Thursday, July 31, 2014

မဂ်ဖိုလ်ရသင့်လျက် မရသူရဲ့အကြောင်း


ဗုဒ္ဓလက်ထက်က ဓနဉ္စာနီပုဏ္ဏားကြီးပဲ။ ပုဏ္ဏားကြီးသေခါနီးတော့ အရှင်သာရိပုတ္တရာကို ပင့်ပြီးတရားနာတယ်။ အရှင်သာရိပုတ္တရာ
က ဓါတ် ပရမတ်ဆိုတဲ့ ၀ိပဿနာတရားတွေ ဟောနေရင် ဉာဏ်လိုက်နိုင်မယ်လို့ မထင်တာနဲ့ မေတ္တာပွားနည်းကိုပဲ ဟောပေးတယ်။ မေတ္တာဒယော တယောစတုက္ကဇ္ဈာနိကာဆိုတဲ့
သင်္ဂဟကျမ်းဖွင့်အရ မေတ္တာ ကရုဏာ မုဒိတာ တစ်ပါးပါးကိုပွားရင် စတုတ္ထဈာန်အထိရနိုင်တယ်။ ပြီးတော့ သမထ ကမ္မဋ္ဌာန်း လေးဆယ်ထဲမှာ မေတ္တာဟာဈာန်ရဖို့ အလွယ်ကူဆုံးပဲ။ အကုသိုလ်
စိတ်တွေကင်းပြီး မေတ္တာပွားများမှုအပေါ်မှာ စိတ်စိုက်နေတာကို မေတ္တာဈာန်ရတယ်လို့ပြောတာ။ ကောင်းကင်ပျံတာကို ပြောတာမဟုတ်ဘူး။

ကောင်းကင်ပျံတာက အဘိညာဉ်အဆင့်ဖြစ်သွားပြီ။ အဲဒီမေတ္တာဈာန်နဲ့ သေသွားတော့ ဓနဉ္စာနီပုဏ္ဏားကြီးဟာ ဗြဟ္မာဘုံကိုရောက်သွားတယ်။ အရှင်သာရိပုတ္တရာ ကျောင်းပြန်ရောက်တာနဲ့ ဘုရားရှင်က ဆီးပြောတယ်။ သာရိပုတ္တရာ သစ္စာတရားကိုသာ နာရရင်
ဓနဉ္စာနီပုဏ္ဏားကြီးဟာ မဂ်ဖိုလ်ကိုရမှာ၊ အခုသင်က
မေတ္တာတရားပဲ ဟောလိုက်လို့ ဗြဟ္မာ့ဘုံပဲ ရောက်သွားတယ်။ ပုဏ္ဏားကြီးအတွက် နစ်နာတယ်။

ဒါကြောင့်ဗြဟ္မာ့ပြည်အထိလိုက်သွားပြီး သစ္စာတရားကို ဟောပေးပါလို့ခိုင်းလို့ အရှင်သာရိပုတ္တရာ ဗြဟ္မာ့ပြည်အထိ သစ္စာတရားကို လိုက်ဟောပေးရတယ်။ တရားဆုံးမှာ ဓနဉ္စာနီပုဏ္ဏားတစ်ဖြစ်လဲ ဗြဟ္မာကြီးဟာ မဂ်ဖိုလ်ကို ရသွားပါတယ်။ အဲဒီကနောက် အရှင်သာရိပုတ္တရာဟာ တရားဟောတိုင်း ဟောတိုင်း
သစ္စာလေးပါးကို မပါပါအောင် ထည့်ဟောပေးပါတယ်။

ဟောသူဘက်က ယုတ်လျော့မှုဖြစ်ပြီး နာယူသူတွေ မဆုံးရှုံးရအောင်ဆိုတဲ့ မေတ္တာစေတနာပါပဲ။ ဒီသတ္တ၀ါကတော့ ဣနြေ္ဒရင့်ပြီး သစ္စာလေးပါးတရားကို ဟောလို့ရပြီ။ ဒီသတ္တ၀ါကတော့ ဣနြေ္ဒမရင့်ကျက်သေးဘူး သစ္စာတရားဟောလို့မရသေးဘူး အဲဒီလိုခွဲခြားပြီးသိနိုင်တဲ့ ဣန္ဒြိယ ပရောပရတ္တိဉာဏ်ဟာ ဘုရားရှင်မှာပဲရှိတယ်။ သာဝကတွေမှာ မရှိဘူး။

နောက်ဒီသူကတော့ ကသိုဏ်းလို မေတ္တာလိုနှုးညံ့တဲ့ ကမ္မဋ္ဌာန်းနဲ့မှ သင့်လျော်တယ်။ ဒီသူကတော့ အသုဘကမ္မဋ္ဌာန်းလို ကြမ်းတမ်းတဲ့ကမ္မဋ္ဌာန်းနဲ့မှ သင့်တော်တယ်လို့ သူတစ်ပါးရဲ့ ကိန်းအောင်းနေတဲ့ အလိုဆန္ဒကို သိတဲ့ဉာဏ်ကို အာသာယာနုသ
ယဉာဏ်လို့ခေါ်တယ်။ ဒီဉာဏ်တော်ကြီးတွေဟာလည်း ဘုရားရှင်မှာသာရှိတယ်။ ကျန်သာဝကတွေမှာ မရှိဘူး။

ဒါကြောင့်အခါတစ်ပါး အရှင်သာရိပုတ္တရာဟာ ရဟန်းသစ်တစ်ပါးကို အသုဘကမ္မဋ္ဌာန်းကြီးပေးပြီး အားထုတ်ခိုင်းတာ ၀ါတွင်းသုံးလသာ ကုန်သွားတယ်။ ဘာတရားမှမရဘူး။ ဒါနဲ့ဘုရားရှင်ဆီ ခေါ်သွားတော့ ဘုရားရှင်က နှုးညံ့တဲ့နည်းနဲ့မှ တရားရမှာကိုသိတော့ အင်မတန်လှပတဲ့ ကြာပွင့်ကြီး တစ်ပွင့်ကို ဖန်ဆင်းပေးလိုက်ပြီး စိုက်ကြည့်ခိုင်း
ထားတယ်။

နောက်တဖြည်းဖြည်းသွေ့ခြောက်လာပြီးကြာပန်းက ပွင့်ဖတ်တွေ ကြွေကျလာတာကို ဆက်ပြတယ်။ အဲဒီကမှ သံဝေဂဉာဏ် ၀င်လာတာကို တွေ့တာနဲ့ အနိစ္စတရားကိုပြလိုက်တာ တစ်ရက်တည်းနဲ့ ရဟန္တာဖြစ်သွားတယ်။ ဒါကြောင့်တရားရှာဖွေတဲ့
နေရာမှာ ဆရာစွဲမထားဘဲ ဒီနည်းနဲ့မသင့်တော်ရင် နောက်နည်းကိုပြောင်းပြီး နာကြားအားထုတ်ကြည့်ဖို့ ၀န်မလေးသင့်ဘူး။ မောဟကင်းပြီးသားဖြစ်တဲ့ အရှင်သာရိပုတ္တရာတောင် တရားအပေး
မှားသေးရင် မောဟမကင်းတဲ့ အခုခေတ် ဆရာများဆိုရင် ပိုလို့တောင် မှားနိုင်သေးတာပေါ့။

မေတ္တာရှင် ရွှေပြည်သာ
လူငယ်များအတွက်ဂမ္ဘီရ၀ိပဿနာ၊ အတွဲ (၃+၄)

နိဗ္ဗာန်မရောက်အောင် ကန့်ကွက်နေသော အကြောင်းတရားသုံးမျိုး


တို့တစ်တွေ နိဗ္ဗာန် မရောက်အောင်ကန့်ကွက်နေတဲ့ အကြောင်းတရား သုံးမျိုး ရှိပါတယ်။
တရားပြီးဆုံးအောင်မနာကြားမှုရယ်။ အပေါင်းအသင်းမှားယွင်းမှုရယ်။ တရားဟောဆရာ ညံဖျင်းမှုရယ်။

တရားကိုဆုံးခန်းတိုင်အောင်မလေ့လာမလိုက်စားရင်လည်း နိဗ္ဗာန်မရောက်ပဲ ပုထုဇဉ်ဘ၀ နဲ့သေသွားတတ်
တာပါပဲ။ အပေါင်းအသင်းမှားရင်လည်း ဒီအတိုင်းပဲရှိမယ်။ တရားဟောတဲ့ဆရာ တရားပြတဲ့ဆရာညံဖျင်းနေ
ပြန်ရင်လည်း သောတာပန်တည်နိုင်တဲ့ပါရမီ မျိုးစေ့ရှိနေပေမယ့် သောတာပန် မတည်လိုက်နိုင်ဘူး။

ဒါကြောင့်မြတ်စွာဘုရားရှင်က" ယထာဘူတံ ဥာဏံယသတ္တံပရိယေသိတဗ္ဗော=ဟုတ်တိုင်းမှန်စွာ သိအောင်ပြောပြတတ်တဲ့ ဆရာမျိုးရအောင်ရှာရမယ် "လို့ မိန့်တော်မူပါတယ်။ ဆရာကောင်းရှာဖို့ ရာ သိပ်အရေးကြီးတဲ့အတွက် ထပ်ခါထပ်ခါ မိန့်မှာတော်မူခဲ့တာပါ။

မြတ်စွာဘုရားဟောကြားရာမှာ ကထာ ၆ ချက် ဆိုတာရှိပါတယ်။ ရှေ့ ပိုင်း ကထာ ၃ ချက်က ဒါနကထာ သီလကထာ သဂ္ဂကထာ တဲ့ ။ နောက်ပိုင်းမှာ ကာမာနံအာဒီန၀ကထာ။နေက္ခမ္မကထာ။သစ္စကထာ လို့ 
၃ ချက်ဟောပါတယ်။ ရှေ့ပိုင်းမှာ ဒါန သီလ နတ်ပြည်ရောက်ကြောင်းဟောပြီး နောက်ပိုင်းမှာ ကာမဂုဏ်
ငါးဖြာ အာရုံတွေရဲ့ စက်ဆုပ်ရွံရှာဖွယ် အပြစ်တွေဟောတဲ့  ကာမာနံအာဒီန၀ကထာ အဲ့ဒီ ကာမဂုဏ်ကနေ လွတ်မြောက်အောင် ဟောတဲ့ နေက္ခမ္မကထာ သစ္စာတရားဟောတဲ့ သစ္စကထာပေါ့။

နောက်ဆုံးမှဟောတာက သစ္စကထာ " ခန္ဓာ ဥာဏ်ရောက် ဘယ်လောက်ကျင့်ကျင့် သစ္စာမြင်မှ နိဗ္ဗာန်ဝင်ပါတယ်။ သစ္စာသိမှ နိဗ္ဗာန် သိပါတယ်။ ဒါကြောင့်သစ္စာလေးချက်ကို နားလည်အောင်လို့  သစ္စာ ကထာကို ဟောရပါတယ်။

ကထာ ၆ ပါးမှာ ဒါန ကထာ သီလကထာ သဂ္ဂ ကထာ ဆိုတာတွေက ကံတရားပါ။ ကျန်တဲ့ သုံးပါးက ဥာဏ်တရားပါ။ ကာမာနံအာဒီန၀ကထာက သံဝေဂ ဥာဏ်။ နေက္ခမ္မ ကထာက ၀ိပဿနာဥာဏ်။ သစ္စကထာက မဂ်ဥာဏ် ဖြစ်ပါတယ်။ ကထာ ၆ ပါးကို ကံတရားနဲ့ ဥာဏ်တရားလို့  နှစ်မျိုးခွဲနိုင်ပါတယ်။

သတ္တ၀ါတွေ "နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုနဲ့ ရပါစေ" လို့ တတွတ်တွတ် ဆုတောင်းနေပါလျှက်နဲ့ မရခြင်းဟာ တရားဆုံးအောင်မနာလို့ ပါ။ ရှေ့ ကထာသုံးပါး ကံတရားနဲ့ တင် ရပ်နေပြီး နောက်ကထာတွေကို မနာခဲ့လို့  နိဗ္ဗာန်မရတာပါ။

တို့ တစ်တွေ ရှေးဘုန်းရှေးကံရှိလို့  ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန်တွေနဲ့  တွေ့ နေရတယ်။ ခန္ဓာဥာဏ်ရောက်ဝိပဿနာ အလုပ်တွေလည်းလုပ်နေကြတယ်။ ဒိဋ္ဌိဖြုတ်တရားတွေလည်း နာကြားနေကြတယ်။ ဒီကြားထဲက နတ်ကတော်နဲ့လည်းမကင်းဘူး။ ဘိုးတော်နဲ့လည်းရောတယ်။
ဗေဒင်ဆရာနဲ့လည်းပေါင်းလိုက်တာပဲ။ အပေါင်းအသင်းမှားရင်လည်း တရားထူးမရနိုင်ပါဘူး။

နောက်တစ်ခုက တရားဟောဆရာ ညံ့ရင်လည်း တရားထူးမရဘူးတဲ့ ။အဲ့ဒါကို သာဓက လေးတစ်ခုနဲ့ ပြောပြသွားပါမယ်။

ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဆွမ်းခံပြန်ချိန်မှာ ဓနဉ္စာနီပုဏ္ဏားကြီး ဆီသွားပြီး" အသင်ပုဏ္ဏားကြီး မမေ့မလျော့တဲ့အကျင့် ခန္ဓာဥာဏ်ရောက် အကျင့်များ ကျင့်ပါသလား" လို့ မေးတော့ ပုဏ္ဏားကြီးက "တပည့်တော် အလုပ်တွေနဲ့မအားလို့  မကျင့်မိပါဘုရား " လို့ လျှောက်သတဲ့ ။ ဒီလိုနဲ့ ပုဏ္ဏားကြီး
အိုမင်းမစွမ်းအရွယ်မှာ သေလုမျောပါး ရောဂါဝေဒနာ ခံစားပြီး အိပ်ယာထဲ လဲနေတဲ့ အချိန်မှာ အရှင်မြတ်ကြီးကို ပင့်ခိုင်းလို့  အရှင်မြတ်ကြီးရောက်လာပြီး ပုဏ္ဏားကိုကြည့်လိုက်တော့ အခြေအနေ မဟန်တော့ဘူး။ ဒီအတိုင်းသာ တရားအားမထုတ်ပဲ သေသွားရင် အပါယ်ငရဲကျတော့မှာ အမှန်ပဲဆိုပြီး ကရုဏာဖြစ်တော်မူရှာတယ်။

အဲ့ဒီတော့အပါယ်လေးပါး ကျရောက်ရတာနဲ့စာရင် လူ့ ပြည်မှာ လူဖြစ်ရတာက တော်သေးတယ်လို့ တွက်ပြီး ပုဏ္ဏားကြီး လူပြန်မဖြစ်ချင်ဘူးလားလို့  မေးတော့ ဖြစ်ချင်ပါတယ် ဘုရားတဲ့ ။ ဖြစ်ချင်ရင်ဒါန သီလ လုပ်ရမယ်။ လူ့ပြည်ထက်ကောင်းတာ မရှိတော့ဘူးလားဘုရားလို့  ပုဏ္ဏားကြီးကမေးတော့ ရှိတယ် လူ့ ပြည်ထက်ကောင်းတဲ့ နတ်ပြည်ရောက်ချင်ရင်တော့ ကုသိုလ်ကောင်းမှူ များများလုပ်ရမယ်။ ဆိုတော့ ပုဏ္ဏားကြီးက နတ်ပြည်ထက်ကောင်းတာ မရှိတော့ဘူးလားဘုရား။ရှိတာပေါ့ ဗြဟ္မာ့ပြည်ရှိသေးတယ်။ ဗြဟ္မာ့ပြည်ရောက်ချင်ရင် မေတ္တာကရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရားတွေ များများ ကျင့်သုံးပေတော့ လို့ ဟောကြားပြီးတော့ အရှင်မြတ်ကြီး ကျောင်းကို ပြန်ကြွခဲ့ပါသတဲ့ ။

ကျောင်းကိုရောက်တော့ ဘုရားရှင်က" ဘယ်တရားများဟောခဲ့ပါသလဲ" လို့ မေးတော်မူတယ်။ ဗြဟ္မစိုရ်တရားလက်ကိုင်ထားပြီးကျင့်ဖို့ ဟောခဲ့ပါတယ် ဘုရားလို့  ပြန်ဖြေတယ်။

အဲ့ဒီမှာမြတ်စွာဘုရားက" ချစ်သား ဘာကြောင့် ဒီတရားဟောခဲ့တာလဲ ဒီအချိန်မှာ ပုဏ္ဏားကြီးကို ခန္ဓာဥာဏ်ရောက် ၀ိပဿနာ တရားဟောရင် ဖြစ်ပျက်မြင်မုန်းဆုံးပြီးတော့ သောတာပန်တည်နိုင်တဲ့ ပါရမီမျိုးစေ့ ပုဏ္ဏားကြီးမှာရှိနေတယ် "လို့ မိန့် တော်မူတယ်။

လူတစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူညီ သလို ဣနြေ္ဒအနုအရင့်လည်း ကွာခြားကြတယ်။ လူတွေ တစ်ဦးချင်းရဲ့စရိုက် ဣနြေ္ဒ အနုအရင့်ကို ဘုရားရှင်များသာ သိတော်မူနိုင်ကြပါတယ်။
ဣနြေ္ဒ ရင့် မရင့်ကိုသိတဲ့ ဥာဏ် ။တရားထူးရနိုင် မရနိုင် သိတဲ့ဥာဏ်က ဣန္ဒြိယ ပရောပရိယတ္တိဥာဏ်တဲ့ ။ သတ္တ၀ါတွေရဲ့ကိလေသာ အထူအပါးကို သိတဲ့ဥာဏ်က အာသယာနူသယဥာဏ်တဲ့ ။ ဒီဥာဏ်တော်နှစ်ပါးဟာ မြတ်စွာဘုရားရှင်များသာ ရနိုင်တဲ့ဗုဒ္ဓစက္ခု တွေဖြစ်ပါတယ်။

မေတ္တာကရုဏာမုဒိတာဥပေက္ခာ ဆိုတဲ့ ဗြဟ္မာစိုရ်တရားဟာ သမထ သာဖြစ်ပါတယ်။သမထ ဖြစ်တဲ့အတွက် "ကိလေသေ သမေတီတိ သမထော" ဆိုတဲ့အတိုင်း လောဘ ဒေါသ မောဟ စတဲ့ ကိလေသာ
တွေ ထိုက်သင့်သလောက်ဝေးအောင်လုပ်နိုင်ပါတယ်။

ဝိပဿနာ မဂ်ကတော့ " ကိလေသာ မာရေန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ" ကိလေသာကို ပယ်သတ်ပြီးတော့ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ သမထ က ကိလေသာကိုတားရုံပဲ တားနိုင်ပြီး။ ၀ိပဿနာက အမြစ်ပြတ်ပယ်သတ်နိုင်ပါတယ်။ ဥပမာ နဲ့ပြောရရင် အနာပေါက်တဲ့အခါ သက်သာအောင် ကုသပေးတဲ့  ဆရာနဲ့  ပျောက်အောင်ကုတဲ့ ဆရာလို ကွာခြားတာပေါ့။ ဒါကြောင့် သမထ ထက် ၀ိပဿနာ ကမြင့်မြတ်တဲ့အတွက် " အမြတ်ဆုံးကျင့်စဉ်။နိဗ္ဗာန် မြင်" လို့  ပြောရတာပါ။

မြတ်ဗုဒ္ဓမိန့် ကြားတာ နာယူလိုက်ရတော့မှ အရှင်သာရိပုတ္တရာ သဘောပေါက်သွားပြီး ပုဏ္ဏားကြီး ကို ၀ိပဿနာ တရားသွားဟောဖို့ ခွင့်တောင်းတဲ့အခါ မြတ်စွာဘုရားက ချစ်သားနောက်ကျသွားပြီ
ပုဏ္ဏားကြီး ကံကုန်သွားပါပြီ တဲ့ ။

အရှင်သာရိပုတ္တရာက အော် အရိယာ ဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်ကြီး ဗြဟ္မာခန္ဓာ ဗြဟ္မာဒုက္ခ ခံနေရပါရောလား ငါသွားကယ်ဦးမှပဲ ဆိုပြီး ဗြဟ္မာ့ပြည်တက်ပြီးတော့ ၀ိပဿနာ  ခန္ဓာဥာဏ်ရောက် တရားကိုဟောပေးရပါတယ်။

သမထ ပွားများလို့ သမာဓိကောင်းကောင်းရနေတဲ့  ဗြဟ္မာကြီး ဟာ ခန္ဓာ ဥာဏ်ရောက် တရားနာကြားရင်းနဲ့ နားက တရားနာ ဥာဏ်က ခန္ဓာလှည့်လိုက်တော့ ခန္ဓာဖြစ်ပျက်က ဒုက္ခသစ္စာ။ သိတဲ့ဥာဏ်က မဂ္ဂသစ္စာ။ သေသွားတဲ့ကိလေသာတွေက သမုဒယ သစ္စာ။ သမုဒယ တို့ ရဲ့ ချုပ်ရာငြိမ်းရာက နိရောဓ သစ္စာ ဆိုပြီး သစ္စာလေးချက်ဆိုက်ပြီး သောတာပန်တည်သွားပါတယ်။

ဒါကြောင့်တရားဟောဆရာ ညံ့ဖျင်းရင်လည်း နိဗ္ဗာန် မရောက်နိုင်ပါဘူး။နိဗ္ဗာန် မရောက်အောင် ကန့် ကွက်တဲ့ တရား သုံးချက်ကို လွန်မြောက်ပြီး ခန္ဓာဥာဏ်ရောက် အမြတ်ဆုံးကျင့်စဉ်ကိုကျင့်သုံးနိုင်ရင် နိဗ္ဗာန်ရောက်နိုင်ပါတယ်။

မေတ္တာဗြဟ္မစိုရ် သမထ ကျင့်စဉ်တွေထက် အမြတ်ဆုံးကျင့်စဉ်ဖြစ်တဲ့ ခန္ဓာဥာဏ်ရောက် ၀ိပဿနာ ကို ကျင့်ကြံအားထုတ်ခြင်းဖြင့် အမြတ်ဆုံးမင်္ဂလာနိဗ္ဗာန်ကြီး ရရှိနိုင်ကြပါစေ။

(ဓမ္မရံသီဆရာတော်၏ လောကီလောကုတ္တရာ အသုံးချပညာ ကြီးပွားကြောင်းရာမင်္ဂလာ စာအုပ်မှ ထုတ်နုတ် ဖေါ်ပြခြင်းဖြစ်ပါသည်)

ခန္ဓာ အပေါ် ဥာဏ်စိုက်၍ သီလ သမာဓိ ပညာ ပြည့်စုံစွာ
အားထုတ်နိုင်ကြပါစေ။

Shared from ကျွန်တော်ယုံကြည်သော သစ္စာတရား (FB)

ပရော်ဖက်ရှင်နယ်ဆိုတာ...


ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။


"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ
ကျွန်တော်သိတယ်..............."


ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."


"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့ သူကပြောတယ်..။

ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။

သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ ပြန်ပြောတယ်.။

ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။

သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"


ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာ မကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။

" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာ ကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"

"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။


ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်း တစ်နေ့တည်းနဲ့ လူအဲလောက် အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော်
ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ"


သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့ လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက
၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့
အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။


"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေ သိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"

"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ" ကျွန်တော် မေးလိုက်တယ်.။

"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"

ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊ တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"


ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင် မလိုက်ဘူး။

ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လား ကျနေတာပဲ..။

"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။

"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။


"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"

"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီး ထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"


ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။

"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"


"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင်
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"


"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။"

မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။

"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"

အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက
ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။

"ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး
ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။

အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။
ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။

ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "

သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ် လက်ခံနိုင်မလားဗျာ...."

Credit to Serein Ma Yu Hninn

Shared from The Express Times (FB)

Monday, July 28, 2014

**ရဟန်းတော်နှင့် မာတုဂါမများ**


ကျနော် 24-7-2014နေ့က ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ) လူဝတ်လဲပြီး အိမ်ထောင်ပြုသွားတဲ့ သတင်းကို ဖတ်ရလို့ စိတ်မကောင်းဖြစ်မိတာနဲ့ နောက်ထပ် ဒီလိုမျိုး ဆုံးရှုံးမှုတွေ မဖြစ်စေချင်တဲ့ စိတ်နဲ့ ဒီစာကိုရေးလိုက်ရပါတယ်… ဒီစာက ရဟန်းသံဃာတော်များနဲ့ မာတုဂါမဆိုတဲ့ အမျိုးသမီးများရဲ့ ဆက်ဆံရေး အတွက်ရည်ရွယ်ပါတယ်…. ကျနော်ရေးတာအမှားပါခဲ့ရင်လဲ စေတနာအမှား လို့သတ်မှတ်ပြီး ခွင့်လွှတ်ပေးကြပါခင်ဗျာ..

ကျနော်တို့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက ရဟန်းတွေကို မိန်းမတွေနဲ့ ဆက်ဆံရာမှာ ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာ အသေအချာလမ်းညွှန်ဟောပြဆုံးမခဲ့ပါတယ်။ ဘာလို့ ဒီလိုဟောကြားပေးခဲ့ရသလဲလို့ သုံးသပ်ကြည့်ရရင် အရိယာဖြစ်တဲ့ ရဟန်းတွေအတွက် မာတုဂါမဆိုတဲ့ မိန်းမတွေက ပြသနာမဖြစ်နိုင်ပေမဲ့ ပုတုဇဉ်ဖြစ်တဲ့ ရဟန်းတော်တွေအတွက်ကတော့ မိန်းမတွေက အန္တရာယ်တစ်ခုပါပဲ။ အမှိုက်ကစ ပြသာဒ် မီးလောင်ဆိုသလို မဖြစ်ရလေအောင် တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တာလို့ ယူဆပါတယ်။

တကယ်တော့ ရဟန်းဆိုပေမဲ့ ပုတုဇဉ်ရဟန်းတပါးဟာ ယောက်ျားတစ်ယောက်နဲ့ သိပ်မခြားနားပါဘူး။ စောင့်ထိန်းရမဲ့ သိက္ခာပုဒ်တွေကိုဖယ်လိုက်ရင် ရဟန်းတော်ဟာလဲ ယောက်ျားတစ်ယောက်ပါပဲ။ ဒါကို မာတုဂါမဖြစ်တဲ့ အမျိုးသမီးတွေ သေသေချာချာ သိသင့်ပြီး ထိန်းသိမ်းသင့်ပါတယ်။ ခေတ်အဆက်ဆက်မှာ နာမည်ကြီးလှတဲ့ တရားဟော ဓမ္မာစရိယ ဆရာတော်တွေ လူထွက်ပြီး မိန်းမယူခဲ့တာတွေ သိကြ မြင်ရရပါလိမ့်မယ်။

ဒါတွေက ဘာကိုပြသလဲဆိုရင် အမျိုးသမီးတွေက တရားဟော ဓမ္မာစရိယ တွေ တရားဟောပြောကောင်းပြီဆိုရင်ဘယ်နေရာဖြစ်ဖြစ် လိုက်လံ နာယူကြတာ တွေရှိပါတယ်။ ဟောတာပြောတာကောင်းလို့ ကြည်ညိုလို့ လိုက်လံ နာယူတာကနေ ရင်းနှီးခင်မင်လိုစိတ်တွေ ဖြစ်လာကြပါတယ်။ ဆရာတော်တွေအနားရောက်အောင်သွားပြီး ခင်မင်ခွင့်ရင်းနှီးခွင့်ကို ရအောင်ယူ ခြေဆုပ်လက်နယ်ပြု ကုသိုလ်ယူကြတဲ့ အမျိုးသမီးတွေလဲ အများကြီးပါ။ တစ်ချို့ဆို ကြည်ညိုလို့ဆိုပြီး ခြေစုံကို ဦးတိုက်တဲ့ အမျိုးသမီးတွေ၊ ဆရာတော်လာမယ့်လမ်းမှာ ဆံပင်ဖြန့်ခင်းပြီး ဆရာတော်ကို နင်းလျှောက်စေကာ ပူဇော်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ ကိုယ်ကကြည်ညိုစိတ်နဲ့ လုပ်တာ မှန်ပေမဲ့ ဆရာတော်တွေကလဲ ပုတုဇဉ် လူသား ယောက်ျားတွေဆိုတာကို မမေ့သင့်ပါဘူး။ လိုအပ်တာထက် ရင်းနှီးလာပြီဆိုရင် သဒ္ဒါလွန်တော့ တဏှာကျွံဆိုသလိုတွေ ဖြစ်လာနိုင်ပါတယ်။

ရဟန်းတော်တွေဘက်ကကြည့်ရင်လဲငယ်စဉ်ကလေးဘ၀ကတည်းက ကိုရင်ဝတ် စာဝါလိုက် အသက်၂၀ပြည့်ပြန်တော့ ရဟန်းခံ စာဝါလိုက်ဆိုတော့ မိန်းမအကြောင်း သိဖို့ခဲယဉ်းလှပါတယ်။ ဒီလိုမျိုးနဲ့ ရဟန်းဖြစ်လာခဲ့တဲ့ ငယ်ဖြူဆရာတော်တွေဆိုရင် မိန်းမနဲ့ပက်သက်တဲ့ အတွေ့အကြုံ နည်းလွန်းလှပါတယ်။ တဖက်မှာ အမျိုးသမီးတွေက ကြည်ညိုစိတ်နဲ့ ကိုယ့်ကို အရမ်းရင်းနှီးပက်သက် လာတဲ့ အခါ အမျိုးသမီး ဆန့်ကျင်ဘက်လိင်ဆိုတဲ့ အတွေးမျိုးဝင်သွားတာနဲ့ အမှားတွေကြုံဖို့ များလာပါလိမ့်မယ်။ ဒီလိုမဖြစ်အောင် ရဟန်းတော်တွေဟာ မာတုဂါမတွေနဲ့ အတတ်နိုင်ဆုံး ထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ ရှောင်ကြဉ်ကြရပါတယ်။ ရှောင်ကြဉ်ဖို့လဲ ၀ိနည်းသိက္ခာပုဒ်များ ချမှတ်ထားခြင်းရှိပါတယ်။

သာမန်အားဖြင့် ရဟန်းတော်များသည် မာတုဂါမများနှင့် ထိတွေ့ခြင်း၊ တိုးဝှေ့ခြင်း၊ မပြုမိအောင် ရှောင်ကြဉ်ရပါသည်။ ရဟန်းများနှင့် မာတုဂါမတို့ ထိတွေ့တိုးဝှေ့၍ သာယာမိလျှင် အပြစ်ရှိသည်ဟု သိမှတ်ထားကြသည်။ ကာယသံသဂ္ဂ သိက္ခာ ပုဒ်အရ အာပတ်သင့်လျှင် ဂရုကအာပတ် သံဃာဒိသိသ် အာပတ်မျိုးဖြစ်သဖြင့် သာမန်ဒေသနာကြား အာပတ်ဖြေရုံနှင့်မရ၊ ထုံးစံရှိသလောက် ရက်ချိန်ယူ၍ ပရိဝါသ်မာနတ် ဆောက်တည်ရသည်။ အမ္ဘာနတံဆောင် ရသည်။ ထို့ကြောင့် ရဟန်းတော် များသည် မာတုဂါမများနှင့် မထိမိအောင် သတိထားကြရသည်။
သို့သော် အမှတ်တမဲ့ထိခြင်း၊ ကား၊ ရထားပေါ် စသည်တို့၌ တိုးဝှေ့မိခြင်း၊ ခြေတော်စုံကို ဦးခိုက်ရှိခိုးခြင်း၊ အာမိသ ဆက်သရာ ဆွမ်းလောင်းလှူရာ၌ လက်ချင်းထိခြင်းသည် ခြွင်းချက်သဘောနှင့် အာပတ်မှ လွတ်သည်လည်း ရှိပေသည်။

ဝန္ဒန၀တ္ထုသ္မိံဣတ္ထိပါဒေ သမ္ပာဟိတွာ ၀န္ဒိတုကာ မာဝါ ရေတဗ္ဗာ၊ ပါဒါဝါပဋိစ္ဆာ ဒေတဗ္ဗာနိစ္စလေန၀ါ ဘ၀တဗ္ဗံ၊ နိစ္စလဿ ဟိစိတ္တေန သာဒိတောအနာပတ-၁၃၂
ရှိခိုးသောဝတ္ထု၌ မာတုဂါမတစ်ယောက်က ရဟန်း၏ခြေကို ဆုပ်ကိုင်၍ ရှိခိုးသည်ကို တားမြစ်ရ၏။ ရဟန်းက ခြေကိုသော်လည်း ဖုံးထားရမည်။ ဆုပ်ကိုင်ထိတွေ့၍ ရှိခိုးနေလျှင် မတုန်မလှုပ်( မလှုပ် မရှားနေ၍) သော်လည်း နေရမည်။ ခြေထောက်ကိုဆုပ်နယ်၍ ရှိခိုးနေသော မာတုဂါမ၏လက်မှ လွတ်ရန် ရုန်းကန်လှုပ်ရှားသော်လည်း လွတ်မြောက်ရန်သာ လုံ့လထုတ်ခြင်းဖြစ်၍ အပြစ်မရှိဟုဆိုပေသည်။
ထိုအချက်ကို သတိပြု၍ ဆွမ်းခံရာ၌ သပိတ်ကပ်ခြင်း၊ ပေးလှူခြင်းတို့၌ လက်ချင်းထိသောအရာ ၊ ပရိတ်သတ်ထဲ၌ အမှတ်မဲ့လက်ကို ဆန့်တန်းရာ၌ မာတုဂါမ၏ ကိုယ်အင်္ဂါကို ထိမိသောအရာ၊ မိန်းကလေးကို ယောက်ျားလေးမှတ်၍ ကိုင်မိသောအရာ စသည်တို့၌လည်း အတူတူပင်ဖြစ်ပေသည်။

ဒါကြောင့် ရဟန်းတော်တွေဘက်ကလဲ ဘုရားရှင်ဟောပြခဲ့တဲ့ မာတုဂါမများနဲ့ ဆက်ဆံရမဲ့ နည်းလမ်းတွေကို အတိအကျ လိုက်နာကျင့်သုံးဖို့လိုအပ်သလို မာတုဂါမဖြစ်တဲ့ အမျိုးသမီးများအနေနဲ့ကလည်း ကိုယ်ကြည်ညိုပြီး ရင်းနှီးသိကျွမ်းခင်မင် ချင်တာမှန်ပေမဲ့ လိုအပ်တာထက်ပိုတဲ့ ရင်းနှီးမှုမျိုးကို မဖြစ်စေဖို့ သတိထားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ဘုရားရှင်ဟောကြားခဲ့တာ ပြောကြားခဲ့တာကို အားလုံး သိအောင် ကျနော် အောက်မှာ ရေးသားပေးလိုက်ပါတယ်…. ဖတ်ကြည့်လိုက်ပါ။

“ရှင်အာနန်မှာ

မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။

ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး

နည်းပေးခဲ့ပါဦးတဲ့

တိုတိုရှင်းမိန့်ဆိုတယ်

“မကြည့်နဲ့ အာနန္ဒာ” တဲ့
“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့

“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့

“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။”

မူရင်းလေးလည်း ဖော်ပြချင်ပါသေးတယ်။

“ကထံ မယံ ဘန္တေ မာတုဂါမေ ပဋိပဇ္ဇာမ။”

“အဒဿနံ အာနန္ဒ”

“ဒဿနေ ဘဂ၀ါ သတိ ကထံ ပဋိပဇ္ဇိတဗ္ဗံ။”

“အနာလာပေါ အာနန္ဒ”

“အာလပန္တေန ပန ဘန္တေ ကထံ ပဋိပဇ္ဇိတဗ္ဗံ”

“သတိ အာနန္ဒ ဥပဌာပေတဗ္ဗာ။”
====================================================
အာနန္ဒာသည် အမြော်အမြင်ကြီးစွာဖြင့် ရဟန်းတော်များနှင့် မာတုဂါမတို့ ဆက်ဆံရမည့် နောင်ရေးကို တွေးမိလာလေသည်။ ရဟန်းတော်များမှာ “ပရူပဇီဝိပုဂ္ဂိုလ်” သူတစ်ပါးကို မှီ၍ အသက်မွေးကြသူများဖြစ်သောကြောင့် ပေါင်းသင်းဆက်ဆံရေးနှင့် မာတုဂါမများနှင့်ကင်း၍လည်းမဖြစ်နိုင်။ ဆက်ဆံရမည်သာဖြစ်လေရာ ထိုမာတုဂါမများ (မိန်းမများ)နှင့် ဆက်ဆံသောအခါ၌ ရဟန်းတော်များအနေဖြင့် မည်သို့မည်ပုံကျင့်ကြံရမည်၊ နေထိုင်ရမည်ဟူသောအချက်ကို မြတ်ဘုရားသက်တော်ထင်ရှားရှိခိုက် လျှောက်ထားထိုက်သည်ဟု တွေးတောမိသဖြင့် နိဗ္ဗာန်စံပျော်တော်မူခါနီး ကာလတွင် အရှင်အာနန္ဒာက ကပ်၍ လျှောက်ထားလေ၏။
မေး။ ။အရှင်ဘုရား၊ ရဟန်းတို့မည်သည် သူတစ်ပါး (ဒကာ ဒကာမများ) ကိုမှီ၍ အသက်မွေးကြရသူများ ဖြစ်ပါသောကြောင့် မာတုဂါမများသည် ရဟန်းတော်များထံသို့ လာရောက်ဆည်းကပ်ကြ၊ လှူဒါန်းကြပါလိမ့်မည်။ ထိုအခါ ရဟန်းတော်များ အနေဖြင့်မည်သို့ မည်ပုံ ကျင့်ကြံ၊ ဆက်ဆံရပါမည်နည်းဘုရား။
ဖြေ။ ။ ချစ်သား အာနန္ဒာ၊ ကိလေသာကို ပယ်ခွာလိုသော ရဟန်းသည် စည်းစောင့်ရန် လုံခြုံရာ၌နေသော နွားကဲ့သို့ တံခါးလုံခြုံသောကျောင်း၌ ကိန်းအောင်း၍ နေရာ၏။ မာတုဂါမတို့ရောက်လာသော်လည်း အကြင်မျှလောက်သော ကာလပတ်လုံး မာတုဂါမတို့၏ အဆင်း ပုံသဏ္ဍာန်ကို မမြင်ရသေး။ ထိုမျှလောက်သော ကာလပတ်လုံး (မမြင်တွေ့ရသေးသရွေ့) မာတုဂါမတို့၏ရုပ်အဆင်းကို မမြင်မချင်း ရုန်းရင်းတပ်မက်သော ရာဂသည်ဖြစ်လွယ်၏။ ထိုကြောင့် မာတုဂါမကို မမြင်ရာ၌ နေခြင်းသည်သာလျှင် ပဋိပတ်ကျင့်စဉ် ဖြစ်သတည်း။ မာတုဂါမတို့နှင့် မတွေ့မမြင်အောင်နေကြကုန်လော့။
မေး။ ။ အရှင်ဘုရား၊ အကယ်၍ ဆွမ်းခံလေသော အခါမျိုး၊ လှူဖွယ် ဝတ္ထုကို လှူလာသော အခါမျိုးတို့၌ မြင်ချေမူကား အဘယ်သို့ကျင့်အပ်ပါသနည်း ဘုရား။
ဖြေ။ ။ ချစ်သားအာနန္ဒာ၊ အကယ်၍ မာတုဂါမကို မြင်တွေ့ငြားအံ့၊ စကားမပြောပဲ နေခြင်းသည်ပင် မြတ်သော ပဋိပတ်၊ မြတ်သောဆက်ဆံရေးကျင့်စဉ်ဖြစ်၏။ ချစ်သား အာနန္ဒာ၊ ယောက်ျားတစ်ယောက်သည် ထက်စွာသော သံလျက်(ဓါး) ကိုကိုင်လျက် “ငါနှင့် စကားပြောခဲ့သော်၊ ဆိုခဲ့သော်၊ သင့်ခေါင်းကို ဖြတ်ပစ်မည်၊ (သင့်ကိုသတ်ပစ်မည်)၊” ဟူ၍ဆိုလေအံ့။ ဦးခေါင်းကို အဖြတ်ခံ၍ စကားပြောခြင်းသည်၊ဆိုခြင်းက မြတ်သေး၏။ မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်လေ။ တစ်ဖန် ငါ့ကို ခေါ်ပြောခြင်း မပြုပါလျှင် သင်၏အသားကို လှီး၍စားပစ်မည် ဟုဆို၍ အနားသို့တွင်လာရပ်သော ဘီလူးမအား စကားပြောခြင်းသည် မြတ်သေး၏။ ချစ်ဖွယ်ရှိသော မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ်။
ချစ်သားအာနန္ဒာ၊ အဘယ်ကြောင့်ဆိုသော်၊ မာတုဂါမတို့နှင့် စကားပြောရသည်ရှိသော် ချစ်ကျွမ်းဝင်ခြင်းသည်ဖြစ်၏။ ချစ်ကျွမ်းတဝင် ရာဂဖြစ်လာသည်ရှိသော်၊ အထူးထူးသောကိစ္စကို ကြံခြင်းဟူသော-သင်္ကပ္ပ ရာဂဖြစ်၏။ ယင်း သင်္ကပ္ပရာဂဖြစ်သည်ရှိသော် တဏှာ ဥပါဒါန်တို့သည်ဖြစ်လာကုန်၏။ ထိုတဏှာ၊ ဥပါဒါန်တို့ဖြစ်လာကုန်သည်ရှိသော် သီလပျက်စီးခြင်း၊ ညစ်နွမ်းခြင်းရောက်၍ အပါယ်လေးပါးသို့လားရမည်ဖြစ်သည်။ ထို့ကြောင့် မာတုဂါမတို့အား စကားပြောခြင်းသည် မမြတ် ဟု ငါဘုရားမိန့်တော်မူသတည်း။
မေး ။ ။အရှင်ဘုရား၊ မာတုဂါမတို့သည် သူတို့သိလို၊ စပ်စုလို၊ မေးမြန်းလိုသောပြဿနာ အထွေထွေတို့ကို မေးလျှောက်ရန် ကျောင်းသို့ လာကြပါကုန်လိမ့်မည်။ ကျောင်းမှ မပြန်ဘဲ တစ်နေကုန် တစ်နေခန်း မေးမြန်းခြင်းပြုချင် ပြုကြပါကုန်လိမ့်မည်။ ဥပုသ်သီတင်း စောင့်သုံးဆောက်တည်လိုကြ၍ သီလတောင်းချင်လည်း တောင်းပန်ကြပါလိမ့်မည်။ ရဟန်းတို့၏ ပြုဖွယ်ကိစ္စအဝဝကိုလည်း ကူညီ၍ လုပ်ကိုင်ပေးခြင်းပြုချင်လည်း ပြုကြပါလိမ့်မည်။ ထိုအခါမျိုးတွင် စကားမပြော၊ တုံဏှိသော နှုတ်ဆိတ်၍နေပါလျှင် “ရဟန်းတို့သည် ဆွံအကုန်၏၊ နားပင်းကုန်၏၊ လောကရေးရာ ပေါင်းသင်း ဆက်ဆံမှုကို ဘာမှ နားမလည်ကြကုန်” ဟုဆိုကြပါလိမ့်မည် ဘုရား၊ သို့ပါသောကြောင့် မလွဲသာ၍ မာတုဂါမများနှင့် စကားပြောရချေသော် အဘယ်သို့ နှလုံးသွင်းရပါမည်နည်း ဘုရား။
ဖြေ။ ။ ချစ်သား အာနန္ဒာ၊ ကျောင်းသို့ ရောက်လာကြသော မာတုဂါမများအား စကားပြောလိုသည်ရှိသော် မိဘအရွယ် ရှိသော၊ အမေအရွယ်လောက်ရှိသူများကို ငါ့မိဘ၊ ငါ့အမေ ဟုနှလုံးသွင်းကြကုန် (စိတ်ကို ထားကြကုန်)။ ညီမအရွယ်၊ အစ်မအရွယ် မျှလောက်ရှိသူများအား “ငါ့နှမ၊ ငါ့ညီမ၊ ငါ့အစ်မ” ဟူ၍လည်းကောင်း နှလုံးသွင်းကြပါကုန်၊ စိတ်ကိုထားကြပါကုန်။ သမီးအရွယ်ရှိသူများအား “ငါ့သမီး” ဟူ၍ အမှတ်ထား၍ ဆက်ဆံ ပြောဆိုကြပါကုန်။ ချစ်သား အာနန္ဒာ၊ မာတုဂါမတို့နှင့် စကားဆိုပြောရသောအခါမျိုး၌ အထူးသဖြင့် သတိကြီးစွာ ထား၍ ဆက်ဆံကြကုန်လော့။
ဤကား ဗုဒ္ဓ ပရိနိဗ္ဗာန်စံခါနီး သြဝါဒပေးထားခဲ့သော မာတုဂါမတို့နှင့် ပေါင်းသင်းဆက်ဆံနည်း တစ်နည်းပင်ဖြစ်လေသတည်း။

ချစ်ခင်လေးစားခြင်းအားဖြင့်
Myanmar Pyi Thar

ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ


မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ
တစ်ချို့ဒေသက တရားပွဲ ဦးဆောင်ဒကာဒကာမတွေက
သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို
လျှောက်ထားကြပါတယ်။ သူတို့က

“အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က
တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က

ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊

ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊

ဝိပဿနာ တရားမှ နာလို့ရတယ်၊

သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို

မရဘူးဆိုပြီး

တရားနာဖို့ကို

ငြင်းပယ်တတ်ကြပါတယ်ဘုရား ။

တရားဆိုတာ ဘယ်တရားမှ

နာကောင်းတယ်၊

ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ ရှိလို့လားဘုရား၊

ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူနေတဲ့

ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊
ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ

ရှိလို့လားဘုရား” စသဖြင့်
မေးလျှောက်တတ်ကြပါတယ် ။

သူတို့အမေးကို ဘုန်းဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့
ဒါမှဒါဆိုတဲ့ အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ
ဘာတရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ
ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့”

စသဖြင့်

နိဒါန်းချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။
ဒီလို အသံတွေကြောင့်လည်း လွဲနေတတ်တဲ့
အလွဲလေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်များများမှာ

အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲအားကြီးတဲ့ သူတွေကို
မကြာခဏ ကြုံဖူးတတ်ပါတယ်။

တစ်ချို့ဆိုရင်
တရားတော်တွေကို တော်တော်လေးလည်း

နာထားကြသလို၊ တော်တော်လေးလည်း
အားထုတ်ထားတဲ့သူတွေ ပါနေတာကို တွေ့ရတတ်ပါတယ်။

ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း
အားထုတ်ထားတာတောင်မှ “အစွဲမပြုတ်ဘဲ
အလွဲလုပ်နေတယ်” ဆိုတော့ သေချာတယ်
ဒါဟာ တစ်ခုခုတော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

တရားအလုပ်ဆိုတာက စစ်မှန်တဲ့ နည်းစနစ်နဲ့
စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် မှန်ကန်တဲ့
အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့်
အဲလိုဖြစ်မလာဘဲ ဘယ်ပုဂ္ဂိုလ်ဟောမှ၊ ဘယ်လိုတရားမျိုးမှ
ဆိုတာတွေ ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော
သဒ္ဓါနဲ့ ပညာချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့
သဘောမျိုးပဲ ဖြစ်ပါတယ်။

တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက
အဲဒီ ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ၊
ပညာတရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ
ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။

နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး
သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန်ကာ
ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်လိုတရားမျိုးမှ၊
ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။
သတ္တဝါတွေရဲ့ သဘောကလည်း စွဲမိပြီဆိုရင်
အသက်အသေခံပြီး စွဲမိတတ်တာဆိုတော့
ရုန်းမထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။

ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ
ကျွတ်တမ်းဝင်တတ်တဲ့ သဘောမျိုး ရှိတတ်ပေမယ့်
ပုဂ္ဂိုလ်ကို သိပ်ခင်သွားတဲ့အခါ တရားလည်းမမြင်၊
ကျွတ်တမ်းလည်း မဝင်ဘဲ အလွဲဖြစ်ကုန်တဲ့
သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို
စူးစမ်းဆင်ခြင်မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ
အလွဲတွေနည်းစေကြောင်း ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ
ကောင်းစွာဟောကြားထားတဲ့ သွာက္ခတာ
ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတာတွေပဲ ဖြစ်တဲ့အတွက်
ဘယ်တရားတော်ကတော့ ပေါ့တယ်၊ ဘယ်တရားတော်ကတော့
အနှစ်ရှိတယ်စတဲ့ သဘောမျိုးတွေ မရှိပါဘူး။
သေသေချာချာ သဒ္ဓါတရားနဲ့ နားကြားမယ်ဆိုရင်
တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီးသားပဲ ဖြစ်ပါတယ်။

ဒီတရားတော်တွေကို ဘုရားဟောက သွေဖယ်ပြီးမဟောဘဲ
အရှိအတိုင်း ပြန်ဟောတဲ့ တရားဟော ဆရာတော်တွေဆိုရင်လည်း
ဘယ်ဆရာတော်ဟောမှ၊ ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ
မရှိဘဲ တရားတော်အပေါ်မှာ နားတော်လေးစိုက်ပြီး
နားကြားလိုက်မယ်ဆိုရင် တစ်လုံးတစ်ပါဒ အသိတစ်ခုခုကတော့
ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ
ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့ တရား၊
ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်ဆိုရင်တော့
အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်လာမှာ
အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့
နှလုံးသွင်းမှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊
စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ
လုပ်ထားကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊
နည်းစွဲဆိုတာမျိုး ရှိကိုရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။

တရားအလုပ်ဟာ စနစ်သာ မှန်မယ်ဆိုရင်
များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုးလေ ဖြစ်ပြီး
ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရားတွေ
အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း
ပိုပိုပြီး နည်းလာတတ်တာ ဖြစ်ပါတယ်။
အဲဒီလိုဆိုရင် ဝိနည်းတရားတွေနာလည်း သူ့အတွက်ကတော့
သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ ဖြစ်သလို၊
သုတ္တန်တရားနဲ့ အဘိဓမ္မာတရားတွေနာလည်း
ပီတိတရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။

ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ
တရားရဲ့ အနှစ်ကိုပဲ ရအောင် နာယူသွားနေမှာပဲ ဖြစ်ပါတယ်။
တရားတော်ရဲ့ လက်တွေ့အကျိုးတွေမှာ တကယ်သာ
နာယူကျင့်ကြံထားမယ်ဆိုရင် ဘုရားဆိုတဲ့အသံ၊
တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို
ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့
သဒ္ဓါတရားတိုးပြီး ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။

အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲဘဲ၊
ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို
မသိဘဲ တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့
“ပုဂ္ဂိုလ်လည်းစွဲ၊ အကျင့်လည်း လွဲ”လာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊
ဘယ်လိုတရားမျိုးမှ မဟုတ်ရင် မနာဘူး၊
ဘယ်နည်း မဟုတ်ရင်၊ ဘယ်စနစ် မဟုတ်ရင်
အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ ပုဂ္ဂိုလ်စွဲနဲ့
အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊
စူးစမ်းဆင်ခြင်မှု ဉာဏ်တွေမရောက်ကြလို့ပဲလို့
ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့
အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့
ဆိုရမှာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့်
သတိတရား မရှိကြလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့
လွဲနေတတ်တဲ့ အလွဲတွေထဲမှာ
“ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေ”အပေါ်မှာ ရုန်းမထွက်နိုင်ဘဲ
စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး
သဒ္ဓါတရားမတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့
အလွဲဟာလည်း သံသရာနဲ့ချီပြီး ကြောက်စရာကောင်းတဲ့
အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက်
အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ
အနှစ်သာရကို ရအောင်နာ၊
တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့
အကျင့်ကို ရောက်အောင်အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့
အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ
ဒါမှဒါဆိုတဲ့ အစွဲမျိုးမဖြစ်အောင်သာ ကိုယ့်ကိုယ်ကို
သတိပြုဆင်ကာ ယုံကြည်မှု သဒ္ဓါတရားကို
အကြောင်းအကျိုး ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့

ပေါင်းစပ်လို့ ကောင်းမြတ်တဲ့ ညီမျှခြင်းတွေနဲ့

ညီမျှအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့

အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

【Young Buddhist's Association】

Wednesday, July 23, 2014

တန်ဖိုးရှိသော စကားများ

Valuable words
ဦးစားပေးခံချင်တဲ့ စိတ်၊ အလေးပေးခံချင်တဲ့ စိတ်၊ အသိအမှတ်ပြု ခံချင်တဲ့စိတ် စတာတွေဟာလည်း ဆင်းရဲတစ်မျိုးပါပဲ။

သတ္တဝါတွေရဲ့  စိတ်အစဉ်ဆိုတာ ကိုယ့်ကို တစ်ယောက်ယောက်က အလေးထားတာ၊ ချီးမွန်းတာ၊ ဦးစားပေးတာ၊ အသိအမှတ်ပြုတာကို လိုချင်ကြ၊ သာယာကြ၊ တောင့်တကြတာ သဘာဝပါပဲ။ ဒါပေမယ့် တစ်ခါတရံ အဲဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ပင်းပန်းတာတွေ၊ စိတ်ဖိစီးတာတွေ၊ အလိုမကျတာတွေ၊ ခံစားရတာတွေ ရှိနေပြန်တတ်ပါတယ်။ ဦးစားပေးတာ မခံရလို့၊ အသိအမှတ်ပြု မခံရလို့၊ အလေးပေးမခံရလို့ စသဖြင့် ဖြစ်ပေါ်လေ့ရှိတဲ့ ပင်ပန်းမှုခံစားချက်ဟာ လူအတော်များများရဲ့  ဝန်းကျင်အသီးသီးမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ကိုယ့်ကို ဦးစားမပေးဘဲ တခြားသူကို ဦးစားပေးတဲ့အခါ၊ ကိုယ့်ကို အသိအမှတ်မပြုဘဲ တခြားသူကို အသိအမှတ်ပြု သွားတဲ့အခါ၊ ကိုယ့်ကို အလေးမပေးဘဲ တခြားသူကို အလေးပေးသွားတဲ့ အခါမျိုးမှာ အတူနေကြတဲ့ သူအချင်းချင်းတောင်မှ မကျေမနပ် ခံစားချက်တွေ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။
သေချာတွေးကြည့်လိုက်တော့ ဒီလို ခံစားရတာတွေဟာ ကိုယ့်ဘက်က သိစိတ်ကရော၊ မသိစိတ်ကပါ လိုလားနေတဲ့ မျှော်လင့်ချက်ကြောင့်ပဲဖြစ်ပါတယ်။ မျှော်လင့်တာတွေ ရှိနေတော့ မျှော်ရင်းမျှော်ရင်းနဲ့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ စိတ်အစဉ် ခံစားချက် ဝေဒနာတွေ တိုးလာကြတော့တာပဲ ဖြစ်ပါတယ်။ မျှော်တာတွေက ချော်သွားတဲ့အခါ မတော်တာတွေတွေးပြီး မလျော်တာတွေပါ လိုက်ခံစားမိတော့ ဝေဒနာတွေက တက်လာကြတော့တာပဲပေါ့။

ဒီတော့ကား တစ်ယောက်ယောက်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဆက်ဆံပေါင်းသင်း လုပ်ကိုင်ပေးရတဲ့အခါ ဦးစားပေးခံချင်၊ အသိအမှတ်ပြု ခံချင်၊ အလေးပေးခံချင်တဲ့ မျှော်လင့်ချက်အတွေးကို ဘေးဖယ်ပြီး ဘယ်သူအသိအမှတ်ပြုပြု မပြုပြု၊ ဘယ်သူဦးစားပေးပေး မပေးပေး၊ ဘယ်သူ အလေးပေးပေး မပေးပေး ကိုယ့်ကိုကိုယ် အသိအမှတ်ပြုပြီး ကိုယ်လုပ်ရပ်ကိုယ် ကျေနပ်နေ၊ အပြစ်ကင်းနေအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အတွေး၊ စစ်မှန်တဲ့ လုပ်ဆောင်ချက်နဲ့ လုပ်တဲ့ အပြစ်ကင်းတဲ့ အလုပ်တွေဟာ သူများ အသိအမှတ်ပြုဖို့၊ သူများအလေးပေးဖို့ မလိုပါဘူး။ ကိုယ့်ကိုကိုယ် အသိအမှတ်ပြု၊ ကိုယ့်ကိုကိုယ် အလေးဂရုပြုဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ

ကိုယ်စိတ်နစ်ဖြာ ချမ်းမြေ့ကြပါစေ `````````````````

တရားအလှူ


မြတ်စွာဘုရားရဲ့ တရားတွေကို ……
အလျဉ်းသင့်ရင် သင့်သလို
အကြောင်းတိုက်ဆိုင်ရင် တိုက်ဆိုင်သလို
တစ်စွန်းတစ်ပါဒလေးပဲ ဖြစ်ဖြစ်
သူတစ်ပါးကို ပြောပြ ရေးပြလိုက်ရင်
ဘယ်သူမဆို အလင်းစေတမန်ပါပဲ။

တရားဆိုတဲ့အလင်း
အသိဥာဏ်ဆိုတဲ့ အလင်း ဖြန့်ဝေသူတိုင်း
ဘယ်လိုနည်းနဲ့ ဖြန့်ဖြန့်
အလင်းစေတမန် ပုဂ္ဂိုလ်ပါပဲ။
ဘုရားအဆုံးအမ မျှဝေဖြန့်ဖြူးတဲ့
အလင်းစေတမန် အလုပ်ဟာ
သာသနာပကာလမှာ လုံးဝမရနိုင်တဲ့
အထူးခြားဆုံး သာသနာတွင်းကုသိုလ်ကြီးမို့
သဒ္ဓါတရား ကြီးမားသူတိုင်း……
မလုပ်မဖြစ် လုပ်ကိုလုပ်သင့်ပါတယ်။

- အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ )

ဆရာတော်၏ " စိတ်အားဖြည့် ဓမ္မနေခြည် " စာမျက်နှာ (၉၇ ) မှ ကူးယူထားပါသည်။

Posted by Words of Buddha

Tuesday, July 22, 2014

ဘုရားဆင်းတု အမေးအဖြေ


အရှင်ဘုရား တပည့်တော် ဗုဒ္ဓဘာသာစစ်စစ်ပါ စကားလေးတစ်ခွန်းလောက် မေးလျှောက်ချင်လို့ပါဘုရား။ မင်းတို့ကကွာ နေ့တိုင်းနေ့တိုင်း စဉ်ပေါ်မှာတင်ထားတဲ့ ခြောက်လက်မလောက်ရှိတဲ့ ရုပ်တုလေးကိုနေ့တိုင်းနေ့တိုင်း ရှိခိုးနေတယ် နေ့တိုင်းနေ့တိုင်း ထမင်းတွေဘာတွေလဲကြွေးနေတယ် အကယ်၍မင်းတို့အိမ်မီးလောင်ရင် အဲ့ဒီရုပ်တုက မင်းတို့ကို ကယ်ဖို့နေနေသာသာ သူတောင်မှ မီးအရင်လောင်သေးတယ် ကိုယ့်ဟာနဲ့ကိုပဲ လွတ်အောင်ပြေးကြရတယ်။ မင်းတို့ကိုဘယ်အရာက ကယ်မှာလဲ”တဲ့။ အရှင်ဘုရားအနေနဲ့ ဒီမေးခွန်းလေးကို ဖြေကြားစေချင်ပါတယ်။

အင်း။ ဒီမေးခွန်းလေးဟာ ဗုဒ္ဓဘာသာဝင်တိုင်း သံသယဖြစ်နေကြမယ် ထင်ပါတယ်။ ခု ဒကာမေးထားတဲ့ မေးခွန်းက ဆင်တုတော်ကို အိမ်မှာ ပူဇော်ထားတာ အိမ်မီးလောင်ရင် ဘယ်သူမှ မကယ်တင်နိုင်ဘူးတဲ့။ ဒါမှန်ပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိရင်လည်း ကယ်တင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ဆိုတော့ မြတ်ဗုဒ္ဓသည် ကယ်တင်ရှင် မဟုတ်လို့ပါ။
ဘာသာတိုင်းရဲ့ အိမ်ကျောင်းများ၌ မိမိတို့ဆိုင်ရာ ကိုးကွယ်မှုတွေ ထားရှိကြပါတယ်။ ဦးဇင်းတို့ မြတ်ဗုဒ္ဓက ကယ်တင်ရှင်မဟုတ်လို့ မကယ်တင်နိုင်သလို ကယ်တင်ရှင်ဘုရားများသည်လည်း ရုတ်တရက် အိမ်ကျောင်းများကို မီးလောင်လျှင် မကယ်တင်နိုင်ပါ။ ဘုရားတွေသာ မဟုတ်ပါဘူး။ မိမိတို့၏ မိခင်ဖခင်ဘိုးဘွားများကိုလည်း မိမိတို့၏အိမ်များ၌ ကိုးကွယ်ရာအဖြစ် ထားကြပါတယ်။ သို့သော် သူတို့သည်လည်း ကယ်တင်ရှင် မဟုတ်သောကြောင့် မကယ်တင်နိုင်ပါ။ မိမိကိုးကွယ်ဆည်းကပ်ခြင်းသည် သူတို့၏ ကယ်တင်မှုကို ရယူလိုသောကြောင့် မဟုတ်ပါ။ သူတို့၏ ဂုဏ်ကျေးဇူးများကို တန်ဖိုးထား မြတ်နိုးသောကြောင့်လည်းကောင်း သူတို့ကို ကျေးဇူးဆပ်ခြင်းတစ်မျိုး အနေနဲ့လည်းကောင်း ကိုးကွယ်ကြခြင်း ဖြစ်ပါတယ်။

ဦးဇင်းတို့ မြတ်ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်ခြင်းသည် မြတ်ဗုဒ္ဓက မိမိတို့ကို ကယ်တင်ပေးရန် မဟုတ်ပါ။ မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိသကဲ့သို့ အမြဲ အောက်မေ့နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးများကို မမေ့အောင်၊ မြတ်ဗုဒ္ဓ ဟောကြားခဲ့သော တရားတော်များကို သတိရနေပြီး အမြဲကျင့်ကြံနေထိုင်နိုင်အောင်၊ မြတ်ဗုဒ္ဓရဲ့ မိမိတို့အပေါ်မှာ ထားရှိခဲ့တဲ့ ကျေးဇူးတရားတွေကို ပြန်လည်ကျေးဇူးဆပ်သော အားဖြင့် မိမိတို့၏ အိမ်ကျောင်းများ၌ စေတီဆင်တုတော်များအား ပူဇော်မှုစသည်တို့ကို ပြုလုပ်ပေးနေကြခြင်း ဖြစ်ပေသည်။

မြတ်ဗုဒ္ဓသည် သူတစ်ယောက်တည်းအတွက် နိဗ္ဗာန်ချမ်းသာကို အလွယ်တကူနဲ့ရနိုင်ပါလျက် သတ္တ၀ါတွေကို ငဲ့ညာသနားပြီး မေတ္တာကရုဏာထားကာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံးနှင့် ဘုရားဖြစ်သော (၄၅)၀ါကာလပတ်လုံး သူများမလုပ်နိုင်သော ဆင်းရဲပင်ပန်းခြင်းများကို ရင်းနှီးကာ လုပ်ပေးခဲ့ပေသည်။ ထိုကဲ့သို့ မိမိတို့အပေါ်မှာ ကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကို မိမိတို့က အလေးမထား ဂရုမစိုက်ဘဲနေမည်ဆိုလျှင် ထိုသူလောက် မိုက်မဲသောသူ အဘယ်မှာရှိမည်နည်း။ မျက်မှောက်ကာလတွင်တောင်မှ လတ်တလော ကျေးဇူးတင်စရာကောင်းသော ပုဂ္ဂိုလ်များကို မိမိတို့၏အိမ်၊ ရုံး၊ အင်္ကျီများ၌ အမှတ်တရအဖြစ် ကိုးကွယ်ပူဇော် နေသေးတာပဲ ဘ၀ပေါင်းများစွာအတွက် ကျေးဇူးများလှသော မြတ်ဗုဒ္ဓကို မိမိတို့က ကိုးကွယ်ပူဇော်မှု မလုပ်ဘဲ မနေသင့်ပါဘူးလေ။

တကယ်တော့ မိမိတို့ စေတီရုပ်တုတော်များကို အိမ်များ၌လည်းကောင်း၊ ကျောင်းကန်များ၌လည်းကောင်း ကိုးကွယ်ပူဇော်လျှင် သက်တော်ထင်ရှားရှိသော မြတ်ဗုဒ္ဓကဲ့သို့ ကိုးကွယ်ပူဇော်မှု ပြုလုပ်ပေးရပါမည်။ ဖြစ်ကလတ်ဆန်း မလုပ်သင့်ပါ။ ထိုသို့ ကိုးကွယ်ရာ၌လည်း မြတ်ဗုဒ္ဓကို ကိုးကွယ်ရုံဖြင့် ကောင်းကျိုး မရနိုင်သော်လည်း မြတ်ဗုဒ္ဓ၏ ဂုဏ်တော် ကျေးဇူးတော်များအား ပူဇော်လျှင်၊ မြတ်ဗုဒ္ဓဟောကြားခဲ့သော တရားတော်များကို လိုက်နာကျင့်သုံးလျှင်ကား တုနိုင်မရသော ကောင်းကျိုးချမ်းသာများ ရရှိပါလိမ့်မည်။

ဤမျှလောက် ရှင်းပြလျှင် လုံလောက်မည် ထင်ပါသည်။ မြတ်ဗုဒ္ဓကိုလည်း ကိုးကွယ်ပုံ ကိုးကွယ်နည်းများလည်း သိရှိမည်ထင်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များအတိုင်းလည်း လိုက်နာကျင့်သုံးလိမ့်မည်ဟု ထင်သောကြောင့် ယခု အမေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါပေသည်။ အားလုံး လိုက်နာကျင့်သုံးနိုင်ပြီး ကောင်းကျိုးချမ်းသာများ ဆထက်တပိုး တိုးပွားကြပါစေလို့ ဆန္ဒပြုလျက်…………။


ဆန်နီနေမင်း | ဦးကောမလ၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ မကုဋာရာမ ကျောင်းတိုက်

နဝမ ဗန်းမော်ဆရာတော်ကြီး၏ အမှာစကား


“ဥဇု စ သုဟုဇုစ” .....

ဥဇု-ဆိုတာ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

သုဟုဇု-ဆိုတာ စိတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

မေတ္တာပွားများတဲ့နေရာမှာဖြစ်စေ၊ အခြားလောကဓမ္မကြီးပွားရေး၊ စီးပွားရေး လုပ်တဲ့နေရာမှာဖြစ်စေ အင်မတန်အရေးကြီးသောကြောင့် “ဥဇုစ သုဟုဇုစ” ဟု မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်တိုင် အထူးဆင့်ပြီး ဟောတော်မူခြင်း ဖြစ်ပါ၏။

မရိုးသား၊ မဖြောင့်မတ်ရင် မေတ္တာတရား မထားနိုင်သလို လောကဓမ္မ အကျိုးစီးပွားများလည်း မဖြစ်ထွန်းနိုင်ပါ။

ပဓာနိယင်္ဂအင်္ဂါငါးပါးထဲမှာ လောကဓမ္မ ကြီးပွားချမ်းသာဘို့အတွက် တတိယအင်္ဂါအနေနဲ့ ဥဇု-ရိုးသားဖြောင့်မတ်ရမယ်၊ သုဟုဇု-အလွန့်အလွန် ရိုးသားဖြောင့်မတ်ရမယ်ဟု လာရှိပါသည်။

ကောင်းပြီ၊ ဒါဖြင့်ရင် ဥဇု-ကိုယ်နှုတ်အားဖြင့် ရိုးဖြောင့်သူ၊ သုဟုဇု-စိတ်အားဖြင့် ရိုးဖြောင့်သူဆိုတာ ဘယ်လိုအင်္ဂါလက္ခဏာတွေ ရှိသလဲလို့ ပြောကြည့်ရအောင် .....

(၁) မောင်ဖြူအတွက် ရလာတဲ့ဝေစုကို မောင်ဖြူ မသိသော်လည်းေ
မာင်နီက မူရင်းအတိုင်း မောင်ဖြူကို ပေးလိုက်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၂) ကာယကံရှင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မတရားတဲ့ အခွင့်အရေးကို မတရားဘူးထင်ရင် မယူခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၃) တဘက်က စောင့်စည်းမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ စောင့်စည်းရမည့် တာဝန်ဝတ္တရား ရှိသည့်နေရာ၌ စောင့်စည်းနိုင်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၄) မိမိမစားထိုက်၊ မသုံးထိုက်ဟု လက်ခံယုံကြည်ထားသည့်အရာကို မစားမသုံးဘဲနေခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၅) မူရင်းအတိုင်း တိုက်ရိုက်မပြောဆိုဘဲ အကြောင်းဥပါယ် နည်းပရိယာယ်နှင့်ပြောလျှင် ရပါလျက်... မပြောဘဲ မူရင်းအတိုင်း ပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၆) လူတို့ အထင်ကြီးခံရသည်ဖြစ်စေ၊ အထင်သေးခံရသည်ဖြစ်စေ၊ အ,သည် န,သည်ဟု အပြောခံရသည်ဖြစ်စေ၊ ဂရုမပြုဘဲ ပကတိ စိတ်ထဲရှိတဲ့အတိုင်း ပြုမူပြောဆိုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၇) မတရားတဲ့နည်းလမ်းနဲ့နေရာ အခွင့်အရေးတစုံတရာ ရယူမှု မပြုခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၈) မဟုတ်မမှန်၊ လုပ်ကြံပြောဆိုခြင်း မုသာဝါဒ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲကောက်ကျစ်ခြင်း သာဌေယျ တို့ မရှိမှုသည် အဲဒါ ရိုးသားမှုပါ။

(၉) ယုံကြည်မှုခံရသူသည် ရိုးသားမှုရှိ၏။ ရိုးသားသူသည် ယုံကြည်မှုခံရ၏။ မျက်ကွယ်မှာ မျက်နှာလွှဲခဲပစ် မလုပ်ခြင်းသည် အဲဒါ ရိုးသားမှုပါ။

(၁၀) မင်းအမတ်ကြီးမှစ၍ ဘုန်းဘုရားတို့အပါအဝင် ပြည်သူပြည်သား ဆင်းရဲသား နင်းပြားပါမကျန် လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိသော အရာသည် ရှိ၏။ ထိုအရာသည် ရိုးသားမှုပါ။

(၁၁) လောက၌ ငွေကြေးဥစ္စာ ရာထူးဂုဏ်ဝါတို့ဖြင့် တန်ရာတန်ကြေးပေး၍ ဝယ်ယူမရနိုင်သော အရာသည် ရှိ၏။ ထိုအရာသည် ရိုးသားမှုပါ။

(၁၂) ယော၊ အကြင်သူသည်၊ ဥဇုဘူတော၊ ဖြောင့်မတ်၏။ အ ကုဋိလစိတ္တော၊ မကောက်ကျစ် မစဉ်းလဲတတ်။ သီလဝါ၊ ကိုယ်ကျင့်သိက္ခာရှိ၏။ ကာယဝင်္ကာဒိရ ဟိတော၊ ကိုယ်၏ကောက်ကျစ်မှု စသည်တို့မှ ကင်း၏။ (ဝါ) ကိုယ်၏ကောက်ကျစ်မှု၊ နှုတ်၏ လိမ်လည်လှည့်ဖြားမှု၊ စိတ်၏ မမှန်ကန်မှုတို့မှ ကင်း၏။ သော၊ ထိုသူသည်။ ဥဇု ရိုးသားဖြောင့်မတ်သူ။ သုဟုဇု၊ အလွန့်အလွန် ရိုးသားဖြောင့်မတ်သူ ဟူ၍။ တုမှေ၊ သင်သူတော်ကောင်းတို့သည်။ ဂဏှထ၊ ရိုးရေသားဖေါက် ရိုးတွင်းချဉ်ဆီခိုက်အောင် မှတ်ကြလေကုန်။

နဝမဗန်းမော်ဆရာတော်
၂၈-၆-၂၀၀၉
Buddhavasa Tiloka

တရားရှိသူနှင့် တရားမရှိသူ ဘာကွာသလဲ?


တရားရှိသူဆိုတာ-
လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ဖယောင်းတိုင်နဲ့ တူတယ်။
ဘယ်လိုကိလေသာတွေ (အကုသိုလ်အညစ်အကြေး) ပဲ မိမိစိတ်ကို ရောက်ရှိလာပါစေ တရားရှိသူဟာ တုန်လှုပ်ခြင်းမရှိဘူး၊ တည်ငြိမ်တယ်၊ အေးချမ်းနေတယ်၊ ကိလေသာကြောင့် မိမိစိတ်ကို ဖောက်ပြန်ခြင်းမရှိအောင် ထိမ်းသိမ်းနိုင်တယ်၊ သည်းခံနိုင်တယ်၊ ဒေါသလည်းမဖြစ်လွယ်ပါဘူး။ တကယ်တော့ တရားရှိသူဆိုတာ လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးလိုပါပဲ။

တရားမရှိသေးသူဆိုတာ-လေရှိရာအရပ်မှာထွန်းထားတဲ့ဖယောင်းတိုင်လေးလိုပါပဲ။ အနည်းငယ်မျှသော ကိလေသာတွေပဲ မိမိစိတ်ကို ရောက်ရှိလာတာနဲ့အမျှ ဖောက်ပြန်လာတော့တာပါပဲ။ တုန်လှုပ်လွယ်တယ်၊ ဘယ်လိုအကြောင်းအရာလေးကိုပဲပြောပြော မိမိစိတ်က သည်းခံနိုင်စွမ်းလည်းမရှိဘူး၊ ဒေါသဖြစ်လွယ်တယ်။ တကယ်တော့ တရားမရှိသေးသူဟာ လေရှိရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးလိုပါပဲ။

မိမိဟာ လေငြိမ်ရာအရပ်မှာထွန်းထားတဲ့ဖယောင်းတိုင်နဲ့တူနေသလား၊ (သို့မဟုတ်) လေရှိရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်နဲ့ တူနေပါသလား။
ဘယ်လိုပဲဖြစ်ဖြစ် လေငြိမ်ရာအရပ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်လေးနဲ့တူအောင် ကြိုးစားသွားရမှာပါ။

မေတ္တာဖြင့်-
အရှင်ဇောတိပါလ(သာစည်)

Monday, July 21, 2014

အမြတ်ဆုံး တရားလေးပါး


တိုးတက်မှုတွေထဲမှာ အသိဥာဏ်တွေရဲ့တိုးတက်မှုဟာ အမြတ်ဆုံးပါ၊
အသိဥာဏ်ပညာတိုးတက်မှုရှိတဲ့သူတွေဟာ အရာရာမှာ အောင်မြင်ပါတယ်။
မသိနားမလည်ဘူးဆိုရင် အရာရာမှာ မအောင်မြင်နိုင်ပါဘူး၊
အသိဥာဏ်ပညာရဲ့အစစ်ဟာ တိုးတက်ခြင်း၊ ကြီးပွါးခြင်းဟာ အမြတ်ဆုံးပါဘဲ။
ငွေကြေးချမ်းသာတာထက် အသိဥာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ ပို၍ချမ်းသာစေပါတယ်။
အသိဥာဏ်က ဆင်းရဲဒုက္ခကို အဆုံးထိ ချုပ်ငြိမ်းပေးနိုင်တယ်။ ချမ်းသာသုခကို ဆောင်ကျဉ်းပေးနိုင်တယ်။ အသိဥာဏ် မရှိတဲ့သူဟာ ဒုက္ခတရားတွေနဲ့ ပဲကြုံတွေ့ နေရမှာပဲ။ ချမ်းသာခြင်းဆိုတဲ့ သုခကို မဆောင်နိုင်ပါ။ ကောင်းမှုကိုမြတ်နိုးသောသူဟာချမ်းသာ၏ ၊
မမြတ်နိုးသောသူဟာ ဆင်းရဲ၏။

ဝိပဿနာအကြောင်း၊ ခန္ဓာအကြောင်းမသိတဲ့သူတွေဟာ
ဘဝမှာအင်မတန်မှ ဒုက္ခမီးတွေနဲ့ ဆင်းဆင်းရဲရဲနေရပါတယ်။
အသိဥာဏ်ရှိတဲ့သူတွေဟာ ပုထုဇဉ်အဆင့်မှအရိယာမဂ်အဆင့်သို့ 
့တက်သွားပြီး ဒုက္ခတွေကကင်းပြီး ချမ်းသာမှုနယ်ထဲသို့ ရသွားပါတယ်။
ဘာကြောင့်လဲဆိုတော့ အသိဥာဏ် ပညာတွေကြောင့်ပါ။
လောကကြီးမှာ အရေးကြီးဆုံးကအသိဥာဏ်ပညာပါ။ မိမိတို့ ကြိုးစားဖို့ လိုတယ်။
အဝိဇ္ဇာ မသိမှုနိမ့်ကျသွားတဲ့အရာတွေထဲမှာ အမြတ်ဆုံးအကောင်းဆုံးပါဘဲ။
သိမှုတွေမြင့်တင်ပေးဖို့ လိုတယ်။ မသိမှုတွေကိုနဲနဲသွားအောင် လျော့ချပေးရမယ်။
အမှောင်ကိုဖျောက်၊ အလင်းကိုအစားထိုးဖို့ လိုတယ်။
ကံ၊ကံ၏အကျိုးကို သိနားမလည်သေးဘူးဆိုရင် သိမှုတွေဖြစ်အောင် မြင့်တင်ပေးရပါမယ်။
မသိတာတွေကိုလျော့ချဖို့ အတွက်နည်းသွားအောင် လုပ်ပေးရမှာ။
သိမှုတွေဖြစ်အောင် လုပ်ပေးရမယ်။ ဘဝဟာမမြဲဘူးဆိုတာက သိဖို့ လိုပါတယ်။
မသိမှုက လျော့ပေးရမှာပါ။ သစ္စာလေးပါးကိုသိဖို့ရန်အတွက် မသိမှုကို လျော့ပေးရမှာပါ။

သစ္စာလေးပါးသိရန်အတွက် ဝိဇ္ဇာဥာဏ်ပညာဖြစ်အောင် လုပ်ဖို့လိုပါတယ်။
သစ္စာလေးပါးကိုသိအောင် ဘယ်လိုလုပ်ရမလဲ၊
ဤခန္ဓာကိုယ်ကြီးသည်ဆင်းရဲခြင်း ၊ ဒုက္ခဖြစ်ရခြင်းပါဘဲ။
{{ပဋိသန္ဓေ ၊ အို၊ နာ ၊သေ ၊ ဟုလေးထွေရင်းမြစ် ၊ဒုက္ခဖြစ်၏။ }} ဟု
မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမခဲ့၏။
ငါရဲ့ဘဝဟာ သေဆုံးခြင်းနဲ့ အဆုံးသတ်ရမှာဘဲလို့ ဆင်ခြင်ရမှာဘဲ။
မသေတဲ့သတ္တဝါဆိုတာမရှိပါဘူး။ နောက်ဆုံးဘာတွေဘဲဖြစ်ဖြစ်၊
ဖြစ်ပြီးရင် အားလုံးဟာပျက်စီးခြင်းသို့ရောက် ရှိရတာပါဘဲ။
{{ မချစ်ယှဉ်တွဲ၊
ချစ်သူကွဲနဲ့ ၊
လိုလည်းမရ၊
အကျဉ်းပြသော် ပဉ္စဥပါဒါနက္ခန္ဓာ၊
သစ္စာဒုက္ခမက်မောလှ။ }}

(လောဘ) လိုခြင်တဲ့ အရာအားလုံးဟာ ဒုက္ခကြီးတွေပါဘဲ။
ဆင်းရဲကြီးဆိုရင် လောဘကြောင့်ပါဘဲ။ လောဘမလျော့ရင် ဒုက္ခမလျော့။
လောဘမရှိမှဘဲ ဒုက္ခမရှိမှာပါ။ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်သည်သာလျှင်
ဒုက္ခတွေကိုချုပ်သွားစေနိုင်တယ်။ ဒါဟာအမှန်တရားပါဘဲ။ မိမိသန္တာန်မှာ မှန်ကန်သောအမြင် တွေ့ မြင်လာပြီဆိုရင် သမ္မာဒိဌိဘဲပေါ့၊ အဲဒီသမ္မာဒိဌိခေါင်းဆောင်ဟာအရေးကြီးဆုံးပါဘဲ။
သစ္စာလေးပါးထဲမှာ အဓိကသိအောင် ရှာရမှာက ဒုက္ခသစ္စာကို သိမြင်အောင် လုပ်ရမှာပါ။ ဒုက္ခသစ္စာကိုသိအောင် မြင်အောင် အရင်းနီးဆုံး ကြိုးစားရမှာပါ။
ဆင်းရဲတာကိုမသိလို့  လိုခြင်တာပေါ့။ ဒုက္ခသစ္စာကိုတွေ့ သွားပြီဆိုရင် သမုဒယကိုပယ်ပါတယ်။
ဒုက္ခသစ္စာကိုတွေ့ သွားပြီဆိုရင် မဂ္ဂင်ရှစ်ပါးပွားနေရာရောက်ပါတယ်။
အလင်းရောင်ကိုများများမြင်အောင်လုပ်လေ အမှောင်တွေဟာ ပျောက်သွားလေပါဘဲ၊ ပိုပြီးလင်းသွားလေ အမှောင်တွေကို ရှင်းသွားသလိုပါဘဲ။
လောကကြီးမှာ အသိဥာဏ်မြင့်ဖို့၊ မသိတာကိုလျော့ဖို့ အတွက် အရေးကြီးပါတယ်။

ခြေဖြင့်သွားတဲ့သတ္တဝါတို့ တွင် သံဃာဟာအမြတ်ဆုံးပါဘဲ။ သံဃာဟာအပေါင်းအစုပါ၊
အယူနဲ့ သီလ တူမျှသူတို့ ၏ အပေါင်းအစုကို သံဃာဟု ခေါ်ပါတယ်။
သံဃာ(၂)မျိုးရှိ၏ ၊ သမုတိသံဃာ နှင့် ပရမတ္ထသံဃာဟူ၍၂မျိုးရှိ၏။
သိမ်ထံမှာ သမုတ်ထားတဲ့သံဃာဟာ သမုတိသံဃာပါ။
မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရရှိထားတဲ့အရိယာပုဂ္ဂိုလ်တွေကို ပရမတ္ထသံဃာဟုခေါ်ပါတယ်။
အဲဒီ၂မျိုးဟာမြင့်မြတ်ဆုံးဖြစ်ပါတယ်။
လောကမှာအမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဟာဘယ်သူလည်းဆိုတော့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးပဲပေါ့။ မြတ်စွာဘုရားဟာ ကိလေသာတွေကို အမြစ်ပြတ်ဆုံး၊ အသန့် ရှင်းဆုံး၊ အစင်ကြယ်ဆုံး ဖြစ်တဲ့အတွက် အမြင့်မြတ်ဆုံးလို့ သတ်မှတ်တာပါ။
သံဃာတော်တွေဟာ 
(၁) ကုသိုလ်ကောင်းမှုပေးပါတယ်၊ များစွာအထောက်အကူပြုပါတယ်။
(၂) အသိဥာဏ်ကိုလည်းပေးတယ်၊ မြတ်စွားဘုရားရဲ့ တရားဒေသနာတော်တွေကို တစ်ဆင့်ပြန်ပို့ ချပေးတဲ့အတွက် အသိဥာဏ်ကိုပေးခြင်း ဖြစ်တယ်။
(၃) ငြိမ်းချမ်းမှုကိုပေးတယ်။ ငြိမ်းချမ်းတဲ့သံဃာကို မြင်ရလို့ နေထိုင်ရတာ အင်မတန်မှ အေးချမ်းပါတယ်။

ဆိုကြပါစို့ … လူအချင်းချင်းတောင်မှ တရားဓမ္မနဲ့ နေထိုင်ပြီးလုပ် နေတဲ့သူကိုမြင်ရင် အင်မတန်ဘဲ ငြိမ်အေးတာပါဘဲ၊
ငါလည်းအားကျလိုက်တာလို့  သူ့ လိုဘဲငြိမ်းချမ်းခြင်လိုက်တာလို့  စိတ်ထဲမှာမဖြစ်ကြဘူးလား?၊
စကားကောင်းကို ပြောကြားတတ်သူတွေထဲမှာ မြတ်စွာဘုရားသည် အမြတ်ဆုံးပါဘဲ။
ဆိုလိုတာက မြတ်စွာဘုရားပြောကြားခဲ့တဲ့ စကားတော်တွေထဲမှာ အမြင့်ဆုံးဖြစ်လို့ ပါ။ ကောင်းမြတ်တဲ့ စကားတွေထဲမှာ ဘယ်ပုဂ္ဂိုလ်မှ မယှဉ်နိုင်ပါဘူး။

စကားတကာ စကားထဲမှာမြတ်စွာဘုရားရဲ့ စကားဟာအမြတ်ဆုံးပါ။
ဘာကြောင့်အမြတ်ဆုံးဖြစ်ရသလဲဆိုတော့
အချက်သုံးချက်ဖြင့် ဖေါ်ပြထားတယ်…။
(၁) ချမ်းသာစစ်၊ ချမ်းသာမှန်ဖြစ်တဲ့ နိဗ္ဗာန်ကိုရစေ၊ ရောက်စေပါတယ်။
(၂) ဆင်းရဲ့ဒုက္ခတို့ ၏ အားလုံးကို အဆုံးသတ်ပေးလိမ့်ပါမယ်၊ အဆုံးဖြတ်ပေးပါတယ်။
(၃) ဘေးအန္တရာယ်၊ ရန်အသွယ်သွယ်ကို ငြိမ်းသတ်ပေးနိုင်တယ်။
နိဂုံးချုပ်ပေးလိမ့်မည်။ ဆိုလိုတာက ချမ်းသာသုခတွေ ရလေလေ၊ မြတ်စွာဘုရားကို ကြည်ညိုလေ။
တရားရဲ့အရသာကို ခံစားရလို့ တရားရဲ့အသံကို ကြားရလို့ ဆို ပိုပြီးမြတ်စွာဘုရားအပေါ်မှာ ကြည်ညိုကြပါလိမ့်မယ်။
မြတ်စွာဘုရားရဲ့တရားအသံသည် သတ္တဝါတွေရဲ့စိတ်သန္တာန်ကို အေးချမ်းမှုတွေအပြည့် အဝပေးပါတယ်။
ဒါကြောင့် မြတ်စွာဘုရားသည်သာလျှင် အမြတ်ဆုံးဖြစ်၏ဟု ဦးဇင်းတို့ နိဂုံးချုပ်ရင်း အမျှဝေ သာဓုခေါ်နိုင်ကြပါစေ။
သာဓု၊သာဓု၊သာဓုပါဘုရား။

သစ္စာရွှေစည်ဆရာတော် အသျှင် ဥတ္တမ

credit to: https://www.facebook.com/japu.ma.52
http://thonsethar.wordpress.com/ မှ ကူးယူဖော်ပြပါသည်။

"""ဥပေက္ခာ"""


ကိုယ်ကိုယ်တိုင် ပထမဆုံး ငြိမ်းချမ်းအောင် လုပ်ရမယ်။ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင် ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာထားပါ။ ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။ မုဒိတာ ပွားပါ။ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့ သူပဲ။ ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ။ စိတ်လှုပ်ရှားမှု ကင်းကင်းနဲ့ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင်တော့ ဥပေက္ခာ ပွားပါ။

ဥပေက္ခာရဲ့ သဘောတရားကို မြန်မာလူမျိုးတွေက အဓိပ္ပါယ်ကောက် လွဲနေတယ်။ မခေါ်မပြော ၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာ လို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာ က မေတ္တာထက် လည်း သာတယ်။ ကရုဏာထက်လည်း သာတယ်။ မုဒိတာထက်လည်း သာတယ်။

ဥပေက္ခာဆိုတဲ့ သဘောတရားက လူဆိုတာ သူ့ကံနဲ့သူဖြစ်တာ။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးနဲ့။ ဥပေက္ခာသမားသည် လာရောက်ပြီးတော့ ချီးမွမ်းပြီးတော့ အကူအညီပေးရင်လည်း အော် ဒီကောင် က တော်တယ်၊ ငါ့ကို ချီးမွမ်းဖော်ရတယ်၊ ငါ့ကို ကူညီဖော်ရတယ်ဆိုပြီးတော့ ဝမ်းမသာဘူး။ ဆိုလိုတာက စိတ်ဓာတ်အလွန်တည်ငြိမ်တဲ့ ပုဂ္ဂိုလ်အနေအထားမျိုးကို ဥပေက္ခာလို့ ခေါ်တယ်။ စိတ်ဓာတ် အလွန်တည်ငြိမ်တယ်။ စိတ်ဓာတ် တည်ငြိမ်ပြီး လူကို လျှစ်လျူ မရှုဘူး၊ လူရဲ့ အပြုအမူကိုသာ လျှစ်လျူရှူပြီး လုပ်သင့်တာ လုပ်တယ်။

ဆိုပါစို့။ လူတစ်ယောက် အကူအညီ လိုနေတယ်။ ဒုက္ခရောက်နေတယ်။ သို့သော် သူက ဆဲပြီးတော့ ခိုင်းတယ်။ စိတ်မဆိုးဘူး။ လုပ်ပေးတယ်။ တစ်ယောက်က ချော့ပြီးတော့ ခိုင်းတယ်။ ဝမ်းမသာဘူး လုပ်ပေးတယ်။ အဲဒါ ဥပေက္ခာ။ ဝမ်းသာတယ်တို့ စိတ်ဆိုးနေတယ်တို့ ဆိုတာက စိတ်မှာ တည်ငြိမ်မှုမရှိတာကို ပြတယ်။ တည်ငြိမ်မှုမရှိတဲ့ သဘောကိုပြနေတာ။

ဥပေက္ခာမှာ တည်ငြိမ်မှုမရှိဘူးဆိုတာ မရှိဘူး။ ဒါကြောင့်မို့ ဥပေက္ခာကို ဘာသာပြန်တဲ့ အခါမှာ (equinimity) နဲ့ ပြန်တာ (mental calmness) စိတ်က တည်ငြိမ်နေတာ စိတ်ဓာတ်တည်ငြိမ်နေတာ။ အခု မြန်မာတွေက ဘယ်လိုအဓိပ္ပာယ်ကောက်လဲ ဆိုလို့ရှိရင် ဥပေက္ခာဆိုတာ အေး ကိုယ်နဲ့မတည့်တဲ့သူ ဒီကောင် မခေါ်မပြောဘဲ နေလိုက်တယ်၊ ဥပေက္ခာပြု ထားတယ် မခေါ်မပြောဘူး၊ စကားလည်း မပြောဘူး၊ သူ့ ဘာမှ မလုပ်ဘူး၊ အဲဒါ ဥပေက္ခာ။ ဒီလိုပဲ မဟုတ်ဘူး။ အဲဒီ ဥပေက္ခာက တစ်မျိုး ဒီမွန်မြတ်တဲ့ ဥပေက္ခာ မဟုတ်ဘူး။

မွန်မြတ်တဲ့ ဥပေက္ခာ ဆိုတာ တစ်ဖက်သား လုပ်တာကို ဂရုစိုက်ပြီးတော့ မနေဘူး၊ လုပ်သင့်တာလုပ်တယ်၊ ဒါမှ တစ်ကယ့် ဥပေက္ခာ။ ဆဲလည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာ လုပ်မယ်၊ ချီးမွမ်းရင်လည်း ဂရုမစိုက်ဘူး၊ လုပ်သင့်တာလုပ်မယ်၊ လုပ်သင့်တာကို လုပ်ပေးတယ်၊ စိတ်ဓာတ်ကတော့ တည်တည်ငြိမ်ငြိမ်ထားတယ်၊ ဒါမှ တစ်ကယ့် ဥပေက္ခာ ပါ။

ဆိုလိုတာက ဥပေက္ခာ သည် လူပုဂ္ဂိုလ်ကို လျစ်လျူရှုတာ မဟုတ်ဘူး။ ပုဂ္ဂိုလ်လုပ်တဲ့ အပြုအမူကို လျစ်လျူရှုတာ၊ သူပြောချင်တာတွေ ပြောပါစေ ၊ ဂရုမစိုက်ဘူး။ ငါ လုပ်သင့်တာ ငါ လုပ်သွားမယ်။ အဲဒါမှ ဥပေက္ခာ။

ကြည့်လေ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် က
"ဝဓကေ ဒေဝဒတ္တေ စ ၊
စောရေ အဂုင်္လိမာလကေ။
ဓနပါလေ ရာဟုလေ စ၊
သဗ္ဗတ္ထ သမကော မုနိ။"
မြတ်စွာဘုရားကို သတ်ဖို့ ကြိုးစားတဲ့ ဒေဝဒတ် ၊ နောက်က ဓားကြီးနဲ့ ခုတ်မလို့လိုက်တဲ့ အင်္ဂုလိမာလ၊ ထိုးသတ်မလို့လာတဲ့ နာဠာဂိရိဆင်ကြီး ၊ ရာဟုလာ သားတော် အဲဒီ လေးယောက်အပေါ်မှာ စိတ်ဓာတ် တူညီအောင် ထားနိုင်တယ်ဆိုတာ စဉ်းစားသာကြည့်။

ဘုန်းကြီးတို့ တစ်တွေ ထားနိုင်မှာလား။ တစ်ညီတည်းကို စိတ်ထားနိုင်တာ။ အဲဒါ ဥပေက္ခာ ပေါ့။ ခွဲခြားပြီးတော့ မမြင်တော့ဘူး။ သတ်ဖို့ ဓားထမ်းပြီးတော့ လိုက်တဲ့ လူသတ်သမားနဲ့ သားတော် ရာဟုလာ ခွဲခြားပြီး မမြင်ဘူး။ တူတူပဲ၊ စိတ်ဓာတ်တည်ငြိမ်နေတာ။ ဘာဖြစ်လို့ မြတ်စွာဘုရား စိတ်ဓာတ် တည်ငြိမ်တုန်းဆိုတော့ ဘုရားမှာ လောဘ၊ ဒေါသ မှ မရှိတာ။ ဘက်လိုက်တယ်ဆိုတာ လောဘတို့ ၊ ဒေါသတို့ ၊ မောဟတို့ ရှိမှ ဘက်လိုက်တာ။

လောဘ ရှိရင် ဘက်လိုက်ပြီ၊ ဆန္ဒာဂတိ ၊ ဒေါသဆိုရင်လည်း ဘက်လိုက်ပြီ၊ ဒေါသာဂတိ၊ အမှန်မသိရင်လည်းဘဲ ဘက်လိုက်ပြီ ၊ မောဟာဂတိ၊ ကြောက်လို့ ဘက်လိုက်တယ်၊ ဘယာဂတိ၊ ဟော အဂတိ လေးပါး ဆိုသည်မှာ လောဘ၊ ဒေါသ၊ မောဟ မကင်းတဲ့ ပုဂ္ဂိုလ်တွေမှာ လောဘ၊ ဒေါသ၊ မောဟ ကြောင့် စိတ်ဓာတ်ယိမ်းယိုင်မှုကို ဆိုတာ။ လောဘ၊ ဒေါသ၊ မောဟ ကင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်ဟာ တည်ငြိမ်နေတယ်။ Equanimity အမြဲတမ်း တည့်မတ် တည်ငြိမ်နေတယ်။ ဟိုဘက် သည်ဘက် လှုပ်ရှားယိမ်းယိုင်မှု မရှိဘူး။ တည့်မတ်တည်ငြိမ်သွားတာ အဲဒီလိုဖြစ်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ ဆိုတဲ့ တရားတွေ ပွားများပြီးတဲ့ အခါမှာ အဆင့်မြင့်ဆုံးဖြစ်တဲ့ ဥပေက္ခာ တရားကို ပွားရတယ်။ အဲဒီလို ဥပေက္ခာ တရားကို ပွားလိုက်တဲ့ အခါမှာ အဲဒီ ပုဂ္ဂိုလ်ဟာ တစ်ကယ့် စိတ်ဓာတ် တည်ငြိမ်တဲ့ သူတော်စင် ဖြစ်သွားပြီ၊ အလွန်မြင့်မြတ်သွားပြီ။

ကျေးဇူးတော်ရှင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
ဟောကြား ဆုံးမတော်မူသော "ဘဝ ခရီးဝယ် ရွေးချယ်ရမယ့် လမ်း"
အကြောင်း တရားဒေသနာတော်မှ ကူးယူရေးသား ဖော်ပြ၍ ဓမ္မဒါန ပြုအပ်ပါသည်။

မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။

Shared from Kaung Myat Thu (FB)

*မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒ*


၁* ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ပါ။
၂* တရားအားထုတ်လိုလျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို သိအောင်ကြိုးစားပါ။
၃* ပဋိစ္စသမုပ္ပါဒ်မသိဘဲနှင့် ကျင့်ကြံအားထုတ်ခြင်းသည် ပင်ပန်းရုံမျှပဲ မှတ်ပါ။
၎* ပဋိစ္စသမုပ္ပါဒ်ကိုသိမှသာ အရှိနှင့်အသိကိုက်မည် 
၅* အရှိနှင့်အသိ ကိုက်မှသာလျှင် ဟုတ်တိုင်းမှန်စွာ သိမြင်မည်။
၆* ဟုတ်တိုင်းမှန်စွာ သိမြင်မှ နှလုံးသွင်းမှန်မည်။
၇* နှလုံးသွင်းမှန်မှသာလျှင် ဒုက္ခကိုဒုက္ခဟု ပိုင်းခြားနိုင်မည်။
၈* ဒုက္ခဟု ပိုင်းခြားနိုင်မှသာလျှင် သမုဒယသေမည်။
၉* သမုဒယသေမှသာလျှင် သန္တိသုခပေါ်မည်။
၁၀* သန္တိသုခပေါ်မှသာလျှင် နောင်တဖန်မဖြစ်ဘဲ ဇာတိချုပ်မည်။
၁၁* နောက်တဖန် ဇာတိချုပ်အောင် အကြောင်း/အကျိုး နားလည်ရမည်။
၁၂* အကြောင်း/အကျိုးနားလည်လျှင် အဟေတုကဒိဋ္ဌိ သေတယ်။
၁၃* အကြောင်းဖြစ်လို့ အကျိုးဖြစ်တာဘဲလို့သိလျှင် ဥစ္ဆေဒဒိဋ္ဌိ သေတယ်။
၁၄* အကြောင်းချုပ်လို့ အကျိုးချုပ်တာဘဲလို့ သိလျှင် တဿတဒိဋ္ဌိ သေတယ်။
၁၅* အကြောင်းအကျိုး ဆက်တာကိုသိလျှင် ဝိစိကိစ္ဆာ သေတယ်။
၁၆* အကျိုးထဲမှာ ယောင်္ကျား မိန်းမ မပါဘူးလို့သိရင် သက္ကာယဒိဋ္ဌိ သေတယ်။
၁၇* အဖြစ်မသိသေးတော့ နိဗ္ဗာန်မကြိုက် အချုပ်မသိတော့လည်း နိဗ္ဗာန် ရှာမတွေ့တော့ဘူး။
၁၈* ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံ နားလည်မှသာလျှင် ဒုက္ခသစ္စာကို နားလည်တယ်။
၁၉* ပဋိစ္စသမုပ္ပါဒ်ပျက်ပုံ နားလည်မှသာလျှင် မဂ္ဂသစ္စာကို နားလည်တယ်။
၂၀* မဂ္ဂသစ္စာကို နားလည်သွားတော့မှ နိရောဓသစ္စာက အလိုလိုဝင်လာတယ်။
၂၁* နိရောဓသစ္စာက ဝင်လာတော့မှ နိဗ္ဗာန်ကို သဘောကျတယ်။
၂၂* နိဗ္ဗာန်ကိုသဘောကျမှ ဒိဋ္ဌိ.. အသိနှင့် ပြုတ်တယ်။
၂၃* ဒိဋ္ဌိ.. အသိနှင့်ပြုတ်ပြီးမှ အပွားနှင့်ဖြုတ်လို့  ရတယ်။
၂၄* ပွားမှု့နှင့် ဖြုတ်လိုက်တော့မှ အပါယ်နှင့်ဖြုတ်နိုင်တယ်။
၂၅* ပါယ်မှုနှင့်ပြုတ်သွားတော့မှ ဒိဋ္ဌိအားလုံး ကင်းစင်သွားတယ်။
၂၆* ဒိဋ္ဌိအားလုံး ကင်းစင်မှသာလျှင် သောတာပန် တည်နိုင်တယ်။
၂၇* သောတပန်တည်ပြီးမှသာလျှင် အပါယ်ဘေးက စိတ်ချရတယ်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒတော်ကို ပူဇော်ပါသည်။
မေတ္တာဖြင့်
Mar Mar

သဒ္ဓါနှင့် ပညာ


မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာအဖွင့်တွင် သဒ္ဓါလွန်၍ ပညာနည်းသောသူသည် ကြည်ညိုဖွယ် မဟုတ်သောအရာ (လူလိမ်များ)၌ ကြည်ညိုတတ်သည်။ ပညာလွန်ကဲ၍ သဒ္ဓါနည်းသောသူသည် ကောက်ကျစ်စဉ်းလဲတတ်၏။ ဆေးလွန်ခြင်းကြောင့် ဖြစ်သောရောဂါသည် ဆေးကု၍ မရနိုင်သကဲ့သို့တည်း။ ကုသိုလ်ဟူသည် စိတ်ဖြစ်ရုံမျှဖြင့် ဖြစ်နိုင်၏။ ပညာလွန်၍ ဒါနစသည်တို့ကို မပြုသည်ရှိသော် ငရဲ၌ဖြစ်တတ်၏။ သဒ္ဓါနှင့် ပညာတို့ ညီမျှကုန်သည်ရှိသော် ကြည်ညိုထိုက်သော အရာ၌သာ ကြည်ညို၏ ဟုဖွင့်ဆိုပြထား၏။

ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းကို သဒ္ဓါဟုခေါ်၏။ ထိုသဒ္ဓါသည် လေးမျိုးရှိ၏။ ယင်းတို့ကား အာဂမသဒ္ဓါ အဓိဂမသဒ္ဓါ သြကပ္ပနသဒ္ဓါ ပသာဒသဒ္ဓါ တို့ဖြစ်၏။

ထိုတွင် ဘုရားအလောင်းများတွင်ဖြစ်သော သဒ္ဓါကို အာဂမသဒ္ဓါ ဟုခေါ်၏။ အရိယာများတွင်ဖြစ်သော သဒ္ဓါကို အဓိဂမသဒ္ဓါ ဟုခေါ်သည်။ တွေးခေါ်မြော်မြင်တတ်သော ဥာဏ်ပညာနှင့်ယှဉ်သော သဒ္ဓါကို သြကပ္ပနသဒ္ဓါ ဟုခေါ်သည်။ ဥာဏ်ပညာမပါဘဲ အကန်းယုံ အရမ်းယုံသဒ္ဓါမျိုးကို ပသာဒသဒ္ဓါ ဟုခေါ်သည်။

ထိုလေးမျိုးတွင် နောက်ဆုံးနှစ်မျိုးသာလျှင် ပုထုဇဉ်များနှင့် ဆိုင်သည်။ ဘာသာရေးနှင့်ပတ်သက်ပြီး အလိမ်အညာခံရသောသူများသည် ဥာဏ်မပါသော ပသာဒသဒ္ဓါရှင်များဖြစ်၏။ ဥာဏ်ပါသော သြကပ္ပနသဒ္ဓါရှင်များကား အလိမ်အညာမခံရပေ။

သြကပ္ပနသဒ္ဓါရှင်ဖြစ်ရန် တရားနာကြားခြင်း စာကောင်းပေမွန်တို့ကို ဖတ်ရှုခြင်း ဆရာတော်ကောင်းတို့ထံ ဆည်းကပ်မေးမြန်းခြင်းတို့ကို ပြုသင့်ပေသည်။

******************************
(မေတ္တာရှင် ရွှေပြည်သာ)

ဗုဒ္ဓ၏ တန်ခိုးတော်အနန္တ


ဤဇမ္ဗူဒိပ်ကျွန်း အိန္ဒိယနိုင်ငံတောင်ပိုင်း စောဠတိုင်း၌ ကာဝီရပဋ္ဋန အမည်ရှိသော ရွှာကြီးတစ်ရွာတည်ရှိ၏။ ထိုရွာ၌နတ်ကို ကိုးကွယ်ကြသော မိစ္ဆာဒိဋ္ဌိအများ နေထိုင်လျက်ရှိ၏။ တစ်ခုသောအချိန်တွင် ထိုမိစ္ဆာဒိဋ္ဌိ နတ်ကိုးကွယ်ကြသူများသည် မိမိတို့ အမွန်အမြတ်ထားရာ နတ်ကွန်းဗိမာန်ကို ဆေးသုတ်ပြီး မွမ်းမံပြင်ဆင်ခဲ့ကြသည်။ ထိုနတ်ကွန်းအတွင်း ပျဉ်ချပ် တစ်ချပ်ပေါ်တွင် မိစ္ဆာဒိဋ္ဌိနတ်မင်းကို လူနတ်အများစုဝေးပြီး ရှိခိုးနေကြပုံကို ပန်းချီဆရာက ရေးခြယ်ထား၏။ ထိုသို့ရှိခိုးနေကြသူတို့တွင် မြတ်စွာဘုရားရှင်၏ ပုံတော်ကိုလည်း ထည့်သွင်းရေးဆွဲထားသည်။

ထိုနတ်ကွန်းသို့ ရွာသူရွာသားအချို့ သွားရောက်ကြည့်ရှုကြရာ နတ်ကွန်းအတွင်းရှိ ပျဉ်ချပ်ပေါ်တွင် နတ်မင်းကြီးကို မြတ်စွာဘုရားက ရှိခိုးနေပုံပန်းချီ ရေးခြယ်ထားသည်ကို သိရှိသွားကြပြီး ထိုအကြောင်းကို ရွာတွင်းရှိ ဗုဒ္ဓဘာသာများထံ အသိပေးအကြောင်းကြားကြသည်။

ထိုသတင်းကို ဗုဒ္ဓဘာသာဝင် ဥပါသိကာတို့ ကြားသိကြသောအခါ အံ့သြဖွယ်ကောင်းလိုက်တာ ငါတို့သည် မကြားသင့်တာကြားရ၏။ မမြင်သင့်တာ မြင်ရ၏။ နတ်ပြည်ခြောက်ထပ်နှင့်တကွ သြကာသ
လောကကြီးတစ်ခုလုံး၌ ငါတို့၏မြတ်စွာဘုရားနှင့် တူသြူုမတ်သူ ဟူ၍မရှိ။ အလုံးစုံသော လူနတ်ဗြဟ္မာတို့ ရှိခိုးခြင်းငှါ ထိုက်တော်မူသော မြတ်စွာဘုရား ဖြစ်တော်မူပါပေ၏။ ဤမိစ္ဆာဒိဋ္ဌိတို့သည် မသင့်လျော်သော အမှုကိုပြုကြသည်ဟု ပြောဆိုမည်တမ်း၍ ငိုကြွေးကြသည်။

ဗုဒ္ဓဘာသာဝင် သမ္မာဒိဋ္ဌိဥပါသကာတို့သည် လူသူစုရုံးကြပြီး ဘုရင်မင်းမြတ်ထံသွားကြကာ နန်းတော်ဝ၌ မကျေမနပ်သော အသံများပြု၍ နေကြ၏။ မင်းကြီးလည်း ဥပါသကာတို့ကို ခေါ်ယူပြီး သင်တို့ဘာကို မကျေမနပ်ဖြစ်လာကြသလဲဟု မေးတော်မူ၏။
ဥပါသကာတို့က မိစ္ဆာဒိဋ္ဌိတို့၏ မသင့်လျော်သော အမှုကိစ္စတို့ကို ပြောပြပြီးလျှင် နတ်ထက် နတ်မြတ်၊ သိကြားထက် သိကြားမြတ်၊ ဗြဟ္မာထက်ဗြဟ္မာမြတ် ဖြစ်တော်မူပါ၏။ ငါတို့မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် မြင့်မိုရ်တောင်ကဲ့သို့ ကြံ့ခိုင်၏။ မဟာသမုဒ္ဒရာကဲ့သို့ ကျယ်ဝန်း၏။ ကောင်းကင်ကဲ့သို့ အဆုံးအပိုင်းအခြား မရှိ။ မြေကြီးကဲ့သို့ ပျံ့နှံ့ပါ၏ စသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ချီးကျူးပြောဆိုကြလေသည်။

မင်းကြီးက အိုလူအပေါင်းတို့ သင်တို့စိတ်မပျက်ကြနှင့် အမျက်ဒေါသကို သိမ်းကြပါ။ သင်တို့က သင်တို့ကိုးကွယ်အားထားရာ မြတ်စွာဘုရားရှင်
၏ တန်ခိုးတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ ဖြစ်တော်မူပုံကို ပြောဆိုကြသကဲ့သို့ပင် နတ်ကိုးကွယ်သူတို့ကလည်း သူတို့ကိုးကွယ်သော နတ်မင်း၏ ဂုဏ်ကျေးဇူး ကြီးကျယ်ပုံတို့ကိုသာ ပြောကြမှာ အမှန်ဖြစ်၏။ သင်တို့ကို ငါမေးဦးမည်။ သင်တို့ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၏ တန်ခိုးကြီးပုံကို ငါတို့လက်တွေ့အားဖြင့် ဘယ်လိုသိနိုင်မလဲ အမောင်တို့ဟု မိန့်ဆိုလေသည်။

ထိုအခါ သမ္မာဒိဋ္ဌိ ဥပါသကာတို့က အရှင်မင်းကြီး မြတ်စွာဘုရား၌ ဘုန်းတော်အနန္တ တန်ခိုးတော် အနန္တရှိတော်မူပုံကို သက်သေပြပါမည်။ အကယ်၍ အရှင်မင်းကြီးသည် ထိုမိစ္ဆာဒိဋ္ဌိတို့၏ နတ်ကွန်းရှိ ဗုဒ္ဓပုံတော်ပါသော ပျဉ်ချပ်ကိုယူပြီး လုံခြုံသောအရပ်၌ သိမ်းထားပေးတော်မူပါက ဤနေ့မှစ၍ ခုနှစ်ရက်မြောက်သောနေ့တွင် ထိုပျဉ်ချပ်ကို ထုတ်ယူ၍ကြည့်လျှင် မြတ်စွာဘုရား၏ဘုန်းတော်အနန္တ
တန်ခိုးတော်အနန္တ ကံတော်အနန္တတို့နှင့် ပြည့်စုံတော်မူပုံကို သိကြပေလိမ့်မည်ဟု လျှောက်တင်ကြသည်။

မင်းကြီးလည်း သမ္မာဒိဋ္ဌိ ဥပါသကာတို့ ဆိုသည့်အတိုင်း ဗုဒ္ဓပုံတော်ပါသောပျဉ်ချပ်ကို ယူဆောင်စေ၍ အ၀တ်ဖြင့် လုံအောင် ရစ်နှောင်ဖွဲ့ပတ်ထားပြီးလျှင် မိမိ၏လက်စွပ်ဖြင့် အမှတ်အသားချိတ်
တံဆိပ်ခပ်နှိပ်ကာ လုံခြုံသောနတ်ကွန်းတစ်ခုတွင် အစောင့်အရှောက် အထပ်ထပ်ချ၍ သိမ်းဆည်းထားခဲ့သည်။

ထိုသို့ပျဉ်ချပ်ကို သိမ်းဆည်းထားသည့် ခုနှစ်ရက်တာ ကာလပတ်လုံး သမ္မာဒိဋ္ဌိဥပါသကာတို့ ဘုရားကျောင်းကန်၌ စုဝေးပြီး ဥပုသ်သီလ စောင့်သုံးကြသည်။ ခပ်သိမ်းသောသတ္တ၀ါတို့အား မေတ္တာပို့ အမျှဝေကြသည်။ ရတနာသုံးပါးကို ပူဇော်ခြင်းဖြင့်သာ
ခုနှစ်ရက်အချိန်ကို ကုန်လွန်စေခဲ့သည်။ ပြီးလျှင် ဤသို့ ကြွေးကျော်ကြ၏။ ငါတို့ပြုသော ဤကုသိုလ်အကျိုးဆက်ဖြင့် လောက၌ တန်ခိုးကြီးကုန်သော နတ်မင်းတို့သည်လည်းကောင်း၊ လောကကို စောင့်ရှောင်ကုန်သော နတ်မင်းကြီးလေးယောက်တို့သည်
လည်းကောင်း သင်တို့သည် ငါတို့၏ မြတ်စွာဘုရားကို ဆည်းကပ်ကြသည်မှန်ပါက သက်သေထင်ရှားအောင် ထုတ်ဖော်ပြသကြပါဟု တိုင်တည်သစ္စာပြုကြ၏။

သမ္မာဒိဋ္ဌိဥပါသကာတို့၏ ကောင်းမှုအာနုဘော်ကြောင့် ထိုခဏ၌ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူပြင်းလာခဲ့သည်။ သိကြားမင်းသည် မိမိနေရာ ပူပြင်းခြင်းအကြောင်းကို သိလို၍ လူ့ပြည်သို့ရှုကြည့်ရာတွင် မိစ္ဆာဒိဋ္ဌိတို့၏ ဖောက်ပြန်လွဲမှားသော အပြုအမူများကိုတွေ့ရ၍ လူ့ပြည်သို့သက်ဆင်းခဲ့၏။ သိကြားမင်းသည် မိစ္ဆာဒိဋ္ဌိတို့၏ ပျဉ်ချပ်ပေါ်တွင်မြတ်စွာဘုရား၏ ခြေတော်အစုံကို မိစ္ဆာဒိဋ္ဌိနတ်က ရှိခိုးနေပုံပြုပြင်၍ ရေးဆွဲထားခဲ့၏။ ထိုသို့ ပြုပြင်ရေးဆွဲခဲ့ကြောင်းကိုလည်း သမ္မာဒိဋ္ဌိဥပါသကာတို့အား သတိပေးပြီး မိမိနေရာသို့ ပြန်ခဲ့၏။

ခုနှစ်ရက်မြောက်သောနေ့၌ နံနက်စောစောကပင် သမ္မာဒိဋ္ဌိ ဥပါသကာတို့သည် မင်းကြီးထံသွားကြပြီး အရှင်မင်းကြီး သိမ်းဆည်းထားသော ပျဉ်ချပ်ကိုထုတ်ယူ၍ ကြည့်ရှုရန် အချိန်ကျရောက်ပါပြီ။ ထိုပျဉ်ချပ်၌ မြတ်စွာဘုရားရှင်ကို နတ်မင်းက ရှိခိုးနေသည်ကိုသာ ရှုမြင်ကြရပါလိမ့်မည်ဟု လျှောက်တင်ခဲ့ကြ၏။ ဥပါသကာတို့၏ စကားကိုကြားလျှင် မင်းကြီးသည် တစ်မြို့လုံးရှိ ပြည်သူအပေါင်းကို ထိုနေရာသို့ စုဝေးလာရောက်ကြစေရန် နှိုးဆော်စေပြီး လူသူစုဝေး ရောက်ရှိလာသောအခါ နတ်ကွန်းအတွင်းမှ အ၀တ်တို့ဖြင့် အထပ်ထပ်ရစ်ပတ် မင်းတံဆိပ်ခတ်နှိပ်ထားသော
ပျဉ်ချပ်ကိုထုတ်ယူပြီး အ၀တ်တို့ကိုဖြေစေတော်မူ၏။ အ၀တ်တို့ပြေလေသော် ပျဉ်ချပ်ပေါ်တွင် မြတ်စွာဘုရားရှင်၏ ခြေတော်အစုံကို နတ်မင်းကရှိခိုးနေပုံ ပန်းချီကားကို အံ့ဖွယ်ဘနန်းထူးဆန်းစွာ တွေ့မြင်ကြရလေသည်။ ဤသို့မြတ်စွာဘုရား၏ တန်ခိုးတော်အနန္တဖြစ်ပုံကို ကိုယ်တိုင်ဒိဋ္ဌိ သိမြင်လေသောအခါ ကာဝီရပဋ္ဋနမင်းသည် ထိုမိစ္ဆာဒိဋ္ဌိတို့၏ နတ်ကွန်းကို ဖြိုဖျက်စေပြီး ဘုရားကျောင်းတော်ရာ ဂန္ဓကုဋီကြီးတစ်ဆောင်ကို တည်ဆောက်၍ အသက်ထက်ဆုံး ဗုဒ္ဓဥပါသကာအဖြစ် ခံယူတော်မူခဲ့၏။

ဤကာဝီရပဋ္ဋန၀တ္ထုကို အကြောင်းပြု၍ ရှေးဆရာမြတ်တို့က မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိတော်မူစဉ်အခါက မြတ်စွာဘုရား၏ တန်ခိုးတော်တို့ကို ဖူးမြင်ကြရ၍ ကုသိုလ်ကောင်းမှုတို့ကို ပြုခဲ့ကြသည်မှာ အံ့သြဖွယ်ဟုမဆိုနိုင်။ မြတ်စွာဘုရားရှင် မဟာပရိနိဗ္ဗာန်ပြုပြီးသည့်အခါတွင်မှု မြတ်စွာဘုရား၏ တန်ခိုးတော်ကို ဖူးမြင်ကြရသောကြောင့် ကုသိုလ်ကောင်းမှုကို ပြုကြသူတို့သည်သာ မိုးမြေမဆံ့ အံ့သြဖွယ်ကောင်းလှပေသည်ဟု ရေးဖွဲ့ခဲ့ကြ၏။

ဦးအောင်မွန် ( မြတ်ဆုမွန် )
ဥပုသ်သည်တို့ဖတ်ဖွယ် ပုံဝတ္ထုလေးဆယ်မှ

အဘိဓမ္မာတတ်ဖို့ လိုအပ်သလား


အဘိဓမ္မာတတ်ဖို့ လိုအပ်သလား?

အဖြေက နှစ်မျိုးပေးရမယ်။
တရားထူးရဖို့ အားထုတ်မယ် ဝဋ်မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကို
မျက်မှောက်ပြုရန် အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်း
ဆရာသမားနဲ့ အားထုတ်ရင် ဖြစ်တယ်။ အဘိဓမ္မာ မတတ်ရင်နေ တရားပြတဲ့ဘုန်းကြီးက လောကမှာဟေ့ ရုပ်နဲ့နာမ်ပဲရှိတယ်လို့ မြတ်စွာဘုရားက ဟောထားတယ်။ ဒီရုပ်နဲ့နာမ်ဟာလည်း အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောက မလွန်ဆန်နိုင်ဘူး။ အဲဒီလောက်လေး နားလည်ရင် တရားထိုင်လို့ ရတာပါပဲ။ ဒါမဟာစည်ဆရာတော်ဘုရားကြီးက အမိန့်ရှိထားတာ။
ဝတ္ထုကြောင်းတစ်ခုက ရှင်စူဋ္ဌပန်ဆိုတာ ဂါထာလေးတစ်ပုဒ်ကို လေးလ
ကျက်လို့ မရဘူးဆိုရင် သူဘယ်လိုလုပ် အဘိဓမ္မာတတ်မလဲ။ဒါပေမယ်လို့ မြတ်စွာဘုရားက ကမ္မဌာန်းပေးပြီး တရားထိုင်ခိုင်းလိုက်တော့ နာရီပိုင်းအတွင်း ရဟန္တာဖြစ်သွားတယ်။

ဒါပေမယ့်လို့ မြတ်စွာဘုရားဟောတော်မူတဲ့တရားတွေကို နားလည်ချင်ပါတယ်ဆိုရင် အဘိဓမ္မာမတတ်ရင် မဖြစ်ဘူး။အဘိဓမ္မာမတတ်ပဲ သုတ္တန်ဖတ်ရင် ကျကျနန ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် နားလည်နိုင်ဖို့ မရှိဘူး။

မြတ်စွာဘုရားဟောထားတဲ့ အကုသိုလ်မလုပ်နဲ့။ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ။ စိတ်ကိုဖြူစင်အောင်ထား။ ဒါ မြတ်စွာဘုရား ဟောကြားချက် အကျဉ်းချုပ်ပဲ။ အဲဒီသြဝါဒကို မိမိက လိုက်နာချင်တယ်။ အဲဒီတော့ အကုသိုလ်ဆိုတာဘာလဲ။ ကုသိုလ်ဆိုတာ ဘာလဲ။ ကိုယ်က ကုသိုလ် အကုသိုလ်မသိရင် ဘယ်လိုလုပ် လိုက်နာနိုင်မလဲ။

အဲဒါကြောင့် အဘိဓမ္မာမတတ်ရင် မြတ်စွာဘုရားဟောထားတာတွေ အပြည့်အဝ လိုက်နာနိုင်ဖို့ မလွယ်ဘူး။

ဆိုပါတော့ ဦးဇင်းကပြောမယ်။ မင်းတို့ထမင်းစားတုန်းလည်း အကုသိုလ် ဖြစ်နိုင်တယ်ဟေ့ဆိုရင် ရုတ်တရက်ဆို မခံချင်ဘူး။ ဘယ်နှယ့် ကိုယ့်ထမင်းကိုယ်စားတာပဲ။ ခိုးစားတာလဲ မဟုတ်ဘုး။ ရန်ဖြစ်စားတာလဲမဟုတ်ဘူး။ ကိုယ့်ဟာကို ရိုးရိုးစားတာပဲ။ ဘယ်လိုလုပ်ပြီးတော့ အကုသိုလ်ဖြစ်ရမလဲဆိုတော့ စားတဲ့အခါမှာ ကိုယ်က ကြိုက်တယ်။ နှစ်သက်တယ် တွယ်တာတယ်။ လောဘပါလာတယ်။ အဲဒါပြောတာ။ ဒီအကုသိုလ်ဟာ သူများအသက်သတ်တာ သူများပစ္စည်းခိုးတာလိုတော့ မဆိုးဘူးပေါ့။ သို့သော် အကုသိုလ်ဟာ အကုသိုလ်ပါပဲ။ မြတ်စွာဘုရားက အကုသိုလ်ရှောင်လို့ ပြောရင် မြတ်စွာဘုရားရဲ့ အဆုံးအမကို အသေအချာ လိုက်နာမယ်ဆိုရင် အဲဒါပါ အစရှောင်ရမှာ။

ကုသိုလ်ဆိုတာဘာလဲ။ အပြစ်မရှိဘူး။ ကောင်းသောအကျိုးကို ပေးတတ်တဲ့ သဘောတရားတွေကို ကုသိုလ်လို့ခေါ်တယ်။ ကုသိုလ်ကို ပြည့်စုံအောင်လုပ်ကြ စိတ်ကို ဖြူစင်အောင်ထားဆိုတော့ စိတ်အညစ်အကြေးတွေက ဘာတွေလဲသိဖို့ မလိုဘူးလား။ အဲဒါကြောင့် စိတ်အညစ်အကြေး မသိပဲနဲ့ စိတ်ကိုဘယ်လိုဖြူစင်အောင်ထားမလဲ။ မြတ်စွာဘုရားက ဟောထားတယ်။ စိတ်အညစ်အကြေးက ဘာလဲ။ လောဘ ဒေါသ မောဟ မာန ဝီစိကိစ္ဆာ ထိန မိဒ္ဓ ဒါတွေဟောထားတယ်။ အဲဒါကို ကိလေသာလို့ ခေါ်တယ်။

အဲဒီဟာတွေ နားလည်မှသာ မြတ်စွာဘုရားရဲ့ သင်ကြားချက်ကို နားလည်းလည်မယ်။ လိုက်လည်းလိုက်နာမယ်။ အဘိဓမ္မာဗဟုသုတ မရှိဘူးဆိုရင် ဒါတွေကောင်းကောင်း နားမလည်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရား ဟောတော်မူတဲ့ သုတ္တန်တရားတော် (ဆိုပါတော့) နားလည်ဖို့အရေးမှာ မရှိရင် မဖြစ်ဘူး။ အဲဒါတော့ သေသေချာချာမှတ်ထား။ သုတ္တန်တွေဖတ်ရင် အများကြီးတွေ့တယ်။ ဒါတွေ အဘိဓမ္မကို ( Refenece ) လုပ်မှသာ ဒါကိုနားလည်မယ်။ သို့မဟုတ်ရင် နားမလည်နိုင်ဘူး။ ငါတို့ဟာ ဘုရားရဲ့ သင်ကြားချက် တရားတော်တွေကို တကယ်နားလည်ချင်တယ် လိုချင်လာပြီဆိုရင်တော့ အဘိဓမ္မာ မကိုင်လို့ကို မဖြစ်ဘူး။

အဘိဓမ္မာ မတတ်နိုင်လောက်အောင် ခက်သလား ဒီလိုလည်း မဟုတ်ဘူး။ မတတ်နိုင်လောက်အောင်ခက်ရင် တတ်တဲ့လူတောင် ရှိမှာမဟုတ်ဘူး။ ကြိုးစားပြီး အချိန်ပေးပြီး နည်းနည်းချင်း လုပ်သွားရင် ရတာပါပဲ။

- အရှင်သီလာနန္ဒာဘိဝံသ ( D.Litt.)

( အဂ္ဂမဟာပဏ္ဍိတ- အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ )
ပါမောက္ခချုပ်ဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

အရှင်သီလာနန္ဒာဘိဝံသ (D.Litt.)၏ "အဘိဓမ္မာသင်တန်း ပို့ချချက်များ (ပထမတွဲ)" မှ ကောက်နုတ်ဖော်ပြထားပါသည်။

Posted by Words of Buddha

အဆုံးအမ သာသနာ


ယခုအခါ မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် လူဝတ်လဲ(သိက္ခာချ) သွားသောအခါ ဆရာတော်အား ကြည်ညိုလေးစားသော တပြည့် ဒါယကာ၊ ဒါယိကာမ အများအပြား ပူဆွေးသောက ရောက်ကြရပါတယ်။
သူတို့ အားကိုးအားထားရာ ဆရာတစ်ဆူ သာသနာမှ ပျောက်ကွယ် ဆုံးရှုံးသွားတာကို ၀မ်းနည်း၊ ပူဆွေး၊ ငိုကြွေး၊ ခိုကိုးရာမဲ့သလို ခံစားနေရပါတယ်။
ဒါပေမယ့် ဆရာတော်ဟာ အ၀တ်သာပြောင်းသွားတာပါ၊ စိတ်ဓာတ် နှင့် လုပ်ရပ်က မပြောင်းလဲပါဘူး။ ဆရာတော်ရေးသားခဲ့သော စာအုပ်ရေ (၆၅) အုပ်ဟာ ဆရာတော်၏ အဆုံးအမသာသနာ ဖြစ်ပါတယ်။
ဆရာတော်ရေးသားခဲ့သော စာပေများဟာလည်း လောကအတွက် အကျိုးကျေးဇူး များတယ်ဆိုတာ စာဖတ်ပရိတ်သတ် အားလုံးသိရှိပြီး ဖြစ်ပါတယ်။
အရှင်ဇ၀န တဖြစ်လဲ ဦးစိုးမြင့် (မေတ္တာရှင်ရွှေပြည်သာ) ကလောင်အမည်ဟာ အမျိုး ဘာသာ သာသနာအတွက် ရသစာပေလောကမှာ ဆက်လက်ရေးသား ထုတ်ဝေနေမှာပါ။
ဆရာတော်၏ အတွေးအခေါ် ဒဿ န များ ဟာ ဘာသာခြား၊ လူမျိုးခြားတွေပါ လက်ခံ အတုယူ ကျင့်သုံးနေကြတာ လက်တွေ့ပါဘဲ၊ ဒါကြောင့် ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ) ဟာ ပြည်ပနိုင်ငံများမှာ နေထိုင်လျှက် ဘာသာရေး၊ ရသ စာပေ၊ ဘာသာပြန်များ ဆက်လက်ရေးသား သာသနာပြုနေမှာပါ၊ မြန်မာပြည် စာဖတ်ပရိတ်သတ် အတွက်တော့ အားတက်စရာပါ။ ဂုဏ်ယူစရာပါ။
ဆရာတော် ရေးသားခဲ့သော စာပေ၊ ဟောကြားခဲ့သော တရားတော်များဟာ စာဖတ်ပရိတ်သတ် နှင့် တရားနာပရိတ်သတ်များအပေါ် အဖြူ စင်ဆုံး ရိုးသားခြင်း နှင့် စစ်မှန်သောမေတ္တာစေတနာ ထားခြင်းကြောင့်သာ စာပေလောက နှင့် ဓမ္မကထိကလောက တို့တွင်အောင်မြင်ခြင်း မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာပါ။
ဒီလောက် အောင်မြင်နေတာတောင် ဆရာတော်ဟာ အများအကျိုး နှင့် ပရဟိတအကျိုးအတွက် တင်းတိမ်ရောင့်ရဲ နိုင်ခြင်းမရှိခဲ့ပါ။
ကိုယ့်ကိုယ်ကို သိပ်အောင်မြင်နေပြီလို့ ထင်လာရင် ကိုယ်ထက်အောင်မြင်နေတဲ့ သူတွေကို မော့ကြည့်လိုက် ကိုယ်ဘာမှ မဟုတ်သေးဘူးဆိုတာ သိလာပါလိမ်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့ ယှဉ်ကြည့်လိုက်တော့ ဘာမှ မဟုတ်သေးပါဘူး၊
စာရေးတဲ့အဆင့်၊ လှူ ဒါန်းတဲ့အဆင့် တွေဟာ ဘာမှ မပြောပလောက်သေးပါဘူး၊ သူတစ်ပါးလှူ တာ လက်ဖြန့်ခံပြီး တဆင့်ပြန်လှူ တဲ့ အဆင့်လောက်ပဲရှိတာပါ။
အချိန်ပေးပါ၊ ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။
တချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ အောင်မြင်မှု အသီးအပွင့်တွေကို ပွေ့ပိုက်ပြီး မြန်မာပြည်က နွမ်းပါသူ ရဟန်းရှင်လူတွေရဲ့ ရင်ခွင်ထဲ အရာက်ပြန်လာမယ်ဆိုတာ နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။
နောင်လာမျိုးဆက် အနာဂတ်အတွက် ဘာသာဝင်တိုင်း၏ နှလုံးသားမှာ ဘုရားတည်မှသာ ဘာသာ၊ သာသနာ အဓွန့်ရှည်ကြာ တည်တံ့နိုင်မှာ ဖြစ်ပါတယ်။

နှလုံးသားမှာဘုရားတည်ခြင်း စာမေးပွဲများ နှစ်စဉ်ကျင်းပပြီး ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ပါတယ်။
စာမေးပွဲများ နှစ်စဉ်ဆက်လက် ကျင်းပနိုင်ရန်၊ ဆင်းရဲနွမ်းပါးသူတို့၏ ပညာရေး၊ ကျမ်းမာရေးတို့ကို ထောက်ပံ့စောင့်ရှောက်နိုင်ရန်၊ မေတ္တာရှင်ဖောင်ဒေရှင်း(ရွှေပြည်သာ) အဖွဲ့ကို
ဖွဲ့စည်းတည်ထောင် တာဝန်ပေးအပ်ပြီးဖြစ်ပါတယ်။
မေတ္တာရှင်ဖောင်ဒေးရှင်း (ရွှေပြည်သာ) အဖွဲ့ မှ ဆရာတော် ပျိုးထောင်ခဲ့သော ပရဟိတ သစ်ပင်ကြီးကို ဆက်လက်ရှင်သန် ကြီးထွားအောင် ဆောင်ရွက်သွားမှာပါ။

ဒီရက်ပိုင်းအတွင်းမှာ အင်တာနက်ဖေ့ဘုတ်များပေါ် အရှင်ဇ၀န၊ ညီမေတ္တာ၊ မေတ္တာရှင်ဖောင်ဒေးရှင်း (ရွှေပြည်သာ) အဖွဲ့ တို့အား သပုတ်လေလွင့်၊ အပုတ်ချ၊ သတင်းမျိုးစုံရေးသားပြီး၊ တိုက်ခိုက်စော်ကား နေတာကိုလည်း တွေ့ရပါတယ်၊
ဒါကြောင့် သက်ဆိုင်ရာများ နှင့် သတင်းမီဒီယာ အဖွဲ့များမှ
ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ) ၏ဘ၀သရုပ်ဖော် ဖြစ်ရပ်မှန်များကို မေးမြန်းခြင်း(အင်တာဗျုး)ကို ကိုယ်တိုင်ဖြေကြား ရှင်းလင်းခဲ့ပါတယ်။
မနက်ဖြန် နေ့စဉ်ထုတ် သတင်စာ၊ သတင်းဂျာနယ်မျာမှာ တရားဝင် ကြေငြာ သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။
---------------------------------------------------

ဖြစ်ထွန်းပေါက်ရောက်မည့်သူ
******************************
ဖြစ်မြောက်ထွန်းပေါက်မယ့်သူဆိုတာ - သူများပါးစပ်ဖျားမှာ လမ်းမဆုံးတတ်ကြဘူး၊
အညှာခိုင်တဲ့ သစ်ရွက်ဟာ တော်တော်တန်တန် လေပြင်းလောက်နဲ့ ကြွေမကျသလိုပေါ့။

အညှာမခိုင်တဲ့ သစ်ရွက်ဟာ လေလေးတစ်ချက် ဝေ့လိုက်ရုံနဲ့ ကြွေကျရသလို၊ ရည်ရွယ်ချက် မခိုင်မာတဲ့ သူတွေဟာလည်း ပြစ်တင်ဝေဖန်မူအနည်းငယ်နဲ့ ကြုံလိုက်ရတယ်ဆိုရင်ပဲ မိမိလုပ်ငန်းကို အလွယ်တကူ စွန့်ပြစ်တတ်ကြတယ်။

လူတစ်ယောက်၏ အစွမ်းအစ
*****************************
လူတစ်ယောက်၏ အစွမ်းအစကို နှုတ်ဖြင့်ကြိုပြောလျှင် ပေါ့သွားတတ်သည်။
အောင်မြင်အောင် လက်တွေ့လုပ်ပြခြင်းဖြင့်သာလျှင် လေးနက်ပြီးသမိုင်းဝင်စေသည်။

အမြဲတမ်း ကုသိုလ် ဖြစ်သူ
*************************
မေတ္တာဓာတ်ရှိသူသည် သူတစ်ပါး၏ ကောင်းကွက်ကိုသာ ရှာဖွေကြည့်ရူတတ်သောကြောင့် အမြဲတမ်း ကုသိုလ်ဖြစ်သည်။

ဦးစိုးမြင့် (မေတ္တာရှင်-ရွှေပြည်သာ)

ပမာနှိုင်းစရာမဟုတ်၊ သက်သေ သာဓကပြုပါရစေ။
မြတ်စွာဘုရား ပရိနိဗာန် မစံမှီအချိန် ညီတော်အာနန္ဒာ နှင့် သံဃာတော်များ (အနာဂါမ်၊ ရဟန္တာများမှအပ) တပည့်ပရိတ်သတ်တို့ ပူဆွေးသောက ငိုကြွေးကြပါတယ်။
““ မိမိတို့မှာအားကိုးရာ ဆုံးမမည့်ဆရာ မရှိတော့ပြီ””
ဘုရားရှင်ကိုယ်တော်မြတ် ပြန်လည်မိန့်တော်မူသည်မှာ
““ငါဘုရား ၄၅ ၀ါ ကာလပါတ်လုံး ဆုံးမဟောကြားခဲ့သော ဒေသနာတော်တွေဟာ သင်တို့အတွက် ဆရာဖြစ်ပါတယ်၊ ထိုဆရာများဖြင်သာ သင်တို့ မှီခိုအားထားရာ ပြုကြကုန်လော့”” ဟုမိန်တော်မူခဲ့ပါတယ်။


လူနတ်ဗြဟ္မာ သတ္တာအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်းရ်ျ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

Shared from Ashin Zawana (FB)

ဦးညွှတ်ပါသည် ဆရာ


မိမိလေးစားမြတ်နိုးရတဲ့ ဆရာသမားကို အခုလိုမြင်လိုက်ရတော့ ရင်ထဲအရမ်းဆို့နင့်ရပါတယ်။ ဘာနဲ့မှအစားထိုးလို့မရအောင် ဆုံးရှုံးမှုတစ်ရပ်လို့တောင် ဆိုရမှာပါ။ မိမိဘ၀ရဲ့ စိတ်ဓာတ်ပိုင်းရော အရည်အသွေးပိုင်းရောကိုပါ ဦးဆောင်လမ်းညွှန်မှုတွေ ပေးနေခဲ့တဲ့ ဆရာကို လက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။ မိမိဘ၀ကိုလည်း အောက်ခြေကနေ အမြင့်ကို ဆွဲတင်ပေးခဲ့တဲ့ဆရာမို့ အမြဲတန်းလေးစားလျှက် ရှိနေမှာပါ။

အ၀တ်သာပြောင်းသွားပေမဲ့ စိတ်ဓာတ်တွေ ပြောင်းလဲမသွားနိုင်ဘူး ဆိုတာကိုလည်း အကြွင်းမဲ့ ယုံကြည်ပါတယ်ဆရာ။ ဆရာ့ကို မနာလိုသူတွေက ဘယ်လိုပဲပြောကြပါစေ တပည့်တွေရဲ့ စိတ်ထဲမှာ ဆရာ့ကိုပဲ ဦးညွှတ်ပန်ဆင်ထားပါတယ်။ တစ်ချိန်က ဆရာဆုံးမခဲ့တဲ့ အဆုံးအမသြ၀ါဒလေးတွေကို အမြဲအမှတ်ရနေပြီး လိုက်နာဖို့ ကတိတွေပေးပါတယ်။

တစ်သက်တာလုံး သူများအကျိုးတွေဆောင်လာခဲ့တဲ့ ဆရာ့ကို အခုလိုနိမ့်ပါးနေတဲ့ အချိန်မျိုးမှာ မနာလိုသူတွေက ၀ိုင်းဝန်းထိုးနှက်ကြတာကို ရင်အနာဆုံးပဲဆရာ။ ဆရာ့ကို ဘာမှကူညီ ကာကွယ်မပေးနိုင်တာကိုလည်း ၀မ်းအနည်းဆုံးပါပဲ။ သူများတွေအပေါ် ဘယ်လိုပဲကောင်းခဲ့ကောင်းခဲ့ လူတွေက သိပ်ရက်စက်တာပဲနော်။ ဒါပေမဲ့ ပြန်လည်ချေပတာတွေကိုတော့ မလုပ်တော့ပါဘူးဆရာ။ ဆရာလိုပဲ သီးခံခြင်းတရားတွေနဲ့ အနိုင်ယူလိုက်ပါ့မယ်။

ဆရာခင်းပေးခဲ့တဲ့ လမ်းပေါ်မှာ မတိမ်းမချော်ရလေအောင် သတိထားပြီး တပည့်တွေက ဆက်လက်လျှောက်လှမ်းသွားမှာပါ။ ဆရာ့ကို လေးစားတာဟာ ဆရာ့ရဲ့ အ၀တ်ထက် ဆရာ့ရဲ့ စိတ်ဓါတ်ကိုပါ၊ ဆရာချပေးခဲ့တဲ့ လမ်းကြောင်းပေါ်မှာ တည့်တည့်မတ်မတ် တပည့်တို့ ကြိုးစားလျှောက်ကြမှာပါ။ နောင်ကိုလည်း အမြဲတန်းသတိတရနဲ့ ဥိးထိပ်ပန်ဆင်ထားပါ့မယ်လို့
ကတိပေးရင်း မျက်ရည်ကြားက ဦးညွှတ်လိုက်ပါတယ်ဆရာ။
ဆရာ့ဘ၀ ငြိမ်းချမ်းပျော်ရွှင်ပါစေ။

ဦးစန္ဒိမာ ခေတ္တ သီရိလင်္ကာ M.A

Sunday, July 20, 2014

ထေရ၀ါဒလာ ဂါထာ ဟုတ်၊ မဟုတ် စိစစ်ခြင်း


ဂါထာတစ်ခုကို ဘုရားဟောတရားတော် ဟုတ်နိုင် မဟုတ်နိုင်ကို မဟာပဒေသလေးပါးနှင့် စိစစ်ရသည်။ မဟာပဒေသဟူသည်- "ဘုရားဟောတရားတော်ကို တည်စေနိုင်သော
ကြီးမြတ်သောအကြောင်း"ဟု အဓိပ္ပာယ်ရသည်။
မဟာပဒေသလေးပါးနှင့် ညီညွတ်လျှင် ထေရဝါဒ၊ မညီညွတ်လျှင် ထေရဝါဒမဟုတ်ဟု ဆုံးဖြတ်ရပါမည်။ 
မဟာပဒေသလေးပါးမှာ-
၁။ သုတ္တ =ပိဋကသုံးပုံဘုရားဟော ပါဠိတော်များ။
၂။ သုတ္တာနုလောမ =ဘုရားဟောပါဠိတော်များနှင့် လျော်ညီသော အဓိပ္ပာယ် အကြောင်းအရာများ။
၃။ အာစရိယဝါဒ =အဋ္ဌကထာကျမ်းများ။
၎။ အတ္တနောမတိ =သုတ္တ သုတ္တနုလောမ အာစရိယဝါဒတို့မှ နည်းကို
ယူ၍ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ဆင်ခြင်သိရှိသော
အဓိပ္ပာယ်အကြောင်းအရာများ။

ဤအတ္တနောမတိကို ရှေးဆရာတော်များက ဋီကာကျမ်းဟု မိန့်ဆိုကြသည်။ ၄င်းလေးချက်တွင် အရေးအကြီးဆုံးမှာ သုတ္တခေါ် ဘုရားဟော ပါဠိတော်များပင် ဖြစ်သည်။ သုတ္တနုလောမ အာစရိယဝါဒ အတ္တနောမတိတို့သည် သုတ္တ ခေါ် ပါဠိတော်လာ အဓိပ္ပာယ်နှင့် မဆန့်ကျင်မှသာ မှန်ကန်သည်။ ထေရဝါနှင့်ညီညွတ်သည်ဟု ဆုံးဖြတ်ရမည်ဖြစ်ကြောင်း မဟာဝဂ္ဂအဋ္ဌကထာ မဟာပရိနိဗ္ဗာနသုတ်တွင် တိတိကျကျ ဖွင့်ပြထားပါသည်။

အပေါ်ယံနည်းဖြင့် ထေရဝါဒဂါထာ ဟုတ် မဟုတ် ဆုံးဖြတ်ပုံတစ်ခု ရှိပါသေးသည်။ ၄င်းမှာ တွေ့လာသောဂါထာတွင် "ဥုံ(သို့)သြောင်း"
တစ်ခုခုပါလျှင် ထေရဝါဒ မဟုတ်ကြောင်း ဆုံးဖြတ်ရန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဥုံဟူသည် ဥုမ်မှဖြစ်လာခြင်းဖြစ်သည်။ ဥုံကို ပုဒ်ခွဲလိုက်လျှင် "အ အု အမ် "ဟူ၍ဖြစ်လာသည်။ `အ´သည် လောကကိုဖန်ဆင်းသော ဗြဟ္မာကို ကိုယ်စားပြုသည်။ `အု´သည် ဗိဿနိုးနတ်ကို ကိုယ်စားပြုသည်။`အမ်´သည် သျှီဗစ် ခေါ် သီဝနတ်ကို ကိုယ်စားပြုသည်။ ထိုနတ်သုံးမျိုးလုံး ဟိန္ဒူ ဗြဟ္မဏသဘောမှာသာ ရှိသောကြောင့် ဥုံ သြောင်း ပါသော ဂါထာ မန္တာန် မှန်သမျှကို ဟိန္ဒူ
ဗြဟ္မဏဂါထာ မန္တာန်များဟု ခွဲခြားနိုင်ပါသည်။

၎င်းအချက်ကိုသတိမထားကြသော ဆရာအချို့က ဘုရားဟောဂါထာ အချို့ကိုပင် ဥုံ သြောင်း ခံ၍ ရွတ်နေကြရာ ဆွမ်းဆန်ထဲ ကြွက်ချေး အရောခံရသလို ဘုရားဟောပါဠိအချို့မှာ ဂုဏ်ငယ်ကြရပါသည်။
ထို့ကြောင့်လည်း မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်တွင်-
"တရားမကြိုက် လျှာဒုစရိုက်နှင့် လူမိုက်တစ်သောင်း ချီးမွမ်းရှောင်လည်း လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့ ရှေ့နောက်မဆ လူ့ဗာလတို့ ဂုဏဒေါသ နှစ်ဝကျိုးပြစ် စိစစ်မြော်မြင် မဆင်ခြင်ဘူး ဆိုချင် မက်မော ဆိုလျှင်ဇောဖြင့် သဘောအထိုက် တုတ်နှင့်ရိုက်သို့ သူမိုက်ချီးမွမ်း ဂုဏ်သောနွမ်း၏။" ဟူ၍ စပ်ဆိုတော်မူခဲ့ပါသည်။

တစ်ချို့တစ်ပိုင်းကြောင့် ကျက်စာရသောပုဂ္ဂိုလ် အချို့ပါ ဖော်ပြပါမဟာပဒေသလေးပါးကို သတိမမူကြပဲ ပရိတ်ကြီး (၁၁)သုတ်ကိုပင် တရားဟောမဟုတ် တန္တရဝါဒလာမန္တာန်များ
ဖြစ်သည်ဟု ဝါဒဖြန့်သံကို နေရာတော်တော်များများမှ ကြားနေရပါသည်။ အနည်းငယ်ဆန်းစစ်ပြပါမည်။

မင်္ဂလသုတ် ရတနသုတ် မေတ္တသုတ် ခန္ဓသုတ် မောရသုတ် ဝဋသုတ် ဓဇဂ္ဂသုတ် အာဋာနာဋိယသုတ် အင်္ဂုလိမာလသုတ်များ၏ အစဆုံးနှစ်ဂါထာ ဗောဇ္ဈင်သုတ်တစ်သုတ်လုံး အာဋာနာဋိယသုတ် ၆ ဂါထာမှတစ်ပါး ကျန်သော ပါဠိတော်၌ တိုက်ရိုက်မပါပေ။
သို့သော် ရှေးကျမ်းဂန်တတ်ဆရာတော်ကြီးများက သုတ္တ ခေါ် ဘုရားဟောပါဠိတော်များနှင့်အညီ စီကုံးထားခြင်းဖြစ်သောကြောင့် သုတ္တာနုလောမ ဟူသောအချက်နှင့် ညီညွတ်လျက်ရှိသည်ဖြစ်၍
ထေရဝါဒနှင့်မဆန့်ကျင်ပဲ ရွတ်ဖတ်သူများအတွက်
အလွန်အကျိုးများသော ဂါထာများပင် ဖြစ်ပါသည်။ ထိုနည်းတူ "သမ္ဗုဒ္ဓေ သိရသ္မိံ စက္ကုမာစရာမာစိဏ္ဏော"စသောဂါထာများသည်လည်း သုတ္တာနုလောမဂါထာများ ဖြစ်၍ ထေရဝါဒနှင့် မဆန့်ကျင်ကြောင်း သိအပ်ပေသည်။

[တန္တရဟူသည် ဉာဏ်ပညာဟု အဓိပ္ပာယ်ရသည်။ ဂါထာမန္တရာများသည် လောကီဉာဏ်ပညာမှစ၍ လောကုတ္တရာဉာဏ်ပညာအထိ ရရှိစေနိုင်သောကြောင့် တန္တရဟု ခေါ်ခြင်းဖြစ်သည်။
မန္တရယာနဟူသည်လည်း တန္တရယာနနည်းတူ မန္တာန်ကိုအသုံးပြုသော ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ခေတ်စားနေသော
"ဥုံမဏိ ပဒ္ဓမေဟုံ"ဟူသောမန္တာန်မှာ နီပေါနိုင်ငံမှလာသော မဟာယနမန္တာန်တစ်ခုပင် ဖြစ်ပါသည်။ "အဝလောကိတေသွာရ ဘုရားလောင်းက တာယာဒေဝီကို ခေါ်ခြင်း" ဖြစ်သည်။ ထေရဝါဒ
မဟုတ်သောကြောင့်လည်းကောင်း သဘာဝအားဖြင့်လည်း ရတနာသုံးပါးနှင့် စပ်ဆိုင်သောအချက် တစ်ခုမှမပါသောကြောင့်
လည်းကောင်း ကုသိုလ်တရားပွားများစရာမရှိ၍ မရွတ်သင့်ပါ။]

ဤpostကိုဖတ်မိသူများအားလုံး မိမိရွတ်နေသောဂါထာမှာ ထေရဝါဒဂါထာ ဟုတ် မဟုတ် ခွဲခြားနိုင်ကြပါစေ..
စေတနာဖြင့်..


အရှင်ဇဝန၏ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြသည်..
Shared from Ma Ohnmar Shin (FB)

Friday, July 18, 2014

The History of Myanmar's Martyr's Day


On July 19, 1947, at approximately 10:37 a.m., BST, several of Burma's independence leaders were gunned down by a group of armed men in uniform while they were holding a cabinet meeting at the Secretariat in downtown Yangon. The assassinations were planned by a rival political group, and the leader and alleged mastermind of that group Galon U Saw, together with the perpetrators, were tried and convicted by a special tribunal presided by Kyaw Myint with two other Barristers-at-law, Aung Thar Gyaw and Si Bu. In a judgment given on 30 December 1947 the tribunal sentenced U Saw and a few others to death and the rest were given prison sentences. Appeals to the High Court of Burma by U Saw and his accomplices were rejected on 8 March 1948. In a judgment written by Supreme Court Justice E Maung (1898–1977) on 27 April 1948 the Supreme Court refused leave to appeal against the original judgment. (All the judgments of the tribunal, the High Court and the Supreme Court were written in English. The judgment of the tribunal can be read in "A Trial in Burma" by Dr Maung Maung (Martinus Njhoff, 1963) and the judgment of the High Court and Supreme Court can be read in the 1948 Burma Law Reports.)

The President of Burma Sao Shwe Thaik refused to pardon or commute the sentences of most of those who were sentenced to death, and U Saw was hanged inside Rangoon's Insein jail on 8 May 1948. A number of perpetrators met the same fate. Others, who had played relatively minor roles and were sentenced to various terms of imprisonment, also spent several years in prison.

The assassinated were:[2]

Aung San, Prime Minister
Ba Cho, Minister of Information
Mahn Ba Khaing, Minister of Industry
Ba Win, Minister of Trade
Thakin Mya, Minister of Home Affairs
Abdul Razak, Minister of Education and National Planning
Sao San Tun, Minister of Hills Regions
Ohn Maung, Deputy Minister of Transport
Ko Htwe, Bodyguard of Razak

Tin Tut, Minister of Finance, was seriously wounded but survived. Many Burmese believe that the British had a hand in the assassination plot one way or another; two British officers were also arrested at the time and one of them charged and convicted for supplying an agent of U Saw with arms and munitions enough to equip a small army, a large part of which was recovered from a lake next to U Saw's house in the immediate aftermath of the shooting.[3]

Soon after the assassinations, Sir Hubert Rance, the British governor of Burma appointed U Nu to head an interim administration and when Burma became independent on 4 January 1948, Nu became the first Prime Minister of independent Burma. July 19 was designated a public holiday and to be known as Martyr's Day.

Copy - wikipedia
Photo credit to Burmese Martyr's Day ( Arzarni Day )
KMT-MM

ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် ဘာတွေ သိလာနိုင်တုန်း ?


မြတ်စွာဘုရားက တရား ၃ -မျိုး ,ကိုယ့်စိတ်ထဲမှာ ဖြစ်တတ်တဲ့ အချက် ၃-မျိုးကို ဟောထားတယ်။

နံပတ်တစ် က ခံစားချက်ဝေဒနာ , လောက လူတွေမှာ ခံစားချက်ဟာ အဓိကကျတယ် , ခံစားချက်ပေါ်မှာ မူတည်ပြီးတော့ လူတွေက လှုပ်ရှားနေကြတယ် , ခံစားချက်လို့ ဆိုတဲ့နေရာမှာ ပျော်ရွှင်ချမ်းမြေ့ခြင်း ခံစားမှု , ဝမ်းနည်းကြေကွဲမှုခံစားမှု , နောက်တစ်ခုကတော့ ဝမ်းနည်းတာလည်းမဟုတ်ဘူး ,ဝမ်းသာတာလည်း မဟုတ်ဘူး ,'အဒုက္ခမသုခ'လို့ ဆိုတဲ့ ခံစားမှု ,အဲဒီခံစားချက်ကတော့ မထင်ရှားတဲ့ ခံစားချက်ပဲ။အဲဒီ ခံစားချက်တွေကို မိမိသန္တာန်မှာ ဖြစ်တာကိုလည်း ထင်ထင်ရှားရှားသိတယ်,ဖြစ်လာပြီးသည့်နောက် မိမိသန္တာန်မှာ တည်နေတာကိုလည်း ထင်ထင်ရှားရှား သိတယ် ,ပျက်သွားတာကိုလည်း ထင်ထင်ရှားရှား သိတယ် ,ခံစားချက်နဲ့ ပတ်သက်ပြီး သတိသမ္ပဇညတရားကို အရှိန်မြှင့်လိုက်တဲ့ အခါမှာ ဝိပဿနာဉာဏ်နဲ့  ထင်ထင်ရှားရှားကြီး သိသွားတယ်။

နောက်တစ်ခုက အာရုံနဲ့ တွေ့ တိုင်း တွေ့ တိုင်း မှတ်တမ်းတင်တတ်တဲ့ သညာ , အဲဒီ သညာတရားပေါ်လာတာကိုလည်းပဲ ထင်ထင်ရှားရှားသိတယ် , သညာ တရားရဲ့ လုပ်ဆောင်မှုတွေကိုလည်းပဲ ထင်ထင်ရှားရှား သိတယ် , ချုပ်ငြိမ်းသွားတာကိုလည်းပဲ ထင်ထင်ရှားရှား သိတယ် ။

နောက်တစ်ခုက ဘုန်းကြီးတို့ တစ်တွေမှာ စိတ်ကလေးပေါ်လာတာနဲ့ တစ်ပြိုင်နက် ဟိုတွေး ဒီတွေး တွေးတတ်တဲ့ အတွေးလေးတွေ ရှိတယ်ပေါ့ ,အဲဒီအတွေးကို ဝိတက် လို့ ခေါ်တယ် ,ကြံစည်ခြင်း စိတ်ကူးခြင်းလို့ ခေါ်တယ် , အဲဒီ ကြံစည်ခြင်း စိတ်ကူးခြင်းဆိုတဲ့ အတွေးနဲ့ ပတ်သက်ပြီး ပေါ်လာတာကိုလည်း သိလိုက်တယ် , ပျောက်သွားတာကိုလည်း သိလိုက်တယ် , ထင်ရှားရှိစဉ် ဆောင်ရွက်နေတာကိုလည်း သိလိုက်တယ် ။ ဒီလို ကိုယ့်သန္တာန်မှာ သဘာဝတရားတွေရဲ့  ဖြစ်လာမှု ,ပျက်စီးသွားမှုတွေကို ထင်ထင်ရှားရှား သိလာပြီဆိုရင် ဒါအဆင့်မြင့်တဲ့ ဝိပဿနာဉာဏ်လို့ ခေါ်တယ်။

အဲဒီ ဝိပဿနာဉာဏ် ရှိလာပြီဆိုရင် လောဘတွေ ဒေါသတွေ မောဟတွေကို ပိုပြီး ဝေးဝေးလံလံရောက်သွားအောင် တွန်းထုတ် ဖယ်ရှားပစ်နိုင်တဲ့ စွမ်းရည် သတ္တိတွေ ရလာတယ် ,ဝိပဿနာဉာဏ်ရင့်သန် သွားပြီဆိုတဲ့အခါ အဲဒီ ဝိပဿနာဉာဏ် အရှိန်အဟုန် ကြီးမားလာတာနဲ့  တစ်ပြိုင်နက် သူက အကျိုးတစ်ခုကို ဖြစ်ပေါ်စေတယ်။

ဝိပဿနာကျင့်လိုက်လို့ နောက်ဆုံးရလာတဲ့ အသိဉာဏ်က ဘာတုန်းဆိုလို့ ရှိရင် သင်္ခါရတရားတွေရဲ့  သဘာဝကို ဆင်ခြင်စဉ်းစားရင်းက နေပြီး သင်္ခါရသဘာဝတွေအားလုံး နောက်ဆုံးပိတ် ချုပ်သွားတဲ့နေရာကို မြင်နိုင်ခြင်းဖြစ်တယ်။ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ခုနက လောဘဆိုတာ အမြစ်ပါပြုတ်သွားတယ် ,ဒေါသဆိုတာလည်း အမြစ်ပါပြုတ်သွားတယ် ,မောဟ ဆိုတာလည်း အမြစ်ပါပြုတ်သွားတယ် ,နောက်ထပ် မလာနိုင်တော့ဘူး ,အဲဒါကိုပဲ ဝိပဿနာ အရှိန်မြှင့်လို့ ရလာတဲ့ မဂ်စိတ်ပေါ်တာ လို့ ပြောတာနော်။ အဲဒီလို မဂ်စိတ် ပေါ်လာပြီးတဲ့နောက်မှာ လောဘ ဒေါသ မောဟတွေရဲ့ အပူတွေကို ထပ်ပြီး ငြိမ်းပေးတဲ့ ဖိုလ်စိတ်ပေါ်တယ်။

သင်္ခါရတွေရဲ့ ချုပ်ဆုံးရာဖြစ်တဲ့ နိဗ္ဗာန်ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်သန္တာန်မှာရှိတဲ့ အဆိုးတရားတွေဟာ လုံးဝအမြစ်ပါမကျန် ပျောက်သွားတယ် , အသိပညာကို အဆင့်မြင့်တဲ့ ဝိပဿနာဉာဏ် အဆင့်ရောက်အောင် မြှင့်တင်ပေးလိုက်နိုင်ပြီဆိုရင် ကိုယ့်ရဲ့ စိတ်နှလုံးထဲမှာ ပူလောင်ညစ်နွမ်းစေတက်တဲ့ သောကတွေ ဒေါမနဿတွေ အားလုံးကို ဖယ်ရှားပစ်နိုင်တယ် ။ တကယ့်ကို ငြိမ်းတဲ့ အငြိမ်းဓာတ်နဲ့ ချမ်းမြေ့တဲ့ ဘဝမှာ နေနိုင်တယ်လို့  မြတ်စွာဘုရားက ဟောထားခြင်း ဖြစ်ပါတယ် ။

"သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း" လို့ ဆိုတဲ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဒီတရားတော်ကို နာယူမှတ်သားပြီးတဲ့အခါမှာ "တို့ တစ်တွေ ဘဝမှာ ဘာတွေ လုပ်ရမယ် " ဆိုတာ ကိုယ်စီကိုယ်စီ မှတ်သားလေ့လာပြီး ဘဝရဲ့ ငြိမ်းချမ်းမှုကို ရလိုသူတိုင်း "ဒီလမ်းစဉ်အတိုင်း လေ့ကျင့်ခြင်းဖြင့် ဘဝရဲ့ ငြိမ်းချမ်းမှုကို ရမှာပဲ"လို့ ဧကန်ယုံကြည်ပြီး ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်
အဂ္ဂမဟာ ပဏ္ဍိတ ဒေါတ်တာအရှင်နန္ဒမာလာဘိဝံသ

Thursday, July 17, 2014

တာဝတိသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ဝင်ပေါက်၏ ဘယ်ဘက်အခြမ်း ရွှေရောင်နံရံတွင် ကဗ္ဗည်းထိုးမှတ်တမ်းတင်ထားသော ရဟန္တာကြီးများ


October 1, 2013 at 8:40pm

၁။ လယ်တီဆရာတော်ဘုရားကြီး

၂။ ကန္နီ ဆရာတော်ဘုရားကြီး

၂။ ဝေဘူဆရာတော်ဘုရားကြီး

၃။ အင်ချောင်ဆရာတော်ဘုရားကြီး

၃။ စွန်းလွန်း ဆရာတော်ဘုရားကြီး

၎။ တောင်တန်း သာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရ

၅။ မင်းကွန်းဆရာတော်ဘုရားကြီး ဦဝိစိတ္တသာရဘိဝံသ (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာဖြစ်သွားသည်)

ဤအချက်သည် အငြင်းပွားဖွယ်ရှိပါသည်။ မှတ်ချက်တွင်ရေးသားသော အကြောင်းအရာ(သို့မဟုတ်) အရှင်ဆန္ဒာဓိကရေးသားသော ဘဝအဓိဋ္ဌာန် စာအုပ် စာမျက်နှာ ၅၄ကို ဖတ်ရှုပေးပါရန်)

၆။ မဟာစည်ဆရာတော်ဘုရားကြီး

၇။ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

၈။ သဲအင်းဂူဆရာတော်ဘုရားကြီး

၉။ မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး

၁၀။ ပထမ တော်ကူးဆရာတော်ဘုရားကြီး

၁၁။ ဒုတိယ တော်ကူးဆရာတော်ဘုရားကြီး

၁၂။ ဆားတောင်ဆရာတော်ဘုရားကြီး

၁၃။ ပခုက္ကူ အနိစ္စ ဆရာတော်ဘုရားကြီး

၁၄။ ပထမ ဖားအောက်ဆရာတော်ဘုရားကြီး

၁၅။ ဒုတိယ ဖားအောက်ဆရာတော်ဘုရားကြီး

၁၆။ သဒ္ဓမ္မရံသီဆရာတော် ဥုးကုဏ္ဍလာဘိဝံသ

၁၇။ အနာဂါမ် ဆရာသက်ကြီး (နောက်ဆုံးခန္ဓာဝန်ချခါနီး ကပ်၍ ရဟန္တာ ဖြစ်သွားသည်)

မိုးကုတ် နိဿယဖြင့် ပဋိပတ္တိ သာသနာပြု ရဟန္တာမထေရ်မြတ်ကြီး များအချို့

၁။ ကျေးဇူးတော်ရှုင် မိုးကုတ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအသျှင်ဝိမလ ရဟန္တာမဟာထေရ်မြတ်ကြီး (၁၂၆၁ - ၁၃၂၄၊ သီတင်းကျွတ်လပြည့်ကျော်၊ ၄၊ ဗုဒ္ဓဟူးနေ့၊ နေ့လယ် ၁:၂၀)

၂။ ဇီးတော တောရ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအသျှင်သာဂရ ရဟန္တာအရှင်မြတ်ကြီး (၁၂၇၄ ~ ၁၃၄၄၊ ကဆုန်လကွယ်နေ့၊ သောကြာနေ့၊ သောကြာနေ့၊ ည ၁၂ မထိုးခင်)(မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဇီးတောရွာ၊ မြသီတာကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်)

၃။ မြေငူတောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုသလ ရဟန္တာအရှင်မြတ်ကြီး ( ၁၂၇၆ - ၁၃၄၅၊ သီတင်းကျွတ်လဆန်း၊ ၁၄)(မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ မြေငူရွာ၊ သရက်တော တောရကျောင်း)

၎။ နန္ဒာဝန်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသာသနာ့ ရဟန္တာအရှင်မြတ်ကြီး (၁၂၆၆ - ၁၃၅၄၊ ပြာသိုလဆန်း၊ ၅၊ နံနက် ၆:၃၀)( ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ ဘဒလင်ရပ်၊ နန္ဒဝန်ကျောင်းတိုက်ကြီး)

၅။ မိုးယူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒာဝံသ ရဟန္တာအရှင်မြတ်ကြီး (၁၃၀၄ - ၁၃၆၆၊ တပို့တွဲလပြည့်ကျော်၊ ၁၃၊ အင်္ဂါနေ့၊ မနက်၊ ၉:၀၀)( စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဆည်ကြီးတောင်၊ မိုးယူရွာ)

၇။ ဆင်ဖြူကျွန်း၊ မိုးကုတ်ဓမ္မရိပ်သာဆရာတော်ဘုရားကြီး အသျှင်ဓမ္မသာရ ရဟန္တာအရှင်မြတ်ကြီး

၈။ အသုတ်မြို့၊ နန်းဦးဆရာတော်ဘုရားကြီး ဘဒ္ဒန္တသုန္ဒရ ရဟန္တာအရှင်မြတ်ကြီး(ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ နန်းဦးဓမ္မရိပ်သာကျောင်းတိုက်)

၉။ အောင်ခဲ့စဉ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကောဝိဒ ရဟန္တာအရှင်မြတ်ကြီး( စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွေမုဋ္ဌောသာသနာ့ရိပ်သာ)

၁၀။ တစ်ဘဝသာသနာကျမ်းပြုအကျော် ဘဒ္ဒန္တယောသိတ ရဟန္တာအရှင်မြတ်ကြီး (၁၂၉၁ - ၁၃၆၈၊ တပို့တွဲလပြည့်ကျော်၊ ၆၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၇:၂၀)( ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ရေကူးဘူတာရုံလမ်း၊ သံဃတက္ကသိုလ်ကျောင်းတိုက်)

၁၁။ ပတ္တမြားရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘိတ ရဟန္တာအရှင်မြတ်ကြီး ( ၁၂၉၁ - ၁၃၆၈၊ တပေါင်းလပြည့်ကျော်၊ ၇၊ သောကြာနေ့၊ နံနက် ၇:၃၀)( မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နန်းတော်ရာရပ်၊ ပတ္တမြားရိပ်သာ)

၁၂။ အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဦးသံဝရ မှတ်ချက်အထက်ပါ စာရင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဒွိဟဖြစ်စရာ ရှိပါသည်။ ဤစာရင်းကို အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာ အားထုတ်သော ယောဂီများမှ သမာဓိ တရားအာရုံဖြင့် တာဝတိ`ံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ဝင်ပေါက်၏ ဘယ်ဘက် အခြမ်း ရွှေရောင် နံရံတွင် ကဗ္ဗည်းထိုး မှတ်တမ်းတင် ထားသော ဤကမ္ဘာမြေ (တောင်ကျွန်း) နိုင်ငံအရပ်ရပ် မှ ရဟန္တာ ကြီးများ၏ ဘွဲ့အမည်နှင့် မဂ်ကျသော နေ့စွဲ စာရင်းမှ မြန်မာဆရာတော်ကြီးများ၏ စာရင်း တပိုင်းတစ ကို တရားအာရုံဖြင့် မြင်ရသမျှကို ပြန်လည် ပြုစုထားပါသည်။ မှန်သည်၊ မှားသည်ကိုတော့ ခွဲခြားရန် မလွယ်ကူသဖြင့် မိမိတို့ အသိဥာဏ်ဖြင့် ချင့်ချိန် ယုံကြည်ကြစေလိုပါသည်။

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ နံရံတွင် ကဗ္ဗည်းထိုး ထားသည့်စာရင်းမှာ နိုင်ငံပေါင်းစုံမှ ဆရာတော်ကြီးများ၏ မူလဘွဲ့အမည်ရင်းကိုသာ အသုံးပြုထားပြီး မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အရ ဆရာတော်ကြီးများ၏ မူရင်းဘွဲ့အမည်အစား ဆရာတော်ကြီးများ သီတင်းသုံးသော ကျောင်းအမည်၊ သို့မဟုတ် နေရာဒေသ အမည် စသဖြင့် နာမ်စား ခေါ်ဆိုရိုး ထုံးစံရှိသည့်အလျှောက် နတ်ပြည်မှ စာရင်းနှင့် မြန်မာများခေါ်ဆိုသုံးစွဲသည့်အမည်ကို တိုက်ကြည့်ရန် အခက်အခဲရှိပါသည်။

နတ်ပြည် ရှိ ရဟန္တာကြီးများ၏ စာရင်းသည် အလွန်များပြားလှပါသည်။ ထိုစာရင်းမှ မည်သည့် ဘွဲ့အမည်သည် မြန်မာပြည်မှ ဆရာတော်ဖြစ်ကြောင်း ခွဲခြားရန်လဲ ခက်ခဲပါသည်။ ထို မှတဖန် ဘွဲ့အမည်ကို မြန်မာအများစုခေါ်ဆိုသော အမည်သို့ပြောင်းလဲရန်လည်း အခက်အခဲရှိပါသည်။ သို့ဖြစ်ပါ၍ လက်လှမ်းမှီသလောက်ကိုသာ ဖေါ်ပြထားပါသည်။

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက် ဘယ်ဘက်အခြမ်း အတွင်းနံရံတွင် ရဟန္တာ ကြီးများ၊ အနာဂမ်၊ သက္ဒါဂမ်၊ သောတာပန်များ၏ အမည်ကို မှတ်တမ်းတင်ထားပြီး ညာဘက်အခြမ်း ဂူနံရံတွင် မြတ်စွာဘုရားဟောကြားခဲ့သော အဘိဓမ္မာတရားတော်များကို မှတ်တမ်း တင်ကဗ္ဗည်းထိုးထားပါသည်။

ရုတ်တရက်ကြည့်လျှင် ရွှေရောင်နံရံပေါ်တွင် ဓါးနှင့် မြောက်များစွာ ချစ်ထားသလို အရာများသကဲ့သို့ ဖြစ်ပေါ်နေပြီး စာတလုံးခြင်းကို အာရုံပြုလျှင် သင့်လျှော်သည့် ဘာသာဖြင့် ထင်ရှားပြသပါသည်။

တာဝတိ`ံသာနတ်ပြည် စူဠာမဏိ စေတီတော်သည် ရွှေတိဂုံစေတ်ီတော်မြတ်ကြီးနှင့် ဆင်တူယိုးမှားရှိသော်လည်း စူဠာမဏိ စေတီတော်သည် အောက်ခြေ အတွင်း၌ လှိုဏ်ဂူပါသော စေတီတော် ဖြစ်ပါသည်။

မန္တလေးမြို့ရှိ ဘုရားနီစေတီတော်နှင့် ပုံစံတူ ဖြစ်ပါသည်။ (ဘုရားနီ စေတီ ပြန်လည်တည်ဆောက်စဉ်က ဆရာတော်ကြီးတပါးပါးမှ တရားအာရုံဖြင့် မြင်ရသော စူဠာမဏိ စေတီပုံစံတူကို ဆောက်လုပ်ခဲ့သည်ဟု ယူဆရပါသည်)။

စူဠာမဏိ စေတီတော်၏ ဂူ ဝင်ပေါက်သည် တပေါက်တည်းရှိပြီး၊ လှိုဏ်ဂူအတွင်း ဝင်ပေါက်တည့်တည့်တွင် ရွှေရောင်ပလ္လင် အထက်၌ ဗုဒ္ဓမြတ်စွာဘုရား၏ ရွှေရောင် ရုပ်ပွားတော်တဆူနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်နှင့် ဆံတော်များကို ဖန်အုပ်ဆောင်း အစရှိသော အကာအကွယ်မပါသော ရွှေကလပ်ပေါ်တွင် ကြည်ညို ဖွယ် ဖူးတွေ့နိုင်ပါသည်။ (နတ်ပြည်တွင် သူခိုး၊ ဓါးပြရန် မရှိ၍ အကာအကွယ်မထားခြင်းဟု ယူဆရပါသည်။ )

စူဠာမဏိ စေတီ တော် ၏ အဆောက်အအုံတခုလုံးကို ရွှေရောင် ဖြင့်တည်ဆောက်ထားပါသည်။ စူဠာမဏိ စေတီ တော်တည်ရှိသောနေရာသည် ဤကမ္ဘာ အရှေ့မြောက် ဘက် အထက် အရပ်ဝန်းကျင်၌ တည်ရှိပြီး၊ သကြားမင်းနေထိုင်သော ဘုံဗိမ္မာန်သည် အနောက်ဘက် အထက် အရပ်ဝန်းကျင်၌ ပါသည်။

လှိုဏ်ဂူ၏ အကျယ်အဝန်း(သို့မဟုတ်) နတ်ပြည်ရှိ ပုံသန္တာန်များသည် ကြီးမားလှသဖြင့် လူသားမျက်စေ့ဖြင့် မြင်နိုင်ပါစေဟု မေတ္တာပြု၍ ဖူးမျှော်နိုင်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ဗုဒ္ဓမြတ်ဘုရား၏ တရားတော်များနှင့် ကမ္မဋ္ဌာန်း ဎိပဿနာကျင့်စဉ်များကို ယုံကြည်စိတ်ချစွာ အားထုတ်ပြီး တရားထူးတရားမြတ်များ လျှင်မြန်စွာ ရနိုင်ကြပါစေ........

အခြား သိမှတ်ဖွယ် အချက် အလက်များ သူတော်စင် အများစုတို့သည် ငယ်စဉ်အခါမှ ဗုဒ္ဓဘာသာစာပေများကို ထိတွေ့ရင်းနှီးကြပေလိမ့်မည်။ ဘာသာရေးအကြောင်းအရာဆိုလျှင် ငရဲမင်းကြီး၏ အခန်းကဏ္ဏသည် မပါလျှင် မပြီးသော အကြောင်း အရာ တခုဖြစ်သည်။ ပန်းချီ၊ ပန်းပု စာပေ အနုပညာရှင်ကြီးများသည် မိမိတို့၏ စိတ်ကူးဖြင့် မှန်းဆ၍ ငရဲပြည်၏ မြင်ကွင်းကို ပုံဖေါ်၍ ပန်းချီ ရုပ်ပြ ပုံဆောင်များကို ရေးဆွဲခဲ့ကြသည်ကို ကြုံတွေ့ဖူးကြပါလိမ့်မည်။

အာနာပါန ကမ္မဋ္ဌာန်းနှင့် ဎိပဿနာအားထုတ်သော ယောဂီများသည် သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့လည်း စူစမ်း လေ့လာခဲ့ကြပါသည်။ထိုယောဂီများ၏ အဆိုအရ ငရဲမင်းကြီးသည် ပန်းချီသရုပ်ဖေါ်များသကဲ့သို့ ချိုကြီးများနှင့် ကြောက်စရာ အသွင်သဏ္ဍန် မဟုတ်ဘဲ အလွန်တရာလှပ ချောမောသော နတ်သား တပါးသာဖြစ်ကြောင်း သိရှိရပါသည်။ (သူ၏အတိတ်ဘဝ ကုသိုလ်ကြောင့်သာ ငရဲမင်းကြီးအဖြစ် အမှုထမ်းနေရသည်ဟု ယူဆရပါသည်။)

ငရဲမင်းကြီးသည် အလွန်တရာ သဘောကောင်းပြီး သတ္တဝါများကို ငရဲမှ ခံစားစေလိုစိတ် ရှိဟန်မတူပါ။ ငရဲသား သတ္တဝါအပေါင်းတို့ ငရဲခံမှုများကို လျှော့ပေါ့စေရန် ယ္ခင်ကပြုခဲ့ဘူးသော အလှုဒါနများကို သတိရအောင် ကူညီပြောပြပေးတတ်သည်ဟု သိရှိရပါသည်။ အထူးသဖြင့် သူတော်စင်တို့အမျှပေးဝေသည့်အခါ ငရဲမင်းကိုလည်း တိုင်တည် အမျှဝေခဲ့ဘူးမည်ဖြစ်ပါသည်။ ထိုသို့ငရဲမင်းကြီးကို တိုင်တည် အမျှပေးဝေခဲ့သည့် ကုသိုလ်ကို ပြန်လည်သတိရရန် ငရဲမင်းကြီးက ဘယ်နေ့ဘယ်အချိန်က သူ့ကို ဘယ်လိုကုသိုလ်ပြု၍ အမျှပေးဝေခဲ့ကြောင်း သတိရရန် ပြောပြပေးတတ်သည်ဟုလည်း သိရှိရပါသည်။ ငရဲမင်းကြီးသည် လပြည့်၊ လကွယ် နေ့များတွင် နတ်ပြည်သို့တက်၍ ဥပုသ်သီလ ဆောက်တည်တတ်ပါသည်။ ဤအချက်ကို အကြောင်းပြုခဲ့ဟန်တူပါသည်။ အချို့သော လူကြီးသူမများက လပြည့်၊ လကွယ် နေ့များတွင် သေလျှင် အပါယ်တံခါးပိတ်သည်ဟု ပြောစမှတ်ရှိကြပါသည်။ ဤအချက်ကို သမာဓိ တရားအာရုံဖြင့် ငရဲပြည်သို့စူးစမ်းလေ့လာခဲ့ကြသော ယောဂီများကို မေးမြန်းရာ ငရဲမင်းကြီး နတ်ပြည်သို့သွား၍ ဥပုသ်သီလ ဆောက်တည်နေခြင်းကြောင့် ငရဲမင်းကြီး အလုပ်ပြန်ဆင်းတဲ့အထိ စောင့်နေကြရခြင်းပါ၊ ငရဲကျဖို့ တစ်ရက်နောက်ကျခြင်းမျှသာ ဖြစ်သည်ဟု ရှင်းပြကြပါသည်။

ထို့အပြင် ပြိတ္တာတို့သည်လည်း ငရဲမင်းကြီး၏ထံတွင် စစ်ချက်ယူရကြောင်း ကြားသိရပါသည်။

စေတီပုထိုးများ

၁) ဒုဿစေတီ သည် ဗြဟ္မပြည် အကနိဋ္ဌဘုံတွင် တည်ရှိပါသည်။

၂) မေတ္တာသဟာရစေတီတော်သည် ဗြဟ္မပြည် အောက်ဆုံးဘုံ ဗြဟ္မပြရိသဇ္ဖာဘုံတွင် တည်ရှိပါသည်။ (ဤျစေတီသည် စာပေကျမ်းဂန်ထဲတွင် မပါဝင်သဖြင့် အငြင်းပွား စရာ ရှိပါသည်)

၃) စူဠာမဏိ စေတီတော်သည် တာဝတိ`ံသာနတ်ပြည်တွင် တည်ရှိပါသည်။ မှတ်ချက် စူဠာမဏိ စေတီတော် အကြောင်းကို ဖေါ်ပြစဉ်က ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်နှင့် ဆံတော်များကို ဖန်အုပ်ဆောင်း အစရှိသော အကာအကွယ်မပါသော ရွှေကလပ်ပေါ်တွင် ကြည်ညို ဖွယ် ဖူးတွေ့နိုင်ပါသည်။

(နတ်ပြည်တွင် သူခိုး၊ ဓါးပြရန် မရှိ၍ အကာအကွယ်မထားခြင်းဟု ယူဆရပါသည်။ ) ဟူ၍ ရေးသားခဲ့ပါသည်။

နတ်တို့သည် ငါးပါးသီလ လုံခြုံပါသလားဟု မေးစရာရှိပါသည်။ဤအချက်ကို ယောဂီများနှင့် ပြန်လည်ဆွေးနွေးရာ ငါးပါးတွင် ၄-ပါးတော့ လုံကြပါသည်။ သို့သော် နတ်ပြည်တွင် သေရည်၊သေရက် သောက်စားသော နတ်(အသူရာနတ်) များရှိကြသည်ဟု သိရှိရပါသည်။

တချို့သော နတ်သမီးတို့သည် အတိတ်ဘဝ ကုသိုလ်အားနည်းမှုကြောင့် ဘုံကိုပိုင်ဆိုင်သော နတ်သားတပါးပါး၏ဘေး၌ှ ဇနီး-နတ်သမီးဘဝအဖြစ်သို့ မဖြစ်ပဲ ထီးထီးကြီးလဲ သွားဖြစ်တတ်ပါသည်။ ထိုအခါ ထိုနတ်သမီးသည် ပိုင်ရှင်မဲ့ဖြစ်သည့်အလျှောက် မည့်သည့်နတ်သားကိုမဆို ကာယ-ကာမဆန္ဒဖြည့်စွက်ပေးရသည့် အခြေအနေမျိုးဖြင့် နေရသော နတ်သမီး များလည်းရှိသည်ဟု ကြားသိရပါသည်။ မှန်၊ မမှန်တော့ မသိပါ။ သို့ပါ၍ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် လူ့ဘဝသို့ရခိုက် နတ်ပြည်၊ ဗြဟ္မပြည် များကို မတောင့်တဘဲ နိဗ္ဗာန်သို့သာရည်စူး၍ ကမ္မဋ္ဌာန်း ဎိပဿနာကျင့်စဉ်များကို ယုံကြည်စိတ်ချစွာ အားထုတ်ပြီး တရားထူးတရားမြတ်များ လျှင်မြန်စွာ ရနိုင်ကြပါစေ

..........တခြား အချက်အလက်များ

- နတ်များသည် နတ်ဘုံ တခုမှ တခုသို့ ကူသန်း သွားရောက် လည်ပါတ်ရန် မစွမ်းသာ ဟုဆိုပါသည်။

အထက်ဘုံမှ တန်းခိုးကြီးသော နတ်များ သာလျှင် (ဥပမာ - သကြားမင်းကြီး) နတ်ပြည်ရှိ ဘုံများနှင့်၊ လူ့ပြည် ဘုံများကို ကူးသန်းသွာလာနိုင်ပါသည်။

ကျွန် တော် လည်း အင် တာ နက် ထဲ က တွေ့  လို့  ကူးယူ ပြီး post တင် လိုက် တာ ပါ...ရေး သားသူကို မမှတ် မိ နှိုင် တော့ ပါ... အကယ် ၍ များ ရေး သား သူ ပိုင် ရှင် ရှိ ပါ ကခွင့်  မတောင်း ပဲ ကူး ယူ တင် လိုက် မိ သည် ကို ခွင့်  လွတ် ပါ ရန် တောင် ပန် အပ် ပါသည်။ .. တပါ ထည်း ... ဤpost ကို တင် ခွင့် ပါ၊၊ မျှ ဝေ ခွင့်  ပြု ပါ ရန် .လေး စား စွာ ပန် ကြား အပ် ပါသည် ခင် ဗျား ။

UKKA

Shared from U Ko Ko Aung (FB)