Sunday, June 29, 2014

ဝိပဿ နာတရား အားထုတ်စေရန် အရေးတကြီး တိုက်တွန်းဆုံးမစာများ (၅)


Young Buddhist's Association
သာသနာတည်နေဆဲအခွင့်အခါကို အကျိုးရှိအောင်သုံးပါ

“ တစ်သံသရာလုံး ၃၁-ဘုံမှာ ဘ၀မျိုးစုံနဲ့ ကိလေသာ အာရုံတွေ ခံစားခဲ့၊ အိုခဲ့၊ နာခဲ့၊ သေခဲ့အရိုးတောင်လိုပုံအောင် ဒုက္ခပင်လယ်ဝေခဲ့လှပြီ။

လူ့ပြည်ဆုတောင်းတာ မြေကြီးကြီးပွားဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာ့ပြည် ဆုတောင်းတာ မသာကြီးချဖို့ပဲ။

ခင်ဗျားတို့ အရိုးတွေ၊ အသားတွေ နောက်ထပ် မြေကြီး၁၃-မိုင်တက်ပြီးမှ ဒီတရားမျိုး နောက်ထပ်တစ်ကြိမ်ပေါ်မယ်။

ဘုရားက သံသရာလွတ်ကြောင်း ၀ိပဿနာ  အကျိုးငှာ ပေါ်လာတာ။ဒီအချိန်ကို မိအောင်သာ ဖမ်းကြပေတော့။"

(မိုးကုတ် ဆရာတော်ကြီး အရှင်ဝိမလ)
* * * * * * *

Young Buddhist's Association

“ကံ” တည်းဟူသောရေတွေ ခန်းနေပြီ။
“ငါး”နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။
သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။
အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။
သေတာ ထုံးစံဘဲလို့ဘဲ ပြောမနေပါနဲ့ဦး။
မသေရာလည်း လမ်းခွဲရှိနေတယ် ဆိုတာလည်း သတိထားပါဦး။

(မိုးကုတ်ဆရာတော်ဘုရားကြီး)
* * * * * * *

ကိုယ်မှာ ဖြစ်တိုင်းဖြစ်တိုင်း၊ စိတ်မှာ ဖြစ်တိုင်း ဖြစ်တိုင်း သတိထား။

အစမှာတော့ နှာသီးဖျားမှာ သတိထား။ ထွက်တိုင်းသိ ၀င်တိုင်းသိ။

တိုးပြီးဝင်သွားတာ သိနေ၊ တိုးပြီး ထွက်နေတဲ့ ထိမှုကလေးကို သိသိနေဖို့ပါပဲ။

အမှန်သိမှု ညဏ်ကုသိုလ်တွေ ဖြစ်သွားမယ်။ ဖြစ်တာကို ဖြစ်တဲ့အတိုင်း
သိနေတာဟာ ၀ိပဿနာပဲ။
(ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ဘုရားကြီး)
* * * * * * *

မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ
တောင်ပုလုဆရာတော်၏ ၀ိပဿနာရှုနည်း

ယောဂီသည် ထိုင်တာကို “ ထိုင်တယ် ” ဟု သိလျှင် ၀ိဇ္ဇာ(အသိပညာ) ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ(မသိမှု မောဟ) ဖြစ်၏။ ရပ်တာ၊ သွားတာ၊ အိပ်တာ စသည်တို့ကို သိလျှင် ၀ိဇ္ဇာ ဖြစ်၏။ အသိလျှင် အ၀ိဇ္ဇာ ဖြစ်၏။
စားတာကို “ စားတယ် ”၊ သောက်တာကို “သောက်တယ်” စသည် ရှုမှတ်ပြီး သိလျှင် ၀ိဇ္ဇာ ဖြစ်၏။ မသိလျှင် အ၀ိဇ္ဇာ ဖြစ်၏။ ထို့အတူ ကျင်ကြီးကျင်ငယ် စွန့်တာကို “ စွန့်တယ် စွန့်တယ်” ဟု မှတ်ပြီး သိလျှင် ၀ိဇ္ဇာ၊ မသိလျှင် အ၀ိဇ္ဇာ ဖြစ်သည်။ ထိုနည်းအတူ ပြုပြုသမျှ အမူအရာအားလုံးကို သိအောင် မှတ်ရမည်။ ဤ၌ “ အ၀ိဇ္ဇာ၊ မသိတာ၊ မောဟ ” စကားလုံးတို့၏ အဓိပ္ပါယ်သည် အတူတူ ဖြစ်သည်။ “ ၀ိဇ္ဇာ၊ သိတာ၊ အမောဟ ” ဟူသော စကားလုံးတို့၏ အဓိပ္ပါယ်လည်း အတူတူပင် ဖြစ်သည်။ အ၀ိဇ္ဇာဖြစ်လျှင် သင်္ခါရ (အကျိုးဆက်ကို ဆက်လက် ဖြစ်စေတတ်သော ကုသိုလ် အကုသိုလ်ကံ) စသည်တို့ ဆက်ဖြစ်သဖြင့် သံသရာရှည်မည်။ ၀ိဇ္ဇာဖြစ်လျှင်ကား အ၀ိဇ္ဇာချုပ်၏။
အ၀ိဇ္ဇာချုပ်လျှင် သင်္ခါရစသော တရားတို့ ချုပ်ပြတ်ကာ သံသရာ ရပ်တော့သည်။ ထို့ကြောင့် ၀ိဇ္ဇာဖြစ်အောင် မြင်တာ ကြားတာ နံတာ စားတာ စသော အာရုံများကို တွေ့ကြုံတိုင်း မြင်ကာမျှ စသည် သိအောင် ရှုမှတ်ရမည်။ အခြားအခြားသော စကားပြောတာ၊ ဆိတ်ဆိတ်နေတာ၊ ရှူတာ၊ ရှိုက်တာ၊ ပိန်တာ၊ ဖောင်းတာ၊ ဒေါသဖြစ်တာ၊ နှမြောတာ စသည်ဖြင့် ကိုယ်အမူအရာ၊ စိတ်အမူအရာ ဖြစ်ဖြစ်သမျှကို သိအောင် အမြဲမပြတ် ရှုမှတ်နေရမည်။ ထိုသို့ ရှုမှတ်နိုင်မှသာ သံသရာပြတ်ကြောင်း ၀ိဇ္ဇာဖြစ်၍ မရှုမှတ်နိုင်က သံသရာလည်ကြောင်း အ၀ိဇ္ဇာချည်း ဖြစ်နေလိမ့်မည်။ နာမ်ရုပ်ကို အမှန်ထင်မြင်လျှင် ပုထုဇဉ် ဖြစ်သော်လည်း ရဟန္တာလို ချမ်းသာစွာ နေနိုင်သည်။ သို့သော် ပုထုဇဉ်ဖြစ်၍ တဒင်္ဂ (တခဏမျှ) သာ နေနိုင်ခြင်း ဖြစ်သည်။ ထိုသို့ နာမ်ရုပ်ကို အမှန်မြင်လျှင် မိစ္ဆာဒိဌိ (၆၂) ပါးလည်း မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နာမ်ရုပ်ကို အမှန်အတိုင်း ပိုင်းခြားသိသော ပုဂ္ဂိုလ်သည် သက္ကာယဒိဌိ(ငါအစွဲအမြင်) ကို စွန့်ပယ်နိုင်၍ ဉာဏ်အမြင် စင်ကြယ်ခြင်း ဖြစ်သည်။
ထို့ကြောင့် မြင် ကြား နံ စား ထိ သိ အာရုံများနှင့်တကွ ဈေးရောင်း ဈေးဝယ် လယ်လုပ်ယာလုပ် စသော မည်သည့်ကိစ္စကို ပြုပြု၊ ပြုသမျှကို သတိမလစ်စေဘဲ စွဲစွဲမြဲမြဲ ရှုမှတ်သင့်ပါသည်။ တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း ကျင့်ကြံအားထုတ်နိုင်ကြပြီး မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။

Shared from Ma Myint Sandar (FB)

No comments:

Post a Comment