Friday, July 4, 2014

ကြည်ညိုဖွယ်ရာ မတ္တရာဆရာတော်


မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်းက ရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့ အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျတော့ ဆွမ်းကိုပျော့အောင် ချက်ထားပါတယ်။ အဲဒီတော့..ဆရာတော်ကြီးက “အေး..ဒီနေ့ဆွမ်းက
ပျော့နေတယ်၊ ၀ါးရသက်သာလို့ ကောင်းတာပေါ့ကွယ်” တဲ့။ အဲဒါနဲ့ ပျော့တာမပြောရင် မာရင်ဘာပြောမလဲဆိုပြီး ဆွမ်းကို မာမာချက်တော့..“အေး..ဒီနေ့ဆွမ်းက မာမာတောင့်တောင့်လေး စားရ
တာပေါ့” လို့ပြောပြန်ပါတယ်။ ဒါနဲ့ တစ်နေ့ကျတော့ ဆားလေးလေးငန်ငန် ချက်ပြီးဆွမ်းကပ်တော့
“ဒီနေ့..ဆားငန်ငန်လေးလေးနဲ့ ဆိုတော့ အစာပိုကြေတာပေါ့” လို့ ပြောပါတယ်။ ဆားငန်ရမလားဆိုပြီး စိတ်မဆိုးဘဲ ဆားငန်သည့်အတွက်ကြောင့် အစာပိုကြေတာပေါ့တဲ့။ နောက်တစ်ရက်ကျတော့ ဆားမပါဘဲချက်ကာ ဆွမ်းကပ်လိုက်တော့ “အေး..ဒီနေ့ ရေငတ် သက်သာတာပေါ့” လို့ ပြောပြန်ပါတယ်။ စိတ်ဆိုးဆူပူတာ မရှိပါ။

အဲဒီလို အကောင်းဘက်ကနေ တွေးပြီးတော့ ကိုယ့်စိတ်ကိုယ်ထိန်းတာ သူတော်ကောင်းတွေရဲ့ စိတ်နေသဘောထား တစ်ခုဖြစ်ပါတယ်။ ဒေါသဖြစ်စရာ မရှိဘူး။ သာမန်ပုဂ္ဂိုလ်ဆိုရင် ထမင်းပျော့ရင် ပျော့ရမလားဆိုပြီး ရန်ဖြစ်ကြ၊ ထမင်းမာရင် မာရမလာဆိုပြီး၊ ဆားငန်ရင် ငန်ရမလားဆိုပြီး၊ ဆားမပါရင် ဆားမပါရမလားဆိုပြီး ရန်ဖြစ်ကြပါမယ်။ အဆင်မပြေ ဖြစ်ကြပါမယ်။ မတ္တရာဆရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင် ဘာပြဿနာမှတက်မှာ မဟုတ်ပါ။
တရားချစ်ခင် သူတော်စင်တို့ကလည်း မတ္တရာဆရာတော်ကြီးလို စိတ်ထားလေးများ ထားနိုင်ကြကာ မိမိတို့ဘ၀အတွက် ကောင်းသထက်ကောင်း မြင့်မြတ်သထက် မြင့်မြတ်ကာ နိဗ္ဗာန်ချမ်းသာကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

{၁၃၇၀ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်း၌ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော
သူတော်ကောင်းတို့၏ စိတ်နေသဘောထားတရားတော်ကို ကိုးကားရေးသားပူဇော်ပါသည်။}

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment