Monday, October 17, 2011

"အကြွင်းမဲ့စိတ်ငြိမ်းချမ်းသူ""peace of mind "


ကျွန်ုပ်တို့ လူသားများဟာ မွေးဖွားလာကတည်းက ငိုကြွေးခြင်းနဲ့စတင်လာခဲ့ကြသူများဖြစ်ကြပါတယ်။တနည်းအားဖြင့် ဆင်းရဲခြင်းအပေါင်း၊ ဒုက္ခအစုံ၊ အလိုမပြည့်မှုများစွာနဲ့ လူ့လောကကြီးကို ချဉ်းနင်းဝင်ရောက်လာကြပါတယ်။ ကျွန်ုပ်တို့  ၏ မြတ်စွာဘုရားရှင် ဘုန်းရှင် သမ္ဘာရှင်လို
မွေးကတည်းက ခြေလှမ်း(၇) လှမ်း မည်သူမှ မလှမ်းနိုင်ခဲ့ကြပါဘူး။ ကျွန်ုပ်တို့ဘုရားရှင်သည်သာ အကြွင်းမဲ့စိတ်ငြိမ်းချမ်းသူ"peace of mind" ဖြစ်ပါတယ်။ မြတ်စွာဘုရား၏ တ၇ားတော်များကို လက်ခံကျင့်သုံးသူ တပည့်သာဝက ရဟန္တာ များသည်လည်း အလားတူပင် ဖြစ်ပါ
သည်။
ဒီကမ္ဘာလောကကြီးမှာ လူ(၃) မျိုးရှိပါတယ်။
နံပါတ်(၁)လူ "ငရဲသားနှင့် တူသောလူ"
လူဟုသာ ကင်ပွန်းတပ်ထားသော်လည်း လူပြီသစွာ နေထိုင်စားသောက်နိုင်ခြင်းမရှိ၊ လူ့အောက်ကျ၊ လူ့အခိုင်းအစေ၊ များများအလုပ်လုပ်ပြီးမှ
ဝမ်းဝရုံစားသောက်ရသူများ၊ ကုသိုလ်လုပ်နိုင်ခြင်းမရှိ ၊ ကုသိုလ်လုပ်ရန် အခွင့်အရေးမရှိသူ၊ တမလွန်ဘ၀ (၀ါ) သံသရာအတွက်စိတ်ချ
လောက်အောင်စီမံနိုင်ခြင်းမရှိသူ၊ သေလွန်ပြီးနောက် အပါယ်သွားရန်(၉၀)% ကျိန်းသေနေသူ၊ လူ့တိရိစ္ဆာန် အဆင့်သာရှိသောသူ များဖြစ်ပါ
သည်။ အကြွင်းမဲ့စိတ်ငြိမ်းချမ်းသူများနှင့် လားလားမှ မသက်ဆိုင်သူများဖြစ်ကြပါသည်။
နံပါတ်(၂)လူ "နတ်နှင့် တူသောလူ"
မွေးလာကတည်းက မိစုံဖစုံ၊ မိသားစု သိုက်သိုက်ဝန်းဝန်းဖြင့် စိုးရိမ်ပူပန်မှု အနည်းငယ်ဖြင့် လူလောကကြီးကို စတင်ဝင်ရောက်လာသူ ၊စိတ်ကူးအကြံဥာဏ်များကို အကောင်အထည်ဖော်နိုင်သူ၊ လောကအကျိုး လူသားအကျိုး ဆောင်ရွက်နိုင်သူ၊ ကုသိုလ်လုပ်ရန်အခွင့်အရေး ရှိသူ ၊သံသရာအတွက်စိတ်ချအောင်စီမံနိုင်သူ၊
သို့ပေမယ့် ကံကြမ္မာ အလှည့်အပြောင်းကြောင့် အပါယ်(၄)ဘုံသို့  ကျနိုင်သေးသူများဖြစ်ပါတယ်။လူပြန်ဖြစ်နိုင်သလို၊ နတ်ပြည်၊ဗြဟ္မပြည် လည်းတက်နိုင်ပါတယ်။အကြွင်းမဲ့စိတ်ငြိမ်းချမ်းသူ စာရင်းထဲတော့မပါသေးပါဘူး။
နံပါတ်(၃)လူ"ဗြဟ္မ နှင့် တူသောလူ"
ဒီလိုလူမျိုးကတော့ ဤ ကမ္ဘာလောကကြီးထဲမှာ အင်မတန်မှ ရှားပါတယ်။ လူ့လောကအကျိုးကို လူသားတွေမစွမ်းဆောင်နိုင်တဲ့အဆင့်
ထက် ကျော်လွန်ပြီးတော့ စွမ်းဆောင် နိုင်ကြသူများဖြစ်ပါတယ်။ လောကီရေးရာရော၊ လောကုတ္တရာမှာပါ အကောင်းဆုံးအရာတွေကို
လိုလေသေးမရှိ ပြင်ဆင်ပြီးကြသူများ၊အပါယ်တံခါးပိတ်၍ နိဗ္မာန်တံခါးဖွင့်ပြီးကြသူများ ဖြစ်ပါတယ်။"အကြွင်းမဲ့စိတ်ငြိမ်းချမ်းသူ" များဖြစ်
ကြပါတယ်။
ဤကမ္ဘာကြီးမှာ နံပါတ်(၁) လူအမျိုးအစားက အများစုဖြစ်ပြီး ၊ နံပါတ်(၂) လူအမျိုးအစားကတော့ အနည်းငယ်နဲ့  ၊နံပါတ်(၃) ကတော့ မရှိသလောက်ရှားနေပါပြီ။ ဘာဖြစ်လို့ဒီလိုရှားပါးနေပါသလဲဆိုတော့ ယခုခေတ်အချိန်အခါကြီးက ဆုတ်ကပ်ထဲရောက်နေကြလို့ပါဘဲ။
ဆုတ်ကပ်ရဲ့ဆိုးကျိုးများကတော့ သက်တမ်းတိုမယ်၊ ရောဂါထူပြောမယ်၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကျရောက်မယ်။ လူရောတိရိစ္ဆာန်ပါရောနှောခံစားရပါမယ်။ နာဂစ်လိုမုတ်တိုင်းမျိုး၊ ဆူနာမီလို ငလျင်မျိုး ဘေးအန္တရာယ်တွေနဲ့ ၊AIDS လို၊ ကင်ဆာလို ရောဂါတွေအမျိုးမျိုး လူသားမျိုးဖြုတ်မယ့် ကပ်ဘေးအန္တရာယ်အသွယ်သွယ် လာပါလိမ့်မယ်။
ဒီလိုအချိန်မှာ ကုသိုလ်များများမလုပ်ဘဲ အကုသိုလ်တိုးပွားရေးသာပြုလုပ်နေကြပါလျှင် ကပ်ကြီးထဲ မဖိတ်ခေါ်ဘဲ ပါသွားကြပါလိမ့်မယ်။
ကျွန်ုပ်တို့ မြန်မာလူမျိုးအများစုဟာ ဗုဒ္စ ဘာသာများဖြစ်ကြပါတယ်။ သို့ပေမယ့် (၁၀) ယောက်မှာ (၉) ယောက်က မိရိုးဖလာ ဗုဒ္စဘာသာ
များသာဖြစ်ကြပါတယ်။မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်ကြသူများသာ များကြပါတယ်။မိဘကသြကာသ ဆို ဆိုရင်ဆိုလိုက်ကြတယ်။
ကန်တော့ဆိုရင် ကန်တော့လိုက်ကြတယ်။ဗုဒ္စ၏ အနက်အဓိပါယ် အနှစ်သာရအစစ်ကို နက်နက်နဲနဲသိကြသူများ အင်မတန်မှ နည်းပါတယ်။ဗုဒ္ဒဘာသာ အများစုကိုမေးကြည့်ပါ၊ ဗုဒ္ဒဘာသာဆိုတာ ဘာပါလဲ။ ဘာလို့ဗုဒ္စဘာသာဖြစ်နေကြတာလဲ။
သင်လည်းဗုဒ္စဘာသာ စစ်စစ်တစ်ယောက် ဟုတ်မဟုတ် အောက်ပါအချက်(၇) ချက်နဲ့  စစ်ကြည့်ပါ။
နံပါတ်(၁)- သရဏဂုံကို နေ့စဉ် တည်ပါသလား?
နံပါတ်(၂)- သရဏဂုံ ၏ အဓိပါယ်နဲ့ အကျိုးကျေးဇူးကို နက်နက်နဲနဲ သိပါသလား?
နံပါတ်(၃)-သစ္စာလေးပါးကို သိပါသလား?
နံပါတ်(၄)-သစ္စာလေးပါး၏ အနက်အဓိပါယ် ကိုလေးလေးနက်နက် သိပါသလား?
နံပါတ်(၅)-၀ိပသနာ ဘာဝနာ ကိုသိပါသလား?
နံပါတ်(၆)- ၀ိပသနာ ဘာဝနာကိုဘယ်အဆင့်ထိခရီးပေါက်ပါပြီလဲ?
နံပါတ်(၇)-ငါးပါးသီလကို နေ့စဉ်ထိန်းသိမ်း နိုင်ပါပြီလား?
ကဲ သင့်ရဲ့  ဗုဒ္စဘာသာ အဆင့်ဘယ်လောက်ရှိပါသလဲ? ကိုယ်တိုင်ဆန်းစစ်ကြည့်ပါ။
ကျွန်ုပ်တို့ အထက်ဘ၀ဂ် တာဝတိ့သာနတ်ပြည်မှာ အုပ်ချုပ်နေတဲ့ သိကြားမင်း`ဟာဘုရားရှင်လက်ထက်က မြတ်စွာဘုရားဟောတဲ့ တရားတော်တွေကို ကြားနာပြီး သောတာပန်တည်ပြီးသားပါ။ သောတာပန်တည်ပြီဆိုတော့ ငါးပါးသီလတော့ အကြွင်းမဲ့လုံခြုံသွားပါပြီ။
သမာဒိဌိဖြစ်ပြီးတော့ အ၀ိဇာ မသိမှု နဲ့ တဏှာ လိုချင်တပ်မက်မှု ကို ရာခိုင်နှုန်းတော်တော်များ များ ပယ်သတ်နိုင်ပါပြီ။ သို့ပေမယ့်
တာဝတိံသာ နတ်ပြည်ကို အသစ်ရောက်လာတဲ့နတ်သမီးလေးတွေကိုတော့ တော်ကောက်သိမ်းပိုက် တုန်းပါ၊ ဒါပေမယ့် အကြွင်းမဲ့စိတ်ငြိမ်းချမ်းမှုကိုတော့ တစ်စိတ်တစ်ဒေသ ပိုင်ဆိုင်ထားပြီးပါပြီ။(၇) ဘ၀တော့ သံသရာလည်ရအုံးပါမယ်။
ကျွန်ုပ်တို့ဘုရားရှင်ဟာ စင်္ကြာဝတေးမင်း၊ ဧက္ကရာဇ်ဘုရင်၊ သမ္မတ၊ ၀န်ကြီးချုပ်၊ မဟာသူဌေးမင်း ဖြစ်ချင်းထက် တစ်မဂ်၊ တစ်ဖို ရတဲ့သူကို ချီးကျူးပါတယ်။တစ်မဂ်တစ်ဖို ရကြသူများဟာ အကြွင်းမဲ့စိတ်ငြိမ်းချမ်း ဖို့အတွက် အလင်းသစ်တွေ့ရှိ သွားကြသူများဖြစ်ပါတယ်။စင်္ကြာဝတေးမင်း၊ ဧက္ကရာဇ်ဘုရင်၊ သမ္မတ၊ ၀န်ကြီးချုပ်၊ မဟာသူဌေးမင်း တို့ဟာနောင်တမလွန်ဘ၀မှာ ခွေးမ၀င်စားဘူးလို့  မည်သူမှ အာမ မခံနိုင်ပါဘူး။ခွေးဖြစ်တာတောင် ကုသိုလ်ကံလေး အကျိုးပေးရင် သခင်ကောင်းနဲ့ တွေ့နိုင်ပါသေးတယ်။ တီကောင်လို ခြေမရှိ၊ လက်မရှိ ၊မျက်စိမရှိ မည်သည့်သတ္တ၀ါကိုမှ ယှဉ်ပြိုင်အံတု နိုင်စွမ်းမရှိတဲ့
တိရိစ္ဆာန်ပြိတ္တာဘ၀ကို ရောက်သွားလို့ကတော့ ပြုသမျှ နုခံရပြီး အပါယ်ကပြန်တက်ဖို့ မလွယ်ကူတော့ပါဘူး။
လူတွေဟာ တစ်နေ့  တစ်ခြား ရေခမ်းခြောက်လာတဲ့ အိုင်ထဲမှ ပျော်ရွင်စွာ ရေကူးနေတဲ့ ငါးနဲ့တူပါတယ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီး
ကဟောကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခန်းခြောက်လာတဲ့ရေတွေက လူတွေကို အကျိုးပေးနေတဲ့ ကံ နဲ့တူပါတယ်။ ကံနဲ့ တူတဲ့ရေ
တွေတစ်နေ့တစ်ခြား ခမ်းခြောက်လာတာကို ကန်ထဲမှာ ပျော်ရွင်မြူးထူးနေတဲ့ငါးက မသိရှာပါဘူး။
ထို့ကြောင့် ကောင်းကျိုးပေးနေတဲ့ "ကံ" တွေ မခမ်းခြောက်လာခင် "အကြွင်းမဲ့ ငြိမ်းချမ်းတဲ့စိတ်"" peace of mind"  ကို ရှာဖွေနိုင်ကြပါစေ။

Posted by Thet Naing San

No comments:

Post a Comment