Monday, October 31, 2011

မီးလွတ်စားနည်း

စားတဲ့အခါမှာ စားကောင်းတဲ့ အစာဆိုရင် လောဘဖြစ်တက်တယ် ။
များများစားချင်တယ် ။ ကုန်သွားမှာစိုးရိမ်တယ် ။
လျော့ပါးသွားရင် ကုန်သွားမှာ နှမြောတယ် ၊ စိုးရိမ်ပူလောင်တယ် ။
မကောင်းတဲ့အစာဆိုရင်လည်း ဒေါသဖြစ်ရတယ် ။ မကျေနပ်ဘူး ၊ စိတ်ဆိုးတယ် ။
ဒေါသကြောင့် စားရင် ပူလောင်ရတယ် ။
ကောင်းတဲ့ အစာကို လောဘဖြစ်ရာကနေ ကုန်သွားလို့ ဒေါသဖြစ်ရတော့လည်း
လောဘကြောင့် ဒေါသဖြစ်ရတယ် ။ လောဘနဲ့ ဒေါသ နှစ်ခုစလုံးပူလောင်တယ် ။
သည်တော့ လောဘ ဒေါသနဲ့ ဆင်ခြင်ပြီး အသိအမှတ်နဲ့စားရင် မီးလွတ်တာပေါ့ ။
မီးဖိုထဲက မီးက ပြဿနာမဟုတ်ဘူး ။ သူ့ဘာသာနေတာပါ ။
အဲသည်တော့ သတိထားပြီး မီးလွတ်အောင်စားကြ ၊ မီးလွတ်အောင်နေကြပေါ့ ။

(အနန်းပင်တောရ ဆရာတော်ကြီး)

Friday, October 28, 2011

စိတ်သန့်ရှင်းရေး

ကိုယ်အမူအရာနဲ့ နှုတ်အမူအယာတွေ ကောင်းဖို့အတွက် စိတ်အမူအရာကို ကောင်းဖို့ အဓိကကျတယ်။ စိတ် အမူအရာ ကောင်း၊ မကောင်းကိုလည်း သတိဉာဏ်နဲ့ အမြဲတမ်း စောင့်ကြည့်နေမှသာ သိနိုင်၊ မြင်နိုင်တယ်။

မိမိရဲ့  စိတ်က ကောင်းတာကို တွေးနေလား၊ မကောင်းတာကို တွေးနေလား ဆိုတာကို သတိဉာဏ်နဲ့ ကိုယ်ကိုယ်တိုင် ခွဲခြားနိုင်ပြီ ဆိုရင် မိမိရဲ့  စိတ်ကို ဆုံးမဖို့ရာ သိပ်ကို လွယ်ကူသွားပြီ။ မကောင်းတဲ့ စိတ်တွေကို ဖယ်ထုတ်ပြီးတော့ ကောင်းတဲ့ စိတ်တွေကိုပဲ ထားမယ်ဆိုရင် စိတ်ကောင်းထားတဲ့သူ ဖြစ်သွားပြီ။



မိမိရဲ့ စိတ်ထဲမှာ ကောင်းတာ ဖြစ်နေလား၊ မကောင်းတာ ဖြစ်နေလား ဆိုတာကို သတိဉာဏ်နဲ့ မသိနိုင်သေးဘူး ဆိုရင်တော့ ကိုယ့်စိတ်ကို ဘယ်လို လုပ်ပြီး ပြန်ဆုံးမလို့ ရပါ့မလဲ။ စိတ်ကောင်းထားဖို့ ဆိုတဲ့ လမ်းစကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။

စိတ်ကောင်းထားပြီ ဆိုတော့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ အားလုံး ကောင်းလာပြီလေ။ ကိုယ်ကောင်း စိတ်ကောင်း ထားနိုင်သွားပြီ။

စိတ်ထားတတ်မှ မြတ်တယ် ဆိုတဲ့ စကားပုံတစ်ခု ရှိတယ်။ စိတ်ထားတတ်တယ် ဆိုတာ စိတ်ကောင်းထားတတ် တာကို ဆိုလိုတာ။ ကျွန်ုပ်တို့ဟာ မကောင်းတဲ့ စိတ်တွေကို ဖယ်ထုတ်တတ်ပြီးတော့ စိတ်ကောင်း ထားတတ်တဲ့ အကျင့်ကို အမြဲတမ်း လေ့ကျင့်ပေးရမယ်။

နေ့စဉ်နေ့တိုင်း လူတိုင်းဟာ ရုပ်ကိုပဲ လှပအောင် ပြင်ဆင်နေကြတာလေ။ စိတ်ကို လှပအောင် ပြင်ဆင်ဖို့ကျတော့ မေ့နေကြတယ်။ နေ့စဉ် မှန်ကို ကြည့်ဖို့တော့ မမေ့တတ်ကြဘူး။ မှန်ကို ကြည့်မိပြီ ဆိုရင် မိမိရဲ့ မျက်နှာမှာ အပြစ်အနာအဆာတွေများ တွေ့လိုတွေ့ငြား သေသေချာချာ ကြည့်တတ်ကြတယ်။



ရုပ်ခန္ဓာမှာရှိတဲ့ အညစ်အကြေးတွေကိုသာ သန့်ရှင်းရေး နေ့တိုင်း လုပ်နေကြတာ။ စိတ်မှာရှိတဲ့ စိတ် အညစ်အကြေးတွေ ကိုကျတော့ သန့်ရှင်းရေး လုပ်ဖို့ သတိမရကြဘူး။ စိတ်ထဲကိုလည်း နေ့စဉ်နေ့တိုင်း အချိန်တိုင်းမှာ ကြည့်နေရပြီး စိတ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အပြစ်အနာအဆာတွေကို ကုစားနိုင်ရမယ်။



ရုပ်ကို လှပအောင် ဘယ်လောက်ပဲ လုပ်လုပ် တစ်နေ့ပြီး တစ်နေ့ အိုလာရမှာပဲ။ စိတ်ကို လှပအောင် လုပ်နိုင်မှသာ သံသရာ ဒုက္ခ ဆင်းရဲတွင်း အထဲက လွတ်မြောက်နိုင် မှာလေ။



အဲဒါကြောင့် ရုပ်ကို လှပအောင် ပြုလုပ်ခြင်းသည် အအိုမှာ လမ်းဆုံးပြီးတော့ စိတ်ကို လှပအောင် ပြုလုပ်ခြင်းသည် နိဗ္ဗာန်မှာ လမ်းဆုံးတယ် ဆိုတဲ့ စကားကို မှတ်သား ထားရမယ်။

လူတိုင်းလူတိုင်းသာ စိတ်ကောင်းရှိကြမယ် ဆိုရင် ကမ္ဘာကြီးမှာ ရှိကြတဲ့ လူတွေ ရန်ဖြစ်စရာ မလိုတော့ဘူး။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်နေစရာ မလိုတော့ဘူး။



ပုထုဇဉ်လူတို့ရဲ့ စိတ်ဟာ မကောင်းမှုမှာပဲ မွေ့လျော်တတ်ကြတယ် လို့ မြတ်စွာဘုရား ဟောခဲ့တယ်။ သူအာရုံကျက်စားရာ နေရာတိုင်းမှာ ပျော်မွေ့ဖို့ စိတ်တွေကို ခွင့်ပြုထားမယ် ဆိုရင်တော့ မကောင်းတဲ့နေရာတွေမှာသာ ပျော်မွေ့နေဖို့ရာ များပါတယ်။



စိတ် ဆိုတဲ့ အိမ်ထဲမှာ အကုသိုလ် ဆိုတဲ့ အမှိုက်တွေ ပုံမထားပါနဲ့။ အမှိုက် ဆိုတာ ကြာလာရင် ပုပ်ပွလာပြီး ပိုးလောက်တွေ တက်လာသလိုပဲ။ စိတ်ထဲမှာ အကုသိုလ်တွေ စုပုံထားရင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိမိကို ဒုက္ခပေးတော့မှာပဲ။ စိတ်အိမ်ထဲမှာရှိတဲ့ အကုသိုလ် အမှိုက်တွေကို သတိစိတ် ဆိုတဲ့ တံမြက်စည်းနဲ့ အမြဲတမ်း လှဲကျင်းပေး၊ သန့်ရှင်းပေးပါ။

ရွှံ့  ညွန်သည် ရေကြောင့်ဖြစ်ရသည်။ ရေကြောင့် ဖြစ်သော ရွှံ့  ညွန်ကို ရေဖြင့် ဆေးကြောလျှင် စင်ကြယ်ပါသည်။ ထို့အတူ မကောင်းမှု ပြုခြင်းသည်လည်း စိတ်ကြောင့် ဖြစ်ရသည်။ စိတ်ကြောင့်ဖြစ်သော မကောင်းမှုကို စိတ်ကောင်း စေတနာကောင်းဖြင့် ဆေးကြောလျှင် စင်ကြယ်၏ ဆိုတာ မြတ်စွာဘုရားက ဟောကြားခဲ့တယ်။



အဲဒါကြောင့် မိမိ ခန္ဓာကိုယ်ကို နေ့စဉ်ရေချိုးပြီး သန့်ရှင်းရေး လုပ်သလိုပဲ စိတ်ကိုလည်း သတိစိတ်ကလေးနဲ့ စိတ်ကောင်း၊ စေတနာကောင်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း သန့်ရှင်းရေး လုပ်ပေးနေရမယ်။ ဒါဆိုရင် စိတ်တွေဟာ သန့်ရှင်း နေပြီပေါ့။

စိတ်သန့်ရှင်းနေတဲ့သူဟာ စိတ်ကလေး အမြဲတမ်း ကြည်လင်နေပြီး ပေါ့ပါး လန်းဆန်းနေပါတယ်။ အဲဒီ စိတ်ကလေးနဲ့ ၀ိပဿနာတရားတွေ ကျင့်ကြံအားထုတ်တဲ့ အခါကျရင်လည်း သမာဓိရဖို့ ပိုပြီးတော့ လွယ်ပါတယ်။



မြတ်စွာဘုရား ဟောထားတာလေး ရှိတယ်။

လေးသမားသည် ကွေးကောက်နေသော မြားကို ဖြောင့်အောင် ပြုလုပ်သလိုပါပဲ ပညာရှိတွေကလည်း အာရုံတွေမှာ ကျက်စားတတ်တဲ့ စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲသော်လည်း တည့်မတ်ဖြောင့်စင်းအောင် ပြုလုပ်တတ်ကြတယ်။

စိတ်သန့်ရှင်းသွားပြီး သမာဓိရသွားတဲ့ သူတွေကတော့ စိတ်တွေကို ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်တဲ့အတွက် စိတ်တွေ တုန်လှုပ်ချောက်ချားခြင်း မရှိတော့ပါဘူး။



တည်ငြိမ်သွားပါပြီ။ လောကီနယ်ထဲမှာ နေထိုင်နေရတဲ့သူ ဖြစ်ပေမဲ့လည်း လောကဓံတရားတွေကို ခံနိုင်ရည်ရှိသွားပြီ။

အဲဒါ စိတ်ကို သန့်ရှင်းအောင် ပြုလုပ်ခဲ့ရတဲ့ အကျိုးကျေးဇူးတွေကြောင့်ပဲလေ။ ဒါကြောင့် လောကီမှာရော လောကုတ္တရာမှာပါ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ စိတ်ကို အမြဲတမ်း သန့်ရှင်းအောင် ပြုလုပ်ကြမယ် ဆိုရင် သံသရာအတွက် စိတ်အေးရမယ် ဆိုတာ မလွဲနိုင်တော့ပါဘူး။



(Credit to အရှင်ဥာဏဒီပ(ဓမ္မရတနာ))

Thursday, October 27, 2011

ချစ်သော ကောင်လေးတစ်ယောက် သို့



အရင်ကဆို . . . . . .နင်နဲ့ 
လိုင်းကားစီးရင်း မတော်တဆများ ကားပေါ်မှာ ဆုံမိမလား ၊
လမ်းပေါ်မှာ လျှောက်သွားရင်းနဲ့များ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိနေမလားပေါ့ ၊
ဒါမှမဟုတ် Shopping center တစ်ခုခုမှာများ တွေ့မိမလားပဲ ။ ။

တောင်းတဖူးတယ်၊ မျှော်လင့်ဖူးတယ် အများကြီးကိုမျှော်လင့်ဖူးပါတယ်
တကယ်လဲဆုံချင်နေခဲ့မိတယ် ။
ဒါပေမယ့် တကယ်တမ်းဆုံမိပြန်တော့လဲ
ငါသိပ်ကြိုက်တဲ့ နင်နဲ့အတူ ထိုင်ချင်ခဲ့တဲ့ ကော်ဖီဆိုင်လေးမှာတဲ့
ချိန်းထားရင်တောင်လွဲနေပါဦးမယ်ဟယ်။

တိုက်ဆိုင်လိုက်ပုံများ နှစ်ယောက်စလုံးဝတ်ထားကြတာကလဲ
အဖြူရောင်နဲ့အနက်ရောင်တွဲလျှက် . . .
နင်ငါကို လှမ်းခေါ်လိုက်တဲ့ခဏမှာ
ငါ ဘုရားသခင်ကို အရင်ဦးဆုံးကျေးဇူးတင်မိခဲ့တယ်
နင်နဲ့ထပ်မံပြီဆုံဆည်ခွင့်ကိုပေးလို့ပေါ့ . . .

ဒါပေမယ့် နင်နှုတ်က ထွက်လာတဲ့ကားတစ်ခွန်းလဲကြားရော . . .
ကိုယ့်ကိုယ်အပြစ်တင်မိတယ်
နင်နဲ့ထပ်မံဆုံဆည်ဖို့ကို ဘုရားသခင်ထံဆုတောင်းမိလို့ပေါ့ . . .
ငါမခံစားနိုင်ခဲ့ပါဘူးဟာ အဲချိန်မှာ
ငါစိတ်က ကော်ဖီတစ်ခွက်မတောင်းတမိခဲ့ရင် ကောင်းမယ် . . .


သို့မဟုတ် နင်ငါကိုမမြင်ခဲ့ရင်လဲကောင်းမယ်. . .
“ ငါကောင်မလေး နဲ့ချိန်းထားလို့တဲ့ ”
နင်ကတော့လွယ်လွယ်လေးနဲ့ ဒီစကားတစ်ခွန်းကိုပြောချလိုက်တာပဲနော်
ဒါပေမယ့် အဲစကားက ငါ့အတွက်အရမ်းနက်နဲလွန်းတယ်ဟာ . . .
နင်စဉ်စားတတ်ခဲ့ရင် သို့မဟုတ် ငါကို နည်းနည်းလေးပိုနာလည်တတ်ခဲ့ရင်ကောင်းမယ်နော်

ခံစားရတယ်ဆိုတာ တကယ်ချစ်တတ်တဲ့သူတစ်ယောက်အတွက်တော့ မထူးဆန်းပါဘူးဟာ
ငါကနင်ကို တစ်ကယ်ချစ်တဲ့ သူတစ်ယောက်ဖြစ်ခဲ့တော့
အခုချိန်မှာ ငါ . . .နင်ကို
မေ့ထားလို့လဲမရ ၊ နောက်တစ်ယောက်ကို ပြောင်းချစ်လို့လဲ မရ ၊
ဒီတော့ ငါ ဘာလုပ်ရမလဲ

အသည်းကွဲသမားတစ်ယောက်ရဲ့ တာဝန်နဲ့ ၀တ္တရားအရပေါ့
ငါ. . .နင်ကို လွမ်းတယ်လေ .. သတိရတယ် ပြီးတော့ ငါဆွေးတာပေါ့
စိတ်ချပါ ငါနင့် နဲ့ အရင်လိုပြန်နေရဖို့ မကြိုးစားသလို နင့်ကို မေ့ပစ်ဖို့တစ်ခုကိုလဲ မကြိုးစားပါဘူး
ငါ့ရင်ဘတ်ထဲမှာ နင်ကိုအမြဲထည့်ထားတယ်လေ


သတိရတိုင်းထုတ်ကြည့်လို့ရအောင်ပေါ့
နင်နဲ့ မတွေ့တော့တဲ့နောက် ငါအများကြီးပဲ ကြိုးစားခဲ့ရတယ်ဟာ. . .
တယ်လီဖုန်းတွေ့တိုင်း နင့် ဖုန်းနံပါတ်လေးကို မနှိပ်မိအောင်
Internet သုံးတိုင်း ငါ့ mail account မဖွင့်မိအောင်
ညနေတိုင်း နင့်ဖုန်းလေးမမျှော်မိအောင်

ငါတို့နှစ်ယောက်အကြောင်းသူငယ်ချင်းတွေမမေးအောင်. . .
အများကြီးပါပဲဟာ ငါ တော်တော်လေး ကြိုးစားခဲ့ရတယ်. . .
ငါရိုင်းသွားတယ်နော် နင်ကိုတောင်နှုတ်မဆက်ပဲ ကော်ဖီဆိုင်ထဲက ထွက်လာခဲ့မိတယ်
နောက်ကိုလဲတစ်ချက်ကလေးမှ ငါ လှည့်မကြည့်ခဲ့ဘူး

ဒါဟာ ငါရဲ့နောက်ဆုံး မာနလေပါဟာ
ပြီတော့ ငါလေ နင်ကိုကော်ဖီဆိုင်မှာ ချန်ခဲ့သလို ငါအချစ်တွေကိုလဲ
အဲကော်ဖီဆိုင်လေးမှာပဲ အပြီချန်ထားခဲ့လိုက်တယ် . . .
အခုဆို
ကားစီးရင်း ကားပေါ်မှာ နင်နဲ့တွေ့မလားဆိုပြီ နင်ကိုရှာနေစရာမလိုတော့ဘူး


လမ်းပေါ်မှာ လျှောက်သွားရင်းနဲ့လဲ နင်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိနေမလားလဲ ငါမတွေးတော့ဘူး၊
shopping center တစ်ခုခုမှာများ တွေ့မိဖို့လဲ ငါမမျှော်လင့်တော့ပါဘူးလေ ။ ။
နောက်ထပ် နင်ကိုလွမ်းဖို့ သတိရဖို့ ဆွေးဖို့ တွေကိုလဲငါခဏဘေးဖယ်ထားတယ်ဟာ


ဒါပေမယ့် ငါ နင့်ကို အရမ်းလွမ်းရင်တော့ ငါ့အချစ်တွေရှိတဲ့
အဲကော်ဖီဆိုင်ကလေးမှာ ငါသွားသွားထိုင်နေမိတယ်
ဆိုးတယ်ဟာ ပြီးတော့ ကိုယ့်ဘာသာကိုယ်လဲရယ်ချင်တယ်
နေ့တိုင်း အဲကော်ဖီဆိုင်ရောက်နေ့မိလို့
တကယ်တော့ နင်ဟာ ဖြူစင်သန့်ရှင်းသူပါ


နင့်ချစ်တဲ့သူနောက် လိုက်သွားတာကို သစ္စာမဲ့တယ်လို့ ငါမသုံးရက်ပါဘူး
ငါနင်ကို ချစ်သလို နင်လဲပဲ သူကို ချစ်သွားလိုနေမှာပေါ့ . . .
ငါနားလည်ပေးပါတယ် . . .
တစ်ချိန်ချိန်ပေါ့ဟာ နင့်အတွက် ပုခုံး တစ်ဖက်ငှားဖို့ လိုရင်ဖြစ်ဖြစ်


ကော်ဖီအတူသောက်ဖို့ အဖော်တစ်ယောက်လောက်လိုရင်ဖြစ်ဖြစ်ပေါ့ဟာ
ဒီကော်ဖီဆိုင်လေးမှာ ငါရှိနေမယ်ဆိုတာလေးတစ်ခုကိုသတိရပေးပါ
ငါနင့်ကို စောင့်နေမိဦးမယ်ထင်တယ် အချိန်အတိုင်းအတာ တစ်ခုအထိပေါ့
ဒါပေမယ့် အဲအချိန်အတိုင်းအတာက ဘယ်လောက်ကြာရှည်မယ်တော့ငါမသိဘူး . . .

အခုချိန်မှာငါသိတာတစ်ခု ပဲရှိတယ် အဲဒါက နင်ကိုငါချစ်တယ် ငါနင်ကို အရမ်းနဲမှချစ်ခဲ့တာပါ
ငါအချစ်က နင်နဲ့ ချစ်သူတွေပြန်ဖြစ်မှ ၊ နင်ကိုပိုင်ဆိုင်ခွင့်ရမှ ၊ နင်နဲ့အတူ ရှိနေမှမဟုတ်ပါဘူး
ပြီတော့နင်ငါကိုအရင်လိုပြန်ချစ်မှလဲ ဖြစ်တာမဟုတ်ပါဘူးလေ . . .

ငါကိုယ်တိုင်က နင်ကိုအရင်ကလိုချစ်နေရရင်ပဲ တော်တော်ဟုတ်နေပါပြီဟာ
ငါလှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးပါတယ်နင့်အတွက်ပေါ့
နင် အရာရာအဆင်ပြေစေဖို့လေ . . .
ဒီလောက်ပဲဟာ . . .
မတော်တဆများ သို့မဟုတ် တိုက်ဆိုင်စွာနဲ့ပဲ ဒီစာလေးကို နင်ဖတ်မိခဲ့ရင်ပေါ့ . . .


ငါကို စက္ကန့်ပိုင်းလောက်တော့ သတိရပေးပါနော် . . . .

အချိန်အတိုင်းအတာတစ်ခုက နင်ချစ်ခဲ့ဖူးတဲ့ . . .
ကောင်မလေးတစ်ယောက်

(From a forward mail)

Posted by junemoe


အိပ်ပျက်များခြင်း၏ နောက်ဆက်တွဲ



၁။ အဝလွန်လာနိုင်ခြင်း
အိပ်စက်ချိန် ပုံမမှန်တာကြောင့် သင်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မူမမှန် ဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမို စားသုံးနိုင်ပါတယ်။  ၂- ၃ ရက်လောက် ဆက်တိုက် အိပ်ရေးပျက်ပါက အစာစားချင်တဲ့ ဂရီလင်(Ghrelin) ဟော်မုန်းကို များစေပြီး အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ လက်ပ်တင် (Leptin) ကို နည်းစေတာကြောင့် ရေရှည်မှာ အဝလွန်လာနိုင်ပါတယ်။

၂။ ခုခံအား ကျဆင်းနိုင်ခြင်း
အိပ်ရေးဝဝ အိပ်စက်တာက သင့်ကို ခုခံအား မြှင့်တင်ပေးပါတယ်။ အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ် ခုခံအား ကျဆင်းစေပြီး တုပ်ကွေး အအေးမိ ရောဂါတွေကို ဖြစ်လွယ်စေပါတယ်။

၃။ သွေးတွင်း သကြားဓာတ် များခြင်း
အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ်က အင်ဆူလင် ခုခံမှု တိုးလာပါတယ်။ အင်ဆူလင်က ဆဲလ်တွေဆီကို သကြားဓာတ် ပို့ဆောင်ရာမှာ ကူညီပေးပါတယ်။ အိပ်ရေးပျက် များတဲ့အခါ အင်ဆူလင်ရဲ့ လုပ်ဆောင်မှုတွေ လျော့နည်းလာပြီး သွေးတွင်း သကြားဓာတ်တွေ များလာစေပါတယ်။

၎။ စိတ်ဖိစီးမှု များခြင်း
အိပ်မပျော်တာကြောင့် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ ကော်တီဇော ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒီဟော်မုန်းက သင့်ကို နှလုံးခုန် မြန်စေပြီး သွေးဖိအား တက်တာ၊ သွေးတွင်းသကြားဓာတ် တက်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ကော်တီဇောက သင့်ကို နိုးကြားနေစေတာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

၅။ စွမ်းဆောင်ရည် ကျဆင်းခြင်း
ညစဉ်ရက်ဆက် အိပ်ရေးပျက်မှ မဟုတ်ပါဘူး။ တစ်ညတာ အိပ်ရေးပျက်ရင်တောင် နောက်တစ်နေ့မှာ စိတ်တွေ မကြည်မလင် ဖြစ်တတ်ပါတယ်။ ကြာရှည် အိပ်ရေးပျက်ရင်တော့ မောပန်းနွမ်းနယ်ကာ သင်ရဲ့ စွမ်းဆောင်ရည်တွေပါ ကျဆင်းလာနိုင်ပါတယ်။

၆။ အိုမင်းရင့်ရော်ခြင်း
အိပ်ရေးပျက်တာကြောင့် အရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ကျားကန်ပေးထားတဲ့ ကော်လာဂျင်အမျှင်တွေ လျော့ပါး လာစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။

၇။ ကင်ဆာ ဖြစ်နိုင်ခြေ များခြင်း
သုတေသီတွေရဲ့ လေ့လာမှုတွေအရ ညစဉ် ခုနစ်နာရီထက် လျော့နည်းပြီး အိပ်စက်သူတွေက ကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများတယ်ဆိုတာ တွေ့ရပါတယ်။

Ref: Good Health by: အလင်း(ဆေးဝါး)

အိပ်နေစဉ် ဘီလူးစီးသလား


လူများသည် နေ့စဉ် ရှင်သန်လှုပ်ရှား သွားလာမှုများ အတွက် စွမ်းအင်ပေါင်းများစွာ လိုအပ်ပြီး ထိုလိုအပ်သော စွမ်းအင်များအား အိပ်စက် အနားယူခြင်းဖြင့် ပြန်လည် ဖြည့်တင်းရလေ့ ရှိသည်။  နေ့စဉ် လှုပ်ရှားမှုများက စွမ်းအင်များကို ပြုန်းတီးစေပြီး နောက်တစ်နေ့ ပြန်လည် လှုပ်ရှားနိုင်ရန် အတွက် မဖြစ်မနေ ကောင်းမွန်စွာ အိပ်စက်ရလေ့ ရှိပြီး လုံလောက်သော အိပ်စက် အနားယူမှု မရှိပါက ကျန်းမာရေး ပြဿနာများ ကြုံတွေ့ ခံစားကြရမည် ဖြစ်သည်။ အိပ်သည့်အခါ ကောင်းမွန်စွာ အိပ်စက်နိုင်သော သူများ ရှိသကဲ့သို့ အချို့မှာလည်း အိပ်သည့် အချိန်တွင် လွယ်လွယ်ကူကူ အိပ်မပျော်နိုင်ခြင်း၊ အိပ်မက်ဆိုးများဖြင့် ချောက်ချားခြင်းများ ကြုံတွေ့ရပြီး အချို့မှာ အိပ်နေသည့် အချိန်တွင် ကြောက်စိတ်များ ဝင်လာခြင်းများ ခံစားကြရလေ့ ရှိသည်။  ထိုအခြေအနေအား အိပ်နေစဉ် ဘီလူးစီးသည်ဟု လူအများက ပြောဆိုကြပြီး ထိုကဲ့သို့ ဖြစ်ပွားမှုသည် အိပ်တစ်ဝက် အနေအထားတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ကြောက်စိတ်ကြောင့် ခံစားရခြင်း ဖြစ်ကြောင်း စိတ်ပိုင်းဆိုင်ရာနှင့် ဦးနှောက်အထူးကု ဆရာဝန် ဒေါက်တာဝင်းဆွေက ပြောသည်။ ရှေးကတည်းက ဖြစ်ပွားခံစားကြရပြီး ပက်လက်အိပ်သည့် အနေအထား တစ်ခုကြောင့် ဘီလူးစီးခြင်း ဖြစ်ကာ လှုပ်ရှားမရ၊ အော်ဟစ်၍ မရသည့် ဝေဒနာ ခံစားရခြင်း ဖြစ်ကြောင်း မှတ်ယူကြလေ့ ရှိသည်။

“အိပ်စက်ခြင်းနှင့် ကြောက်စိတ်လို့ ခေါ်တယ်။ ဖြစ်တဲ့အချိန်က အမြဲတမ်းအိပ်၊ မပျော်တပျော် ဖြစ်နေတဲ့ အချိန်မျိုးမှာ ဖြစ်လေ့ရှိတယ်။ အဲအချိန်မှာ ရုတ်တရက် ကြောက်စိတ်ဝင်ပြီး လူက အော်ချင်လည်း အော်နေတယ်။ ဒါပေမဲ့ အသံမထွက်လာဘူး။ ခြေ၊ လက်တွေ လှုပ်လို့မရဘူး။ နှလုံးခုန်နှုန်းတွေ မြန်ပြီး အသက်ရှူနှုန်း ပြောင်းလဲလာတဲ့ ဝေဒနာကို ခံစားကြရတယ်” ဟု ဒေါက်တာဦးဝင်းဆွေက ပြောသည်။ အိပ်စက်ခြင်းသည် မျက်လုံးအိမ် လှုပ်ရှားမှု မရှိသည့် အနေအထား (Non REN Sleep) နှင့် မျက်လုံးအိမ် လှုပ်ရှားမှု ရှိသည့် အနေအထား (REN sleep) ဆို၍ ရှိပြီး ဘီလူးစီးခြင်း ခံစားရသော အချိန်သည် မျက်လုံးအိမ် လှုပ်ရှားမှု မရှိသည့် အနေအထားတွင်သာ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ စတင်အိပ်သည့် အချိန် (Non REN sleep) အဆင့် ၁၊ ၂၊ ၃ တွင် ဦးနှောက်လှိုင်းများ တဖြည်းဖြည်း နှေးကွေးသွားပြီး အဆင့် ၄ အိပ်ပျော်တော့မည့် ဆဲဆဲတွင် အိပ်မက်လိုလို ဖြစ်ပွားခြင်း ဖြစ်သည်။

“အမြဲတမ်း ဖြစ်ရင် အိပ်မပျော်တပျော် အချိန်ပဲ အားလုံးကိုလည်း သိနေတယ်။ ဖြစ်ရင်လည်း ခြေလက်တွေ လုံးဝလှုပ်လို့ မရဘူး။ အော်တာလည်း အသံမထွက်ဘူး။ တစ်ယောက်ယောက်က အသားချင်း လာထိတာမျိုးတွေ လုပ်မှ လန့်နိုးလာတာ။ ပြီးရင်လည်း ရင်တွေတုန်ပြီး မအိပ်နိုင်တော့ဘူး။ အဲဒါကလည်း အမြဲတမ်း ဖြစ်နေတော့ သိပ်လည်း ဂရုမစိုက်ဖြစ်ပါဘူး” ဟု အသက် ၂၃ နှစ်အရွယ် မစုစုက ပြောသည်။ အိပ်စက်ခြင်း၏ ရပ်ဝန်းတွင် ခံစားမှုအာရုံ တစ်ခုခုအား မသိစိတ်မှ ရုတ်တရက် ရောက်ရှိသွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာမျိုး ဖြစ်ပြီး ရောဂါတစ်ခုတော့ မဟုတ်ကြောင်း ဒေါက်တာ ဦးဝင်းဆွေက ပြောသည်။ ထိုဘီလူးစီးခြင်းသည် ကလေးငယ်များတွင် ပိုမို ဖြစ်ပွားလေ့ ရှိပြီး လူ ၁၀၀၀ တွင် ၁၇ ဦးအထိ ဖြစ်ပွားတတ်ပြီး လူ ၁၀၀ တွင် ၃၊ ၄ ဦး အထိ ဖြစ်ပွားကြောင်း သိရသည်။

နိုးတစ်ဝက်၊ အိပ်တစ်ဝက် ဖြစ်နေသည့် အချိန်တွင် ဖြစ်ပွားလေ့ရှိသော ထိုဘီလူးစီးခြင်းဟု ခေါ်သည့် ဝေဒနာသည် စိတ်ဖိစီးမှု များပြားနေသူများ၊ အမျိုးသမီးများ သွေးပေါ်နေသည့် အချိန်များ၊ ကိုယ်ဝန်ဆောင်နေစဉ် အချိန်များနှင့် အရက်၊ မူးယစ်ဆေး သုံးစွဲထားချိန်များတွင် ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ “ရောဂါတစ်ခု မဟုတ်ဘူး ဆိုပေမယ့် ဖြစ်လာတာ အကြိမ်ရေ များပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာရင်တော့ ရောဂါတစ်ခု ဖြစ်လာနိုင်တယ်။ ဖြစ်တဲ့အခါမှာလည်း ဆေးဝါးတွေနဲ့ ကုသခြင်းထက် စိတ်ဖိစီးမှုတွေ နည်းအောင်၊ ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်အောင် ပြုလုပ်ပြီး ကုသနိုင်တယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

အိပ်ပျော်နေစဉ် သတိလွတ်သွားခြင်းကြောင့် ထိုကဲ့သို့ အိပ်စက်ခြင်းနှင့် ကြောက်စိတ် (ဘီလူးစီးခြင်း) ဆိုသည်များ ဖြစ်လေ့ ရှိသကဲ့သို့ အချို့မှာ အိပ်ပျော်နေစဉ် လမ်းလျှောက်ခြင်းမှာလည်း ဘီလူးစီးခြင်း ကဲ့သို့ စိတ်ဖိစီးမှု များနေသူများတွင် ဖြစ်ပွားလေ့ ရှိကြကြောင်း သိရသည်။ “အဲဒီ နှစ်ခုလုံးက Non REN အခြေအနေတွေမှာပဲ ဖြစ်တယ်။ အိပ်ပျော်နေတဲ့အချိန် တချို့တွေဆို လမ်းလျှောက်ရုံတင် မကဘူး။ အစားတွေစား၊ အလုပ်တွေလုပ်၊ ကားတွေမောင်းကြတဲ့ သူတွေတောင် ရှိတယ်” ဟု ဒေါက်တာ ဦးဝင်းဆွေက ပြောသည်။

သောက များပြားခြင်းကြောင့် ဖြစ်ပွားသည်များလည်း ရှိသဖြင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှု နည်းပါးစေရန် နေထိုင်ခြင်း၊ ညအိပ်ပါက ထိုစိတ်ဖိစီးမှုများ နည်းပါးစေရန် စိတ်တည်ငြိမ်မှုရှိအောင် တရားမှတ်၍ အိပ်စက်ခြင်း၊ အချိန်မှန်မှန် လမ်းလျှောက်ပေးခြင်း၊ အိပ်ခါနီး အချိန်တွင် ကော်ဖီများ သောက်ခြင်း၊ စာဖတ်ခြင်းအား ရှောင်ကြဉ်ခြင်း၊ အိပ်ရာအနီးနားတွင် ရုတ်တရက် ထိတ်လန့်မှု ဖြစ်စေနိုင်မည့် ဆူညံသံများ ဖြစ်ပေါ်စေမည့် အရာများ မရှိစေရန် ထားရှိခြင်း၊ ညဥ့်နက်သည် အထိ အိပ်ရေးပျက် မခံခြင်း စသည်များအား ဂရုစိုက်ထားသင့်ကြောင်း သိရသည်။ အိပ်နေစဉ် ထိုခံစားမှုများ ပိုမို ပြင်းထန်လာပါက တတ်ကျွမ်းသည့် ဆရာဝန်များဖြင့် ကုသသင့်ပြီး ဆေးဝါးကုထုံးများ အသုံးပြုရမည် ဖြစ်သော်လည်း အတတ်နိုင်ဆုံး အထက်ပါအတိုင်း ကောင်းမွန်စွာ အိပ်စက်နိုင်မည့် နည်းလမ်းများ အသုံးပြု၍ ကုသကြောင်း သိရသည်။

Ref: 7 day News by: ဝတ်ရည်

စွဲလမ်းခြင်းတွေ များစွာပေးတဲ့ မေ့ချစ်သူအပေါ်.........


သင်တို့  တစ်စုံတစ်ရာကို အစွဲလမ်းကြီးစွဲလမ်းခဲ့ဖူးသလားဟင်...............။

မေကတော့ စွဲလမ်းမှုတွေနဲ့  အတိဒုက္ခတွေ ရောက်နေလေရဲ့ ....................။

သူ့ ကို မေပိုင်ဆိုင်တဲ့ နေ့ လေးက စပြီး မေ့ရဲ့  စိတ်တွေ အပြောင်းလဲကြီးပြောင်းလဲကုန်တယ်......။

တချိန်က အပေါင်းအသင်းတွေနဲ့  ရွှင်လန်းတက်ကြွစွာ သွားလာလှုပ်ရှားနေတဲ့ မေဟာ ခုတော့ သူ့ ကြောင့်ပဲ ငြိမ်သက်စွာ နေတတ်နေပြီး....။

ကိုယ်ပိုင်ဆိုင်တဲ့ အခန်းငယ်လေးထဲမှာ သူ့ ကိုသာ တယုတယ ထိတွေ့  ကိုင်တွယ်နေရင်း မေ့ရဲ့ အချိန်တွေက ကုန်မှန်းမသိကုန်တတ်ခဲ့တယ်............။

သူ့ အပေါ်စွဲလမ်းမှုက အခက်သား.................။

သူ့ ကြောင့်မေ ပတ်ဝန်းကျင်နဲ့  အဆက်ပြတ်လာခဲ့တယ်....။

မနက်မိုးလင်းတာနဲ့  ပထမဆုံးစကားပြောဖြစ်တဲ့သူက သူပဲ..............။

အာရုံတစ်ခုလုံးကိုသူပဲ အပိုင်သိမ်းထားတာ....................။

အမြဲတမ်းတွေးနေဖြစ်နေတာ သူ့ အကြောင်း....................။

အလုပ်ဆိုတဲ့ ဘဝဝမ်းစာအတွက်ရုန်းကန်နေမှု တာဝန်ဝတ္တရားတွေကိုလဲ လစ်လျူရှုတတ်လာပြီး သူ့ ကိုပဲ ခိုးကြောင်ခိုးဝှက်တွေ့ နေမိတယ်.......................။

သူနဲ့ တွေ့ ဆုံချိန်တွေမှာ အပေါင်းအသင်း မိတ်ဆွေတွေ စကားလာပြောတာတောင် မကြိုက်သလို ရံဖန်ရံခါ မြည်လာတတ်တဲ့ ဖုန်းသံတွေက ငှက်ဆိုးထိုးသံတွေအလား နားခါးလိုက်တာ............။

မပြောချင်ပါ.....။ မည်သူ့ ကိုမှ စကားမပြောချင်ပါ............။ သူနဲ့  ပတ်သက်ရာ ပတ်သက်ကြောင်းတွေ ရှာဖွေနေမိရင်း သူ့ ဆီက ပြန်လည်ရရှိခဲ့တဲ့ မေတ္တာ ၊ဂရုဏာ တစ်ချို့ နဲ့  ချစ်ကြည်ရင်းနှီးမှု တစ်စိတ်တစ်ပိုင်းတို့ ကြောင့် ဒီဘဝလေးမှာပဲ ကြည်နူးကျေနပ် နှစ်သိမ့်နေမိလေရဲ့ ............။

ဒီလိုနဲ့ ပဲ စားလဲ ဒီစိတ် ၊သွားလဲဒီစိတ် သူ့ အပေါ်မှာ အကျရှုံးကြီး ကျရှံး ၊ နေမိတဲ့ ကိုယ့်ကိုကိုယ်တောင် ပြန်ပြီး သတိမထားမနိုင်လောက်အောင် ရူးသွပ်နေလေရဲ့ ...............။

ညအိပ်ရာဝင်ချိန်တွေကလဲ ပုံမှန်ထက် နောက်ကျတတ်နေလွန်းလို့  လူက အမြဲတမ်းမလန်းဆန်း ညင်းသိုးသိုး မျက်ကွင်းကဟောက်ပက်.မကြည်လင်တဲ့ မျက်နှာထားနဲ့ .............။

မိန်းကလေးတစ်ယောက်ရဲ့  အလှအပ ဖီးလိမ်းပြင်ဆင်ခြင်းတွေတောင် သတိတရ ပြုပြင်လိုစိတ်တွေ မရှိတော့ပဲ ပြောင်သလင်းမျက်နှာပြင်နဲ့  စုတ်ဖွာဆံပင် ကိုယ်ဟန်မကျ ပုံမလှနဲ့  ရှုပ်ပွလို့ လဲ နေခဲ့ပြီလေ......။

တော်သေး ယောင်္ကျားလေးတွေလို မုတ်ဆိတ်ပါးသိုင်းမွေးတွေ ရှင်းလင်ဖို့  အလုပ်တစ်ခု လျော့နေသေးလို့ .....။

အဲ့ဒီလိုသာ ဆိုရင်တော့ မေ့ အဖြစ်က မလွယ်.............။

စားချိန်သောက်ချိန်ကလဲ မမှန်....................။

အရှိန်ကောင်းကောင်းနဲ့  လိမ့်နေလိုက်တာ ကိုယ့်ကိုကိုယ်တောင် သတိမပြုမိခဲ့ပေါ့............။

ငါ..ဘယ်သူလဲဆိုတာ သတိပြုမိတဲ့ အချိန်ကျတော့ မေ့မှာ................

ပေါင်းဖော်စရာသူငယ်ချင်းမရှိတော့......................။

အရေးပေါ်လို့ မှ ဖုန်းခေါ်ပြောရမဲ့သူမရှိတော့(တစ်ချိန်က ကိုယ်က လစ်လျူရှုထားခဲ့မိတာကိုး)........။

ဂရုမစိုက် ပြစ်ထားမိခဲ့တဲ့ အလုပ်တွေကြောင့် အလုပ်ရှင်ကလဲ မကြည် အလုပ်ဖြုတ်လုနီးနီး...........။

မပြုမပြင် ဖီးလိမ်းပြင်ဆင်ခြင်းမရှိတဲ့ ရုပ်ခန္ဓာကလဲ စုတ်ခြာလို့  သူရူးမအသွင်..........။

မဖြစ်ဘူးးးးးးးးးးးးးးး  ဒီတိုင်းနေလို့  မဖြစ်တော့ဘူး..........။

မေ့ကိုမေ ပြုပြင်မှ ရတော့မယ်...........။

မေ့ရဲ့  သူ့ အပေါ်စွဲလမ်းမှုတွေ ရပ်တန့် မှ ရတော့မယ်........။

ဪ.....ရပ်တန့် မယ်ဆိုပါမှ သူကလဲ ရင်ထဲက မထွက်..............။

မထူးတော့ဘူး..ရက်စက်နိုင်မှ ရတော့မယ်..........။

ပြတ်သားနိုင်မှာ တော်ကာကျမယ်.....................။

မေ့ကို အရူးလုပ်တဲ့သူကို မေ အသေသတ်နိုင်မှ ရတော့မယ်........။

သူ့ အပေါ်စွဲလမ်းခြင်းတွေကို ရပ်တန့် နိုင်ဖို့  မေ တားစီးနိုင်တဲ့ နည်းက တစ်နည်းပဲ ရှိတယ်..........။

အဲ့ဒါကတော့..........................

Posted by မေသဇင်

ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့ အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ


ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့
အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ

တစ်ခါတစ်ခါတော့ ကျွန်မ ချက်တင် လောကကြီးကို တော်တော် စိတ်ပျက်မိပါသည်။ လူငယ်တွေကို လဲ တယ်ပြီး အားမရလှပါဘူး။
ကလေးတွေ ကို အရင်ဆုံးပြောချင်ပါတယ်.........အင်တာနက် သုံးတယ်ဆိုတာကို ချက်တင် ထိုင်ဖို့ ဂိမ်းဆော့ဖို့ဘဲ အတွက်ဘဲ
ဘာလို့ အသုံးချနေကြတာလဲ။ ကျွန်မ မေမေအင်တာနက်ဆိုင် ထိုင်တာဆို ခု 2နှစ်တိတိ ရှိပြီ။ ဒီနှစ်နှစ် အတွင်းမှာ ကလေးတွေ ဆိုင်လာထိုင်ကြတယ် ဆိုရင် အကောင့်ဖွင့်မယ် ကျူမယ် ဂိမ်းဆော့မယ်ဆိုတာတွေကိုဘဲ တွေ့ခဲ့ရပါတယ်။ ပညာရှာတဲ့ ဆိုဒ်တွေ
သတင်းတွေ ဖတ်တယ်ဆိုတာကို တကယ်ကို မတွေ့ခဲ့ဘူးပါဘူးရှင်။ ကျွန်မ တွေးမိလာတာလေးပေါ့နော်။။ ခုဆို ကျွန်မတို့နိုင်ငံမှာ
အကောင့် သစ်တွေ ဖွင့်ဖို့ တော်တော် လေးခက်သွားပါပြီ။ လူတစ်ယောက်က မလိုအပ်ဘဲ အကောက်တွေ အများကြီးသုံးနေကြသည်။
ကျွန်မ ကိုယ်တိုင်ကို အရင်အကောင့်တွေ 4ခုလောက်ရှိပါတယ်။ ခုတော့ ဘ၀ကို သိက္ခာရှိရှိ ရပ်တည်ချင်တဲ့ အတွက် နာမည်အရင်းနဲ့
အကောင့် တစ်ခုကိုဘဲ ကျွန်မသုံးပါသည်။ နိုင်ငံခြားမှာဆို သူတို့တွေ လူတစ်ယောက် အကောင့်1ခုဆီဘဲ သုံးတာများကြပါသည်။ သူတို့နာမည်တွေနဲ့ဘဲ ဖွင့်ကြပါသည်။ ချက်တင် မထိုင်ရဘူးလို့ ကျွန်မ မဆိုလိုဘူးနော်။ ထိုင်လို့ရပါတယ်။ အလွန်ကျွံ့တွေ ထိုင်တာနဲ့ လူကျင့်ဝတ် စည်းကမ်းတွေကို ဖောက်ပျက်လာတဲ့ အထိ စိတ်အလိုကို လိုက်နေကြတာတွေကို တွေ့နေရလို့ ခုလို ပြောပြနေတာပါ။
ကျွန်မတို့ တွေ တွေးသင့်နေပါပြီ။ ခုလိုတွေ ဖြစ်နေတာ ရှေ့ဆောင် လမ်းပြကောင်းတွေ လိုအပ်နေပါပြီ။ ငါတို့ ရှေ့က အကိုတွေ အမတွေလဲ
ချက်နေကြတာဘဲ ဆိုတဲ့ အတွေးတွေ ကလေးတွေပါ ပြည့်နှက်နေတယ်ဆိုတာ ရှင်တို့ ကျွန်မတို့ ဘယ်သူမှ မငြင်းနိုင်အောင် မှန်ကန်တဲ့
ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့ဆိုတာ အနာဂတ် လူငယ်တွေ ...လက်ရှိ ပစ္စူပ္ပန် လူငယ်တွေ
မှာ တာဝန်အများကြီး ရှိနေပါသည်။ မဆိုင်သလိုတွေ  နေနေကြလို့ ကျွန်မတို့ တွေ ခုဆို သူများတွေ ထက် အများကြီး နောက်ကျကျန်နေခဲ့ပါပြီ။ သူများမကောင်းလို့ ငါတို့လဲ  နေသာသလိုနေမယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်းထုတ်လိုက်ကြရအောင်။ ကျွန်မတို့နဲ့ နီးစပ်ရာ ကလေးတွေ အနာဂတ်လူငယ်တွေကို တန်ဖိုးရှိတဲ့ ကလေးငယ်တွေ
တန်ဖိုးရှိ လူသားလေးတွေ ဖြစ်အောင် လက်ရှိ ကျွန်မတို့လို အကြီးတွေက လမ်းညွှန်ဆုံးမ မယ်.....ကောင်းတာလေးတွေကို စံနမူနာနေပြ
ကြမယ်ဆို.....ဆရာ အော်ပီကျယ် ပြောသလို နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ဘူးဆိုပြီး  ထိုင်နေမှာလား....ဖြစ်အောင် လုပ်မယ်ဆို ရင် ထိုင်နေတာထက်တော့ တိုင်းတက် ပြောင်းလဲမှုတွေ ရှိလာမှာပါရှင်။ ခုဆို ကလေးတွေ က အင်တာနက်ဆိုင်လာ ရင် ချက်တင် ထိုင်မယ်။
ဂိမ်းဆော့မယ်....ဒါတွေ နဲ့ အချိန်တွေ ငွေတွေ ကို ဖြုန်းတီး ပြစ်နေကြပါသည်။ တစ်နေ့က ကလေးတစ်ယောက် 16နှစ်လောက်
ကောင်လေး တစ်ယောက် ဆိုင်မှာ အင်တာနက်လာသုံးတယ်.....အမ သားပရင့် ထုတ်ချင်လို့ ဆိုတော့ ခိုင်လေး စာတွေ ထုတ်ပေးတော့
သူစာတွေကို ဖတ်ကြည့်မိတယ်ရှင့်........အားပါးပါး စာမေးပွဲ မေးခွန်းပုံစံတွေပါ....ကလေးက ကျွန်မတို့ ရွှေတောင်မြို့လေးကပါ။
သားဘာလုပ်ဖို့လဲ မေးကြည့်တော့ အာဆီယံ စာမေးပွဲ တစ်ခု ၀င်ဖြေဖို့ပါအမတဲ့ ...ဒီကလေးက ဒီနှစ် 10တန်းကို 6ဘာသာနဲ့ အောင်ထားတာပါ။ ကလေးတွေကို ဒီလိုတွေ တိုးတက်စေချင်တယ် ရှင်။။။။။အရေမရ အဖက်မရ တစ်နေ့တစ်နေ့ မြင်လဲ မမြင်ဘူး   .........သူလဲကိုယ်ကို အလေးထားတာမဟုတ် ......ကိုယ်ကိုတိုင်လဲ တွေ့လို့တာ ပြောလိုက်တာ အလေးနက်ရှိတာ မဟုတ်ဘဲ
ပေါက်ကရ စကားတွေနဲ့ အချိန်တွေ ကုန် ....တစ်နေ့လာလည်းစားပြီးလား ဘာလုပ်နေလဲ နဲ့ ပြီးနေတာကို ဘာလို့ သာယာနေကြတာလဲ။
 ချက်တင်ဆိုတာ တကယ်ဝေးနေပြီး တကယ် ချစ်သူတွေ .....လင်မယားတွေ ....မိသားစုတွေ.....သူငယ်ချင်းတွေ ပြောကြ
တွေ့ကြ သုံးကြတာကို ကျွန်မ မပြောလိုပါဘူး...ဘာမှအဓိပ္ပာယ်မရှိ ကျူနေတာတွေ ချက်နေတာတွေကို လျော့သင့်နေကြပါပြီ။
နောက်တစ်ခု ချက်မယ် ကိုယ်တစ်ကယ်ချစ်သူ ရပြီဆို ဘာမှ မဟုတ်တာတွေကို ဘာလို့ အာသာဖြေနေချင်တာလဲ ဆိုတာကို တွေးမရဘူး။
မိန်းကလေးတွေကို လဲ ပြောချင်ပါသည်။ ကိုယ်ချစ်သူ သူငယ်ချင်းလဲ မဟုတ်တဲ့ ယောကျာင်္းလေးတွေ က vzoချက်မယ်ပြောတိုင်း ဘာလို့
အလွယ်တကူ ချက်နေကြတာလဲ....ညီမလေးတို့ သမီးလေးတို့ တန်ဖိုးတွေ သိက္ခာတွေ ဘယ်လောက်ထိ ကျသွားတယ်ဆိုတာကို တွေးမိ
ကြရဲ့လားကွယ်.....တဖက်က တစ်ယောက်ထဲ ကြည့်နေတယ်လို့ ကော ထင်ကြလို့လား။ ကိုယ်ချစ်သူ ကိုယ်သူငယ်ချင်း
ကိုယ်ဆွေမျိုးမဟုတ်ဘဲ မိန်းကလေးတွေ ဘယ်သူနဲ့မှ vzo မချက်သင့်ဘူးလို့ ဒီနေရာလေးကနေ သတိပေးချင်ပါသည်။ ကျွန်မဒီလိုပြောနေလို့ ဆရာကြီး လုပ်တယ် ပြောချင်လဲ ပြောနိုင်ပါတယ်.။ ကျွန်မ က ညီမလေးတို့ သမီးတို့ အရွယ်တွေ လုပ်နေတဲ့
အလုပ်တွေကို ဖြတ်သန်းပြီးလို့ ဒီအရွယ်ကို ရောက်လာခဲ့သူတစ်ယောက်မို့ ဖြစ်ခဲ့ကြုံခဲ့ မြင်ခဲ့တာတွေကို ခုလို အချက်ကျကျ ထောက်ပြ
ပြောပြနေတာပါ။  ကျွန်မတို့ ပတ်ဝန်းကျင်မှာ  ကိုယ်တာဝန် ကိုယ်ယူတတ်ပြီး၊ အားလပ်ချိန်မှာ ကိုယ်ဝါသနာတွေကို အကောင်ထည်ဖို့ ကြိုးစားရင်းနဲ့ တိုးတက် ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင် အနာဂတ်လူငယ်တွေ များစွာ ပေါ်ပေါက်လာပါစေလို့
။။။။။။။ဒီနေရာကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။။။။။။။။

။။။။။စိတ်ပျက်လွယ်သူသည် သတ္တိကြောင်တဲ့လူ ဖြစ်ပါတယ်။။။။။
။။။။။။။လောကမှာ ကောင်းတဲ့ ဖောက်ပြန်ခြင်းမရှိသလို ...... ဆိုးတဲ့ အသိတရား ဆိုတာလည်း မရှိပါဘူးရှင်။။။။။

ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့
အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ

အချစ်ကို ကိုးကွယ်သူလေး