Sunday, June 29, 2014

အယူမှား ဒိဋ္ဌိ


အသက် ဇီဝ ဝိညာဉ်ဆိုသည့် အယူများသည်  မှားယွင်းသော အယူများ ဖြစ်ကြပါသည် ။

စုတိပျက်ကြွေ၍ သေလွန်ခြင်းသည်လည်း အဟောင်းချုပ်ပြီးနောက် အသစ်တစ်ဖန် မဖြစ်ခြင်းကို သေသည်ဟုခေါ်ဝေါ်သုံးစွဲကြလေသည် ။

ဒီတစ်ဘဝအတွက် ရုပ်သက် နမ်သက်အသစ် မဖြစ်တော့ဘဲ ရပ်စဲချုပ်ငြိမ်းပျောက်ကွယ်သွားရတယ် မဟုတ်လား ။

ကြွင်းကျန်ရစ်ခဲ့သည့် ဥတုဇရုပ်သည်တဖြည်းဖြည်း ယိုယွင်းပျက်စီး ပုပ်ပွလာတော့မည်ဖြစ်၍ အမြန်ဆုံး ပစ်လိုက်ရပါတော့မည် ။

ဘာလိပ်ပြာကောင်မှ ဤခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားခြင်းမရှိ၍ အိမ်အနီးအနားနှင့် ရုပ်အလောင်း ဝန်းကျင်တွင် တရစ်ဝဲဝဲမရှိနိုင်ပါ ။

ရှိခဲ့ပါမူ အယူတိမ်း၍ နတ်စိမ်းပြတ္တာဘဝနှင့် ကုသိုလ်လာတောင်းချင် တောင်းပါလိမ့်မည် ။

ပြိတ္တာဟူသည် လိပ်ပြာမဟုတ်။

ဝေမာနိက ( ဝိနိပါတိက )အသူရကာယ် အပါယ်ဘုံသားဘဝ တစ်ခုသာ ဖြစ်သည် ။

ဘဝဟောင်းမှ အကုသိုလ်ကံ အကြောင်းဆက်ကြောင့် ဖြစ်လာရသော အကျိုးဖြစ်၏ ။

မောင်ဖြူ မောင်မဲ သေလွန်ပြီး မလွတ်မကျွတ်သဖြင့် မောင်ဖြူ မောင်မဲ သရဲတစ္ဆေဖြစ်နေသည်ဟု ပြောဆိုခြင်းမှာ လောကဝေါဟာရအရ နားလည်လွယ်အောင် ပြောဆိုနေကြတာပါ ။

လူ မောင်ဖြူ မောင်မဲ + သရဲ မောင်ဖြူ မောင်မဲ တစ်ယောက်တည်းဟု ယူလျှင် မှားသောအယူ ဖြစ်ပါ၏ ။

မှားယွင်းသောဒိဋ္ဌိအအယူ ဟူသမျှ ဘယ်အသင်းမှ မကောင်းပါ ။

တစ်သက်လုံး စွဲယူလာခဲ့သော အယူမှားကို သိမြင်ဖို့  ခက်ခဲ၏ ။

သိမြင်ပြီးသော်လည်း ထိုမှားယွင်းသော အယူမှားကို စွန့် လွှတ်ဖို့ ခက်ခဲပြန်တယ် ။

အယူမှန်ကိုပြောင်းလဲပြီးလိုက်နာကျင့်သုံးဖို့ က ပို၍ ခက်ခဲတယ် ။

အယူမှားကိုစွန့် ကာ အယူမှန်ကို လက်ခံကျင့်သုံးဖို့ ခက်ခဲခြင်းသည် တကယ်ပင်ဖြစ်သည် ။

အကြောင်းမှာ --------------------------------------

အယူမှန်ကိုလက်ခံထားပြီး ယုံကြည်ကိုးစားနေသော စာရေးသူကျွန်ုပ်တို့ အများစုသည် လက်တွေ့တရားအားထုတ်ကြဖို့  ဘုရားဟောပြခဲ့တဲ့
အတိုင်း လက်ခံလိုက်နာကျင့်ကြံကြဖို့ အလွန် ခက်ခဲနေကြသေးသည်ဖြစ်ရာ အယူမှား ဒိဋ္ဌိကိုစွန့် ကာ
အယူမှန်ကို လက်ခံကျင့်သုံးဖို့ အဘယ်မှာ မခက်ခဲဘဲ ရှိပါမည်နည်း ။

အယူမှားဒိဋ္ဌိ( မိစ္ဆာဒိဋ္ဌိ ) ဖြစ်ရခြင်း အကြောင်းတရား( ၈ ) ပါးရှိသည်ဟု စာပေကျမ်းဂန်တို့ မှာ တွေ့ရှိရမှာ ဖြစ်ပါတယ် ။

ယင်းတို့ မှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

၁ ။ ခန္ဓာ၏သဘောကိုမသိခြင်းကြောင့်ဒိဋ္ဌိဖြစ်ခြင်း။

၂ ။ အဝိဇ္ဇာကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၃ ။ ဖဿကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၎ ။ သညာအမှားကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၅ ။ ဝိတက်ကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၆ ။ နှလုံးသွင်းမှားယွင်းမှုကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၇ ။ မိတ်ဆွေ အပေါင်းအသင်းမှားကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

၈ ။ တရားဓမ္မမှားယွင်းမှုကြောင့် ဒိဋ္ဌိဖြစ်ခြင်း ။

" မိစ္ဆာဒိဋ္ဌိယာ ဘိက္ခဝေ သမန္နာဂတာ သတ္တာ
ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ
ဝိနိပါတံ နိရယံ ဥပပဇ္ဇန္တိ "

ဟု ( အံ - အဋ္ဌကနိပါတ် ) ၌ မြတ်ဘုရား ဟောကြားခဲ့ပါသည် ။

အဓိပ္ပါယ်မှာ

" မိစ္ဆာဒိဋ္ဌိအယူရှိသောပုဂ္ဂိုလ်တို့ သည်ခန္ဓာပျက်ကြွေ သေလွန်သောအခါ မကောင်းသဖြင့်လားရာ ဖောက်ဖောက်ပြန်ပြန်ကျရောက်ရာဖြစ်သော
အပါယ်ငရဲ၌ ဖြစ်ကြရကုန်၏ ။ " ဟူသတည်း ။

အယူမှားရုံမျှလေးပါဟု ဆိုသော်လည်း ငရဲသို့  ကျရောက်လိမ့်မည် ။

သီသီလေးလွဲသည်ဆိုသော်လည်း တစ်သံသရာလုံး ဆုံးရှုံးရမည့်အရေးမို့ အမြန်မနှေး ကြိုးစားအားထုတ်ကြရန်လိုအပ်ပါသည် ။

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း တရား ( ၈ ) ပါးကို အောက်ပါဆောင်ပုဒ်လေးဖြင့် မှတ်သားကြပါကုန်။

* ခန္ဓာမသိ . အဝိဇ္ဇာရှိ. တွေ့ထိ . အမှတ်မှား ။

* ကြံစည် .နှလုံးသွင်း. မိတ်ပေါင်းသင်း. ပျက်ယွင်းနာတရား ။

* ဤရှစ်ပါးတွင် တစ်အင်အင်ကြောင့် အမြင်ယွင်းဖောက် ဒိဋ္ဌိရောက်

တောက်လျှောက်အပါယ်သွား ။

အယူမှား မှ အယူမှန်သို့ ကိုယ်စီ တတ်လှမ်းနိုင်စေသော် ။

ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံကြပါစေ ။

ဦးဓမ္မာနန္ဒ မစိုးရိမ်တိုက်သစ် ( မန္တလေး )
29 - 6 - 2014 - Sunday

No comments:

Post a Comment