Sunday, June 29, 2014

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၄)


သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့ စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသ စိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့ စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီ ဒေါသစိတ်ကို ငါ့စိတ်လို့ မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင် ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )
Words of Buddha
* * * * * * *

မိုးကုတ်ဆရာတော်ဘုရား (MoGok Sayadaw Phayar)

အယားတော့ဖျောက်တတ်တယ်။ ဥာဏ်နဲတော့ မဖျောက်တတ်ဘူး။ ဒကာ ဒကာမတို့... ယားတယ်ဆိုတော့ ညအမှောင်ထဲမှာတောင် ကြမ်းပိုးရအောင် ဖမ်းနိုင်သေးတယ်။ ဥာဏ်နဲ့တော့မလိုက်ဘူး။

ကိုယ်အပေါ်မှာယားရင် ယားတဲ့စိတ်ကို ကပျာကယာ ဖြစ်ပျက်ရူလိုက်။ ယားတာလေးကို အယားလေးလား၊ အယားလတ်လား၊ အယားကြီးလား ခွဲနေ။ တစ်ခုနှင့်တစ်ခုမတူတာ ဥာဏ်နဲ့သိနေရမယ်။

တစ်ခုပျက်ပြီးမှ တစ်ခုဖြစ်တာ။ ယားတာကို ဥာဏ်နဲ့ ဖျောက်ရင် နိဗ္ဗာန်ရောက်တယ်။ တဏှာ ဒေါသနဲ့ဖျောက်ရင် အပါယ်ရောက်မယ်။

(မိုးကုတ်ဆရာတော်ဘုရား - ၁ရ - ၂ - ၆၁ ဟော)
* * * * * * *

တရားဆောင်သူ

တစ်နေ့တစ်နေ့ဖြစ်နေတဲ့ လောဘ ဒေါသ မောဟတွေဟာ တစ်နေ့ကို ငရဲရောက်ဖို့ ဘ၀ပေါင်း မရေတွက်နိုင်ဘူး။ စိတ်ကလေးတစ်လုံး၊ဝေဒနာလေးတစ်ခု၊ အပါယ်တစ်ခါရောက်လိုက် ဆိုတော့ အပါယ်က တက်စရာ မမြင်ဘူး။ တစ်ခါတစ်လေမှ လုပ်တဲ့ ကုသိုလ်ကံလေးနဲ့ ဒီကံတွေမျှရဲ့လား။ ဒါတွေ ချေမှူန်းကန့်ကွက်ပြီး အဟောသိကံဖြစ်အောင် လုပ်နိုင်တာကတော့ မဂ်ပဲရှိတယ်။ ဘ၀များစွာက စုထားတဲ့ အကုသိုလ်တွေကလည်း သောတာပတ္တိမဂ် တစ်ကြိမ်ပေါ်လိုက်လို့ရှိရင် အကုန် အဟောသိကံ ဖြစ်ပါတယ်။ ဒီဘ၀ လူသတ်မှုတွေသာမက ဘ၀များစွာ လူသတ်သမားကြီးဖြစ်ခဲ့တဲ့ အင်္ဂုလိမာလလည်း မဂ်တစ်ချက်ပေါ်လိုက်တော့ ကြွေးအကုန် ကျေသွားတာပဲ။ ကိုယ်သွားရမယ့်ငရဲ ကိုယ်တိုင်မြင်ပြီးသားတောင်မှ မဂ်ဥာဏ် ဖိုလ်ဥာဏ်က တားနိုင်တယ်။ မဂ်တည်းဟူသော သိမှုကလေးတစ်ခုနဲ့ ကြွေးဟောင်းရော ကြွေးသစ်ပါ အကုန်ကျေစေတယ်။

ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး
၂၀၀၇ မတ်လထုတ် မိုးကုတ်တရား ပတ္တမြားအမြုတေမှ-
(၂၀၀၉ မတ်လ၂၆ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်)
* * * * * * *

အနိစ္စလို့သိရင် ပျက်တာကိုမြင်ရင် မဂ်ဉာဏ်ဖြစ်တယ်။ မဂ်ဉာဏ်လာတဲ့အချိန် တဏှာ ဥပါဒါန်တွေ မလာတော့ ကမ္မဘ၀ ကံတွေ မလုပ်တော့ဘူး။ ကံတွေ မဖြစ်တော့ ဇာတိမလာရင် ခန္ဓာမဖြစ်တော့ဘူးပေါ့။ ဒါကို ခန္ဓာဆုံးတယ်လို့ခေါ်တယ်။ ခန္ဓာဆုံးတော့ နိဗ္ဗာန်ပေါ့။ ခန္ဓာတွေ အသစ်မဖြစ်တော့ပဲနဲ့ ပဋိစ္စသမုပ္ပါဒ်ကို ပြတ်စေတာမို့ ဒုက္ခတွေ ချုပ်ငြိမ်းတာကို နိဗ္ဗာန်လို့ခေါ်တယ်။ ပထမနိဗ္ဗာန်ပါ။ သညာသိတဲ့။ ဒီလိုသာ ဖြစ်ပျက်တဲ့ မဂ်နဲ့သာ ကိုက်ကိုက်ပေးရင် တဏှာတွေ ပါးပါးလာမယ်။ အကျင့်နဲ့သာ ကျင့်လို့ မဂ်တစ်ကြိမ်ကျရင် သောတာပန်တည်ပြီပေါ့။ နိဗ္ဗာန်ကို နီးနှီးလေးနဲ့ မရောက်တာ မရှုလို့တဲ့။ မကျင့်လို့တဲ့။

[ဘုရားက ရာဟုလာသားတော်ကဲ့သို့ ချစ်သနားတော်မူလို့ အမွေပေးထားခဲ့တဲ့ တရားတော်။ အခုကြိုးစားရင် အခုရမယ် ဟောတယ်။ နောက်မှရမယ်လို့ မဟောဘူး။ သူများတောင်ရသေးတာ ငါဘာကြောင့် မရရမှာလဲဆိုပြီး လုပ်သာလုပ်။

မိုးကုတ်ဆရာတော်ဘုရားကြီး (YB'A)
* * * * * * *

World Of Wisdom
သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်
https://www.facebook.com/World0fWisdom

“ ချစ်သားရဟန်းတို့ သောတာပန်မည်သည် သူ့အသက်သတ်ခြင်းကို မပြုကြကုန်၊ ထိုအမျိုးသမီးသည်ကား လင်ယောက်ျားစကားကို လိုက်နာရုံသက်သက်သာ ဆောင်ရွက်ပေးခြင်းဖြစ်၏၊ ဤလေးမြားလက်နက် စသည်ကိုယူကာ မုဆိုးကြီးအနေဖြင့် သားသမင်စသည်တို့ကို သတ်ဖြတ်ပါစေ၊ သားသမင်များသည်လည်း ဤလက်နက်များကြောင့် အလွယ်တကူ သေပါစေစသည့် စိတ်စေတနာသည် ထိုအမျိုးသမီးအား မရှိ၊ လက်ဝါးပြင်၌ အနာမရှိလျှင် အဆိပ်ကို ကိုင်ယူသောသူအား အဆိပ်ဒဏ်သည် မဖြစ်နိုင်သကဲ့သို့ အကုသိုလ် စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုလိုသောသူအား လေးလက်နက်စသည်ကို ထုတ်ပေးနေသော်လည်း မကောင်းမှုမည်သည် မဖြစ်နိုင်” စသည်ဖြင့် မိန့်တော်မူကာ

“လက်၌ အနာမရှိလျှင် လက်ဖြင့် အဆိပ်ကို ကိုင်ဆောင်နိုင်၏။
အဆိပ်သည် အနာမရှိသော လက်သို့ အစဉ်မလိုက်၊
စေတနာ မရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ”

(ဓမ္မပဒ၊ ပါပဝဂ်၊ ကုက္ကုဋမိတ္တမုဆိုးဝတ္ထု) ဟူ၍ အထက်ပါ တရားစကားကို မိန့်ကြားတော် မူလိုက်လေ၏။

အောက်ပါ Link တွင်လည်း ဝင်ရောက်ဖတ်ရှူ့နိုင်ပါသည်။

http://www.worldofwisdom.asia/2012/05/blog-post_11.html
* * * * * * *

3 Treasures: Buddha, Dhamma & Sangha
အကြီးမားဆုံး ကုသိုလ်

ဝိပဿနာပွားများလို့ ဖြစ်ပျက်မြင်တဲ့ ကုသိုလ်က . .
ဒီပြင့် ကုသိုလ်မျိုးတွေထက် အဆပေါင်း သိန်းသန်းကုဋေမကအောင်ဘဲ
ထူးခြားလွန်ကဲ မြင့်မြတ်တယ်။

ဖြစ်ပျက် ၁-ချက်ရှုလျှင် မဂ္ဂင်က သိစိတ် ဇော ၇-ကြိမ် ဖြစ်တယ်။
ဝိပဿနာကုသိုလ် မဂ္ဂင်ဇောက အကုသိုလ်ကံတွေကို တားနိုင်တယ်။

အန္တရာယ်ကင်း ဘေးရှင်းချင်တာ မှန်ရင် မိမိကိုယ်ခန္ဓာ စေတီထိုက်အောင်, တရားတော် ခန္ဓာထဲ ကိန်းအောင်းအောင် လုပ်ဖို့လိုတယ်။

( မိုးကုတ်ဆရာတော်ဘုရားကြီး )
Shared from Ma Myint Sandar (FB)

No comments:

Post a Comment