Sunday, June 29, 2014

အာဠာဝက ချွတ်ခန်း


ခက်ထန်ကြမ်းတမ်း တန်ခိုးကြီးသော အာဠာဝကအား သောတာပန်တည်စေသော
-------------------------------------------------------------------
အမေးအဖြေများ( အာဠာဝက ချွတ်ခန်း )
----------------------------------
အာဠာဝက ဘီလူးမှ မြတ်စွာဘုရားရှင်အား

" ရဟန်း ဂေါတမ -

လောကသုံးပါး၌ မြတ်လှဥစ္စာ ရတနာကား အဘယ်နည်း။

လေ့ကျက်ခြင်း တကာဝယ် အဘယ်မည်သောအလေ့အကျက်သည် ချမ်းသာကို ဆောင်ပါသနည်း။

အရသာတို့တွင် အဘယ်အရသာကို သာလွန်ကောင်းမြတ်သည်ဟု ဆိုအပ်ပါသနည်း။

အသက်မွေးခြင်းတို့တွင် အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သည်ဟု ဆိုပါသနည်း "

မြတ်စွာဘုရားရှင်က မေးအပ်သော ပုစ္ဆာလေးပုဒ်အား

" အို - အာဠာဝက။

ဤလူ့ရွာ၌ ယောင်္ကျား မိန်းမ စသည်များစွာ သတ္တဝါ၏ ရတနာသုံးပါးဂုဏ်၌ မတုန်မလှုပ် စုပ်စုပ်သက်ဝင်

ခင်မင်ကြည်ညိုခြင်းသည် လောကီလောကုတ္တရာ ချမ်းသာပေးတတ် အလွန်မြတ်သော ဥစ္စာပင်တည်း။

ကောင်းမွန်လှစွာ လေ့လာကျင့်သုံးအပ်သော ကုသိုလ်ကမ္မပထတရားဆယ်ပါးသည် လူ့ပြည်နတ်ရွာ ချမ်းသာသုံးပါးကို
မချွတ်အောင် ရွက်ဆောင်နိုင်ပေ၏။

မှန်ကန်ဖြောင့်မတ်သောစကားသည် စင်စစ်အားဖြင့် ချိုချဉ်ဖန်စပ် ခါးငန်ခြောက်ဖြာ အရသာတို့ထက်
အလွန်ကောင်းမြတ်သော အရသာမည်၏။

အသက်မွေးခြင်းတကာတို့တွင် ပညာဖြင့်အသက်မွေးခြင်းသည် မြတ်၏ဟု လိမ္မာကုန်သော ပညာရှိတို့သည်ဆို၏။

ဤ ပြဿနာလေးပါးကို ဘုရားဖြေတော်မူသောအခါ အာဠာဝကသည် ဝမ်းမြောက်လှသည် ဖြစ်၍ ကြွင်းသေးသော ပြဿနာကို
ထပ်ကာမေး၏။

" အရှင်ဂေါတမ -

အဘယ်သို့သော အကြောင်းအရာဖြင့် သံသရာတည်းဟူသော သြဃကို ကူးမြောက်နိုင်ပါအံ့နည်း။

အဘယ်သို့သော အပြားအားဖြင့် ဝဋ်ဆင်းရဲတည်းဟူသော သမုဒ္ဒရာ ကို ကောင်းစွာလွန်မြောက်နိုင်ပါအံ့နည်း။

အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲအပေါင်းမှ ကောင်းစွာ လွတ်ပါမည်နည်း။

အဘယ်ရေအေးဖြင့် ကိလေသာအညစ်အကြေးကို ဆေးကြောသုတ်သင်၍ စင်ကြယ်ပါမည်နည်း။ " ဟူ၍ မေးလျှောက်၏။

မြတ်စွာဘုရားရှင်က

" အို အာဠာဝက ဘီလူး သဒ္ဓါတရားဖြင့် သံသရာတည်းဟူသောသြဃကို ကူးမြောက်နိုင်၏။

ကုသိုလ်ပြုပြု ကောင်းမှုပျော်မွေ့ မမေ့မလျှော့ခြင်းဖြင့် သမုဒ္ဒရာ ပမာထက်ကဲ ဝဋ်ဆင်းရဲကို လွန်မြောက်နိုင်၏။

ပါရမီဆယ်ပါး တရားဝီရိယ မြတ်ဓမ္မ၌ နိစ္စကြိုးကုတ် အားထုတ်ခြင်းဖြင့် ဇာတိဇရာ ဗျာဓိမရဏ
စသည်သောင်းသောင်း ဆင်းရဲအပေါင်းကို လွန်စေနိုင်၏။

ဝိပဿနာပညာဆယ်ပါး ဥာဏ်တရားဖြင့် ကိလေသာမြူမှေး အညစ်အကြေး မှ ကင်းဝေးစင်ကြယ်နိုင်၏။ "

ဤသို့ ဖြေတော်မူသော ဒေသနာကို ကြားရလျှင် အာဠာဝကသည် ပါရမီ သမ္ဘာရ ရှိသူဖြစ်၍ ရှစ်ပါး ဆယ်ပါး တစ်ဆယ့်ခြောက်ပါးသော
ယုံမှားခြင်း ကင်းကွာလျက် သောတာပတ္တိဖိုလ်၌ တည်လေသည်။

ထို့နောက်တစ်ဖန်

" မြတ်စွာဘုရား - အဘယ်သို့သောအကြောင်းအားဖြင့် ထူးပြားသော ပညာကို ရအံ့ပါသနည်း။

အဘယ်အရေးဖြင့် အသက်မွေးဝမ်းကြောင်း ဥစ္စာကို ရရာပါသနည်း။

အဘယ်သဘောဖြင့် ကောင်းသောသတင်းကျော်စော်ခြင်းသို့ ရောက်ပါသနည်း။

မိတ်ဆွေကောင်းတို့ကို အဘယ်သို့ ပြုအပ်ပါသနည်း။

မျက်မှောက်ဘဝဤလောကမှ တမလွန်ဘဝသွားရသောအခါဝယ် အဘယ်အမှုမျိုးဖြင့် စိုးရိမ်ခြင်းကင်းရပါသနည်း။ "

ဟု မေးလျှောက်၏။

မြတ်စွာဘုရားရှင်က " ချစ်သား အာဠာဝက -

ပူဇော်ထိုက်သော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့သည် ဟောပြအပ်သောနိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သောတရားကို
ယုံမှားမရှိ အတိပသန္နသဒ္ဓါဖြင့် လွန်စွာယုံကြည်ဖြစ်၍ နှစ်နှစ်သက်သက် စုံမက်မြတ်နိုးစွာ မှတ်သားကျင့်ဆောင်လေ့ရှိခြင်းသည်၎င်း
မမေ့မလျော့မပေါ့သောသတိရှိခြင်းသည်၎င်း စုံစမ်းတိုင်းထွာ စာနာကြံစည်လေ့ရှိခြင်းသည်၎င်း ဤအကြောင်းသုံးပါးဖြင့် ထူးပြားသော
ပညာကို ရရာဘိသတည်း။

သင့်တင့်ကောင်းမြတ်သောအခါ၌ ကောင်းမြတ်စွာသော မိတ်ဆွေနှင့် ပေါင်းလျှက် ကောင်းမြတ်သောအမှုကို ဂရုကတ
လုံ့လပြုလေ့ရှိသောသူသည် လောကီဥစ္စာ လောကုတ္တရာ ဥစ္စာ ဤနှစ်ဖြာကို ရရာသောအကြောင်းဖြစ်၏။

ရှေ့ဆိုနောက်ပျက် ယွင်းကွက်မရှိ ပကတိဟုတ်မှန်သောစကားကို ဆိုခြင်းသည် ကျေးဇူးသတင်းကျော်စောခြင်းသို့ ရောက်၏။

မိမိစီးပွား သူ့စီးပွား၌ လိုလားမျှတ ဝေငှပေးခြင်းသည် မှီတင်းကိုးစားရာဖြစ်သော အဆွေခင်ပွန်းကောင်းကို ရကြောင်းဧကန်အမှန်ဖြစ်၏။

အကြင်သူအားဖြောင့်သားဟုတ်မှန်စွာသော သစ္စာတရား။ အပါယ်လားမှုဒုစရိုက်မှ ရှောင်ကြဉ်လှလျှက်နိစ္စကြိုးကုတ်အား
ထုတ်အပ်သောပုညကိရိယာဓမ္မာဆယ်ပါး။ စီးပွားနှစ်ဖြာထိုအရာ၌လွန်စွာဆည်းပူးအပ်သောဓိပတိတရား။ သူ့အားစွန့်ကြဲဝေခွဲပေး
ကမ်းခြင်းဟူသောစာဂတရား။ ဤလေးပါးကိုဟပွားများစေသည်ဖြစ်အံ့။

ထိုသူအား လူ၏ဘောင်တွင် အိမ်ထောင်ရာထား သားမယားနှင့်ပျော်ပါး၍ နေသည်ပင်ဖြစ်သော်လည်း
စင်စစ် တမလွန်ရွာ၌စိုးရိမ်စရာမရှိလေပြီ။ ယုတ်ညံ့သော ဂတိမှလွတ်၍ လူ့ရွာနတ်ဌာန်၌ ဧကန်ဖြစ်လတ္တံ့သည်သာတည်းဟု

ဖြေတော်မူ၏။

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ " ဇိနတ္ထပကာသနီကျမ်း " မှ ဓမ္မမိတ်ဆွေများ အကျိုးရှိပါစေခြင်း အကျိုးငှာ
ကောက်နတ်ပူဇော်ပါသည်။ သတ္တဝါဟူသရွေ့ တရားတွေ့ ချမ်းမြေ့ကြည်သာ ရှိစေသော်ဝ်။

Posted by Words of Buddha

No comments:

Post a Comment