Tuesday, October 28, 2014

လောကကြီးမှာ နေရင်လေ


လောကကြီးမှာ နေရင်လေ အင်မတန် သောက ဗျာပါဒ များရတယ်။

ရုပ်ကြီး ခန္ဓာကိုယ်ကြီးကိုလည်းလေ ငါ ငါ့ဥစ္စာလို့ မမှတ်နဲ့။

ဘာဖြစ်လို့လည်းဆိုတော့ သူက တော်တော်ရောဂါထူတယ်။

သေလောက်တဲရောဂါ မသေသေးပဲ နှိပ်စက်တဲ့ရောဂါ အစုံအလင်ပေးတတ်တဲ့ ခန္ဓာရုပ်တရားပဲ။

သေဖို့ဆီမသွားခင်လေ နာရဦးဖို့ ရထားတာ။

ဒါကြောင့် မစွဲနဲ့ မခင်နဲ့ မတက်မက်နဲ့။

တပ်မက်မိနေရင် ဒါမျိုးကြီး နောက်နောင်ဘဝတွေ ပြန်ရဦးမှာ။

ရောဂါဝေဒနာတစ်ခုခုများ ဖြစ်လို့ကတော့ မကြောက်နဲ့။

ငါ့ဝေဒနာလို့လည်း မယူနဲ့။

ယူမိရင် နာရတဲ့အထဲ ဒေါသ ဖြစ်တော့ အပါယ်ငရဲ ရောက်ရဦးမယ်။

နှစ်ခါနာတယ်။

ဝေဒနာအပေါ်ကြောက်နေလို့ အလကားပဲ။

ဒါ သူ့သဘော သူ့သဘာဝပဲ။

တကယ်ကြောက်ရင် ဝေဒနာ နဲ့ တွဲရက် ခန္ဓာ မရအောင် ဒီ ဘဝ အပြတ်တိုက်။

ဒါကသာ လက်ရှိရော နောက်နောင်ရော တကယ်အေးတဲ့ အရေးပဲ။

လောကကနေ လွတ်မြောက်အောင် လောကမှာ မနေနဲ့။

လောကဆိုတာ ငါလို့ သူလို့ ယောက်ျား လို့ မိန်းမလို့ မြင်တာ ကြားတာကို ယူပြီး နေနေတာ။

ဒီလို နေနေသရွေ့ သောကဗျာပါဒက မလွတ်ဘူး။

ခန္ဓာ့သဘောမှာသာနေ။ အနိစ္စသိအောင်နေ။

ဒါမှ လောဘ ဒေါသ လွတ်မှာ။

လောကက လွတ်မှာ။


Shared from သုညတ (FB)

Friday, October 24, 2014

ကိုယ်က ကိုယ် ၊ သူက သူ


တစ်ခါတုန်းက ဘုရားအလောင်းဟာ ရသေ့ရဟန်းဝတ်ပြီး တောမှာ နေနေပါတယ်။ တစ်နေ့ တော့ ဆွမ်းခံကပြန်အလာ ရေကန်တစ်ကန်ထဲဆင်းပြီး ရေချိုးရင်း ကန်ထဲက ပဒုမ္မာကြာကို နမ်းလိုက်ပါတယ်။ ဒါကိုရေကန်စောင့်နေတဲ့ နတ်သမီးကတွေ့ပြီး၊
စိတ်ထဲမှာ မသက်မသာဖြစ်သွားပါတယ်။ ရဟန်းကိုလည်း အပြစ်စကားဆိုလိုက်ပါတယ်။

●ရဟန်း …
ပိုင်ရှင်မပေးဘဲ ကြာပန်းကိုနမ်းတာဟာ “ခိုးခြင်း” အင်္ဂါတွေထဲက တစ်ခုပဲ။ ဒါကြောင့် သင့်ရဟန်းဟာ “နံ့သာသူခိုးပဲ”။အစောင့်နတ်သမီးရဲ့ ပြစ်တင်စွပ်စွဲသံကြားတော့ ရဟန်းကလည်း ပြန်ချေပပါတယ်။

●နတ်သမီး …
ငါဟာကြာပန်းကိုယူလည်းမယူ၊ ချိုလည်းမချိုး၊ အဝေးကပဲနမ်းတာပါ။
ဘာဖြစ်လို့ ငါ့ကို “နံ့သာသူခိုး”လို့ စွပ်စွဲတာလဲ။ စောစောက ငါ့ရှေ့က ယောက်ျားတစ်ယောက်ဟာ ရေကန်ထဲဆင်းပြီး ကြာစွယ်တွေကိုလည်းခူးတယ်၊ ကြာပန်းတွေကိုလည်း ချိုးဖျက်ယူတယ်။
အဲဒီပုဂ္ဂိုလ်ကျတော့ ဘာဖြစ်လို့ “ကြာပန်းသူခိုး”လို့ မပြောတာလဲ။
နတ်သမီးက သူပြောမယ်စကားကို ရဟန်း မကြားမှာစိုးလို့ထင်တယ်။
ရှေ့ကို ခြေတစ်လှမ်းတိုးရင်း လေသံပြင်းပြင်း မျက်နှာထားတည်တည်နဲ့ ပြောလာပါတယ်။

●“ရဟန်း….
မကောင်းမှုမျိုးစုံကို ပြုနေကြတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ အညစ်အကြေးတွေ အထပ်ထပ်ပေကျံနေတဲ့ “လက်နှီးစုတ်”လိုပဲ။
အဲဒီ လက်နှီးစုတ်ဟာ အညစ်အကြေး တစ်ခုခုထပ်ပေကျံပေမယ့် ထူးပြီးမသိသာတော့ဘူး။ ဒီအတိုင်းပဲ “အကုသိုလ်အညစ်အကြေး” မျိုးစုံကပ်နေတဲ့ ပုဂ္ဂိုလ်မှာ နောက်ထပ်အညစ်အကျေးတစ်ခု
ထပ်ကပ်လို့လည်း ထူးပြီးမသိသာတော့ဘူး။ အဲဒီပုဂ္ဂိုလ်မျိုးကိုတော့ ငါ့အနေနဲ့ ဘာမှ မပြောလိုဘူး။ သင်ရဟန်းကိုသာ ပြောချင်တာ။
စင်ကြယ်မှုကိုပဲ ရှာမှီးနေတဲ့ ယောက်ျားမြတ်ဟာ သားမြီးဖျားလောက်ရှိတဲ့ မကောင်းမှုကိုလည်း တိမ်တိုက်လောက် သဘောထားရတယ်၊ သိရဲ့လား ရဟန်းရဲ့။”

ရဟန်းက နတ်သမီး ဥပမာနဲ့ပြောလိုက်တဲ့စကားကို တော်တော်လေး သဘောကျသွားပါတယ်။ ဒါကြောင့် မျက်နှာချိုချိုလေးနဲ့ ပြန်ပြောပါတယ်။

နတ်သမီး …
သင့်ဟာ ငါ့ကို စင်ကြယ်သူလို့ အသိအမှတ်ပြုတယ်။ ပြီးတော့ ငါ့ကို သတိပေးစောင့်ရှောက်တယ်။ တကယ်လို့များ နောင်အခါ သင့်မျက်လုံးထဲမှာ အမြင်မတော်တာရှိခဲ့ရင် အခုလို့ပြောဆိုပေးပါ။

ရဟန်း . . . ငါ့တို့ဟာ သင့်ကိုအမှီပြုပြီး အသက်မွေးနေတာမဟုတ်ဘူး။
သင့်ရဲ့အခစားလည်း မဟုတ်ဘူး။ ဘယ်လမ်းဟာ သုဂတိသွားတဲ့လမ်းဆိုတာ သင့်သိတယ်။ သိတဲ့အတိုင်း ကိုယ်တိုင်းပဲသွားပါ။ ငါ့ကိုအားမကိုးပါနဲ့။

ရဟန်းက နတ်သမီးရဲ့ စကားရင့်ရင့်ကို လက်ခံသဘောတူတဲ့ အနေနဲ့ ကျေးဇူးစကား ပြန်ပြောတယ်။ “ကျေးဇူးတင်ပါတယ် နတ်သမီး အခုလို
သတိပေးတာကိုပဲ။” နတ်သမီးက ရဟန်းကို ခပ်ဆတ်ဆတ်လေး
ပြောလိုက်မိပေးမဲ့ ပြောလွယ်ဆိုလွယ်ရှိတဲ့ ရဟန်းကို စိတ်ထဲက ကြည်ညိုနေပါတယ်။ ဘုရားအလောင်းဟာ နတ်သမီးရဲ့ ဆုံးမစကားကို
အခြေခံပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ
ဈာန်တွေရသွားပြီး ဗြဟ္မာ့ပြည်ကိုလားရောက်ခဲ့ရပါတယ်။

(ငါးရာ့ငါးဆယ့်ဇာတ်ဝတ္ထု၊ သိင်္ဃပုပ္ဖဇာတ်။)

■မြောင်းထဲမှာ မြောင်းဖေါ်နေတဲ့သူတစ်ယောက် ရွှံ့တစ်စက်ပေသွားလို့ ဘာမှဖြစ်မသွားပါဘူး။ မြောင်းဘေးက ရပ်ကြည့်နေတဲ့သူ ရွှံ့တစ်စက်ပေသွားရင် သိပ်သိသာပါတယ်။

■မကောင်းမှုမျိုးစုံပြုနေတဲ့ လူတစ်ယောက် မကောင်းမှုတစ်ခုကို ကျူးလွန်လိုက်လိုလည်း ထူးပြီးမသိသာသွားသလို၊ပတ်ဝန်းကျင်ကလည်း ထူးပြီးစိတ်မ၀င်စားပါဘူး။ စင်စင်ကြယ်ကြယ်နေတဲ့ လူတစ်ယောက် မသင့်လျှော်တာ
တစ်ခုခုလုပ်လိုက်ရင် သိပ်ပြီး သိသာနေတတ်ပါတယ်။

နောက်ဥပမာတစ်ခုကတော့ လက်နှီးစုတ်မှာ အိုးမဲတစ်ကွက် ထပ်ပေလို့ ထူးပြီးမသိသာပါဘူး။ အ၀တ်ဖြူဖြူမှာ အိုးမဲတစ်ကွက် ပေကျံလိုက်ရင်တော့ သိပ်ပြီး သိသာနေတတ်ပါတယ်။

ကိုယ်က ကိုယ် ၊ သူက သူ၊ ကိုယ့် နဲ့ သူ နှိုင်းယှဉ်ပြီး မနေကောင်းပါဘူး။

သောဝစဿတာ မင်္ဂလာရေးမယ်လုပ်တော့ ငယ်ငယ် ဆရာသမားတွေ ဆုံးမခဲ့တဲ့ ဒီဥပမာ လေး ခေါင်းထဲကို အလိုလိုဝင်လာခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ဒီဥပမာလေးနဲ့ နွယ်နေတဲ့ သိင်္ဃပုပ္ဖဇာတ်ကလေးကိုပဲ ရေးပြလိုက်တာပါ။

အသောက ကျောက်စာမှာ …
ကာယာနံမေ၀ ဒေခတိ…-
“လူတွေဟာ ကိုယ်လုပ်တဲ့ဟာဆိုရင် အကောင်းချည်း ထင်ကြတယ်” လို့ ဆိုပါတယ်။ ဒီတော့ ကိုယ်ရဲ့အပြစ်၊ ကိုယ့်ရဲ့အားနည်းချက်ကို
မမြင်နိုင်တော့ပါဘူး ။အဲဒီလို အခါမျိုးမှာ ကိုယ့်ရဲ့ အပြစ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို ပြောပြနိုင်မယ့်သူ တစ်ယောက်ယောက်ကိုတော့
ကိုယ့်ဝန်းကျင်းမှာ ရှိထားသင့်ပါတယ်။ ပြောပြနိုင်မယ်သူရှိမှလည်း ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီး ပြင်ခွင့်သာမှာပါ။

ပုထုဇဉ်တွေဆိုတာ အပြစ်တို့၊အားနည်းချက်တို့တော့ ရှိနေကြမှာပါ။ ကိုယ်က သိခွင့်ရဖို့ပဲ အရေးကြီးပါတယ်။

■တစ်ခုတော့ရှိပါတယ်။ ကိုယ်က ပြောဆိုဆုံးမလွယ်သူတော့ ဖြစ်နေဖို့လိုပါတယ်။ ဒါမှလည်း အပြစ်ပြော သူက ပြောချင်စိတ်ရှိမှာပါ။
ဓမ္မပဒမှာ အပြစ်ပြဆုံးမသူကို “ရွှေအိုးပေးသူ”လို့
သဘောထားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ရှင်ရာဟုလာဆိုတဲ့ ကိုရင်လေးက သဲကို လက်နဲ့ဆုပ်ပြီး “ဤသဲလုံးနဲ့အမျှ ငါ့ကို ဆုံးမမည့်သူ ရလျှင် ကောင်လေစွ …”လို့ လည်း ဆုတောင်းလေ့ ရှိပါတယ်။

ကိုယ့်အပြစ်၊ ကိုယ်အားနည်းချက်ကို သိချင်စိတ်ရယ်၊ သိပြီး ပြင်ချင်တဲ့စိတ်ရယ်၊ ပြင်ပစ်တဲ့စိတ်ရယ်၊ အဲဒါတွေဟာ
စိတ်ဓာတ်အရည်အသွေးမြင့်မားဖို့အတွက် အထောက်အပံ့တွေပါ။

ကိုယ့်ရဲ့စိတ်ဓာတ်အရည်အသွေးဟာ တစ်နှစ်ထက် တစ်နှစ် မြင့်သထက်မြင့်လာပါမှ အဓိပ္ပါယ်ရှိပါတယ်။ မြင့်မြင့်လာအောင်လည်း ကိုယ်က အားထုတ်ရပါမယ်။ ဆိုဆုံးမလွယ်တာ၊ ကိုယ့်အားနည်းချက်ကို သိချင်တာ၊ သိပြီးပြင်ချင်တာတွေဟာ စိတ်ဓာတ်အရည်အသွေး
မြင့်မားရာ မြင့်မားကြောင်းတွေပါ။

ဒါပေမယ့် တစ်ခုတော့ရှိပါတယ်။ လူတော်တော်များများမှာ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါ ရှိတတ်ကြပါတယ်။
လူငယ်စကားနဲ့ပြောရရင်တော့ “ဆရာကြီးလုပ်ချင်တဲ့ရောဂါ”ပါ။
အဲဒီရောဂါရှိသူတွေရဲ့ဆုံးမမှုမျိုးကိုတော့ သတိထားရပါမယ်။
ရောဂါကို အခြေခံပြီး ဆုံးမလာတဲ့ ဆုံးမမှုမျိုးကတော့
ကိုယ့်စိတ်ဓာတ်အရည်အသွေး မြင့်မလားတဲ့အပြင်၊
တစ်ခါတလေနိမ့်တောင် သွားဦးမှာပါ။ လူတစ်ဖက်သားကို ဆုံးမချင်တဲ့ရောဂါဟာ ကုရတော်တော်လေးခက်ပါတယ်။
အဲဒီလူမျိုးကိုတော့ ဘယ်သူမှ မနှစ်မြို့သလို သူရဲ့ဆုံးမမှုမျိုးကိုလည်း မခံယူချင်ကြပါဘူး။ ဒါသဘာဝပါ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ကလည်း ၊
ရောဂါတစ်ခုလို လူတစ်ဖက်သားကို ဆုံးမချင်တဲ့စိတ် ရှိမနေဖို့လိုပါတယ်။

ကိုယ်ကိုယ်တိုင် ဆုံးမလွယ်သူဖြစ်ရမှာ ဖြစ်သလို၊ ရောဂါတစ်ခု အနေနဲ့ မဟုတ်ဘဲ ကိုယ့်ဝန်းကျင်မှာ ပြောပြဖို့ ၊ဆုံးမဖို့ အမှန်တကယ် လိုအပ်လာရင် တာဝန်တစ်ခုအနေနဲ့ကို ပြောပြပေးရမှာပါ။ ဆုံးမပေးရမှာပါ။

အဲဒီလိုပြောပြပေးဖို့၊ ဆုံးမပေးဖို့ အခွင့်ကြုံလာခဲ့ရင်တော့ အောက်ပါ “အင်္ဂါ(၅)ပါး”ကို သတိထားရမယ်လို့ စာမှာဆိုထားပါတယ်။

(၁)။ မသင့်လျော်မလျောက်ပတ်တဲ့အခါ မပြောပြသေးဘဲ၊ မဆုံးမသေးဘဲ သင့်လျော်လျောက်ပတ်တဲ့ အခါကျမှ ပြောပြပေးခြင်း၊ဆုံးမပေးခြင်း။

(၂)။ မဟုတ်မမှန်သောစကားကို ဖယ်ရှားပြီး၊ ဟုတ်မှန်တဲ့စကားနဲ့သာ ဆုံးမခြင်း။

(၃)။ ကြမ်းတမ်းခက်ထန် နားမခံနိုင်ဘွယ်စကားကို ဖယ်ရှားပြီး သိမ့်မွေ့နူးညံ့တဲ့ စကားနဲ့သာ ဆုံးမခြင်း။

(၄)။ အကျိုးမရှိတဲ့စကားကိုဖယ်ရှားပြီး၊ အကျိုးရှိတဲ့စကားနဲ့သာ ဆုံးမခြင်း။

(၅)။ အမျက်ဒေါသမပါစေဘဲ၊ မေတ္တာနဲ့သာ ဆုံးမခြင်း။

ဒီအင်္ဂါ(၅)ချက်ကိုချိန်ပြီး ပြောဆိုပါ၊ ဆုံးမပါတဲ့။

ဘ၀ခရီးမှာ ဆုံးမတတ်သူ၊ ဆုံးမအပ်သူဆိုပြီး အပြန်အလှန်တော့ တစ်လှည့်စီ ရှိနေကြမှာပါ။ ကြုံလာတဲ့အလှည့်မှာ တာဝန်ကျေဖို့နဲ့
သတိလေးရှိနေဖို့ပါ။

ဘာပဲပြောပြော ဆိုဆုံးမလွယ်သူတဲ့သူကို လူတိုင်းက ချစ်ကြပါတယ်။
လူတိုင်းရဲ့ အချစ်ကို ခံချင်တယ်ဆိုရင်တော့… ။ ။

-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association 】
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏ “မင်္ဂလာအတွေးများ”မှ-】
Posted by
www.facebook.com/youngbuddhistassociation.mm
[မင်္ဂလာအတွေးများ(၂ဂ)- သောဝစဿတာ ဧတံမင်္ဂလမုတ္တမံ။
ပြောဆိုဆုံးမလွယ်ကူခြင်းသည် မြတ်သောမင်္ဂလာမည်၏။
ကျိုးကြောင်းညွှန်ပြ ဆုံးမစကားကို ပြောကြားလာက
နာလွယ်စေ။]

Thursday, October 23, 2014

တရားနဲ့နေတယ်ဆိုတာ


တရားနဲ့နေတယ်ဆိုတာ လောဘအာရုံ ဒေါသအာရုံ မောဟအာရုံတွေ မဖြစ်အောင်နေတာ။

လောဘကြီးတော့ လိုချင်တာတွေ များနေတော့ အမှားတွေ ပါတတ်တယ်။

ဒေါသတွေကြီးပြန်တော့ အမှားအမှန် မဆုံးဖြတ်နိုင်ပဲ ထင်ရာတွေ လုပ်တတ်တယ်။

ဒီ လောဘ ဒေါသ စိတ်တွေ ခြယ်လှယ်ထားတဲ့ အိနြေ္ဒတွေ ဟန်တွေဟာလည်း တည်ငြိမ်မှု မရှိပဲ လူကဲ့ရဲ့စရာ အထင်အမြင်သေးစရာတွေ ဖြစ်တတ်တယ်။

တရားနဲ့နေသူကတော့ နေတဲ့အချိန်တိုင်းမှာ လောဘ ဒေါသနဲ့ ကင်းကွာခွင့်ရလို့ စိတ်မှာလည်း အေးချမ်းရတယ်။ အိနြေ္ဒမှာလည်း တည်ငြိမ်တယ်။ အေးချမ်းတယ်။

ဒါကြောင့် မိမိကိုယ်တိုင်လည်း အေးချမ်းမှုကို ခံစားရတယ်။

မြင်ရကြားရသူကိုလည်း အိနြေ္ဒကနေ အေးချမ်းမှုကို ပေးစွမ်းနိုင်တယ်။

ဒါကြောင့် အနည်းဆုံး ဝင်လေ ထွက်လေ လေးကို မှတ်နေတာပဲ ဖြစ်ဖြစ်.. ဖောင်းပိန်လေးကို မှတ်နေတာပဲဖြစ်ဖြစ် မိမိလက်တလော ဘာလုပ်နေသလဲ လုပ်နေတဲ့အတိုင်းလေး လှမ်းတယ် ယူတယ် ချတယ် စသဖြင့် မှတ်ပေးသိပေးနေရင် ဒါဟာ တရားလုပ်နေတာပဲ။

ဒီလို သိပေးနေတော့ အာရုံမှာ ယောက်ျား မိန်းမ ပေါ်လား၊ တိုက်တာရွှေငွေပေါ်လား။

မပေါ်ပါဘူး။ တပ်မက်စရာ ဆုံးရှုံးစရာ စတဲ့ လောဘ ဒေါသ စိတ်ဖြစ်စရာ အာရုံတွေ မပေါ်တဲ့အတွက် ဒီအာရုံနဲ့ ယှဉ်တဲ့စိတ်တွေ ပေါ်ခွင့်မရဘူး။

စိတ်ဟာ လောဘ ဒေါသ ရှိမှသာ ပူလောင်တာ။

လောဘ ဒေါသ မရှိရင် အေးနေတော့တာပေါ့။

တရားလုပ်တယ်ဆိုတာ ဒီလို ဖြစ်အောင်နေတာ။

တရားလေး လုပ်ရင်း မှတ်ရင်း ကိလေသာရဲ့သဘောနဲ့ ကိလေသာတွေ မရှိရင် စိတ်ရော ရုပ်ရောရဲ့ ကောင်းကျိုးလေးတွေကိုလည်း ကြည့်ပေးတတ်ရတယ်။

ဒါဟာ တရားနဲ့နေရင်း တရားအရသာ ခံစားတယ် လို့ ဒီလို ဆိုပါတယ်။

ဒီလို နေတော့ မကောင်းမှုတွေက ကင်းနေတဲ့ သီလ၊ အာရုံမှာ တည်နေတဲ့ သမာဓိ၊ ဖြစ်ပျက်ကို မြင်နေတဲ့ ပညာ သိက္ခာသုံးပါးစလုံး ဖြည့်ကျင့်ရာလည်း ရောက်ပါတယ်တဲ့။

Shared from သုညတ (FB)

စင်ကြယ်မှုအဆင့်ဆင့်


စိတ်ကလေးအေးအေး၊ နှလုံးအေးအေး ထားနိုင်မှ တစ်စတစ်စ ပူပန်မှုတွေ ငြိမ်းပြီးတော့ စင်ကြယ် မြင့်မြတ်တဲ့ဆီ ရောက်သွားရမယ်။
စင်ကြယ်ရမှာက ဘာတွေလဲ။
ကိုယ်လည်းစင်ကြယ်ရမယ်။
နှုတ်လည်းစင်ကြယ်ရမယ်။
စိတ်လည်း စင်ကြယ်ရမယ်။
အသိအမြင်လည်း စင်ကြယ်ရမယ်။
ကိုယ်နှုတ် စင်ကြယ်တာ သီလပဲ။
သီလ၀ိသုဒ္ဓိ။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ်မှာ နီဝရဏတွေ ကင်းစင်လို့ စိတ်စင်ကြယ်မှု စိတ္တ၀ိသုဒ္ဓိဖြစ်မယ်။ စိတ္တ၀ိသုဒ္ဓိဖြစ်မှ အသိအမြင် စင်ကြယ်မှု ဒိဋ္ဌိဝိသုဒ္ဓိဖြစ်သွားမယ်။
အသိအမြင် စင်ကြယ်ချင်ရင် စိတ်စင်ကြယ်ရမယ်။
စိတ်စင်ကြယ်ချင်ရင်လည်း ကာယကံ၊ ၀စီကံ စင်ကြယ်ရတယ်။


သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်၊ စိတ္တ၀ိသုဒ္ဓိဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ၊ ပညာပိုင်းဆိုင်ရာ ၀ိသုဒ္ဓိတွေ အယူအဆတွေ စင်ကြယ်သွားမယ်။ အသိအမြင်တွေ စင်ကြယ်သွားမယ်။ အဲလို စင်ကြယ်သွားသလောက် စင်ကြယ်မြင့်မြတ်တဲ့ စိတ်ထားတွေ ဖြစ်သွားမယ်။ အဲလို စင်ကြယ်တဲ့စိတ်တွေ ဖြစ်လာအောင် ခန္ဓာက ဖြစ်ခိုက်ဖြစ်ခိုက် ကလေးတွေကို ရှုမှတ်ရမယ်။ ပေါ်လာတယ်၊ သိလိုက်တယ်၊ ချုပ်ပျက်သွားတယ်။ ဖြစ်တိုင်းသိ၊ သိတိုင်း ပျက်နေတယ်။ ဖြစ်ပေါ်လာတာရော ပေါ်တိုင်းသိတဲ့ စိတ်ကလေးရော၊ ပေါ်တာရော၊ ရုပ်ရော နာမ်ရောဟာ ဖြစ်ပေါ်လာလိုက် ရင့်ရော်ပျက်စီးသွားလိုက်။
ဒါတင်ပဲလား၊ အားလုံးပါပဲ။ ရင့်ရော်မှု၊ ပျက်စီးမှုတွေကတော့ အကုန်လုံး ရှိနေတာပဲ။


ရှေးက ယခုလို စက်ခေတ်မဟုတ်တော့ မြင်းရထားတွေနဲ့ သွားရတယ်။ အင်မတန် လှပဆန်းကြယ် အောင် ပြုပြင်ထားတဲ့ ဘေးလောင်းတော်၊
ဘိုးလောင်းတော်တွေ လက်ထက်က အလွန်ဆန်းပြားတဲ့ မင်းစီး ရထားတွေဟာ တစ်စတစ်စနဲ့ အိုမင်း ယိုယွင်းလာတယ်။
မင်းစီးရထားတွေ တစ်စတစ်စနဲ့ အိုသွားကြသလို ကိုယ်ခန္ဓာဟာလည်း ဒီလိုပဲ တစ်နေ့တခြား အိုမင်း ရင့်ရော်လို့ သွားတယ်။ အဲဒီလို အိုမင်းရင့်ရော်ပျက်စီးမယ့် ကိုယ်ခန္ဓာက မအိုမနာမသေတဲ့ အမြိုက်နိဗ္ဗာန ဓာတ်ကြီးရအောင် ဖော်ထုတ်နေတာပါပဲ။
တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ၊၊ အမြိုက်ဓာတ်ရအောင် ဘယ်လိုလုပ်မှာလဲ။ သီလ စင်ကြယ်မှု၊ စိတ် စင်ကြယ်မှု၊ အသိအမြင်စင်ကြယ်မှု အဆင့်ဆင့်။ ကင်္ခါဝိတရဏ၀ိသုဒ္ဓိ = အကြောင်းကောင်းကြောင့် အကျိုးကောင်းတွေ ဖြစ်နေကြတယ်။
ဘယ်သူ့ဘယ်သူကမှ မ,စလို့ မရဘူး၊၊ ကေင်းတဲ့အကြောင်းကြောင့် ကောင်းတဲ့အကျိုး ဖြစ်တာအမှန်ပဲ။ မကောင်းတဲ့အကြောင်းကြောင့် မကောင်းတဲ့ အကျိုးဖြစ်တာ အမှန်ပဲလို့ ယုံမှားကင်းသွားတယ်။ အဲဒီလို ယုံမှား ကင်းတဲ့ ဥာဏ်တွေ ဖြစ်လာတယ်။


မဂ္ဂါမဂ္ဂဥာဏဒဿန၀ိသုဒ္ဓိ = တစ်ခါတစ်ခါ တရားတွေ ရင့်ကျက်လာရင်၊
သတိ၊ သမာဓိဥာဏ်တွေ အသိဥာဏ် တွေ ရင့်ကျက်လာရင် ကိုယ်တွေ၊ စိတ်တွေ ငြိမ်းချမ်းလို့ ကြည်လင်ပေါ့ပါးနေတယ်။ ချမ်းသာလိုက်တာလို့ တစ်သက်တစ်ကိုယ် တစ်ခါမှ မကြုံဖူးတဲ့ တရားအားမထုတ်တဲ့ သာမန်လူတွေ နတ်တွေ မခံစားထိုက်တဲ့ ချမ်းသာ သုခတွေ သာမန်ချမ်းသာနဲ့မတူ မကြုံဖူးတဲ့ အတွေ့အကြုံမျိုးတွေကိုလည်း ကြုံလာရတယ်။ ဆိတ်ငြိမ်တဲ့ ဇရပ်၊ ဂူ၊ ကျောင်းထဲဝင်ပြီး အားထုတ်သူတွေမှာ သာမန်လူနတ်တွေ မခံစားနိုင်တဲ့ သမာဓိ နဲ့စပ်တဲ့ ချမ်းသာထူးတွေ၊ အသိဥာဏ်နဲ့စပ်တဲ့ ချမ်းသာထူးတွေ ခံစားရတယ်တဲ့။ အဲဒါတွေကို ဒါပဲ မဂ်ထင်ပါရဲ့။ ဖိုလ်ထင်ပါရဲ့။ နိဗ္ဗာန်ထင်ပါရဲ့လို့ တစ်ခါတစ်ခါ ဥာဏ်ပေါ်မှာ ထင်ယောင် ထင်မှားဖြစ်တယ်။တော်တော်လေး အားထုတ်မှု အရှိန်ရလာတော့ သူ့ဟာသူ သြော်…ဒီဟာနဲ့ မပြီးသေးဘူး။ ရှေ့ဆက်ပြီး အားထုတ်ရဦးမှာပဲလို့၊ အဲလို…ဒါမဂ်အစစ်မဟုတ်သေးဘူးလို့ လမ်းမှန် လမ်းမှား ခွဲခြားဝေဖန်တဲ့ဥာဏ် ဖြစ်ပေါ် လာတယ်။


ဒီလိုသိတာဟာ တစ်ဆင့်အားဖြင့် ဥာဏ်စင်ကြယ်သွားတယ်လို့ ဆိုပါတယ်။ ပဋိပဒါဥာဏဿန၀ိသုဒ္ဓိ = ဒီမဂ္ဂင်အကျင့်သာလျှင် အိုနာသေလွတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း အစစ်အမှန်ပဲလို့ ခိုင်ခိုင်မြဲမြဲ အသိအမြင် စင်ကြယ်သွားတယ်။ အကျင့်လမ်းစဉ်နဲ့ ပတ်သက်ပြီးတော့ ဇဝေဇ၀ါ ဟိုဟာ ဟုတ်နိုးနိုး၊ ဒီဟာကောင်းနိုးနိုး မရှိတော့ဘူး။ ဒီသတိကပ်ပြီး ရှုမှတ်နေတဲ့ လမ်းစဉ်၊ ဒီမဂ္ဂင်ရှစ်ပါးလုံး ပါဝင်နေတဲ့
ဒီသတိပဋ္ဌါန်အကျင့်လမ်းဟာ နိဗ္ဗာန်ရောက်ကြောင်း လမ်းမှန်ပဲလို့ မှန်မှန်ကန်ကန် အမြင်စင်ကြယ်သွားတယ်။ ဒါ အကျင့်လမ်းနဲ့ ပတ်သက်ပြီး အမြင်စင်ကြယ်သွားတာပဲ။ ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိပေါ့။


နေက်ဆုံးပိတ်ကျတော့ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တွေကို မြင်ရင်း မြင်ရင်းနဲ့ သြော်…ဖြစ်နေတဲ့ ဇာတိကြောင့် အိုမင်းရင့်ရော်တဲ့ ဇရာရှိနေတာပဲ။ မွေးမှုရှိနေလို့ သေမှုရှိနေတာပဲ။ ဒီဖြစ်မှု ပျက်မှုတွေ နှိပ်စက်နေလို့လည်း ဒီသံသရာ ၀ဋ်ဆင်းရဲကြီး မဆုံးနိုင်တာပဲ။ ဒီဖြစ်မှု ပျက်မှုတွေ မရှိရင် ကောင်းမှာပဲ။ ဖြစ်ပျက်တွေ မြင်ပြီးတော့ ဖြစ်ပျက်တွေပေါ်မှာ မဖြစ်ချင်တော့ဘူး။ မုန်းတီးလာတယ်။ ဖြစ်ချင်ရင် ဖြစ်နေမှာပဲ။ မဖြစ်ချင်ရင် မဖြစ်တော့ဘူး။ အဲဒီ သစ္စာလေးပါး လမ်းစဉ်ပေါ် သူရောက်သွား တော့တယ်။ ဖြစ်ပျက်နေတာက ရုပ်နာမ်ဓမ္မပဲ။ သင်္ခါရပဲ။ မဖြစ်မပျက်တာ အသင်္ခတနိဗ္ဗာန်ပဲလို့ သူ သဘောပေါက် သွားတော့တယ်။ ဥာဏ်ထိုးထွင်းမိသွားတယ်။ အဲလို မဂ်ဥာဏ်နဲ့စပ်ပြီး နိဗ္ဗာန်နဲ့စပ်ပြီး ယုံမှား ကင်းစင်သွားတယ်။ ဥာဏဒဿန၀ိသုဒ္ဓိဆိုတာ နိဗ္ဗာန်စပ် တဲ့ ဥာဏ်အမြင် စင်ကြယ်သွားတယ်။ ပညာပိုင်းဆိုင်ရာ စင်ကြယ်မှုခေါ်တယ်။ ကိုယ်နှုတ်တွေ စင်ကြယ်ရမယ်၊ စိတ်တွေ စင်ကြယ်ရမယ်၊ အသိဥာဏ်တွေ စင်ကြယ်သွားရမယ်။ စင်ကြယ်မှ ၀ိသုဒ္ဓိဖြစ်မယ်၊ ၀ိသုဒ္ဓိဖြစ်မှ ၀ိမုတ္တိဖြစ်မယ်။

အကျဉ်းချုံးလိုက်တော့ ၀ိသုဒ္ဓိနဲ့ ၀ိမုတ္တိပဲ ရှိတယ်။
အဲဒီနှစ်ခု ပိုင်နိုင်အောင် ကြိုးစား။

(ရွှေဥမင်ဆရာတော်ဘုရားကြီး)
----------------------*----------------------
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

www.dhammaweb.net မှကူးယူပူဇော်ပါသည်၊၊

အများအတွက် အကျိုးရှိစေမဲ့ စာပေတွေကို Share လုပ် မျှဝေပေးခြင်းဟာ မေတ္တာတမျိုး၊ ကုသိုလ်တမျိုး ဖြစ်ပါတယ်၊၊

ဗင်ဂိုးရဲ့နားရွက် နှင့် သုဘာထေရီရဲ့ မျက်လုံး


မောင်ထွန်းသူရဲ့ “ရမ္မက်မီး”ဆိုတဲ့ စာအုပ်ကြီး ဖတ်ပြီးသွားတော့ ဖတ်ခဲ့တဲ့ ဇာတ်ကွက်ကလေးတစ်ခုကို ပြန်အာရုံပြုဖြစ်ရင်း “ရူးတာ” လို့ သူများမကြားအောင် စိတ်ထဲက ပြောဖြစ်လိုက်ပါတယ်။
စာအုပ်က ဗင်ဂိုးရဲ့ အတ္ထုပ္ပတ္တိပါ။ ပြန်သတိရဖြစ်တဲ့ ဇာတ်ကွက်ကလေးက ဒီလိုပါ။ တစ်နေ့တော့ ဗင်ဂိုးက ဇိမ်ဂေဟာတစ်ခုကို ရောက်သွားပါတယ်။ အဲဒီ့ ဇိမ်ဂေဟာမှာ ရာချယ်ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပါတယ်။ ကောင်မလေးက ဗင်ဂိုးနားရွက်ကလေးကို ကိုင်ပြီး ၊ ပြောင်သလိုလိုနဲ့ ချီးမွမ်းခန်းဖွင့်ပါတယ်။ အမြဲလာဖို့လည်း ပြောပါတယ်။

ဒီလိုနဲ့ တစ်ကြိမ်အသွားမှာတော့ ရာချယ်ဆိုတဲ့ ကောင်မလေးက “ချစ်တုန်းပဲလား”လို့ မေးပါတယ်။ ဗင်ဂိုးကလည်း “ချစ်တုန်းပါပဲကွယ်” လို့ ပြန်ဖြေပါတယ်။ ဒီတော့ ကောင်မလေးက ဗင်ဂိုးရဲ့ နားရွက်ကလေးကို အသာအယာ လိမ်ဆွဲပြီး “တကယ်ချစ်ရင်
သက်သေပြတဲ့အနေနဲ့ ရှင့်ရဲ့ နားရွက်ကလေးကို ပေးမလား” လို့ မေးလိုက်ပါသတဲ့။

နောက်ရက်တစ်ရက်မှာတော့ ဗင်ဂိုးက သူ့ရဲ့ညာဘက်နားရွက် တစ်ဖက်ကို သင်တုန်းဓားနဲ့ လှီးဖြတ်ပြီး ကောင်မလေးကို
သွားပေးလိုက်ပါသတဲ့။

ဒီဇာတ်ကွက်ကလေးကို ပြန်သတိရပြီး “ရူးတာ” လို့ စိတ်ထဲက ပြောလိုက်တာပါ။ တကယ်လို့ စိတ်ထဲက မပြောဘဲ အသံထွက်ပြောလိုက်ရင် စာအုပ်လက်ဆောင်လာပေးတဲ့သူနဲ့ တိုးသွားရင်တော့ နောက်ပေးတော့မှာ မဟုတ်ပါဘူး။
စာအုပ်လက်ဆောင်လာပေးတဲ့သူက UNITY စာပေက ကိုသန်းဆွေနဲ့ ကိုစိုးဝင်းပါ။ စာအုပ်က စာမျက်နှာ ၆၇၇ မျက်နှာ ပါရှိတယ်။ ဘုရားဟော ပါဠိတော် တစ်အုပ်စာလောက်ပါ။

ဗင်ဂိုးကို ရူးတာလို့ အပြစ်တင်လိုက်ပြီး စားပွဲဘေးက ပိဋိကတ်တော် စာအုပ်တွေကိုကြည့်ရင်း “ငါလည်း ဘာထူးသေးလဲ၊ အခုတော့ ဗင်ဂိုးအတွက် အချိန်တွေ လေးငါးရက်လောက် အလကား ပေးလိုက်ရတာ။ ငါလည်း ရူးတာပဲ၊ ဘာထူးလဲ”လို့ ကိုယ့်ကိုယ်ကိုယ်ပြောရင်း သက်ပြင်းကို မသိမသာ ချလိုက်မိပါတယ်။
စာရေးသူမှာ စာသာရေးနေတယ်။ မဖတ်ရသေးတဲ့ ပိဋိကတ်စာအုပ် အကြွေးတွေက အများကြီးပါ။

ဗင်ဂိုးနဲ့ရူးပြီးတော့ အကောင်းလုပ်ဖို့ ထေရီအဋ္ဌကထာကို ကိုင်ရပါတယ်။ FUTURE LIGHT မဂ္ဂဇင်းအတွက်ပါ။ ဖတ်ရင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းလေး တစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။

ဇာတ်ဆောင်က အမျိုးသားတော့ မဟုတ်ပါဘူး။ အမျိုးသမီးပါ။ အမျိုးသမီးတောင် လူဝတ်ကြောင် အမျိုးသမီး မဟုတ်ပါဘူး။ “အနာဂါမ်”တည်ပြီး ထေရီမတစ်ပါးပါ။

သူ့နာမည်က သုဘာတဲ့။ သုဘာရဲ့ အဓိပ္ပာယ်က “ရုပ်ရည်အဆင်း လှပတင့်တယ်သူ” လို့ အဓိပ္ပာယ်ရပါတယ်။

နာမည်နဲ့ လူနဲ့လိုက်အောင်လည်း သုဘာဟာ လှပ တင့်တယ် ချောမောသူပါတဲ့။ သူမရဲ့ အလှတွေထဲမှာ အဓိက အလှက “မျက်လုံး” ပါတဲ့။ သူမရဲ့မျက်လုံးက မြင်ရတဲ့သူကို သိပ်ကိုဆွဲဆောင်မှု ရှိတာပါတဲ့။

သုဘာက ရာဇဂြိုလ်မြို့က ပုဏ္ဏားကြီး တစ်ယောက်ရဲ့ သမီးပါ။
လူဝတ် အပျိုစင်ဘ၀ကတည်းက သဒ္ဓါတရားရှိတဲ့ အမျိုးသမီးလေးပါ။ သုဘာက သူ့မှာ အလှတွေရှိပေမယ့် မတည်မြဲတဲ့ အလှရဲ့ အပြစ်ကို မြင်ပြီး မဟာပဇာပတိ ဂေါတမီဆီမှာ ဘိက္ခုနီမ ပြုလိုက်ပါတယ်။
ဘိက္ခုနီမပြုပြီး တရားကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ အနာဂါမိဖိုလ်ကို ရသွားပါတယ်။ အရဟတ္တဖိုလ်တော့ မရသေးပါဘူး။

တစ်နေ့တော့ သူ့ဇာတိ ရာဇဂြိုလ်မြို့က ဇီဝကရဲ့ သရက်ဥယျာဉ်ကို တစ်ပါးတည်း ထွက်ခဲ့ပါတယ်။ တရားအားထုတ်ဖို့ပါပဲ။ လမ်းကျဉ်းတစ်နေရာရောက်တော့ ရာဇဂြိုလ်မြို့သားလည်းဖြစ်၊ ရွှေပန်းတိမ်သည်ရဲ့ သားလည်းဖြစ်တဲ့ လူငယ်တစ်ယောက်နဲ့
ရင်ဆိုင်တိုးပါတော့တယ်။ ရာဇဂြိုလ်မြို့သားလူငယ်က သုဘာထေရီကို တွေ့လိုက်တာနဲ့ မျက်လုံးရဲ့အလှကလည်း အထင်းသားပေါ်နေတာဆိုတော့ ချက်ချင်း ချစ်တဲ့စိတ် ဖြစ်သွားပါသတဲ့။
ဒါကြောင့် လမ်းမဖယ်တော့ပါဘူး။ ရှေ့က ကာထားလိုက်ပါတယ်။
သုဘာထေရီက တောင်းတောင်းပန်ပန်နဲ့ ဖယ်ခိုင်းပေမယ့် မဖယ်ပါဘူး။
မဖယ်ရုံတင်မကဘဲ “အို... နှမရယ်၊ သင်ဟာ ငယ်လည်းငယ်တယ်၊ ရုပ်ရည်အဆင်းလည်း လှတယ်၊ အခုလို ငယ်တုန်းမှာ ဘာဖြစ်လို့ ရဟန်းပြုရတာလဲ။ အဲဒီ သင်္ကန်းကြီးကို ဖယ်ပြီး ကျွန်တော်နဲ့ လိုက်ခဲ့စမ်းပါ” လို့ ချစ်ရေး စဆိုပါတော့တယ်။

ဒီတော့ သုဘာထေရီမက “အို... အမျိုးသား စက်ဆုပ်ဖွယ် ရွံရှာဖွယ်တွေ
ပြည့်နေတဲ့ သုသာန်မြေကို တိုးပွားစေတဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဒီခန္ဓာကိုယ်ကို သင်က ချစ်စရာလို့ ထင်မှတ်နေတယ်။ ငါရဲ့ခန္ဓာကိုယ်ပေါ်က ဘာကိုများ သင်နှစ်သက်နေတာလဲ”လို့ မေးလိုက်ပါတယ်။

●လူငယ်ကလည်း ချက်ချင်းပါပဲ။ “သင်ရဲ့မျက်လုံးလေးကို ချစ်တာ”လို့ ပြန်ဖြေလိုက်ပါတယ်။

●လူငယ်ရဲ့အဖြေစကား ကြားရတော့ သုဘာထေရီမက သူ့ရဲ့မျက်လုံးတစ်ဖက်ကို လက်နဲ့ထုတ်ပြီး ပေးလိုက်ပါတယ်။
စာထဲမှာတော့ မျက်လုံးလို့ပဲ သာမန်ပြထားပါတယ်။ ဘယ်လား၊ ညာလားဆိုတာတော့ ခွဲပြမထားပါဘူး။

●မထင်မှတ်တဲ့ အပြုအမူနဲ့ မြင်ကွင်းကို မြင်လိုက်ရတော့ လူငယ်လည်း ကြောက်လန့်ပြီး တောင်းပန် ထွက်ခွာသွားပါတော့တယ်။

ဒီနေရာမှာ သုဘာထေရီမရဲ့ အပြုအမူကိုကြည့်ပြီး “ရူးတာ”လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သုဘာထေရီမအနေနဲ့
ဒီတစ်ခုတည်းပဲ ရွေးချယ်စရာရှိလို့ပါ။ ပြီးတော့ ဒီလိုလုပ်မှလည်း လူငယ်အတွက် အဆင်ပြေမှာမို့ပါ။

တကယ်လို့ သုဘာထေရီက ဒီလိုမပြုဘဲ နှုတ်နဲ့ပဲ တရားဟောနေရင် လူငယ်က ကာယကံမြောက် ဗလက္ကာယ ပြုတော့မှာပါ။ နေရာကလည်း
လူသူကင်းဆိတ်နေတာဆိုတော့ ပြုမူဖို့လည်း သိပ်လွယ်လှပါတယ်။ ကာယကံမြောက် ကျူးလွန်မိသွားရင်တော့ လူငယ်အတွက်
“အ၀ီစိငရဲ”ကျတော့မှာပါ။ သုဘာထေရီက လူငယ်ရဲ့ အကျိုးကိုငဲ့ပြီး
မပြုသင့်တဲ့ အပြုအမူတစ်ခုကို ပြုပေးလိုက်တာပါပဲ။

သုဘာထေရီဟာ မျက်စိတစ်ဖက်နဲ့ပဲ မြတ်စွာဘုရားရှိရာကို ထွက်ခဲ့ပါတယ်။ မြတ်စွာဘုရားကို ဖူးတွေ့လိုက်ရတာနဲ့ ပျက်စီးသွားတဲ့ မျက်လုံးဟာ ပကတိအတိုင်း အကောင်းပြန်ဖြစ်သွားပါတယ်။ မျက်လုံးက မြတ်စွာဘုရားရှင်ရဲ့ တန်ခိုးကြောင့် ပြန်ကောင်းရတာဆိုတော့ ပီတိတွေ ဖြစ်လာပါတယ်။
မြတ်စွာဘုရားရှင်ကလည်း သုဘာထေရီ ပီတိဖြစ်နေတာကို သိပါတယ်။
ဒါကြောင့် အရဟတ္တဖိုလ် ရဖို့အတွက် ကမ္မဋ္ဌာန်းနည်းကို ချက်ချင်းပေးလိုက်ပါတယ်။

သုဘာထေရီက မြတ်စွာဘုရားပေးတဲ့ ကမ္မဋ္ဌာန်းနည်းအတိုင်း ဖြစ်နေတဲ့ ပီတိကိုခွာပြီး ခန္ဓာကိုယ်ကို ဉာဏ်စိုက်ရှုလိုက်တာ အရဟတ္တဖိုလ် ရသွားပါတော့တယ်။

ဗင်ဂိုးလည်း နားရွက်တစ်ဖက်ကို အမျိုးသမီးလေးကို ပေးခဲ့တယ်။
သုဘာထေရီလည်း မျက်လုံးတစ်လုံးကို အမျိုးသားလေးကို ပေးခဲ့တယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ပေးခဲ့တာချင်းတူပေမယ့်၊
ခံယူချက်ခြင်း ဦးတည်ချက်ခြင်းတော့ မတူပါဘူး။ ဗင်ဂိုးရဲ့ အပြုအမူက တရားသဘောနဲ့ ကြည့်ရင် ရူးတာပါ။ သုဘာထေရီရဲ့ အပြုအမူက တစ်စုံတစ်ယောက်ရဲ့ အကျိုးကို ငဲ့တာပါ။

တကယ့်အရှိဇာတ်ဝတ္ထုပဲဖြစ်ဖြစ်၊ ဖန်တီးထားတဲ့ ဇာတ်ဝတ္ထုပဲဖြစ်ဖြစ် ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာတွေမှာ အဓိပ္ပာယ်မဲ့မှု၊
အဓိပ္ပာယ်ရှိမှု တွေကတော့ အားပြိုင်နေတတ်ပါတယ်။ တချို့ ဇာတ်ဝတ္ထုမှာ အဓိပ္ပာယ်မဲ့မှုတွေ ခပ်များများရယ်ပါ။

သက်ရှိလူတစ်ယောက်ရဲ့ ဘ၀နေထိုင်မှုကိုကြည့်ရင်လည်း
ဒီအတိုင်းပါပဲ။ လူ့ဘ၀သက်တမ်းလေးက တိုတိုလေးရယ်ပါ။
အဲဒီ့သက်တမ်းတိုတိုလေးရဲ့ ဘ၀နေထိုင်မှုတွေထဲမှာ အဓိပ္ပာယ်မဲ့မဲ့ နေထိုင်မှုတွေက များနေရင် လူ့ဘ၀ရလာတာ ဘယ်လာ အဓိပ္ပာယ်ရှိပါတော့မလဲ။ တကယ်စဉ်းစားကြည့်ရင် မန်ယူနဲ့ အာစင်နယ်ပွဲ မကြည့်ရလို့လည်း ဘ၀က ဘာမှဖြစ်မသွားပါဘူး။
အဲဒီအချိန် စာအုပ်တစ်အုပ် ဖတ်နေမယ်။ တရားတိတ်ခွေ နားထောင်နေမယ်။ တရားမှတ်နေမယ်ဆိုရင် ဘ၀က တကယ်
အဓိပ္ပာယ်ရှိနေတာပါ။

အဲဒီလိုပြောတော့ ဘောသမားတွေကတော့ လက်ခံချင်မှ လက်ခံမှာပါ။ ဓမ္မသဘောနွယ်အောင် ပြောရရင် ကိုယ့်ရဲ့ ကံသုံးပါးအမူအရာတွေဟာ
ကုသိုလ်ဖြစ်နေရင် အဓိပ္ပာယ်ရှိနေတာပါ။ အကုသိုလ်ဖြစ်နေရင်တော့ အဓိပ္ပာယ်မဲ့နေတာပါပဲ။ တစ်နည်းအားဖြင့် ရူးနေတာပါပဲ။

သူတစ်ပါးသာ အပြစ်ပြောနေတာပါ။ ကိုယ်ကျတော့လည်း ဘာထူးလို့လဲ။ လပြည့်ညမှာ တော်တော်နဲ့ မအိပ်ဖြစ်ဘဲ လကို
ထိုင်ကြည့်နေခဲ့ဖူးတာ၊ မသွားဘဲနေရင် နေလို့ရတဲ့နေရာကို
အပျော်သဘောမျိုး သွားဖြစ်အောင် သွားခဲ့တာ၊ မဖတ်ဘဲနေမယ်ဆိုရင် နေလို့ရတဲ့စာကို ဖတ်ပြီး အချိန်ဖြုန်းနေတာ စသည်ဖြင့်ပေါ့ အများကြီးပါပဲ။ ဒါက ဖြတ်သန်းခဲ့တဲ့နှစ်နဲ့ ချိန်ပြီး ပြောတာပါ။

လက်ရှိပစ္စုပ္ပန်ရဲ့ ကံသုံးပါးအမူအရာလေးတွေမှာလည်း အဓိပ္ပာယ်မဲ့တာလေးတွေက အစဉ်သဖြင့် တွဲတွဲပါနေတတ်ပါတယ်။
●အဓိပ္ပာယ်မဲ့တဲ့အတွေးတွေ တွေးနေတာ၊
●အဓိပ္ပာယ်မဲ့တဲ့ စကားတွေ ပြောနေတာ၊
●အဓိပ္ပာယ်မဲ့တဲ့ အပြုအမူလေးတွေ ပြုမူနေတာ နေ့စဉ်လိုလိုပါပဲ။
ဘာတွေလဲလို့မေးရင် အမျိုးအမည်တွေက များလွန်းလို့ ပြောပြဖို့ ခပ်ခက်ခက်ရယ်ပါ။ ပန်းပွင့်လေးတွေပွင့် မပွင့် အောက်ဆင်းကြည့်တာ၊
ကိုယ်ကြိုက်တဲ့ ဘောလ်ပင်နဲ့ အရောင်မရလို့ စာမရေးဘဲနေတာ စသည်ဖြင့် အများကြီးပါပဲ။

တစ်ခါတလေတော့လည်း အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးတွေ လုပ်ဖြစ်ရင် သတိလေးလည်း ၀င်လာလိုက်မယ်ဆိုရင် “ရူးတာ” လို့
ကိုယ့်ကိုယ်ကိုယ် ခပ်တိုးတိုးလေး ပြောမိလိုက်ပါတယ်။

စိတ်တော့မဆိုးနဲ့နော်... စာဖတ်သူဟာ တစ်နေ့ကို အချိန်ဘယ်လောက် ရူးဖြစ်သလဲ၊ ပုထုဇဉ်ပဲ ရူးပေါ့။ ဒါပေမယ့် ရူးချိန် သိပ်တော့ မများစေနဲ့ပေါ့။ တကယ်လို့အဓိပ္ပာယ်မဲ့တဲ့ အလုပ်ကလေးကို လုပ်မိတယ်၊ သတိလေးလည်း ၀င်ဖြစ်လိုက်မယ်ဆိုရင် “ရူးတာ” လို့ ကိုယ့်ကိုယ်ကိုယ် ပြောကြည့်လိုက်ပါလား။ ဘယ်သူမှ မကြားအောင်တော့ ပြောနော်။ ကြားသွားရင် ကိုယ့်ကို တကယ့်အရူးလို့ ထင်နေလိမ့်မယ်။ သတိဝင်တိုင်း မကြာမကြာ ပြောပြောပေးရင်
ရူးချိန်တော့ လျော့လျော့သွားမှာပါပဲလေ။


-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist's Association】
ကျမ်းကိုး -
၁။ထေရီ အဌကထာ၊သုဘာထေရီဝတ္ထု
၂။ထေရီထေရာရဟန္တာပုဂ္ဂိုလ်ကြီးများ(ဝဏ္ဏသီရိ)
Posted by
www.facebook.com/youngbuddhistassociation.mm
-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ) ၏ “အတွေးများ နှင့် မိတ်ဖွဲ့ခြင်း” နှာ ၁၇-၂၂ မှ ကူးယူဖော်ပြပါသည်။】
အပ္ပမာဒေန သမ္ပာဒေထ။ ။
(Future Light မဂ္ဂဇင်း- မတ်၊ ၂၀၀၅။)

အိန္ဒိယ စိန်သူဌေး ၀န်ထမ်းတွေကို အိမ်တွေ၊ ကားတွေ လက်ဆောင်ပေး


အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်က စိန်ကုန်သည်တစ်ဦးဟာ လုပ်ငန်းရည်ရွယ်ချက်ပြည့်မီတဲ့အတွက် ဆုလာဘ်အနေနဲ့ ၄င်းရဲ့ ၀န်ထမ်းတွေကို ဒေါ်လာ ၈ သန်း တန်ဖိုးရှိတဲ့ ကား၊ အိမ်နဲ့ စိန်တွေ လက်ဆောင်ပေးခဲ့ပါတယ်။
ဆူရတ်မြို့က Hrishikesh Exporters ကုမ္ပဏီကိုပိုင်တဲ့ ဆက်ဗ်ဂျီဒဟိုလာကီ ဟာ ကား ၄၉၁ စီး၊ စိန်ထည် ၅၂၅ခု၊ တိုက်ခန်း ၂၀၀ တို့ကို ၀န်ထမ်းတွေကို ပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းက သူ့ရဲ့ဝန်ထမ်း ၇၅၀၀ အနက် ၁၂၀၀ကျော်ဟာ ယင်းလက် ဆောင်တွေရရှိခဲ့ကြပါတယ်။ သူဟာ ၂၀၁၂ က ၀န်ထမ်း သုံးဦး၊ မနှစ်က ၀န်ထမ်း ၇၂ဦးတို့ကို ကားတွေလက်ဆောင်ပေးခဲ့ပါသေးတယ်။ သူ့ကုမ္ပဏီဟာ ဆူရတ်မြို့မှာ အကျော်ကြားဆုံးစိန်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်၊ ဘယ်လ်ဂျီယံ နဲ့ တရုတ်နိုင်ငံတွေမှာ ရုံးတွေ ရှိတယ်လို့ သိရပါတယ်။
သူက ` ဒီကုမ္ပဏီက မင်းတို့ကြောင့် အမြတ်တွေရနေတာပါ။ မင်းတို့ပျော်ရင် ငါတို့လည်း ထပ်ပြီး တိုးတက်အောင်မြင်မယ်၊ ငါ့ရဲ့ အမြတ် တွေကို မင်းတို့လည်း အကျိုးခံစားကြပါ´ လို့ ၀န်ထမ်းတွေကို ပြောခဲ့ပါတယ်။
သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်အတွက် မနှစ်က ကားတစ်စီးရခဲ့ပြီး ဒီနှစ် စိန်ထည်ပစ္စည်းလက်ဆောင်ရခဲ့တဲ့ ၀န်ထမ်း မိုင်နီက ` အတိုင်းမသိပျော်ပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီက အရင်တုန်းက အိမ်တွေ၊ ရတနာတွေ ရဖူးတဲ့လူတွေကို ကားတွေပေးပြီး၊ ကားတွေ ရတနာ တွေ ရဖူးတဲ့လူတွေကို အိမ်တွေပေးပါတယ်။ ကားရတဲ့ အလုပ်သမားတွေအများကြီးပဲ။ အခုဆိုကားမောင်းသင်နေကြပြီ ´ လို့ ပြောပါတယ်။

ဘာသာပြန်.. ထက်ဦးစံ
Ref: BBC

ပုံစာ။ လက်ဆောင်ပေးပွဲအခမ်းအနားကိုတွေ့ရစဉ်
Shared from Kumudra (FB)

Tuesday, October 21, 2014

ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း


မေး ။ ။ အရှင်ဘုရား 
၁။ ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း ကျူးလွန်ပြစ်မှားကြလျှင် အပြစ်ရှိပါသလားဘုရား။ ငရဲကျနိုင်ပါသလားဘုရား။
၂။ လူပျိုဘ၀ဖြင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
၃။ အိမ်ထောင်ရှိပါလျက်နှင့် မကောင်းသည့် မိန်းမများနှင့် ပျော်ပါးလျှင် အပြစ်ရှိပါသလားဘုရား။
ကိုစိုးလှ၊ ပြည်။

ဖြေ။ ။ ပါထိက၀ဂ်၊ စက္က၀တ္တိသုတ် အဋ္ဌကထာ၌ မိန်းမအချင်းချင်း ယောက်ျားအချင်းချင်း တပ်မက်သည့် ဆန္ဒရာဂမျိုးကို မိစ္ဆာဓမ္မ = မှားယွင်းသော အကျင့်အဖြစ်လည်းကောင်း၊ မိခင်၊ မိကြီး၊ မိထွေး၊
အဘွားစသော မပြစ်မှားမကျူးလွန်သင့်သော အမျိုးသမီးတို့အပေါ်၌ တပ်မက်သောရာဂမျိုးကို အဓမ္မရာဂအဖြစ်လည်းကောင်း မိန့်ဆိုထားသည်။
ထို့ကြောင့်ယင်းအပြုအမှုတို့မှာ အလွန်အပြစ်ကြီးလေးသော ကိစ္စများဖြစ်ပါသည်။ ဖော်ပြပါပုဂ္ဂိုလ်များအပေါ်၌ ကျူးလွန်ပြစ်မှားကြလျှင် ကာမေသုမိစ္ဆာစာရကံအောက် မယုတ်သော အပြစ်များဖြစ်ပါသည်။

အမျိုးသားမှာ လူပျိုဖြစ်စေ၊ လူအိုဖြစ်စေ၊ မကောင်းသည့်မိန်းမနှင့် သတ်မှတ်ထားသော အခကြေးငွေပေး၍ ပျော်ပါးခြင်းမှာ ကာမေသုမိစ္ဆာစာရကံကားမထိုက်။ သို့သော်လည်း လောက၌ ပျက်စီးရာပျက်စီးကြောင်းဖြစ်သော ဣတ္ထိဓုတ္တ = အမျိုးသမီးတို့နှင့် ပျော်ပါးလိုက်စားမှုများသောအကျင့်၊ အက္ခဓုတ္တ = လောင်းကစားကျူးသောအကျင့်၊ သုရာဓုတ္တ = သေရည်သေရက် မူးယစ်ဆေးဝါးသုံးစွဲမှုများသော အကျင့်တို့တွင်ပါဝင်သည်။ ထိုအကျင့်တို့သည် သံသရာကို ထားဘိဦး၊ ပစ္စုပ္ပန်မှာပင်
ပျက်စီးခြင်းအမျိုးမျိုးတို့ဖြင့် ကြုံရပြီး ဒုက္ခအမျိုးမျိုးတို့နှင့် ရင်ဆိုင်ကြရကုန်၏။

ဣတ္ထိဓုတ္တပုဂ္ဂိုလ်များသည် ယခုခေတ် ကုသ၍မရနိုင်သော အေအိုင်ဒီအက်စ်၊ အိခ်ျအိုင်ဗွီရောဂါဆိုး အမျိုးမျိုးတို့ကို မိမိကိုယ်တိုင်ခံစားရသည့်အပြင် မိမိနှင့် ဆက်နွယ်ပတ်သက်သူ အားလုံးကိုပါ ရောဂါဆိုးများ ဖြန့်ဝေခြင်းဖြင့် တစ်စတစ်စ လူသားထုအများကို ပျက်စီးစေနိုင်သော အကျင့်ဆိုးများဖြစ်သည်။ သံသရာဒုက္ခများကိုပါ အကြီးအကျယ်ခံစားရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။

ထို့ကြောင့်သူတော်ကောင်းအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် လောကသံသရာ ပျက်စီးရာပျက်စီးကြောင်း ဣတ္ထိဓုတ္ထ၊ သုရာဓုတ္ထ၊ အက္ခဓုတ္ထ အမျိုးမျိုးတို့ကို ရှောင်ကြဉ်သင့်လှပေသည်။


ဘဒ္ဒန္တ၀ါယာမသာရ
(မဟာဂန္တ၀ါစကပဏ္ဍိတ)

မြတ်မင်္ဂလာအမေးအဖြေများ

မြန်မာပြည်မှ ကမ္ဘာ့ ရက်အရှည်ကြာဆုံး စာမေးပွဲကြီး


တိပိဋကဓရစာမေးပွဲ ကျင်းပသည့်ရက်မှာ (၃၃)ရက် ကြာမြင့်သည့်အတွက် (ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်တယ်လို့ ဆိုတဲ့) ကမ္ဘာပေါ်တွင် ရက်အကြာဆုံး စာမေးပွဲဟုဆိုရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ယနေ့(၂ဝ၁၄)အထိ ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော..
တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်သည့် သာသနာ့အာဇာနည် အရှင်မြတ်များအား မိမိနှင့်အတူ.. (အရပ်၁၀မျက်နှာ ထက်အောက်ဝန်းကျင်သတ္တ၀ါများ) မှ
ကြည်ညိုသဒ္ဒါပွါးများ၍ အလေးအမြတ်ထား ပူဇော်ပါသည်။။

(၁) မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂) ပခုက္ကူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊
(၃) ပြည် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊
(၄) ရန်ကုန် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅) ယော တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသိရိန္ဒဘိဝံသ၊
(၆) ရေစကြို တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇) မော်ကျွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ၊
(၁ဝ) မြိုင် တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁) ရမ္မာဝတီ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂) စစ်ကိုင်း တိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသ တို့သာ (၆၂) ကြိမ်မြောက်
(၁၃) စစ်ကိုင်းတိုင်း၊ တိပိဋကနိကာယကျောင်းတိုက်၊ မိုးမိတ်ကုန်းမြေ၊ မင်းကွန်း၊ စစ်ကိုင်းမြို့နယ်၊ အရှင် ဣန္နာစရိယ၊ သက်တော် (၄၇)၊ သိက္ခာတော် (၂၇) ဝါ၊ (၆၆) ကြိမ်မြောက်
.....................................................................................
(၁)သဗ္ဗေ သတ္တာ သုခိနော ဟောန္တု-
သတ္တ၀ါအားလုံး ကိုယ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ။
(၂) ခေမိနော ဟောန္တု-
ဘေးရန်ခပ်သိမ်း ငြိမ်းအေးကြပါစေ။
(၃) သုခိတတ္တာ ဟောန္တု
ချမ်းသာရွှင်ပြသော စိတ်ထားရှိကြပါစေ..

Shared from Ma Htar Htar Moe (FB)

Saturday, October 18, 2014

"ကျွန်မ အလည်တစ်ခေါက်ရောက်ခဲ့သော သံလျှင် သဘာဝ တရားရိပ်သာအကြောင်း"


-သံလျှင် သဘာဝတရားရိပ်သာသည် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ ၊လူမမာများ လွတ်လပ်စွာ တရားအားထုတ်ဖြစ်စေလိုသောစေတနာဖြင့် ဆရာတော်ဦးဥတ္တမသာရ ကိုယ်တိုင်ဦးစီး၍ ဦးကျော်အေး+ဒေါ်ခင်ဆွေဦး တို့မှ မြေ(၃ ဧက) မတည်လှူဒါန်းကာ (၁၆.၆.၂၀၀၈)နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။

-လူတန်းစားပေါင်းစုံအတွက် ရေရှည်အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ဆွမ်းစရိတ် ကောက်ခံခြင်း မရှိပါ။

-မည်သူမဆို ရက်အကန့်အသတ်မရှိ ရာသက်ပန် တရားအားထုတ်နိုင်သော ရိပ်သာဖြစ်ခြင်းကြောင့် ရပ်ဝေး ရပ်နီးမှ ယောဂီသူတော်ကောင်းများနှင့် အများအကျိုး ဆောင်ရွက်လိုသူများလည်း တဖြေးဖြေးချင်း ပို၍ စုမိလာခဲ့ပါသည်။

-ထို့အတူ လောကဓံ၏ ရိုက်ပုတ်မှုလှိုင်းတံပိုးအောက်မှာ ခိုကိုးရာမဲ့ ဖြစ်နေသော သက်ကြီးရွယ်အိုများ၊ လူမမမာများ ၊အခြေအနေအမျိုးမျိုးကြောင့် အားကိုးရာမဲ့နေသော အထီးကျန်နေသူများ နှင့် စိတ်ဝေဒနာရှင်များ၏ ၀င်ရောက်ခိုလှုံရာလည်း ဖြစ်သည်။

-စားဝတ်နေရေး အဆင်မပြေသော ခိုကိုးရာမဲ့ မိသားစုများ၏ အားကိုးရာလည်း ဖြစ်ပါသည်။

-ယခု ၂၀၁၄ ခုနှစ်တွင် ရိပ်သာဧရိယာ ဧက(၅၀)ကျော်၌ အမြဲနေယောဂီ(၂၄၀၀ ကျော်) နှင့် (ဧက ၂၀ ကျော်)သော စေတနာရွာတွင် ဆင်းရဲနွမ်းပါးသော ခိုကိုးရာမဲ့ မိသားစု(၂၅၀၀)ကျော် မှီတင်းနေထိုင်လျှက်ရှိနေပါသည်။

-ယောဂီတို့ ငြိမ်းချမ်းစွာ ဘ၀ကူးပြောင်းရာ အနေကောင်း ၊အသေကောင်းသည့် ရိပ်သာ ဖြစ်ပါသည်။ရိပ်သာ သက်တမ်း (၆ နှစ်)အတွင်း ယောဂီပေါင်း (၃၃၀)ကျော် ကွယ်လွန်ပြီး ဖြစ်ပါသည်။

-အမျိုးမျိုးသော ယောဂီ ပရိဿ တ်များ၏ စားဝတ်နေရေး ၊ကျန်းမာရေး ပြဿ နာမျိုးစုံကို ဆရာတော် ဦးဥတ္တမသာရမှ တာဝန်ယူ ဖြေရှင်းပေးလျှက်ရှိသလို သစ္စာတရားဓမ္မများကိုလည်း နေ့စဉ် ဟောကြားပေးလျှက် ရှိနေပါသည်။

-ယောဂီအားလုံး၏ စားဝတ်နေရေးအတွက် သာကေတ၊ဗိုလ်တစ်ထောင်၊ လသာ၊ လမ်းမတော်၊ အလုံ နှင့် ကျောက်မြောင်းမြို့နယ်များသို့ သဘာဝတရားရိပ်သာ သံဃာတော်များနှင့် စာသင်သားကိုရင်များက ပုံမှန် ဆွမ်းခံကြွကြသလို အချိန်ရပါက ဆရာတော်ကိုယ်တိုင် တန်းဆွမ်းကို ဦးဆောင်ကာ ဆွမ်းခံကြွကာ ယောဂီများနေ့စဉ် စားဝတ်နေရေး အဆင်ပြေနိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိနေပါသည်။

-ရိပ်သာတွင် နေထိုင်သူ ယောဂီ(၂၄၀၀ ဦး) ကျော်ထဲတွင် -
ရဟန်းအပါး(၂၅၀)ကျော်၊ သီလရှင်အပါး (၂၀၀)ကျော်၊ သက်ကြီးရွယ်အို (၆၀၀)ကျော်၊ အရေးကြီး လူမမာ(၁၅၀)ကျော် အပါအ၀င် လူမမာပေါင်း (၅၀၀)ကျော်၊ မိသားစုပေါင်း (၇၀)ကျော်၊ကလေးသူငယ်ပေါင်း (၁၂၀)ကျော်တို့ ပါဝင်ပါသည်။

-သက်ကြီးရွယ်အိုနှင့် လူမမာအများစုမှာ နေရာအခက်အခဲကြောင့် ကျောတစ်နေရာစာ နေရာကိုယ်စီဖြင့် ယာယီတဲဆောင်များတွင် စုပေါင်းနေထိုင်ကြရပါသည်။

-သဘာဝတရားရိပ်သာအတွင်း နှင့် ပြင်ပမှ သက်ကြီးရွယ်အိုများ၊လူမမာများအတွက် အဓိကစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ သိန်းပေါင်း (၉၀၀၀)ကျော် ကုန်ကျမည့် (၆ ထပ်)တရားဆေးရုံကြီးကို သဘာဝတရားရိပ်သာအတွင်း ဆရာတော်ဦးဥတ္တမသာရမှ ဦးဆောင်၍ အကောင်အထည်ဖော်နေပါသောကြောင့် စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုင်စေခြင်း အကျိုးငှာ ဤပို့စ်ကို Shareပေး ခြင်းဖြင့် ပရဟိတကုသိုလ်များ ယူနိုင်ကြစေရန်အတွက် မောင်နှမများအား လေးစားစွာဖြင့် မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။

-ယခု ခိုကိုးရာမဲ့ဘိုးဘွား ၊လူနာများအတွက် ကျောချရန် ကုတင်များမလုံလောက်ပါသောကြောင့် မနေ့က ကျွန်မ သဘာဝတရားရိပ်သာသို့ရောက်စဉ်တွင် သံကုတင်များ လုပ်နေတာကိုတွေ့ရ၍ စေတနာရှင်များ မိမိတတ်နိုင်သလောက် လှူဒါန်းနိုင်ကြစေရန်အတွက် ကုန်ကျစရိတ်မေးမြန်းကြည့်ရာ သံကုတင်တစ်လုံးကို (၅၅,၀၀၀ ကျပ်) ဖြင့် လှူဒါန်းနိုင်ကြပါကြောင်း နှင့် တစ်နေ့တာ ဆွမ်းအလှူများအတွက် လှူဒါန်းလိုကြပါက ပုံပါကုန်ကျငွေများအတိုင်း တိုက်ရိုက်ဖြစ်စေ ကျွန်မမှတဆင့်ဖြစ်စေ လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာဖြင့် အလှူရှင်များအား ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

အမှန်တကယ်လိုအပ်သူများအတွက် မိမိတတ်နိုင်သလောက် ကုသိုလ်ပါဝင်ယူကာ ပီတိပွားနိုင်ကြပါစေရှင်။

Ps- စေတနာရှင် အလှူရှင်များ ပိုမိုရရှိနိုငစေရန်အတွက် ပို့စ်ကို Share ခြင်းဖြင့် ကုသိုလ်ပါဝင်ယူနိုင်ကြပါတယ်ရှင်။

ဆက်သွယ်လှူဒါန်းရန်-

-ဒေါ်ဝါ၀ါခိုင်မင်း Nan War War Mg (ဖုန်း- ၀၉၇၃၀၉၅၈၅၁)
ငွေလွှဲရန်- KBZ(ရန်ကင်း) - 127-301-12700290701

-မစုငယ်ဝင်း(စင်္ကာပူ) Su Nge Win
Posb Saving 245-66999-2
ph 91136144

လေးစားစွာဖြင့်-

ဝါ၀ါခိုင်မင်း
https://www.facebook.com/yoonmeme2009?fref=ufi

သောတာပန်ဖြစ်ပြီဟု ယူဆယုံကြည်ခဲ့ပါလျှင်


ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် မိမိကိုယ်ကို မိမိ သောတာပတ္တိ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီဟု သို့မဟုတ် သောတာပန်ဖြစ်ပြီဟု ယူဆယုံကြည်ခဲ့ပါလျှင် မိမိကိုယ်ကို မိမိ အထက်ပါ မှတ်ကျောက်တွင် တင်ကြည့်ပါ။

၁။ ငါသည် ဒုက္ခသစ္စာအမည်ရသည့် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့်ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်နာမ်ပရမတ် ဒုက္ခသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်
မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၂။ အတိတ်အကြောင်းသမုဒယသစ္စာကြောင့် ပစ္စုပ္ပန်အကျိုး ဒုက္ခသစ္စာဖြစ်ပုံ?
ပစ္စုပ္ပန်အကြောင်းသမုဒယသစ္စာကြောင့် အနာဂတ်အကျိုးဒုက္ခသစ္စာ ဖြစ်ပုံဟူသည့် ကြောင်းကျိုးဆက်နွှယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတည်းဟူသော သမုဒယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၃။ အကြောင်းသမုဒယသစ္စာတရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးဒုက္ခသစ္စာတရားတို့ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်း နိရောဓ သစ္စာတရားကိုလည်းကောင်း, အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာနိရောဓ သစ္စာတရားကိုလည်း
ကောင်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

၎။ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် တရားကိုယ်(၈)ပါး, လောကုတ္တရာမဂ္ဂင် တရားကိုယ် (၈)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးပြီလား? အချိန်မရွေး ပြန်ရှုလို့ ရပြီလား?

ဤမေးခွန်းတို့ကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ မသိသေးပါ, ရှုလို့မရပါဟု အဖြေထွက်ခဲ့လျှင်ကား မိမိကိုယ်ကို မိမိ နားလည်သင့်ပေပြီ။ သို့သော်သံသရာခရီး အဆုံးဖြစ်သည့် ပန်းတိုင်သို့ ရောက်ရှိသွားတော်မူကြသည့် အရိယာ သူတော်ကောင်းတို့သည်ကား ယင်းမေးခွန်းအရပ်ရပ်တို့ကို ကောင်း-စွာ ဖြေဆိုနိုင်ကြသူများ ဖြစ်ကြပေသည်။

ဖားအောက်တောရဆရာတော်ကြီး
(သတ္တသညာသုတ္တန်)

Tuesday, October 14, 2014

အရှင်သာရိပုတ္တရာမထေရ်မြတ်၏ အမျက်ဖြေတရား


တစုံတယောက်အားအမျက်ဒေါသ ထွက်မည်ကြံလျှင်---
၁။ ပံ့သကူ ပုဆိုးကောက်သူသည် ကောင်းနိုးရာကိုသာ ရွေးကောက်သကဲ့သို့  အမူအကျင့် မကောင်းသူဖြစ်မူ နှုတ်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။

၂။ ရေညှိမှေး တင်နေသော ရေကန်၌ အပေါ်ရေညှိ လှစ်၍ အတွင်းရေကို သောက်ရာသကဲ့သို့ နှုတ်မကောင်းသူဖြစ်ပါက အမူအကျင့်ကောင်းသည်ကို ဆင်ခြင်၍ အမျက်ဖြေပါ။
၃။ ရေငတ်သူသည် နွားခြေရာခွက်၌ရှိသော ရေကို ပုဆစ်တုပ်ဝပ်၍ သောက်ရာသကဲ့သို့ အမူအကျင့်ရော၊ နှုတ်ပါ မကောင်းသူဖြစ်မူ တခါတရံ နှစ်သက်ဖွယ်ရှိသည်ကို ဆင်ခြင်၍အမျက်ဖြေပါ။
၎။ အရပ်တပါးသို့ တဦးတည်း ခရီးသွားပြီးလျှင် လမ်း၌ နာမကျန်းဖြစ်၍
ပြုစုစောင့်ရှောက်မည့်သူ မရှိသော လူနာအား မြင်ရသူများသနားကြသ
ကဲ့သို့ အမူအကျင့်ရော၊နှုတ်ပါ မကောင်းသည့်အပြင် နှစ်သက်ဖွယ်လည်း မရှိသူ ဖြစ်ပါက- ဪ ဤသူကိုလောက၌ ရခဲလေစွတကား-ဟု သနားခြင်းကို ရှေးရှု၍ အမျက်ဖြေပါ။

၅။ ချိုမြိန်အေးမြသည့် ရေကို သောက်ပြီး စိမ်းလန်းစိုပြည်သော
အရိပ်အာဝါသအောက်တွင် လေညင်းခံကာ အနားယူနေသူသည်
နှလုံးမွေ့လျော်ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်သကဲ့သို့ ကိုယ် နှုတ် နှလုံး
သုံးပါးစုံ နှစ်သက်ကောင်းမွန်သူဖြစ်မူ ရန်ငြိုးမဖွဲ့ဘဲ အမြဲမြတ်နိုးပါ။


Credit to : ဆရာတော် အရှင် Vica Kkhnna

Sunday, October 12, 2014

ပိုက်လော့ဆရာတော် တရားပွဲမှ သြ၀ါဒများ


- လူ့လောကမှာနေရင် စိတ်နဲ့အာရုံ အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးတယ်။

- အဖေ မှားလည်း၊ အဖေ မှန်တယ်။ အမေ မှားလည်း၊ အမေ မှန်တယ်။

- မပြိုင်ကြပါနဲ့။ ပြိုင်ရင် ရှုံးပြီးသား။ ပြိုင်ရမှာက ကိုယ့်ကိုယ်ကိုသာ ပြိုင်ပါ။

- မျက်တောင်တစ်ခတ်က စိတ်ရဲ့ ၄၈ ပုံ ၁ ပုံ ရှိတယ်။

- ၀ိပဿနာဆိုတာ တကယ့်အရှိကို အရှိအတိုင်း မြင်တာ၊ သိတာ။

- ဥာဏ်မလာရင် ကံမြောက်နေပြီ။ စိတ်နဲ့အာရုံ အဆင်မပြေရင် အပူဓာတ်ထွက်တယ်။

- ကိုယ်တွေးနေတဲ့အတွေးကို ခဏရပ်။ အဲဒီအတွေးကို ပြန်စစ်ဆေး။ ပြီးရင် အနာဂတ်မျိုးစေ့ကို မှန်းလို့ရပြီ။ အတွေးအားလုံးသည် ကိုယ့်ရဲ့ အနာဂတ်မျိုးစေ့ ဖြစ်ပါသည်။

- လောကကြီးမှာ မတရားတာမရှိ၊ မဖြစ်သင့်တာမရှိ၊ ကံကြောင့်ဖြစ်တာသိရင် ခွင့်လွှတ်နိုင်ရမယ်။

- ဤလောကကြီးမှာ မတရားတာမရှိ၊ မဖြစ်သင့်တာမရှိ၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်း.......

ပိုက်လော့ဆရာတော် တရားပွဲမှ ကောက်နုတ်ထားပါတယ်။
မေတ္တာဖြင့်
Favorite Collections

တရားတော်များကို ရွတ်ဖတ်ခြင်း


အမေး----- အောင်ကျော်ထွန်း
*************************************

အရှင်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ တပည့်တော်စိတ်ထဲ တမျိုးဖြစ်နေတာလေးတစ်ခုကို မေးမြန်းလိုက်တာပါဘုရား။
တပည့်တော်တို့တတွေ ပရိတ်ကြီး ၁၁ သုတ်ပါအ၀င် အခြားသော တရားတော်များကို ရွတ်ဖတ်ခြင်းဖြင့်ပင် အကျိုးကျေးဇူးရှိတယ်လို့ ယုံကြည်မှုရှိကြပါတယ်ဘုရား..
တပည့်တော် အထင်မှာ ဒါဟာ တန္တရ၀ါဒသဘော သက်ရောက်နေတယ်လို့ ထင်ပါတယ်ဘုရား...
မေတ္တာသုတ်ဆိုတာ ကျင့်ကြံရမယ့်တရား၊ မင်္ဂလသုတ်ဆိုတာလဲ ကျင့်ကြံရမယ့်တရားတွေလို့ယုံကြည်ပါတယ်ဘုရား
ရွတ်ဖတ်နေယုံနဲ့ ပြီးမယ့်အရာတွေမဟုတ်လို့ ယုံကြည့်ပါတယ်ဘုရား။ ထိုအတူ တရားဦး ဒေသနာ၊ ပဋ္ဌာန်းဒေသနာတော်၊ အနတ္တလဏ္ခာသုတ်များဟာလဲ သေချာနားလည်သဘောပေါက် (realization thru wisdom) ဖြစ်ဖို့လိုတဲ့ ကြည်ညိုဖွယ်ရာ တရားတော်မြတ်များဖြစ်ပါတယ်ဘုရား။
သို့သော် လူတော်တော်များများမှာ နားမလည်တဲ့ပါဠိတွေကို ရွတ်ဖတ်နေယုံနဲ့ အကျိုးခံစားရမယ်ထင်နေကြပါတယ်ဘုရား...
မင်္ဂလသုတ်ကို ပါဠိလိုနားမလည်ပဲရွတ်ပြီး နေထိုင်မှုဘ၀မှာ တရားတော်နဲ့မညီတာတွေပြုသူတွေမှာ အကျိုးကျေးဇူးဆိုတာရနိုင်မရနိုင် အရှင်ဘုရားထံ ရိုသေစွာ လျှောက်ထားမေးမြန်းလိုက်ရပါတယ်ဘုရား။
မေတ္တာရှေ့ထားပြီး ဖြေကြားပေးပါရန်တောင်းပန်အပ်ပါတယ်ဘုရား။

ပါချုပ်ဆရာတော်ကြီးမှ အောင်ကျော်ထွန်း၏မေးခွန်းကိုဖြေဆိုခြင်း
*********************************************

အဓိပ္ပါယ်မသိပဲ ရွတ်ဖတ်ရုံသက်သက်၊ ဘုရား၊ တရားတော်အမှတ်ဖြင့် ကြည်ညို၍ ရွတ်လျှင် ကုသိုလ်တော့ ရနိုင်သည်။
တကယ်တော့ ပရိတ်တရားတော်များဆိုတာ မေတ္တာနှင့် သစ္စာအဓိက အေ‌ခြခံ ဟောကြားထားတာဖြစ်တယ်။
တကယ်နားလည်ပြီးရွတ်မှ ပို၍အကျိုးရှိနိုင်မယ်။
မေတ္တာ၊ သစ္စာမပါတဲ့ နတ်တွေကိုသာ ချီးမွမ်းခန်းဖွင့်တဲ့ တန္တရ၀ါဒနှင့် မတူ၊ ဓမ္မစင်္ကြင်္င်္ာ၊ အနတ္တလက္ခဏသုတ်၊ ပဋ္ဌာန်းတရားတော်များကို အဓိပ္ပာယ်နားလည်အောင် လေ့လာပြီး ရွတ်ဆိုနှလုံးသွင်းမှသာ ပြီးပြည့်စုံသော အကျိုးတရားရနိုင်မှာဖြစ်တယ်။ မင်္ဂလသုတ်အလွတ်ရသော်လည်း လိုက်နာကျင့်သုံးမှုမပြုလျှင်
ဆေးရှိလျက်မသောက်၍ ရောဂါမပျောက်တာ နှင့်တူသည်။
ဗုဒ္ဓ၏ တရားတော်များမှာ ကြားနာမှတ်ထား ဆင်ခြင်စဉ်းစားပြီးနောက် ဓမ္မနု ဓမ္မအကျင့်ကို ကျင့်ရမည်။
သို့မှသာ ပြည့်စုံသော အကျိုးတရားရရှိနိုင်မည်။

Shared from SweSwe Win (FB)

လောကဓံမုန်တိုင်းများနဲ့ ကြံ့ခိုင်တဲ့စိတ်ထား


ဒီနေ့ ည ပါချုပ်ဆရာတော်ကြီးရဲ့  လောကဓံမုန်တိုင်းများနဲ့  ကြံ့ ခိုင်တဲ့ စိတ်ထားဆိုတဲ့ တရားတော်ကို ပြန်နာဖြစ်ပါတယ်...။
ဒီတရားတော်ကိုနှစ်သက်လို့ မကြာခဏ ပြန်ပြန်နာဖြစ်ပါတယ်..။ ဒီညတော့ အနည်းငယ် ပြန်မျှဝေချင်ပါတယ်...။
-------------------------------------------------------------------------
လောကမှာ လူတွေဟာ ..အယသ...တစ်ယောက်တည်းနေရပြီဆိုရင် . အခြံအရံကင်းမဲ့ပြီဆိုရင် စိတ်ဓါတ်ကျသွားတတ်တယ်..။
အဲဒီလို စိတ်ဓါတ်မကျအောင် တစ်ယောက်တည်းနေရပြီဆိုရင်
...."....အကျိုးရှိတဲ့အလုပ်က ဘာရှိလဲ.....။
အကျိုးရှိအောင်ငါဘာလုပ်မလဲ....။....".......
ကိုယ့်မှာ အဖေါ်ကောင်းတစ်ခုရှာထားဖို့ လိုတယ်..။
အဖေါ်ကောင်းတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအတွက် ကမ္မဋ္ဌာန်းနဲ့  နေတယ်..။ တရားနဲ့  နှလုံးသွင်းပြီးနေတယ်..။ အထီးကျန်မဖြစ်ဘူး..။စိတ်ကိုထိန်းနိုင်သွားတယ်..။
ဒါကြောင့်မို့ လို့  အခြံအရံများတယ်ဆိုရင်လည်း ကိုယ့်စိတ်က စဉ်းစားရမှာက.....
...."....သူတို့ အတွက် ငါဘာလုပ်ပေးရမလဲ......".......
စိတ်ဓါတ်တွေတက်ကြွပြီးတော့ ...
...".....သြော်...ငါ့မှာ နောက်လိုက်နောက်ပါတွေ များနေတာပဲ..။ ...".......
ဆိုပြီးတော့ အထင်မကြီးနဲ့ ...။ အခုလိုဖြစ်တယ်ဆိုတာလည်း ခဏပဲ...။ အခြံအရံများတယ်ဆိုတာလည်း ခဏပဲ....။
နောက်ကျတော့ တစ်ယောက်မှ မရှိတဲ့အခြေအနေမျိုး ရောက်နိုင်တယ်..။
ဒါ့ကြောင့် အခြံအရံများနေတဲ့အခိုက် ..
...."...ငါ...သူတို့ အတွက် ဘာလုပ်ပေးနိုင်သလဲ....".....
လို့ စဉ်းစားဆင်ခြင်တာ လမ်းမှန်ကျတယ်...။
အခြံအရံ ကင်းမဲ့သွားပြီဆိုရင်
..."....အခြံအရံ ကင်းမဲ့တယ်ဆိုတာလည်း ခဏပဲ....။ ထာဝရမဟုတ်ဘူး..။ အခြံအရံမရှိတဲ့အချိန်မှာ တရားဓမ္မနှလုံးသွင်းချိန် ငါ့မှာ ပိုရလာတယ်...။ စာဖတ်ချိန်တွေ ငါ့မှာ ပိုရလာတယ်...။...."......
စသဖြင့် ဒီလို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်စိတ်ကို အထီးကျန်မဖြစ်အောင် ..စိတ်ဓါတ်မကျအောင် ......ဆင်ခြင်စဉ်းစားရမယ်..။
ဒါ ..လောကဓံကို ကြံ့ ကြံ့ ခံတဲ့နည်းတွေပေါ့....။
အဲဒီလိုမှ ကြံ့ ကြံ့ မခံနိုင်ဘူးဆိုရင် စိတ်ဓါတ်မတည်ငြိမ်တဲ့အတွက် ကောင်းကျိုးချမ်းသာတွေမရနိုင်ဘူး...။
ကျေနပ်ရင် လောဘ...မကျေနပ်တော့ ဒေါသ.....၊
ဒါ့ကြောင့် ....လောကဓံမုန်တိုင်း ကိုယ့်စိတ်ကို လွှမ်းမိုးမသွားအောင် သတိထားပြီး ဆင်ခြင်ရမယ်..။

Shared from SweSwe Win (FB)

သတိပြုဖွယ် မြွေအန္တရာယ်


တစ်နေ့သ၌ မိမိတို့အလုပ်,လုပ်နေကြစဉ်တွင် အလုပ်ထဲသို့ အသက်အားဖြင့် (၂၅ - ၂၇ ) ဝန်းကျင်ရှိသော လူရွယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ရောက်ရှိလာခဲ့ပါသည် ။ အစမှာတော့ ကိုယ့်လုပ်နေတဲ့အလုပ်ကိုပဲ အာရုံစိုက်နေတာမို့ သတိမပြုမိသော်လည်း မိမိနှင့်မလှမ်းမကမ်းနေရာတွင် သူတို့နှစ်ယောက်လာပြီး မတ်တပ်ရပ်စကားပြောနေကြတော့ အမှတ်တမှတ်ဆိုသလို ကြည့်လိုက်မိပါ၏ ။

ကြည့်မိတော့ ယောက်ျားလေးကလည်း ခေတ်စကားနဲ့ပြောရင် ဝတ်စားထားပုံက အတော်လန်းပါ၏ ။ မိန်းကလေးကလည်း ထို့အတူပဲ လန်းရုံမက လွန်၍ပင် sexy ဖြစ်နေသလို ရုပ်ကလေးကလည်း အတော်လှတယ်ဆိုရမှာပါပေ ။

အရင်တုန်းကလည်း ဒီထက်ပိုပြီး sexy ဖြစ်တဲ့ မိန်းကလေးတွေကို မကြာခဏဆိုသလို တွေ့နေကျဖြစ်ပါ၏ ။ ဒီနေ့ကျမှ ခုနမိန်းကလေးကို မြင်လိုက်တာနဲ့ စိတ်ထဲမှာ ရာဂစိတ်တွေဖြစ်လိုက်မိသည် ။ ဖြစ်ဖြစ်ချင်းပဲ သတိနဲ့ဘရိတ်အုပ်လိုက်တဲ့အခါကျတော့ အဲဒီစိတ်တွေ ကွယ်ပျောက်သွားတော့၏ ။ အကယ်၍သာ သတိနဲ့စိတ်ကို လေ့ကျင့်မထားခဲ့ဘူးဆိုရင် အကုသိုလ်စိတ်တွေနဲ့ ပူလို့မဆုံး တနုံးနုံးဖြစ်နေတော့မှာ သေချာပါသည် ။

ဒါ့ကြောင့်လဲ မဃဒေဝလင်္ကာမှာ ယောက်ျားတို့ရဲ့စိတ်ကို...
“ ပုရိသတို့ ၊ မိန်းမအာရုံ ၊ တွေ့ကြိုက်ကြုံသော် ၊ ရာဂုမ္မတက ၊ သတိပ၍ ၊ သူမြတ်ဗောဓိ ၊ လောင်းဇာတိလျက် ၊ ဟရိတစ ၊ ရှင်လောမတို့ ၊ လောဘအဟုန် ၊ ကျဆင်မုန်သို့ ၊ ကာမဂုဏ်ညစ် ၊ ရာဂယစ်၍ ၊ အပြစ်မထင် ၊ မိန်းမသွင်ကို ၊ မြင်လျှင်မြင်ချင်း ၊ သတိယွင်းလျက် ၊ ဥာဏ်ကင်းလွတ်လက် ၊ ဈာန်ကြိုးပြတ်၏”။ ဟုဆိုထားသကဲ့သို့..

“ ဤလောက၌ ၊ ရာဂမကင်း ၊ ကိုယ်တွင်းမဆိတ် ၊ ယောက်ျားစိတ်ကို ၊ မပိတ်ဆို့နိုင် ၊ ယစ်မူးမှိုင်လျက် ၊ ယိမ်းယိုင်ကိုယ်လုံး ၊ ကျုံး၍ပစ်သို့ ၊ ပြစ်ပြစ်ကုန်စင် ၊ မွေမမြင်အောင် ၊ ဆင်ခြင်ဥာဏ်ကင်း ၊ တွေ့ရာခြင်းဖြင့် ၊ မကြွင်းစေကြောင်း ၊ အကုန်ပြောင်း၍ ၊ စိတ်ကောင်းဟူသမျှ ၊ ပြုန်းပြုန်းကျ၏ ” တဲ့ ။

သြော်..မျက်လုံးပေါက်က ‘ မီး’ ဝင်လောင်ပါပေါ့လားလို့ တွေးနေတုန်းရှိသေးတယ် အဲဒီမိန်းကလေးက အနားရောက်လာပြီး မိမိနဲ့တစ်ပေကွာလောက်မှာ လာထိုင်တယ်ဆိုရင်ပဲ မိမိမှာအလိုလိုနေရင်းက ဖိန်းတိန်း ၊ ရှိန်းတိန်းဖြစ်လာရ၏ ။ အဲဒီလို ဘာကြောင့်ဖြစ်လာရတာလဲလို့ စိတ်ထဲမှာ အကြောင်းရှာကြည့်လိုက်တဲ့အခါ ၊ သြော်...လက်စသတ်တော့ ဣတ္ထိယဆိုတဲ့ အမြင်ကြီး ၊ ကိုယ်နဲ့အသွင်မတူ ဣတ္ထိဘာဝလို့ဆိုတဲ့ ဒါဟာမိန်းမပဲရယ်လို့ ထင်မှတ်ထားတဲ့ ပုံသဏ္ဍာန်ပညတ်အယူမှား အစွဲမှားကြီးကြောင့်ပဲလို့ အဖြေထွက်လာပါတော့၏ ။

ထို့ကြောင့်ပင်လျှင် မိမိစိတ်၌လျှပ်တပြက်ဖြစ်ပေါ်၍လာသော စိတ်၏ခံစားမှုတို့ကို အခြေပြု၍ ထိုခဏ၌ပင် အောက်ပါအတိုင်း လင်္ကာတစ်ပိုဒ်ကို စပ်ဆိုမိခဲ့၏ ။

ထိုထိုမိန်းမ ၊ ဣတ္ထိယ၏ ၊ အဆင်း၊အသံ ၊ ကိုယ်သင်းရနံ့ ၊ ရသာဖက်၍ ၊ ထိချက်တဖုံ ၊ ငါးအာရုံကား ၊ ဟူဟူသမျှ ၊ ပုရိသတို့ ၊ မှတ်တုံမြင်မှား ၊ အသိမှားကြောင့် ၊ ရာဂဘီလူး ၊ ဝင်ကာပူးသို့ ၊ သည်းအူလှိုက်ဖို ၊ စက်စက်ယိုလျှင် ၊ ဖိန်းရှိန်းကိုယ်တွင်း ၊ စိတ်မိုက်သွင်း၏ ။ ။

မိမိကို ရင်းနှီးတဲ့သူငယ်ချင်းများနဲ့ တချို့သောအကြောင်းသိသူ မိတ်ဆွေများက “ မိန်းမတွေနဲ့ အတော်ကင်းကင်း ရှင်းရှင်းနေနိုင်တဲ့သူ” လို့ပြောတတ်ကြပါ၏ ။ မိမိကိုယ်တိုင်ကလည်း မိန်းမတွေနဲ့ အတတ်နိုင်ဆုံးကင်းအောင် နေခဲ့တာပါပဲ ။ သို့သော် "ကျွန်တော်လည်းလေ ထိုအာရုံ၌ အမှုထားခဲ့သော် လောကီလူသားတစ်ဦးပေမို့ အူယားတတ်ပါသေး၏ ။ ((ဟာသဖောက်ကြည့်တာပါနော်))

မိမိအနေနဲ့က သူတို့ထင်သလို မိန်းမများနဲ့ ကင်းရှင်းအောင်နေ, နေတာထက် ထိုမိန်းမများကြောင့် လောင်မြိုက်လာမဲ့ အပြင်းဆုံးသော ၊ အပူဆုံးသော ‘မီး’ လောင်ခံရခြင်းဘေးနဲ့ အထူးသဖြင့် ကင်းဝေးအောင် နေခြင်းလည်းဖြစ်ပါ၏ ။

*ကမ္ဘာကျော်ဂရိပညာရှိကြီး ဆိုကရေးတီး၏ ရုပ်ရည်သွင်ပြင်သည် အလွန်လျှင် ဆန္ဒရာဂအားဖြင့် ထကြွသောင်းကျန်းမည့် လက္ခဏာသွင်ပြင်ရှိသော်လည်း ထိုစိတ်တို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ကဝိသူတော်ကောင်းကြီးတစ်ဦး ဖြစ်ရသည်မှာ ၄င်း၏စိတ်ကို သီလ ၊ သမာဓိ ၊ ပညာတရားတို့ဖြင့် နှိပ်ကွပ်ထားနိုင်သောကြောင့်သာ ဖြစ်သည်ဟု ၄င်းပညာရှိကြီးကိုယ်တိုင် ဝန်ခံဖူးကြောင်း ကျွန်ုပ်ဖတ်ဖူး ၊ ကြားဖူးပါ၏ ။

“ ဤလောက၌ မိန်းမတကာ ၊ ထိုများစွာတို့ ၊ ရူပါရမ္မဏ ၊ စသည့်လုံးစုံ ၊ အာရုံငါးပါး ၊ လက်နက်အားဖြင့် ၊ ယောက်ျားတို့ကို ၊ အလိုယုတ်မာ ၊ တွေ့ရာကိုက်သတ် ၊ နှိပ်စက်တတ်၏” ။  (မဃဒေဝ)

ဟော..ခုပဲကြည့်လေ.သတိဖြင့်နေလေ့ရှိသူဖြစ်ပါလျက်နဲ့ အနုသယအနေနဲ့ ကိန်းဝပ်နေတဲ့တဏှာက သွင်မတူကွဲပြား ဣတ္ထိဘာဝလို့ခေါ်တဲ့ မိန်းမရုပ်ကို မြင်လိုက်ရ ၊ အနီးကပ်ထိုင်လိုက်ရရုံနဲ့ သူကတစ်စခန်းထပါတော့၏ ။ သတိနဲ့မထိန်းကွပ်ဘဲနဲ့ ဒီရာဂစိတ်ကိုပင် အထပ်ထပ်ပွါးကာ အထပ်ထပ်မှားနေရင်ဖြင့် ရှေ့ဆက်မတွေးရဲစရာ ။

ကြက်သီးမွေးညှင်းထလောက်အောင်ပင် အလွန်ပင် ကြောက်စရာကောင်းလှပါပေ၏ ။ ဒါကြောင့် ပုရိသ (ယောက်ျား)တို့အနေနဲ့ ဣတ္ထိယ(မိန်းမ)များကို အနီးကလည်း ရှောင်သင့်သလို ၊ အဝေးကလည်း ရှောင်သင့်ပါ၏ ။ ရှောင်သင့်တယ်ဆိုရာမှာ စိတ်ကိုသာပြောလိုရင်းဖြစ်ပါသည် ။

သတ္တလောကကြီးထဲမှာ အထီးနဲ့အမ ၊ ယောက်ျားနဲ့မိန်းမ ဒါပဲအဓိကရှိတာ ။ နေ့စဉ်နေ့တိုင်းပဲ အမေ ၊ အဒေါ် ၊ အစ်မ ၊ ညီမတွေအပြင် တခြားမိန်းမတွေနဲ့လည်း တွေ့ရ ၊ ကြုံရ ၊ ဆက်ဆံပြောဆိုနေရတာပါပဲ ။ ရှောင်လွဲလို့တော့ မရနိုင်ဘူးပေါ့ ။ သို့သော် အမေ ၊ အဒေါ် ၊ အစ်မ ၊ ညီမတွေအပြင် တခြားသောမိန်းမများကိုတော့ တတ်နိုင်သလောက် ကင်းရှင်းအောင်နေကြ ၊ ရှောင်ကြစေချင်ပါသည် ။

မဖြစ်သေးတဲ့ ဘေးရန်ကို ဖြစ်လာမှ ရင်ဆိုင် ဖြေရှင်းရတာထက် မဖြစ်ခင်က ကြိုတင်ဆင်ခြင်ပြီး ကာကွယ်ထားသင့်ပါ၏ ။ မဖြစ်လို့ တွေ့ရ ၊ ကြုံရ ၊ ဆက်ဆံပြောဆိုရတဲ့အခါတွေမှာလဲ ကိုယ့်အမေ ၊ ကိုယ့်အဒေါ် ၊ ကိုယ့်အစ်မ ၊ ကိုယ့်ညီမတွေလို သဘောထားပြီး ဆက်ဆံပြောဆိုကြစေလိုပါသည် ။

အမျိုးသမီးများအနေနဲ့ကလည်း အဝတ်အစားကို လိုသည်ထက်ပို၍ မဖော်မိစေရန် လိုအပ်ပါသည် ။

မိမိ၏မိန်းမများနှင့်ပတ်သတ်၍ ကြံစည်စိတ်ကူးမိခဲ့သလိုပင် ရှေ့အဖို့၌တွင်လည်း မြန်မာပြည်ကြီး၏ ကျမ်းပြုအကျော် “ဒုတိယဗုဒ္ဓဃောသ” ဟုပင်တင်စားဂုဏ်ပြုခြင်းခံခဲ့ရသော မဟာဂန္ဓာရုံအရှင်ဇနကာဘိဝံသ ဆရာတော်ဘုရားကြီးသည်လည်း မိန်းမများနှင့်ပတ်သတ်၍ ဤကဲ့သို့ ကြံစည်ဖူးခဲ့ပါသတဲ့ ။

တစ်နေ့ဆရာတော်ဟာ ကျောင်းရှေ့မြေကွက်ရှိ ထိုင်ခုံတခုမှာထိုင်ပြီး စာဖတ်နေစဉ် အမျိုးသမီးတစ်စုသည် ဆရာတော်စာဖတ်နေရာ အနီးကိုရောက်လာပါ၏ ။ ဆရာတော်က ထိုအမျိုးသမီးတွေကို လှည့်လို့ပင်မကြည့်ပါ ။ သို့သော် ဆရာတော်၏စိတ်ထဲမှာ “ ငါဟာ သူတို့ကိုလည်း မကြည့် ၊ သူတို့နဲ့ပတ်သတ်ပြီးတော့လည်း ဘာမျှမစဉ်းစား ၊ အမျိုးသမီးမှန်း သိရုံလောက်နဲ့ ကြက်သီးထရတယ်ဆိုတော့ ဒီအမျိုးသမီးတွေရဲ့ (အရှိန်) အဆိပ်ဟာ အတော်ပြင်းထန်ပါလားလို့တွေးမိပြီး အဲဒီအမျိုးသမီးတွေကို သဠာယတနသံယုတ် ၊ အာသီသဝဂ် ၊ အာသီဝိသောပမသုတ်လာ မြွေ(၄)မျိုးနဲ့ နှိုင်းယှဉ်ကြည့်ပါသတဲ့ ။

အဲဒီမြွေ(၄) မျိုးကတော့...
(၁) စူးစိုက်အကြည့်ခံရရုံနဲ့ အဆိပ်တတ်သေစေနိုင်တဲ့ ဒိဋ္ဌဝီသမြွေ ။
(၂) အထိခံရရုံနဲ့ အဆိပ်များတကိုယ်လုံးပျံ့နှံ့၍သေစေနိုင်သော ဖုဋ္ဌဝီသမြွေ ။
(၃) နှာခေါင်းလေဖြင့်အမှုတ်ခံရလျှင် ပြာကျ၍သေစေတတ်သော ဝီတဝီသမြွေ ။
(၄) အကယ်၍ အကိုက်ခံရလျှင် ထိုနေရာ၌ပင်လဲ၍ သေစေနိုင်သော ဒဋ္ဌဝီသမြွေ တို့ဖြစ်ကြပါတယ် ။

ထိုမြွေ(၄)မျိုးကဲ့သို့ပင် ...
(၁) အကြည့်ခံရရုံဖြင့် အဆိပ်တတ်၍ ရင်ထဲ၌ တစ်မျိုးတစ်ဖုံ ဖြစ်စေနိုင်သောမိန်းမ ။
(၂) အထိခံရရုံဖြင့် အဆိပ်များတစ်ကိုယ်လုံးပျံ့နှံ့သကဲ့သို့ ရှိန်းဖိန်းသွားစေနိုင်သောမိန်းမ ။
(၃) နှာခေါင်းလေဖြင့်အမှုတ်ခံရလျှင် ပြာကျသွားစေနိုင်သကဲ့သို့ သဲတုန် ၊ အူတုန် တစ်မျိုးတစ်ဖုံ မနေတတ် ၊ မထိုင်တတ်ဖြစ်စေနိုင်သောမိန်းမ ။
(၄) ကာမဂုဏ်မေထုန် အကိုက်ခံရလျှင် အဆိပ်တွေ တစ်ကိုယ်လုံးတတ်၍ မူးမေ့သွားစေနိုင်သောမိန်းမ ။
ဟူ၍ မိန်းမ(၄)မျိုးကို မြွေ(၄)မျိုးတို့နှင့် ဥပမာယှဉ်ကာ စိတ်ကူးကြံဆခဲ့ဖူးလေပြီ ။

ဤပို့စ်ကို ရေးသားဖော်ပြရခြင်း၏ အဓိကအကြောင်းအရင်းကတော့ သာသနာတော်ကို ချစ်မြတ်နိုးကြ၍ သာသနတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်လိုကြကုန်သော သာသနဝန်ထမ်း ရှင်ငယ် ၊ ရဟန်းငယ်တို့နှင့်တကွ သာသနအနွယ်ဝင်သီလရှင်များ ၊ အရိယာစခန်းသို့ မတက်လှမ်းနိုင်ကြသေးကုန်သော ပုထုဇဉ်ရဟန်း၊ သာမဏေအပေါင်းတို့အားလည်းကောင်း ၊ အိမ်ယာတည်ထောင် လူတို့ဘောင်၌ ကာမပိုင်ဇနီး ၊ ခင်ပွန်းရှိပြီးသူများအားလည်းကောင်း ၊ ထို့ပြင်တဝ လူပျို ၊ အပျိုများပင် ဖြစ်သော်လည်း မျက်စိဖြင့် တဒင်္ဂမြင်ရသောအဆင်းရူပါရုံကို အစွဲပြု၍ မတွေးသင့် ၊ မတွေးအပ်သော ၊ မပြုသင့်မပြုထိုက်သော အကုသိုလ်ကံများကို မိမိစိတ်အစဉ်ဝယ် အထပ်ထပ်ပုံမပွားပဲ အမှားနည်းကြစေရန်လည်းကောင်း ရည်ရွယ်ရင်း ဖြစ်ပါ၏ ။

အဘယ့်ကြောင့်ဆိုသော် လူ့လောကတွင် ယောက်ျားတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင် ရှုချင်သဖွယ် အလိုချင်ဆုံးဖြစ်သော အဆင်းသည်ကား ဣတ္ထိယ(မိန်းမ)တို့၏ အဆင်းသာဖြစ်ပေ၏ ။ ထို့ပြင် ဣတ္ထိယ (မိန်းမ)တို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင် ရှုချင်သဖွယ် အလိုချင်ဆုံးဖြစ်သော အဆင်းသည်လည်း ပုရိသ(ယောက်ျား)တို့၏ အဆင်းပင်ဖြစ်၏ဆိုသော် မှားနိုင်အံ့မထင် ။

ထိုကြောင့် မိမိ၌ကျေးဇူးမကင်းရာဖြစ်သော ဓမ္မမိတ်ဆွေများ ၊ အပေါင်းအသင်းများ ၊ ညီအစ်ကို ၊ မောင်နှမများကို မလွဲသာလို့ မိန်းမများ(ယောက်ျားများ)နှင့်ပတ်သတ် ၊ ဆက်ဆံ ၊ ပြောဆိုခဲ့ရပါလျှင် ဤမိန်းမ(ယောက်ျား)သည်ကား မည့်သည့် မိန်းမ(ယောက်ျား) အမျိုးအစားတွင် ပါသည်ဖြစ်၍ ၊ မည်ကဲ့သို့သောမြွေ အမျိုးအစားထဲ၌ ပါဝင်သည်ကို သတိပြုမိကြပြီးလျှင် ထိုထိုသော ဣတ္ထိဘာဝရုပ် (ပုရိသဘာဝရုပ်)တည်းဟူသော မြွေအန္တရာယ်တို့မှ ရှောင်ရှားနိုင်ကြသဖြင့် ကိလေသာရာဂတည်းဟူသော အဆိပ်တို့မှ ကင်းဝေးသော သူတော်ကောင်းများ ဖြစ်နိုင်ကြစေရန် ရည်သန်၍ ရေးသားလိုက်ရပေတော့သတည်း ။ ။

မြင်နိုင်ခဲစွ ၊ သိမ်မွေ့လှ၍ ၊ သူကျလိုရာ ၊ ကျတတ်ပါသည့် ၊ ပမာမျောက်နှိုင်း ၊ စိတ်ဆင်ရိုင်းကို ၊ ချင့်နှိုင်းဥာဏ်ယှဉ် ၊ သမ္ပဇဉ်နှင့် ၊ အစဉ်ချွန်းအုပ် ၊ မလှုပ်မယိုင် ၊ ကောင်းစွာနိုင်သော် ၊ ဖွံ့ခိုင်ဖြိုးဖြိုး ၊ ချမ်းသာတိုးသည် ၊ ကောင်းကျိုးကြွယ်လိမ့်မည်သာကို ။ ။
မြင်နိုင်ခဲစွ ၊ သိမ်မွေ့လှ၍ ၊ သူကျလိုရာ ၊ ကျတတ်ပါသည့် ၊ ပမာမျောက်နှိုင်း ၊ စိတ်ဆင်ရိုင်းကို ၊ ထူးသိုင်းဖြေချွတ် ၊ ထင်တိုင်းလွတ်၍ ၊ မကွပ်မထိန်း ၊ ညွတ်တိုင်းယိမ်းက ၊ ငြိမ်းအေးချမ်းသာ ၊ မရပါပဲ ၊ ပူဗျာဆင့်ကဲ ၊ လွန်ဆင်းရဲသည် ၊ မိုက်မဲသူတို့ ၊ လမ်းစဉ်တည်း ။ ။(ချမ်းမြေ့ဆရာတော်)

စကားချပ် ။ ။ ဤဆောင်းပါးသည် လောကသဘာဝအရ လင်ယူ မယားယူစသော အမှုကိစ္စတို့ကို တားမြစ်ရေးသားခြင်း မဟုတ်ပါ ။ မြင်ရာအာရုံနောက်ကိုလိုက်၍ စိတ်၌အကုသိုလ် ကိလေသာတို့ မတိုးပွားကြစေရန်အတွက်သာ ရေးသားခြင်းဖြစ်ပါသည် ။

စာဖတ်သူအားလုံးကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ

ဇော်မျိုး - 6/5/2013 တွင်ရေးသည်။

ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း


✪ဇာတံ သရဏတော ဘယံ၊ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်ဟူသော ဗုဒ္ဓစကားတော်အရ သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်၊ ရောက်စေကြသည်၊ ရောက်ကြလိမ့်ဦးမည်။

✪သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာအဖြာဖြာကို လိုလားတောင့်တသောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။ ဘေးအန္တရာယ်တစ်ခုခုဖြင့် ခြိမ်းခြောက်ခံရသောကြောင့်လည်း ကိုးကွယ်ရာ ရှာကြသည်။

✪ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်သည်။

✪သစ်သီးစားချင်သူသည် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင်အောက်ထိုင်၍ သစ်ပင်ကို ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီးမစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်ဖြစ်၏။

✪ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်းသို့ သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့် ဟိုဘက်ကမ်းမရောက်ပေ။

✪ရောဂါအနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့် အနာရောဂါမပျောက်ပေ။ ဆရာဝန် ညွှန်ပြသည့်ဆေးကို သောက်ရမည်သာ ဖြစ်သည်။ ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။

✪သစ်သီးစားချင်လျက် သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်ရှိခိုးနေသလို ဟိုဘက်ကမ်းသွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို အနာရောဂါပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော သတ္တ၀ါတို့သည် ကိုးကွယ်ရာအမှန်ကို မရကြသည့်အတွက် ပို၍ပင် ဆင်းရဲဒုက္ခ ရောက်
နေကြသည်။


✪သီတဂူဆရာတော် အရှင်ဉာဏိဿ ရ✪
✪Buddhavasa Tiloka✪

သိဒ္ဓိတင်ခြင်း


လူတစ်ယောက်သည် အခြားလူတစ်ယောက်ကို ပါးစပ်က ပွစိပွစိလုပ်၍ မန်းမှုတ်ပေးရုံမျှဖြင့် တကယ် သိဒ္ဓိမြောက်သွားနိုင်ပါသလော။

ယင်းသို့ စေတစ်လုံးနှင့် ဖန်တီးပေးနိုင်သူကား ကြောင်းကျိုးဝါဒ ဗုဒ္ဓအယူ၌ ရှေးကလည်း မရှိခဲ့။ ယခုလည်း မရှိ။ နောင်လည်း ရှိမည် မဟုတ်ပါ။

ပိဋကတ်သုံးပုံတွင် သိဒ္ဓိမြောက်စေနိုင်သော ဒေသနာတော်ကို ရှာမတွေ့မိပါ။ ရဟန္တာမထေရ်ကြီးမှစ၍ မထေရ်အဆက်ဆက် ဆောင်ခဲ့သော ထေရဝါဒ ဗုဒ္ဓဘာသာအလိုအားဖြင့်လည်း သိဒ္ဓိမြောက်စေသော ဂါထာပါဠိဟူ၍ မရှိပါ။

သို့ပါလျက် 'ဝ' မရှိဘဲ 'ဝိ' လုပ်နေသူတို့အဖြစ်မှာ 'ကာလနှယ် ဆိုးပါဘိ သူခိုးက လူလူ အလေ့ပေါက်မင်းမူတယ် အိမ်သူကို ဧည့်စောင်' ဟု ဦးပုည ရေးသလို ရယ်စရာ ပြက်လုံးသာ ဖြစ်ချေမည်။

ဘုရားရှေ့၌ ပွစိပွစိလုပ်ခြင်းကို သိဒ္ဓိတင်တယ်ဟု လူအများက ထင်ဟန်တူ၏။ ယင်းသို့ သိဒ္ဓိတင်သဖြင့် ရရှိသောအကျိုးတရားဟူသည် ရှင်တစ်ပါးကို ဆန်တစ်ဇွန်းလောင်းလှူသလောက် အကျိုးမများနိုင်ပါ။ လက်ဖွဲ့စသည်ကို အဆောင်ထား၍ရသော အကျိုးတရားထက် သူတောင်းစား တစ်ယောက်ကို ရေတစ်ခွက်တိုက်သည်က အကျိုးများနိုင်သေးသည်။
---------------------------------------------

(အရှင်အဂ္ဂဥာဏ{ချမ်းမြေ့} ဆရာတော်၏ သြဝါဒ)

မင်းနန် မော်ကျွန်း

Saturday, October 11, 2014

ပညာရှိ သူတော်ကောင်းကို ဆည်းကပ်ခြင်း


တချို့ ကျတော့လည်း “ မင်း ၀, မရှိဘဲ ၀ိလုပ်နေတာ ငတ်သေနေဦးမယ်။
ပြည့်ပြည့်စုံစုံဖြစ်အောင် သမထ အရင်လုပ်ဦးမှပေါ့ကွ။
သိဒ္ဓိတွေ၊ မဟိဒ္ဓိတွေရအောင် လုပ်ဦး။
မင်းဝိပဿနာက ချက်ချင်းကြီးရတာမှ မဟုတ်ဘဲ”။
“ မင်းတို့ ဝိပဿနာလုပ်နေတာကြာလှပြီ။ ဘာမှလည်းမဖြစ်ဘူး။
ငါလုပ်တဲ့အတိုင်း ပုတီး(၁၀၈)ပတ်စိပ်ကြည့်စမ်း။
(၄၅) ရက်ဆို မင်းတို့ သိသာလိမ့်မယ် ”


ဒီလိုပြောတဲ့သူတွေလည်း မရှိဘူးလား?၊

(ရှိပါတယ်ဘုရား)

ရှိတယ်။ အဲ့ဒါမျိုးကို သဘောကျတဲ့သူတွေကလည်း အများကြီးပဲ။

အရင်ဦးဆုံး သမထလုပ်ပြီး သမာဓိရတော့မှ ၀ိပဿနာပြန်ကူးရင်တော့ မှန်တယ်နော်။

အဲ့ဒီလိုမှ မဟုတ်ဘဲ သမထနဲ့ ပဲ လမ်းဆုံးနေတဲ့ ပုဂ္ဂိုလ်မျိုးဆည်းကပ်မိရင်တော့ သေတာသေသွားရော
ဝိပဿနာကို ဘာမှ မလုပ်ဖြစ်တော့ဘူး။

အဲ့ဒါဆိုရင်တော့လွဲပြီး။ ကမ္ဘာပေါင်း အသင်္ချေ အနန္တကို လွဲသွားနိုင်တယ်နော်။

ဆည်းကပ်ရမှာက ကိုယ်တိုင်လည်း အပါယ်တံခါးပိတ်တဲ့ ပုဂ္ဂိုလ်၊
ဒါမှမဟုတ် အပါယ်တံခါးပိတ်အောင် ကြိုးစားနေတဲ့ပုဂ္ဂိုလ်၊
အပါယ်တံခါးပိတ်တဲ့လမ်းကို ပိုင်ပိုင်နိုင်နိုင်သိတဲ့ ပုဂ္ဂိုလ်၊
သူများကိုလည်း အပါယ်တံခါးပိတ်အောင်လမ်းညွှန်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို မှီဝဲဆည်းကပ်ရမယ်။

ဆိုလိုတာက သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါးကို ကိုယ်တိုင်လည်းပြည့်စုံတယ်။
သူများကိုလည်း မဂ်ဥာဏ် ဖိုလ်ဥာဏ်ရအောင် ညွှန်ကြားပြသနိုင်တဲ့ ဆရာကောင်း ဆရားမြတ်တွေကို ဆည်းကပ်ပါ။
ဆည်းကပ်တယ်ဆိုတဲ့ နေရာမှာ သက်ရှိထင်းရှားရှိနေတဲ့ ရဟန်းသံဃာကိုမှ ဆိုလိုတာမဟုတ်ဘူးနော်။

ရှေးဆရာတော်ကြီးတွေရေးသားထားခဲ့တဲ့ ၀ိပဿနာတရားစာအုပ်တွေဖတ်တာ၊
အလုပ်ပေးတရားတိပ်ခွေတွေကို နာယူတာကလည်း ဆည်းကပ်တာနော်။
လူဝတ်ကြောင်ဆရာတွေနဲ့ တရားရသွားတာတွေလည်းရှိပါတယ်။

{{{ ပုဂ္ဂိုလ်နဲ့ ဓမ္မ ခွဲခြားတက်ဖို့ တော့လိုတယ်။}}}

သာဓကအနေနဲ့ မြတ်စွာဘုရားလက်ထက်တုန်းက သာမာဝတီမိဖုရားနဲ့ မောင်းမ ငါးရားဟာ ခုဇ္ဇုတ္တရာ ကျွန်မဟောတဲ့ တရားကို နာပြီး သောတာပန်ဖြစ်ကုန်ကြတယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။

(ကြားဖူးပါတယ် ဘုရား)

ဘုရားဟောတဲ့တရားကို ခုဇ္ဇုတ္တရာ က ပြန်ဟောတာပဲ။
ဓမ္မအပေါ် ဥာဏ်မရောက်ဘဲ ပုဂ္ဂိုလ်အပေါ်သောင်တင်နေရင် တရားရပါ့မလား၊

(မရပါဘူးဘုရား)

ပုဂ္ဂိုလ်နဲ့ ဓမ္မ ခွဲခြားသိပါ။
နောက်ပြီး သတိပေးချင်တာက ခုခေတ် အခါမှာ ကြုံရတဲ့
ဆရာသမားဆိုတာကလည်း ရိုးရိုးသာဝကတွေပဲ။
ဘုရားမှမဟုတ်တာ။ ချို့ ယွင်းချက်တွေ အားနည်းချက်တွေရှိနိုင်ပါတယ်။
ကိုယ်က ပါးနပ်ဖို့ နဲ့  လိမ္မာဖို့ ပဲလိုတယ်။

ကောင်းတာလေးတွေ နည်းနာယူ၊ ချို့ ယွင်းချက်တွေ အားနည်းချက်တွေကို လျစ်လျူရှု့ ပစ်လိုက်။
အပြစ်ပြောမနေနဲ့ ။
ကိုယ့်အလုပ်ကိုယ်လုပ်။
ကိုယ့်အလုပ်က တရားရဖို့ မဟုတ်လား။

(ဟုတ်ပါတယ်ဘုရား)

မြစိမ်းတောင်ဆရာတော် ဟောကြားတော်မူသော ပညာရှိ သူတော်ကောင်းကို ဆည်းကပ် တရားတော်မှ ထုတ်နုတ်ထားပါတယ်။

Shared from Words of Buddha

Wednesday, October 8, 2014

သီတင်းကျွတ်လပြည့်နေ (သို့) အဘိဓမ္မာအခါတော်နေ့ သမိုင်း


သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့မြတ်အဖြစ် အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ကြသည်။ ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ ထွန်းညှိကာ မြတ်စွာဘုရားရှင်အား ပူဇော်ကြ၏။ ထိုအစဉ်အလာကား မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်မှ မယ်တော်နတ်သားအား ကျေးဇူးဆပ်သော အားဖြင့် အဘိဓမ္မာမြတ်ဒေသနာတော်ကို ဟောကြားတော်မူပြီး သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်းသက်တော်မူရာအခါ၌ နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းကာဖြင့် ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် ပူဇော်ခြင်းဖြစ်၏။ ဘိုးဘွားမိဘဆရာသမားများအား ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့ကြသည့် မိဘဆရာပူဇော်ပွဲများ၊ ဝါတွင်းသုံးလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဝါကျွတ်သည့်အခါ အပြစ်ရှိက အချင်းချင်း တောင်းပန်ပြောကြား ကြသော ပဝါရဏာနေ့ အခမ်းအနားများ၊ မီးထွန်းပွဲအခမ်းအနား စသည်ဖြင့် ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့် နေထူးနေ့မြတ်ပင်ဖြစ်သည်။

မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊ ဝါဆိုလပြည့် သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ ဥယျာဉ်မှူး မြတ်စွာဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို နှိမ်နှင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော်မူသည်။ ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို ပြတော်မူပြီး၍ ဝါဆိုလပြည့် ညနေဆည်းဆာချိန်တွင် ရှေးမြတ်စွာဘုရားရှင်တို့နည်းတူ တာဝတိ`ံသာ နတ်ပြည်၌ ဝါကပ်တော်မူ၍ မယ်တော်မိနတ်သားအား အဘိဓမ္မာတရားဟောကြားတော်မူရန် တာဝတိ`ံသာနတ်ပြည်သို့ ခြေနှစ်လှမ်း(သုံးဖဝါး)ဖြင့် ကြွသွားတော်မူ၏။ မြတ်စွာဘုရားရှင်သည် တာဝတိ`ံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်းသုံးရန် ပယ်လယ်ကသစ်ပင်ရင်းရှိ သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာကြီးပေါ်၌ သီတင်းသုံးတော်မူ၏။ ဤသို့ တာဝတိ`ံသာ နတ်ပြည်သို့ မြတ်စွာဘုရားရှင် ကြွတော်မူလျှင် လူပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေးရောက်ရှိကြ ကုန်သော လူအပေါင်းတို့က ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင် အဘယ်သို့ ကြွတော်မူပါသနည်းဟု မေးလျှောက်သဖြင့် ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က ဘုရားရှင်သည် တာဝတိ`ံသာနတ်ပြည်ဝယ် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ ဝါကပ်တော်မူလျှင် မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားကို ဟောကြားရန် တာဝတိ`ံသာ နတ်ပြည်သို့ ကြွတော်မူ၏ဟု ဖြေကြား၏။

လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်ရသမျှ ဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင် သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်ခက်တဲမဏ္ဍပ်ကို ပြု၍ နေကြကုန်၏။ မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင် အရှင်မောဂ္ဂလန်အား သင်ချစ်သားသည် ဤပရိတ်သတ်အား တရားဟောရစ်ရမည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။ မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာပေါ်၌ ၇-ဝါမြောက်ဝါကပ်တော်မူ၍ ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူခဲ့၏။ တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းဟောတော်မူ၏။ အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့် ရဟန်းငါးရာအား မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာအကျဉ်းကို မိမိဥာဏ်ဖြင့် ချဲ့ကာ မကျဉ်းမကျယ် အလယ်အလတ်အားဖြင့် ပြန်လည်ဟောကြားတော်မူပါတယ်။ မြတ်စွာဘုရားရှင် တာဝတိ`ံသာ၌ အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံးသည်နှင့် တပြိုက်နက် အရှင်သာရိပုတ္တရာက တပည့် ရဟန်းငါးရာကို အဘိဓမ္မတရား သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။ ထိုနေ့ကား သီတင်းကျွတ်လပြည့်နေ့တည်း။

အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသော် သိကြားမင်းအား မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏ နတ်ပြည်၌ ငါ့ဘုရားပြုဘွယ်ကိစ္စကို ပြုပြီးပြီ။ လူပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရားဆင်းသက်တော်မူအံ့ဟု မိန့်တော်မူ၏။ သီတင်းကျွတ်လဆန်း၈ရက်နေ့တွင် အရှင်မောဂ္ဂလန်မှ တာဝတိ`ံသာနတ်ပြည်သို့ တက်တော်မူပြီး မြတ်စွာဘုရားရှင် အဘယ်အရပ်၌ ဆင်းသက်မည်နည်းဟု မေးလျှောက်သဖြင့် မြတ်စွာဘုရားရှင်က ချစ်သား သင်၏ နောင်တော်ကြီး သာရိပုတ္တရာ ဝါကပ်ရာ သင်္ကဿနဂိုရ်ပြည် တောင်တံခါး၌ သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာနေ့တွင် ဆင်းသက်တော်မူမည်ဟု မိန့်တော်မူပါတယ်။ လူအပေါင်းတို့အား ထိုအကြောင်းကို အရှင်မောဂ္ဂလန်မှတဆင့် ကြားသိရဖြင့် သီတင်းကျွတ်လဆန်း ၉ရက်နေ့၌ပင် သင်္ကဿနဂိုရ်ပြည် တောင်တံခါးသို့ ရှေးရှုသွားကြကုန်၏။

သီတင်းကျွတ်လပြည့်နေ့ရောက်သော် သိကြားမင်းသည် တာဝတိ`ံသာနတ်ပြည် သုဒဿနမြို့မှသည် သင်္ကဿနဂိုရ်ပြည်တောင်တံခါးဝထိ ရေ့စောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းဟူသော စောင်းတန်းလှေကားသုံးသွယ်ကို တင့်တယ်စွာ စီရင်၏။ မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော် ခြောက်သွယ် တပြိုင်နက် ထွန်းလင်းစေလျက် အတုမရှိသော အသရေတော်ကို ပြတော်မူ၍ ပတ္ထမြားစောင်းတန်းဖြင့် ဆင်းသက်ကြွတော်မူ၏။ ဗြဟ္မာကြီးတို့က ဘုရားရှင်အား ရွှေထီး ငွေထီး၊ သန္တာထီးတို့ဖြင့် အသီးသီးမိုးလျှက် လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊ သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို ကိုင်လျှက် မြတ်စွာဘုရားရှင်အား ပူဇော်ကာ လက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့် ဆင်းသက်လာကုန်၏။
ဤသို့အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့သည် အားရဝမ်းသာဖြစ်၍ ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှပင်မရှိပေ။ 

အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာနှင့်တကွ မြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌ ဦးခိုက်ရှိခိုးကြ၏။ အရှင်သာရိပုတ္တရာ မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူနတ်ဗြဟ္မာတို့သည် အတုမရှိသော မြတ်စွာဘုရားရှင်၏ အသရေတော်ကို ဖူးမြင်ကြရ၍ လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို တောင့်တကြကုန်၏။ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာအား ချစ်သား ကိလေသာမီးတို့၏ ငြိမ်းရာ အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြကုန်သော သဗ္ဗညုတဘုရားရှင်တို့အား ဗြဟ္မာနတ်လူအပေါင်းတို့က ဤသို့ ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု မေးကာ ဖြေကာဖြင့် တရားတော်ကို ဟောကြားတော်မူခဲ့ပါတယ်။ ထိုတရားကိုနာကြားကြရ၍ အရှင်သာရိပုတ္တရာ၏ တပည့်ငါးရာသည် ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်ပေတည်း။

အချုပ်အားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို မြတ်စွာဘုရားရှင် တာဝတိ`ံသာနတ်ပြည်၌ မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော နတ်ဗြဟ္မာအပေါင်းအား အဘိဓမ္မာတရားဟောကြားတော်မူပြီးခဲ့နေ့၊ အရှင်သာရိပုတ္တရာအား အဘိဓမ္မတရား အကျဉ်းဟောတော်မူပြီးခဲ့သည့်နေ့၊ အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာအား မကျဉ်းမကျယ် အဘိဓမ္မာတရားကို ဟောတော်မူပြီးခဲ့သည့်နေ့၊ အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီးနောက် တာဝတိ`ံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့သည့်နေ့၊ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များ အပြစ်ရှိက အချင်းချင်း ပြောကြားကြရသော ပဝါရဏာနေ့၊ မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာအခါ၌ ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူအပေါင်းတို့ဘုရားဆုပန်ကြသောနေ့ များသည် သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း စသည်ဖြင့် နေ့ထူး နေ့မြတ်ပေါင်းများစွာမှ ရှေးဘုရားရှင်တို့၏ ထုံးအတိုင်း မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားအား ကျေးဇူးဆပ်သောအားဖြင့် အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူပြီးသည့်နေ့ကို အဘဝိဓမ္မာအခါတော်နေ့ဟု မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

Monday, October 6, 2014

နှုတ်စောင့်ထိန်းခြင်း


သူတပါး၏ လျှို့ဝှက်အပ်သည်ကို
နှုတ်စောင့်ထိန်းခြင်းဟူသည်
မိတ်ဆွေကောင်းတို့၏ စိတ်ကျေနပ်ဖွယ်
ကြည်နူးမွေ့လျော်ဖွယ်ကောင်းတဲ့
အပြုအမူဘဲဖြစ်တယ်....။

တကယ်တော့...
မိတ်ဆွေကောင်းဆိုတာ
ငွေကြေးအကူအညီပေးမှ
ခေါ်တာမဟုတ်ပါဘူး။

သူတပါးက ယုံကြည်လို့
လျို့ဝှက်အပ်သည်ကို
ဖွင့်ပြောတိုင်ပင်လာတဲ့အခါ
ကောင်းမွန်တဲ့ အကြံပေးခြင်းအပြင်
မိမိ၏နှူတ်ကို စောင့်ထိန်းခြင်းဟာ
မိတ်ဆွေကောင်းတို့၏ လုပ်သင့်သော
လုပ်ရပ်ဖြစ်ပါတယ်.....။

လူတယောက်၏တန်ဖိုး ဆိုတာဟာ
ထိုသူ၏လုပ်ရပ်ဖြစ်တယ်....။

ထို့အတူ...
လောကမှာ လူယုံကြည်လွန်းရင်လည်း
နောက်ကျောဓါးထိုးခံပြီး ဒုက္ခရောက်တဲ့
အဖြစ်တွေလည်းရှိတတ်ပါတယ်....။

မယုံကြည်အပ်သောသူ..
နှုတ်မစောင့်စည်းနိုင်သောသူများ
မဖြစ်အောင် မိမိ၏ နှူတ်ကို စောင့်ထိန်းပါ....။

အရေးကြီးတဲ့အချက်က
သင်စိတ်ချမ်းသာချင်ရင်....
ဘယ်သူ့ကိုမှ လျို့ဝှက်အပ်သည်များကို
မပြောပါနဲ့ ....။

ဘယ်သူ့ကိုမှ ယုံကြည်လို့မရတတ်လို့ပါ....။

လူတွေကို ဘယ်သူ့ကိုမှ ကိုယ့်လို
စိတ်ထား ရှိတယ်လို့ မအောက်မေ့ပါနဲ့ ....။

တခါတရံ ကိုယ်လိုစိတ်ထားဘဲမှတ်ပြီး
ကိုယ့်စိတ်နဲ့နှိုင်းပြီးတွေးထားတဲ့
အရာတွေဟာ မထင်မှတ်ထားဘဲ
တက်တက်စင် လွဲနေတတ်လို့ပါ....။

စိတ်ဆိုတာဟာ
မျက်စိနဲ့ မြင်ရတဲ့အရာ
မဟုတ်ဘူးဆိုတာကို
သင့်လျို့ဝှက်ချက်သူများကို
မပြောမိခင် အချိန်တိုင်း ရေရွတ်ပေးပါ ...။
စိတ်ချမ်းသာပါလိမ့်မယ် ....။

စာနာမှူ နားလည်မှူရှိတဲ့
မိတ်ဆွေတွေနဲ့သာ တွေ့ကြုံကြပါစေရှင်....။

~Nannan Oo

(From Dr Shwe Tun's post)

Wednesday, October 1, 2014

အသက်ရှိလို သဘောထားပါ


“မင်းတို့တစ်တွေ ဘုရားကို ကြည်ညိုတဲ့အခါ  အသက်ထင်ရှားရှိတဲ့ဘုရားကို ရောက်အောင် လှမ်းပြီး အာရုံယူပါ။ ရုပ်တုတော် ဆင်းတုတော်လောက်တွင် ရပ်မနေပါနှင့်၊ ရုပ်တုတော် ဆင်းတုတော်ကိုလည်း အသက်ရှိတဲ့ ဘုရားလို သဘောထားပါ၊ ရိုသေပါ၊ လေးစားပါ၊ ဘုရားကို ဆွမ်းလှူ ၊ ရေကပ်၊ ပန်းကပ်
လုပ်လိုတဲ့အခါမှာလဲ အသက်ရှိတဲ့ဘုရားအား လှူသလို သဘောထားပါ။”

“တချို့နေရာတွေမှာ တွေ့ရတတ်တယ်။ ဘုရားခန်းက ကျဉ်းကျဉ်း, ကြည်ညိုတယ်ဆိုပြီး ပန်းတွေတင်ထားလိုက်ကြတာ။ ဘုရားရှေ့မှာ ပန်းအိုးကြီးတွေနှင့်ဝေလို့ ၊ ဘုရားမျက်နှာတော်ကိုတောင် ကွယ်နေတယ်။ ဆီမီးတိုင်တွေ ထွန်းထားတာကလဲ အနံ့တွေက
ညှော်လို့ နံလို့, ရုပ်တုတော်မို့သာပေါ့၊ မမိန့်တာ။ သက်တော်ထင်ရှား ဘုရားသာဆိုရင် “မင်းတို့ဟာတွေ ငါသွားလို့ လာလို့ မရအောင်တောင်
ပန်းတွေကလဲ ငါ့ရှေ့မှာ ရှုပ်နေတာပဲ၊ မီးခိုးနံ့တွေကလဲ  ညှော်လိုက်တာ” လို့ မိန့်တော်မူမှာ။”

“ဒီတော့ ပန်းကပ်တယ်ဆိုရင် ရှေ့တည့်တည့်ကြီးမှာ ဘယ်ကောင်းမလဲ၊ ဘုရားနှင့် ခပ်စောင်းစောင်းနေရာ အနိမ့်စားပွဲပေါ်မှာ တင်သင့်တာပေါ့၊ ပန်းကိုပြင်တဲ့အခါမှာလဲ တချို့သူတွေက
လှတဲ့အပွင့်အခိုင်တွေကို ဘုရားဘက်မှာ မထားတတ်ကြဘူး။
ဧည့်သည်တွေလာရင် တန်းပြီးမြင်နိုင်တဲ့ မိမိတို့ရဲ့ ရှေ့မျက်နှာစာဘက်မှာ ထားတတ်ကြတယ်၊ မှားတာပေါ့။
ဘုရားလှူတာမဟုတ်လား၊ ဘုရားဘက်မှာ ထားရမှာပေါ့။”

“ဆွမ်းကို ကပ်တဲ့အခါမှာလဲ အသက်ရှိလို သဘောထားပြီး၊ တစ်ပါးစာ ဝလောက်အောင်တော့ ကပ်လှူပါ။ အခုကပ်ကြတာက နတ်တင်သလို နည်းနည်းကလေး၊ ဟင်းခွက်မစုံချင်နေပါစေ၊ ရှိသမျှနှင့် တစ်ပါးစာ
ဝလောက်အောင်တော့ ကပ်ပါ၊ ဆွမ်းတွေ ဟင်းတွေ များလွန်းလို့ လက်မလွှတ်နိုင်ရင် နောက်တော့ စွန့်ပြီး စားပေါ့၊ စားကောင်းပါတယ်။
ဉာဏ်မထိုင်းပါဘူး၊ ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ကြီးရဲ့ အကြွင်းအကျန်စားတာပဲ။ ဉာဏ်ဓာတ်တွေ ကူးလာဖို့တောင် ရှိပါတယ်၊
ဘုရားဝေယျဝစ္စ လုပ်ပြီးတော့ စားပေါ့။”

“တောရကိုယ်တော်ကြီးတွေ တချို့ဆိုရင် ဆွမ်းခံပြန်လာ၊ သပိတ်အတိုင်း ဘုရားကို လှူလိုက်တာပဲ။ နောက်မှစွန့်ပြီး စားကြတာ။”

-【မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ】
(စာရိုက်ပူဇော်သူ - zahan mon)
Young Buddhist's Association's Facebook Wall