှိရင် ဒါ ဒုတိယအဆင့်အနေနဲ့ အဆင်ပြေသွားပြီ။



ပြီး နောက် တစ်ယောက်အပေါ်မှာ ပြောင်းကြည့်။ အဲဒီပုဂ္ဂိုလ်က ကိုယ်နဲ့မတည့်တဲ့ မုန်းတီးတဲ့ ကိုယ်.ရဲ.ရန်သူ၊ ရန်သူဆိုတဲ့ ပုဂ္ဂိုလ်ပေါ်ကို ပြောင်းကြည့်လိုက်၊ ပြောင်းကြည့်လိုက်လို. ဒေါသ ဖြစ်လာလို့ရှိရင် မေတ္တာဟာ မကြံ.ခိုင်သေးဘူး၊ ပြန်ပြီးတော့ မေတ္တာကို လေ့ကျင့်ဦး။ ပြန်လေ့ကျင့်ပြီးတဲ့အခါ တစ်ခါပြန် စမ်းသပ်ကြည့်လိုက်၊ အာရုံပြောင်းပြီးတော့ ကိုယ်နဲ.မတည့်တဲ့ လူအပေါ်မှာ မေတ္တာထားကြည့်၊ ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ ဒီမေတ္တာဟာ တော်တော်ခိုင်မာ သွားပြီလို.ပြောရမယ်။

အဲဒီလိုလုပ်ပြီးတော့ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေပေါ်မှာ မေတ္တာထားနိုင်အောင် ကြိုးစား။ နောက်ဆုံးမှာ လူ ၄ ယောက်၊ နံပါတ်တစ်က မိမိကိုယ်တိုင်၊ နံပါတ်နှစ်က ကိုယ်ချစ်ခင်တဲ့ပုဂ္ဂိုလ်၊ နံပါတ်သုံးက ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သာမန် ပုဂ္ဂိုလ်၊ နံပါတ်လေးက ရန်သူ၊ ထိုပုဂ္ဂိုလ် လေးယောက်သည် အပိုင်းအခြားတွေ။ လူဆိုတာ ကိုယ်.ကိုယ်ကို ပိုချစ်တတ်တယ်၊ အဲဒီ ၄ ယောက်ကို ရန်သူလို့လည်း မမြင်တော့ဘူး၊ ကိုယ့်ကိုယ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်မိတ်ဆွေ လို့လည်း မမြင်တော့ဘူး၊ ကိုယ်နဲ့မသိတဲ့ ပုဂ္ဂိုလ်လို့လည်း မမြင်တော့ဘူး၊ ကိုယ့်ရန်သူလို့လည်း မမြင်တော့ဘူး၊ အားလုံး ဒီ ၄ ယောက်စလုံးဟာ တစ်မျိုးတည်း တစ်ခုတည်းလို့မြင်သွားပြီဆိုရင် ဒီလူရဲ့ မေတ္တာဟာ အစွမ်းထက်ဆုံးအဆင့် ရောက်သွားပြီ။

အဲဒါကို ဥပမာလေးတစ်ခုပေးထားတယ်၊ ဒီ ပုဂ္ဂိုလ် ၄ ယောက်ကို - ဆိုပါစို့-

ရှေးတုန်းက လူကို သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ အလေ့အထရှိတယ်၊ တောထဲမှာနေတဲ့ ရဟန်းတွေ ဒီလိုပဲ ယဇ် ပူဇော်တာခံလိုက်ရတာမျိုးတွေရှိတယ်။ အဲဒီမှာ လာပြီးတော့ တောင်းမယ်၊ ယဇ် ပူဇော်ဖို့ အတွက် တစ်ယောက်လိုက်ခဲ့ပါပေါ့၊ တစ်ယောက်လိုက်ခဲ့ပါဆိုလို့ရှိရင် အတူနေတာက မိမိကိုယ်တိုင် ရယ်၊ ကိုယ့်မိတ်ဆွေရယ်၊ သာမန် ပုဂ္ဂိုလ်တစ်ယောက်ရယ်၊ ကိုယ့်ရဲ့ရန်သူရယ် လေးယောက် ရှိတယ်။ အဲဒီ ၄ ယောက်ထဲက ဘယ်သူ့ပေးမလဲ၊ ဘုန်းကြီးတို့ စဉ်းစားကြည့်ကြ၊ တစ်ယောက် ယောက်တော့ လိုက်ရမယ်၊ ကိုယ်စိတ်ထဲက ဘယ်သူ.ပေးမလဲ၊ သြော် သူတို့ ၃ ယောက်တော့ နေရစ်ပါစေ၊ ငါပဲ အနစ်နာခံလိုက်ပါ့မယ်ဆိုရင် ကိုယ့်ကိုယ့်ကိုအပေါ်မှာ မေတ္တာပျက်ရာရောက်တယ်၊ သူ့မေတ္တာက မဟုတ်သေးဘူး၊ မမျှတဘူးလို့ ပြောရမယ်။

အဲဒီလို မဟုတ်ဘဲနဲ့ ငါနဲ့ မတည့်တဲ့ကောင်လိုက်သွား ဆိုလို့ရှိရင် ရန်သူပေါ်မှာ အမုန်းစိတ် မပျောက်သေးတာပဲ။ အဲဒီ ၄ ယောက်စလုံးကို တစ်ယောက်မပေးနိုင်ဘူး၊ အားလုံးဟာ အတူတူပဲ ဖြစ်နေတယ်၊ ဘယ်သူ့ကိုမှ ရွေးလို့မရတော့ဘူး ဆိုရင် အဲဒီမေတ္တာဟာ ကန့်သတ်ချက်တွေကို ကျော်ဖြတ်သွားတဲ့ အင်မတန်ခိုင်မာတဲ့ မေတ္တာတရား ဖြစ်သွားပြီတဲ့ -ဒီလိုဆိုလိုတာ။

အဲဒီလို လေ့ကျင့်ပြီးတဲ့အခါမှာ တစ်လောကလုံးမှာရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတရားကို ဖြန့်ကျက်ပြီး နေမယ်ဆိုလို့ရှိရင် ဒေါသဆိုတာ လုံးဝလာလို.မရတော့ဘူး။ နောက်ဆုံးမှာ ထိုမေတ္တာကို အခြေခံပြီးတဲ့အခါမှာ ဘာလုပ်ရမလဲ၊ ထိုမေတ္တာစိတ်ဓာတ်မှာပါတဲ့ သဘာဝ တရား တွေကို ရှုမှတ်ဆင်ခြင်ပြီး ၀ိပဿနာတရား ပွားများအားထုတ်ရတယ်။ မေတ္တာနဲ့ယှဉ်ပြီး ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေတွေက နာမ်တရား၊ ထိုမေတ္တာရဲ.တည်ရာနှလုံးသားက ရုပ်တရား၊ ရုပ်နဲ့ နာမ်နဲ့ ဒီနှစ်မျိုးရှိတယ်ဆိုတာကို သဘောပေါက်လာလို့ရှိရင် ဒါဝိပဿနာလမ်းကြောင်းထဲ စ၀င်လာတာပဲ။ ဒါ သမထကနေ ၀ိပဿနာပြောင်းတယ်လို့ခေါ်တယ်။

မေတ္တာစိတ်ဓာတ်ကို ရှုတာဟာ နာမ်တရားကို ရှုတာ၊ ထိုမေတ္တာစိတ်ဓာတ်ရဲ့ တည်ရာမှီရာ နှလုံးသား ရုပ်တရားကို ရှုတာဟာ ရုပ်ကိုရှုတာ၊ ဒီလို ရုပ်နဲ့နာမ်နဲ့ ကွဲသွားပြီးဆိုလို့ရှိရင် နာမရူပ ပရိစ္ဆေဒဥာဏ်။

အဲဒီရုပ်နာမ်နှစ်ခု ခွဲခြားသိပြီးတဲ့အခါမှာ ဒီရုပ်ဒီနာမ်တွေဟာ ဘာကြောင့်ဖြစ်တာတုန်းလို့ အကြောင်း တရားကို လေ့လာသုံးသပ်နိုင်တဲ့ အသိဥာဏ်တစ်မျိုးထပ်ဆင့် ရလာပြီဆိုလို့ရှိရင် ပစ္စယ ပရိဂ္ဂဟဥာဏ်။

အဲဒီဥာဏ်နှစ်မျိုးကို အခြေခံပြီး ဒီရုပ်နာမ်ဓမ္မသခါင်္ရတွေနဲ့ ဆက်ပြီးတော့ အလုပ်လုပ်တဲ့အခါမှာ မမြဲတဲ.သဘောတွေ တွေ့လာတယ်၊ ဖြစ်ပြီးပျက်သွားတဲ့ သဘောတွေ တွေ.တယ်၊ ဖြစ်ပျက်မှုတွေက အမြဲတမ်းနှိပ်စက်နေတဲ့ ဒုက္ခသဘောတွေ တွေ့လာတယ်၊ မဖြစ်ရအောင် မပျက်ရအောင် ကိုယ့်မှာ စွမ်းအင်သတ္တိတွေမရှိဘူးဆိုတာ သိလာတယ်၊ ကိုယ့်ဆန္ဒအတိုင်းမဖြစ်ဘူးဆိုတာ သိလာတယ်၊ အနတ္တသဘောတွေ ပေါ်လာတယ်။

ဒီလို မေတ္တာနဲ့ပက်သက်ပြီးတော့ ရုပ်တရား နာမ်တရားတွေအပေါ်မှာ အနိစ္စလို့လည်း ရှုနိုင်လာတယ်၊ ဒုက္ခလို့လည်း ရှုနိုင်လာတယ်၊ အနတ္တလို့လည်း ရှုနိုင်လာတယ်၊ ဒီလို ရှုလာ နိုင်တာက သမ္မသနဥာဏ် လို့ခေါ်တယ်။

အဲဒီကနေ ဆက်လက်ပြီး ဖြစ်တာပျက်တာလေးတွေကိုပဲ အာရုံစိုက်မိလာတဲ့အခါ ဥဒယဗ္ဗယဥာဏ်၊ ထိုဥဒယဗ္ဗယဥာဏ် ရင့်သန်လာတဲ့အခါ ဖြစ်တယ်ဆိုတာကို အာရုံမပြုတော့ဘူး၊ ပျက်နေတာတွေက မြန်လွန်းအားကြီးသည့် အတွက်ကြောင့် အပျက်အပျက် အပျက်ပဲ မြင်နေတာကို ဘင်္ဂဥာဏ်လို့ ခေါ်တယ်။ အဲဒီလို ပျက်တာချည်းပဲ မြင်နေသည့် အတွက်ကြောင့် ဥာဏ်ထဲမှာ ဘာပေါ်လာလဲ ဆိုတော့ ပျက်နေတာဟာ ကြောင်စရာကြီးပါလားလို့ တွေးလာတယ်၊ အဲဒါ ဘယဥာဏ်လို့ခေါ်တယ်။

ကြောက်စရာလို့ မြင်လာတဲ့အခါ ဖြစ်ပျက်မှုတွေက နှိပ်စက်လို့ စိတ်ပျက်စရာ၊ ငြီးငွေ့စရာ ချည်းပါလားဆိုပြီး အပြစ်တွေကို မြင်လာတယ်၊ ပျက်နေတဲ့အရာကြီးဟာ တွယ်တာစရာ မကောင်းဘူးလို့ အပြစ်တွေကို မြင်လာတယ်။ ဒါက အာဒီန၀ဥာဏ်။

အပြစ်တွေ မြင်လာတဲ့အခါ မလိုချင်တော့ဘူး၊ ငြီးငွေ့လာတယ်၊ စွန်.လွှတ်ချင်လာတယ်- နိဗ္ဗိဒဥာဏ်၊ ငြီးငွေ့လာတဲ့အခါ လွတ်ချင်လာတယ်၊ ဒါတွေက လွတ်ချင်လာတယ်၊ မုစ္စိတုကမျတာဥာဏ်၊ လွတ်ဖို့ရာအတွက် လွတ်ရာလွတ်ကြောင်းကို ပြန်ဆင်ခြင်စဉ်းစားတာ ပဋိသခါင်္ဥာဏ်၊ ပြန်လည် စဉ်းစားရင်းက သခါင်္ရတရားတွေရဲ့ သဘာဝပေါ်မှာ နေသားတကျဖြစ်သွားပြီး စိတ်လှုပ်ရှားမှုတွေ နည်းသွားပြီး တည်ငြိမ်မှုတွေ ရလာပြီး အသိဥာဏ်တွေ လွှမ်းမိုးလာပြီဆိုရင် သခါင်္ရုပေက္ခာဥာဏ်လို့ ခေါ်တယ်။

အဲဒီ သခါင်္ရုပေက္ခာဥာဏ် ရင့်သန်သွားပြီ ဆိုလို့ရှိရင် ဗျာပါဒ ဆိုတဲ့ သဘာဝတရားကို အဆင့်ဆင့်ပယ်ရှားသွားနိုင်တဲ့ သောတာပတ္တိမဂ်၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိမဂ် ဆိုတာလည်းပေါ်လိုက်ရော ဒေါသ ဗျာပါဒ ဆိုတာ ဘယ်တော.မှ ပြန်မလာတဲ့လမ်း ရောက်သွားတယ်။

မေတ္တာပွားလို့ရှိရင် အမုန်းတရားဟာ ပြန်ထလာနိုင်သေးတယ်။ အခုခေတ် ရောဂါစစ်သလို စစ်ကြည့် လို့ရှိရင် positive ဖြစ်နေဦးမယ်။ နှလုံးသားထဲမှာ အမုန်းရှိသေးသလားလို့ ဆေးစစ်သလို စစ်ကြည့် ရင် positive တွေ့လိမ့်မယ်။ အနာဂါမိမဂ် ရသွားတာနဲ့ တပြိုင်နက် Negative ဖြစ်သွားပြီ၊ လုံးဝ မရှိတော့ဘူး၊ အဲဒါကျတော့ ဒေါသဆိုတဲ့ စိတ်ရဲ့လှုပ်ရှားမှု၊ စိတ်ရဲ့ပူပန်စေတတ်တဲ့ သဘာဝတရားရဲ့ လုံးဝထွက်ပေါက်ပဲ။ မေတ္တာတရားကို အခြေခံတဲ့ အနာဂါမိမဂ်ဥာဏ်၊ အနာဂါမိဖိုလ်ဥာဏ်ဟာ ဒေါသရဲ့ လုံးဝထွက်ပေါက်ဖြစ်ပါတယ်။ ဒေါသဆိုတာ လာချင်လို့တောင် မလာတော့ဘူး၊ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ မိမိသန္တာန်မှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူး။ အစဉ်ထာဝရ ငြိမ်းချမ်းတဲ့ အခြေအနေတစ်ခုကို ရရှိသွားနိုင်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဟောတယ်။ “ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ - စိတ်ရဲ့ လွတ်မြောက်မှုလို့ဆိုတဲ့ ဒီမေတ္တာတရားဟာ ၊ ဗျာပါဒ ဆိုတဲ့ စိတ်ထဲမှာ အလိုမကျနေတဲ့ ဒေါသရဲ့ ထွက်ပေါက်ပါပဲ တဲ့။ ဒီနည်းနဲ့သာလျှင် စစ်မှန်တဲ့ ထွက်ပေါက်ကို ရနိုင်တယ်။

ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
(စိတ်၏ထွက်ပေါက်များ တရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)

မေတ္တာဖြင့် -
အနှိုင်းမဲ့ စာတိုပေစများ

ဝိပဿနာရှုခြင်း၏ အကျိုးနှင့် အကျင့်လမ်းကို ဆင်ခြင်ခြင်း


(မဟာစည်ဆရာတော်ဘုရားကြီး)
==================
ဝိပဿနာတရားကို ရှုမှတ်ပွားများလိုသူ ပုဂ္ဂိုလ်အတွက် အားထုတ်ဖို့ လုပ်ငန်းကတော့ မြင်တိုင်း မြင်တိုင်း မြင်ခိုက်မှာ ထင်ရှားရှိတဲ့ တရားကလေးတွေကို ရှုရုံမှတ်ရုံပါပဲ။

မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုမှတ် ရမယ်၊ (ရှုတယ် မှတ်တယ်ဆိုတာ သေသေချာချာသိအောင်လို့ အသိနဲ့ စူးစိုက်ပြီး နှလုံးသွင်းလိုက်တာကို ခေါ်တာပါပဲ)

ဒါကြောင့် မြင်ရင် မြင်တယ်လို့ ရှုမှတ်လိုက်ရင် တစ်ခါတစ်ရံမှာ မြင်ရတဲ့ အဆင်းကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်တဲ့စိတ်ကလေးကို ရှုမှတ်မိသွားတယ်၊ တစ်ခါတစ်ရံမှာ မြင်ရာဌာန မျက်စိရုပ်ကလေးကို ရှုမှတ်ပြီးတော့ ဒီကနေပြီး မြင်သွားတာပါကလားလို့ သိသွားတယ်၊ ဘယ်ဟာဘဲ မှတ်မိသည်ဖြစ်စေ တစ်ခုခုမှတ်မိလို့ တစ်ခုခုသိလာရင် ပြီးတာဘဲ။

တစ်ခုခုမသိဘူး ဆိုရင်တော့ အဲဒီမြင်မှုကို အကြောင်း ပုဂ္ဂိုလ် သတ္တ၀ါ ငါကောင်လို့ ထင်မှတ်စွဲလမ်းတဲ့ သက္ကာယဒိဋ္ဌိဖြစ်လာမှာ၊ နိစ္စ သုခ အတ္တ ကိလေသာ အစွဲတွေ ဖြစ်လာမှာ၊ ဒီလို ကိလေသာ အစွဲက ကံတွေဖြစ်၊ ကံကအကျိုးပေးတော့ ဘ၀သစ်တွေဖြစ်ခဲ့၊ ဒီနည်းဖြင့် ပဋိစ္စသမုပ္ပာဒ် စက်လည်ပြီးတော့ သံသရာဝဋ်ဆင်းရဲတွေ မပြတ်ဖြစ်နေတာ။

ဒါကြောင့် ဒီလို သံသရာဝဋ်ဆင်းရဲတွေ တစ်ဝဲလည်လည်ဖြစ်ပြီး မနေရအောင်ဟာ မြင်တိုင်း မြင်တိုင်း မြင်တယ် မြင်တယ်လို့ ရှုရ မှတ်ရမယ်။

ကြားခိုက်စသည်မှာလည်း အတူတူဘဲ၊ ရုပ်နဲ့နာမ်ဘဲရှိတယ်၊ ကြားတယ်ဆိုတာ နားရုပ်ကိုမှီပြီးတော့ ကြားသိမှုကလေး ဖြစ်သွားတာဘဲ၊ နားကလည်းရုပ်၊ ကြားတာက လည်း ရုပ်၊ ကြားသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ် နှစ်ပါးဘဲရှိတယ်၊ အဲဒါကို လည်း သိအောင် ကြားတိုင်း ကြားတယ် ကြားတယ်လို့ မှတ်ရမယ်။ နှာခေါင်းအနံ့ကို နံတိုင်းလည်း နံတယ် နံတယ် လို့ မှတ်ရမယ်။ လျှာက အရသာကို စားသိတိုင်း သိတယ် သိတယ်လို့ မှတ်ရမယ်။

ကိုယ်ကတွေ့ထိတိုင်းလည်း အဲဒီ တွေ့ထိတာကလေးတွေကို လိုက်ပြီးမှတ်ရမယ်၊ တစ်ကိုယ်လုံးမှာ အသွေးအသား စိုနေတဲ့ နေရာတိုင်း နေရာတိုင်းက အတွေ့အထိကို လက်ခံဖမ်းဆီးနိုင်တဲ့ ရုပ်တစ်မျိုးရှိတယ်၊ အဲဒါကို ကာယပသာဒ- ကိုယ် အကြည်ရုပ်လို့ ခေါ်တယ်၊ အကောင်းအဆိုး၊ အတွေ့အထိဟူသမျှဟာ အဲဒီ ကိုယ်အကြည် ရုပ်ပေါ်မှာချည်း တိုက်ခိုက်လာတယ်၊ ဒီလို တိုက်ခိုက်လာတဲ့ အကောင်းအဆိုး အတွေ့အထိတွေကို ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်က တွေ့ထိပြီး သိသိသွားတယ်၊ ဒါကြောင့် တွေ့ထိခိုက်မှာ ကိုယ်အကြည်ကလည်းရုပ်၊ တွေ့ထိရတာတွေကလည်းရုပ်၊ ထိသိသွားတာကတော့နာမ်၊ ဒီရုပ်နာမ်နှစ်ပါး ပဲရှိတယ်၊ အဲဒါတွေကိုလည်းသိအောင် ထိတိုင်း ထိတိုင်း ထိတယ် ထိတယ်လို့မှတ်ရမယ်၊ ဒါက သာမန် အတွေ့အထိကို မှတ်ပုံဘဲ။

ထူးတဲ့ အတွေ့အထိတွေကလည်း ရှိသေးတယ်၊ ဒုက္ခဝေဒနာတွေနဲ့ တွဲပြီးတော့ ညောင်းတယ် ပူတယ် နာတယ် ကျင်တယ် ကိုက်ခဲတယ် စသည်ဖြင့် အများကြီးပဲ။

အဲဒီ အတွေ့အထိတွေမှာတော့ ဝေဒနာတွေ ထင်ရှားနေလို့ ဝေဒနာကိုပဲ ခေါင်းတပ်ပြီးတော့ ညောင်းရင် ညောင်းတယ်၊ ညောင်းတယ်လို့ မှတ်ရမယ်၊ ပူရင်လည်း ပူတယ် ပူတယ်၊ နာရင်လည်း နာတယ်, နာတယ် စသည်ဖြင့် သူဖြစ်တဲ့အတိုင်းပဲမှတ်ရမယ်။

လက်ကလေး၊ ခြေကလေးတွေ ကွေးလိုက် ဆန့်လိုက် လှုပ်ရှား ပြင်လိုက်လို့်လည်း လက်ထဲခြေထဲက အတွေ့ အထိတွေ ထင်ရှားဖြစ်သွားတာဘဲ၊ ကွေးချင် ဆန့်ချင်တဲ့စိတ်ကြောင့် ကွေးရုပ် ဆန့်ရုပ် လှုပ်ရှားရုပ်ကလေးတွေ အဆင့်ဆင့် ဖြစ်ပျက်နေတာ ဒါကလေးတွေကို ယခုတော့ မသိနိုင်သေးဘူး၊ တော်တော်ကြာမှ သိမှာ၊ ယခုပြောနေတာကတော့ သုတမယဖြစ်အောင်လို့ စောစောက ကြိုတင်ပြီးပြောနေတာ၊ အားလုံးလှုပ်ရှား ပြုပြင်မှုတွေဟာ ဒီစိတ်ကလေးတွေနဲ့ချည်း လုပ်နေတာဘဲ၊ ကွေးမယ် ဆန့်မယ် လှုပ်မယ်ကြံတဲ့ စိတ်ကလေးတွေကြောင့် ဒီရုပ်ကလေးတွေက တစ်ဆင့် ချင်းတစ်ဆင့်ချင်း၊ တစ်ရွေ့ချင်း တစ်ရွေ့ချင်း ဖြစ်နေတယ်၊ ဖြစ်ပြီးတော့လည်း သူဖြစ်ရာမှာဘဲ ပျောက်ပျက်ပြီးသွားတယ်၊ အဲဒါကလေးတွေကို တော်တော်ကြာတော့ ကိုယ်တိုင်ဘဲ တွေ့သွား ပါလိမ့်မယ်။

ကွေးတဲ့ဆန့်တဲ့အခါ ကွေးမယ် ဆန့်မယ်ကြံတဲ့ စိတ်ကလေးတွေက စပြီး ဖြစ်လာတယ်၊ အဲဒီ စိတ်ကလေး တွေကြောင့် လက်ထဲခြေထဲမှာ ကွေးရုပ် ဆန့်ရုပ်ကလေးတွေ တောင့်တင်းရုပ် လှုပ်ရှားရုပ်ကလေးတွေ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြစ်လာတယ်၊ ဖြစ်တိုင်း ဖြစ်တိုင်းလဲ သူတို့က လက်ထဲခြေထဲမှာရှိတဲ့ ကာယပသာဒခေါ် ကိုယ်အကြည်ရုပ်နဲ့ တိုက်ခိုက်တွေ့ထိပြီးတော့ ဖြစ်လာတယ်၊ ဒီတော့ ကာယ၀ိညာဉ်ခေါ်တဲ့ စိတ်အသိကလေးက တိုက်ရာထိရာမှာ ထိထိသွားတယ်၊ ဒါကြောင့် လက်တွေ ခြေတွေ တောင့်တင်းတာ လှုပ်ရှားတာတွေ ထင်ရှားနေတယ်။

အဲဒီထင်ရှားတာတွေကို မရှုမိ မမှတ်မိလို့ရှိရင် ဘာဖြစ်သွားတုန်းဆိုတော့ကော ငါပဲ ငါကွေးတာနဲ့ ငါဆန့်တာဘဲ ငါ့လက်ဘဲ ငါ့ခြေဘဲ စသည်ဖြင့် ပညတ်စွဲ ပုဂ္ဂိုလ်တွေ ရောက်သွားတယ်၊ အဲဒီလို ပညတ်အစွဲတွေ မရောက်အောင်လို့ ကွေးတိုင်းဆန့်တိုင်း လှုပ်ရှားတိုင်း ကွေးတယ် ဆန့်တယ် လှုပ်ရှားတယ် စသည်ဖြင့်ရှုမှတ် နေရတာပဲ။ ပြီးတော့ စိတ်ကူးကြံစည်တဲ့ အခါမှာလည်း နှလုံးရုပ်ကို မှီပြီးတော့ စိတ်ကူးစဉ်းစားမှု ကြံသိမှုကလေးတွေ ဖြစ်လာတယ်၊ အကြမ်းအားဖြင့် ပြောရရင် ဒီရုပ်ကိုယ်ကြီးကို မှီပြီးတော့ဖြစ်နေတာပါပဲ၊ ဒါကြောင့် နှလုံးရုပ် ကိုယ်ရုပ်က ရုပ်တရား၊ စိတ်ကူးစဉ်းစားကြံသိနေတာက နာမ်တရား ဒီရုပ်နာမ် နှစ်ပါးပဲရှိတယ်၊ ဒီရုပ်နာမ်ကလေးတွေကိုလည်း သိအောင်လို့ စိတ်ကူးတိုင်း၊ စဉ်းစားတိုင်း ကြံစည်တိုင်း စိတ်ကူးတယ်၊ စဉ်းစားတယ် ကြံစည်တယ် စသည်ဖြင့် မှတ်ရမယ်။

ယခုပြောခဲ့တဲ့အတိုင်း ဖြစ်ခိုက် ရုပ်နာမ်ကလေးတွေကို ဖြစ်တိုင်း ဖြစ်တိုင်း လိုက်ပြီးတော့ မပြတ်ရှုမှတ်နေရင် တော်တော်ကြာတော့ သမာဓိတွေ ထူးထူးခြားခြား ကောင်းလာတာကို တွေ့ရလိမ့်မယ်။

စိတ်ကလေးဟာ ဘယ်မှမသွားတော့ဘဲနဲ့ မှတ်ရာ မှတ်ရာ အာရုံကိုသာ စိုက်ကနဲ စိုက်ကနဲ ကပ်ကပ်ပြီး တည်နေတာကို တွေ့ရ လိမ့်မယ်၊ အဲဒီအခါမှာ အသိကလည်း ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်၊ မှတ်တိုင်း မှတ်တိုင်း ရုပ်နဲ့နာမ်ကလေး နှစ်ခုရှိနေတာကို ကိုယ်တိုင်တွေ့ရမယ်၊ မှတ်သိတာ ကလေးရယ်၊ မှတ်သိရတဲ့ အာရုံကလေးရယ်၊ ဒါကလေး နှစ်ခုတည်း တွဲလျက်ဖြစ်နေတာကို ကိုယ်တိုင်တွေ့ရမယ်။

ဒီလို တွေ့ပြီးတဲ့နောက် ဆက်မှတ်နေရင် တော် တော်ကြာတော့ မြဲတည်နေတာရယ်လို့ကို မရှိတော့ဘူး၊ မှတ်တိုင်း မှတ်တိုင်း မမြဲတာချည်းဘဲတွေ့ရတယ်။ အသစ်အသစ် ပေါ်လာလိုက် ဖြစ်ပေါ်လာတာကို ရှုမှတ်လိုက် အဲဒါက ပျောက်သွားလိုက် ပြီးတော့ နောက်တစ်ခုက ပေါ်လာလိုက် အဲဒါကိုရှုမှတ်လိုက် သူကလည်း ပျောက်သွားလိုက်နဲ့ ဒီလို ပေါ်ချည် ပျောက်ချည် တရား ချည်းပဲတွေ့ရတယ်၊ မြဲတည်နေတာရယ်လို့ မရှိတော့ဘူး၊ ဒီတော့ မှတ်တိုင်း မှတ်တိုင်းပေါ်လာပြီး ပျောက်ပျောက်သွားလို့ မမြဲတာချည်းပဲလို့ ဒီလို သဘောကျလာမယ်၊ အဲဒါဟာ အနိစ္စာနုပဿနတဲ့။

ပြီးတော့ ဖြစ်ချည် ပျက်ချည် ဆင်းရဲလို့ ဒီလိုလည်း သဘောကျလာမယ်၊ ဒါကတော့ ဒုက္ခာနုပဿနာပဲ၊ ပြီးတော့ ကိုယ်ထဲမှာ ညောင်းလိုက် ပူလိုက် နာကျင် ကိုက်ခဲ လိုက်နဲ့ မခံသာတဲ့ ဒုက္ခဝေဒနာတွေကိုလည်း အများကြီးပဲ တွေ့ရတယ်၊ အဲဒါတွေကို ရှုရတော့ တစ်ကိုယ်လုံးဟာ ဆင်းရဲ အစုအဝေးကြီးလိုဖြစ်ပြီးတော့ ထင်လာမယ်၊ ဒါလဲ ဒုက္ခာနုပဿနာပဲ။

ပြီးတော့ မှတ်တိုင်း မှတ်တိုင်း ရုပ်နာမ်တရားတွေကို ကိုယ့်အလိုအတိုင်း မဖြစ်ပဲ သူဖြစ်ချင်သလို ဖြစ်နေတာကိုသာ တွေ့ရတယ်၊ ဒါကြောင့် အစိုးမရတဲ့တရား ငါကောင် သတ္တ၀ါကောင် မဟုတ်တဲ့ သဘောတရားတွေပဲ လို့လဲ သဘောကျလာမယ်၊ ဒါကတော့ အနတ္တာနုပဿနာတဲ့။

ဒီအနိစ္စ ဒုက္ခ အနတ္တ အသိအမြင်တွေ ပြည့်စုံတဲ့ခါကျတော့ မဂ်ဥာဏ်ဖိုလ်ဥာဏ်ဖြစ်ပြီး နိဗ္ဗာန်ကို တွေ့သွားမှာဘဲ၊ ဒီလိုနိဗ္ဗာန်ကို တွေ့ပြီးတော့ တစ်မဂ်တစ်ဖိုလ် ရသွား တယ်ဆိုရင် အပါယ်လေးပါးက လုံးဝ လွတ်မြောက်သွားတော့တာဘဲ၊ အောက်ထစ်ဆုံးအားဖြင့် အဲဒီ တစ်မဂ်တစ်ဖိုလ်လောက်တော့ ပြည့်စုံသွားအောင် ယခုအားထုတ် ကြရမယ်။

(မဟာစည်ဆရာတော်ဘုရားကြီး)
==================
ထပ်ဆင့် Share ပေးခြင်းဖြင့် ဓမ္မဒါန ပြုပါ။
Shared from Myint Sandar

ဘိက္ခုနီ၏ ၀ိနည်းတော် ၃၀၁ ပါး


ဘိက္ခုနီ (ရဟန်းအမျိုးသမီး) များသည် ရဟန်းယောက်ျားများထက် ၀ိနည်းတော် (၃၀၁-၂၂၇= ၇၄ ပါး) ပိုမိုဆောက်ထိန်းရသည့်အပြင်အောက်ပါ ဂရုဓံ (၈) မျိုးကိုပါဆောက်ထိန်းရပါသည်။

“ဂရုဓံ (၈)မျိုး” http://siamtai.com/profiles/blogs/2262632:BlogPost:93910 မှကူးယူပါသည်။

(၁) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ပါးသည် အသက်တစ်ရာပင်ဖြစ်သော်လည်း ယနေ့မှရဟန်းဖြစ်လာ သော ဘိက္ခု (အမျိုးသားရဟန်း) ကို အရိုအသေပေးရမည်၊၊

(၂) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ရဟန်းအမျိုးသားရှိသောကျောင်း၌သာ ၀ါဆိုရမည်၊၊

(၃) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် လခွဲတိုင်း ဘိက္ခုသံဃာ၌ ဥပုသ်မေးခြင်း၊ အဆုံးအမခံယူခြင်းနှစ်မျိုးကို လိုလားခံယူရမည်၊၊

(၄) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ၀ါကျွတ်သောအခါ ဘိက္ခုသံဃာအထံ၌ သံသယရှိခဲ့သော် ဆုံးမရန် လျောက်ထားရမည်၊၊

(၅) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် သံဃာဒိသေသ်အာပတ်သင့်ခဲ့သော် ဘိက္ခုသံဃာ၊ ဘိက္ခုနီ သံဃာနှစ်မျိုးအထံ၌ ပက္ခမာနတ်ကို ကျင့်သုံးရမည်၊၊

(၆) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးဖြစ်လိုသူ အမျိုးသ္မီးတစ်ဦးသည် (၂)နှစ်တိုင် တရားခြောက်မျိုးကို ကျင့် သုံးပြီးလျင် ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာနှစ်မျိုးအထံ၌ ရဟန်းခံရမည်၊၊

(၇) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခုကို ကြမ်းတမ်းသောစကားကို မပြောဆိုရ၊၊

(၈) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=အမျိုးသားရဟန်းကို
ဆုံးမသြ၀ါဒ မပေးရ၊၊

ဤ ဂရုဓံရှစ်မျိုးတို့သည် ဘိက္ခုနီသာသနာ စည်ပင်တိုးတက်စေရန်၊ ဘိက္ခုနီသာသနာတော် အစ တည်ထောင်ရန် မြတ်စွာဘုရားရှင် ချမှတ်ပေးသည့် ဘိက္ခုနီသာသနာတော်၏ ရေသောက်မြစ်စည်းကမ်း ရှစ်မျိုးပင်ဖြစ်ပါသည်၊၊

ပါရာဇိကအခန်း။ (ဘိက္ခုနီတို့အတွက်သီးခြားပညတ်တော်မူအပ်သောပါရာဇိကလေးပါး)။
ဘိက္ခုနီတို့အတွက်သီးခြားပညတ်တော်မူအပ်သောဤပါရာဇိကလေးပါးအပြင်၊ ဘိက္ခုတို့အား ပညတ်အပ်သော မေထုန်မှီဝဲမှု၊ လူ့ဥစ္စာခိုးမှု၊ လူကိုသတ်မှု၊ဈာန်မဂ်ဖိုလ်မရဘဲ နှင့်ရသည်ဟုလိမ်မှု လေးပါးကိုလည်းဘိက္ခုနီတို့လိုက်နာရသည်။ ထိုကြောင့် ဘိက္ခုနီများတွင် ပါရာဇိက ၈ ပါးရှိသည်။

၁။ ဥ ဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက = အကြင်ဘိက္ခုနီသည် ကိုယ်လက်နှီနှောလိုသော ရာဂစိတ် ရှိသည်ဖြစ်၍ ကိုယ်လက်နှီနှောလိုသော ရာဂစိတ် ရှိသောယောက်ျားက ညှက်ရိုး နှစ်ဘက်အောက်၊ ဒူးဆစ်နှစ်ဘက်၏အထက်၊ တစ်ထောင်ဆစ်မှအထက်လက်မောင်း၊ ဤအတွင်းတစ်နေရာဝယ် နေရာမရွှေ့ပဲနာနာဖြစ်ညှစ်၍ကိုင်ခြင်း (အာမသန)၊ ဟိုရွှေ့သည်ရွှေ့ရွှေ့၍ နာနာညှစ်၍ကိုင်ခြင်း (ပရာမသန)၊ နာနာမညှစ်ပဲကိုင်ရုံမျှဖြစ်သော (ဂဟဏ)၊ တို့ခြင်းဟူသော (ဆုပန)၊ ပွေ့ယူဖြစ်ညှစ် ခြင်းဟူသော (ပဋိပီဠန)၊ ဤပြုမှုကိုသာယာနှစ်သက်အံ့၊ထိုဘိက္ခုနီသည် ဥ ဗ္ဘဇာ ဏုမဏ္ဍလိကာ မည်သော ပါရာဇိက ကျလေ တော့သည်။

၂။ ၀ဇ္ဇပဋိ စ္ဆာဒိကာ ပါရာဇိက = အကြင်ရဟန်းမသည် ပါရာဇိက ကျနေမှန်းသိပါလျက်၊ ပါရာဇိက ကျနေသောရဟန်းမကို ကိုယ်တိုင်လည်း မစောဒနာ၊ ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားပဲနေအံ့၊ အကြင်အခါ ထို ပါရာဇိက ကျနေသောဘိက္ခုနီသည် ဘိက္ခုနီအသွင်တွင်တည်နေ၏။ သို့မဟုတ် စုတေ(သေ)၏။ သို့မဟုတ် လူထွက်၏။ သို့မဟုတ် တိတ္ထိအဖြစ်သို့ပြောင်းသွား၏။ ထိုဖုံးထားပြီးရာ နောက်အခါကျမှ ရှေးတုန်းကပင်သူမရဲ့အကြောင်းကို ဒီလို ဒီလိုဆိုတာ သိခဲ့ပါရဲ့၊ သို့သော် ကိုယ်တိုင်လည်း မစောဒနာခဲ့ပါ၊ ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားခဲ့ပါ -ဟုပြောအံ့ (ဤသို့ပြောဆိုဝန်ခံခြင်း၊ မခံခြင်းသည်လိုရင်းမဟုတ်၊ အပြစ်ကိုဖုံးထား၍ မပြောကြားတော့ဟု ဆုံးဖြတ် တုန်းကပင်)
ဝဇ္ဇပဋိ စ္ဆာ ဒိကာမည်သော ပါရာဇိကကျသူဖြစ်တော့၏။

၃။ ဥက္ခိတ္တာနုဝတ္တိကာပါရာဇိက = ညီညွတ်သောသံဃာတော်သည် သဘောအားဖြင့်မှန်ကန်၍ စစ်ဆေးမေးမြန်းမှု၊ သူ့အပြစ်ကိုအမှတ်ရစေမှု၊ ဟူသောဝိနည်းထုံးတမ်းအတိုင်းစစ်ဆေး သတိပေး၍ ဥတ်ကမ္မ၀ါစာဖြင့်ကျကျနန နှင်ထုတ်ထားသော၊ နှင်ထုတ်ထားသောပုဂ္ဂိုလ်များနှင့် ဥတ်ကမ္မ၀ါစာ ကို လည်းအရေးမစိုက်သော ထိုနှင်ထုတ်ကံငြိမ်းအေးအောင် (ရုပ်သိမ်းအောင်) ကုစားခြင်းလည်း မရှိသော ကံကြီး ကံငယ်ကိစ္စသူ့ကိုအပေါင်းဖေါ်မရှိသောသူ့ကို(အရိဋ္ဌကဲ့သို့သော) ရဟန်းကိုအကြင် ဘိက္ခုနီ သည် နောက်လိုက်လုပ်၏။ ဘိက္ခုနီကို ထိုရဟန်းသည်ဝိနည်းထုံးတမ်းအတိုင်းနှင်ထုတ်ထားသော ပုဂ္ဂိုလ်ဖြစ် ကြောင်းပြောပြ၍ သူ့အယူဝါဒသို့အလိုက်ဖို့ရန်ပြောပြရမည်။ ထိုသို့ပြောပါလျက်နဂိုအတိုင်းမလျှော့ပဲသူ့အယူဝါဒကိုပင် အကောင်းအနေမျိုးဖြင့်ချီးမြှောက်နေသေးလျှင်ထို ဘိက္ခုနီကိုထိုအယူဝါဒစွန့်ဖို့ရာ ဥတ်ကမ္မ၀ါစာဖြင့် ၃ ကြိမ်တိုင်တိုင်ဆုံးမရမည်။ ထိုသို့ဆုံးမ၍သူ့အယူစွန့်လျှင်ကောင်း၏။ (ပါရာဇိကအာပတ် မသင့် သေး)။ မစွန့်လျှင်ကား ဥက္ခိတ္တာနုဝတ္တိကာမည်သောပါရာဇိကသို့ရောက်တော့သည်။

၎။ အဋ္ဌ၀တ္ထုကာပါရာဇိက = အကြင်ရဟန်းမသည် ကိုယ်လက်နှီးနှောလိုသော ရာဂမိုးရေဆိုစေအပ် သည်ဖြစ်၍ထို ရာဂမိုးရေ ဆိုစေ အပ်သောယောက်ျား၏လက်ဆွဲမှုကိုလည်းသာယာအံ့၊ အ၀တ် သင်္ကန်းကိုင်ဖွဲမှု ကိုလည်းသာယာအံ့၊ နှစ်ထောင့်ထွာအတွင်းအနီးတွင်လည်းရပ်နေအံ့၊ နီးနီးကပ်ကပ် လည်းစကားပြောအံ့၊ယောက်ျားချိန်းချက်အပ်သောအရပ်သို့လည်းသွားအံ့၊ မိမိဆီသို့ယောက်ျား ၏ လာမှုကိုလည်းသာယာအံ့၊ အမိုးအကာရှိသောအရပ်သို့လည်းဝင်အံ့၊ ကိုယ်ကိုလည်း ထိုကိုယ်လက်
နှီးနှောဖို့ရာအနီးသို့ညှတ်ပေးအံ့၊ဤဘိက္ခုနီလည်း အဋ္ဌ၀တ္ထုကာ မည်သော ပါရာဇိကကျ၏။

မှတ်ချက်။ ဤပါရာဇိကတွင် ၈ ပါးလုံးကျူးလွန်မှ ပါရာဇိကကျသည်။ ၈ ပါးလုံးဟူရာတွင် တစ်ဆက်တည်း ကျူးလွန်မှမဟုတ်၊ ယနေ့တစ်ခုကျူးလွန်၊ နောက်ရက်တွင် တစ်ခု ကျူးလွန်ခြင်း စသည်ဖြင့်ကျူးလွန် လျှင်
၈ပါးပြည့်သောအခါ ပါရာဇိက ကျ၏။ တစ်ခုခုကျူးလွန်ပြီးနောက် သံဝေဂ ဖြစ်၍နောက်မကျူးလွန်တော့ပါဟု ဆုံးဖြစ်၍ဒေသနာပြော (အာပတ်ဖြေ)နိုင်လျှင် ထိုအာပတ် ပပျောက်သွား၏ ထိုနောက်စိတ်ကို မထိန်းနိုင်၍ နောက်ထပ်အခြားအပြစ်များကိုကျူးလွန်သော်လည်း ၈ ပါးအပြည့်ဟုမဆိုရ။ဤအပြစ်ကိုလည်း ကျူးလွန်မည်၊ ထိုထိုအပြစ်များကိုလည်းကျူးလွန်မည်ဟုနောက်မဆုတ်သောစိတ်ဖြင့် တစ်မျိုးပြီးတစ်မျိုး ကျူးလွန်မှသာ ၈ပါးပြည့် ဟုဆိုရသည်။

ကျမ်းကိုး။
တောင်မြို့ဆရာတော်ဘုရား၏ ဘုရားဥပဒေသတော်ကြီး။

အရေးကြီးလို့ ဖတ်စေချင်ပါသည်


ကျော်မသွားနဲ့ အရေးကြီးလို့ ဖတ်စေချင်ပါသည်..

. မြန်မာပြည်က ဒီကံတွေကျူးလွန်အားများလို့

. ဒီအပစ်တွေအတွက်ကံနိမ့်တဲ့ဒေသတွေရယ်.အနှံ့အပြားခပ်များများမှာ ဘေးဒဏ်သင့်နေကြ၏လို့
ထင်မိပါသည်.

တောင်ပြို ကမ်းပြို.
ရေကြီး
မီးကြီးလောင်
ငလျင်လှုပ်ခတ်
မိုးသီးမိုးခဲ(ဂဲ)မှန်
လေပြင်းမုန်တိုင်းကျ စသည်။

#ဗာရို

အရိယူပဝါဒ အန္တရာယ်

+++++++++++++

ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ မသိသည်ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့်စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။

ခုအခြေအနေဟာရဟန်းတွေကို ဘာသာခြားတွေတင်မကဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကိုတော့ မပြောလိုတော့ပါဘူး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာနိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။

ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်မိမိကိုယ်တိုင် မဂ်ဖိုလ်ရောက် ကြောင်း တရားကျင့်နေပြီဆိုရင်တော့ ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။

ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး။ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး။ ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ် ထိုက်ပါတယ် ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။

ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လို့ဆိုပါတယ်။

တခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိယုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။ ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစားပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့ ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာဘုန်းကြီးပါပဲ။

ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (မကောင်းတဲ့ဘုန်းကြီးတော့ ဟုတ်တယ်ပေါ့ ) ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။

ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ် အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။

လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။

ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့ လူကနေဘုန်းကြီးတင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။

အရှင်သီလာနန္ဒာဘိဝံသ
(ပါမောက္ခချုပ်ဆရာတော်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ ရေးသားပါသည်။
(နိဗ္ဗာနပစ္စယောဟောတု)
Myint Sandar

ဝေဘူဆရာတော်ဘုရားကြီး


ဝေဘူဆရာတော်ဘုရားကြီး။
ကျွန်တော်ငယ်ငယ်က ဆရာတော်ကြီးကို အဖွားနဲ့အတူ ဖူးဘူးတယ်၊ တခဏချင်း ကြည်ညိုသွားတယ်၊
.
ကျွန်တော့်မိတ်ဆွေ ဘာသာခြားတဦးက ထူးခြားတာမြင်ရရင် ဘာသာပြောင်းမယ်လို့ သူ့စိတ်ထဲ ရည်စူးလိုက်တယ်တဲ့၊ ဆရာတော်ကြီးလျှောက်ရာလမ်းမှာ ကြဲထားတဲ့နှင်းဆီတပွင့်ဟာ ခြေထောက် အောက်ရောက်ရာကနေ ခြေကြွလိုက်တာနဲ့ မကြေသွားတဲ့အပြင် အပွင့် ပြန်ကားသွားတာကို ပါးစပ်အဟောင်းသားနဲ့တွေ့လိုက်ရပြီး နောက်နေ့မှာ ဘာသာပြောင်းခဲ့တယ်လို့ သိရပါတယ်၊
.
အခုအဲဒီမိတ်ဆွေကြီး... ဆရာကြီးဦးဘခင် တရားစခန်းမှာ မှန်မှန် ထိုင်ဖြစ်နေပါတယ်။

Nay Zin Latt

အတွေး၏ တန်ခိုးသတ္တိ


အခု ကောင်းတဲ့ အတွေးလေးတစ်ခုကို တွေးကြည့်လိုက်ပါ။
အဲဒီ ကောင်းတဲ့အတွေးဟာ တစ်ခဏဖြစ်ဖြစ် ကိုယ့်စိတ်ကို
အေးချမ်းစေတယ်။ ကြည်လင်ရွှင်လန်းစေတယ်။ စိတ်ထားကို နူးညံ့စေတယ်။ အဲဒီ စိတ်ထားကလေး ကြည်လင် အေးချမ်းနေတဲ့အခါမှာ
တစ်ယောက်ယောက်နဲ့ တွေ့လိုက်ပြီ ဆိုပါတော့။ ပြောလို့ဆိုလို့ အဆင်ပြေတယ်။ အဲဒါ ချက်ချင်းအကျိုးပေးတာ မဟုတ်လား။ အကျိုးပေးတယ်နော်။

မကောင်းတဲ့ အတွေးတွေးပြီးတော့ စိတ်တွေညစ်၊ စိတ်တွေက ဒေါသတွေဖြစ်နေပြီးတော့ မကျေနပ်တဲ့စိတ်တွေ ဖြစ်နေရင်တော့၊ တစ်ယောက်ယောက်နဲ့တွေ့ရင် အဆင်မပြေဘူး။ “အကုသိုလ်” ချက်ချင်း အကျိုးပေးပြီနော်။

စိတ်ရဲ့ကြည်လင်မှု၊အေးချမ်းမှု၊ သန့်ရှင်းမှု၊ အသိဉာဏ်နက်နဲမှု အပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ဘဝရဲ့ အရည်အသွေးဆိုတာ ဖြစ်လာတာပဲ။
ကိုယ့်ဘဝမှာ အဆင်ပြေတယ် ၊ မပြေဘူးဆိုတာ ဖြစ်လာတာပဲ။

-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ】

Dhamma Dãna Source ► ကိုလှိုင်တိုး &
www.facebook.com/youngbuddhistassociation.mm

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အမဲရိုးကိုက်တဲ့ခွေးလို တရားတော်


သား၊ လင်၊ ခင်ပွန်းနဲ့ပစ္စည်းတွေ ခင်တွယ်နေတဲ ပုဂ္ဂိုလ်များဟာ၊ ခွေးအမဲရိုးကိုက်တာနဲ့တူတယ်၊ အမဲရိုးရထားတော့ခွေးကကံကောင်းတယ်
လို့ထင်တယ်။

အမဲရိုးက ရိုးတွင်းချဉ်ဆီအနံ့ကလေးနဲ့မို့ အရသာရှိသလိုလိုနဲ့ နောက်ဆုံးပိတ်ကျတော့ ဝါးရင်းမောလာတာနဲ့ပစ်ချလိုက်ရတယ်၊ ဝပြီးပြန်ရတာလား၊ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာလားဆိုတော့ အညှီနံ့ကလေး ရရုံနဲ့ ပြန်ရတာ၊ နက်ဖြန်ကျတော့လဲ ဒီအတိုင်းပဲ၊ လာပြီးဝါးရပြန်တယ်၊ ဝါးရတော့လဲ ဝပြီးပြန်ရတာမဟုတ်ဘူး၊

အညှီနံ့ကလေး ရရုံပြန်ရတာပဲ၊ ဝါးရတာနဲ့ အညှီနံ့ကလေးရရုံနဲ့ပြောပလောက်အောင်ချမ်းသာမှုမရကြပါဘူး၊ ထိုအတူပဲ သား လင် ခင်ပွန်း ပစ္စည်းတွေ ခင်တွယ်ကြရတာတစ်နေ့လဲဒီအလုပ်နဲ့ဒီသားသမီးနဲ့
သွားပြီးဝါရပြန်တာပဲ၊

မနက်ဖြန် သန်ဘက်ခါကျတော့လဲ သွားပြီးဝါရပြန်တာပဲ၊ မိုးချုပ်နေဝင်ကျတော့လဲ ဝသလားဆိုတော့မဝဘဲနဲ့ ပြန်ခဲ့ရတာပဲ၊ နောက်လဲ ဒီသား လင် ခင်ပွန်းများအတွက် သွားရပြန်တာပဲ၊ တစ်နေ့လုံး ဝါးနေတော့တာပဲ၊

ညနေရောက်လို့ စာရင်းတွက်တော့ ၂၀-ကျပ်၊ ၂၅-ကျပ်၊ ၃၀-ကျပ် အမြတ်ကလေးကျန်မယ်၊ ဒီအညှီနံ့လေးခံပြီးပြန်ခဲ့ရတာပဲ၊ ဘယ်လောက်ကြာကြာ ဝါးရမှာလဲလို့မေးရင် သွားတွေသာ ကျိုးစရာအကြောင်းရှိတယ်၊ ဝမှတော့မဟုတ်ဘူး။

အဲဒီတော့ ခင်ဗျားတို့ အရောင်းအဝယ်လုပ်ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ဖြစ်စဉ်က ခွေးအမဲရိုးကိုက်သလိုပဲ၊ ကိုက်လို့မောတာနဲ့ အညှီနံ့ကလေး ခံရတာနဲ့မမျှပါဘူး၊ အနံ့ကလေးကမဖြစ်လောက်ပါဘူး၊

ဒါကို တစ်နေ့လုံးဝါးနေရတယ်၊ ဒါကြောင့် ဘုရားရှင်က ငါးပါးအာရုံ ကာမဂုဏ်တွေဟာသာယာစရာက နည်းနည်းလေးသာရှိတယ်၊
ဒုက္ခတွေက သိပ်များတယ်လို့ ဟောထားခဲ့တယ်၊

နေ့တိုင်းဝါးနေရတဲ့အမဲရိုးကို စိတ်မပျက်သရွေ့ ခင်ဗျားတို့သွားပြီး ဝါးနေမှာပဲ၊ သေသည်အထိ ဝါးနေမှာပဲ၊ သေတော့လဲ ဝရဲ့လားဆိုတော့၊ မဝဘဲနဲ့သေရတာ၊ သေပွဲဝင်တော့လဲ မပြီးသေးဘူး၊ ရောက်ရာဘဝမှာလဲ ကိုက်ဦး ဝါးဦးမှာပဲ၊ ဝပြီးသေတဲ့သဘောကိုမပါဘူး၊ တန်းလန်းနဲ့ပဲ ပစ်ထားခဲ့ရတာပဲ၊

အမဲရိုးဟာသာယာစရာ အညှီနံ့လောက်ပဲရှိသလို၊ ခင်ဗျားတို့ မှာလဲ သားသမီးပစ္စည်းတွေကို ချစ်ခင်တာ သာယာတာကနည်းနည်းကလေး၊ သူတို့အတွက် ဒုက္ခခံရတာတွေက အများကြီးပဲလို့ ဘုရားကဟောခဲ့တယ်။

ဒါဘာဟောနေတာလဲဆိုတော့"တဏှာ" သတ်ဖို့ဟောနေတာ၊ ဒီတဏှာက ဘယ်တော့မှ ဝမှာမဟုတ်ဘူး၊

ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း ။ ။

အရှင်ဉာဏဓဇ
မိုးကုတ်ဝိပဿနာ မင်္ဂလာမဂ္ဂင်ရိပ်သာ
ပင်မသံဝေဇနိယဌာန
အမရပူရမြို့ ။
(Maung Nge)
mogokdama မှ တဆင့် ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ

(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြပါစေခင်ဗျာ)

( ဤ Page ရှိ Post များမှ ဓမ္မတရားတော်များကို အများသူငါ ဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက် ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြပါသည်ခင်ဗျာ)

ပျိုမေတို့အတွက် တစ်လအတွင်း ၂၅ ပေါင် ကျနည်း (ကိုယ်တွေ့)


မိန်းကလေးနဲ့ ယောက်ျားလေး အစားအစာချင်း ညီမျှစွာ စားရင်တောင် သာမန်အားဖြင့် မိန်းကလေးတွေက အဆီပိုပြီး ထွက်တတ်ကြပါတယ်။ ထိန်းထိန်းသိမ်းသိမ်း ဘာမှမလုပ်နိုင်ရင် နေရာတကာအဆီတွေစုပြီး ဝ,ဝလာတာပေါ့။ အအိပ်အစား မမှန်ရင် ပိုဆိုးပါတယ်။

အစဦးဆုံးပြောပြချင်တာက ညီမနည်းကချက်ချင်းမသိသာပါဘူး။ စစလုပ်တာနဲ့ ပေါင်ချိန်ထားပြီး တစ်လနေမှထပ်ချိန်ပေးပါ။

(1) မနက်စောစော နိုးတာနဲ့ ရေတစ်ခွက်ပြည့်ပြည့် သောက်ပေးပါ။ ဘာမှမစားခင် သောက်ပေးပါ။ အစပိုင်းအန်ချင်သလိုဖြစ်တတ်ပါတယ်။ နောက်ကျကျင့်သားရသွားပါလိမ့်မယ်။ရေသောက်ပြီး ၁၅မိနစ် ခြားပြီးမှ မနက်စာစားပေးပါ။ အရေးကြီးပါတယ်။ အချိန်ခြားပေးပါ။

(2) မနက်စာနဲ့နေ့လည်စာ ကြားအချိန်မှာ တစ်နာရီခြား တစ်ခါ ရေတစ်ခွက် သောက်ပေးပါ။ ပူစီနံအရွက် စိမ်ထားတဲ့ရေ သောက်ပေးရင် ပိုကောင်းပါတယ်။

(3) နေ့လည်စာစားခါနီး ၅မိနစ်အလိုမှာ ရေသောက်ပေးပါ။ ပြီးမှ နေ့လည်စာစားပါ။ အစာစားပြီး အနည်းဆုံး တစ်နာရီအချိန်ခွာပြီးမှ ရေသောက်ပါ။ အစာစားပြီးပြီးချင်း ရေမသောက်ရ။ ရေငတ်ပါက အာစွတ်ရုံသာ သောက်ပါ။

(4) နေ့လည်စာနဲ့ညစာ ကြားအချိန်မှာ သံပုရာသီး ခြမ်းပြီး ရေနွေးစိမ် သောက်ရပါမယ်။ ဘာသကြားမှ မထည့်ရပါဘူး။ စသောက်ခါစ ချဉ်ခါးကြီးပါ။ အစာအိမ်ရှိတဲ့သူများ ပျားရည်ထည့်နိုင်ပါတယ်။ သံပုရာသီး ရေနွေးစိမ်ကို ရေငတ်တိုင်းသောက်ပေးပါ။ သွေးအားနည်းတတ်တဲ့သူ ဆိုရင်တော့ ဒီနည်းကိုမလုပ်လည်း ရပါတယ်။

(5) ညစာစားတဲ့အချိန်ရောက်ပါပြီ။ တက်နိုင်ရင် ခါတိုင်းစားနေကျထက် တဝက်လျော့စားပေးပါ။ ညနေစာကို အတက်နိုင်ဆုံး ၇နာရီထက် မကျော်ပါစေနဲ့။ ညစာကို ကန်စွန်းရွက်ကြော်လို ဟင်းသီးဟင်းရွက်ကြော် တစ်ခုခုပါပါစေ။ အသားမပါသလောက် စားပေးရင် ပိုကောင်းပါတယ်။

(6) ဝိတ်လျှော့နေတဲ့အချိန်မှာ အဓိကကြုံရတာက အသားတွေ ရွဲကျလာတတ်ပါတယ်။ ညပိုင်းကို ခြေလှမ်း ၁၅၀၀ ပြည့်အောင် လမ်းလျှောက်ပေးပါ။ အသားကျစ်ပြီး ဗိုက်ချပ်အောင်လို့ပါ။ နာရီဝက်နီးပါးဘဲ ကြာပါတယ်။

(7) ညီမနည်းက ရေသောက်နည်းနဲ့ ထိန်းတာပါ။ အစာစားပြီးပြီးခြင်း ရေမသောက်ပါနဲ့ တစ်နာရီကွာပါစေ။ အစာစားခါနီး ရေသောက်ပေးပါ။ သံပုရာရေနွေးစိမ်သောက်ပေးပါ။ သံပုရာသီးတစ်လုံးဆိုရင်ရပါတယ်

‌ဒီနည်းနဲ့ချလိုက်လို့ ညီမကတော့ တစ်လအတွင်း ၂၅ပေါင်ကျပါတယ်။

===================================================

အပေါ်ကနည်းလမ်းက အွန်လိုင်းကနေ ညီမ တစ်ယောက် ပေးထားတဲ့ နည်းပါ။ ယခုနည်းကို စမ်းသပ်ချင်တဲ့အတွက် ပိန်ချင်ပါတယ်ရှင့် ဘယ်လိုဝိတ်ချရမလဲဆိုပြီး Page မှာ လာမေးသောသူများအား ပြန်လည်ဝေမျှရင်း အမှန်တကယ် ဝိတ်ကျလာကြလို့ Page မှာ Post တစ်ခု အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ အောက်မှာတော့ ကိုယ်တွေ့ ထောက်ခံချက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

(((တောင်ဒဂုံတွင်နေ၍ အစိုးရဌာနတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၃၄ ရှိ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

ဝိတ်ချနည်းတွေလည်း စုံနေပါပြီ။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ဖြစ် (Gym မှာတောင်သွားဆော့ဖြစ်) တာပဲ။ ရုံးမှာဆိုတော့ အထိုင်များလို့လား မသိဘူး။ ဝိတ်က သိသိသာသာ ကျမလာဘူး။ လူမောတာပဲ အဖတ်တင်နေတယ်။ အဲ့ဒါနဲ့ ဒီနည်းလေး ပြောပြလို့ လုပ်ကြည့်တာ သူပြောသလို ၂၅ ပေါင်လောက် မကျပေမယ့် ပေါင် ၂၀ လောက် ကျတယ်ဆိုတော့ အရမ်းပျော်သွားတယ်။ လူလည်း မပင်ပန်းဘူးလေ။ ပြီးတော့ တစ်လအတွင်း အဲ့လောက်တောင်ဖြစ်တာဆိုတော့ လူပုံစံပြောင်းသွားလို့ သူငယ်ချင်းတွေက နင်ပိန်သွားတယ်နော်လို့ ပြောကြတဲ့ အထိပါပဲ။ အခုဆို အဲ့နည်းအတိုင်း နေနေပါတယ်ရှင့်။

(((အလုံတွင်နေ၍ Mini Mart တစ်ခုတွင် ညပိုင်း အလုပ်လုပ်နေသော အသက် ၂၆ နှစ်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

ညီမက ညပိုင်း အလုပ်ဆင်းရတဲ့သူပါ။ နေ့လယ် ဘက်ဆို သင်တန်းတက်ရပါတယ်။ မနက်ပိုင်းကတော့ အိပ်ပါတယ်။ အလုပ်မလုပ်ခင်ကတော့ အားလပ်ချိန်ရှိတဲ့အတွက် လေ့ကျင့်ခန်းတော့ မကြာခဏ လုပ်ဖြစ်ပါတယ်။ အလုပ်လုပ်ပြီး နောက်ပိုင်း တော်တော်ကြာလာတော့ လူက နည်းနည်းဝချင်သလိုလို ဖြစ်လာပါတယ်။ အရမ်းကြီးတော့ မဝလာပေမယ့် ခါးမှာ အဆီများလာပြီး ဘောင်းဘီ size နံပါတ် တိုးလာတော့တာပါပဲ။ အရင်လို အားလပ်ချိန်မရှိ လေ့ကျင့်ခန်းလည်း မလုပ်ဖြစ်တော့ ဝိတ်တွေတက်လာတာလား၊ အလုပ်ချိန်ကြောင့် နေ့နဲ့ည ပုံမှန်မဖြစ်လို့ပဲ ဝိတ်တက်လာတာလား မသိဘူး။ အဲ့ဒါနဲ့ Page ကနေ မေးကြည့်တော့ chat box ကနေ ဒီနည်းလေးပေးလို့ လုပ်ကြည့်တာ တစ်လထဲနဲ့ ၁၅ ပေါင်လောက် ကျသွားတယ်။ အရမ်းလွယ်ကူပြီး အဆင်ပြေတဲ့ နည်းလေးလို့ မှတ်ချက်ပြုချင်ပါတယ်ရှင့်။

(((ရွှေပြည်သာတွင်နေ၍ သားသမီး သုံးယောက် ရှိသော အသက် ၅၀ ကျော် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး ပြောပြချက်)))

အမက အိမ်ထောင်သက်တမ်းလည်း ကြာပြီ။ မြေးတွေလည်း ရနေပြီဆိုတော့ အလှအပကို သိပ်ပြီး စိတ်မဝင်စားတော့ဘူး။ အလှအပကို သိပ်စိတ်မဝင်စားတော့ဘူး ဆိုပေမယ့်လို့ ကျန်းမာရေးတော့ လိုက်စားဖြစ်တယ်။ စားသင့်တန်တာ စား ရှောင်သင့်တန်တာ ရှောင်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စာစောင်တွေလည်း မကြာခဏဆိုသလို ဖတ်ဖြစ်တယ်။ အရမ်းကြီး ကျန်းမာရေး မဆိုးရွားပေမယ့်လို့ လွန်ခဲ့တဲ့ ခြောက်လ လောက်က အမရဲ့ ညာဘက်ခြေထောက် ဒူးဆစ်နားက လှေကား အတက်အဆင်း လုပ်ရင် ကိုက်ကိုက် လာလေ့ရှိတယ်။ ဆရာဝန်ပြတော့လည်း အဆင်မပြေဘူး။
အရိုး အကြောပြလည်း အရှင်းမပျောက်ဘူး။ လေ့ကျင်ခန်းလုပ်လို့ ပြောပေမယ့် မိသားစုအတွက်နဲ့ ဆိုတော့ မလုပ်ဖြစ်ဘူးလေ။ အသိ ဆရာဝန်ကတော့ နင် ဝိတ်လေး ဘာလေး ချပါဦးတဲ့။ သူပြောမှပဲ ကိုယ့်ကိုယ်ကို ကြည့်မိတယ်။ ငါ ဝိတ်တွေ တော်တော်များနေပါလားပေါ့။ အဲ့မှာပဲ Gym သွားကစားရမလား၊ အဆီကျဆေးသောက်ရမလား ဝေခွဲမရ ဖြစ်နေတုန်းမှာ Facebook ကနေ ဒီ Page ရဲ့ ဝိတ်ကျနည်းလေးရေးထားတာကို fri တစ်ယောက် share ထားတာ တွေ့လိုက်တယ်။ Chat Box ကနေ သူတို့ပေးတာလေး တစိုက်မတ်မတ် လုပ်ကြည့်ရင်း အခုဆို ပေါင် ၂၀ လောက်ကျသွားပြီ။ ဒူးဆစ်ကိုက်တာလည်း မရှိတော့ဘူး။ အချိန်ရရင် ရသလို လေ့ကျင့်ခန်းတွေလည်း လုပ်နေပါပြီ။

=====================================

ညီမတို့ မြန်မာနိုင်ငံမှာ အဆီပိုများပြီး အလှပျက်လို့ ကိုယ့်ခန္ဓာကို စိတ်ပျက်နေတဲ့ ညီအကို မောင်နှမတွေ ဒုနဲ့ဒေးပါ။ အဲ့ဒါကြောင့် ကိုယ်ကိုယ်တိုင် ဒီနည်းလေးကို သိရုံသာမက ကိုယ်နဲ့ ဘဝတူ ညီအစ်ကို မောင်နှမ များ သိစေဖို့အတွက် ဒီ Post လေးကို Share ပေးရင်း ကူညီလိုက်ကြပါဦး။

ကျေးဇူးတင်ပါတယ်ရှင့်

(နည်းလမ်းအား မရှင်းသောသူများ Chat Box တွင် မေးမြန်းနိုင်ပါသည်)

-----------
Photo and Credit to: ကျန်းမာရေးဆောင်းပါးများ

သွား, ရပ်, ထိုင်, လျောင်း, အစဉ်ပြောင်း, သတိကောင်းစွာ ရှိရမည်


ဣရိယာပုတ်လေးပါး အနေအထားလေးမျိုးရှိပါတယ် ၊ သွားတာ
ရယ် ရပ်တာရယ် ထိုင်တာရယ် လျောင်းတာရယ် ၊ ဘယ်သူ
မဆို သွားတဲ့အချိန်မှာ သွားမယ် ၊ ရပ်တဲ့အချိန်မှာ ရပ်မယ် ၊
ထိုင်တဲ့အချိန်မှာ ထိုင်မယ် ၊ လျောင်းတဲ့အချိန်မှာ လျောင်းမယ်
တစ်နေ့တစ်နေ့ ဒီဣရိယာပုတ်လေးမျိုးနဲ့ပဲ နေတယ် ၊ နေပုံနေ
နည်း ခန္ဓာကိုယ်အနေအထား လေးမျိုးပဲရှိတယ် ။

တစ်နေရာကနေ တစ်နေရာသွားနေတယ် ၊ ဒါမှမဟုတ် မတ်တပ်
ရပ်နေတယ် ၊ ဒါမှမဟုတ် ထိုင်နေတယ် ၊ ဒါမှမဟုတ် လဲလျောင်း
နေမယ် ၊ တစ်သက်လုံးမှာ ဣရိယာပုတ်လေးပါးနဲ့ အသက်ရှင်
နေကြပါတယ် ၊ ဘယ်သူမဆို ဣရိယာပုတ်တစ်ခုတည်းနဲ့
မနေနိုင်ကြပါဘူး ၊ နေလို့လည်း မရပါဘူး ။

တစ်နေ့လုံးလုံး ၂၄နာရီလုံးလုံး ထိုင်ပြီးတော့ပဲနေနိုင်ရင်
ထိုင်တဲ့ ဣရိယာပုတ်နဲ့ပဲ ရှုမှတ်နိုင်ပါတယ် ၊ တစ်နေ့လုံး တစ်
ညလုံး ထိုင်ပြီးတော့ မနေနိုင်တဲ့အတွက်ကြောင့် တစ်နေရာ
ကနေ တစ်နေရာကို သွားရဦးမယ် ၊ သွားတဲ့အချိန်မှာ စင်္ကြန်
သွားတဲ့အချိန်မှာ ရှုမှတ်ဖို့လိုပါတယ် ၊ သွားတဲ့ချိန်ခါမှာလည်း
ရှုမှတ်နေရပါမယ် ။

ဒီလိုချည်းပဲ ထိုင်လိုက် သွားလိုက်ချည်းပဲ မနေနိုင်ဘူး ၊ ရပ်တဲ့
အခါမှာလည်း ရပ်ရဦးမယ် ၊ ရပ်တဲ့အချိန်လည်း အလွတ်မနေပါ
နဲ့ ၊ ရပ်တဲ့အချိန်ခါမှာလည်း ရှုမှတ်နေရမယ် ၊ ခြေစုံမတ်တပ်ရပ်
ပြီးတော့ ခြေဖဝါးနဲ့ကြမ်းပြင်တွေနဲ့ ထိနေမယ် ၊ ဒါမှ မဟုတ်လို့
ရှိရင် ဒီမှာခင်းထားတဲ့ အခင်းတွေနဲ့ ခြေထောက်ထိနေပါမယ် ၊
ထိနေတာသည် ရုပ် ၊ ထိမှန်းသိတာသည် နာမ်ပါ ။

ထိလိုက်တော့ ကြမ်းလိုက်တာ ၊ ကြမ်းကြမ်းတမ်းတမ်းကြီး နင်းမိ
ထိမိတဲ့အချိန်ခါမှာ ကြမ်းတဲ့သဘောတရားပေါ်လာမယ် ၊ ကြမ်း
တာသည် ရုပ် ၊ ကြမ်းမှန်းသိတာသည် နာမ် ၊ အောက်ကအခင်း
က နူးညံ့သိမ်မွေ့ ပျော့ပြောင်းတယ် ၊ နင်းလိုက်တဲ့အခါ နူးညံ့
ပျော့ပျောင်းနေတာသည်လည်း ရုပ်တရားပါ ၊ နူးညံ့နေတာပါ
လားလို့ သိနေတာဟာလည်း နာမ်တရားပါ ၊ ရပ်နေတဲ့အခါ
တကိုယ်လုံးရဲ့အလေးချိန်ဟာ ခြေထောက်ပေါ်မှာပဲ မှီခိုတည်
နေရပါတယ် ၊ တသ်ကိုယ်လုံးရဲ့အလေးချိန်သည် ဒီခြေထောက်
မှာ စုနေပါတယ် ။

အပေါ်ကနေပြီး ဖိထားတော့ လေးတဲ့သဘောသည် ရုပ် ၊ လေး
မှန်းသိတာသည် နာမ်ပါ ၊ မတ်မတ်ရပ်နေတဲ့အခါ ခန္ဓာကိုယ်
ရှေ့နောက် တောင်မြောက် ယိမ်းယိုင်ပြီးတော့ မသွားအောင်
ထိန်းထားရတာရှိတယ် ၊ ဝါးလုံးတစ်လုံးတည်း ထောင်ထားလို့
မရဘူး ၊ ဘေးကနေဆိုင်းပြီးတော့ ထိန်းထားရတယ် ။

အဲဒီလိုပဲ ခြေထောက်နှစ်ချောင်းနဲ့ ရပ်နေတယ်ဆိုပေမယ့်
အကြောတွေက အလုပ်လုပ်နေရတယ် ၊ ဒီအကြောတွေက
ထိန်းနေရတယ် ၊ ထိန်းရတဲ့သဘောတွေကို သိနေတယ် ၊
သတိထားကြည့်လိုက်လို့ ဒီခန္ဓာကိုယ်မှာ တင်းတောင့်တဲ့
သဘော တွေ့ရတယ် ။

တချို့အကြောတွေက တင်းနေမယ် ၊ တချို့အကြောတွေက
လျော့နေမယ် ၊ ယိုင်လဲမသွားအောင် ပြိုလဲမသွားအောင်
ကျားကန်ပေးထားတဲ့သဘော ရှိနေတယ် ၊ အဲဒီသဘောတရား
တွေသည် ရုပ်တရား ၊ သိနေတာက နာမ်တရားပါ ၊ ဒါက ရပ်နေ
တဲ့အချိန်မှာ သတိထားပြီးတော့ ရှုမှတ်ပုံ ရှုမှတ်နည်းပါ ။

သွား ရပ် ထိုင် လျောင်းဆိုတော့ ဘုန်းကြီးတို့ ပရိသတ်နောက်
လျောင်းတဲ့အချိန်လည်း ရှိပါတယ် ၊ ဘယ်အချိန်လျောင်းလဲ ၊
အိပ်တဲ့အချိန် တရားဖြုတ်ပြီးတော့ အိပ်ချိန်ရောက်တဲ့အခါမှာ
ကိုယ့်အိပ်ယာထဲကိုယ်ဝင် ပက်လက်ကလေး တစောင်းကလေး
အိပ်ယာထဲမှာ လဲလျောင်းပြီးတော့ နေတယ် ၊ အဲဒီချိန်ခါမှာ
ခေင်းအုံးနဲ့ ခေါင်းနဲ့ထိမယ် ။

ထိတာက ရုပ် ၊ သိနေတာက နာမ်ပါ ၊ ခေါင်းအုံးနဲ့ခေါင်းနဲ့
ထိတဲ့နေရာမှာ တဒိတ်ဒိတ်နဲ့ တုန်နေ ခုန်နေ လှုပ်နေပါမယ်
တဒိတ်ဒိတ်နဲ့ တုန် ၊ ခုန် ၊ လှုပ်နေတာက ရုပ်ပါ ၊ သိနေတာက
နာမ်ပါ ။

အဲဒီလိုမှ မဟုတ်ရင်လည်း ဘုန်းကြီးတို့ လျောင်းနေတဲ့ချိန်ခါ
လေးမှာ ပက်လက်ကလေးလှန်ပြီးတော့ အသက်ရှုတာလေး
ပြန်အာရုံပြုလို့ရပါတယ် ၊ နှာသီးဖျားမှာ သတိကပ်ခါ အသက်
ရှုတိုင်းပေါ်လာတဲ့ တုန် ခုန် လှုပ်ရွေ့တဲ့သဘောတရားသည်
ရုပ်ပါ ၊ တွန်းကန်လှုပ်ရှားတဲ့သဘောသည် ရုပ်ပါ ၊ သိနေတာက
နာမ်ပါ ။

သွား ၊ ရပ် ၊ ထိုင် ၊ လျောင်း ဣရိယာပုတ်လေးပါး ကိုယ်အနေ
အထားတွေ ပြောင်းပြင်ပေမယ့်လို့ ရုပ် ၊ နာမ်အာရုံ ပြောင်း
မသွားရဘူး ၊ ရုပ်အာရုံ ၊ ဒါမှမဟုတ် နာမ်အာရုံ ရှိနေရပါမယ် ။

ဒေါက်တာ အရှင်ပညိဿ ရ

မေတ္တာပို့စဉ် စိတ်ထားနည်း


စူးရှအောင် အဘယ်သို့ မေတ္တာဖြန့်ရပါမည်နည်း။
မေတ္တာဖြန့်ရာတွင် ရည်ညွှန်းသော “သြဒိသမေတ္တာ”၊
မရည်ညွှန်းသော “အနောဓိသမေတ္တာ”နှစ်မျိုးရှိရာ
“အနောဓိသမေတ္တာ”ထက် “သြဒိသမေတ္တာ”ကစူးရှသည်။
သြဓိသတွင်လဲ မြင်ဖူးသူ၊ မမြင်ဖူးသူရှိပြန်ရာ
မမြင်ဖူးသူထက် မြင်ဖူးသူကို စူးရှသည်။
မြင်ဖူးသူတွင်လဲ အမြင်နည်းသူထက် ၊
အမြင်များသူကို စူးရှသည်။ အမြင်များသူတွင်လဲ
အကျွမ်းမဝင်သူထက် အကျွမ်းဝင်သူကို စူးရှသည်။

အကျွမ်းဝင်သူတွင်လဲ နေ့အခါထက် ညအခါ စူးရှသည်။
ညအခါတွင်လဲ မေတ္တာအပို့ခံရသူက လှုပ်ရှားနေသူထက်၊
ငြိမ်နေသူကို စူးရှသည်။
ငြိမ်နေသူတွင်လဲ အမှတ်တမဲ့ဖြန့်ခြင်းထက်
ချိန်၍ ဖြန့်ခြင်းက စူးရှသည်။
သို့ဖြစ်လေရကား မကျန်းမာ၍ဖြစ်စေ ၊တစ်စုံတစ်ခုကြောင့်ဖြစ်စေ၊
ဆင်းရဲဒုက္ခတွေ့နေသူအား နေ့ရက် ၊အချိန် ၊မျက်နှာပုံ ၊နေထိုင်ပုံ
စသည်တို့ကိုသိအောင် ချိန်းဆိုပြီး ထိုသူ၏ နှလုံးအိမ်ကိုဖြစ်စေ၊
ခံတွင်းပေါက်ကိုဖြစ်စေ သေသေချာချာ ချိန်လျှက်
“မည်သူချမ်းသာပါစေ” ဟူသော မေတ္တာဓာတ်ကို
ထပ်တလဲလဲ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ဖြန့်ဖြူးသွန်း
လောင်းနိုင်ပါမူ သိသိသာသာ စူးရှသည်ကို
တွေ့မြင်ရပါလိမ့်မည်။

သေဒကသုတ် ပါဠိတော်အရ “သူ့အကျိုးဆောင်၍
ကိုယ့်အကျိုးအောင်” ဟူသောအလုပ်သည် “ဗြဟ္မာ့ဝိဟာရ”
လုပ်ငန်းသာလျှင် ဖြစ်ကြောင်း ဟောတော်မူ၏။
မိမိမေတ္တာပွားပို့ခြင်းကြောင့် ကမ္ဘာသူကမ္ဘာသား (၃၁)ဘုံသူ၊
(၃၁)ဘုံသားတို့ အအေးဓာတ်ကူးကာ ချမ်းသာနိုင်သည့်
သဘောသည် မည်သည့်ရှုထောင့် ၊မည်သည့်အမြင်အရ မဆို
ထင်ရှားလှပေသည်။ ကျေနပ်ထိုက်လှပေသည်။
ယုံကြည်အားကိုးထိုက်လှပေသည်။

မေတ္တာပွားခြင်းဖြင့် သတ္တဝါများအတွက် အကောင်းဆုံးသော
အကျိုးဆောင်ခြင်း ၊ဆုလာဘ်ကြီးများကို ဝေငှနေခြင်းပင်ဖြစ်၍
တန်ဖိုးကြီးမြတ်လှသော အသက်ရှင်ရခြင်းဖြစ်ကြောင်း
ထင်ရှားလှပေသည်။

“ မေတ္တာပို့စဉ် စိတ်ထားနည်း ”
••••••••••••••••••••••••••••••••••••••••
(၁)။ မေတ္တာမပွားပို့မီ မိမိတစ်ကိုယ်လုံး သန့်စင်သွားစေရန်
ဦးစွာသီလဖြင့် ဆေးကြောပါ။(ငါးပါးသီလ၊ရှစ်ပါးသီလခံယူပါ)။
ပို့လွှတ်ရာ၌ ပို၍ အင်အားကြီးအားစေရန် ဂုဏ်တော်များကို
ပွားများကာ တစ်ကိုယ်လုံး မွှမ်းထုံ ထားရမည်။

(၂)။မေတ္တာ၏ သဘောအဓိပ္ပါယ်ကို ကျေညက်အောင်
လေ့လာ၍ မေတ္တာအင်အားကို အကြွင်းမဲ့ ယုံကြည်ရမည်။

(၃)။ အသက်ထင်ရှား ကျေးဇူးများ၍ လေးစားထိုက်သော
ဆရာသမား ဘိုးဘွားမိဘနှင့် သာသနာ့အကျိုး ၊
သတ္တဝါ အကျိုးတို့ကို ဆောင်ရွက်တော်မူကြသော
ဆရာတော်ကြီးများ ၊ အရိယာသူတော်ကောင်းကြီးများအား
အနည်းဆုံး ၊ဆယ်ဦးခန့် သီးသန့်ရွေးချယ်၍ ဦးစွာပို့သရမည်။

(၄)။ပြီးလျှင် တိုင်းပြည် မြို့ရွာ အကြီးအကဲများနှင့်
အရပ်ဆယ်မျက်နှာရှိ သတ္တဝါများကို မေတ္တာပို့လွှတ်ရမည်။

(၅)။ သတ္တဝါအများ ကောင်းစားချမ်းသာစေလိုသော
မိမိပို့လွှတ်သည့် မေတ္တာလှိုင်းများ မိမိပို့လွှတ်ရာသို့
အမှန်တကယ် ရောက်ရှိသွားပြီ၊
မေတ္တာခံသူများ အမှန်တကယ် ချမ်းသာနေကြပြီဟု
စိတ်ထဲကယုံကြည်ထင်မှတ် နေရမည်။
မေတ္တာခံသူထံ မိမိမေတ္တာရောက်ကြောင်း သင်ကိုယ်တိုင်
သိလာပါလိမ့်မည်။

(၆)။ ငါသည် တစ်လောကလုံး ငြိမ်းချမ်းသာယာရေးအတွက်
၆၄ ကမ္ဘာတိုင်တိုင် အာနိသင်အား မကုန်ဆုံး နိုင်အောင်
အင်အားကြီးမားသော အကောင်းဆုံး ၊အမြတ်ဆုံး
ကုသိုလ်ကြီးကို လုပ်နေသူဖြစ်သည် ဟု ဝမ်းမြောက်ကာ
အသက်မှန်မှန်ရှူ သက်သာသော အနေအထားဖြင့်
အဆက်မပြတ် ပို့လွှတ်ရမည်။

(၇)။ကိစ္စတစ်စုံ တစ်ရာ ဆောင်ရွက်ရန်ရှိသောအခါ
သွားမည့် နေရာ သွားကိစ္စနှင့်စပ်သမျှ
တစ်ဦးချင်း မြင်အောင် ကြည့်ပြီး
“ချမ်းသာပါစေ”ဟု မေတ္တာအအေးဓာတ်များကို
ကြိုတင်ပို့လွှတ်ထားရမည်။သတ္တဝါတစ်စုံတစ်ဦးနှင့်
ကြုံတွေ့ရာ၌လဲ အလျင်ဦးအောင် မိမိက
စတင်မေတ္တာပို့ပေးပါ။
(သို့သော် မိမိအကျိုးရမှု ၊မိမိအားအနှောင့်အယှက်
မပေးစေလိုမှုများ အလျှင်းမပါရှိစေရ။
ထိုသူများ ချမ်းသာကောင်းစားစေချင်သည့်
စိတ်ကိုသာ ဖြစ်ပွားနေစေရမည်။)

(၈)။တတ်နိုင်လျှင် မေတ္တာခံယူသူ တည်ငြိမ်အေးဆေးစွာ
နေချိန်မျိုး( ဥပမာ- ညအိပ်နေချိန်မျိုးမှာ) ပို့လွှတ်ရမည်။
(သို့ရာတွင် အိပ်မွေ့ချသကဲ့သို့ အမိန့်ပေးခြင်း ၊
စုံစမ်း စမ်းသပ်ခြင်းမျိုး မဖြစ်စေရ)။
လိုအပ်လျှင် နိမိတ်ထင်လွယ်အောင် ထိုသူ၏
တစ်ကိုယ်လုံးပေါ် ဓာတ်ပုံကို အသုံးပြုနိုင်သည်။

(၉)။မေတ္တာခံယူသူကို မိမိအနီးအပါး၌ မျက်နှာချင်းဆိုင်
ထိုင်လာနေသကဲ့သို့ စိတ်ညွှတ်ယူ၍ ထိုသူ၏
မျက်စိ ၊မျက်နှာ၊ ပုံပန်းသဏ္ဍာန်ကို ဓာတ်ပုံရိုက်သကဲ့သို့
ခြေဆုံးခေါင်းဆုံး ကွက်ကွက်ကွင်းကွင်း ထင်အောင်မြင်အောင်
ကြည့်ပြီး အထပ်ထပ်ပွားပို့ရမည်။

[မှတ်ချက်။ ။ “အရှင်ပညာစက္က”၏ ပရိတ်တော်၊
ဂါထာတော်များ စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒပြည့်ဝကြပါစေ။]

-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)
မေတ္တာဖြင့်မျှဝေသူ
ရွှေညာသား

အကျည်းတန် အရုပ်ဆိုးရခြင်း၏ အကြောင်း


☆ သားအတွက် ပူလိုက်ရတာ, သမီးအတွက် ပူလိုက်ရတာ, အဘိုးကြီး
အတွက်လည်း ပူလိုက်ရတာ စိတ်မချလို့, အဖွားကြီးအတွက်ကျတော့လည်း ပူလိုက်ရတာ စိတ်မချဘူး၊ တစ်ဘက်ကြည့်လိုက်တော့လည်း ..

ဒေါသက သိပ်ကြီးတယ်။
ဒါတွင်လားဆိုတော့ မကသေးဘူး --

☆ သူ့ကို နည်းနည်းလေးတော့ သွားမပြောလိုက်နဲ့၊ နည်းနည်းလေးများ
ပြောလိုက်မိမယ်ဆိုရင် --

☆ ငါ့ကို ဒီလိုပြောရကောင်းလားဆိုပြီး စိတ်ထဲမှာ တနုံ့နုံ့နဲ့ ဖြစ်နေတယ် စွဲနေတယ် နည်းနည်းလေးမှ မကျေနပ်ဘူး၊

☆ စိတ်ဆိုးတယ်။ စိတ်ဆိုးနေတဲ့ ဖောက်ြပန်နေတဲ့ အမူအယာအမျိုးမျိုးကို ပြတယ်။

☆ ဒင်းနော် ငါချလိုက်ပြန်ရော့မယ်၊ ငါ့ကို ဘာမှတ်လို့လဲ? ဒီပုံစံမျိုးပဲ ဟုတ်တယ် မဟုတ်လား? ဒေါသဖြစ်နေတဲ့ အမူအရာတွေကို ပြတယ်။ နောက်တစ်ခု ဘာလဲ? ရန်ငြိုးဖွဲ့ထားတယ်။ ငါ့ကို ဒီလိုပြောရကောင်းလား ဆိုပြီးတော့ ရန်ငြိုးဖွဲ့ထားတယ်။

☆ စိတ်ဆိုးမှုကိုလည်း ထင်ထင်ရှားရှားကြီး ဖော်ပြလိုက်တယ်၊ “ဒင်း ငါ့
လာထိတော့ ဘယ်ရလိမ့်မလဲ၊ ငါက ခံမှာလား ငါပြန်ချလိုက်မှာပေါ့” ---
ဆိုပြီးတော့ မိမိဒေါသဖြစ်နေတာကို ထင်ရှားအောင် ဖော်ပြလိုက်တယ်၊ မိမိရဲ့ မကျေနပ်ချက်တွေကိုလည်း ထင်ရှားအောင် ဖော်ပြလိုက်တယ်။

☆ သူများအပေါ်မှာ မကျေနပ်တာကလေးတစ်ခုပဲ။ ပိုက်ဆံ ဘယ်လောက် ရရှိလိုက်သလဲ? တစ်ပြားမှ မရလိုက်ဘူး၊ ဒါပေမဲ့ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတွေ မိမိမှာ ပြည့်ပြည့်စုံစုံ ရမသွားဘူးလား? ရသွားပြီ။

☆ သူတစ်ပါးအပေါ်မှာ ဒေါသဖြစ်တဲ့စိတ်ထား “ကိုယ့်ဟာကိုယ်, ကိုယ့်
ဒေါသ ကိုယ်ဖြစ်တာ ဘာဆိုင်လဲ ညီးနှင့်ဘာဆိုင်လဲ?” ဟော - တချို့က
ဒီလိုပြောတတ်ကြတယ်၊ ဒီလို “ငါ့ဟာငါ ဒေါသဖြစ်တာ ညီးနှင့်ဘာဆိုင်လို့ လာပြောရတာလဲ?” - တချို့က ဒီလိုပြောကြတယ်။ ဒီတော့ ကိုယ့်ဟာကိုယ် ဒေါသဖြစ်တာ ဘာမှမဖြစ်ဘူးမဟုတ်ဘူးနော်၊ ဖြစ်တယ်။ ဘာဖြစ်သလဲ? -
ငရဲရောက်နိုင်တယ်၊ ဒီတော့ မိမိက ငရဲကို အလိုမရှိဘူးဆိုရင် ဒီစိတ်ထား ကလေးတွေကို ပြောင်းလဲပစ်ဖို့ မလိုဘူးလား? လိုအပ်နေတယ်။

☆ ဒီနေ့ပဲ - ဒကာမကြီးတစ်ယောက်က လာလျှောက်တယ်, လာကန်တော့တယ်။ လာကန်တော့တဲ့ အခါကျတော့ သူက ငမူးနှင့် အကြောင်းပါနေတော့ သူ့ငမူးအကြောင်းကို ဘုန်းကြီးကမေးတော့ ငမူး ကျိုးသွားပြီတဲ့၊ ဘာဖြစ်လို့ ကျိုးသလဲလို့ သူ့ကိုမေးတော့ - သူက ဒေါသထင်ရှားပြလို့ပါဆိုပြီး ဘေးက အတူပါလာတဲ့ အဖော်တစ်ဦးက ၀ိုင်းပြီးလျှောက်ထားတယ်။ သူကလည်း ဒေါသကို ဘယ်လိုထင်ရှားပြလိုက်သလဲဆိုတော့ - ဒီလိုတဲ့၊ လှေကားမှာ ငမူးနှင့်စကားများရင်း ငမူးကို တွန်းချလိုက်တော့ လှေကားကနေ ငမူးကျသွားရော၊ အောက်ကျသွားတဲ့အခါ ငမူး လက်ကျိုးသွားသတဲ့၊ လက်ကျိုးသွားတဲ့ အချိန်အခါကျတော့ ပစ်ထားလိုက်ပါလားလို့ဆိုတော့လည်း မပစ်ရက်နိုင်ဘူး တဲ့။ ဘာဖြစ်လို့လဲ? မခွဲရက်နိုင်တဲ့ မပစ်ရက်နိုင်တဲ့ ကံတွေကိုလည်း တစ်ဘက်က ထူထောင်ခဲ့ကြပြန်တယ်။ ကံတွေဟာ သိပ်ဆန်းကြယ်တယ်။

☆ ဒီလိုကံတွေကို ပြုစုပျိုးထောင်ထားခဲ့မယ်ဆိုရင် ဒီကံကလွတ်အောင်
ရုန်းလို့မရအောင် ပြုပြင်ဖန်တီးပေးတယ်၊ ဒီအနားက ခွဲလို့မရဘူး။ တကယ်တမ်း ရက်ရက်စက်စက်နှင့် စွန့်ပစ်လိုက်ပါလားဆိုတော့ မစွန့်ပစ်နိုင်ဘူး။  မစွန့်ပစ်နိုင်တဲ့ ကံတွေကို မိမိတို့က ထူထောင်ထားခဲ့ကြတယ်။ ခုလည်း ဒီအတိုင်းပဲ၊ ဒီဒကာမကြီးက ဒေါသကိုတော့ ထင်ရှား ပြလိုက်တယ်။ သို့သော် ခွဲနိုင်သလားဆိုတော့ -- မခွဲနိုင်ပြန်ဘူး။

☆ ဒီဒေါသဖြစ်တဲ့ဟာ ဘာမှမဖြစ်ဘူး မဟုတ်ဘူး၊ ဒီဒေါသကလေးမှာ
ငရဲကို ရောက်စေနိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်၊ ဒီလိုဆိုရင် ငရဲကို အလိုမရှိခဲ့ရင် မိမိတို့က ဒေါသကို တိုက်ဖျက်ဖို့ မလိုဘူးလား? လိုတယ်၊ စိတ်နေစိတ်ထားကလေးတွေကို ပြုပြင်ပြောင်းလဲပေးဖို့ လိုတယ်။

☆ နောက်တစ်ခု ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုကြည့်ပါ၊ အင်မတန် ချော
မော လှပနေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးပဲ ဖြစ်ချင် ဖြစ်ပါစေ၊ ဒေါသဖြစ်နေတဲ့ အချိန်အခါမှာသူ့ကို သွားကြည့်ရင် အရုပ်မဆိုးဘူးလား?-
အရုပ်ဆိုးတယ်၊ အဲဒီကံက သူ့ကို အကျိုးပေးဖို့ရန် အခါအခွင့်သင့်လာရင် ဘာဖြစ်သလဲ?

☆ ဒီဒေါသကလေးဖြစ်ခဲ့တဲ့ကံက ငရဲမရောက်ဘူးထား၊ ခုနက သန္နိဋ္ဌာန
စေတနာလို့ ခေါ်ဆိုအပ်တဲ့ တကယ်တမ်း ပြစ်မှုတွေ လွန်ကျူးနေတဲ့အချိန်အခါမှာ ဖြစ်ပေါ်နေတဲ့ ဒေါသအကုသိုလ် စေတနာကိုတော့ ထားလိုက်၊ ရှေ့ပိုင်း နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အကုသိုလ်စေတနာတွေကနေပြီးတော့ လူ့ပြည်လူ့လောကမှာ လာပြီးတော့ အကျိုးပေးဖို့ရန် အခါအခွင့်သင့်ပြီဆိုရင် လူ့ပြည်လူ့လောကကို ကုသိုလ်ကံ တစ်ခုက ပစ်ချလိုက်လို့ လူဖြစ်လာတဲ့ အချိန်အခါမှာ ခုနက ဒေါသနှင့် ယှဉ်တွဲနေတဲ့ အကုသိုလ်ဓာတ်ငွေ့တွေက ကပ်ပါလာတဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်သည် “#ဒုဗ္ဗဏ္ဏ” အဆင်းမလှတော့ဘူးတဲ့၊ အကျည်းတန်အရုပ်ဆိုးတယ်။

☆ ခဏခဏတော့ ပြောဖူးပါတယ်။ ဘုန်းကြီးတစ်ပါးပြောတဲ့ စကားလေး ဘုန်းကြီးက မှတ်သားထားတယ် - “လည်ပင်းကြည့်လိုက်တော့ ဖားလည်ပင်း၊ အသားကြည့်လိုက်တော့ သပိတ်ရောင်၊ ခါးကြည့်လိုက်တော့ လိပ်ခါး” တဲ့။ ဒေါသကြောင့် အဲဒီလို ပုံပန်းမကျတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရတယ်။

☆ ဘာကြောင့်လဲ? ဒေါသနှင့် ယှဉ်တွဲပြီးတော့ ကံတွေကို ပြုစုပျိုးထောင်
ခဲ့တယ် သို့မဟုတ် ဒေါသသိပ်ကြီးခဲ့တယ်။ ဒေါသကြီးခဲ့တဲ့ပုဂ္ဂိုလ်သည် ဒီကံက အကျိုးပေးပြီဆိုရင် ရုပ်လှသလား မလှဘူးလား? မလှတော့ဘူး။ ဒါဖြင့်ရင် မိမိတို့က ရုပ်ရည်ချောမောလှပတဲ့ အမျိုးကောင်းသား ဖြစ်ချင်တယ်ဆိုရင် အမျိုးကောင်းသမီး ဖြစ်ချင်တယ်ဆိုရင် ဒေါသကြီးရမလား မကြီးရဘူးလား?
မကြီးရဘူး - ဒေါသတွေကို ရှောင်ကြဉ်ပေးရမယ်။ စိတ်ဓာတ်ဆိုတာ ပြုပြင် ပြောင်းလဲလို့မရဘူးလား? ရပါတယ်၊

☆ ဒီဒေါသသည် အမြဲဖြစ်နေတဲ့ တရားမဟုတ်ဘူး၊ အနိစ္စတရားပဲ, ရာဂ
ဟာ အမြဲဖြစ်နေတဲ့တရား မဟုတ်ဘူး အနိစ္စတရားပဲ။ အနိစ္စတရားသာ ဖြစ်တော့ မိမိတို့က ပြုပြင်ပြောင်းလဲပေးမယ်ဆိုရင် မရနိုင်ဘူးလား? ရပါတယ်။
ဒါပေမဲ့ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ထား မရှိဘူး “ငါ့ဒေါသက သူများဒေါသနှင့် တူတာမဟုတ်ဘူး, ငါ့စိတ်က သူများစိတ်နှင့်တူတာ မဟုတ်ဘူး”ဆိုပြီး ဒါကိုပဲ ဂုဏ်ယူပြီးတော့ ၀င့်ကြွားပြီးတော့ နေတတ်ကြပြန်တယ်။ အဲဒီလို ဂုဏ်ယူဝင့်ကြွားနေတဲ့ ပုဂ္ဂိုလ်တွေသည် ဘာဖြစ်မလဲ? -- ဘယ်ဘ၀ပဲရောက်ရောက်, ရောက်လေရာဘ၀မှာ အကျည်းတန် အရုပ်ဆိုးတဲ့ပုဂ္ဂိုလ် မဖြစ်ဘူးလား? ဖြစ်လိမ့်မယ်။ ဒါဟာ ဘုရားရှင်ဟောကြားတော်မူတဲ့ အကျည်းတန် အရုပ်ဆိုးစေတတ်တဲ့ ကံတရားပဲ၊ အကျည်းတန် အရုပ်ဆိုးစေတတ်တဲ့ ဆေးစွမ်းကောင်း တစ်လက်ပဲ။

☆ ရုပ်ရည် မချောမော မလှပရခြင်း အကျည်းတန် အရုပ်ဆိုးရခြင်း၏
အကြောင်းရင်းသည် ဒီဒေါသပဲ။ နည်းနည်းလေးပြောရင်တောင်မှ နည်း
နည်းလေးမှ အထိမခံဘူး၊ “ဒင်းတို့များတော့ သွားမပြောလိုက်စမ်းပါနဲ့၊ ဒင်းက နည်းနည်းမှ ပြောလို့ဆိုလို့ရတဲ့ လူစားမျိုး မဟုတ်ဘူး”တဲ့ တချို့ ဒီလို ပြောကြတယ်၊ နည်းနည်းမှ သူက အထိမခံဘူး။ ပြောလိုက်ပြီဆိုလို့ရှိရင် - “ငါ့ကို ဒီလို ပြောရကောင်းလား”ဆိုပြီး တစ်ခါတည်း မကျေနပ်ချက်တွေကို တစ်ပုံကြီး ထင်ရှားပြတော့တာပဲ။

☆ ဟို-ဘိုးတော်ဘုရားလက်ထက်ကနေပြီးတော့ မင်းတုန်းမင်းလက်ထက်၊ မင်းတုန်းမင်းလက်ထက်ကနေပြီးတော့ တော်လှန်ရေးအစိုးရလက်ထက် အထိပေါ့လေ၊ ရာဇ၀င်နှင့်ချီပြီးတော့ မကျေနပ်ချက်တွေကို ပြောလိုက်တာ တစ်ပုံတစ်ခေါင်းကြီးပဲ၊ နားထောင်လို့ကို မကုန်နိုင်တော့ဘူး။ ဒါကြောင့် အဲဒီလို ဒေါသတွေ သိပ်ကြီးနေတဲ့ပုဂ္ဂိုလ်သည် ရောက်လေရာဘ၀မှာ ဘာဖြစ်တတ်သလဲ၊ အရုပ်ဆိုးတတ်တယ်။ နောက်တစ်ခု ----

¤ ဖားအောက်တောရဆရာတော် ¤
Buddhavasa Tiloka

ရုပ်ရည်ချောမော လှပတင့်တယ်ရခြင်း၏ အကြောင်း


☆ စိတ်ထဲမှာ ဒေါသရယ်လို့ ဖြစ်လာပြီဆိုရင် ပူပန်မှုလေးတွေ ၀င်လာ
တယ်။ ခု ဒီပုဂ္ဂိုလ်ကြည့်လိုက်တဲ့ အခါမှာတော့ ဒေါသလည်းမဖြစ်ဘူး ပူပန်မှုလည်း မရှိဘူး။

☆ စိတ်ထဲမှာ နည်းနည်းမှ မခံချင်ပေမဲ့လို့ သူတစ်ပါး သိအောင် ထုတ်
ဖော်ပြီး ပြောမှု ပြမှု မရှိဘူး၊ ဘယ်လောက်ပဲပြောပြော, ပြောချင်တာပြောပါစေ သူပြောတာက သူ့ကံပဲ, ကိုယ်ပြောတာက ကိုယ့်ကံပဲ။ ကိုယ်ပြုတာက ကိုယ့်ကံပဲ, သူပြုတာက သူ့ကံပဲလို့ ဒီလို ကံ-ကံရဲ့အကျိုးကို နှလုံးသွင်းပြီးတော့ သည်းခံတယ်၊ သူက သူတော်ကောင်းတရားကို နှလုံးသွင်းနိုင်တယ်။

☆ ဒီနေရာမှာ အမျက်မထွက်ဘူး ဆိုတာကတော့ ဥတ္တရာ အမျိုးကောင်း
သမီးတို့ကဲ့သို့ မေတ္တာဈာန်ကို ၀င်စားနိုင်တဲ့စိတ်ထားသည် အထွတ်အထိပ်သို့ ရောက်နေတဲ့ စိတ်ထားမျိုးပဲ။ တစ်ဘက်သားပုဂ္ဂိုလ်က ဘယ်လိုပင် ပြောချင်တာ ပြောပါစေ, ပြုလုပ်ချင်တာ ပြုလုပ်ပါစေ၊ မိမိက ထိုသတ္တ၀ါတွေအပေါ်၌ ဖြန့်ကြက်ပြီးတော့ မေတ္တာဈာန်တွေ ၀င်စားပြီး နေနိုင်မယ်ဆိုရင် ထိုမေတ္တာဈာန် ၀င်စားနေတဲ့ မျက်နှာအနေအထားကို ထိုအချိန်အခါမှာ ကြည့်စမ်းကြည့်ပါ။ အရုပ်ဆိုးတဲ့ပုဂ္ဂိုလ် ဖြစ်ချင်ဖြစ်ပါစေ မေတ္တာဈာန် ၀င်စားနေတဲ့ အချိန်အခါမှာ တစ်နည်းတစ်ဖုံအားဖြင့် ကြည့်ရှုလို့ အင်မတန်ကောင်းနေတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး ဖြစ်နေတတ်ပါတယ်။

☆ ကံတွေကို ထူထောင်စဉ် အချိန်အခါတုန်းက တစ်ဘက်သားအပေါ်မှာ အင်မတန်ကြီးမားတဲ့ မေတ္တာ ကရုဏာဓာတ်တွေနှင့် ထူထောင်နေတဲ့ကံ ဖြစ်ခြင်းကြောင့် ဒီကံက အကျိုးပေးတဲ့ အချိန်အခါမှာ ဘာဖြစ်မလဲ?

☆ ဒီနေရာမှာတော့ - အကယ်၍များ မေတ္တာဈာန် ရရှိခဲ့မယ်ဆိုရင်တော့၊
ထိုမေတ္တာဈာန်ကလည်း သေသည်တိုင်အောင် မလျှောကျခဲ့ဘူးဆိုရင်တော့ ထိုမေတ္တာဈာန်တွေကတော့ ဗြဟ္မာ့ပြည်လို့ခေါ်ဆိုအပ်တဲ့ နတ်ပြည်နတ်လောကကို ပို့ဆောင်ပေးမှာဖြစ်တယ်။ မေတ္တာဈာန်ရဲ့ ရှေ့နောက်မှာရှိတဲ့ မေတ္တာဘာဝနာကံတွေကတော့ နတ်ပြည်နတ်လောကကို ပို့ဆောင်ပေးမှာဖြစ်တယ်။

☆ နတ်ပြည် မရောက်ဘူးထား, ဒီမေတ္တာဈာန်တွေကလည်း မသေခင်မှာ အကြောင်းတစ်ခုခုကြောင့် လျှောကျသွားလို့ ဒီမေတ္တာဈာန်တွေရဲ့စွမ်းအားကြောင့် ဗြဟ္မာ့ပြည် မရောက်ဘူးထား --

☆ မေတ္တာဈာန်ရဲ့ ရှေ့ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကာမာဝစရကုသိုလ်စိတ်
စေတနာတွေလည်း ရှိတယ်၊ မေတ္တာဈာန်ကို ပွားများပြီးတဲ့နောက်, နောက်ပိုင်းမှာ သတ္တ၀ါတွေအပေါ်၌ ထားရှိတဲ့ မေတ္တာနှင့်ယှဉ်နေတဲ့ ကာမာဝစရကုသိုလ် စိတ်စေတနာတွေလည်း ရှိတယ်၊ အဲဒီ စိတ်စေတနာတွေက လူ့ပြည် လူ့လောကကိုရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိတယ်။
မေတ္တာဈာန်တွေကတော့ ဗြဟ္မာ့ပြည်ကို ရောက်အောင် ပို့ဆောင်ပေးနိုင်
တယ်၊ အကယ်၍ ဗြဟ္မာ့ပြည်ကို မရောက်ဘူးထား လူ့ပြည်လူ့လောကကိုပြန်ပြီး ရောက်ရှိလာခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ?

☆ ဒကာတော် သုဘလုလင်...ကြည်ညိုဖွယ်ဂုဏ်ကိုဆောင်နိုင်တဲ့ ဥပဓိ
သမ္ပတ္တိ ရုပ်ရည်နှင့်ပြည့်စုံဖို့အတွက် ဒါဟာ အကျင့်တစ်ခုပဲ။ ဘာအကျင့်လဲ?
ဒေါသမကြီးခြင်း အမျက်ဒေါသမကြီးခြင်း၊ ဘယ်လောက်ပဲ သူများတွေက ပြောချင်ပြောပါစေ ဘယ်တော့မှ စိတ်မဆိုးဘူး, ဘယ်တော့မှ စိတ်ဖောက်ပြန်တဲ့အမူအရာကို မပြဘူး, ဘယ်တော့မှ ရန်ငြိုးမထားဘူး, အမျက်ကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး, ဒေါသကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး, မကျေနပ်ချက်တွေကိုလည်း ဘယ်တော့မှ ထင်ရှားမပြဘူး၊ အဲဒီလို မပြခြင်းဆိုတဲ့ ကျင့်ဝတ်ပဋိပတ်သည် ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်တဲ့ အင်မတန်ချောမောလှပတဲ့ ဥပဓိသမ္ပတ္တိခေါ်တဲ့ရုပ်ရည်နှင့် ပြည့်စုံဖို့ရန် အကြောင်းတစ်ခု ကျင့်ဝတ်တစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားက ဟောထားတော်မူပါတယ်။

¤ ဖားအောက်တောရဆရာတော် ¤
Buddhavasa Tiloka