Monday, October 3, 2011

အကြွေးဆပ်ရင်း အကြွေးမထပ်ပါစေနဲ့


သတ္တဝါတွေ အနေနဲ့ ဒုက္ခကိုယ်စီကို ရင်ဝယ်ပိုက်ပြီး ဖြစ်ချင်သလို ဖြစ်ခွင့်မရဘဲ ဖြစ်သမျှအပေါ်မှာပဲ အကောင်းဆုံး ဖြစ်အောင်ပေးဆပ် နေကြရတဲ့ သဘောတွေ ရှိပါတယ်။ ဒါဟာ ခေတ်စကားနဲ့ပြောရင် အကြွေးဆပ်နေတဲ့ သဘောပါပဲ။ အဲဒီတော့ အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြဖို့တော့ လိုပါတယ်။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြဘဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကိုတွေးလို့ မကောင်းတဲ့အလုပ်တွေကို ရှောင်နိုင်သမျှရှောင်ပြီး ကောင်းတဲ့အလုပ်တွေမှာ ရိုးသားစွာ ကြိုးစားလုပ်ကိုင်ကြဖို့ လိုပါတယ်။

သေချာတွေးကြည့်ရင် အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကြွေးရှိနေလို့ အကြွေးဆပ်နေကြရတဲ့ အပေါ်မှာ နောက်ထပ်တင်ကျန်လာမယ့် အတိုးကြွေးတွေ မဆပ်ရအောင် ကိုယ့်လုပ်နေတဲ့ ကိုယ့်ရဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေမှာ သတိကပ်ပြီး အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားလုပ်ကိုင်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

မနာပ ဒါယီ အရှင်ဝိစိတ္တ

No comments:

Post a Comment