Monday, October 22, 2012

ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ) ၏ သေခြင်းကောင်းသော ဘ၀ လားရာကောင်းသော ဂတိ စာအုပ်ထဲမှ သေသူတို့အပေါ်အယူအဆ

သေသူတို့အပေါ်အယူအဆ
လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ အချို့သူတို့သည် သေသူ၏ သင်းချိုင်းမြေပုံပေါ်မှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ မြေကြီးခဲကလေး တစ်လုံးဖြစ်စေ၊ မြေပုံအနီးမှ သစ်ကိုင်းကလေး တစ်ကိုင်းဖြစ်စေ၊ ပန်းခွေ၊ ပန်းခြင်းမှ ပန်းတစ်ပွင့်ကိုဖြစ်စေယူ၍ အိမ်တွင်ထားကြသည်။ အချို့သည် သေသူ၏ ဓာတ်ပုံကို တစ်နေရာရာတွင်ထား၍ ထမင်း၊ ဟင်း၊ မုန့်ပဲသရေစာ စသည်များ တင်ထားကြသည်။ ယင်းကို (၇)ရက်အထိ လုပ်ဆောင်ကြသည်။ သေသူ၏ ၀ိညာဉ်သည် ခဲလုံး၊ သစ်ကိုင်း၊ ပန်း၊ ဓာတ်ပုံတွင် ရှိနေသည့် သဘောသက်ရောက်ပါသည်။

အချို့မှာ ဆွမ်းကျွေး၊ သပိတ်သွတ်၊ သရဏဂုံတင်သောအခါတွင် အလောင်းနားသွား၍ ဖြစ်စေ၊ အခေါင်းကိုပုတ်၍ဖြစ်စေ၊ တရားနာ ဖိတ်ကြသည်။ ယင်းသည် သေသူ၏ ၀ိညာဉ်သည် အလောင်းထဲတွင် အလောင်းနားတွင်ရှိနေသေးသည်ဟူသော အဓိပ္ပါယ် ဖြစ်နေပါသည်။

အချို့မှာ သေသူ၏ ၀ိညာဉ်(၇)ရက်အတွင်း အိမ်အတွင်း ၀င်ထွက်သွားလာနိုင်ရန် တံခါးပေါက်များဖွင့်ထားခြင်း အပေါက်ချန်ထားခြင်းများ ပြုလုပ်ပေးကြသည်။

ဗုဒ္ဓအဘိဓမ္မာအရ တစ်ဦးတစ်ယောက် ကွယ်လွန်လျှင် ချက်ချင်း ထိုသူရောက်ထိုက်သော ဘ၀တွင် ပဋိသန္ဓေ တစ်မျိုးမျိုးနှင့် ရုပ်နာမ်အသစ်နှင့် ဘ၀သစ်ဖြစ်ပြီးနေ၍ အလောင်းထဲတွင်ဖြစ်စေ၊ အလောင်းနားတွင်ဖြစ်စေ အိမ်နားတွင်ဖြစ်စေ၊ သင်းချိုင်းစသည်တို့၌ ထိုသူလုံးဝမရှိတော့ပေ။

သို့သော် ကွယ်လွန်ပြီးနောက် ချက်ချင်း၊ တစ္ဆေ သရဲဆိုသော ပြိတ္တာဘ၀တွင် ဘ၀သစ်ဖြစ်ပြီး၊ တစ်စုံတစ်ရာကို မျှော်လင့်တောင့်တရင်း အနီးအနားတွင် ရှိကောင်းရှိနေဦးမည်ဟူသော သဘောဖြင့် တရားနာဖိတ်လျှင် ကောင်းပါသည်။ သေသူ၏ ဓာတ်ပုံအနီးတွင် အစားအစာတင်ထားခြင်း၊ ပန်းအိုးထိုး၊ မီးထွန်းသည်များသည် သေသူ၏ ၀ိညာဉ်ရှိနေသေးသည်ဆိုသော အယူအဆမဟုတ်ဘဲ အသက်ရှင်စဉ်ရှိ ဂုဏ်ကျေးဇူးများကို အမှတ်ပြု၍လည်းကောင်း၊ ချစ်ခင်မြတ်နိုးစိတ်ဖြင့်လည်းကောင်း၊ အသက်ရှင်စဉ်တွင်ပြုသည့် ၀တ္တရားအတိုင်း ပြုလုပ်ပေးခြင်းသည် ကောင်းပါသည်။ ထိုသို့ မဟုတ်ပါဘဲ ၀ိညာဉ်သည် တည်မြဲလျက်ရှိသည်။ သို့မဟုတ် (၇)ရက်အတွင်း ၀ိညာဉ်ရှိနေသေးသည်ဟု ယူဆလျှင် သဿတဒိဋ္ဌိနှင့် အန္တရာဘ၀ဒိဋ္ဌိများဖြစ်သွားနိုင်ပါ၍ သတိထားလုပ်ဆောင်ကြရပါမည်။

သရဏဂုံတင်ခြင်း၊ ဆွမ်းကျွေးသပိတ်သွတ်ခြင်း

လူတစ်ဦးတစ်ယောက် သေဆုံးပြီးသောအခါ ယေဘူယျအားဖြင့် သက်ပျောက်ဆွမ်းကပ်ခြင်းကို သေဆုံးပြီးစအချိန်တွင် (နံနက်ပိုင်းတွင်) ပြုလုပ်၏။ သရဏဂုံတင်ခြင်းကို အသုဘ ချခါနီး (ချမည့်နေ့)တွင် ပြုလုပ်၏။ ဆွမ်းကျွေးသပိတ်သွတ်ခြင်း သို့မဟုတ် ရက်လည်ဆွမ်းကျွေးခြင်းကို သေဆုံးပြီး (၇)ရက်ပြည့်သည့်နေ့တွင် ပြုလုပ်လေ့ရှိ၏။ ထိုသို့ပြုလုပ်သည့်အခါတိုင်းတွင် အောက်ပါတို့ပါဝင်ပါသည်။

၁။ သြကာသဖြင့် ကန့်တော့ခြင်း

၂။ သရဏဂုံနှင့် သီလတောင်းခြင်း

၃။ သရဏဂုံဆောက်တည်ခြင်း

၎။ သီလခံယူခြင်း

၅။ ကွယ်လွန်သူအား ရည်စူး၍ လှူဖွယ်ဝတ္ထုလှူဒါန်းခြင်း

၆။ ကွယ်လွန်သူ၊ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ ကုသိုလ်တို့ကို အမျှဝေခြင်း။

ဤအဆင့်ဆင့်တို့သည် ကွယ်လွန်သူအား ရည်မှန်း၍ အလှူရှင်များပြုလုပ်ကြသည့် သရဏဂုံတည်ခြင်း ကုသိုလ် သီလကုသိုလ်၊ ဒါနကုသိုလ် အမျှဝေခြင်း ကုသိုလ်တို့ဖြစ်ကြ၏။ အားလုံးသည် အလှူရှင်တို့၏ ကုသိုလ်များဖြစ်ကြ၏။ ကွယ်လွန်သူသည် ဤကုသိုလ်များကို သာဓုခေါ်နိုင်မှာသာလျှင် ဤကုသိုလ်အဖို့တို့ကို ရရှိနိုင်၏။

သရဏဂုံတင်ခြင်း

သရဏဂုံသည် “ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်သောစိတ်” ဖြစ်သည်။ စိတ် (နာမ်)မရှိတော့သော လူသေအလောင်းကို သရဏဂုံတင်ပေး၍မရပါ။ သို့သော် လူသေအလောင်းကို သရဏဂုံတင်သည်ဟု အချို့ထင်မှတ်ခြင်းသည် မျက်မြင်ကြည့်၍ တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူသည့် သဘောဖြစ်၏။ အမှန်မှာ ကျန်ရစ်သူဆွေမျိုးများက သရဏဂုံဆောက်တည်၍ ဒါန၊ သီလ အစရှိသောကုသိုလ်ကောင်းမှုများ ပြုလုပ်ပြီး ကွယ်လွန်သူ၏ ချမ်းသာရေးအတွက် ကွယ်လွန်သူအား အမှူးထား၍ အမျှဝေခြင်း၊ ကုသိုလ်ပေးဝေခြင်းသာဖြစ်သည်။

ရက်လည်ဆွမ်းသွတ်ခြင်း

သေဆုံး၍(၇)ရက်မြောက်တွင် ပြုလုပ်သည့် ဆွမ်းကျွေးလှူဒါန်းမှုကို သပိတ်သွတ်ခြင်း၊ ရက်လည်ဆွမ်းကျွေးခြင်း၊ ရက်လည်ခြင်းဟု ခေါ်ဆိုလေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းကို အချို့သူတို့သည် သေဆုံးသူ၏ ၀ိညာဉ်သည် (၇)ရက်အတွင်း သူရောက်ရှိမည့်နေရာသို့ မရောက်သေးဘဲ ထို ၀ိညာဉ်ကျွတ်လွတ်စေရန် အမှတ်ဖြင့် ပြုလုပ်ကြသည်။ အမှန်တွင် အကယ်၍ သေသူသည် ပြိတ္တာဘ၀တွင်၊ ရုပ်၊ စိတ်နာမ် အသစ်ဖြစ်ပြီး ဘ၀သစ်များရနေပါက သေသူကိုရည်စူး၍၊ ပြုလုပ်သော ဆွမ်းသွတ်ကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာခေါ်နိုင်ပြီး၊ စည်းစိမ်ချမ်းသာများ ရပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွမ်းသွတ်ကြရပါသည်။

ဤသို့ ကုသိုလ်အမှုများပြုလုပ် အမျှဝေခြင်းကို ရက်လည်အောင် ဆိုင်းငံ့မနေဘဲ၊ သေဆုံးသည့်နေ့မှစ၍ နေ့စဉ်၊ တတ်အားသရွေ့ ကုသိုလ်အမှုများပြု၍ အမျှဝေနိုင်လျှင် အလွန်ကောင်းပါသည်။ ထိုသို့လှူဒါန်းရာ၌ ဆွမ်းသာမက၊ သင်္ကန်း၊ ရေ စသည်တို့ပါဝင်လျှင် ကောင်းပါသည်။

အမျှဝေခြင်း

ကွယ်လွန်သူဆွေမျိုးများကို ရည်မှန်းလျက် လှူဒါန်းအမျှဝေရာ၌ သေသူသည် ငရဲကျရောက်သော်လည်းကောင်း၊ တိရစ္ဆာန်အမိဝမ်း၌ ဖြစ်သော်လည်းကောင်း၊ အလွန်ဝေးသော တော၊ တောင်၊ မြစ်၊ သမုဒ္ဒရာကမ်း၌ ပြိတ္တာဖြစ်နေသော်လည်းကောင်း၊ လူ့အမိဝမ်း၌ဖြစ်ရသော်လည်းကောင်း၊ နတ်၊ ဗြဟ္မာ ဖြစ်ရသော်လည်းကောင်း၊ ဤလှူဒါန်းသော ကုသိုလ်ကို ထိုသူတို့ မသိနိုင်ကြ၊ သိနိုင်သော်လည်း ထိုသူတို့တွင် အကျိုးထူး မရကြပါ။ သို့သော် လှူဒါန်းသူဆွေမျိုးများ၏ ဒါနကုသိုလ် ဖြစ်ကြပါသည်။

ကွယ်လွန်သူသည် မိမိအိမ်ရွာ၊ မြို့အနီးအပါး၊ အကြိုအကြား၌ သွားလာလျက် စားရမဲ့ သောက်ရမဲ့ ပြိတ္တာမျိုး (အစိမ်း၊ တစ္ဆေ၊ သရဲ)ဖြစ်နေလျှင်၊ ကျန်ရစ်သော ဆွေမျိုးများက ဆွမ်း၊ သင်္ကန်းစသည်တို့ကို လှူဒါန်း၍ ဤအလှူသည် သွားလေသူ (အမိ၊ အဖ၊ ဆွေမျိုး)အတွက် ဖြစ်ပါစေသတည်း။ သွားလေသူ မည်သူမည်ဝါသည် ချမ်းသာပါစေသတည်း၊ ထိုကုသိုလ်ကို ၀မ်းမြောက်စွာ သာဓုခေါ်ပါ၊ အညီအမျှ ကုသိုလ်ရအောင် အမျှယူပါ အမျှဝေပါ၏ဟု ပြောဆို၍ အမျှဝေသောအခါ ထိုပြိတ္တာများ တွေ့မြင် ကြားသိလျှင် သာဓုခေါ်လျှင် အစားအသောက်၊ အ၀တ်အထည်၊ သောက်သုံးရေတို့ကို နတ်သမီး၊ နတ်သားများကဲ့သို့ ရနိုင်ကြသည်။ မိမိအတွက် လှူဒါန်းနေသော်လည်း မမြင်၊ မကြားရသဖြင့် သာဓုမခေါ်နိုင်လျှင် မရကြပေ။ သို့ရာတွင် ထိုကုသိုလ်တို့ကို အလွန်ဝေးသော ရှေးရှေးဘ၀က ပြိတ္တာဖြစ်ကြသော ဆွေမျိုးဟောင်းများလည်း သာဓုခေါ်နိုင်လျှင် ရခွင့်ရှိပါသည်။

ဆွေမျိုးများကို ရည်မှန်း၍ လှူဒါန်းအမျှဝေကြရာ၌ မိမိကိုယ်တိုင် သီလဆောက်တည်လျှက် သီလရှိသူအား လှူဒါန်း၍ အမျှဝေပေးမှသာလျှင် အကျိုးများပါသည်။ ဘုရားရှင်လက်ထက်တော်တွင် အဇာတသတ်မင်းတွေ့ရှိသော ပြိတ္တာသည် သမီးဖြစ်သူက ရည်မှန်း၍ ကုသိုလ်ပြု အမျှဝေသော်လည်း သီလမရှိသူအား လှူဒါန်းသောကြောင့် “ဒုသီလကြီး စားသွားသည်၊ မိမိမရပါ၊ သီလရှိသူအား လှူဒါန်းပေးပါ”ဟု ပြောကြားသဖြင့် အဇာတသတ်မင်းသည် ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီး ရည်ညွှန်းအမျှဝေပေးသည့် အခါမှ ရရှိပြီး လွန်စွာပြည့်စုံသည့် နတ်ဖြစ်သွားပါသည်။ ထို့ကြောင့် သီလရှိသူကို ရွေးချယ်လှူဒါန်းရန် လွန်စွာအရေးကြီးပါသည်။ သီလရှိသော ပုဂ္ဂိုလ်ကို မရွေးချယ်တတ်လျှင်လည်းကောင်း၊ ရွေးချယ်ရမည်ကို အားနာလျှင်လည်းကောင်း၊ “သံဃာ”အားရည်မှန်း၍ လှူဒါန်းပါသည်ဟု ရည်ရွယ်လှူဒါန်း အမျှဝေသင့်ပါသည်။ ရဟန်းတစ်ပါးပင်ဖြစ်သော်လည်း “သံဃာအားလှူပါ၏”ဟု သံဃာကို ရည်စူး၍ လှူလျှင် သံဃိကဒါန ဖြစ်နိုင်ပါသည်။

ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ဆွေမျိုးမိဘစသည်တို့ သေဆုံးသောအခါ အလှူဒါနစသော ကောင်းမှုကုသိုလ်များပြုလုပ်၍ အမျှဝေခြင်းကို မလွှဲမသွေ လုပ်ဆောင်ကြရမည်။ သားသမီးကျင့်ဝတ်ငါးပါးတွင် “လှူမျှဝေ၍”ဟူသော ၀တ္တရားတစ်ပါးပါရှိ၏။ လူတစ်ဦးတစ်ယောက်သေဆုံးလျှင် ထိုသူ၏ လားရာဂတိကို အတိအကျပြော၍ မရပေ။ မှန်းဆရုံသာ မှန်းဆနိုင်ပါသည်။ ချစ်ကြည်ညိုသောစိတ်ဖြင့် ပြိတ္တာဖြစ်နေသည်ဆိုသည်ကို လက်မခံချင်၊ လက်မခံနိုင်သော်လည်း၊ အကယ်၍ဖြစ်နေပါက ရည်မှန်းလှူဒါန်း၍ အမျှမဝေမိပါလျှင် ထိုသူတို့လွန်စွာ နစ်နာလေမည်။ သာသနာပိုင် ဆရာတော်ဘုန်းကြီးများ၊ ကျောင်းဒကာ ကျောင်းအမများ ကွယ်လွန်၍ တစ္ဆေဖြစ်သည့် သာဓကများရှိခဲ့သည်ကို သတိပြုကြရပါမည်။ သေဆုံးခါနီးစွဲလမ်းမှု ရှေးဘ၀မှ အကုသိုလ်များ၊ ငယ်ရွယ်စဉ်အခါက မသိမိုက်မဲမှုကြောင့် ပြုခဲ့သော အကုသိုလ်များလည်း ရှိခဲ့တတ်ကြသောကြောင့်ဖြစ်၏။

ငရဲမှစ၍ အားလုံးသောဘုံတို့တွင် သက်ဆိုင်ရာ အစားအစာ အာဟာရများရှိကြ သုံးဆောင်နိုင်ကြ၏။ ပြိတ္တာတို့သည် လူတို့ကကောင်းမှုပြု၍ လှူဒါန်းအမျှဝေပေးမှသာလျှင် စားသုံးရကြပါသည်။ ပြိတ္တာတို့တွင် (အထူးသဖြင့် ဝေမာနိက ပြိတ္တာတို့တွင်) နတ်၏နား၊ နတ်၏မျက်စေ့၊ နတ်၏၀ိညာဉ်တို့ကဲ့သို့ကြားနိုင်၊ မြင်နိုင်၊ သိနိုင်ကြသည်ဖြစ်၍ ရည်စူးသော အလှူဒါနကုသိုလ်များကို သာဓု ခေါ်နိုင်ကြပါသည်။

အကယ်၍ ပြိတ္တာဖြစ်သွားသူသည် အ၀တ်အထည်မရှိ၊ ရေတစ်ပေါက်၊ အစားတစ်လုပ်မျှ မစားရဘဲနေရလျှင် မိမိလှူဒါန်းအမျှဝေသည်ကို ရလိုက်ပါက စားရ သောက်ရ ၀တ်ရ ချမ်းသာရမည်ဖြစ်၍ လွန်စွာအကျိုးများပါမည်။ ထိုသေဆုံးသူ အမျှမရနိုင်သော ဘ၀တွင်ရောက်ရှိနေပါကလည်း ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများရနိုင်ပါသဖြင့်၊ ထိုပြိတ္တာများ၏ စည်းစိမ်ချမ်းသာကိုဖြစ်စေပါသည်။ ဘ၀သံသရာသည် ရှည်လျားလှသောကြောင့် မိမိ၌ဆွေမျိုးဟောင်း ပြိတ္တာများမရှိဟုမထင်ထားအပ်ပါ။ အမျှဝေသည်ကိုငံ့လင့်နေသော မိမိ၏ဆွေဟောင်းမျိုးဟောင်း ပြိတ္တာများလည်းရှိနေနိုင်ပါသည်။

ကျမ်းဂန်အရ ဗိမ္ဗိသာရမင်းကြီးတွင် ရှေးမှ ဆွေမျိုးပြိတ္တာပေါင်းများစွာရှိခဲ့၏။ မင်းကြီးအား လှူဒါန်းအမျှဝေရန် သတိပေးကြ၍ ထိုပြိတ္တာတို့အား ရည်ညွှန်း၍ မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးစွာသောဒါနကိုပြု၏။ မင်းကြီးသည် အလှူရေစက်ကိုပေး၍ “ဤအလှူသည် ငါ၏ ဆွေမျိုးဟောင်းပြိတ္တာတို့အား ရစေသတည်း”ဟု ရည်ညွှန်းသည့်ခဏတွင် ပြိတ္တာတို့အား ကြာပန်းတို့ဖြင့်ကောင်းစွာ ဖုံးလွှမ်းသောရေကန်တို့ဖြစ်ပေါ်၍ ထိုပြိတ္တာတို့သည် ထိုရေကန်တို့၌ ရေချိုး၊ ရေသောက်ရ၏။ ၎င်းတို့ ပူလောင်ခြင်း၊ ပင်ပန်းခြင်း၊ မွတ်သိပ်ခြင်းတို့ ငြိမ်းကုန်၍ ရွှေအဆင်းနှင့်တူသော အဆင်းရှိကုန်၏။ မင်းကြီးသည် ယာဂုစသော ခဲဘွယ်ဘောဇဉ်တို့ကို ပေးလှူသည့်ခဏ၌ နတ်၌ဖြစ်သော ယာဂုခဲဘွယ်ဘောဇဉ်တို့ဖြစ်ကုန်၏။ အ၀တ်ပုဆိုး၊ အိပ်ရာနေရာတို့ကိုပေးလှူ၍ ရည်ညွှန်းပြန်လျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အ၀တ်ပုဆိုးပြာသာဒ် အခင်းအရုံ၊ အိပ်ယာစသော တန်ဆာတို့ဖြစ်ကုန်၏။ ဘုရားရှင်သည် ထိုဖြစ်ပေါ်လာတိုင်းသော အခြင်းအရာကို မင်းကြီးမြင်အောင်ပြတော်မူ၍ မင်းကြီးသည် ထိုသည်တို့ကို မြင်ရသဖြင့် လွန်စွာဝမ်းမြောက်တော်မူ၏။

အကယ်၍ မိမိလှူဒါန်းမျှဝေမှုသည် ဆွေမျိုးမတော်သော ပြိတ္တာများ ရရှိပါကလည်း ထိုသူများ၏ ချမ်းသာမှုကို ဖြစ်စေသောကြောင့် ဆင်းရဲငတ်မွတ် ဒုက္ခရောက်နေသူများအား ကယ်တင်ရာရောက်ပါသည်။

အမျှဝေရာ၌ ကြားကြားသမျှ သတ္တ၀ါအားလုံးတို့အား အမျှပေးဝေပါသောကြောင့် တရားနာပရိတ်သတ်နှင့်တကွ ကြားသိ သာဓုခေါ်သောသူတိုင်း ပတ္တာနုမောဒနာကုသိုလ်ရကြပါသည်။ အကယ်၍ ကွယ်လွန်သူသည် နတ်ဖြစ်၍ ကြားနိုင်၊ သိနိုင်လျှင် ပတ္တာနုမောဒနာ ကုသိုလ်ကိုရပါမည်။ ထိုကုသိုလ်သည် ပြိတ္တာများကဲ့သို့ စည်းစိမ်ချမ်းသာ ချက်ချင်း မဖြစ်သော်လည်း ပထမဇောကုသိုလ်ကြောင့် ရရှိထားပြီးသော နတ်စည်းစိမ်ကို အထောက်အပံ့ဖြစ်စေပါမည်။ အခြားကုသိုလ်ဇောများကလည်း နောက်နောင်ဘ၀များအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါမည်။

မည်သူ့ထံမျှ မရောက်ပါကလည်း အလှူရှင်များ၏ ကောင်းမှုကုသိုလ်သာ ဖြစ်သောကြောင့် အလှူရှင်များအဖို့ အကုသိုလ်များရှိမိ၍ နောက်နောင်၌ တိရစ္ဆာန်ဘ၀သို့ ရောက်ရလျှင်ပင် တိရစ္ဆာန်ဘ၀တွင် မွန်မြတ်သော အစားအသောက်၊ အသုံးအဆောင်တို့ကို ရနိုင်သည်။ လူ၊ နတ်ဖြစ်လျှင် ထူးသော လူနတ်စည်းစိမ်ချမ်းသာကို ခံစားရပါမည်ဖြစ်၍ ကွယ်လွန်သူတို့အား ရည်မှန်းလှူဒါန်းသော ကုသိုလ်သည် အကျိုးမဲ့ မဖြစ်ပါ။ ထိုအလှူကို လှူရန် အလွန်ပင်သင့်တော်သည်ဟု ဇာဏုေဿာဏိသုတ်၌ မြတ်စွာဘုရား မြွက်ကြားတော်မူခဲ့ပါသည်။ ထို့ကြောင့် ကွယ်လွန်သူ၏ အကျိုး၊ ဆွေမျိုးတို့၏အကျိုး၊ အများအကျိုး၊ မိမိအကျိုးအတွက် လူတစ်ဦးတစ်ယောက်သေဆုံးလျှင် လှူဒါန်းအမျှဝေမှုကိုပြုလုပ် ဆောင်ရွက်ရပေမည်။ အခါအားလျော်စွာလည်း လှူဒါန်း အမျှဝေမှုကို ပြုလုပ်ဆောင်ရွက်ရပေမည်။ ကုသိုလ်အမှု ပြုတိုင်းလည်း ရည်မှန်းအမျှဝေကြရပေမည်။

နိဂုံး

လူတစ်ဦးတစ်ယောက်သည် နေရမည့် အသက်၊ သေဆုံးရမည့်ရောဂါ၊ သေရမည့်အချိန်၊ အလောင်းခန္ဓာစွန့်ပစ်ရာနေရာ၊ လားရောက်ရမည့်ဂတိ၊ ဤငါးမျိုးကို ကြို၍ မသိနိုင်ကြပါဟု မြတ်စွာဘုရား ဟောကြားတော်မူပါသည်။ ကောင်းသောဂတိရောက်ရန်အတွက် မကျန်းမာခြင်းကြောင့်လည်းကောင်း၊ အခြားအကြောင်းများကြောင့်လည်းကောင်း၊ ဖြည်းဖြည်းသက်သာ သေရတော့မည့်သူများအားသာ တစ်ပါးသူတို့က အာရုံကောင်းထင်ရန် ၀ိုင်းဝန်းပြုပြင်ပေးနိုင်ကြပါသည်။ မိမိသည် ထိုအခွင့်အရေးရမည်ဟု မပြောနိုင်ပါ။ အကြောင်းအမျိုးမျိုးတို့ကြောင့် အချိန်အခါမရွေး၊ နေရာမရွေး၊ သေဆုံးနိုင်ပါသည်။ သေဆုံးပြီးနောက်လည်း မိမိတို့အတွက် ရည်စူးလှူဒါန်းမှုများကို မိမိတို့ရရှိရန် ဖြစ်နိုင်ခြေအလွန် နည်းပါးပါသည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင်ပင် သေခြင်းကောင်းသောဘ၀၊ လားကောင်းသော ဂတိ တို့ကိုရရန် ဘ၀တစ်လျောက်လုံး ကောင်းအောင် ပြုပြင်ပျိုးထောင်ထားရမည်။ ထို့ကြောင့် မသေမီတွင်ပင် ဒါန၊ သီလ၊ ဘာဝနာစသော ကောင်းမှု ကုသိုလ်များ တတ်နိုင်သမျှ ဆည်းပူးထားခြင်း၊ စိတ်ကောင်းထား၍ အာရုံကောင်းရရန်အတွက် ဘုရားဂုဏ်တော် တစ်ပါးပါးကိုလည်းကောင်း၊ နမောတဿ စသည်ကိုလည်းကောင်း၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည်တို့ကိုလည်းကောင်း၊ မိမိနှစ်သက်ရာ တရားတော်တစ်ခုခုကို အမြဲတစေ အာရုံပြုမိရန် လေ့ကျင့်ထားရပါမည်။

ဗုဒ္ဓ၏ တရားတော်အရ ကောင်းမြတ်သော ဘုံဘ၀နှင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းသည့် နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်အတွက် ကံလမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်းဟူ၍ လမ်းသုံးသွယ် ရှိပါသည်။ ကံလမ်းသည် ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း ကုသိုလ်များဖြစ်သည်။ ဤကုသိုလ်ကံများသည် လူ့ပြည်နှင့် နတ်ပြည်(၆)ထပ်သို့ ရောက်ရန် အထောက်အပံ့ကောင်းများ ဖြစ်ပါသည်။ ဈာန်လမ်းသည် သမထဘာဝနာကို ဈာန်သမာဓိရသည်အထိ ပွားများအားထုတ်ခြင်းဖြစ်သည်။ ယင်းကုသိုလ်တို့သည် ဗြဟ္မာဘုံ (၂၀)သို့ ရောက်စေပါသည်။ ဤလမ်းနှစ်မျိုးလုံးသည် ကောင်းမှုအရှိန်ကုန်သောအခါ အပါယ်လေးပါးသို့ ပြန်၍ ကျရောက်နိုင်ပါသည်။ သံသရာဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်ပါ။ (၃၁)ဘုံတွင် အဖန်ဖန် အထပ်ထပ်ပြန်၍ ကျင်လည်ကြရပါသည်။ ဤကံလမ်းနှင့် ဈာန်လမ်းတို့သည် သာသနာပအခါတွင်လည်း ကျင့်ကြံနိုင်ကြသော အကျင့်ကောင်းများ ဖြစ်ပါသည်။

ဉာဏ်လမ်းသည် ၀ိပဿနာတရားများ ပွားများအားထုတ်ခြင်းဖြစ်သည်။ ၀ိပဿနာဉာဏ်စဉ် အဆင့်ဆင့် ရင့်ကျက်လာသောအခါ မိမိတို့၏ ပါရမီအားလျော်စွာ အပါယ်တံခါးပိတ်သည့် သောတာပန်အဖြစ်မှ ရဟန္တာအထိဖြစ်နိုင်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသည်။ သောတာပန်ဖြစ်ပါက အလွန်ဆုံး(၇)ဘ၀သာ သံသရာ၌ ကျင်လည်ရပါမည်။ ရဟန္တာဖြစ်ပါက လောကသံသရာမှ အပြီးတိုင် လွတ်မြောက်သွားပါမည်။ ဤ ၀ိပဿနာအကျင့်ကောင်း ဉာဏ်လမ်းသည် သာသနာထွန်းရာအရပ် သာသနာထွန်းရာ ကာလတွင်သာ ကျင့်ကြံနိုင်ကြပါသည်။

ဤလမ်းသုံးသွယ်ကို ကျင့်ကြံနိုင်ရန် လူ့ဘ၀တွင်သာလျှင် အခွင့်အလမ်း များပြားပါသည်။ ဘ၀အမျိုးမျိုးတို့တွင် လူ့ဘ၀သည်သာ အကောင်းမွန်ဆုံး၊ ကုသိုလ်ကောင်းမှု အပြုနိုင်ဆုံး နေရာဖြစ်သည်။ နတ်ဘုံ၊ ငရဲဘုံနှင့် တိရစ္ဆာန်ဘုံတို့သည် ချမ်းသာစင်စစ်၊ ဆင်းရဲစင်စစ်နှင့် ဆင်းရဲများပြားသောကြောင့် ဒါန၊ သီလ ကုသိုလ်ကောင်းမှုတို့ ပြုခွင့်ကိုရရှိရန် မလွယ်ကူပေ။ သူတော်ကောင်း ပုဂ္ဂိုလ်တို့နှင့် တွေ့ဆုံနိုင်ခွင့်လည်း နည်းပါးပါသည်။ လူ့ဘုံသည်၊ နတ်ဘုံကဲ့သို့ ချမ်းသာအတိ ခံစားရသည်လည်းမဟုတ်။ ငရဲဘုံကဲ့သို့လည်း ဆင်းရဲအတိ ခံစားရသည်လည်းမဟုတ်ပေ။ တိရစ္ဆာန်ဘုံကဲ့သို့လည်း ဆင်းရဲမှုများပြားလှသည် မဟုတ်ပေ။ ချမ်းသာမှုများပြားသော ဘုံဖြစ်သည်။ ချမ်းသာမှုကို မှီ၍ ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်နိုင်ကြပေသည်။ ဆင်းရဲ ဒုက္ခနှင့် မကင်းသောကြောင့် ထိုဆင်းရဲကိုမှီ၍ပင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၌ ယုံကြည်မှု သဒ္ဓါတရားဖြစ်ပွားရသည်။ ထိုဆင်းရဲတို့ကပင် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် အထောက်အကူပြုပါသည်။

ထို့ကြောင့် လူ့ဘုံလူ့လောကသည် နတ်ပြည်၊ ဗြဟ္မာပြည်၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိနိုင်သောနေရာဖြစ်သည်။ နတ်တို့၏ ချမ်းသာ စည်းစိမ်တန်ခိုးတေဇာတို့သည် များသောအားဖြင့် လူ့ပြည်လူ့လောကမှ ကုသိုလ်များပင်ဖြစ်သည်။ ထိုစည်းစိမ်တို့ကို နတ်ပြည်မှ ဖန်တီး၍မရပေ။ ရှိပြီးစည်းစိမ် တန်ခိုးမျှကိုပင် တိုးပွားသစ်လွင်လာရန် လုပ်ဆောင်ခြင်းငှာ မလွယ်ကူပေ။ လူ့ဘုံလူ့လောကသည်သာ နတ်ပြည်၊ ဗြဟ္မာပြည်၏ စည်းစိမ်ချမ်းသာကိုရစေသသော ကုသိုလ်များ၊ နေ့ညမရွေး လုပ်ဆောင်နိုင်၍ မိမိတို့၏ ကုသိုလ်အားလျော်စွာ နတ်ပြည်၊ ဗြဟ္မာပြည်သို့ အချိန်မရွေး ကူးပြောင်းနိုင်ကြပါသည်။ ယခုအချိန်သည် သာသနာတွင်းအခါဖြစ်၍ နိဗ္ဗာန်ချမ်းသာတိုင်အောင် ရရှိနိုင်ရန် ၀ိပဿနာတရားများလည်း ပွားများအားထုတ်နိုင်ကြပါသည်။ ယခုတစ်ဘ၀၊ ဂတိကောင်းရန်အတွက်သာ မဟုတ်ဘဲ၊ တစ်သံသရာလုံး ဘ၀ကောင်းရန်အတွက်၊ သံသရာမှ လွတ်မြောက်ရန်တို့အတွက် ရည်မှန်း၍ မိမိအလိုရှိရာအတိုင်း ကုသိုလ်တရားများကို ပွားများအားထုတ်၍ “သေခြင်းကောင်းသောဘ၀၊ လားရာကောင်းသော ဂတိ”ကို ရရှိနိုင်ကြပါစေ။ စာရေးသူသည်လည်း သေခြင်းကောင်းသောဘ၀၊ လားရားကောင်းသော ဂတိ ကို ရနိုင်ပြီး သံသရာမှ အမြန်လွတ်မြောက်ရပါလို၏ဟု ဆန္ဒပြုကာ ဤစာအုပ်အား နိဂုံးချုပ်အပ်ပါသည်။

ဒေါ်အေးမြင့် (မဟာဝိဇ္ဇာ)

Shared from Ko Kyaw San (FB)

No comments:

Post a Comment