Saturday, June 28, 2014

ရိုးရိုးသားသား အမှန်အတိုင်း


ပစ္စည်းဥစ္စာကြောင့် ရာထူးကြောင့် ဘွဲ့ကြောင့် ကိုယ့်ကို ချစ်တယ် လေးစားတယ်ဆိုရင် အဲဒါ ချစ်တာလည်း မဟုတ်ဘူး၊ လေးစားတာလည်း မဟုတ်ဘူး။ အဲဒါ အတုတွေ။
လူအများနဲ့ ဆက်ဆံ တဲ့အခါမှာလည်းပဲ
တယောက်ကိုတယောက် မြှောက်ပင့်ပြီးတော့ ညာနေတဲ့ ဆက်ဆံရေးမျိုး ဆက်ပြီးတော့ မလုပ်တော့ပဲနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပေါ်လာအောင် ကြိုးစားပြီး တည်ဆောက်ယူဖို့ လိုတယ်။
ကိုယ့်ကို သူများက ညာတာကိုလည်း အညာမခံဖို့၊ ကိုယ့်ကိုယ်ကိုယ်လည်း မညာဖို့နဲ့ ကိုယ်ကလည်း သူများကို မညာဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီလို ဆက်ပြီးတော့ ညာနေသေးသ၍ တကယ် အဓိပ္ပါယ်ရှိတဲ့ဘဝ၊ အနှစ်သာရရှိတဲ့ဘဝ၊ တကယ် ကျေနပ်စရာကောင်းတဲ့ဘဝကို ရဖို့ မဖြစ်နိုင်တော့ဘူး။

ကျောက်မျက်ရတနာ ရောင်းဝယ်တဲ့သူတယောက် ပြောတာ ကြားဖူးတယ်။ ကျောက်တွေရဲ့ အတွင်းမှာ inclusion လို့ခေါ်တဲ့ နဂိုကျောက်သားနဲ့ မတူတဲ့ အဆိုင်အခဲ သေးသေးလေးတွေ ပါတတ်တယ်။ တချို့ဆိုရင် ပုရွှက်ဆိတ်လို အကောင်သေးသေးလေးတွေတောင် ပါတာရှိတယ်။ ဓာတ်ပုံ ရိုက်ပြထားတာ မြင်ဘူးတယ်။ အဲဒီလို အပြစ်ကလေးတွေ ပါနေလို့ကို အဲဒီကျောက်ဟာ အစစ်ပဲ၊ အတုမဟုတ်ဘူးဆိုတာ သေချာပြီး ပိုပြီး အဖိုးတန်တယ်တဲ့။ ဒီအချက်ကို လူတွေနဲ့ ပတ်သက်ပြီးတော့လည်း စဉ်းစားသင့်တယ်။

အဆိတ်ဓာတ်ငွေ့တွေထွက်တဲ့ စက်ရုံမှာ အလုပ်လုပ်ရတဲ့သူဟာ ကြာရင် အဆိပ်သင့်ပြီး မကျန်းမမာ ဖြစ်မယ်။ အဲဒီလိုဘဲ အဆိပ်နဲ့တူတဲ့ မှားယွင်းတဲ့ သဘောထား အတွေးအခေါ် အယူအဆ ရှိတဲ့သူနဲ့ ဆက်ဆံရင် စိတ်ဓာတ် အဆိပ်သင့်မယ်။ ဟန်ဆောင်ပြီး ဆက်ဆံရတဲ့သူ၊ မရိုးသားတဲ့သူနဲ့ ဆက်ဆံရရင် ကြာရင် အဆိပ် သင့်သလို ဖြစ်လာတယ်။ စိတ်ဓာတ်အဆိပ်သင့်ရင် စိတ်မကျန်းမာတော့ဘူး။ အမြဲတမ်း လိမ်ညာပြီး ပြောနေမှ အဆင်ပြေတဲ့ ဆက်ဆံရေးဟာ အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေး ပါတ်ဝန်းကျင် ဖြစ်တယ်။

နေ့စဉ် တွေ့နေရတဲ့သူတွေနဲ့ ဆက်ဆံရေးကောင်းရင် ကျန်းမာရေး ကောင်းမယ်။ နေ့စဉ် တွေ့နေရတဲ့ သူတွေနဲ့ ဆက်ဆံရေး မကောင်းရင် ကျမ်းမာရေး မကောင်းနိုင်ဘူး။

ကိုယ့်ကိုယ်ကိုကိုယ် တကယ်တော့ အောင်အောင်မြင်မြင်ကြီး ညာလို့ ရနိုင်ဘူး ဆိုတာကို အမှန်အတိုင်း လက်ခံနိုင်လာပြီ ဆိုရင် ကိုယ့်ကိုယ်ကိုကိုယ် တကယ် အလေးထားလိုက်ပြီ ဆိုရင် ကိုယ့်ဘဝ ပိုပြီး အဓိပ္ပာယ် ရှိလာအောင်၊ ပြန်ပြီးတော့ အဓိပ္ပာယ်ရှိလာအောင် ၊ နာလံထူလာအောင်၊ ကိုယ့်ရဲ့စိတ်ဆင်းရဲမှုတွေ ကိုယ့်ရဲ့သောကတွေ လွန်မြောက်သွားအောင် လုပ်ပေးနိုင်တဲ့အင်အားတွေ စွမ်းရည်တွေကို ကိုယ့်စိတ်ထဲမှာပဲ ပြန်တွေ့လာမှာ ဧကန်မုချပဲ။

ကိုယ့်စိတ်ကိုကိုယ် ရာနှုန်းပြည့် သိသလားဆိုတော့ မသိပါဘူး။ မလွယ်ပါဘူးနော်။ တခါတလေ ကိုယ့်ကိုယ်ကိုတောင် ကိုယ့်ဟာကိုယ် နားလည်ဖို့ခက်တဲ့ ကိစ္စတွေ ရှိပါတယ်။ တခါတလေ စိတ်ထဲမှာ သံသယနဲ့ ပဋိပက္ခတွေ ရှိမှာပဲ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့်စိတ်နဲ့ကိုယ် ရုန်းကန်ရမှာပဲ။
တခါတလေ ကိုယ့်ရဲ့စေတနာက ရာနှုန်းပြည့် ဖြူစင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ့်ကိုယ်ကို ဝန်ခံရမှာပဲ။ အစကထဲက ရာနှုန်းပြည့် ဖြူစင်နေရမယ်လို့ မျှော်လင့်လို့ မရဘူး။ “ လွဲနေမှန်းသိရင် ပြင်မယ်၊ ငါ့စေတနာ မဖြူစင်ဘူး ဆိုရင် ဖြူစင်အောင်လုပ်မယ်၊ မရိုးသားဘူး ဆိုရင် ရိုးသားအောင် လုပ်မယ် ” ဆိုတဲ့ စိတ်ကို ထားရမယ်။

ဘက်လိုက်တာ မပါဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ် ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့ စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့ အရည်အချင်း ဖြစ်တယ်။ ကိုယ့်စိတ်ကို ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကိုကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ။

လှည့်စားချင်တဲ့သူဟာ သူပြောတာကို မယုံမှာ ကြောက်တယ်။ ကိုယ်ကျိုးရှာ ချင်တဲ့သူဟာလည်း ထို့အတူပဲ။ မလှည့်စားချင်တဲ့သူ ကိုယ်ကျိုး မရှာတဲ့သူဟာ သူပြောတာကို မယုံမှာ မကြောက်ဘူး။ သူက ကိုယ်ကျိုးအတွက် ပြောတာမှမဟုတ်ပဲ။ မှန်တာ အကျိုးရှိတာကို သိစေချင်လို့ ပြောတာ။ မယုံလည်း ကိစ္စမရှိဘူး။ သူ့မှာ ဘာမှ ဆုံးရှုံးမသွားဘူး။ ဒါကြောင့် ကိုယ်ကျိုး မပါရင် ကြောက်စိတ် မရှိဘူး။

ငါဟာ ဘယ်လိုလူလဲ။ အဲဒါကို သေသေချာချာ သဘောပေါက်ဖို့ လိုတယ်နော်။ တချို့လူတွေဟာ ကိုယ့်ကိုယ်ကို ငါ ဘယ်လိုလူလဲ ဆိုတာကို တိတိကျကျ မစဉ်းစားဘူး။ ငါ့ကို လူတွေ ဘယ်လိုထင်သလဲ ဆိုတာပဲ စဉ်းစားတယ်။ ငါ့ကို လူတွေ အထင်ကြီးအောင် ငါ ဘယ်လိုနေရမလဲ ဆိုတာကို စဉ်းစားလေ့ရှိတယ်။ စဉ်းစားပြီးတော့ လူအထင်ကြီးအောင် လုပ်တယ်၊ နေတယ်။
သူများအထင်ကြီးအောင် သူများကျေနပ်အောင် လိုက်ပြီးတော့ နေပေးတဲ့ အခါမှာ သူများရဲ့ အထင်ကြီးမှုကိုတော့ ရချင်ရမယ်၊ ဒါပေမဲ့ အဲဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ် မဟုတ်တဲ့ အတွက်ကြောင့် ကိုယ် တကယ် လုပ်ချင်တဲ့အလုပ် မဟုတ်တဲ့ အတွက်ကြောင့် စိတ်ထဲမှာတော့ ကျေနပ်မှု တကယ် မရနိုင်ဘူး။

ဂုဏ်ပကာသန ဆိုတာတွေဟာ ဘေးက လူတွေရဲ့ အထင်ကြီးမှု သက်သက်ကို ရဖို့ လုပ်တာပဲ။ ကိုယ့်ကို သူများ အထင်ကြီးတယ် ဆိုတာ သူ့စိတ်ထဲမှာ ဖြစ်လိုက်တဲ့ အတွေးလေးတခုပါ။ ဘာမှ လေးနက်မှု မရှိဘူး။

အကြောင်းတခုခုကြုံ လို့ အမှန်အတိုင်းပြောရင် ပြဿနာတခုခု ဖြစ်နိုင်တယ်၊ ဒုက္ခရောက်နိုင်တယ် ဆိုပါတော့။ ဘာလုပ်မလဲ။
တရားအားထုတ်တဲ့ အလေ့အကျင့် ရှိနေတဲ့သူဆိုရင် ဘယ်လို လုပ်သင့်သလဲ ဆိုတော့ အေးချမ်းတဲ့ တနေရာမှာ အေးအေးဆေးဆေး ခဏ သွားထိုင်ပါ။ စိတ်ကို အေးချမ်းအောင် အသက်ရှုတာကို သတိကပ်ပြီး မှတ်။ တကြိမ်သိရင်ကို တော်တော် အေးချမ်းတာပဲ။ နှစ်ကြိမ်၊ သုံးကြိမ် ဆက်တိုက် ဆက်တိုက် ဖြစ်လာပြီ ဆိုရင် ပိုပြီးတော့ အေးချမ်းလာတယ်။ ၁၀မိနစ်၊ ၁၅မိနစ် နေလို့ ရပြီဆိုရင် တော်တော်ကို စိတ်က ငြိမ်လာတယ်၊ ငြိမ်းချမ်းလာတယ်၊ အေးလာတယ်။ ပိုပြီးတော့ ကြည်လင် သန့်ရှင်း လာတယ်။
အဲဒီလို စိတ်တည်ငြိမ် အေးချမ်းပြီးတော့ ကြည်လင် သန့်ရှင်း လာတဲ့အခါမှာ အသိဥာဏ်ပါ ပြောင်းသွားတယ်နော်။ အသိဥာဏ်ဟာ စိတ်အခြေအနေကို လိုက်ပြီးတော့ အမြဲတမ်း ပြောင်းနေတာနော်။ စိတ်ကြည်လင် ချမ်းသာတုံးမှာ အသိဥာဏ်က တမျိုး၊ စိတ်မချမ်းသာတဲ့ အချိန်မှာ အသိဥာဏ်က တမျိုး။
ခုလို ပြဿနာ တခုရှိနေလို့ အကျပ်အတည်းတခု တွေ့လာတဲ့အခါမှာ အေးအေးဆေးဆေး တရားကို ရှုမှတ်ပြီး နှလုံးသွင်းပြီးတော့ နေလိုက်တဲ့အခါမှာ စိတ်က ငြိမ်းချမ်းပြီးတော့ တည်ငြိမ်လာတော့ လောဘ မရှိတော့ဘူး။ အဲဒီ အချိန်မှာ (အဲဒီအခိုက်အတန့်မှာ) လောဘ ကင်းတယ်၊ ဒေါသ ကင်းတယ်၊ မာန ကင်းတယ်၊ ဣဿမစ္ဆရိယလည်း ကင်းတယ်။ အဲဒါတွေ ကင်းနေတဲ့ အချိန်မှာ ငါ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရင် အဖြေတမျိုး ထွက်လာတယ်။
စိတ်အခြေအနေ ပြောင်းသွားရင် အသိအမြင် ပြောင်းသွားတယ်။ အသိအမြင် ပြောင်းသွားရင် သဘောထား ဆုံးဖြတ်ချက် အကုန်လုံး ပြောင်းသွားတယ်။ အဲသလိုအခါမှာ မလိမ်မညာဘဲနဲ့ အမှန်အတိုင်း ပြောလို့ရတဲ့ နည်းလမ်း၊ ပြောပုံဆိုပုံ၊ ပြောနည်းပြောဟန်ကို စဉ်းစားလို့ ရလာပြီ။

ဖြတ်လမ်းပညာရေးကို လိုက်တဲ့သူဟာ တကယ်လေးနက်တဲ့ အသိဥာဏ် အတွေးအခေါ်၊ အဆင့်မြင့်တဲ့ ပညာရှင်တယောက် ဖြစ်မလာနိုင်ဘူး။ ဖြတ်လမ်း စီးပွားရေးကို လိုက်တဲ့သူဟာ လောင်းကစားဆန်တဲ့ တပွဲတိုး စီးပွားရေးပဲ လုပ်လို့ရမယ်။ ဖြတ်လမ်းဘာသာရေးကို လိုက်တဲ့သူဟာ တကယ်လေးနက်တဲ့ ဘာသာရေး အသိအမြင်၊ တကယ် လေးနက်မှန်ကန်တဲ့ တရားသဘောတွေကို သိနိုင်မှာ မဟုတ်ဘူး။ ဖြတ်လမ်းလိုက်ရင် အတုကိုပဲ ရမယ်၊ အစစ်ကို မရနိုင်ဘူး။

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

ဆရာတော်၏ပုံတော်များကို
Vimuttissukha Bliss
https://www.facebook.com/vimuttisukha.bliss?fref=ts
by Soe Paing

No comments:

Post a Comment