Friday, July 4, 2014

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး


သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး အမှန်တရားကို မသိတာကအဓိကပါ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိတတ်ကြပါ။ ခွဲခြားမသိတဲ့ အတွက်ကြောင့် မလုပ်သင့်တာကို လုပ်မိခြင်း၊ လုပ်သင့်တာကျတော့ မလုပ်မိခြင်း ဖြစ်နေကြပါတယ်။ မသိလို့ အဆိုးကို အကောင်းထင်ပြီး လုပ်မိတတ်တတ်ကြပါတယ်။ 

သူတော်ကောင်းတို့ သိကြတဲ့အတိုင်း ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့ အင်မတန် ထင်ရှားတဲ့ သူဌေးတွေပါ။ အဲဒီထဲက ဇဋိလရဲ့အမေဟာ သူဌေးသမီးတစ်ယောက်ပါ။
ဝိဇ္ဖာဓိုရ်နဲ့ တိတ်တိတ်ပုန်းမွေးလို့ ဇဋိလဟာ သူဌေးသားဖြစ်ပေမယ့် သူမွေးလာတာ ဖအေမပေါ်ဘူး။ တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်းက လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ အိုးထဲထည့်ပြီး မြစ်ထဲမျှောချလိုက်တယ်။ မြစ်အောက် ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူကြပါတယ်။ နောက်တော့ သူ့ကံအားလျော်စွာ အိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေး
ကြီး ဇဋိလဖြစ်သွားပါတယ်။
ဇဋိလဟာ သူဌေးသမီးရဲ့သားဖြစ်ပါလျက်နဲ့ အိမ်မှာကျွေးမွေးထားခြင်း မခံရဘဲ ရေထဲမှာ အမျှောခံရတယ်ဆိုတာ တစ်ခုသော ဘ၀မှာ အမှားအယွင်း လုပ်ခဲ့လို့ပါ။

ကဿပဘုရားရဲ့ စေတီတည်တဲ့ အချိန်မှာ ရဟန္တာတစ်ပါး ကြွလာပြီးတော့ ဒကာ၊ ဒကာမတွေကို နှိုးဆော်ပါတယ်။ “ စေတီအတွက် ရွှေတွေ လိုနေပါသေးတယ်၊ တာဝန်ယူထားတာ ပြည့်စုံအောင် လှူကြဖို့ ” လိုက်ပြီးတော့ တိုက်တွန်းတယ်။ ဇဋိလသူဌေးအလောင်းက အဲဒီတုန်းက ရွှေပန်းထိမ်သည် ဖြစ်တယ်။ သူကလည်းတာဝန်ယူထားတယ်။ အဲဒီရဟန္တာ ကြွလာခါနီးမှာ အိမ်က ဇနီးသည်နဲ့ စကားများ ရန်ဖြစ်ထားတယ်။ စိတ်ဆိုးနေတဲ့အချိန်ဖြစ်နေတယ်။ စိတ်ဆိုးနေတဲ့ အချိန်မှာ ရဟန္တာက လာနှိုးဆော်တော့ “ ကိုယ်တော်တို့ ဘုရားကို ရေထဲသာ မျှောပစ်လိုက် ” လို့ပြောလိုက်မိတယ်။
ဘာမှအပြစ်မရှိတဲ့ဘုရား ရေထဲမျှောပစ်လိုက်လို့ ပြောတော့ အမျိုးသမီးက “ ရှင် ကျမကို စိတ်ဆိုးရင် ကျမကိုရိုက်ပေါ့၊ ဘာလို့ ဘုရားကို ပြစ်မှားတာလဲ။ ” ဆိုတော့မှ သူသတိရသွားပြီး ရဟန္တာကို ပြန်တောင်းပန်တယ်။ ရဟန္တာက ညွှန်ပြတဲ့အတိုင်း ရွှေပန်းအိုးကြီးသုံးလုံး လုပ်ပြီးတော့ ဘုရားကိုကန်တော့ပြီး အပြစ်မှကင်းလွတ်အောင် ၀န်ချတောင်းပန်ခဲ့ပါတယ်။ 
သို့သော် ဖြစ်လေရာဘ၀ ဘယ်တော့မှ အိမ်မှာမကြီးရဘူး၊ ရေထဲအမျှောခံရပါတယ်။ ဒါကြောင့် သံသရာခရီးမှာ မှားမှားယွင်းယွင်း လုပ်မိပြီဆိုရင် ဆိုးကျိုးပေါ်လာတတ်ပါတယ်။ သူတော် 
ကောင်း သူတော်စင်တို့ကလည်း တရား သဘောကိုသိရှိနားလည် သဘောပေါက်ကြပြီး မိမိရထားတဲ့ဘ၀မှာ အမှားအယွင်းတွေ မလုပ်မိအာင် သတိထားပြီး ရှောင်ကြဉ်ကာ ကောင်းတဲ့ ကုသိုလ်အမှုများကိုသာ ပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။

{ ၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌ ဒေါက်တာ အရှင် နန္ဒာမာလာဘိဝံသ ဟောကြားတော်မူသော သံသရာခရီးသွား အမှားမလုပ်မိစေနှင့် တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment