Sunday, October 28, 2012

ကာလ နဂါး

စာပေပညာရှင်များအား မေးမြန်းလိုပါသည်၊ ကာလ နဂါး အကြောင်းဖြစ်ပါသည်-ခင်ဗျား---

(၁) ကာလ နဂါးသည် ယခုထိ ရှိပါသလော-

ကာဠ နဂါးနှင့် ပတ်သက်သော အကြောင်းအရာတို့ကို အရေတကြီး သိသင့်သောအကြောင်း အရာတိုဟူ၍ မထင်မြင် မယူဆသော်လည်း မေးခွန်းရှင် ( တင်လတ်(မကွေး)၏ သိလိုစိတ်ကို မျက်ကွယ်မပြုလိုသဖြင့်၎င်း ၊ ကာဠ နဂါး အကြောင်း အပြည့်အစုံပါဝင်သော စာအုပ်စာတမ်းတို့ ကို မတွေ့မိသဖြင့်၎င်း စာဖတ်သူများလည်း ဗဟုသုတ ပွားနိုင်ရန် စွမ်းနိုင်သမျှ ရှာဖွေတင်ပြလိုက်သည် ။

( ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည် ။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏ ။)

ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ ၊ ယံ တဿ ကပ္ပါယုကတာ ၀ုတ္တာ ။”

“ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည် ။

(၂) ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း ။

ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး ၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏ ၊ (ဘုရားငါးဆူထက်ပို၍ ပွင်သောကမ္ဘာဟူ၍လည်းမရှိ ။) ထိုမျှအအိပ်ကြီးသော သတ္တ၀ါဟူ၍ မကြားမသိရပါ ။

(၃) အဓိဋ္ဌာန်ဖြင့် ရေသို့ချသော ဖလားသည် အဘယ်ကြောင့် ကာလနဂါး၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ပြုရသနည်း ။

ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။

မဟာဗုဒ္ဓ၀င်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏ ။

ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ၀ဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏ ။

ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့ လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ” ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏ ။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထ၀ီမြေ ကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့ သို့ ဖြစ်ရှိနေပေ၏ ။ ) (မဟာဗုဒ္ဓ္ဓ၀င် ၊ ဒု၊၂၇၈ )

( ကာဠ နာဂရာဇံ သုပန္တံဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓ၀ံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ ၏ ။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏ ။)

(၄) ကာလနဂါး၏ သက်တမ်းကား အဘယ်မျှရှိပါသနည်း ။

တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုပါသည်။

(၅) မည်သည့် အတိတ်ကံကြောင့် ယခုကဲသို့ တန်ခိုးကြီးမားသော သက်တမ်း ရှည်သော နဂါးဖြစ်နေရပါသနည်း ။ ၎င်း၏အရွယ်ပမာဏကား အဘယ်မျှရှိပါသနည်း ။

ကာဠနဂါးမင်း၏ အတိတ်ကံနှင့် အရွယ်ပမာဏတို့ကို မတွေ့မိပါ--ပညာရှင်တို့ကား နဂါးနှင့်ပတ်သက်လာလျှင် သာရတ္ထသင်္ဂဟ ဟူသောကျမ်းကို ညွှန်းလေ့ရှိကြ၏ ။ မိမိမှာ ထိုကျမ်းမရှိသည့်အတွက် ထိုကျမ်းလာအကြောင်း အရာတို့ကို မဖော်ပြနိုင်ပါ ။ သံယုတ္တနိကာယ်၊ ယက္ခသံယုတ်လာ သုတ်ကို ဤနေရာ၌ ဆက်စပ်မှု့ ရှိသဖြင့် ထုတ်ပြချင်ပါသည်။

အခါတစ်ပါး ရဟန်းတော်တစ်ပါးသည် ဘုရားရှင်အား အရှင်ဘုရား ဤလောက၌ အချိုသောသူတို့သည် သေလွန်သောအခါ အဘယ်ကြောင့် နဂါးအဖြစ်သို့ ရောက်ပါသနည်း မေးလျှောက်လေရာ `ရဟန်းတို့ ဤလောက၌ အချိုသောသူတို့သည် ကိုယ် နှုတ် စိတ်တို့ဖြင့် ကောင်းမှု မကောင်းမှု နှစ်ပါးစုံကို ပြုလေရှိ၏ ။ ထိုသူသည် `“ နဂါးတို့သည် အသက်ရှည်ကြကုန်၏ ၊ အဆင်းလှကြကုန်၏ ၊ ချမ်းသာခြင်းများကုန်၏ ဟူ၍လည်း ကြားဖူး၏ ။ `“ငါသေလွန် သောအခါ နဂါးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ပါမူ ကောင်းလေစွာ့ ” ဟူ၍လည်း ထိုသူအား တောင်းတခြင်းဖြစ်၏၊ ရဟန်းတို့ ဤသို့တောင်းတခြင်းသည် အချိုသောသူများ နဂါးအဖြစ်သို့ ရောက်ခြင်း၏ အကြောင်းပေတည်း ဟု မြတ်ဗုဒ္ဓမိန့်တော်မူ၏ ။

ထိုကြောင့် သတပဒိက ပုစ္ဆာဝိသဇ္ဖနာကျမ်းတွင် မင်းကွန်းဆရာတော်က `“ပြည်မန္ဒာနဂရ၊ ရွှေကာလ နာဂိန်၊ ဒေ၀ါမျှ ပမာချိန်၊ မဟာသိန်လွန်ကြူး ၊ သက်အာယု တကမ္ဘာ၊ ဋ္ဌကထာ ကျမ်းမိန့်အထူး။ ။ ထိုသက်တော်ရှည်မြတ်တဲ့ ထိုရေနတ်သူကံကို ၊ ရှုကြံဘွယ်ရှိဘူး---ပါယ်ဘုံမှာ သက်ရှည်ကြူးလို့ ၊ ဖြစ်ထူးတဲ့ ကြောင်းလျာ။ ။ကံနှစ်ဖြာ စုံကာပြုသည်ဟု ၊ သဗ္ဗညုဟောမိန့်တော်မူလျက်ပါ။ ။ အကုသိုလ်စေတနာမှာ ပါယ်ခန္ဓာ သန္ဓေရလို့၊ ကုသလ သူ့စေတနာအဟုန် ကြီးနိုင်မျှဂုဏ် ။” စသည်ဖြင့် ဖြေကြားတော်မူထားသည်ကို ၂၉-ခုမြောက် ပုစ္ဆာဝိသဇ္ဖနာတွင် လေ့လာဖတ်ရှုနိုင်ပါသည် ။

ထိုကာဠနဂါး၏ အရွယ်ပမာဏကို မိမိလက်လှမ်းမှီသမျှ ကျမ်းဂန်တို့၌ မတွေ့မိပါ ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ (၁)နဂါးချင်း မေထုန်မှီဝဲသောအခါ (၂) စိတ်ချလက်ချ အိပ်ပျော်သော အခါ (၃) ပဋိသန္ဓေနေစဉ်အခါ (၄) အရေဟောင်းကို စွန့်သောအခါ (၅) စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။

( ၆ ) မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏ ။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏ ။သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်း အဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏ ။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မဉ္ဖေရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါဝဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။

(၇) အချို့စာပေများအရ ကာလနဂါးသည် အမြဲတမ်းအိပ်နေသည်ဟု ယူဆရမလိုဖြစ်သည် ဟုတ်ပါသလား ။

ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ၀မ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။

( ၈ ) အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ခံစားခြင်းများ ရှိပါသလော။

စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။

(၉) ကာလနဂါးသည် မည်သည့် ဘုရားရှင်လက်ထက်မှစ၍ ရှိနေပါသနည်း ။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။

ဗုဒ္ဓ၀င်တွင် ကာလနဂါးနှင့် ပတ်သက်သည် အချက်အလက်များပါရှိပါက အထောက်များဖြင့် ပြည့်ပြည့်စုံစုံ သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်--ဟူရာ၌ ဗုဒ္ဓ၀င်တွင် ပြည့်ပြည့်စုံစုံ မပါဝင်ပါ ။ အပါဒါန် အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ထူပ၀ံသ မဟာဝံသ နမက္ကာရဋီကာ ၀ိနည်းဋီကာ စသည်တို့မှ ရှာဖွှေကောက်နှုတ်၍ အဖြေပေးလိုက်ပါသည် ။


အရှင်ကောဝိဒ (ယော)

Shared from Dhamma Rakhita (FB)

Saturday, October 27, 2012

အကြင်နာပေါင်း ရှစ်သောင်း လေးထောင် ...............




- မေတ္တာဆိုတာ တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော
တကယ်လည်း ရွက်ဆောင်ပေးချင်တဲ့ သဘောပါ။


- ကရုဏာဆိုတာ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တဲ့သဘော၊တကယ်လည်း
ဖယ်ရှားပေးနေတဲ့သဘောပါ။

- မုဒိတာဆိုတာ တစ်ဖက်သားရဲ့ ပြည့်စုံမှု ၊အဆင်ပြေမှု ကံကောင်းမှုကိုဝမ်းမြောက်တဲ့သဘော
ကျေနပ်တဲ့သဘောပါ။

- ဥပေက္ခာဆိုတာ တစ်ဖက်သားရဲ့ ကိုယ့်အပေါ်ပြစ်မှားမှု ၊ထိပါးမှုတွေကိုအပြစ်မယူဘဲ ကြည်ကြည်
ဖြူဖြူ ခွင့်လွှတ်ကြေအေးတဲ့သဘောပါ။

တိုတိုရှင်းရှင်း ပြောရရင်
မေတ္တာဆိုတာ - ကူညီခြင်း တရား
ကရုဏာဆိုတာ - ကြင်နာခြင်း တရား
မုဒိတာဆိုတာ - ကျေနပ်ခြင်း တရား
ဥပေက္ခာဆိုတာ - ခွင့်လွှတ်ခြင်း တရား ပါပဲ ..............

အများအကျိုး သယ်ပိုးရွက်ဆောင်တဲ့နေရာမှာ ရှေ့တန်းက မြင်သာထင်သာ အလုပ်လုပ်နေတာက
မေတ္တာတရားဆိုတဲ့ ကူညီခြင်းတရားပါ။

ဒါပေမဲ့ အဲဒီမေတ္တာတရားက အများကို ကူညီဖြစ်အောင်နောက်ကွယ်ကနေ ပုန်းလျှိုးကွယ် လျှိုး နှိုးဆော် တိုက် တွန်းနေသူ ကတော့ ကရုဏာတရားဆိုတဲ့ ကြင်နာခြင်းတရား ၊ အကြင်နာ တရားပါပဲ။
အကြင်နာတရား အားနည်းရင် အများကို သေးသေးငယ်ငယ် (နည်းနည်း) ပဲ ကူညီဖြစ် ပါတယ်.................
အကြင်နာတရား အားများရင် အများကို ကြီးကြီးကျယ်ကျယ် (အများကြီး) ကူညီဖြစ်ပါတယ်။

အကြင်နာတရား အားကောင်းလေလေ အများကို ပိုပြီး ကူညီလေလေပါဘဲ .............

အကြင်နာတရား လုံးဝမရှိတဲ့သူဟာ အများအကျိုးကို လုံးဝ ထည့်မတွက်၊လုံးဝမဆောင်ရွက် ပါဘူး။မေတ္တာနဲ့ အများကျိုးဆောင်ရွက်ဖြစ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာကတော့

" ကရုဏာဆိုတဲ့အကြင်နာတရားပါပဲ "

အကြင်နာတရား ပြည့်ဝတဲ့သူဟာ သူတစ်ပါးဆင်းရဲ ဒုက္ခရောက်ကြောင်း၊သူတစ်ပါး ပျက်စီးရာ ပျက်စီးကြောင်းအလုပ်တွေကို ဘယ်တော့မှ မကြံစည် ၊ မပြောဆို ၊ မလုပ်ကိုင်ပါဘူး။

အကြင်နာတရား ခေါင်းပါးတဲ့သူကတော့ သူတစ်ပါးဆင်းရဲဒုက္ခရောက်ကြောင်း သူတစ်ပါးပျက်စီး ရာ ပျက်စီးကြောင်း အလုပ်တွေကိုပဲ အမြဲကြံစည် ပြောဆို လုပ်ကိုင် ပါတယ်။

ဒါကြောင့် လူပီသတဲ့ လူတိုင်းရဲ့ နှလုံးသားဟာ " အကြင်နာပေါင်းရှစ်သောင်းလေးထောင် " ကိန်းဝပ်တဲ့ နှလုံးသား ဖြစ်ရပါမယ် .......

ကိုယ်နဲ့ထိတွေ့ပတ်သက်လာတဲ့ လူတိုင်းအပေါ် ကြင်နာတဲ့ စိတ်ထားမယ် ကြင်နာတဲ့ စိတ်နဲ့ ပြောဆိုမယ် ကြင်နာတဲ့စိတ်နဲ့ ပြုမှုမယ်ဆိုရင် လူပေါင်း ရှစ်သောင်း လေးထောင် အပေါ် လူပေါင်း အသေင်္ချေအနန္တအပေါ် အကြင်နာတရား ထားပြီးသား ဖြစ်သွားပါတယ် .......

(မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ၊ဗြဟ္မစိုရ်တရား ၄ပါးလုံးကို " အကြင်နာတရား "လို့ပေါင်း ပြောလိုက်တာပါ)

နေစဉ်နေတိုင်း ကိုယ်နဲ့ကူညီသင့်တဲ့သူကို ကိုယ်နဲ့ကူညီ ၊နုတ်နဲ့ကူညီသင့်တဲ့သူကို နုတ်နဲ့ကူညီရ ပါမယ်။ အကြောင်းမညိညွတ်လို့ ကိုယ်နဲ့လည်း မကူညီ ဖြစ် ၊နုတ်နဲ့လည်းမကူညီဖြစ်ဘူး ဆိုရင်တောင်မှ စိတ်နဲ့တော့ ကူညီဖြစ်အောင် ကူညီလိုက်ရပါမယ်။

" သတ္တ၀ါအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ကြပါစေ "လို့ လေးလေးနက်နက် ဆက်ကာ ဆက်ကာ မေတ္တာပွားလိုက်တာဟာ စိတ်နဲ့ ကူညီလိုက်တာပါပဲ ............

သတ္တ၀ါအပေါင်း အသင်္ချေ အနန္တရဲ့ အကျိုးကို ဆောင်ရွက်ရာ ရောက်တဲ့အတွက် ကိုယ်နဲ့ နုတ်နဲ့ မကူညီဖြစ်တောင် စိတ်နဲ့ကူညီနေတဲ့ မေတ္တာဘာဝနာပိုင်ရှင်ရဲ့ နုလုံးသားကိုလည်း အကြင်နာပေါင်း ရှစ်သောင်း လေးထောင် ကိန်းဝပ်နေတဲ့ နုလုံးသား လို့ ဆိုနိုင်ပါတယ်။

ဆိုလိုတာကတော့ .........

တစ်နေ့တာအတွင်းမှာ သူတစ်ပါးကို ကာယကံမြောက် ၊ ၀စီကံမြောက် (ကိုယ်ထိလက်ရောက်နုတ် ထိ ပါးစပ်ရောက်)မကူညီဖြစ်တောင်မနောကံမြောက်(စိတ်ထိမနောရောက်)တော့ ကူညီဖြစ်အောင် ကူညီပါလို့ ဆိုလိုပါတယ်။

စိတ်နဲ့မေတ္တာပွားပါများရင် ကိုယ်နဲ့ နုတ်နဲ့လည်း မေတ္တာထားနိုင်လာပါလိမ့်မယ်။
စိတ်ထဲမှာ အကြင်နာတရား ရှိနေမှ ကိုယ်နဲ့ လုပ်သမျှ ၊ နုတ်နဲ့ပြောသမျှထဲမှာလည်း အကြင်နာ တရား ပါနေမှာပါ။ ကံ(၃)ပါးလုံးမှာ အကြင်နာတရားပါနေရင် အကြင်နာတရားပိုင်ရှင်လည်း စိတ်အေးချမ်း ရသလို အကြင်နာတရားပိုင်ရှင်နဲ့ ထိတွေ့ရသူတိုင်းလည်း စိတ်အေးချမ်းရပါတယ်...


*** ဆရာတော် အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ)-အကြင်နာပေါင်းရှစ်သောင်းလေးထောင် ***

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြပါစေ~~~

Shared from Ma Tanzin Moe

Wednesday, October 24, 2012

ကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုထက် ၄ နှစ်ပိုကြီးသူ မြန်မာနိုင်ငံမှ အဘွားဒေါ်မြကြည်



(လက်ဆင့်ကမ်း Share ပေးပါရန်)

လက်ရှိကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုမှာ အသက် ၁၁၆ နှစ် ၅၁ ရက် အရွယ်ရှိ အမေရိကန်နိုင်ငံသူ Besse Cooper ဖြစ်ပြီး ၁၈၉၆ သြဂုတ်လ ၂၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသူ အဘွားအို ဒေါ်မြကြည်မှာ အသက် ၁၂၀ နှစ် ရှိနေပြီး အသက်ကြီးဆုံး အဘွားအိုထက် ၄ နှစ်ခန့်ကြီးနေကြောင်းသိရှိရသည်။ အဘွားဒေါ်မြကြည်မှာ ယခုအခါ အမရပူရမြို့နယ် ပေါက်ချိုင်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရ၀ဏ်အတွင်း
တဲအိမ်ထိုးနေထိုင်နေပြီး ယခုလအတွင် အသက် ၁၂၀ ပြည့်မည်ဖြစ်သည်။ အဘွားဒေါ်မြကြည်မှာ ယခုထိ ကျန်းမာရေးကောင်းမွန်နေပြီး သက်သက်လွတ်စားကာ၊ သူမ အကြိုက်ဆုံး အစားအစာမှာ နှမ်းဖတ်ချဉ်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာနှင့် အင်တာဗျူးတွင် ပါဝင်ဖြေဆိုခဲ့ဘူးသည်။အဘွားဒေါ်မြကြည်ကို ရွာဦးကျောင်းဆရာတော် ဦးသြဘာသက စောင့်ရှောက်ထားပြီး ဒေါက်တာဇော်ထွန်းက ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေကြောင်းသိရှိရသည်။ အဆိုပါ အဘွားဒေါ်မြကြည်ကို ဂင်းနစ်စာရင်းဝင်ရန် မြန်မာနိုင်ငံမှ Online သုံးစွဲသူများမှ ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

By: People Development for Knowledge



အဘွားဒေါ်မြကြည်အကြောင်း World Oldest Lady to Guinness world record Facebook တွင် ဖော်ပြပြီ (Please Share this post)

ကမ္ဘာ့အသက်ကြီးဆုံးအဘွားအိုထက် ၄ နှစ်ပိုကြီးသူ မြန်မာနိုင်ငံမှ အဘွားဒေါ်မြကြည်အကြောင်း World Oldest Lady to Guinness world record Facebook တွင် ဖော်ပြလိုက်ပြီဖြစ်သည်။ ထိုသို့ ဖော်ပြမှုကို စာဖတ်ပရိတ်သတ်တစ်ယောက်က လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး မကြာမီ ဤ Page ကို လာရောက်ဆက်သွယ်မည်ဖြစ်ကြောင်း အကြောင်းကြားလာပါသည်။ သို့ဖြစ်ပါ၍ Admin အဖွဲ့ အနေဖြင့် မိမိတို့ အတတ်နိုင်ဆုံး အဘွားဒေါ်မြကြည်အကြောင်းကို ဆက်သွယ်စုံစမ်းပေးသွားမည်ဖြစ်ပြီး လက်လှမ်းမီသူများအနေဖြင့်လည်း ၀ိုင်းဝန်းကူညီပါဝင်ကြပါရန် Admin အဖွဲ့မှ အကူအညီ တောင်းခံအပ်ပါသည်။

by: PDK's admin Team

Shared from People Development For Knowledge (FB)

Tuesday, October 23, 2012

***ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော် ဘုရားကြီး***



မျိုးနိုင် မှ January 8, 2012 3:30pm တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော် ဘုရားကြီးသည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်တလွှား ထင်ပေါ်ကျော်ကြားပြီး၊ ရဟန်းရှင် လူအများတို့၏ ကြည်ညိုလေးစားခြင်းကို ခံယူရပါသည်။များလှစွာသော တုဇနစာသင်သားတို့အား ည၀ါစာပို့ချရာတွင် ကျော်ကြားပြီးမြန်မာပြည် အနယ်နယ် အရပ်ရပ်တွင်လည်း ၀ိပဿနာ တရားတော်များကို မနားမနေ လှည့်လည် ဟောကြားပြသနိုင်ခဲ့ပါသည်။


အရိုးကြီးပွားကြောင်းမလုပ်ကြနဲ့၊ အရိုးကို ဓါတ်တော်ဖြစ်အောင်ကြိုးစားကြပါ၊
အသွေးအသားကဓါတ်တော်ဖြစ်တယ်ဆိုတာ တရားအားထုတ်သည့်အတွက်
တရားက ပြုပြင်ပေးလို့ တရား၏ သဘောအရ ဓါတ်တော်ဖြစ်လာတယ်လို့မှတ်ကြပါ၊
ဥာဏ်တော်ကို အဖော်လုပ်တော့ဓါတ်တော်လုပွဲ ကြုံရတယ် စသည်ဖြင့် အရိုးဓါတ်တော်တရားများ ဟောကြားဆုံမခံသည့်အတိုင်း ဆရာတော်ဘုရားကြီး
ခန္ဒာဝန်ချသည့် အခါတွင်လည်း ရုပ်ကလပ်တော်မီးသဂြိုလ်ရာ၌
ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်မှ ဓါတ်တော်မွေတော်များစွာ ကျခဲ့ပါသည်။
အရွယ်အစား အမျိုးမျိုး အရောင်အမျိုးမျိုး ဓါတ်တော်များကျရုံတင်မက
ဆရာတော်ဘုရားကြီး ရုပ်ကလပ်မှအရိုးတစ်ပိုင်း၊ ဓါတ်တော်တစ်ပိုင်း
ဓါတ်တော်ဖြစ်တုန်းဖြစ်ဆဲများ ၊ ချိတ်ဆက် လက်ဆစ်ရိုးတော် သက်တော်ရှိစဉ်ကအတိုင်း
သူငယ်အိမ် မပျက် အကြည်ဓါတ်မပျက် မီးမခဘဲ ကျန်ရှိခဲ့သော မျက်လုံးတော်တစ်စုံ
သက်တော်ရှိစဉ်က ချထားခဲ့သော ဆံတော်မှဖြစ်ပေါ်လာသည့် ဓါတ်တော်များနှင့်
ရုပ်ကလပ်တော်ရှိစဉ်က သွေးကြောမှ ရယူထားခဲ့သည့် သွေးမှဖြစ်ပေါ်လာသော
ဓါတ်တော်များစသည့် အံ့ဖွယ်ရာများကိုပင် ဖူးတွေ့ရပါသည်။
ဆင်ဆေးလိပ်ကုမ္မဏီဦးသောင်း၏ အိမ်၌ကိုးကွယ်ရန် ရယူထားသော အရိုးတော်များက
ဓါတ်တော်များဖြစ်လျှက်ရောင်ချည်တော်များ ကွန့်မြူးနေပုံကို လည်းဖူးတွေ့ကြရပါသည်။
ဆရာတော်ဘုရားကြီးသည် ခန္ဒာဝန်မချသေးခင်နာရီပိုင်းလေးအလိုထိ ဥပဓိရုပ်မပျက်
အသွားအလာမပျက်၊ အစားအသောက်မပျက်၊ အသံမပြောင်းဘဲ၊ တရားဓမ္မများကို
ဟောပြောဆုံးမနိုင်ခဲ့သည်။


ခန္ဒာဝန်ချတော့မည့်အချိန်ရောက်ခါနီးမှ ကြိုတင်ခင်းခိုင်းထားသော အိပ်ယာပေါ်သို့
ဝင်၍လှဲလျောင်းပြီးသကာလ အနီးရှိဒကာ ဒကာမတို့အား မမေ့မလျှော့ဘဲတရားအားထုတ်ရစ်ကြရန် မှာကြားပြီးမှ တရားနှလုံးသွင်းတော်မှုလျှက်
ခန္ဒာဝန်ကို ချသွားတော်မှုခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏ရုပ်ကလပ်ကို စံကျောင်းများတွင် (85)ရက်ကြာထားပြီးမှ ရုပ်ကလပ်တော်ကို စည်ကားသိုက်မြိုက်စွာမီးသဂြိုင်္လ်ကြပါသည်။
မီးသဂြိင်္ုလ်ရာ၌ နံ့သာထင်းများအရှိန်ပြင်းစွာ မီးစွဲလောင်နေသော်လည်း ရုပ်ကလပ်တော်မှာ
နာရီဝက်ကျော်မျှမီးမလောင်ဘဲ ပုံမပျက်ရှိနေပါသည်။
နောက်မှအလိုအလျှောက် မီးစွဲလောင်ပါသည် ရုပ်ကလပ်တော်အားမီးစွဲလောင်သော်လည်း
မကောင်းသောအပုတ်နံ မထွက်ပဲ အမွေးရနံများသာ ထွက်သည်ကို ဈာပန ကွင်းတခုလုံးရှိ
လာရောက်ဖူးမြော်ကြသော ရဟန်းရှင်လူပရိတ်သတ်တစ်သိန်းကျော်တို့ အသိပင်ဖြစ်ခဲ့ပါသည်။
နိက္ထိလေသာနံ မတသရီရံပိ ဒုဂ္ဂနံ္ဓ နဟောတိ သုတ္တံနိပါတ်အဌကထာ အာမဂန္ဓသုတ်အရ
အာသဝေါကင်းကွာသော ရဟန်းတို့သည် သေသောအခါ ထိုပုဂ္ဂိုလ်၏ ကိုယ်မှ အပုတ်နံမထွက်ကြောင်းကို ပြဆိုသွားပါသည်။


ဆရာတော်ဘုရားကြီးဟောကြားခဲ့သော တရားတော်များမှ ဓမ္မသံဝေဂ သြ၀ါဒတရားတော်များ
သစ္စာလေးပါးတရားတော်များ၊ဒိဌိပြုတ်တရားတော်များ၊ ပဋိစ္စသမုပ္ပါဒ်တရားတော်များ၊
စိတ္တာနုပဿနာရှု့ပွားနည်း အဂုင်္တ္တိရ်၊ သံယုတ်၊ ပဏ္ဏါသ၊ဓမ္မပဒ စသောကျမ်းများနှင့်ဟပ်၍
ဝထ္ထုထုတ်ကာ နားမလည်မရှိကြရအောင် ဟောပြောပြသတော်မှုခဲ့ပါသည်။
ဆရာတော်ဘုရားကြီးသည် အနှစ်လေးဆယ်ကာလပတ်လုံး ခက်ခဲနက်နဲလှစွာသော
ပဌာန်း ၊ ညဥ့်ဝါ ၊ ဓမ္မသင်္ဂဏီ ၊ ယမိုက် ၊ အဘိဓမ္မာ ကျမ်းကြီးများကို သင်ကြားပို့သနေသော
စာချပုဂ္ဂိုလ်ကြီးပင်ဖြစ်သော်လည်း ဆရာတော်ဟောကြားခံသော တရားတော်များမှာမှု
စာအရှိကိုအဓိကမထားဘဲ၊ ခန္ဒာအရှိကိုဥာဏ်အသိနှင့်ကိုက်ညီအောင် ဟောကြားတော်မှုလေ့ရှိပါသည်။
အလုပ်ခွင်၌လည်း ရှေ့ကဖြစ်ပျက်၊ နောက်ကမဂ်၊ ဖြစ်ပျက်နှင့် မဂ်ကြားမှာ
ကိလေသာကြားမခိုစေနှင့်ဟု အမြဲတမ်းသတိပေးတော်မှုလေ့ရှိပါသည်။
ဤအချက်နှစ်ချက်သည်ပင်လျှင် ရှေးရိုးဟောစဉ် ရှေးမှုရင်းမှ ထွင်းဖေါက်၍
ထွက်ပေါ်လာသော အချက်များပင်ဖြစ်ပါတော့သည်။
“အချိန်ကဖြင့် မရှိတော့ဘူး ဒါကာတို့ဒါကာမတို့ ၊ ရထားကတော့ဖြင့် ထွက်တော့မယ်
ဒါကာတို့မှာ မှီရုံလေးသာရှိတော့တယ်၊ ဒီခေတ်ဒီခါမှာ ဒီလိုတရားမျိုးနာကြားရတယ်ဆိုတာ
အင်မတန်မှကံကောင်းတယ်လို့မှတ်ရမယ် သေလွန်သွားကြတဲ့မိဘဘိုးဘွားဆွေမျိုးညာတကာတွေက ဒီလိုတရားမျိုးနာကြားရဖို့အခွင့်မရသွားခဲ့ကြဘူး တို့ဒါကာဒါကာမတွေက ကံကြီးပေလို့
ဟောတဲ့ပုဂ္ဂိုလ်နဲ့လည်းကြုံကြိုက်လို့ ထောင်နိုင်တဲ့နားလည်းရှိလို့ အင်မတန်မှရခဲတဲ့
ဒီလိုတရားမျိုးကိုနာရတယ်လို့မှတ်ရမယ်ဟုဟောပြောဆုံးမတော်မှုသွားခဲ့ပါသည်။

(ကျေးဇူးတော်ရှင်အဂ္ဂမဟာပဏ္ဏိတ မိုးကုတ်ဆရာတော်ဘုရားကြီးဦးဝိမလ)
(ဥဒယဗ္ဗယဥာဏ်-ဖြစ်ပျက်မြင်တယ်ဆိုတာ)
ဒီနေရာပျက်သွားသကိုးလို့ ဥာဏ်ရောက်တာကိုဆိုတာပါ ၊ အရှူ ခံနဲ့ ပထမတော့တွေ့ချင်တွေ့မှာပေါ့လေ နောက်တော့ ဘာပေါ်ပေါ် ဖြစ်ပြီးပျက်သွားတယ်
(မရှိတော့ပါလား) ဆိုတာလေးသာ ဥာဏ်ထဲမှာတွေ့နေပါစေ
“ခုမရှိတော့ဘူး - ခုမရှိတော့ဘူး ” ဆိုတာလေးတွေက သိမ်မွေ့နေတော့
ဥာဏ်ထဲမှာဘဲ ထိုးဖေါက်သိနိုင်တယ်။
ဒီဥာဏ်ရရင် ဒီဘ၀တင် ကိစ္စပြီးတယ်လို့မှတ်ပါ ဒီဥာဏ်ရှင်သန်အောင်သာလုပ်ပေတော့
ကြပ်ကြပ်ရှု့ပေး ဘာမှနောက်ပြန်ကြည့်မနေနဲု့တော့ အပြီးသာလုပ်တော့မယ်ဆိုတာသာ
ဆုံးဖြတ်ချက်ချပါ။ ကြိုးစားရင် မပေါက်မရှိဘူး၊ အိပ်ပျော်နေတဲ့အချိန်မှတပါး
တရားအားထုတ်လို့မရသောအချိန်ဆိုတာမရှိဘူး၊ ဘယ်အခါမဆို မဂ်ဖိုလ် ရအောင်
အားထုတ်နိုင်တဲ့ အချိန်ခါချည့်ပါဘဲ အချိန်တိုင်းကို အအားလုံးဝမထားပဲ
တရားနှလုံးသွင်းနေပါ ။

လူဘ၀ရခိုက် သားရေးသမီးရေး စီးပွားရေး လုပ်ရင်းနဲ့သေတာများလှပြီ
ဒီတဘ၀တော့ ကြိုးစားမှတော်ခါကြမယ် အိုး…ဓမ္မမိတ်ဆွေအပေါင်းတို့

တရားအသိဉာဏ်များတိုးပွါးနိင်ကြပါစေ

***မေတ္တာဖြင့်***

Shared from Ma Aye Aye Cho (FB)

ကိုယ့်မသာ ကိုယ်ချမနေနှင့်


သတ္တ၀ါတိုင်း…..
မိမိတို့၏ စရိုက် - ညာဉ်အတွင်း ကပ်ပါလျက်ရှိသော ကံစိတ်တို့ဖြင့် ဥတု အဟာရသို့လိုက်၍ ကပ်ပါလျက်ရှိသော ၀ါသနာကို အကောင်အထည်ဖော်ပေးလေ့ရှိကြရာ……
ရေနစ်၍ သေမည့်မသာသည် ရေဖြင့်ဆော့ကစားနေရမှ ကျေနပ်၏။

မီးသင့်၍
သေရမည့်မသာသည် မီးကစားမှုကို အလွန်ဝါသနာပါ၏
ထိုသို့ မိမိတို့ ၀ါသနာပါရာအမှု ပြုကျင့်နေဆဲကပင် ကိုယ်ဝါသနာပါသော ကစားဘက်၏ သတ်ဖြတ်ဖျက်ဆီးခြင်း ကိုခံသွားရသည်ချည်း ဖြစ်ကြ၏။ ကိုယ့်ခါးကြားက ဆောင်ဓားကပင် ကိုယ့်အား ပြန်စိုက်ထိုးသည့်ပမာ ရှိ၏။ ၀ါသနာညာဉ် စရိုက်တို့သည် လူသတ်သမားနှင့် လက်နက်များပင်ဖြစ်ကြ၏။
ကျွဲဝါသနာပါသော အနော်ရထာ ကျွဲခတ်ခံရ၍ သေရခြင်း။ ၀က်သားကြိုက်လှသော ကံမင်းသား ၀မ်းတော်လား၍ သေရခြင်း။ ၄င်းတို့ကား ကိုယ့်မသာ ကိုယ်ချသွားကြသူများချည်းတည်း။

မဟာဗောဓိမြိုင်ဆရာတော်၏ ဓမ္မနီတိကထာ မှ

Shared from Ma Sai Mon (FB)

ကံစွမ်းနဲ့ဉာဏ်စွမ်း

ကံစွမ်းကို ဉာဏ်စွမ်းနဲ့ အသုံးမချတတ်ဘဲ ကံဟောင်းတွေကို များများခံစားမိခြင်းဟာ ကံဆိုးကံတိုးတွေကို မတန်တဆ များများပေးဆပ်ရစမြဲ ဖြစ်တယ်။

‘သဗ္ဗေသတ္တာ ကမ္မသကတာ - သတ္တ၀ါတိုင်းဟာ ကောင်းကံဆိုးကံတို့ရဲ့ ကောင်းမွေဆိုးမွေများ ဖြစ်ကြတယ်’ ဆိုတဲ့ ကမ္မသကတ သမ္မာဒိဋ္ဌိနဲ့ ယှဉ်တဲ့ သဒ္ဓါတရားဟာ ဗုဒ္ဓဘာသာဝင်တိုင်း အပြည့်အ၀ လက်ခံရမယ့် အခြေခံယုံကြည်ချက် ဖြစ်ပါတယ်။

လူတိုင်း လူတိုင်း ယခုဘ၀မှာ ရရှိပိုင်ဆိုင်ထားပြီလို့ ထင်မှတ်စွဲယူထားတဲ့ ‘အရှိ’ တရားများဆိုတာ အကျဉ်းချုပ်လိုက်ရင် ငါ ငါလို့ပြောနေကြတဲ့ ဒီခန္ဓာအစုအဝေးကြီးရယ်၊ ဒီခန္ဓာကြီးနဲ့ ကံချင်းဆက်စပ်မှုကို အကြောင်းပြုသံယောဇဉ်ကြိုးများနဲ့ဖွဲ့နှောင်ထားတဲ့ မိဘ၊ သားသမီး၊ ဇနီးခင်ပွန်း၊ သားချင်းပေါက်ဖော် စတဲ့ အတွယ်အတာများရယ်၊ ဒီခန္ဓာ ကိုယ်ကြီးကို အရင်းတည်ပြီး ရှာဖွေရယူထားတဲ့ စီပွားဥစ္စာတွေရယ် ဒီသုံးမျိုးပါပဲ။

ဒီအရှိတရား သုံးမျိုးလုံးဟာ အတိတ်ကံဟောင်းနဲ့ ပစ္စုပ္ပန်ကံသစ်တို့ ပေါင်းဆုံပြီး ဖြစ်ပေါ်လာကြတာဖြစ်လို့ ကံစွမ်းတွေလို့ ဆိုနိုင်ပါတယ်။
ဒီကံစွမ်းဖြစ်တဲ့ ‘အရှိ’ တရားတွှေဟာ ဉာဏ်စွမ်း ‘အသိ’ တရားနဲ့ အသုံးမချတတ်ရင် ကံဟောင်းကံစွမ်းတွေကို များများခံစားရသလောက် ကံဆိုးကံတိုးတွေကို များများပေးဆပ်ရစမြဲ ဖြစ်ပါတယ်။

ဒီလို ပေးဆပ်ရတာကိုပဲ ရှေးသူတော်စင်ကြီးများကတော့‘အရှိကို အသိကနိုင်အောင် မထိန်းနိုင်တဲ့အတွက် အရှိနှိပ်စက်တာကို ခံရတယ်’ လို့ မှတ်ချက်ချတော်မူကြပါတယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ အရှိနှိပ်စက်တဲ့ဒဏ်က လွတ်မြောက်ချင်ရင် အရှိကို အသိနဲ့ နိုင်အောင် ထိန်းပြီး အသုံးချတတ်အောင် ကြိုးစားရမယ်လို့ ဆိုပါတယ်။

(စကားလုံး သုံးသပ်ရလွယ်ကူအောင် ကံစွမ်းကို ‘အရှိ’ ၊ ဉာဏ်စွမ်းကို ‘အသိ’ လို့ပဲ သုံးလိုက်ပါမယ်။)

မှန်ပါတယ်။ အရှိတရားများလို့ လူတွေ ထင်မှတ်စွဲလမ်းနေတဲ့သုံးမျိုးသုံးစားထဲမှာ ဒီဘ၀လို့ ပြောပြောနေကြတဲ့ ခန္ဓာကိုယ်အစုအဝေးကြီးဆိုတာဟာ တကယ်တော့ ကံအပေါင်ကြေးပေးပြီး ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးနဲ့ စောင်ထိန်းစောင့်ရှောက်ထားရတဲ့ အငှါးပစ္စည်းမျှသာ ဖြစ်ပါတယ်။ အချိန်တန်ရင် ပြန်ပေးရမြဲဖြစ်လို့ ဘယ်သူမှ အပိုင်မရနိုင်ပါဘူး။

လူ့ဘ၀လို သုဂတိဘုံသားဖြစ်ဖို့အတွက်ဆိုရင် ပေးရတဲ့ကုသိုလ်ကံကြေးကလည်း ကြီးမားခဲ့သလို စားဝတ်နေရေး၊ ကျန်းမာရေးအတွက် နေ့စဉ်ပေးနေရတဲ့ အတိုးကလည်း ကြီးမားပါတယ်။

အတိုးကြီးတဲ့ အငှားဆိုတာ အမြတ်များအောင် အသုံးမချတတ်ရင် အရှုံးကြီးမားမြဲဖြစ်တာ ဓမ္မတာပါပဲ။ ခုလက်ရှိ လူ့ဘ၀လို သာသနာတော်နဲ့ ကြုံရဖို့ ဆိုတာက ဘုရားရှင်ဟောကြားခဲ့သလို တကယ့် ‘ဒုလ္လဘ’ တရားကြီးဆိုတာ သတိပြုကြရမှာပါ။ ကောသလအိမ်မက်ထဲက ‘တစ်သိန်းတန်ရွှေခက် ရက်တက် (စိမ်ရည်)နဲ့ လဲသောက်’ ဆိုသလို ရခဲတဲ့ ဒုလ္လဘရတနာကို တစ်ဘ၀စာတောင် မသေချာတဲ့စည်းစိမ်ဥစ္စာများနဲ့ အပြီးတိုင် လဲလှယ်မပစ်မိကြအောင် ကိုယ့်ဘ၀ကိုယ် တန်ဖိုးထား အသုံးချတတ်ဖို့ အရေားကြီးပါတယ်။

မြတ်ဗုဒ္ဓရဲ့ အဆုံးအမများနဲ့အညီ အရှိကို အသိနဲ့ အသုံးချတတ်ဖို့အတွက် အရှိတို့ရဲ့သဘောအမှန်ကို သိအောင် ကြိုးစားရပါလိမ့်မယ်။ သတ္တ၀ါတို့ကျင်လည်နေရတဲ့ သံသရာဆိုတာဟာ ထောက်ရာ၊ တည်ရာ အခိုင်အမာမရနိုင်တဲ့အတွက် ရေပြင်နဲ့ပမာတူတယ်လို့ ဆိုလိုပါတယ်။ သံသရာရေပြင်မှာ ဖြစ်နေရတဲ့ ဘ၀ခန္ဓာဆိုတာ တကယ်တော့ အငှားနဲ့ ခဏရထားတဲ့ လှေငယ်လေးတစ်ခုမျှသာဖြစ်တယ်။ ကောင်းဆိုးနှစ်တန် လောကဓံလှိုင်းပုတ်သလို လှုပ်နေရပြီး ရေဆန်ကို လှေမဆန်နိုင်ရင်တော့ ဖြစ်ချည် ပျက်ချည် မြုပ်ချည် ပေါ်ချည်နဲ့ မျော နေကြရမှာပါ။

အခုလို သာသနာတော်နဲ့ ကြုံခိုက်မှာ မြတ်ဗုဒ္ဓတည်ဆောက်ပေးခဲ့တဲ့ ရွှေဖောင်မဂ္ဂင် သင်္ဘောယာဉ်ကြီး စီးခွင့်ကြုံတုန်း အပိုင်စီးပြီ လိုက်နိုင်သူတို့သာ ထောက်တည်ရာ တစ်ဖက်ကမ်းကို ရောက်နိုင်ကြပါလိမ့်မယ်။ မဂ္ဂင်ဖောင်သင်္ဘောကို စီးခွင့်ရဖို့အတွက် ပေးရမယ့် လက်မှတ်ခ ဆိုတာကတော့ အထွေအထူး မဟုတ်ပါဘူး။ ‘သတိ’ တရားပဲ ဖြစ်ပါတယ်။ သတိပဋ္ဌာန်လက်မှတ်လို့ ဆိုနိုင်ပါတယ်။ အရှိကို သတိနဲ့ကပ်ပြီး ရှုမှတ်နိုင်ရင် အရှိတိုင်းရဲ့ မခိုင်မမြဲတဲ့အနိစ္စသဘော၊ သည်းခံ ကျေနပ်စရာမရှိတဲ့ ဒုက္ခသဘော၊ အစိုးမရ အလိုကျမဖြစ်တဲ့ အနတ္တသဘောတို့ကို သိမြင်တဲ့ ၀ိပဿနာ ပညာဉာဏ်ရင်သန်ပြီး နိဗ္ဗာန်ကမ်းကို ဆိုက်ရောက်မယ်လို့ မြတ်ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။

ခန္ဓာဆိုတဲ့ အရှိကို အသိနဲ့ အသုံးမချနိုင်ရင် ကာမာဝစာရကုသိုလ်ကံတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၀ိပဿနာကုသိုလ်ကံအဖြစ် ပြောင်းလဲပြီး မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာနယ်ရောက်အောင် သယ်ဆောင်နိုင်သလို ပစ္စည်းဥစ္စာအရှိတို့ကို အထောက်အကူပစ္စည်းများအဖြစ် အသုံးချပြီးတော့လည်း ဒါန သီလ ဘာဝနာ ကုသိုလ်ကံများအဖြစ်နဲ့ နိဗ္ဗာန်အထိ အထောက်အကူရအောင် သယ်ဆောင်နိုင်ပါတယ်။ အတွယ်အတာ အရှိများကိုလည်း ကံကောင်းများတည်ဆောက်ပြောင်းလဲနိုင်ရေးအတွက် အကူအညီ (ဥပနိဿယ) များအဖြစ် အသုံးချနိုင်တာပါပဲ။

ကံစွမ်း ‘အရှိ’ များဟာ ဉာဏ်စွမ်း ‘အသိ’ နဲ့ အသုံးမချတတ်ရင် ပိုင်ဆိုင်မှုကို နှိပ်စက်တတ်ကြပြီး ဉာဏ်စွမ်း ‘အသိ’ နဲ့ နိုင်အောင် ထိန်းချုပ် အသုံးချတတ်သူများကိုတော့ လောကုတ္တရာနယ်အထိ ပို့ပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။ အပါယ်နဲ့ နိဗ္ဗာန် ကြိုက်ရာလမ်းကိုရွေးပြီး ကြိုက်ရာခရီးအတွက် ‘ကံ’ လက်မှတ်ဝယ်ခွင့် ပေးနေတယ်လို့ပဲ ဆိုပါရစေ။

ကိုယ်ပြုသမျှကံများသည်ပင် ကိုယ်ရှေ့ဆက်ရမည့် ရှေ့ခရီးအတွက် ခရီးသွားလက်မှတ်များ ဖြစ်ပါတော့သည်။

ကံစွမ်း ဉာဏ်စွမ်း ရှိသမျှ အသုံးချနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏ ကံစွမ်းနဲ့ဉာဏ်စွမ်း မှ ကောက်နှုတ်ဖော်ပြပါသည်။

Shared from Ko Thein Naing Ohn (FB)

Monday, October 22, 2012

မိန်းမနဲ့ ယောက်ျား ဘယ်သူမြတ်သလဲ


မနေ့ က တရားတစ်ပုဒ်နာရတယ်...မိန်းမနဲ့ ယောက်ျား ဘယ်သူမြတ်သလဲတဲ့?
ပရိတ်သတ်အားလုံးက ယောကျာ်း ပိုမြတ်တယ်ဆိုတော့ ဆရာတော်က အတူတူပါဘဲ...ကုသိုလ် ရှိတဲ့သူက ပိုမြတ်တယ်လို့ ဖြေပါတယ်..
ယောက်ျားပင်ဖြစ်သော်လည်း အကုသိုလ်များနေရင် ကုသိုလ်နှင့် ပြည့်စုံသော မိန်းမကပိုမြတ်တယ်လို့ ဟောပါတယ်..

ယောကျာ်းတွေက ငါတို့ ကပိုမြတ်တယ်ဆိုပြီး မိန်းမတွေကို အနိုင်မကျုင့်ပါနဲ့ ကုသိုလ်ပေတံ နဲ့သာ တိုင်းတာပါ....
ယောက်ျားလည်း ရုပ်နဲ့ နာမ်..မိန်းမလည်း ရုပ်နဲ့ နာမ်..ကုသိုလ်သာ ကွာကြတာပါ.တိရစ္ဆာန် လည်း ရုပ်နဲ့ နာမ်ပေမယ့် ကုသိုလ် အားနည်းလို့ လူက ပို မြတ်တာပါတဲ့...
ဘုန်းကြီးပေမယ့် လည်း အကုသိုလ် အလုပ်နဲ့ ဆိုရင် လူတွေလောက် မမြတ်ပါ။ဒါကြောင့် အသွင်ထက် ၊
ယောက်ျား မိန်းမထက် အကျင့် သီလ ရှိသောသူသာလျှင် အမြတ်ဆုံး အဖြစ်တိုင်းတာပါလို့
အောင်ဘုံတောရဆရာတော်က ဟောကြားသွားတာကို
ကုသိုလ် အလို့ ငှာ ပြန်လည် မျှဝေပါတယ်ရှင်...

မနန်းမွန်း ( အနှိုင်းမဲ့ စာတိုပေစများ)
Shared from Ma May Aye Oo (FB)

*******************************************

ဘုရားဂုဏ် တစ်ချက် အောက်မေ့နေလျှင် ၀င်မွှေမယ့်

ကိလေသာတစ်ချက် ... ဘေးထွက်သွားရတယ် ~

ဘုရားဂုဏ် တစ်ချက်လင်းနေလျှင်


အတွင်းက ထကြွမယ့် ကိလေသာ ....

တစ်ခါသေရပြန်တယ်ကွယ့် .... ~

တရားဂုဏ် ... သံဃာ့ဂုဏ်များလည်း ..

ဘုရားဂုဏ်နဲ့ သတ္တိချင်းအတူတူပါပဲ ~

****************************

ဘာသာအမျိုးမျိုးကို ယုံကြည်နေကြတာ

လေ့လာကြည့် ....

ဘာမဆို ဘုရားသခင် ဖန်ဆင်းပေးလို့ ဆိုတာတွေဟာ

ပုဂ္ဂိုလ်အပေါ်မှာချည်း မေးတင်နေတာကွယ့် ~

သဒ္ဓါကသာ အားကြီးနေပြီး ပညာဥာဏ် မဖိစီးကြလို့

ချည်းပဲ ~

ပုဂ္ဂိုလ်နဲ့ ဂုဏ် မခွဲတတ်ကြလို့ချည်းပဲကွဲ့  ....~

အားလုံးဟာ

ရာဂစရိုက်အားကြီးလွန်းနေကြသူ ချည်းပဲကွဲ့  ~

သဒ္ဓါလွန်တော့ ရာဂ ....

ပညာလွန်တော့ မာနလို့ ဆိုတာကိုး ......

ကိုယ့်ကိုကိုယ်ညှာ .... အနာမခံချင်တဲ့ တဏှာအိုးများကလည်း

ကိုယ်တိုင်ကားမကျင့် ....

ဘုရားအကျင့် ကပ်ခိုပြီး ကြီးပွားချင်ကြတယ် ~

သည်စိတ်နဲ့ပဲ ဆုတောင်းနေကြတယ် ~

*********************************

မဟာဗောဓိမြိုင် ဆရာတော်ဘုရား

( မဂ္ဂင်္ဂံပပ္ဇေါဋေသိကထာ )

*********************************

မေတ္တာဖြင့် ~~
Shared from Ma Doh Yote (FB)

ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ) ၏ သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ စာအုပ်ထဲမှ သေသူတို့အပေါ်အယူအဆ

သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏ သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍ အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင် ရှိနေသည့် သဘောသက်ရောက်ပါသည်။

အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍ ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏ ၀ိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ် ဖြစ်နေပါသည်။

အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန် တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။

ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍ အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊ သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။

သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင် ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင် ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏ ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည် သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊ ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့် ၀တ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ ၀ိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍ သတိထားလုပ်ဆောင်ကြရပါမည်။

သရဏဂုံတင်ခြင်း၊ ဆွမ်းကျွေးသပိတ်သွတ်ခြင်း

လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ ယေဘူယျအားဖြင့် သက်ပျောက်ဆွမ်းကပ်ခြင်းကို သေဆုံးပြီးစအချိန်တွင် (နံနက်ပိုင်းတွင်) ပြုလုပ်၏။ သရဏဂုံတင်ခြင်းကို အသုဘ ချခါနီး (ချမည့်နေ့)တွင် ပြုလုပ်၏။ ဆွမ်းကျွေးသပိတ်သွတ်ခြင်း သို့မဟုတ် ရက်လည်ဆွမ်းကျွေးခြင်းကို သေဆုံးပြီး (၇)ရက်ပြည့်သည့်နေ့တွင် ပြုလုပ်လေ့ရှိ၏။ ထိုသို့ပြုလုပ်သည့်အခါတိုင်းတွင် အောက်ပါတို့ပါဝင်ပါသည်။

၁။ သြကာသဖြင့် ကန့်တော့ခြင်း

၂။ သရဏဂုံနှင့် သီလတောင်းခြင်း

၃။ သရဏဂုံဆောက်တည်ခြင်း

၎။ သီလခံယူခြင်း

၅။ ကွယ်လွန်သူအား ရည်စူး၍ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း

၆။ ကွယ်လွန်သူ၊ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ ကုသိုလ်တို့ကို အမျှဝေခြင်း။

ဤအဆင့်ဆင့်တို့သည် ကွယ်လွန်သူအား ရည်မှန်း၍ အလှူရှင်များပြုလုပ်ကြသည့် သရဏဂုံတည်ခြင်း ကုသိုလ် သီလကုသိုလ်၊ ဒါနကုသိုလ် အမျှဝေခြင်း ကုသိုလ်တို့ဖြစ်ကြ၏။ အားလုံးသည် အလှူရှင်တို့၏ ကုသိုလ်များဖြစ်ကြ၏။ ကွယ်လွန်သူသည် ဤကုသိုလ်များကို သာဓုခေါ်နိုင်မှာသာလျှင် ဤကုသိုလ်အဖို့တို့ကို ရရှိနိုင်၏။

သရဏဂုံတင်ခြင်း

သရဏဂုံသည် “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သောစိတ်” ဖြစ်သည်။ စိတ် (နာမ်)မရှိတော့သော လူသေအလောင်းကို သရဏဂုံတင်ပေး၍မရပါ။ သို့သော် လူသေအလောင်းကို သရဏဂုံတင်သည်ဟု အချို့ထင်မှတ်ခြင်းသည် မျက်မြင်ကြည့်၍ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူသည့် သဘောဖြစ်၏။ အမှန်မှာ ကျန်ရစ်သူဆွေမျိုးများက သရဏဂုံဆောက်တည်၍ ဒါန၊ သီလ အစရှိသောကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ကွယ်လွန်သူ၏ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ အမျှဝေခြင်း၊ ကုသိုလ်ပေးဝေခြင်းသာဖြစ်သည်။

ရက်လည်ဆွမ်းသွတ်ခြင်း

သေဆုံး၍(၇)ရက်မြောက်တွင် ပြုလုပ်သည့် ဆွမ်းကျွေးလှူဒါန်းမှုကို သပိတ်သွတ်ခြင်း၊ ရက်လည်ဆွမ်းကျွေးခြင်း၊ ရက်လည်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းကို အချို့သူတို့သည် သေဆုံးသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်း သူရောက်ရှိမည့်နေရာသို့ မရောက်သေးဘဲ ထို ၀ိညာဉ်ကျွတ်လွတ်စေရန် အမှတ်ဖြင့် ပြုလုပ်ကြသည်။ အမှန်တွင် အကယ်၍ သေသူသည် ပြိတ္တာဘ၀တွင်၊ ရုပ်၊ စိတ်နာမ် အသစ်ဖြစ်ပြီး ဘ၀သစ်များရနေပါက သေသူကိုရည်စူး၍၊ ပြုလုပ်သော ဆွမ်းသွတ်ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်ပြီး၊ စည်းစိမ်ချမ်းသာများ ရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွမ်းသွတ်ကြရပါသည်။

ဤသို့ ကုသိုလ်အမှုများပြုလုပ် အမျှဝေခြင်းကို ရက်လည်အောင် ဆိုင်းငံ့မနေဘဲ၊ သေဆုံးသည့်နေ့မှစ၍ နေ့စဉ်၊ တတ်အားသရွေ့ ကုသိုလ်အမှုများပြု၍ အမျှဝေနိုင်လျှင် အလွန်ကောင်းပါသည်။ ထိုသို့လှူဒါန်းရာ၌ ဆွမ်းသာမက၊ သင်္ကန်း၊ ရေ စသည်တို့ပါဝင်လျှင် ကောင်းပါသည်။

အမျှဝေခြင်း

ကွယ်လွန်သူဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းအမျှဝေရာ၌ သေသူသည် ငရဲကျရောက်သော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ဖြစ်ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း၊ ဤလှူဒါန်းသော ကုသိုလ်ကို ထိုသူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း ထိုသူတို့တွင် အကျိုးထူး မရကြပါ။ သို့သော် လှူဒါန်းသူဆွေမျိုးများ၏ ဒါနကုသိုလ် ဖြစ်ကြပါသည်။

ကွယ်လွန်သူသည် မိမိအိမ်ရွာ၊ မြို့အနီးအပါး၊ အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ တစ္ဆေ၊ သရဲ)ဖြစ်နေလျှင်၊ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း၊ သင်္ကန်းစသည်တို့ကို လှူဒါန်း၍ ဤအလှူသည် သွားလေသူ (အမိ၊ အဖ၊ ဆွေမျိုး)အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ထိုကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ပါ၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါ အမျှဝေပါ၏ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင် ကြားသိလျှင် သာဓုခေါ်လျှင် အစားအသောက်၊ အ၀တ်အထည်၊ သောက်သုံးရေတို့ကို နတ်သမီး၊ နတ်သားများကဲ့သို့ ရနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်၊ မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြပေ။ သို့ရာတွင် ထိုကုသိုလ်တို့ကို အလွန်ဝေးသော ရှေးရှေးဘ၀က ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် ရခွင့်ရှိပါသည်။

ဆွေမျိုးများကို ရည်မှန်း၍ လှူဒါန်းအမျှဝေကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျှက် သီလရှိသူအား လှူဒါန်း၍ အမျှဝေပေးမှသာလျှင် အကျိုးများပါသည်။ ဘုရားရှင်လက်ထက်တော်တွင် အဇာတသတ်မင်းတွေ့ရှိသော ပြိတ္တာသည် သမီးဖြစ်သူက ရည်မှန်း၍ ကုသိုလ်ပြု အမျှဝေသော်လည်း သီလမရှိသူအား လှူဒါန်းသောကြောင့် “ဒုသီလကြီး စားသွားသည်၊ မိမိမရပါ၊ သီလရှိသူအား လှူဒါန်းပေးပါ”ဟု ပြောကြားသဖြင့် အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီး ရည်ညွှန်းအမျှဝေပေးသည့် အခါမှ ရရှိပြီး လွန်စွာပြည့်စုံသည့် နတ်ဖြစ်သွားပါသည်။ ထို့ကြောင့် သီလရှိသူကို ရွေးချယ်လှူဒါန်းရန် လွန်စွာအရေးကြီးပါသည်။ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရမည်ကို အားနာလျှင်လည်းကောင်း၊ “သံဃာ”အားရည်မှန်း၍ လှူဒါန်းပါသည်ဟု ရည်ရွယ်လှူဒါန်း အမျှဝေသင့်ပါသည်။ ရဟန်းတစ်ပါးပင်ဖြစ်သော်လည်း “သံဃာအားလှူပါ၏”ဟု သံဃာကို ရည်စူး၍ လှူလျှင် သံဃိကဒါန ဖြစ်နိုင်ပါသည်။

ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဆွေမျိုးမိဘစသည်တို့ သေဆုံးသောအခါ အလှူဒါနစသော ကောင်းမှုကုသိုလ်များပြုလုပ်၍ အမျှဝေခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမည်။ သားသမီးကျင့်ဝတ်ငါးပါးတွင် “လှူမျှဝေ၍”ဟူသော ၀တ္တရားတစ်ပါးပါရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံးလျှင် ထိုသူ၏ လားရာဂတိကို အတိအကျပြော၍ မရပေ။ မှန်းဆရုံသာ မှန်းဆနိုင်ပါသည်။ ချစ်ကြည်ညိုသောစိတ်ဖြင့် ပြိတ္တာဖြစ်နေသည်ဆိုသည်ကို လက်မခံချင်၊ လက်မခံနိုင်သော်လည်း၊ အကယ်၍ဖြစ်နေပါက ရည်မှန်းလှူဒါန်း၍ အမျှမဝေမိပါလျှင် ထိုသူတို့လွန်စွာ နစ်နာလေမည်။ သာသနာပိုင် ဆရာတော်ဘုန်းကြီးများ၊ ကျောင်းဒကာ ကျောင်းအမများ ကွယ်လွန်၍ တစ္ဆေဖြစ်သည့် သာဓကများရှိခဲ့သည်ကို သတိပြုကြရပါမည်။ သေဆုံးခါနီးစွဲလမ်းမှု ရှေးဘ၀မှ အကုသိုလ်များ၊ ငယ်ရွယ်စဉ်အခါက မသိမိုက်မဲမှုကြောင့် ပြုခဲ့သော အကုသိုလ်များလည်း ရှိခဲ့တတ်ကြသောကြောင့်ဖြစ်၏။

ငရဲမှစ၍ အားလုံးသောဘုံတို့တွင် သက်ဆိုင်ရာ အစားအစာ အာဟာရများရှိကြ သုံးဆောင်နိုင်ကြ၏။ ပြိတ္တာတို့သည် လူတို့ကကောင်းမှုပြု၍ လှူဒါန်းအမျှဝေပေးမှသာလျှင် စားသုံးရကြပါသည်။ ပြိတ္တာတို့တွင် (အထူးသဖြင့် ဝေမာနိက ပြိတ္တာတို့တွင်) နတ်၏နား၊ နတ်၏မျက်စေ့၊ နတ်၏၀ိညာဉ်တို့ကဲ့သို့ကြားနိုင်၊ မြင်နိုင်၊ သိနိုင်ကြသည်ဖြစ်၍ ရည်စူးသော အလှူဒါနကုသိုလ်များကို သာဓု ခေါ်နိုင်ကြပါသည်။

အကယ်၍ ပြိတ္တာဖြစ်သွားသူသည် အ၀တ်အထည်မရှိ၊ ရေတစ်ပေါက်၊ အစားတစ်လုပ်မျှ မစားရဘဲနေရလျှင် မိမိလှူဒါန်းအမျှဝေသည်ကို ရလိုက်ပါက စားရ သောက်ရ ၀တ်ရ ချမ်းသာရမည်ဖြစ်၍ လွန်စွာအကျိုးများပါမည်။ ထိုသေဆုံးသူ အမျှမရနိုင်သော ဘ၀တွင်ရောက်ရှိနေပါကလည်း ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများရနိုင်ပါသဖြင့်၊ ထိုပြိတ္တာများ၏ စည်းစိမ်ချမ်းသာကိုဖြစ်စေပါသည်။ ဘ၀သံသရာသည် ရှည်လျားလှသောကြောင့် မိမိ၌ဆွေမျိုးဟောင်း ပြိတ္တာများမရှိဟုမထင်ထားအပ်ပါ။ အမျှဝေသည်ကိုငံ့လင့်နေသော မိမိ၏ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများလည်းရှိနေနိုင်ပါသည်။

ကျမ်းဂန်အရ ဗိမ္ဗိသာရမင်းကြီးတွင် ရှေးမှ ဆွေမျိုးပြိတ္တာပေါင်းများစွာရှိခဲ့၏။ မင်းကြီးအား လှူဒါန်းအမျှဝေရန် သတိပေးကြ၍ ထိုပြိတ္တာတို့အား ရည်ညွှန်း၍ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးစွာသောဒါနကိုပြု၏။ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဤအလှူသည် ငါ၏ ဆွေမျိုးဟောင်းပြိတ္တာတို့အား ရစေသတည်း”ဟု ရည်ညွှန်းသည့်ခဏတွင် ပြိတ္တာတို့အား ကြာပန်းတို့ဖြင့်ကောင်းစွာ ဖုံးလွှမ်းသောရေကန်တို့ဖြစ်ပေါ်၍ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၊ ရေသောက်ရ၏။ ၎င်းတို့ ပူလောင်ခြင်း၊ ပင်ပန်းခြင်း၊ မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူသည့်ခဏ၌ နတ်၌ဖြစ်သော ယာဂုခဲဘွယ်ဘောဇဉ်တို့ဖြစ်ကုန်၏။ အ၀တ်ပုဆိုး၊ အိပ်ရာနေရာတို့ကိုပေးလှူ၍ ရည်ညွှန်းပြန်လျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုးပြာသာဒ် အခင်းအရုံ၊ အိပ်ယာစသော တန်ဆာတို့ဖြစ်ကုန်၏။ ဘုရားရှင်သည် ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကို မင်းကြီးမြင်အောင်ပြတော်မူ၍ မင်းကြီးသည် ထိုသည်တို့ကို မြင်ရသဖြင့် လွန်စွာဝမ်းမြောက်တော်မူ၏။

အကယ်၍ မိမိလှူဒါန်းမျှဝေမှုသည် ဆွေမျိုးမတော်သော ပြိတ္တာများ ရရှိပါကလည်း ထိုသူများ၏ ချမ်းသာမှုကို ဖြစ်စေသောကြောင့် ဆင်းရဲငတ်မွတ် ဒုက္ခရောက်နေသူများအား ကယ်တင်ရာရောက်ပါသည်။

အမျှဝေရာ၌ ကြားကြားသမျှ သတ္တ၀ါအားလုံးတို့အား အမျှပေးဝေပါသောကြောင့် တရားနာပရိတ်သတ်နှင့်တကွ ကြားသိ သာဓုခေါ်သောသူတိုင်း ပတ္တာနုမောဒနာကုသိုလ်ရကြပါသည်။ အကယ်၍ ကွယ်လွန်သူသည် နတ်ဖြစ်၍ ကြားနိုင်၊ သိနိုင်လျှင် ပတ္တာနုမောဒနာ ကုသိုလ်ကိုရပါမည်။ ထိုကုသိုလ်သည် ပြိတ္တာများကဲ့သို့ စည်းစိမ်ချမ်းသာ ချက်ချင်း မဖြစ်သော်လည်း ပထမဇောကုသိုလ်ကြောင့် ရရှိထားပြီးသော နတ်စည်းစိမ်ကို အထောက်အပံ့ဖြစ်စေပါမည်။ အခြားကုသိုလ်ဇောများကလည်း နောက်နောင်ဘ၀များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါမည်။

မည်သူ့ထံမျှ မရောက်ပါကလည်း အလှူရှင်များ၏ ကောင်းမှုကုသိုလ်သာ ဖြစ်သောကြောင့် အလှူရှင်များအဖို့ အကုသိုလ်များရှိမိ၍ နောက်နောင်၌ တိရစ္ဆာန်ဘ၀သို့ ရောက်ရလျှင်ပင် တိရစ္ဆာန်ဘ၀တွင် မွန်မြတ်သော အစားအသောက်၊ အသုံးအဆောင်တို့ကို ရနိုင်သည်။ လူ၊ နတ်ဖြစ်လျှင် ထူးသော လူနတ်စည်းစိမ်ချမ်းသာကို ခံစားရပါမည်ဖြစ်၍ ကွယ်လွန်သူတို့အား ရည်မှန်းလှူဒါန်းသော ကုသိုလ်သည် အကျိုးမဲ့ မဖြစ်ပါ။ ထိုအလှူကို လှူရန် အလွန်ပင်သင့်တော်သည်ဟု ဇာဏုေဿာဏိသုတ်၌ မြတ်စွာဘုရား မြွက်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ အကျိုး၊ ဆွေမျိုးတို့၏အကျိုး၊ အများအကျိုး၊ မိမိအကျိုးအတွက် လူတစ်ဦးတစ်ယောက်သေဆုံးလျှင် လှူဒါန်းအမျှဝေမှုကိုပြုလုပ် ဆောင်ရွက်ရပေမည်။ အခါအားလျော်စွာလည်း လှူဒါန်း အမျှဝေမှုကို ပြုလုပ်ဆောင်ရွက်ရပေမည်။ ကုသိုလ်အမှု ပြုတိုင်းလည်း ရည်မှန်းအမျှဝေကြရပေမည်။

နိဂုံး

လူတစ်ဦးတစ်ယောက်သည် နေရမည့် အသက်၊ သေဆုံးရမည့်ရောဂါ၊ သေရမည့်အချိန်၊ အလောင်းခန္ဓာစွန့်ပစ်ရာနေရာ၊ လားရောက်ရမည့်ဂတိ၊ ဤငါးမျိုးကို ကြို၍ မသိနိုင်ကြပါဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ကောင်းသောဂတိရောက်ရန်အတွက် မကျန်းမာခြင်းကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း၊ ဖြည်းဖြည်းသက်သာ သေရတော့မည့်သူများအားသာ တစ်ပါးသူတို့က အာရုံကောင်းထင်ရန် ၀ိုင်းဝန်းပြုပြင်ပေးနိုင်ကြပါသည်။ မိမိသည် ထိုအခွင့်အရေးရမည်ဟု မပြောနိုင်ပါ။ အကြောင်းအမျိုးမျိုးတို့ကြောင့် အချိန်အခါမရွေး၊ နေရာမရွေး၊ သေဆုံးနိုင်ပါသည်။ သေဆုံးပြီးနောက်လည်း မိမိတို့အတွက် ရည်စူးလှူဒါန်းမှုများကို မိမိတို့ရရှိရန် ဖြစ်နိုင်ခြေအလွန် နည်းပါးပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် သေခြင်းကောင်းသောဘ၀၊ လားကောင်းသော ဂတိ တို့ကိုရရန် ဘ၀တစ်လျောက်လုံး ကောင်းအောင် ပြုပြင်ပျိုးထောင်ထားရမည်။ ထို့ကြောင့် မသေမီတွင်ပင် ဒါန၊ သီလ၊ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ တတ်နိုင်သမျှ ဆည်းပူးထားခြင်း၊ စိတ်ကောင်းထား၍ အာရုံကောင်းရရန်အတွက် ဘုရားဂုဏ်တော် တစ်ပါးပါးကိုလည်းကောင်း၊ နမောတဿ စသည်ကိုလည်းကောင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်တို့ကိုလည်းကောင်း၊ မိမိနှစ်သက်ရာ တရားတော်တစ်ခုခုကို အမြဲတစေ အာရုံပြုမိရန် လေ့ကျင့်ထားရပါမည်။

ဗုဒ္ဓ၏ တရားတော်အရ ကောင်းမြတ်သော ဘုံဘ၀နှင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်အတွက် ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ လမ်းသုံးသွယ် ရှိပါသည်။ ကံလမ်းသည် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်များဖြစ်သည်။ ဤကုသိုလ်ကံများသည် လူ့ပြည်နှင့် နတ်ပြည်(၆)ထပ်သို့ ရောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။ ဈာန်လမ်းသည် သမထဘာဝနာကို ဈာန်သမာဓိရသည်အထိ ပွားများအားထုတ်ခြင်းဖြစ်သည်။ ယင်းကုသိုလ်တို့သည် ဗြဟ္မာဘုံ (၂၀)သို့ ရောက်စေပါသည်။ ဤလမ်းနှစ်မျိုးလုံးသည် ကောင်းမှုအရှိန်ကုန်သောအခါ အပါယ်လေးပါးသို့ ပြန်၍ ကျရောက်နိုင်ပါသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။ (၃၁)ဘုံတွင် အဖန်ဖန် အထပ်ထပ်ပြန်၍ ကျင်လည်ကြရပါသည်။ ဤကံလမ်းနှင့် ဈာန်လမ်းတို့သည် သာသနာပအခါတွင်လည်း ကျင့်ကြံနိုင်ကြသော အကျင့်ကောင်းများ ဖြစ်ပါသည်။

ဉာဏ်လမ်းသည် ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်းဖြစ်သည်။ ၀ိပဿနာဉာဏ်စဉ် အဆင့်ဆင့် ရင့်ကျက်လာသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ အပါယ်တံခါးပိတ်သည့် သောတာပန်အဖြစ်မှ ရဟန္တာအထိဖြစ်နိုင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ သောတာပန်ဖြစ်ပါက အလွန်ဆုံး(၇)ဘ၀သာ သံသရာ၌ ကျင်လည်ရပါမည်။ ရဟန္တာဖြစ်ပါက လောကသံသရာမှ အပြီးတိုင် လွတ်မြောက်သွားပါမည်။ ဤ ၀ိပဿနာအကျင့်ကောင်း ဉာဏ်လမ်းသည် သာသနာထွန်းရာအရပ် သာသနာထွန်းရာ ကာလတွင်သာ ကျင့်ကြံနိုင်ကြပါသည်။

ဤလမ်းသုံးသွယ်ကို ကျင့်ကြံနိုင်ရန် လူ့ဘ၀တွင်သာလျှင် အခွင့်အလမ်း များပြားပါသည်။ ဘ၀အမျိုးမျိုးတို့တွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး၊ ကုသိုလ်ကောင်းမှု အပြုနိုင်ဆုံး နေရာဖြစ်သည်။ နတ်ဘုံ၊ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ်၊ ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသောကြောင့် ဒါန၊ သီလ ကုသိုလ်ကောင်းမှုတို့ ပြုခွင့်ကိုရရှိရန် မလွယ်ကူပေ။ သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံနိုင်ခွင့်လည်း နည်းပါးပါသည်။ လူ့ဘုံသည်၊ နတ်ဘုံကဲ့သို့ ချမ်းသာအတိ ခံစားရသည်လည်းမဟုတ်။ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်လည်းမဟုတ်ပေ။ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲမှုများပြားလှသည် မဟုတ်ပေ။ ချမ်းသာမှုများပြားသော ဘုံဖြစ်သည်။ ချမ်းသာမှုကို မှီ၍ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နိုင်ကြပေသည်။ ဆင်းရဲ ဒုက္ခနှင့် မကင်းသောကြောင့် ထိုဆင်းရဲကိုမှီ၍ပင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ယုံကြည်မှု သဒ္ဓါတရားဖြစ်ပွားရသည်။ ထိုဆင်းရဲတို့ကပင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် အထောက်အကူပြုပါသည်။

ထို့ကြောင့် လူ့ဘုံလူ့လောကသည် နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိနိုင်သောနေရာဖြစ်သည်။ နတ်တို့၏ ချမ်းသာ စည်းစိမ်တန်ခိုးတေဇာတို့သည် များသောအားဖြင့် လူ့ပြည်လူ့လောကမှ ကုသိုလ်များပင်ဖြစ်သည်။ ထိုစည်းစိမ်တို့ကို နတ်ပြည်မှ ဖန်တီး၍မရပေ။ ရှိပြီးစည်းစိမ် တန်ခိုးမျှကိုပင် တိုးပွားသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှာ မလွယ်ကူပေ။ လူ့ဘုံလူ့လောကသည်သာ နတ်ပြည်၊ ဗြဟ္မာပြည်၏ စည်းစိမ်ချမ်းသာကိုရစေသသော ကုသိုလ်များ၊ နေ့ညမရွေး လုပ်ဆောင်နိုင်၍ မိမိတို့၏ ကုသိုလ်အားလျော်စွာ နတ်ပြည်၊ ဗြဟ္မာပြည်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြပါသည်။ ယခုအချိန်သည် သာသနာတွင်းအခါဖြစ်၍ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရရှိနိုင်ရန် ၀ိပဿနာတရားများလည်း ပွားများအားထုတ်နိုင်ကြပါသည်။ ယခုတစ်ဘ၀၊ ဂတိကောင်းရန်အတွက်သာ မဟုတ်ဘဲ၊ တစ်သံသရာလုံး ဘ၀ကောင်းရန်အတွက်၊ သံသရာမှ လွတ်မြောက်ရန်တို့အတွက် ရည်မှန်း၍ မိမိအလိုရှိရာအတိုင်း ကုသိုလ်တရားများကို ပွားများအားထုတ်၍ “သေခြင်းကောင်းသောဘ၀၊ လားရာကောင်းသော ဂတိ”ကို ရရှိနိုင်ကြပါစေ။ စာရေးသူသည်လည်း သေခြင်းကောင်းသောဘ၀၊ လားရားကောင်းသော ဂတိ ကို ရနိုင်ပြီး သံသရာမှ အမြန်လွတ်မြောက်ရပါလို၏ဟု ဆန္ဒပြုကာ ဤစာအုပ်အား နိဂုံးချုပ်အပ်ပါသည်။

ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ)

Shared from Ko Kyaw San (FB)

သံသရာဝဋ်ကြွေးဆိုတာ



သူ့ကြွေးရှိက ဆပ်ရတဲ့ အကြောင်းကတော့.....

၁။ မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။

စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက

တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။

အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ

လဲလျောင်းပြီးခတ်ရပါမယ် ၊နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမယ့် စက္ခုပါလ

မထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ်

တော်မူခဲ့ပါတယ်။

ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့

ဆေးဆရာကလည်းနောက်ဆုတ်သွားခဲ့ပါတယ်။

အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့

သံသရာတစ်ကွေ့မှာ စက္ခုပါလမထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။

အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး

တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့

ပြောပြီး ဆေးကုသခံသတဲ့။

သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။

သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။

အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့

လိမ်ပြောပါသတဲ့။

ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့လို့ဆိုပြီး နောက်တစ်ခေါက်အလာမှာ

ဆေးပြောင်း

ပေးမယ်လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကို

ကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။

လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ။

အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘဝ

ရိုရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။

ဝဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့

တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်း

တာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ်

လိုက်တာကောင်းပါတယ်။

၂။ နောက်တစ်ခု သတိရမိတာကတော့...မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နုကို သေဒဏ်ချ

လိုက်ပြီး....သတ်တော့မှာ သေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။

အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းက

လည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကိုတက်သွားပါတယ်။

ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့

လျှောက်ထားရင်း ထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။

အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ "မိနု သူ့ကြွေးရှိက

ဆပ်ရလိမ့်မယ်” ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။

မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါနားလည်ပါပြီဘုရားလို့လျှောက်ထားပြီး

နောက်တစ်ကြိမ် ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။

ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နား

လည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း

နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......

“သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်... သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်...”

တရားအသိဥာဏ်များ တိုးပွါးနိုင်ကြပါစေ

Shared from Ma Moenge Aung (FB)

နေ၀င်ချိန်....

နှလုံးခုန်သံတွေ ကြားရတာ

သေမင်းဆီ ဦးတည်ခုတ်မောင်းသွားနေတဲ.

ရထားတစ်စီးရဲ. ဘီးကြိတ်သံတွေလိုပဲ

နေ.တွေရက်တွေ ကုန်လာတာများတော.

နေ၀င်ချိန်တွေကို ပိုသတိပြုမိလာတယ်

အသုဘဖိတ်စာထဲက

တနေကွယ် သေနယ်သို.တစ်ခါကူး

မေ.လျော.က မသေဘူးမထင်နဲ.

နေကွယ်တာ အကြိမ်များရင်ဖြင်.

သေနယ်ရွာ တခါသွားရမယ်

တားမရဘူး …ဆိုတဲ.

စာသားလေးဖတ်မိလိုက်တဲ.အခါ

ငါရှင်သန်နေတဲ. လောကကြီးဟာ

ခေတ္တ ရပ်တန်.သွားရတယ်။ ။


(Dhamma Rakhita)

Shared from Dhamma Rakhita (FB)

Interview with Miss Myanmar, Nang Khin Zayar



"ညီမကိုလာနှုတ်ဆက်တဲ့သူတွေကလည်းသံအမတ်တွေကလည်း မြန်မာနိုင်ငံကိုသူတို့သိကြတာကဒေါ် အောင်ဆန်းစုကြည်ကြောင့်သိခဲ့ရတာ။ ဂုဏ်ပြုစကားတွေလာပြောကြတယ်။ နောက် The Lady ဆိုပြီးတော့ မြန်မာလို့သိတာနဲ့ ရင်တထိတ်ထိတ်နဲ့ အရမ်းကို ဂုဏ်ယူတဲ့ပုံစံပေါ့နော် အဲလိုတွေ့ခဲ့ရပါတယ်။” (Nang Khin Zay Yar)
..............................................................
ဆု ၂ ခု ရရှိခဲ့တဲ့ မြန်မာအလှမယ်နှင့် မေးမြန်းချက်
Monday, 22 October 2012

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်တဲ့ နန်းခင်ဇေယျာက People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ဆွတ်ခူးသွားပါတယ်။

Miss International 2012 သရဖူကိုတော့ အိမ်ရှင် ဂျပန်နိုင်ငံက ရရှိသွား
ပါတယ်။ Miss International အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံက နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

အလှမယ် ၆၉ ဦးထဲက ၁၅ ဦးကို ဒိုင်လူကြီးတွေက ဆန်ခါတင်ရွေးချယ်
ရာမှာ နန်းခင်ဇေယျာက မပါခဲ့ပေမယ့် သူ့အနေနဲ့ စိတ်ဓာတ်မကျသလို
ဆု ၂ ခုရရှိထားတဲ့အတွက်လည်း အရမ်းကိုဝမ်းသာတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ဒါ ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်တာဖြစ်ပြီး သူ့အနေနဲ့ နိုင်ငံတကာကို မြန်မာ့ယဉ်ကျေးမှုလေး
ပြခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။ နန်းခင်ဇေယျာရဲ့
ပြိုင်ပွဲအတွင်း အတွေ့အကြုံ တချို့ကို မေးမြန်းထားပါတယ်။

Miss Internet ဆုရသွားတဲ့အပေါ် ဘယ်လိုခံစားရပါလဲ။

“ဆုရသွားတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။ မြန်မာတနိုင်ငံလုံးက ညီမကို vote (ဆန္ဒမဲ) လုပ်ပေးတယ်။ ဒါကြောင့် ဒီဆုရတာပေါ့နော်။ ဆုရတဲ့အတွက်လည်း တခြားနိုင်ငံတွေက မြန်မာဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုဝတ်စားဆင်ယင်ပုံလဲဆိုတာ သိသွားကြတယ်။ နောက် ညီမကိုပြောကြတာ မြန်မာဆိုတာ အခုမှမြင်ဖူးတယ်လို့ ပြောတဲ့လူလည်း ရှိပါတယ်။ အရမ်းလည်း ပျော်ပါတယ်။ ညီမကို အားပေးတဲ့ vote လုပ်ပေးတဲ့အတွက်ပါ။”

Miss International ပထမဆုံး ၀င်ပြိုင်တဲ့အပေါ် အတွေ့အကြုံလေးပြောပြပေးပါ။

“အတွေ့အကြုံက ဒါဟာ ညီမရဲ့ ပထမဆုံးဝင်ပြိုင်တဲ့ပွဲလည်းဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ပွဲ organization နဲ့ ဒီကပွဲ organization ဒီပွဲကလည်း အရမ်းကြီးတယ်။ Miss International Beauty Pageant 2012 ပြီးရင် Miss World၊ ပြီးရင် Miss Universe ဆိုတော့ တတိယအဆင့်မှာရှိတဲ့ပွဲပေါ့နော်။ အရမ်းကောင်းတဲ့ပွဲပါ။ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ဖို့ညီမကို စကမ်းလှမ်းတော့ ပထမတော့ ချီတုံချတုံဖြစ်တယ်၊ ပြိုင်ရင်ကောင်းမလား မပြိုင်ရင်ကောင်း
မလားဆိုပြီးတော့လေ။ အဆင့်သင့်လည်းမဖြစ်ဘူး၊ သူတို့ဖိတ်ခေါ်တာကလည်း ၁၀ ရက်၊ ၁၅ ရက် နီးမှဖိတ်ခေါ်တော့ ညီမမှာလည်း ပြင်ဆင်ချိန် အရမ်းနည်းခဲ့တယ်။ ဒီရောက်တော့လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကလူတွေက ကိုယ့်ကို အားပေးတော့ အားဆေးတခွက်ဖြစ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ကိုယ့်ကို ဘယ်လိုအားနည်းချက်ရှိတယ်လို့ ထင်ပါလဲ။

“အဓိကက swim suit မှာပေါ့နော်။ swim suit နဲ့ ဓာတ်ပုံလည်း အရိုက်
မခံဖူးဘူး။ swim suit နဲ့ လူရှေ့သူရှေ့မထွက်ဖူးဘူးပေါ့နော်။ swim suit ပထမဆုံး ဓာတ်ပုံရိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံက တုံ့ပြန်လာတဲ့ တုံ့ပြန်မှုက ညီမအတွက် အရမ်းကို ထိတ်လန့်စရာဖြစ်ခဲ့တယ်။ ကိုယ်ပဲ မဟုတ်တာလုပ်လိုက်မိပြီလားပေါ့။ ဒါပေမယ့် နိုင်ငံကိုယ်စားပြုသွားပြိုင်ရတာလေ။ ညီမတယောက်ပဲ ၀တ်ရတာမဟုတ်ပါဘူး။ နိုင်ငံပေါင်း ၆၉ နိုင်ငံကလူတွေလည်း ၀တ်ရတာဆိုတော့ ညီမလည်း ၀တ်ရတာပေါ့နော်။ ညီမက ကိုယ့်ကို
ကိုယ် ယုံကြည်မှုမရှိဘူး။ ငါ ဒါဝတ်ရင် မြန်မာနိုင်ငံကလူတွေများ ပြောကြ
မလားပေါ့နော်။ အဲလိုမျိုး စိတ်ရှိတယ်။ ဒါကြောင့် swim suit နဲ့ အားမရ
ခဲ့ပါဘူး။”

အားသာချက်ကရော။

“အားသာချက်က စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့ ၀တ်စုံတွေကို ၀တ်ပြနိုင်
ခဲ့တယ်။ မြန်မာဆိုတာဘာလဲ၊ မြန်မာ့ဝတ်စားဆင်ယင်မှုတွေနဲ့ မြန်မာနိုင်ငံ ဘယ်မှာရှိလဲဆိုတာ စင်မြင့်ပေါ်မှာ ပြခဲ့ရတယ်။ ပွဲပြီးတဲ့အခါမှာ ညီမကို လာနှုတ်ဆက်တဲ့သူတွေကလည်း သံအမတ်တွေကလည်း မြန်မာနိုင်ငံကိုသူတို့သိကြတာကဒေါ် အောင်ဆန်းစုကြည်ကြောင့်သိခဲ့ရတာ။ ဂုဏ်ပြုစကားတွေလာပြောကြတယ်။ နောက် The Lady ဆိုပြီးတော့ မြန်မာလို့သိတာနဲ့ ရင်တထိတ်ထိတ်နဲ့ အရမ်းကို ဂုဏ်ယူတဲ့ပုံစံပေါ့နော် အဲလိုတွေ့ခဲ့ရပါတယ်။”

နောက်ဆုံး ဆန်ကာတင် ၁၅ ဦးထဲ မပါတော့ ဘယ်လိုခံစားရလဲ။

“ဆန်ကာတင် ၁၅ ဦးထဲ မပါပေမယ့် ညီမ စိတ်ဓာတ်မကျခဲ့ဘူး။ ဘာလို့လဲ
ဆိုတော့ ညီမက ဆုကို ၂ ဆု ရခဲ့ပါတယ်။ People Choice Award ဆုနဲ့ Miss Internet ဆု ၂ ဆုကို ရခဲ့ပါတယ်။ ညီမ အရမ်းကြီးလည်း မမျှော်လင့်
ထားဘူး။ ငါ အကောင်းဆုံး လုပ်ပြနိုင်တယ်၊ ငါ အကောင်းဆုံး ကြိုးစားနေ
တယ်၊ ပရိသတ်ဘက်ကလည်း ညီမကို အရမ်းအားပေးတယ်ပေါ့နော်။ ဘာဆုမှ မရရင်တောင်မှ မြန်မာနိုင်ငံကို အကောင်းဆုံးပြနိုင်ပါလားဆိုတဲ့ စိတ်နဲ့ ညီမ ပြိုင်ခဲ့ပါတယ်။ ဆန်ကာတင် ၁၅ ဦးထဲ မ၀င်လည်း စိတ်မပူပါဘူး။”

ဒီပြိုင်ပွဲမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ ၀တ်စားရတဲ့အပေါ်မှာ အသိုင်း
အ၀န်းတွေက ဘယ်လိုတုံ့ပြန်မှုတွေ ရှိခဲ့လဲ။

“လူတွေကတော့ အကောင်းမြင်တဲ့သူ ရှိသလို၊ အဆိုးမြင်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီစကားကို သွားပြောရင် တခြားနိုင်ငံက မြန်မာနိုင်ငံကို ရှုတ်ချကြလိမ့်မယ်၊ အဲလိုမျိုး ဘာဖြစ်လို့လဲ ဘာညာပေါ့ အခန်းဖော်ကိုတောင် ပြောဖြစ်သေးတယ်၊ ငါတို့နိုင်ငံမှာ swim suit မ၀တ်ဖူးဆိုတော့ သူတို့တောင် အံ့ဩနေကြတယ်။”

လာမယ့် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်
သူတွေကို ညီမအနေနဲ့ ဘယ်လို အကြံပေးတိုက်တွန်းချင်လဲ။

“ဒီဟာက ပထမဦးဆုံး လှမ်းခဲ့တဲ့ခြေလှမ်းပေါ့နော်။ ညီမမှာလည်း အားနည်း
ချက်တွေ အရမ်းကို ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအားနည်းချက်ရှိခဲ့တာကို စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး နောက်ဆုံးအထိကို ကြိုးစားယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒါကြောင့် နောက်ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ပြိုင်ပါ၊မြန်မာဆိုတာ ကမ္ဘာက သိနေပါပြီလို့ ပြောချင်ပါတယ်။”

ညီမအနေနဲ့ ဘာများပြောချင်တာ ရှိဦးမလဲ။

“အရမ်းကို ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အင်တာနက်တွေ
နှေးနေတဲ့အချိန်မှာ ညီမကို vote (ဆန္ဒမဲ) ပေးတဲ့သူတွေ အရမ်းကြီးကို များတဲ့အတွက် တခြားနိုင်ငံတွေလို အင်တာနက်ကွန်နက်ရှင်မြန်တဲ့ နိုင်ငံတွေနဲ့ယှဉ်ရင် ကျမတို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေလည်း သိတယ်
ဆိုတဲ့အတွက် ညီမ ၀မ်းသာပီတိ ဖြစ်မိပါတယ်။

News from DVB
Photo shared from Nan Khin Zay Yar
Shared from Richelle Ko (FB)

Thursday, October 18, 2012

အရူးမ၏ကိုယ်ဝန်




ကျနော်တို့ ရပ်ကွက်က လူလတ်တန်းစားရပ်ကွက်လေးတစ်ခုပါ။

လူတန်းစား လည်း စုံတယ်ဗျ။ ဆိုက်ကားသမား၊ရုံးဝန်ထမ်း၊ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ၊ကျဘန်းလုပ်သား။TAXI မောင်းသူစသဖြင့်ပေါ့။


အဲ....ဒါနဲ့ လွန်ခဲ့တဲ့ ၂နှစ်လောက်ခန့် က ရုပ်ရည်သနားကမားနဲ့ အရူးမတစ်ယောက် ရောက်လာတယ်ဗျ။

ပထမ တော့ ဆိုးမယ်ထင်တာ။ဒါပေမဲ့ရင်ရင်လေးပါဗျာ။ရေကူဆွဲပေးတယ်။အထုပ်အပိုးပါရင်ကူသယ်ပေးတယ်။

ရပ်ကွက်ကလူတွေကလည်း သနားတာနဲ့ တွေ့သူက ကျွှေးကြပါတယ်။

အဲ ...အိမ်တော့ခေါ်မထားနိုင်ဖူးပေါ့ဗျာ။အိပ်တော့လား ဆိုက်ကားဂိတ်တခုမှာ အိပ်တယ်ဗျ။အဲဒီဂိတ်က ညပိုင်းဆို Taxi တွေလဲ ရပ်ထားတတ်တယ်။

မီးတိုင်ကလည်းမာကျူရီမီးတိုင်ဆိုတော့......ထမင်းကြော်ဆိုင်တခုလည်း ည ဘက်ရောင်းတယ်ဗျ။

ဘောပွဲရှိတဲ့ ညဆို ရောင်းကောင်းတာများ.....ပြောနေဖို့တောင်မလိုဖူးလေ။ပြောချင်တာက လူပြတ်တယ်ဆိုတာမရှိသလောက်ပဲဗျ။

ဒီလိုနဲ့ တနေ့ ကြားလိုက်ရတာက အရူးမမှာဗိုက်ကြီးနေသတဲ့။ဟာာာာာာာ....ဗျာာာာ။

လူမဆန်လိုက်ကြတာဗျာ။စိတ်မနှံ့သူကိုမှ ကြံရတယ်လို့ဗျာ။ကိုယ်ချင်းစာကြည့်ကြပါဗျာ...ဆိုးလိုက်တာ။

ဗိုက်ကလည်း တဖြည်း၂ နဲ့ လရင့်လာတယ်ဗျ။အရူးမကတော့ သူ့ဗိုက်ကိုကြည့်ပီး ငိုနေတတ်တယ်။မေးတော့လည်းမရဖူးဗျ။

ဒါနဲ့ ကျုပ်တို့လဲ စုံစမ်းတာပေါ့။ရပ်ကွက်လူကြီးတွေ၊ပါတီဝင်တွေ၊အရူးမကိုသနားသူတွေပေါ့ဗျာ။လုံးဝ တရားခံကိုမမိဖူး။

ဒီတော့ မမိမဲ့အတူတူဆဲလိုက်ကြတာ အကုန်မိုးမွှန်နေကြတာပါပဲ။

အဲ.......တရားခံက တကယ်ပိရိပီး သေသပ်တယ်ဗျ။ အတွေ့အကြုံရှိပုံလဲရတယ်ဗျ။

ဒါပေမဲ့ဗျာ......အမှန်တရားဆိုတာ ဖုန်းထားလို့မှမရတာ။တရားနတ်ဆောင့်တယ်လေ။

နောက်ဆုံးမှာတော့ တကယ့်တရားခံအမှန်က ပေါ်ရတာပါပဲ။တရားခံအမှန်က ဘယ်သူလဲဆိုတော့

ခုကွန်ပြူတာရှေ့မှာစကားတလုံးမှမပြောပဲ ဒီသတင်းကို အဆုံးထိ ဖတ် ကြည့်နေတဲ့သူ ဖြစ်နေလေရဲ့။။။။။

ဟီးဟီးဟီး။ ။ ။ ။

တိန်

ရီမောပျော်ရွှင်ပါစေ

Lon Ely ( 20-1012)

(FB)

Sunday, October 14, 2012

U Pa Ka And Ma Sar War

ဗုဒ္ဓဘာသာဂရုမှ ဂရုဟက်ကာများအပေါ် ဆွေးနွေးတင်ပြချက် ပို့စ်

ဒီပေ့ခ်ျထဲမှာအခုလိုသူတစ်ခွန်း ငါတစ်ခွန်းပြောတာတွေကိုမနေ့ကမှဖတ်သိရသည်။
အခု ကျနော်ရေးမယ့် အောက်ကစာ များကို မဖတ်ခင် စာဖတ်သူသည် သူ့ဘက်ကိုယ့်ဘက် ဘယ်သူ့ဘက်ကမှ မနေဘဲစာရွက်ဖြူအထည်အတိုင်းသဘောထားနေပေးပါ
အချင်းများသူနှစ်ဦးနှစ်ဖက်တွင် တစ်ဖက်ဖက်မှ ပါနေပါက နှစ်ဖက်စလုံးမမှန်နိုင်
Looker on ခေါ်သော ဘေးမှကြည့်သူကပိုမြင်နိုင်သည်

ကလေးငယ်တစ်ယောက်မွေးဖွားလာပြီး သူ့ကိုဘာသာစကားသင်ပါက သူကြီးပြင်းရာပတ်ဝန်းကျင်တွင်ပြောသော ဘာသာစကားကို ဦးစွာသင်ကြားမိမှာ အမှန်ပင်ဖြစ်သည်။ မိဘနှင့်အတူရှိပါက မိဘရဲ့ဘာသာစကားကို ဦးစွာသင်ယူမိမှာအမှန်ပင်။
ဘာသာလည်း ထိုနည်းလည်းကောင်းဖြစ်သည်။
ဗုဒဘာသာဝင်မိဘမှမွေးဖွားလာသောကလေးသည် ဗုဒဘာသာနှင့်နီးကပ်သောကြောင့်ဗုဒဘာသာဝင်ပင်ဖြစ်မည်။
အစ္စလမ်ဘာသာဝင်မိဘမှ မွေးဖွားလာသောကလေးသည်အစ္စလမ်ဘာနှင့်နီးကပ်သောကြောင့် အစ္စလမ်ဘာသာဝင်ပင်ဖြစ်မည်။
ဒါကိုသွားအပြစ်ဆို၍မရ

ဗုဒဘာသာမိဘမဲ့ဂေဟာလက်အောက်တွင်ရှိသော အစ္စလမ်မိဘမဲ့ကလေးများသည် ဗုဒဘာသာဝင်ပင်ဖြစ်သွားနိုင်သည်
ထို့အတူ အစ္စလမ်မိဘမဲ့ဂေဟာတွင်ရှိသော ဗုဒဘာသာကလေးများသည်လည်း အစ္စလမ်ဘာသာဝင်တစ်ဦး ဖြစ်သွားနိုင်သည်
ထို့ကြောင့် မွေးသည်နှင့် ဒီဘာသာဖြစ်ရမယ်ဟုမဆိုပါ
သူ့ပတ်ဝန်းကျင်ကသူ့ကို ပြုပြင်ထိန်းကျောင်းသွားသည်။

ထိုကလေး အရွယ်ရောက်လာလျှင် အခြားဘာသာစကားတစ်ခုခုကို သင်ကြားမည်ဆိုကြပါစို့
သူငယ်ချင်းတစ်ယောက်နှင့်အနေများပြီးသူ့ဘာသာစကားကိုသင်မိချင်သင်မိမယ်
ဒါမှမဟုတ် ဒီဘာသာစကားက လူတိုင်းလည်းပြောတယ်၊ အသုံးဝင်လိမ့်မယ်ဟု ထင်ကာသူ့စိတ် နဲ့သူ သင်ယူမိတာလည်းရှိမယ်။
ဒါပေမယ့် ထိုကလေးကို အခြားလူပုဂိုလ် တစ်ဦးက
ဟေ့ကောင် ငါ့ဘာသာစကားသင် ၊ ငါ့စကားက လူတိုင်းပြောနေတာ
လောကနိယာမ အမှန်တရားကွ၊ မင်းစကားက လူနည်းစုပဲပြောတာ၊ သမိုင်းလည်းမမှန်ဘူး သေချာလည်းမသိဘူး

ထိုသို့ဆိုလို့ရမည်ပါလော၊
အဖြေက မရပါ၊ ထိုနှစ်ဦး ရန်ထဖြစ်ရုံသာရှိသည်
ညစ်ညမ်းသောစကားများတစ်ဦးနဲ့တစ်ဦးပြောဆိုကာတိုက်ခိုက်ကြရုံမည်ဖြစ်သည်
ထို့ကြောင့် အကောင်းဆုံးက ကိုယ်လက်ခံထားသော ဘာသာစကားကိုလည်း မပယ်နဲ့
သူများဘာသာစကားကိုလည်း မထိုးနှက်နဲ့က အကောင်းဆုံးဖြစ်သည်။
တကယ်လို့စာရေးသူလည်း အစ္စလမ်ဘာသာဝင်မိဘလက်ထဲတွင်မွေးဖွားလာလျှင် အစ္စလမ်ဘာသာဝင်ဖြစ်သွားနိုင်သလို
စာဖတ်သူတွေလည်း ဗုဒ္ဒဘာသာဝင်မိဘလက်ထဲတွင်မွေးဖွားလာလျှင် ဗုဒဘာသာဝင်ဖြစ်သွားနိုင်သည်ကို သတိပြုမိကြသလား
သတ္တ၀ါအားလုံးက စပ်နွယ်နေကြသည် ၊ သစ်ပင်နှင့်သတ္တ၀ါတောင်မှ အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖလှယ်ကြသေးတာ၊ သတ္တ၀ါအချင်းချင်း ဆှိုလျှင်မပြောနဲ့တော့ ၊ ဘယ်လောက်နွယ်စပ်မှုရှိသလဲသိမြင်နိုင်သည်
စာရေးသူကတော့ လူသားအချင်းချင်းပဲဟုမြင်သည်။

(မိမိတွင် မိမိလူမျိုး မိမိဘာသာ မိမိသာသနာရှိသလို သူများတွင်လည်း သူများလူမျိုး သူများဘာသာ သူများ သာသနာရှိလေသည်) အားလုံးကိုသဘာဝပဲလို့သာ လက်ခံထားပေးလိုက်လျှင် အကောင်းဆုံးဖြစ်သည်
ရခိုင်တွင်စတင်ဖြစ်ပွားသောကိစ္စမှာ ဘာသာရေးမဟုတ် ဥပဒေရေးရာသာဖြစ်သည်။ နောက်ပိုင်းမှာ လူမျိုးချစ်စိတ်၊ သာသနာချစ်စိတ်နှင့် ဤသို့အချင်းပွားလာကြခြင်းဖြစ်သည်။

လူတွေရဲ့စိတ်ကို တိုင်းပြည်ဥပဒေနဲ့ထိန်းချုပ်လို့မရပေ။
ဥပမာ ခိုးဝှက်လျှင် ဥပဒေငြိစွန်းမည်ကို လူတိုင်းသိကြသည်
ဒါပေမယ့် မိမိဘေးမှလူတစ်ဦးပိုင်ဆိုင်သော ပစ္စည်းတစ်စုံတစ်ခုကို ခိုးဝှက်လိုက်လျှင် ထိုသူလည်းမသိ
ဥပဒေလည်းမသိ။
ဒါပေမယ့် ဘာသာတရားကိုင်းရှိုင်းမှုရှိလျှင် အကြင်သူသည် မိမိစိတ်မလုံမလဲဖြစ်ကာ ခိုးဝှက်မှုကိုမပြုမည်ဖြစ်သည်။
ဒါဆို ဘာသာတရားမရှိတဲ့သူတွေကော
တရုတ်ပြည်တွင် ယခုတစ်နိုင်ငံလုံးမှာ ၈၀-၉၀%က ဘာသာမဲ့များဖြစ်သည်။
ကျန်တဲ့ ၂၀-၁၀%က တော့ ဘယ်ဘာသာဝင်မှမဟုတ်ဟိုယောင်ဒီယောင် ဘာသာဝင်များဖြစ်သည်
ဒါပေမယ့် သူတို့နိုင်ငံတွင်ခိုးဝှက်မှု၊ အခြားသောကိုယ်ကျင့်သိက္ခာပျက်စီးမယ့် အလုပ်များ လူတိုင်း လုပ်နေသည်လို့လည်းပြောလို့ မရပါ။ စာရေးသူလည်းအရင်က သူတို့မယဉ်ကျေးဘူးလို့လက်ခံထားသည်။ သို့သော်လွန်ခဲ့သည့် နှစ်ပတ်လောက်ခန့်က အလုပ်ကိစ္စနှင့်၇ရက်လောက်အနီးကပ်ဆက်ဆံကြည့်လိုက်မှ သူတို့အားလုံးဘာသာမဲ့ဖြစ်ပေမယ့် နေထိုင်တဲ့ နေရာဒေသပတ်ဝန်းကျင်အပေါ်ကိုလိုက်ပြီး အကျင့်စရိုက်ဆိုးသူလည်းပါသည်။ သဘောထားကောင်းမွန်သူလည်းပါသည်။ တသမတ်ထဲပြောမရ။
သူတို့လည်းဘယ်ဘာသာဝင်ကိုမှမတိုက်ခိုက်။
မင်းယုံကြည်ရာလမ်းမင်းလိုက်သလို ငါလည်း ငါတို့ ယုံကြည်တဲ့လမ်းအတိုင်းပဲလိုက်တယ်တဲ့။
အခု သူတစ်ပေါက်ငါတစ်ပေါက် တိုက်ခိုက်စကားများကို မြင်ပြီး သူတို့ကို သွားပြေးမြင်ကာ အားကျသွားမိသေးသည်
ငါသာ ဘာသာမဲ့ဖြစ်နေရင် ငါ့ကိုတိုက်ခိုက်မယ့်သူလည်းမရှိ ၊ ထိုသည်နှင့် တပြိုက်နက် အကြံတစ်ခုရသွားသည် တကယ်လို့ ငါ ဘာသာမဲ့အမြင်ကကြည့်ခဲ့မယ်ဆိုရင်ကောလို့၊
ထို့ကြောင့် ဒီစာထဲမှ အချို့စာများကို Looker on . ဘေးအမြင်ကကြည့်ရေးထားသည်။

နောက်တစ်ခုက တကယ်လို့ လူတစ်စုသာ သင်တို့နေထိုင်သော အိမ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာကာ အိမ်ထဲတွင် မိန့်မိန့်ကြီးထိုင်ပြီး
မင်းတို့ ဒီအိမ်ကို မင်းတို့ကိုးကွယ်တဲ့နတ်စောင့်ရှောက်ပေးထားကြောင်း သက်သေပြနိုင်ရင် ငါ မင်းတို့အိမ်ပေါ်က ဆင်းပေးမယ် ဟုပြောကြည့်လိုက်ပါ
အိမ်သူအိမ်သားတွေက ကောင်းကောင်းမွန်မွန်လက်ခံစကားပြောပါမည်လော တိုက်ခိုက်ပါမည်လော
အိမ်ထဲအတင်းဝင်ရောက်သူ အပြစ်လော အိမ်ကိုစောင့်ရှောက်ထားကြောင်းမပြနိုင်သူတွေရဲ့ အပြစ်လော

ထို့ကြောင့် ဒီပတ်ခ်ျ့ထဲကို ဒီလိုဝင်ရောက်ပါက ဒီလိုတိုက်ခိုက်စကားတွေကိုကြားသိမည်ဟု ကြိုတင်ပြင်ဆင်ပြီးမှသာလျှင် ၀င်ရောက်လာသင့်သည်
ထိုသို့မဟုတ်ဘဲ ပေခ်ျ့ထဲဝင်ရောက်ပြီး ကျနော်တို့ နဂိုပေခ်ျ့ သူပေခ်ျ့သားတွေက ရုတ်ရင့်စွာ မချေမငံ ပြောဆိုမှု အပေါ်ကို ကြည့်မြင်ပြီး ဒီ ပေခ်ျ့က လူတွေ မိုက်ရိုင်းတယ် ဒီလိုရိုင်းစိုင်းစွာပြုမူတဲ့လူတွေ ကိုးကွယ်တဲ့ ဘာသာက အလကားပဲလို့ မြင်ပါက စာရေးသူလည်း မတတ်နိုင်ပေ
မင်းသိင်္ခလို သဗေသတ္တာ ကမ္မသကာ ပေါ့

ကျနော်ဒီ ဗုဒဘာသာ ပေခ်ျ့မှာ အက်မင်ဖြစ်တာ ၁နှစ်ကျော်ကျော်ရှိပြီဖြစ်သည်
အခုတလောကွန်ပျူတာနှင့်အွန်လိုင်းမထိုင်ဖြစ်သဖြင့် ဖုန်းဖြင့်သာ ဖေ့ဘုတ်ဝင်သောကြောင့် မိတ်မပျက်ရုံလေး အွန်လိုင်းကို သုံးနေရသည်။
ကြားထဲတွင် ပေခ်ျ့ထဲဝင်ခွင့်တောင်းသူများကိုတော့ လက်ခံပေးနေသည်။
ဒီပေခ်ျ့ကြီးဒီလိုဖြစ်သွားတာမနေ့က ကျနော့်အစ်ကိုကြီး ဖုန်းဆက်ပြောသတိပေးမှ ၀င်ကြည့်မိသည်
အစက ကျနော် လက်ခံလိုက်သော လူတစ်ဦးကများလားလို့ တောင်ထင်သွားသေးသည်။
ဒီပေခ်ျ့ကို လာ Join သူများအားလုံးကို သူတို့ရဲ့ Profile ကို သေချာဝင်ကြည့် သူတို့ဘာ ဘာသာလည်းကြည့်ပြီးမှ လက်ခံသူများတစ်ယောက်မှ မပါပါ ။
လာတောင်းခံသူအားလုံးကို စိတ်ရင်းနှင့်သာလက်ခံလိုက်သည်။
သဘောကတော့ ဘုရားရင်ပြင်တော်ပေါ် တက်ရောက်လာသူအားလုံးကို မည်သည့်ဘာသာလဲဟု မမေးမြန်းပဲ တက်ရောက်ခွင့်ပေးသလိုဖြစ်သည်။
နဂိုက ဒီနေရာတွင် ဘာသာတူများအချင်းချင်း ဆွေးနွေးရာ ၊ ဘာသာခြားများ လေ့လာရာ နေရာလေးတစ်ခုလေးဖြစ်အောင်လုပ်ထားသည်
မလိုသူများက ဖျက်လိုဖျက်ဆီးမလုပ်လောက်ဟုလည်း ယုံထားသည်။
သို့သော် အထင်နှင့်အမြင် တက်တက်စင်အောင်လွဲနေသည်။
ဒါပေမယ့် ဒီပေခ်ျ့ကြီးဒီလိုဖြစ်သွားလည်း စာရေးသူ ထွက်ခွာသွားမည်မဟုတ်ပါ။
ဘုရားရင်ပြင်ပေါ်တွင်အခြားဘာသာဝင်များတက်ရောက်လာတယ်လို့ပဲမြင်တယ်။
ဒါပထမဆုံးဒါမျိုးပြောဆိုခြင်းကို မြင်တွေ့ရသည်လည်းမဟုတ်
http://alinsaytamangroup.blogspot.com/ တွင်လည်း ဖတ်ပြီး တွေ့ကြုံပြီးဖြစ်သည်။
သို့သော် ထိုဆိုဒ်၏ကောင်းချက်ကား သူ့ဘာသာသူရပ်တည်ခြင်းဖြစ်သည်။ ဘယ်သူ့ထဲကိုမှ ၀င်မကျူးကျော်ချေ။
ဆိုးချက်ကား သူ့ကိုပြန်လည်ချေပခွင့် ကွန်မန့်ပေး၍ မရခြင်းဖြစ်သည်။
ဤသည်လည်းကောင်းသည်။ ရန်မဖြစ်တော့။
ထို ၀က်ဆိုဒ်တွင်ရေးထားသည့်ခေါင်းစီးမှာ ဂေါတမသည်ဘုရားဖြစ်ကြောင်း သက်သေပြနိုင်လျှင် ဤ၀က်ဆိုဒ်ကိုချက်ချင်းပိတ်ပေးမည် ဟုဖြစ်သည်။
သို့သော် စာရေးသူ အခု အဲဒီဝက်ဆိုဒ် ၀င်ကြည့်ရာ အားလုံးဖျက်ထားသည်ကိုတွေ့ရသည်
ဝက်ဆိုဒ်ထောင်သူပဲ လက်ခံသွားသည်လော ဆက်မငြင်းချင်၍လော စာရေးသူလည်း သေချာမသိချေ။
ထိုဝက်ဆိုက် ရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။
စာဖတ်သူအချို့လည်း တီးမိခေါက်မိဖူးသူရှိချင်လည်းရှိမည်။
သည်နေရာမှာ စာရေးသူတစ်ခုပြောချင်သည်မှာ
ကျနော်တို့ကို သူငယ်တန်းတုန်းက ပေါင်း၊နှုတ်၊ မြောက်၊စား သင်ပေးသော သင်္ချာဆရာမများကို သတိရပါသေးလား။
သူတို့သင်ပေးသည်မှာ ဘာမှမဖြစ်စလောက်လေးပါ၊ အလေးထားဆရာခေါ်စရာမလိုဘူးလို့ စာဖတ်သူမြင်ပါသလား။
ထို့အတူယခု ကျနော်တို့ အသက်မွေးဝမ်းကျောင်းပြုနိုင်သွားအောင်သင်ကြားပေးသော ဆရာ၊ဆရာမများကိုကော အလေးထားစရာမလိုဘူးလို့ စာဖတ်သူမြင်ပါသလား
အဖြေက မမြင်ချေ၊ သူတို့သည်ကျနော်တို့၏ဆရာများဖြစ်သည်။
ဒါဆိုမိဘကိုကျေးဇူးမတင်သင့်ဘူးလား၊ မိဘကမွေးပေးလို့ မင်းဆရာနဲ့တွေ့ရမှာ၊ မိဘပဲလေးစား ၊ ဆရာကို လေးစားစရာမလိုဘူးလို့ရှိပါသလား။
ဆရာ့ကိုအလေးပြုသည်ကို မိဘက တားမြစ်ခြင်းရှိပါမည်လော။
ကျနော့်အချစ်ဆုံးအစ္စလမ်ဘာသာဝင်သူငယ်ချင်းပြောပြောနေတဲ့စကားတစ်ခွန်းရှိတယ်
နာရီကို တီထွင်တဲ့သူမရှိရင် နာရီကသူ့အလိုလိုဖြစ်တည် နေမလားတဲ့။
လူလည်းအဲတိုင်းပဲတဲ့။
ထားပါတော့ ကျနော်တို့ကို (အစ္စလမ်ဘာသာအရ) ဖန်ဆင်းရှင် ဖန်ဆင်းထားတယ်ပဲထားဦး
လူဖြစ်ပြီးနောက် ဒီလို ဗုဒဘာသာလို အဆုံးအမတွေနဲ့ တွေ့သွားတယ်၊ လိမ်မာရေးခြားရှိလာတယ်၊ ဘ၀နေထိုင်နည်းနာတွေ၊ လောကဓံခံနိုင်စွမ်းအားကို မြင့်တင်ပေးနည်းတွေ၊ စိတ်အားမြင့်ဓမ္မသံစဉ်တွေကို ဆိုဆုံးမမယ့် ဗုဒဟူသော ဆရာနဲ့ တွေ့သောအခါ ကျနော်တို့ ရဲ့ ဖန်ဆင်းရှင်မဟုတ်သည့်တိုင်အောင် ဆရာအနေနဲ့ အလေးမထားသင့်ဘူးလား၊ ဦးမချသင့်ဘူးလား၊
ဒါကိုကော သင်တို့ ဖန်ဆင်းရှင်က တားမြစ်မယ်လို့ထင်ပါမည်လော။
အဲဒါကို အစ္စလမ်ဘာသာဝင်မိဘတွင်မွေးဖွားလာသောသူက ဗုဒဘာသာဝင်သူကို မင်းတို့ရဲ့ ဆရာကဘာကွညာကွ လို့ပြောလျှင် မည်သူ့အလွန်နည်း။
ဗုဒဘုရားကိုယ်တိုင်ကမြွတ်ကြားခဲ့သည်မှာ သူသည်လမ်းမှန်ကိုရောက်အောင်သင်ကြားပေးသော ဆရာတစ်ဆူသာဖြစ်သည်။ မိမိကိုယ်တိုင်လုပ်ရမည်တဲ့။
မနေ့က ကွန်မန့်တစ်ခုတွင်မြင်လိုက်တာက မင်းတို့တွေ ဒီလောက်တရားကျင့်နေကြတာတောင်မှ တရားမပေါက်သေးတာ မင်းတို့အသုံးမကျလို့လားတဲ့
ရှင်းရှင်းဝန်ခံရရင်ဟုတ်ပါသည်။
ကျနော်တို့လည်းအရိယာမဖြစ်သေးသရွေ့ ကိလေသနဲ့ ကာမဂုဏ်တွင် နစ်မြောနေသရွေ့
အရှင်းပြောလျှင် တောမထွက်သေးသရွေ့ ကျနော်တို့လည်းတရားမပေါက်သေးပါ၊တရားသဘောသာနားလည်ကြသည်။
သို့သော် တရားပေါက်သွားသူသည်လည်း အသင်တို့ကို ငါသည် တရားပေါက်သွားပြီလို့ မပြော။
အရိယာဖြစ်သွားသည်နှင့် ဒ်ီပုတ်ဟောင်နံညှီသော ခန္ဒာကိုယ်တွင် ခဏတာဖြစ်တည်နိုင်ပြီး နိဗာန်ကို သွားဖို့ခနာကိုစွန့်ခွာသွားရသည်။ (နိဗာန်ဆိုသည်မှာ အေးချမ်းခြင်း ၊ နောက်ခန္ဒာ မလာတော့ခြင်းဖြစ်သည်။ နောက်ခနာ မလာတော့သဖြင့် ဒုက္ခခပ်သိမ်းအားလုံးချုပ်ငြိမ်းသွားသည်၊ ထိုနိဗာန်ရောက်ရန် တစ်ဘ၀နှင့်လည်းမပြီး ဘ၀ပေါင်းများစွာက ပြုခဲ့သော ကုသိုလ် ၊ အကုသိုလ်၊ ပါရမီများနဲ့လဲဆိုင်သောကြောင့်၊ တစ်ဘ၀ကိုကြည့်ပြီး မငြင်းထိုက်ချေ)
(အချို့ဘာသာခြားများက မင်းတို့ဘုရားကဘယ်မှာလဲ၊ ငါတို့ဘုရားက ကောင်းကင်ပေါ်မှာတဲ့ ၊ ကျနော်ပြန်လည်ဖြေကြားမည်က ကျနော်တို့ရဲ့ မြတ်ဗုဒဟာ ဓာတ်ကြီးလေးပါးနှင့်မဖွဲ့စည်းထားသော နိဗာန်သို့ ဆိုက်ရောက်သွားသောကြောင့် နမ် ခနာချုပ်ငြိမ်းပြီးဖြစ်သည်လို့သာ ဖြေကြားချင်ပါသည်။)
ထေရ၀ါဒဗုဒဘာသာဝင်များကတော့ ဓမ္မများကိုသင်ကြားပေးသွားတော့ နမ်ခနာ အစဉ်ချုပ်သွားသော မြတ်ဗုဒကိုရှိခိုးပြီး
မဟာယာနဗုဒဘာသာဝင်များကတော့ကောင်းကင်တွင်လက်ရှိရှိသော နောင်ပွင့်မည့်ဘုရားဖြစ်သော အရိမေတ္တယျကို ယုံကြည်သက်ဝင်ကာ ရှိခိုးကြသည်
ဗုဒဘာသာဝင်ယောင်ယောင်များကမူ နတ်သယောင် ဘိုးတော်သယောင် မယ်တော်တစ်ယောင်ကို သက်ဝင်ယုံကြည်ကြသည်)
စာရေးသူသည် ဗုဒဘာသာတစ်ဦးဖြစ်သောကြောင့် သံသရာကိုလည်းယုံသည်၊ နောင်ဘ၀ ရှေ့ဘ၀ကိုလည်းယုံ၏။ စာဖတ်သူအားလုံးနဲ့ တစ်ဘ၀၀ က ဆွေမျိုး တော်စပ် ခဲ့ဖူးသည် မိတ်သင်္ဂဟများဖြစ်ခဲ့ဖူးသည်လို့လည်းယုံ၏။ ယခုမူ တစ်ဘ၀၀က ရေစက်ကြောင့် အားလုံး လာသိကျွမ်းသည်ဟုလက်ခံထားသည်။ (တကယ်လို့သာ စာဖတ်သူသည် အနောက်တိုင်းတပါးမှ အစ္စလမ်တစ်ဦးဖြစ်ပြီး ဘာသာစကားမတူပါက ကျနော့်စာကိုဖတ်ဖြစ်ပြီး ကျနော်နှင့်လည်းကြုံတွေ့ခွင့်ရမယ်မဟုတ်ချေ။

တရားစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဥာဏ်ထက်၏တဲ့။
တရားစကားဆိုမှတော့ ဘယ်ဘာသာရဲ့ တရားမဆိုပါ။ အားလုံးက စိတ်ထားကောင်းအောင်ပြုပြင်ပေးနေခြင်းလို့ ပဲယုံကြည်ထားသည်။

ဘာသာတိုင်းမကောင်းဘူးမဟုတ်၊ အားလုံးကောင်းကြသည်
ဘာသာအားလုံးလိုလိုက အနည်းနဲ့အများတော့ ဘာသာဝင်များအားလုံးကို လိမ်မာရေးခြားရှိလာအောင် သွန်သင်ဆုံးမပေးသည်
မည်သည့်ဘာသာဝင်မဆိုဘာသာတရား လေ့လာလိုက်စားပါက လိမ်မာယဉ်ကျေးသည်
ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ
ဘာသာဝင်တစ်ဦးဖြစ်ပြီး ဘာသာတရားမလုပ်သူ မကိုင်းရှိုင်းသူသည် ဘာသာကိုလည်း မသိ
အမိကိုလည်းမသိ အဖကိုလည်းမသိကာ ရိုင်းစိုင်းတတ်ကြသည်။
ဒီနှစ်တွင် ရခိုင်ပြည်တွင်ဖြစ်သော ကိစ္စနှင့်ပတ်သတ်ပြီး ဘာသာဝင်တွေ အချင်းများကြသည်
ဒါပေမယ့် ဘာသာဝင်တွေသာ အချင်းများကြတာ
ဘာသာဝင်ခေါင်းဆောင်ကြီးတွေ တိုင်းတပါးမှာ အစည်းအဝေးလုပ်ပြီး ဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲလို့ ခေါင်းချင်းဆိုင်တိုင်ပင်နေကြသည့်သတင်းများကို မကြားမိကြပါလော
သူတို့ ထို ထို အစည်းအဝေးတွင် ယုတ်ရင့်စွာလည်းမပြောကြ
အချင်းချင်းလည်း မတိုက်ခိုက်ကြ
အားလုံး သူ့ဘာသာ ကိုယ့်ဘာသာကို နားလည်ပေးကြသည်
မည်မျှကောင်းလိုက်သည်နည်း
သူတို့ဘာသာဝင်ခေါင်းဆောင်ကြီးတွေမတိုက်ခိုက်ခြင်းမှာ တရားသဘောကို တကယ် နားလည်သဘောပေါက်သောကြောင့်ဖြစ်သည်။
(မျက်နှာပျက်စရာတို့ နာမည်ပျက်မှာတို့ အသာထားဦး)
သူတို့လို ဘာသာဝင်ခေါင်းဆောင်ကြီးတွေတောင် မတိုက်ခိုက်သေးတာ ကျနော်တို့ ဘာသာဝင်သူ၊ ဘာသာဝင်သားတို့က စွာတေးလန်နေရင် ရယ်စရာဟာသကြီးကဲ့သို့ဖြစ်မနေဘူးလား
အသက်၅၀၊ ၆၀ မိဘက နားလည်သောကြောင့် ၀င်မပြောသည်ကို
သုံးလေးနှစ် ကလေးအရွယ်အချင်းချင်းရန်ဖြစ်နေကြတယ်လို့ပဲမြင်သည်။
မှန်ပါသည်၊ သတင်းတွေက အင်မတန်တစ်ဖက်စောင်းနင်းဖြစ်သည်။
ရခိုင်တွင် ဘာသာဝင်နှစ်ဖက် စတင်တိုက်ခိုက်တုန်းက အစ္စလမ်ဘာသာဝင်အိမ်နီးချင်းများသည် ထွက်ပြေးလာသူ ဗုဒဘာသာများအား ရိုဟင်ဂျာတွေလက်ထဲမှလက်မြောက်အောင် အိမ်ထဲသို့ဖိတ်ခေါ်ကာ ကာကွယ်ပေးထားကြသည်။
ထိုကဲ့သို့ရှိသော်လည်း သတင်းကိုလူတိုင်းမသိသည်မှာလည်း
ထိုအချင်းအရာထက် ရခိုင်-ရိုဟင်ဂျာ ဘာသာရေးတိုက်ခိုက်မှုကြီးကဖုံးအုပ်ထားသောကြောင့်လော
သူများဘာသာဝင်ကို အမြင်ကြည်သွားမှာစိုးလို့ ဖုံးဖိလိုက်သောကြောင့်လော စာရေးဆရာလည်း မသိ။
သို့သော် ထိုလုပ်ရပ်လေးမှာ အင်မတန်မှ မွန်မြတ်လှသည်
ဘာသာဝင်အနေနဲ့မကြည့်နဲ့ဦး ၊
လူ့ကျင့်ဝတ်အနေနဲ့ ကြည့်ရင်တောင်မှ အင်မတန်သင့်မြတ်သည်။

စာရေးဆရာတွင်လည်း အင်မတန်မှခင်သော အစ္စလမ်ဘာသာဝင်သူငယ်ချင်းတစ်ယောက်ရှိသည်
တက္ကသိုလ်သုံးနှစ်စလုံးတွဲလာသည့်အပြင် ၂၀၀၉တက္ကသိုလ်အပြီး ယခုထိုတိုင်တွဲနေတုန်းဖြစ်သည်
သူနှင့်ခင်သည့်တောက်လျှောက် နှစ်တိုင်းသူ့အိမ်တွင် အစ်နေ့ရောက်ပြီဆိုလျှင် စမိုင်စားဖို့ဖိတ်သည်
တစ်နှစ်မပြတ်သွားစားသည်။ ဒီနှစ်အစ်နေ့တွင် ရခိုင်အရေးခင်းကိစ္စပတ်သတ်ကာ ယခုလို အချင်းများနေချိန်ဖြစ်သောကြောင့် သူဆီသွားမယ့်ညတွင် သူကိစ္စရှိ၍အပြင်ရောက်နေသည်။ ဖုန်းထဲတွင်သူမလာသေးရင် အိမ်အောက်မှာမစောင့်ပါနဲ့၊ သူ့အိမ်ထဲမှာဝင်နေပါတဲ့။ညဘက်၉နာရီကျော်ကြီး နေရာက ၅၅ လမ်းဆိုတော့ သူလည်း ကျနော်ဝိုင်းအရိုက်ခံရမှာစိုးသည်နှင့်တူသည်။ ထားတော့ ။
ကျောင်းပြီး၍ ဘာသာရေးကို ကျနော် အထိုက်အလျောက်လေ့လာခဲ့သည်
သူငယ်ချင်းဘာသာကိုလည်းလေ့လာကြည့်သည်။ ကိုယ့်ဘာသာတွင်လိုအပ်ချက်များစွာ လစ်ဟာမှုများစွာကိုလည်းတွေ့သည်။ သူ့ဘာသာကိုလည်းတွေ့သည်။
ကိုယ့်ဘာသာတွင်တွေ့ရှိရသည့်လိုအပ်ချက်အချို့ကား ဗုဒဘာသာဝင်တစ်ဦးဖြစ်ပါလျက်နဲ့ ဘုရားစေတီ ၊ ကျောင်းကန် တို့ကို တစ်နှစ်တစ်ခါ မွေးနေ့သာသွားလေ့ရှိသောသူများရှိသလို
တချို့စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေသောကြောင့် ဘာသာရေးဘက်မလှည့်သည်များစွာကိုတွေ့ရသည်။
အချို့ကား ဘုရားကိုအပျော်အဖြစ် အ၀တ်ကောင်းကောင်းနဲ့မှ ဘုရားသွားမည် ၊ အလှပြင်ဆင်ဖီးလိမ်းပြီးမှ သွားမည်။ မကောင်းဘူးမဟုတ်။ တော်သင့်ရုံလောက်သာဆိုကောင်းသည်။ တစ်ကိုယ်ရေသန့်ရှင်းလျှင်တော်ပြီပေါ့။
လူနည်းစုအချို့ သို့ နားလည်သူများသာ ဘုရားကို ဘုရားသွားသည်နှင့်တူသည်။
အစ္စလမ်ဘာသာတွင်မူကားထိုသို့မဟုတ်၊ (ကျနော်မှတ်မိသလောက်၊ အမှားပါခွင့်လွှတ်)
တစ်နေ့ကို ၆ခါ ဗလီတက်ရသည်။ နေ့လည်၁နာရီအချိန်နှင့် ညနေ ၆နာရီကားအရေးကြီးသည်။ သောကြာနေ့ဆိုလျှင်ကား မတက်မနေရလောက်လောက် ဖြစ်သည်။
ဥပုပ်စောင့်သည့် ဥပုပ်ကာလတွင်မူ တစ်နေ့ ဖြစ်နိုင်ရင်အနည်းဆုံး ၆ကြိမ် ၇ကြိမ် တက်ရသည်။ မနက်အစောပိုင်းနှင့် ည ၆နာရီ၊ ၉နာရီတွင် ပိုအရေးကြီးသည်ဟုကျနော်ထင်သည်။
ယောက်ျားများဗလီတက်နေချိန်တွင် မိန်းမ များသည် အိမ်ထဲတွင် ကျမ်းစာရွတ်ရသည်။
ထိုသို့ တင်းကြပ်လိုက်နာဆောင်ရွက်သည့်အချက်များကိုလည်းတွေ့ရသည်။
ဗုဒဘာသာမှာသာ ဒီလိုမျိုးရှိရင်မည်မျှကောင်းလိုက်မည်နည်းဟုတွေးတောမိသေးသည်။

နောက်တစ်ချက်က ဘိုးဘိုးအောင်သည် ဗုဒဘာသာဝင်ဟုတ်ချင်ဟုတ်မည်။ အစ္စလမ်ဘာသာဝင်ဟုတ်ချင်ဟုတ်မည်။ သို့သော် ကျနော်တို့ ထေရ၀ါဒဗုဒဘာသာဝင် အစစ်များက ကိုးမကွယ်ကြပါ၊ ကျနော်ဆိုလည်း မကိုးကွယ်ဘူးပါ၊ ထို့အတူ အတွင်း၃၇မင်း အပြင်၃၇ မင်းများသည် ရွာဓလေ့၊ အချို့ စဉ်းစားဥာဏ်တိမ်သောနေရာများတွင် ငွေရပေါက်ရှာသောလုပ်ရပ်များဖြစ်ပေသည်။ အားလုံးကို အုတ်ရောရောကျောက်ရောရော ဗုဒဘာသာလို့ ပြောဆို၍မရသလို ထိုသူများကိုလည်း ကျနော်တို့ဘက်မှ ဗုဒဘာသာဝင်အစစ်ဟုမသတ်မှတ်ချေ။
ထိုသူများမှာ ဟိန္ဒူဘာသာဝင်ဆန်ဆန် ၊ မဟာနယဂိုဏ်းဝင်ဆန်ဆန် ဖြစ်နေသည်။

ဒီလို ဆက်ပြီးတော့ ငြင်းခုံဆဲဆိုနေလျှင်လည်း အလကားပါ

Shared from Lulin Minthein

Saturday, October 13, 2012

မိန်းမသည် ယောက်ကျား၏ အနှောင်အဖွဲ.မဟုတ်.... ယောက်ကျားသည် မိန်းမ၏အနှောင်အဖွဲ.မဟုတ်....စင်စစ်ကား..(သံယောဇနသုတ်)



အသျှင်ဘုရားတို့ သံယောဇဉ်ဟူ၍လည်းကောင်း၊ သံယောဇနိယတရားတို့ဟူ၍လည်းကောင်း ဤတရားတို့သည် အနက်လည်းထူး သဒ္ဒါလည်း ထူးကုန်၏။ အသျှင်ဘုရားတို့

ထိုကြောင့်ပင်လျှင် အသျှင်တို့အား ဥပမာကို ပြုအံ့။ ဤလောက၌ အချို့ကုန်သော ပညာရှိတို့သည် ဆိုအပ်သော စကား၏ အနက်ကို ဥပမာဖြင့်သာ သိကုန်ရာ၏။ အသျှင်ဘုရားတို့

ဥပမာသော်ကား နွားနက်ကိုလည်းကောင်း၊ နွားဖြူကိုလည်းကောင်း တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်ဖြစ်စေ၊ သားရေကြိုးဖြင့်ဖြစ်စေ ချည်ထားကုန်ရာ၏။

''နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်း''ဟု ဤသို့ပြောဆိုသော သူသည် ကောင်းစွာ ပြောဆိုသည် မည်ပါသလောဟု လျှောက်၏။

သူကြွယ် ကောင်းစွာပြောဆိုသည် မမည်သေး၊ သူကြွယ် နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊ နွားဖြူသည်လည်းနွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနွားနှစ်ကောင်တို့ကို ချည်ထားသော တစ်ချောင်းတည်းသော လျှော်ကြိုး၊ သို့မဟုတ် သားရေကြိုးသည်ပင် ထိုနွားနှစ်ကောင်တို့၌ အနှောင်အဖွဲ့တည်းဟု မိန့်ဆိုကုန်၏။

အသျှင်ဘုရားတို့ ဤအတူ မျက်စိသည် ရူပါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်၊ ရူပါရုံတို့သည် မျက်စိ၏အနှောင်အဖွဲ့ မဟုတ်၊ အမှန်ကား

ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။ နားသည် သဒ္ဒါရုံတို့၏ အနှောင်အဖွဲ့မဟုတ်။ နှာခေါင်းသည် ဂန္ဓာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ လျှာသည် ရသာရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။ ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။ ဖောဋ္ဌဗ္ဗာရုံတို့သည် ကိုယ်၏ အနှောင်အဖွဲ့ မဟုတ်။ အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ မဟုတ်၊ ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်းဟု လျှောက်၏။ သူကြွယ်နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွတကား၊ ကောင်းစွာ ရအပ်ပေစွတကားဟု

(မိန့်ဆိုကုန်၏)။

စိတ္တသံယုတ်

Shared from Dhamma Rakhita (FB)

*** ဗုဒ္ဓဘာသာဆိုပြီး..သစ္စာမသိတာ အနာဆုံးပါပဲ ***

မိုးကုတ်ဝိပဿနာ ပဏာမအရသာ


တရားနာတယ် ဆိုတာ မတရားလုပ်တာ ကာကွယ်တာပဲလို့  မှတ်ကြပါ။ မတရားတွေ ကာကွယ်တယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ တစ်နေ့ လုံးမှာ
လူတွေဟာ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေ၊ က္ကုဿာတွေ၊ မစ္ဆရိယတွေ၊ မာနတွေ၊ ဒါတွေက များပြီးနေလို့  တရားဟူသော `မဂ္ဂင်´ ရေနဲ့ ဆေးမှ စင်ကြယ်မှာမို့  မဂ္ဂင်ရေနဲ့  ဆေးကြောတဲ့ အလုပ်ကို လုပ်ရတယ်လို့  မှတ်ထားပါ။


ဘာကြောင့်လဲ ဆိုတော့ ကုသိုလ်လုပ်တယ်၊ လှူတယ်၊ တန်းတယ်၊ ပေးတယ်
ကမ်းတယ်၊ သူက ကုသိုလ်၊ ကုသိုလ်တခြားပဲ။
အကုသိုလ် လုပ်တော့ အကုသိုလ်တခြားပဲ၊ တစ်ခုနဲ့ တစ်ခု ဖြတ်နိုင်တဲ့ စွမ်း
ရည်သတ္တိ မရှိဘူး။

"မဂ်"ကတော့ဖြင့် အတိတ်ကပါလာတာဖြစ်စေ၊ ပစ္စုပ္ပန်ဒီဘ၀ မိုက်မဲတာတွေ၊ အပါယ်လေးပါး ခန္ဓာနဲ့  ကြွေးမဆပ်ရသေး တာတွေ ဟူသ၍ " မဂ် "တစ်ခုက အနိုင်ဆုံးပဲ။

ဒါကြောင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးဟောတာကြည့်ပါ။
(ကုသလံ ကုသလံဇဟံ) ကုသိုလ် အကုသိုလ်တွေ စွန့် လိုက်ပြီ၊ ဘာကြောင့်
ဒီအသံ ထွက်လာပါလိမ့်မေးရင် အို. .ကုသိုလ်ပေမယ့် ဘုံဘ၀ အကျိုးပေးမယ့်
ကုသိုလ်တွေ ဆိုတော့ ဇာတိ,ဇရာ,မရဏတွေ လာအုံးမှာပေါ့၊ သုဂတိ,ဇာတိ,
ဇရာ,မရဏလာအုံးမှာ၊ ဒါတွေမစွန့် ရင် ဒုက္ခသစ္စာ အဆက်ပြတ်ပါ့မလား။

# ကုသိုလ်ဆိုပေမယ့် ကြောက်စရာ ကုသိုလ်တွေ ရှိသေးတယ် #
ကုသိုလ်ဆို အကောင်းကြီးပဲ ဆိုရင် မဂ် ဟာဟောစရာမလိုတော့ဘူး။ ကုသိုလ်ဆိုပေမယ့် ဇာတိ,ဇရာ,မရဏ ကျေးဇူးပြုတဲ့ ကုသိုလ်ကျတော့ ဒါ
ကုသိုလ်ကောင်း ကုသိုလ်စစ်လို့  မဆိုမဲ့ ၊ဇာတိ,ဇရာ,မရဏကို ဒုက္ခသစ္စာလို့ 
ပဋိစ္စသမုပ္ပါဒ်နဲ့  ဓမ္မစကြာမှာ ပါနေတယ်။ သစ္စာသိတဲ့ ပုဂ္ဂိုလ်က ဘယ်နည်းနဲ့ မှ မကြိုက်ဘူး။ သစ္စာမသိသေးတဲ့ ပုဂ္ဂိုလ်ကျတော့ ကုသိုလ်ဆို အကုန်ကြိုက်ဖြစ်နေတယ်။
ဒါကုသိုလ်ကို ပယ်တာလားဆိုတော့ ပယ်တာမဟုတ်ပါဘူး။ အကောင်း အဆိုး ရွေးတာ ။

ကုသိုလ်တိုင်း ကောင်းတယ်လို့  အကုန်ယူလို့ မရဘူး၊ ဘုရားကြိုက် ကုသိုလ်က (အကဏှ သုတ္တ) ဖြစ်တဲ့ ကုသိုလ်သာ ကြိုက်တယ်၊ ဖြူစင်တဲ့ ကုသိုလ်ဆိုငြားသော်လည်း ကာမာဝါစရကုသိုလ်တွေ ဖြစ်နေတော့ ကာမဘုံ
တွေ လျှောက်အကျိုးပေးနေတော့ ကြိုက်ပါ့မလား၊ လူ့ ပြည်, နတ်ပြည်,
ဗြဟ္မာ့ပြည် အကျိုးပေးနေပြန်တော့ ...... ဇာတိ,ဇရာ,မရဏသောက,ပရိဒေ၀,ဒုက္ခ,သောမနဿ လွတ်ပါ့မလား၊ နတ်ဘ၀,ဗြဟ္မာ့ဘ၀ ဆိုငြားသော်လည်း ပြောသံကြားကောင်းနဲ့  ကြိုက်နေကြတာပါ။ သူ့ အထဲမှာ အတွင်းသား ခွာလိုက်တော့ ဇာတိ, ဇရာ,
ဗျာဓိ,မရဏ,ဒုက္ခသစ္စာတွေ ပါနေတယ်။

# လိုချင်တာကချမ်းသာ။ ရတာက ဆင်းရဲဆယ့်တစ်ပါး #
ဘာကြောင့် ဒီဆင်းရဲတွေရဖို့  ဒီကုသိုလ်တွေ လုပ်ဖြစ်ပါလိမ့်မတုံးမေးရင်
သစ္စာမသိလို့  လုပ်တာ၊ သစ္စာမသိလို့  မှားလိုက်တာ။
သစ္စာ သိတဲ့ ပုဂ္ဂိုလ်ကျတော့ ........
ဒီိံဒုက္ခ၀ဋ်မှ ကျွတ်ရပါလို၏ လာလတ္တံ့ သော ဒုက္ခ၀ဋ်ကြီးကို
ကြောက်လွန်းလို့ ၊ ရွံလို့ ၊ မုန်းလို့  ဆိုပြီး သစ္စာဥာဏ်သွားတယ်။ (နိဗ္ဗာနဿ
ပစ္စယော ဟောတု ဟောတု) ဆိုပြီး လုပ်ကောင်းတာပဲ ဆိုငြားသော်လည်း
ပြောသံကြားသာကောင်းတာ၊ ကိုယ့်အမြင်က နောက်ခန္ဓာကြိုက်နေလို့ ရှိရင်
လွဲတာပဲ `ကိုယ့် အမြင်က နောက်ခန္ဓာ မကြိုက်ပါမှ ´ တရားမှန် တရားစစ်၊ ကုသိုလ်စစ်၊ ကုသိုလ်မှန်မှတ်ပါ၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာကို ကိုယ်တိုင် သိပြီး လုပ်ပါ ။

Shared from Unty Mee (FB)

Thursday, October 11, 2012

ပီလောပီနံကိတ်




(
http://www.htetfamily.com/)

ပီလောပီနံကိတ်မုန့်ကို မိတ်ဆွေတစ်ယောက်အိမ်မှာစားဖူးတာပါ။
တစ်ခါမေးဖူးပေမယ့် လုပ်ကြည့်မဖြစ်ဘူး။

နောက်တစ်ခေါက်ထပ်မေးတဲ့အခါ
လန်ဒန်အလည်ရောက်နေတဲ့အဖေက
“မအေတူသမီး မဟုတ်လိုက်တာ။ သမီးအမေဆို
အစားအသောက် ကိုမြည်းကြည့်တာနဲ့ ဘာတွေပါလဲ၊
ဘယ်လိုလုပ်ရင်ဖြစ်မလဲ သိတယ်”တဲ့။
အမေ့ကိုဘယ်လိုမှ ယှဉ်လို့မရမှန်းသိပေမယ့်
အဖေမက မခံချင်အောင်ပြောလိုက်တဲ့ဒဏ်ကို
တော်တော်မခံနိုင်ဖြစ်သွားတယ်။
အဲဒါနဲ့ ပီလောပီနံထုပ်သွားထပ်ဝယ်တော့
ဆိုင်က ဖိလစ်ပိုင်လူမျိုးOso (အိသက်သားတွေ၊ သမီးတွေက
သူတို့ Cartoonဇာတ်ကောင်Oso နဲ့တူလို့
သူ့ကို Oso လို့ နာမည်ပေးထားတယ်) က
ဘာလို့ဒီဟာကို တစ်နေ့တည်း
ခဏခဏလာဝယ်တာတုန်းမေးတော့မှ
မုန့်လုပ်တာမဖြစ်လို့ဆိုတော့ သူကဒီနည်းလေးပေးပါတယ်။
ဒီမုန့်က ဖိလစ်ပိုင်က မုန့်လုပ်နည်းလေးပါ။
လုပ်ရတာလွယ်ပြီး စားလို့လည်းကောင်းပါတယ်။
ကြိုက်လို့ ခဏခဏစားဖြစ်တာလေးပါ။

• ပါဝင်ပစ္စည်းများ
( မုန့်ဖုတ်ဗန်းအကျယ် ၆'' ၊ ၄'' ၊ အနက် ၃'' ခွဲ)

• ပီလောပီနံGrated Cassava - ၄၅၀ ဂရမ်( ၂ထုပ်) (အလွှာလိုက်ဖြစ်အောင်ခြစ်ပါ) ၊
• နို့ဆီ (၁ဘူး)
• ကြက်ဥ(၂လုံး)
• အုန်းနို့ (၁ဘူးခွဲ)
• ဆား (လက်ဖက်ရည်ဇွန်း တစ်ဝက်)
• နွားနို့ (ဆန်ချင်ခွက် ၁ခွက်)

• ပြုလုပ်နည်း

(၁) ပီလောပီနံ ခြစ်ပြီးသားများနဲ့
နို့ဆီကိုဘူးရဲ့ ၃ ပုံ ၂ ပုံ ထည့်ပါ။
ပြီးလျှင် ကြက်ဥ (၂လုံး) ၊ နွားနို့၊ ဆား ၊
အုန်းနို့ (တစ်ဘူးနဲ့တစ်ဝက်)တို့ကိုထည့်ပါ။
(အုန်းနို့နဲ့နို့ဆီချန်ခိုင်းတာနောက်ပြန်သုံးမှာမို့ပါ)

(၂) အထက်ပါအရသာအရောအနှောများကို
သမအောင်ရောမွှေပြီး ထောပတ်သုတ်ထားသော
မုန့်ဖုတ်မယ့်ပန်းကန်ထဲ ထည့်ပြီး
၁၈၀ ဒီဂရီ နဲ့ ၃၅ မိနစ် အပေါ်မီး ၊ အောက်မီးနဲ့ဖုတ်ပါ။

(၃) ပြီးလျှင် Oven ထဲကပြန်ထုတ်ကာ
ခုနကကျန်သော အုန်းနို့နဲ့ နို့ဆီကို ရောကာ
မုန့်သားပေါ်ဖြန့်ခင်းပေးပါ။ Oven ထဲ ပြန်ထည့်ပြီး
အပေါ်မီး ၁၅၀ ဒီဂရီနဲ့ ၁၀ မိနစ်ခန့် ထားပေးရင်ရပါပြီ။
အအေးခံပြီးနောက် အနံ့မွှေးပြီး ဆိမ့်နေသော
ပီလောပီနံမုန့်လေး လှီးစိတ်စားလို့ရပါပြီ။

Shared from Food Magazine (FB)

Sunday, October 7, 2012

***မငိုကြသူများ***


zatila2010 မှ August 26, 2012 12:48am တွင် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
*****************************************
မငိုကြသူများ

ဘုရားရှင်ဟာ သားသေတဲ့ သူကြွယ်ရဲ့ အိမ်ကို ကြွပါတယ်။ ဘုရားရှင်ကို ရှိခိုးပြီး ထိုင်နေတဲ့ အဲဒီသူကြွယ်ကို ``အို သူကြွယ်၊ ဘာလို့ ၀မ်းနည်းနေသလဲ`` လို့ မေးပါတယ်။ `` မြတ်စွာဘုရား၊ တပည့်တော်သား သေတဲ့အချိန်ကစပြီး ၀မ်းနည်းနေပါတယ်``လို့ လျှောက်တော့ အို သူကြွယ်၊ ကွဲတတ်တဲ့သဘော ရှိတဲ့အရာဆိုတာ ကွဲတာပဲ။ ပျက်တတ်တဲ့ သဘောရှိတဲ့ အရာဆိုတာ ပျက်တာပဲ။ အဲဒီ ကွဲပျက်တာဟာလည်း တစ်အိမ်တည်းမှာသာ မဟုတ်၊ တစ်ရွာတည်းမှာသာ မဟုတ်၊ တကယ်တော့ အတိုင်းအတာ မရှိတဲ့ စကြ၀ဠာတွေမှာ ဘ၀သုံးပါးမှာ မသေသူ ဆိုတာ မရှိ၊ မပျက်ဘဲ မြဲတည်နိုင်တဲ့ သင်္ခါရတရား တစ်ခုလေးတောင် မရှိ၊ သတ္တ၀ါမှန်သမျှ သေကြရတယ်။ သင်္ခါရမှန်သမျှ ပျက်ကြရတယ်။ ရှေးပညာရှိတွေဟာလည်း သားသေတဲ့အခါ ``သေတတ်တာ သေတယ်၊ ပျက်တတ်တာ ပျက်တယ်``လို့ တွေးကာ ၀မ်းမနည်းခဲ့ကြဘူးလို့ မိန့်တော်မူပါတယ်။
ပြီးတော့ အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူပါတယ်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း မင်းပြုတဲ့အခါ ဘုရားလောင်းဟာ ဗာရာဏသီမြို့တံခါးအနီးရှိ ရွာလေးတစ်ရွာက ပုဏ္ဏားအိမ်မှာ ဖြစ်ကာ ဥစ္စာနှစ်ကို ဖြစ်စေပြီး လယ်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ပါတယ်။ သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။ အရွယ်ရောက်လာတဲ့ သားကို အမျိုးတူထဲက ကလေးမတစ်ယောက်နဲ့ ပေးစားလိုက်ပါတယ်။ ဘုရားလောင်းရယ်၊ သူ့ဇနီးရယ်၊ သားရယ်၊ သမီးရယ်၊ ချွေးမရယ်၊ ကျွန်မရယ်လို့ (၆) ယောက်ဟာ ညီညီညွတ်ညွတ် ၀မ်းမြောက်ဝမ်းသာ ချစ်ချစ်ခင်ခင်နဲ့ နေကြပါတယ်။
ဘုရားလောင်းဟာ ကျန်တဲ့လူ (၅)ယောက်ကို ဒီလို သြ၀ါဒ ပေးပါတယ်။
``သင်တို့ဟာ သင်တို့ ရရှိတဲ့ ပစ္စည်းအခြေအနေနဲ့ပဲ ဒါနပြုကြပါ။ သီလစောင့်ကြပါ။ ဥပုသ်ဆောက်တည်ကြပါ၊ မရဏဿတိ(သေခြင်းအေက်မေ့မှု)ကို ပွားများကြပါ။ သင်တို့ သေရမှာကို အမှတ်ရကြပါ။ ဟုတ်တယ်။ ဒီသတ္တ၀ါတွေရဲ့ သေရတာဟာ မြဲတယ်၊ အသက်ရှင်ရတာဟာ မမြဲဘူး။ သင်္ခါရအားလုံးဟာ မမြဲဘူး။ ကုန်တတ် ပျက်တတ်ကြတယ်။ နေ့မှာရော ညမှာပါ မမေ့မလျော့ နေကြပါ``
ကျန်တဲ့လူ(၅)ယောက်က `` ကောင်းပါတယ်``လို့ သြ၀ါဒကို ခံယူကာ မမေ့မလျော့ မရဏဿတိကို ပွားများကြပါတယ်။

တစ်နေ့မှာ ဘုရားလောင်းဟာ သားနဲ့အတူ လယ်ကို သွားကာ ထွန်ပါတယ်။ သားက အမှိုက်ကို စုပုံပြီး မီးရှိုးပါတယ်။ အဲဒီရဲ့ အနီးအနားက တောင်ပို့တစ်ခုထဲမှာ အဆိပ်ပြင်းတဲ့မြွေ ရှိပါတယ်။ မီးခိုးက အဲဒီမြွေရဲ့ မျက်စိတွေကို ထိခိုက်ပါတယ်။ အဲဒီမြွေက စိတ်ဆိုးပြီး ထွက်ကာ `` သူ့ကို မှီပြီး ငါ့မှာ ဘေးဖြစ်ရတယ်``လို့ တွေးပြီး အစွယ်(၄)ချောင်း နစ်မြှုပ်ကာ သူ့ကို ကိုက်လိုက်ပါတယ်။ သားဟာ လဲပြီး ကျသွားပါတယ်။ ဘုရားလောင်းက သူ့သား လဲကျသွားတာကို မြင်လို့ နွားတွေကို ထားခဲ့ကာ သွားပြီး သူ့သား သေသွားတာကို သိတဲ့အတွက် သူ့သားအလောင်းကို မြှောက်ချီကာ သစ်ပင်တစ်ပင်အောက်မှာ လဲလျောင်းထားပါတယ်။ အ၀တ်ခြုံပေးထားပါတယ်။ မငိုပါဘူး။ ``ကွဲပျက်တတ်တာ ကွဲပျက်တယ်၊ သေတတ်တာ သေတယ်။ သင်္ခါရအားလုံး အမြဲမရှိ၊ သေခြင်းအဆုံးရှိပါတယ်``လို့ မမြဲတဲ့ အဖြစ်ကိုသာ ရှုမှတ်ကာ လယ်ထွန်နေပါတယ်။

ဘုရားလောင်းဟာ လယ်အနီးက ဖြတ်သွားတဲ့ အိမ်နီးနားချင်းယောက်ျားတစ် ယောက်ကို မြင်လို့ ``မိတ်ဆွေ အိမ်ကို သွားမလို့လား`` လို့ မေးတဲ့အခါ `` သွားပါမယ်``လို့ ပြောလို့ ဒီလိုဆိုရင် ကျွန်တော်တို့အိမ်ကို သွားပြီး ပုဏ္ဏေးမကို ပြောပေးစမ်းပါ။
ဒီနေ့အရင်နေ့တွေကလို ထမင်းကို နှစ်ယောက်စာ မယူခဲ့ဘဲ တစ်ယောက်စာအတွက်ပဲ ယူခဲ့ကြပါ။ အရင်နေ့တွေက ကျွန်မ တစ်ယောက်တည်းပဲ ထမင်းကို ယူခဲ့ပါတယ်။ ဒီနေ့တော့ အခြား(၄)ယောက်ပါ ဖြူစင်တဲ့အ၀တ်ကို ၀တ်ပြီး ပန်းနံ့သာတွေကို ယူကာ လာခဲ့ကြပါ လို့။
အဲဒီလူက ကောင်းပါပြီ လို့ ပြောပြီး သွားကာ ပုဏ္ဏေးမအား မှာတဲ့အတိုင်းပဲ ပြောပါတယ်။ ပုဏ္ဏေးမက ``ဒီသတင်းစကားကို သင့်အား ဘယ်သူက ပေးလိုက်တာလဲ လို့ မေးလို့ အဲဒီလူက ပုဏ္ဏားက ပေးလိုက်ပါတယ် လို့ ပြောပါတယ်။ ပုဏ္ဏေးမက ငါ့သား သေပြီ လို့ သိပါတယ်။ နည်းနည်းလေးမှ စိတ်မတုန်လှုပ်ပါ။ မရဏဿတိ ပွားထားတဲ့ ပုဏ္ဏေးမဟာ ဖြူစင်တဲ့ အ၀တ်ကို ၀တ်ပြီး ပန်း နံ့သာတွေကို ယူကာ ကျွန်မကို အာဟာရကို ဆောင်ယူစေပြီး အခြားသူတွေနဲ့အတူ လယ်ကို သွားပါတယ်။ တစ်ယောက်မှာမျှ ငိုကြွေး မြည်တမ်းတာ မရှိပါ။
ဘုရားလောင်းက သားအလောင်း လဲလျောင်းနေတဲ့ သစ်ပင်အရိပ်မှာပဲ ထိုင်ကာ ထမင်းစားပါတယ်။ စားပြီးတဲ့အခါ အိမ်သား အားလုံး ထင်းတွေကို စုကာ ထင်ပုံပေါ်မှာ အလောင်းကို တင်ပြီး ပန်း နံ့သာတွေနဲ့ ပူဇော်ကာ မီးရှိုးကြပါတယ်။ ဘယ်သူမှာမျှ မျက်ရည်တစ်စက်လေးတောင် မကျပါ။ သူတို့အားလုံးဟာ မရဏဿတိကို ကောင်းကောင်း ပွားများထားကြပါတယ်။

သူတို့ရဲ့ သီလတန်ခိုးကြောင့် သိကြားမင်းရဲ့ နေရာဟာ ပူတဲ့အခြင်းအရာကို ပြလာပါတယ်။ သိကြားမင်းက ဘယ်သူက ငါ့ကို ရာထူးက ရွေ့လျောစေလိုသလဲ လို့ စူးစမ်းတဲ့အခါ သူတို့ရဲ့ ဂုဏ်တန်ခိုးကြောင့် ပူတာကို သိရလို့ ကြည်လင်ရွှင်ပြကာ ငါဟာ သူတို့ထံ သွားပြီး ရဲရဲတောက်စကားကို ပြောကြားစေကာ ရဲရဲတောက်စကားရဲ့ အဆုံးမှာ သူတို့ရဲ့အိမ်ကို ရတနာ(၇) ပါးနဲ့ ပြည့်အောင် လုပ်ပေးပြီးမှ ပြန်လာသင့်တယ် လို့ တွေးပြီး မြန်မြန် အဲဒီနေရာကို သွားကာ သုသာန်နံဘေးမှာ ရပ်တည်လျက် `` ဖခင် ဘာ လုပ်နေပါသလဲ`` လို့ မေးပါတယ်။
လူတစ်ယောက်ကို မီးရှိုးနေပါတယ်။
လူတစ်ယောက်ကို မီးရှိုးနေတာ ဟုတ်ပုံမရပါ။ သားကောင်
တစ်ကောင်ကို သတ်ပြီး ဖုတ်ကင်နေကြတယ် ထင်ပါတယ်။
သားကောင် မရှိပါ။ လူကိုပဲ မီးရှိုးနေကြပါတယ်။
ဒီလိုဆိုရင် ဒီလူဟာ သင်တို့ရဲ့ ရန်သူ ဖြစ်ပါလိမ့်မယ်။
အဲဒီအခါ ဘုရားလောင်းက သူကို ဒီလို ပြောပါတယ်။
ဒါဟာ ကျွန်တော်ရဲ့ သားပါ၊ ရန်သူ မဟုတ်ပါဘူး။
ဒီလိုဆိုရင် ဒီသားဟာ သင်တို့ မချစ်တဲ့သားလား။
အလွန်ချစ်ရတဲ့သား ဖြစ်ပါတယ်။
ဒီလိုဆိုရင် ဘာကြောင့် မငိုသလဲ။

``မြွေဟာ အရေဟောင်းကို စွန့်ပြီး သွားသလို သားဟာလည်း ဘ၀ဟောင်းကို စွန့်ပြီး သွားပါပြီ။ မီးရှိုးခံနေရတဲ့ သားအလောင်းကောင်ဟာ သူ့ရဲ့ ချမ်းသာဆင်းရဲကို မသိသလို ဆွေမျိုးတွေ ငိုကြွေးတာကိုလည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်းပါ။ သားက သူ့ကံအတိုင်း သွားပါပြီ``။
သိကြားမင်းက ဘုရားလောင်းရဲ့ စကားကို နားထောင်ပြီး ပုဏ္ဏေးမကို မေးပါတယ်။
မိခင်၊ သေသွားသူဟာ သင်နဲ့ ဘာတော်ပါသလဲ။
ဆယ်လလုံးလုံး ၀မ်းနဲ့ လွယ်ပြီး နို့ချိုတိုက်ကျွေးကာ လက်ခြေတွေကို ကောင်းကောင်း တည်စေပြီး ကြီးပွားအောင် လုပ်ပေးခဲ့ရတဲ့ သားပါ။
မိခင်၊ ဖခင်ကယောက်ျားသားမို့ မငိုတာ ထားပါတော့။ မိခင်ရဲ့ နှလုံးသားကတော့ နူညံပါတယ်။ မိခင်က ဘာကြောင့် မငိုပါသလဲ။

``သားက မခေါ်ဘဲနဲ့ လာတယ်။ မနှင်ဘဲနဲ့ ပြန်သွားပါတယ်။ သူ့သဘောနဲ့ လာပြီး သူ့သဘောနဲ့ ပြန်သွားတဲ့ကိစ္စမှာ ဘာဝမ်းနည်းငိုကြွေးစရာ ရှိမှာလဲ``။ သိကြားမင်းက ပုဏ္ဏေးမရဲ့ စကားကို နားထောင်ပြီး သေသွားသူရဲ့ နှမကို မေးပါတယ်။
သေသွားသူက ညီမလေးနဲ့ ဘာတော်သလဲ။
ကျွန်မရဲ့ အစ်ကိုပါ။
နှမတွေဆိုတာ အစ်ကိုတွေအပေါ်မှာ ချစ်ကြတာပဲ။ သင်က ဘာကြောင့် မငိုပါသလဲ။ ကျွန်မ ငိုရင် ကျွန်မ ပိန်သွားမယ်။ အစ်ကိုမှာရော ကျွန်မမှာပါ အကျိုးမရှိပါ။ ဆွေမျိုး မိတ်ဆွေတွေမှာ စိတ်မကောင်းစရာ ဖြစ်ပါလိမ့်မယ်။
သိကြားမင်းက နှမရဲ့ စကားကို နားထောင်ပြီး သေသွားသူရဲ့ ဇနီးကို မေးပါတယ်။
ခင်များနဲ့ကော သေသွားသူက ဘာတော်ပါသလဲ။
ကျွန်မရဲ့ ခင်ပွန်းပါ။
ဇနီးတွေဆိုတာ လင် သေသွားရင် မုဆိုးမ ဖြစ်ကာ ခိုကိုးရာမဲ့ ဖြစ်ကြပါတယ်။ ခင်များက ဘာကြောင့် မငိုပါသလဲ။

သင့် မသင့်၊ ရနိုင် မရနိုင်ကို မသိတဲ့ ကလေးမိုက်ဟာ အမိရင်ခွင်မှာ ထိုင်နေရင်း လပြည့်အခါ ကောင်းကင်မှာ သာနေတဲ့ လပြည့်ဝန်းကို မြင်လို့ `` အမေ ဖိုးရွှေလမင်းကို ကျွန်တော်အား ပေးပါ၊ ဖိုးရွှေလမင်းကို ကျွန်တော်အား ပေးပါ၊ လို့ ပြောကာ အခါခါ ငိုကြွေးသလို သေသွားသူကို တမ်းတပြီး ငိုကြွေးနေရင် ကျွန်မဟာ အဲဒီကလေးထက် ပိုပြီး မိုက်ရာကျပါလိမ့်မယ်။
သိကြားမင်းက ဇနီးသည်ရဲ့စကားကို နားထောင်ပြီး ကျွန်မကို မေးပါတယ်။
ကလေးမ၊ သင်ကကော သေသွားသူနဲ့ ဘာတော်ပါသလဲ။
ကျွန်မရဲ့ အရှင်သခင်ပါ။
သင့်ကို သူက နှိပ်စက် ရိုက်ပုတ်လို့ အဲဒီဝဋ်က လွတ်ပြီဆိုပြီး ၀မ်းသာလို့ မငိုတာလား။
အို ဒီလို မပြောပါနဲ့၊ အဲဒီလို အပြုအမူတွေဟာ ကျွန်မရဲ့ အရှင်နဲ့ မသင့်လျော်ပါဘူး။ ခန္တီ၊ မေတ္တာ၊ ကရုဏာနဲ့ ပြည့်စုံတဲ့ အရှင် ဖြစ်ပါတယ်။ ရင်ဝယ်သားပမာ သနားကြင်နာပါတယ်။
ဒီလိုဆိုရင် ဘာကြောင့် မငိုပါသလဲ။

ကွဲသွားတဲ့ အိုးကို တစ်ဖန်ဆက်စပ်လို့ မရနိုင်ပါ။ အဲဒီလိုပါပဲ သေသွားတဲ့ သူကို တမ်းတပြီး ငိုနေလို့ သေသွားသူက ပြန်ရှင်လာမှာမှ မဟုတ်တာ။
အောက်ပါစကားကို ဖခင်ကြီး ပြောသလို အခြားသူ (၄)ယောက်လည်း ပြောပါတယ်။
မီးရှိုးခံနေရတဲ့ သားအလောင်းဟာ သူ့ရဲ့ ချမ်းသာဆင်းရဲကို မသိသလို ဆွေမျိုးတွေ ငိုကြွေးတာကိုလည်း မသိပါ။ ဒါကြောင့် ၀မ်းမနည်း၊ မငိုကြွေးပါ၊ သေသွားသူက သူ့ကံအတိုင်း သွားပါပြီ။
သိကြားမင်းက သူတို့အားလုံးရဲ့ စကားကို ကြားရတော့ ကြည်ညိုပြီး ``သင်တို့ဟာ မမေ့မလျော့ မရဏဿတိကို ပွားများကြပါ။ ဒီနေ့ကစပြီး လက်နဲ့ အလုပ် မလုပ်ကြပါနဲ့တော့ ။ ကျွန်တော်ဟာ သိကြားမင်းပါ။ သင်တို့ရဲ့ အိမ်မှာ ရတနာ (၇) ပါးတွေနဲ့ ပြည့်အောင် လုပ်ကာ နတ်ပြည် ပြန်သွားပါတော့တယ်။
သစ္စာလေးပါးကို ဘုရားရှင် ဟောကြားပြီး ဇာတ်ပေါင်းပါတယ်။ သားသောကရောက်တဲ့ သူကြွယ်ဟာ သောတာပန် ဖြစ်သွားပါတယ်။
ကျွန်မက ခုဇ္ဇုတ္တရာ၊ သမီးက ဥပ္ပလ၀ဏ်၊ သားက ရာဟုလာ၊ အမေက ခေမာ၊ ဖခင်ပုဏ္ဏားက ငါဘုရား ဖြစ်ခဲ့တယ်။ (ဇာတက၊ ဋ္ဌ၊ ပဉ္စက၊ ဥရဂဇာတက၊၁၅၀။)

``အို၊ နာ၊ သေ၊ ကွဲ, ကံနှင့်တွဲ, အမြဲ ဆင်ခြင်လေ``တဲ့။
အမျိုးသား၊ အမျိုးသမီး၊ ရဟန်း၊ ရှင်၊ လူ မည်သူမဆို မပြတ်မပြတ် ဆင်ခြင်ရမယ့် တရား(၅) ပါးကို ဘုရားရှင် ဟောတော်မူပါတယ်။ မရဏဿတိဆိုတာ သေရမှာကို ဆင်ခြင် အမှတ်ရနေမှုပါပဲ။ အစမ်းသေ သေကြည့်နေမှုလို့ ဆိုရမှာပါပဲ။ ဘုရားလောင်း ပုဏ္ဏားမိသားစုဝင်တွေဟာ မသေခင်ကဘဲ အစမ်းသေ သေကြည့်နေပါတယ်။ တစ်ဦးနဲ့ တစ်ဦး မခွဲမခွာဘဲ နေကြစဉ်ကပဲ ခွဲခွာခွဲခွာ ကြည့်နေပါတယ်။ အစမ်းသေ သေမကြည့် ထားသူတွေမှာ သေခြင်းတရားဟာ အဆန်းပမာ ဖြစ်နေပါတယ်။ စိမ်းသလိုလဲ ဖြစ်နေပါတယ်။ အစမ်းသေ သေကြည့်ထားကြသူ (သေရမှာကို ကြိုတင်တွေးထားသူ) တွေမှာတော့ သေတာဟာ အထူးအဆန်း ဖြစ်မနေတော့ပါ။ အမြဲတွေးနေတော့ ရင်းနှီးနေပါတော့တယ်။ ကြောက်စရာ၊ လန့်စရာ အနေနဲ့ မမြင်တော့ပါ။ သေရမှာကို လေးလေးနက်နက် သိထားတော့ မသေခင် ကုသိုလ်ကောင်းမှုတွေကို စုဆောင်းကြရမယ် လို့ သတိပြုမိကာ ကြိုးစားပြီး စုဆောင်းကြပါတော့တယ်။ ဒါကြောင့်ပဲ ဘုရားလောင်း ပုဏ္ဏားဟာ ကျန်တဲ့ မိသားစုဝင်တွေကို ဒါနပြုဖို့၊ သီလစောင့်ဖို့၊ ဥပုသ်ဆောက်တည်ဖို့ ဆုံးမသြ၀ါဒပေးတာ ဖြစ်ပါတယ်။

အသက်ကြီးမှ သေရမယ်လို့ ထင်ရပေမယ့် အဲဒီ အထင်ဟာ မမှန်ပါ။ ငယ်ရွယ်စဉ်မှာလည်း များစွာပဲ သေနေကြပါတယ်။ အရွယ်မရွေး သေနေကြပါတယ်။ ငယ်ရွယ်သူတွေဟာလည်း အချိန်မရွေး သေသွား နိုင်တယ်လို့ သဘောပေါက်ကာ သေခြင်းတရားကို မဆင်ခြင်ချင်ရင်လည်း ဆင်ခြင်ကြရပါမယ်။ ဆင်ခြင်ချင်ရင်လည်း ဆင်ခြင်ကြရပါမယ်။ မဆင်ခြင်လည်း သေနိုင်တာပါပဲ။ ဆင်ခြင်လည်း သေနိုင်တာပါပဲ။ ငယ်ရွယ်စဉ်က ဆင်ခြင်မိတော့ ငယ်ရွယ်စဉ်ကပင် ကုသိုလ်တွေကို စုဆောင်းမိပါမယ်။ ကုသိုလ်စုဆောင်းချိန် ပိုရတော့ ကုသိုလ်ပို စုဆောင်းသွားမိပါမယ်။ သံသရာခရီးမှာ
ကုသိုလ်ရိက္ခာထုပ်ကြီးကြီးကို ထုပ်သွားနိုင်ပါမယ်။ ဘ၀သံသရာခရီးမှာ ကုသိုလ်ရိက္ခာ များလေ ချမ်းသာရလေပါပဲ။ စာရှုသူရဲ့ မိသားစုဟာ ဘုရားလောင်းပုဏ္ဏား မိသားစုလို မရဏဿတိ ပွားများနိုင်ရင် ဘယ်လောက် ကောင်းလိုက်လေမလဲ။
လင်္ကာ
၁။ သေရမယ့်အရေး, ကြိုတင်တွေး, သေရေး မဆန်းပါ။
၂။ သေရမယ့်အရေး, ကြိုမတွေး သေရေး ဆန်းနေမှာ။
၃။ ကြိုမတွေးရင်, သေခါတွင်, အသင် ကြောက်နေမှာ။
၎။ ကြိုတွေးထားက, သေကာလ, သင်က မကြောက်ပါ။
၅။ မသေခင်မှာ, အခါခါ, သေရွာ သွားကြည့်ရာ။
၆။ သေရွာခရီးသွား, သင်လူသား, သွားသွားကြည့်ရမှာ။
၇။ သေရမယ့်အရေး, နေ့တိုင်း တွေး, ငိုကြွေး ကင်းရပါ။
၈။ ရှင်တာ မမြဲ, သေတာ မြဲ, အမြဲ ရှုရမှာ။
၉။ ဒီမိသားစု, သေမည်ဟု, အရှုမြဲကြပါ။
၁၀။ ထိုကြောင့် ထိုခါ, သူတို့မှာ, သောကာ ကင်းဝေးပါ။
၁၁။ သောက ကင်းလို, သေခြင်းကို, တင်ကြို တွေးကြရာ။

***တရားအသိဉာဏ်များတိုးပွါးနိုင်ကြပါစေ***

Shared from Ma Aye Aye Cho (FB)

အဖြူရောင်အဇ္ဈတ္တ


မကောင်းမှုရှောင်။
(သဗ္ဗပါပဿ အကရဏံ)
ကောင်းမှုဆောင်။

(ကုသလဿ ဥပသမ္ပဒါ)
စိတ်ကိုဖြူအောင်ထား။
(သစိတ္တပရိယောဒပနံ)
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။
(ဧတံ ဗုဒ္ဓါန သာသနံ)

ဂင်္ဂါဝါလု သဲစုအတူ (ဂင်္ဂါမြစ်နံဘေးရှိ သဲပွင့်လေးတွေနှင့် အရေအတွက်အညီအမျှ) ပွင့်တော်မူခဲ့ကြသော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသည် တစ်ပါးတစ်မျိုး အမျိုးမျိုး ကွဲပြားခြားနားခြင်းမရှိ၊ များများစားစားလည်းမဟုတ်။ သုံးမျိုးတည်းသာဖြစ်၏။ သုံးမျိုးတည်းသာဆုံးမခဲ့ကြ၏။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံဟုဆိုသော်လည်း ခြုံလိုက်လျှင် ဤသုံးခွန်းသာဖြစ်၏။

ယင်းကား
မကောင်းမှန်သမျှ ရှောင်ပါ။
ကောင်းမှုမှန်သမျှ ဆောင်ပါ။
မိမိစိတ်ကို ဖြူစင်အောင်ထားပါ ဟူ၍ဖြစ်၏။

ဗုဒ္ဓအဆူဆူတို့က ဆုံးမခဲ့သဖြင့် ဗုဒ္ဓဘာသာဟုဆိုနိုင်သော်လည်း အမှန်က ဤသုံးချက်သည် တံဆိပ်မဲ့ဘာသာဝါဒဖြစ်၏။ ဘာသာဝါဒတို့ကို အမည်နာမတံဆိပ်တပ်၍ ခေါ်ဝေါ်သည်မှာ ဘောင်ကျဉ်းသယောင်ရှိ၏။ ဒိဋ္ဌိတွေ၊ မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အားပေးအားမြှောက် ပြုတတ်၏။ ဘာသာရေး အစွန်းရောက်များက သက်သေဖြစ်၏။

အမှန်က ကမ္ဘာ၌ ဘာသာတစ်ခုတည်းသာရှိ၏။ ထိုဘာသာသည် မကောင်းမှုမှန်သမျှမပြု၊ မလုပ်ကြဖို့၊ ကောင်းမှုမှန်သမျှ ပြုကြ၊ လုပ်ကြဖို့၊ မိမိတို့အဇ္ဈတ္တ(စိတ်)ကိုဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားကြဖို့ ဖြစ်၏။ မကောင်းမှုမှန်သမျှမပြု၊ မလုပ်ရှောင်ခဲ့လျှင် ကောင်းမှုမှန်သမျှပြုလုပ်ဆောင်လျှင် မိမိတို့စိတ်ကို ဖြူအောင်၊ စင်အောင်၊ သန့်အောင်၊ ရှင်းအောင်ထားလျှင် ဘာသာရေးကျင့်ဝတ်က ပြီးပြည့်စုံလေပြီ။

မကောင်းမှုကိုရှောင်နိုင်ဖို့ မကောင်းမှုက စ၍ပြောရမည်။ မကောင်းမှုဟူသည် ဒုစရိုက်အမှုဖြစ်၏။ မကောင်းသောအကျင့်ဖြစ်၏။ ဒုစရိုက်ကိုစာက ၁၀ မျိုးပြ၏။ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးယူမှု၊ သူတစ်ပါးအိမ်ရာကျူးကျော်မှု၊ အိမ်ထောင်ရေး၊ လူမှုရေးစည်းဖောက်မှု၊ ကာယကံသုံးပါး၊ လိမ်ညာပြောမှု၊ ကုန်းချောစကားပြောမှု၊ ကြမ်းတမ်းသော စကားပြောမှု၊ အကျိုးမဲ့စကားပြောမှု၊ ၀စီကံလေးပါး၊ မိမိမရသင့်တာ သူတစ်ပါးဥစ္စာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို မတော်မတရားရယူလိုမှု၊ သူတစ်ပါးအပေါ် မကောင်းကြံမှု၊ အယူမှားမှု မနောကံသုံးပါးပေါင်းတော့ ဒုစရိုက် ၁၀ ပါးဖြစ်၏။

ဘုရားဟော ဒုစရိုက်အပြင် လောကအနေအထား ဒုစရိုက်များလည်း မြောက်မြားစွာရှိ၏။ သူတစ်ပါးကိုဒုက္ခပေးခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ အနိုင်ကျင့်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ နိုင်ထက်ကလူပြုခြင်း၊ ဗလက္ကာရပြုခြင်း၊ ဗလတစ်ခုခုအားကိုးပြု၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းစသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်၏။

အားနာမှုမရှိခြင်း၊ ငဲ့ညှာမှုမရှိခြင်း၊ စာနာမှုမရှိခြင်း၊ ထောက်ထားမှု၊ သက်ညှာမှုမရှိခြင်း၊ ဦးစားပေးရ ကောင်းမှန်းမသိခြင်း၊ ဦးစားပေးမှုမရှိခြင်း၊ စဉ်းစားဆင်ခြင်မှုမရှိခြင်း၊ အမြော်အမြင်မရှိခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်မတွေး၊ မကြည့်ခြင်း စသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်ကြ၏။
စည်းကမ်းမရှိခြင်း၊ စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်း၊ စည်းမဲ့ကမ်းမဲ့ နေထိုင်ခြင်း၊ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ တံထွေးထွေးခြင်း၊ ကွမ်းသွေးထွေးခြင်း၊ အကန့်အသတ်ဘောင်ကိုကျော်၍ အကန့်အသတ်မဲ့ လုပ်ကိုင်နေထိုင်ခြင်းစသည်တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ခြုံ၍ဆိုရလျှင် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်သော၊ ပတ်ဝန်းကျင်က လက်ခံသဘောတူညီမှုမပြုနိုင်သော အပြုအမူဟူသမျှသည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ထိုမကောင်းမှုတို့ကို အတတ်နိုင်ဆုံး ရှောင်ဖို့လိုသည်။

ကောင်းမှုဟူသည် ကောင်းအောင်ပြုသော အမှုဖြစ်၏။ မိမိကောင်းဖို့က သာမည၊ အများကောင်းဖို့၊ ပတ်ဝန်းကျင်ကောင်းဖို့က အဓိကဖြစ်၏။ မိမိပြုသော အမှုကောင်းမှုစာရင်းဝင်ဖို့ရာ၌ စိတ်ကောင်း၊ စေတနာကောင်းက တော့ပဓာနကျ၏။ ထို့အပြင် အရည်အချင်းကောင်းလည်း လို၏။ စိတ်စေတနာကောင်းသော်လည်း အရည်အချင်းကညံ့နေလျှင် ကောင်းမှုဖြစ်ဖို့ အာမမခံနိုင်၊ ကောင်းမှုဟု ပြောနိုင်ဖို့အတွက် ကောင်းကျိုးသက်ရောက်မှု ရုပ်လုံးပေါ်ဖို့က အရေးကြီး၏။
ကောင်းကျိုးသက်ရောက်မှု သရုပ်သကန်ကိုအကောင်အထည် ထင်ထင်ရှားရှားနှင့် သက်သေသာဓကအဖြစ် ပြယုဂ်ကောင်းကောင်း (မလိမ်ကြေး၊ မညာကြေး) မှန်မှန်ကန်ကန်ပြနိုင်မှသာ ကောင်းမှုဟုအများက လက်ခံနိုင်လိမ့်မည်။ ထိုသို့ ပြယုဂ်ကောင်းကောင်း မှန်မှန်ကန်ကန်ပြနိုင်မှသာ မိမိ၏စိတ်စေတနာကို အကောင်းဟုအများက ယုံကြည်လိမ့်မည်။ ထိုအများယုံကြည်လက်ခံနိုင်သော ကောင်းမှုမျိုးကို ပြုလုပ်ရမည်။ ဆောင်ရမည်။

မကောင်းမှုကိုရှောင်ဖို့ ဟိရီနှင့်သြတ္တပ္ပ - အရှက်နှင့်အကြောက်ရှိရ၏။ ရှက်ကြောက်တတ်သူသာ မကောင်းမှုကိုရှောင်၏ ကောင်းမှုဆောင်ဖို့ပထမ မကောင်းမှုကိုရှောင်ရ၏။ မကောင်းမှုမရှောင်ဘဲ ကောင်းမှုဆောင်သူပါဟု အမည်ခံလျှင် ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဟုသာ အပြောခံရလိမ့်မည်။ စိတ်ကိုဖြူအောင်ထားဖို့ရာ၌ မကောင်းမှုကိုရှောင်၍ ကောင်းမှုကိုဆောင်နိုင်သူမှသာဖြစ်၏။

မကောင်းမှုမရှောင်ပါဘဲ ကောင်းမှုမဆောင်ပါဘဲ စိတ်ဖြူဖို့ဆိုသည်မှာ လုံးဝယုတ္တိမရှိပေ။

စိတ်ဖြူဖို့အတွက် ကောင်းမှုဆောင်ရ၏။ ကောင်းမှုဆောင်နိုင်ဖို့အတွက် မကောင်းမှုရှောင်ရ၏။ မကောင်းမှုရှောင်နိုင်ဖို့အတွက်ဟိရီသြတ္တပ္ပရှိရ၏။ ဟိရီနှင့်သြတ္တပ္ပသည် လောကပါလတရား၊ သုက္ကဓမ္မဟုဘုရားမိန့်၏။ လောကပါလဟူသည် လောကကိုစောင့်ရှောက်ခြင်းဖြစ်၏။ သုက္ကဓမ္မဟူသည် ဖြူစင်ကြောင်းတရားဖြစ်၏။

ဘုရားက "ရဟန်းတို့ ဖြူစင်တဲ့တရားနှစ်ပါး (ဟိရီနှင့်သြတ္တပ္ပ) က လောကကြီးကိုစောင့်ရှောက်နေတယ်။ ဒီတရားနှစ်ပါးကသာ လောကကြီးကို မစောင့်ရှောက်ခဲ့ပါမူ လူတွေဟာ ဆိတ်တွေ၊ သိုးတွေ၊ ကြက်တွေ၊ ၀က်တွေ၊ အိမ်ခွေးတွေ၊ တောခွေးတွေနဲ့ ဘာမှထူးခြားမှာမဟုတ်တော့" ဟု မိန့်ခဲ့သည်။

အရှေ့အရပ်ကို ဓတရဋ္ဌနတ်မင်း စောင့်ရှောက်သတဲ့။ တောင်အရပ်ကို ၀ိရူဠကနတ်မင်း စောင့်ရှောက်သတဲ့။ အနောက်အရပ်ကို ၀ိရူပက္ခနတ်မင်း စောင့်ရှောက်သတဲ့။ မြောက်အရပ်ကိုကုဝေရနတ်မင်း စောင့်ရှောက်သတဲ့။ တချို့ကလည်း လောကကြီးကို ဗိဿနိုးနတ်မင်းက စောင့်ရှောက်သတဲ့။ ထိုနတ်မင်းတို့အမှန်တကယ် စောင့်ရှောက်၊ မစောင့်ရှောက် တပ်အပ်သေချာမပြောနိုင်။ ပြောနိုင်တာကတော့ ဟိရီနှင့်သြတ္တပ္ပသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပကတော့ အမှန်တကယ် စောင့်ရှောက်နေ၏။ ကမ္ဘာပျက်ဟူသည် ဟိရီနှင့်သြတ္တပ္ပပျက်စီးခြင်းသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပပျက်လျှင်တော့ ကမ္ဘာပျက်ပြီ။ အဇ္ဈတ္တကမ္ဘာကို ဆိုလို၏။ ဖြူဖို့အတွက် မညစ်ဖို့လို၏။ ညစ်လျှင်မဖြူတော့။ ညစ်လို့မဖြူ၊ မဖြူ လို့ညစ်၊ လျှောက်လည်းမလျှော်၊ ဖွပ်လည်းမဖွပ် ညစ်သည်ထက်ပိုညစ်၊ မည်းသည်ထက်ပိုမည်း၊ အဇ္ဈတ္တကမ္ဘာ ပျက်တော့၏။ အဇ္ဈတ္တကမ္ဘာပျက်လျှင် ဗဟိဒ္ဓကမ္ဘာကို မည်သို့စောင့်ရှောက်မည်နည်း။ အများအကျိုး သယ်ပိုးလိုသူတို့၊ အများအကျိုး ဆောင်ရွက်လိုသူတို့ သတိပြုဖို့ပင်။
အဖြူရောင်သည် ကျက်သရေရှိ၏။ ဇွန်ပန်းဖြူ၊ စပယ်ပန်းဖြူ၊ ဇလပ်ပန်းဖြူလေးတို့သည် အလွန်မှကျက်သရေရှိ၏။ အဆင်းကလည်း ကျက်သရေရှိ၏။ ရနံ့လည်းမွှေးကြူ၏။ မြန်မာဝေါဟာရ၌ "၀တ်ဖြူစင်ကြယ်" ဟူ၍ရှိ၏။ အဖြူရောင်သည် စင်ကြယ်ခြင်း အမှတ်လက္ခဏာ ဖြစ်၏။ သူတော်စင်တို့ ၀တ်ဖြူစင်ကြယ်ဝတ်ကြ၏။ နွားသမားတို့သည် နွားဖြူ (နွားပြာ၊ စာဥ)ကို ကြိုက်နှစ်သက်ကြ၏။ မြင်းသမားတို့သည် မြင်းဖြူကိုကြိုက်နှစ်သက်ကြ၏။ ဤကား ဗဟိဒ္ဓအဖြူရောင်များတည်း။

ဘုရားရှင်အဆူဆူတို့သည် ဗဟိဒ္ဓအဖြူရောင်ကိုဘာမျှမပြော။

"သစိတ္တပရိယောဒပနံ-မိမိစိတ်ကို ဖြူစင်အောင်ထားပါ" ဟု အဇ္ဈတ္တအဖြူရောင်ဖြစ်ရေးကိုသာ အလေးပေး၍ မိန့်မြွက်၏။

ဗဟိဒ္ဓအဖြူရောင်က လောကအတွက်သာမည်ဖြစ်၏။

အဇ္ဈတ္တအဖြူရောင်ကသာ လောကအတွက် အဓိကကျ၏။ အဖြူရောင် အဇ္ဈတ္တကသာ လောကပါလဖြစ်၏။ လောကကိုစောင့်ရှောက်၏။ လောကသားသည် လောကကိုမဖျက်ဆီးကောင်း၊ လောကကိုစောင့်ရှောက်ရ၏။ လောကကိုစောင့်ရှောက်ဖို့အတွက် အဇ္ဈတ္တအဖြူရောင်သည်သာ အရေးပါတာမို့ "သစိတ္တပရိယောဒပနံ"ဟု ဘုရားရှင်အဆူဆူတို့ မိန့်မှာတော်မူခဲ့ကြ၏။

အဖြူရောင်အဇ္ဈတ္တ
WRITTEN BY အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
Shared from Thein Naing Ohn

အရှင်ဇနကာဘိဝံသ၏ မှတ်သားလိုက်နာဖွယ်ရာ သြ၀ါဒများ

ဘုန်းကြီးကလေ လူတွေကိုစဉ်းစားစေချင်တယ်။ ဘုန်းကြီးလည်း စဉ်းစား
သလို စဉ်းစားစေချင်တာ။

သူရော ကိုယ်ပါများပြားစွာသော သတ္တ၀ါအပေါင်းသည် တကယ့်အရေး တကယ့်ဘေးတွင်တကယ့်အသွေး တကယ့်သားဟု အားထောက်လောက် စရာ တစ်စုံတစ်ယောက်မျှမရှိကြချေ။စင်စစ်ဧကန် ဘေးကိုပြန်၍ တွန်းလှန်ရုန်းကန် ပုန်းကွယ်စရာလည်းမရှိကြချေ။သံဝေရစရာတယ်
ကောင်းတယ်။ တကယ့်အရေးတဲ့ ဘာတုန်း အိုရေး၊ နာရေး၊ သေရေး။ အဲဒီအချိန်မှာတဲ့ တကယ်အားထားစရာမရှိပါဘူး။

တစ်ခါတစ်ခါ စစ်ကြီး အကြီးအကျယ်ဖြစ်လို့ သားတကွဲသမီးတကွဲ
ဆွေတကွဲ မျိုးတကွဲကွဲရပေမယ်လို့ သူ့နည်းနဲ့သူနဲ့ ပြန်တွေ့အောင် ကြိုးစားလို့ အားထားလို့ ရသေးတယ်။အိုဘေးကြီးနဲ့ ကြုံလာလို့ရှိရင်
ဘေးကနေကြည့်နေရတယ်။ တော်တော့်ကို မကျေနပ်စရာကောင်းတယ်။
ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဆရာအိုပြီ။ မျက်စိတွေမွဲလာပြီ။ ဘယ်နှယ့်မှမတတ်
နိုင်ဘူး။

မျက်မှန်တပ်တို့ဘာတို့။ ဒါလေးဖေးဖေးမမလေးပဲ တတ်နိုင်တာ။ ဆံပင်တွေ
ဖြူလာပြီ။ဘယ်လိုမှမတတ်နိုင်ဘူး။ အရေတွေတွန့်လာပြီ ဘယ်နှယ့်မှ မတတ်နိုင်ဘူး။လူငယ်တွေဖက်က လိုက်ကြည့်တော့လည်း ရဟန်းသံဃာ
တော်တွေ ဘုန်းကြီးက ဘယ်လောက်စောင့်ရှောက်ပါတယ်ဆိုလည်း တကယ့်အရေး နာဘေးကြုံလာ ဘုန်းကြီးမတတ်နိုင်ဘူး။

စောင့်ရှောက်ကြပါ။ ဆေးရပါစေ။ ဒါပဲတတ်နိုင်တယ်။ ဒါထက်ပိုပြီး မနာ
အောင်မတတ်နိုင်ဘူး။မိဘတွေ ကိုယ့်သားကိုယ့်သမီးအပေါ်မှာကိုယ့်အသက် နဲ့တန်းတူညီမျှ ချစ်ပါတယ်ဆိုပေမယ့် မတတ်နိုင်ဘူး။

တကယ့်အရေး တကယ့်ဘေးတွင် တကယ့်အသွေး တကယ့်အသားဟု အားထားလောက်စရာတစုံတယောက်မျှမရှိကြချေ။ ဗုဒ္ဓမြတ်စွာက အင်မတန်လေးလေးပင်ပင်ရှိတယ်။ တကယ့်အရေးနော်စောစောကတည်းက အလေးထားကြ။ ဗုဒ္ဓမြတ်စွာရှေ့မှောက်မှာ အရှင်သာရိပုတ္တရာ၊
အရှင်မောဂ္ဂလန်အရင် ပရိနိဗ္ဗာန်စံပါတယ်။ ဗုဒ္ဓမြတ်စွာဘယ်လိုမှ မတတ်နိုင်ပါဘူး။

စင်စစ်ဧကန် ဘေးကိုပြန်၍ တွန်းလှန်ရုန်းကန်ပုန်းကွယ်စရာလည်းမရှိကြချေ။ ဤသို့အကျဉ်းချုပ်၍ တရားမြွက်ကို မြတ်စွာဘုရား၏ တရားတော်ကို အလွန်လေးစားတဲ့ သူတော်ကောင်းဟူသမျှတို့သည် နေ့စဉ်မပြတ် သတိထား၍ စဉ်းစားဆင်ခြင်ထိုက်လေသတည်း။

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသ၏ "ရဌပါလသုတ္တာန်" တရားတော်မှ နှစ်သက်ရာရာ သြ၀ါဒများကို ပြန်လည်ရေးသားပူဇော်ပါသည်။

မေတ္တာဖြင့်
ရွှေရည်

ငါသေရင် သပိတ်မသွတ်နဲ့ 

(၁၃၂၄-ခု၊ သီတင်းကျွတ်လပြည့်နေ့  ၁၃.၁၀.၆၂ တွင် မိုးကုတ်ဆရာတော်ဘုရားကြီးခန္ဓာဝန်မချမီ၊၄ ရက်အလို၌ ဟောကြားခဲ့သော တရားတော်....)

သီတင်းကျွတ်ပြီဆိုတာ လ၏အထိမ်းအမှတ်သာ ဖြစ်တယ်၊ တကာ တကာမ
တွေက ဘယ်လိုများထင်နေကြပါသလဲ၊ ၀မ်းနည်းစရာပဲလား၊ ၀မ်းသာစရာပဲ
လားလို့ မေးရင်ဖြင့်၊ သြော်..သေခါနီး သွားတာပဲဟေ့ လို့ မှတ်ပါ။ သီတင်းကျွတ်တာကို တကာ တကာမတွေက ဆရာသမားကန်တော့ရလို့  မီးတွေ ထွန်းရလို့  ၀မ်းသာရတယ်
ဆိုတာကတော့ ကောင်းတဲ့ စေတနာတွေ အမှန်ပါပဲ၊ ခန္ဓာကတော့ သီတင်းမကျွတ်ခင် ၀ါဆိုဦးကထက် ယခု သီတင်း ကျွတ်က သေဖို့ ရာ ပိုနီးသွားတယ်၊ သေဖို့ ရာပိုနီးသွားတဲ့ ပုဂ္ဂိုလ်သည် မသေရာရှာဖို့ ရာ အလုပ်သည် ခရီးရောက်ထားဖို့  အရေးကြီးတယ်။

ဒီဘ၀တော့ အတိတ်ကဆုတောင်းကြောင့် အတိတ်က အ၀ိဇ္ဇာ သင်္ခါရတွေ
ကျုပ်တို့  မကျော်လွှားနိုင်ခဲ့လို့ အခုဘ၀မှာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ ဒုတိယ အကွက်ရောက်ပြီးသကာလ နေတော့ ဇာတိ၊ ဇရာ၊ မရဏ ကလည်းလာရတော့မှာပဲ....။
ထိုကဲ့သို့ လာရငြားသော်လည်းတဲ့ မသေရာရှာတဲ့ အလုပ်ကိုဖြင့် တွေ့ ရလို့  ၀မ်းသာကြပါလို့ လည်း သတိပေးလိုက်ပါတယ်။

ကဲ ... ဒီနေ့ ဟောတဲ့တရားက အင်္ဂုတ္ထိုရ်ပါဠိတော်ကြီးမှာ ဘုရားကိုယ်တိုင်
ဟောလို့  သစ္စာသိပြီးသေတဲ့ ပုဂ္ဂိုလ်များမှာ ဘာမှပူစရာမရှိပုံ ပြန်လည်ဟော ကြားခြင်း ဖြစ်တယ်။ တကာ တကာမတို့  အတိတ်ဘ၀က သစ္စာလေးပါးမသိ
တော့ အ၀ိဇ္ဇာနဲ့  နေခဲ့ကြတယ်။

ဗုဒ္ဒဘာသာဆိုပေမယ့် သစ္စာကိုမသိပဲ အကုသိုလ်အလုပ်တွေလည်း လုပ်ခဲ့ကြပါတယ်ဆိုတော့ သင်္ခါရပေါ့ဗျာ။ တကာ တကာမတွေ ကုသိုလ်ရိုးရိုးလုပ်တာလား နောက်ဘ၀ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို့ လုပ်တာလားလို့ မေးရင် ဘယ့်နှယ်ဖြေပါ့မလဲ..
(လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်လို့ ပါဘုရား)။

ဒါဖြင့် ကုသိုလ်ကံ နှင့် တဏှာနဲ့ ရောနေတယ်၊ ကုသိုလ်လုပ်တာက ကုသိုလ်၊
လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တာက တဏှာပေါ့ဗျာ၊ဒီလိုရောတယ် ဆိုကတည်းက အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာဖြစ်မသွားဘူးလား၊ အတိတ်ဘ၀က
အ၀ိဇ္ဇာဆိုတာ ကိလေသ၀ဋ်၊ သင်္ခါရကမ္မ၀ဋ် အဲဒီဝဋ်(၂)ပါးကို သစ္စာမသိပဲနဲ့  လုပ်ခဲ့တဲ့အတွက် မသိတဲ့ အ၀ိဇ္ဇာက ကိလေသ၀ဋ် ကုသိုလ်ပြုပြီးသကာလ
လူချမ်းသာ နတ်ချမ်းသာဆုတောင်းတာက ကမ္မ၀ဋ်၊ ဒါကြောင့် ကမ္မ၀ဋ်၊ ကိလေသ၀ဋ်၊ ဒီဝဋ်တွေပြုပြီး စုတေမနေသေလွန်တဲ့အခါ ၀ိညာဏ်ဆိုတဲ့
ပဋိသန္ဓေ၀ိညာဏ်ကို ရပါတယ်။ ပဋိန္ဓေ၀ိညာဏ်ရရင် နာမ်ရုပ်ပေါ်ရမယ်။
နာမ်ရုပ်ပေါ်လို့ ရှိရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်မပေါ်ဘူးလား။
ပေါ်လာရင် ဖဿဝေဒနာပေါင်းလိုက်တော့ ခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးဟာ ဘာသစ္စာတုံး...(ဒုက္ခသစ္စာပါဘုရား)။ ဒုက္ခသစ္စာ ကိုတော့ ၀ိပါက၀ဋ်ထဲ သွင်းလိုက်ပါ။

ခန္ဓာကိုယ်ကြီးသည် ကောင်းကောင်းရထားတာလား..၀ဋ်သင့်နေတာလား..
(၀ဋ်သင့်နေတာပါဘုရား)။ ဒီခန္ဓာကြီးဟာ ၀ိပါက၀ဋ်လို့ မှတ်လိုက်စမ်း ပါ။ ဒုက္ခကို ပင်လယ်ဝေနေပြီ သားပူ၊ သမီးပူ၊ ဆွေပူ မျိုးပူနဲ့ မင်းပူ စိုးပူတွေနဲ့ 
ဝိပါက၀ဋ်ကြီးဟာ အခု သင့်နေတာ ဟုတ်ကြရဲ့ လား။ ဒါဖြင့် ၀ိပါက၀ဋ်ဟာ ဘာသစ္စာပါလိမ့်..(ဒုက္ခသစ္စာပါဘုရား)။ ဒါဖြင့် ဒကာ ဒကာမတွေ သားပူလာလည်း အင်း..ဒါဒုက္ခသစ္စာပဲ ဥာဏ်နှလုံးသွင်းလိုက်။ သမီးပူလာရင်လည်း ဒုက္ခသစ္စာပဲလို့  နှလုံးသွင်းပြီးနေ။ နှလုံးသွင်းလိုက် လို့ ရှိရင် ဒါ သစ္စာသိတာပဲ။

ဒါကြောင့် သစ္စာသိစေချင်လွန်းလို့  တိုက်တွန်းရတာကို ဘုန်းကြီးက လွန်လွန်းတယ်လို့ များ မဆိုလိုက်ပါနဲ့ ၊ ကိုယ်က ကိစ္စမပြီးသေးလို့  ဒါလောက် တိုက်တွန်းနေတာကိုး လို့ မှတ်လိုက်ပါ ရှင်းပြီလား။ ဘုန်းကြီးတို့ 
ဒကာဒကာမတွေ သိစေချင်တာက ဒီဘ၀တွင် ကိစ္စပြီးစေချင်လွန်းလို့ ၊သစ္စာ
သိပြီးပုဂ္ဂိုလ်ဟာ သုဂတိမှတစ်ပါး ဘယ်မှမသွားဘူးဆိုတာ ပေါ်ပြီလား။

အဲဒါကြောင့် ငါသေရင် ဘာများဖြစ်ဦးမှာလဲဆိုတာ ဘယ်တော့မှ မတွေးနဲ့ ၊
တို့ ခန္ဓာပေါ်သ၍ ဒုက္ခသစ္စာပဲဆိုတာသိတဲ့ ပုဂ္ဂိုလ်သေရင် နတ်ရွာသုဂတိမှ တစ်ပါး ဘယ်မှမသွားဘူးဆိုတာ ဧကန်ဆုံးဖြတ်ချက်ချ၊ အားပေးစကားလား၊ သစ္စာသိရင် သံသရာမလည်ဘူးဆိုတာ သေချာတဲ့ တရားလား။

တကာ တကာမတို့  အလောင်းကောင် အသုဘကြီးတစ်ခု ဒီကျောင်းပေါ်မှာ မလွှဲသာလို့  ထားမယ်ဆိုပါတော့၊ ဒီအသုဘကြီးထဲက ဘာတွေထွက် လာမှာလဲ မေးတဲ့အခါ နားထဲကထွတ်လည်း သုဘထွက်မလား၊ အသုဘထွက်မလား...(အသုဘပါဘုရား)။ ပါးစပ်၊နှာခေါင်း၊ မျက်စိကထွက်လည်း သုဘထွက်မလား၊ အသုဘထွက်မလား..(အသုဘထွက်မှာပါဘုရား)။ နဂိုကဘာမို့ လို့  ဘာထွက်တာတုံး...(အသုဘမို့ လို့  အသုဘထွက်တာပါဘုရား)။ ဒီမှာလည်း ခန္ဓာကိုယ်ထဲ ဘာသစ္စာတုံး..(ဒုက္ခသစ္စာပါဘုရား)။

ဟို အသုဘကြီးထဲက ကျင်ကြီးထွက်လာ၊ ကျင်ငယ်ထွက် လာ ၊ ချွေးထွက် လာ၊ ရောင်ဖောလာ ။ ပြည်သွေးထွက်လာ၊
အသုဘမို့  အသုဘတွေ ထွက်လာတာပဲ၊ ဒီမှာလည်း တကာ တကာမတွေ ခန္ဓာကိုယ်ထဲက လှုပ်လိုက်လည်း အသုဘ၊ ထိုင်နေလည်း အသုဘ၊ ဒုက္ခသစ္စာဆိုတာ သေချာပြီလား။ ပြောတဲ့ စိတ်ကလေးက ဒုက္ခသစ္စာ၊ ငြိမ်နေတဲ့ စိတ်ကလေးက ဒုက္ခသစ္စာ၊ ကြံနေတဲ့ စိတ်ကလေး ကကော ဒုက္ခသစ္စာပါပဲ။

ဒီခန္ဓာကြီးဟာ ဘယ်ကာလမှာပေါ်သတုံး..(ပစ္စုပ္ပန်ကာလမှာပေါ်ပါတယ်ဘုရား)။
ပစ္စုပ္ပန်ကာလမှာ ပေါ်ချင်သ၍ပေါ် ဒုက္ခသစ္စာ ချည့်ပဲဆိုတာ မသေချာဘူးလား။
ဒါဖြင့် တပည့်တော်တို့  ဒုက္ခသစ္စာ မသိသေးဘူးလို့ ဆိုကြမှာလား၊ ပေါ်ရာကို
ဒုက္ခသစ္စာသိပါပြီ လို့ ဆိုကြမှာလား...(ပေါ်ရာကို ဒုက္ခသစ္စာဆိုတာ သိပါပြီဘုရား)။

ဒီစိတ်ကလေးကို အရေးတကြီးပြောနေတယ်၊ ဒီအသိနဲ့ သေရင် အပါယ်မကျဘူးဆိုတာကလေး တစ်လုံးကို လက်ကိုင်ထားရမယ်။ မပျင်းနဲ့ ။
ဒီအသိရပြီးလို့ ရှိရင် သေချင်းဆိုး မရှိတော့ဘူး။ သစ္စာသိတဲ့ ပုဂ္ဂိုလ်အတွက် ပဋိစ္စသမုပ္ပါဒ်မရှိတော့ဘူး။

သစ္စာသိတဲ့ ပုဂ္ဂိုလ်မှာဖြင့် (၂)ကနေ(၃) မကူးတော့ဘူး။[*ပဋိစ္စသမုပ္ပါဒ်စက်
ဝိုင်း၏ ၂ အကွက်မှ ၃ အကွက်ကို ဆိုလိုပါသည်။] တစ်ခါတည်း မဂ်ပေါ်သွား တယ်။ သစ္စာကသစ္စာ၊ သိတာက.. မဂ္ဂသစ္စာကဖြတ်တာ၊ အဲဒါတွေကို တကာ တကာမတွေ သေသေချာချာ ကိုယ်ပိုင်ဥာဏ်နဲ့  ကိုယ်တိုင်သိလို့ ရှိရင်ဖြင့် ငါသေသော်ငြားလည်း ဆွမ်းမသွတ်နဲ့ ဟေ့ အိမ်မှာ မှာခဲ့။
ဘယ်လိုမှာ ရမှာတုံး..(ငါသေရင် ဆွမ်းမသွတ်နဲ့ ပါဘုရား)။ ဒကာကြွယ်ရဲပါ့
မလား...(မရဲပါဘုရား)။
ရဲမှ၊ ရဲမှ ။ မရဲသေးရင် သစ္စာမသိသေးလို့ ။ မသေသေးလို့ ရှိရင် ကိစ္စပြီးနိုင်သေးတယ်။ အဲဒီလို မရဲသေးလို့ ရှိရင်ဖြင့် မသိ,သိအောင်လုပ်ပါ။

သစ္စာသိတဲ့သူ သံသရာပြတ်တယ်၊ သံသရာပြတ်ဆိုတာ အောက်အပါယ်
လေးပါး ငရဲတိရစ္ဆာန်၊ပြိတ္တာ၊ အသူရကယ် ရောက်မှ ဆွမ်းသွတ်ရမှာကိုးဗျ။
ခုတော့ သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်စရာရှိသေးရဲ့ လား..(မရှိပါဘုရား)
အဲဒါကြောင့် ဘုန်းကြီးတို့  ဒကာဒကာမတွေ ကိုယ့် ကိုယ်ကိုလည်း သိအောင်လုပ်ပါ၊ သိလို့ ရှိရင်လည်း အိမ်ကိုမှာခဲ့။`ငါသေရင် ဆွမ်းမသွတ် နဲ့ ဟေ့´..(မှန်လှပါဘုရား)

တကာတကာမတွေ ခန္ဓာကိုယ်ထဲ ဘာပေါ်ပေါ် ဘာသစ္စာတုံး..(ဒုက္ခသစ္စာပါဘုရား)။ ဒုက္ခသစ္စာဆိုတော့ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ၊ နောက်ခန္ဓာ မလာတာက ဒုက္ခနိရောဓသစ္စာ၊ ရှင်းပြီလား။

အရှုခံတာကဘာသစ္စာ..(ဒုက္ခသစ္စာပါဘုရား)။ ဒီခန္ဓာငါးပါးကြီးတွေ လာတာ ရှုနေတော့ ဘာသစ္စာလဲ..(ဒုက္ခသစ္စာပါဘုရား)။ ရှုတဲ့ ဥာဏ်ကလေး ကကော..(မဂ္ဂသစ္စာပါဘုရား)။
ဒါဖြင့် သမုဒယသေ၊ နောက်ခန္ဓာလာသေးရဲ့ လား..(မလာပါဘုရား)။နောက်ခန္ဓာမလာတာက ဒုက္ခနိရောဓသစ္စာ၊ ဒုက္ခချုပ်တဲ့ သစ္စာ ၊ ဒါဖြင့် တကာတကာမတို့  ရှုတတ်ကြပြီလား။

သပိတ်သွတ်တယ်ဆိုတာ..သစ္စာမသိတဲ့ ပုဂ္ဂိုလ်သေမှ၊ ပြိတ္တာဖြစ်မှ ..ရှင်းပြီလား၊ ဒါဖြင့် တကာတကာမတို့  ငါသေရင် သပိတ်မသွတ်နဲ့ လို့  မှာရဲပြီလား..(မှာရဲပါပြီဘုရား)။ မှာဖြစ်အောင်မှာပါ၊ သေမှ အရှက်ကွဲမခံပါနဲ့ ။

သြော် ငါ့အဖေသေသွားပြီ၊ ငါ့အမေသေသွားပြီ၊ ခုအခါ ပြိတ္တာများ ဖြစ်နေမ လား မပြောတတ်ဘူး၊ သပိတ်ကလေးတစ်လုံးတော့ သွတ်ကြဦးစို့  ။ သပိတ်
သွတ်တဲ့ ပုဂ္ဂိုလ်၏ရည်ရွယ်ချက်က စိတ်ချရလို့ သွတ်တာလား၊ စိတ်မချရလို့  သွတ်တာလား..(စိတ်မချရလို့  သွတ်တာပါဘုရား)။

ဒါဖြင့် သေတဲ့သူက စိတ်ချရပါလျက်နဲ့  ကျန်ရစ်တဲ့လူက အရှက်ခွဲတော့
သေတဲ့သူ မနာဘူးလား...(နာပါတယ်ဘုရား)။ ဒါဖြင့် ဒကာကြွယ် အရှက်ကွဲခံဦးမလား၊ မခံချင်ပါနဲ့ တော့၊ ဘယ့် နှယ်မှာခဲ့မှာလဲ..(ငါသေရင်သပိတ်မသွတ်နဲ့ တော့လို့  မှာခဲ့မှာ ပါဘုရား)။
ဒါဖြင့် ဒီနေ့  ဘာတရားဟောပါလိမ့်..(သပိတ်သွတ်လွတ်တရားဟော ပါတယ်ဘုရား)။ သစ္စာသိရင် သပိတ်သွတ်လွတ်ပါတယ်။

Shared from Unty Mee (FB)