Monday, June 30, 2014

အိမ်စောင့်နတ် နှင့် ပဋ္ဌာန်းရွတ်ခြင်း


တကယ်တော့ ပဋ္ဌာန်းတရားဟာ နတ်ပရိသတ်တွေအတွက် အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။ နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲ ရှိပါ့မလား။ သူတော်ကောင်းနတ် မှန်ရင် ပဋ္ဌာန်းတရားကို ဘယ်သူဘယ်နေရာမှာ ရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။

ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆိုတာ သဘာဝမကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေတယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက် တောင် ကူညီစောင့်ရှောက်ဦးမှာပါ။

တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း ဘာမှ လွမ်းနေစရာ မလိုပါဘူး။ အဲဒီလိုနတ်မျိုး အိမ်ပြင်မှာ နေလည်း အလကား၊ အိမ်တွင်းမှာ နေလည်း အလကားပါပဲ။

ပဋ္ဌာန်းတရားအပါအ၀င် အဘိဓမ္မာတရားတော်တွေကို တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား ဟောကြားတော်မူစဉ်တုန်းက တရားနာပရိသတ်ထဲမှာ အင်္ကုရဆိုတဲ့ နတ်သားတစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အကုင်္ရနတ်သားဟာ တရားပွဲကို အစောဆုံး ရောက်လာပြီး ရှေ့ဆုံးက နေရာဦးထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ လက်ဝဲဘက်နေရာမှာ အနားကပ်ပြီး နေရာဦးထားပါတယ်။ ဒါပေမဲ့ သူ့ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ရောက်လာတိုင်း ရောက်လာတိုင်း နောက်ဆုတ်နောက်ဆုတ်ပြီး နေရာ ဖယ်ဖယ်ပေးနေရတဲ့အတွက် နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့ ဆယ့်နှစ်ယူဇနာ ကွာဝေးတဲ့ နေရာကပဲ တရားနာခွင့် ရပါတော့တယ်။ နတ်ကြီးလာတော့ နတ်ငယ် နေရာ ဖယ်ပေးရတာပေါ့။

လူ့လောကမှာလည်း ဒီလိုပါပဲ။ ပွဲလမ်းသဘင်တစ်ခု၊ အခမ်း အနားတစ်ခု ကျင်းပပြီဆိုရင် ဂုဏ်ကြီးတဲ့လူ၊ မျက်နှာကြီးတဲ့ လူတွေက ရှေ့ဆုံးက နေရာယူရပြီး ဂုဏ်ငယ်တဲ့လူ၊ မျက်နှာငယ်တဲ့ လူတွေက နောက်ကနေ နေရာယူရပါတယ်။ ဂုဏ်ငယ်လေ နောက်ရောက်လေပါပဲ။

အိမ်မှာပဲဖြစ်ဖြစ်၊ ဘုရားမှာပဲဖြစ်ဖြစ်၊ နေရာဌာနတစ်ခုခုမှာ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ပဋ္ဌာန်းတရား ရွတ်ပွားပြီဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်တွေ၊  ဗြဟ္မာတွေ တရားနာရောက်လာကြပါတယ်။အိမ်စောင့်နတ်အပါအ၀င် နဂိုကရှိနေနှင့်ပြီးသား နတ်တွေက ဘုန်းတန်ခိုး နည်းပါးတယ်ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ နတ်ဗြဟ္မာတွေအတွက် (အကုင်္ရနတ်သားလိုပဲ) နေရာဖယ် နောက်ဆုတ်ပေးရတဲ့အတွက် အဝေးရောက်သွားနိုင်ပါတယ်။

အကုင်္ရနတ်သားဟာ အဝေး ရောက်သွားပေမယ့် မြတ်စွာဘုရားရှင်ကို စိတ်မဆိုးဘဲ အဝေးကနေ တရားနာယူသလို အဝေးရောက်သွားတဲ့ အိမ်စောင့်နတ်ဟာလည်း ပဋ္ဌာန်းရွတ်ပွားသူကို စိတ်မဆိုးဘဲ ကိုယ့်ကံကိုယ် နားလည်စွာနဲ့ အဝေးတစ်နေရာကနေ ပဋ္ဌာန်းတရား နာကြားနေမှာပါ။ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ကိုယ်နဲ့ ထိုက်တန်တဲ့နေရာကို ကိုယ်ရစမြဲ မဟုတ်လား။ ကိုယ့်ကံက ပေးတဲ့နေရာမှာ ကိုယ်ကျေနပ်စွာ နေရမှာပဲလေ။

ပဋ္ဌာန်းတရား နာကြားပြီး ကိုယ့်ထက် ဘုန်းတန်ခိုးကြီးတဲ့ နတ်တွေ၊ ဗြဟ္မာတွေ ကိုယ့်နေရာကိုယ် ပြန်သွားတဲ့အခါ အိမ်စောင့်နတ်လည်း အိမ်မှာ နေမြဲတိုင်း ပြန်နေခွင့်ရသွားပြီပေါ့။ ပဋ္ဌာန်းတန်ခိုးကြောင့် သူ့ရဲ့ ဘုံဗိမာန် စည်းစိမ်ချမ်းသာတွေတောင် နဂိုကထက် ကြီးကျယ် ခမ်းနားလာမှာ သေချာပါတယ်။ ဒါဆိုရင် ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ်မှာ အကျိုးမယုတ်တဲ့အတွက် ပဋ္ဌာန်းရွတ်သူကိုလည်း အိမ်စောင့်နတ်က ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ဒုက္ခမပေးတဲ့အပြင် ကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ ပြည့်စုံအောင်တောင် အကူအညီပေးပါလိမ့်ဦးမယ်။

တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ အိမ်တွင်းနတ်တွေ၊ အိမ်ပြင်နတ်တွေက နတ်လို့နာမည်ခံထားတဲ့ မကောင်းဆိုးဝါးတွေ၊ အစိမ်းသရဲတွေ၊ဖုတ်ပြိတ္တာတွေ၊ နတ်မိစ္ဆာတွေ ဖြစ်နေခဲ့မယ်ဆိုရင်တော့ ပဋ္ဌာန်းတရားကို နားခါးပြီး ထွက်ပြေးချင် ပြေးပါလိမ့်မယ်။သူယုတ်မာနဲ့ သူတော်ကောင်းတရား မအပ်စပ်လို့ ကြောက်ရွံ့ထိတ်လန့်စွာ ထွက်ပြေးသွားကြတဲ့ (တရားမကြိုက် နတ်ငမိုက်) တွေ ကိုယ့်အိမ်မှာ မရှိတော့တာ ပိုတောင် ကောင်းပါသေးတယ်။ ၀မ်းနည်းစရာ မဟုတ်ပါဘူး၊ ၀မ်းသာစရာပါ။

ဝေသာလီပြည်မှာ ကပ်ဘေးကြီးတွေ ဆိုက်ရောက်ခဲ့စဉ်တုန်းက မြတ်စွာဘုရားရှင်နဲ့ ရဟန်းသံဃာတော်တွေ ရတနသုတ် လှည့်လည်ရွတ်ဆိုကြတော့ ဘုန်းတန်ခိုးကြီးတဲ့ နတ်ဗြဟ္မာတွေ တရားလာ နာကြတဲ့အတွက် မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ မြို့တွင်းမှာ မနေ နိုင်တော့ဘဲ အိုးနင်းခွက်နင်း ထွက်ပြေးသွားကြပါတယ်။ ဝေသာလီပြည်လည်း ကပ်ဘေးကြီးတွေက လွတ်မြောက်ပြီး ချမ်းသာရာ ရခဲ့ပါတယ်။

ပဋ္ဌာန်းတရားပဲရွတ်ရွတ်၊ တခြားတရားပဲရွတ်ရွတ်၊ ကိုယ့်ဘက်ကတော့ မကောင်းဆိုးဝါးတွေ၊ နတ်မိစ္ဆာတွေ၊တန်ခိုးနည်းတဲ့နတ်တွေ ကိုယ့်ပတ်ဝန်းကျင်မှာ မနေနိုင်ဘဲ ထွက်ပြေးသွားစေချင်တဲ့ ရည်ရွယ်ချက်ဆိုးမျိုး မထားနဲ့ပေါ့။

အယုတ်အလတ်အမြတ်မရွေး ဘယ်သတ္တ၀ါမဆို တရားနာယူပြီး ကောင်းကျိုးရစေချင်တဲ့ ရည်ရွယ်ချက်ကောင်းပဲထားပြီး ရွတ်ပါ။ကိုယ့်ဘက်က ရည်ရွယ်ချက်ဆိုးပြီး မေတ္တာတရား ခေါင်းပါး နေရင်တော့ အဝေးထွက်ပြေးရတဲ့ နတ်တွေက နေနှင့်ဦးပေါ့ကွာ၊ အလှည့်ကျရင် မနွဲ့စတမ်းဟေ့ဆိုပြီး ကိုယ့်ကံနိမ့်တဲ့အခါ၊ ရွတ်ဖတ်မှု ပြတ်သွားတဲ့အခါမျိုးတွေမှာ တုံ့ပြန်ကလဲ့စားချေတတ်ပါတယ်။ ကိုယ့် စေတနာ ကိုယ့်အကျိုးပေးတာပါပဲ။

အကောင်းဆုံးကတော့ ပဋ္ဌာန်းတရားပဲဖြစ်ဖြစ်၊ တခြားတရား ပဲဖြစ်ဖြစ်၊ တရားတော် တစ်ခုခု ရွတ်ဖတ်ပူဇော်မှု ပြုတော့မယ်ဆိုရင် ပထမဦးဆုံး မေတ္တာဘာဝနာပွားများ၊ မေတ္တသုတ်ရွတ်ဆိုပြီးမှ ပြုတာ အကောင်းဆုံးပါပဲ။ မေတ္တာတရားပေးဝေမှုကို သတ္တ၀ါတိုင်း နှစ်သက်လိုလားကြတာမို့ ဘာတရားတော်ပဲရွတ်ရွတ်၊ မေတ္တသုတ်ကို အရင်ရွတ်ပါ၊ မေတ္တာဘာဝနာ အရင်ပွားပါလို့ မေတ္တာနဲ့ အကြံ ပေးလိုက်ပါတယ်။

ပဋ္ဌာန်းတရားကို အိမ်မှာလည်း ရွတ်သင့်ပါတယ်၊ ရွတ်ခြင်းကြောင့် ဒုက္ခမရောက်တဲ့အပြင် ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံနိုင်ပါတယ် …
……………………………………………………………………
ပဋ္ဌာန်း၂၄-ပစ္စည်းရွတ်ဖတ်ရခြင်းအကျိုး
(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)

(ပဋ္ဌာန်း၂၄ပစ္စည်း ပစ္စယနိဒ္ဒေသပါဠိကို အမြဲမပြတ် ရွတ်ဖတ် ပွားများသူတို့မှာ အရပ်ရှစ်မျက်နှာမှ ဘေးရန်များကို ကာဆီး ဟန့်တား နိုင်ခြင်း၊ သူခိုး၊ ဓားပြရန်၊ မကောင်းဆိုးဝါး၊ အောက်လမ်းပညာဖြင့် ကြံစည်သူတို့ရန်မှ ကင်းဝေးစေပါသည်။)

(ပဋ္ဌာန်း ၂၄-ပစ္စည်း အကျယ်/ပဋ္ဌာန်း ၂၄-ပစ္စည်း ဖြစ်တော်စဉ်)

ashinsandardika (shwe parami tawya)

အနာဂါမ်၏ ဂုဏ်ရည်များ


၁။ မေထုန်မှီဝဲခြင်းကို ရှောင်ကြဉ်သည့် ဗြဟ္မစရိယ အကျင့်များနှင့် ပြည့်စုံ၏။

၂။ ခင်ပွန်း၊ ဇနီး၊ သားသမီးများနှင့် ပစ္စည်းဥစ္စာတို့၌ တွယ်တာကပ်ငြိမှု ကင်းစင်၏။

၃။ စိန်ရွှေရတနာ အဆင်တန်ဆာနှင့် အဖိုးတန် အဝတ်အစား အသုံးအဆောင်များဖြင့် အလှပြင် ဝတ်စားဆင်ယင်ခြင်း မရှိတော့။

၎။ ငွေကို ကိုင်တွယ်စီမံသုံးစွဲခြင်း မပြုတော့။

၅။ လာဘ်မရခြင်း၊ အခြွေအရံ အကျော်အစောနည်းခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲခြင်းဟူသော လောကဓံဆိုးကို မငြိုမငြင် မတုန်မလှုပ် သည်းခံနိုင်၏။
(“ဒေါသကိလေသာ” မရှိတော့သောကြောင့်ဖြစ်သည်။)

၆။ ကိုယ်ဆင်းရဲခြင်း ရှိသေးသော်လည်း၊ စိတ်ဆင်းရဲခြင်းကား မခံစားတော့ပေ။ ဆိုလိုသည်မှာ စိတ်ဆိုးစိတ်ပျက်ခြင်း၊ နှလုံးမသာယာခြင်း၊ စိုးရိမ်သောကဖြစ်ခြင်း၊ နောင်တ,တစ်ဖန် ပူပန်ခြင်း၊ ပူဆွေးငိုကြွေးခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စသော
ဒေါသနှင့်သက်ဆိုင်သည့် အကုသိုလ် အယုတ်တရားများ
လုံးဝကင်းရှင်းသွား၏။

၇။ မကောင်းသည့်စိတ်ထားမျိုး မရှိသောကြောင့်၊ ကုန်းတိုက်သဘော သက်ရောက်သော စကား၊ ကြမ်းတမ်းသောစကားသော်မျှ မပြောဆိုတော့ပေ။

၈။ သူတစ်ပါးကို ပျက်စီးစေလိုသည့် ကြံစည်မှုမျိုးလည်း မရှိတော့ပေ။

၉။ အသုဘဖြစ်သောခန္ဓာကို သုဘဟူ၍ အမှတ်မှား၊ အသိမှား ကင်းစင်သွား၏။

၁၀။ လူဝတ်ကြောင်ဖြစ်စေကာမူ အနာဂါမ်မှန်လျှင် ဆယ်ပါးသီလ ဧကန်မြဲတော့၏။

-【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)၏
“သညာသိနှင့် ပညာသိ”မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】

(စာရိုက်ပူဇော်သူ -Zahan Mon)

Dhamma Dãna Source ►Zahan Mon &
www.facebook.com/youngbuddhistassociation.mm

ပဋ္ဌာန်း မရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား


တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာ ပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊ အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။

“အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

( မနာပဒါယီ အရှင်ဝိစိတ္တ )
http://www.venvicitta.com/2012/06/blog-post_17.html
http://www.worldofwisdom.asia/2012/06/blog-post_18.html#more
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ပဋ္ဌာန်းဒေသနာတော်ရွတ်ပွား လွန်စွာကောင်းကျိုးများ

ဗန်းမော်ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသသည် ပိဋကတ်ကျမ်းဂန်တွင် နှံ့စပ်ကျွမ်းကျင်၏။ အဂ္ဂမဟာပဏ္ဍိတနှင့် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်များကို ရရှိထားသော ဆရာတော်ဖြစ်သည်။ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယက, ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးတွင် ပရိယတ္တိမဟာဌာနမှူးကြီးလည်း ဖြစ်သည်။

ဆရာတော်ကို ကြည်ညိုလေးစားသော တပည့်ဒါယကာ အများအပြား ရှိကြသည်။ ဆရာတော်၏ ကျယ်ပြန့်သော ရှေးဟောင်းကျောင်းတော်ကြီးသို့ မပြတ်လာရောက်ကြပြီး တခါတရံ သားမြေး ကလေးငယ်များပင် ခေါ်လာတတ်ကြ၏။ ဆရာတော်ကို ရင်းနှီးမှုရှိသဖြင့် ပါလာသောကလေးများမှာ ကျောင်းပေါ်တွင် ပြေးလွှားဆော့ကစားချင်ကြ၏။ ကျောင်း၏သက်တမ်းအရ နှစ်တရာကျော်ပြီဖြစ်သည်။ ဟောင်းနွမ်းအိုမင်းလျက်ရှိရာ ပြိုကျမည်စိုး၍ မပြေးမလွှားရန် ကလေးများကို တားမြစ်ရသည်။

တနေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့မှ ပြည်နယ်သံဃနာယက အတွင်းရေးမှူး ဦးကလျာဏသည် ဆရာတော်ကျောင်းသို့ ရောက်ရှိလာသည်။ အလွန်ဟောင်းနွမ်း၍ ယိုင်လဲလုနီး ဖြစ်နေသော ကျောင်းကြီးကို မြင်တွေ့သဖြင့် ဦးကလျာဏက ဆရာတော့်အား လျှောက်ထားသည်။
အရှင်ဘုရား၊ ပရိယတ္တိမှာ နှံ့သိကျွမ်းကျင်ထင်ရှားတဲ့ဆရာတော်တပါး ဖြစ်နေပြီး ကျောင်းကတော့ အိုနေပြီ။ ကျောင်းပျိုဖြစ်အောင် လုပ်ပါဘုရား။
ကျောင်းပျိုဖြစ်ဖို့ဆိုတာ လှူတဲ့လူရှိမှ ဖြစ်တော့မှာပေါ့။ မလွယ်လှပါဘူး။
လွယ်ပါတယ်ဘုရား၊ ကျောင်းဟောင်း ကျောင်းအိုကနေ ကျောင်းကောင်း ကျောင်းပျိုဖြစ်အောင်လုပ်တဲ့နည်း ရှိပါတယ်။ ဒီနည်းကို တပည့်တော် သိပါတယ်ဘုရား။
ဆိုပါဦး နည်းလမ်းကလေး။

ပဋ္ဌာန်းရွတ်ရမှာပေါ့ဘုရား။
ပဋ္ဌာန်းရွတ်ပြီဆိုရင်တော့ အဟောင်းကနေ အကောင်းအသစ်တွေ ရလာတော့မှာပါ။
ဒါ လက်တွေ့ ဟုတ်နိုင်ပါ့မလား။
ဟုတ်တာပေါ့ဘုရား၊ ကျောင်းလိုရင် ကျောင်းရ။ တခြားလိုတာရှိရင်လဲ အကုန်ရပါတယ်။ တပည့်တော်မိတ်ဆွေ တောင်ဥက္ကလာပမြို့နယ် ငွေကြာရံကျောင်းတိုက်ဆရာတော် ဦးရေ၀တဟာ ပဋ္ဌာန်းကို တနေ့ ၂၄-ခေါက်နှုန်းနဲ့ ၂၄-ရက် ရွတ်ပြီးနောက် ကျောင်းတဆောင် ရတော့တာပဲ။ ဆက်ရွတ်တော့ နောက်ထပ်တကျောင်း ဆက်ရတယ်။ အခု အားလုံး ပြည့်စုံနေပြီ။

ထိုနေ့မှစ၍ ဗန်းမော်ဆရာတော်သည် ပဋ္ဌာန်းကို နေ့စဉ် ရွတ်ဆိုခဲ့သည်။ သို့သော် ငါးနှစ်ပြည့်သည်အထိ ကျောင်းကိုပြုပြင်တည်ဆောက်ပေးမည့်သူ မပေါ်ပေါက်ပေ။
တနေ့တွင် မဟာဗောဓိ ကမ္မဋ္ဌားန်းတိုက်မှ အတွင်းရေးမှူး သိလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ဆရာတော်၏ ကျောင်းသို့ ရောက်ရှိလာသည်။ သီလရှင်ဆရာကြီး ဒေါ်စိတ္တရာသည် ပဋ္ဌာန်းဒေသနာတော်ကို တစိုက်မတ်မတ် ရွတ်ဆိုပူဇော်ခဲ့သူဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီးကို စိန်ဖူးတော် ကိုးလုံးတင်ကာ ကိုယ်တိုင်ကြီးကြပ်တည်ထားခဲ့သူ ဖြစ်သည်။ ပဋ္ဌာန်းရွတ်ဆိုခြင်းနှင့်စပ်လျဉ်း၍ ဆရာတော့်အား ဤသို့ လျှောက်ထားသည်-

အရှင်ဘုရား၊ ပဋ္ဌာန်းကိုရွတ်မယ်ဆိုရင် စံချိန်ကိုက်အောင် ရွတ်ရပါတယ်ဘုရား။ ရွတ်ခါနီးမှာ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေပြီး ဘုရားခန်းမှာ ပန်း, ဆီမီး, ရေချမ်း စသည် ပူဇော်ရပါတယ်။ ပြီးတော့ ပဋ္ဌာန်းဒေသနာ နာယူလိုတဲ့ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတွေကို ပင့်ဖိတ်ရပါတယ်။ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်တဲ့အခါမှာလည်း ပီပီသသ သာယာနာပျော်ဖွယ်အသံထွက် ရွတ်ဆိုရပါတယ်။ ရွတ်ဆိုပြီးတဲ့အခါမှာလည်း တရားနာ လာရောကကြတဲ့ ပုဂ္ဂိုလ်တွေနဲ့ ၃၁-ဘုံကို အမျှအတန်း ပေးဝေရပါတယ်။ နောက်ဆုံး လိုရာဆုကို တောင်းရပါတယ်ဘုရား။ ရွတ်ဆိုနေစဉ် နတ်ဗြဟ္မာများ တရားနာလာလို့ရှိရင် တကျောင်းလုံး မွှေးကြိုင်သွားတယ်ဘုရား။

ထိုအချိန်မှစ၍ ဆရာတော်သည် ပဋ္ဌာန်းတရားတော်ကို နည်းစနစ်ကျနစွာ နေ့စဉ် စံချိန်ကိုက်အောင် ရွတ်ဆိုပူဇော်ခြင်း ပြုတော့သည်။
အဲဒီလို စံချိန်ကိုက် ရွတ်ပြီးတော့ ဘယ်လိုထူးခြားချက် ဖြစ်ပေါ်လာပါသလဲဘုရား?
ပဋ္ဌာန်းတရားတော်နှင့် ပတ်သက်၍ တန်ခိုးထက်မြက်ပုံကို ကိုယ်တွေ့သိရှိ မိန့်ကြားတော်မူသော ဆရာတော်အား စာရေးသူက မေးမြန်းလျှောက်ထားသည်။

စံချိန်ကိုက်ရွတ်ပြီးတဲ့နောက်မှာ ပဋ္ဌာန်းရွတ်ပြီဆိုရင် အလွန်မွှေးတဲ့ ရနံ့တွေ ရလာတော့တာပဲ။ မွှေးတဲ့ရနံ့ဟာ နတ်ဗြဟ္မာတွေ ပဋ္ဌာန်းတရားတော်ကို လာရောက်နာယူကြတယ်ဆိုတာ သိရတယ်။ ဂန္ဓမာဒနတောင်က လာရောက်တရားနာတဲ့ နတ်တွေတောင်ရှိတယ်။ တချိန်ကဆိုရင် ပဋ္ဌာန်းကို ကြည်ကြည်နူးနူးနဲ့ အသံထွက်ရွတ်ဆိုလိုက်တာ တကျောင်းလုံး မွှေးပြီး ဦးခေါင်းပေါ်ကို အမွှေးနံသာအစက်ကလေးတွေတောင် ကျလာတယ်။ အဲဒီအချိန်မှာကျောင်းပေါ်ကို တက်လာတဲ့ ဒကာတယောက်က အရှင်ဘုရား-ရေမွှေး ဆွတ်သလား-လို့တောင် မေးမြန်းလျှောက်ထားခြင်း ပြုခဲ့တယ်။

ပဋ္ဌာန်းကို စံချိန်ကိုက်ရွတ်ပြီဆိုတော့ အရှင်ဘုရားကျောင်းကြီး အသစ်ဆောက်ဖို့ကိစ္စ ဘယ်လိုအခြေအနေ ရှိပါသလဲဘုရား။
ကျောင်းကိုမပြောနဲ့၊ ဘုန်းကြီးမှာ အခု ဘာမှ လိုလေသေးမရှိအောင် ပြည့်စုံနေပြီလို့ ပြောရတော့မှာပဲ။ ဒါတင်ဘယ်ကမလဲ တခြားထူးခြားတဲ့အချက်တွေ ရှိသေးတယ်။
အမိန့်ရှိတော်မူပါဦးဘုရား။
ဘုန်းကြီးက ငယ်ငယ်ကတည်းက နတ်သားနတ်သမီးကို သိပ်မြင်ဖူးချင်တယ်။ မြင်ချင်တဲ့ဆန္ဒ ပြင်းပြနေတုန်း၊ တနေ့ ဘုရားခန်းမှာ ပဋ္ဌာန်းရွတ်တဲ့အခါ နတ်သားတယောက်, နတ်သမီးတယောက် ကိုယ်ထင်ပြပြီး ပဋ္ဌာန်းတရား လာနာတယ်။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပပြီး တကျောင်းလုံးကို မွှေးကြိုင်နေတာပဲ။ ဘုန်းကြီးပဋ္ဌာန်းရွတ်ပြီးချိန် အမျှအတန်းဝေ၊ မေတ္တာပို့ပြီးတာနဲ့ သူတို့လဲ ပျောက်သွားတယ်။ အဲဒါ ထူးခြားအံ့သြဖို့ ကောင်းတဲ့ ပဋ္ဌာန်းတရားရဲ့ တန်ခိုးပဲဆိုတာ သိရတယ်။

တခြား ထူးခြားတာရှိရင် မိန့်တော်မူပါဦးဘုရား။
တနေ့ ဘုန်းကြီး ရန်ကုန်ကနေ-မန္တလေး ကို ရထားနဲ့ကြွသွားတော့ ရမည်းသင်းအလွန်မှာ ရထားစက်ရပ်ပြီး ဘယ်လိုမှ ဆက်မောင်းလို့ မရတော့ဘဲ ရပ်နားနေရတယ်။ အဲဒီအချိန်မှာ ဘုန်းကြီးလဲ ရတဲ့အချိန်ကလေး ပဋ္ဌာန်းရွတ်ဦးမှလို့ တွေးမိတာနဲ့ ရထားပေါ်က ဆင်းပြီး ရထားလမ်းဘေး လမ်းလျှောက်ရင်း ပဋ္ဌာန်းကို အသံထွက်ရွတ်တယ်။ အဲဒီအချိန်မှာ အဲဒီနေရာက တောအုပ်ကလေးကလဲ ရှိတော့ ဒေသအစောင့်အရှောက်နတ်တွေ ပုဂ္ဂိုလ်သတ္တ၀ါတွေ အနီးပတ်ဝန်းကျင်မှာ ပဋ္ဌာန်းတရား လာနာတယ်ဆိုတာ ဘုန်းကြီး အလိုလိုသိနေတယ်။ သူတို့အားလုံး အမျှအတန်းရလိုတယ်ဆိုတာ စိတ်ကသိနေတော့ ပဋ္ဌာန်းရွတ်အပြီး တရားလာနာကြတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို အမျှအတန်းလဲ ပေးဝေလိုက်တယ်။ အဲဒီအခါ ဘုန်းကြီးစိတ်ထဲမှာ ပေါ့ပါးသွားပြီး ရထားလဲ ချက်ချင်းစက်နှိုးလို့ ရသွားတာတွေ့ရတယ်။ မန္တလေးခရီးကို ဆက်ထွက်ရင်း ဘုန်းကြီးစဉ်းစားမိတယ်။ ဒါ-သူတို့ ပဋ္ဌာန်းတရားနာပြီး အမျှလိုချင်လို့ ရထားစက်နှိုးမရတာ ဖြစ်မှာပဲ-လို့။

ဆရာတော်မိန့်ကြားသည့် ပဋ္ဌာန်းတရားတော်၏ ထူးမြတ်ပုံကို နာကြားရင်း ရတနာဃရ စတုတ္ထသတ္တာဟ၌ စံနေတော်မူသည့် မြတ်စွာဘုရားသည် အဘိဓမ္မာဒေသနာတော်ကို ဆင်ခြင်လျက်ရှိရာ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်သည့်အခါတွင် သဗ္ဗညုတ ရွှေဉာဏ်တော်ကြီး ကွန့်မြူးကာ ရောင်ခြည်တော်ခြောက်သွယ်တို့လည်း အဆန်းတကြယ် ထွက်ပေါ်ခဲ့ပုံ၊ ပဋ္ဌာန်းဒေသနာတော်၏ ထူးမြတ်ပုံတို့ကို သတိရ ကြည်ညိုမိပါသည်။

ဆက်လက်၍ ပဋ္ဌာန်းဒေသနာတော်၏ ဥဒ္ဒေသ နိဒ္ဒေသတို့ကို ရွတ်ဆိုသဖြင့် ရရှိနိုင်သည့် အကျိုးများကိုလည်း မိမိဖတ်ရှုဖူးသည်တို့ကို ပြန်လည်သတိရမိပါသည်။
၁။ ရင်ဆိုင်တွေ့ကြုံနေရသည့် ဘေးအန္တရာယ် အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
၂။ ကျရောက်လတံ့သော ဘေးအန္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။
၃။ အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက်ကိစ္စ အ၀၀တို့ကို ပြီးစီးအောင်မြင်နိုင်ခြင်း။
၎။ အပြစ်ရှိ၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။
၅။ ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်နိုင်ခြင်း။
၆။ အဆုံးစွန်သောဘ၀၌ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။

ဖော်ပြပါ အကျိုးတရားများနှင့် ဆရာတော်မိန့်ကြားသည့် အကျိုးတရားများ ရရှိစေနိုင်ရန် အတွက် သဒ္ဓါတရား ထက်သန်သူတို့သည် ပဋ္ဌာန်းတရားကို ရွတ်ဆိုသည့်အခါ-
ခန္ဓာကိုယ် သန့်ရှင်းစင်ကြယ်အောင် ပြုခြင်း။
သမ္မာဒေ၀ နတ်တို့ကို ပင့်ဖိတ်ခြင်း။
အချိန်မှန်မှန် စံချိန်ကိုက် ရွတ်ဖတ်ခြင်း။
သာယာနာပျော်ဖွယ် အသံထွက် ရွတ်ခြင်း။
နေ့စဉ်ရက်ဆက် ရွတ်ဆိုခြင်း။
ရွတ်ဆိုပြီးနောက် အမျှဝေ ဆုတောင်းခြင်းတို့ ပြုသင့်ပါသည်။

ပဋ္ဌာန်းဒေသနာတော်ကို ဖော်ပြပါနည်းများအတိုင်း စံချိန်ကိုက် ရွတ်ဆိုပူဇော်ခြင်း ပြုမည်ဆိုပါက မိမိတို့ လိုအပ်သော ကောင်းကျိုးချမ်းသာတို့ကို မုချခံစားရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

= = = = = = = = = = =

ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာနဲ့ပတ်သက်လို့ ဒီနေ့ မေးခွန်းလေးတစ်ခု message box ကနေ မေးလာလို့ ဒီပို့လေးကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။ ယုံမှားသံသယတို့ဘေးမှကင်းဝေးကြပါစေ။
မေတ္တာဖြင့်
tno
Shared from Ko Thein Naing Ohn (FB)


မှန် ကန် စွာ တ ရား နာ နည်း ( ၅ ) သွယ်


ကျမ တို့ တွေ ခု ချိန် ခါ မှာ တ ရား နာ ရဖို့ ရာ အင်မတန် လွယ် ကူ နေ
တဲ့ အ ချိန်အ ခါ ပဲ ဖြစ် ပါတ ယ်။TV ဖွင့် လိုက် တာ နဲ့ သီလ ယူ ဦး မလား အိမ် ထဲ မှာ တင် အ လွယ် ရ နေ ပါ တယ်။ တ ကယ့် ကို ပဲ မ အား မ လပ် သူ တွေ အ တွက် က ကောင်း ပါ တယ်။ ဒါ ပေ မဲ့ ဘုန်းကြီး ကျောင်း ကို ကိုယ် တိုင် ကိုယ် ကျ သွား ရောက် ပြီး သီ လ ယူ တရား နာ တာ တော့ ပို ကောင်းပါ တယ် TV ရှေ့ သီ လ ယူ မယ် ကြံ ကာရှိ သေး ph လာ လို့ ကိုင် ရ တာ။ မေ့ နေ တဲ့ ကိစ္စ ပေါ် လာ လို့ ထ လုပ် မိ တာ နဲ့ ရို သေ မှု လျှော့ နေ တတ် ပါ တယ် တစ် ခါ မ အား မလပ် တဲ့ကြား က ပဲ တ ရား ခွေ တွေ ဖွင့် ထား မိ တယ် ဆို တော့ တ ရား အ ပေါ် ရို သေ မှု လျှော့ နေ မိ ပါ တယ်။ မီး ပူ တိုက်ရင်း ဟင်း ချက် ရင်း တ ရား နာ တာ မျိုး တွေ အိမ် ရှင် မ တွေ လုပ် မိ တတ် ပါ တယ်။ "ငါ မလွဲ သာ လို့ လုပ် ရ တာ မ ရို မ သေ လုပ် ချင် တဲ့ စိတ် မျိုး ငါ့ မှာ မ ရှိ "လို နှ လုံး သွင်း ပြီး ကြား နေ ရ တဲ့ တ ရား သံ အ ပေါ် မှာ မှတ် သား လိုက် နာ ပြီး နှလုံး သွင်း မှု ဆင် ခြင် မှု ပြု မယ် ဆို ရင် ပို အ ကျိုး များ ပါ တယ်။

တချို့ လူ တွေ ရဲ့ မ သိ တတ် မှု များ လည်း တ ရား ပွဲ တွေ မှာ တွေ့ ရ တတ် ပါ သေး တယ။ တ ရား ပွဲ ပြီး ရင် နေ ကြာ စေ့ ခွံ မုန့် ထုတ် ခွံ တွေ ကို သိမ်း ရ တာ မ နည်း ပါ ဘူး တဲ့။ တ ရား ဟော ပုဂ္ဂို လ် အ ပေါ် မှာ တ ရား တော် အ ပေါ် မှာ ရို သေ မှု မ ရှိ ဖြစ် တတ် ပါ တယ်။ ရှောင် ကြဉ် သင့် တဲ့ အ ချက် ပါ ပဲ။မိ မိ ကု သိုလ် ပြု စဉ် မှာ ဥာဏ် နဲ့ ယှဉ် ပြီး ဝမ်း မြှောက် ဝမ်း သာ ဖြစ် ဖို့ အ ရေး ကြီး ပါ တယ်။ မိ မိ ယူ လာ
တဲ့ ph တွေ ကို လည်း ပိတ် ထား နိုင် ရင် တော့ အ ကောင်း ဆုံး ပါ ပဲ။မိမိ အ လုပ် တွေ မိ သား စု တွေ အိမ် တွေ နဲ့ ခေတ္တ ခ ဏ ဖြတ် ထား ခြင်း ဟာ နိက္ခမ္မ ပါ ရ မီ ဖြစ် ပါ တယ် ရ ဟန်း ဝတ် ပြီး တော ကြီး ထဲ ကို သွား မှ သီ လ ရှင် ဝတ် မှ ရယ် မ ဟုတ် ပါ ဘူး။
ကိုယ် ချစ် ခင် တွယ် တာ တာ တွေ နဲ့ အ ဖြတ်က လေး တွေ ဖြတ် ရင်း နဲ့ တ ချိန် အ ဖြတ် ကြီး ဖြတ် ရ လို့ သေ ခွဲ ခွဲ ရ ရင် သူ ရော ကိုယ် ရော သက် သာ မှာ ပါ။ 

တ ရား နာ ကြား ခြင်း နှင့် ပတ် သက် ၍ မြတ် စွာ ဘု ရား က ခု လို ဟော ကြား တော် မူ ခဲ့ ပါ တယ်။ "ရ ဟန်း တို့ သူ တော် ကောင်း တ ရား ကို နာ သည် ရှိ သော်-----

(၁) တ ရား ကို မ ထီ မဲ့ မြင် မ ပြု ။

(၂) တ ရား ဟော ပု ဂ္ဂိုလ် ကို မ ထီ မဲ့ မြင် မပြု။

(၃) မိ မိ ကိုယ် ကို မ ထီ မဲ့ မြင် မ ပြု။

(၄) စိတ် မ ပျံ့ လွင့် သည် ဖြစ် ၍ တည် ကြည် စွာ ဖြင့် တ ရား နာ ၏။

(၅) သင့် သော အား ဖြင့် လည်း နှ လုံး သွင်း ၏ ဟူ သော ဤ တ ရား ငါး မျိုး တို့ နှင့် ပြည့် စုံ သော သူ သည် ကု သိုလ် တရား တို့ ၌ မ ဖောက် မ ပြန် သော သ ဘော ရှိ သည် မြဲ သော အ ရိ ယာ မဂ် သို့ သက် ဝင် ရန် ထိုက် တန် ၏။

(ပဋ္ဌမသမ္မတ္တနိယာမသုတ်။ပဉ္ဇကအင်္ဂတ္တရ)

Shared from Ma Mya Kyarphyu (FB)

သဒ္ဓါ


သဒ္ဓါတရားသည် လူသားတိုင်းမှာ ရှိထိုက်သော အရေးအကြီးဆုံး တရားတစ်မျိုးဖြစ်သည်။ ရတနာမြတ်သုံးပါး ကံ ကံ၏အကျိုးတရား ယခုလက်ရှိဘ၀ နောင်ဘ၀တို့၌ ယုံမှားသံသယမရှိဘဲ လေးလေးနက်နက် ယုံကြည်မှုကို သဒ္ဓါ ဟု ခေါ်သည်။

အယူဝါဒရေးရာ၌ အမြင်ကြည်လင်ပြတ်သားမှုသည် သဒ္ဓါ၏ အစွမ်းသတ္တိဖြစ်သည်။ ဘုရားဆုပန်ရာမှစ၍ ဖြစ်ပေါ်လာသော ဘုရားအလောင်းတို့၏ သဒ္ဓါတရား (အာဂမသဒ္ဓါ) ၊ အရိယာပုဂ္ဂိုလ်တို့၌ဖြစ်သော သဒ္ဓါတရား (အဓိဂမသဒ္ဓါ) ၊ ရတနာမြတ် သုံးပါး၌ မတုံမလှုပါသက်ဝင်ယုံကြည်မှု (သြကပ္ပနသဒ္ဓါ) ၊ ဘုရား တရား သံဃာ ရတနာ သုံးပါးကို ကြည်ညိုမှု (ပဿဒသဒ္ဓါ) အားဖြင့် ၄ မျိုးရှိသည်။


ဘုရားရှင်က “သဒ္ဓါတရားနဲ့ ကိလေသာရေအလျဉ်တွေရဲ့ ဟိုတစ်ဖက်ကမ်းထက်ကို ကူးခပ်သွားနိုင်တယ်” ဟု မိန့်တော်မူ၏။ အဓိပ္ပါယ်က သဒ္ဓါတရားနှင့် နိဗ္ဗာန်ရောက်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။သဒ္ဓါတရားသာ အဟုတ်အားကောင်းပါစေ၊အားပြည့်ပါစေ နိဗ္ဗာန်ကိုရောက်နိုင်ပါ၏။ သဒ္ဓါတရားသည် ထိုမျှလောက်အစွမ်းထက် ၏။ စွမ်းအားကြီးမား၏။

နောက်ထပ်ဘုရားရှင် မိန့်တာက “လူတို့ရဲ့သန္တာန်မှာ တည်ရှိနေရမယ့် အကောင်းဆုံးတရားဟာ သဒ္ဓါ
တရားသာဖြစ်တယ်။ လူတို့ရဲ့ အကောင်းဆုံး အရင်းအနှီးဥစ္စာဟာ သဒ္ဓါတရားသာဖြစ်တယ်။ ကုသိုလ်တရားတွေရဲ့ မျိုးစေ့ဟာ သဒ္ဓါတရားသာဖြစ်တယ်” ဟု မိန့်တော်မူ၏။

သဒ္ဓါတရားအားကောင်းသူများသည် ဘုရားတရားအလုပ် သူများထက် ပို၍လုပ်ဖြစ်၏။ အလှူဒါနတွေ သူများထက် ပို၍လှူဖြစ်၏။ ဥပုသ်သီတင်းတွေ သူများထက်ပို၍ စောင့်သုံးဖြစ်၏။ တရားဘာဝနာအလုပ်တွေ သူများထက် ပို၍ အားထုတ်ဖြစ်၏။ ကျောင်းကန်ဘုရားကို သူများထက်ပို၍ ရောက်ဖြစ်၏။ ကုသိုလ်ကို လမ်းခင်း၍သွားရတာဖြစ်တော့ ကုသိုလ်ပိုရသူသည် နိဗ္ဗာန်နှင့် ပို၍နီးမည်ဖြစ်၏။ သူများထက်အရင် နိဗ္ဗာန်ကို မြန်မြန်ရောက်မည်ဖြစ်၏။

သဒ္ဓါတရား အရင်းအနှီး လုံလုံလောက်လောက် ရှိသူမှာသာ လူ့ဘဝလူ့ချမ်းသာ၊ နတ်ဘဝ နတ်ချမ်းသာ၊ ဗြဟ္မာဘဝ ဗြဟ္မာချမ်းသာ ဟူသောလောကီအကျိုးထူး၊ အကျိုးမြတ်များကို ရနိုင်၏။ မဂ်ဖိုလ်နိဗ္ဗာန်
ဟူသော လောကုတ္တရာ အကျိုးထူး၊ အကျိုးမြတ်များသည်လည်း သဒ္ဓါတရားအရင်းအနှီးရှိသူမှာသာ ရနိုင်၏။ ချမ်းသာသုခ မှန်သမျှသည် သဒ္ဓါတရားရင်းနှီးပြီးမှသာ ရနိုင်၏။

လူ့ဘဝ နတ်ဘဝ၊ လူ့ချမ်းသာ နတ်ချမ်းသာ စသော ကောင်းကျိုးတရားတို့သည် ကုသိုလ်ရှိသူမှသာ ရနိုင်၏။ ကုသိုလ်ကြောင့်သာ ထိုကောင်းကျိုးတရားတွေကို ရရှိခြင်းဖြစ်၏။ ကုသိုလ်၏မျိုးစေ့ကား သဒ္ဓါတရားဖြစ်
၏။ သဒ္ဓါ မျိုးစေ့ရှိမှသာ ကုသိုလ်ဟူသော အပင်ပေါက်နိုင်၏။ကုသိုလ်ရနိုင်၏။ ဒါန သီလစသော ကုသိုလ်တို့ကို ပြုလုပ်ခြင်းသည် ထိုကုသိုလ်ကံနှင့် ထိုကံ၏ အကျိုးတရားအပေါ် ယုံကြည်သော သဒ္ဓါတရားကြောင့် ပြုလုပ်ခြင်း
ဖြစ်၏။ ထို့ကြောင့် သဒ္ဓါတရားကို ကုသိုလ်၏ မျိုးစေ့ဟု ခေါ်ရ၏။

လောဘ ဒေါသစသော ကိလေသာတို့သည် စိတ်ကို နောက်ကျုစေတတ်၏။ ကိလေသာ ဝင်နေသော
စိတ်သည် နောက်ကျုနေ၏။ မကြည်မလင် ဖြစ်နေ၏။ ထိုနောက်ကျုနေသော စိတ်ထဲကို သဒ္ဓါတရားသာထည့်
လိုက်၊ ဘုရားတရားသာ အာရုံပြုလိုက်၊ ကိလေသာ အနောက်အနည်တွေ အကုန်ထိုင်ကျသွားပြီးစိတ်ကြည်လင်
လာပါလိမ့်မည်။ စိတ်ကြည်လျှင် ရုပ်ပါ ကြည်တော့၏။ သဒ္ဓါတရားကောင်းသူတို့၏ မျက်နှာဆိုလျှင် ကြည်လင်နေ၏။ သန့်ရှင်းနေ၏။ ဖြူစင်နေ၏။ တရားရက်ရှည် အားထုတ်ထားသူတို့၏မျက်နှာဆိုလျှင် ကြည်လင်နေ၏။ နောက်တဖြည်းဖြည်း တရားနှင့် ပြန်ဝေးသွားလျှင်လည်း ထိုကြည်လင်မှုတွေ ပြန်ပျောက်ကွယ် သွား၏။

စိတ်နှင့်ရုပ်ကို ကြည်လင်စေမှသာ သဒ္ဓါတရားအစစ်ဟု မှတ်ယူရမည်။ တချို့ဘာသာရေးအလုပ် လုပ်နေ
သူတွေ၊ တရားသမားပါဆိုသူတွေ၊ တရားနယ်ပယ်တွင်းမှာ နေ နေသူတွေ၊ ပညာတတ်ပညာရှိတွေ မျက်နှာတွေ ရှုံ့နေ၏၊ မဲ့နေ၏၊ ရှုပ်နေ၏၊ မှုန်နေ၏၊ တင်းနေ၏၊ မာနေ၏၊ မရှင်းမလင်းဖြစ်နေ၏။ မကြည်မလင်ဖြစ်နေ၏။ ထိုသို့ဖြစ်လျှင် သူတို့၏သန္တာန်၌ သဒ္ဓါတရား ရှိမရှိ စဉ်းစားရတော့မည်။ သဒ္ဓါတရား မဖြစ်လျှင် ကုသိုလ်မဖြစ်၊ ကုသိုလ်မရှိ။ ကုသိုလ်မဖြစ်၊ ကုသိုလ်မရှိလျှင် တရားမဖြစ်၊ တရားမရှိနိုင်။ အကြောင်းက သဒ္ဓါတရားသည်သာ ကုသိုလ်၏မျိုးစေ့ဖြစ်နေသောကြောင့်ဖြစ်၏။

သဒ္ဓါတရားကလည်း လူများအိပ်ပျော်နေသလို အိပ်ပျော်နေတတ်၏။ သဒ္ဓါတရားအိပ်ပျော်တယ်ဆိုတာ သဒ္ဓါတရား ပျောက်ကွယ်နေသောအချိန်ကို ဆိုလို၏။ ထိုသို့ အိပ်ပျော်နေသော သဒ္ဓါတရားကို နိုးကြားလာအောင် နှိုးပေးရလိမ့်မည်။ဘယ်လိုနှိုးပေးရမှာလဲဆိုလျှင် သူတော်ကောင်းနှင့်ပေါင်း၊ သူတော်ကောင်းတရားကို နာယူ၊ သူတော်ကောင်းစကားကိုပြော၊ သူတော်ကောင်းစာတွေဖတ်၊ သဒ္ဓါတရားနိုးကြားနိုင်သောစာတွေဖတ်၊ ယောနိသောမနသိကာရ ရှိ၊ သင့်တင့်စွာနှလုံးသွင်း၊ ကုသိုလ်ဖြစ်အောင် စိတ်ထား၊ အကောင်းဆုံးကတော့ တရားထိုင်၊ ထိုသို့ ကျင့်ကြံအားထုတ်လျှင် သဒ္ဓါတရား နိုးကြားလာလိမ့်မည်။ သဒ္ဓါတရား တိုးပွားလာလိမ့်မည်။ သဒ္ဓါတရားခိုင်မြဲလာလိမ့်မည်။

လူဆိုတာ ဘုရားတရားနှင့်ကင်းကွာ၍မရ၊ ဘုရားတရားနှင့် ကင်းကွာနေသောအချိန်သည် မိုက်နေသော
အချိန်ဖြစ်၏။ မိုက်နေလျှင် မည်းနေလိမ့်မည်။ မည်းနေလျှင် မှောင်နေလိမ့်မည်။ မှောင်ဟူသည် ကိလေသာ
အမှောင်ဖြစ်၏။ ကိလေသာအမှောင်ကျနေလျှင် အကုသိုလ်ဝင်နေခြင်း ဖြစ်၏။

လူတွေက တစ်စုံတစ်ခု ဒုက္ခရောက်မှ အကုသိုလ်ဝင်တာဟု ခေါ်ကြ၏။ အမှန်က အကုသိုလ်တွေလုပ်၊ အကုသိုလ်တွေဖြစ်နေလျှင် အကုသိုလ်ဝင်တော့တာပဲဖြစ်၏။ ဒုက္ခရောက်တာက အကုသိုလ်ဝင်တာမဟုတ်၊ အကုသိုလ်၏ အကျိုးဝင်ခြင်းဖြစ်၏။ ထိုအမိုက် အမည်း အမှောင်တွေ ပျောက်ဖို့ဆိုတာ သဒ္ဓါတရားရှိနေမှ၊ သဒ္ဓါ
တရားဖြစ်နေမှ ပျောက်လိမ့်မည်။ သဒ္ဓါတရားရှိနေဖို့၊ သဒ္ဓါတရားဖြစ်နေဖို့ ဘုရားတရားအလုပ်တစ်ခုခု လုပ်နေရမည်။

ယခုကဲ့သို့ ဆုတ်ကပ်အခါသမယတွင် အကောင်းအကောင်းတွေ နောက်ဆုတ်သွားကြပြီး အဆိုးအဆိုး
တွေ ရှေ့တိုးရှေ့တက်လာကြ၏။ အကောင်းတွေက နောက်ရောက်၊ အဆိုးတွေက ရှေ့ရောက်လာကြ၏။ အကောင်းဟူသည် အလောဘ အဒေါသ အမောဟ၊ အဆိုးဟူသည် လောဘ၊ဒေါသ၊ မောဟ။
အလောဘကလောဘ၏ဆန့်ကျင်ဘက်၊ တပ်မက်မှုနည်းခြင်း၊ အတ္တနည်းခြင်း၊ အတ္တမဆန်ခြင်း၊ အတ္တမကြီးခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ စွန့်လွှတ်နိုင်ခြင်း၊ အနာခံနိုင်ခြင်း ဖြစ်၏။
အဒေါသ က ဒေါသ၏ဆန့်ကျင်ဘက်၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သဘောထားကြီးခြင်း ဖြစ်၏။
အမောဟက မောဟ၏ဆန့်ကျင်ဘက်၊ အမှားအမှန်ခွဲခြားဝေဖန်နိုင်ခြင်း၊ အမှန်တရားသိခြင်း၊ အမှန်တရားကို ဖက်တွယ်ခြင်း၊ အမှန်တရားကို မြတ်နိုးခြင်း၊ အမှန်တရားကို တန်ဖိုးထားခြင်းဖြစ်၏။

ဆုတ်ကပ်၌ အကောင်းတွေဆုတ်၊ အဆိုးတွေတိုး၊ အဆိုးတွေတက်လာသောအခါ လူတွေ လောဘတွေ
ကြီး၊ ဒေါသတွေကြီး၊ မောဟတွေကြီး၊ အတ္တတွေကြီး၊ မာနတွေကြီး၊ အာဃာတတွေကြီးနှင့် ပိုပြီးတော့ စိတ်ညစ်ရ၊ ပိုပြီးတော့ စိတ်ရှုပ်ရ၊ ပိုပြီးတော့ ဦးနှောက်ခြောက်ကြရ၏။
ထို့ကြောင့် ယခုလို စိတ်ရှုပ်စရာ၊ စိတ်နောက်စရာတွေ ပေါများသော အချိန်ကြီးမှာ စိတ်ရှင်းစေ၊ စိတ်ကြည်စေသော ဘုရားတရားအလုပ်ကို များများလုပ်ကြမှ တော်ပေလိမ့်မည်။

ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန် နှင့် အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်) ၏ ဆောင်းပါးတို့မှ ကောက်နှုတ်ဖော်ပြပါသည်။

Shared from Ko Thein Naing Ohn (FB)

အစွမ်းနဲ့အစ

အစွမ်းနဲ့အစ (သို့မဟုတ်) ဗလငါးပါး (သို့မဟုတ်) သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ

လူတစ်ယောက် ထွန်းထွန်းပေါက်ပေါက်၊ အောင်အောင်မြင်မြင် ဖြစ်ဖို့အတွက် မြန်မာစကားမှာ ပြောလေ့ပြောထ ရှိတာကတော့ ‘အစွမ်းအစရှိဖို့လိုတယ်’ တဲ့။

ဒီစကားရဲ့ရည်ရွယ်ချက်က အများပြောဆိုနေကြတဲ့ အဓိပ္ပါယ်အရတော့ ပင်ကိုယ်အရည်အချင်းကိုသာ ရည်ရွယ်တဲ့သဘောပါပဲ။ မိမိအနေနဲ့တော့ မိမိတို့ရဲ့ ကံပါရမီအလျောက်ရှိနေတဲ့ အရည်အချင်းသတ္တိကို ‘အစွမ်း’ လို့ပဲ ရည်ညွှန်းပြီး အဲဒီအစွမ်းတွေ ပေါ်ထွက်လာအောင် စနစ်တကျ၊ နည်းမှန်လမ်းမှန် စတင်လုပ်ဆောင်တာကို ‘အစ’ လို့ ပြောချင်ပါတယ်။

ဘယ်လောက်ပဲ ‘စ’ ပြီး အလုပ်တွေကြိုးစားနေနေ အစွမ်းနဲ့မကိုက်ညီရင် အစွမ်းမပြနိုင်ကြသလို ဘယ်လောက်ပဲ အစွမ်းတွေ ရှိနေနေ စနစ်တကျ မစတတ်ရင်လည်း အစွမ်းပြနိုင်ကြမှာ မဟုတ်ပါဘူး။

လူတိုင်း လူတိုင်းမှာ လူ့ဘ၀ကို ရရှိပြီဆိုကတည်းက အစွမ်းငါးမျိုး ပါရှိတယ်လို့ ဘုရားရှင်အလိုအရ သိရပါတယ်။ အဲဒီအစွမ်းများကတော့ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာတို့ပဲ ဖြစ်ပါတယ်။ (ဗလငါးပါးလို့ အသိများပါတယ်)
လူတိုင်းမှာ ဒီအစွမ်းငါးမျိုး ကိုယ်စီပါကြတယ်ဆိုပေမယ့် အားလုံးမှာ တူညီတဲ့အချိုးအစားနဲ့ တစ်ပြေးညီပါရှိတာတော့ မဟုတ်ပါဘူး။ မိမိတို့ရဲ့ ပါရမီဓာတ်ခံ အလေ့အထုံအလျောက် တချို့က သဒ္ဓါစွမ်းအားသန်တယ်၊ တချို့က ၀ီရိယစွမ်းအားသန်တယ် စတဲ့ အချိုးအစားကွာခြားမှုတော့ ရှိပါတယ်။

‘ဒဋ္ဌဗ္ဗသုတ်’ မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောပြတော်မူတာကတော့ ဘယ်သူမဆို ကိုယ်စွမ်းရာကသာ စပြီး လုပ်ရမယ်လို့ ဆိုလိုတာပါ။ သဒ္ဓါအစွမ်းထက်သူက သဒ္ဓါနဲ့တန်တဲ့ သောတာပန်ဖြစ်ကြောင်း၊ အင်္ဂါဖြစ်တဲ့ အနုဿတိလေးပါး (ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ) ထဲက ကိုယ် ပိုပြီးအားသန်ရာက စပါ။ ဒီလိုစလိုက်လို့ သဒ္ဓါစွမ်းအားတက်လာတာနဲ့အမျှ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ စွမ်းအားတွေပါ တိုးလာမယ်။ အဲဒီတော့မှ သတိက သူ့ရဲ့အလုပ် ဖြစ်တဲ့ သတိပဋ္ဌာန်အလုပ်ကို ထိထိရောက်ရောက် လုပ်နိုင်ပြီး မဂ်ပညာကို အထောက်အကူပြုသွားမှာပါ။

စွမ်းနိုင်ရာကသာ စမယ်ဆိုရင် အစမှန်တဲ့အတွက် ‘အစွမ်း’ လည်းသန်လာပြီး ပင်ကိုအစွမ်းရှိသလောက် အစွမ်းပြနိုင်လာပါတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်တိုင် အာမခံအပြည့်နဲ့ ဟောတော်မူခဲ့တာပါ။

လူတိုင်းမှာရှိတယ်ဆိုတဲ့ အစွမ်းတွေ တစ်ယောက်နဲ့ တစ်ယောက် အချိုးအစားချင်းမတူကြတာဟာ သူတို့အလေ့အထုံ ၀ါသနာအလျောက် ပြုလုပ်ခဲရာမှာ အကြိမ်များရာက စွမ်းအားသာသွားကြတယ်လို့ပဲ ပြောရမှာပါ။ ရတနာသုံးပါးကြည်ညိုလို့ အနုဿတိတွေ အလေ့အထုံများသူက သူအလေ့အထုံများရာဘက် အားပါပြီး သဒ္ဓါတရားဦးဆောင်ရာပဲ အကျင့်သန်လာတယ်။ ဒီတော့ သူ့မှာ သဒ္ဓါစွမ်းအားက ကျန်စွမ်းအားလေးမျိုးထက် အစွမ်း ပိုပြီးကြီးမားသလို ဖြစ်နေတော့တာပေါ့။

ဝီရိယစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ ဓမ္မနယ်ပယ်မှာ သမ္မပဒါလေးပါးက စရပါမယ်တဲ့။ သမ္မပဒါန်ဝီရိယ ပွားစေရမယ်လို့ ဆိုတာပေါ့၊ သမ္မပဒါန်လေးပါးဆိုတာ….
(၁) မဖြစ်သေးတဲ့ အကုသိုလ်တရားတွေကို မဖြစ်အောင် ကြိုးစားခြင်း။
(၂) ဖြစ်ပြီးတဲ့ (ပြုမှားမိခဲ့တဲ့) အကုသိုလ်တရားတွေကိုပယ်ဖို့ ကြိုးစားခြင်း။
(၃) မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် ကြိုးစားခြင်း။
(၄) ဖြစ်ပြီး (ပြုလုပ်ဖူးပြီး) တဲ့ ကုသိုလ်တွေကို တိုးပွားအောင် ကြိုးစားခြင်းဆိုတဲ့ ‘ကောင်းစွာအားထုတ်မှု’ များပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဖြစ်ပြီး (ပြုပြီး) တဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်ရမလဲဆိုတဲ့ အချက်ပါပဲ။ ပြုမှားမိတဲ့ အကုသိုလ်အမှုကို ‘ကြွေး’ လို့ သလောထားလိုက်ရင် ဒီကိစ္စကို သဘောပေါက်မှာပါ။ကြွေးတင်နေတဲ့ လူတစ်ယောက်ဟာ ကြွေးကျေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ လူတိုင်း သဘောပေါက်ပြီးသားပါ။ အလုပ်ကို ကြိုးစားပြီး ရတဲ့လုပ်ခနဲ့ ပြန်ဆပ်ရတာပေါ့။ ဒီသဘောပါပဲ။ ဖြစ်ပြီးသားအကုသိုလ်တွေ ပယ်ဖျက်ဖို့ဆိုတာ ကုသိုလ်အလုပ်တွေကို လုပ်လိုက်ရတာပါပဲ။

ဒီနေရာမှာ ဘုရားရှင်ကတော့ (၁) အပြစ်ကို အပြစ်လို့ အသိရှိရှိ ရှုမြင်ခြင်း၊ (၂) တရားနဲ့အညီ ကုစားခြင်း၊ (၃) နောက်နောင် ဒီအပြစ်မျိုး မကျူးလွန်တော့ဘူးလို့ အခိုင်အမာ ဆုံးဖြတ်ချက်ချခြင်းဆိုတဲ့ ဒီအချက်သုံးချက်နဲ့ ပြည့်စုံရင် ဖြစ်ပြီးတဲ့အကုသိုလ်ကို ပယ်ရှားနိုင်တယ်။ ‘အရိယာတို့ရဲ့အဆုံးအမ သာသနာတော်အလိုအားဖြင့် ဒီပုဂ္ဂိုလ်မျိုးဟာ ဆုတ်ယုတ်စရာ အကြောင်းမရှိတော့ဘူး။ တိုးတက်ဖို့သာ ရှိတယ်’ လို့ မိန့်ကြားပါတယ်။ (ဒီဃ - သာမညဖလသုတ်)

အကုသိုလ်ကင်းရေးဖြစ်တဲ့ သီလခိုင်မာမှုကိုသာ အလေးအနက်ထားချင်နေတယ်ဆိုရင် ၀ီရိယစွမ်းအားကောင်း တယ်လို့ ဆိုရမှာပေါ့။ သဒ္ဓါစွမ်းအားထက်သူက ဥပုသ်စောင့်သုံးရတာ၊ ကျောင်းကန်ဘုရား သွားရတာကို ၀ါသနာတစ်ခုလို ထက်သန်တယ်။ ၀ီရိယစွမ်းအားသမားက ကျောင်းကန်ဘုရားသွားတာထက် သီလ မကျိုးမပေါက်ရေးကို ပိုပြီး အားသန်တယ်။ စဉ်းစားကြည့်ရင် နည်းနည်းထူးပါတယ်။

တချို့ကျတော့ ‘သတိစွမ်းအားကောင်းသူ’ တွေပါ။ ‘သတိ’ ဆိုတဲ့ ပါဠိစကားကို မြန်မာတွေက ကိုယ်ပိုင်စကားလို တရင်းတနှီး သုံးနေကြတာပါပဲ။ ဒီနေရာမှာ အဘိဓမ္မာသဘောအရပြောရရင် ‘ဘုရား’ အစရှိတဲ့ ကောင်းတဲ့အာရုံတွေကို သတိရနေတာကိုသာ ‘သတိ’ လို့ ဆိုရမယ်။ ‘ငယ်ငယ်က ဘယ်လိုဖြစ်ခဲ့တယ်’ လို့ ပြန်ပြီး သတိရတာမျိုးကိုတော့ ‘သညာ’ လို့သာ ဆိုရမယ်လို့ ပြောတာလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဘာကိုပဲ သတိရရ သတိအားကောင်းတယ်လို့ ဆိုရမှာပါပဲ။ ကောင်းတာကို သတိရတော့ သမ္မာသတိပေါ့၊ မကောင်းတာကို သတိရတော့ မိစ္ဆာသတိပေါ့။

ဒီဒဋ္ဌဗ္ဗသုတ်မှာ ဘုရားရှင်ပြောလိုတဲ့ သတိဆိုတာကတော့ အထူးသဖြင့် မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားဖြစ်ပေါ် နေတဲ့ ထွက်လေ၀င်လေက စပြီး မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့သဘောတွေ၊ ခန္ဓာကိုယ်ရဲ့ပြောဆိုပြုမူ လှုပ်ရှားမှုတွေကို မပြတ်စောင့်ကြည့်သလို ဖြစ်ပေါ်နေတဲ့သတိကို ပြောလိုရင်းပါ။

အဲဒီလို သတိစွမ်းကောင်းတဲ့ ပုဂ္ဂိုလ်များကတော့ ဒီနေ့ ‘တရားအားထုတ်တယ်’ ဆိုတဲ့ နယ်ပယ်မှာ အများလက်ခံ သိမှတ်ထားတဲ့ သတိပဋ္ဌာန်အလုပ်နဲ့ ထိုက်တန်တဲ့အတွက် သတိပဋ္ဌာန်လေးပါးက စသင့်ပါတယ်တဲ့။

သတိပဋ္ဌာန်လေးပါးရဲ့ အကျယ်ကတော့ ဟောပြောချက်၊ ရေးသားချက်တွေ အတော်စုံပါတယ်။ လေ့လာကြရမှာပါ။ အတိုချုပ်ကတော့ ထွက်လေ၀င်လေ ရှုရှိုက်မှုလေးကိုပင် မပြတ်သတိရှိအောင် အားထုတ်မှုမျိုး၊ သွားသတိ၊ လာသတိ၊ စားသတိ၊ အိပ်သတိ ဆိုတာမျိုး၊ လောဘ ဒေါသစတဲ့ တရားဆိုးတွေပဲဖြစ်ဖြစ်၊ သဒ္ဓါ၊ ၀ီရိယ၊ အလောဘ၊ အဒေါသ စတဲ့ တရားကောင်းတွေပဲဖြစ်ဖြစ် မိမိသန္တာန်မှာ ဖြစ်ပေါ်နေတာကို ဖြစ်ပေါ်နေမှန်းသိအောင် သတိပြုရတဲ့အလုပ်ပါ။

လူဆိုတာ ကုသိုလ်ကံမျိုးစေ့နဲ့ ဖြစ်လာကြသူများပီပီ၊ အပြစ်ကင်းခြင်းနဲ့ ကောင်းကျိုးချမ်းသာကိုသာ နှစ်သက်လက်ခံတတ်ခြင်းဆိုတဲ့ ကုသိုလ်ရဲ့ လက္ခဏာနှစ်ပါးက အခြေခံလူ့ဗီဇအဖြစ်နဲ့ ပါရှိလာတာဖြစ်လို့ မကောင်းတဲ့တရားတွေ ဖြစ်ပေါ်နေတာကို သတိထားရှိလာရင်လည်း ‘ဒါဟာ အပြစ်မကင်းတဲ့တရား၊ ကောင်းကျိုးချမ်းသာကို မပေးနိုင်တဲ့တရား’ ဆိုတာ သိပြီး ပြုပြင်ရကောင်းမှန်းသိလာတဲ့အတွက် သတိရှိသူတိုင်း အသိက နောက်ကလိုက်ပြီး ဖြစ်ပေါ်လာမြဲ ဓမ္မတာဖြစ်ပါတယ်။ သတိမပါဘဲ ဘယ်လိုအသိမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဘုရားရှင်က အသိပညာအကြောင်း ဟောတော်မူတိုင်း ‘သတိသမ္ပဇည = သတိနဲ့ အသိ’ ဆိုပြီး တွဲလျက် ဟောတော်မူတာပါ။

သတိစွမ်းအားကောင်းလို့ သတိပဋ္ဌာန်အလုပ်ကို စပြီး အားထုတ်ရာက သတိတရားတွေ ပိုပြီး အားကောင်းလာပြီဆိုရင် ကျန်တဲ့ သဒ္ဓါ၊ ၀ီရိယ၊ သမာဓိ၊ ပညာ၊ စွမ်းအားတွေလည်း သူ့အချိုးအစားအလိုက် အားကောင်းလာတာပါပဲ။ နောက်ဆုံး ပညာဉာဏ် အားပြည့်လာပြီဆိုရင်တော့ ရည်မှန်းချက်ကိစ္စကို အပြီးတိုင် အဆုံးအဖြတ်ပေးသွားပါတယ်။

လူတွေမှာရှိတဲ့ နောက်ထပ်အစွမ်းတစ်ခုကတော့ ‘သမာဓိဗလ = သမာဓိစွမ်းအား’ ပဲ ဖြစ်ပါတယ်။ သမာဓိစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်များကတော့ ‘ဈာန်လေးပါး’ က စသင့်တယ်လို့ မြတ်စွာဘုရားက ဟောညွှန်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင် အတော်များများဟာ ‘ဈာန်’ နဲ့ ‘အဘိဉာဏ်’ တို့ကို အတူတူလို မှတ်ထင်နေတတ်ကြပါတယ်။ အမှန်ကတော့ ‘ဈာန်’ ဆိုတာ …..
‘စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ ဈာန်ဟု ခေါ်သတတ်’ ဆိုတဲ့ လယ်တီဆရာတော်ဘုရားကြီးရဲ့ လင်္ကာအတိုင်းပါပဲ။ ပညတ်အာရုံ တစ်ခုခုအပေါ်မှာ စိတ်ကို တခြားလွင့်မသွားအောင် စိုက်စိုက်စူးစူး ရှုနေတဲ့ အလုပ် ဖြစ်ပါတယ်။
အဘိဓမ္မာမှာတော့ ‘ဧကဂ္ဂတာ’ တရားလို့ သုံးပါတယ်။ အာရုံတစ်ခုတည်းအပေါ်မှာသာ မပြတ်ကျရောက်နေတဲ့တရားလို့ ဆိုလိုတာပါပဲ။

ကြားဖူးနားဝဖြစ်နေတဲ့ ‘မြေလျှိုးမိုးပျံ’ ဆိုတာက အဘိဉာဏ်ရဲ့ကိစ္စပါ။

ထားပါတော့။ သမာဓိစွမ်းအားကိုဆက်လိုက်ရအောင်။ သမာဓိစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်များဟာ ဘုရားဂုဏ်၊ တရားဂုဏ်စတဲ့ တစ်ခုချင်းစီကို လိုက်ပြီး အာရုံပြုနေရတာမျိုးတို့၊ အကုသိုလ်ကင်းရေး၊ ကုသိုလ်ပွားရေး စတဲ့ အာရုံအမျိုးမျိုးနောက်လိုက်ပြီး လုပ်နေရတာတို့ကို ၀ါသနာမပါပါဘူး။ ပထ၀ီကသိုဏ်း စတဲ့ အာရုံတစ်ခုခုအပေါ်မှာသာ စူးစိုက်ရှုမှတ်နေရတဲ့ဈာန်အလုပ်ကို ပိုပြီး စိတ်အားသန်ကြပါတယ်။ ဒါကြောင့် သမာဓိစွမ်းအားကောင်းရင် ဈာန်လေးပါးတို့က စသင့်တယ်လို့ ဟောတော်မူတာပါ။

ဈာန်လေးပါးနဲ့ စလို့ သမာဓိစွမ်းအားကောင်လာတာနဲ့အမျှ ကျန်တဲ့စွမ်းအားတွေလည်း အားပြည့်လာတာပါပဲ။ ဈာန်က ထတဲ့အခါ (ဈာန်အာရုံကို အာရုံမပြုတော့တဲ့အခါ) ၀င်စားခဲ့တဲ့ဈာန်မှာ ပါဝင်တဲ့ တရားအစိတ်အပိုင်းများ ကို သတိက သုံးသပ်မိလာပြီး အသိကလည်း မြင့်သည်ထက် မြင့်လာပါတယ်။ နောက်ဆုံး ပညာစွမ်းအား အထွတ်အထိပ်လည်း ရောက်တဲ့အခါ ၀ိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ အဆင့်ဆင့်တက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြတာပါပဲ။

နောက်ပညာစွမ်းအားကောင်းတဲ့ ပုဂ္ဂိုလ်များဆိုရင်တော့ ‘သစ္စာလေးပါး က စသင့်တယ်’ လို့ ဘုရားရှင်က ဟောညွှန်ပါတယ်။ သစ္စာလေးပါးက စရတယ်ဆိုပေမယ့် အဓိကအားဖြင့်တော့ ‘တရားရှာကိုယ်မှာတွေ့’ ဆိုတဲ့ အတိုင်း ဒုက္ခသစ္စာဖြစ်တဲ့ ဒီခန္ဓာကိုယ်ကြီးက စရမှာပါ။

အစွမ်းငါးပါးတို့ဆိုတာ တစ်ခုချင်းစီ သီးခြားရယ်လို့ ဖြစ်ရိုးထုံးစံ မရှိပါဘူး။ ဦးဆောင်ရာကို ပဓာနနည်းနဲ့ အမည်တပ်ကြပေမယ့် ငါးမျိုးလုံး ပူးပေါင်းပါဝင်ပြီး ကိုယ့်ကိစ္စကိုယ် ဆောင်ရွက်ကြတာပါ။ ဒါကြောင့် ဒီဖြစ်ရပ်မျိုးတွေမှာ ‘သတိပဋ္ဌာန်အလုပ်မပါဘူး’ လို့ ပြောစရာမရှိပါဘူး။ သတိကလည်း သူ့အလုပ်သူ လုပ်ဆောင်ပြီး ပူးပေါင်းပါဝင်တယ်လို့ သဘောကျကြရမှာပါ။ စွမ်းရာက စပြီး အစွမ်းပြနိုင်တဲ့အထိ စောင့်စားနိုင်စွမ်းပါ အားဖြည့်ဖို့တော့ လိုပါတယ်။

အစွမ်းရှိသမျှ အစွမ်းပြနိုင်ကြပါစေ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ၏ ဘုန်းရယ်၊ ကံရယ်၊ ကုသိုလ်ရယ် မှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

Shared from Ko Thein Naing Ohn (FB) 

ချစ်သား သာရိပုတြာ.. ဆုံးမစကားလေးများ


(၁) ချစ်သား သာရိပုတြာ
သူမတရားဘူး၊ငါတရားတယ်၊
သူမှားတယ်၊ ငါမှန်တယ် ဆိုတဲ့
ဆန့် ကျင်စကားပြောကြားခြင်းအမူ့ ကို
အကျယ်အကျယ် စကားကြွယ်မဲ့ ကြောက်ဖွယ်ဘေးကြီးပါ တကား လို့ 
ချစ်သားတို့ အမှန်အတိုင်းမြင်ကြ။

ဘယ်လောက်ကြောက်ဖွယ်ကောင်းလည်းဆိုရင်
ကောသမ္ဗီပြည်မှာ ရဟန်းနှစ်ပါး အငြင်းပွားရာကစ ပြီး
ဘဝဂ်တိုင်အောင် လူတွေ နတ်တွေ ဗြဟ္မာတွေ နှစ်ဘက် ကွဲကုန်ကြတယ်။
ဒီတော့ အငြင်းပွားခြင်း ဝိဝါဒသည်
လွန်စွာ ကြောက်စရာဖွယ်ကောင်းတယ်။
အငြင်းမပွားမူ့ ဟာ ဘေးမဖြစ်စေဘဲ အေးချမ်းတဲ့ တရားပဲ။
ဤကဲ့ သို့ အမှန်အတိုင်းသိကြပြီး ညီညွတ်ကြ၊
ပြေပြစ်သောစကားပြောကြားကြ ၊
ဤကား အဆူဆူသော ဘုရားရှင်တို့ ၏ အဆုံးအမ ဖြစ်တယ်။

(၂) ချစ်သား သာရိပုတြာ
သင်ချစ်သားတို့ သည်ကုသိုလ်ပြုခွင့် ကြုံကြိုက်သော်
အချိန်ဆွဲခြင်း၊ရှောင်လွဲခိုကပ်ခြင်း၊အပျင်းပိုခြင်းကို
ဘေးအနေအားဖြင့် မြင်ပြီး အပျင်းကိုခွါရှောင်
ဝီရိယကို ပွားကြခြင်းသည် ဘေးကင်းသော တရားပါပဲ။
ဤသည်ကား ဗုဒ္ဓါနုသာသနီ ဘုရားအဆူဆူတို့ ၏ အဆုံးအမ ဖြစ်တယ်။

(၃)ချစ်သားသာရိပုတြာ
အာရုံငါးပါး လိုက်စားမူးမေ့ ပုထုဇဉ်တို့ ၏
အလေ့ကို ကြောက်ဖွယ်ဘေး အနေနဲ့ ချစ်သားတို့ မြင်ကြ။
အာရုံ ငါးပါးမလိုက်စားဘဲ ကုသိုလ်တရားတို့ ၌
မမေ့မလျော့ မပေါ့ဆခြင်း သတိတရားကို
ဘေးကင်းတဲ့ တရားအနေဖြင့် သင်ချစ်သားတို့ မြင်ကြရမယ်။
မြင်ပြီးတော့ ကုသိုလ်တရားတို့ ၌ နေ့ နေ့ ညည မမေ့ကြကုန်လင့်။
ဤသည်ကား ဘုရားအဆူဆူတို့ ဆုံးမတော်မူသည့်
အနုသာသန သြဝါဒတော် ဖြစ်ပေသည် ဟူ၍ ဟောတော်မူခဲ့ပါသည်။

ဘုရားရှင်တို့  ချီမွမ်းအပ်သည့် 
သုံးခန်းသိက္ခာ သာသနာတော်၏
အကွပ် မြတ်မွန်လှသည့် အပ္ပမာဒ တရားကိုကား
နိဗ္ဗာန်တိုင်ထိ အကျိုးရှိမည့်
ဘာဝိတဗ္ဗမှန်ငြား တို့ တတွေ ပွားရမည့်
ဘေးကင်းသော တရားအနေဖြင့်
ယထာဘူတ သဘာဝ ဥာဏ်ဝင်
အမှန်တိုင်းမြင်ပြီး မမေ့ မလျော့ ထက်သန်ခိုင်ထွား
အပ္ပမာဒ တရား ကိုယ်စီကိုယ်င လက်ကိုင်ထားနိုင်ကြသည် ဓမ္မမိတ်ဆွေ အပေါင်းတို့ ...။

Credit by ကို ဦး ငယ်

Ko Thant Gyi ထံမှ ကူးယူပူဇော်ပါသည်။
Photo Credit >> Original Uploader

ဘာဝနာဆိုတာ ဘာလဲ


အလွန်အကျိုးကျေးဇူးများလို့ မိမိရဲ့ စိတ်မှာ အဖန်ဖန်ဖြစ်စေထိုက်တဲ့ တရားကို ‘ဘာဝနာ’ လို့ ခေါ်တယ်။ အင်္ဂလိပ်လို “Meditation” လို့ ခေါ်တယ်။

“ဘာဝေတဗ္ဗာတိ ဘာဝနာ”

ဘာဝေတဗ္ဗာ၊ ရှေးဦးစွာ ဖြစ်စေသင့် ဖြစ်စေထိုက်၏။ တစ်ကြိမ်ဖြစ်ပြီးနောက်မှာလည်း ထပ်ကာထပ်ကာ တိုးပြီး ဖြစ်စေထိုက်၏။ ဣတိ၊ ထို့ကြောင့်။ ဘာဝနာ၊ ဘာဝနာ မည်၏။
“အကျိုးတရား၊ အလွန်များသဖြင့်၊ ဖြစ်ပွားစေအပ်၊ တရားမြတ် မှတ်လေဘာဝနာ”
လို့ မဟာဂန္ဓာရုံဆရာတော် ‘အရှင်ဇနကာဘိဝံသ’ က စပ်ဆိုတော်မူခဲ့ပါတယ်။

ဘာကြောင့် အကျိုးများသလဲ

ဘာဝနာရှုပွားနေတဲ့အခါမှာ ကုသိုလ်စိတ်တွေ ထပ်ကာထပ်ကာဖြစ်ပွားနေလို့ အကျိုးကျေးဇူးအလွန်များခြင်း ဖြစ်ပါတယ်။
စိတ်ဟာ အလွန်လျင်မြန်တယ်၊ လျှပ်တစ်ပြက်၊ လက်ဖျစ်တစ်တွက်၊ မျက်စိတစ်မှိတ်ကာလအတွင်းမှာပဲ စိတ် ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်လို့ အဘိဓမ္မာမှာ ဆိုထားတယ်။

ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်သွားနိုင်တယ်။ ထက်မြက်တဲ့ ကုသိုလ်စိတ်တစ်ခုစီက ကုသိုလ်ကံမျိုးစေ့တစ်ခုကို ချန်ရစ်ခဲ့ပြီး ကုသိုလ်ကံမျိုးစေ့တစ်ခုစီက ကောင်းမြတ်တဲ့ လူ့ဘ၀ သို့မဟုတ် နတ်ဘ၀တစ်ခုကို ဖြစ်ပေါ်စေနိုင်တယ်။ ဒါကြောင့် ဘာဝနာရှုပွားတဲ့ အကျိုးကျေးဇူးဟာ အလွန့်အလွန် ကြီးမားပါတယ်။

ဘာဝနာမရှုတဲ့အချိန်တွေမှာ ဘာစိတ်တွေ အဖြစ်များမယ်ထင်သလဲ။ အကုသိုလ်စိတ်တွေ အဖြစ်များလိမ့်မယ်။

“ပါပသ္မိံ ရမတေ မနော” (ဓမ္မပဒပါဠိတော်)
မနော၊ စိတ်မည်သည်။ ပါပသ္မိံ၊ မကောင်းရာ၌သာလျှင်။ ရမတေ၊ မွေ့လျော်၏တဲ့။
သွန်းလောင်းလိုက်တဲ့ ရေဟာ နိမ့်ရာဘက်သို့ စီးသွားမြဲဓမ္မတာအတိုင်း အထိန်းအကွပ်မရှိတဲ့စိတ်ဟာ မကောင်းမှုတွေမှာသာ လှည့်လည်ကျက်စားနေလေ့ရှိတယ်။ ဘာကြောင့်လဲ။

ပုထုဇဉ်သတ္တ၀ါတွေ သံသရာကျင်လည်နေကြတဲ့အခါမှာ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေက စိတ်ကို အပိုင်စီးထားလို့ပါပဲ။ လောဘက ကာမဂုဏ်အာရုံတွေကို နှစ်သက်တော့ စိတ်ကို ကာဂုဏ်အာရုံတွေမှာ ကျက်စားစေတယ်။ စိတ်ကို အလွတ်ထားလိုက်တာနဲ့ တစ်ပြိုင်နက် လောဘရဲ့ ခြယ်လှယ်မှုကြောင့် ရုပ်ရှင်ရုံ၊ လက်ဖက်ရည်ဆိုင်၊ အ၀တ်ကောင်း၊ အစားကောင်းစတဲ့ ကာမဂုဏ်အာရုံတွေအကြောင်းကိုတွေးတောတော့တာပဲ။ ကာမဂုဏ်အာရုံတွေနဲ့ ဆုံတွေ့လို့ နှစ်သက်သဘောကျနေတဲ့ အခါမှာလည်း လောဘစိတ်တွေ ဖြစ်နေတာပဲ။
မကောင်းတဲ့အာရုံ၊ အလိုမကျတဲ့ အာရုံတွေနဲ့ ဆုံတွေ့တဲ့အခါ စိတ်ဆိုးစိတ်ပျက်သွားတာက ဒေါသစိတ်ဖြစ်သွားလို့ပါပဲ။ တွေဝေမေ့လျော့နေတဲ့အခါ၊ စိတ်ပျံ့လွင့်နေတဲ့အခါများမှာတော့ မောဟစိတ်ဖြစ်တယ်။
လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တို့က အကုသိုလ်စိတ်လို့အမည်ရကြတယ်။ သည်စိတ်တွေက အကုသိုလ်ကံမျိုးစေ့ကို ချန်ရစ်ပြီးအပါယ်ဘ၀စတဲ့ မကောင်းကျိုးကို ပေးကြပါတယ်။

ဒါကြောင့် ဘာဝနာရှုပွားနေတဲ့ စက္ကန့်တိုင်းမှာ ကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော်ဖြစ်နိုင်သလို ဘာဝနာမရှုပွားလို့ မေ့လျော့နေတဲ့စက္ကန့်တိုင်းမှာ အကုသိုလ်စိတ်တွေ ကုဋေတစ်သိန်းကျော် ဖြစ်ပွားနိုင်တယ်။ ကုသိုလ်စိတ်က အေးမြချမ်းသာပြီး အကုသိုလ်စိတ်က ပူလောင်ဆင်းရဲတယ်။ ကုသိုလ်ကံက လူနတ်ဘ၀စတဲ့ သုဂတိအကျိုးကို ပေးပြီး အကုသိုလ်ကံက အပါယ်ဘ၀စတဲ့ ဒုဂ္ဂတိအကျိုးကို ပေးတယ်။

ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ အကျိုးက မိုးနဲ့မြေထက်မကကွာဟနေကြသလို ဘာဝနာရှုပွားခြင်းနဲ့ မေ့လျော့နေခြင်းတို့ကလည်း မိုးနဲ့မြေမက ကွာဟနေပေတယ်။ သည်လိုဆိုရင် ဘာဝနာမရှုပွားသင့်ဘူးလား။ ‘လောကမှာ အရင်းအနှီးစိုက်ထုတ်ဖို့ မလိုဘဲ အကျိုးအမြတ်အကြီးဆုံးအလုပ်က ဘာဝနာအလုပ်ပါပဲ’ ။

ယောစ၀ဿ သတံဇီဝေ၊ ဒုဿီလော အသမာဟိတော။
ကောဟံဇီဝိတံသေယျော၊ သီလ၀န္တဿဈာယိနော။
“သီလသမာဓိ မရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ “ ။
Better than a hundred years of uncontrolled existence is one day of thoughtful and meditation life.
သီလသမာဓိ၊ မရှိချည်းနှီး၊ အသက်ကြီးလာ၊ နှစ်တစ်ရာထက်၊ တစ်ရက်တာမျှ၊ သမထနှင့်၊ ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ်သူ၊ မြတ်သောဟူ၏ ။ (သဟဿဝဂ်၊ သံကိစ္စသာမဏေရ၀တ္ထု)

ဝိပဿနာဘာဝနာ

သတ္တ၀ါတို့ရဲ့ စိတ်ကို စင်ကြယ်စေဖို့ -
စိုးရိမ်ခြင်း သောကနှင့် ငိုကြွေးခြင်း ပရိဒေ၀တို့ကို လွန်မြောက်စေဖို့ -
ကိုယ်ဆင်းရဲခြင်းဒုက္ခနှင့် စိတ်ဆင်းရဲခြင်းဒေါမနဿတို့ကိုချုပ်ငြိမ်းစေဖို့ -
အပါယ်တံခါးကို ထာဝရပိတ်ဆို့နိုင်တဲ့ အရိယမဂ်ဖိုလ်နဲ့ အတုမရှိ ချမ်းသာတဲ့ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းမကြီးဟာ သတိပဋ္ဌာန်ဝိပဿနာကို ရှုပွားခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓမြတ်စွာဟာ “မဟာသတိပဋ္ဌာနသုတ်” တော်မှာ -
• သမထ - ၀ိပဿနာ ရှုပွားခြင်းဆိုတဲ့ မဟာသတိပဋ္ဌာန် ခရီးလမ်းမကြီးဟာ
• သတ္တ၀ါတို့ရဲ့ စိတ်ကို စင်ကြယ်စေဖို့
• စိုးရိမ်ခြင်းသောကနဲ့ ငိုကြွေးခြင်း ပရိဒေ၀တို့ကို လွန်မြောက်စေဖို့
• ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ချုပ်ငြိမ်းစေဖို့၊
• အရိယမဂ်ကို ရဖို့နဲ့
• နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် တစ်ကြောင်းတည်းသော ခရီးလမ်းမကြီးဖြစ်တယ်လို့ ဟောတော်မူပါတယ်။

စိတ်ကို ဆုံးမနည်း

ပါပသ္မိံရမတေမနော (ဓမ္မပဒပါဠိတော်)
စိတ်ဟာ မကောင်းမှုမှာမွေ့လျော်တတ်တယ်။
ဒါကြောင့် စိတ်ကို မထိန်းကွပ်ဘဲ လွှတ်ထားမယ်ဆိုရင် မကောင်းမှုအကုသိုလ်တွေသာ တိုးပွားနေလိမ့်မယ်။ အကုသိုလ်ကံက အပါယ်အကျိုးကိုသာ ပေးဆောင်မှာမို့ ယခုအနေချောင်ရင် နောင်အသေကျပ်လိမ့်မယ်။

စိတ်ကို သီလကျင့်စဉ်၊ သမထ(သမာဓိ)ကျင့်စဉ်၊ ၀ိပဿနာ(ပညာ)ကျင့်စဉ်တို့နဲ့ အဆင့်ဆင့်ယဉ်ကျေးအောင် ဆုံးမရတယ်။ အဲသလို ဆုံးမနိုင်မှ အဖိုးတန်ဆုံးဘ၀နဲ့ အမြတ်ဆုံးချမ်းသာကို ရရှိလိမ့်မယ်။

“ အလွန်နှိမ်နင်းနိုင်ခဲသော လျင်မြန်စွာဖြစ်ချုပ်ခြင်း ရှိထသော အလိုရှိရာအာရုံ၌ ကျတတ်သော စိတ်ကို ယဉ်ကျေးအောင် ဆုံးမခြင်းသည် ကောင်းမြတ်လှ၏။ ဆုံးမပြီးသည်ဖြစ်၍ ယဉ်ကျေးသောစိတ်သည် မဂ်ဖိုလ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ဆောင်တတ်၏။ (ဓမ္မပဒ၊ စိတ္တ၀ဂ်၊ ဂါထာ ၃၅)

ဗုဒ္ဓါနုဿတိ

အမြတ်ဆုံး သမထဘာဝနာဖြစ်တဲ့ ဗုဒ္ဓါနုဿတိကို ပွားများကြ။ ဗုဒ္ဓါနုဿတိကို ပွားရင် အလိုဆန္ဒရှိသမျှ ပြည့်စုံလိမ့်မယ်။ (သုဘူတိထေရအပါဒါန်)
ဗုဒ္ဓါနုဿတိနှင့် ထုံမွမ်းထားတဲ့ခန္ဓာအိမ်ဟာ စေတီအိမ်လို မြင့်မြတ်လာတယ်။ ဒါကြောင့် တစ္ဆေသရဲ သဘက်စတဲ့ မကောင်းဆိုးဝါးများက ရန်မမူနိုင်ကြဘူး။ ဘေးအန္တရာယ်အသွယ်သွယ်ကို နှိမ်နင်းကာကွယ်နိုင်တယ်။ သေလွန်တဲ့အခါ ကောင်းရာသုဂတိသို့လားရောက်ရတယ်။
ဥပသကာ တစ်ဦးဟာ ဘုရားဂုဏ်တော်ကို အာရုံပြုတော့ ပီတိဖြစ်လာပြီး ရေပြင်မှာ ထောက်တယ်ရာရခဲ့တယ်။ ရေပြင်ကို မြေပြင်လို နင်းသွားနိုင်တယ်။ (သီလာနိသံသဇာတ်)

ဗုဒ္ဓါနုဿတိရဲ့ အကျိုးကျေးဇူးများ

မြတ်စွာဘုရားရဲ့ ထူးခြားမြင့်မြတ်တဲ့ ဂုဏ်တော်များကို အဖန်တလဲလဲ နှလုံးသွင်းပြီး ဗုဒ္ဓါနုဿတိ ပွားများနေတဲ့သူတို့ဟာ -
(၁) မြတ်စွာဘုရား၌ ရိုသေကျိုးနွံစွာ တုပ်ဝပ်ခြင်း ပိုရှိလာတယ်။
(၂) သဒ္ဓါ၊ သတိ၊ ပညာတို့ တိုးတက်ကောင်းမွန်လာတယ်။
(၃) နှစ်သက်ခြင်းပီတိနှင့် ၀မ်းမြောက်ခြင်းပါမောဇ္ဇတို့များစွာဖြစ်တယ်။
(၄) ကုသိုလ်ကောင်းမှုများစွာ တိုးတက်လာတယ်။
(၅) ဘေးကြီးဘေးငယ်တို့ကို နှိမ်နင်းကာကွယ်နိုင်တယ်။
(၆) ဆင်းရဲဒုက္ခကို သည်းခံနိုင်စွမ်း ရှိလာတယ်။
(၇) မြတ်စွာဘုရားနဲ့အတူတကွ နေထိုင်ရတဲ့ အမှတ်သညာကို ရတယ်။
(၈) ဘုရားဂုဏ်တော်ကို အဖန်ဖန်အထပ်ထပ် အောက်မေ့နေတဲ့ သတိရဲ့ ကိန်းအောင်းတည်နေတဲ့ ခန္ဓာအိမ်ဟာ စေတီအိမ်ကဲ့သို့ ပူဇော်ခြင်းငှာထိုက်လာတယ်။
(၉) လွန်ကျူးအပ်တဲ့ ၀တ္ထုနဲ့ ဆုံတွေ့လာရင် ဘုရားရှင်ကို မြင်နေသလိုဖြစ်လို့ ရှက်ကြောက်ခြင်း ဟိရီ - သြတ္တပ္ပ ဖြစ်တယ်။
(၁၀) မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်းမြင်သိဖို့ အထောက်အကူ ဖြစ်တယ်။
(၁၁) သေလွန်တဲ့အခါ ကောင်းရာသုဂတိသို့ လားရောက်ရတယ်။
(ကျိုက်ထိုမူ-၀ိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ၁၊ ၄၁၇-၄၁၈)

မေတ္တာဘာဝနာ

တစ်လောကလုံးကို အလှဖုံးစေပြီး ငြိမ်းချမ်းစိုပြည်စေတာမေတ္တာ။
ရန်ရန်ချင်း မတုံနှင်းဘဲ သည်းခံခွင့်လွှတ်နိုင်တာ မေတ္တာ။
ဒေါသမီးတောက်မီးလျှံကို ငြိမ်းအေးစေနိုင်တဲ့ တစ်ခုတည်းသော သီတာရေစင်ဟာ မေတ္တာ။
ခန္တီမေတ္တာက မအောင်မြင်နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။
သတ္တ၀ါအများ ချမ်းသာအောင် မေတ္တာပွားပို့ခြင်းဟာ မိမိချမ်းသာအောင် ပြုလုပ်နေခြင်းပဲ ဖြစ်တယ်။ မေတ္တာဈာန်ဟာ အလွန်အေးမြချမ်းသာတယ်။
မေတ္တာဈာန်ဝင်စားနိုင်မှ မေတ္တာအစွမ်းထက်မြက်တယ်။ မေတ္တာဈာန်ဖြင့် နွားနို့တစ်ညှစ်စာ မေတ္တာပွားပို့လျှင် တစ်နေ့အိုး ၃၀၀ ဆွမ်းချက်လှူတာထက် ပိုအကျိုးအမြတ်ကြီးတယ်။
“တစ်နေ့သုံးခါ အိုးတစ်ရာနှင့်၊ ချက်ကာထမင်း၊ ပေးလှူခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း” (မဟာစည်ဆရာတော်)

မေတ္တာဘာဝနာရဲ့ အကျိုးကျေးဇူးများ

မေတ္တာကို ကောင်းစွာ ပွားများအားထုတ်ပြီး မေတ္တာဈာန် ၀င်စားနိုင်တဲ့သူတွေဟာ အောက်ပါ ၁၁-ပါးသော အကျိုးကျေးဇူးတို့ကို မချွတ်ဧကန် အမှန်ရရှိတယ်။
၁။ ချမ်းသာစွာ အိပ်ရတယ်။
၂။ ချမ်းသာစွာ နိုးရတယ်။
၃။ ယုတ်မာဆိုးရွားတဲ့ အိပ်မက်များကို မမြင်မက်ရဘူး။
၎။ လူတို့ချစ်ခင်တယ်။
၅။ နတ်တို့လည်း ချစ်ခင်တယ်။
၆။ နတ်တို့ စောင့်ရှောက်တယ်။
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မစူးရှဘူး။
၈။ စိတ်တည်ကြည်တယ်။
၉။ မျက်နှာအဆင်း ကြည်လင်တယ်။
၁၀။ မတွေမဝေသေရတယ်။
၁၁။ ဤဘ၀မဂ်ဉာဏ်ကို ထိုးထွင်းပြီး မရရင် ဗြဟ္မာပြည်လားရတယ်။ (၀ိသုဒ္ဓိမဂ်၊ ဋ္ဌ၊ ၂၊ ၂၈-၂၉)

အသုဘကမ္မဋ္ဌာန်း

အရိုးကို အရွက်မဖုံးစေနဲ့။ စက်ဆုပ်စဖွယ် အသုဘအလောင်းကောင်ကို အရေပါးကလေး မဖုံးစေနဲ့။ အရေခွံပါးကို ခွာလိုက်ရင် ဘာတွေ့ရမလဲ။
Beauty is skin deep.
အလှဆိုတာ အရေပြားတစ်ထောက်စာပဲတဲ့။
သံသရာစခန်းမှာ မပြတ်ဖမ်းစားတတ်တဲ့ ဆင်းရဲအနန္ဒကို ဖြစ်ပွားစေတတ်တဲ့ ရာဂဘီလူးကြီးကို တားဆီးဖို့အတွက် အစွမ်းအထက်ဆုံးမန္တရားက အသုဘကမ္မဋ္ဌာန်းပါပဲ။ ရာဂဘီလူးဟာ အသုဘမန္တာရားကို အလွန်ကြောက်တယ်။
ဤခန္ဓာကိုယ်ရုပ်အစုကို အသုဘရှုခြင်းဟာ ငါ့ရဲ့အလုပ်ပဲလို့ ကြံစည်နှိုင်းဆ သဘောကျပြီး မတင့်မတယ် ရွံရှာဖွယ် ဖြစ်တယ်လို့ ရှုမှတ်တတ်တဲ့ အသုဘဘာဝနာကို အခါခါပွားများရင် ယခုတင်ပဲ ရာဂမီးအား အရှိန်နည်းပြီး နှစ်သက်ဝမ်းမြောက်ခြင်းကို စင်စစ်ဧကန်ရပေလိမ့်မယ်။ (စတုရာရက္ခကျမ်း)

အသုဘ ကမ္မဋ္ဌာန်းရဲ့ မျက်မှောက်အကျိုး ၅ ပါး

၁။ တပ်မက်နှစ်သက်တဲ့ ရာဂမှ စင်ကြယ်ခြင်း၊
၂။ စိုးရိမ်ပူဆွေး ငိုကြွေမှုမရှိခြင်း၊
၃။ ကိုယ်စိတ်ဆင်းရဲမှ ကင်းဝေးခြင်း၊
၎။ အရိယမဂ်သို့ ဆိုက်ရောက်ခြင်း၊
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းတို့ ဖြစ်ပါတယ်။ (စတုရာရက္ခကျမ်း)

ကာယဂတာသတိ

ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အရိုး၊ အကြော၊ အသည်း၊ အဆုတ်စတဲ့ ၃၂ - ကောဋ္ဌာသတို့ရဲ့ အပေါင်းအစုကို ကာယ=ကိုယ်လို့ခေါ်တယ်။ ကိုယ်မှာဖြစ်တဲ့သတိဟာ ကာယဂတာသတိပါပဲ။
သည်ကိုယ်ဟာ သေသွားတော့မှ မတင့်တယ်လို့ အသုဘခေါ်ရတာလား။ အသက်ရှင်နေဆဲကော…ကောဋ္ဌာသတစ်ခုစီကို ဆန်းစစ်ကြည့်ရင် ရွံစရာအသုဘပဲမဟုတ်လား။
ခန္ဓာကိုယ်ကို ကောဋ္ဌသအစုအပုံအနေနဲ့ ရှုမြင်တတ်ရင် ပုဂ္ဂိုလ်သတ္တ၀ါဆိုတဲ့ အသိသညာ ကွယ်ပပြီး သက္ကာယဒိဋ္ဌိကို ချိုးနှိမ်နိုင်တယ်။ ခန္ဓာကိုယ်မှာ တပ်မက်တွယ်တာတတ်တဲ့ တဏှာရာဂလည်း ငြိမ်းဝမ်သွားလို့ နိဗ္ဗာန်သို့ တက်လှမ်းရင် အခွင့်အလမ်း ပွင့်သွားတယ်။
“ရဟန်းတို့…ကာယဂတာသတိကို မသုံးဆောင်ကုန်သူ၊ မသုံးဆောင်အပ်ကုန်သူ၊ မေ့လျော့ကုန်သူတို့ဟာ အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည်၊ မသုံးဆောင်အပ်သည်၊ မေ့လျောသည် မည်ကုန်တယ်။
“ရဟန်းတို့…ကာယဂတာသတိကို မှီဝဲပွားများ အဖန်ဖန်အလေ့အလာပြုသူတို့ဟာ အမြိုက်နိဗ္ဗာန်ကို မှီဝဲပွားများ အဖန်ဖန် အလေ့အလာပြုသည်မည်ကုန်တယ်” (ဧကင်္ဂုတ္တရပါဠိတော်)

မရဏာနုဿတိ

လူဟာ သေမျိုးဖြစ်လို့ ကွေးတဲ့လက် မဆန့်မီ၊ ဆန့်တဲ့လက်မကွေးမီ သေနိုင်တယ်။ သို့ပေမယ် လူတွေဟာ သေရမှာကို မေ့လျော့နေပြီး ဘယ်တော့မှ မသေတော့မည့်ဟန်ဖြင့် ဥစ္စာတွေ ရှာဖွေသိုမှီးနေကြတယ်။ မာနတံခွန်တွေ ထောင်လွှားပြီး ဂုဏ်တုဂုဏ်ပြိုင်အနိုင်ကြဲနေကြတယ်။ ဒေါသမိုးမွှန်ပြီး ခိုက်ရန် ဖြစ်နေကြတယ်။
“မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ”
“ငါရဲ့ သေခြင်းဟာ မြဲတယ်၊ ငါရဲ့အသက်ရှင်ခြင်းဟာ မမြဲဘူး”
မိမိသေနေပုံကိုမြင်အောင်ကြည့်ပြီး သည်လိုရှုပွားဖန်များလျှင် မိမိရဲ့ သေခြင်းသဘောဟာ ထင်ရှားလာတယ်။ သံဝေဂပြင်းစွာဖြစ်ပြီး မာန၊ လောဘ၊ ဒေါသတို့ လျှောကျကုန်တယ်။ သေမင်းကို မကြောက်မရွံ ရင်ဆိုင်ဝံ့လာတယ်။
ဘုရားရှင်က “ရဟန်းတို့…သေခြင်းကို အောက်မေ့တဲ့ မရဏာနုဿတိကို ကြိမ်ဖန်များစွာ ပွားများကြရင် အလွန်အကျိုးကြီးတယ်၊ အာနိသင်ကြီးတယ်၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်တယ်၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိတယ်။ ရဟန်းတို့ … မရဏာနုဿတိကို ပွားများအားထုတ်ကြ”လို့ တိုက်တွန်းတော်မူတယ်။

ဗုဒ္ဓဘာသာဝင် သူတော်စင်များဟာ အကောင်းဆုံးဘ၀နှင့် အကောင်းဆုံး အခွင့်အရေးကို ရရှိနေကြပြီ။

အမြင်ကြည်လင်ကြတဲ့ ဗုဒ္ဓဘာသာဝင်များဟာ ဘ၀ကိစ္စကို ဆောင်ရွက်ကြရာမှာ အမြတ်ဆုံးပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ ယခုဘ၀လည်း ချမ်းသာ၊ နောင် ဘ၀အဆက်ဆက်လည်း ချမ်းသာစေမယ့် လုပ်ငန်းဆောင်တာများကိုသာ လုပ်ဆောင်ကြပါတယ်။

တကယ်ချမ်းသာအစစ်အမှန်ဆိုတာက ဈာန်ချမ်းသာ၊ မဂ်ဖိုလ်ချမ်းသာနဲ့ နိဗ္ဗာန်ချမ်းသာတို့သာ ဖြစ်တြယ်ဆိုကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ သိနားလည်ကြပါပြီ။

အတုမရှိတဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို သဒ္ဓါကြည်ရွှင်တဲ့ ဗုဒ္ဓဘာသာဝင်အဖြစ် ဆုံတွေ့နေရတာ မဟာအခွင့်အရေးကြီးပါပဲ။ သမထကျင့်စဉ်၊ ၀ိပဿနာကျင့်စဉ်တို့က ရေကန်အသင်ကြာအသင့် ဖြစ်နေကြတယ်။

မေတ္တာဘာဝနာ၊ ဗုဒ္ဓါနုဿတိ၊ အသုဘကမ္မဋ္ဌာန်းနှင့် မရဏာနုဿတိတို့ကို သွားရင်းလာရင်း နေရင်းထိုင်ရင်း အမြဲတစေနှလုံးသွင်း စီးဖြန်းနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ကြရပေမည်။

သမထအလုပ်ကတော့ ဘုရားသာသနာပြင်ပ အချိန်အခါမှာလည်း လုပ်ဆောင်ခွင့် ရကြပါတယ်။ ၀ိပဿနာအလုပ်ကိုတော့ ဘုရားသာသနာအတွင်းမှာသာ လုပ်ဆောင်ခွင့်ရ ကြပါတယ်။ ဒါကြောင့် ၀ိပဿနာအလုပ်ကို အရိုးကြေကြေ အရေခန်းခန်း နောက်မဆုတ်တမ်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုးကာ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းကြရပါမည်။
အမြတ်ဆုံးပန်းတိုင်သို့ လျင်မြန်စောစွာ ဆိုက်ရောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
ဒေါက်တာမင်းတင်မွန်၏ မြတ်ဘာဝနာ မှ ကောက်နှုတ်ဖော်ပြပါသည်။

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် ဗုဒ္ဓဘုရားရှင်အားတရားတော်နှင့်ပူဇော်အပ်ပါသည်။
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊ နမော ၀ိမုတ္တာနံ၊ နမော ၀ိမုတ္တိယာ။
ဘုရားရှင်တို့အားရှိခိုးပါ၏။
ကိလေသာတို့မှလွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ၀ိမုတ္တိ ငါးပါး အား ရှိခိုးပါ၏။

Shared from Ko Thein Naing Ohn (FB)

မာဂဓအလွမ်းများ..............


မှတ်သားစရာလေးဖြစ်သလို ရင်ထဲထိလို့ ရှယ်လိုက်ပါတယ်။
မေတ္တာတရားဆိုတာ အသွား နဲ့ အပြန်ရှိတယ်နော်

မာဂဓအလွမ်းများ..............

ကော့သောင်းမှာနေတုန်းက ကိုယ်ဝန်ကြီးနဲ့ ခွေးမလေးတစ်ကောင်ကို
နေ့စဉ်ထမင်းကျွေး ဖြစ်တယ်။ ဆိုင်က အရိုးအရင်းလေးတွေ ၂၀၀ ဖိုးလောက်ဝယ်ပြီး သေသေချာချာ နယ်ဖတ်ကျွေးတော့ စားလိုက်တာ ခေါင်းမဖေါ်နိုင်ဘူး။

အဲဒီခွေးမလေးက ကျွန်တော်အပြင်ကပြန်လာရင် ဆိုင်ကယ်ကို ပြေးပြေးပြီးကြိုလေ့ ရှိတယ်။ ခွေးတွေဓမ္မတာ ခုန်ပေါက်ပြေးလွှား ပတပ်ရပ်ပေါ့။

တစ်ရက်သတိထားမိတာက ခွေးမလေးဟာ ကျွန်တော့်ကိုကြိုတဲ့အခါ ရိုးရိုး ခုန်ပေါက်ပြေး လွှားနေတာမဟုတ်တော့ဘဲ ကျွန်တော့်ဆီပြေးလာလိုက် ရုတ်ခနဲ သူနဲ့ဘဝတူ အမှိုက်ပုံ ကခွေး လေးငါးကောင်ရှေ့ကိုပြေး သွားလိုက်နဲ့ ပျော်ရွှင်မြူးတူးပြနေတာတွေ့ရတယ်။

ခွေးမို့လို့ စကားမပြောတတ်ပေမဲ့ အမှိုက်ပုံပေါ်က ခွေးတွေရှေ့ရောက်ရင် အဲဒီခွေးတွေကို လှည့်ပတ်ပြီးမှ ကျွန်တော့်ဆီပြေးလာတာလေ။ မျက်နှာလေးက ချီလို့။

"ဟဲ့...အမှိုက်ပုံမှာကြီးပြင်းတဲ့ခွေးချင်းအတူတူ ငါ့မှာ ထမင်းပုံမှန်ကျွေးမယ့် သခင်နဲ့ဟဲ့ တွေ့လား..." ဆိုပြီး ဟိုအဖွဲ့ကို ခပ်ကြွးကြွားလေး လှည့်ပတ်ပြနေသလိုပဲ။

အမှိုက်ပုံပေါ်က ခွေးလေးငါးကောင်ကတော့ သူ့ကိုငေးကြည့်လို့...။ အဲဒီငေးကြည့်နေတဲ့ မျက်ဝန်းတွေမှာလည်း သိမ်ငယ်မှုတွေ၊ ဝမ်းနည်းရိပ်တွေက အထင်းသား။ ကိုယ်က လည်း အဲဒီတစ်အုပ်ကြီးကို မကျွေးနိုင်တော့ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။

နောက်တစ်ခုကတော့ ထုံးစံအတိုင်း ခွေးတွေရဲ့ မှတ်ဥာဏ်ကောင်းပုံအကြောင်းပါ။
လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်လောက်က ရန်ကုန်မှာ တစ်နှစ်ခွဲကျော်ကျော်လောက် အလုပ်လာလုပ်ပြီး ကော့သောင်းကိုပြန်သွားတယ်။

ဆိုင်ကယ်တစ်စီးဝယ်ပြီး ဆိုင်ကယ်တက္ကစီဆွဲတော့ ကိုယ်ဂိတ်ထိုးနေကျ နေရာသွား ထိုးတာပေါ့။

တအောင့်လောက်ကြာတော့ ဘေးဘယ်ညာမှာထွားထွားကြိုင်းကြိုင်း ခွေးထီးအနက်နှ စ်ကောင် ရောက်လာပြီး ကျွန်တော့်ခြေထောက်ကို တစ်ဘက်တစ်ချက်စီကနေ နမ်းနေကြ တယ်။ ကျွန်တော်ကလည်း ဒီခွေးတွေက ခင်တတ်တဲ့ခွေးတွေပဲနေမှာပေါ့လို့ တွေးပြီး ဒီအတိုင်းပဲ ကြည့်နေလိုက်တယ်။

မကြာပါဘူး နှစ်ကောင်သားတိုင်ပင်ထားတာကျနေတာပဲ ဝုန်းခနဲပတပ်ရပ်ပြီး တဟဲဟဲနဲ့ ကျွန်တော့်ကို လျှာနဲ့လျက် နုတ်ဆက်ပါလေရော။ ဟ...ဟ ဒီနှစ်ကောင်က ဘယ်လိုဖြစ် တာလဲလို့ ငေါက်လိုက်တော့ ဘေးက သူငယ်ချင်းတစ်ယောက်က "ကိုကျော်ကြီး မမှတ်မိ ဘူးလား၊ ဒီနှစ်ကောင်က ကိုကျြော်ကီး လက်ဘက်ရည်ဆိုင်ထိုင်တိုင်း အီကြာကွေးကျွေးနေကျ နှစ်ကောင်လေ...။" တဲ့။

ကျွန်တော်အံ့သြသွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က ဒီနှစ်ကောင် က သေးသေးလေးလေ။ အခုထွားလိုက်တာ နည်းတာမဟုတ်ဘူး။

ကျွန်တော်ကျွေးတာက အီကြာကွေး တစ်ကောင်ကို တစ်ခြမ်း၊ တစ်ခါတလေ တစ်ချောင်း စီပေါ့။ ဒီနှစ်ကောင်မှတ်ထားတာက ကမ္ဘာကြီးတစ်ခြမ်းစာလောက်ရှိနေမလားပဲ။

ကျွန်တော်ခွေးတွေကို ချစ်တယ်ဗျ။ ကျွန်တော်လည်း ဘဝတစ်ခုခုမှာ ခွေးဖြစ် ချင်ဖြစ်ခဲ့နိုင်တာပဲလေ။ ဘဝကတိုတယ်၊ ဒါပေမဲ့ သံသရာက အရှည်ကြီးမဟုတ်လား...။

ရဲကျော်သူရ

ကမ္ဘာလောကရဲ့  ဒုက္ခလမ်းဆုံး


သာသနာသည် ဘုရားပွင့်မှ ပေါ်လာတာ ဒီတော့ ဘုရားပွင့်တာနဲ့ ကြုံရခြင်းသည် နံပါတ်တစ် အခွင့် အရေး …… ။
နံပါတ်နှစ် အခွင့်အရေးကတော့ သာသနာကတော့ ပွင့်နေပါတယ်။ သို့သော်ယူတတ်မှရတယ် ။ မယူတတ်ရင်မရ၊ ဒါ့ကြောင့် သာသနာထွန်းကားရာမှာ လူဖြစ်ခွင့်ရတာသည် အထူးအခွင့်အရေးကြီးတစ်ခု ၊
နံပါတ်သုံး အခွင့်အရေးကတော့ သာသနာပွင့်ချိန်မှာ ကိုယ်က သမ္မာဒိဌိ အယူရှိသူ ဖြစ်နေဖို့လိုပါတယ်။ အခြေခံ အားဖြင့် ကံကံ၏အကျိုးကို ယုံကြည်ရမယ်။ ကောင်းတာလုပ် ကောင်းတာဖြစ်မယ်။ ဆိုးတာလုပ် ဆိုးတာဖြစ် မယ် ဆိုတာလောက်တော့ သိထားရမယ်။

ကောင်းတာလုပ်ကောင်းကျိုးရဆိုတာ ဆောင်းရာသီထဲ အေးအေးချမ်းချမ်းလေး နေရသလိုပေါ့ ။ ဆိုးတာလုပ် ဆိုးကျိုးရဆိုတာ နွေရာသီနေပူခရီးထဲ နေကိုခေါင်းရွက် သွားနေရသလိုပေါ့။
ဘုရားခေတ်က သီဟစစ်သူကြီးက အလှူဒါနတွေပြုပြီး ဘုရားကို မေးလျှောက်ဖူးပါတယ်။

တပည့်တော်တို့ ဒီလိုကုသိုလ်ကောင်းမှုတွေ ပြုလုပ်တာ ဘာအကျိုးတွေရပါသလဲဘုရားတဲ့။ ဘုရားရှင်က ဒီလိုအဖြေပေးခဲ့ပါတယ်။
၁။ လူနတ်တို့ချစ်ခင်တယ် ။
၂။ မိမိအိမ်ရာဌာနကို သူတော်ကောင်းတို့သာ ၀င်ထွက်သွားလာတယ်။
၃။ သွားလေရာ မျက်နှာပွင့်တယ်။
၎။ နေရာတကာ ၀င်ရဲထွက်ရဲတယ်တဲ့။
ဒီလိုသိနိုင်တာသမ္မာဒိဋ္ဌိအယူရှိမှ မရှိရင် မသိနိုင်ဘူး။

နောက်တစ်ခါ နံပါတ်လေးအခွင့်အရေးက မျက်စိ၊ နား၊ လျှာ ၊ ကိုယ်၊ စိတ် အကြည်ဓာတ်အား ကောင်းနေခြင်းဟာလည်း အခွင့်အရေးကြီး တစ်ခုပဲနော်…..။ မျက်စိ မွဲနေ ကန်းနေရင် ဘုရားရှင် ကြွလာတာတောင် မြင်ရပါ့မလား ။
မမြင်ရပါဘုရား
နားကန်းနေရင်ကော တရားသံကြားတရားနာခွင့် ရပါဦးမလား
မရပါဘုရား
ဒီလိုအခွင့်အရေးကောင်းတွေ ဘယ်မှာ အသုံးချမှာလဲ၊ ၀ိပဿနာ သာသနာကြီးပွင့်နေချိန်မှာ ဒါနလောက်နဲ့ ပြီးကြမှာလား။
မပြီးပါဘုရား
ဒါနက ရိက္ခာလောက်ရမှာဗျ ။ သံသရာ ခရီးအတွက် ရိက္ခာနောက် လောက်ပဲရမှာ။

သံသရာခရီးဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ခရီးတိုရှည် မတူကြဘူး။ ဇီးကုန်းက မဟာမြိုင်လာရင် တစ်ရက်ခရီးဆိုတော့ ရိက္ခာနည်းနည်းနဲ့ ရတယ် ၊ ဒီထက်ပိုဝေးရင် ဆန်နို့ဆီဘူး ၂ လုံးလောက်နဲ့ ရပါ့မလား။
မရပါဘုရား
သီလကလည်း ဘ၀ချမ်းသာအောင်တော့ လုပ်ပေးနိုင်ပါတယ် ။ သူများအသက်မသတ်တဲ့သူ ကိုယ့်လာသတ်မှာ မပူရဘူး။ သူများပစ္စည်း မခိုးတဲ့သူ သူခိုးဘေးသူခိုးရန် မပူရဘူး။ သီလက ဘ၀အကျိုးပေးကို အေးအောင်ပဲ တတ်နိုင်တယ် ။ ဒီအကျိုးပေးကို ခံစားမှာက ဒါန…….။။
ဒါန သီလလောက်နဲ့ သံသရာခရီးရှည်ကြီးနဲ့ နှိုင်းစာလိုက်ရင် အကျိုးပေးက ဆန်နို့ဆီဘူး ၂ လုံးစာလောက် ရှိသေးတာ ဒီလောက်ရိက္ခာလေးနဲ့ ခရီးဝေးခရီးရှည်ကြီးကို ဘယ်လိုသွားနိုင်မှာလဲ ။ ဒီရိက္ခာလေး ကိုင်ပြီး ထိုင်နေ ၊ မှိုင်နေ ၊ ငိုင်နေ ၊ ရပ်နေလို့ ခရီးဆုံးမှာတဲ့လားဗျ။
မဆုံးပါဘူးဘုရား

ဒါန သီလ အကျိုးပေးချမ်းသာဆိုတာရော တကယ်ချမ်းသာလို့လား ။ ဒုက္ခတစ်ကျပ်သားရင်းမှ သုခတစ်မတ်သား လောက်ရတာ ချမ်းသာလို့ ခေါ်မလားဗျ။ ဒုက္ခနဲ့ သုခ ဘယ်ဟာပိုများနေတုန်း။
ဒုက္ခကပိုများနေပါတယ်ဘုရား
တို့ တောပြောပြောရရင် နတ်တော်ပြာသိုမှာ ချက်မယ့် ထမင်းအိုးကို ကဆုန်နယုန်က တည်ရတာ၊ မီးမွှေးရတာ ၊ သဘောပေါက်ရဲ့ လား။
ပေါက်ပါတယ်ဘုရား
ကဆုန် နယုန်ထယ်ထိုး ၊ ထွန်ထွန်၊ ကောက်စိုက်ဗျာ၊ နတ်တော်ပြာသိုကျမှ စားရမှာ။ ဘယ်နှယ့်လဲ သုခလား ၊ ဒုက္ခလား။
ဒုက္ခပါဘုရား

ဒါလူမှ ဒုက္ခရှိတာမဟုတ်ဘူးဗျ။ နတ်လည်း နတ်ဒုက္ခ ပိုကြီးပါလိမ့်မယ်။ နတ်ပြည်ဆိုတာ ဘာမှမလုပ်ရတာ။ အချိန်တွေ အားနေတော့ ရန်ဖြစ်လို့ ပိုမကောင်းဘူးလား။ တို့လူ့ပြည်မှာက ရန်ဖြစ်ချိန်မရအောင် အလုပ်များနေလိုက်ကြတာ ၊ ဗြဟ္မာလည်း ဗြဟ္မာဒုက္ခရှိမှာပဲ ၊ ဒီရိက္ခာထုပ်လေးနဲ့ ဘယ်သွားလို့မှ မချမ်းသာဘူး။ သွားပါ -ရှာပါ ဒီရိက္ခာထုပ်ကလေးကိုင်ပြီး ချမ်းသာကိုလိုက်ရှာနေတာ ဘယ်မှာတွေ့မယ်ထင်သလဲ။
မတွေ့ပါဘုရား
မတွေ့တာလမ်းမမှန်လို့ဗျ။ အပြင်လမ်းက သွားနေသရွေ့ ချမ်းသာစစ် ချမ်းသာမှန်ကို ရှာတွေ့မှာ မဟုတ်ဘူး။
ဘုရားခေတ်က ဈာန်အဘိဥာဉ်ရ ရဟန်းတစ်ပါးရှိတယ်။ သူ့တန်ခိုးနဲ့ ကမ္ဘာလောက ဘယ်မှာဆုံးမလဲဆိုတာ လိုက်ရှာသတဲ့ ။ ကမ္ဘာ တစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားတာတောင် ဘယ်မှာမှ အဆုံးမရှိ။
ဆုံးချင်ရင် အတွင်းကလိုက်ရမှာ ၊ မနောက လိုက်ရမှာ။

ကမ္ဘာတစ်ခုကို ခြေတစ်လှမ်းနှုန်းနဲ့ သွားနိုင်တဲ့ ဈာန်ရပုဂ္ဂိုလ်တောင် ကမ္ဘာတွေမဆုံးပါဘူး ဆိုတာ နင်တို့ဘယ်တော့ဆုံးလို့ ဘယ်တော့ပန်းတိုင်ရောက်မှာလဲ ။
ဒို့ဒကာ ဒကာမများ ခြေတစ်လှမ်းလှမ်းရင် ဘယ်လောက် ရောက်သလဲ ။
ခြေတစ်လှမ်းစာပဲ ရောက်ပါတယ်ဘုရား
ကဲဗျာ ကဲဗျာ ။ ခရီးသွားနှုန်းနဲ့ ရိက္ခာနဲ့ ကမ္ဘာတွေ ဆုံးပါ့မလား။ တွက်ကြည့်ကြဦးနော်။ ပြီးတော့ သွားနေတာ ဘယ်လမ်းကလဲ။
အပြင်လမ်းကပါဘုရား။
အပြင်လမ်းသည် မဆုံးနိုင်သောလမ်း ပန်းတိုင်မရှိသောလမ်း။ မောပြီးပြန်လာရမယ့်လမ်း။ ခရီးကြမ်းဒီဘ၀နဲ့များ မရောက်လို့ကတော့ အပါယ်လေးဘုံဘ၀တွေများ ကျရောက်သွားရင် လမ်းဘယ်မမြင် ၊ လမ်းမရှိတော့ဘူး။ လမ်းပျောက်သွားပြီ။ လူနတ်ဗြဟ္မာကမှ သုခတစ်မတ်သားလောက် ခံစားရသေးတယ်။ အပါယ်လေးဘုံက ဘာတုန်းဗျ။
လုံးလုံးဒုက္ခဘုံပါဘုရား

လူ့ဘုံက သုဂတိဘုံဆိုပေမယ့် ဘ၀ရှိရင် ဒုက္ခရှိမှာပဲ။ ဒုက္ခမသိသေးလို့ သုခမျှော်နေတာ ၊ ဒုက္ခမသိတဲ့ ဖိုးသူတော်လို ဖြစ်နေဦးမယ်။ တစ်ခါတုန်းက နန်းဦးဆရာတော် တောထွက်လာတော့ ဘုရင်ကပင့်ပြီး ဆွမ်းကပ်တယ်။ ဘုရင်ကပ်တဲ့ဆွမ်းဆိုတော့ ဘယ်လောက်ကောင်းမလဲ စဉ်းစားကြည့်၊ ဒါပေမယ့် ဆရာတော်က ဆွမ်းဘုန်းပေးဖို့ ၀န်လေးနေတယ်။ ဒုက္ခ…… ဒုက္ခ လို့မြွတ်ဟတော်မူတယ်။ ဖိုးသူတော် ကြားသွားတော့ ဒီဒုက္ခမျိုးတော့ ဖိုးသူတော်လည်းခံလိုက်ချင်ပါတယ် လို့ပြောသတဲ့ ဗျ။ ဒုက္ခမသိလို့ ဒီလိုပြောတာ တို့ဒကာ ဒကာမတွေလည်း ဖိုးသူတော်လိုဖြစ်နေဦးမယ် ။

ဒုက္ခမရှိရင် ဒုက္ခမရှိ ဒုက္ခရှာဆိုတာ ဒုက္ခကိုလိုချင်နေတာ ဒုက္ခသိမှ ဒုက္ခဆုံးချင်စိတ်ရှိမှာ ။ ဒုက္ခသိချင်ရင် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်စမ်းပါ။ ဒုက္ခဆုံးချင် လောကကဆုံးချင်ရင် အတွင်းလမ်းကသွားကွ ဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ခိုင်းနေတာ။ ဘ၀ဆုံးရာ ဒုက္ခဆုံးရာ သွားပါဆိုတာ ရိပ်သာအတင်းဝင်ခိုင်းနေတာ မဟုတ်ပါဘူး။ တောထွက်ခိုင်းနေတာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ခိုင်းရုံလေးပါ။ ဈေးရောင်းတဲ့သူကလည်း ရောင်းမြဲရောင်းရင်း ၊ကိုယ့်ကိုကိုယ်ပြန်ကြည့် စမ်းပါ။ ရုံးသွားတဲ့သူ လယ်ထွန်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ်ဗျာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ကိုယ့်အကြောင်းကိုယ် သိအောင် သတိလေးနဲ့ ကြည့်ပေးစမ်းပါ။

သညာက သူ့အလုပ်သူလုပ်နေမှာပဲ ။ လုပ်ပါစေ ဈေးရောင်း ထမင်းချက် ရုံးသွားပါစေတို့က သညာလုပ်သမျှ လိုက်မှတ်ပေးနေရမှာ ၊ မှတ်တာရယ် ၊ ကြည့်တာရယ် ၊ ရှူတာရယ် အခေါ်သာကွဲတာ အတူတူပဲ ၊ သတိရဲ့ အမည်တွေပဲ ဒီတော့မှတ်ပါ။ အလေ့အကျင့်မရခင် ခက်ချင်ခက်နေပါလိမ့်မယ်။ မှတ်ပါများတော့ အထူးကြောင့် ကြစိုက်နေစရာ မလိုတော့ပါဘူး။ လုပ်တာနဲ့ မှတ်ပြီးသား အမှတ်မရှိရင် အတွေးဝင်မှာပဲ ။ အဲဒီ့အတွေးက ဒုက္ခ ပေးနေတာ။ ဒုက္ခတစ်ကျပ်သားမှာ သုံးမတ်သားက တွေးလို့ဖြစ်နေတာ။ တကယ်ပက်ပင်းကြုံရတဲ့ ဒုက္ခက တစ်မတ်သားပဲရှိတာ။ နောက်ကြောင်းပြန် တွေးလို့ဖြစ်တဲ့ ဒုက္ခက ငါးမူးသား။ ရှေ့မျှော်တွေးလို့ ဖြစ်တဲ့ဒုက္ခက တစ်မတ်သား။

ပက်ပင်းကြုံဒုက္ခ တစ်မတ်သားမျိုးကတော့ လူတွေပုထုဇဉ်တွေမှ မဟုတ်ပါဘူး ။ ဘုရားရဟန္တာများသော်မှ ခံရပါတယ် ။ အဲဒါဘာလဲ …..လောကဓံ ။ ဒါပေမယ့် ဒီဒုက္ခ တစ်မတ်သားခံရတာချင်းအတူတူ ဘုရားရဟန္တာများကျတော့ မတုန်မလှုပ် ကျော်နိုင်တော်မူကြတယ်။ ငုတ်မှန်း ခလုတ်မှန်း သိတော့ကျော်နိုင်တာပေါ့ ။ လူတွေကျတော့ ငုတ်မှန်း ခလုတ်မှန်းမသိတော့ ဒုက္ခကို ၀င်တိုက်မိကြတယ်။ ဒုက္ခကို လုပ်လိုက်မိတ်ဆွေဖွဲ့လိုက်နဲ့ ။ ကိုယ့်ကိုယ်ကို ကြည့်ရှု မှတ်စိတ်ကလေးနဲ့ နေတဲ့ ပုဂ္ဂိုလ်သာ ဒီဒုက္ခ တစ်မတ်သားကိုကျော်နိုင်တယ်။ ဒုက္ခလမ်းဆုံးသွားဖို့ သတိက သမထ ပိုင်းကိုတာဝန်ယူပါတယ်။ သမထက ငြိမ်းတာ မှတ်ပါများလာရင် သိစရာရှိတာ သိလာပါလိမ့်မယ် ။သိလာတာ ၀ိပဿနာပဲ အသိကို ၀ိပသနာက တာဝန်ယူပါတယ်။

ဒီတော့ ဒို့ဒကာ ဒကာမများ ဒုက္ခနဲ့ နေမှာလား ၊ ဒုက္ခဆုံးအောင်လုပ်မှာလား ။
ဒုက္ခဆုံးအောင်လုပ်မှာပါဘုရား ။
ဒုက္ခဆုံးရာပန်းတိုင်က အပြင်လမ်းက သွားမှာလား။ အတွင်းလမ်းက သွားမှာလား။
အတွင်းလမ်းကသွားမှာပါဘုရား။
အတွင်းလမ်းဆိုတာ မိမိကိုယ်ကိုယ် ကို အမြဲမပြတ် ရှုမှတ်နေခြင်း၊ အမူအရာလှုပ်ရှားမှုတိုင်းရဲ့  နောက်မှာ အမှတ်သတိလိုက်ပါနေခြင်းဖြင့် အတွင်းမှသည် ကမ္ဘာလောကရဲ့  ဒုက္ခဆုံးရာဆီ ဧကန်မုချအရောက်သွားနိုင်မည် မဟုတ်ပါလား။

မဟာဗောဓိမြိုင်ဆရာတော် မဟာမြိုင်တောကြီးမှာဟောတော်မူသောတရားများ (မောင်သွေးချွန်) စာအုပ်မှ ကူးယူဖော်ပြပေးပါသည်။(၁၃၇၁ ခု၊ တပို့တွဲလဆန်း ၁၄ ရက် ၂၈-၁-၂၀၁၁ တွင်ဇီးကုန်းနှင့် သာစည်မှ တပည့်ဒကာ၊ ဒကာမများအား ဟော်တော်မူသည်။ )
source: https://www.facebook.com/san.dar.7165

အတွင်းဓာတ်ခံအေးပါစေ


မင်္ဂလာနံနက်ခင်းတရားတော်
*********************
အတွင်းဓာတ်ခံအေးပါစေ
******************
ဘာမဆို အတွင်းကအေးနေအောင် လုပ်ရတယ်။
အပြင်က ဘယ်လောက်ပူပူ အတွင်းကအေးနေတော့ အေးတာပဲ၊
အပြင်ကဘယ်လောက်အေးအေး အတွင်းကပူတော့ ပူတာပဲ၊၊
(ဆားတောင်ဆရာတော်ကြီး)

လူသားတစ်ဦးချင်း၏ အတွင်းဓာတ်ခံခြင်းမတူ၊ စိတ်နေစိတ်ထားချင်းမတူ
အတွင်းသန္တာန်ချင်းမတူ။
အတွင်းဓာတ်ခံကောင်းသူရှိသလို မကောင်းသူလည်းရှိ၏။
စိတ်နေစိတ်ထားမြင့်မြတ်သိမ်မွေ့သူ ရှိသလို ယုတ်ညံ့ကြမ်းတမ်းသူလည်းရှိ၏။
အတွင်းသန္တာန်၌ ပူလောင်ဆူပွက်နေသူ ရှိသလို အေးချမ်းငြိမ်သက်သူလည်း ရှိ၏၊
လူတို့၏စိတ်နှလုံး၌ လောဘ. ဒေါသ. မောဟ. ဟူသော အကုသိုလ်ဟိတ်သုံးပါးလွန်စွာ ဖွဲ့တည်နေပါမှ၊ စိတ်နှလုံး အေးချမ်းပေလိမ့်မည်။
ပုထုဇဉ်များအဖို့ ထိုအကုသိုလ်စိတ် သုံးပါးစလုံး အနည်းနှင့်အများ အထူနှင့်အပါး ရှိကြပါသည်။
မိမိစိတ်ကြိုက် သဘောကျ ဖန်တီးနိုင်သောအရာကား "မိမိ၏စိတ်နှလုံး" သာ ဖြစ်သည်။
သတိနှင့်ယှဉ်လျက် အသိစိတ်ဖြင့် ကိုယ်ပိုင်စိတ်နှလုံးကို သန့်စင်နေအောင် အေးမြနေအောင် ထားတတ်ဖို့ လိုအပ်ပါသည်။
လောဘ. ဒေါသ. မောဟတို့ အတတ်နိုင်ဆုံး ပါးလျားစေပြီး မေတ္တာ ဂရုဏာ မုဒိတာ ဥပက္ခာစသော ဗြဟ္မစိုရ် တရားလေးပါးနှင့်ယှဉ်သော စိတ်ကောင်း နှလုံးကောင်းများမွေးမြူရန် လိုအပ်ပေသည်။
မိမိ၏ အတွင်းဓာတ်ခံ အေးမြသည်နှင့်အမျှ လောကဓံတရားတို့အပေါ် ခံနိုင်ရည်ရှိလာပေမည်။
မိမိပတ်ဝန်းကျင်ရှိ အခြေအနေများကိုလည်း၊ ငြိမ်းအေးအောင် လှပအောင် စွမ်းဆောင်နိုင်မည် ဖြစ်လေသည်။

Shared from Ma San Myint (FB)

Sunday, June 29, 2014

အာဠာဝက ချွတ်ခန်း


ခက်ထန်ကြမ်းတမ်း တန်ခိုးကြီးသော အာဠာဝကအား သောတာပန်တည်စေသော
-------------------------------------------------------------------
အမေးအဖြေများ( အာဠာဝက ချွတ်ခန်း )
----------------------------------
အာဠာဝက ဘီလူးမှ မြတ်စွာဘုရားရှင်အား

" ရဟန်း ဂေါတမ -

လောကသုံးပါး၌ မြတ်လှဥစ္စာ ရတနာကား အဘယ်နည်း။

လေ့ကျက်ခြင်း တကာဝယ် အဘယ်မည်သောအလေ့အကျက်သည် ချမ်းသာကို ဆောင်ပါသနည်း။

အရသာတို့တွင် အဘယ်အရသာကို သာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်ပါသနည်း။

အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုပါသနည်း "

မြတ်စွာဘုရားရှင်က မေးအပ်သော ပုစ္ဆာလေးပုဒ်အား

" အို - အာဠာဝက။

ဤလူ့ရွာ၌ ယောင်္ကျား မိန်းမ စသည်များစွာ သတ္တဝါ၏ ရတနာသုံးပါးဂုဏ်၌ မတုန်မလှုပ် စုပ်စုပ်သက်ဝင်

ခင်မင်ကြည်ညိုခြင်းသည် လောကီလောကုတ္တရာ ချမ်းသာပေးတတ် အလွန်မြတ်သော ဥစ္စာပင်တည်း။

ကောင်းမွန်လှစွာ လေ့လာကျင့်သုံးအပ်သော ကုသိုလ်ကမ္မပထတရားဆယ်ပါးသည် လူ့ပြည်နတ်ရွာ ချမ်းသာသုံးပါးကို
မချွတ်အောင် ရွက်ဆောင်နိုင်ပေ၏။

မှန်ကန်ဖြောင့်မတ်သောစကားသည် စင်စစ်အားဖြင့် ချိုချဉ်ဖန်စပ် ခါးငန်ခြောက်ဖြာ အရသာတို့ထက်
အလွန်ကောင်းမြတ်သော အရသာမည်၏။

အသက်မွေးခြင်းတကာတို့တွင် ပညာဖြင့်အသက်မွေးခြင်းသည် မြတ်၏ဟု လိမ္မာကုန်သော ပညာရှိတို့သည်ဆို၏။

ဤ ပြဿနာလေးပါးကို ဘုရားဖြေတော်မူသောအခါ အာဠာဝကသည် ဝမ်းမြောက်လှသည် ဖြစ်၍ ကြွင်းသေးသော ပြဿနာကို
ထပ်ကာမေး၏။

" အရှင်ဂေါတမ -

အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်ပါအံ့နည်း။

အဘယ်သို့သော အပြားအားဖြင့် ဝဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာ ကို ကောင်းစွာလွန်မြောက်နိုင်ပါအံ့နည်း။

အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း။

အဘယ်ရေအေးဖြင့် ကိလေသာအညစ်အကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း။ " ဟူ၍ မေးလျှောက်၏။

မြတ်စွာဘုရားရှင်က

" အို အာဠာဝက ဘီလူး သဒ္ဓါတရားဖြင့် သံသရာတည်းဟူသောသြဃကို ကူးမြောက်နိုင်၏။

ကုသိုလ်ပြုပြု ကောင်းမှုပျော်မွေ့ မမေ့မလျှော့ခြင်းဖြင့် သမုဒ္ဒရာ ပမာထက်ကဲ ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်၏။

ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့် ဇာတိဇရာ ဗျာဓိမရဏ
စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို လွန်စေနိုင်၏။

ဝိပဿနာပညာဆယ်ပါး ဥာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေး မှ ကင်းဝေးစင်ကြယ်နိုင်၏။ "

ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠာဝကသည် ပါရမီ သမ္ဘာရ ရှိသူဖြစ်၍ ရှစ်ပါး ဆယ်ပါး တစ်ဆယ့်ခြောက်ပါးသော
ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေသည်။

ထို့နောက်တစ်ဖန်

" မြတ်စွာဘုရား - အဘယ်သို့သောအကြောင်းအားဖြင့် ထူးပြားသော ပညာကို ရအံ့ပါသနည်း။

အဘယ်အရေးဖြင့် အသက်မွေးဝမ်းကြောင်း ဥစ္စာကို ရရာပါသနည်း။

အဘယ်သဘောဖြင့် ကောင်းသောသတင်းကျော်စော်ခြင်းသို့ ရောက်ပါသနည်း။

မိတ်ဆွေကောင်းတို့ကို အဘယ်သို့ ပြုအပ်ပါသနည်း။

မျက်မှောက်ဘဝဤလောကမှ တမလွန်ဘဝသွားရသောအခါဝယ် အဘယ်အမှုမျိုးဖြင့် စိုးရိမ်ခြင်းကင်းရပါသနည်း။ "

ဟု မေးလျှောက်၏။

မြတ်စွာဘုရားရှင်က " ချစ်သား အာဠာဝက -

ပူဇော်ထိုက်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့သည် ဟောပြအပ်သောနိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သောတရားကို
ယုံမှားမရှိ အတိပသန္နသဒ္ဓါဖြင့် လွန်စွာယုံကြည်ဖြစ်၍ နှစ်နှစ်သက်သက် စုံမက်မြတ်နိုးစွာ မှတ်သားကျင့်ဆောင်လေ့ရှိခြင်းသည်၎င်း
မမေ့မလျော့မပေါ့သောသတိရှိခြင်းသည်၎င်း စုံစမ်းတိုင်းထွာ စာနာကြံစည်လေ့ရှိခြင်းသည်၎င်း ဤအကြောင်းသုံးပါးဖြင့် ထူးပြားသော
ပညာကို ရရာဘိသတည်း။

သင့်တင့်ကောင်းမြတ်သောအခါ၌ ကောင်းမြတ်စွာသော မိတ်ဆွေနှင့် ပေါင်းလျှက် ကောင်းမြတ်သောအမှုကို ဂရုကတ
လုံ့လပြုလေ့ရှိသောသူသည် လောကီဥစ္စာ လောကုတ္တရာ ဥစ္စာ ဤနှစ်ဖြာကို ရရာသောအကြောင်းဖြစ်၏။

ရှေ့ဆိုနောက်ပျက် ယွင်းကွက်မရှိ ပကတိဟုတ်မှန်သောစကားကို ဆိုခြင်းသည် ကျေးဇူးသတင်းကျော်စောခြင်းသို့ ရောက်၏။

မိမိစီးပွား သူ့စီးပွား၌ လိုလားမျှတ ဝေငှပေးခြင်းသည် မှီတင်းကိုးစားရာဖြစ်သော အဆွေခင်ပွန်းကောင်းကို ရကြောင်းဧကန်အမှန်ဖြစ်၏။

အကြင်သူအားဖြောင့်သားဟုတ်မှန်စွာသော သစ္စာတရား။ အပါယ်လားမှုဒုစရိုက်မှ ရှောင်ကြဉ်လှလျှက်နိစ္စကြိုးကုတ်အား
ထုတ်အပ်သောပုညကိရိယာဓမ္မာဆယ်ပါး။ စီးပွားနှစ်ဖြာထိုအရာ၌လွန်စွာဆည်းပူးအပ်သောဓိပတိတရား။ သူ့အားစွန့်ကြဲဝေခွဲပေး
ကမ်းခြင်းဟူသောစာဂတရား။ ဤလေးပါးကိုဟပွားများစေသည်ဖြစ်အံ့။

ထိုသူအား လူ၏ဘောင်တွင် အိမ်ထောင်ရာထား သားမယားနှင့်ပျော်ပါး၍ နေသည်ပင်ဖြစ်သော်လည်း
စင်စစ် တမလွန်ရွာ၌စိုးရိမ်စရာမရှိလေပြီ။ ယုတ်ညံ့သော ဂတိမှလွတ်၍ လူ့ရွာနတ်ဌာန်၌ ဧကန်ဖြစ်လတ္တံ့သည်သာတည်းဟု

ဖြေတော်မူ၏။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ " ဇိနတ္ထပကာသနီကျမ်း " မှ ဓမ္မမိတ်ဆွေများ အကျိုးရှိပါစေခြင်း အကျိုးငှာ
ကောက်နတ်ပူဇော်ပါသည်။ သတ္တဝါဟူသရွေ့ တရားတွေ့ ချမ်းမြေ့ကြည်သာ ရှိစေသော်ဝ်။

Posted by Words of Buddha

အယူမှား ဒိဋ္ဌိ


အသက် ဇီဝ ဝိညာဉ်ဆိုသည့် အယူများသည်  မှားယွင်းသော အယူများ ဖြစ်ကြပါသည် ။

စုတိပျက်ကြွေ၍ သေလွန်ခြင်းသည်လည်း အဟောင်းချုပ်ပြီးနောက် အသစ်တစ်ဖန် မဖြစ်ခြင်းကို သေသည်ဟုခေါ်ဝေါ်သုံးစွဲကြလေသည် ။

ဒီတစ်ဘဝအတွက် ရုပ်သက် နမ်သက်အသစ် မဖြစ်တော့ဘဲ ရပ်စဲချုပ်ငြိမ်းပျောက်ကွယ်သွားရတယ် မဟုတ်လား ။

ကြွင်းကျန်ရစ်ခဲ့သည့် ဥတုဇရုပ်သည်တဖြည်းဖြည်း ယိုယွင်းပျက်စီး ပုပ်ပွလာတော့မည်ဖြစ်၍ အမြန်ဆုံး ပစ်လိုက်ရပါတော့မည် ။

ဘာလိပ်ပြာကောင်မှ ဤခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားခြင်းမရှိ၍ အိမ်အနီးအနားနှင့် ရုပ်အလောင်း ဝန်းကျင်တွင် တရစ်ဝဲဝဲမရှိနိုင်ပါ ။

ရှိခဲ့ပါမူ အယူတိမ်း၍ နတ်စိမ်းပြတ္တာဘဝနှင့် ကုသိုလ်လာတောင်းချင် တောင်းပါလိမ့်မည် ။

ပြိတ္တာဟူသည် လိပ်ပြာမဟုတ်။

ဝေမာနိက ( ဝိနိပါတိက )အသူရကာယ် အပါယ်ဘုံသားဘဝ တစ်ခုသာ ဖြစ်သည် ။

ဘဝဟောင်းမှ အကုသိုလ်ကံ အကြောင်းဆက်ကြောင့် ဖြစ်လာရသော အကျိုးဖြစ်၏ ။

မောင်ဖြူ မောင်မဲ သေလွန်ပြီး မလွတ်မကျွတ်သဖြင့် မောင်ဖြူ မောင်မဲ သရဲတစ္ဆေဖြစ်နေသည်ဟု ပြောဆိုခြင်းမှာ လောကဝေါဟာရအရ နားလည်လွယ်အောင် ပြောဆိုနေကြတာပါ ။

လူ မောင်ဖြူ မောင်မဲ + သရဲ မောင်ဖြူ မောင်မဲ တစ်ယောက်တည်းဟု ယူလျှင် မှားသောအယူ ဖြစ်ပါ၏ ။

မှားယွင်းသောဒိဋ္ဌိအအယူ ဟူသမျှ ဘယ်အသင်းမှ မကောင်းပါ ။

တစ်သက်လုံး စွဲယူလာခဲ့သော အယူမှားကို သိမြင်ဖို့  ခက်ခဲ၏ ။

သိမြင်ပြီးသော်လည်း ထိုမှားယွင်းသော အယူမှားကို စွန့် လွှတ်ဖို့ ခက်ခဲပြန်တယ် ။

အယူမှန်ကိုပြောင်းလဲပြီးလိုက်နာကျင့်သုံးဖို့ က ပို၍ ခက်ခဲတယ် ။

အယူမှားကိုစွန့် ကာ အယူမှန်ကို လက်ခံကျင့်သုံးဖို့ ခက်ခဲခြင်းသည် တကယ်ပင်ဖြစ်သည် ။

အကြောင်းမှာ --------------------------------------

အယူမှန်ကိုလက်ခံထားပြီး ယုံကြည်ကိုးစားနေသော စာရေးသူကျွန်ုပ်တို့ အများစုသည် လက်တွေ့တရားအားထုတ်ကြဖို့  ဘုရားဟောပြခဲ့တဲ့
အတိုင်း လက်ခံလိုက်နာကျင့်ကြံကြဖို့ အလွန် ခက်ခဲနေကြသေးသည်ဖြစ်ရာ အယူမှား ဒိဋ္ဌိကိုစွန့် ကာ
အယူမှန်ကို လက်ခံကျင့်သုံးဖို့ အဘယ်မှာ မခက်ခဲဘဲ ရှိပါမည်နည်း ။

အယူမှားဒိဋ္ဌိ( မိစ္ဆာဒိဋ္ဌိ ) ဖြစ်ရခြင်း အကြောင်းတရား( ၈ ) ပါးရှိသည်ဟု စာပေကျမ်းဂန်တို့ မှာ တွေ့ရှိရမှာ ဖြစ်ပါတယ် ။

ယင်းတို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

၁ ။ ခန္ဓာ၏သဘောကိုမသိခြင်းကြောင့်ဒိဋ္ဌိဖြစ်ခြင်း။

၂ ။ အဝိဇ္ဇာကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၃ ။ ဖဿကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၎ ။ သညာအမှားကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၅ ။ ဝိတက်ကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၆ ။ နှလုံးသွင်းမှားယွင်းမှုကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၇ ။ မိတ်ဆွေ အပေါင်းအသင်းမှားကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၈ ။ တရားဓမ္မမှားယွင်းမှုကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

" မိစ္ဆာဒိဋ္ဌိယာ ဘိက္ခဝေ သမန္နာဂတာ သတ္တာ
ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ
ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ "

ဟု ( အံ - အဋ္ဌကနိပါတ် ) ၌ မြတ်ဘုရား ဟောကြားခဲ့ပါသည် ။

အဓိပ္ပါယ်မှာ

" မိစ္ဆာဒိဋ္ဌိအယူရှိသောပုဂ္ဂိုလ်တို့ သည်ခန္ဓာပျက်ကြွေ သေလွန်သောအခါ မကောင်းသဖြင့်လားရာ ဖောက်ဖောက်ပြန်ပြန်ကျရောက်ရာဖြစ်သော
အပါယ်ငရဲ၌ ဖြစ်ကြရကုန်၏ ။ " ဟူသတည်း ။

အယူမှားရုံမျှလေးပါဟု ဆိုသော်လည်း ငရဲသို့  ကျရောက်လိမ့်မည် ။

သီသီလေးလွဲသည်ဆိုသော်လည်း တစ်သံသရာလုံး ဆုံးရှုံးရမည့်အရေးမို့ အမြန်မနှေး ကြိုးစားအားထုတ်ကြရန်လိုအပ်ပါသည် ။

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း တရား ( ၈ ) ပါးကို အောက်ပါဆောင်ပုဒ်လေးဖြင့် မှတ်သားကြပါကုန်။

* ခန္ဓာမသိ . အဝိဇ္ဇာရှိ. တွေ့ထိ . အမှတ်မှား ။

* ကြံစည် .နှလုံးသွင်း. မိတ်ပေါင်းသင်း. ပျက်ယွင်းနာတရား ။

* ဤရှစ်ပါးတွင် တစ်အင်အင်ကြောင့် အမြင်ယွင်းဖောက် ဒိဋ္ဌိရောက်

တောက်လျှောက်အပါယ်သွား ။

အယူမှား မှ အယူမှန်သို့ ကိုယ်စီ တတ်လှမ်းနိုင်စေသော် ။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေ ။

ဦးဓမ္မာနန္ဒ မစိုးရိမ်တိုက်သစ် ( မန္တလေး )
29 - 6 - 2014 - Sunday

ဝိပဿ နာ ရှုပွားရခြင်း အကျိုးများ


ဖြစ်ပျက်မြင်လို့ မြင်တဲ့အတိုင်း ကိလေသာ အ၀င်မခံဘဲ တစ်စိုက်မတ်မတ် မလျှော့သောဇွဲနဲ့ ကြိုးစားသွားမယ်ဆိုရင်တော့ မနက်အားထုတ်၊ ညနေရ။ ညနေအားထုတ်မနက်ရဆိုပြီး ဘုရားဟောတော်မူချက်ရှိပါတယ်။
ဖြစ်ပျက်မြင်နိုင်တဲ့ဉာဏ် အခြေခံရှိဖို့တော့ လိုအပ်တာပေါ့။ ဖြစ်ပျက်မြင်လျက်အားထုတ်ရင် (၇)ရက်အတွင်း သို့မဟုတ် (၇)လအတွင်း သို့မဟုတ် (၇)နှစ်အတွင်းရမယ်လို့ ဟောတော်မူချက်လဲ ရှိပါတယ်။ မဟာသတိပဋ္ဌာနသုတ်မှာ ဟောတော်မူခဲ့ပါတယ်။
ဒီဘ၀ ဖြစ်ပျက်မြင်နေအောင်ရှု၊ အမြဲမပြတ် ကြိုးစားရှုနေလို့ရှိရင် ရှုနေတဲ့ လောကီမဂ်ဉာဏ်လေး ပေါ်နေပါတယ်။ ရှုနေတဲ့အခိုက်မှာ မဂ်ဉာဏ်ပေါ်နေတယ်။ ဒီဉာဏ်လေးနဲ့သာ သေသွားမယ်ဆိုရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး ဆက်လက် တရားအားထုတ်လျက်သား ဖြစ်နေမယ်။ လူ့ဘ၀က ၀ိပဿနာဉာဏ်က နတ်ပြည်အထိ ဆက်ဖြစ်နေပြီး ဟိုနတ်ပြည်ရောက်တော့လဲ ဆက်လက် အားထုတ်လျက်ဖြစ်သွားတော့ နတ်ရဲ့ဉာဏ်က လူထက်အဆများစွာ လျဉ်မြန်ထက်မြက်သဖြင့် ခဏချင်းနဲ့ပဲ အဲဒီမှာ မဟာသောတာပန် တည်သွားပါလိမ့်မယ်။ နတ်ဖြစ်မှန်းမသိခင် သောတာပန်တည်ပါလိမ့်မယ်။ နတ်ဖြစ်မှန်းသိလိုက်တော့ သောတာပန်တည်ပြီး ဖြစ်နေပြီတဲ့။ နတ်ဖြစ်မှန်းသိတာက နောက်ကျသေးတယ်၊ သောတာပန်ဖြစ်တာက အရင်ဦးနေတယ်တဲ့။ ဒါကြောင့် ဒီဘ၀ ဖြစ်ပျက်မဂ်ကိုက်အောင် ရှုနေတဲ့ ၀ိပဿနာဉာဏ်လေးနဲ့သာ သေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင် နောက်ဘ၀ ကျိန်းသေ မဟာသောတာပန်ဖြစ်မယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဒေါက်တာအရှင်ပါရမီ

မိုးကုတ်ဝိပဿနာ  ဓမ္မကဗျာ

လက်ရှိခန္ဓာ၊ မတွယ်တာနဲ့၊ နောင်လာဘ၀ မတောင့်တဘဲ ကြောင့်ကြဇွဲဖြင့် အမြဲမပြတ် ၀ိပဿနာ လေ့လာကြိမ်ဖန် အာစိဏ္ဏကံ ဖြစ်ကြောင်းမှန်မှူ ထိုသည့်သူကား အယူမလွဲ ကတိမြဲ၏။

မီးစွဲလောင်မှ ရေကိုတသော် မရဖြစ်အင် ပုံနှိင်းယှဉ်၍ မဂ္ဂင်သန္ဓေ တည်မြဲနေအောင် မသေခင်က ပြင်ဆင်တောက်လျှောက် မေ့မပျောက်နှင့် ချွေးပေါက်ယိုစီး သေခါနီးဝယ် အပြီးမုချ မဂ္ဂင်ရလိမ့်။
ကိစ္စမလျှော် အကြောင်းပေါ်၍ မတော်တဆ မဂ်မရဦး ဘ၀အစွန် တမလွန်တွင် ထူးချွှန်အံ့လောက် နတ်ပြည်ရောက်၍ သောတာပန်စစ် ဧကန်ဖြစ်မည် မလစ်ဝိဿနာ အကျိုးတည်း။

Shared from Ma Myint Sandar (FB)

နိဗ္ဗာန်ကို ရက်တိုတိုဖြင့် ရောက်ရပါလို၏


မိမိသန္တာန်မှာ ပေါ်လာသမျှကို မပြတ်မလပ် အထပ်ထပ် ရှုမှတ်ပေးရမယ်။ ကိုယ့် ဒုက္ခ ကိုယ်သိမှ မဂ်ပေါ်တာ။ သိသိနေမှ မဂ္ဂသစ္စာဖြစ်တယ်။ ဒုက္ခရှိလို့ ဒုက္ခ သိတာ အမှန်သိတာပဲ။
အမှန်သိရင် နိဗ္ဗာန် ရဖို့ နီးလာပြီ။

ဒုက္ခ ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်တဲ့  အလုပ်ဟာ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ပဲ။ ဘုရားရှိခိုးချင်စိတ်ပဲပေါ်ပေါ်
ပေးချင်ကမ်းချင်စိတ်ဘဲပေါ်ပေါ် ဒုက္ခဖြစ်၍ ဒုက္ခချုပ်တာပဲ။
နဖူးပေါ် လက်တင်တင် ခေါင်းအုံးပေါ်ခေါင်းချချ ပေါ်လာတာ
ဒုက္ခသစ္စာလို့ တွေးပါ။ ဒါက အပါယ်လေးပါး တခါးပိတ်တဲ့ အတွေး။
ခန္ဓာထဲ ဒုက္ခမှတပါး ပေါ်စရာကို မရှိဘူး။ ဒုက္ခသာ ပင်လယ်ဝေနေတော့တယ်။ 

လူ့ ဘဝ ရတာ ဒုက္ခသစ္စာရတာ။ လူချမ်းသာမရှိပါဘူး။ ခန္ဓာကိုယ်က ပေးလေသမျှက ဒုက္ခချည်းသာမှတ်။ ခင်ဗျားတို့ ပြုပြင်သမျှ
ခန္ဓာနှိပ်စက်လို့  ပြုပြင်ရတာ။ ညောင်းလွန်းလို့  ကွေးရဆန့် ရ ထိုင်ရ ထရတာ။ မနေနိုင်လို့  လုပ်ရတာချည်းပဲ။ နှိပ်စက်တာကို မသိတဲ့အတွက်
အပူဇော်ကဲနေတာ။ သူ့ ကို ဒုက္ခသစ္စာမှန်းသိပြီး မပေါင်းချင်တဲ့ တစ်နေ့ 
လူချမ်းသာဖြစ်ပြီ။ ဒုက္ခသစ္စာမှ လွတ်ပြီ။ 

ခန္ဓာထဲ ဘာစိတ်ပေါ်ပေါ်၊ ဘာဝေဒနာပေါ်ပေါ်၊ ဘာရုပ်ပဲပေါ်ပေါ်
ဒုက္ခသစ္စာချည် ရှုပါ။ ဒုက္ခသစ္စာချည်းပဲလို့  ဆုံးဖြတ်ချက်ချနေတဲ့ အချိန်
ဘယ်နည်းနဲ့ မှ ကိလေသာ မလာဘူး။ ပေါ်ရာကိုရှုရင် သစ္စာတွေ့ မယ်၊
ခန္ဓာထဲပေါ်လေသမျှ ဒုက္ခသစ္စာ၊ ပေါ်တာကို မြင်လေသမျှ မဂ္ဂသစ္စာ၊
သေတာက သမုဒယသစ္စာ၊ နောင်ခန္ဓာမလာတာက နိရောဓသစ္စာ၊
ခန္ဓာကိုတစ်ချက်သိရင် သစ္စာလေးပါး တစ်ပြိုင်နက်ပေါ်တယ်။
အဲဒါ ဓမ္မာနုပဿနာ။ ဆရာသမား နည်းပေးတဲ့ အတိုင်း
ခန္ဓာထဲပေါ်လာတာလေးတွေကို ဖြစ်ပျက်ဒုက္ခသစ္စာလေးတွေ ပဲလို့ ရှုတာ
အနုဗောဓဉာဏ် (ဆရာနည်းပေးသိ) ပွားပါများတော့ မှ ကိုယ့် ဟာကိုယ် တစ်ဖန်ထိုးထွင်းသိတဲ့ ပဋိဝေဓကိုယ်ပိုင် ဉာဏ်ထွက်လာတာ။
ဒီဉာဏ်ရောက်ရင် ကိစ္စပြီးတာပဲ။ သာမညသိတာ ဝိပဿနာဉာဏ်၊
ပိုင်ပိုင်နိုင်နိုင်သိတာက မဂ်ဉာဏ်။ မဂ်ဉာဏ် မရသေးရင်
သိစရာကျန်သေးလို့ ။ သစ္စာပိုင်ပိုင်နိုင်နိုင်မသိသေးလို့ ။
ဒုက္ခကို ပိုင်ပိုင်နိုင်နိုင်သိမှ နိဗ္ဗာန်ရမယ်။

ဘယ်အချိန်မဆို အချိန်ရတိုင်းရတိုင်း ဒုက္ခသစ္စာလို့ သိနေရမယ်။
တကယ့် ကိုယ်ပ်ိုင်ဉာဏ်န့ဲ ကိုယ်တိုင်သိပြီး အသိဆုံးလို့ ရှိရင်
မဂ်ဉာဏ်ဖြစ်တာပဲ။ ဉာဏ်ရဲ့ ရှေ့ မှာ ဒုက္ခမြင်ရဖန်များလာလေ
မုန်းတဲ့ ဉာဏ် ရင့် လာလေ။ မုန်းအားကြီးရင်ဆုံး ရော။ ဆုံးရင်နိဗ္ဗာန်ပဲ။
ဒီဒုက္ခကြီး လုံးဝမလိုချင်တော့ ပါဘူးဆိုတဲ့ စွန့် ချင်တဲ့ သဘောပေါ်လာပြီး
ဒုက္ခစက်ရပ်သွားတာကိုမြင်တာက နိဗ္ဗာန်ပေါ်တာပဲ။
ဒီလိုမြင်ရင် သံသယ ဟူသမျှ အကုန်ပျောက်ပြီ။ ရတနာသုံးပါးနဲ့ ခန္ဓာရုပ်နာမ် သံသရာစတဲ့  အရာတွေမှာ ယုံမှားခြင်းမရှိတော့ ဘူး။
ဉာဏ်အမြင် ရှင်းသွားပြီ။ အပါယ်လေးပါးက ကျွတ်ပြီ လွတ်ပြီ။
အထက်မဂ်တွေ အတွက် ဒီအတိုင်းပြန်ရှု။

သဒ္ဓါ၊ပညာ၊ဝီရိယ အားကောင်းရင် အားကောင်းသလောက် အရမြန်မယ်။ ဒီအား သေးရင် သေးသလောက် အရ နှေးမယ်။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး)
Credit by U Sein Tin Nu ၊ Thant Gyi.
(နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏ ဆိုသူများအတွက်။ နောက်ထပ် ဆုတောင်းစရာမလိုတော့ဘူး။ ဒီအတိုင်းသာကျင့်ကြပါ တဲ့)

Shared from Ma Myint Sandar (FB)

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၅)


Young Buddhist's Association
သာသနာတည်နေဆဲအခွင့်အခါကို အကျိုးရှိအောင်သုံးပါ

“ တစ်သံသရာလုံး ၃၁-ဘုံမှာ ဘ၀မျိုးစုံနဲ့ ကိလေသာ အာရုံတွေ ခံစားခဲ့၊ အိုခဲ့၊ နာခဲ့၊ သေခဲ့အရိုးတောင်လိုပုံအောင် ဒုက္ခပင်လယ်ဝေခဲ့လှပြီ။

လူ့ပြည်ဆုတောင်းတာ မြေကြီးကြီးပွားဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့ပဲ။

ခင်ဗျားတို့ အရိုးတွေ၊ အသားတွေ နောက်ထပ် မြေကြီး၁၃-မိုင်တက်ပြီးမှ ဒီတရားမျိုး နောက်ထပ်တစ်ကြိမ်ပေါ်မယ်။

ဘုရားက သံသရာလွတ်ကြောင်း ၀ိပဿနာ  အကျိုးငှာ ပေါ်လာတာ။ဒီအချိန်ကို မိအောင်သာ ဖမ်းကြပေတော့။"

(မိုးကုတ် ဆရာတော်ကြီး အရှင်ဝိမလ)
* * * * * * *

Young Buddhist's Association

“ကံ” တည်းဟူသောရေတွေ ခန်းနေပြီ။
“ငါး”နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။
အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။
သေတာ ထုံးစံဘဲလို့ဘဲ ပြောမနေပါနဲ့ဦး။
မသေရာလည်း လမ်းခွဲရှိနေတယ် ဆိုတာလည်း သတိထားပါဦး။

(မိုးကုတ်ဆရာတော်ဘုရားကြီး)
* * * * * * *

ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထား။

အစမှာတော့ နှာသီးဖျားမှာ သတိထား။ ထွက်တိုင်းသိ ၀င်တိုင်းသိ။

တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး ထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။

အမှန်သိမှု ညဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း
သိနေတာဟာ ၀ိပဿနာပဲ။
(ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)
* * * * * * *

မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ
တောင်ပုလုဆရာတော်၏ ၀ိပဿနာရှုနည်း

ယောဂီသည် ထိုင်တာကို “ ထိုင်တယ် ” ဟု သိလျှင် ၀ိဇ္ဇာ(အသိပညာ) ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ(မသိမှု မောဟ) ဖြစ်၏။ ရပ်တာ၊ သွားတာ၊ အိပ်တာ စသည်တို့ကို သိလျှင် ၀ိဇ္ဇာ ဖြစ်၏။ အသိလျှင် အ၀ိဇ္ဇာ ဖြစ်၏။
စားတာကို “ စားတယ် ”၊ သောက်တာကို “သောက်တယ်” စသည် ရှုမှတ်ပြီး သိလျှင် ၀ိဇ္ဇာ ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ ဖြစ်၏။ ထို့အတူ ကျင်ကြီးကျင်ငယ် စွန့်တာကို “ စွန့်တယ် စွန့်တယ်” ဟု မှတ်ပြီး သိလျှင် ၀ိဇ္ဇာ၊ မသိလျှင် အ၀ိဇ္ဇာ ဖြစ်သည်။ ထိုနည်းအတူ ပြုပြုသမျှ အမူအရာအားလုံးကို သိအောင် မှတ်ရမည်။ ဤ၌ “ အ၀ိဇ္ဇာ၊ မသိတာ၊ မောဟ ” စကားလုံးတို့၏ အဓိပ္ပါယ်သည် အတူတူ ဖြစ်သည်။ “ ၀ိဇ္ဇာ၊ သိတာ၊ အမောဟ ” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ်လည်း အတူတူပင် ဖြစ်သည်။ အ၀ိဇ္ဇာဖြစ်လျှင် သင်္ခါရ (အကျိုးဆက်ကို ဆက်လက် ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ) စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာရှည်မည်။ ၀ိဇ္ဇာဖြစ်လျှင်ကား အ၀ိဇ္ဇာချုပ်၏။
အ၀ိဇ္ဇာချုပ်လျှင် သင်္ခါရစသော တရားတို့ ချုပ်ပြတ်ကာ သံသရာ ရပ်တော့သည်။ ထို့ကြောင့် ၀ိဇ္ဇာဖြစ်အောင် မြင်တာ ကြားတာ နံတာ စားတာ စသော အာရုံများကို တွေ့ကြုံတိုင်း မြင်ကာမျှ စသည် သိအောင် ရှုမှတ်ရမည်။ အခြားအခြားသော စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ ရှူတာ၊ ရှိုက်တာ၊ ပိန်တာ၊ ဖောင်းတာ၊ ဒေါသဖြစ်တာ၊ နှမြောတာ စသည်ဖြင့် ကိုယ်အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ်သမျှကို သိအောင် အမြဲမပြတ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်နိုင်မှသာ သံသရာပြတ်ကြောင်း ၀ိဇ္ဇာဖြစ်၍ မရှုမှတ်နိုင်က သံသရာလည်ကြောင်း အ၀ိဇ္ဇာချည်း ဖြစ်နေလိမ့်မည်။ နာမ်ရုပ်ကို အမှန်ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော်လည်း ရဟန္တာလို ချမ်းသာစွာ နေနိုင်သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ (တခဏမျှ) သာ နေနိုင်ခြင်း ဖြစ်သည်။ ထိုသို့ နာမ်ရုပ်ကို အမှန်မြင်လျှင် မိစ္ဆာဒိဌိ (၆၂) ပါးလည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နာမ်ရုပ်ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယဒိဌိ(ငါအစွဲအမြင်) ကို စွန့်ပယ်နိုင်၍ ဉာဏ်အမြင် စင်ကြယ်ခြင်း ဖြစ်သည်။
ထို့ကြောင့် မြင် ကြား နံ စား ထိ သိ အာရုံများနှင့်တကွ ဈေးရောင်း ဈေးဝယ် လယ်လုပ်ယာလုပ် စသော မည်သည့်ကိစ္စကို ပြုပြု၊ ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ပါသည်။ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျင့်ကြံအားထုတ်နိုင်ကြပြီး မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။

Shared from Ma Myint Sandar (FB)

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၄)


သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသ စိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီ ဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
Words of Buddha
* * * * * * *

မိုးကုတ်ဆရာတော်ဘုရား (MoGok Sayadaw Phayar)

အယားတော့ဖျောက်တတ်တယ်။ ဥာဏ်နဲတော့ မဖျောက်တတ်ဘူး။ ဒကာ ဒကာမတို့... ယားတယ်ဆိုတော့ ညအမှောင်ထဲမှာတောင် ကြမ်းပိုးရအောင် ဖမ်းနိုင်သေးတယ်။ ဥာဏ်နဲ့တော့မလိုက်ဘူး။

ကိုယ်အပေါ်မှာယားရင် ယားတဲ့စိတ်ကို ကပျာကယာ ဖြစ်ပျက်ရူလိုက်။ ယားတာလေးကို အယားလေးလား၊ အယားလတ်လား၊ အယားကြီးလား ခွဲနေ။ တစ်ခုနှင့်တစ်ခုမတူတာ ဥာဏ်နဲ့သိနေရမယ်။

တစ်ခုပျက်ပြီးမှ တစ်ခုဖြစ်တာ။ ယားတာကို ဥာဏ်နဲ့ ဖျောက်ရင် နိဗ္ဗာန်ရောက်တယ်။ တဏှာ ဒေါသနဲ့ဖျောက်ရင် အပါယ်ရောက်မယ်။

(မိုးကုတ်ဆရာတော်ဘုရား - ၁ရ - ၂ - ၆၁ ဟော)
* * * * * * *

တရားဆောင်သူ

တစ်နေ့တစ်နေ့ဖြစ်နေတဲ့ လောဘ ဒေါသ မောဟတွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘ၀ပေါင်း မရေတွက်နိုင်ဘူး။ စိတ်ကလေးတစ်လုံး၊ဝေဒနာလေးတစ်ခု၊ အပါယ်တစ်ခါရောက်လိုက် ဆိုတော့ အပါယ်က တက်စရာ မမြင်ဘူး။ တစ်ခါတစ်လေမှ လုပ်တဲ့ ကုသိုလ်ကံလေးနဲ့ ဒီကံတွေမျှရဲ့လား။ ဒါတွေ ချေမှူန်းကန့်ကွက်ပြီး အဟောသိကံဖြစ်အောင် လုပ်နိုင်တာကတော့ မဂ်ပဲရှိတယ်။ ဘ၀များစွာက စုထားတဲ့ အကုသိုလ်တွေကလည်း သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်လိုက်လို့ရှိရင် အကုန် အဟောသိကံ ဖြစ်ပါတယ်။ ဒီဘ၀ လူသတ်မှုတွေသာမက ဘ၀များစွာ လူသတ်သမားကြီးဖြစ်ခဲ့တဲ့ အင်္ဂုလိမာလလည်း မဂ်တစ်ချက်ပေါ်လိုက်တော့ ကြွေးအကုန် ကျေသွားတာပဲ။ ကိုယ်သွားရမယ့်ငရဲ ကိုယ်တိုင်မြင်ပြီးသားတောင်မှ မဂ်ဥာဏ် ဖိုလ်ဥာဏ်က တားနိုင်တယ်။ မဂ်တည်းဟူသော သိမှုကလေးတစ်ခုနဲ့ ကြွေးဟောင်းရော ကြွေးသစ်ပါ အကုန်ကျေစေတယ်။

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
၂၀၀၇ မတ်လထုတ် မိုးကုတ်တရား ပတ္တမြားအမြုတေမှ-
(၂၀၀၉ မတ်လ၂၆ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်)
* * * * * * *

အနိစ္စလို့သိရင် ပျက်တာကိုမြင်ရင် မဂ်ဉာဏ်ဖြစ်တယ်။ မဂ်ဉာဏ်လာတဲ့အချိန် တဏှာ ဥပါဒါန်တွေ မလာတော့ ကမ္မဘ၀ ကံတွေ မလုပ်တော့ဘူး။ ကံတွေ မဖြစ်တော့ ဇာတိမလာရင် ခန္ဓာမဖြစ်တော့ဘူးပေါ့။ ဒါကို ခန္ဓာဆုံးတယ်လို့ခေါ်တယ်။ ခန္ဓာဆုံးတော့ နိဗ္ဗာန်ပေါ့။ ခန္ဓာတွေ အသစ်မဖြစ်တော့ပဲနဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပြတ်စေတာမို့ ဒုက္ခတွေ ချုပ်ငြိမ်းတာကို နိဗ္ဗာန်လို့ခေါ်တယ်။ ပထမနိဗ္ဗာန်ပါ။ သညာသိတဲ့။ ဒီလိုသာ ဖြစ်ပျက်တဲ့ မဂ်နဲ့သာ ကိုက်ကိုက်ပေးရင် တဏှာတွေ ပါးပါးလာမယ်။ အကျင့်နဲ့သာ ကျင့်လို့ မဂ်တစ်ကြိမ်ကျရင် သောတာပန်တည်ပြီပေါ့။ နိဗ္ဗာန်ကို နီးနှီးလေးနဲ့ မရောက်တာ မရှုလို့တဲ့။ မကျင့်လို့တဲ့။

[ဘုရားက ရာဟုလာသားတော်ကဲ့သို့ ချစ်သနားတော်မူလို့ အမွေပေးထားခဲ့တဲ့ တရားတော်။ အခုကြိုးစားရင် အခုရမယ် ဟောတယ်။ နောက်မှရမယ်လို့ မဟောဘူး။ သူများတောင်ရသေးတာ ငါဘာကြောင့် မရရမှာလဲဆိုပြီး လုပ်သာလုပ်။

မိုးကုတ်ဆရာတော်ဘုရားကြီး (YB'A)
* * * * * * *

World Of Wisdom
သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်
https://www.facebook.com/World0fWisdom

“ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။

အောက်ပါ Link တွင်လည်း ဝင်ရောက်ဖတ်ရှူ့နိုင်ပါသည်။

http://www.worldofwisdom.asia/2012/05/blog-post_11.html
* * * * * * *

3 Treasures: Buddha, Dhamma & Sangha
အကြီးမားဆုံး ကုသိုလ်

ဝိပဿနာပွားများလို့ ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က . .
ဒီပြင့် ကုသိုလ်မျိုးတွေထက် အဆပေါင်း သိန်းသန်းကုဋေမကအောင်ဘဲ
ထူးခြားလွန်ကဲ မြင့်မြတ်တယ်။

ဖြစ်ပျက် ၁-ချက်ရှုလျှင် မဂ္ဂင်က သိစိတ် ဇော ၇-ကြိမ် ဖြစ်တယ်။
ဝိပဿနာကုသိုလ် မဂ္ဂင်ဇောက အကုသိုလ်ကံတွေကို တားနိုင်တယ်။

အန္တရာယ်ကင်း ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်ခန္ဓာ စေတီထိုက်အောင်, တရားတော် ခန္ဓာထဲ ကိန်းအောင်းအောင် လုပ်ဖို့လိုတယ်။

( မိုးကုတ်ဆရာတော်ဘုရားကြီး )
Shared from Ma Myint Sandar (FB)

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၃)


ဖြစ်ပျက်နဲ့ မဂ်ကြားမှာ ကိလေသာ ကြားမခိုရင် မနက်အားထုတ် ညနေရမယ်။ ညနေအားထုတ် မနက်ရမယ်တဲ့။ ဘုရားကိုယ်တိုင် အာမခံထားတာလို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ဟောကြားထားပါသည်။
အားထုတ်နေတုန်း ကိလေသာ ကြားခိုခဲ့ရင် ကိစ္စတစ်ခုခု နောက်ယှက်ဖို့ ၀င်လာခဲ့မယ်ဆိုရင် ဒေါသစိတ်ကလေး ဖြစ်ခဲ့မယ်ဆိုရင် အဲဒီဒေါသစိတ်ကလေးကို အရူခံအဖြစ် ရူလိုက်ရင်၊ ဖြစ်ပျက်ရူလိုက်ရင် ကိလေသာကြားခိုတာကို တားလိုက်တာပဲမို့ ပူစရာမလိုဘူးတဲ့။ ဘာပဲလာလာ အရူခံအဖြစ် ဖြစ်ပျက်ရူလိုက်ရင် ကိလေသာ မဖြစ်တော့ရင် နိဗ္ဗာန်ကို မြင်မယ်တဲ့။
ဒါကတော့ ကိလေသာကို ကြားမခိုစေတဲ့ နည်းပဲ။ ကြားမခိုအောင် ဖြေရှင်းတဲ့ နည်းပဲ။
ဒါပေမယ့် ဆရာတော်ဘုရားကြီးက ဒိဋ္ဌိကို အသိနဲ့ အရင်ဖြုတ်ပြီးမှ ဝိပဿ   နာကို ရှုပါတဲ့။ အရှေ့နဲ့ အနောက် မလွဲစေနဲ့တဲ့။

အမေကို သတ်မယ်၊ အဖေကို သတ်မယ်၊ ရဟန္တာကို သတ်မယ်၊ မြတ်စွာဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်မယ်၊ သံဃာကို ဂိုဏ်းခွဲမယ်၊ အဲဒီလို အကုသိုလ်မျိုးတွေ ကျူးလွန်ပြီးရင်တော့ ဒီအကုသိုလ်ကံတွေ ပယ်ဖျောက်ဖို့အတွက် ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာတွေ ဘယ်လောက်ပဲ ပြုပြု၊ ဘယ်လောက်ပဲ ပွားပွား၊ ဒီဘ၀ ဈာန် မဂ်ဖိုလ် မရနိုင်တော့ပါဘူးတဲ့။ ကုသိုလ်တော့ ဖြစ်တယ်ပေါ့လေ။ (ငရဲကို တန်းသွားရလို့။ ငရဲကို ကျကိုကျမှာမို့)

ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက အဲဒီ ကံငါးပါးသာ မကျူးလွန်ထားရင် အရင်တုန်းက ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ဘယ်လောက်ပဲ ခိုးဆိုးလုယက် ကံငါးပါးက လွဲလို့ ဆိုးချင်တဲ့ နည်းနဲ့ဆိုးတဲ့... ဒိဋ္ဌိသာ ဖြုတ်ပြီးရင် တရားအားထုတ်တော့ မကြာဘူး ရပြီတဲ့။

ဘုရားလဲမရှိလို့ ဘုရားသွေးစိမ်းတည်အောင် မလုပ်နိုင်ဘူး။ သံဃာသင်းကွဲအောင်လုပ်တာ သံဃာအချင်းချင်းသာ လုပ်နိုင်တယ်တဲ့။ ရဟန္တာသတ်ဖို့လဲ ရှားလို့မဖြစ်နိုင်ဘူးတဲ့ အမိအဖသတ်ဖို့လည်း မရှိနိုင်တာမို့ ဗုဒ္ဓဘာသာဝင်တိုင်း သံဝေဂဉာဏ် တကယ်ရပြီး လွတ်မြောက်ချင်ရင် လူတိုင်းရနိုင်ပါတယ်လို့ ကြားနာဖူးသည်။

ဘုရားရဲ့ သားသမီးအရင်းတွေ ဖြစ်ဖို့ဆိုတာက ... တရားထိုင်ကြရမယ်။
တရားထိုင်မှ ဘုရားရဲ့ သားသမီးရင်းတွေ ဖြစ်ကြမှာနော်။
တစ်ဝမ်းကွဲထက်စာရင် အရင်းက ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား။

* ရွှေဥမင်ဆရာတော်ဘုရားကြီး ၏ - သြဝါဒတရားတော်များ စာအုပ်မှ -

* Donated by - Ukyaw Kyawsoe . 13.9.2013
* * * * *

နိဗ္ဗာန် ဥပမာ (မိုးကုတ်ဆရာတော်ကြီး)

...ခုနက ဥာဏ်က မြင်တယ်၊ အရင်တုံးကတော့ aဖာက်ပြန် ပျက်စီးတဲ့ဖက် နေတယ်၊ နောက်တော့ ဒီဖောက်ပြန်ပျက်စီးတာကြီး မလိုချင်တော့လို့ ဖောက်ပြန်ပျက်စီးတာဟာ ပျောက်ထွက်သွားတယ်၊ မဖောက်ပြန်ဘဲနဲ့ ခိုင်မြဲတာကြီး လာပေါ်လာတယ်။ နိဗ္ဗာန် လာပေါ်တယ် ဆိုကြပါစို့…။

…နိဗ္ဗာန်လာပေါ်တော့ ဘယ်လိုပေါ်သတုံးဆိုတော့ ဓာတ်ရှင်များ ပြသလိုပဲ မှတ်လိုက်တာပေါ့။ အရင်တုံးကတော့ ပိတ်ကားကြီးပေါ်မှာ အရုပ်တွေ ရှုပ်နေတယ်၊ နောက်ဓာတ်ရှင် သိမ်းတော့ ပိတ်ဖြူကြီး ပေါ်လာတယ်။ မသိမ်းခင်က ရှုပ်ရှက် ခတ်နေတယ်၊ သိမ်းလိုက်တဲ့အခါကျတော့ ရှင်းသွားတယ်။ ဒီမှာလည်း ထိုနည်းအတူပဲတဲ့။

...ပထမတုံးက သမာဓိနဲ့ ရှုနေတုံးကတော့ ရှုပ်ရှက်ခတ်တွေ ရှုနေရတယ်။ ဖောက်ပြန်ပျက်စီးတာတွေ ရှုနေရတယ်။ နောက်ဒါတွေ မလိုချင် တော့ပါဘူး၊ ဒါတွေ မရချင်တော့ပါဘူး၊ ရွံပါတယ်၊ မုန်းပါတယ်ဆိုတဲ့ ဥာဏ်တွေ တက်ပြီး မလိုချင်တော့ဘူးဆိုတော့ ခုနက ပိတ်ကား မြင်ရသလို တစ်ခါတည်း ရှင်းထွက်သွားတာပဲ။

…ဒါ “အလုပ်သင်” ပေးနေတယ်လို့ ယနေ့မှတ်ပါ။ ကဲ…ယနေ့ ဒီတွင် တော်ကြဦးစို့…..။

Shared from Mya Thein Tun (FB)