Friday, July 4, 2014

သုတမယ ပညာ


သုတမယ-ဆိုတာ ကြားနာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပညာကို သုတမယပညာလို့ ခေါ်ပါတယ်။ နားကကြားနာလိုက်ရလို့၊ နားထောင်လိုက်ရလို့၊ သင်ယူလိုက်ရလို့- ရလိုက်တဲ့ ပညာမှန်သမျှ သုတမယ- ကြားနာခြင်းက ထုတ်လုပ်ပေးတဲ့ ပညာမျိုးပါ။
တရားပွဲကြီးတွေ ကျင်းပပြီးတော့ တရားနာကြပါတယ်။ ထိုတရားပွဲက ရလိုက်တဲ့ အသိပညာတွေဟာ သုတမယပညာတွေပဲ ဖြစ်ပါတယ်၊ ဘယ်နေ့မှာ ဘယ်ဆရာတော်က ဘာဟောသွားတယ်၊ ကြားလိုက်ရတယ်၊ ဟောသွားတဲ့ အချက်အလက်တွေက မိမိတို့ ဘဝ
တစ်သက်တာအတွက် မှတ်သားစရာတွေဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် အခွင့်မရလို့ မကြည့်နိုင်တဲ့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း
လေးထောင်- သင့်လျော်ရာရာ ဘုရားဟောထားတဲ့ တရားထဲက ထုတ်နှုတ်ပြီးတော့ ဟောပြောထားတာ ဖြစ်ပါတယ်။

အဲဒီ ဟောပြောတဲ့အထဲက မိမိကကြားလိုက်ရလို့၊ သင်ယူလိုက်ရလို့ သိလိုက်ရတဲ့ ပညာရပ်ကို သုတမယပညာ လို့ ခေါ်ပါတယ်။ ကြားနာခြင်းက ထုတ်လုပ်ပေးတဲ့ပညာ ဖြစ်ပါတယ်။ ဒါကြောင့် တရားနာခြင်းသည် ပညာရခြင်း၏ အကြောင်းတရားနံပါတ်(၁) နည်းလမ်းတစ်ခုဖြစ်ပါတယ်။

“တရားပွဲတော်မှ ဖိတ်ကြားပါသည်။”
===================
၁။ သာသနာနှင့် လူ့ဘ၀၊
တွေ့ဆုံဖို့ရန် လွန်စွာခက်ခဲလှ။
သာသနာနှင့် တွေ့ဆုံတုန်း၊
တရား များများ နာကြအုန်း။
လူ့ဘ၀သို့ ရောက်ရှိတုန်း၊
တရားတွေ့အောင် ကြိုးစားအုန်း။
တရားတွေ့အောင် ရှာရန်မှာ၊
တရားနာမှ တွေ့ရှိမှာ။
ဓမ္မ မိတ်ဆွေ များသဟာ၊
တရားပွဲသို့ ရောက်အောင်လာကြပါ။ ။
၂။ တရားပွဲသို့ လာလိုက်ပါ၊ရင်ဝယ်ငြိမ်းချမ်း သွားစေမှာ။
ဘ၀သံသရာ တစ်လျှောက်လုံး၊
အ၀ိဇ္ဇာအမှောင် လိုက်လို့ဖုံး။
အ၀ိဇ္ဇာအမှောင်ကို အနိုင်ယူမှာ၊
သတိ ဉာဏ် ပညာ။
သတိဉာဏ်ပညာ တိုးပွားဘို့၊
တရားပွဲသို့ ရောက်အောင်သွားကြစို့။
“တရားပွဲလာ များသဟာ၊
စောင့်မျှော်ကြိုဆို လျှက်ပါ။ ။
(သဟပုညကာရီ ဓမ္မ အကျိုးတော်ဆောင်များ)
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း တရားနာခြင်းသည် ပညာရခြင်း၏ အကြောင်းတရားနံပါတ်(၁) နည်းလမ်းဆိုတာ နားလည်သဘောပေါက်ကြပြီး တရား
ကြားနာခြင်းကြောင့် အသိပညာ တိုးပွားကာ ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့ ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
နိုင်ကြပါစေကုန်သတည်း။

{ ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့ တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့် မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment