Sunday, April 26, 2015

" ေ နာ က် ဆုံး အ ချိ န် "


သာမန်ဝန်ထမ်းမိသားစုတစ်ခုမှာ မွေးဖွားကြီးပြင်းလာခဲ့ရသောမိမိရဲ့ဘဝ သက်တမ်းတစ်လျှောက်ဟာ တခြားသူအချို့ရဲ့ ဘဝတွေလို မပြည့်စုံလှပေမဲ့ ကိုယ့်ရဲ့ဘဝပေး အခြေအနေကို ရောင့်ရဲကျေနပ်စွာနဲ့ ရှင်သန်နိုင်ခဲ့ ပါတယ်။ကြိုးစားပမ်းစား အင်ဂျင်နီယာဘွဲ့ကလေးတစ်ခု ချို့တဲ့စွာ ရယူရင်း အလုပ်ဝင်တော့လည်း အဖေ့ရဲ့ကိုယ်ကျင့်သီလအမွေနဲ့ အလုပ်တွေကို တာဝန်ကျေပြွန်အောင် ကြိုးစားရွက်ဆောင် ခဲ့တာမို့ လုပ်ဖေါ်ကိုင်ဖက်တွေ၊ လူကြီးတွေရဲ့ အားကိုးရသူ အရေးပါ အရာရောက်သူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
မိန်းမသားတစ်ယောက် အတွက် ခက်ခဲလှတဲ့ အလုပ်ခွင်ထဲမှာ ကိုယ်ကျင့်သီလနဲ့ ရိုးသားမှုကိုသာ အားကိုးလို့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာမို့ စိတ်ထဲမှာ လုံခြုံမှုရှိလှပါတယ်။ မိဘတွေနဲ့သာ တစ်သက်လုံးနေဖို့ ဆုံးဖြတ်ထားရင်း
တဖက်ကလည်း ဒါန သီလ ဘာဝနာအမှုတွေကို နိုင်သလောက်အားထုတ်လို့ ထိုက်သင့်သလောက် အေးချမ်းတဲ့ ဘဝတစ်ခုကိုလည်း တည်ဆောက်နိုင်ခဲ့ပါပြီ။
ဘာပဲပြောပြော မိမိအတွက်တော့ အခုလိုအေးချမ်းစွာ အသက်ရှင်နေထိုင်ရတာဟာ ကျေနပ်စရာပါ။ အခက်အခဲတွေထိုက်သင့်သလောက်ရှိခဲ့ပေမဲ့ အပူပင်နည်းပါးစွာနဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။
အင်း … အဲဒီလိုပဲ ထင်ခဲ့တာပေါ့လေ။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိဘတွေရဲ့ အဆုံးအမတွေကို အမွေဆက်ခံရင်း ကုသိုလ်အမှုတွေကိုလည်း ကိုယ်စွမ်းနိုင်သလောက် ပြုလာခဲ့တာ လူမှန်းသိတတ်ကာစ ကထဲကပါပဲ။
လွန်ခဲ့တဲ့ နှစ်တွေကထဲက တရားစခန်းတွေဝင်ပြီး တရားအားထုတ်ခဲ့သလို အိမ်ကဘုရားစဉ်ရှေ့မှာလည်း ပုံမှန်တရားထိုင်ဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကျင့်သားရလာတာမို့ နှစ်နာရီ သုံးနာရီလောက် နာကျင်မှုတွေ မပေါ်ပဲသက်သာစွာ ထိုင်နိုင်ခဲ့တာဟာ ကိုယ့်အတွက်တော့ အောင်မြင်မှုတစ်ခုလိုပါပဲ။
ကိုယ့်ကိုယ်ကို တရား ကြာကြာထိုင်နိုင်သူ အဖြစ်လည်း စိတ်ထဲမှာ ကြိတ်ပြီး ဂုဏ်ယူနေမိပါတယ်။
ရဲရဲဝံ့ဝံ့ ဂုဏ်မယူမိတာကလည်း အကြောင်းရှိပါတယ်။
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုပါပဲလေ။
ဘာပြောပြော တကယ့်အရေးတွေမှာ ဘာမဟုတ်တဲ့ အခက်အခဲ ကလေးတွေကိုတောင် ရင်မဆိုင်နိုင်ခဲ့တဲ့ မရဲရင့်နိုင်ခဲ့တဲ့ ကိုယ့်အကြောင်းကို ကိုယ့်ထက် ဘယ်သူကသိမှာလဲ။

ပြဿနာက မိမိမှာမကြာခဏဖြစ်တတ်တဲ့ အစာအိမ်ရောဂါ ထတတ်တဲ့ အချိန်နဲ့ တခြားနာကျင် ကိုက်ခဲတဲ့ရောဂါတွေ ဖြစ်လာတဲ့ အချိန်တွေပါပဲ။ တရားထိုင်စဉ်တုံးက နာကျင်မှုတွေကို ရင်ဆိုင်ကျော်လွှားပြီး ရှုမှတ်နိုင်ခဲ့တဲ့ မိမိဟာ အစာအိမ်ရောဂါထလို့ ဗိုက်နာတဲ့အခါမှာတော့ အဲဒီ နာတာကို ဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး။
ရောဂါမသက်သာမချင်း အလွန်စိတ်ဆင်းရဲစွာနဲ့ ကြိတ်မှိတ်ခံနေရတာပါပဲ။
မကြာခဏဖြစ်တတ်လွန်းလို့ ကြောက်နေမိပါတယ်။
အဲဒီအချိန်မှာ ဘာမှလည်း မမှတ်နိုင်တော့ပါဘူး။
အဆက်မပြတ်နာနေတဲ့ ရောဂါကိုပဲ ငါ့ကျမှခဏခဏ ဖြစ်ရလေခြင်းဆိုပြီး အားငယ်ဝမ်းနည်းနေမိပါတယ်။
ဗိုက်နာတာကိုကြောက်သလို ဆေးထိုးဆေးစားလုပ်ရမှာကိုလည်း ကြောက်တာပါပဲ။
ဒီလောက်တရားတွေ ထိုင်နိုင်ထားတာတောင် တကယ်ရောဂါတွေကြောင့် တကယ် နာကျင်ကိုက်ခဲ လာတဲ့အခါ ဘာကိုမှ မရှုနိုင် မမှတ်နိုင်ပဲ တရားလက်လွတ် ဖြစ်နေရတာဟာ ကိုယ့်အားနည်းချက်ပါပဲလေ။
ကိုယ့်ကိုယ်ကို ဟုတ်ပြီလို့ ထင်ထားသမျှ ဗိုက်နာမှ ဘာမှ မဟုတ်သေးမှန်း ဘွားကနဲ ထင်ရှားလာပါတော့တယ်။

ကျေးဇူးတော်ရှင်ဆရာတော်ကြီးတွေရဲ့တရားတွေကိုနာယူရင်း ဘဝထဲမှာ သတိပဋ္ဌာန်တရားတွေကို ကျင့်သုံးဖြစ်လာတဲ့ အပြောင်းအလဲတစ်ခုဟာ မိမိကိုများစွာကျေးဇူးပြုခဲ့ပါတယ်။
ဘဝထဲမှာ သတိနဲ့နေထိုင်ပြောဆိုတတ်တဲ့ အလေ့အကျင့်တွေကို စတင် လေ့ကျင့်ဖြစ်ခဲ့တာဟာ အလွန်အကျိုးများလှပါတယ်။
သွားရင်းလာရင်း နေရင်းထိုင်ရင်း ကိုယ့်မှာ ထင်ရှားနေတတ်တဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတွေကို ဖြစ်တိုင်းမသိနိုင်ပေမဲ့ တတ်နိုင်သလောက်တော့ သိအောင်ကြိုးစားခဲ့ပါတယ်။
အဲဒီလို သိနေရင်းနဲ့ပဲ တဖြည်းဖြည်း ထူးခြားလာတာတစ်ခုကတော့ ကိုယ့်ဘဝထဲမှာ နေနေတဲ့ အချိန်တော်တော်များများမှာ စိတ်အေးလက်အေး ရှိလာတာပါပဲ။
စိုးရိမ်ပူပန်တတ်တဲ့စိတ်တွေ အရင်ကထက်များစွာ
လျော့နည်းလို့လာပါတယ်။
အစာအိမ်ရောဂါထလာတဲ့ အချိန်တွေမှာ "ဗိုက်နာပြန်ပြီဆရာရေ"လို့ ဆေးကုပေးနေကျ ဆရာ့ကို အေးအေးဆေးဆေးပြောနိုင်လာခဲ့ပါတယ်။
အရင်က သည်းမခံနိုင်လွန်းလို့ ပူပူလောင်လောင် ငိုမလိုလို ဖြစ်ခဲ့ရတာတွေကိုတောင် ပြန်သတိရရင်း စိတ်ထဲမှာ ရှက်ပြူံးပြုံးမိပါသေးတယ်။
ကိုယ့်ကိုယ်ကို အနည်းငယ်တော့ တိုးတက်လာတယ်လို့ပဲ ညွတ်နူးစွာ နှစ်သိမ့်မိပါတယ်။

မိမိကိုမကြာခဏ ဒုက္ခပေးတတ်တဲ့ အစာအိမ်ရောဂါဟာ ကင်ဆာရောဂါ ဖြစ်နေလိမ့်မယ်လို့တော့ တစ်ခါမှ မတွေးမိခဲ့တာ အမှန်ပါ။
အစာအိမ်မှန်ပြောင်း ကြည့်ပြီး စစ်ဆေးလိုက်တဲ့ အခါမှာ အစာအိမ်ကင်ဆာဆိုပြီး ထွက်လာတဲ့ အဖြေကို မိမိအံ့အားသင့်စွာ လက်ခံလိုက်ရပါတယ်။
မျှော်လင့်မထားမိခဲ့တဲ့ ဇာတ်သိမ်းပိုင်းကိုတော့ ရောက်လာပါပြီ။
စိတ်ထဲမှာပူကနဲ တစ်ချက်ဖြစ်မိပေမဲ့ ဒါဟာမိမိရဲ့ ကံအကျိုး ပေးတစ်ခုသာမို့ ရင်ဆိုင်ရတော့မှာပါပဲ။
အသက်သုံးဆယ်ကျော် မိန်းမသား တစ်ယောက်အတွက် ရွေးချယ်စရာမရှိတော့တဲ့ ဘဝနိဂုံးဟာ ဘာဘဲပြောပြော အလွန်အားငယ်ဖို့ ကောင်းလှပါတယ်။
တကယ်တမ်းကျတော့ ကိုယ့်ဘဝမှာ ရွေးချယ်ခွင့်ဆိုတာ ဘယ်တုံးကမှ မရခဲ့ မရှိခဲ့တာကို အခုမှပဲ သတိထားမိပါတော့တယ်။
ဒီလောက်ပဲ နေခွင့်ရှိသလား ကံတရားရယ်။

ပထမအကြိမ် ခွဲစိတ်မှုတစ်ခုဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
အစာအိမ် တစ်ခုလုံးထုတ်ထားရတာမို့ အစာစားတာ ရေသောက်တာကအစ တစ်ဇွန်း နှစ်ဇွန်းလောက်သာ သောက်လို့ရပါတော့တယ်။ ဘာဘဲဖြစ်ဖြစ်ဒီလောက် သက်သာလာတာဟာ ကိုယ့်အတွက်တော့ အခွင့်အခါကောင်း တစ်ခုလို့သာ နှလုံးသွင်းမိပါတယ်။
ကိုယ့်ခန္ဓာ ကိုယ့်စိတ်ကို ပိုသိအောင်လေ့လာဖို့ အချိန်ရလိုက်တာပဲလို့ တွေးရင်းဝမ်းသာရပါတယ်။
ကိုယ့်စိတ်ကို အေးအေးဆေးဆေး ကြည့်ခွင့် ရတာပဲ တော်လှပါပြီလေ။

အဲဒီအချိန်မှာပဲအလွန်အံ့အားသင့်စရာကောင်းတာတွေကိုသတိထားမိ လာပါတယ်။
ကိုယ့်စိတ်ကို သေချာလေ့လာကာမှပဲ အရင်တုံးက ကိုယ်မသိခဲ့တဲ့ ကိလေသာတွေ၊ မဖြစ်ဘူးလို့ ထင်ထားခဲ့တဲ့ စိတ်ဆိုးစိတ်ညံ့တွေကို မြင်လာရပါတော့တယ်။
ထစ်ဆိုတာနဲ့ စိတ်မရှည်တာ၊ သည်းမခံနိုင်တာ၊ တွန့်တိုတာ၊ ကျန်းမာနေတဲ့ သူတွေကို မနာလိုဖြစ်မိတာ၊ မကြာခဏသူများကို အပြစ်မြင်မိတာ။
ပြောပြ ရင်ကုန်နိုင်စရာ အကြောင်း မရှိလောက်အောင် များပြားလိုက်တဲ့ အကုသိုလ်စိတ်တွေပါလား။
ကိုယ် မဖြစ်ချင်ပေမဲ့ ဖြစ်ဖြစ်လာတတ်တဲ့ ဒီစိတ်တွေကို သိပေးရုံမှတပါး ကိုယ်ဘာမှ မတတ်နိုင်တာလည်း အမှန်ပါ။
ဘာပဲပြောပြော သူတို့သာ အစွဲတငေါငေါနဲ့ လူလုံးမပြရင် ကိုယ့်မှာ ကင်ဆာထက်ဆိုးတဲ့ ကိလေသာအနာရောဂါတွေရှိနေမှန်း ဘယ်လိုမှမသိနိင်တာမို့ ကျေးဇူးတောင် တင်ရအုံးမှာပါ။
ကိလေသာတွေအကြောင်းကို နားလည်ဖို့ လေ့လာရင်းနဲ့ပဲ ကိုယ်ဥပါဒါန်ကပ်ခဲ့တဲ့ ကိုယ့်မိသားစုအပါအဝင် တခြားအရာတွေကိုပါ ဖွဖွလေးချည်နိုင်ဖို့ တစ်ဖက်က ကြိုးစားရပါတယ် ။
ဒါတွေအားလုံးကို တစ်ချိန်မှာ အစွဲတွေ နည်းပါစွာနဲ့ စိတ်ချလို့ ထားခဲ့ချင်ပါတယ်။

ဒီလိုနဲ့ ၈ လလောက် ရောဂါသက်သာလာတဲ့ အနေအထားကနေ စားသမျှတွေ ပြန်အန်ပြီး အခြေအနေ ပြန်ပြီး ပိုဆိုးလာပါတယ်။ ရေတစ်ဇွန်းလောက်သောက်တာကိုပဲ ပြန်အန်နေတာမို့တစ်ခုခုတော့ တကယ်ကို မှားနေပါပြီ။
အောင်မြင်နေတဲ့ အလုပ်ကလည်း ထွက်လိုက် ရပါတယ်။
ကိုယ့်ကို နှုတ်ဆက်သတင်းမေးကြတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို ကြည့်ရင်း တွေးနေမိပါတယ်။
အင်ဂျင်နီယာဘွဲ့ရ လူငယ်တစ်ယောက်၊
လူတိုင်းက တန်ဘိုးထားရတဲ့ ဝန်ထမ်းကောင်းတစ်ယောက်၊
လူ့အောက် မကျစေဖို့ လူတွေအထင်ကြီးစေဖို့ အားစိုက်ကြိုးပမ်းခဲ့ရတဲ့ သူတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်တွေဟာ သူ့နေရာ သူ့အချိန်ကာလတွေတုံးက တန်ဖိုးတစ်ခုခုရှိခဲ့တာကို မငြင်းလိုပေမဲ့ အခုအချိန်မှာတော့ အရာအားလုံးဟာ ဘာတစ်ခုမှ အဓိပ္ပါယ်မရှိတော့သလိုပါပဲ။
အရာ အားလုံးကို ထားခဲ့ရဖို့ သေချာနေတဲ့ သူတစ်ယောက်အတွက် အခုအချိန်မှာ ဘာကို တန်ဖိုးထားရပါ့မလဲ။

ကင်ဆာဆဲလ်တွေ အူမှာပြန့်နေတယ်ဆိုတဲ့ အဖြေနဲ့အတူ နောက်ဆုံးမျှော်လင့်ချက်တစ်ခုအဖြစ် နောက်ထပ်ခွဲစိတ်မှုတွေကို အရိုးပေါ်အရေတင်နေတဲ့ မိန်မသားတစ်ယောက် မနိုင်မှန်းသိရက်နဲ့ ရင်ဆိုင်ရ တာဟာလည်း ကိုယ့်ရဲ့ ကံအကျိုးပေးတစ်ခုပါပဲ။
သတိပဋ္ဌာန်တရားကိုသာ လက်ကိုင်ပြုလို့ အားတင်းရင်ဆိုင်ခဲ့ရတဲ့ အလွန်နာကျင်ပင်ပန်းလှတဲ့ ခွဲစိတ်မှုတွေ များစွာပြီးဆုံးသွားတဲ့ အချိန်မှာတော့ တိကျတဲ့ အဖြေတစ်ခု ထွက်လာပါတယ်။
လူနာ၊ လူနာရှင်တွေနဲ့ ဆရာတွေအားလုံး သဘောညီစွာလက်လျှော့ လိုက်ကြပါပြီ။

ကင်ဆာဆဲလ်တွေပျံ့နှံနေလို ဖောင်းကားနေတဲ့ဗိုက်မှာပိုက်မျိုးစုံ
တပ်ထားရင်း၊ ပိန်လှီခြောက်ကပ်နေတဲ့ လက်တွေမှာ ဆေးပုလင်းတွေ အဆက်မပြတ်သွင်းထားရင်း၊ အသက်ရှုစက်က အောက်စီဂျင် ဓာတ်ငွေ့တွေကို မဝတဝ ခက်ခဲစွာ ရှူရှိုက်ရင်း ကိုယ့်ရဲ့ နောက်ဆုံးအချိန်ဟာ တဖြည်းဖြည်းနီးကပ်လာပြီဆိုတာ လက်ခံနားလည် လိုက်ရပါပြီ။
တစ်နေ့ထက်တစ်နေ့ပိုဆိုးလာတဲ့နာကျင်မှုတွေ မောပန်းမှုတွေဟာအလွန် ဆိုးရွားပြင်းထန်လှပါတယ်။
မျှော်လင့်ချက်မဲ့နေတဲ့စိတ်အခြေအနေဟာ အခုလိုပြင်းထန်လှတဲ့ နာကျင်မှုတွေကို မခံနိုင်တော့ပါဘူး။
သတိကပ်လို့မရအောင် နာကျင်မောပန်း လှပါတယ်။
"သမီး တရား မှတ်လို့ ရရဲ့လား"လို့မေးတဲ့ အမေ့ကို ဝမ်းနည်းစွာ ခေါင်းခါပြမိပါတယ်။ အသက်ရှူရတာက အစ ခက်ခဲလှပါတယ်။
မဝေးတော့ဘူးဆိုတာ အလွန်ထင်ရှားနေပါပြီ။
တစ်နေရာပြီးတစ်နေရာ ပြောင်းပြောင်းပြီး နာနေတဲ့ ခံရခက်လှတဲ့ နာကျင်မှုတွေသာ ထင်ရှားနေပါတော့တယ်။
မဆုံးနိုင်တဲ့ နာကျင်မှုတွေကို သိနေရတာ ပင်ပန်းလိုက်တာ။

အဲဒီအချိန်မှာပဲ အဆက်မပြတ်ခံစားနေရတဲ့နာကျင်မှုတွေဟာ တဖြည်းဖြည်းနဲ့ လျော့လျော့လာပါတယ်။
နောက်ဆုံးဘေးပါတ်ဝန်းကျင်က အသံတွေသာကြားနေရပေမဲ့ တစ်ချိန်လုံးနှိပ်စက်နေတဲ့နာကျင် ကိုက်ခဲမှုတွေဟာ အလွန်ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပါပြီ။
ဆရာတော်တွေဟောတဲ့ "လူတစ်ယောက် သေခါနီးမှာ ကာယပသာဒတွေ အရင်ချုပ်တယ်" ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်ဟာ အလွန် မှန်ကန်လှပါတယ်။
ဒါကြောင့် နာကျင်မှုတွေ သက်သာသွားခဲ့တာကိုး။
မိမိ အတွက်တော့ ဒီအချိန်ဟာ အလွန်ကို တန်ဖိုးရှိလှပါတယ်။
နောက်ဆုံး အခွင့်အရေးတစ်ခုကို အသုံးချ နိုင်ဖို့ လေ့ကျင့်ထားခဲ့တဲ့ သတိပဋ္ဌာန်တရား အားထုတ်မှုတွေဟာ စတင် အသက်ဝင်လို့ လာပါတော့တယ်။
ပထမဆုံးကြားလိုက်တာက အမေ့ရဲ့ ကြိတ်ငိုနေတဲ့အသံပါ။
အမေ့ခမျာ အားငယ်ဝမ်းနည်းနေရှာမှာပဲလို့ အတွေးတစ်ချက်ဖြစ်ပါတယ်။ နောက်ပြီး ရေတွက်ခြင်းငှာမစွမ်းနိုင်တဲ့ ဓမ္မာ ရုံတွေ(အတွေးတွေ အတိတ်ကဖြစ်ရပ်တွေ ပုံရိပ်တွေ)ဟာ စိတ်ထဲမှာတစ်ခုစီ တစ်ခုစီ အသစ်ဖြစ်ရင်းသိစရာတစ်ခုအနေနဲ့ကျေးဇူးပြုနေပါတော့တယ်။
အသားတကျရှိခဲ့တဲ့ သိစရာကိုသိတတ်တဲ့ အလေ့အကျင့် တစ်ခု အသက်ဝင်လာတာနဲ့အမျှ စိတ်ဟာ ပိုလို့ အေးချမ်း လာပါတယ်။
သက်တောင့်သက်သာ ရှိလှတဲ့ စိတ်အခြေအနေတစ်ခုဟာ တဖြည်းဖြည်း အားကောင်းလို့လာပါတယ်။
ဒါတွေဟာလည်း သိစရာပါပဲလေ။

နားထဲမှာအမေ့ရဲ့ ရှိုက်သံတစ်ချက် ကြားလိုက်မိပါတယ်။
မိမိကို အနှစ် သုံးဆယ်ကျော် ကျွေးမွေးပြုစုခဲ့တဲ့ မိဘတွေကို စိတ်ထဲကနေကျေးဇူးတင်စွာနဲ့ ရှိခိုးလို့ကန်တော့မိပါတယ်။ တကယ်တော့မိမိဘဝတစ်လျှောက်လုံး ကြုံခဲ့သမျှ အရာဟူသမျှဟာ ကိုယ့်ကို တနည်းမဟုတ် တနည်းနဲ့ ကျေးဇူး ပြုခဲ့တာမို့ ဘယ်သူ့အပေါ်မဆို ကျေးဇူးတင်မိပါတယ်။

ကြည့်စမ်းပါအုံး။ ဒီအသံကြောင့် ဒီအတွေးတွေ ပေါ်တယ်၊ ပြီးတော့ ဒီစိတ်တွေဖြစ်တယ်။ ဒါတွေဟာလည်းဘယ်လိုပြောပြောခဏပါပဲလေ။ တကယ်တော့ဓမ္မသဘာဝကြီးတစ်ခုလုံး သူ့အလုပ်သူလုပ်နေတာ ပါပဲလား။
ဒီအသံနဲ့မဆုံဘို့ ဒီအတွေးတွေ ဒီစိတ်တွေမဖြစ်ဖို့ ငါတားလို့မရပါလား။
ငါဝင်ပြီးပါတ်သက်လို့မရတဲ့၊ ငါအတွက်နေရာမရှိတဲ့၊ ငါဆိုတာနဲ့အလှမ်းဝေးလှတဲ့ ဓမ္မသဘာဝကြီးတစ်ခု ရှိနေတာဟာ အလွန်အံ့အားသင့်ဖို့ ကောင်းလှပါတယ်။

အဲဒီအချိန်မှာဘဲ ငယ်စဉ်ကထဲက မကြာခဏ ရွတ်ဆိုတတ်တဲ့ စာပိုဒ်တစ်ခု ဖြတ်ကနဲ စိတ်ထဲကိုပြေးဝင်လာပါတယ်။
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ "

မေတ္တာဖြင့်

(pressure 40/o ဖြင့် ၉နာရီကြာအောင် သတိမလွတ်ဘဲ တရားအားထုတ်သွားနိုင်ခဲ့တဲ့ မိမိ၏လူနာတစ်ဦးအား ဤစာစုဖြင့် ဂုဏ်ပြုအပ်ပါသည်။)

Shared from Dr. Pe Thet Tun (FB)

“ကံ”ဟာ ကြောက်စရာကောင်းသလား၊ “တဏှာ”ဟာ ကြောက်စရာကောင်းသလား?


“ကံ”ဟာ ကြောက်စရာကောင်းသလား၊
“တဏှာ”ဟာ ကြောက်စရာကောင်းသလားဆိုတော့
တဏှာက ကြောက်စရာကောင်းတာ၊
ခင်ဗျားတို့ကတော့
အကုသိုလ်ကံနှိပ်စက်မှာ ကြောက်လိုက်ကြတာ၊
တဏှာကြောက်တယ်လို့မပါဘူး။

အကုသိုလ်ကံ
အကျိုးပေးလို့
ဒိုင်းကနဲ သေမှာ၊
စီးပွားရေးပျက်သွားမှာပဲ
ခင်ဗျားတို့ ကြောက်နေကြတာ၊

တစ်သက်လုံး
မုဆိုးလုပ်စားနေတဲ့
မုဆိုးကြီးဟာ
အကုသိုလ်ကံတွေ မနည်းဘူး လုပ်ထားတာ။
သို့သော်လည်း ဘုရားနဲ့တွေ့လို့
ဘုရားရဲ့ တရားကိုနာပြီး
ဝိပဿနာအလုပ် လုပ်လိုက်တော့
အဲဒီ အကုသိုလ်ကံတွေဟာ
အကျိုးဆက် မပေးနိုင်တော့ဘူး။
ဘာပြုလို့လဲ၊
တဏှာချုပ်သွားလို့ ။

ဒီတော့ ခင်ဗျားတို့တတွေ
“ကုသိုလ်ကံ”တွေကိုလည်း
ဒီလောက်အားကိုးစရာ မလိုပါဘူး။
“အကုသိုလ်ကံ”တွေကိုလည်း
ဒီလောက်ကြောက်စရာ မရှိပါဘူး။

ခင်ဗျားတို့
ဘ၀များစွာက
ဝဋ်ထဲလည်မယ့်
ဝဋ်ကုသိုလ်ကံတွေ
အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။
အဲဒီအကုသိုလ်ကံတွေကို မကြောက်ပါနဲ့၊
ဘ၀ဆက်တတ်တဲ့
“တဏှာ” သေရင်
အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ
“အဟောသိကံ” ဖြစ်ပါတယ်။
အကျိုးမပေးတော့ပါဘူး။
တဏှာခေါင်းဆောင်တဲ့
ကံကသာ အကျိုးပေးနိုင်တော့
ခေါင်းဆောင်တဏှာကို သတ်လိုက်ရင်
“ကံ”က မဆက်နိုင်တော့ပါဘူး။
ဒါကြောင့် “ကံ”ကို မကြောက်ပါနဲ့။

သစ္စာလေးပါးမှာ
ကုသိုလ်၊အကုသိုလ်ကံတွေ
ဒီလောက်မဟောပါဘူး။
သမုဒယ=တဏှာသေရင်ပြီးတာပဲလို့
ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်။
တဏှာ=သမုဒယကို
မဂ်နဲ့ ပယ်သတ်လိုက်ရင်
ဘာမှပူစရာမရှိပါဘူး။

ခင်ဗျားတို့က
ကုသိုလ်ကံလေးတွေ ၀င်လာရင် တပြုံးပြုံးနဲ့
အကုသိုလ်ကံလေးတွေဝင်လာရင်
တမဲ့မဲ့ တရွဲ့ရွဲ့နဲ့မဟုတ်လား။
ဒီတော့ကုသိုလ်ကံကို ၀မ်းမြောက်တာလည်းမှားတယ်။
အကုသိုလ်ကံကို ကြောက်တာလည်း မှားတယ်။

သစ္စာနဲ့ဝေဖန်လိုက်တော့၊
သမုဒယသစ္စာ
တဏှာလောဘကို ကြောက်မှ အကြောက်မှန်။
ဘုရားက “တဏှာအပ်ချုပ်သမား”လို့သာ ဟောတယ်။
“ကံအပ်ချုပ်သမား”လို့ မဟောခဲ့ဘူး။
ခင်ဗျားတို့ကို တကယ်ဒုက္ခပေးနေတာဟာ ဒီတဏှာပဲ။
ဒုက္ခအပေးဆုံးဖြစ်တဲ့တဏှာက
အရှောင်ကောင်း အပုန်းကောင်းဆိုတော့
သူ့ကိုဖမ်းရတာမလွယ်ဘူး။
ဥာဏ်နဲ့ဖမ်းမှ မိတယ်။

ဘုရားတောင်မှ
ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ
တဏှာကို မင်းအကြောင်းကောင်းကောင်းသိပြီ၊
နောက်ကို မင်းဘယ်တော့မှ ငါ့ကို
ဒုက္ခပေးလို့ မရတော့ဘူးလို့ ကြွေးကြော်ရဲတာ။
ခင်ဗျားတို့ကတော့
တဏှာကို ခေါင်းငုံ့ပြီး ခံနေတယ်။
မခက်ဘူးလား။
ဒီတော့ ဒီတဏှာကိုသတ်ရမယ်။
တဏှာကို သတ်တော့မယ်ဆိုရင်
ဒီတဏှာမှီနေတဲ့ ကပ်နေတဲ့ နေရာကိုရှာရမယ်။
ဒီ တဏှာက ဘယ်နေရာတွေမှာ ကပ်နေသတုံး။

ဒီတဏှာက
ခင်ဗျားတို့ သန္တာန်မှာရှိတဲ့
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့
ဒွါရခြောက်ပါး(အတွင်းအာယတန ၆-ပါး)မှာ ကပ်နေတယ်။

ပြီးတော့ “ရူပါရုံ”စတဲ့ အာရုံ ၆-ပါး
(အပြင်အာယတန ၆-ပါး)မှာလဲ ကပ်နေတယ်။
ပြီးတော့ ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး
အသီးသီးတွေ့ဆုံလို့ သိလာတဲ့
“မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊
တွေ့ထိစိတ်၊ ကြံသိစိတ်”ဆိုတဲ့
စက္ခုဝိညာဏ် စတဲ့ ၀ိညာဏ် ၆-ပါးမှာလဲ ကပ်နေတယ်။

ဒီတော့ တဏှာကပ်နေတဲ့ နေရာဟာ
အချုပ်အားဖြင့် ၁၈-ပါးတောင်ရှိနေတာ။
အို ..... တစ်ကိုယ်လုံးကို
ဒီ တဏှာကကပ်နေတာ။
ဒီတော့ ဒီတဏှာကို သတ်ရမယ်။
ဘယ်လိုသတ်မလဲ။
ဝိပဿနာလုပ်ပြီးသတ်ရမယ်။
ဒီတဏှာနေတဲ့ ၁၈-နေရာကို
ဝိပဿနာဥာဏ်နဲ့
ဖြစ်ပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုရမယ်။

ဒါတွေမြင်သိလာတော့
ဒီ ၁၈-ပါးသောအရာတွေကို
သာယာနှစ်သက်မှုမရှိတော့ဘူး။
ရွံ့မုန်းလာမယ်။
မရချင်တော့ဘူး။
ဒါတွေမရှိတာကောင်းတယ်လို့ သိလာတော့
တဏှာဟာ တဖြည်းဖြည်း ပါးပါးသွားပြီး၊
နောက်ဆုံးလုံးဝချုပ်သွားမယ်။
အဲ တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏
“ကံ”ဟာ ကြောက်စရာကောင်းသလား?၊
“တဏှာ”ဟာ ကြောက်စရာကောင်းသလား..? )

ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည်
အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ
မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

အရှင်ဉာဏဓဇ

နာမည်ပြောင်းလိုသူ


နာမည်မကောင်းသဖြင့်နာမည်ပြောင်းလိုသော ရဟန်းတပါးကိုအကြောင်းပြု၍ ဗုဒ္ဓဟောကြားခဲ့သော ဇာတ်တော်ဖြစ်ပါတယ်။

ဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာကြီးဖြစ်၍ တပည့်ငါးရာတို့ကို ပညာသင်ကြားပေးနေခဲ့၏။

တပည့်များထဲတွင် ""ငယုတ်မာ""ဟူသော တပည့်တစ်ယောက် ရှိလေ၏။ ငယုတ်မာသည် မိမိအမည်ကို သဘောမကျ။ ထို့ကြောင့်
မင်္ဂလာရှိသည့် အမည်သစ်တစ်ခုပြောင်းပေးစေလိုကြောင်း
ဆရာကြီးကိုလျှောက်ထားလေသည်။

ဤတွင် ဆရာကြီးက ""အမောင် နှစ်သက်သောအမည်ကောင်းကောင်း ရရှိစေရန် နယ်လှည့်၍ စနည်းနာချေ""ဟု စေလွှတ်လိုက်လေ၏

သူသည် တစ်ရွာဝင် တစ်ရွာထွက် အမည်ကောင်းရှာပုံတော် ခရီးထွက်လာခဲ့ရာ မြို့တစ်မြို့သို့ ရောက်သည့်အခါတွင် အသုဘတစ်ခုချလာနေသည်ကိုတွေ့ရ၍ သေသူ၏ အမည်ကို မေးကြည့်သောအခါ ""ဖိုးသက်ရှည်""ဖြစ်ကြောင်း သူ သိရလေ၏။
ရှေ့သို့ဆက်လာခဲ့ရာ တစ်နေရာသို့ အရောက်တွင် ကြွေးမြှီးမပေးနိုင်သော ကျွန်မတစ်ယောက်ကို အိမ်ရှင်များက ရိုက်နှက်နေကြသည်ကိုတွေ့ရ၏ သူမ၏အမည်ကိုမေးကြည့်သောအခါ "" သူဋ္ဌေးမ""ဟု သိရလေ၏ သူသည် ထိုမြို့မှ ထွက်လာခဲ့ပြီး မြို့ပြင်ဘက်သို့ ရောက်သောအခါ မျက်စိလည် လမ်းမှာနေသည့် သူတစ်ယောက်နှင့်တွေ့ရ၍ ထိုလူ၏အမည်ကိုမေးကြည့်ရာ ""မောင်လမ်းသိ"" ဟု ပြောသွားခဲ့၏

ထိုအခါ သူသည်  ဖိုးသက်ရှည်လည်း တကယ်တော့ အသက်မရှည် သူဋ္ဌေးမလည်း ကြွေးထူနေသည် မောင်လမ်းသိလည်း
လမ်းမှားနေသည်။

အမည်ဆိုသည်မှာ အခေါ်အဝေါမျှသာဖြစ်သည် ။

ငါသည် အမည်မပြောင်းလိုတော့ပြီ။
""ငယုတ်မာ""ဟူသောအမည်ဖြင့်ပင် နေတေည့မည်ဟု
စဉ်းစားကာ ဆရာ့ထံ ပြန်လာတော့လေသည်။

ဇာတ်ပေါင်း။ ။ အမည်ကောင်းကောင်းလိုလားခဲ့သူ
လူငယ်သည် = အမည်ကောင်းကောင်း
လိုလားသူ ရဟန်းတော် ။ ဒိသာပါမောက္ခဆရာသည် = ဗုဒ္ဓ ဖြစ်၏

အနှစ်ချုပ်သင်္ခန်းစာ
()()()()()()()()()()

အမည်ကိုကြည့်ပြီး
အကောင်းအဆိုးခွဲ၍ မရနိုင် ။
အရှင်နာဂ(Admin)

Sunday, April 12, 2015

မြတ်စွာဘုရား၏ ကာမဂုဏ်ဆိုင်ရာ “အမဲရိုး ဥပမာ”


အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ယူ၏။ အထပ်ထပ်အခါခါ ဓားဖြင့်လှီး၍ယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်
ခြစ်၍ယူ၏။ အထပ်ထပ်အခါခါ ခြစ်၍ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။
အမဲသားစားရနိုးဖြင့် စောင့်မျှော်နေသော ခွေးတစ်ကောင်သည် ထို အမဲဖျက်သူ အနီး၌ ရှိနေ၏။ အမဲဖျက်သူသည် အသားမရှိသော အမဲရိုးကို စောင့်စားငံ့လင့်လျက်ရှိသည့် ခွေးအား ပစ်ပေးလိုက်လေသည်။ ထိုခွေးသည် သွေးနံ့ကို မက်မောစွာဖြင့် အမဲရိုးကို လျှာဖြင့်လျက်လေ၏။
ထိုခွေးသည် ဆာလောင်မွတ်သိပ်ခြင်း မပျောက်သည်သာတည်း။ စားချင်သော အလိုဆန္ဒ မပြည့်နိုင်သည်သာတည်း။

အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ ဟူသော ကာမဂုဏ်ငါးပါးတို့သည် အမဲရိုးနှင့် တူကုန်၏။
သတ္တ၀ါတို့သည် ထိုကာမဂုဏ်တို့ဖြင့် အားရတင်းတိမ်ခြင်း မရှိနိုင်။ အလိုဆန္ဒပြည့်စုံပြီဟူ၍ မရှိနိုင်။ ဆားရေသောက်သူသည် သောက်လေငတ်လေ၊ ငတ်မပြေနိုင်သကဲ့သို့တည်း။ ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ ဒီဘ၀ ဒီမျှသာနှင့် ၀ိပဿနာ မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

မူကြိုတို့အတွက် ၀ိပဿနာ


မူလတန်းပညာကို တက်ရောက်သင်ယူရန်အတွက် အသင့်ပြင်ဆင်မှုအဖြစ် ကလေးများ ကျောင်းနေပျော်အောင် မူကြိုကျောင်းကို တက်ရောက်သင်ကြားလေ့ရှိပါသည်။ ဒီနေရာ၌
မူကြိုတို့အတွက် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ ၀ိပဿနာတရား အားထုတ်ရန် တာစူနေသူတို့ကို ဆိုလိုပါသည်။ အသက်အရွယ်အားဖြင့်မဆိုင် ၀ိပဿနာအားထုတ်ရန် စဉ်းစားခန်းဝင်နေသူတို့အတွက် ရည်ရွယ်ပါသည်။ အတွေးပေါင်းစုံ၊ အကြားပေါင်းစုံနှင့် မ၀ံ့မရဲဖြစ်နေကြသူများ စတင်လုပ်နိုင်ရန် အချက်ပြလိုခြင်း ဖြစ်ပါသည်။


၁။ ၀ိပဿနာဆိုတာ ပါရမီရှိသူများသာ လုပ်လို့ရတာ ငါတို့က ပါရမီ ရှိချင်မှ ရှိမယ်။
၂။ ၀ိပဿနာဆိုတာ ဓမ္မစာတတ်ပေတတ်တွေသာ လုပ်လို့ရတာတဲ့ ငါတို့က မဟုတ်တာ။
၃။ ၀ိပဿနာဆိုတာ မလုပ်တတ်ရင် ရူးတာတဲ့။
၎။ တရားဆိုတာ အသက်ကြီးမှ အားထုတ်ရတာ။
၅။ ရိပ်သာထဲဝင်ရင် ငါတို့ ယောင်ချာချာ ဖြစ်နေမှာပေါ့ ... စသည်ဖြင့် သံသယစိတ်တွေ အားငယ်စိတ်တွေ ဖြစ်နေကြတာတွေ ပပျောက်စေချင်တာကြောင့် မ၀ံ့မရဲစိတ်တွေ ဖျောက်ပြီး သတ္တိရှိရှိနဲ့ တရားနယ်ပယ်ထဲသို့ ၀င်စေချင်တာပါ။ 

တရားဆိုတာ ဉာဏ်အလုပ်ပါ။ အသက်ကြီးရင့်တဲ့ တတိယအရွယ်ဆိုတာ ကျန်းမာရေး ချို့တဲ့လာပြီ၊ ဟိုကကိုက် ဒီကနာ ဖြစ်လာသလို ဉာဏ်ကလည်းထိုင်းလာပြီ။ တရားအားထုတ်ချင်တဲ့စိတ် ရှိတာတောင် စိတ်သွားတိုင်း ကိုယ်မပါကြတော့ပါ။ ပထမအရွယ်၊ ဒုတိယအရွယ်တွေဟာ ကျန်းမာရေးကလဲ ကောင်းတဲ့အရွယ် ခန္ဓာကလဲ စိတ်အလိုကို လိုက်နိုင်တယ်။ ဉာဏ်ကလဲ ထက်သေးတယ်။ ဒါကြောင့် အရွယ်သုံးပါးလုံး အားထုတ်ရပါမယ်။

{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ရက်စက်ကြမ်းကြုတ်ခြင်းမှ အကြင်နာတရားသို့


မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ခန့်လောက်တွင် အာသောကမင်းကြီးသည် အိန္ဒိယပြည်တ၀ှမ်း စစ်ရေးများဆင်နွဲပြီး ရက်စက်ကြမ်းကြုတ်မှုများ သူများနှင့်
မတူအောင် လုပ်ခဲ့သည်။
ညီအစ်ကို (၁၀၁)ယောက်ရှိရာ ညီအရင်းတစ်ယောက်ကိုချန်ပြီး (၉၉)ယောက်ကို သတ်ကာ နန်းတက်လာသည်။ ပြည်သူတွေကိုလဲ ညှင်းပမ်းသည်။ မနှစ်သက်သော အမတ် (၅၀၀)ကိုလည်း ကိုယ်တိုင် သတ်ဖြတ်သည်။ မိဖုရား (၅၀၀)ကိုလည်း သတ်ဖြတ်ခဲ့သည်။ ကလိင်္ဂတိုင်းကို သိမ်းပိုက်စဉ် လူတစ်သိန်းခွဲ အသတ်ခံရသည်။ သူ၏ရက်စက်ကြမ်းကြုတ်မှုကို အစွဲပြု၍ စဏ္ဍသောကဟု အမည်တွင်ခဲ့သည်။

ရန်သူတွေကိုလည်း ညှင်းပန်းနှပ်စက်ရန် ထောင်ကြီးတစ်ထောင် တည်ဆောက်ပြီး အလွန်ရက်စက်သည့် စဏ္ဍာဂီရိဆိုတဲ့ ထောင်မှူးကြီးတစ်ဦးကိုလည်း ခန့်ထားသည်။
ဤမျှလောက် ရက်စက်ကြမ်းကြုတ်သူသည် တူတော်စပ်သူ နိဂြောဓ သာမဏေ၏ ဟောပြောသော အပ္ပမာဒတရားကြောင့် သတိတရားရလာပြီး ကုသိုလ်ဘက် ယိမ်းလာသည်။ ဓမ္မနဲ့တွေ့ပြီး သူရဲ့နှလုံးသားမှာ ဓမ္မများစိမ့်ဝင်ပျံ့နှံ့သွားတဲ့အခါမှာ သူပြုမိခဲ့တဲ့ အကုသိုလ် ဒုစရိုက်များအတွက် အကြီးအကျယ် နောင်တရတော့တယ်။ 
ရက်စက်ကြမ်းကြုတ်ခြင်းမှ အကြင်နာတရားနှင့် သူ့ရင်ထဲမှာ ပြည့်စုံသွားတယ်။ ထောင်ကြီးကိုလည်း ဖျက်ဆီးလိုက်တယ်။
သူ့နိုင်ငံမှာ တိရစ္ဆာန်ရဲ့ အသက်ကိုတောင် မသတ်ရဘူး။ လူတွေ ခိုးတာဝှက်တာကို မဖူလုံလို့ဆိုပြီး အပြစ်မပေးဘဲ ထောက်ပံ့ငွေတောင် ပေးလိုက်သေးသည်။ သူ့ရဲ့ကြင်နာမှုကြောင့် ရက်စက်ကြမ်းကြုတ်သော သဘောရသည့် စဏ္ဍာသောကမှ သီရိဓမ္မသောကအဖြစ် ပြောင်းလဲခေါ်ဆို သမုတ်ကြတော့သည်။
သာသနာတော်ကို အတိုင်းအတာများစွာဖြင့် သက်ဝင်ယုံကြည်လာပြီး တတိယသင်္ဂယနာ တင်ခဲ့သည်။ သားတော် မဟိန္ဒနှင့် သမီးတော် သံဃမ္မိတို့အား ရဟန်းပြုစေခဲ့သည်။ အရှင်မဟာကဿပနှင့် အဇာတသတ်မင်းကြီးတို့ သိမ်းဆည်းခဲ့သော ဘုရားရှင်၏ ဓာတ်တော်မွေတော်များကို ရှာဖွေယူပြီး ကမ္ဘာ့အရပ်ဒေသ အသီးသီး၌ စေတီပေါင်း(၈၄ ၀၀၀) ကျောင်းပေါင်း(၈၄ ၀၀၀)
ရေတွင်းရေကန်ပေါင်း(၈၄ ၀၀၀) လှူခဲ့တယ်။ ရဟန္တာ (၆၀ ၀၀၀)ကိုလည်း နန်းတော်၌ နေ့စဉ် ဆွမ်းကပ်လှူဒါန်းသည်။

အသက်ကြီးတော့ ကုဋေ(၁၀၀) လှူဖို့ ဆုံးဖြတ်သည်။ သူ့ဆီကို ယူလာတဲ့ ရွှေပွဲတော်အုပ်၊ ငွေပွဲတော်အုပ်၊ ကြေးပွဲတော်အုပ်ကိုလည်း သူဆောက်လုပ်ထားတဲ့ ပါဋိလိပုတ်ပြည်ရှိ ကုက္ကုဋာရုံကျောင်းတော်ကြီးကို ပေးလှူလိုက်သည်။ ဖြစ်သမျှ မုချပျက်ရမည်ကိုလည်း ကြိုတင်သိထားသူ ဖြစ်သည်။ တရားဓမ္မနဲ့ သောကမီးတွေကို ကျော်လွှားနိုင်သူတစ်ယောက် ဖြစ်သည်။
“တချိန်က ရှိခဲ့သော တန်ခိုးအာဏာနဲ့ စည်းစိမ်ဥစ္စာ ဘုရင်မင်းကြီးဘ၀များလည်း စွန့်ထွက်ဖယ်ခွါ ကြပါပြီ၊ လက်ရှိအိုမင်း၍ ကျန်းမာသန်စွမ်းခြင်း မရှိသော တပည့်တော်အား
သမားတော်များကလည်း လက်လျော့သွားချေပါပြီ။ ရတနာသုံးပါးမှတပါး အခြားအားထားစရာ မရှိသော တပည့်တော်မှာ သံဃာတော် အရှင်မြတ်တို့ကိုသာ အားထားကိုးကွယ်ရာ(နာထ) အစစ်ဖြစ်ပါသည်။ တပည့်တော်၏ နောက်ဆုံးအလှူဖြစ်သော သျှိသျှားသီး(ဇီးဖြူသီး)ကို သုံးဆောင် ဘုဉ်းပေးတော်မူပါဘုရား” ဟု နောက်ဆုံးပေးလှူစေကာ နတ်ရွာစံ ကံကုန်ရှာပါသည်။ ရက်စက်ယုတ်မာ ကြမ်းကြုတ်ခဲ့သော စဏ္ဍာသောကမင်းကြီးဘ၀မှ သံဝေဂရပြီး သာသနာ့ဒါယကာ
သီရိဓမ္မသောကမင်းကြီး အဖြစ် ဗုဒ္ဓဘာသာသမိုင်းတွင် အထင်ရှားဆုံး ဘုရင်ကြီး ဖြစ်ခဲ့ပါသည်။

ဓမ္မမိတ်ဆွေသည် စဏ္ဍာသောကမင်းကြီးလောက် ရက်စက်ယုတ်မာ ကြမ်းကြုတ်မိုက်ခဲ့သူ မဟုတ်သဖြင့် သစ္စာတရားများနာယူ အသိတရားတွေနဲ့ သိသိပြီး ကျင့်ကြံအားထုတ်ရင်း
နောက်ဆုံး ပန်းတိုင်ဖြစ်သော မြတ်နိဗ္ဗာန်ကို ရရောက်ပါစေကုန်သတည်း။ ။

{ မြင့်ရွှေ(ပေါင်းတည်) ၏ မူကြိုတို့အတွက် ၀ိပဿနာနှင့် အပူစုံပူပူလေး မှ
ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓသာသနာ အညစ်အကြေးများ


ဗုဒ္ဓသာသနာကို ညှိုးမှိန် ကွယ်ပျောက်စေနိုင်သော အညစ်အကြေများကို ပုဂံခေတ် တန္တရအနွယ်ဝင် အရည်းကြီးတို့က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များအတွက် ထုနှင့် ထည်နှင့် ထားခဲ့ကြပေသည်။ ထိုအရည်းကြီးတို့၏ အလေ့အကျင့်များမှာ-

ထိမ်းမြားမင်္ဂလာပြုအံ့သော အမျိုးသမီးတို့၏ ပန်းဦးလွှတ်ခြင်းဟူသော အပူဇော်ကို ခံယူခြင်း၊ မြင်းမွေးခြင်း၊ မြင်းစီးခြင်း၊ လက်ဝှေ့ သတ်ခြင်း၊စုန်းကဝေအတတ်တို့ကို လေ့လာခြင်း၊ ဗေဒင်ဟောခြင်း၊ ဆေးကုသခြင်း၊ နတ်ပူဇော်ပသခြင်း၊ ၀ိဇ္ဇာမဟိဒ္ဓိအတတ်ကို လိုက်စားခြင်း၊ သိုက်၊ တဘောင်၊ စနည်း၊ ဘဝေါ၊ အတိတ်နိမိတ်တို့ကို ယုံကြည်လိုက်နာခြင်းတို့ ဖြစ်ပေသည်။

ဖော်ပြပါ အလေ့အကျင့်များအနက် ၀ိဇ္ဇာမဟိဒ္ဓိခေါ် ထွက်ရပ်လမ်းကို လိုက်ခြင်း၊ ဗေဒင်နက္ခတ်ကို အလေးထားယုံကြည်ခြင်း၊ နတ်ပူဇော်ပသခြင်းများကား ယခုအချိန်ထိ မြန်မာဗုဒ္ဓဘာသာ ရဟန်းရှင်လူတို့၏ အားကိုးလေးစားမှုကို ရရှိတုန်းပင် ရှိသေးသည်။ ထိုတွင် ထွက်ရပ်ဝိဇ္ဇာပညာအကြောင်းကို ဦးစွာတင်ပြရပေမည်။

အဘယ့်ကြောင့်ဆိုသော် ၄င်းပညာကို လူပုဂ္ဂိုလ်များထက် ဘုရားသားတော် ရဟန်းများက အများဆုံး လိုက်စားနေသောကြောင့်ပါတည်း။

“သံသာရ၀ဋ္ဋ ဒုက္ခတော မောစနတ္ထာယ” သံသရာတည်းဟူသော ၀ဋ်ဆင်းရဲမှ ထွက်မြောက်ပါရခြင်းအကျိုးငှာ ဟုဆို၍ ရဟန်းပြုလာကြသော သံဃာတော်တချို့သည် သံသရာဝဋ်ဆင်းရဲ၌ လည်သထက် လည်စေသော ၀ိဇ္ဇာထွက်ရပ်လမ်းကို အဘယ်ကြောင့် ဤမျှလောက် လိုက်စားနေကြပါသနည်း။ ၀ိဇ္ဇာထွက်ရပ်လမ်း၏ အမြင့်ဆုံးအကျိုးကျေးဇူးကား အဘယ်တို့ပါ နည်း။ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မည်ကဲ့သို့သော ကွာခြားချက်များ ရှိပါသနည်း။ ဖော်ပြပါမေးခွန်းတို့၏ အဖြေများသည် ဖော်ပြလတ္တံ့သော ထွက်ရပ်လမ်း ၀ိဇ္ဇာကျင့်စဉ်များကို သုံးသပ်ပြရင်းဖြင့် ပါသွားပါလိမ့်မည်။

ပိုးလောက်လန်းများသည် ခြင်ကောင်ဖြစ်ခါနီးသောအခါ တစ်နေရာတွင် ငြိမ်သက်စွာနေကြရသည်။ ထိုအခါ ကိုယ်ပေါ်တွင် အမြှေးပါးကလေးများ ဖုံးအုပ်လာသည်။ အမြှေးပါးကလေးများ လုံလုံခြုံခြုံဖြစ်သည်နှင့်ပိုးလောက်လန်းသည် အရည်ဘ၀သို့ ပြောင်းလဲသွားရသည်။ အရည်ဘ၀မှ တစ်စတစ်စမာကျောပြီး အတောင်၊ ခြေ၊ လက်များ ထွက်လာကာ ခြင်ကောင်ဘ၀သို့ ရောက်ရှိပါတော့သည်။ ယင်တို့လိပ်ပြာတို့လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ဤကား အင်းဆက်ပိုးတို့၏ ဗီဇလက္ခဏာပင် ဖြစ်သည်။

ထိုအင်းစက်ပိုးတို့၏ ဗီဇလက္ခဏာကိုကြည့်၍ ဉာဏ်သွားသော လူတစ်ချို့က လူသားများသည်လည်း ပိုးလောက်လန်းလို ဖိုဝင်နိုင်လျှင် ပိုးလောက်လန်းများက ကောင်းကင်ပျံနိုင်သော ခြင်၊ ယင်၊ လိပ်ပြာဖြစ်သကဲ့သို့လူသားများသည်လည်း သိဒ္ဓိပေါက် ပုဂ္ဂိုလ်ဖြစ်နိုင်သည် ဟူသောအတွေးကိုအစပြု၍ ဖိုဝင်သော ထွက်ရပ်
လမ်းအကျင့်သည် စတင်ပေါ်ပေါက်ခဲ့ရပေသည်။ ရာဇ၀င်တွင်လည်း ဗျတ်ဝိ၊ ဗျတ္တတို့ မီးကင်စားသော လူသားသည် ဇော်ဂျီဖိုဝင်သားဟု ဆိုကြသည်။

ဆင်ဖြူရှင် မင်းတရားလက်ထက် သက္ကရာဇ် ၉၂၈ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်၊ သောကြာနေ့၊ ဟံသာဝတီမြို့ဝန်းကျင်ကို ကျုံးစတင်တူးရာက မြေအောင်းဇော်ဂျီကို ရခဲ့ဖူးသည်။ ဖိုဝင်ခြင်းကလည်း အမျိုးစုံရှိသည်။ မြေအောင်းတာရှိသလို အမြှေးဖုံးခြင်း၊ ရေနွေးပွက်ပွက်ဆူကို ချိုးခြင်း၊ မီးပုံတွင်းဆင်းခြင်းဟူ၍ အမျိုးမျိုးရှိသည်။ ဖိုအောင်းခြင်းမရှိဘဲ ပြဒါးကိုသိဒ္ဓိသွင်းပြီး အောင်မြင်သွားသော ပြဒါးဝိဇ္ဇာ၊ သံကို သိဒ္ဓိသွင်းပြီး အောင်မြင်သွားသော သံဝိဇ္ဇာ၊ ဆေးစီရင်ပြီး အောင်မြင်သွားသော
ဆေးဝိဇ္ဇာ၊ အင်းချ အောင်မြင်သွားသော အင်းဝိဇ္ဇာ၊ မန္တာန်ရွတ်ဆိုအောင်မြင်သွားသော မန္တာန်ဝိဇ္ဇာဟု ငါးမျိုးရှိသေးသည်။

လယ်တီဆရာတော်၏ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းတွင် လောကီ၊ လောကုတ္တရာရော၍ ငါးမျိုးသီးသန့် ပြထားပါသေးသည်။ ယင်းတို့မှာ -

ဗေဒင်လေးမျိုးတတ်သော ဗေဒ၀ိဇ္ဇာ လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ ဂါထာ၊ မန္တရား၊ ဆေးဝါး အမျိုးမျိုးတတ်သော မန္တ၀ိဇ္ဇာ ပြဒါး၊ သံ၊ ဆေး၊ အင်း၊ မန္တာန်အမျိုးမျိုး သိဒ္ဓိပေါက်သော ဂန္ဓာရီဝိဇ္ဇာ လောကီဈာန်များ ရရှိသော လောကီယ၀ိဇ္ဇာ အရိယာအဖြစ်သို့ရောက်သွားသော အရိယာဝိဇ္ဇာ တို့ဖြစ်သည်။

ထွက်ရပ်လမ်းလိုက်သော ပုဂ္ဂိုလ်တို့ထင်သလို ထွက်ရပ်လမ်းအောင်မြင်သွားတိုင်းလည်း စိတ်ချမ်းသာကြရသည် မဟုတ်ပေ။ သူ့ထက်သူ လူစွမ်းကောင်းဟူသော စကားအတိုင်း မိမိထက်သာသောသူများ၏ အခိုင်းအစေကို ခံကြရပေသည်။

“ ငါတို့ကို အားမကျကြနဲ့၊ သူများကိုကယ်တင်တာ အရိယာအဖြစ်နဲ့ နိဗ္ဗာန်ဝင်ရမယ်ထင်ပြီး ဂန္ဓာရီလမ်းလိုက်ခဲ့မိတာ မှားကုန်ပြီ။ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ခုတော့ သူတို့ခိုင်းတာလုပ်နေရတယ်။ မိမိထက်ကြီးသော တန်ခိုးရှင်ကြီးများ ခိုင်းတာလုပ်နေရတယ်၊ မင်းတို့မမှားကြလေနဲ့”

ဤကားစိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများက ထွက်ရပ်ပေါက် လမ်းမှားကို လိုက်မိနေကြရှာသော ပုဂ္ဂိုလ်များအား သတိပေးစကားပြောကြားချက် အချို့ပင် ဖြစ်ပါသည်။ စိတ်နှလုံးဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများဟု ဆိုထားရာ စိတ်နှလုံးမဖြူစင်သော ထွက်ရပ်ပေါက် ၀ိဇ္ဇာဓိုရ်ကြီးများ ရှိနေသေးသလားဟု မေးလာပါက ရှိနေသည်ဟုဖြေရပါမည်။

ရှိပုံကို ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီးမှ အရိယာဝိဇ္ဇာ မဂ္ဂဒီပနီကျမ်းကို ရေးသားတော်မူသော သိမ်တော်ကြီးတောရဆရာတော်ကြီးက အောက်ပါအတိုင်း ရေးသား သတိပေးတော်မူခဲ့ပါသည်။

လောကီဝိဇ္ဇဓိုရ်ကြီးများသည် သူတို့၏ ရုပ်ပြောင်းရုပ်လွဲ တန်ခိုးအမျိုးမျိုးပြ၍ နဂါးကို ဂဠုန်သုတ်သကဲ့သို့ အုံပြုတ်အောင် စုပ်ယူနေကြသည်။ အရိယာဝိဇ္ဇာအစစ် မဖြစ်ကြသေးသည့်အတွက် စိတ္တ၀ိပလ္လာသ ဖုံးအုပ်နေကြသောကြောင့် ခံနေကြရပေသည်။ သို့အတွက် အရိယာဝိဇ္ဇာအစစ် သောတပန်စသည်ဖြစ်အောင် အား
ထုတ်ကြကုန် သူတော်ကောင်းအပေါင်းတို့။

ဝိပဿနာတရား အားထုတ်နေကြသောပုဂ္ဂိုလ်များ မဂ္ဂင်လမ်းမှ လွဲသွားအောင်နိမိတ်ပုံအမျိုးမျိုးပြ၍ ဖျက်ဆီးနေကြခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဤသတိပေးစကားကို လက်တွေ့ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များက ပို၍ သဘောပေါက်နိုင်ပါသည်။ တစ်ခါက ကမာရွတ်မှ ယောဂီအမျိုးသမီးကြီးတစ်ဦး ၀ိပဿနာတရားကို ထိထိရောက်ရောက် အားထုတ်လျက်ရှိစဉ် တစ်ရက်တွင် တရားထိုင်ရင်း

ကျောင်းကန်ဘုရားမျိုးစုံ အာရုံထဲထင်လာသည်။ ကျောင်းကန်ဘုရားပုံများ ထင်ပြီးနောက် ၀တ်ဖြူစင်ကြယ်တစ်ဦး ပေါ်လာကာ ကျောင်းကန်ဘုရားပြုပြင်သော သာသနာပြုအလုပ်ကို ဦးဆောင်လုပ်ရန် မိမိကလည်း ကူညီမည်ဖြစ်ကြောင်း ပြောဆိုကာ ပျောက်ကွယ်သွားခဲ့လေသည်။ ထိုအခါ ယောဂီအမျိုးသမီးကြီးမှာ မိမိကိုယ်ကို တကယ့်သာသနာပြုပုဂ္ဂိုလ်ကြီးအဖြစ် အထင်ကြီးသွားပြီး ၀ိပဿနာကို ဆက်မလုပ်တော့ဘဲ မယ်တော်ကြီးအမည်ခံကာ ဘုရားတည်ကျောင်းဆောက်ရင်း ဘ၀ကိုပျော်မွေ့ နေလေတော့သည်။

ဘုရားတည်၊ ကျောင်းဆောက်အလုပ်ကရော ကုသိုလ်အလုပ် မဟုတ်ဘူးလားဟုဆိုပါက ဟုတ်ပါသည်။ သို့သော် ဘုရားတည်ကျောင်းဆောက်သော ဒါနကုသိုလ်သည် သာသနာပမှာလည်း ရနိုင်သော သာမာန်ကုသိုလ်မျိုးသာဖြစ်သည်။
ဝိပဿနာတရား အားထုတ်၍ရရှိသော မဂ်ကုသိုလ်သည်ကား ဘုရားရှင်၏ သာသနာတွင်းမှသာ ရနိုင်သောမြင့်မြတ်ခဲယဉ်းလှသည့် သဘောမျိုးဖြစ်သည်။

ရွှေနှင့်တူသော မဂ်ကုသိုလ်ရရှိမည့်လမ်းမှ ကြေးနှင့်တူသော ဒါနကုသိုလ်ကို လမ်းလွှဲပေးလိုက်ခြင်းသာဖြစ်သည်။ စာရေးသူ၏ မိခင်ကြီးတရားထိုင်နေစဉ် တစ်ခါကလည်း ဘုရားစင်ပေါ်မှ ကန်တော့ပွဲပေါ်တွင် ၀တ်ဖြူစင်ကြယ်တစ်ဦး ပေါ်လာခဲ့သည်။ ဘုရားကိုကပ်လှူသော ကန်တော့ပွဲကို သူတို့အား လှူထားသည်အထင်နှင့် ပေါ်လာခြင်း ဖြစ်သည်။ တရားနာ၊ တရားထိုင် ရင့်နေပြီဖြစ်သော မိခင်ကြီးက ထိုပုဂ္ဂိုလ်စကားအပြောကိုပင် မစောင့်တော့ဘဲအာရုံကို ဖျောက်ပစ်လိုက်ပါသည်။

လက်မခံမှန်းသိသဖြင့် နောက်ထပ်ပေါ်မလာတော့ကြောင်း စာရေးသူအား လျှောက်ထားဖူးပါသည်။ သိမ်တောင်ဆည်ကြီး တောရဆရာတော် မိန့်တော်မူသကဲ့သို့ပင် သောတပန် မဖြစ်သေးသရွှေ့ သာသနာဖျက်ဆီးလိုသူ ပုဂ္ဂိုလ်မျိုးစုံတို့၏ ဖြားယောင်း သွေးဆောင် လှည့်ပတ်ခြင်းကို ခံနေကြဦးမည်သာ ဖြစ်သည်။ သို့အတွက် ယခုလို ၀ိမုတ္တိယုဂခေတ်ကြီးတွင် မိမိကသာ လိုလိုချင်ချင်နှင့် တကယ်အားထုတ်ဖို့ လိုပါသည်။ တရားမှန်၊ ဆရာမှန်များများစွာ ပေါ်ထွန်းနေလေပြီ။

ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်သောသူမှန်သမျှကို ယခုဘ၀၌ပင် မဂ်ဖိုလ်ကို မရရအောင်အားထုတ်သင့်ကြောင်း တောင်လေးလုံး ဆရာတော်ဦးမေဓာဝီက ယခုကဲ့သို့ ဥပမာပေးတော်မူခဲ့ပါသည်။

ယခုဘ၀ထဲ၌ မဂ်ဖိုလ်ရမည် မရမည်ကို သံသယရှိခဲ့လျှင် ဆရာမပြ၍လည်းကောင်း၊ နည်းမရ၍လည်းကောင်း ဖြစ်မည်။ ဆရာပြ၍ နည်းရလျက်ပင် ယခုဘ၀တွင် မဂ်ဖိုရမည်လော၊ မရမည်လော သံသယရှိခဲ့လျှင် မြတ်စွာဘုရား၏ သဗ္ဗညုတ ဉာဏ်တော်ကို မယုံသောသူဟု မှတ်ရမည်။ အကျင့်ညစ်လျှင် သံသရာ၌ နစ်မြဲဖြစ်သည်။

သံဝေဂမိမိ၊ သတိရရဖြင့်ယခုဘ၀၌ပင် မဂ်ဖိုလ်ပြီးမြောက် နိဗ္ဗာန်သို့ရောက်အောင် လုံ့လပြုသင့်သည်။ သတိနှင့်မကွာ ပညာနှင့်တကွ ကိုယ်ကျိုးရှိအောင် အစဉ်ထာဝ ရကျင့်ကြံသင့်သည်။

တောင်လေးလုံးဆရာတော်ကြီး တိုက်တွန်းသကဲ့သို့ ပိပဿနာတရားကို ကြိုးစား အားထုတ်နေမည်ဆိုလျှင် ကောင်းကျိုးအနန္တသာ ရစရာရှိပါသည်။ အကျိုးယုတ်စရာမရှိပေ။ သီလက္ခန် အဋ္ဌကထာ ၁၇၁၊ ၁၇၂ ၌ ကြိုးကြိုးစားစား တရားအားထုတ်ကြသောသူများသည် -

၁။ ပထမအရွယ်၌ တရားရနိုင်သည်။
၂။ ပထမအရွယ်၌မရလျှင် ဒုတိယအရွယ်၌ ရနိုင်သည်။
၃။ ဒုတိယအရွယ်၌မရသေးလျှင် သေခါနီးအခါ၌ တရားထူးရနိုင်သည်။
၎။ သေသည်အထိ တရားထူးမရလျှင် နတ်ပြည်ရောက်က ရနိုင်သည်။
၅။ နတ်ပြည်ရောက်မှ တရားမရဘဲ ဘုရားမပွင့်သောအခါ၌ လူဖြစ်ခဲ့လျှင် ပစ္စေကဗုဒ္ဓါ ဖြစ်ရသည်။
၆။ ပစ္စေကဗုဒ္ဓါမဖြစ်ခဲ့လျှင် ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ မျက်မှောက်မှာပင် ဗာဒိယဒါရုစိရိယရဟန်းကဲ့သို့လျှင်မြန်စွာ အရဟတ္တဖိုလ်ကိုရသော ခိပ္ပဘိညရဟန္တာဖြစ်ရသည်။

ဟု တိတိကျကျ ဖွင့်ပြထားရာ မိမိကိုယ်တိုင်ကသာ ကြိုးကြိုးစားစား အားထုတ်ဖြစ်ဖို့လိုပါသည်။ အားထုတ်၍ သောတပန်တည်ပြီ ဆိုလျှင်ကား မည်သို့သော တန်ခိုးရှင်၏ လှည့်ပတ်ဖြားယောင်းမှုကိုမှ ခံရလိမ့်မည် မဟုတ်ပေ။


အရှင်ဇဝန
(မျက်ရည်မကျခင်သိစေချင် မှ)

စကြာဝဠာ မဆုံးနိုင်ပုံ


ရုပ်ခန္ဓာရှိသော သတ္တ၀ါတို့တွင် အထက်တန်းအကျဆုံးသတ္တ၀ါသည် အကနိဋ္ဌဗြဟ္မာ ဖြစ်သည်။ အကနိဋ္ဌသက်တမ်းသည် မဟာကပ် ၁၆၀၀၀ ဖြစ်သည်။ "ဒဠဓမ္မဓနုဂ္ဂဟ" ခေါ်သော လေးတော်သားတစ်ယောက်သည် အလွန်ပေါ့သောမြားဖြင့် ထန်းပင်ရိပ်ကို ကန့်လန့်ဖြတ်လွန်အောင် ပစ်သောအခါ ထန်းပင်ရိပ်တစ်ရိပ်ကို မြားလွန်သွားရာ အချိန်အခါသည် ဘာလောက်မျှမကြာ၊ သို့ရာတွင် "တစ်စက္ကန့်မျှ ကြာသည်" ဆိုကြစို့။ ထိုမျှလောက် အချိန်ကလေးဖြင့် စကြာဝဠာတစ်သိန်းကို လွန်သွားအောင် ပြေးနိုင်သော အဟုန်ရှိသော အကနိဋ္ဌဗြဟ္မာကြီးတို့သည် စကြာဝဠာအဆုံးကို ကြည့်ကြကုန်အံ့ဟု ကြံ၍ ပြေးသွားလျှင် ဗြဟ္မာသက်တမ်းစေ့၍ ပရိနိဗ္ဗာန် စံရမည်သာ။ စကြာဝဠာအဆုံးကိုကား မတွေ့နိုင်ပါ။ ။

(ဋ္ဌနီဘာဋီ ဒု ၄၄၃)

Sunday, April 5, 2015

☆ မယ်မင်းကြီးမ သုဘဒ္ဒါ ☆


☆ တစ်ချိန် ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတိုက်တော်၌ ဓမ္မာသနပလ္လင်ထက်ဝယ် တရားတော်ကို ဟောကြားတော် မူစဉ် ဘိက္ခုနီမကလေး တစ်ဦးသည် အတိုင်းအတာ ပမာဏ မရှိသော ပါရမီကောင်းမှု ကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော
အသာဆုံး အမြတ်ဆုံးသော ရူပကာယတော်နှင့် ပြည့်စုံတော်မူသော ကိုယ်တော်အား (၁၀)ပါး ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော, ဘုရားရှင်၏ ခန္ဓာကိုယ်အတ္တဘောကို ကြည့်၍ သံသရာတစ်ခွင်ဝယ် ကျင်လည်ခဲ့ရစဉ်က ဤယောက်ျားမြတ်၏ ခြေရင်း အလုပ်အကျွေးများ ဖြစ်ခဲ့ဖူးလေသလားဟု စဉ်းစားမိ၏။

☆ ထိုအချိန်အခါတွင် ထိုဘိက္ခုနီမကလေး၏ သန္တာန်၌ ရှေ့ဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရနိုင်သော ဇာတိဿ ရဉာဏ်သည် ထင်ရှားဖြစ်ပေါ်ခဲ့၏။ ထိုဇာတိဿ ရဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ရာ ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရားဖြစ်စဉ်က ကြေကွဲဖွယ်ရာ ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရသဖြင့် ငိုပွဲကြီးဆင်ခဲ့ရလေသည်။ ဘုရားရှင်ကလည်း တရားနာပရိသတ်တို့အား ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို ဟောကြားပြသပေးတော်မူလေသည်။
---------------------------------------
☆ ဆဒ္ဒန်ဆင်မင်း၌ စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရားနှစ်ဦး ရှိခဲ့၏။ ဘိက္ခုနီမကလေးကား ထိုစဉ်က စူဠသုဘဒ္ဒါပင်တည်း။ တစ်နေ့ ဆဒ္ဒန်ဆင်မင်းနှင့်တကွ ဆင်အပေါင်းတို့ အင်ကြင်းပန်းများ ဖူးပွင့်ဝေဆာနေသည့် အင်ကြင်းတောဝယ် တောကစားစဉ် လေအထက်ကတည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက်များ သစ်ရွက်ခြောက်များ ကျ၍ လေအောက်က တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ အင်ကြင်းပန်း ၀တ်မှုန်များ ပွင့်ချပ်များ ကျသွား၏။ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။

☆ တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်အိုင်အတွင်း၌ ဆင်အပေါင်းတို့ ရေကစားကြ၏။ ဆင်တစ်ကောင်က သတ္တုဒ္ဒယအမည်ရှိသော ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ဆဒ္ဒန်ဆင်မင်းအား ဆက်သလာ၏။ ထိုပဒုမ္မာကြာပွင့်ကြီးကို နှာမောင်းဖြင့် ယူဆောင်၍ ၀တ်မှုန်များကို မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ဖြန့်ကြဲလျက် ထို
ကြာပန်းကြီးကို မဟာသုဘဒ္ဒါအားပင် ပေးလိုက်၏။ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။

☆ ဤအချက် နှစ်ရပ်ကို အခြေခံ၍ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း အပေါ်၌ မယ်မင်းကြီးမ စူဠသုဘဒ္ဒါက ရန်ငြိုးဖွဲ့ခဲ့၏။
------------------------------------------------
☆ ထိုအချိန်အခါတွင် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်ပေါင်း(၈၀၀၀)ကျော်တို့ကား ပစ္စေကဗုဒ္ဓါဘုရားရှင် (၅၀၀)တို့အား သစ်သီးဆွမ်း စသည်တို့ဖြင့် ပြုစုလုပ်ကျွေးခွင့်ကို ရရှိနေကြ၏။ ကြုံခဲလှသော အခွင့်ထူးကြီးတစ်ရပ်ဖြစ်၏။
တစ်ဖန် ဆဒ္ဒန်ဆင်မင်းအမှူးရှိသော ဆင်အပေါင်းတို့ကား ဖြူစင်သော သီလနှင့်လည်း ပြည့်စုံကြပြန်၏။ ထို့ကြောင့် ယင်းတို့၏ ဒါနမှာ အောက်ပါ အင်္ဂါ(၅) ချက်နှင့် ပြည့်စုံနေ၏။

၁။ အလှူပေးသော ပုဂ္ဂိုလ်သည် သီလရှိသူဖြစ်ခြင်း,

၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း,

၃။ ကြည်လင်သော စိတ်ထားရှိခြင်း,

၎။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သော
သဒ္ဓါတရား ထင်ရှားရှိခြင်း,

၅။ အလှူခံပုဂ္ဂိုလ်တို့၌လည်း အဖြူစင်ဆုံးသော သီလရှိနေခြင်း။

ဤအင်္ဂါငါးရပ်နှင့် ပြည့်စုံနေ၏။ (ဒက္ခိဏ၀ိဘင်္ဂသုတ္တန်ကို ကြည့်ပါ။)

ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော အဆင့်အတန်းမြင့်မားသော အကျိုးအမျိုးမျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဒါနမျိုးတည်း။ ဣဇ္ဈတိ ဘိက္ခဝေ သီလ၀တော စေတောပဏိဓိ ၀ိသုဒ္ဓတ္တာ။ (အံ၊၃၊၇၁။) ဟူသော
ဒေသနာတော်များနှင့်အညီ သီလစင်ကြယ်နေသည့် အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှ ပြီးပြည့်စုံနိုင်သော ဒါနမျိုး ဖြစ်၏။
---------------------------------------------
☆ မယ်မင်းကြီးမ စူဠသုဘဒ္ဒါကလည်း ဤအခွင့်အကောင်းကြီးကို နားလည်ထားသူ ဖြစ်၏။ ထို့ကြောင့် မိမိရရှိလာသော သစ်သီးကြီးငယ်များကို ပစ္စေက ဗုဒ္ဓါဘုရားရှင်တို့အား ပေးလှူ၍ အောက်ပါအတိုင်း ဆုတောင်းပန်ထွာလေသည်။

၁။ အရှင်မြတ်တို့ဘုရား ... ဤဆင်ဘ၀မှ စုတေခဲ့သော် မဒ္ဒရာဇ်မင်းမျိုး၌
ဖြစ်ရပါလို၏။

၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏။

၃။ အရွယ်ရောက်လတ်သော် ဗာရာဏသိဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏။

၎။ ထိုဗာရာဏသိဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားဖြစ်ရပါလို၏။

၅။ ထိုဗာရာဏသိဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင်
ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။

၆။ ထိုဗာရာဏသိဘုရင်အား ပြောကြား၍ မိုးဆိုးတစ်ယောက်ကို စေခိုင်း၍ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေ၍ အသက်ကုန်အောင် သတ်နိုင်ရပါလို၏။

၇။ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်
အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏။

ဤသည်တို့ကား မယ်မင်းကြီးမ စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင် ဖြစ်ကြ၏။
----------------------------------------------------
၁။ အ၀ိဇ္ဇာ = အထက်ပါ စွမ်းအားအမျိုးမျိုးနှင့် ပြည့်စုံသော သုဘဒ္ဒါအမည်ရှိသော မိဖုရားကြီးဟု အသိမှားခြင်းသဘော။

၂။ တဏှာ = ယင်းမိဖုရားဘ၀ကို တွယ်တာတပ်မက်ခြင်းသဘော။

၃။ ဥပါဒါန် = ယင်းမိဖုရားဘ၀သို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

၎။ သင်္ခါရ = ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းခြင်း ဟူသော ကုသိုလ်သင်္ခါရအုပ်စု။

၅။ ကံ = ယင်း ကုသိုလ်သင်္ခါရအုပ်စု၏ ကမ္မသတ္တိ။

☆ အကြောင်းတရားငါးပါးကား စုံညီသွားခဲ့၏။ 

အရိယမဂ်တည်းဟူသော မွေးညှပ်နှင့်ကင်း၍ ပြန်လည်ဖျက်သိမ်း၍မရနိုင်သော ကံမျိုးတည်း။ မယ်မင်းကြီးမ
ဆုတောင်းပန်ထွာထားသည့်အတိုင်း ဆင်ဘ၀မှ ရွေ့လျားသောအခါ သုဘဒ္ဒါအမည်ရှိသော မဒ္ဒရာဇမင်းသမီး ဖြစ်လာရ၏။ ဗာရာဏသိဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘ၀သို့လည်း ရောက်ရှိခဲ့၏။ မောင်းမပေါင်း
တစ်သောင်းခြောက်ထောင်တို့၏ အထွတ်အထိပ်ဘ၀သို့ ရောက်ရှိခဲ့၏။

☆ ဤမျှဆိုလျှင် ကျေနပ်သင့်လှပေပြီ။ သို့သော် မယ်မင်းကြီးမကား မကျေနပ်နိုင်သေးပေ။ မိဖုရားခေါင်ဘ၀သို့ ရောက်ရှိနေပြီးဖြစ်လျှင်လည်း တောထဲမှာရှိနေသည့် တိရစ္ဆာန် တစ်ကောင်မျှသာ ဖြစ်သော ဆဒ္ဒန်ဆင်မင်းကို မသတ်ဘဲနေဖို့ ကောင်းလှ၏။ သို့သော် အတိတ်က ထူထောင်ထားခဲ့သော ကံက လှုံ့ဆော်ပေးနေသဖြင့် မသတ်ဘဲ မနေနိုင်ဖြစ်နေ၏။ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ စွမ်းအင်က သင်္ခါရ-ကံကို ခြယ်လှယ်ပေးနေခြင်း ဖြစ်၏။ လှုံ့ဆော်ပေးနေခြင်းဖြစ်၏။ မသတ်ရ မနေနိုင် ဖြစ်နေ၏။ နောက်ဆုံးတွင် သောနုတ္တိုရ်မုဆိုးကို စေခိုင်း၍ ဆဒ္ဒန်ဆင်မင်း၏ အစွယ်တို့ကို အရယူခဲ့လေသည်။ သို့သော် ကြေကွဲဖွယ်ရာ မြင်ကွင်းမှာ ဤသို့ ဖြစ်၏။

☆ သောနုတ္တိုရ်မုဆိုးက ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ဆန်းကြယ်လျက်ရှိသော ဆင်စွယ်တို့ကို ဆက်သလာသောအခါ မယ်မင်းကြီးမသုဘဒ္ဒါက ယင်းဆင်စွယ်တို့ကို ပေါင်ပေါ်၌ တင်လျက် ဘ၀ဟောင်းက ချစ်ခင်မြတ်နိုးအပ်သော အိမ်ရှင်ယောက်ျား၏ အစွယ်တို့ကို ကြည့်လျက် -

“ဤကဲ့သို့သော တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆင်မင်းကို ဆိပ်လူးမြားဖြင့် ခွင်း၍ အသက်ကုန်ခြင်းသို့ ရောက်စေလျက် ဤဆင်စွယ်တို့ကို ဖြတ်တောက်၍ သောနုတ္တိုရ်မုဆိုးက ယူဆောင်လာခဲ့ပေပကော”ဟု ဘုရားအလောင်းတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ်လျှောက်၍ ဆင်ခြင်အောက်မေ့စဉ် မယ်မင်းကြီးမ၏ သန္တာန်၌ သောကတရားသည် ထင်ရှားဖြစ်ပေါ်လာခဲ့၏။ သည်းခံခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏။ ထိုအခါ ထိုနေရာ၌ပင်လျှင် ထိုမယ်မင်းကြီးမ၏နှလုံးသည် ကွဲရှာလေပြီ။ ထိုသုဘဒ္ဒါသည် ထိုနေ့မှာပင် သေပွဲဝင်ခဲ့ရလေသည်။ 
(ဇာတက၊ဋ္ဌ၊၅၊၅၆။)

☆ သုဘဒ္ဒါမိဖုရားဘ၀၌ တစ်ကြိမ် ငိုပွဲဆင်ခဲ့ရ၏။ သေပွဲလည်း ၀င်ခဲ့ရ၏။ ယခုတစ်ဖန် ဘိက္ခုနီမဘ၀၌လည်း ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။ ထို့ကြောင့် အသင်သူတော်ကောင်းသည် ကံကို ထူထောင်ရာ၌ သတိကြီးစွာပင် ထူထောင်သင့်လှပေသည်။

☆ ဤမျှဆိုလျှင် အ၀ိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏အကြောင်းကို အတော်အသင့် သဘောပေါက်လောက်ပေပြီ။

☆ဖားအောက်တောရဆရာတော်☆
☆Buddhavasa Tiloka☆

ဝိသာခါရဲ့ မဟာလတာတန်ဆာ


ဓနဉ္စယ သူဌေးကြီးသည် သမီးဝိသာခါအတွက် မဟာလတာတန်ဆာကို ပန်းထိမ်သည် ငါးရာတို့ထံတွင် အပ်နှံ၏။
မဟာလတာတန်ဆာတွင် ရွှေစင်နိက္ခ ၁၀၀၀၊ စိန် ၄ ကွမ်းးစား ၊ ပုလဲ ၁၁ ကွမ်းစား ၊ သန္တာ ၃၂ ကွမ်းစား ၊ ပတ္တမြား ၃၃ ကွမ်းစား တို့ ပါဝင်၏။
ထိပ်အလယ်၌ ဥဒေါင်းရုပ်ပါ၏ ။ ဝတ်ဆင်လိုက်လျင် ဦးခေါင်းမှ ခြေဖမိုးတိုင် ဖုံး၏ ။


မဟာလတာတန်ဆာသည် အဖိုးအားဖြင့် ကိုးကုဋေထိုက်၏ ။
လက်ခအားဖြင့် တစ်သိန်းဖြစ်၏ ။
အချိန်ကာလအားဖြင့် လေးလတိုင်တိုင်လုပ်ရ၏ ။
ပန်းတိမ်လုပ်သားပေါင်း ငါးရာတို့ဖြင့် လုပ်မှ ပြီး၏ ။
ဤမြေအပြင်၌ မဟာလတာတန်ဆာ ဝတ်ဆင်နိုင်သူ အမျိုးသမီး
သုံးယောက်သာရှိ၏ ။
ထိုအမျိုးသမီးတို့မှာ
၁ ။ ဝိသာခါ
၂ ။ ဗန္ဓုလစစ်သူကြီးကတော် မလ္လိကာ
၃ ။ ဗာရာဏသီ သူဌေးသမီး တို့ဖြစ်သည် ။
အမျိုးသမီးများအနေဖြင့် သင်္ကန်းလှူလျှင် မဟာလတာတန်ဆာရနိုင်၏ ။
သို့ရာတွင် သင်္ကန်းလှူတိုင်း မဟာလတာကို ရသည်တော့ မဟုတ် ။
ကောင်းမှုဟူသမျှ အကျိုးပေးရာတွင် ဆိုင်ရာ အကြောင်းတရား လေးပါးတို့အပေါ်တွင် အခြေခံ၏ ။
စေတနာသည် ပဓာန အကြောင်းတရားဖြစ်သည် ။
ဥပါဒါန အကြောင်းဟုဆို၏ ။ စေတနာကောင်းလျှင် ကောင်းသလောက် အကျိုးပေး၏ ။
ဒုတိယအကြောင်းမှာ ကမ္မဿကတ ဉာဏ်ဖြစ်၏ ။
အကျိုးပေးမှုသည် မိမိယုံကြည်မှုနှင့် ပတ်သက်သော အသိဉာဏ်အပေါ်၌လည်း တည်၏ ။ နိမိတ္တ အကြောင်းဟု ဆို၏ ။
တတိယအကြောင်းမှာ လှူဖွယ်ဝတ္ထုနှင့် အလှူခံ ပုဂ္ဂိုလ်ဖြစ်၏ ။
သမဝါယီ အကြောင်းဟုဆို၏ ။
အကျိုးပေးရာ၌ လှူဖွယ်ပစ္စည်း၏ အမျိုးအစားအရ အကျိုးပေး၏ ။
အလှူခံ ပုဂ္ဂိုလ်၏ သီလရှိမှု မရှိမှုသည်လည်း အရေးကြီး၏ ။
စတုတ္ထ အချက်မှာ တောင့်တချက်ဖြစ်၏ ။ ပဏိဓိ(သို့) ပတ္ထနာ ဟု ဆို၏ ။
အကျိုးပေးရာတွင် မိမိတောင့်တချက်အရ အကျိုးပေး၏ ။
အမျိုးသမီးများအနေဖြင့် မဟာလတာ တန်ဆာကို ရလိုပါလျှင်
မဟာလတာတန်ဆာကိုရည်မှန်းပြီး သီလဝန္တ ပုဂ္ဂိုလ်တို့အား ကောင်းသော သင်္ကန်းကို လှူရ၏ ။
လှူသောအခါ သီလကို စောင့်ထိန်းပြီး ဉာဏ်ယှဉ်သော စေတနာဖြင့် လှူပါက မဟာလတာ တန်ဆာကို ရနိုင်ပါသည် ။
ဝိသာခါသည် ကဿပ ဘုရားရှင်လက်ထက်က ရဟန်းတော်များအား ဤအကြောင်းလေးပါးနှင့် ပြည့်စုံအောင် သင်္ကန်းလှူခဲ့သောကြောင့် ယခုကဲ့သို့ မဟာလတာ တန်ဆာကို ရခြင်းဖြစ်၏ ။


(ဆရာကြီးဦးရွှေအောင်အား ကန်တော့ပါ၏ ။)

Shared from SweSwe Winn (FB)