Friday, June 6, 2014

ဝေဒနာကို သိအောင်ရှုရမယ်


ဝေဒနာကို ရှု တဲ့အခါမှာ-
၁။ပျောက်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှု တာရယ်။
၂။ဝေဒနာကို အပြုတ်တိုက်မယ်ဆိုတဲ့ စိတ်ကြမ်းကြီးနဲ့ ရှု့ တာရယ်။
၃။ဝေဒနာကို သိအောင်ရှုတာရယ်ဆိုပြီးရှိတယ်။

ပထမနည်းနဲ့  ဒုတိယနည်းက ပယ်ရမယ့်နည်း။
ဝေဒနာကိုပျောက်ချင်တဲ့စိတ်နဲ့ မရှုပါနဲ့ ။
သူများတွေ ဝေဒနာကျော်သွားတယ်၊ပျောက်သွားတယ် ဆိုရင်
ကိုယ်လဲ ပျောက်ချင်, ချုပ်ချင်တယ်။
အဲ့ဒီစိတ်နဲ့ ရှုရင် မှတ်ချက်တိုင်းမှာ
ဝေဒနာပျောက်ချင်တဲ့ လောဘ ပါနေတယ်။

ဝိပဿနာရှုတယ်ဆိုတာ
လောဘ၊ ဒေါသ၊ မောဟတွေပါးအောင်၊ ကုန်အောင် ရှုရတာမဟုတ်လား။
ဒီဝေဒနာပျောက်ချင်တဲ့စိတ်နဲ့ ရှုနေတော့ လောဘဖြစ်မနေဘူးလား။
‘‘လောဘဖြစ်နေပါတယ်ဘုရား’’
အဲ့တာကြောင့် ပျောက်ချင်တဲ့စိတ်ကြီးနဲ့ မရှုပါနဲ့ တဲ့။
ပယ်ရမယ့်တရားနော်။

တစ်ချို့ ကျတော့ ဒေါသသမားကရှိသေးတယ်။
ဒီလောက်တောင် နာတဲ့ဟာကို အပြုတ်တိုက်မယ်ဆိုတဲ့
ဒေါသကြီးနဲ့ ပေါ့ဗျာ။ အဲ့ဒီဒေါသကြီးနဲ့ လဲ မရှုပါနဲ့ တဲ့။

ဝိပဿနာရှုတယ်ဆိုတာ ဒေါသကုန်အောင်၊ပါးအောင်လုပ်တာမဟုတ်လား။
အဲ့တာကြောင့် ဒေါသကြီးနဲ့ ရှု့ ရင် ရှုနည်းမှားတယ်။
အပြုတ်တိုက်မယ်ဆိုတဲ့ စိတ်ကြီးနဲ့ မရှု ပါနဲ့ တဲ့။
ဘယ်လိုနည်းနဲ့ ရှုမယ်ဆိုရင်- ‘‘ဝေဒနာကို သိအောင် ရှုရမယ်’’

ဝေဒနာတွေကျော်သွားအောင်လို့  ခန္ဓာကိုယ်ကြီးကိုလည်းတင်းထားတယ်။
အံတွေဘာတွေကြိတ်ပြီး တင်းထားတက်တယ်။
အဲ့ဒီလိုတင်းမထားပါနဲ့ ။
ထွက်လည်းမပြေးနဲ့ ။
သင့်တင့်ရုံကလေး သက်သောင့်သက်သာ
အနေအထားလေး ထားပါတဲ့။

တက်နိုင်သလောက် မှတ်မယ်။
မတက်နိုင်ရင် ပြင်မယ်လို့ စိတ်ကိုထား။
တရားထိုင်တာ အထိုင်ပြင်လို့ ဘယ်သူမှ မကဲ့ရဲ့ဘူး။
ဒဏ်လည်းမပေးဘူး။ ဘယ်သူမှလည်း မမာန်ဘူး။
ကိုယ့်ဘာသာကိုယ် ထိုင်တာ။ ကိုယ့်ဘာသာကိုပြင်တာ။

အဲ့ဒီတော့ ယောဂီတို့ စိတ်ကိုအေးအေးထား။
စိတ်တင်းနေရင် ဝေဒနာရဲ့ သဘောကို မသိဘူး။
ပျောက်ချင်တဲ့စိတ်နဲ့  ရှု ရင်လည်း လောဘပါနေလို့ တော်ရုံနဲ့ မပျောက်ဘူး။
အဲ့ဒါကြောင့် ပျောက်ချင်တဲ့စိတ်လည်း မထားနဲ့ ။
အပြုတ်တိုင်မယ်ဆိုတဲ့ စိတ်ကြမ်းကြီးလည်း မထားနဲ့ ။
ဝေဒနာရဲ့ သဘောကို သိအောင်လုပ်မယ်လို့ စိတ်ကိုထားပါ။

ဝိပဿနာဆိုတာ သိအောင်လုပ်တာ။
ရုပ်တွေ၊ နာမ်တွေ ရဲ့ သဘောကို သိအောင်လုပ်တာ။
လှုပ်ရှားနေတာတွေ ၊မာတာတွေ ၊ ပျော့တာတွေ ၊ပူတာတွေ၊
အေးတာတွေက ရုပ်တရားတွေ။
အခုခံစားနေရတဲ့ ဝေဒနာတွေက နာမ်တရားတွေ။
အဲ့ဒီ နာမ်တရားဖြစ်တဲ့ ဝေဒနာတို့ , စိတ်တို့ ရဲ့ သဘောကို သိအောင်
ဝိပဿနာဥာဏ်နဲ့ ရှုတ်မှတ်နေရတာ။

နာလာတယ်ဆိုရင် ဖြည်းဖြည်း ပုံမှန်သာမှတ်။
ထိုင်တယ် , ထိတယ် ၊နာတယ်၊ ထိုင်တယ် ၊ထိတယ် ၊ နာတယ်။
နာတာ တိုးရင်လည်း တိုးပါစေ- မှတ်ပေး။
ရမှ ရပါ့တော့မလားလို့ စိုးရိမ်စိတ်တွေပေါ်လာရင် အဲ့ဒီစိုးရိမ်စိတ်ကိုမှတ်။
အနုစိတ်မှတ်ရမှာနော်။
စိုးရိမ်တယ် ၊ စိုးရိမ်တယ်လို့  မှတ်ပစ်လိုက်။
စိတ်ထဲမှာ ကြောက်ရင်လည်း - ကြောက်တယ်၊ ကြောက်တယ်မှတ်။
နောက်တစ်ခါပြန်ပြီးတော့ ထိုင်တယ် ၊ ထိတယ် ၊နာတယ် ပြန်မှတ်ပေး။

{{{ ဝေဒနာကို တည့်တည့်ရှု တာဟာ မြန်မြန် ဆန်ဆန်တရားရတယ်။}}}

ချမ်းမြေ့ဆရာတော်ဘုရားကြီး ရဲ့ ဝေဒနာရှုနည်း သုံးနည်းလဲ ရှိတယ်။

၁။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်နည်း၊
၂။ ချုံခို တိုက်ခိုက်နည်း၊
၃။ ရန်သူကို ချော့သတ်နည်း။
ချမ်းမြေ့ဆရာတော်ဘုရားကြီး အလုပ်ပေးမှာ ပါပါတယ်။

လူငယ် လူရွယ်တွေကတော့ - ရင်ဆိုင်တိုက်ခိုက်နည်းက ကောင်းတယ်။
နှလုံး ရောဂါရှိတဲ့သူတွေ ဘာတွေဆိုရင် ချုံခိုတိုက်ခိုက်နည်းက ကောင်းတယ်။

***ချုံခိုတိုက်ခိုက်နည်းဆိုတာ
ကိုယ့်ရဲ့ပင်တိုင် ကမ္မဋ္ဌာန်းကို
များများမှတ်ပြီး နောက်မှ ဝေဒနာကို ပြန်ရှုတာ။

အင်မတန် အသက်ကြီးတဲ့ ပုဂ္ဂိုလ်များကျတော့
ပင်တိုင်ကမ္မဋ္ဌာန်းကို
အကြာကြီးမှတ်ပြီးတော့ နောက်မှ ဝေဒနာကိုရှု။
အဲ့ဒါကတော့ ချော့သတ်တဲ့နည်းပေါ့။

**** ရင်ဆိုင်တိုက်ခိုက်တော့ မြန်မြန်ဆန်ဆန် တရားသဘောတွေသိတယ်။
ရင်ဆိုင်တိုက်ခိုက်နည်း -ဆိုတာ ဝေဒနာအပေါ် စိတ်ကို တည့်တည့်ထားပြီးမှတ်တာ။
ဘေးကို ရှောင်လွှဲမချနဲ့ ၊ နာတဲ့ နေရာတည့်တည့်စိတ်ကိုထား။
ထိုင်တယ်၊ ထိတယ်၊ နာတယ်၊ ထိုင်တယ်၊ ထိတယ်၊ နာတယ် - လို့  စူးစူးစိုက်စိုက်မှတ်။
အသားတွေ ဆတ်ဆတ်တုန်နေအောင် နာလိမ့်မယ်။ နာပလေ့စေ ဆက်မှတ်။
အဲ့ဒါတွေဟာ မိမိကို နိဗ္ဗာန်ပို့ မယ့် တရားတွေ။

ဒါတွေကို မသိတဲ့အခါကျတော့
တချို့ က ဒါကြီးက ကိုယ့်ကိုယ်ကို ညှင်းဆဲရာကျတယ်။
ဒါဟာ အတ္တကိလမထာနုယောဂ။
နာတာကြီးကို အောင့်အည်းပြီးမှတ်နေတာ အတ္တကိလမထာနုယောဂ ၊
ကိုယ့်ကိုယ်ကို ညဉ်းဆဲပြီး မှတ်နေကြတာကြီးပဲလို့ 
တစ်ချို့ က မေးကြတယ်။ ပြောကြတယ်။

သတိ ပညာနဲ့ ရှု တာ
★★★★★★★★★★★
အတ္တကိလမထ မဖြစ်ပါဘူး။
သတိ၊ ပညာ မပါမှ အတ္တကိလမထ ဖြစ်တာ။
ယတြာချေသလိုမျိုး သူတို့ ကလုပ်တာ။
သူတို့ က ဆူးပေါ်တက်ထိုင်တယ်၊ ဆူးပေါ်တက်အိပ်တယ်၊ တုံးခုန်တယ်၊ရေစိမ်တယ်။
အတိတ်က ပါလာတဲ့ အပါယ်လေးပါးကျမယ့် အကုသိုလ်တွေကို
ယတြာချေသလို ရှောင်လွဲတဲ့ သဘောမျိုးလုပ်တာ။
အခု ခန္ဓာကိုယ်ကြီး ဒုက္ခခံလိုက်လို့ ရှိရင် အတိတ်က ပါလာတဲ့
ဝဋ်ကြွေးတွေ ကျေရောဆိုပြီးတော့
အဲ့ဒီယုံကြည်ချက်နဲ့ အပင်ပန်းခံကြတာ။
အဲ့ဒီယုံကြည်ချက်ကို သဒ္ဒါလို့ သုံးလို့ မရဘူး။
အလွဲအမှားကြီး ယုံကြည်တာမဟုတ်လား။

အလွဲ အမှားကြီး ယုံကြည်တာကို မိစ္ဆာဒိမောက္ခလို့ ခေါ်တယ်။
အဲ့တာ သဒ္ဒါအမှား၊ မဟုတ်တာကို သွားယုံတာ။

ရတနာသုံးတန် ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်တာ ၊
ဝိပဿနာကို ဒီလိုရှုရတယ် စသည်ဖြင့် မှန်ကန်တာကို ယုံကြည်တာက သဒ္ဓါ။
မြတ်စွာဘုရား ညွှန်ကြားလို့  အခု
ဒီမှာ အပင်ပန်းခံပြီးတော့ ရှုတယ်ဆိုတာ
သတိ ၊ ပညာ နဲ့ ရှုတာ။

သူတော်ကောင်းတို့ ရှုတာ ဘာနဲ့ ရှုတာပါလိမ့်။
“ သတိ၊ ပညာ နဲ့ ရှုတာပါဘုရား”
ယတြာချေသလိုမဟုတ်ဘူး။ ခန္ဓာသဘောကို သိတာက -ပညာ။
ခန္ဓာသဘောကို သိအောင်လို့  ပေါ်သမျှ
အပေါ်မှာစူးစိုက်တာက -သတိနဲ့ ပညာပေါင်းပြီးတော့ ရှုတာ၊
သတိနဲ့ ပညာ အလုပ်လုပ်နေတာ။
ပညာဆိုတာ သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပြောတာ။
သူ့ နောက်က သမ္မာသင်္ကပ္ပ ပါတယ်။
ရှုစရာအာရုံပေါ်ကို ရှုစိတ်ကလေး တင်ပို့ ပေးတာ - သမ္မာသင်္ကပ္ပ။
ခုနတုန်းက စူးစိုက်တာက သမ္မာသတိ။
သမ္မာသတိ ဘေးမှာ သမ္မာဝါယမ နဲ့  သမ္မာသမာဓိရှိတယ်။

ကြိုးစားမှုကြောင့် အဆက်မပြတ်စူးစိုက်နိုင်တယ်။
ရုပ်နဲ့ နာမ် အပေါ်မှာ
စူးစိုက်မှုကြောင့် တဒင်္ဂ၊ တဒင်္ဂ တည်သွားတာကို သမ္မာသမာဓိ။

အဲ့ဒီတော့ အရှည်ပြောမယ်ဆိုရင် - သမ္မာသမာဓိမဂ္ဂင်က သုံးပါး။
ပညာမဂ္ဂင်က နှစ်ပါ၊ ပေါင်းလိုက်တော့ ငါးပါ။
အဲ့ဒါ ကာရကမဂ္ဂင် ငါးပါး။

ရှုမှတ်တိုင်း ၊ရှုမှတ်တိုင်း ကာရကမဂ္ဂင် ငါးပါးနဲ့ အလုပ်လုပ်နေတယ်။
သီလ မဂ္ဂင်က ပါတော့ပါတယ်။
မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်မရသေးရင် သီလ မမြဲသေးဘူး။
ဒါကြောင့်မို့ လို့ ကာရကမဂ္ဂင် ငါးပါးနဲ့  ၀ိပဿနာဥာဏ်အလုပ်လုပ်နေတယ်။
ဝိပဿနာရှုမှတ်နေတာ ကာရကမဂ္ဂင်ငါးပါး။
ပဉ္စင်္ဂီကမဂ်လို့ လဲ ခေါ်တယ်။

အဲ့ဒီတော့ မှတ်တိုင်း၊ မှတ်တိုင်း သဘောလေးတွေသိသွားတယ်။
နာတာ၊ ကျဉ်တာ၊ ကိုက်တာ၊ ခဲတာကိုမှတ်တော့ ဆင်းရဲတာကို မသိဘူးလား။
“ ဆင်းရဲတာကို သိပါတယ်ဘုရား။”
အဲ့ဒါ အမှန်ပဲ။ အဲ့ဒါ နိဗ္ဗာန်ရောက်မယ့်တရားပဲ။
နိဗ္ဗာန်ရောက်မယ့်တရားဆိုတာ အထူးအဆန်းအောက့်မေ့နေကြတယ်။
အဲ့ဒီ ဒုက္ခကို မြင်ရင် နိဗ္ဗာန်ရောက်မယ်။

{{{ ဒုက္ခ မှ လွတ်ချင်ရင် ဒုက္ခကို မြင်အောင်ကြည့်။}}}
ပဋိသန္ဓေနေတာမှ လွတ်ချင်ရင် ပဋိသန္ဓေနေတဲ့ ဒုက္ခကို မြင်အောင်ကြည့်။
အိုတဲ့ ဒုက္ခမှ လွတ်ချင်ရင် အိုတဲ့ဒုက္ခကို မြင်အောင်ကြည့်။
သေတဲ့ ဒုက္ခမှ လွတ်ချင်ရင် သေတဲ့ဒုက္ခကို မြင်အောင်ကြည့်။
ခန္ဓာ ဒုက္ခမှ လွတ်ချင်ရင် ခန္ဓာဒုက္ခကို မြင်အောင်ကြည့်။
ခန္ဓာလွတ်မှ နိဗ္ဗာန်ကို ရောက်မယ်။

ဒုက္ခသစ္စာဆိုတာ သိရမယ့်တရား။ သိရင် ပယ်နိုင်တယ်။
သမုဒယတွေကို မပယ်နိုင်တာက ဗဟုသုတတွေတော့ ရှိတာပဲ။
ဒါပေမဲ့ ဒုက္ခကို သေသေချာချာမသိလို့  မပယ်နိုင်တာ။
ဒုက္ခကိုသိရင် ဒီ ၃၁ဘုံကို မတွယ်တာတော့ဘူး။
မိမိခန္ဓာကိုယ်ကိုလည်း မတွယ်တာတော့ဘူး။

တဏှာနဲ့ မတွယ်တာပေမယ့်  မေတ္တာနဲ့ တော့ ချစ်တယ်။
သာသနာပြုနေတဲ့ ဆရာတော်ဘုရားကြီးတွေဟာ
တွယ်တာမှုနဲ့  လာဘ်လာဘတွေလိုချင်နေလို့ 
သာသနာပြုနေတာမဟုတ်ဘူး။
သတ္တ၀ါတွေ အပါယ်လေးပါးမှ လွတ်ပါစေဆိုပြီး
မေတ္တာနဲ့ သာသနာပြုနေတာ။

သတ္တ၀ါတွေ အပါယ်လေးပါးကျတော့မှာပဲ၊
လမ်းမှားတွေလဲ အများကြီးပဲ။
လမ်းမှားတွေရင် လူထဲမှာတင် မဟုတ်ဘူး။
ရဟန်းတွေထဲမှာကို တချို့ အမှားတွေပြနေတယ်။
အမျိုးမျိုးပေါ်နေကြတာပဲ။

သိပြီးရောဆိုတာက တစ်မျိုး၊
နိဗ္ဗာန်ဆိုတာ တကယ်ရှိတာမဟုတ်ဘူး။
အခု ကောင်းကောင်းစားပြီး ကောင်းကောင်းနေရရင်
ဒိဋ္ဌဓမ္မနိဗ္ဗာန်ပဲ။ လမ်းစဉ်တွေကတော့ ရှုပ်နေတာပဲ။
အဲ့အထဲမှာ စာတက်ပေတက်တွေလည်းပါတာပဲ ။
အဲ့ဒီလို လမ်းတွေက မှားနေကြတယ်။
အဲ့ဒီလို လမ်းတွေ မှားနေတာတွေကို လိုက်သွားလို့ ရှိရင်
သတ္တ၀ါတွေ အပါယ်ကျတော့မှာပဲဆိုပြီး ကယ်တင်ဖို့ အတွက်
ဆရာတော်ဘုရားကြီးတွေက မေတ္တာနဲ့ တရားပြနေကြတာ။

သတိ ပညာနဲ့ ရှုမှတ်တဲ့အခါကျတော့
ခန္ဓာသဘောကို သိတယ်။
တကယ်တမ်းကြတော့ နှိပ်စက်တဲ့ သဘောကိုးလို့ သိလာတယ်။
ဘိတ်ဆုံးကျတော့ အဲ့ဒီမှာ သွားစုတာပဲ။

ထိုင်ခါစတုန်းကတော့ ထိုင်ကောင်းသလိုလို ဘာလိုလိုပေါ့။
လမ်းလျှောက်ရတာလဲ ကောင်းသလိုလိုပေါ့။
သူတော်ကောင်းတို့  တစ်နာရီပြည့်အောင် လျှောက်ကြည့်ပါ။
တစ်နာရီပြည့်အောင် လျှောက်ကြည့်ရင် ဘယ်လိုများနေမလဲ။
“ ညောင်းလာပါတယ်ဘုရား.”
ညောင်းလာပြီးတော့ ထိုင်ချင်တဲ့ စိတ်တွေ ပေါ်မလာဘူးလား။
“ ထိုင်ချင်တဲ့စိတ်တွေ ပေါ်လာပါတယ်ဘုရား ”
ထိုင်ချင်တယ်ဆိုတာ ဆင်းရဲလို့ ပြန်ထိုင်ချင်တာ မဟုတ်လား။
ဘိတ်ဆုံးကျတော့ ဆင်းရဲတာပဲ။

ထမင်းစားရင်လည်း ချက်ပြုတ်တဲ့သူတွေက
သေသေချာချာ ကောင်းကောင်းမွန်မွန် လုပ်ပေးထားတာပဲ။
သူတော်ကောင်းတို့  မထတန်း တစ်နေကုန် စားနိုင်ပါ့မလား။
“ မစားနိုင်ပါဘူးဘုရား”
ကြာတော့ ဆင်းရဲလာတာပဲ မဟုတ်လား။
စားတာလဲ ဆင်းရဲတာပဲ။ ရေသန့် ပုလင်းလေးတွေကို နှစ်ပုလင်း သုံးပုလင်း သောက်နိုင်ပါ့မလား။
“ မသောက်နိုင်ပါဘူးဘုရား ”
ဆင်းရဲတာပဲ မဟုတ်လား သူတော်ကောင်းတို့ ။
ဆင်းရဲလို့ မသောက်နိုင်တော့တာ။
အဓိပ္ပါယ်က အဲ့ဒီလိုပြောရာ မရောက်ဘူးလား။

နာတာ ၊ ကျဉ်တာတွေ စိတ်ရှည်ရှည်နဲ့ မှတ်တဲ့အခါကျတော့ ခန္ဓာကြီးက နှိပ်စက်ပါလားဆိုတာသိလာတယ်။

အခုတရားအားထုတ်ခါစမှာ နာတာတွေက သိပ်မသိသာသေးဘူး။
တချို့ က ထိုင်ရင် နာမှာပေါ့။ နဂို ဒုက္ခကို အပိုဒုက္ခထပ်ရှာတယ်တဲ့။
အဲ့တာတွေဟာ သတ္တ၀ါတွေကို အပါယ်ပို့ မယ့် လမ်းစဉ်တွေ။

ဦးဇင်း လက်တွေ့ ကြုံဖူးတယ်။
တရားထိုင်နေတုန်းမှာ
ဒကာကြီးတစ်ယောက် အနားလာပြီး
ကျွတ် ၊ ကျွတ် ၊ ကျွတ်, ကျွတ် နဲ့ လုပ်နေတယ်။
အဲ့ဒါနဲ့  ဦးဇင်းက မေးမိတယ်။
ဒကာကြီး ကျွတ် ,ကျွတ် ၊ ကျွတ်, ကျွတ်နဲ့ လုပ်နေတာ ဘာဖြစ်လို့ တုန်းဆိုတော့ -
သနားလို့ တဲ့။ ဘာဖြစ်လို့ သနားတာတုံးလို့ မေးတော့
ဒီခန္ဓာကြီး က နဂိုဒုက္ခရှိလျက်သားနဲ့ 
ဦးဇင်းက ထပ်ထိုင်တော့ အပိုဒုက္ခ ထပ်ရှာတာပဲတဲ့။
အပိုဒုက္ခဆိုတာ ဒကာကြီးတို့  အိမ်ထောင်ပြုတာ အပိုဒုက္ခဗျ။
ကိလေသာ လိုက်စားတာ အပိုဒုက္ခ။
ဒီ တရားထိုင်တာ အပိုဒုက္ခမဟုတ်ဘူးဗျ။
ဒုက္ခက လွတ်အောင် လုပ်နေတာ။
အဲ့ဒီလို ပုဂ္ဂိုလ်မျိုးစုံ တွေ့ ရတက်ပါတယ်။

ခန္ဓာရဲ့ သဘောကို တကယ်သိတဲ့ အခါကျတော့ ခန္ဓာဟာ
တကယ်နှိပ်စက်ပါလားဆိုတာ မြင်လာတယ်။
အခု သူတော်ကောင်းတို့ သိတာကို
ထပ်ကာ ထပ်ကာသိအောင် ကြိုးစားကြ။
တရားစခန်းမှာလဲ ကြိုးစား၊ အပြင်ရောက်လဲ ကြိုးစား။

ဘာဖြစ်လို့ လဲ ဆိုတော့ - သူတော်ကောင်းတို့ ဥာဏ်နဲ့ ရော၊
ဆရာတော်ဘုရားကြီးတွေ ဟောကြားတဲ့
တရားတော်တွေနဲ့ ရော စဉ်းစားကြည့်။
အင်မတန် ဒုက္ခများတဲ့ သံသရာကြီး။

လူ့ လောကမှာ အလွန်အကျွံနေရ နှစ်ပေါင်း ၇၀- ၈၀ ပေါ့ဗျာ။
နှစ်ပေါင်း ၇၀ - ၈၀ လောက်နေပြီး အပါယ်လေးဘုံ ကျသွားခဲ့ရင်
သူတော်ကောင်းတို့ မလွယ်တော့ဘူး။

ဟိုလိပ်ကမ်းနဲ့  ထမ်းပိုး ဥပမာလို - နှစ်ပေါင်း ကုဋေ ကုဋာချီပြီးတော့
ပြန်တက်ဖို့ မလွယ်တော့ဘူး။
လူ့ လောကမှာ သုခလေးဟာ ခဏကလေး ခံစားရတယ်။
မပြော ပ , လောက်ဘူး။
အပါယ်ရောက် သွားရင် နစ်သထက် နစ်သွားမှာ။

တိရစ္ဆာန်ဘ၀ရောက်သွားပြီဆိုပါတော့ ။
တိရစ္ဆာန် တစ်ဘ၀လုံးမှာ နိုင်ရာစားပြီးတော့ အသက်ရှင်ရတာ မဟုတ်လား။
အဲ့ဒီတော့ အကုသိုလ်တွေများမနေဘူးလား။
အကုသိုလ် တစ်ခုပြီးတစ်ခု ထပ်များလာရင် အောက်ကို နစ်သထက်နစ်သွားပြီး
နောက်ဆုံး အ၀ီစိရောက်ဖို့ ပဲရှိတယ်။ ပြန်တက်ဖို့ မလွယ်ဘူး။
ဒါကြောင့်မို့  ဒီအချိန်ကလေးဟာ အတော်အရေးကြီးတယ်။

အရေးကြီးတဲ့ အချိန်မှာ အဖိုးတန်တဲ့တရားကို ရအောင်ယူပါ။
အဖိုးတန်တဲ့ တရားဟာ သစ္စာတရားပဲ။

အခု သူတော်ကောင်းတို့ 
သစ္စာတရားကို အထိုက်အလျောက်သိနေကြတယ်။
သစ္စာတရားဆိုတာ အမှန်တရားတွေ။
ခန္ဓာကိုယ်ကြီးက ညှင်းဆဲတယ်ဆိုတာ မသိဘူးလား။

အခုစသိနေပြီ။ ဆက်ကြိုးစားပါ။
ခန္ဓာကြီးက ဘယ်လိုပဲ နေနေ၊ ထိုင်နေလဲ ဆင်းရဲတာပဲ။
သွားနေလဲ ဆင်းရဲတာပဲ၊ စားလဲပဲ ခဏပဲစားနိုင်တယ်။ ဆက်မစားနိုင်ဘဲ ညှဉ်းဆဲတာပဲ။
ရေသောက်လည်း ဆင်းရဲတာပဲ။ နောက်ဆုံးအချိန်မှာ အိပ်ရာ ဖျာကပ်ကို ဖြစ်ရဦးမယ်။

ဟောတဲ့သူရော ၊ နာတဲ့သူရော နောက်ဆုံးကျတော့ အိပ်ရာဖျာကပ် ဖြစ်ရမှာပဲ။
အိပ်ရာဖျာကပ်ဖြစ်ပြီး ဘိတ်ဆုံးကျတော့ သေရဦးမယ်။
အဲ့ဒါကြောင့် ခန္ဓာဟာ အမြဲ ညှင်းဆဲနေတာပဲ။

လူ့ လောကကြီးမှာ စိုးရိမ်သောက ၊ဗျာပါဒတွေ အများကြီးညှင်းဆဲနေတာပဲ။
အဲ့ဒီဆင်းရဲတွေကို တရားနာတဲ့သူ ၊ တရားစာအုပ်ဖတ်တဲ့သူထက်
တရားအားထုတ်တဲ့သူက ပိုပြီး သဘောပေါက်တယ်။

ဘာမှ တရားအားမထုတ်ဖူးတဲ့ ပုဂ္ဂိုလ်က အပေါ်ယံပဲ။
ဒုက္ခသစ္စာ၊ သမုဒယသစ္စာဆိုပြီး ကျက်ပြီးတော့ သိမယ်။
ရင်ထဲထိတော့ မရောက်ဘူး။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က မရွတ်ဖတ်တက်ဘူး။
မပြောတက်ဘူး။ ဒါပေမဲ့ ကျကျနန သဘောပေါက်တယ်။
တယ်ဟုတ်တာပဲ၊ တယ်မှန်တာပဲ၊
ဒီခန္ဓာကိုယ်ကြီးက တကယ်နှိပ်စက်တာပဲ။
တကယ့်ကို အမျိုးမျိုးလှည့်ပတ်နှိပ်စက်နေတာပဲ။

{{ ဒါကြောင့် သူတော်ကောင်းတို့  သိဖို့ အတွက်
အတက်နိုင်ဆုံး သည်းခံပြီး ရှုမှတ်ပါ။ မပြင် နဲ့ ။}}}

ဒုက္ခအကြောင်းကို စိတ်ထဲမှာ
ကျကျနန သိသွားအောင် သည်းညဉ်းခံပါ။
နည်းနည်းလေးတော့ နာတာနဲ့ ပြောင်းပစ်လိုက် ၊
ထ ပစ်လိုက် ၊ ပြင်ပစ်လိုက်ဆိုရင်
ဒီဒုက္ခသဘောကို သိပါတော့မလား။
“ ဒုက္ခသဘောကို မသိနိုင်ပါဘူးဘုရား။”

ဒုက္ခသဘောကို သိစေချင်လို့ 
သည်းညဉ်းခံ နိဗ္ဗာန်ရောက်ဆိုတာ ဒီလိုသိ၊
သိရင်းကနေ တစ်ခါထိုင် တစ်ခါသိလိုက်၊
နောက်တစ်ခါထိုင် နောက်တစ်ခါသိလိုက်နဲ့ 
တဖြည်းဖြည်း အသိကလေး တွေ ရင့်ကျက်လာလိမ့်မယ်။
အဲ့ဒါ စာပေလို နိပကလို့ ခေါ်တယ်။
ဟိုးး ပဋိသန္ဓေကတည်းက ပါလာတဲ့ တိဟိတ်သဘောမျိုး။
ပဋိသန္ဓေကတည်းက ပါတဲ့ ပညာတဲ့။

( မြစိမ်းတောင် ဆရာတော် အရှင်ဇာနေယျ ဟောကြားတော်မူသော
ဝေဒနာရှုနည်း တရားတော်မှ ကောက်နှုတ်ပူဇော်ပါ၏။ )

ဤကောင်းမှုကုသိုလိစေတနာအပေါင်းတို့သည် အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့် တည်ရှိပါစေသတည်း ။

မေတ္တာဖြင့်..
ကို Thant Gyi

No comments:

Post a Comment