Tuesday, October 25, 2011

ကံကောင်းအောင်... ကောင်းကံကိုဆောင်


  မြတ်စွာဘုရားလက်ထက် သက်တော်ထင်ရှားရှိစဉ်အခါက သုဘလုလင်မှ မြတ်စွာဘု
ရားရှေ့ မှောက်ဝင်ရောက်၍ ဤသို့လျှောက်ထားလေ၏ -
        " အရှင်ဘုရား..  ဤလောက၌ နေထိုင်ကြသူအပေါင်းတို့သည် လူအချင်းချင်း တူညီ
ကြပါလျှက် အရာရာ၌ ညီတူညီမျှမဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြားခြားနားနေ
ကြပါသည်။
        အချို့ သူတို့မှာ အသက်တို၍ ..... အချို့ သူတို့မှာ အသက်ရှည်ကုန်ပါ၏ ။
        အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါများ၍  ..... အချို့ မှာ ရောဂါကင်းရှင်း ကျန်း
        မာခြင်းရှိကြပါသည်။
        အချို့ သူတို့မှာ အရုပ်ဆိုး၍ ..... အချို့ သူတို့မှာ အဆင်းလှကြပါသည်။
        အချို့ သူတို့မှာ ဘုန်းတန်ခိုးနည်းပါး၍ ..... အချို့ သူတို့မှာ ဘုန်းတန်ခိုးကြီးကြပါသည်။
        အချို့ သူတို့မှာ ဆင်းရဲနွမ်းပါး၍ ..... အချို့ မှာ ပေါများကြွယ်ဝကြပါသည်။
        အချို့ သူတို့မှာ အမျိုးယုတ်နိမ့်၍ ..... အချို့ သောသူတို့မှာ အမျိုးမြင့်မြတ်ကြပါသည်။
        အချို့ သူတို့မှာ ပညာဥာဏ် နည်းပါး၍ ..... အချို့ မှာ ပညာဥာဏ် များပြားလှပါသည်။
ဤသို့ ကွဲပြားခြားနားကြခြင်းသည် အဘယ်အကြောင်းကြောင့်ပါနည်း "

        ထိုအခါ မြတ်စွာဘုရားက -
       " သုဘလုလင်..... လောက၌လူများသာမက အလုံးးစုံသော သတ္တဝါဟူသမျှတို့သည်-
 ( ၁ )  ကံသာလျှင် ... ဥစ္စာရှိကြကုန်၏ ။
 ( ၂ )  ကံသာလျှင် ... အမွေအနှစ် ရှိကြကုန်၏ ။
 ( ၃ )  ကံသာလျှင် ... အဆွေအမျိုး ရှိကြကုန်၏ ။
 ( ၄ )  ကံသာလျှင် ... အဆွေခင်ပွန်း ရှိကြကုန်၏ ။
 ( ၅ )  ကံသာလျှင် ... ကိုးကွယ်အားထားရာ ရှိကြကုန်၏ ။
        ထိုကံတရားသည်ပင်လျှင် သတ္တဝါဟူသမျှတို့ကို အယုတ်၊ အလတ်၊ အမြတ် စသည်
ထူးခြားကွဲလွဲအောင် ဆောင်ရွက်ခွဲဝေလေသည် "  ဟုမိန့်တော်မူလေသည်။ ဆက်လက်၍
မိမိပြုသည့် ကောင်းကံ ဆိုးကံကိုလိုက်ပြီး အကြောင်း - အကျိုးဆက်နွယ်ပုံတို့ကိုအောက်ပါ
အတိုင်း ရှင်းလင်းဟောကြားတော်မူလေသည် -

အသက်တိုခြင်း...၊ အသက်ရှည်ခြင်း

        လောက၌ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ သတ္တဝါတို့အား သနားကြင်နာမှု မရှိပဲ
ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လေ့ရှိ၏ ။ ထိုသူသည် ထိုသတ်ဖြတ်မှု အကုသိုလ်ကံ
ကြောင့် သေသည့်အခြားမဲ့၌ ငရဲသို့ ကျရောက်ရာ၏ ။ ငရဲ၌ မကျရောက်မူ၍  လူဖြစ်လာ
ပြန်လျှင် အသက်တို၏ ။ သူ့အသက်ကိုသတ်မှု အကုသိုလ်သည် အသက်တိုကြောင်း အ
ကျင့်ဖြစ်၏ ။
        အကြင်သူသည် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏ ။ မကောင်းမှုကို ပြုလုပ်
ရန်ရှက်ကြောက်၏ ။  သနားညှာတာမှု ရှိ၏ ။  သတ္တဝါတို့၏ အကျိုးစီးပွား၌ အစဉ်စောင့်
ရှောက်လေ့ရှိ၏ ။ ထိုသူသည် ထိုကောင်းမှုကုသိုလ်ကံကြောင့် သေသည့်အခြားမဲ့၌ နတ်
ပြည်သို့ ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် အသက်ရှည်၏ ။  သူ့အသက်ကို သတ်ခြင်းမှ
ရှောင်ကြဉ်ခြင်းသည် အသက်ရှည်ကြောင်း အကျင့်ဖြစ်၏ ။                                                                                

အနာရောဂါများခြင်း...၊ အနာရောဂါကင်းရှင်းခြင်း

        လောက၌ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ ( သတ္တဝါ၏ အသက်ကို မသတ်မူ၍ )
ဆင်းရဲဒုက္ခဖြစ်ရုံသာ ဒုတ်၊ ဓါး၊ လက်နက်စသည်ဖြင့် ညှင်းပန်းနှိပ်စက်လေ့ ရှိ၏ ။ ထိုသူ
သည် ထိုညှင်းပန်းမှု အကုသိုလ်ကံကြောင့် သေသည့်အခြားမဲ့၌ ငရဲသို့ကျရောက်ရာ၏ ။
လူဖြစ်လာပြန်လျှင် အနာရောဂါများ၏ ။ သတ္တဝါတို့အား ညှင်းပန်း နှိပ်စက်ခြင်းသည် အ
နာရောဂါများကြောင်း အကျင့်ဖြစ်၏ ။
        အကြင်သူသည် သနားညှာတာခြင်းရှိ၏ ။ ထိုသူသည် ထိုကုသိုလ်ကံကြောင့် သေ
သည့်  အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင်  အနာရောဂါ ကင်း၏ ။
သတ္တဝါတို့အား ညှင်းပန်းနှိပ်စက်မှု မရှိခြင်းသည် အနာရောဂါကင်းရှင်းကြောင်း အကျင့်
ဖြစ်၏ ။

အဆင်းမလှခြင်း...၊ အဆင်းလှခြင်း

        လောက၌ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ အမျက်ဒေါသထွက်လေ့ရှိ၏ ။ ( သူတ
ပါးအပေါ်၌ ) ချုပ်ချယ်လိုမှုများ၏ ။ မဖြစ်လောက်သော အကြောင်းကိုအစွဲပြု၍ အမျက်
ထွက်လေ့ရှိ၏ ။ ( အမျက်ထွက်လောက်သော အကြောင်းမဟုတ်ဘဲလျှက်လည်း အမျက်
ထွက်လေ့ရှိ၏ )  ထိုသူသည် ထိုအကုသိုလ်ကံကြောင့် သေသည်၏ အခြားမဲ့၌ ငရဲသို့ကျ
ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် အဆင်းလှခြင်းမရှိ၊  ( သတ္တဝါတို့ အပေါ်၌ )  အမျက်
ဒေါသများခြင်း စသည် သည် အဆင်းမလှကြောင်း အကျင့်ဖြစ်၏ ။
        အကြင်သူသည် အမျက်ဒေါသထွက်လေ့မရှိ၊ ချုပ်ချယ်လိုမှုလည်း မရှိ။  ( သာမန်
အကြောင်းမျှကို အစွဲပြု၍ အမျက်ထွက်လေ့မရှိ ) ၊ အမျက်ဒေါသကို သိမ်းဆည်းလေ့ရှိ
၏ ။ ထိုသူသည် ထိုကုသိုလ်ကံကြောင့် သေသည့်အခြားမဲ့၌ နတ်ပြည်သို့သွားရာ၏ ။ လူ
ုဖြစ်လာပြန်လျှင်လည်း အဆင်းလှ၏ ။ အမျက်ဒေါသ မထွက်ခြင်း စသည်သည်အ
ဆင်း လှကြောင်း အကျင့်ဖြစ်၏ ။

ဘုန်းတန်ခိုးနည်းခြင်း...၊ ဘုန်းတန်ခိုးကြီးမားခြင်း

        လောက၌ မိန်းမဖြစ်စေ ၊ ယောင်္ကျားဖြစ်စေ သူတစ်ပါးတို့၌  လာဘ်ပေါများခြင်း ၊
( သူတစ်ပါးတို့ ) အရိုအသေခံရခြင်း၊ အလေးအမြတ်ခံရခြင်း၊ အပူဇော် အကန်တော့ခံရ
ခြင်းတို့၌ ငြူစူစောင်းမြောင်းမှု ( ဣဿာ ) သဘောထားလေ့ရှိ၏ ။ ထိုသူသည် ထိုအကု
သိုလ်ကံကြောင့် သေသည့် အခြားမဲ့၌ ငရဲသို့ကျရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ဘုန်း
တန်ခိုး နည်းပါး၏ ။ သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် လာဘ်ပေါများမှု စသည်၌ ငြူစူစောင်း
မြောင်းမှု သဘောထားရှိခြင်းသည် ဘုန်းတန်ခိုးနည်းပါးကြောင်း အကျင့်ဖြစ်၏ ။
        အကြင်သူသည် သူတစ်ပါးတို့၌ လာဘ်ပေါများခြင်း ၊ ပစ္စည်းဥစ္စာပေါများခြင်း၊ အ
ရိုအသေခံရခြင်း၊ အလေးအမြတ်ခံရခြင်း၊ အပူဇော်အကန်တော့ခံရခြင်းတို့၌ ငြူစူစောင်း
မြောင်းမှု ( ဣဿာ ) သဘောမရှိ၊ ထိုသူသည် ထိုကုသိုလ်ကံကြောင့် သေသည့်အခြား
မဲ့၌ နတ်ပြည်သို့ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ဘုန်းတန်ခိုးကြီးမား၏ ။ သူတစ်ပါးတို့
၏ပစ္စည်းဥစ္စာ လာဘ်ပေါများမှုစသည်၌ ငြူစူစောင်းမြောင်းမှု မရှိခြင်းသည် ဘုန်းတန်ခိုး
ကြီးမားကြောင်း အကျင့်ဖြစ်၏ ။

ဆင်းရဲနွမ်းပါးခြင်း...၊ ချမ်းသာကြွယ်ဝခြင်း

        လောက၌ မိန်းမဖြစ်စေ ယောင်္ကျားဖြစ်စေ ရဟန်းပုဏ္ဏားတို့အား ထမင်း၊ အဖျော်၊
ကျောင်းဇရပ်၊ အဝတ်၊ သင်္ကန်း၊ ယာဉ် ( ဖိနပ် )၊ ပန်း၊ နံ့သာ၊ နံ့သာပြောင်း၊ အိပ်ယာ၊နေ
ရာ၊ ဆီမီးဟူသော ဒါနဝတ္ထု ( ၁၀ ) ပါးတို့ကို ပေးလှူလေ့မရှိ၊ ထိုသူသည် ထိုအကုသိုလ်
ကံကြောင့် သေသည့်အခြားမဲ့၌ ငရဲ၌ကျရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ဆင်းရဲနွမ်းပါး
၏ ။ ထမင်း၊ အဖျော်စသည့် ဒါနဝတ္ထုတို့ကို မပေးမလှူခြင်းသည် ဆင်းရဲနွမ်းပါးကြောင်း
အကျင့်ဖြစ်၏ ။
        အကြင်သူသည် ရဟန်း၊ ပုဏ္ဏားတို့အား ထမင်း၊ အဖျော်စသည့် ဒါနဝတ္ထု ( ၁၀ )
ပါးတို့ကို ပေးလှူ၏ ။ ထိုသူသည် ထိုကုသိုလ်ကြောင့် သေသည့်အခြားမဲ့၌ နတ်ပြည်သို့
ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ချမ်းသာကြွယ်ဝ၏ ။ ထမင်း၊ အဖျော်စသည့် ဒါနဝတ္ထု
တို့ကို ပေးလှူခြင်းသည် ချမ်းသာကြွယ်ဝကြောင်း အကျင့်ဖြစ်၏ ။                                                                                   

အမျိုးယုတ်နိမ့်ခြင်း...၊ အမျိုးမြင့်မြတ်ခြင်း

        လောက၌ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ အလွန် မာနကြီး၏ ။  ရှိခိုးထိုက်သည့်
ပုဂ္ဂိုလ်ကိုလည်း ရှိမခိုး၊ ခရီးဦးကြိုဆိုထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း ခရီးဦးမကြိုဆို၊ နေရာ
ပေးထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း နေရာမပေး ၊ ခရီးလမ်း ဖယ်ပေးထိုက်သည့် ပုဂ္ဂိုလ်ကို
လည်း ခရီးလမ်းဖယ်မပေး၊ ရိုသေလေးမြတ် ပူဇော်ထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း  ရိုသေ
လေးမြတ်ပူဇော်ခြင်းမရှိ။ ထိုသူသည် ထိုအကုသိုလ်ကံကြောင့် သေသည့်အခြားမဲ့၌ ငရဲ
၌ ကျရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် အမျိုး ( ဇာတ် ) ယုတ်နိမ့်ခြင်း ဖြစ်၏ ။ အလွန်
မာနကြီးခြင်း၊ ရှိခိုးထိုက်သည့်ပုဂ္ဂိုလ်ကို ရှိမခိုးခြင်းစသည် သည် အမျိုးယုတ်နိမ့်ကြောင်း
အကျင့်ဖြစ်၏ ။
        အကြင်သူသည် မာန်မာနမရှိ၊ ရှိခိုးထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း ရှိခိုး၏ ။ ခရီးဦးကြို
ဆိုထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း ခရီးဦးကြိုဆို၏ ။ နေရာပေးထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း
နေရာပေး၏ ။ ခရီးလမ်း ဖယ်ပေးထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း ခရီးလမ်းဖယ်ပေး၏ ။ ရို
သေလေးမြတ် ပူဇော်ထိုက်သည့် ပုဂ္ဂိုလ်ကိုလည်း  ရိုသေလေးမြတ်ပူဇော်ခြင်းရှိ၏ ။ ထို
သူသည် ထိုအကုသိုလ်ကံကြောင့်  သေသည့်အခြားမဲ့၌ နတ်ပြည်သို့ ရောက်ရာ၏ ။ လူ
ဖြစ်လာပြန်လျှင် အမျိုး ( ဇာတ် ) မြင့်မြတ်၏ ။ မာန်မာန မရှိခြင်း၊ ရှိခိုးထိုက်သည့်ပုဂ္ဂိုလ်
ကို ရှိခိုးခြင်းစသည် သည် အမျိုးမြင့်မြတ်ကြောင်း အကျင့်ဖြစ်၏ ။

ဥာဏ်ပညာနည်းပါးခြင်း...၊ ဥာဏ်ပညာကြီးခြင်း

        လောက၌ မိန်းမဖြစ်စေ၊ ယောင်္ကျားဖြစ်စေ ရဟန်း ပုဏ္ဏားတို့ထံချဉ်းကပ်၍ -
        ( ၁ )  ကုသိုလ်၊ အကုသိုလ် တရားကိုလည်းကောင်း၊
        ( ၂ )  အပြစ်ရှိသောတရား၊ အပြစ်မရှိသော တရားကိုလည်းကောင်း၊
        ( ၃ )  မှီဝဲအပ်သောတရား၊ မမှီဝဲအပ်သောတရားကို လည်းကောင်း၊
        ( ၄ )  စီးပွားမဲ့ကြောင်း- ဆင်းရဲကြောင်းတရား၊ စီးပွားဖြစ်ကြောင်း - ကြီးပွားချမ်း
                 သာကြောင်း တရားကိုလည်းကောင်း၊ မေးမြန်းလေ့မရှိ။ ထိုသူသည်  ( ထို
သို့ မေးမြန်းမှု မရှိခြင်းကြောင့် ဖြစ်သော )  အကုသိုလ်ကံကြောင့် သေသည့် အခြားမဲ့၌
ငရဲ၌ကျရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ဥာဏ်ပညာနည်းပါး၏ ။ ရဟန်း ပုဏ္ဏားတို့ထံ
ချဉ်းကပ်၍ မေးမြန်းမှုမရှိခြင်းစသည် သည် ဥာဏ်ပညာနည်းပါးကြာင်း အကျင့်ဖြစ်၏ ။
        အကြင်သူသည် ရဟန်း ပုဏ္ဏားတို့ထံချဉ်းကပ်၍ -
        ( ၁ )  ကုသိုလ်၊ အကုသိုလ် တရားကိုလည်းကောင်း၊
        ( ၂ )  အပြစ်ရှိသောတရား၊ အပြစ်မရှိသော တရားကိုလည်းကောင်း၊
        ( ၃ )  မှီဝဲအပ်သောတရား၊ မမှီဝဲအပ်သောတရားကို လည်းကောင်း၊
        ( ၄ )  စီးပွားမဲ့ကြောင်း- ဆင်းရဲကြောင်းတရား၊ စီးပွားဖြစ်ကြောင်း - ကြီးပွားချမ်း
                 သာကြောင်း တရားကိုလည်းကောင်း၊ မေးမြန်းလေ့ရှိ၏ ။ ထိုသူသည်  ထို
သို့ မေးမြန်းမှုကြောင့် ရရှိအပ်သော ကုသိုလ်ကံကြောင့် သေသည့် အခြားမဲ့၌ နတ်ပြည်
သို့ ရောက်ရာ၏ ။ လူဖြစ်လာပြန်လျှင် ဥာဏ်ပညာ ကြီးမား၏ ။ ရဟန်း ပုဏ္ဏားတို့ထံချဉ်း
ကပ်၍ မေးမြန်းမှုစသည် သည် ဥာဏ်ပညာကြီးမားကြောင်း အကျင့်ဖြစ်၏ ။

        ဤသတ္တလောကကြီးအတွင်း၌ အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲလျှက် ရှိနေကြ
ပါသည်။ ယနေ့ခေတ်အခါတွင် လူသတ္တဝါအများတို့သည် လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာန
တို့ကိုအခြေခံသည့် စိတ်၏စေစားရာ ( စိတ်၏အလိုသဘောအတိုင်း ) ကိုသာ အဆင်အခြင်
ကင်းမဲ့စွာဖြင့်ပြုလုပ်ဆောင်ရွက်လျှက် ရှိနေကြသော်ငြားလည်း အကောင်းနှင့်အဆိုးအနက်
ကြိုက်ရာကို ရွေးကြစတမ်းဆိုလျှင် တစ်ကိုယ်ကောင်းဆန်စွာနှင့် အရှက်အကြောက်မဲ့စွာပင်
အကောင်းကိုသာ ရွေးချယ်အလိုရှိကြကုန်၏ ။ အဆိုးကို ဘယ်သောအခါမျှ အလိုအရှိ၊ မလို
လားကြချေ။ ထို့ကြောင့် အကောင်းကိုသာ လိုလားကုန်ကြသော အမျိုးကောင်းသား၊ အမျိုး
ကောင်းသမီးများအတွက် အဆိုးကိုရှောင် အကောင်းကိုဆောင်နိုင်ရန် မြတ်စွာဘုရားရှင်က
အထက်ကအတိုင်း ကံ - ကံ၏အကျိုး၊ အကြောင်းတရားနှင့် အကျိုးတရားဆက်စပ်မှုတို့ကို
ဟောကြားပြသခဲ့ခြင်း ဖြစ်ပေသည်။

        "  ကံဆိုးသည်၊ ကံကောင်းသည် " ဟူ၍ လူအများပြောဆို သုံးစွဲလျှက် ရှိကြပါသည်။
အချို့က  " ကံစီမံရာပေါ့ " ဟူ၍မှတ်ယူကြသည်။ အချို့ က " ကံကိုယုံ၍ဆူးပုံမနင်းပါနှင့် " ၊
" ကံဆိုးမသွားရာ၊ မိုးလိုက်လို့ရွာ " ၊ " ကံကိုယုံသည့်ငါး ပိုက်ကြားမှာသေ " ၊ " ကံသာလျှင်
အမိ၊ ကံသာလျှင်အဖ " ဆိုသည့်စကားများကိုလည်း ပုံပြု၍သုံးစွဲကြသည်။ တစ်ကယ်တော့
ကံဆိုးခြင်း၊ ကံကောင်းခြင်း တို့သည် လောကတရားကြီးက သူ့အလိုလိုသော်လည်းကောင်း
မဲဖေါက်သကဲ့သို့ ကျချင်ရာကျဟူ၍ ဗရမ်းဗတာအနေဖြင့် လည်းကောင်း လူသားများထံသို့
ရောက်ရှိလာခဲ့ခြင်း မဟုတ်ပါ။

        " ကံ "  ကို " အလုပ် " ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။ ကံကောင်းခြင်း၊ ဆိုးခြင်းသည်
မိမိပြုလုပ်သမျှ၊ မိမိလုပ်ဆောင်ခဲ့သမျှ အလုပ်တို့နှင့် ( တနည်း ပြုမူလုပ်ဆောင်ချက်တို့နှင့် )
သာသက်ဆိုင်ပါသည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟူသော မိမိ၏ တွေးဆကြံရွယ်မှု၊ မိမိ၏
နှုတ်မှ ပြောဆိုမှု၊ မိမိ၏ ပြုမူလုပ်ကိုင်ဆောင်ရွက်ခဲ့မှု များကိုလိုက်၍သာ ကောင်းကျိုး၊ ဆိုး
ကျိုးကို ခံစားကြရပါမည်။

        ထို့ကြောင့် ကံ - ကံ၏အကျိုးကို ယုံကြည်သက်ဝင်ရန် လိုပါသည်။ မိမိပြုမူခဲ့သော အ
ကြောင်းတရားနှင့် မိမိရရှိခံစားရမည့် အကျိုးတရားတို့၏ ဆက်နွယ်မှုကို သတိပြုမိရန်လိုပါ
သည်။ ကောင်းသောအလုပ်၊ ကောင်းသောအမှုကုသိုလ်ကို ပြုဆောင်ပါမှ ကောင်းသောကု
သိုလ်ကံ အကျိုးတရားကို ခံစားရမည်။ မကောင်းသော အလုပ်၊ မကောင်းသော အမှု အကု
သိုလ်ကို ပြုဆောင်လျှင် မကောင်းသော ( ဆိုးသော ) အကုသိုလ်ကံအကျိုးဆက်ကို ခံစား
ရမည်ဟုရှင်းလင်းပြတ်သားစွာ သဘောပေါက်ရန်လိုပါသည်။ အကောင်းကိုသာအလိုရှိသေါ
လူသားတိုင်းသည် ကောင်းသော ကာယကံ ( ကောင်းသော ပြုမူလုပ်ဆောင်မှု ) ၊ ကောင်း
သောဝစီကံ ( ကောင်းသော ပြောဆိုမှု ) ၊ ကောင်းသော မနောကံ ( ကောင်းသော ကြံစည်
တွေးဆမှု ) တို့ကိုသာ ဆောင်ကြရန် အကြံပြုလိုပါသည်။

        ဤနေရာတွင် အလျဉ်းသင့်၍ ဒုစရိုက် ( ၁၀ ) ပါးအကြောင်းကို တင်ပြလိုပါသည်။ ဒု
စရိုက်ဆိုသည်မှာ မကောင်းသောအကျင့်ကို ဆိုလိုပါသည်။ ဒုစရိုက်သည် အကုသိုလ်ဖြစ်ပါ
သည်။ ကာယကံ သုံးပါး၊ ဝစီကံ လေးပါး၊ မနောကံ သုံးပါးအားဖြင့် စုစုပေါင်းဒုစရိုက် ( ၁၀ )
ပါးရှိပြီး တစ်ပါးချင်းအနက်ဖွင့် ဖေါ်ပြရမည်ဆိုလျှင် -
 ( ၁ )  ပါဏာတိပါတ             -  သူတစ်ပါး၏ အသက်ကိုသတ်ခြင်း။
 ( ၂ )  အဒိန္နဒါန                   -  သူတစ်ပါး၏ ဥစ္စာကို ခိုးယူခြင်း။
 ( ၃ )  ကာမေသုမိစ္ဆာစာရ      -  သူတစ်ပါး၏ သားမယားကို မေထုန်မှီဝဲ ကျူးလွန်ခြင်း။
 ( ၄ )  မုသာဝါဒ                    -  မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း။
 ( ၅ )  ပိသုနဝါစာ                  -  သူတစ်ပါး နှစ်ဦးနှစ်ယောက်၏ ချစ်ခင်မှုကိုပျက်အောင်
                                            ဂုံးချောခြင်း။
 ( ၆ )  ဖရုသဝါစာ                  -  ကြမ်းတမ်းပြီး နားမခံသာသော စကားကိုပြောဆိုခြင်း။
 ( ၇ )  သမ္ပပ္ပလာပဝါစာ          -  နိဗ္ဗာန်မှဖီလာဖြစ်သော သိမ်ဖျဉ်းသည့်စကားကို ပြောဆို
                                             ခြင်း။
 ( ၈ )  အဘိဇ္ဈာ                     -  သူတစ်ပါး၏ စည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါစေ ဟူသော
                                             စိတ်ဖြင့် ကြံစည်ခြင်း။
 ( ၉ )  ဗျာပါဒ                        -  သူတစ်ပါးကို ပျက်စီးစေလိုသော ဒေါသဖြစ်ခြင်း။
( ၁၀ ) မိစ္ဆာဒိဋ္ဌိ                       -  လွဲမှားသော အယူကို ယူခြင်း။  ဟူ၍တွေ့မည်ဖြစ်သည်။

        ဒုစရိုက်ဆယ်ပါးတို့တွင် တစ်ပါးပါးကို ကမ္မပထမြောက်အောင်ကျူးလွန်မိပါက အပါယ်
လေးပါးသို့ လားစေတတ် သောကြောင့် လည်းကောင်း ၊ ကမ္မပထ မမြောက်သော  ဒုစရိုက်
သည်ပင်လျှင် ဖြစ်လေရာဘဝ၌ ဆင်းရဲစွာသောမကောင်းကျိုးကို ဖြစ်စေတတ်သောကြောင့်
လည်းကောင်း  ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ဒုစရိုက်ဆယ်ပါးကို  ကောင်းစွာ ရှောင်ရှား
အပ်ပေသည်။

        ဒုစရိုက်ဆယ်ပါးကိုကျင့်ဆောင်လျှင် အကုသိုလ်ကံ ( မကောင်းသောကံ ) ကျရောက်
မည် ဖြစ်သကဲ့သို့ ဆန့်ကျင်ဖက်အားဖြင့် ဒုစရိုက်ဆယ်ပါး၏ ပြောင်းပြန်အကျင့်ကို ကျင့်နိုင်
လျှင် ကောင်းသောကုသိုလ်ကံတို့ ရရှိခံစားနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်
မိတ်ဆွေ အပေါင်းတို့သည်လည်းကောင်း၊ အကောင်းကိုသာလိုလားသူ ( ကံကောင်းလိုသူ )
များသည်လည်းကောင်း ဒုစရိုက်ဆယ်ပါးတို့၏ ဆန့်ကျင်ဖက်ဖြစ်သော -
 ( ၁ )  သူတစ်ပါး၏ အသက်ကိုကယ်တင်ခြင်း ( အကျဉ်းအကြပ်၊ အနှောင်အဖွဲ့ အတွင်းမှ
          လွတ်မြောက်စေရန် ဖေးမ ကူညီဆောင်ရွက်ခြင်း )
 ( ၂ )  သူတစ်ပါးတို့၏ ဥစ္စာကိုခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။ ( အများပိုင် ပစ္စည်းဥစ္စာ၊ အရင်း
          အမြစ်များကို မိမိကိုယ်ကျိုးအတွက် အသုံးချရယူခြင်းမှ ရှောင်ကြဉ်ခြင်း )
 ( ၃ )  သူတစ်ပါးသားမယားကို စေါ်ကားကျူးလွန်မှု မပြုခြင်း။
 ( ၄ )  လိမ်ညာလှည့်ဖြားပြောဆိုခြင်းမပြုပဲ ဟုတ်ရာမှန်ရာစကားတို့ကိုသာ ရိုးသားပွင့်လင်း
          စွာပြောဆိုခြင်း။ ( သူတစ်ပါး၏ အတွေးအခေါ် အယူအဆ ယုံကြည်မှုအပေါ် ဝေဝါး
          လွဲချော်စေမည့် အပြော၊ အဆိုတို့ကို တမင်လုပ်ကြံ ဖန်တီး ပြောဆိုမှုမှ ရှောင်ကြဉ်
          ခြင်း )
 ( ၅ )  လူအများတို့တစ်ဦးနှင့်တစ်ဦး ချစ်ခင်မေတ္တာထားနိုင်အောင် တိုက်တွန်းအားပေးခြင်း
          ( ချစ်ကြည်ငြိမ်းချမ်းရေးကို ဆောင်ရွက်စေခြင်း၊ လူအများ အဖွဲ့အစည်း အသင်းအ
           ပင်းများအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ ဂိုဏ်းဂဏကွဲပြားစေရန် သပ်
           လျှိုသွေးခွဲစကား မဆိုခြင်း )
 ( ၆ )  သိမ်မွေ့ပြီး နားဝင်ချိုသာဖွယ် စကားကိုဆိုခြင်း။
 ( ၇ )  နိဗ္ဗာန်ရောက်ကြောင်းဖြစ်သော မှန်ကန်သောသစ္စာစကား တို့ကိုသာဆိုခြင်း။
 ( ၈ )  သူတစ်ပါးတို့ စည်းစိမ်ဥစ္စာတိုးပွားရေးအတွက် ကူညီဖေါ်ဆောင်ပေးခြင်း။ (မိမိထက်
          ဆင်းရဲနွမ်းပါးချို့ ငဲ့သူများအား မိမိစည်းစိမ်ကိုဖဲ့၍ ဝေငှလှူဒါန်းခြင်း )
 ( ၉ )  ဒေါသကိုအလျဉ်းပယ်သတ်၍ သူတစ်ပါး၏အကျိုးစီးပွားအတွက် မေတ္တာမျှဝေပို့သ
          ပေးခြင်း။
( ၁၀ ) မှန်ကန်သော၊ လွတ်လပ်မျှတသော အယူဝါဒကို ရှာဖွေစွဲကိုင်ခြင်း၊ ဖြန့်ဝေပေးခြင်း။
အစရှိသည့် သူတော်ကောင်းတရားတို့ကို တစ်ပါးစီကိုသော်လည်းကောင်း၊ အများစုကိုသော်
လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း လိုက်နာအားစိုက်ကြခြင်းဖြင့် ကောင်းသော
ကံကိုဆောင်နိုင်ကြပါစေကြောင်း ၊ ကောင်းကျိုးချမ်းသာတို့ဖြင့် ခံစားမွေ့လျော် နိုင်ကြပါစေ
ကြောင်း ဆုတောင်းလိုက်ရပါပေသည်။

         ကံ - ကံ၏ အကျိုးကို နားလည်ယုံကြည်၍ ကောင်းသော ကုသိုလ်ကံ အကြောင်းတ
ရားများကိုအရင်းအနှီးပြုကာ ကောင်းကံအကျိုးထူးများကို ရရှိနိုင်ကြပါစေ.....။

                       (ေ  န  လ  မ  င်း  ၊  ၂  ၅ေ  အာ  က်  တို  ဘာ  ၂  ၀  ၁  ၁  )

No comments:

Post a Comment